Facebook ကို အသုံးပြု၍ စနစ်တကျ ချိတ်ဆက်ဆောင်ရွက်သော ဝါဒဖြန့်ချိမှုများအား လေ့လာချက်

Aiden Moe

Cite as: 
Aiden Moe ၊ (၂၀၂၁)၊ Facebook ကို အသုံးပြု၍ စနစ်တကျ ချိတ်ဆက်ဆောင်ရွက်သော ဝါဒဖြန့်ချိမှုများအား လေ့လာချက်။ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်, ()။ https://ijbs.online/?page_id=3113

Editor’s Note: There are no figures numbered 1 or 67 in this article.

စာတမ်းအကျဉ်း

ယခု လေ့လာချက်တွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ခေတ်တွင် ကြုံတွေ့နေရသည့် လူမှုကွန်ရက်ပေါ်မှ သတင်း အချက်အလက်အမှား များနှင့် အမုန်းစကားများအား စနစ်တကျ ချိတ်ဆက်ဖြန့်ဖြူးမှုများ ပြုလုပ်ပြီး လူအများ၏ အတွေး အမြင်အား ပုံဖျက်နေသည့် အဖွဲ့အစည်းများနှင့် ၎င်းတို့ အသုံးပြုခဲ့သည့် နည်းနာများကို အဓိက တင်ပြထားသည်။ ယခု လေ့လာချက်အတွက် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော အင်တာနက် လူမှုကွန်ရက်ပလက်ဖေါင်းဖြစ်နေ သည့် Facebook ကို အဓိကလေ့လာခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ကြုံတွေ့ရ သည့် သတင်းအချက်အလက်အမှားများ၊ အွန်လိုင်းအခြေပြု ပဋိပက္ခ လှုံ့ဆော်မှုများနှင့် အမုန်းစကားများအား စနစ်တကျ ဖြန့်ဖြူးခဲ့သည့် Bad Actor များက Facebook ကို မည်ကဲ့သို့ အသုံးချခဲ့သည်၊ ၎င်း Bad Actor များ၏ ဝါဒ ဖြန်ချိရေးကို အထောက်အပံ့ဖြစ်စေသည့် နောက်ခံ အကြောင်းတရားများနှင့် ယင်းပြဿနာကို ဖြေရှင်းရန်အတွက် Facebook ၏ လစ်ဟာမှုများ၊ ကြုံတွေ့နေဆဲဖြစ်သည့် အခက်အခဲများ ဖြေရှင်းရာ တွင် သတိပြုသင့်သည့် အကြောင်းအရာများကို ဤစာတမ်းတွင် တင်ပြထားသည်။ မြန်မာစစ်တပ်နှင့် စစ်ရေးအရ မဟာမိတ်ဖြစ်နေသည့် နိုင်ငံအခြေပြု အက်ဒမင်များ ပါဝင်နေသည့် သတင်း Page အတုအယောင်များ၊ ပုံစံတူ ပိုစ့်များအား အချိန်ကိုက် တင်၍ လူအများအား လှည့်ဖြားသည့် နည်းဗျူဟာများနှင့် လူအများ၏ အတွေးအခေါ်ကို ပုံဖျက်ရန်အတွက် ပြုလုပ်လေ့ရှိသည့် Comment Campaign များ စသည့် အင်တာနက်စစ်ဆင်ရေးတွင် Bad Actor များ အသုံးပြုခဲ့သည့် အဓိက နည်းနာများ အကြောင်းသည် ဤစာတမ်းတွင် အဓိက အစိတ်အပိုင်း အဖြစ် ပါဝင်ပါသည်။

Abstract

This study reveals how well-connected networks spread false information and hate speech across social media to distort people’s perceptions in Myanmar. It focuses on Facebook, the principal platform for internet users in Myanmar, where bad actors effectively spread hate speech and propaganda. The study discusses the background factors that enable these bad actors to spread false information and hate speech and Facebook’s lack of competency to solve the problem. This study’s critical contribution is detailing how the Myanmar military set up fake Facebook pages, sometimes based in foreign countries that are “friendly” to them, to spread this information and how these fake pages and comment campaigns coordinate and spread their messages.

မိတ်ဆက်

စစ်အာဏာရှင်စနစ်အောက်၌ နှစ်ပေါင်းငါးဆယ်ကျော် ဖြတ်သန်းခဲ့ရသော မြန်မာနိုင်ငံမှ မျိုးဆက်များသည် တင်းကျပ်စွာ ဖိနှိပ်ထားသော ဆင်ဆာစနစ်နှင့် ပညာရေးကန့်သတ်ခံရမှုများ အောက်တွင် ကြီးပြင်းအရွယ်ရောက်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှ အစပြုပြီး ရွေးကောက်ပွဲ၊ ဒီမိုကရေစီစနစ်၊ သတင်းမီဒီယာလွတ်လပ်ခွင့် စသည်တို့နှင့်အတူ သတင်းနှင့် နည်းပညာ ခေတ်ကြီးအား အစိမ်းသက်သက် စတင်ထိတွေ့ ဖြတ်သန်းခဲ့ရသည်။ အခြားသော နိုင်ငံများ၌ ဒစ်ဂျစ်တယ်နည်းပညာသည် တစ်ဆင့်ပြီးမှ တစ်ဆင့် ပြောင်းလဲလာခဲ့သဖြင့် ဖြစ်ပေါ်တိုးတက်မှုများသည် သိသာ ထင်ရှားစွာ မကြီးမားခဲ့သော်လည်း မြန်မာနိုင်ငံ၏ အနေအထားမှာမူ ဒစ်ဂျစ်တယ် နည်းပညာသည် မုန်တိုင်းတစ်ခုသဖွယ် လူမှုဘဝများအား လျင်မြန်စွာ ရိုက်ခတ်ပြောင်းလဲခဲ့သည်။ အင်တာနက်သည် အထီးကျန်နေသော မြန်မာနိုင်ငံနှင့် ကမ္ဘာကြီးကို မိတ်ဆက်ပေးခဲ့သည်ဟု ဆိုနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးများကမူ မြန်မာနိုင်ငံရှိ မြောက်များ လှစွာသော အင်တာနက်သုံးစွဲသူများနှင့် ၎င်းတို့၏ ပြင်ပလူမှုဘဝကို ရိုက်ခတ်ခဲ့ သည်။ အထူးသဖြင့် Media Literacy ဟု ခေါ်သည့် မီဒီယာသိနားလည် မှုနှင့် Digital Literacy ဟုခေါ်သည့် ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှု အားနည်းခြင်း၊ နိုင်ငံရေး တည်ငြိမ်မှုအားနည်းခြင်း၊ ခွဲခြားဆက်ဆံမှု များသည် သမားရိုးကျဖြစ်နေခြင်းနှင့် အကြီးမားဆုံး အင်တာနက် ပလက်ဖေါင်း ဖြစ်သည့် Facebook ၏ စည်းကြပ်နိုင်မှု အားနည်းချက် များက အမုန်းစကားနှင့် သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးနေသည့် အဖွဲ့အစည်းများကို ပိုမို အားကောင်းစေပြီး အင်တာနက် နည်းပညာကို ပဋိပက္ခနှင့် အမှောင်ဘက်ခြမ်းဆီသို့ မောင်းနှင်စေနိုင်ခဲ့သည်။ ယခုလေ့လာချက်သည် လူမှုကွန်ရက်ကို အသုံးပြု၍ အမုန်းစကားနှင့် သတင်းမှားများကို စနစ်တကျ ချိတ်ဆက် ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများ၊ ၄င်းတို့ အသုံးပြုခဲ့သည့် နည်းနာများနှင့် ဖြစ်ရပ်များအား လေ့လာထားခြင်းဖြစ်သည်။

ဤလေ့လာချက်တွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း ရေးကာလ၊ Facebook သည် မြန်မာနိုင်ငံ၏ အင်တာနက်ဖြစ်လာခြင်း ၊ ဆိုရှယ်မီဒီယာအခြေပြု အမျိုးသားရေးအစွန်းရောက် လှုပ်ရှားမှုနှင့် ၎င်းတို့ အသုံးပြုခဲ့သည့် နည်းနာများ၊ အွန်လိုင်း အခြေပြု စစ်ဝါဒဖြန့်ချိရေးနှင့် အင်တာနက် စစ်ဆင်ရေးတွင် အသုံးပြုခဲ့သည့် နည်းနာများ၊ Bad Actor များအား ထောက်ပံ့ပေးသည့် သမားရိုး ကျဖြစ်နေသော ခွဲခြားဆက်ဆံမှုနှင့် အမုန်းတရား၊ Facebook ၏ စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများနှင့် သုံးသပ်ချက်ဟူ၍ အဓိက ခေါင်းစဥ် ၇ခု ပါရှိပါသည်။

သုတေသနနည်းနာ

ဤလေ့လာချက်သည် မြန်မာနိုင်ငံအတွင်းရှိ လူမှုသဟဇာတ ဖြစ်မှုဆိုင်ရာအခြေအနေအပေါ် အကျိုးသက်ရောက်မှုရှိစေခဲ့ သည့် Facebook ပေါ်ရှိ အမုန်းစကားများနှင့် သတင်းမှားများ၏ လားရာကို နားလည်နိုင်စေရန် အဓိက ဦးတည်ပါသည်။ Facebook ကို အသုံးပြု၍ အမုန်းစကားနှင့် သတင်းမှားများ၏ ပျံ့နှံ့ခဲ့မှုအခြေအနေ၊ အမုန်းစကား နှင့် သတင်းမှား ဖြန့်ဝေသူများ အသုံးပြုခဲ့ သည့် နည်းလမ်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို နားလည်ခြင်းအားဖြင့် ၎င်းတို့၏ လူ့ အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်နိုင်ချေများအား လျော့ချနိုင်ရန် ရည်ရွယ်ပါသည်။

“မြန်မာနိုင်ငံအတွက် Giant Internet ဖြစ်နေသည့် Facebook ကို Bad Actor များအတွက် ဝါဒဖြန့်ချိရေး လက်နက်တစ်ခုဖြစ်စေသည့် အကြောင်းအရာများသည် မည်သည့်အရာများ ဖြစ်သနည်းနှင့်၊ Facebook အနေဖြင့် Bad Actor များကို တားဆီးရန် အခက်အခဲ ဖြစ်စေသည့် အချက်များသည် မည်သည့်အရာများ ဖြစ်စေသနည်း“ ဆိုသည်မှာ ဤသုတေသန၏ အခြေခံမေးခွန်းဖြစ်ပါသည်။

ဤလေ့လာချက်အတွက် ၂၀၁၆ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ်မေလအတွင်း ပျံ့နှံ့ခဲ့သော အမုန်းစကား1၊ သွေးထိုး လှုံ့ဆော်မှုနှင့် သတင်းမှား2 များဖြန့်ဝေခဲ့သည့် အကောင့်ပေါင်း ၂၂၇ ခု၊ ဂရုပေါင်း ၁၀၅ ခုနှင့် ပေချ့်ပေါင်း ၁၀၅ ခုအား အဓိက လေ့လာခဲ့သည်။

Secondary Data များအတွက် ဆိုရှယ်မီဒီယာတွင် သတင်းမှား များအား ပြန်လည်တုံ့ပြန်နေသည့် အချက်အလက်စ စ်ဆေးရေး pageများဖြစ်သည့် Think Before You Trust3 နှင့် ဟုတ်တယ် Vs မဟုတ်ဘူး4 page များမှ Fact Check Post များအား အဓိက ကိုးကားလေ့လာခဲ့သည်။

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ခေတ်ပြောင်းတော်လှန်ရေး

စစ်အာဏာရှင်များက ဆက်သွယ်ရေးကိရိယာများသည် ၎င်းတို့၏ အာဏာကို ခြိမ်းခြောက်နိုင်သော ကိရိယာများ အဖြစ် ရှုမြင်ပြီး တင်းကျပ်စွာ ပိတ်ပင်ကန့်သတ်ထားသည်။ အထူးသဖြင့် တယ်လီဖုန်းများ၏ စျေးနှုန်းများသည် အလွန်အမင်းကြီးမြင့်ပြီး သာမာန်လူများအနေဖြင့် လက်လှမ်းမီခဲ့ခြင်းမရှိပါ။ တယ်လီဖုန်း များအား ပါမစ်များဖြင့် ကန့်သတ်ထားပြီး တပ်မတော်အရာရှိကြီးများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများကသာ ပါမစ်စျေးကွက် ကို ထိန်းချုပ်ကန့်သတ်ထားပြီး သာမာန်ပြည်သူများနှင့် စီးပွားရေး သမားများသည် ၎င်းတို့ထံမှ ပါမစ်များကို ပြန်လည်ဝယ်ယူခြင်းနှင့် ငှားရမ်း သုံးစွဲခြင်းဖြင့်သာ တယ်လီဖုန်းများကို သုံးစွဲခဲ့ရသည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲဖြင့် အာဏာရလာခဲ့သော ဦးသိန်းစိန် လက်ထက်တွင်မူ မီဒီယာလွတ်လပ်ခွင့် ဖြေလျှော့ခြင်းနှင့် တစ်ပြိုင်နက် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ကိုပါ စတင်ပြုလုပ်ခဲ့သည်။ သက္ကရာဇ် ၂၀၀၀ ကျော်ကာလများက ဒေါ်လာ ၃၀၀၀ ခန့်မျှ တန်ကြေးရှိသော တယ်လီဖုန်းများသည် ၂၀၁၃ ခုနှစ်တွင် တစ်လုံးလျှင် တစ်ဒေါ်လာခန့် အထိ ကျဆင်းခဲ့သည်။5 ၂၀၁၂ ခုနှစ် နှစ်လည်တွင် ၂.၈သန်းရှိသော6 မိုဘိုင်းဆင်းကတ်အသုံးပြုမှု အရေအတွက်သည် ၂၀၁၈ ခုနှစ်တွင်မူ Active ဖြစ်နေသည့် ဆင်းကတ်ပေါင်း ၅၆.၈ သန်း7အထိ အလျင်အမြန် တိုးမြင့်ခဲ့ပြီး၊ Ministry of Labor, Immigration and Population ၏ Department of Population မှ ထုတ်ဝေသည့် နိုင်ငံလုံးဆိုင်ရာ လူဦးရေ အရေအတွက်ဖြစ်သည့် ၅၄.၂သန်း8ထက် ကျော်လွန်နေသည်ကို တွေ့ရသည်။

Figure 2: ၂၀၁၈ခုနှစ်မိုဘိုင်းဆင်းကတ်အသုံးပြုမှု9

Facebook သို့မဟုတ် မြန်မာနိုင်ငံ၏ အင်တာနက်

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံအင်တာနက်သုံးစွဲသူများက Facebookကို စတင်၍ သုံးစွဲမှု ပိုမိုကျယ်ပြန့်ခဲ့ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် Facebook သုံးစွဲသည့် လူဦးရေသည် အမြောက်အများ တိုးပွားလာကာ Facebook သည် အခြားသော လူမှုကွန်ရက် ပလက်ဖေါင်းများကို ခနချင်း ကျော်ဖြတ်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ Facebook သုံးစွဲသူပေါင်း ၁၀သန်း10 ရှိခဲ့ပြီး Telenor Myanmar ၏ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ရက်နေ့ပါ ထုတ်ပြန်ချက်11 အရ တယ်လီနော ဒေတာအသုံးပြုသူ ၉၀ရာခိုင်းနှုန်းကျော်သည် Facebook နှင့် Viber ကိုသာ အဓိက အသုံးပြုသည်ဟု ဆိုသည်။ ၂၀၁၉ခုနှစ်တွင်မူ Facebook Ads Manager12 အရ မြန်မာနိုင်ငံမှ Facebook သုံးစွဲသူပေါင်း ၂၁သန်းရှိနေကာ သုံးနှစ် အတွင်း သုံးစွဲသူပေါင်း ၁၁ သန်းတိုးပွားခဲ့သည်ကို တွေ့ရသည်။ ၎င်းအရေအတွက်မှာ YouTube, Twitter, VK အစရှိ သည့် အခြားသော လူမှုကွန်ရက်များရှိ မြန်မာနိုင်ငံ မှ သုံးစွဲသူအရေအတွက်ထက် အပြတ်အသတ် သာလွန်နေသည်ကို တွေ့ရ သည်။ Facebook သည် မြန်မာနိုင်ငံ၏ Giant Internet ဖြစ်လာခြင်းသည် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ဖြစ်စဥ် များအပေါ်တွင် သက်ရောက်မှုအားကြီးခဲ့ကာ သတင်း အချက်အလက်များ လျင်မြန်စွာစီးဆင်းခြင်းနှင့် လူတိုင်း မိမိဆန္ဒ အမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရခြင်းကဲ့သို့သော အပြု သဘောဆောင်သည့် သက်ရောက်မှုများအပြင်၊ အနုတ်လက္ခဏာ ဆောင်သည့် သက်ရောက်မှုများလည်း မြန်မာ့ လူ့အဖွဲ့အစည်းတွင် ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် Facebook သည် အမုန်းစကား ဖြန့်ဖြူးသည့် အဖွဲ့အစည်းများ အတွက် လက်နက်တစ်ခုသဖွယ် ဖြစ်လာခဲ့ပြီး လူအများ၏ အတွေးအမြင်များကို ပြောင်းလဲရန် ဝါဒဖြန့်ချိခြင်း၊ အမုန်းတရား ဖြန်ဖြူးခြင်း၊ ပဋိပက္ခကို လှုံ့ဆော်ခြင်းနှင့် ဆန့်ကျင်ဘက်အမြင်ရှိသူများအား တိုက်ခိုက်ခြင်းတို့အတွက် အသုံးပြုခဲ့ကြသည်။13

Figure 3:၂၀၁၉ခုနှစ်တွင်မြန်မာနိုင်ငံမှ Facebook သုံးစွဲသူပေါင်း၂၁သန်းရှိလာ14
Figure 4: မြန်မာနိုင်ငံတွင်အသုံးပြုနေသောလူမှုကွန်ရက်များအနက် Facebook အသုံးပြုမှုမှာ ၉၄.၁၁% ရှိနေသည်15
Figure 5: ၂၀၁၆မှ ၂၀၁၉ကြား မြန်မာနိုင်ငံမှ Facebook အသုံးပြုမှုအရေအတွက်16

ထိုကဲ့သို့ Facebook သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော လူမှုကွန်ရက်တစ်ခုဖြစ်လာရခြင်းကို ဆန်းစစ်ကြည့်လျှင် အောက်ပါအချက်များကို တွေ့ရသည်။

၁)စမတ်ဖုန်းများတွင် Facebook

အပလီကေးရှင်းအားတပါတည်းထည့်သွင်း ထားခြင်းနှင့် အကောင့် ဖွင့်ရ လွယ်ကူခြင်း စမတ်ဖုန်းများကို ဝယ်ယူသည့်အခါတွင် Facebook အပလီကေးရှင်းကို ထပ်မံထည့်သွင်းစရာမလိုဘဲ စမတ်ဖုန်းနှင့် အတူ တပါတည်း ပါဝင်ပြီးဖြစ်သည်။ ဤအချက်က Facebook ကို အခြားသော လူမှုကွန်ရက်များထက် ပိုမို၍ အသုံးပြုစေရန် ဆွဲဆောင်စေသည့် အချက်တစ်ချက်လည်း ဖြစ်သည်။ အကယ်၍ ဖုန်းဝယ်ယူသူက Facebook အကောင့်အား မဖွင့်တတ်လျှင် မိုဘိုင်းဖုန်းအရောင်းဆိုင်များ နှင့် အင်တာနက်ဆိုင်များက Facebookအကောင့် ဖွင့်လိုသူများကို တစ်ကောင့်လျှင် ကျပ်ငါး ထောင်နှုန်း17 (3 dollars) ဖြင့် အခကြေးငွေ ကောက်ခံပြီး အကောင့်ဖွင့်ပေးခဲ့သည်များလည်း ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရှိခဲ့သည်။ ထိုကဲ့သို့သော အကြောင်းခြင်းရာများသည် မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် Facebookကို လွယ်လင့်တကူ လက်လှမ်း မီစေခဲ့ပြီး အချိန်တိုတွင်းပင် သုံးစွဲသူများကို တိုးပွားစေခဲ့သည့် အဓိက အချက်တစ်ခုဖြစ်ခဲ့သည်။

၂) User Generated Content

အင်တာနက်ခေတ်ဦးတွင် သုံးစွဲသူများအနေဖြင့် ကိုယ်ပိုင်blogများ၊ ဝဘ်ဆိုက်များ ရေးသားရန်မှာ မလွယ်ကူခဲ့ပါ။ အခြေခံလိုအပ်ချက် အနေဖြင့် ကိုယ်တိုင် web စာမျက်နှာ ရေးသားရန်အတွက် web coding language တတ်ကျွမ်းရန် လိုအပ်ခဲ့သည်။ Facebook တွင်မူ ကိုယ်ပိုင်စာမျက်နှာတစ်ခု ရေးသားရန်အတွက် မည်သည့် နည်းပညာဆိုင်ရာကိုမှ တတ်ကျွမ်းရန် မလိုအပ်ပါ။ Facebook သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် မြင်တွေ့ကြားသိ ရသည်များ၊ တစ်နေ့တာ အတွေ့အကြုံများ၊ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ သဘောထားအမြင်များကို ၎င်းတို့၏ အကောင့်များ၊ Page များမှတစ်ဆင့် လွယ်လင့်တကူ ရေးသားပြီး လူအများအပြားထံ ဖြန့်ဝေနိုင်ခြင်းသည် Facebook ကို လူအများ သုံးစွဲလာစေသည့် အဓိက ကျသည့် အကြောင်းအရာတစ်ရပ်ဖြစ်သည်။

၃) သတင်းနှင့် ဖျော်ဖြေရေးဆိုင်ရာ စာမျက်နှာများ

ယခင်က သတင်းများကို သတင်းစာ သို့မဟုတ် ရေဒီယို သို့မဟုတ် ရုပ်မြင်သံကြား ကသာရရှိခဲ့သော်လည်း နောက်ပိုင်းတွင် Facebook သည် အဓိက သတင်းဖတ်သည့် ရင်းမြစ်နေရာတစ်ခု ဖြစ်လာခဲ့သည်။ သမားရိုးကျသတင်းဌာနများသည် Digital Platform သို့ ပြောင်းရွှေ့ လာခဲ့ပြီး Facebook သည်လည်း ၎င်းတို့၏ အဓိက သတင်း ဖြန့်ဝေသည့် ရင်းမြစ်နေရာတစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် Facebook Live18 သည် တဒင်္ဂ ဖြစ်ပျက်နေသော အဖြစ်အပျက်များကို သမားရိုးကျမီဒီယာများ ထက်အရင် လူအမြောက်အများထံ အလျင်အမြန် ပေးပို့နိုင်သည်။ အလားတူပင် နာမည်ကျော်များ၏ သတင်းများကို Facebook အခြေပြု သတင်းစာမျက်နှာများမှ အချိန် ပြည့် ဖတ်ရှုနိုင်ခြင်းကဲ့သို့သော အချက်အလက်များသည်လည်း Facebookကို မြန်မာပြည်ရှိ ၎င်း၏ သုံးစွဲသူများအတွက် အဓိက သတင်းဖတ်ရှုရာ ပလက်ဖေါင်းတစ်ခုအဖြစ် အသွင် ပြောင်းလဲစေခဲ့ပြီး သုံးစွဲသူများကိုလည်း ပိုမိုတိုးပွားစေခဲ့သည်။

၄) မက်ဆင်ဂျာနှင့် Free Basic

Google Talk ကို နောက်ကောက်ချနိုင်ခဲ့ပြီးနောက် Facebook မက်ဆင်ဂျာသည် Viber19 ပြီး နောက် လူသုံးအများ ဆုံး ဖြစ်သော Messaging ပလက်ဖေါင်းတစ်ခု ဖြစ်လာခဲ့သည်။ Facebook မှ ၂၀၁၅ ခုနှစ် ဧပြီလတွင် Messenger Video Call20 အား မိတ်ဆက်ခဲ့ပြီးနောက် Facebookမက်ဆင်ဂျာသည် အဓိက လူသုံးအများဆုံး ပလက်ဖေါင်း နေရာသို့ ရောက်ရှိလာခဲ့သည်။ အခြားဒေသသို့ အလုပ်သွားလုပ်နေ သူများနှင့် နေရပ်တွင်ကျန်ရှိခဲ့သည့် မိသားစုများ ဆက်သွယ်ရန် အတွက်လည်း အဓိက အသုံးပြုသည့် ဆက်သွယ်ရေးကိရိယာတစ်ခု ဖြစ်လာခဲ့သည်။

ထို့အပြင် ၂၀၁၆ ခုနှစ်တွင် နိုင်ငံပိုင်တယ်လီကွန်းကုမ္ပဏီ တစ်ခုဖြစ်သော MPT က မိတ်ဆက်ခဲ့သည့် ‘ဆွေသဟာ’ ကဲ့သို့သော Facebook အား ဒေတာသုံးရန်မလိုဘဲ​ အသုံးပြုနိုင်သည့် Free Basic21 အစီအစဥ်များ သည်လည်း မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲသူများ အား Facebook ကို ပိုမို၍ အသုံးပြုစေရန်အတွက် ဆွဲဆောင်နိုင်သည့် ဖိတ်ခေါ်ချက် များ ဖြစ်ခဲ့သည်။

၅) နေ့စဥ်လူမှုဘဝလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ခြင်း

အွန်လိုင်းစျေးရောင်းချမှုများနှင့် အဝတ်အထည်အလှကုန် ဝယ်ယူအသုံးပြုနိုင်သည့် ကြော်ငြာ ပလက်ဖေါင်းများသည်လည်း Facebook ကို အဓိက အခြေပြု၍ ၄င်းတို့၏ လုပ်ငန်းများကို ပြုလုပ်လာခဲ့သည်။ အိမ်သုံးပစ္စည်း၊ စားသောက်ကုန် အရောင်းအဝယ်၊ စားသောက်ဆိုင်ရီဗျူးများသာမက အိမ်ခြံမြေ အရောင်းအဝယ်အငှား ကိစ္စများကိုပါ Facebookဂရုများကို ဖြတ်သန်း၍ ပြုလုပ်လာနိုင်ခဲ့ပြီး Facebook ကို အကြီးမားဆုံး Digital Marketing Platform လူတို့၏ နေ့စဥ်ဘဝများအထိ ထဲထဲဝင်ဝင် သက်ရောက်စေခဲ့သည်။

Figure 6: အိမ်ခြံမြေ အငှားဂရုတစ်ခု
Figure 7: လူလတ်တန်းစားများအား ပစ်မှတ်ထားသည့် အစားအသောက်ရီဗျူး page တစ်ခု
Figure 8: လူလတ်တန်းစားများအား ပစ်မှတ်ထားသည့် ဟင်္သာတမြို့မှ အစားအသောက်ရီဗျူး pageတစ်ခု

၆) မိမိ ပတ်ဝန်းကျင်မှ သတင်းများအား လွယ်လင့်တကူ သိရှိနိုင်ခြင်း

သတင်းမီဒီယာများတွင် မဖော်ပြရသေးသော ဒေသတွင်း သတင်းများ၊ ဒေသတွင်း စီးပွားရေးနှင့် သက်ဆိုင်သော သတင်းများအား ဒေသအလိုက် Facebook ဂရုများနှင့် Page များကို မီဒီယာကဲ့သို့ အသုံးပြုပြီး ဒေသတွင်း အဖြစ်အပျက်များကို ဖတ်ရှုနိုင်ခြင်းဟာ Facebook ကို လူအများ သုံးစွဲစေသည့် အဓိကအကြောင်းရင်းခံများ ထဲမှ တစ်ခုဖြစ်သည်။ အဆိုပါ ဂရုများတွင် ဒေသခံများကိုယ်တိုင်က ၎င်းတို့ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် သတင်းများကို အချိန်နှင့် တပြေးညီတင်လေ့ရှိပြီး အခြားသူများထံသို့ အချိန်နှင့် တပြေးညီ သတင်းပေးနိုင်ကြသည်။ မြင်တွေ့ရသည့် ဖြစ်စဥ်ဖြစ်ရပ်များအား Live လွှင့်ခြင်း၊ ဟစ်တိုင်တစ်ခုသဖွယ် မကျေနပ်ချက်များအား ဖွင်အံ နိုင်ခြင်းတို့ကလည်း အဆိုပါ ဂရုများအား လူအများစိတ်ဝင်စားစွာ ပါဝင်စေသည့် အကြောင်းအချက်တစ်ခုလည်း ဖြစ်သည်။

Figure 9: ဒေသအလိုက် သတင်းနှင့် ရောင်းဝယ်ရေးဆိုင်ရာ ဂရုများ ၁
Figure 10: ဒေသအလိုက် သတင်းနှင့် ရောင်းဝယ်ရေးဆိုင်ရာ ဂရုများ ၂
Figure 11: ဒေသအလိုက် သတင်းနှင့် ရောင်းဝယ်ရေးဆိုင်ရာ ဂရုများ ၃
Figure 12: ဒေသအလိုက် သတင်းနှင့် ရောင်းဝယ်ရေးဆိုင်ရာ ဂရုများ ၄

၇) အစိုးရမှ Facebook အား အလွန်အမင်း အားထားခြင်း

အစိုးရကိုယ်တိုင်က Facebookအား အလွန်အမင်း စွဲလမ်းအသုံးပြုနေခြင်းသည် မြန်မာနိုင်ငံတွင် Facebook၏ အရေးပါမှုကို ပိုမိုမြင်သာစေသည့် အချက်အလက် တစ်ခုပင်ဖြစ် သည်။ အစိုးရသည် နေ့စဥ်လူမှုဘဝနှင့် သက်ဆိုင်သော အသေးစား ထုတ်ပြန်ချက်များမှအစ အခြားအရေးကြီးသည့် နိုင်ငံတော်အဆင့် ထုတ်ပြန် ကြေညာချက်များကို Facebookကို အသုံးပြု၍သာ တိုက်ရိုက်ထုတ်ပြန်လေ့ရှိသည်။

Figure 13: လျှပ်စစ်မီး ပြတ်တောက်မှုအကြောင်း ရန်ကုန်ခရိုင်လျှပ်စစ်ရုံး၏ သတင်းထုတ်ပြန်ချက်
Figure 14: ဧရာဝတီတိုင်းဝန်ကြီးချုပ်အား ရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံးကြေညာချက်

ယခု ပြသထားသည့် သမ္မတရုံးကြေညာချက်အား22 မနက်ငါးနာရီ အချိန်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ပုဂ္ဂလိက ပိုင်နှင့် နိုင်ငံပိုင် သတင်းမီဒီယာများအားလုံးကို အသုံးမပြုဘဲ Facebookကိုသာ တိုက်ရိုက်အသုံးပြု၍ သတင်း ထုတ်ပြန်လေ့ရှိသော အစိုးရ၏ ထင်ရှားသော လုပ်ရပ်တစ်ခုဖြစ်သည်။ ဤကဲ့သို့ မီဒီယာကို ကြားခံအဖြစ် အသုံးမပြုဘဲ အစိုးရကိုယ်တိုင်က Facebook ကိုအသုံးပြု၍ လူထုနှင့် တိုက်ရိုက်ဆက်သွယ်ခြင်းသည်လည်း Facebook ကို လူအများပို၍ မှီခိုစေခဲ့သည့် အကြောင်းခြင်းရာတစ်ရပ် ဖြစ်လာသည်။

အဆိုပါ အချက်များသည် Facebookအနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက်ဖြစ်လာပြီး နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး နယ်ပယ်များကို လွှမ်းမိုးထားသည့် အချက်ကို ပြသနေသည့် အဓိက အချက်များဖြစ်သည်။

အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှု၊ ဆိုရှယ်မီဒီယာနှင့် ၎င်းတို့အသုံးပြုခဲ့သည့် နည်းနာများ

၂၀၁၂ ခုနှစ် မေလ ၂၈ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်ကျေးရွာမှ အသက် ၂၆နှစ်အရွယ် မသီတာထွေး အဓမ္မကျင့် သတ်ဖြတ်ခံရခြင်းနှင့်အတူ ရခိုင်ပြည်နယ်တဝှမ်း ပဋိပက္ခများ စတင်ပေါ်ပေါက်ခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မွန်ပြည်နယ်အခြေစိုက် သံဃာတော်များ၏ ဦးဆောင်လှုပ်ရှားမှုဖြင့် မွန်ပြည်နယ်၌ မွတ်ဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှုဖြစ်သည့် ၉၆၉လှုပ်ရှားမှု စတင်ပေါ်ပေါက်ခဲ့ပြီး23 အချိန်ခဏအတွင်းမှာပါ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာ ၉၆၉ လှုပ်ရှားမှုတွင်မူ ဦးဝီရသူက အဓိက ဦးဆောင်ခဲ့ပြီး မြန်မာဗုဒ္ဓဘာသာ ဆိုင်များနှင့် ကားများတွင် ၉၆၉ တံဆိပ်ပါသော စတစ်ကာများ ကပ်ခြင်း၊ စာအုပ်များထုတ်ဝေခြင်း၊ သီချင်းများ ဖြန့်ဝေခြင်းနှင့် တရားပွဲများပြုလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

၂၀၁၃မတ်လတွင် မိတ္ထီလာ မြို့နှင့် ပဲခူးတိုင်းအနောက် ခြမ်းမြို့နယ်များ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင် ၉၆၉ လှုပ်ရှားမှုများအပေါ် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်း၌ သြဇာအာဏာကြီးမားသည့် ဆရာတော်ကြီးများက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး24၊ ၉၆၉ လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် ဦးဝီရသူကဲ့သို့ ရဟန်းများလည်း ဦးဆောင်အခန်းကဏ္ဏမှ ပါဝင်ခဲ့သည်။25 ၂၀၁၃ ခုနှစ် သြဂုတ်လတွင် သံဃာ့မဟာနာယကက ၉၆၉ လှုပ်ရှားမှုများအား ပိတ်ပင်ခဲ့ပြီးနောက် ၉၆၉ လှုပ်ရှားမှုအောက်မှ ရဟန်းအများစုသည် မဘသလှုပ်ရှားမှုအောက်သို့ အများအပြား ဝင်ရောက်ခဲ့ပြီး မျိုးစောင့်ဥပဒေလှုပ်ရှားမှု (လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင်မ အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေနှင့် တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေများအား ပြဌာန်း နိုင်ရေးအတွက်)ကို အဓိက ဆောင်ရွက်ခဲ့ကြသည်26။ မဘသသည် ၎င်း၏ မွတ်ဆလင် ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် လူသစ်စု ဆောင်းရေးများအတွက် အများပြည်သူအား စည်းရုံးလှုံ့ဆော်မှုကို တရားပွဲများ၊ Facebook နှင့် YouTube စာမျက်နှာများကို အဓိက အသုံးပြု၍ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် Facebook ကို အသုံးပြု၍ မဘသ မှ မဟာဗျူဟာကျကျ ဆောင်ရွက်ခဲ့သော လှုပ်ရှားမှုများအား အောက်ပါအတိုင်းတွေ့ရသည်။

အွန်လိုင်းမီဒီယာသင်တန်း

၂၀၁၄ ခုနှစ် နှစ်လည်ပိုင်းမှ စတင်ခဲ့သော မဘသ၏ သာသနာပြုစွမ်းရည်မြင့်သင်တန်းများအား မြန်မာနိုင်ငံ မြို့ကြီး အနှံ့ အပြား၌ ၂၀၁၇ ခုနှစ်ကုန်ပိုင်းအထိ ပြုလုပ်ခဲ့သည်ကို အရပ်ဘက်အဖွဲ့အစည်းများ၏ လေ့လာစောင့်ကြည့်မှုများအရ တွေ့ရှိရသည်။ အဆိုပါ သင်တန်းများ၌ မဘသလှုပ်ရှားမှုများအား သတင်းတင်နည်း၊ သတင်းရုပ်သံရိုက်ကူးနည်းနှင့် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်ရေးကဲ့သို့သော သင်ခန်းစာများအား သင်ကြားခဲ့သည်။

အောက်ပါ Screen Shot သည် 2015 ခုနှစ် မေလအတွင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (ဗဟို) (မဘသ-ဗဟို)မှ သင်တန်းပေးခဲ့သည့် အွန်လိုင်းမီဒီယာသင်တန်း တစ်ခု၏ သတင်းပုံဖြစ်သည်။

Figure 15: မဘသ-ဗဟိုမှသင်တန်းပေးခဲ့သည့် အွန်လိုင်းမီဒီယာသင်တန်း တစ်ခု၏ သတင်း

Facebook ကြော်ငြာစနစ်အား အသုံးပြုခြင်း

မဘသ၏ တရားဝင် Facebook စာမျက်နှာအား လူအများအပြား သိစေရန်နှင့် ၎င်းတို့၏ သတင်းအချက်အလက်များအား ရောက်ရှိ စေရန် Facebook Advertising ကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခဲ့သည်။ လူအများအား ၎င်းတို့၏ တရားဝင် စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်ခြင်းသည် အဖွဲ့ဝင်သစ်များကို ရရှိစေနိုင်ရန်အတွက် အဓိက ကျသော နည်းနာတစ်ခု ဖြစ်ခဲ့သည်။ Facebook၏ ကြော်ငြာစနစ်သည် Facebook အသုံးပြုသူ၏ အသက်အရွယ်၊ ပညာရေး၊ နေထိုင်သည့် တည်နေရာ၊ လိင်အမျိုးအစား၊ ၎င်းတို့ Like လုပ်ထားသည့် Page အမျိုးအစား စသည်တို့ကို အသုံးပြုပြီး ထိထိရောက်ရောက် ပစ်မှတ်ထား၍ ကိုယ်ပေးချင်သည့်

Figure 16: မဘသ-ဗဟိုမှထုတ်ပြန်သောနှစ်သစ်သဝဏ်လွှာ

သတင်းစကားအား ပေးပို့နိုင်သည့် ကြော်ငြာစနစ် တစ်ခုဖြစ်သည်။

Facebook Advertising ကို အသုံးပြုထားသော မဘသ၏ သဝဏ်လွှာ

(ယခု ကြေညာချက်အား ၂၀၁၇ ခုနှစ် ဧပြီလ ၁၇ရက်နေ့တွင် ရယူခဲ့ပြီး၊ မူရင်းပေချ့်အား ၂၀၁၈ခုနှစ် ဇွန်လ ၇ရက်နေ့တွင် Facebook မှ ဖြုတ်ချခဲ့သည်။)

Facebook ကို အသုံးပြု၍ ပဋိပက္ခကို လှုံ့ဆော်ခြင်း

မဘသနှင့် မဘသထောက်ခံသူများသည် Facebookအား အသုံးပြု၍ ၎င်းတို့ ပြုလုပ်လေ့ရှိသော မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကို လူအများ လာရောက် ပူးပေါင်းရန်အတွက် လှုံ့ဆော်လေ့ရှိသည်။ ထို့အပြင် Facebook မှတစ်ဆင့် ၎င်းတို့အချင်းချင်း သိနိုင်သော စကားများကို အသုံးပြု၍ ပဋိပက္ခမဖြစ်မီနှင့် ပဋိပက္ခဖြစ်နေစဥ်အတွင်း ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်လေ့ရှိသည်။ အောက်ပါ ဥပမာများထဲမှ တက်ကြွသူ၏ အကောင့်တွင်းမှ အမျိုးသားရေး သမားဆိုသူများအား လှုံ့ဆော်ထားသော Screenshot တစ်ခုဖြစ်သည်။

Figure 17: အမျိုးသားရေးသမားတစ်ဦးမှ လှုံ့ဆော်ထားသော Screenshot27

ဝေဖန်သူ သို့မဟုတ် ဆန့်ကျင်ဘက်အမြင်ရှိသူများအား ရီပို့ပြုလုပ်ခြင်း

မဘသအဖွဲ့ဝင်နှင့် ထောက်ခံသူများသည် ၎င်းတို့အား ဆန့်ကျင်သော ပိုစ့်များအား လူအင်အား အသုံးပြု၍ ရီပို့ ပြုလုပ်ခြင်း ကို လက်နက်သဖွယ် အသုံးပြုကြသည်။ လူအင်အားကို အသုံးပြု၍ အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်သော ရီပို့များသည် မဘသနှင့် ၎င်းတို့ အယူအဆကို ဆန့်ကျင်သော ပိုစ့်များအား ပြုတ်ကျစေခဲ့ပြီး ဆန့်ကျင်ဘက်အသံများကို အားနည်းစေ ခဲ့သည်။ အောက်ဖော် ပြပါပုံသည် သုတေသီအမျိုးသမီးတစ်ဦးမှ ဗမာလူမျိုးကြီး ဝါဒအကြောင်း ဆောင်းပါးရေးပြီးနောက် အဆိုပါပိုစ့်အား Facebook မှ ၎င်းတို့၏ လူမှုကွန်ရက်စံနှုန်းများနှင့် မကိုက်ညီဟုဆိုကာ ဖြုတ်ချခဲ့ သည့် သက်သေ အထောက် အထား တစ်ခုဖြစ်သည်။ နောက်ပိုင်းတွင် Facebookမှ ဤပိုစ့်သည် ၎င်းတို့၏ လူမှုကွန်ရက် စံနှုန်းများအား မချိုးဖောက်ပါဟု ဆိုကာ ပိုစ့်အား ပြန်လည်ခွင့်ပြု ခဲ့သည်။

Figure 18: ရီပို့များလက်ခံရရှိ၍ Facebookမှ ဖြုတ်ချခဲ့သော လူမျိုးကြီးဝါဒနှင့် သက်ဆိုင်သည့် ပိုစ့် – မူရင်း Facebook

အွန်လိုင်းစစ်တပ် သို့မဟုတ် စစ်ဝါဒဖြန့်ချိရေး

မြန်မာ့အင်တာနက်ခေတ်ဦးတွင် တပ်မတော်လော်ဘီ blog များအဖြစ်ရှိခဲ့သော Opposite Eye နှင့် ပိတောက်မြေ ကဲ့သို့သော blogများသည် Facebookအား လူအများစတင် သုံးစွဲလာချိန်တွင် ဝါဒဖြန့်ချိရေးPageများအဖြစ် အသင့် ရောက်ရှိ နေရာယူပြီး ဖြစ်ခဲ့သည်။

ထို့အပြင်မြောက်များလှစွာသောသတင်းဌာနအယောင်ဆောင် ထားသည့် page များ၊ဖျော်ဖြေရေး page များနှင့် အကောင့် တုအမြောက်အများသည် Facebookပေါ်တွင် အများအပြား ရှိနေပြီး၊ လူအများက ထိုဝါဒ ဖြန့်ချိရေးအကောင့်များသည် ရုရှားရောက်နှင့် ရုရှားပြန် စစ်ဗိုလ်များ ဦးဆောင်သည့် စစ်တပ်မှ ဝါဒဖြန့်ချိရေး ဌာနက ပြုလုပ်နေသည်ဟု ယူဆ ခန့်မှန်းခဲ့ကြသော်လည်း ၂၀၁၈ နှစ်လည်ပိုင်း အထိ သက်သေပြနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ သို့သော် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ရက်တွင် ထုတ်ဝေခဲ့သည့် နယူးယော့ခ်တိုင်းမ် သတင်းစာ၏ A Genocide Incited on Facebook, With Posts From Myanmar’s Military28 ဆောင်းပါးအရ လူဦးရေ ၇၀၀ ခန့်ရှိသော အွန်လိုင်းသတင်းအတုပြုလုပ်သည့်စိတ်ဓာတ်စစ်ဆင်ရေးဌာန စိတ်တစ်ခုသည် နေပြည်တော် တွင် အခြေစိုက်ပြီး အွန်လိုင်းအခြေပြု ဝါဒဖြန့်ချိခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု သတင်းထောက်များက ဖော်ထုတ်ခဲ့သည်။ အဆိုပါ ဆောင်းပါးနှင့် ပတ်သက်၍ တပ်မတော်က တစ်စုံတစ်ရာ ငြင်းဆန်ခဲ့ခြင်း မရှိပါ။ နယူးယောက်တိုင်းမ်၏ ဖော်ပြချက် အပြီးတွင် Facebook မှ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာလတွင် တစ်ကြိမ်၊ နိုဝင်ဘာလတွင် တစ်ကြိမ် နေပြည်တော် စစ်ရုံးချုပ်နှင့် ဆက်စပ်ပတ်သက်မှု ရှိနေသည့် Facebookပေ့ပေါင်း ၄၂၅ခု၊ ဂရုပေါင်း ၁၇ခု၊ အင်စတာဂရမ်အကောင့် ၁၅ခုနှင့် Facebookအကောင့်ပေါင်း ၁၃၅ခုအား ၎င်း၏ ပလက်ဖေါင်းမှ ဖယ်ရှားခဲ့သည်29။ အဆိုပါ Page များတွင် သတင်းမီဒီယာ ပုံစံ အယောင်ဆောင်ထားသော Page များ၊ ဟာသနှင့် ဖျော်ဖြေရေး Page များပါဝင်ခဲ့သည်။ ထိုကဲ့သို့ Facebook၏ စုံစမ်းဖော်ထုတ် ပြီး အစုလိုက်အပြုံလိုက် အရေးယူမှုကြောင့် ဖော်လိုဝါ သန်းနှင့်ချီသော အသင့်ရှိပြီး ပလက်ဖေါင်းများ ပျောက်ကွယ်ခဲ့သော် လည်း စစ်တပ် ဝါဒဖြန့်ချိရေးအကောင့်များ အကုန်လုံးကိုတော့ ရှင်းလင်းနိုင် ခဲ့သည်တော့ မဟုတ်ပါ။ ၂၀၁၉ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ပတ်သက်သည့် သတင်းအတုများ၊ ဝါဒဖြန့်ချိရေးများ ရေးသားနေသည့် စာမျက်နှာ အချို့၊ တပ်မတော်၏ သတင်းများကို ဖော်ပြနေသည့် Facebook စာမျက်နှာအချို့နှင့် တပ်မတော် ထောက်ခံသူ ဂရုများအား လေ့လာချက်များအရ အောက်ပါ အချက်များကို တွေ့ရှိရသည်။

နိုင်ငံရပ်ခြားတည်နေရာပြနေသော သတင်းPage အက်ဒမင်များ

တပ်မတော်သတင်းများအား အစဥ်တစိုက်တင်ခဲ့သည့် သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်သည့် သတင်းအချက် အလက်အတုများအား ဖြန့်ဖြူးခဲ့သည့် ဝါဒဖြန့်ချိရေး page ပေါင်း ၃၄အား လေ့လာခဲ့ရာတွင် အက်ဒမင်များ၏ တည်နေရာအား နိုင်ငံရပ်ခြားသို့ ပြခဲ့သည့် pageပေါင်း ၁၄ ခုအား တွေ့ရှိရပြီး လေ့လာနေဆဲ ကာလတွင် ပင် Facebook မှ page ၅ ခုအား ပယ်ဖျက်ခဲ့သည်။ ကျန်ရှိနေသော page ၉ ခုတွင် ၃.၁သန်းကျော် ရှိနေသည်ကို တွေ့ရသည်။ နိုင်ငံရပ်ခြား တည်နေရာ ပြနေသည့် အက်ဒမင်များ၏ တည်နေရာများတွင် မြန်မာစစ်တပ်မှ နှစ်စဥ် ရာနှင့်ချီသော ပညာသင်များပို့နေသည့် ရုရှားနှင့် မြန်မာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ဗီယက်နမ်နိုင်ငံ တို့ ပါဝင်နေသည်။ အဆိုပါ စစ်တပ် လော်ဘီ pageများရှိ နိုင်ငံရပ်ခြား တည်နေရာပြ အက်ဒမင်များ စာရင်းထဲတွင် ရုရှားနှင့် ဗီယက်နမ် တည်နေရာပြ အက်ဒမင်များ သည် အများဆုံး ဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများလည်း ပါဝင်သည်ကို တွေ့ရသည်။ ဤနေရာတွင် page အက်ဒမင်များသည် VPN သုံး၍ ၎င်းတို့၏ တည်နေရာများအား ပြောင်းလဲထားနိုင်သည်ဟု ယူဆချက်ရှိ နိုင်သော်လည်း Facebook ၏ ထုတ်ပြန်ချက်အရ30 အက်ဒမင်များ၏ အခြေပြတည်နေရာအား ကောက်ယူရာတွင် အင်တာနက်တည်နေရာ တင်မကဘဲ ဖုန်း၊ ကွန်ပျူတာ အစရှိသည့် device များ၏ တည်နေရာ ကိုပါ ထည့်သွင်း ကောက်ယူသည့်အတွက် အောက်တွင် ဖော်ပြထား သည့် တည်နေရာများသည် အက်ဒမင်များ အမှန်တကယ် အခြေစိုက် အသုံးပြုနေသည့် နိုင်ငံများဟု ဆိုနိုင်သည်။

၁) ရုရှားနိုင်ငံတည်နေရာပြ အက်ဒမင်ရှိသည့် page များ

ယခုစာတမ်းအတွက် အဓိကလေ့လာခဲ့သည့် page ပေါင်း ၃၄ခုမှ ရုရှားနိုင်ငံသို့ တည်နေရာပြနေသည့် pageလေးခုအား လေ့လာရာတွင် ၎င်း page များအားလုံးသည် သတင်းဌာနပုံစံ အယောင်ဆောင်ထား သည့် page များဖြစ်ပြီး ပုံမှန်အားဖြင့် လူကြိုက်များ သည့် သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်း၊ လူကြိုက်များသည့် Click Bait ပိုစ့်များအား ဖော်ပြခြင်း များ ပြုလုပ်လေ့ရှိသည်။ ၎င်းတို့သည် တရားဝင်လော်ဘီပိုစ့်များအား တင်လေ့တင်ထမရှိဘဲ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားချိန် သို့မဟုတ် ဝါဒဖြန့်ချိရေးပိုစ့်များအား အချိန်ကိုက် ကြားညှပ်ဖော်ပြလေ့ ရှိသည်။ ပေချ့်များတွင် ရှိသော အက်ဒမင်များ၏ အရေအတွက်သည် မတူညီဘဲ Myanmar Breaking News Pageတွင် မြန်မာနိုင်ငံ တည်နေရာပြ အက်ဒမင် ၅ဦးနှင့် ရုရှားအခြေပြ ၃ဦး၊ မြန်မာ့ သတင်းထူး သတင်းဦးများpageတွင် မြန်မာနိုင်ငံတည်နေရာပြ ၉ဦးနှင့် ရုရှားအခြေပြ ၆ဦး၊ Sashalin.com- မြန်မာ့သတင်းpageတွင် မြန်မာတည်နေရာပြ ၇ဦးနှင့် ရုရှားတည်နေရာပြ ၄ဦး နှင့် Sun Thit Lwin – Daily News Pageတွင် မြန်မာတည်နေရာပြ ၄ဦးနှင့် ရုရှားတည်နေရာပြ ၂ဦးတို့ ပါဝင်သည်။

Figure 19: မြန်မာနှင့်ရုရှားနိုင်ငံတည်နေရာပြ အက်ဒမင်ရှိသည့် page များ ၁
Figure 20: မြန်မာနှင့်ရုရှားနိုင်ငံတည်နေရာပြ အက်ဒမင်ရှိသည့် page များ ၂
Figure 21: မြန်မာနှင့်ရုရှားနိုင်ငံတည်နေရာပြ အက်ဒမင်ရှိသည့် page များ ၃
Figure 22: မြန်မာနှင့်ရုရှားနိုင်ငံတည်နေရာပြ အက်ဒမင်ရှိသည့် page များ ၃

၂) ဗီယက်နမ်တည်နေရာပြ အက်ဒမင်ရှိသည့် page များ

ဗီယက်နမ်နိုင်ငံတည်နေရာပြနေသည့် page လေးခုအားလေ့လာ ရာတွင် ရခိုင် (အထူးဖြင့် ရက္ခိုင့်တပ်မတော် AA) နှင့်ပတ်သက်သည့် သတင်းအချက်အလက် အတုများ တင်သည့် pageနှစ်ခု၊ ကချင် (အထူးသဖြင့် KIA)နှင့် ပတ်သက်သော သတင်းအချက်အလက် အတုများ တင်သည့် pageတစ်ခု၊ အခြားသော စစ်တပ်နှင့် ပတ်သက်သည့် လော်ဘီသတင်း ဓာတ်ပုံများ တင်သော pageတစ်ခုနှင့် ဘာသာရေးဆိုင်ရာသတင်းများနှင့် အစိုးရဆန့်ကျင်ရေးသတင်းများကို တင်လေ့ရှိ သည့် pageတစ်ခုတို့ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်သော သတင်းအချက်အလက်များ တင်သည့် page များထဲတွင် AA ၏ သတင်းပြန်ကြားရေး အယောင်ဆောင်ထားသော page သည် AA နှင့် တပ်မတော်၏ တိုက်ပွဲ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းများနှင့် page အစစ်သ ဖွယ် အယောင်ဆောင်ပြီး AA ခေါင်းဆောင်များ နှင့် ပတ်သက်သည့် အသရေဖျက်သည့်ပိုစ့်များနှင့် ရခိုင်နှင့် ဗမာလူမျိုးများ အကြား အငြင်းပွားစေသည့် ပိုစ့်များ (ဥပမာ ရခိုင့်နိုင်ငံတော်ကိစ္စကဲ့သို့သော) ကို ရေးသား ဖြန့်ဝေလေ့ ရှိသည်။ ရုရှား အက်ဒမင်များ ရှိနေသော pageများနှင့် မတူညီ သော ခြားနားချက်မှာ အဆိုပါ pageများသည် တိုက်ပွဲ သတင်းများနှင့် ပတ်သက်၍သာ အစဥ်တစိုက် ဝါဒဖြန့်ချိမှုများ ပြုလုပ်လေ့ရှိပြီး၊ မြန်မာတည်နေရာပြ အက်ဒမင် အရေအတွက်မှာ မတူညီ သော်လည်း ဗီယက်နမ်တည်နေရာပြ အက်ဒမင်အရေအတွက် မှာလည်း ၂ဦးစီဖြင့် တူညီနေ သည်ကို တွေ့ရသည်။ ဤအချက်က တူညီနေသော သူနှစ်ဦးကပင် ပေချ့်ငါးခု၌ အက်ဒမင်ဖြစ်နေ သည်ဆိုသည့်ကောက်ယူချက်ကိုလည်း ယူဆနိုင်သည်။

Figure 23: မြန်မာနှင့်ဗီယက်နမ်နိုင်ငံတည်နေရာပြ အက်ဒမင်ရှိသည့် page များ ၁
Figure 24: မြန်မာနှင့်ဗီယက်နမ်နိုင်ငံတည်နေရာပြ အက်ဒမင်ရှိသည့် page များ ၂
Figure 25: မြန်မာနှင့်ဗီယက်နမ်နိုင်ငံတည်နေရာပြ အက်ဒမင်ရှိသည့် page များ ၃
Figure 26: မြန်မာနှင့်ဗီယက်နမ်နိုင်ငံတည်နေရာပြ အက်ဒမင်ရှိသည့် page များ ၄
Figure 27: မြန်မာနှင့်ဗီယက်နမ်နိုင်ငံတည်နေရာပြ အက်ဒမင်ရှိသည့် page များ ၅

၃) ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တည်နေရာပြ pageအက်ဒမင်များ

ရုရှားနှင့် ဗီယက်နမ်မဟုတ်သည့် အခြားသောနိုင်ငံတည်နေရာပြ စစ်လော်ဘီpageများထဲတွင် နာမည်ကြီး လော်ဘီpage တစ်ခုဖြစ်သော Kyaw Swar Pageလည်း ပါဝင်ပြီး အဆိုပါ pageတွင် ထိုင်းနိုင်ငံတည်နေရာပြ အက်ဒမင်တစ်ဦးလည်း ပါဝင်သည်။ အဆိုပါpageသည် သတင်းအတုများနှင့် အမုန်းစကားများ ဖြန့်ဝေခြင်းကြောင့် Facebook ၏ မကြာခဏ ပိတ်ပင် ခြင်းကို ခံခဲ့ရပြီး pageများလည်း မကြာခဏ အသစ်ဖွင့်ခဲ့ရသည်။ ယခု ပြသထားသော pageသည် Kyaw Swar အမည်ဖြင့် ၂၀၁၈ သြဂုတ်လကမှ ပြန်လည် ဖွင့်ထားသော နောက်ဆုံးpageဖြစ်ပြီး လူ ခြောက်သောင်းငါးထောင် Like ပြုလုပ်ထား သည်။ Ko Thet နှင့် KoThet Reborn pageတို့သည်လည်း စစ်တပ်လော်ဘီသတင်းနှင့် ဓာတ်ပုံများကိုသာ တင်လေ့ရှိပြီး အဆိုပါ pageအက်ဒမင်များစာရင်းတွင် ထိုင်းနိုင်ငံ တည်နေရာပြသသည့် အက်ဒမင် ၄ဦးစီနှင့် ၅ဦးစီ ပါဝင်သည်။

Figure 28: ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တည်နေရာပြ အက်ဒမင်ရှိသည့် page များ ၁
Figure 29: ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တည်နေရာပြ အက်ဒမင်ရှိသည့် page များ ၂
Figure 30: ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တည်နေရာပြ အက်ဒမင်ရှိသည့် page များ ၃
Figure 31: ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တည်နေရာပြ အက်ဒမင်ရှိသည့် page များ ၄

စနစ်တကျ စုဖွဲ့ထားသော ဂရုများ

တပ်မတော်ထောက်ခံသူဂရုများကို Facebookမှ မည်သို့ပင် ပိတ်ပင်စေကာမူ အဆိုပါ ဂရုများသည် ခဏခြင်းပင် ပြန်လည် ပေါ်ထွက်လာလေ့ရှိပြီး ပရိသတ်အင်အားသည်လည်း ပြန်လည်တိုးပွားလေ့ရှိသည်။ ယခု ပြထားသော Association of Support & Management Page31 သည် မည်သည့် ပိုစ့်လှုပ်ရှားမှုမျိုးကိုမှ မတင်ဘဲ တပ်မတော်ထောက်ခံသူဂရု ၁၇ ခုနှင့် အခြား ဂရု ၁၁ ခုကို ​Admin အဖြစ် တာဝန်ယူထားသည်ကို တွေ့ရသည်။ အခြား ဂရု ၁၁ ခုထဲတွင် သတင်းဂရု၊ စျေးရောင်းဂရုကဲ့သို့သော လူစိတ်ဝင်စားနိုင်သည့် ဂရုများအပြင် မြန်မာအိုင်ဒေါဖန်ဂရုကဲ့သို့သော လူကြိုက်များနိုင်သည့် ဂရုများပါ ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ ၎င်းဂရုများသည် ဝါဒဖြန့် page များအတွက် အသင့်ပြင်ဆင်ဖွဲ့စည်းထားသော ဂရုများဟု ယူဆနိုင်ပြီး ဂရုအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်သည့် ဦးတည်ပြင်ဆင်ချက်မျိုးဟုလည်း ခန့်မှန်းရနိုင်သည်။

Figure 32: Association of Support & Management Page မှတာဝန်ယူထားသောဂရုများ ၁
Figure 33: Association of Support & Management Page မှတာဝန်ယူထားသောဂရုများ ၂
Figure 34: Association of Support & Management Page မှတာဝန်ယူထားသောဂရုများ ၃
Figure 35: Association of Support & Management Page မှတာဝန်ယူထားသောဂရုများ ၄
Figure 36: Association of Support & Management Page မှတာဝန်ယူထားသောဂရုများ ၅
Figure 37: Association of Support & Management Page ၏အချက်အလက်အချို့

အင်တာနက် စစ်ဆင်ရေးတွင် အသုံးပြုခဲ့သည့် နည်းနာများ

စစ်လော်ဘီအကောင့်များ၊ pageများနှင့် ဂရုများသည် Facebookကို အသုံးပြု၍ ဝါဒဖြန့်ချိရာတွင် အသုံးပြုခဲ့သည့် နည်းနာများမှာ ယေဘုယျအားဖြင့် မဘသနှင့် တူညီသော်လည်း တချို့သော နေရာများတွင် ပိုမို၍ စနစ်ကျကာ မဟာဗျူဟာ မြောက်သည်ကို တွေ့မြင်ရသည်။ အထူးသဖြင့် စစ်လော်ဘီအ‌ကောင့်များက ၎င်းတို့၏ ဝါဒဖြန့်pageများ Like နှင့် Follower များစေရန်နှင် ၎င်းတို့၏ သတင်းစကားများအား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန် အတွက် အောက်ပါနည်းလမ်းများကို အသုံးပြုလေ့ရှိသည်။

တရားဝင်သတင်းဌာနများသဖွယ် အယောင်ဆောင်ခြင်း

ရုရှားတည်နေရာပြ အက်ဒမင်များ ကိုင်တွယ်နေသည့် Myanmar Breaking News နှင့် Sun Thit Lwin Page များသည် ၎င်းတို့၏ pageနာမည်များအား 7 Day သတင်းဌာန၏ နာမည်နှင့် ဆင်တူရိုးမှားဖြစ်အောင် ပြောင်းလဲ အယောင်ဆောင်ခဲ့ သည်။

Figure 38: Myanmar Breaking News Page ၏ History
Figure 39: Sun Thit Lwin Page ၏ History

တူညီနေသော ပိုစ့်များအား မတူညီသည့် အွန်လိုင်းသုံးစွဲသူ အမြောက်အများထံသို့ပေးပို့ခြင်း

အဆိုပါ pageများသည် သာမန်အချိန်များတွင် လူကြိုက်များစေသည့် အကြောင်းအရာများဖြစ်သည့် ဖျော်ဖြေရေး၊ ဆေးမြီးတိုနှင့် အခြားသော ဟော့သတင်းများအား တင်လေ့ရှိပြီး ၎င်းတို့ ပေးချင်သည့် သတင်းစကားအား ကြားဖြတ် ဖော်ပြလေ့ရှိသည်။ အောက်တွင် ဖော်ပြထားသော အကြောင်းအရာနှစ်ခုသည် pageနှစ်ခုစလုံးက တူညီစွာ အချိန်ကိုက် တင်ထားသည့် ဆေးမြီးတိုအကြောင်းပိုစ့်နှင့် ဦးဝီရသူအား ရဲဘော်ဟု ခေါ်ဝေါ်သည့် အတွက် ဝေဖန်ခံနေရသည့် သီတဂူဆရာတော်ဘက်မှ ပြန်လည်တုံ့ ပြန်ထားသော ပိုစ့်နှစ်ခု ဖြစ်သည်။ အကြောင်းအရာ တစ်ခုတည်းကိုပင် နေရာစုံမှ မတူညီသည့် လူများထံသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိ စေရန်အတွက် အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

Figure 40: Myanmar Breaking News Page မှ ဆေးမြီးတိုနှင့်ပတ်သက်သည့် Post တစ်ခု
Figure 41: Sun Thit Lwin Page မှ တင်ထားသော အလားတူ Post
Figure 42: Sun Thit Lwin Page မှ သီတဂူဆရာတော်နှင့်ပတ်သက်သည့် Post တစ်ခု
Figure 43: Myanmar Breaking News Page မှ တင်ထားသော အလားတူ Post

အသင့်ဖွင့်ပြီးသော pageနှင့် အကောင့်များအား ဝယ်ယူခြင်းနှင့် ပြန်လည်အသုံးပြုခြင်း

အသင့်ဖွင့်ပြီးသား pageနှင့် အကောင့်များအား ဝယ်ယူ၍ ဂရုများ အသစ်ပြုလုပ်ခြင်း၊ ပေချ့်များဖွင့်ခြင်းနှင့် ကွန်မန့်များ ပေးခြင်းသည်လည်း ၎င်းတို့၏ နည်းနာတစ်ခုပင်ဖြစ်သည်။ ဤကဲ့သို့ ID တင်ထားသော အကောင့်များကို အသုံးပြုပြီး သတင်းအတုနှင့် သတင်းအမှားများ ဖြန့်ဝေခြင်းသည် အသင့်ရှိပြီးသား Friend နှင့် Follower အရေအတွက်ကို အဆင်သင့် အသုံးပြု၍ ရသလို၊ Facebook ၏ အကောင့်တုများအား စုံစမ်းစစ်ဆေးရှင်းလင်းခြင်းကို တစ်ပတ်ရိုက်နိုင်သည့် နည်းလမ်း ကောင်းလည်း ဖြစ်သည်။

Figure 44: အသင့်ဖွင့်ပြီးသော Facebook အကောင့် တစ်ခုလျင် ၂၀ဝ၀ဝကျပ်ဖြင့်ဝယ်ယူမည်ဟုတင်ထားသော Post တစ်ခု
Figure 45: အသင့်ဖွင့်ပြီးသော Facebook အကောင့် တစ်ခုလျင် ၂၀ဝ၀ဝကျပ်ဖြင့်ဝယ်ယူမည်ဟုတင်ထားသော Post များ

အကောင့်တုများ ဖန်တီးခြင်း

စစ်ဝါဒဖြန့် အကောင့်များ၏ နည်းနာတစ်ခုမှ ၎င်းတို့ ဝါဒဖြန့်လိုသည့်အကြောင်းအရာကို အကောင့်တုများ ဖန်တီးပြီး ဝါဒဖြန့်ခြင်း ဖြစ်သည်။ ယခုအောက်တွင် ဖော်ပြထားသော Screen Shot သည် ရခိုင်အကောင့်ပုံစံပြုလုပ်ထားသော အကောင့်တုတစ်ခုကို အသုံးပြု၍ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် AA ကို ပုံဖျက်ရန်အတွက် ရည်ရွယ်ဝါဒဖြန့်သော ပိုစ့်တစ်ခု ဖြစ်သည်။ အဆိုပါ ပိုစ့်အောက်တွင် ရခိုင်တိုင်းရင်းသားများအား သစ္စာဖောက်အဖြစ် ပုံဖော်သည့် ကွန်မန့်များ အား အများအပြား တွေ့ရသည်။

Figure 46: ရခိုင်အကောင့်ပုံစံပြုလုပ်ထားသော အကောင့်တုတစ်ခု

Comment Campaign ပြုလုပ်ခြင်း

သတင်းဌာနများ၏ Commentနေရာသည် ဝါဒဖြန့်ချိသူများအတွက် အဓိကစားကျက်တစ်ခုဖြစ်ပြီး ကွန်မန့်အမြောက်အများ ပေးခြင်းအားဖြင့် လူအများ၏ အတွေးအခေါ်ကို ပုံစံသွင်းလေ့ရှိသည့် နည်းနာကို အသုံးပြုကြသည်။ အောက်တွင်ဖော်ပြ ထားသော ကွန်မန့်များသည် ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ စားနပ်ရိက္ခာအကူအညီများအား တပ်မတော်မှ ဟန့်တား နေကြောင်း သတင်းအောက်တွင် တွေ့ရှိရသော အကောင့်တုများ၏ ကွန်မန့်များ ဖြစ်သည်။ ၎င်းကွန်မန့်များက ရခိုင် များသည် AA ကို ထောက်ခံနေကြောင်း ထို့ကြောင့် မကူညီသင့်ကြောင်း၊ ၎င်းတို့အနေဖြင့် ယခုကဲ့သို့ အဖြစ်များနှင့် ထိုက်တန်ကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။ အဆိုပါ ကွန်မန့်များအား ရေးသားသော အကောင့်များသည် ၎င်းတို့၏ နာမည်အရင်းနှင့် ဓာတ်ပုံများကို တင်ထားခြင်းမရှိသော အကောင့်တုများ ဖြစ်သည်ကို တွေ့ရသည်။

Figure 47: ရခိုင်များသည် AA ကိုမကူညီသင့်ကြောင်းတင်ထားသည့် Post တစ်ခု ၁
Figure 48: ရခိုင်များသည် AA ကိုမကူညီသင့်ကြောင်းတင်ထားသည့် Post တစ်ခု ၂
Figure 49: AA ကိုအားပေးနေသောရခိုင်များကို မလိုလားကြောင်းတင်ထားသည့် Post တစ်ခု ၁
Figure 50: AA ကိုအားပေးနေသောရခိုင်များကို မလိုလားကြောင်းတင်ထားသည့် Post တစ်ခု၂

တူညီသော ကွန်မန့်များအား မတူညီသော နေရာများတွင်ပေး၍ သတင်းများအား ပုံပြောင်းခြင်း

အကောင့်တစ်ခုတည်း သို့မဟုတ် လူတစ်ဦးတည်းမှ မတူညီသော သတင်းဌာနများအောက်ရှိ တူညီနေသော သတင်းဖြစ်ရပ် များအောက်တွင် သတင်းစကားတစ်ခုတည်းကို ကွန်မန့်ပေးခြင်း သည်လည်း ဝါဒဖြန့်အကောင့်များ၏ နည်းနာတစ်ခုပင် ဖြစ်သည်။ ယခုအောက်တွင်ပြထားသော Screen Shot ကို Eleven နှင့် ဧရာဝတီသတင်းဌာနများမှ တင်ထားသော ဇန်နဝါရီလေးရက်နေ့တွင် AA မှ ရဲကင်းစခန်းလေးခု အား ဝင်ရောက်တိုက်ခိုက်ခဲ့သော သတင်းများအောက်မှ ရယူထား ခြင်း ဖြစ်ပြီး၊ Myat Min Maung ဆိုသော နာမည်နှင့် အကောင့်မှ တူညီသော သတင်းများအောက်တွင် AA သည် အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်းကို ရည်ညွှန်းသည့် စာတစ်ခုထဲအား အကောင့်နှစ်ခုသုံး၍ ကွန်မန့်ပေးထားခြင်း ဖြစ်သည်။

Figure 51: AA သည် အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်းကို ရည်ညွှန်းသည့် စာတစ်ခုထဲအား အကောင့်နှစ်ခုသုံး၍ ကွန်မန့်ပေးထားခြင်း ၁
Figure 52: AA သည် အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်းကို ရည်ညွှန်းသည့် စာတစ်ခုထဲအား အကောင့်နှစ်ခုသုံး၍ ကွန်မန့်ပေးထားခြင်း ၂

သမားရိုးကျဖြစ်နေသော ခွဲခြားဆက်ဆံမှုနှင့် အမုန်းတရား (Bad Actor များအား ထောက်ပံ့ပေးသည့် အဓိက အကြောင်းအရာ)

အမုန်းစကားကို အဓိပ္ပာယ်ဖွင့်ဆိုရန် ယေဘုယျဆန်သည့်အတွက် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါ ဥပဒေအရ အဓိပ္ပာယ်ဖွင့် ဆိုထားသည့် တိကျသေချာသော သတ်မှတ်ချက်မရှိသေးပါ။ မြန်မာပြည်တွင် အမုန်းစကားနှင့် ပတ်သက်ပြီး ပိုမို၍ ရှုပ်ထွေး ဝိဝါဒ ကွဲပြားသည့် ကောက်ယူချက်များရှိပြီး နိုင်ငံရေးဝေဖန်မှု၊ အပြစ်တင်မှု၊ ကဲ့ရဲ့သရော်မှု၊ လူ့အဖွဲ့အစည်းမှ နိမ့်ကျသည်ဟု သတ်မှတ်ထားသည့် အရာများနှင့် ဥပမာပေး ခိုင်းနှိုင်းပြောဆိုခြင်းနှင့် ဆဲဆိုခြင်းများကို အမုန်းစကားဟု အဓိပ္ပာယ်ဖွင့်ရန် ကြိုးစားသည့် သာဓကများရှိခဲ့သည်။ သို့သော်လည်း တကယ်တမ်းတွင် အဆိုပါအရာများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အောက်တွင်ရှိပြီး နိုင်ငံတကာက ဥပဒေအရ မဖြစ်မနေ တားဆီးရမည်ဟု သတ်မှတ်ထားသည့် အမုန်း စကားများထဲတွင် မပါဝင်ပါ။32 နိုင်ငံတကာက သတ်မှတ်ထားသည့် မဖြစ်မနေ ကာကွယ်တားဆီးရမည့် အမုန်းစကား သို့မဟုတ် အမုန်း အခြေခံသည့်လှုံ့ဆော်ပြောဆိုချက်များကို အဓိကအားဖြင့် ကာကွယ်စောင့်ရှောက်ရမည့် ဝိသေသလက္ခဏာများအပေါ် ဦးတည်တိုက်ခိုက်မှု၊ ဆန့်ကျင်စေရန်ပြောဆို/ ရေးသား/ အမူအရာပြခြင်း၊ အကြမ်းဖက်ရန် လှုံဆော်မှု၊ အကြမ်းဖက်မှုအား အားပေးမှု စသည်တို့ဖြင့် တိုင်းတာသည်။ ကာကွယ်စောင့်ရှောက် ရမည့် ဝိသေသလက္ခဏာ များကို လူတို့၏ မဖြစ်မနေ ကာကွယ် ပေးရမည့် အခြေခံ လူ့အခွင့်အရေးရပိုင်ခွင့်များဖြစ်သည့် လူမျိုး၊ လူမျိုးစု၊ နိုင်ငံသား ဖြစ်မှု၊ ဘာသာရေးနှီးနွှယ်မှု၊ လိင်စိတ်တိမ်းညွတ်မှု၊ ဇာတ်ခွဲခြားမှု၊ ဇီဝလိင်ခွဲခြားမှု၊ လူမှုလိင်၊ လူမှုလိင်သတ်မှတ်ချက်၊ ပြင်းထန်သောရောဂါခံစားရမှု၊ မသန်စွမ်းဖြစ်မှု၊ ထိမ်းမြားလက်ထပ်ခွင့် စသည့် ဟု အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ အဆိုပါ ဝိသေသလက္ခဏာများ အပေါ်မူတည်၍ မုန်းတီးစေရန် သို့မဟုတ် ခွဲခြားဆက်ဆံစေရန် သို့မဟုတ် ဆန့်ကျင် တိုက်ခိုက်စေရန် ပြောဆို ရေးသား လှုံ့ဆော်မှုများ ကို ဥပဒေကြောင်းအရ ကာကွယ်တားဆီးရန် ကြိုးစားလေ့ရှိသည်။33

သို့သော် မြန်မာနိုင်ငံတွင်မူ အဆိုပါကာကွယ်စောင့်ရှောက်ရမည့် ဝိသေသလက္ခဏာများကို ကာကွယ်ပေးရန် အတွက် ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာနယ်ပယ်များတွင် ထည့်သွင်းစဥ်းစားလေ့မရှိဘဲ အဆိုပါ လက္ခဏာများ အပေါ် မူတည်၍ ခွဲခြားဆက်ဆံမှုနှင့် အမုန်းတရားပွားစေရန် လှုံ့ဆော်ပြောဆိုမှုများသည် သမားရိုးကျ ဖြစ်ရိုးဖြစ်စဥ် တစ်ခုသဖွယ် အသားကျနေ သည်ကို တွေ့ရသည်။ ဤကဲ့သို့ ခွဲခြားဆက်ဆံမှုနှင့် အမုန်းတရားများသည် ဖြစ်ရိုးဖြစ်စဥ် သဖွယ် ဖြစ်နေရခြင်းအား သတ္တုချ လေ့လာကြည့် သောအခါ အောက်ပါအချက်များအား တွေ့ရသည်။

ကျောင်းသင်ခန်းစာများအတွင်းမှ အမုန်းတရားနှင့် ခွဲခြားဆက်ဆံမှု

ဗုဒ္ဓဘာသာအများစုဖြစ်သော မြန်မာနိုင်ငံတွင် ဆရာ၊ဆရာမများသည် အနန္တောအနန္တဂိုဏ်းဝင်ဖြစ်ပြီး မိဘနှင့် တတန်းတည်း ထား၍ ကြည်ညိုလေးစားကြသည်။ သက်ရှိဆရာများကိုတင်မကဘဲ သက်မဲ့စာအုပ်စာတန်းများကိုပါ ဆရာအဖြစ် ယူဆပြီး ခြေထောက်ဖြင့် တက်နင်းခြင်း၊ ဖိထိုင်ခြင်းများ မပြုဘဲ အလေးအမြတ်ပြုသည်အထိ မြန်မာများ၏ ပညာရေးနှင့် သက်ဆိုင်သော အမြင်သဘောထား အယူအဆသည် ရှေးရိုးစွဲဆန်ပြီး တင်းကျပ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် စာသင်ကျောင်းနှင့် ကျောင်းသင်ခန်းစာများသည် ငယ်ရွယ်နုနယ်သော မျိုးဆက်သစ်များအပေါ် လွှမ်းမိုးမှုကြီးမားပြီး အနာဂတ်ကို ပုံဖော်သည်ဟု ဆိုနိုင်သည်။ ဤကဲ့သို့ စွမ်းအားကြီးမား သည့် ကျောင်းသင်ခန်းစာများ တွင် ခွဲခြားဆက်ဆံပြီး မတူကွဲပြားမှု အပေါ် အမုန်းတရားဖြင့် ရှုမြင်သည့် သင်ခန်းစာအချို့ ရှိနေခြင်းသည် လူ့အဖွဲ့အစည်းအတွက် အင်မတန် အန္တရာယ်ကြီးစေသည်။ ထင်ရှားသော သာဓက တစ်ခုအနေဖြင့် စတုတ္ထတန်း (Grade-5) စာရိတ္တနှင့် ပြည်သူ့နီတိပြဋ္ဌာန်း စာအုပ်ပါ ဝံသာနုစိတ်ဓာတ်ကဗျာကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ အဆိုပါ ကဗျာသည် သွေးနှောခြင်း နှင့် သွေးနှောခြင်း ကို မုန်းတီးစရာအရာဟု ကလေးများကို သင်ကြား သည့် ကဗျာတစ်ခုဖြစ်သည်။ အဆိုပါ ကဗျာအား ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၆တွင် အရပ်ဘက်အဖွဲ့အစည်းတစ်ရာကျော်က ကျောင်းသင်ခန်း စာများမှ ပယ်ဖျက်ပေးရန် ကန့်ကွက်ပြီးနောက်34 ၂၀၁၉ ခုနှစ် မတ်လ ၉ရက်နေ့တွင် အစိုးရက အဆိုပါ ကဗျာကို ၂၀၂၀ ပညာသင်နှစ်တွင် ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း အစိုးရမှ သတင်းထုတ်ပြန်ခဲ့သည်။35 ဤကဲ့သို့ ခွဲခြားဆက်ဆံသည့် အမုန်းတရားအခြေခံသည့် သင်ခန်းစာများသည် အခြေခံပညာ အဆင့်တွင်သာမကဘဲ အဆင့်မြင့် ပညာရေးစနစ်အတွင်းတွင်ပါ ကျန်ရှိနေသေးသည်။ ရန်ကုန်အဝေး သင်တက္ကသိုလ် ပထမနှစ် မြန်မာစာစာအုပ် စာမျက်နှာ ၁၀၇ပါ လယ်တီပဏ္ဏိတဦးမောင်ကြီးရေးသားထားသော “အမျိုးနှင့် အမျိုးစောင့်တရား” စကားပြေသည်36 အမျိုးအနွယ်ကို စောင့်ရှောက် ရန်အတွက် အမျိုးသမီးများတွင် ပိုမိုတာဝန်ရှိပြီး၊ အမျိုးသမီးများ အနေဖြင့် ဘာသာခြား၊ လူမျိုးခြားနှင့် လက်မထပ်ရန် တိုက်တွန်း ထားသည့် သင်ခန်းစာတစ်ခုဖြစ်သည်။ ဤကဲ့သို့ အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့တွင် လူမျိုးခြား၊ ဘာသာခြားများနှင့် ပတ်သက်၍ အန္တရာယ်သဖွယ်၊ မုန်းတီးစရာသဖွယ် သင်ကြားမှုများသည် လူ့အဖွဲ့အစည်းပေါ်တွင် အကျိုးသက်ရောက်မှု များစွာ ရှိစေခဲ့ပြီး မဘသနှင့် စစ်တပ်၏ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဟူသော နိုင်ငံရေးအာဂျင်ဒါ အပေါ် အကျိုးသက်ရောက်မှု များစွာ ရှိစေခဲ့ သည်။

Figure 53: လယ်တီပဏ္ဏိတဦးမောင်ကြီးရေး “အမျိုးနှင့် အမျိုးစောင့်တရား”စကားပြေ ၁
Figure 54: လယ်တီပဏ္ဏိတဦးမောင်ကြီးရေး “အမျိုးနှင့် အမျိုးစောင့်တရား”စကားပြေ ၂
Figure 55: လယ်တီပဏ္ဏိတဦးမောင်ကြီးရေး “အမျိုးနှင့် အမျိုးစောင့်တရား”စကားပြေ ၃
Figure 56: လယ်တီပဏ္ဏိတဦးမောင်ကြီးရေး “အမျိုးနှင့် အမျိုးစောင့်တရား”စကားပြေ ၄

အုပ်ချုပ်ရေးနှင့် အစိုးရယန္တရားအတွင်းမှ ခွဲခြားဆက်ဆံမှု

လူအများ နေ့တဓူဝ ရင်ဆိုင်ကြုံတွေ့နေရသည့် အုပ်ချုပ်ရေးယန္တရားအတွင်းတွင် ခွဲခြားဆက်ဆံမှုများသည် တရားဝင်သဖွယ် တည်ရှိနေပြီး အစိုးရဌာနများထဲတွင် လူဝင်မှုကြီးကြပ်ရေးဌာန၏ လူမျိုးရေး၊ ဘာသာရေးအရ လူနည်းစုဖြစ်သူများအပေါ် ခွဲခြားဆက်ဆံမှုသည် ပိုမို၍ ထင်သာမြင်သာရှိသည်ကို တွေ့ရှိရပြီး၊ မှတ်ပုံတင်၊ ပတ်စ်ပို့တို့အား လုပ်ဆောင်ရာတွင် ခွဲခြားဆက်ဆံခြင်းကို ပေါ်ပေါ်ထင်ထင် ပိုမိုကြုံတွေ့ရလေ့ရှိသည်37။ အထူးသဖြင့် အစ္စလာမ်နှင့် တရုတ်သွေးနှောများအနေဖြင့် မှတ်ပုံတင်လုပ်ရာတွင် မိဘနှစ်ပါးက နိုင်ငံသားဖြစ်စေကာမူ ပုံမှန်အချိန်ထက် ပိုမိုကြာမြင့်ပြီး၊ ပတ်စ်ပို့ပြုလုပ်ချိန်တွင် သွေးနှောဟူသည့် အတန်းတစ်ခုသို့ သွားရောက်၍ စိစစ်ခံရသည်။ ဤကဲ့သို့ သွေးနှောဟု စိစစ်သည့် အပိုင်းနှင့် ပတ်သက်၍ ညွှန်ကြားချက်အနေဖြင့် တရားဝင် စာရွက်စာတမ်းတစ်စုံတစ်ရာ ထွက်ရှိခဲ့ခြင်း မရှိဘဲ၊ နှုတ်မိန့်ဖြင့် ဆောင်ရွက်သည့် သဘော သက်ရောက်သည်။ သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မူ ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထား သည့် ဒေသန္တရအမိန့်များ ထုတ်ပြန်ခဲ့ပြီး၊ ရိုဟင်ဂျာများ၏ လွတ်လပ်စွာခရီးသွားလာခွင့်၊ လပ်ထပ်ထိမ်းမြားခွင့်နှင့် ကလေးမွေးဖွားခွင့်တို့ကို အဓိက ပစ်မှတ်ထား ကန့်သတ်ခဲ့သည်။38 လူဝင်မှုကြီးကြပ်ရေး၏ သိသာ မြင်သာသော ခွဲခြားဆက်ဆံမှု ဆောင်ပုဒ်အား ၎င်းတို့၏ တရားဝင် ဝဘ်ဆိုက်စာမျက်နှာ39တွင်ပင် လွယ်လင့်တကူ မြင်တွေ့ နိုင်သည်။

Figure 57 လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ Website

ဖျော်ဖြေရေးနှင့် ခွဲခြားဆက်ဆံမှု

ဖျော်ဖြေရေး မီဒီယာတစ်ခုဖြစ်သည့် ရုပ်ရှင်နှင့် ဗီဒီယိုသည် မြန်မာ့လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးနိုင်မှု အလွန်အမင်း ကြီးမားပြီး ၎င်းတို့၏ ဖျော်ဖြေ တင်ပြမှုများသည် တောရောမြို့ပါမကျန် လျင်မြန်စွာ ပျံ့နှံ့လေ့ရှိသည်။ စစ်အစိုး ရလက်ထက်မှစ၍ အရပ်သားတစ်ပိုင်း အစိုးရဖြစ်သော ဦးသိန်းစိန်အစိုးရ လက်ထက် အထိ ၎င်းတို့၏ ဝါဒဖြန့်ချိရေး အတွက် နိုင်ငံတော်အကျိုးပြုဇာတ်ကား ဟု အမည်တပ်ကာ ရုပ်ရှင်သရုပ်ဆောင် အမြောက်အများ ပါဝင်သည့် စစ်ကားများ ကို ရိုက်ကူးလေ့ ရှိပြီး လူမျိုးစုလက်နက်ကိုင် ဆန့်ကျင်ရေးနှင့် တပ်မတော်၏ တိုက်ပွဲများသည် နိုင်ငံကို ကာကွယ်နေခြင်း ဖြစ်ကြောင်းကို ဝါဒဖြန့်လေ့ရှိသည်။ အဆိုပါ ဝါဒဖြန့်ချိမှုများသည် ပြည်သူလူထုအပေါ် လွှမ်းမိုးနိုင်ခဲ့ပြီး တပ်မတော် ထောက်ခံပွဲများတွင် လူမျိုးစုလက်နက်ကိုင်များ နိုင်ငံတော် ဇာတ်ကားများသည် သာမကဘဲ အခြားသော ရုပ်ရှင်များအား လေ့လာရာတွင်လည်း နိုင်ငံခြားသားမုန်းတီးမှု၊ လူမျိုးစုများအပေါ် ခွဲခြားဆက်ဆံမှု၊ လိင်တူချစ်သူများနှင့် အသားမည်းသူ များအား နှိမ့်ချဟာသလုပ်မှု၊ အိန္ဒိယနွယ်ဖွားများအား အောက်ခြေအလုပ်သမား အဖြစ် ပုံဖော်ကာ အစ္စလာမ်ကြောက်ရောဂါ ဖြန့်ဖြူးမှုတို့ကို တွေ့ရသည်။ ဤကဲ့သို့ ခွဲခြားဆက်ဆံမှု၊ အမုန်းတရား ဖြန့်ဖြူးမှုတို့ဖြင့် ပြည့်လျှမ်းနေလေ့ရှိသော မြန်မာ့ရုပ်ရှင်ကို အစိုးရမှ ပညာပေးမှုတစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိဘဲ နိုင်ငံတော်အဆင့် အားပေးအားမြှောက်မှုများကို ပြုလုပ်ခဲ့သည်။ သိသာထင်ရှားသော ဥပမာအနေဖြင့် ၂၀၁၆ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီသုံးဆုရရှိခဲ့သော အုတ်ကြားမြက်ပေါက် ရုပ်ရှင်ဇာတ်ကားတွင် လူမျိုးရေးဖော်ပြမှု များ၊ နိုင်ငံခြားသား မုန်းတီးရေး40 နှင့် မွတ်ဆလင်ဆန့်ကျင်ရေးပြယုဂ်များ ပြည့်နှက်နေကြောင်း ဝေဖန်ခံခဲ့ရသည်။41

Figure 58: ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီသုံးဆုရရှိခဲ့သည့် အုတ်ကြားမြက်ပေါက်ဇာတ်ကားမှ အစ္စလာမ်ဘာသာဝင်များအား အိမ်ရှင်နေရာ ဝင်ယူသည့် ဧည့်သည်အဖြစ် ပုံဖော်သည့် ဇာတ်ဝင်ခန်း42

Facebook ၏ စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ

Content Moderation ၏ အားနည်းချက်

Facebook အနေဖြင့် ဆိုးဝါးသော အမုန်းစကားများနှင့် လှုံ့ဆော်မှုပြဿနာများကို ဖြေရှင်းရန်အတွက် ပြဿနာ၏ ရင်းမြစ်နောက်ခံ အခြေအနေများကို နားလည်သည့် လူသား Content Moderator များကို ခန့်အပ်ရမည့်အစား ၎င်း၏ Artificial Intelligence (AI) ကိုသာ အားကိုးအားထား ပြုခဲ့ခြင်းသည်လည်း စနစ်တကျ ချိတ်ဆက်ဆောင်ရွက်ပြီး Facebook အား ၎င်းတို့၏ ဝါဒဖြန့်ချိရေးအတွက် လက်နက်တစ်ခုသဖွယ် အသုံးပြုခဲ့သူများ၏ အင်တာနက် စစ်ဆင်ရေးများအား ပိုမို အားကောင်းစေခဲ့သည်။

နိုင်ငံလူဦးရေ၏ ငါးပုံတစ်ပုံဖြစ်သည့် Facebook သုံးစွဲသူ ၁၀သန်းခန့်အထိ ရှိခဲ့သော ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ် အချိန်အထိ အမုန်းစကားများအား စစ်ဆေးအရေးယူရန် အတွက် Facebook မှ ခန့်ထားခဲ့သော Content Moderator များမှာ ၂ဦးမှ ၄ဦးခန့်သာ ရှိခဲ့သည်။43 ဤအရေအတွက်မှာ သန်းနှင့်ချီသော Content များကို မှန်မှန်ကန်ကန် စိစစ် အရေးယူရန်နှင့် အချို့သောဖြစ်ရပ်များအား ကြိုတင်ကာကွယ်ရန်အတွက် လုံလောက်သော အနေအထားတစ်ရပ် မဟုတ်ခဲ့ပါ။ ထို့အပြင် AI ကို အသုံးပြု၍ အမုန်းစကားများကို ကာကွယ်ရန် တားဆီးခဲ့ခြင်းသည်လည်း ရလဒ်ကောင်းများ မရရှိခဲ့သည်ကို ၂၀၁၇ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော “ကုလား” ဆိုသည့် စကားစုပါဝင်သည့် စာတိုင်းအား Facebook မှ အလိုအလျောက် ဖြုတ်ချခဲ့သည့် ဖြစ်စဥ်က သက်သေပြခဲ့သည်။44 သာမာန်အားဖြင့် “ကုလား” ဆိုသော စကားစု သက်သက် သည် သူ့ချည်းသက်သက်အရ ခွဲခြားဆက်ဆံ သည့် အဓိပ္ပါယ် မသက်ရောက်နိုင်ပါ။ ၎င်းစကားစုအား ထောက်ပံ့ပေးသည့် အကြောင်းခြင်းရာများအား ပါဝင်မှသာလျှင် ၎င်းစကားစုသည် ခွဲခြားဆက်ဆံမှုနှင့် အမုန်းစကားများဆီသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် ကုလားပဲ၊ ကုလားထိုင် စသည့် စကားစုများသည် မြန်မာစာတွင် နေ့စဥ်သုံး စကားစုများ ဖြစ်ပြီး ကုလားဆိုး၊ မွတ်ကုလား စသည့် စကားစုများသည် ခွဲခြားဆက်ဆံမှုအား ရည်ညွှန်းပြသည့် စကားများ ဖြစ်သည်။ Facebook အနေဖြင့် AI ကို အသုံးပြု၍ ကုလားဟူသည့် စကားစုပါဝင်သည့် အကြောင်းအရာတိုင်းအား Ban ခဲ့ခြင်းသည် လူမှုအသိုက်အဝန်းတွင် ငြင်းခုံမှုများကို ဖြစ်စေခဲ့ပြီး Facebook အနေဖြင့် ထိုစကားစု ပါဝင်သည့် အကြောင်းအရာ တိုင်းအား ဖြုတ်ချခြင်းကို နောက်ပိုင်းတွင် ပယ်ဖျက်ခဲ့ရသည်။ ဤကျဆုံးမှုသည် AI  ဖြင့် အမုန်းစကားများနှင့် လှုံ့ဆော်မှုများအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခဲ့သည့် Facebook ၏ မျှော်လင့်ချက်များအား ပျက်ပြယ်စေခဲ့သည်။

နိုင်ငံရေးနှင့် ယဥ်ကျေးမှုဆိုင်ရာနောက်ခံအကြောင်းအရာများအား နားမလည်ခြင်း

၂၀၁၈ ခုနှစ် ဧပြီလတွင် အမေရိကန်ကွန်ဂရက်၌ ပြုလုပ်ခဲ့သော ကြားနာပွဲအပြီးတွင် မက်ဇူကာဘက်မှ မြန်မာဘာသာ စကား ပြောဆိုသော Content Moderator များကို ဒါဇင်နှင့်ချီ၍ ခန့်အပ်မည်ဟူသော ကတိအပြီးတွင် ဖေ့ဘုတ်မှ မြန်မာဘာသာစကားပြောနိုင်သည့် Content Moderator များကို စတင် ငှားရမ်းခဲ့ပြီး နိုဝင်ဘာ ၅ရက် ၂၀၁၈တွင် ထုတ်ပြန်ခဲ့သော BSR ရီပို့အကြောင်း Facebook ၏ ထုတ်ပြန်ချက်အရ ၎င်းတို့တွင် မြန်မာစကား ပြောဆိုနိုင်သည့် Content Reviewer/ Moderator ၉၉ ဦး ငှားရမ်းထားကြောင်း သိရသည်45။ အဆိုပါ ဝန်ထမ်းများကို တစ်ဆင့်ငှားရမ်းခြင်း (သို့မဟုတ်) တိုက်ရိုက်ခန့်အပ်ထားခြင်း ဟုတ်မဟုတ်ကို တိတိကျကျ ထုတ်ပြန်ခဲ့ခြင်း မရှိသလို၊ အဆိုပါ Content Moderator များ၏ ဘက်လိုက်မှု ရှိနိုင်ခြေ၊ နိုင်ငံ၏ နိုင်ငံရေး၊​ လူမှုရေးနှင့် ယဥ်ကျေးမှုနောက်ခံများအပေါ် သိနားလည်မှု စသည့် အရေးကြီးသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မည်သည့် စံနှုန်းများနှင့် တိုင်းတာခဲ့ကြောင်းကို မထုတ်ပြန်ခဲ့ပါ။

အဆိုပါ Content Moderator များ၏ ဘက်လိုက်မှုရှိနိုင်ခြေနှင့် နိုင်ငံ၏ နိုင်ငံရေး၊​ လူမှုရေးနှင့် ယဥ်ကျေးမှုနောက်ခံများ အပေါ် သိနားလည်မှု ရေချိန်သည် အင်မတန်အရေးကြီးပြီး အဆိုပါသိနားလည်မှုများက Facebook ၏ လူမှုကွန်ရက်စံနှုန်း များအပေါ် အကောင်အထည်ဖော်ရာတွင် ထိရောက်မှု အတိုင်းအတာကို သက်ရောက်စေသည်။ Facebook ကို အသုံးပြု ပြီး အမုန်းစကားဖြန့်ဖြူးခြင်းများနှင့် ပဋိပက္ခများဖြစ်အောင် လှုံ့ဆော်မှုများကို တားဆီးရာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မချိုးဖောက်မိရန်မှာ အင်မတန် အရေးကြီးပြီး Content Moderator များ၏ သိနားလည်မှုဆိုင်ရာ အားနည်းခြင်းက Over Moderation ဟု ခေါ်သည့် အလွန်အကြူး စည်းကြပ်မိခြင်းကို ဖြစ်ပေါ်စေသည်။

Over Moderation နှင့် ပတ်သက်၍ ထင်ရှားသော ဥပမာအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့က ဖြစ်ပေါ်ခဲ့သော သုတေသနသမားတစ်ဦး၏ Burmanization အကြောင်း ဆောင်းပါးကို Facebook မှ ဖြုတ်ချခဲ့သည့် ဖြစ်ရပ်ကို ညွှန်းဆို ပြသနိုင်သည်။

Figure 59: Facebook မှ ပထမအကြိမ် ဖြုတ်ချစဥ်က ဆောင်းပါး
Figure 60: ဖြုတ်ချခဲ့သည့် ပိုစ့်အား ပြန်လည်၍ complain တက်ပြီးနောက် Facebook မှ ၎င်းတို့မှားယွင်းခဲ့ကြောင်း ပြန်လည်၍ အသိပေးခဲ့ပြီး ပိုစ့်အား ပြန်လည် ထားရှိခဲ့သည်
Figure 61: ထို့နောက် နှစ်နာရီခန့်အကြာတွင် Facebook မှ ပင် နောက်တစ်ကြိမ် ဖြုတ်ချခဲ့သည်

အဆိုပါ ဖြစ်စဥ်တွင် သုတေသီ တစ်ဦးမှ တင်ထားသော Burmanization ဆောင်းပါးအား Facebook မှ ၎င်းတို့၏ လူမှုကွန်ရက်စံနှုန်းများနှင့် မကိုက်ညီဟုဆိုကာ ဖြုတ်ချခဲ့သည်။ ထို့နောက် သုတေသီမှ ၎င်း၏ ဆောင်းပါးနှင့်ပတ်သက်၍ Facebook ကို complain တက်ပြီးနောက် Facebook မှ ၎င်းတို့၏ ဆုံးဖြတ်ချက် မှားယွင်းခဲ့ကြောင်းကို တောင်းပန်၍ ပိုစ့်ကို ပြန်လည်ထားရှိခဲ့ပြီး၊ နောက်ထပ် ၂နာရီခန့်အကြာတွင် ၎င်းပိုစ့်ကိုပင် ထပ်မံ၍ ဖြုတ်ချခဲ့ကာ ပိုစ့်ပိုင်ရှင်ကိုလည်း သုံးရက်ကြာ ပိုစ့်တင်ခွင့် ban ခဲ့သည်။ Burmanization နှင့် ပတ်သက်ပြီး ပညာရှင်များအကြား တွင်ပင် ငြင်းခုံမှုများ ရှိနေသေးကာ ၎င်းဆောင်းပါးပါ အချက်အလက်များကို စိစစ်ရန်အတွက် Facebook Content Moderator များ၌ လုံလောက် သော သိနားလည်မှု ရှိမရှိဆိုသည်မှာ အင်မတန် မေးခွန်းထုတ်စရာ ဖြစ်သည်။ အဆိုပါ ပိုစ့်အား အခြားသူများက ပြန်လည်ကူးယူဖော်ပြ သော်လည်း ဖြုတ်ချခံရခြင်း တစ်စုံတစ်ရာ မရှိခဲ့ဘဲ ယနေ့အချိန်ထိ တွေ့မြင်နေရသေးသည်။

Figure 62: မငြိမ်းငြိမ်းပြည့် ဖြုတ်ချခံရသော ဆောင်းပါး အပြည့်အစုံ အား Myo Han ဆိုသော အကောင့်မှ ကူးယူဖော်ပြထား သောပုံ46

ဤကဲ့သို့ အလွန်အကြူး စည်းကြပ်ခြင်းများကို Facebook မှ ခန့်ထားသော Content Moderator များက ပြုလုပ်ခဲ့သော် လည်း တချိန်ထဲတွင်မူ အမုန်းစကားများနှင့် ပတ်သက်၍ Facebook သို့ တိုင်ကြားမှုများ ပြုလုပ်ရာတွင် အမုန်းစကားများကို ဖြုတ်ချမှု မပြုခဲ့သည့် ဖြစ်စဥ်များလည်း ရှိသည်။ ဥပမာအားဖြင့် ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏ မြေးဖြစ်သူ အေးနေဝင်းအကောင့်မှ တင်ခဲ့သော ပိုစ့်တစ်ခု47သည် Facebook ၏ အမုန်းစကားသတ်မှတ်ချက်မှ အဆင့်သုံး48 သတ်မှတ်ချက်နှင့် ကိုက်ညီနေပြီး လူတစ်ဦး (သို့မဟုတ်) လူအများပါဝင်သည့် အစုအဖွဲ့တစ်ခုကို ဖယ်ထုတ်ရန် သို့မဟုတ် ခွဲခြားရန် ဦးတည်ရေးသားမှုနှင့် ကိုက်ညီနေသည်။ သို့သော် အဆိုပါ ပိုစ့်အား ရီပို့ပြုလုပ်သောအခါတွင် Facebook မှ ဖြုတ်ချရန် ငြင်းပယ်ခဲ့သည်။

Figure 63: ဓာတ်လိုက်ခြင်းကြောင့် ကလေးငယ်တစ်ဦး သေဆုံးရသည့် သတင်းကို အခြေခံ၍ ကလေးငယ်သည် မုတ်ဆိတ်မပါသည့် အတွက် အလှူငွေမရဟုဆိုကာ အေးနေဝင်းက ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ဤပိုစ့်တွင် ရေးသားထားသော မုတ်ဆိတ်သည် မွတ်ဆလင်များကို ရည်ရွယ်ပြီး ငုံးဥသည်ဆိုသည်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလက ရွှေတိဂုံဘုရားတွင် စျေးရောင်းခဲ့သည့်အတွက် နှင်ထုတ်ခံရသည့် မွတ်ဆလင် အဘိုးအိုတစ်ဦးကို ရည်ရွယ်သည်။49
Figure 64: အဆိုပါ ပိုစ့်သည် အောက်တိုဘာလတွင် ထပ်မံ ပျံ့နှံ့လာသဖြင့် Facebook အား report ပြုလုပ်ရာတွင် ဤပိုစ့်သည် ၎င်းတို့၏ လူမှုကွန်ရက်စံနှုန်းများနှင့် ကိုက်ညီသည့်အတွက် ဖြုတ်မချနိုင်ပါဟု Facebook မှ အကြောင်းပြန်ခဲ့သည်

အဆိုပါ ပိုစ့်၏ အောက်တွင် ရေးသားထားသော အေးနေဝင်း၏ comment သည် ဘာသာရေးအရ ဦးတည်တိုက်ခိုက်သည့် ၎င်းပိုစ့်၏ ရည်ရွယ်ချက်ကို ထင်ရှားစေသည်။ ဤကဲ့သို့သော အကြောင်း အရာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဘာသာစကား ပြောဆိုနိုင်မှု ရေးသားနိုင်မှုတင်မကဘဲ အမုန်းစကား၏ အတိမ် အနက်၊ ဦးတည်အုပ်စု၊ ဖြစ်ပွားခဲ့ပြီးသော ဖြစ်စဥ် ဖြစ်ရပ်များနှင့် ဆက်စပ်ပတ်သက်မှုများကို သိနားလည်ရန် အထူးပင် လိုအပ်သည်။

ဒေသနှင့် ကိုက်ညီသော ထိရောက်သည့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်းမရှိခြင်းနှင့် လုပ်ငန်းစဥ်များအား အကောင်အထည် ဖော်ရာတွင် ပွင့်လင်းမြင်သာ မှု နည်းပါးခြင်း

Facebook အနေဖြင့် ၄င်း၏ လူမှုကွန်ရက်စံနှုန်းများနှင့် ပတ်သက်ပြီး အသုံးပြုသူများကို ပညာပေးမှုမှာ အင်မတန်ပင် အားနည်းခဲ့သည်။ Facebook သုံးစွဲသူများသည် မည်သည့်အရာများက Facebook ၏ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများ ဖြစ်သည်၊ မည်သည့်အကြောင်း အရာများကို Facebook ထံ တိုင်ကြားလို့ရသည်၊ Facebook တွင် မည်ကဲ့သို့ လုံခြုံအောင် နေထိုင်ရမည်ဆိုသည့် အချက်များအား မသိရှိခဲ့ကြပါ။ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်း အထိ Facebook ၏ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများနှင့် ပတ်သက်၍ မြန်မာဘာသာစကား ဖြင့် ဘာသာပြန်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ၊၂၀၁၅ ခုနှစ် အောက်တိုဘာလတွင်မှ လူမှုကွန်ရက်စံနှုန်းကို အကျဥ်းချုပ် ဘာသာပြန်နိုင်ခဲ့သည်ကို တွေ့ရသည်။50 အဆိုပါ မြန်မာဘာသာပြန် လူမှုကွန်ရက်စံနှုန်း များကို Facebook သုံးစွဲသူများထံသို့ ဖြန့်ဝေရာတွင်လည်း ထိရောက်မှုမှာ အင်မတန် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

Figure 65: ပထမအကြိမ် Community Standards မြန်မာပြန် အနှစ်ချုပ်အား ဖြန့်ဝေရာတွင် အမုန်းစကားနှင့်ပတ်သက်၍ အသိပေးသော ပိုစ့်တွင် react လုပ်သူပေါင်း 71K, Comment 290 နှင့် 1.4K shares ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။51

အဆိုပါအချိန်တွင် မြန်မာနိုင်ငံ၌ Facebook သုံးစွဲသူပေါင်း ၁၀သန်းခန့်​ ရှိခဲ့ပြီ ဖြစ်သည်။52

Figure 66: Community Standards မြန်မာပြန်အနှစ်ချုပ်အား ဒုတိယအကြိမ် ဖြန့်ဝေရာတွင် အမုန်းစကားနှင့် ပတ်သက်၍ အသိပေးသော ပိုစ့်တွင် react လုပ်သူပေါင်း 49K, Comment 415 နှင့် 1.3K shares ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။53 ဤအချိန်တွင် မြန်မာနိုင်ငံ၌ Facebook သုံးစွဲသူပေါင်း ၂၀ သန်းရှိပြီ ဖြစ်သည်။54

အထက်ပါ ပုံ၂ပုံတွင် Facebook သုံးစွဲသူများမှ တုံ့ပြန်ထားသော Engagement အရ ကြည့်မည်ဆိုလျှင် Engage ဖြစ်သော အရေအတွက်မှာ ၁သန်းပင် မပြည့်ခဲ့သည်ကို တွေ့ရသည်။ ထို့ထက်ပို၍ ဆိုးဝါးသည့်အချက်မှာ အမုန်းစကား မပြောရဟူသော ပညာပေးပိုစ့်အောက်တွင် မွတ်ဆလင်များအား ဦးတည်သော အမုန်းစကားများကိုလည်း တွေ့ရသည်။ (ပုံ၂ Figure 76 တွင် ပြထားသော ကွန်မန့်အား ကြည့်ပါ)။ ဤသည်မှာ ကုမ္ပဏီ၏ မိမိပလက်ဖေါင်းကို မည်ရွေ့မည်မျှ အသုံးချနိုင်ခဲ့ သည်ဆိုသည့် အချက်ကို မေးခွန်း ထုတ်နေသည်။ ထို့ထက်ပို၍ ထင်ရှားသည့် ဥပမာမှာ Facebook Safety Page မှာပင် တင်ထားသော မြန်မာစာတန်းထိုး ထားသည့် အကောင့်လုံခြုံရေးဗီဒီယိုနှင့် Reporting ဗီဒီယိုတို့တွင် ကြည့်နိုင်သည်။

Figure 68: အမုန်းစကားမပြောရဟူသောပညာပေးပိုစ့် ၁
Figure 69: အမုန်းစကားမပြောရဟူသောပညာပေးပိုစ့် ၂

ယခုပုံ ၂ပုံမှာ ၂၀၁၈ ခုနှစ် ဇူလိုင် ၁ရက်နေ့က Facebook Safety မှ တင်ထားသော အကောင့်လုံခြုံရေးနှင့် Reporting ဗီဒီယိုတို့ဖြစ်သည်55။ အကောင့်လုံခြုံရေးဗီဒီယိုသည် Like 24K, 495 Comments, 5779 shares နှင့် 242K views ရရှိပြီး၊ Reporting ဗီဒီယိုမှာ Like 13K, 396 Comments, 5,354 Shares နှင့် 1.6 Million Views ရရှိထားသည်။ ဗီဒီယိုများတွင် မြင်သာသော လူအများဆီ ပျံ့နှံ့မှုနှုန်းမှာ အများဆုံးအနေဖြင့် 1.6 Million သာ ရရှိထားပြီး အဆိုပါအချိန် တွင် ရှိသော Facebook သုံးစွဲသူ သန်း၂၀၏ ၁၀ ရာခိုင်နှုန်းခန့်သာ ပျံ့နှံ့ရောက်ရှိသည်ကို တွေ့ရသည်။ Facebook သည် ၎င်း၏ ပလက်ဖေါင်းကို အသုံးပြု၍ သတင်းအချက်အလက် ဖြန့်ဝေနိုင်မှုမှာ Bad Actor များ၏ သတင်းအချက်အလက် ဖြန့်ဝေနိုင်မှုထက် ပိုမို၍ အားနည်းခဲ့သည်မှာ သိသာထင်ရှားခဲ့သည်။

ထိုကဲ့သို့ ပျံ့နှံ့မှုအားနည်းခြင်းအပြင် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း ကာလအထိလူမှုကွန်ရက်စံနှုန်းများနှင့် ပတ်သက်၍ ခေါင်းစဥ် တစ်ခုချင်းဆီအလိုက်ကို ဘာသာပြန်နိုင်ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် Facebook သုံးစွဲသူများအနေဖြင့် မည်သည့်အရာများက အမုန်းစကားဖြစ်သည်၊ မည်သည့် အရာများက အနိုင်ကျင့်စော်ကားမှု ဖြစ်သည်ဟု Facebook က သတ်မှတ်သည်ကို မသိရှိခဲ့ကြပါ။

စိစစ်နိုင်ခြင်းမရှိသည့် Facebook ကြော်ငြာစနစ်

Facebook ကို အသုံးပြု၍ လူတစ်ဦးချင်းစီ၏ စိတ်နေသဘောထားနှင့် အပြုအမူများကို ပစ်မှတ်ထား၍ ကြော်ငြာခြင်းသည် အင်မတန်ထိရောက်သော Bad Actor များအတွက် အင်မတန် ထိရောက်သော နည်းစနစ်တစ်ခုဖြစ်ခဲ့ပြီး ၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ကြော်ငြာချက်များ ကို လူအမြောက်အများထံသို့ ဖြန့်ဝေနိုင်ခဲ့သည်။ Facebook ၏ Advertising Policies56 တွင် ၎င်းတို့ထံသို့ ကြော်ငြာထည့်ဝင်လိုပါက ဗီဒီယိုနှင့် ရုပ်ပုံများကို စစ်ဆေးမှုများ ပြုလုပ်သည်ဟု ဆိုသော်လည်း ယခုပြသထားသော Screenshot ကဲ့သို့သော အမုန်းတရားဆိုင်ရာ လှုံ့ဆော်မှုများပါဝင်နေသည့် ကြော်ငြာများအား ခွင့်ပြုခဲ့သည်ကို တွေ့ရသည်။

Figure 70: အမုန်းတရားဆိုင်ရာ လှုံ့ဆော်မှုများပါဝင်နေသည့် ကြော်ငြာတစ်ခု
Figure 71: မဘသ အကောင့်တစ်ခုမှ ရိုဟင်ဂျာဆန့်ကျင်ရေးနှင့် မဘသဝါဒဖြန့်ချိရေးအတွက် Facebook တွင် ကြော်ငြာအသုံးပြု၍ လှုံ့ဆော်ထားသော ကာတွန်းတစ်ခု(ယခု Screenshot အား ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ရယူထားခြင်းဖြစ်ပြီး၊ မူရင်းအကောင့်အား နောင်တွင် Facebook မှ ပယ်ဖျက်ခဲ့သည်)

ထပ်မံ၍ ထူးခြားသည့် အချက်များက အယောင်ဆောင်ထားသော page များက ၎င်းတို့၏ page ကို Like နှင့် Follower ရစေရန်အတွက် Facebook ကြော်ငြာစနစ်ကို အသုံးချခြင်းဖြစ်သည်။

Figure 72: ယခုပြထားသော ပုံမှာ Myanmar Now သတင်းဌာန အယောင်ဆောင်ထားသော page အတု တစ်ခုမှ ၎င်းတို့၏ ပေချ့်ကို Like နှင့် Follower ရစေရန်အတွက် Facebook Advertising57 ကို အသုံးပြုထားခြင်း ဖြစ်သည်။ Myanmar Now လိုဂိုကို အသုံးပြုထားသော ၎င်း page အတု၏ Ads သည် ဇူလိုင် ၂၄ ရက်နေ့အထိ အသက်ဝင်ခဲ့ပြီး နောက်ပိုင်းတွင် Report များ လုပ်ပြီးနောက်မှ Facebook က ဖြုတ်ချခဲ့သည်။

Facebook အနေဖြင့် Ads များကို စစ်ဆေးပြီးမှ ခွင့်ပြုသည်ဟုဆိုသော်လည်း အချို့သော Ads များသည် ၎င်းတို့၏ ပေါ်လစီများကို ချိုးဖောက်နေသော်လည် စိစစ်နိုင်ခြင်းမရှိဘဲ ခွင့်ပြုခဲ့သည်ကို တွေ့ရသည်။ Facebook Ads ပေါ်လစီတွင် တားမြစ်ထားသော အကြောင်းအရာများထဲ၌ အငြင်းပွားဖွယ်ရာ အကြောင်းအရာများကို ၎င်းတို့အနေဖြင့် ကြော်ငြာခွင့် မပြုပါဟုဆိုသော်လည်း အကျိုးအမြတ်အလို့ငှာ နိုင်ငံရေးနှင့် အငြင်းပွားဖွယ် အကြောင်းအရာများကို ကြော်ငြာခွင့်ပြုနေ သည်ကိုလည်း တွေ့မြင်နေရသေးသည်။ အထူးသဖြင့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး မီဒီယာလည်းမဟုတ်၊​ အဖွဲ့အစည်း လည်း မဟုတ်သည့် နည်းစနစ်ကျကျ အသိပညာဆိုသည့် ပေချ့်သည် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး လော်ဘီလုပ်သည့် ပိုစ့်များ၊ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်သည့် ပညာရှင်များနှင့် အက်တိဗစ် များကို တိုက်ခိုက်ဆန့်ကျင်သည့် ပိုစ့်များကို Ads သုံး၍ တင်လေ့ရှိပြီး ၎င်း Ads များကို ရီပို့ ပြုလုပ်သည့်အခါတွင်လည်း Facebook မှ ဖြုတ်ချခြင်း မပြုခဲ့ပါ။

Figure 73: ဒေါက်တာမြင့်ဇော်၏ ပုံကို အသုံးပြုထားသောလိမ်လည်လှည့်ဖျားနေသည့်ပိုစ့်တစ်ခု

မြစ်ဆုံစီမံကိန်းအား အစဥ်တစိုက် ဆန့်ကျင်နေသည့် ဒေါက်တာ မြင့်ဇော်၏ ပုံကို အသုံးပြုပြီး ထင်ရှားသူများသည် မြစ်ဆုံစီမံကိန်းကို အကျိုးစီးပွားကြောင့်သာ ဆန့်ကျင်နေခြင်းဖြစ်သည်​(ဝါ) ဂျင်းထည့်သည် (ဝါ) လိမ်လည်လှည့်ဖျားနေသည်ဟု အဓိပ္ပာယ်ရောက် စေမည့် စာများဖြင့် တိုက်ခိုက်ထားသော ပိုစ့်58ဖြစ်သည်။ အဆိုပါ ပိုစ့်အား Advertisement ပြုလုပ်ထားသည်ကို တွေ့ရှိရသဖြင့် ရီပို့ ပြုလုပ်ခဲ့သော်လည်း Facebook မှ ဖြုတ်ချရန် ငြင်းဆန်ခဲ့သည်။

Figure 74: မြစ်ဆုံစီမံကိန်းဆန့်ကျင်ဆန္ဒပြပွဲကို ပြုလုပ်ခဲ့သည့် အက်တိဗစ်များသည် Open Society Foundation မှ ဂျော့ဆိုးရောစ်နှင့် ပတ်သက်မှုရှိနေကြောင်း၊ ထောက်ပံ့ခံဖြစ်နေကြောင်းကို ရေးသားထားသော ပိုစ့်

မြစ်ဆုံစီမံကိန်းဆန့်ကျင်ဆန္ဒပြပွဲကို ပြုလုပ်ခဲ့သည့် အက်တိဗစ် များသည် Open Society Foundation မှ ဂျော့ဆိုးရောစ်နှင့် ပတ်သက်မှုရှိနေကြောင်း၊ ထောက်ပံ့ခံဖြစ်နေကြောင်းကို ရေးသားထားသော ပိုစ့်ဖြစ်ပြီး အဆိုပါ ဆန္ဒပြပွဲအပြီး ညနေတွင်ပင် Ads ကို အသုံးပြု၍ တိုက်ခိုက်သော ပိုစ့်ကို59 အဆိုပါ page မှ တင်ခဲ့သည်။

Bad Actor များကို ပိုမိုအားကောင်းစေသည့် Facebook Algorithm

Facebook ၏ Algorithm သည် အမျိုးသားရေးအစွန်းရောက်များနှင့် စစ်ဝါဒဖြန့်ချိရေးများကို ပိုမိုအားကောင်းစေသည့် အကြောင်းခြင်းရာ တစ်ရပ်ဖြစ်နေသည်ကို တွေ့ရသည်။ မိမိ၏ သူငယ်ချင်းစာရင်း တွင်ရှိသည့် သူများ Like လုပ်ထားသည့် page များနှင့် Group များသည် news feed တွင် ပေါ်လာတတ်ခြင်းကလည်း အမြောက်အများရှိနေသည့် အစွန်းရောက် နှင့် ဝါဒဖြန့်ချိရေး ပေချ့်များအတွက် လူများထပ်မံရရှိစေရန် အထောက်အပံ့ကောင်း ဖြစ်နေသည်။ ယခု အောက်တွင် ဖော်ပြထားသော Screen Shot နှစ်ခုသည် ၁၆ရက် ၁လ ၂၀၁၉ ရက်နေ့က News Feed တွင် ပေါ်နေ သော Suggested Groups များကို Screen Shot ပြုလုပ်ထားခြင်း ဖြစ်သည်။

Figure 75: News Feed တွင် ပေါ်နေသော တပ်မတော်ကိုထောက်ခံသည့် Suggested Group များ ၁
Figure 76: News Feed တွင် ပေါ်နေသော တပ်မတော်ကိုထောက်ခံသည့် Suggested Group များ ၂

နိဂုံးနှင့် သုံးသပ်ချက်

ခွဲခြားဆက်ဆံမှုများ ဖြစ်ရိုးဖြစ်စဥ်သဖွယ် တည်ရှိနေခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်မှုများအတွက် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေပြီး လူမှုကွန်ရက်ကို အသုံးပြု၍ သွေးထိုးလှုံ့ ဆော်မှုများကို ပြင်ပရုပ်ကမ္ဘာတွင် အသက်ဝင်စေသည့် အဓိက ပြဿနာတစ်ရပ် ဖြစ်သည်။ လူအများနှင့် ထိတွေ့ဆက်ဆံ နေရသည့် ပညာရေး၊ အုပ်ချုပ်ရေးနှင့် ဖျော်ဖြေရေးကဏ္ဍများတွင် တည်ရှိနေသည့် ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ လူနည်းစုများအပေါ် ခွဲခြားဆက်ဆံမှု နှင့်ယနေ့အချိန်အထိ အားကောင်းနေဆဲဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေး ကဲ့သို့သော အစိုးရယန္တရားများနှင့် ကျောင်းသင်ခန်းစာများတွင် လူနည်းစုများကို လူမျိုးနှင့် ဘာသာအတွက် အန္တရာယ်တစ်ခုသဖွယ် ပုံဖော်ချက်များသည် အွန်လိုင်းအခြေစိုက် ဝါဒဖြန့်သူများအတွက် အထောက်အပံ့ဖြစ်စေပြီး ၎င်းတို့၏ အွန်လိုင်းကမ်ပိန်း များကို ပိုမိုအောင်မြင်စေသည့် အကြောင်းရင်းခံဖြစ်စေခဲ့သည်။

ဤလေ့လာချက်တွင် တွေ့ရှိခဲ့ရသည့် အဓိက တွေ့ရှိချက်တစ်ခု မှာ အမုန်းစကားနှင့် သတင်းမှားများအား ဖြန့်ဖြူးသည့် အဓိက ဇာတ်ကောင်များဖြစ်သည့် အမျိုးသားရေး အစွန်းရောက်အကောင့်များ နှင့် စစ်ဝါဒဖြန့်အကောင့်များသည် တစ်ဦးချင်း တစ်ယောက်ချင်း ဆောင်ရွက်သည်များထက် အစုအဖွဲ့နှင့် မဟာဗျူဟာကျကျ စစ်ဆင်ရေးတစ်ခုသဖွယ် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထိုသို့ ပြုလုပ်ရာတွင် လူအင်အားကို အဓိကထားသုံးစွဲပြီး တစ်ခုတည်းသော သတင်းစကားကို မတူညီသည့် နေရာများ (မြောက်များစွာ ဖွင့်ထား သော သတင်း page များ၊ အကောင့်တုများ၏ comment campaign များနှင့် Group များ) မှတစ်ဆင့် စာဖတ်သူ(ဝါ) အွန်လိုင်းသုံးစွဲသူ အမြောက်အများထံသို့ တချိန်တည်းတွင် ပေးပို့ခြင်းဖြစ်သည်။ Page များမှ တင်လိုက်သော ဝါဒဖြန့် ပိုစ့်များအား အကောင့်တုများမှ ဂရုများထဲသို့ ဖြန့်ချိခြင်းကဲ့သို့သော ချိန်သားကိုက် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရသည်။ အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်ရာတွင်လည်း လူအင်အားကို အမြောက်အများ သုံးစွဲခဲ့သည်ကို တွေ့ရသည်။ သတင်းဌာနကဲ့သို့ အယောင်ဆောင်ထား သည့် page များတွင် အက်ဒမင်အရေအတွက်ကို ပျမ်းမျှ ငါးဦးခန့် ထားရှိပြီး၊ ထင်ရှားသည့် စစ်ဝါဒဖြန့် page တစ်ခုဖြစ်သည့် Kyaw Swar Page တွင် အက်ဒမင် ၁၇ဦးအထိ ပါဝင်ဆောင်ရွက်သည်ကို တွေ့ရသည်။ တချိန်တည်းတွင်ပင် ၎င်းတို့သည် Facebook Advertising ကဲ့သို့သော စနစ်ကျ၍ ထိရောက်မှုရှိသည့် ဝါဒဖြန့်ချိမှု များကိုလည်း ပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။ ဝါဒဖြန့်ပေချ့်များ တွင် တွေ့ရှိရသည့် နိုင်ငံရပ်ခြားအခြေပြု Page Admin များသည် စစ်တပ်နှင့် စစ်ရေးနှင့် စီးပွားရေးအရ အဆက်အဆံရှိနေသည့် ရုရှား၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများမှ အများဆုံးတွေ့ရပြီး အဆိုပါ ပေချ့်များစာရင်းတွင် KIA, AA အစရှိသော လူမျိုးစု လက်နက်ကိုင်များ နှင့် ပတ်သက်သည့် သတင်းအတုများကို အစဥ်တစိုက်တင်ခဲ့သည့် ရက္ခိုင့်တပ်မတော်သတင်းနှင့် ပြန်ကြားရေးဌာန page အတု၊ ရခိုင်ပြည်အွန်လိုင်းသတင်း page တပ်ကြပ်ဘစီနှင့် Kachin Daily News ကဲ့သို့သော page အတုများ ပါဝင်သည်ကို တွေ့ရသည်။

ဤpage များအား လေ့လာရာတွင် အဓိက တွေ့ရှိရသည့် အချက်မှာ ၎င်း page များသည် အခြားသော နိုင်ငံများတွင် တွေ့ရှိရသည့် clickbait page များကဲ့သို့ ငွေကြေးရရှိရန်အလို့ငှာ Website လူဝင်များရန် အတွက် သတင်း အချက်အလက် အမှားများအား တင်ခြင်းမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံရေးအလို့ငှာ လူအများအား အတွေးအခေါ် အရ ပုံဖျက်ရန်အတွက် သတင်းအချက် အလက်အမှားများကို အသုံးပြုခြင်း ဖြစ်ကြောင်း တွေ့ရသည်။ အချို့သော စစ်ဝါဒ ဖြန့် page များတွင် အက်ဒမင်စာရင်းမှာ လူဦးရေ ဆယ်ဂဏန်းအထက်ကိုပင် အသုံးပြုခဲ့ပြီး ပီဘိ သတင်းဌာနတစ်ခု ကဲ့သို့ အလုပ်လုပ်ခဲ့သော်လည်း ၎င်းတို့ page များတွင် စီးပွားရေးကြော်ငြာများ ကဲ့သို့ ဝင်ငွေရှိနိုင်သည့် လှုပ်ရှားမှု တစ်စုံတစ်ရာ မတွေ့ရပါ။ မြင်သာသည့် ဝင်ငွေလမ်း ကြောင်းတစ်ရပ် ကို မမြင်ရသည့် အဆိုပါ page များသည် အပျော်တမ်းအဆင့် ထက်ပိုပြီး သတင်းဌာနများကဲ့သို့ အယောင်ဆောင်၍ ပြုမူဆောင်ရွက်နိုင်သည်မှာ ၎င်းတို့အား သတင်းအချက်အလက် အမှားများအား ဖြန့်ဖြူးရန်အတွက် ငွေကြေးထောက်ပံ့မှုမရှိဘဲ မဆောင်ရွက်နိုင်ပါ။

အကောင့်တုများ၊ page များနှင့် ဂရုအမြောက်အများကို အသုံးပြု၍ သတင်းအချက်အလက် အတုအယောင်များနှင့် အမုန်းတရားများ ဖြန့်ဖြူးခြင်းကို Facebook အနေဖြင့် တားဆီးနိုင်ရန် ပျက်ကွက်ခဲ့သည်။ Facebook ၏ Content Moderation မအောင်မြင် မှု၊ နိုင်ငံရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ နောက်ခံအကြောင်းအရာများအား နားမလည်ခြင်း၊ ဒေသနှင့် ကိုက်ညီသော ထိရောက်သည့် ပညာပေး လုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်းမရှိခြင်းနှင့် လုပ်ငန်းစဥ်များအား အကောင်အထည် ဖော်ရာတွင် ပွင့်လင်းမြင်သာမှု နည်းပါးခြင်း၊ Facebook ကြေညာစနစ်နှင့် Algorithm များသည် ဝါဒဖြန့်ချိရေးကို ပိုမိုအားကောင်းစေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

အချုပ်အားဖြင့် ဆိုရလျှင် နိုင်ငံအတွင်းအကြီးဆုံးအင်တာနက် ပလက်ဖေါင်း ဖြစ်နေသည့် Facebook ၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ် တိုးတက်နေသည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေအနေများကို လှုပ်ခါနိုင်စွမ်းရှိနေသည်မှာ ငြင်းမရနိုင်သည့် အမှန်တရားတစ်ခုပင် ဖြစ်နေသည်။ ဤလေ့လာချက် အရ အမျိုးသားရေး အစွန်းရောက်များနှင့် စစ်ဝါဒဖြန့်ဇာတ်ကောင်များ သည် Facebook ကို အသုံးပြု၍ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ် ရာဇဝတ်မှုများသည် မျှတမှန်ကန်သည့်လုပ်ရပ်များဖြစ်သည်၊ တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ခြင်းဖြစ်သည်၊ ဘာသာ သာသနာကို ကာကွယ်ခြင်းဖြစ်သည်ဆိုသော သတင်းစကားများကို လူအများ အပြားထံ ပေးပို့ခြင်းအားဖြင့် စဥ်းစားတွေးခေါ်မှုများကို ပုံဖျက်သည့် ကဏ္ဍတွင် Facebook သည် အဓိက သတင်းစီးဆင်းသည့် ရင်းမြစ် တစ်ခုဖြစ်ခဲ့သည်။ ထိုကဲ့သို့ သတင်းမှားများနှင့် အမုန်းစကားများအား စနစ်တကျဖြန့်ဖြူးခြင်းအားဖြင့် လူ့အဖွဲ့အစည်းအတွင်းတွင် ယခင် ကတည်းက တည်ရှိပြီးသော ခွဲခြားဆက်ဆံမှု များကို ပိုမို အားကောင်း စေခဲ့ပြီး၊ စစ်ဝါဒနှင့် လင်္ကျာစွန်းအမျိုးသားရေး လှုပ်ရှားမှုများကို မြင့်တက်စေခဲ့သည်ကို တွေ့ရသည်။

အကြီးမားဆုံး အင်တာနက်ပလက်ဖေါင်းဖြစ်သည့် Facebook သည် ယနေ့ကြုံတွေ့နေရသော စနစ်တကျ ချိတ်ဆက် ဆောင်ရွက်ပြီး သတင်းမှားများ၊ အမုန်းတရားလှုံ့ဆော်မှုများဖြင့် လူအများအား လမ်းကြောင်းမှားသို့ ပို့ဆောင်နေသည့် ပြဿနာများအား ရေတို ဖြေရှင်းနိုင်သည့် အကောင်းဆုံးသော ဖြေရှင်းမှုဖြစ်သည်။ Facebook အနေဖြင့် စနစ်တကျ ချိတ်ဆက်ဆောင်ရွက်ပြီး လူအများအား လမ်းကြောင်းမှားများသို့ ပို့ဆောင်နေသော ကွန်ရက်ချိတ်ဆက်မှုအား ဖော်ထုတ်ရှင်းလင်းမှုများကို စဥ်ဆက်မပြတ် ပြုလုပ်သင့်သည်။ Facebook content moderator များအား ဒေသဆိုင်ရာ နိုင်ငံရေးနှင့် ယဥ်ကျေးမှုနောက်ခံ အခြေအနေများကို နားလည်သဘောပေါက်စေ ရန် ကျွမ်းကျင်ပညာရှင်များနှင့် စနစ်တကျ စွမ်းရည်မြင့်တင်မှုများ ပြုလုပ်သင့်သည်။ page နှင့် Group အက်ဒမင်များ၏ တည်နေရာ များနှင့် ပတ်သက်၍ Transparency Policy အား ဆက်လက်၍ အကောင်အထည်ဖော်သင့်ပြီး ပိုမို၍ တိကျသည့် တည်နေရာပြမှု ( ဥပမာ ရန်ကုန်- မန္တလေး – ပြင်ဦးလွင်) ပြုလုပ် နိုင်ရန် ကြိုးစား ဆောင်ရွက်သင့်သည်။ Facebook အနေဖြင့် ၎င်း၏ အသိပညာပေး လုပ်ငန်းစဥ်များအား ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရန် လိုအပ်ပြီး အမုန်းစကား၊ သတင်းမှား၊ Inauthentic Behavior များနှင့် ပတ်သက်ပြီး Facebook သုံးစွဲသူများ ပိုမိုသိနားလည်စေရန်အတွက် ပလက်ဖောင်းကို အသုံးပြု၍ ကောင်းမွန် ထိရောက်သည့် ပညာပေး မဟာဗျူဟာ များ လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ Facebook ၏ ကြော်ငြာပေါ်လစီသည် ပိုမို၍ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပြီး သုံးစွဲသည့် ငွေကြေးပမာဏ၊ ဦးတည်အုပ်စုများအား Ad Library တွင် ဖော်ပြသင့်သည်။ ထိုမှသာ မြန်ဆန်ထိရောက်သော တုံ့ပြန်မှုများအား အရပ်ဘက်အဖွဲ့အစည်းများမှ ပြုလုပ်နိုင်မည်ဖြစ်သည်။ Facebook အနေဖြင့် Ads များအား ခွင့်မပြုမီတွင် AI အစား Content Moderator များဖြင့် စစ်ဆေးကြီးကြပ်သင့်သည်။ Facebook ၏ မူဝါဒများ၊ မူဝါဒရေးရာ အကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၊ Digital အခွင့်အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူများ၊ ဥပဒေပညာရှင်များ ပါဝင်သည့် လွတ်လပ်သော ကြားခံ အဖွဲ့များဖွဲ့စည်း၍ မူဝါဒရေးရာ တိုးတက် ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်သင့်သည်။

ဤအရာများအား အကောင်အထည်ဖော်ခြင်းအားဖြင့် သတင်းမှားနှင့် အမုန်းစကားများအား လက်နက်သဖွယ် အသုံးပြု၍ ဝါဒဖြန့်ချိခြင်းများအား အတိုင်းအတာ တစ်စုံတစ်ရာအထိ လျှော့ချနိုင်မည်ဖြစ်သည်။ သို့သော် ပညာရေး၊ အုပ်ချုပ်ရေးနှင့် ဖျော်ဖြေရေးနယ်ပယ်များကဲ့သို့ လူမှုနေ့စဥ်ဘဝနှင့် ဆက်စပ်ပတ်သက် နေသည့် ကဏ္ဍများတွင်လည်း ခွဲခြားဆက်ဆံမှုနှင့် အမုန်းတရားများ ပိုမိုများပြားစေမည့် အကြောင်းခြင်းရာများအား လျှော့ချနိုင်မှသာ ပြဿနာအား ပိုမို၍ ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်သည်။ ပညာရေးကို ဘာသာရေးနှင့် ကင်းလွတ်ပြီး စုံလင်ကွဲပြားမှုများအား မြင့်တင်ပေးသည့် ပညာရေး စနစ်မျိုးအဖြစ် ပြောင်းလဲနိုင်ရန်မှာ အထူးပင်လိုအပ်နေသည်။ အလယ်တန်းအဆင့် ပညာရေးတွင်ပင် အခြေခံ သတင်း ပညာဆိုင်ရာ သိနားလည်မှုနှင့် ဒစ်ဂျစ်တယ်ဆိုင် ရာသိနားလည်မှုကဲ့သို့သော ဘာသာရပ်များအား ထည့်သွင်းသင် ကြားနိုင် ရန်လည်း အထူးပင်လိုအပ်သည်။ ထိုမှသာ ထပ်မံအရွယ် ရောက်လာမည့် မျိုးဆက်သစ်များသည် သတင်းနှင့် နည်းပညာ ခေတ်တွင် အင်တာနက်ကို အသုံးပြု၍ သတင်းမှားများ နှင့် သွေးထိုးလှုံ့ဆော်မှုများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

Endnotes

1 Equality and Human Rights Commission, 2019.
2 Wardle, 2017.
3 တွေးပြီးမှယုံ-Think Before You Trust (https://www.facebook.com/ThinkBeforeYouTrust/) page သည် လူမှုကွန်ရက်တွင် ပြန့်နှံ့နေသော သတင်းမှားများအား စစ်ဆေးပေးပြီး အချက်အလက်အမှန်ကို ပြန်လည်ထုတ်ပြန်ပေးသည့် page တစ်ခု ဖြစ်ပြီး၊ မတ်လ ၂၈၊ ၂၀၁၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်ဟု ၄င်း page၏ About စာမျက်နှာအရ တွေ့ရသည်။
4 ဟုတ်တယ် vs မဟုတ်ဘူး (https://www.facebook.com/realornot.mm/) page သည် လူမှုကွန်ရက်တွင် ပြန့်နှံ့နေ သော သတင်းမှားများအား စစ်ဆေးပေးပြိး အချက်အလက်အမှန်ကို ပြန်လည်ထုတ်ပြန်ပေးသည့် Pageတစ်ခုဖြစ်ပြီး၊ အောက်တိုဘာ ၉၊ ၂၀၁၉ တွင် စတင်ထူထောင်ခဲ့သည်ဟု ၄င်း Page၏ About စာမျက်နှာအရ တွေ့ရသည်။
5 Petulla, 2013.
6 Rasmussen, 2019.
7 Mobile phone usage, 2018.
8 http://www.dop.gov.mm/en
9 Petulla, 2013.
10 Trautwein, 2016a.
11 https://www.telenor.com.mm/en/article/telenor-free-facebook-and-viber-constitute-most-popular-tariff-plan
12 https://www.facebook.com/adsmanager/creation
13 Htaike Htaike Aung & Wai Myo Htut, 2019.
14 Facebook Ads Manager platform.
15 Social Media Stats Myanmar, 2021.
16 For the year 2016, see (Trautwein, 2016b), for 2017 (Kanale, 2017), 2018 (NapoleonCat Stats, 2018b) and 2019 (NapoleonCat Stats, 2019).
17 Roache, 2018.
18 Castillo, 2017.
19 Kanale, 2018.
20 Facebook App, 2015.
21 Trautwein, 2016a.
22 Myanmar President Office, 2018.
23 Bookbinder, 2013.
24 အခန်း (၁)၊ (၂၀၁၄)။
25 NAC & Win Nandar, 2019.
26 May Sitt Paing, 2013.
27 Moe Phyu အကောင့်သည် မဘသကို ထောက်ခံသည့် တက်ကြွသူတစ်ဦးဟု လူသိများသူဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် မဘသအမာခံများက ပြုလုပ်ခဲ့သော မွတ်ဆလင်ဆန့်ကျင်ရေး လုပ်ငန်းတစ်ခုတွင် ပူးပေါင်းပါဝင်ရန်အတွက် အမျိုးသားရေး သမားဆိုသူများအား လှုံ့ဆော်ထားသော Screenshot တစ်ခုဖြစ်သည်။
28 Mozur, 2018.
29 Meta Newsroom, 2018.
30 Meta, n.d.
31 https://www.facebook.com/AssociationofSupportandManagement/
32 ယဉ်ရတနာသိန်း၊ ၂၀၁၈။
33 ARTICLE 19, 2015.
34 လွတ်လပ်၊ (၂၀၁၈)။
35 စတုတ္ထတန်း စာရိတ္တနှင့်၊ ၂၀၁၉။
36 မောင်ကြီး၊ဦး (လယ်တီပဏ္ဏိတ-)၊ (၂၀၁၉)။
37 Duwun, 2019.
38 Fortify Rights, 2014.
39 http://www.mip.gov.mm/
40 စိုင်းလတ်၊ ၂၀၁၇။
41 Myanmar Muslim Media, 2017.
42 https://www.youtube.com/watch?v=HRsvhV73VNk&t=7436s
43 Stecklow, 2018.
44 Facebook Ban, 2017.
45 Warofka, 2018.
46 Myo Han, 2019.
47 Facebook post by Aye Ne Win, subsequently removed:  https://www.facebook.com/ayenewin1976/posts/674844456196408
48 https://www.facebook.com/communitystandards/hate_speech
49 ရွှေတိဂုံဘုရားအနီးကနေ၊ ၂၀၁၇။
50 Facebook Safety, 2015.
51 Ibid.
52 Trautwein, 2016.
53 Facebook Safety post no longer accessible: https://www.facebook.com/fbsafety/photos/a.197686146935898/1572321749472324/?type=3&theater
54 NapoleonCat Stats, 2018a.
55 https://www.facebook.com/pg/fbsafety/videos/?ref=page_internal
56 https://www.facebook.com/policies/ads/
57 Facebook page no longer accessible: https://www.facebook.com/446011896252506
58 နည်းစနစ်ကျကျအသိပညာ၊ ၂၀၁၉ က။
59 နည်းစနစ်ကျကျအသိပညာ၊ ၂၀၁၉ ခ။

References

ARTICLE 19. (2015). ‘Hate Speech’: Explained A Toolkit. https://www.article19.org/data/files/medialibrary/38231/’Hate-Speech’-Explained—A-Toolkit-%282015-Edition%29.pdf

Bookbinder, A. (2013, April 9). 969: The Strange Numerological Basis for Burma’s Religious Violence. The Atlantic. https://www.theatlantic.com/international/archive/2013/04/969-the-strange-numerological-basis-for-burmas-religious-violence/274816/

Castillo, M. (2017, March 6). Mark Zuckerberg put employees on ‘lockdown’ for two months to launch Facebook Live: Report. CNBC. https://www.cnbc.com/2017/03/06/zuckerberg-put-employees-on-lockdown-to-launch-facebook-live-wsj.html

Duwun. (2019). မှတ်ပုံတင် ပြုလုပ်ရာမှ ခွဲခြားဆက်ဆံခံနေရမှုများ၊ Facebook Watch. https://www.facebook.com/watch/?v=417862228964112

Equality and Human Rights Commission. (2019). Protected characteristics. https://www.equalityhumanrights.com/en/equality-act/protected-characteristics

Facebook App. (2015, April 28). Introducing Video Calling in Messenger. YouTube. https://www.youtube.com/watch?v=YiVsDuPa__Q

Facebook Ban of Racial Slur Sparks Debate in Burma. (2017). The Irrawaddy. https://www.irrawaddy.com/news/burma/facebook-ban-of-racial-slur-sparks-debate-in-burma.html

Facebook Safety. (2015a, October 1). Facebook. https://www.facebook.com/fbsafety/photos/a.197686146935898/913515292019643/?type=3&permPage=1

Fortify Rights. (2014). ခွဲခြားဖိနှိပ်သောမူဝါဒများ (မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာမူဆလင်များအပေါ် မတရားဖိနှိပ်သော နိုင်ငံတော်မူဝါဒများကို အဆုံးသတ်ခြင်း)။ https://www.fortifyrights.org/downloads/Fortify_Rights_2014_Policies_Report_Burmese_Version.pdf

Htaike Htaike Aung & Wai Myo Htut. (2019). From Blogging to Digital Rights: Telecommunications Reform in Myanmar. In L. Brooten, J.M. McElhone, & G. Venkiteswaran (Eds.), Myanmar Media in Transition: Legacies, Challenges, and Change (pp. 366-376). ISEAS. https://bookshop.iseas.edu.sg/publication/2387

Kanale, H. (2017, October 12). Myanmar to reach 28% Internet penetration and 15 million users. Internet in Myanmar. https://www.internetinmyanmar.com/en/internet-penetration-sept-17/

Kanale, H. (2018, October 17). The top 7 digital services that changed our life forever. Internet in Myanmar. https://www.internetinmyanmar.com/top-digital-services-myanmar/

May Sitt Paing. (2013, September 10). Buddhist Committee’s 969 Prohibitions Prompts Meeting of Movement Backers. The Irrawaddy. https://www.irrawaddy.com/news/burma/buddhist-committees-969-prohibitions-prompts-meeting-of-movement-backers.html

Meta. (n.d.). What is the Page Transparency section on Facebook Pages? Facebook Help Center. https://www.facebook.com/help/323314944866264?helpref=search&sr=1&query=Page%20Transparency

Meta Newsroom. (2018, August 28). Removing Myanmar Military Officials From Facebook. https://about.fb.com/news/2018/08/removing-myanmar-officials/

Mobile phone usage in Myanmar increases 110 percent. (2018, May 23). Mizzima. http://mizzima.com/business-domestic/mobile-phone-usage-myanmar-increases-110-percent

Mozur, P. (2018, October 15). A Genocide Incited on Facebook, With Posts From Myanmar’s Military. The New York Times. https://www.nytimes.com/2018/10/15/technology/myanmar-facebook-genocide.html

Myanmar Muslim Media. (2017, March 18). လူမျိုးရေးခွဲခြားတဲ့ ဇတ်ဝင်ခန်းတွေနဲ့ အုတ်ကြားမြက်ပေါက် ဇတ်ကား အကယ်ဒမီ ၃ ဆု ဆွတ်ခူး၊ Facebook. https://www.facebook.com/MyanmarMuslimMedia2/videos/1568057276568064/

Myanmar President Office. (2018, January 10). နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၁/၂၀၁၈။ https://www.facebook.com/myanmarpresidentoffice.gov.mm/posts/1524388860942178?__tn__=%2CO*F

Myo Han. (2019, January 9). *** ဗမာတို့ မြင်ဖို့ ***၊ Facebook. https://www.facebook.com/myo.han.969952/posts/663137774089012

NAC & Win Nandar. (2019). မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ညီလာခံသို့ ရန်ကုန်တိုင်းစစ်တိုင်းမှူးက သိန်း ၃၀၀ လှူ၊ Myanmar NOW. https://www.myanmar-now.org/mm/news/2224

NapoleonCat Stats. (2018a, October). Facebook users in Myanmar. https://napoleoncat.com/stats/facebook-users-in-myanmar/2018/10

NapoleonCat Stats. (2018b, December). Facebook users in Myanmar. https://napoleoncat.com/stats/facebook-users-in-myanmar/2018/12

NapoleonCat Stats. (2019, February). Facebook users in Myanmar. https://napoleoncat.com/stats/facebook-users-in-myanmar/2019/02

Petulla, S. (2013). This SIM card used to cost $3,000. Democracy may bring it down to zero. Quartz. https://qz.com/62523/this-sim-card-used-to-cost-3000-democracy-may-bring-it-down-to-zero/

Rasmussen, A. (2019). Myanmar’s two telecom licences goes to Telenor and Ooredoo. Yozzo. http://www.yozzo.com/news-and-information/mvno-mobile-operator-s/updated-myanmar-telecoms-license-awards-to-go-ahead-as-planned

Roache, B. (2018, January 16). What Myanmar’s Facebook supremacy means for business. Frontier Myanmar. https://www.frontiermyanmar.net/en/what-myanmars-facebook-supremacy-means-for-business/

Social Media Stats Myanmar. (2012). Statcounter GlobalStats. https://gs.statcounter.com/social-media-stats/all/myanmar

Stecklow, S. (2018, August 15). Why Facebook is losing the war on hate speech in Myanmar. Reuters. https://www.reuters.com/investigates/special-report/myanmar-facebook-hate/

Trautwein, C. (2016a, June 6). Facebook Free Basics lands in Myanmar. The Myanmar Times. https://www.mmtimes.com/business/technology/20685-facebook-free-basics-lands-in-myanmar.html

Trautwein, C. (2016b, June 13). Facebook racks up 10m Myanmar users. The Myanmar Times. https://www.mmtimes.com/business/technology/20816-facebook-racks-up-10m-myanmar-users.html

Wardle, C. (2017). Fake news. It’s complicated. First Draft. https://firstdraftnews.org/fake-news-complicated/

Warofka, A. (2018, November 5). An Independent Assessment of the Human Rights Impact of Facebook in Myanmar. Meta Newsroom. https://about.fb.com/news/2018/11/myanmar-hria/

အခန်း (၁)၊ (၂၀၁၄)၊ (မ.ဘ.သ) ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း အခန်း(၁)။ http://patrioticassociation.blogspot.com/2014/06/blog-post.html

ယဉ်ရတနာသိန်း၊ (၂၀၁၈၊ သြဂုတ်လ ၂၈)၊ အမုန်းစကားအကြောင်း ပြောရအောင်၊ ဧရာဝတီ https://burma.irrawaddy.com/news/human-rights/2018/08/28/168009.html?fbclid=IwAR2iO0EbF8ECL8guyL4cmYvZBqZsqJu2nQZM-c39L20nya6tPB9DFvGS8fk

လွတ်လပ်၊ (၂၀၁၈)၊ မြန်မာ့ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ရန်အရပ်ဖက်အဖွဲ့တစ်ရာကျော်က နိုင်ငံတော်သမ္မတထံအိတ်ဖွင့်ပေးစာပို့၊ Myanmar Muslim Media https://www.facebook.com/MyanmarMuslimMedia2/posts/2584964314877350

စတုတ္ထတန်း စာရိတ္တနှင့် ပြည်သူ့နီတိပြဋ္ဌာန်းစာအုပ်ပါ ဝံသာနုစိတ်ဓာတ်ကဗျာကို သင်ရိုးမှပယ်ဖျက်၊ (၂၀၁၉)၊ The Myanmar Education Guidehttps://www.edge.com.mm/article/nationalistic-sentiment-poetry.html

မောင်ကြီး၊ဦး (လယ်တီပဏ္ဏိတ-)။ (၂၀၁၉)၊ First Year Myanmar Module M1001: အမျိုးနှင့် အမျိုးစောင့်တရား (p. 107)၊ Republic of the Union of Myanmar Department of Higher Education.

စိုင်းလတ်၊ (၂၀၁၇)၊ လူမျိုးရေး များနေတဲ့ အကယ်ဒမီ ၃ ဆုရှင်အုတ်ကြားမြက်ပေါက်၊ ဧရာဝတီhttps://burma.irrawaddy.com/opinion/viewpoint/2017/03/21/132211.html?fbclid=IwAR0hm_be18kWM6IozkJYtbT0i5mjROs_EkI_xmGudDpLkFEUJ-S3UabN8Ko

ရွှေတိဂုံဘုရားအနီးကနေ နှင်ထုတ်ခံခဲ့ရတဲ့ ငုံးဥသည်ကို NLD ပါတီ ဆေးစရိတ်လှူ၊ (၂၀၁၇၊ အောက်တိုဘာလ ၁၂)၊ လွတ်လပ်တဲ့အာရှအသံhttps://www.rfa.org/burmese/news/nld-donate-islam-vendor-10122017063510.html

နည်းစနစ်ကျကျအသိပညာ၊ (၂၀၁၉ က)၊ ဂျင်းတွေပြည့်နေတဲ့ ဧရာဝတီချစ်စိတ် (၄)၊ Facebookhttps://www.facebook.com/permalink.php?story_fbid=2015795828501767&id=1751871924894160&__tn__=%2CO*F

နည်းစနစ်ကျကျအသိပညာ၊ (၂၀၁၉ ခ၊ ဇန်နဝါရီ ၂၈)၊ မြို့တော်ခန်းမရှေ့မှာမြစ်ဆုံစီမံကိန်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲမြင်ကွင်း တခုပါ၊ Facebook ။ https://www.facebook.com/permalink.php?story_fbid=2026802137401136&id=1751871924894160&__tn__=%2CO*F