Click here for the English language version of this article.
Cite as: ဖြိုးဝင်းအောင်၏ကိုယ်တွေ့မှတ်တမ်း၊ (၂၀၂၂)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3595

ကျွန်တော့်နာမည်က ဖြိုးဝင်းအောင်ပါ။ အခု ကျွန်တော် စစ်တပ်ထဲကို ဘယ်လိုရောက်လာတယ်၊ ဘယ်လိုထွက်ခဲ့တယ်၊ ဆန္ဒပြပွဲတွေ ပါဝင်ခဲ့ပုံနဲ့ နောက်ဆုံးမှာ စစ်တပ်ထိန်းချုပ်မှုမရှိတဲ့ လွတ်မြောက်နယ်မြေကို ရောက်လာခဲ့တဲ့အကြောင်းကို ပြောပြမှာဖြစ် ပါတယ်။ စစ်တပ်ထဲမှာ ကျွန်တော် အနေမကြာခဲ့ပါဘူး။ ကျွန်တော့်အသက် ၂၃ နှစ် ရှိပါပြီ။ ဒါပေမဲ့ ကျွန်တော် တပ်ထဲကိုဝင်တော့ စာရေးတွေက ကျွန်တော့်အသက်ကို ၂၁ လို့ မှတ်တမ်းတင်ခဲ့ပါတယ်။ ပညာရေးအနေနဲ့က ၈ တန်းအထိပဲ တက်ခဲ့ဖူးပါတယ်။
ကျွန်တော် ၅ တန်းလောက်ကတည်းက စားဖိုမှူးတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ကလေးတုန်းက ကျောင်းပိတ်ရက်တွေဆိုရင် ကျွန်တော့်သူငယ်ချင်းရဲ့ မီးဖိုချောင်ထဲမှာ ကူပေးခဲ့လေ့ရှိပြီး ဟင်းချက်အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ စားပွဲထိုး၊ ပန်းကန်ဆေးလည်း လုပ်ခဲ့တယ်။ ကျွန်တော့်မိဘတွေရဲ့ စီးပွားရေး အခြေအနေဆိုးတာကြောင့် နောက်ဆုံးမှာ ကျွန်တော် ကျောင်းထွက်ခဲ့ရပါတယ်။ ဒီအစားအသောက်လုပ်ငန်းထဲမှာပဲ ဆက်လုပ်ခဲ့ပြီး နောက်ဆုံးမှာ အကြော်ဆရာ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအလုပ်က မိသားစုအတွက်တော့ အထောက်အကူဖြစ်ခဲ့ပေမယ့် တကယ်ပိုက်ဆံစုဖို့ကျတော့ ခက်ခဲခဲ့တယ်။ ကျွန်တော်ထင်တာက ပိုက်ဆံနည်းနည်းစုဆောင်းနိုင်ခဲ့ရင် အသက်မွေးပညာ ထပ်သင်ပြီးတော့ ကိုယ့်အတွက် ပိုပြီး အလားအလာရှိနိုင်မယ်လို့ပေါ့။ ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ကျွန်တော့်သူဌေးကို ပြောပြတော့ သူက နားလည်ပေးပြီး ပညာသင်ဖို့အတွက် ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပညာသင်ဖို့ ထွက်လာပြီးနောက်ပိုင်း အလုပ်လက်မဲ့ဘဝနဲ့ ၅ ရက်ပဲ ကြာခဲ့ပါတယ်။
ကျွန်တော် ပညာသင်ချင်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ MPT တာဝါတိုင်တွေကို ထိန်းသိမ်းပေးရမယ့် လစာပိုကောင်းတဲ့အလုပ် ပေးနိုင်တယ်လို့ပြောခဲ့တဲ့ မြန်မာ့စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး MPT က လူတစ်ယောက်နဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲ ကျွန်တော့်အလုပ်ရှင်က ပံ့ပိုးပေးထားတဲ့ ပညာသင်အခွင့်အလမ်းကို လက်လွှတ်ပြီး အစားအသောက်လုပ်ငန်းကို စွန့်ခွာခဲ့ပါတယ်။ ကျွန်တော် ရခိုင်ကိုသွားခဲ့ပြီး တာဝါတိုင်နည်းပညာသမားတစ်ယောက် ဖြစ်လာခဲ့တယ်။
ကျွန်တော်က မကြာခဏဆိုသလို MPT ရုံးမှာ ညနောက်ကျတဲ့အထိ အလုပ်လုပ်လေ့ရှိပြီး ကျေးလက်ဒေသတွေမှာ တာဝါတိုင်တွေကို ညဉ့်နက်တဲ့အထိ တခြားဝန်ထမ်းတွေနဲ့ ပြင်လေ့ရှိပါတယ်။ တစ်ညမှာ ကျွန်တော်တို့ ကားတိုက်ခိုက်ခံခဲ့ရပါတယ်။ ညအမှောင်ထဲကနေ သေနတ်သံ ၂ ချက် ထွက်လာတယ်။ ပထမတစ်ချက်ကတော့ မထိဘူးထင်ရပေမယ့် ဒုတိယတစ်ချက်ကတော့ ကားရဲ့ညာဖက်ကို လာမှန်ပါတယ်။ ကျွန်တော်က ကားမောင်းနေတဲ့လူဆိုတော့ ကားမီးကို ပိတ်ချလိုက်ပြီး အရှိန်တင်မောင်းခဲ့တာနဲ့ လွတ်သွားပါတယ်။
နောက်နေ့မနက် စစ်တွေမြို့ထဲက လက်ဖက်ရည်ဆိုင်မှာ ရက္ခိုင့်
တပ်တော် (AA) က တပ်ဖွဲ့ဝင်တချို့နဲ့တွေ့တော့ “မနေ့ညက
မင်းကားလား” လို့ သူတို့က မေးတယ်။
“ဟုတ်ပါတယ်…တာဝါတိုင်မှာ အလုပ်လုပ်နေရင်းနဲ့ နောက်ကျ သွားတာ” လို့ ကျွန်တော်က ပြန်ဖြေခဲ့ပါတယ်။
“ညမှောင်ရင် မင်းတို့ တောထဲမှာပဲ အိပ်သင့်တယ်” လို့ သူတို့က သတိပေးခဲ့ပါတယ်။
အဲ့ဒီအတွေ့အကြုံက ကျွန်တော့်ကို တုန်လှုပ်သွားစေခဲ့ပါတယ်။ အဲ့ဒီလိုမျိုးအခြေအနေတွေကို ကျွန်တော် သည်းမခံနိုင်ခဲ့ဘူး။ ဘာဆက်လုပ်ရမလဲ စဉ်းစားရင်း နောက်ဆုံး ကျွန်တော် အိမ်ပြန်ပြီး လူတချို့ကို ဖုန်းခေါ်ကြည့်တော့ ကျွန်တော့်အသိတစ်ယောက်က ဒေသခံမြန်မာတပ်ရင်းကိုလာပြီး တပ်ထဲဝင်လို့ရကြောင်း ပြောခဲ့ပါတယ်။ အဲ့ဒါကတော့ ကျွန်တော် တပ်ထဲ ဘယ်လိုရောက်လာသလဲဆိုတဲ့ ဇာတ်လမ်းပါပဲ။ ကျွန်တော်စခန်းကိုသွားတော့ ပထမဆုံး ကျွန်တော့်ကို ဓားမတစ်ချောင်းပေးပြီး စခန်းနယ်နိမိတ်ပတ်ပတ်လည်မှာရှိတဲ့ ချုံတွေ၊ မြက်ရှည်တွေကို ရှင်းခိုင်းခဲ့ပါတယ်။ အဲ့ဒီအလုပ်က ခက်ပေမယ့် ပြီးသွားတော့ ကျွန်တော် တပ်ထဲဝင်ခွင့်ရခဲ့ပြီး အရာအားလုံး တော်တော်လေး အဆင်ပြေနေခဲ့ပါတယ်။ အနည်းဆုံးတော့ အဲ့ဒီစခန်းမှာနေခဲ့တဲ့ ၁ လလောက်ပေါ့။ အဲ့ဒီနောက်မှာ ကျွန်တော် တောင်ငူမှာ ဆေးစစ်ချက် သွားယူပြီးတော့ တရားဝင် တပ်ထဲဝင်ခဲ့ပါတယ်။ လျှောက်လွှာတွေ အများကြီးဖြည့်၊ ကျွန်တော့်လက်ဗွေကို ယူသွားကြပြီး တပ်ခွဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ တကယ့်လေ့ကျင့်ရေးအစစ် စခဲ့ပါတယ်။ ကျွန်တော်တို့မှာ တော်တော်တင်းကြပ်တဲ့ နေထိုင်နည်းပုံစံ ရှိတယ်။ ညစာကို ၆ နာရီခွဲမှာ စားရပြီး ၉ နာရီခွဲအထိ စာလေ့လာရပါတယ်။ ကျွန်တော်တို့ သတ်မှတ်ရက်အမီမပြီးရင် အရိုက်ခံရတယ်။ ကျွန်တော်တို့ကို နေ့တိုင်း နွားနို့အများကြီးသောက်ခိုင်းပြီး မကျက်သေးတဲ့ ပဲတွေနဲ့ ချက်ထားတဲ့ဟင်းကိုလည်း စားခိုင်းပါတယ်။ သင်တန်းက နောက်ထပ ၁ လ ကြာခဲ့ပြီး သင်တန်းပြီးချိန်မှာတော့ ကျွန်တော်တို့ရဲ့တပ်ရင်းက ပြန်မလွှတ်ခဲ့ဘဲ တပ်မတော်နေ့ စစ်ရေးပြပွဲအတွက် လေ့ကျင့်ခိုင်းခဲ့ပါတယ်။ အဲ့ဒီလိုပါရမယ်ဆိုတာသိတော့ ကျွန်တော် တော်တော်ပျော်ခဲ့တယ်။ ဒါမျိုးလုပ်ရတာကလည်း ထိပ်တန်း၊ လူတိုင်းမပါဝင်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးလို့ ထင်ခဲ့တာကိုး။
ဒါပေမဲ့လည်း ကျွန်တော်တို့လုပ်ခဲ့ရတာကတော့ အကြမ်းဖျဉ်းပြောရရင် နေပြည်တော်ရဲ့ နေပူပူအောက်မှာ ရက်ပေါင်းများစွာ ချီတက်ပြခဲ့ရတာပါပဲ။ မနက်၁ နာရီခွဲမှာ ကျွန်တော့်ကို၃ ကီလိုမီတာဝေးတဲ့ စစ်ရေးပြရမယ့်နေရာကို လမ်းလျှောက်သွားဖို့ အပြောခံရဖူးပါတယ်။ အဲ့ဒါကြောင့် ခံရခက်ပေမယ့်လည်း အစမ်းလေ့ကျင့်ခန်းမှာ မိန်းကလေးငယ်ငယ်လေးတွေ ထွက်လာပြီး ပန်းကုံးစွပ်ပေးတာမျိုး ကြုံရတော့ ကျွန်တော် ပီတိဖြစ်ခဲ့ပါတယ်။ နောက်ဆုံးကျ ၁ လနီးပါး လေ့ကျင့်ပြီး စစ်ရေးပြအခမ်းအနားမတိုင်ခင်လေးတင်မှာပဲ ကျွန်တော် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရလို့ ထွက်ခဲ့ရပြီး လေ့ကျင့်ရေးစခန်းတွေထဲက တစ်ခုမှာ နေခဲ့ရပါတယ်။
ကျွန်တော်သက်သာလာတဲ့အခါမှာ အဲ့ဒီစခန်းက ကျွန်တော့်ကို သစ်တုံးရွှေ့တာလိုမျိုး အလုပ်ကြမ်းတွေ လုပ်ခိုင်းပါတယ်။ အဲ့ဒီအလုပ်တွေက ခါးကျိုးလောက်အောင် ပင်ပန်းပြီး အခုချိန်အထိ နာနေတုန်းပါပဲ။ ကျွန်တော့်ကို အဲ့ဒီစခန်းမှာ နောက်ထပ် ၃ နှစ် လေ့ကျင့်ရဦးမယ်လို့ ပြောခဲ့ပါတယ်။ စစ်တပ်ထဲကအရာရှိတွေက အထက်ကိုဖားပြီး အောက်ကိုဖိကြတယ်။ ကျွန်တော်ပြောနိုင်တာတစ်ခု ကတော့ အခုမှ စုဆောင်းခံထားရတဲ့လူသစ်တွေကို စောက်ဂရုကိုမစိုက်တာကတော့ အသေအချာပါပဲ။ အာဏာသိမ်းတုန်းက ဖြစ်လို့ဖြစ်သွားမှန်းတောင် ကျွန်တော်တို့တစ်ယောက်မှ မသိလိုက်ဘူး။ ဖေ့စ်ဘွတ်သုံးဖို့ကို ကျွန်တော်တို့ ခွင့်ပြုချက်တောင်းရပါတယ်။
ကျွန်တော် စစ်တပ်ကနေ စွန့်ခွာဖို့ အာဏာသိမ်းပြီး ၂ ပတ်အကြာ ဖေဖော်ဝါရီ ၁၅ မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကာလအတွင်းမှာ လေ့ကျင့်ရေးစခန်းက တချို့သော ကျွန်တော့်ရဲ့ စီနီယာတွေနဲ့ ရင်းနှီးလာခဲ့ပြီး ကျွန်တော် ထွက်တော့မယ်ဆိုတာကို စွန့်စားပြီး ပြောပြခဲ့တယ်။ သူတို့ကို “ကျွန်တော် အပြင်ရောက်ဖို့ ကူညီပေးနိုင်မ လား။ မကူညီပေးနိုင်ရင် ကျွန်တော့်ကို သီးသန့်အချုပ်ဆောင်ထဲသာ ထည့်လိုက်ဗျာ” လို့ ကျွန်တော်ပြောလိုက်တယ်။ သူတို့တွေက လူကောင်းသူကောင်းတွေပါ။ သူတို့က ကျွန်တော် အခုလိုလုပ်တာကမှန်ကြောင်းနဲ့ ကျွန်တော့်ကို ကူညီမယ်လို့ ပြောကြတယ်။ အားလုံးစီစဉ်ဖို့အတွက် အချိန ၃ ရက်ကြာပြီး ကျွန်တော် ထွက်ပြေးတဲ့လမ်းကြောင်းကို ညပိုင်း ကင်းစောင့်တာဝန်ကျတဲ့ ညတစ်ညမှာ လုပ်ဖြစ်ခဲ့ပါတယ်။ ကင်းစောင့်တွေက ညတိုင်း တစ်လှည့်ကို ၂ နာရီကြာ တာဝန်ကျပါတယ်။ ကျွန်တော် ထွက်ပြေးမယ့်ညမှာ ပထမကင်းစောင့်အလှည့်ကျတာက ဒုတပ်ကြပ်၊ ဒုတိယအလှည့်က တပ်ကြပ်ပြီးတော့ တတိယမှာ တပ်သားတစ်ယောက်၊ ကျွန်တော်က စတုတ္ထမြောက်ပါ။ ကျွန်တော့်အလှည့်ကျတော့ ကျွန်တော် အိပ်ယာကထပြီး သူတို့အလိုကျ လိုက်လုပ်ပေးပါတယ်။ တပ်သားကို ခြင်ထောင်ထောင်ပေးပြီး ဘာမီတွန် (အအေးပတ်ရင် သောက်လေ့ရှိတဲ့ အိပ်ချင်စေတဲ့ဆေးတစ်မျိုး) ထည့်ထားတဲ့ ကော်ဖီတစ်ခွက် ဖျော်ပေးပြီး တပ်ကြပ်တွေအတွက်ကျ ကျွန်တော် ၅၀၀၀ ကျပ် သုံးပြီး အာမီရမ်ပုလင်းနည်းနည်းနဲ့ မုန့်တွေ ဝယ်ပေးလိုက်တယ်။ စီစဉ်ထားတဲ့အတိုင်း အတိအကျပဲ ကျွန်တော် ကင်းစောင့်လှည့်ကျတဲ့အချိန် ၁ နာရီအတွင်းမှာ လူတိုင်း အရက်မူးပြီး အိပ်ငိုက်ကုန်ကြပါတယ်။ အခုလိုဆိုရင် ကျွန်တော် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရသွားပြီ။
ကျွန်တော့်ရဲ့စီနီယာတစ်ယောက်က ခိုးထွက်ပြီး ကျွန်တော်လဲဖို့ အဝတ်တွေ ယူလာပေးတယ်။ ကျွန်တော့်ကို အထဲမှာတုန်းက ကူညီပေးခဲ့တဲ့လူတွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အခြေအနေတွေက သူတို့ကို တပ်ထဲကနေထွက်ဖို့ တားဆီးထားနေပေမယ့်လည်း သူတို့မှာ စိတ်ကောင်းနှလုံးကောင်း ရှိကြတယ်။ ကျွန်တော့်အထင် စစ်တပ်ထဲက လူတစ်ဝက်လောက်က ထွက်ချင်ကြတယ် ထင်ပါတယ်။ ဒါပေမဲ့ တကယ်ထွက်လာဖို့တော့ တားဆီးထားနေတဲ့ အကြောင်းပြချက်အများကြီး ရှိနေကြတယ်။ ကျွန်တော့်ရဲ့စီနီယာက ကျွန်တော့်ကို စခန်းကိုပြန်ခေါ်လာပြီးနောက် ကျွန်တော် စစ်သင်္ချိုင်းကို ဖြတ်ပြေးပြီး လွတ်မြောက်ခဲ့ပါတယ်။ ကျွန်တော် ပဲခူးနဲ့ ဖောင်ကြီးကိုသွားတဲ့ လမ်းမပေါ်ကို ပြေးဆင်းသွားခဲ့ပါတယ်။ ကံဆိုးတယ်ပဲ ပြောရမလား။ အဲ့ဒီလို မနက်ခင်းအစောကြီးမှာတောင် ရဲတွေအပြည့်နဲ့ ကိုဗစ်-၁၉ စစ်ဆေးတဲ့ဂိတ်တစ်ခု ရှိနေပါတယ်။ ကျွန်တော့်မိတ်ဆွေတွေက လွတ်မြောက်ဖို့ ကူညီခဲ့ပေမယ့် စခန်းရဲ့အတွင်းပိုင်းထဲမှာ သိမ်းထားတဲ့ ကျွန်တော့်မှတ်ပုံတင်ကို ယူလာဖို့ မဖြစ်နိုင်ခဲ့တာရယ်၊ စခန်းမှာ ကျွန်တော့်စစ်ဖိနပ်တွေကို ချွတ်ထားခဲ့တော့ ခြေဗလာဖြစ်နေခဲ့တာရယ်ကြောင့် ကျွန်တော် တော်တော်လေး စိုးရိမ်နေခဲ့ပါတယ်။
လမ်းမအတိုင်း ကျွန်တော် လျှောက်ခဲ့တယ်။ စစ်ဆေးရေးဂိတ်မှာ ကားတန်းကြီးတစ်ခု ရှိနေတယ်။ ကျွန်တော်က ရဲတွေဆီကို တန်းသွားလိုက်ပြီး KTV ဘားမှာ သီချင်းဆိုပြီး ပြန်လာတာလို့ ပြောလိုက်ပါတယ်။ သူတို့က ကျွန်တော့်အမေကိုခေါ်ပြီး ကျွန်တော်ပြောတာကို အတည်ပြုဖို့ပြောလို့ ဖုန်းဆက်လိုက်တဲ့ အချိန်မှာ အမေက အလိုက်အထိုက် လိုက်ပြောပေးခဲ့ပါတယ်။ ကျွန်တော် စစ်တပ်ကနေ ထွက်လာတယ်ဆိုတာ ဘာမှကြိုမသိဘဲနဲ့တောင် အမေက ရဲတွေ ကျွန်တော့်ကိုပေးသွားအောင် ပြောဖို့လိုတာတွေ အတိအကျ ပြောပေးခဲ့ပါတယ်။ အဲ့ဒီမနက်မှာ အဓိကအခက်အခဲကတော့ အဲ့ဒါပါပဲ။ ၃ နာရီလောက်ကြာပြီး မနက် ၄ နာရီခွဲလောက် ရောက်တဲ့ အချိန်ကျတော့ ကျွန်တော် ဝါးတောတစ်ခုကို တွေ့ပါတယ်။
အဲ့ဒီအချိန်ကြီးမှာ လူတချို့က မျှစ်ချိုးနေကြပါပြီ။ ကျွန်တော့်ဖုန်းက မီးရယ်၊ ခြေဗလာရယ်ကလွဲရင် ဘာမှမရှိတော့ ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်။ မျှစ်ချိုးနေတဲ့လူတွေကို ကျွန်တော့်အဖြစ်အပျက်ကိုပြောပြီး သူတို့ကို ယုံကြည်လိုက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ ကျွန်တော့်ကို နားလည်ပေးခဲ့ပြီး အများကြီး ကူညီပေးခဲ့ကြတယ်။ သူတို့ကျေးဇူးကြောင့်ပဲ ၃ ပတ် ဝန်းကျင်လောက်ကြာတဲ့အခါ ကျွန်တော် ရန်ကုန်ကို ပြန်လာနိုင်ခဲ့ပါတယ်။ ကျွန်တော် မြို့ပေါ်ကို ပြန်ရောက်လာတဲ့အခါမှာ လူအုပ်ကြီးနဲ့ အတူတူ လမ်းပေါ်ထွက်ပြီး ဆန္ဒစပြတော့တာပါပဲ။ ကျွန်တော် ရန်ကုန်မှာရော၊ ဧရာဝတီတိုင်းမှာပါ ဆန္ဒပြခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြမှုတွေအကုန်လုံး အကြမ်းဖက်မှုတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။
အခြေအနေတွေက အရမ်းဆိုးလာတော့ ကျွန်တော်ဇာတိရွာကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့်အမေက ကျွန်တော် စစ်တပ်ကနေထွက်လာတာ ကောင်းဖို့ဆိုတာကို နားမလည်သေးပါဘူး။ ကျွန်တော် သူ့ကို ပြဿနာမတက်စေချင်တာကြောင့် ခွင့်နဲ့လာတာလို့ပဲ ပြောထားခဲ့တယ်။ ကျွန်တော် ဆိုင်ကယ်တစ်စီးငှားပြီး မကွေး၊ မင်းဘူး၊ စလင်းနဲ့ ရေနံချောင်းက ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း မန္တလေးကို ရောက်လာခဲ့ပါတယ်။ ကျွန်တော် မန္တလေးမှာ သိတဲ့လူ ဘယ်သူမှမရှိတော့ အစပိုင်းမှာဆိုရင် လမ်းပေါ်မှာ အိပ်ခဲ့ရပါတယ်။ ဒါပေမဲ့ လူတွေက ကြိုဆိုခဲ့ကြပါတယ်။ စစ်တပ်မှာ တွေ့သမျှ လူစုဆောင်းသလိုပဲ ဆန္ဒပြသူတွေလည်း ဆန္ဒပြချင်သူတိုင်းကို ခေါ်သွင်းခဲ့ကြပါတယ်။
ကျွန်တော် ဆိုင်ကယ်နဲ့ ရန်ကုန်မြို့စွန်တစ်ခုမှာနေတဲ့ ကျွန်တော့်အစ်မဆီသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော့်အမေကို ဖုန်းဆက်ပြီး ကျွန်တော်ဆန္ဒပြနေကြောင်း ပြောပြခဲ့ပါတယ်။ အမေက တစ်နေ့လုပ်မှ တစ်နေ့စားရပေမယ့်လည်း ကျွန်တော် အမေ့ဆီ ပိုက်ဆံတောင်းခဲ့ပါတယ်။ အမေ ကျွန်တော့်ဆီ ၁ သိန်း ပို့လာခဲ့ပြီး ကျွန်တော့်ခံယူချက်တွေက သူ့အတွက် အားဖြစ်စေခဲ့တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။
အဝေးပြေးလမ်းမပေါ်မှာရှိတဲ ၁၁၅ မိုင် စစ်ဆေးရေးဂိတ်ကို ကျွန်တော် မဖြတ်ရဲခဲ့ဘူး။ ဖြတ်လမ်းတစ်ခုတော့ရှိပေမယ့် ဖြတ်လမ်းက လမ်းမပေါက်တဲ့နေရာနဲ့ ရေမြုပ်နေတဲ့နေရာကနေ ဖြတ်သွားရပါတယ်။ ကျွန်တော် ရေထဲကနေ ဖြတ်တဲ့အချိန်မှာ ဆိုင်ကယ်နဲ့ ကျောက်တုံးနဲ့ ဆောင့်မိပြီး ကျွန်တော့်လိုပဲ ရေထဲဖြတ်နေတဲ့လူတွေနဲ့ တိုက်မိခဲ့ပါတယ်။ ဗရုတ်သုက္ခပါပဲ။ ရွာသားတချို့က ကျွန်တော့်ဆိုင်ကယ်ကို ကူပြီး ဆွဲထုတ်ပေးကြပေမယ့် ဆိုင်ကယ်က စက်မနိုးတော့ပါဘူး။ ဒေသခံစက်ဆရာက ကြည့်ပေးခဲ့ပါတယ်။ ကံကောင်းလို့အဲ့ဒီညမှာပဲကျွန်တော်ရန်ကုန်ကိုရောက်ခဲ့ပါတယ်။
ကျွန်တော့်အစ်မဆီရောက်ပြီးနောက် ကျွန်တော့်ရဲ့ တပ်ထဲက လုပ်ဖော်ကိုင်ဖက်တချို့က ကျွန်တော့်မျက်နှာကို ဆန္ဒပြတဲ့ပုံတွေကနေ ရှာတွေ့သွားခဲ့ပြီဆိုတာကို သိလိုက်ရပါတယ်။ အဲ့ဒါက ကျွန်တော့်ကို လုံးဝရိုက်ချလိုက်သလိုပါပဲ။ သူတို့က ကျွန်တော့်ကိုဖမ်းဖို့ ပြင်ဆင်နေခဲ့ကြတာ။ ကျွန်တော်က လူမြင်သူမြင်နေရာတွေမှာပဲ ဆန္ဒပြနေခဲ့တော့ အနှေးနဲ့အမြန် အဖမ်းခံရမယ်လို့ ထင်ရတာပေါ့။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော့်မိသားစုအကြောင်းလည်း သိတယ်။ ကျွန်တော့်အစ်မအိမ်နားကို အရပ်သားပုံစံဟန်ဆောင်လာပြီး ကျွန်တော့်အကြောင်းတွေ မေးကြပေမယ့် အဲ့ဒီရပ်ကွက်ထဲကလူတွေက စည်းလုံးကြတယ်။ ကျွန်တော့်ကို တစ်ခါမှမမြင်ဖူးဘူးလို့ စစ်တပ်ကို လိမ်ပြီး ပြောလိုက်ကြတယ်။ ကျွန်တော်က သူတို့အတွက်ရော၊ ကျွန်တော့်အစ်မအတွက်ပါ ဖိအားတွေဖြစ်လာစေနေတာမို့လို့ တခြားနေရာကို ရွှေ့ခဲ့ရပါတယ်။
ကျွန်တော် ပိုက်ဆံကုန်ကာနီးဖြစ်လာတော့ သူငယ်ချင်း တစ်ယောက်ဆီကနေ နည်းနည်းချေးလိုက်ရပြီး တပ်ထဲမှာရှိနေတုန်းက အဆင်ပြေတယ်လို့ သိထားခဲ့တဲ့ တောင်ငူကို သွားခဲ့ပါတယ်။ ကျွန်တော် ၂ ပတ်လောက် သိုသိုသိပ်သိပ်နေပြီး ရရာအလုပ်တွေ ဝင်လုပ်ခဲ့ပါတယ်။ အခြေအနေတွေက ပြောင်းလဲနေခဲ့တယ်။ ကျွန်တော်နေနေတဲ့နေရာရဲ့ရှေ့မှာ TikTok ပေါ်က နိုင်ငံရေးဗွီဒီယို ကြည့်မိလို့ အဖမ်းခံခဲ့ရတာကို မျက်မြင်တွေ့ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အိမ်ရှင်က ကျွန်တော့်ကို တခြားသွားဖို့ပြောတာနဲ့ ကျွန်တော့်ကို အခုအချိန်အတောအတွင်း ကူညီစောင့်ရှောက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်းပြောပြီး ကျွန်တော် နေရာထပ်ရွှေ့ခဲ့ရပါတယ်။ အိမ်ကိုပြန်ဖို့ကလွဲပြီး တခြားဘယ်ကိုသွားရမလဲ မစဉ်းစားတတ်ခဲ့ပါဘူး။
ဘတ်စ်ကားခက ၂၅,၀၀၀ ကျပ် ဒါပေမဲ့ ရထားနဲ့သွားရင် ၂,၀၀၀ ကျပ်ပဲကျမှာမို့ ကျွန်တော် ရထားစီးပြန်ခဲ့တယ်။ ကံဆိုးချင်တော့ တောင်ငူကထွက်ပြီး မကြာဘူး။ ရထားတွဲနှစ်တွဲ လမ်းချော်သွားတော့ ခရီးစဉ်က လိုတာထက် ပိုကြာသွားပြီး ခရီးသွားတွေကြား အလာပသလာပ ပြောလာကြဖို့ လုပ်ပေးသလို ဖြစ်သွားပါတယ်။ ကျွန်တော်က ဒီတိုင်း တစ်ယောက်တည်း အေးဆေးနေချင်တာပါ။ ကံဆိုးချင်ပြန်တော့ ကျွန်တော့်ဘေးမှာထိုင်နေတာက စစ်သားဖြစ်နေတာနဲ့ ကျွန်တော့်ကို မေးခွန်းတွေ စမေးလာပြီး သံသယဝင်လာမှာစိုးလို့ သူ့ကို အရက်ဝယ်ပေးပြီး မူးအောင်တိုက်လိုက်ပါတယ်။
ကျွန်တော့်ရွာနားကို နေ့ခင်းပိုင်းမှာ ပြန်ရောက်လာခဲ့ပေမယ့် ဒီတိုင်းဝင်သွားဖို့က တော်တော်လေးခက်လို့ ညမှောင်တဲ့အချိန်အထ ိစောင့်ခဲ့ပါတယ်။ အာဏာသိမ်းမှုက ကိုယ့်အိမ်ကိုယ်ပြန်တာတောင် ခိုးစားတဲ့ကြောင်လို ခိုးကြောင်ခိုးဝှက်လုပ်ရအောင် လုပ်ခဲ့ပါတယ်။ ကျွန်တော် အိမ်မှာပဲထိုင်နေခဲ့ပြီး လူတွေရော၊ စစ်တပ်သတင်းပေးဖြစ်နိုင်တဲ့လူတွေနဲ့ရောပါ ဝေးဝေးနေခဲ့ပါတယ်။ အမေက ကျွန်တော့်ကို ၁၀ ရက်ကြာအောင် အဲ့ဒီလိုမျိုး ဖွက်ထားခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ညီလေးဖုန်းနဲ့ ကျွန်တော် ပြည်သူ့စစ်သား (People’s Soldiers) အဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။
သူတို့က အမေ ကျွန်တော့်ကို စောင့်ရှောက်ဖို့ ကုန်ထားတဲ့ပိုက်ဆံ အမေက ပိုက်ဆံပါချေးထားခဲ့ရပါတယ် ကို ပြန်ပေးဖို့ရယ်၊ ကျွန်တော့်အတွက် ခရီးစရိတ်နဲ့ နေထိုင်စရိတ်အတွက်ရယ်ကို ပို့ပေးခဲ့ပါတယ်။ သူတို့ ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တယ်။ ကျွန်တော် ရန်ကုန်ကိုပြန်သွားခဲ့ပြီး အဲ့ဒီကနေ လွတ်မြောက်နယ်မြေကို သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေစပြီး ပြည်သူတွေကောင်းစားဖို့ ဒီအဖွဲ့အတွက် ကျွန်တော် အားကုန်သုံးပြီး မနားမနေ အလုပ်လုပ်ပေးခဲ့ပါတယ်။ ဒါကိုဖတ်နေတဲ့ စစ်သားတွေကို ကျွန်တော် တိုက်ရိုက်ပြောချင်တာရှိပါတယ်။ တကယ်လို့ တပ်ထဲက ထွက်လာချင်တယ်ဆိုရင် ကျွန်တော်တို့ကို ဆက်သွယ်ပါ။
မြန်မာစစ်တပ်ကို စိန်ခေါ်ဖို့ အဆင့်အတန်းရှိတဲ့ စစ်တပ်တစ်ခုကို ပြည်သူတွေ တည်ထောင်နိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲ့ဒီလိုစစ်တပ်မျိုးမှာ ကျွန်တော် တာဝန်ထမ်းဆောင်မှာပါ။
အဲ့ဒီလိုမှမဟုတ်ရင် ကျွန်တော် အရင်ကဖြစ်ချင်ခဲ့သလိုမျိုး စားဖိုမှူးတစ်ယောက်ဖြစ်လာဖို့ ကျွန်တော် ဆက်ကြိုးစားသွားပါမယ်။