အခြေခံရပိုင်ခွင့်များကို အာမခံနိုင်မှသာ မြန်မာ့ယဉ်ကျေးမှုနှင့်ဘာသာရေးတွင် အားလုံးအကျုံးဝင်မှု ဖြစ်ထွန်းနိုင်မည်

မသီတာ-စမ်းချောင်း

Cite as: 
မသီတာ၊ (၂၀၂၁)၊ အခြေခံရပိုင်ခွင့်များကို အာမခံနိုင်မှသာ မြန်မာ့ယဉ်ကျေးမှုနှင့်ဘာသာရေးတွင် အားလုံးအကျုံးဝင်မှု ဖြစ်ထွန်းနိုင်မည်။ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်, ()။ https://ijbs.online/?page_id=3038

စာတမ်းအကျဉ်း

အခြေခံရပိုင်ခွင့်များကို အာမခံနိုင်မှသာ မြန်မာ့ယဉ်ကျေးမှုနှင့်ဘာသာ ရေးတွင် အားလုံးအကျုံးဝင်မှုသည် လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ လူအုပ်စုတစ်ခုချင်းအဆင့်တွင် အခြေအနေတစ်မျိုးဖြစ်ကာနိုင်ငံ တော် အဆင့်တွင်မူလက်ရှိအမြင့်ဆုံးအာဏာကိုရယူထားသူသို့မဟုတ် အင်စတီကျူးရှင်း၏ အဆုံးအဖြတ်ပေါ်တွင်သာအစဉ် သဖြင့် မူတည် နေလေ့ရှိတတ်သဖြင့် ယင်းကပင် လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း နှင့် လူအုပ်စု တစ်ခုချင်းတို့ အပေါ်တွင်ပါ ရိုက်ခတ်မှု များ ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ အချုပ်အခြာ အာဏာ သက်ရောက်သော နယ်နမိတ်အတွင်းမှီတင်း နေထိုင်သမျှ လူသားအားလုံး တို့အား ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သော အခြေခံ ရပိုင်ခွင့်များဖြစ်ကြသည့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်တို့ကို ရာနှုန်းပြည့် အာမခံခွင့်ပြုနိုင်သည့် အခြေအနေသို့ မရောက်မချင်း မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာရေးတွင် အားလုံးအကျုံး ဝင်မှုသည် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် တစ်ပြေးညီ ထင်ရှားသည့် ဓလေ့တစ်ခု ဖြစ်လာမည် မဟုတ်ပေ။ဉ်ကျေးမှုနှင့်ဘာသာရေးတွင် အားလုံးအကျုံးဝင်မှု ဖြစ်ထွန်းနိုင်မည်။

Abstract

The state and state institutions must guarantee fundamental human rights to secure inclusiveness among the country’s multi-religious and multi-ethnic citizens. Freedom of speech, freedom of expression, and freedom of religion must be cultivated as a political culture in nurturing inclusive citizenry in Myanmar.

သမိုင်းကြောင်း

ထိုသို့ မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာရေးတွင်အားလုံး အကျုံးဝင်မှု သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပြေးညီမဖြစ် နေရခြင်းကို နားလည်ရန် မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို ဦးစွာ နားလည်သဘော ပေါက် ကြရပေမည်။ စင်စစ် လက်ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဟု ဆိုရာတွင် ပဒေသရာဇ်ခေတ်က မြန်မာ၊ မွန်၊ ရှမ်း၊ ရခိုင်စသည့် လူမျိုးစု ပဒေသရာဇ် နိုင်ငံငယ်လေးများအပါအဝင် ကချင်၊ ကယား၊ ကရင်၊ ချင်းစသော လူမျိုးစုနယ်မြေများကိုစုပေါင်း ထားခြင်းသာဖြစ်ပြီးမည်သည့်နိုင်ငံရေးသဘောထားပေါ်တွင်အခြေခံ ကာ စုပေါင်းမည်၊ ထိုစုပေါင်းမှုကို အသီးသီးသောလူမျိုးစုများက မည်ကဲ့သို့ သဘောထားရှုမြင်ကာကိုယ်စားပြုကြမည်ဟူသော နိုင်ငံ ရေး သဘောတူညီချက်ကိုမူယခုအချိန်အထိရှာဖွေသတ်မှတ်နိုင် ခြင်း မရှိသေးပေ။ (လက်ရှိကျင်းပနေသော၂၁ရာစု ပင်လုံညီလာခံတွင် ယခုအချက်များကိုဆွေးနွေးအတည်ပြုနိုင်မည်ဟု ခန့်မှန်းရသော်လည်း မသေချာပေ။)

မြန်မာလူထုအနေဖြင့် မျိုးဆက်များစွာ ကိုယ့်ကြမ္မာကိုယ် စီရင်ဆုံးဖြတ်နိုင်စွမ်း၊ အားထုတ်ကြိုးပမ်းဆောင် ရွက်နိုင်စွမ်း မရှိဖြစ်ခဲ့ရသည့်အတွက် မြန်မာ့မြေတွင်ပျောက်ဆုံးခဲ့ရသော မျိုးဆက် များ (lost generations) ရှိသည်ဟု ဆိုတတ်ကြပါသည်။ စင်စစ် မြန်မာလူထုသည် ကိုလိုနီလက်အောက်မကျမီကာလ သို့မဟုတ် လွန်ခဲ့ သည့်ရာစုနှစ်တွင်ရှိခဲ့သောသက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကို မည်သည့် အခါကမျှဆန့် ကျင်ပုန်ကန်ခဲ့ကြခြင်းမရှိခဲ့ကြဘဲ၁၉ရာစုအတွင်း နယ်ချဲ့ ဗြိတိသျှလက်အောက်သို့ ကျွန်အဖြစ် ကျရောက်သွား သည့်အခါမှသာ ပဒေသရာဇ်စနစ်သည်အလိုလိုအဆုံးသတ်သွားခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့်မြန်မာ့လူထုအတွက်လူတစ်ဦးတစ်ယောက်၏ခေါင်းဆောင်မှု ကို ပုံအပ်ယုံမှတ်ကာ ပြည်သူလူထု၏အခန်းကဏ္ဍကိုနောက်လိုက် အဖြစ်သာခံယူမှုသည်အရိုးစွဲ အသားကျသည့်ခံယူချက်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့်လည်းလူထုအတွက်မျိုးဆက်အလိုက်ကာလရှည်ကြာ အခန်းကဏ္ဍပျောက်ဆုံးခဲ့သည်မှာ ထင်ရှားပါသည်။

ကိုလိုနီလက်အောက်ခံအဖြစ်မကျရောက်မီ မြန်မာ့ထီးနန်း သည်သံတမန်ရေးဆက်ဆံမှုအရအိမ်နီးချင်းနိုင်ငံလေးများ ဖြစ်ကြ သော အခြားပဒေသရာဇ်နိုင်ငံလေးများနှင့်သာမကဝေးကွာသော အရပ်မှ အခြားနိုင်ငံများနှင့်ပါ အဆက်အဆံ ရှိခဲ့ရာမှ ဘာသာရေးနှင့် ယဉ်ကျေးမှု ဒွေးရောယှက်တင် ရှိခဲ့သည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ဥပမာ – မြန်မာ့နန်းတွင်းတွင်မူဆလင်ကိုယ်ရံတော်များအတွက် ကိုယ်ရံတော်ဗလီအပါအဝင်မန္တလေးတွင်ဗလီပေါင်း၄၀ ခန့် တည် ဆောက်ခဲ့သကဲ့သို့ နန်းတွင်းအခမ်းအနားများအတွက် ဟိန္ဒူဘာသာ ဝင်ပုဏ္ဏားများ၏အခန်းကဏ္ဍသည်အတော် အရေးပါ ခဲ့ကြသည်။ ဒေါက်တာသန့်မြင့်ဦးရေးသားသောခေတ်သစ်မြန်မာပြည် အား ဖန်တီးပုံဖော်ခြင်း စာအုပ်စာမျက်နှာ ၉၆ တွင် ‘မြန်မာတို့သည် ဗုဒ္ဓ ဘာသာသာမက ဟိန္ဒူယဉ်ကျေးမှု၏ အနုပညာနှင့် အတွေးအခေါ်များ ကိုလည်း စိမ့်ဝင်ခံစားနိုင်ခဲ့သည်’ ဟု ဖော်ပြထားသည်။

(ဟိန္ဒူယုံကြည်မှုပေါ် အခြေခံသော သင်္ကြန်ပွဲတော်မှာ ကာလကြာ လာသည်နှင့်အမျှခေတ်အဆက်ဆက်ကနိုင်ငံ့အစိုးရများ၏ အကိုင် အတွယ်ပေါ်မူတည်ကာဗုဒ္ဓဘာသာပွဲတော်အဖြစ် အသွင်ပြောင်း လာသည်ကိုတွေ့ရသည်။ စင်စစ် သင်္ကြန်ပွဲတော်သည် လွတ်လပ်ရေး ရပြီး ခေတ်နောက်ပိုင်းတွင် ရိုးရာယဉ်ကျေးမှုပွဲတော်အဖြစ်ကာလ ရှည်ကြာစွာရပ်တည်ခဲ့သည်။ ထို့ကြောင့်သင်္ကြန်ပွဲတော်တွင်လူမျိုး မရွေး ဘာသာအယူဝါဒမရွေး အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြ သည်ကို သမိုင်းတစ်လျှောက်တွေ့မြင်ခဲ့ကြရသည်။ သို့ရာတွင် ၂၀၁၂ခုနှစ် နောက်ပိုင်းတွင်မူဘာသာရေးလှုံ့ဆော်မှုများအစပြုလာရာမှသင်္ကြန် ပွဲတော်ကာလအတွင်း ဗုဒ္ဓဘာသာဝင်မဟုတ်သောသူတို့ကသူတို့ ဘာသာတရားအလိုက်အခြားသောလှုပ်ရှားမှုများပြုလုပ်ကာ သင်္ကြန် ပွဲတော်တွင်ပါဝင်ဆင်နွှဲခြင်း မပြုရန်ထိ ဆုံးဖြတ်လာကြသည်ကို တွေ့ရသည်။)

ထိုစဉ်ကခရစ်ယာန်ဘာသာမှာမြန်မာနိုင်ငံတောင်ပိုင်းမှစတင် ဝင်ရောက်လာခဲ့သော်လည်း ကချင်၊ ကယား၊ ကရင်၊ ချင်းစသော ဒေသများတွင်ပိုမိုလက်ခံကိုးကွယ်မှု ရရှိခဲ့သည်ကို တွေ့ရသည်။ မြန်မာ၊ ရှမ်း၊ ရခိုင်၊ မွန်စသည့် ပဒေသရာဇ်နိုင်ငံများတွင်မူ နှစ်ကာလ ရှည်ကြာစွာအမြစ်တွယ်ခဲ့သည့် ဗုဒ္ဓယဉ်ကျေးမှုကြောင့် ခရစ်ယာန် ဘာသာ အပါအဝင် အခြားဘာသာတရားများကို လက်ခံကိုးကွယ်မှု အားနည်းခဲ့သည်။ ထို့ပြင် ကိုလိုနီနယ်ချဲ့တို့၏ ဘာသာ တရားအဖြစ် ခရစ်ယာန်ဘာသာအား ရှုမြင်မှုလည်း ထင်ရှားခဲ့သည်။ ခေတ်သစ် မြန်မာပြည်အား ဖန်တီးပုံဖော်ခြင်း စာအုပ် စာမျက်နှာ ၂၄၀ တွင် ‘၁၉ ရာစုအလယ်လောက်တွင် မူဆလင်များသည် အုပ်ချုပ်ရေး ပိုင်း၌ မြင့်မားသော ရာထူးများအထိ ရရှိခဲ့သည်။ မင်းနေပြည်တော်၏ မြို့ဝန်ပင်လျှင်မူဆလင်ဖြစ်ခဲ့၏။ ပုဂံမြို့ဝန်မှာလည်းထိုနည်း လည်းကောင်းပင်။ ဗြိတိသျှသံဆာဟင်နရီယူးက မြန်မာ့နန်းတွင်းတွင် မူဆလင်များသည် မိန်းမစိုး နန်းတွင်း အမှုထမ်းနှင့် ကိုယ်ရံတော် တပ်သားရာထူးများ၌ ထမ်းရွက်နေကြောင်း တွေ့ရှိခဲ့ရ၏”ဟု ဖော်ပြထားသည်။

ကိုလိုနီခေတ်တွင်ကျင့်သုံးခဲ့သော ပညာရေးနှင့် စီးပွါးရေး ဆိုင်ရာဆောင်ရွက်ချက်များကလည်း မြန်မာ့လူ့ ဘောင်၏ ယဉ်ကျေးမှု ဆိုင်ရာ တန်ဖိုးနှင့်နားလည်မှုတို့အပေါ် သက်ရောက်မှုများစွာရှိခဲ့သည်။ ဘုန်းတော်ကြီးသင်ပညာရေး၊ ဗုဒ္ဓစာပေအခြေခံပညာရေးနှင့် အသား ကျခဲ့သော​မြန်မာ့လူ့ဘောင်တွင် ခရစ်ယာန်မစ်ရှင်သာသနာ ပြုကျောင်း များဝင်ရောက်လာချိန်မှစတင်ကာကိုယ်ပိုင်အမှတ်လက္ခဏာ ဆိုင်ရာ အကြပ်အတည်းနှင့်တကွ ယင်းကို အခြေခံသော ပုန်ကန် စိတ်၊ ဆန့်ကျင်စိတ်များသည်လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ကြီးထွား လာခဲ့ရသည်။ တနည်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို အမြစ်တွယ်အောင် အဓိက ပံ့ပိုးပေးနိုင်ခဲ့သောအကြောင်းရင်းမှာ ကိုလိုနီပညာရေးနှင့်အတူ ပေါ် ပေါက်ခဲ့သောမစ်ရှင်ကျောင်းများ ၏ ကျောင်းသားများအပေါ် ကိုယ်ပိုင်အမှတ်လက္ခဏာဆိုင်ရာ ဖိအားပေးမှု ဖြစ်သည်။ မစ်ရှင်ကျောင်းများက ကျောင်းသား ကျောင်းသူများ၏ အမည်ကိုခရစ်ယာန်အမည်၊ အင်္ဂလိပ်အမည်များပြောင်းလဲမှပညာ သင်ကြားခွင့်ပြုခဲ့သည်။ ထို့ကြောင့်မာဂရက်ဂွက်ထော်၊ ဒေးဗစ် အောင်ဘုဟုအမြီးအမောက်မတည့်သောနာမည်များပေါ်ထွက်ခဲ့သကဲ့ သို့ ခရစ်ယာန် ဘုရားရှိခိုးခြင်းကို ကျောင်းများတွင်မဖြစ်မနေ လုပ်ခဲ့ကြရသည်။ ယင်းသည် ဂွက်ထော်နှင့်အောင်ဘုတို့အတွက် မာဂရက်၊ ဒေးဗစ်ဟုဖြစ်သွားအောင်အထောက်အကူ ပြု-မပြု မသေချာပေ။ တစ်ဖန် မစ်ရှင်ကျောင်းထွက်မှ ကိုလိုနီအုပ်ချုပ်ရေး ယန္တရားတွင်စာရေးစာချီ ဖြစ်နိုင်သည့် အခွင့်အလမ်း ရှိနိုင်မည်ဟူသော အချက်ကြောင့်လည်းသာမန်မြန်မာလူငယ်လေးများသည် သူတို့ သဘောဆန္ဒမပါဘဲသူတို့၏ကိုယ်ပိုင်အမှတ်လက္ခဏာကို ပြောင်းလဲခဲ့ ကြရခြင်းသည် ကြီးစွာသော ဖိအားဖြစ်ခဲ့သည်။ ထို့ကြောင့် ယင်းကို တော်လှန်လိုစိတ်လည်း ဖြစ်လာကြသည်။ ထိုစိတ်သည် ၁၉၂၀ခုနှစ် ကျောင်းသားသပိတ်နောက်ပိုင်းအမျိုးသားကျောင်းများ ပေါ်ထွက်ရာ တွင် အထောက်အကူ ဖြစ်ခဲ့သည်။ (ထိုသို့ဖြစ်သည်သာမက နောင် လွတ်လပ်ရေးရပြီး နောက် စစ်အာဏာရှင် ပေါ်ထွက်လာသည့်အခါ ယင်းတို့ကလည်း အလားတူစနစ်မျိုးကို သုံးစွဲကာ ဗမာ၊ ဗုဒ္ဓဘာသာ မဟုတ်သော အခြားလူမျိုး၊ဘာသာ လူစု များအပေါ် ဆက်ဆံခဲ့သည် ကိုလည်းတွေ့ရပါသည်။ မြန်မာ့လူ့ဘောင်အနေဖြင့် ပဒေသရာဇ်စနစ်မှ ဆိုရှယ်လစ်စနစ်ကိုတိုက်ရိုက်ကူးပြောင်းခဲ့ခြင်းမဟုတ်ဘဲကိုလိုနီခေတ်တွင်နှစ်ရာချီနေခဲ့ရသဖြင့်အခြားသောနိုင်ငံရေးစနစ်များအား ကျင့်သုံးပုံ နည်းလမ်းကို မသိခဲ့ကြဘဲ ကိုလိုနီစနစ်ကျင့်သုံးပုံကိုသာအတုခိုး နည်းယူနိုင်ခဲ့ကြခြင်းလည်း ဖြစ်နိုင် ပါသည်။)

ထို့ပြင်မြန်မာ့လူ့ဘောင်တွင်လယ်ယာလုပ်ငန်းသည်အဓိက စီးပွါးရေးလုပ်ငန်းဖြစ်ရာ တောင်သူလယ် သမားတို့၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးခဲ့သည်။ သို့သော်ကိုလိုနီခေတ်တွင် အိန္ဒိယမှလူတန်း စားနှစ်မျိုးကို နယ်ချဲ့အင်္ဂလိပ်တို့က တင်သွင်းလာခဲ့သည်။ တစ်မျိုးမှာ ချစ်တီးများဖြစ်ကြကာကျန်တစ်မျိုးမှာ ကူလီများ ဖြစ်ကြသည်။ ထိုလူ တန်းစားနှစ်မျိုးကြောင့် ဓားမဦးချလယ်လုပ်လာသော မြန်မာအများစု မှာအိန္ဒိယနွယ်ဖွားများအပေါ်အပြုသဘောမဆောင်နိုင်သည့်သဘောထားများအခြေတည်ခဲ့ကြသည်။ ငွေကြေးအခက်အခဲရှိသော လယ် သမား များကို ချစ်တီးများကအတိုးနှုန်းမြင့်မား စွာဖြင့် ငွေချေး ပေးခဲ့ကာ အကြွေးမဆပ်နိုင်သည့်အခါ လယ်ယာမြေသာမက သမီးပျို များကိုပါသိမ်းပိုက်ခဲ့ကြသဖြင့်လယ်သမားတို့က စိတ်အနာကြီး နာခဲ့ ကြသည်။ ထိုမှတစ်ဆင့် မြန်မာ့လူ့ဘောင်တွင်ချစ်တီးများနှင့် ရုပ်သွင် တူသူများအပေါ် နယ်ချဲ့ကတင်သွင်းလာသည့်ကုပ်သွေးစုပ် ကုလား သူဌေး၊ ဆိုးသွမ်းသောသူစိမ်းများအဖြစ်အမြင်သဘောထားသည် လည်း ပေါ်ပေါက်ခဲ့သည်။ တစ်ဖန် မြန်မာ့လယ်သမားတို့ထက် ဆင်းရဲနွမ်း ပါးသော ကူလီများလည်း ဝင်ရောက်လာကာ အနိမ့်ကျဆုံး ဖြစ်သောလယ်ယာနှင့်အိမ်တွင်းမှုလုပ်ငန်းများ (ဥပမာ-မိလ္လာကျုံးခြင်း) ကို လုပ်ကိုင်လေ့ရှိကြရာမှ ကူလီများနှင့် ရုပ်သွင်တူသူများအပေါ် အောက်တန်းစားအဖြစ် နှိမ်ချခွဲခြား ဆက်ဆံသည့်အလေ့အထလည်း ပေါ်ပေါက်ခဲ့သည်။ ခေတ်သစ်မြန်မာပြည်အားဖန်တီးပုံဖော်ခြင်းစာအုပ် စာမျက်နှာ၃၅၀တွင် ‘မြန်မာတို့၏လူမျိုးရေးဝါဒမှာအပေါ်စီးခံစားချက် အမြင်နှင့် အကြောက်တရားတို့ ရောယှက်နေ၏။ အပေါ်စီးအမြင်မှာ မြန်မာတို့ အများအားဖြင့် ဆက်ဆံတွေ့ထိနေရသော အင်ဒီးယန်း အများစုမှာကျွမ်းကျင်မှုမရှိသောအလုပ်သမားများ၊ ကာယလုပ်သားနှင့် အိမ်တွင်းအစေခံများ၊ ဆင်းရဲမွဲတေ အလုပ်မရွေး ဝမ်းပမ်းတသာ လုပ် မည့်သူများဖြစ်နေသောကြောင့်ဖြစ်သည်။ လူနည်းစုမှာစီးပွါးရေး မျက်စိ နှင့် စီးပွါးရေးစွမ်းအင်ရှိသူများ၊ နေရာဌာနများစွာ၌ အောင်မြင်မှု ရနေသူများကြောင့် ထိတ်လန့်ကြောက်ရွံ့စိတ်ဝင်ခြင်း ဖြစ်၏’ဟု ဆိုထားသည်။ တစ်နည်းအားဖြင့်မြန်မာတို့တွင် အိန္ဒိယ နွယ်ဖွားများနှင့်ပတ်သက်လျှင် ပိုမိုချမ်းသာသူကိုဖြစ်စေ၊ ပိုမိုဆင်းရဲ သူကိုဖြစ်စေအပြုသဘောမဆောင်သော အမြင်သဘောထား တစ်ခု တည်းဖြင့် ဖြတ်သန်းခဲ့ကြရသည်မှာ ကိုလိုနီခေတ် နှစ်တစ်ရာကျော် တစ်လျှောက်လုံးပင် ဖြစ်သည်။

သို့ရာတွင်ကျောင်းသားသမဂ္ဂ၏ပထမဆုံးသော အထွေထွေ အတွင်းရေးမှူးမှာအစ္စလာမ်ဘာသာဝင်ဦးရာရှစ်ဖြစ်ပြီး နောက်ပိုင်းတွင် ဥက္ကဌအထိရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ထို့အတူ လွတ်လပ် ရေးကြိုးပမ်းမှုကာလအတွင်းအသက်စတေးခဲ့ကြရသည့် အာဇာနည် ကိုးဦးတွင် အစ္စလာမ်ဘာသာဝင် ဦးရာဇတ်နှင့် ရဲဘော် ကိုထွေးတို့ ပါဝင်ခဲ့ပြီး မြန်မာ့လူထုက တညီတညွတ်တည်း လက်ခံခဲ့ကြသည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင်မှနိုင်ငံရေးသဘောထားမတူသည့် အုပ်စု များအကြားအမျိုးသားရေးအစွန်းရောက်သဘောထားကို တင်သွင်း လာခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်ခိုက်ရန် ရည်ရွယ်ပြီး ဦးရာဇတ်နှင့်ကိုထွေးတို့အားအာဇာနည်စာရင်းတွင် မထည့်သွင်းဘဲ ဖျောက်ဖျက်ဖော်ပြမှု အချို့ ရှိလာခဲ့သည်။

တစ်ဖန် မြန်မာ့လူ့ဘောင်တွင်လူမျိုးနှင့် ဘာသာတရားကို လည်းကောင်း၊ လူမျိုးနှင့်နိုင်ငံသားကိုလည်းကောင်း ရှင်းလင်းပြတ် သားစွာ ခွဲခြားနားလည်နိုင်စွမ်းလွန်စွာအားနည်းခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် လွတ်လပ်သော ပုဂ္ဂလိကမီဒီယာများ ရှင်သန်ခွင့်ရှိခဲ့သည့် ပါလီမန်ဒီမိုကရေစီခေတ်သက်တမ်းဆယ်နှစ်မျှအတွင်းတွင်သာ လူမျိုးစုများ ၏ ဘာသာစကားကို အခြေခံသော မီဒီယာအချို့ ရှိခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက အာဏာသိမ်းလိုက်ပြီး နောက်တွင်မူ ၁၉၆၂ ခုနှစ် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဥပဒေ ပြဌာန်းကာ စာပေစိစစ်ရေးအသက်ဝင်လာပြီးနိုင်ငံပိုင်မီဒီယာသာလျှင် တစ်ခု တည်းသောမီဒီယာအဖြစ် ရပ်တည်ကာ မြန်မာဘာသာစကားကို အခြေခံသောမီဒီယာသာလျှင် ဖွံ့ဖြိုးနိုင်တော့သည်။ ထို့ကြောင့် နိုင်ငံ၏ ဝါဒဖြန့်ချိရေးယန္တရားကနိုင်ငံတွင်းနေထိုင်သူများကို မြန်မာ လူမျိုးနှင့် ဗုဒ္ဓ ဘာသာသည်သာ နိုင်ငံကို ကိုယ် စားပြုသောအရာအဖြစ် အစဉ်တစိုက် ပုံဖော်ခဲ့ရာမှ အများစုသည် မြန်မာနှင့် ဗုဒ္ဓ ဘာသာကို လူမျိုးနှင့်ဘာသာအဖြစ် ခွဲခြား မမြင်တတ်ကြတော့ပေ။ ထို့တူ ခရစ်ယာန်လူမျိုး၊ ဟိန္ဒူလူမျိုး၊ မွတ်ဆလင် လူမျိုးစသဖြင့် ဘာသာနှင့် လူမျိုးကို ရောထွေးနားလည်လာကြသည်။

လူမျိုးနှင့်နိုင်ငံသားကိုလည်းရောထွေးမှတ်သား တတ်ကြ သည်။ သို့ဖြင့် တရုတ်၊ ကုလား စသည့် လူမျိုးတို့ကို မြန်မာမဟုတ် သဖြင့်၊ ဗုဒ္ဓဘာသာမကိုးကွယ်သူများလည်းရှိသဖြင့် နိုင်ငံခြားသား၊ ဧည့်သည်ဟူသည့် အမြင်များလည်းပေါ်ထွက်လာခဲ့သည်။ ထို့ပြင် ဗမာ မှန်လျှင်၊ ရခိုင်မှန်လျှင် ဗုဒ္ဓဘာသာ၊ ကချင်မှန်လျှင်၊ ချင်းမှန်လျှင်၊ လားဟူမှန်လျှင် ခရစ်ယာန်ဘာသာ စသဖြင့် လူမျိုးနှင့် ဘာသာတရား ကို တရားသေ တွဲစပ်နားလည်ထားကြသည်။ ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်သော ချင်းတိုင်းရင်းသူ ရုပ်ရှင်မင်း သမီးကို အခြားချင်းတိုင်းရင်းသူတစ်ဦးက ဘာသာပြောင်းသွားသဖြင့် ချင်း မဟုတ်တော့ဟု ဝေဖန်သတ် မှတ်မှုမျိုး၊ နိုင်ငံသားမှတ်ပုံတင် လာလျှောက်သည့် လားဟူတိုင်းရင်းသူက သူမသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူဟု မည်သို့ပင် ပြောစေကာမူ လားဟူရွာငယ်လေးရှိ မှတ်ပုံတင်အရာထမ်းက သူမ၏ မှတ်ပုံတင်ထဲတွင် လားဟူလူမျိုး၊ ခရစ်ယာန်ဘာသာဟုဖြည့်လိုက်ခြင်းမျိုးသည် ကြားရလေ့ရှိသော ဇာတ်လမ်းမျိုး ဖြစ်သည်။ ငြိမ်းချမ်း(ခဲ့)သော နေ့ရက်များသို့ ဟူသည့် စာအုပ်တွင်အစ္စလာမ်ဘာသာဝင်မိန်းကလေးတစ်ဦးက သူ့မှတ်ပုံတင် ထဲ တွင် မြန်မာ-အိန္ဒိယ-ပါကစ္စတန်ဟု လူဝင်မှုကြီးကြပ်ရေးဌာနက ဖြည့်ပေးထားကြောင်း၊ မိတ္ထီလာအရေးအခင်းအပြီးတွင် လူမျိုးဟူ သည့် ကွက်လပ်ကိုဖြည့်ရန် ဝန်လေးကြောင်း၊ သူတို့ မိသားစုသည် ပါကစ္စတန်နှင့် မည်သည့် အဆက်အစပ်မျှ မရှိကြောင်း၊ သူ့ကိုယ်သူ မြန်မာဟုသာ ခံယူထားကြောင်း၊ သို့ရာတွင် အများက သူ့ကို ကုလား၊ သွေးနှောအဖြစ်သတ်မှတ်ခေါ်ဝေါ်မှုရှိသဖြင့် စိတ်ပျက်ရကြောင်းတို့ကို ဖော်ပြထားသည်။

သည်နေရာတွင်တရုတ်ဟုဆိုလျှင် နယ်စပ်ကုန်သွယ်ရေး တိုး တက်လာပြီး နောက်ဆက်တွဲ ဝင်ရောက်လာသော တရုတ်နိုင်ငံဖွား တရုတ်များကို ဒေသခံတရုတ်များနှင့် ရောထွေးနားလည်ကြသည် များလည်း ရှိနေသည်။ ရှေးအစဉ်အဆက်ကအခြေချနေထိုင်ခဲ့ကြသော တရုတ်လူမျိုးများသည်သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံသားများဟုသာ ခံယူထား ကြသည်။ သို့သော်စီးပွါးရေးလက်ဝါးကြီးအုပ်ကာ ဒေသခံ မြန်မာတို့၏ လယ်မြေ၊အိမ်ယာများကို စျေးကောင်းပေးဝယ်ပြီး မြို့လယ်တွင်တွင်ကျယ်လာသော တရုတ်ပြည်မမှ ဝင်ရောက်လာသည့် တရုတ်များအား မကျေမနပ်ဖြစ်ကြရသဖြင့် တရုတ်ဟု ဆိုလျှင်ပင် သူစိမ်း၊ နိုင်ငံခြားသား၊ ဧည့်သည်ဟူသည့်စလုတ်တိုက် ဆန့်ကျင်တုံ့ပြန် မှုများလည်း ရှိလာသည်။ ထို့အတူကုလားများကိုလည်းဟိန္ဒူ၊ မူဆလင်၊ ဗမာပြည်ဖွား၊ ကမန်၊ ရိုဟင်ဂျာဟု အလွယ်တကူ ခွဲခြားသိ နိုင်စွမ်း မရှိသည်နှင့်အမျှ သူစိမ်း၊ နိုင်ငံခြားသား၊ ဧည့်သည်ဟု စလုတ်တိုက် ဆန့်ကျင်တုံ့ပြန်တတ်ကြသည်။

သို့သော် နိုင်ငံရေးနှင့်စီးပွါးရေးအရ တရုတ်ပြည်မကြီးက မြန်မာနိုင်ငံအပေါ် မည်မျှအမြတ်ထုတ်နေသည်ဆိုဆို တရုတ်အများ စုသည် ဒေသခံတိုင်းရင်းသားရှမ်းများနှင့် ဆင်တူကာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသဖြင့် တရုတ် အလိုမရှိ ဟူသည့် ခံစားချက်မှာ မပြင်း ထန်ဟုဆိုရပါမည်။ထို့ပြင်စစ်အစိုးရလက်ထက်တစ်လျှောက်လုံး တွင် သူ့ဘက်မှနိုင်ငံရေးအရရပ်တည်ပေးသော တရုတ်နိုင်ငံအကြောင်း ကိုကောင်းကြောင်းသာ ရွေးပြီး နိုင်ငံပိုင်မီဒီယာများတွင် ရေးသားထုတ် လွှင့်ပြသခဲ့ခြင်းကလည်း မြန်မာ့လူ့ဘောင်တွင်တရုတ်လူမျိုးများနှင့် ပတ်သက်ပြီး အပြုသဘောဆောင်သောခံစားချက် ဖြစ်စေအောင်ကြိုး ပမ်းမှုဖြစ်သည်။ သို့သော်စစ်အစိုးရခေတ်တစ်လျှောက် နိုင်ငံပိုင်မီဒီယာ များတွင်စစ်အာဏာရှင်ကို အမြဲဆန့်ကျင် ကန့်ကွက်ရှုံ့ချ ဖိအားပေး သော အမေရိက၊ အီးယူစသည့်နိုင်ငံများ၏ပုံရိပ်ကို အပျက်သဘော ဖြစ်အောင်ရည်ရွယ်ကာရေးသားထုတ်လွှင့်ခဲ့ရာ အစ္စလာမ်မစ်အစွန်း ရောက်များကြီးစိုးသောအာရှအရှေ့အလယ်ပိုင်းဒေသ၏အကြမ်းဖက် သတင်းများ၊ ပုံရိပ်များက အများစု ဖြစ်ခဲ့သည်။  ထို့ကြောင့် မြန်မာ့ လူ့ဘောင်သည် ကုလားဟု မူလအနက်ရင်းကို မသိဘဲ သူတို့ နှုတ်ကျိုးကာခေါ်ဝေါ်နေသည့်သူများနှင့်သွင်ပြင်မူရာ၊ ကိုးကွယ်ရာ ဘာသာတူသူများအပေါ်တွင် အပျက်သဘောဆောင်သော အမြင်ကို သာ အမွေ ရခဲ့လေသည်။ သို့ဖြင့် နောင်တွင် ကုလား၊ မူဆလင်ဟူသော အမှတ်လက္ခဏာ အပေါ် ကြောက်ရွံ့၊ ရွံ့ရှာစိတ်ကို မွေးမြူပေးရန် အခွင့်သာခဲ့သည်။

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ ကို သိမ်းပိုက်ပြီးပြီးချင်း ပုံနှိပ်ဥပဒေတစ်ရပ် ကို ပြဌာန်းကာ ပုဂ္ဂလိက နေ့စဉ်သတင်းမီဒီယာအားလုံးကို ရပ်ဆိုင်းစေခဲ့သည်။ စာပေစိစစ်ရေး ပေါ်ပေါက်ခဲ့သည်။ စာပေစိစစ်ရေးဌာနသည်ရန်ကုန်မြို့တွင်သာရှိ သဖြင့်ကျန်တိုင်းနှင့်ပြည်နယ်များတွင်ဒေသဆိုင်ရာမီဒီယာများ၊ စာအုပ် ထုတ်ဝေရေးလုပ်ငန်းများ တည်ထောင်ခွင့်မပြုဟု တရားဝင်မဆို စေကာမူ ယင်းဒေသများတွင် မီဒီယာလုပ်ငန်း ပေါ်ထွန်းရန် အခြေ အနေမပေးတော့ပေ။ စာမူများကို စာပေစိစစ်ရေးဌာနသို့ တင်ပြကာ ခွင့်ပြုချက်ရမှသာ ပုံနှိပ် ခွင့် ရှိသကဲ့သို့ ပုံနှိပ်ပြီးသည့်အခါ တွင်လည်း ဖြန့်ချိခွင့်အတွက် စာပေစိစစ်ရေးဌာနသို့ ထပ်မံတင်ပြရသည်။ စာပေ စိစစ်ရေးဌာနတွင် မြန်မာနှင့်အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထား သောစာမူများကိုသာ စိစစ်ပေးနိုင်လေ့ရှိသည်။ သို့ဖြင့်ရန်ကုန်နှင့် အလှမ်းဝေးသောဒေသများတွင်ပုံနှိပ်လုပ်ငန်းများသည် မင်္ဂလာဆောင်၊ အသုဘဖိတ်စာနှင့် ကုန် ပစ္စည်းတံဆိပ်ရိုက်သည့်အလုပ်များကိုသာ လက်ခံဆောင်ရွက်နိုင်ကြတော့သည်။ ဒေသဆိုင်ရာ မီဒီယာအပါအဝင် တိုင်းရင်းသားလူမျိုးစုများ၊ ဘာသာရေးလူနည်းစုများနှင့် သက်ဆိုင် သောစာပေများပေါ်ထွန်းရန်အခွင့်အလမ်းလည်း ရပ်ဆိုင်းသွားတော့ သည်။

စာပေစိစစ်ရေးကြောင့်လည်း စုံလင်ကွဲပြားသည့်လူ့ဘောင်၏ ပုံရိပ်ကိုစာမျက်နှာများတွင်တွေ့ခွင့်မသာခဲ့ချေ။ တစ်ဖန် ဘာသာစကား အရာတွင်လည်း တရားဝင်ဘာသာစကားကို မြန်မာဘာသာစကား တစ်မျိုးတည်းအားသတ်မှတ်ထားပြီးပညာရေးစနစ်တွင်လည်း မြန်မာ ဘာသာစကားဖြင့်သာ သင်ကြားပေးသဖြင့် အခြားသောလူမျိုးများနှင့် ဘာ သာဝင်များ အကြောင်းကို အများပြည်သူကလုံလောက်စွာ မသိရှိ နိုင်ကြပေ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ​ခေတ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးခေါင်းစဉ်အောက်တွင် ဗမာနှင့်အခြား (တရားဝင် အဖြစ် သတ်မှတ်ခံထားရသော) တိုင်းရင်းသားများအကြား ချစ်ကြည် ရင်းနှီးသောဆက်ဆံရေး ရှိကြောင်း ရေးသား၊ စပ်ဆို၊ ရိုက်ကူးထား သည့် စာပေ၊ ဂီတ၊ ရုပ်ရှင်တို့ကို ဝါဒ ဖြန့်ချိရေးအတွက် လုပ်ဆောင်ခဲ့ ရာမှနောင်တွင်အနုပညာရပ်ဝန်းကတိုင်းရင်းသားများအကြား ဆက်ဆံ ရေးကိုအခြေခံသောလက်ရာများကို သူတို့သဘောနှင့်သူတို့ ဖန်တီးလို စိတ်အား ဟန့်တားရာရောက်ခဲ့သည်။ တစ်နည်းအားဖြင့် ထိုအကြောင်း အရာသည် အစိုးရက အများပြည်သူအား လိမ်ညာလှည့်ဖြားရန် အသုံး ချသော အကြောင်းအရာအဖြစ် ရှုမြင်ခံရရာမှ လွတ်လပ်လာသည့် အခါတွင် ထိုအကြောင်းအရာကို အခြေခံသော အနုပညာ လက်ရာများ ဖန်တီးရန် တွန့်ဆုတ်လာကြခြင်းဟု ယူဆနိုင်ပါသည်။ နှစ်ငါးဆယ်ကြာ စာပေစိစစ်ရေးနှင့်ဝါဒဖြန့်ချိရေးကလည်းလူ့ဘောင်တွင် ဖြစ်နေသမျှ ကို မထင်ဟပ်ဘဲ အာဏာရှိသူအလိုကျ အကြောင်းအရာများကိုသာ ထင်ဟပ်ခဲ့ရာ အများလူထုမှာ ကိုယ်တွေ့မှ မဟုတ်လျှင် လူ့ဘောင် အတွင်းရှိ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အကျုံးဝင်မှု များကို သည်နိုင်ငံတွင် ရှိသည်ဟုပင် မထင်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ငြိမ်းချမ်း(ခဲ့) သောနေ့များသို့ စာအုပ် ထွက်လာချိန်တွင် အသက်နှစ်ဆယ်ဝန်းကျင်လူငယ် စာဖတ်သူများက တစ်ချိန်တစ်ခါက ဘာသာရေးကိုး ကွယ်ယုံကြည်မှု မတူသူများကြားတွင် ထိုသို့သော ချစ်ခင်စည်းလုံးမှု ရှိခဲ့သည်ဟူသည့် အကြောင်းအရာကို ယုံကြည်ရန် ခဲယဉ်းကြောင်း ဖွင့်ပြောခဲ့ကြသည်။ နိုင်ငံပိုင်သတင်းစာများတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် နှီးနွယ်သည့် ပွဲတော်သတင်းများ၊ အလှူ အတန်းပြုခြင်းများ၊ လှုပ်ရှားမှုများကိုသာဖော်ပြလေ့ရှိပြီး သုတ္တန်များ ထဲမှ ကောက်နှုတ် ချက်ကိုလည်း အဖွင့်စာမျက်နှာတွင် ဖော်ပြလေ့ ရှိသည်။ အခြားဘာသာရေးအဆုံးအမများကိုမူ ဖော်ပြလေ့ မရှိပေ။ ထို့ပြင် ပညာရေးစနစ် အားနည်းချက်ကြောင့် အများပြည်သူက နိုင်ငံတွင်းရှိ တိုင်းရင်းသား၊ နိုင်ငံသားနှင့် လူမျိုး၊ ဘာသာတို့ကို တိကျသေချာ သဲကွဲစွာ နားလည်သဘောပေါက်နိုင်မှု မရှိပေ။ ထို့ကြောင့် ရုပ်ရှင်နှင့် ကဇာတ်တို့တွင် ဗမာစကားကိုပီသအောင် မပြောမဆိုတတ်ခြင်းသည်ပင် လှောင်ပြောင် ရယ်မောစရာအသွင် ဆောင်ခဲ့ဖူးသည်။ မကြာသေးမီကာလကတရုတ်မလေးကို ချစ်တယ် ဟု အမည်ရသော ရုပ်ရှင်ကားတစ်ကားရုံတင်ပြသခဲ့ပြီး တရုတ်လူမျိုး များအား လှောင်ပြောင်သရော်ထားသည့် ပြကွက်များစွာ ပါနေသည်ဟု ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။ အလားတူပင် ဆိုရှယ် လစ်ခေတ်တစ် လျှောက်တွင် ရုပ်ရှင်များတွင် လူဆိုးများက ရှမ်းတိုင်းရင်းသားများ ဝတ်ဆင်လေ့ရှိသည့် ရှမ်းဘောင်းဘီကို အဝတ်များကြသဖြင့် ရှမ်းတို့ ကသူတို့အား လူဆိုးအဖြစ် လူထုက မြင်အောင် လုပ်ခံရသည်ဟုခံစား ရကြောင်း ထောက်ပြမှု များ ရှိသကဲ့သို့ ကရင်ဆိုလျှင်အိမ်ဖော်မလေး ဇာတ်ရုပ်မျိုးဖြင့်သာ ရေးသားရိုက်ကူးလေ့ရှိကြသည်ဟု ဝေဖန်မှုမျိုး လည်း ရှိနေသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က တိုင်းရင်းသားလူမျိုး များအကြား ချစ်ကြည်စည်းလုံး နေပါသည် ဟူ သော ဝါဒဖြန့်ချိရေးကို အနုပညာပုံစံများစွာြဖင့် ဆောင်ရွက်ခိုင်းခဲ့သော်လည်း စစ်အစိုးရလက် ထက်တွင်မူ စာပေစိစစ် ရေးက ထိုသို့သော အကြောင်းအရာများကို ရေးသားနိုင်မည့် စာရေးသူများအား သတင်းစာဆောင်းပါးများအဖြစ် ရေးသားရန် တောင်းဆိုစေခိုင်းခဲ့သည်သာမက ပုဂ္ဂလိကပိုင်မဂ္ဂဇင်း များ၊ ဂျာနယ်များတွင်ပါယင်းဆောင်းပါးများကိုမထည့်မနေရ စေခိုင်း ခဲ့သည်။ ထိုသို့စေခိုင်းထားခြင်းကို သာမန်စာဖတ်သူများက မရိပ်မိ၊ မသိရှိနိုင်ခဲ့ကြရာအဆိုပါ ဆောင်းပါးပါ အကြောင်းအချက်များသည် ပုဂ္ဂလိကမီဒီယာတွင်ဖော်ပြခြင်းဖြစ်သဖြင့် အစိုးရမီဒီယာထက် ပိုမို လက်ခံနိုင်ဖွယ်ဟုသာ နားလည်လက်ခံခဲ့ကြသည်။ တစ်ပြိုင်တည်းတွင် စာပေစိစစ်ရေးကြောင့် လူထုသည် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဖြစ်ပေါ်နေသောအကြောင်းအရာများကို လုံလောက်အောင် သိခွင့် မရခဲ့ကြပေ။ တစ်နည်းအားဖြင့်နိုင်ငံအတွင်းမည်သူများက မည်သည့် အချိန်ကတည်းက အခြေချနေထိုင်ခဲ့ကြသည်၊ ဌာနေတိုင်းရင်းသား များမှာ မည်သူတို့ဖြစ်ကာ မည်သည့်နေရာများတွင် နေထိုင်ကြသည် ဟူသော အကြောင်းများကို အစိုးရမီဒီယာက လုံလောက်စွာမဖော်ပြ ခဲ့ဘဲ အစိုးရရုံးစိုက်ရာ မြို့ကြီးများအကြောင်းနှင့် လူများစုဗမာများ အကြောင်းကိုသာ ဖော်ပြခဲ့သည်။ ဝါဒဖြန့်ချိရေးဆောင်းပါး များတွင်မူ အိမ်ရှင်-ဧည့်သည်သဘောတရားကို အားပေးမည့် အတွေးအခေါ်၊ အဖြစ်အပျက်များကို ဇောင်းပေးဖော်ပြခဲ့ သည်။ သို့ဖြင့် အများစုလူထု သည် အခြားပုဂ္ဂလိကမီဒီယာနှင့် ပြည်ပမီဒီယာများ၊ သမိုင်းစာပေများ ကိုမဖတ်ရှုဖူးခဲ့ပါကလူမျိုးရေး၊ ဘာသာရေးနှင့်ပတ်သက်သော ခံယူ ချက်မှာလွန်စွာကျဉ်းမြောင်းသည့်အနေအထားသို့ ရောက်ရှိသွားတော့ သည်။ သူတို့နေထိုင်ကျင်လည်ရာပတ်ဝန်းကျင်တွင် ရှိသောလူမျိုး၊ ဘာသာနှင့် အကြောင်းအရာများကိုသာ ကိုယ်တွေ့ မို့ သိသော်လည်း အခြားဒေသနှင့်လူမျိုး၊ ဘာသာများအကြောင်းကိုမူ အစိုးရဝါဒ ဖြန့်ချိရေးက သိစေချင်သည့်အတိုင်း သာ သိခဲ့ကြသည်။

ဘာသာစကားများအား နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဖိနှိပ်ထားခဲ့ ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများတွင်လည်းယဉ်ကျေးမှုနှင့် ဘာသာ ရေးအကျုံးဝင်မှု အားနည်းခြင်း ပါဝင်ပါသည်။ နိုင်ငံတော်သည် ဗမာဘာသာစကားကိုသာ တရားဝင် အသိအမှတ်ပြုပြီး ကျန်တိုင်းရင်း သားဘာသာစကားများကို လျစ်လျူရှုခဲ့သကဲ့သို့ အခြားလူမျိုးစုများက ဗမာဘာသာစကားတတ်မြောက်မှုအနေအထားအပေါ် လေ့လာဆန်း စစ်ရန်နှင့် တိုက်တွန်းအားပေးရန်ကိုလည်း မသိကျိုး ကျွန်ပြုခဲ့သည်။ အစိုးရကဝါဒဖြန့်ချိရေးကိုဗမာဘာသာစကားဖြင့်သာ ဆောင်ရွက်ခဲ့ သော်လည်းကျန်ဘာသာစကားများ ကိုသာတတ်ကျွမ်းသည့် ပြည်တွင်း နေလူထု၏ အစိုးရအပေါ် သဘောထားကို လျော့တွက်လျစ်လျူရှု ခဲ့သည်။ သို့ဖြင့်ရခိုင်ဒေသတွင်ရိုဟင်ဂျာစကားပြောသောလူများသည် အစိုးရ၏ (ဝါဒဖြန့်ချိရေးအပါဖြစ်သော) သတင်းအချက်အလက် ယန္တရားနှင့် ကင်းလွတ်မှန်း မသိ ကင်းလွတ်နေခဲ့သည်။ သူတို့က ယုံကြည်သော အစ္စလာမ်ဘာသာရေး ခေါင်းဆောင် များ၏ (ဝါဒဖြန့်ချိ ရေးမကင်းသော)သူတို့ နားလည်သည့်စကားများကိုသာ သတင်းအဖြစ် လည်းကောင်း၊ ဗဟုသုတ အဖြစ်လည်းကောင်း လက်ခံပြီး အစိုးရ ဖြစ်စေ၊ သူတို့နှင့် လူမျိုးဘာသာမတူသော အခြားမည်သူကဖြစ်စေ ပြောပြ သမျှကို လက်မခံ၊ မယုံကြည်သည့် စိတ်အခြေ အနေမျိုး ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ်စက်တင်ဘာလနောက်ပိုင်း အချိန်ကာလတိုအတွင်း နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးသွားရသည့် အဓိက အကြောင်းရင်းများတွင် လူ အချို့အတွက် ရက်စက်ကြမ်း ကြုတ်မှုများကို ကိုယ်တွေ့ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင် သော်လည်း (စုစုပေါင်း လူဦးရေ ၇သိန်း ဟု ဆိုရာ) သိန်းချီသော လူများမှာမူ သူတို့ အချင်းချင်းထံမှဖြစ်စေ၊ ဘာသာရေးခေါင်းဆောင် များမှဖြစ်စေ ရရှိကြား သိရသော သတင်းအချက်အလက်ကြောင့် လည်း စိုးရိမ်ပူပန်ခဲ့သဖြင့် ထွက်ပြေးရခြင်းဟု ဆိုနိုင်သည်။ သည်နေရာတွင် ဘာသာစကားနှင့် ဘာသာပြန်ဖွင့်ဆိုရှင်းပြခြင်း၏ အခန်းကဏ္ဍကို လည်း သတိပြုရမည်ဟု ယူဆပါသည်။ မြန်မာအစိုးရ ဘက်မှ ပြန်လည်လက်ခံရေးအစီအစဉ်များ ချမှတ်ပြီး ဖြစ်သော်လည်း ယခုထိ ပြန်လည်ဝင်ရောက်လာသူမရှိသေးသည့် အခြေအနေမှာ လူတစ်ဦး ချင်း၊ မိသားစုတစ်စုချင်း၏ သဘောထားအစစ်အမှန် ဖြစ် မဖြစ် သိရှိရန် ခက်ခဲသည်ဟု ဆိုရပါမည်။1 မီဒီယာများ၊ အစိုးရနှစ်ဖက် ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံပြောဆို ဆက်ဆံနိုင်သူများကတစ်ဆင့် သာ ထိုလူခုနစ်သိန်းကို သတင်းစကား ပါးနေရခြင်းကြောင့် သတင်း စကားအပေါ် နားလည်မှု လွဲခြင်းနှင့်အတူ အခြား မမြင်မသိနိုင်သော ဖိအားများ ရှိနေနိုင်သည်ကိုလည်း သတိပြုသင့်ပါသည်။ ထို့ကြောင့် ယဉ်ကျေးမှုနှင့် ဘာသာရေး အကျုံးဝင်မှု အားနည်းခြင်းတွင် ဘာသာ စကား၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည်ဟု ဆိုရပါမည်။

ရှိခဲ့ဖူးသောလူမှုသဟဇာတနှင့်ယဉ်ကျေးမှု-ဘာသာရေးအားလုံး အကျုံးဝင်မှု

သို့ရာတွင်မိသားစုတစ်စုချင်းနှင့် လူတစ်ဦးတစ်ယောက်ချင်း အကြားတွင် ရှိသောလူမှုသဟဇာတဖြစ်မှု၊ စုံလင်ကွဲပြား မတူခြားနား မှုများအပေါ် လက်သင့်ခံနိုင်မှုတို့မှာမူ အတော်ကြီး အားကောင်းခဲ့ သည်မှာ သေချာသည်။ Myanmar ICT for Development Organization MIDO က ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေခဲ့သော ငြိမ်းချမ်း(ခဲ့) သောနေ့ရက်များသို့ အမည်ရှိစာအုပ်မှာ ဘာသာတရား ကွဲပြားသူများအကြား မည်ကဲ့သို့ အတူတကွ ရှင်သန်နေထိုင်ခဲ့ကြ သနည်းဟူသော မေးခွန်းအား ၂၀၁၆-၁၇ ခုနှစ် နှစ်နှစ်တာကာလ အတွင်း ဘာသာရေးပဋိပက္ခများ ဖြစ်ခဲ့ဖူးသော မြို့ရွာဒေသ ငါးနေရာရှိ လူပေါင်း ၁၈၀ ကျော်အား မေးမြန်းကာ ပြုစုထားခြင်းဖြစ်သည်။ ယင်းစာအုပ်တွင် ဖော်ပြထားသော နှုတ်ပြောသမိုင်းများအရ မြန်မာ့ သမိုင်းတွင် လူမှုသဟဇာတရှိမှုသည် အမှန်တကယ် အခိုင်အမာ တည်ရှိခဲ့ဖူးကြောင်းလည်း ထင်ရှားသည်။ ယင်းစာအုပ်တွင် ပါရှိသော သူတို့၏ ပြောကြားချက်များအရ စစ်အစိုးရလက်ထက်နှင့် ဦးသိန်းစိန် အစိုးရ လက်ထက်များတွင် ဖြစ်ပွါးခဲ့သော ပဋိပက္ခများသည် ဖြစ်ပွါး ရသော အကြောင်းရင်းမှာ မည်သို့ပင်ဖြစ်စေ (ဘာသာရေးကြောင့်၊ လူမျိုးရေးကြောင့်၊ သို့မဟုတ်အခြားအကြောင်းကြောင့်) နောက်ဆက် တွဲရလဒ်အဖြစ် လူမျိုး ဘာသာ မတူကွဲပြားသူများအကြား တင်းမာ သောဆက်ဆံရေးနှင့် တစ်ဖက်ကို တစ်ဖက် မယုံကြည်သော၊ ရန်လို သော၊ စိုးရိမ်ကြောက်ရွံ့သော တုံ့ပြန်မှုများကိုသာ ဖြစ်ပွါးစေသည်ကို တွေ့ရသည်။

ယင်းစာအုပ်တွင် ယခင်ကာလများက ဘာသာမတူသောလူထု ကြားတွင်အချင်းချင်းနားလည်ချစ်ခင်စွာ နေထိုင်ခဲ့ကြပုံ အများအပြား ကို ဖတ်ရှုရနိုင်သည်။ စာမျက်နှာ ၂၇ တွင် အစ္စလာမ်ဘာသာဝင် ဥပဒေ ပညာရှင်တစ်ဦးကသူငယ်စဉ်က တက်ခဲ့ရသောကျောင်းတွင် အစ္စလာမ် ဘာသာဝင်များ များပြားသဖြင့် သောကြာနေ့ ကျောင်းတက်ချိန်ကို ယင်းတို့အတွက် ၁၅ မိနစ် နောက်ဆုတ်ပေးခဲ့ကြောင်း၊ စာမျက်နှာ ၆၅ တွင် အစ္စလာမ်ဘာသာဝင်အမျိုးသားကြီးတစ်ဦးကသူငယ်စဉ်က သူ့ ဖခင်၏မိတ်ဆွေ မန္တလေးမှ ဘုန်းကြီးတစ်ပါးက သူတို့မြို့ကို လာတိုင်း သူတို့အိမ်ဧည့်ခန်းတွင် တည်း ခိုနေထိုင် သီတင်းသုံးခဲ့ရာ သူတို့ကပင် ဆွမ်းကွမ်းဝေယျာ၀စ္စများ ပြုလုပ်ပေးကြောင်း၊ အခြားဘာသာဝင်များ ၏ပွဲတော်များတွင်လည်းသူတို့ကို ဝိုင်းဝန်းကျွေးမွေး လှူဒါန်းကြ ကြောင်း၊ စာမျက်နှာ ၈၇၊ ၁၀၂ တို့တွင်လည်း ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင်များတွင် ဘာသာလူမျိုးမခွဲခြားဘဲ မည်မျှနှင့်မည်သို့ ပျော်ရွှင်ချစ်ခင်စွာ စုပေါင်းဆင်နွှဲခဲ့ကြကြောင်း၊ စာ မျက်နှာ ၁၁၅ တွင် အစ္စလာမ်ဘာသာဝင်အိမ်ခြေ အလွန်နည်းသောရပ်ကွက်လမ်းလေး တွင် မွေးဖွားလာခဲ့သူက သူ့ ကိုယ်သူ ဗုဒ္ဓဘာသာဝင် များက မွေးဖွား လာခဲ့သူဟုထင်မိလောက်အောင် ဗုဒ္ဓဘာသာပတ်ဝန်းကျင်က သူ့အပေါ် အ လွန်ကောင်းမွန်စွာ စောင့်ရှောက်မေတ္တာထားပေးကြောင်း၊ စာမျက် နှာ ၁၁၉ နှင့် ၁၄၈ တို့တွင် ၂၀ဝ၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကာလအတွင်း မေတ္တာပို့ ဆုတောင်းချီတက်လာကြသော ဗုဒ္ဓဘာသာဘုန်းကြီးများ အား ဝိုင်းဝန်းကူညီအား ပေးကြရာတွင် အစ္စလာမ်ဘာသာဝင်များကြားတွင်ပင် ရှိယိုက်မူဆလင်များက ဆွန်နီဗလီ ပေါ်မှ ရေသန့်ဘူးများကို ကူညီ သယ်ဆောင်ပေးသည်အထိ လူမျိုးဘာသာမခွဲဘဲစည်းလုံးညီညွတ်ခဲ့ကြကြောင်းတို့ကို ဖော်ပြထား သည်။

ယင်းစာအုပ် စာမျက်နှာ ၆၁ တွင် ၁၉၉၀ နောက်ပိုင်း ဗိုလ်ချုပ် ခင်ညွန့်လက်ထက်၁၉၉၆ခုနှစ်တွင် ကျောင်း သားများက ဆန့်ကျင်ဆန္ဒ ပြမှု ပြုလုပ်ချိန်တွင်နယ်မြို့တစ်မြို့မှာကုလား-ဗမာအရေးအခင်းဖြစ် အောင် ဖန်တီးယူကြောင်း တောင်ပေါမြို့တစ်မြို့မှ အစ္စလာမ်ဘာသာ ဝင်အမျိုးသားကြီးတစ်ဦး၏  အဆိုကို ဖော်ပြထားသည်။ စာမျက်နှာ ၂၀၄ တွင် မြေလတ်မြို့တစ်မြို့မှ အစ္စလာမ်ဘာသာဝင်အမျိုးသမီးငယ် တစ်ဦးကလည်း ၂၀၁၄ ခုနှစ်မန္တလေးတွင် အစ္စလာမ်ဘာသာဝင်တစ်ဦး နှင့် ဗုဒ္ဓဘာသာဝင်တစ်ဦးတို့ အသတ်ခံရသည့်ကိစ္စမှာ နိုင်ငံရေးလှည့် ကွက်ဟု သိရှိကြောင်း ပြောပြ ချက်ကို ဖော်ပြထားသည်။ (ထိုစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် လှည့် လည်စည်းရုံးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လူထုထံမှ သဘောတူကြောင်း လက်မှတ်များ ကောက်ခံသည့် ကမ်ပိန်းပွဲကြီးကို မန္တလေးတွင် ပြုလုပ်ရန် ပြင်ဆင်ထားချိန်လည်း ဖြစ်သည်။) စာမျက်နှာ ၁၃၄ နှင့် ၁၄၃ တို့တွင်လည်း ၁၉၉၇ ခုနှစ်က မန္တလေးတွင် မဟာမြတ်မုနိဘုရား၏ ဝမ်းဗိုက်တော်ကို ဖောက်ထွင်းမှု ဖြစ်ပွါး ခဲ့ပြီး (ယင်းတွင်ဗိုလ်ချုပ် ခင်ညွန့်ကအဓိကပါဝင်သည်ဟု ပြောဆိုမှုများ ရှိသည်) ယင်း၏ နောက်ဆက်တွဲအဖြစ် အနီးအနားရှိ ဗလီများကို တိုက်ခိုက်မှု၊ ရှာဖွေမှုများ ရှိခဲ့ကြောင်း၊ ထိုသို့သောကာလ တွင်ပင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား နားလည်မှု ရှိရှိ နေထိုင်ခဲ့ကြကြောင်း၊ စာမျက်နှာ၁၆၈တွင် ဟိန္ဒူ ဘာသာဝင် များနှင့် အစ္စလာမ်ဘာသာဝင်များအကြား မည်သို့ သဟဇာတဖြစ်ဖြစ် နေထိုင်ခဲ့ကြကြောင်း၊ စာမျက်နှာ ၁၉၉ တွင် အစ္စလာမ်ဘာသာ ဝင်မိန်းကလေးငယ်တစ်ဦးနှင့် ရခိုင်အမျိုးသမီး တစ်ဦးတို့အကြား သာမန်သူငယ်ချင်းအဖြစ်ထက် စိတ်တူကိုယ်တူ (soul mate) အဖြစ် မည်သည့်ပတ်ဝန်းကျင်ဖိအားကိုမျှ ဂရုမစိုက်ဘဲ ခင်မင်ရင်းနှီးကြောင်း  ပြော ပြချက်များကို ဖော်ပြထားသည်။

စာမျက်နှာ ၃၉ တွင် ဗုဒ္ဓဘာသာဝင်အချင်းချင်းကြား ကုလားကို အားမပေးရန် ဖိအားပေးမှုသည် အရေး အခင်းများ ဖြစ်ပြီးစတွင်  ပြင်းထန်သလောက် အချိန်ကြာလာသည်နှင့် မူလက ခင်မင်ရင်းစွဲ ရှိခဲ့သည့်သူများ ကြားတွင်စာနာနားလည်မှုများ ပြန်လည်ပေါ်ပေါက် လာပုံကို မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးက ရှင်းပြထား သည်။ စာမျက်နှာ ၇၀ တွင် ပဋိပက္ခဖြစ်စဉ်တွင် အခြားနေရာမှလာသော ဗုဒ္ဓ ဘာသာဝင်ဆိုသူ အကြမ်းဖက်သမား များကို ရပ်ကွက်တွင်းရှိ ဗုဒ္ဓ ဘာသာဝင်နှင့်အခြားဘာသာဝင်လူငယ်များကအန်တုခုခံကာ အစ္စလာမ်ဘာသာဝင် များအား စောင့်ရှောက်ပေးခဲ့ပုံကို အစ္စလာမ် ဘာသာဝင် လူကြီးတစ်ဦးက ရှင်းပြသည်။ စာမျက်နှာ ၈၈ တွင် ရပ် ကွက်များတွင် တပ်မတော်မှရာထူးကြီးသူများက ဘာသာရေး ခွဲခြားမှု ကို ရိုက်သွင်းသဖြင့် ဒေသခံလူငယ်လေးများကြား လူမှုရေးသဟဇာတ ရှိမှုသည် ယခင်ခေတ်များလောက် အားမကောင်းတော့ဘဲ လျော့ရဲလာ ကြောင်း အစ္စလာမ် ဘာသာဝင်တစ်ဦးက ပြောပြသည်။ စာမျက်နှာ ၁၃၃ တွင်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်း ဖြစ်ခဲ့သည့် တင်းမာမှု သည် သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သဖြင့် ၂၀၁၇ ခုနှစ်သို့ ရောက်သောအခါ နဂိုမူလ အခြေအနေသို့ ပြန် ရောက်နေပြီဖြစ်ကြောင်း၊ စာမျက်နှာ ၂၀၃ တွင် အစ္စလာမ်ဘာသာဝင်တစ်ဦးက သူတို့အချင်းချင်းကို မုတ်ဆိတ် ထား၊ ခေါင်းမြီးခြုံနေကြသဖြင့် လက်ညှိုးထိုးအပြစ်ပြောခံရခြင်းဟု ယူဆကာ အချင်းချင်းကို ငြိုငြင်ခဲ့သော်လည်း မိတ္ထီလာအရေးအခင်း အပြီးတွင်မူ ထိုအကြောင်းများကြောင့် ပဋိပက္ခဖြစ်ခဲ့ရခြင်း မဟုတ် ကြောင်း ကောင်းစွာသဘော ပေါက် သွားပြီး ယခင်က ဖြစ်ခဲ့ဖူးသော အစ္စလာမ်ဘာသာဝင်ဖြစ်ခြင်းအပေါ် ရှက်ရွံ့အားငယ်စိတ်များ မဖြစ် တော့ကြောင်းတို့ကို ဖော်ပြထားသည်။ 

ထိုအကြောင်းအရာများကို ကြည့်လျှင် လူတစ်ဦးချင်း၊ မိသားစု တစ်စုချင်းအနေဖြင့်လည်းကောင်း၊ သာမန် ရပ်ကွက်မြို့ရွာလမ်းများ အတွင်းရှိ လူနေမှုစနစ်လေးများအတွင်းတွင်လည်းကောင်း လူမှုရေး၊ ဘာသာရေးအရ သဟ ဇာတ ဖြစ်မှုမှာ အထင်အရှား ရှိခဲ့ပြီး နိုင်ငံရေး အရ ပြဿနာ ဖြစ်လာချိန်တွင်သာ ထိုသဟဇာတရှိနေမှုသည် ပြိုကွဲ လျော့ကျရကြောင်း၊ သို့သော် အချိန်ကာလတစ်ခုအတွင်း မူလ ရှိခဲ့သော သဟဇာတဖြစ်မှုကို လူတစ်ဦးချင်း၊ မိသားစု တစ်စုချင်းက ပြန်လည်ရှာဖွေလေ့ရှိသော်လည်း ဆက်တိုက်ဆိုသလို ဖြစ်လာသော နိုင်ငံရေးအရှုပ်အထွေးများကြောင့် လက်ရှိလူငယ်မျိုးဆက်ကာလတွင် မူ ယခင့်ယခင်ကာလများလောက် လူမှုရေးသဟဇာတဖြစ်မှု မရှိတော့ ဘဲလူမျိုး ဘာသာ တူရာချင်းသာ ပိုမိုကူးလူး ဆက်ဆံလာကြကြောင်း တို့မှာ ထင်ရှားသည်။

ရခိုင်ပြည်နယ်အရေး နှင့်လူမျိုးရေး ခွဲခြားမှု/လူမျိုးရေး ပဋိပက္ခလှုံ့ဆော်မှုများ

ရခိုင်ပြည်နယ်တွင် ရှိနေသော လူ့အဖွဲ့အစည်း၏ သဟဇာတ မဖြစ်မှုသည် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာလူမျိုး အစ္စလာမ်ဘာသာဝင်များအကြား ဖြစ်ပွါးသော ပြဿနာဟုဆိုရမည့် အနေအထားထက် ပိုမိုရှုပ်ထွေးသည်။

စင်စစ် သမိုင်းကို ပြန်ကြည့်လျှင် ရခိုင်သည် မတူကွဲပြားမှု များကို အတော်ကြီး လက်သင့်ခံနိုင်သောဒေသ ဖြစ်ခဲ့ကြောင်း တွေ့ရ နိုင်သည်။ ဒေါက်တာသန့်မြင့်ဦး ရေးသားသော ခေတ်သစ်မြန်မာပြည် အား ဖန်တီးပုံဖော်ခြင်း စာအုပ် စာမျက်နှာ ၁၃၈ တွင် ‘ရခိုင်ဒေသ ရာစုနှစ်နှင့်ချီ၍ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကြောင့် စီးပွါးဖွံ့ဖြိုး တိုးတက် ခဲ့ရာနေရာလည်းဖြစ်သည်။ အာရှတိုက်မကြီးနှင့် အခြား နေရာများမှ လူအမျိုးမျိုးနှင့် အတွေးအခေါ်၊ အယူအဆ အထွေထွေ ကို အလိုက်သင့် လက်ခံနည်းယူခဲ့ရာလည်း ဖြစ်သည်။ တိုးတက်ဖွံ့ဖြိုး စည်ပင်နေသော ယဉ်ကျေးမှုခေတ် သစ် မြန်မာ့သမိုင်းတလျှောက် လူမျိုးစုံ ဘာသာစုံ ပါဝင်သော နန်းတွင်းအုပ်ချုပ်ရေးမျိုး ရှိသည့်နေရာ ဖြစ်သည်’ ဟု ဆိုထားသည်။ ထို့ပြင် စာမျက်နှာ  ၉၆  ၌ ပထမထောင်စု ၏ အလယ်ပိုင်းရာစုနှစ်တွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံအများစုတွင် ရှင်ဘုရင်များက အိန္ဒိယနာမည်နှင့် ဘွဲ့မည်များ ခံယူ ကြကြောင်း ဖော်ပြထားရာ ရှေးရခိုင်မင်းများသည် ယင်းတို့၏ ကိုယ်ပိုင်အမှတ်လက္ခဏာကို သူတို့သဘောဆန္ဒအလျောက်ပင် ဘာသာမတူသူများ ၏ အမှတ်လက္ခဏာအတိုင်း ခံယူခဲ့ဖူးကြောင်း လည်း စိတ်ဝင်စားဖွယ် တွေ့ရပါသည်။

တစ်ဖန် စာမျက်နှာ ၁၃၉-၁၄၁ ၌ အေဒီ ၁၄၀၄ တွင် အင်းဝ ဘုရင်ကရခိုင်ကိုကျူးကျော်သဖြင့် ရခိုင်ဘုရင် နရမိတ်လှမှာ အနောက် ဘက် ဘင်္ဂလားပြည်နယ်  မြို့တော်ဂေါမြို့ထိရောက်အောင် ထွက်ပြေး ပြီး အေဒီ ၁၄၃၀ တွင်မှ ထိုပြည်နယ်မှ  အာဖဂန်လူစွန့်စားများ အများ ဆုံး ပါဝင်သည့် တပ်ကြီးကို ဦးစီးကာ ရခိုင်သို့ ပြန် လည်ရောက်ရှိလာ ကြောင်း၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ရောစပ်ထားသော နှစ်မျိုး စပ် အုပ်ချုပ်ရေးမျိုးကို တီထွင်ဖန်တီးခဲ့ကြောင်း၊ မြောက်ဦးမြို့ သစ်ကို တည်ခဲ့ပြီး နတ်ရွာစံသွား ခဲ့ကြောင်း၊  မြောက်ဦး၌ နေထိုင်သူများမှာ ရခိုင်၊ ဘင်္ဂါလီ၊ အာဖဂန်၊  မြန်မာ၊ ဒတ်ချ၊ ပေါ်တူဂီ၊ အဘီဆီးနီးယန်း၊ ပါရှင်းနှင့် ဂျပန်လူမျိုး ခရစ်ယာန်များလည်း ပါ ကြောင်း၊ အုပ်ချုပ်ရေး ပိုင်းကလည်း ဘင်္ဂါလီနှင့်ရခိုင် အနုစာပေယဉ်ကျေးမှုကို လွန်စွာ အထောက်အပံ့ ပေးနိုင်ခဲ့ ကြောင်း၊ ထို့နောက် ဘုရင်များသည် အစ္စလာမ်ဘာသာနှင့်ရော ပါဠိဘာသာနှင့်ပါ ဘွဲ့အမည် တပ်ကြ ကြောင်း၊ ဆိပ် ကမ်းမြို့ဖြစ်ခဲ့ဖူးသော စစ်တကောင်းနယ်နှင့် ရခိုင်နှင့် ပင်လယ်ခြားနေသောအိန္ဒိယ၏ဆင်းရဲနုံချာလှသော သြရစ္စ ပြည်နယ် တို့မှ မူဆလင်မိသားစုများသည် ရခိုင်ဒေသ၏ နောက်ပိုင်းမြို့များသို့ အစုလိုက် အပြုံလိုက် ဝင်ရောက်လာ ကြောင်းတို့ကို ဖော်ပြထားသည်။

သမိုင်းကြောင်းအရ ရခိုင်တို့တွင် ဗမာများ၏ သိမ်းပိုက်မှုမှ အစပြုကာယင်းတို့အိမ်ရှင်ရခိုင်များသည် ဗမာနိုင်ငံတွင် လူနည်းစု ဖြစ်ခဲ့ရသကဲ့သို့ ဧည့်သည်ဖြစ်သော အခြားလူမျိုးများအနက် ဘင်္ဂါလီ ဟုသာသူတို့ သိထားသောသူများမှာယခုအခါ ရိုဟင်ဂျာအဖြစ် အသိ အမှတ်ပြုပေးရန် တောင်းဆိုရုံသာမက ဌာနေတိုင်းရင်းသားများ အဖြစ် ပါအသိအမှတ်ပြု ပေးရမည်ဟု ဆိုလာခြင်းအပေါ် ခံပြင်းကြခြင်းဟု ယူဆနိုင်သည်။ တစ်ဖန်ရခိုင်လူမျိုးများသည်ဗမာလူမျိုးများကယင်း တို့၏ နိုင်ငံတော်ကို တိုက်ခိုက်သိမ်းယူခဲ့သည့် အတိတ်ကို မကျေနပ် ဖြစ်နေကြ ဆဲဖြစ်သဖြင့် ကိုလိုနီခေတ်ကတည်းကပင် ဗမာလူမျိုးများ အပေါ် မကျေနပ်မှုကို ပြသသည့်အနေဖြင့် ပူးပေါင်းဆောင် ရွက်မှုကို လိုလိုလားလား မရှိခဲ့ကြပါ။ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးသည့် လူမျိုးစုတွင်လည်း ရခိုင်တို့ မပါဝင် ခဲ့ကြပါ။

လွတ်လပ်ရေးရပြီးနောက်တက်လာသောအစိုးရများကို လက်နက်ကိုင်တောခိုရာတွင် ရခိုင်တို့ ပါဝင်ခဲ့ပြီး အခြားလူမျိုးစုများက ဖက်ဒရယ်ပြည်ထောင်စုဟုပြောဆိုနေချိန်တွင် ရခိုင်သည် ဗမာ/မြန်မာ နိုင်ငံမှလွတ်လပ်ရေးရယူနိုင်ရေးဟူသောအသုံးအနှုန်းကိုသာ ပိုသဘော ကျသုံးစွဲခဲ့ကြ၊ သုံးစွဲနေကြဆဲဖြစ်သည်။ မကြာသေးမီကရခိုင့် တပ်တော်က တပ်မှူးကလည်း ကွန်ဖက်ဒရေးရှင်းသဘောကိုသာ လိုချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။2 ထို့ ကြောင့် ရခိုင်ပြည်နယ် နှင့် ယင်းလူ့အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခု အဖြစ် မြေပုံတွင်သာ ရှိသော် လည်း စိတ်သဘော၊ နိုင်ငံရေးခံယူချက် သဘော၊ လူမှုရေးသဘောများအရ သီးခြားဆန်ခဲ့သည်မှာ သမိုင်း တစ်လျှောက်ဖြစ်ပါသည်။ ရခိုင်တို့သည် အမျိုးဂုဏ် ဇာတိဂုဏ် ကြီးသူ များဖြစ်ကြသဖြင့် ပြည်နယ်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ လူ့အဖွဲ့ အစည်းနှစ်ခုကြားမှာပင်ရခိုင်ဘာသာစကားပြောသည့်လေသံပေါ် မူတည်ကာ မည်သူက ပိုရခိုင်စစ်သည်ဟူ သည့် ခွဲခြားမှုမျိုး ရှိနေသည်။ ထို့ကြောင့်ထိုလူ့အဖွဲ့အစည်းထဲတွင်လူမျိုးအလိုက်ခွဲခြားခြင်း၊ ဘာသာ စကားအရခွဲခြားခြင်း၊ ကိုးကွယ်သည့်ဘာသာတရားအလိုက် ခွဲခြား ခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်သဘော ဆောင်သည်။ ထို့တူ တန်းတူ ညီမျှမှုအတွက် လူမျိုးရေးအခြေခံ ရုန်းကန်မှုမှာ ပြင်းထန်သည်။ ဗမာ-ရခိုင်တန်းတူညီမျှမှု ခေါင်းစဉ်အောက် တွင် ရခိုင်များ၏ ရုန်းကန်မှုမှာ ပြင်းထန်သကဲ့သို့ အခြားသောတိုင်းရင်းသားလူမျိုးစုများ၏ တန်းတူ ညီမျှမှုအတွက် လက်နက်ကိုင်တော်လှန်ရင်း လက်ရှိငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွင်လူမျိုးစုအခြေခံသောဆွေးနွေးခွင့်နေရာများပေါ် ပေါက်လာ ခဲ့ရာမှ အချို့သော လူနည်းစုအတွက် လူမျိုးစုအမှတ်လက္ခဏာတစ်ခုခု သည် မဖြစ်မနေ လိုအပ်ချက် သဘော ဆောင်လာသည်။ ကိုလိုနီ ခေတ်တွင် စစ်တကောင်းသားများအဖြစ်သာ အမှတ်လက္ခဏာ ရှိခဲ့ရာ မှ ရိုဟင် ဂျာအဖြစ် အသိအမှတ်ပြုခံလိုခြင်းသည် ယင်းအချက်နှင့်ပါ ဆက်စပ်နေနိုင်သည်။

စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ဆိုရှယ်မီဒီယာ ဖြစ်သောဖေ့စ်ဘွခ်ကမြန်မာ့တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၏ အကောင့်အပါအဝင် အကောင့်ပေါင်း ၂၈ (၁၈+၁၀) ခုနှင့် ပေ့ချ် ၆၅ (၅၂+၁၃) ခုကို ပိတ်ပင် တားမြစ်ဖျက်သိမ်းပစ်လိုက်ကြောင်း၊ အကြောင်းရင်းမှာ ယင်းတို့သည် ရိုဟင်ဂျာနှင့် မူဆလင်များကို ဦးတည်တိုက် ခိုက်ပြီး လူမျိုးရေး ဘာသာရေးအရ ခွဲခြားမှုဖြစ်စေရန် ဝါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့သည့် မြန်မာ့တပ်မတော်၏ ဝါဒ ဖြန့်ချိရေး ပလက်ဖောင်းအဖြစ် ဖေ့စ်ဘွခ်ကို သုံးစွဲနေသည်ဟု ယူဆသဖြင့် ယခုကဲ့သို့ ပိတ်လိုက်ကြောင်းတို့ကို တိုင်းမ်မဂ္ဂဇင်းနှင့် နယူးယောက် တိုင်းမ် သတင်းစာတို့၌ ဖော်ပြခဲ့ပါသည်။ ယင်းအကောင့်များနှင့် ပေ့ချ်များကို ချိတ် ဆက်သုံးစွဲသူအကောင့်ပေါင်းက ၁၃.၃၅ (၁၂+၁.၃၅) သန်း ရှိသည်ဟု ဆိုပါသည်။ ထို့ပြင် ဝါဒဖြန့်ချိရေး၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာ့လူထုအတွင်း လူမျိုးရေး၊ ဘာသာရေး အရမတည်ငြိမ်လေသူတို့ဘဝလုံခြုံမှုအတွက် တပ်မတော်ကို အားကိုး လာလေဖြစ်ရန် ရည်ရွယ်ကာ နေပြည်တော်ရှိ တပ်မတော်အခြေစိုက် ရာတောင်ကုန်းတွင် ဝန်ထမ်း ၇၀ဝ မျှဖြင့် နေ့ညအဆိုင်းများခွဲကာ ထိုဝါဒဖြန့်ချိရေး ဖေ့စ်ဘွခ်ပို့စ်များ၊ သတင်းပေ့ချ်များကို ဖန်တီးခြင်း၊ ရှိရင်းစွဲ ပင်မသတင်းမီဒီယာဌာနများ၏ပေ့ချ်များတွင် အများလူထု တွေဝေ၊ ဒေါသထွက်စေမည့် ကော်မန့်များကို အစုလိုက် အပြုံလိုက် ရေးသားဖြန့်ဝေခြင်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတွေ့ရှိချက်သည် လွန်စွာအရေးကြီးပြီး တန်ဖိုးရှိသည့် တွေ့ရှိချက် ဖြစ်သကဲ့သို့ ရခိုင်အရေးနောက်ကွယ်မှ အချက်အချို့ကိုလည်း ဖော် ထုတ်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

စင်စစ် အဆိုပါ ဖော်ထုတ်တွေ့ရှိချက်ကို နယူးယောက်တိုင်းမ် တွင်ဖော်ပြပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့ တော်ခန်းမရှေ့တွင် လူရာ ချီကာ ချီတက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို ထောက်ခံကြောင်းနှင့် ပြည်တွင်းရေးကို စွက် ဖက်သည့် ဖေ့စ်ဘွခ်ကို ရှုံ့ချကြောင်း ဆန္ဒပြပွဲ ကျင်းပခဲ့သည်။ ထို့ပြင် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးတစ်ပါး ကလည်းပြည်ပကသည့်ထက်ဖိအားပေးလာလျှင် သေနတ်ကိုင် မည်ဟု ဆိုလိုက်သည်။ ထိုသို့ စီတန်းလှည့်လည်သော ဆန္ဒပြမှုများ အတွက် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိအထွေထွေအုပ်ချုပ် ရေးဌာနများတွင် ခွင့်ပြုချက် တောင်းခံရသည်။ လွန်ခဲ့သော ခြောက်လ ခန့်က အရပ်ဖက်လူ့အဖွဲ့အစည်းများမှ လူ့ရပိုင်ခွင့်အရေး တက်ကြွ သူများ သည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြို့တော်ခန်းမရှေ့တွင် စီတန်းလှည့်လည်ရန် ခွင့်ပြုချက် ရယူရာတွင်မူ ခွင့်မပြုခဲ့သည့်အပြင် ဖိအားသုံး လူစုခွဲကာ ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် ကာကွယ်ရေးဦးစီးချုပ်၏ တိုက်ရိုက်ကွပ်ကဲထိန်းချုပ်မှု အောက်တွင်ရှိပြီး အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိပေ။ ထို့ကြောင့် ယင်းကဲ့သို့သောဝါဒ ဖြန့်ချိရေးမှာ ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးတည်တိုက် ခိုက်ရန် ရည်ရွယ်သည်ဟု ပြည်တွင်းနေလူထုက ကောင်းစွာ နားလည်သဘောပေါက်ကြသော်လည်း ပြည်ပအမြင် တွင်မူ ဗုဒ္ဓဘာသာဝင်များက မူဆလင်များအပေါ် ဖိနှိပ်ခွဲခြားသည်၊ အကြမ်းဖက်အနိုင်ယူရန် အားထုတ်၊အားပေး သည်ဟူသော ပုံရိပ်သာ ဖြစ်စေခဲ့သည်။

သည်ဖြစ်စဉ်ဖြစ်ရပ်များကို ကြည့်လျှင် ရခိုင်ပြည်နယ်တွင်း ဖြစ်နေသည်များမှာ ဒေသခံလူ့အဖွဲ့အစည်း အတွင်း ကိုလိုနီခေတ် မတိုင်မီ၊ ကိုလိုနီခေတ်တွင်းနှင့် ကိုလိုနီခေတ်လွန်ကာလကတည်းက ဖြစ်နေခဲ့သော တင်းမာမှု များထက် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုပြီးနောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၂ ခုနှစ် ဧပြီလတွင် လစ်လပ်သမျှ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့ပြီးနောက်ပိုင်း တွင် ဖြစ်ပေါ်လာသော အရာများဟု ထင်ရှားပါသည်။

ထို့ကြောင့် ၂၀၁၂ ခုနှစ်နောက်ပိုင်းဖြစ်ပေါ်ခဲ့သမျှ ရခိုင်ပြည် နယ်၏အရေးများသည် လူမှုရေး၊ ဘာသာရေး ဆိုင်ရာ ပဋိပက္ခများ သက်သက်ဟု ဆိုရန် လွန်စွာခဲယဉ်းမည် ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လတွင်အစိုးရ၏ စာပေစိစစ်ရေးရပ်ဆိုင်းခဲ့သော်လည်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေမှာမူ များစွာ တိုးတက် လာခြင်း မရှိသေးဟု ဆိုနိုင်ပါသည်။ သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာဥပဒေဟူ၍လည်း မရှိသေးသဖြင့် လူထုအနေနှင့် သိလို သော အချက်အလက်များကို လွတ်လပ်စွာ ရယူပိုင်ခွင့် မရှိသေးပေ။ သတင်းမီဒီယာလွတ်လပ် ခွင့်သည်လည်း အခက်အခဲများစွာ ရှိနေသေးပြီး သတင်းသမားများကို ဖမ်းဆီးချုပ်နှောင်တရားစွဲဆို မှုများလည်း ရှိနေဆဲဖြစ်သည်။ ထို့ပြင် အများလူထုသည် အပြည်ပြည် ဆိုင်ရာ လူ့ရပိုင်ခွင့်များအကြောင်းကို သေချာဂန မသိ သေးသဖြင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်များထက် အစဉ်အ ဆက် ကြားနာသိရှိခွင့်ရသော ဝါဒဖြန့်ချိ ရေး အကြောင်းအရာများကိုသာ အမှန်ဟု နားလည်နေကြဆဲဖြစ် သည်။ ထို အခြေအနေမျိုးတွင် ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အကျုံးဝင်မှုသည် ခက်ခဲနေဦးမည်ဖြစ်ပါသည်။

ထို့ကြောင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အပါအဝင် အခြေခံလူ့ရပိုင်ခွင့်များကို အာမခံပေးသည့် အခင်းအကျင်း ရှိမှသာ လူမျိုးရေး ဘာသာရေးအရ အားလုံးအကျုံးဝင်သည့်အခြေအနေကိုရောက်ရှိနိုင်မည် ဖြစ်ပါသည်။

Endnotes

1 BenNar News, 2018; Ellis-Petersen, et al., 2018; Ghoneim, 2019; Nyan Lynn Aung, 2018; Uddin, 2018.
2 Nan Lwin Hnint Pwint, 2019.

References

BenarNews. (2018, November 12). Bangladeshi Official: We Will Not Send Any Rohingya Back by Force. Radio Free Asia. https://www.rfa.org/english/news/myanmar/force-11122018163155.html

Ellis-Petersen, H., Rahman, S. A., & Safi, M. (2018, November 15). Bangladesh admits no Rohingya willing to take repatriation offer. The Guardian. https://www.theguardian.com/world/2018/nov/15/rohingya-refugee-repatriations-bangladesh-myanmar

Ghoneim, N. (2019, January 21). The Hindu Rohingya who want to return to Myanmar. Al Jazeera. https://www.aljazeera.com/videos/2019/1/21/the-hindu-rohingya-who-want-to-return-to-myanmar

Nan Lwin Hnint Pwint. (2019, January 11). Confederation the Only Option for Arakanese People, AA Chief Says. The Irrawaddy. https://www.irrawaddy.com/news/confederation-option-arakanese-people-aa-chief-says.html

Nyan Lynn Aung. (2018, November 20). Bangladesh excludes Hindu families from repatriation: Official. The Myanmar Times. https://www.mmtimes.com/news/bangladesh-excludes-hindu-families-repatriation-official.html

Uddin, N. (2018, November 22). Ongoing Rohingya repatriation efforts are doomed to failure. Al Jazeera. https://www.aljazeera.com/opinions/2018/11/22/ongoing-rohingya-repatriation-efforts-are-doomed-to-failure