၂၀၂၁ နောက်ပိုင်း ချင်းဒုက္ခသည်များ အိုင်ဇောမြို့တွင် အခြေချခြင်းအပေါ် လွှမ်းမိုးမှုရှိနေသည့် အချက်များ

ဇလပ်မြေ | Click here to read this article in English.

Cite as: 
ဇလပ်မြေ၊ (၂၀၂၅)၊ ၂၀၂၁ နောက်ပိုင်း ချင်းဒုက္ခသည်များ အိုင်ဇောမြို့တွင် အခြေချခြင်းအပေါ် လွှမ်းမိုးမှုရှိနေသည့် အချက်များ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၆။ https://ijbs.online/?page_id=5546

အကျဉ်းချုပ်

ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်များ၏ တစ်ဝက်ကျော်သည် မြို့ပေါ်နေဒုက္ခသည် များ ဖြစ်သော်ငြားလည်း ၎င်းတို့သည် လူမသိသူမသိနေထိုင်ရလေ့ရှိပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်နေသူများနှင့် ယှဉ်ပါက ၎င်းတို့ပေါ်တွင် စာပေသုတေသနဆိုင်ရာအာရုံစိုက်မှု ပိုမိုနည်းပါးနေသည်။ အဆိုပါအချက် သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ တိမ်းရှောင်ခဲ့ရပြီး မြို့တော် အိုင်ဇောတွင် အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည့် ဒုက္ခသည်များအတွက်လည်း မှန်ကန်နေသည်။ ဒုက္ခသည် စခန်းများ၏ အခြေအနေများသည် လုံခြုံမှုမရှိသလို နေရထိုင်ရ ကျဉ်းကျပ် သည်ဟူသော ယူဆချက်များသည် ၎င်းတို့အတွက် အိုင်ဇောတွင် အခြေချရန် ရွေးချယ်စေသည့် အဓိကတွန်းအားများ ဖြစ်နေခဲ့ကြောင်း အိုင်ဇောမှ ချင်း ဒုက္ခသည်များနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးများမှ တစ်ဆင့်သိရှိခဲ့ရသည်။ အိုင်ဇောတွင် နေထိုင်ရန် ဆွဲဆောင်နေသည့် အခြားသော အချက်များမှာ ပိုမို ကောင်းမွန်သောအခြေအနေများရှိသည့် ကလေးများအတွက် ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် အဆိုပါအကျိုးကျေးဇူးများကို အတိုင်းအတာတစ်ခု ထိ ခံစားကြရသော်လည်း မြို့ပေါ်ဒေသများတွင် မတူညီသော စိန်ခေါ်မှုအသစ် များ အထူးသဖြင့် နေထိုင်ရန် အိမ်ရာ၊ လူမျိုးရေးခွဲခြားမှုနှင့် ဘာသာစကား အတားအဆီးများကို ကြုံတွေ့ကြရသည်။ ဤအတားအဆီးများသည် ပညာ ရေး၊ အိမ်ရာနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်ရန် နှောင့်နှေး စေပြီး ဒုက္ခသည်များအား မကောင်းသော ရင်ဆိုင်ဖြေရှင်းခြင်း ဗျူဟာများကို ကျင့်သုံးလာရန် ဖိအားပေးနေသည်။ ထို့အပြင် စီးပွားရေးလုပ်ရန် ဥပဒေအရ တားဆီးထားပြီး အများစုမှာ ဒေသခံလုပ်ငန်းရှင်များ အသိအမှတ်ပြုသည့် အထောက်အထားများ သို့မဟုတ် ကျွမ်းကျင်မှုလက်မှတ်များ မရှိနေခြင်း ကြောင့် ၎င်းတို့သည် သင့်တော်သော အသက်မွေးဝမ်းကျောင်းမှု သို့မဟုတ် အလုပ်အကိုင်များရှာဖွေရာတွင်လည်း အတားအဆီးများစွာ ကြုံတွေ့နေကြရ သည်။ ၎င်းတို့သည် အစိုးရ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ထောက်ပံ့မှု လုံးဝမရခြင်း သို့မဟုတ် အနည်းငယ်သာရရှိသောကြောင့် ၎င်းတို့ စုဆောင်းထားသည့် ငွေများနှင့် ပြည်ပတွင် နေထိုင်သည့် ဆွေမျိုးများထံမှ ငွေကြေးထောက်ပံ့မှုများပေါ်တွင် မှီခိုနေကြရသည်။

မိတ်ဆက်

၂၀၂၁ ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုတစ်ရပ် ကျူးလွန်ခဲ့သည်။ စစ်တပ်၏ လူထုကို ဖိနှိပ်မှု၊ လူ့ အခွင့်အရေးချိုးဖောက်မှုနှင့် ပစ္စည်းဥစ္စာဖျက်ဆီးမှုတို့သည် သန်းနှင့်ချီသော လူထုကို ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာထွက်ပြေးရသည့်အခြေအနေမျိုးသို့ ကျရောက်စေခဲ့သည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့် ခွာထွက်ပြေးရသည့် အရေအတွက်သည် အံ့ဩဖွယ်ကောင်းစွာပင် နှစ်နှစ် အတွင်း လူပေါင်း (၃၃၀,၀၀၀) မှ (၁ ဒသမ ၈) သန်းသို့ တိုးမြင့်လာခဲ့သည်။1 မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိလာခဲ့သည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းသူများသည်လည်း တိုးမြင့်လာခဲ့သည်။ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းတွင် လူတစ်သန်းနီးပါးရှိသည့် နဂိုကတည်းကပင် များနေပြီဖြစ် သော ဒုက္ခသည်ဦးရေတွင် ခန့်မှန်းချေ လူပေါင်း (၈၄,၄၀၀) ထပ်မံရောက်ရှိ လာခဲ့သည်။2 အစီရင်ခံစာများအရ ၂၀၂၃ ခုနှစ်တွင် လူပေါင်း (၅၂,၃၅၀) သည် အိန္ဒိယသို့ ထွက်ပြေးခဲ့ကြပြီး ၎င်းတို့အနက် (၄၀,၀၀၀) ဝန်းကျင်သည် ချင်း ပြည် နယ်စပ်တစ်ဖက်ခြမ်းရှိ မီဇိုရမ်ပြည်နယ်တွင် နေထိုင်နေကြသည်။3

ချင်းတိုင်းရင်းသားဒုက္ခသည်များသည် မီဇိုရမ်ပြည်နယ်ရှိ နယ်ခံလူထု အများစုဖြစ်သည့် မီဇိုလူမျိုးများနှင့် သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများ တူညီကြသည်။ ချင်းလူမျိုးများနှင့် မီဇိုလူမျိုးများသည် ကျောက်တုံး သို့မဟုတ် ဂူ ဟုအဓိပ္ပာယ်ရသည့် မီဇိုဘာသာစကားအရ chhinn lung (ချင်းလွန်င်) အမည်ရှိနေရာမှ ထွက်ပေါ်လာခဲ့သည့် တူညီသော ဘိုးဘေးတစ်ဦးထံမှ ဆင်း သက်လာကြကြောင်း ဒဏ္ဍာရီတစ်ခုရှိသည်။4 ဗြိတိသျှကိုလိုနီခေတ်အထိနှင့် ကိုလိုနီခေတ်အတွင်းတွင် မီဇိုနှင့် ချင်း လူ့အဖွဲ့အစည်းများအတွင်း ယေဘုယျ အားဖြင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ရှိခဲ့သည်။

မြန်မာစစ်တပ်ထံမှ ထွက်ပြေးလွတ်မြောက်ကာ မီဇိုရမ်တွင် အခြေချနေ ထိုင်ခဲ့ကြသည့် ချင်းလူမျိုးများ၏ ပထမဦးဆုံးအစုလိုက်အပြုံလိုက် ရွှေ့ပြောင်း မှုသည် ၁၉၆၀ ခုနှစ် နှောင်းပိုင်းကာလများတွင် ဖြစ်ပေါ်ခဲ့သည်။ ၁၉၈၈ အရေးအခင်းနောက်ပိုင်းတွင် ရွှေ့ပြောင်းသူဦးရေသည် သိသိသာသာတိုးပွား လာခဲ့ပြီး5 ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့သည်။6 အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ကြသည့် ချင်းဒုက္ခသည်များတွင် အနည်းငယ်သာ မြို့တော် နယူးဒေလီသို့ ဆက်လက်သွားရောက်ကာ ကုလသမဂ္ဂ၏ အကာအကွယ်ကို ရှာဖွေခဲ့ကြသည်။ အများစုမှာ မီဇိုရမ်တွင် ဆက်လက်နေထိုင်ခဲ့ကြသည်။7 ယခင်က ဒုက္ခသည်များကို လက်ခံထားသည့် ဒုက္ခသည်စခန်းများ ပြည်နယ်ထဲတွင် မရှိခဲ့ပေ။ ချင်းဒုက္ခသည်များသည် အများအားဖြင့် မြို့ပေါ်ဒေသများတွင် အထောက်အထားမဲ့နေထိုင်ခဲ့ကြသည်။ သို့သော် ၂၀၂၁ နောက်ပိုင်းတွင် ရောက်ရှိလာသည့် ချင်းဒုက္ခသည်အချို့မှာမှု ယာယီတည်ဆောက်ထားသည့် စခန်းများတွင် နေထိုင်နေကြရသည်။

ပုံ (၁)
အိန္ဒိယ အရှေ့မြောက်ပိုင်းနှင့် မြန်မာမှ ပြည်နယ်များနှင့် ဆက်စပ်နေသည့် အိုင်ဇောခရိုင်နှင့် မီဇိုရမ်ပြည်နယ်ကို ဖော်ပြထားသည့် မြေပုံ။

တူညီသော နောက်ခံသမိုင်းကြောင်းရှိသော်လည်း မီဇိုရမ်ရှိ မီဇိုလူမျိုးများနှင့် ချင်းလူမျိုးများ၏ ဆက်ဆံရေးသည် ကြိုဆိုဧည့်ဝတ်ပြုမှုဆိုင်ရာ အတက်အကျ များကြောင့် ရှုပ်ထွေးသည်။ ပြည်နယ်အတွင်းရှိ အသိုင်းအဝိုင်းများစွာမှ ကြိုဆို ခဲ့ကြသော်လည်း ချင်းဒုက္ခသည်များအနေဖြင့် မီဇိုရမ်မှ အစုလိုက်အပြုံလိုက် နေရပ်ပြန်ပို့ခြင်းများကို ၁၉၉၆ ခုနှစ်နှင့် ၂၀၀၃ ခုနှစ် အကြားတွင် ကြုံတွေ့ခဲ့ကြ ရသည်။ အချို့သည်​ ချင်းဒုက္ခသည်များအား လူ့အဖွဲ့အစည်းအပေါ် ဝန်ထုပ် တစ်ခုအဖြစ် ရှုမြင်ကြကာ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားခြင်း၊ ဓားပြ တိုက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် လူသတ်မှု အစရှိသည့် ရာဇဝတ်မှုများ ကျူးလွန် ကြသည်ဟု စွပ်စွဲကြသည်။8

အချို့ကမူ ‘တိုင်းတစ်ပါးသား’ အဖြစ် ရှုမြင်ခံရသည့် ဘရူ (Bru) နှင့် ချက်ခ်မာ (Chakma) တိုင်းရင်းသားများကဲ့သို့ အခြားသော ပြည်တွင်းမှ ရွှေ့ပြောင်းလာသူများနှင့် အခြားဒုက္ခသည်များနှင့် ယှဉ်ပါက ခြုံငုံကြည့်လျှင် မီဇိုရမ်ရှိ ချင်းဒုက္ခသည်များသည် ပိုမိုကောင်းမွန်သော ဆက်ဆံခံရမှုမျိုးရရှိ သည်ဟု ဆိုကြသည်။9 ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် မီဇိုရမ်ပြည်နယ်တွင် လှုပ်ရှားဆောင်ရွက်ခွင့် မရှိသော ကြောင့် ၎င်းပြည်နယ်တွင် နေထိုင်ကြသူများသည် အကာအကွယ်နှင့် အထောက်အပံ့အတွက် လက်လှမ်းမီနိုင်မှု မရှိနေပေ။10 မီဇိုရမ်မှ ဒုက္ခသည်များ သည် မြေပိုင်ဆိုင်ခွင့်၊ အိမ်ရာပိုင်ဆိုင်ခွင့် သို့မဟုတ် အလုပ်အကိုင်ရှာဖွေခွင့်တို့ အတွက် တရားဝင်အခွင့်အရေးမရှိပေ။ ၎င်းတို့သည် စီးပွားရေးတစ်ခု စတင် လည်ပတ်ခွင့် သို့မဟုတ် အာဒါ (aadhaar)11 မဲပေးခွင့်အထောက်အထား သို့မဟုတ် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများနှင့် ငွေလွှဲပြောင်းလက်ခံမှုများပြု လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ယာဉ်မောင်းလိုင်စင်ကို တရားဝင်လျှောက် ထားပိုင်ခွင့် မရှိပေ။12 ၎င်းတို့အနေဖြင့် ညီအစ်ကိုစိတ်ဓာတ်မျိုးပေါ်တွင် အခြေ ပြုပြီး မီဇိုလူ့အဖွဲ့အစည်းများအတွင်း ခိုလှုံခွင့်ရကြသော်လည်း တရားဝင် အမှီ အခိုကင်းသော ဘဝများစတင်ရန် အခွင့်အရေးများကိုမူ မရရှိကြပေ။

မီဇိုရမ်ရှိ ချင်းဒုက္ခသည်များအနေဖြင့် ဤကဲ့သို့ မသေချာမရေရာသော အခြေအနေမျိုးတွင် နေထိုင်ဖြတ်သန်းနေကြရသော်လည်း အာရှရှိ အခြား သော ဒုက္ခသည်လူအုပ်စုများနှင့် ယှဉ်လျှင် ၎င်းတို့၏ အကျပ်အတည်းများ ပေါ်တွင် သုတေသနပြုထားမှု နည်းပါးနေသေးသည်။ ဤဆောင်းပါးသည် အဆိုပါအချက်ကို ပြုပြင်ရန်နှင့် ချင်းဒုက္ခသည်များအနေဖြင့် မီဇိုရမ်၏ မြို့တော် အိုင်ဇောမြို့တွင် အခြေချရန် တွန်းအားပေးနေသည့်အချက်များကို အထူးသဖြင့် ဖော်ပြရန် ရည်ရွယ်ပါသည်။ ဤကဲ့သို့ပြုလုပ်ရာတွင် ကျွန်ုပ်အနေ ဖြင့် အခြေချနေထိုင်ရန် နေရာရွေးချယ်ရာ၌ ထည့်သွင်းစဉ်းစားသည့် တွန်းအား ပေးမှုများနှင့် ဆွဲဆောင်မှုများ၊ မြို့ပေါ်နေဒုက္ခသည်ဖြစ်ရခြင်း၏ ကောင်းကျိုး များနှင့် စိန်ခေါ်မှုများ၊ ဒုက္ခသည်များအနေဖြင့် နေ့စဉ်နှင့်အမျှ ကြုံတွေ့ရသည် များကို ရင်ဆိုင်ဖြေရှင်းနည့် နည်းဗျူဟာများနှင့် ၎င်းတို့အတွက် ရှိထားသော အထောက်အပံ့များ၏ အတိုင်းအတာနှင့် သဘောသဘာဝတို့အပေါ်တွင် အချက်အလက်များ ရယူဖန်တီးထားပါသည်။ ကျွန်ုပ်မေးထားသော မေးခွန်း များမှာ အောက်ပါတို့ဖြစ်သည်။ “ချင်းဒုက္ခသည်များအနေဖြင့် အိုင်ဇော၏ မြို့ပေါ်နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် မည်သည့်အချက်များက လွှမ်းမိုး နေပြီး ထိုနေရာများကို ရွှေ့ပြောင်းခြင်းအားဖြင့် ဒုက္ခသည်များအနေဖြင့် မည်သည့်အကျိုးကျေးဇူးများကို ခံစားရသနည်း။” “ဤဒုက္ခသည်များကို မည်သည်တို့က စိန်ခေါ်နေပြီး ၎င်းတို့အနေဖြင့် မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းနေ ကြသနည်း။” “၎င်းတို့အတွက် မည်သို့သော အထောက်အပံ့များ ရှိသနည်း။”

ဤဆောင်းပါးကို အောက်တွင် အပိုင်း (၅) ပိုင်းဖြင့် ခွဲထားသည်။ ပထမ ဦးစွာ ကျွန်ုပ်အနေဖြင့် မြို့ပေါ်တွင် ဒုက္ခသည်များအခြေချမှုနှင့် စပ်လျဉ်းသည့် စာပေများကို လေ့လာဆန်းစစ်မှုပြုလုပ်ပြီး မြို့ပေါ် သို့မဟုတ် စခန်းတွင် နေထိုင်ကြသည့် ဒုက္ခသည်များကို ခွဲခြားမှုပြုလုပ်ကာ မြို့ပေါ်တွင် ဒုက္ခသည် များ အခြေချနေ ထိုင်ကြရာတွင် တွန်းအားပေးသည့်အချက်များနှင့် ဆွဲဆောင် နေသည့် အချက်များကို စူးစမ်းလေ့လာမှုပြုလုပ်ထားသည်။ ကမ္ဘာပေါ်ရှိ အခြား နေရာများမှ ဒုက္ခသည်လူအဖွဲ့အစည်းများ ကြုံတွေ့နေကြရသည့် ဘုံစိန်ခေါ်မှု များအပြင် ၎င်းတို့အသုံးပြုသည့် ရင်ဆိုင်ဖြေရှင်းသည့် ယန္တရားများကိုလည်း ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းထားသည်။ ၎င်းနောက်တွင် နည်းလမ်းအပိုင်း ဖော်ပြထားပြီး ၎င်းအပိုင်းတွင် အရည်အသွေးအခြေပြု သုတေသနနည်းလမ်း များနှင့် တစ်စိတ်တစ်ပိုင်းမေးခွန်းသတ်မှတ်ထားသော အင်တာဗျူးများကို ဖော် ပြထားသည်။ ထို့နောက် အင်တာဗျူးရလဒ်များကို အပိုင်း (၅) ပိုင်းခွဲ၍ တင်ပြ ထားကာ ရှာဖွေတွေ့ရှိမှုများကို ခွဲခြမ်းစိတ်ဖြာပြီး ဆွေးနွေးမှုပြုလုပ်ထားသည်။ မြို့ပေါ် ဒေသများရှိ ဒုက္ခသည်များအပေါ် ပိုမိုများပြားပြီး စုံလင်ကွဲပြားသော နမူနာယူသည့် လူဦးရေများဖြင့် သုတေသနများ ပိုမိုဆောင်ရွက်ရန် လိုအပ် ကြောင်း အလေးပေးပြောကြားရင်း နိဂုံးချုပ်ထားသည်။

မြို့ပေါ်နေဒုက္ခသည်များ အခြေချနေထိုင်ခြင်း

ဒုက္ခသည်များ၏ အခြေချနေထိုင်မှု သဘောသဘာဝများနှင့် ပုံစံများသည် ပြောင်းလဲလာနေသည်။ ကမ္ဘာပေါ်ရှိ ဒုက္ခသည်ပေါင်း (၂၇ ဒသမ ၁) သန်းထဲမှ ထက်ဝက်ကျော်သည် မြို့ကြီးများတွင် နေထိုင်ကြသည်။13 မြို့ပေါ်ဒေသများ တွင် နေထိုင်သော ဒုက္ခသည်များသည် ၁၉၅၀ ခုနှစ်များကတည်းက သိသာစွာ တိုးတက်ပြောင်းလဲလာနေခဲ့သော်လည်း ၁၉၈၀-၁၉၉၀ ခုနှစ်များတွင်မှ နိုင်ငံတကာအဖွဲ့အစည်းများနှင့် သုတေသနပညာရှင်များ၏ အာရုံစိုက်မှုကို ရရှိ ခဲ့ကြသည်။14 ကနဦးတွင် မြို့ပေါ်တွင် နေထိုင်ကြသည့် ဒုက္ခသည်များအား ထောက်ပံ့ကူညီသည့်အပေါ် အဆိုးမြင်သော သဘောထားများ လွှမ်းမိုးခဲ့ပြီး ၎င်းအချက်အား မြို့ပြနေရာများမှ ဒုက္ခသည်များအား မထောက်ပံ့ရန် အဆို ပြုခဲ့သည့် UNHCR ၏ မူဝါဒစာတမ်းတွင် ထင်ဟပ်ပြထားကာ ကိုယ်တိုင် ကြိုးစားမရပ်တည်နိုင်သူများအနေဖြင့် ဒုက္ခသည်စခန်းမျာသို့ ပြောင်းရွှေ့သင့် ကြောင်း အကြံပြုထားသည်။15 ဤကဲ့သို့ မူဝါဒအတွက် စဥ်းစားရာတွင် နောက်ကွယ်၌ အချက်နှစ်ချက်ရှိနေနိုင်သည်။ ယာယီ သို့မဟုတ် ရေတိုနေရပ် စွန့်ခွာရမှု သဘောသဘာဝအပေါ် လွဲမှားယုံကြည်နေမှုနှင့် ဒုက္ခသည်စခန်းများ အား လက်ခံထားပေးသည့် နိုင်ငံများမှ လူဦးရေထိန်းချုပ်သည့်နေရာများအဖြစ် အသုံးချမှုတို့ဖြစ်သည်။16 မကြာမီကပင် ဒုက္ခသည်စခန်းများအစား အခြား ရွေးချယ်စရာများ လိုအပ်လာမှုကို အသိအမှတ်ပြုမှု တိုးပွားလာခဲ့သည်။ ၁၉၉၇ မူဝါဒစာတမ်းနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည့် UNHCR ၏ ၂၀၀၉ မူဝါဒစာတမ်း သည် မြို့ပေါ်နေ​ဒုက္ခသည်များ၏ အဖြစ်မှန်များကို အသိအမှတ်ပြုပြီး မြို့ပေါ် နေဒုက္ခသည်များအတွက် တန်းတူအခွင့်အရေးများနှင့် အခွင့်အလမ်းများ အတွက် တိုက်တွန်းနှိုးဆော်ထားခဲ့သည်။17 သို့ပေကာမူ မြို့ပေါ်နေဒုက္ခသည် များသည် သိသာထင်ရှားသော စိန်ခေါ်မှုများ ကြုံတွေ့နေရဆဲဖြစ်သည်။

မြို့ပေါ်နေဒုက္ခသည်များအတွက် တွန်းအားပေးနေသော အချက်များနှင့် ဆွဲဆောင်နေသောအချက်များ

ဒုက္ခသည်များအနေဖြင့် မြို့ပေါ်နေရာများတွင် အခြေချနေထိုင်မှုအပေါ် လေ့လာထားသည့် သုတေသနမှ ဒုက္ခသည်များအနေဖြင့် ဒုက္ခသည်စခန်းများ အစား မြို့ပေါ်နေဒုက္ခသည်များအဖြစ် ရွေးချယ်ရသည့် အဓိကတွန်းအားပေး သော အချက်များနှင့် ဆွဲဆောင်နေသော အချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။

ဇယား (၁)
မြို့ပေါ်ဒေသများတွင် အခြေချနေထိုင်ကြသော ဒုက္ခသည်များအတွက် တွန်းအားပေးနေသောအချက်များနှင့် ဆွဲဆောင်နေသော အချက်များ။18

တွန်းအားပေးနေသောအချက်များ  ဆွဲဆောင်နေသောအချက်များ
တစ်ကိုယ်ရေလုံခြုံစိတ်ချရမှု မရှိခြင်းလူသူမသိနေထိုင်နိုင်ခြင်း
ကလေးများ၏ ပညာရေးနှင့် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ရမှုအသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများနှင့် ပိုမိုကောင်းမွန်သော လုံခြုံစိတ်ချရမှု
လူဦးရေထူထပ်မှုမြင့်မားခြင်းနှင့် ကျဉ်းကျပ်စွာနေထိုင်ရသည့် အခြေအနေများ  ပိုမိုကောင်းမွန်သော ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ
ဝင်ငွေနည်းပါးမှုနှင့် အကန့်အသတ်ဖြင့်သာရှိသော အလုပ်အကိုင်အခွင့်အလမ်းများ  မြို့များတွင် မိသားစုများနှင့် ဆွေမျိုး များရှိနေမှု  
ခွဲခြားဆက်ဆံခံရမှု  ဝင်ငွေပိုမိုရနိုင်သော အခွင့်အလမ်းများ
အခြေခံဝန်ဆောင်မှုများ မလုံလောက် ခြင်း (ရေ၊ မိလ္လာနှင့် လျှပ်စစ်မီး စသည်)ဆက်သွယ်ဆက်ဆံနိုင်ခြင်းရှိမှုနှင့် အခြေခံဝန်ဆောင်မှုများရှိမှု (ရေ၊ မိလ္လာ နှင့် လျှပ်စစ်မီး စသည်)
စိတ်ပိုင်းဆိုင်ရာအချက်များ (ငြီးငွေ့မှုနှင့် မျှော်လင့်ချက်ပျောက်ဆုံး မှု စသည်)   

ဤတွန်းအားများနှင့် ဆွဲဆောင်မှုများ၏ ရှုပ်ထွေးသော အပြန်အလှန်သက် ရောက်မှုများသည် ဒုက္ခသည်များမှ မြို့ပေါ်နေရာများသို့ ရွှေ့ပြောင်းမှုပေါ်တွင် လွှမ်းမိုးနေသည်။ အဆိုပါအချက်များသည် တစ်ဖက်တွင်လည်း လက်ခံထား သည့် နိုင်ငံ သို့မဟုတ် လူ့အသိုင်းအဝိုင်း၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေများပေါ်တွင် မူတည်နေပြန်သည်။ အချို့အချက်များသည် အခြား အချက်များနှင့် ယှဉ်ပါက ပိုမိုဦးစားပေးခံရသည့် အချက်များဖြစ်နိုင်သည်။

ဒုက္ခသည်စခန်းများ၏ အခန်းကဏ္ဍ

ဒုက္ခသည်စခန်းများရှိ ခက်ခဲသော နေထိုင်မှုအခြေအနေများသည် ဒုက္ခသည် များအား မြို့ပေါ်ဒေသများသို့ ရွှေ့ပြောင်းနေထိုင်ကြရန် လုပ်ဆောင်စေသည့် တွန်းအားပေးသောအချက်များ ဖြစ်နေလေ့ရှိသည်။ ဒုက္ခသည်စခန်းများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် လုပ်ငန်းလည်ပတ် မှုများအတွက် ကျယ်ကျယ်ပြန့်ပြန့်လက်ခံနိုင်ရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်သော် လည်း ဒုက္ခသည်စခန်းများသည် အခြေခံလူ့အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ စီးပွားရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခွင့်နှင့် အခြေခံဝန်ဆောင်မှုများဖြစ်သည့် ပညာရေးနှင့် အခြားဝန်ဆောင် မှုများကို ရရှိရန် ခက်ခဲစေသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် ဒုက္ခသည်စခန်း များသည် ဒုက္ခသည်များ၏ လူ့ဂုဏ်သိက္ခာကို ငဲ့ကွက်မှု မရှိသော ဖိနှိပ်သည့် နေရာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ဒုက္ခသည်စခန်းပုံစံသည် ဒုက္ခသည်များ ကို အသံထွက်ခွင့်မရှိသော နစ်နာသူများ၊ အထောက်အပံ့လက်ခံသူများ၊ အထောက်အပံ့ပေးသော အဖွဲ့အစည်းများနှင့် လက်ခံထားသော အစိုးရများ အနေဖြင့် ကြားဝင်ဆောင်ရွက်နိုင်သည့် သူများအဖြစ် ရှုမြင်ခံရသည့် အခြေ အနေသို့ရောက်ရန် တွန်းပို့နေသည်။19 စခန်းများရှိ ထိုအခြေအနေများကို ရှောင်ရှားရန် ဒုက္ခသည်များသည် ပြည်တွင်းဥပဒေ သို့မဟုတ် အခြားဥပဒေ များကို ချိုးဖောက်ရာရောက်သော်လည်း မြို့ပြများသို့ ရွှေ့ပြောင်းလေ့ရှိ သည်။20 မြို့ပြနေရာများသည် ဒုက္ခသည်များအား ဈေးများ၊ စီးပွားရေး အခွင့် အလမ်းများနှင့် ဒုက္ခသည်စခန်းများတွင် မရှိသည့် အခြားသော ပြည်သူ့ဝန် ဆောင်မှုများ ရရှိစေနိုင်သည်။21 ၎င်း၏ ရလဒ်အနေဖြင့် မြို့ပေါ်နေ ဒုက္ခသည် များသည် စခန်းမှ ဒုက္ခသည်များနှင့်ယှဉ်ပါက ပိုမိုမြင့်မားသောဝင်ငွေများ ရရှိ တတ်ကြသည်။22

မြို့ပေါ်နေဒုက္ခသည်များ၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ဖြေရှင်းသည့် နည်းဗျူဟာများ

မြို့ပြဒေသများသို့ ရွှေ့ပြောင်းခြင်းအားဖြင့် “လျစ်လျူရှုခံထားရပြီး အထောက် အထားများဖြင့် မှတ်တမ်းတင်ထားခံရခြင်း မရှိသည့်” ဒုက္ခသည်များသည် ပိုမို ကောင်းမွန်သော ဘဝကို ရရှိမည်ဟူသော အာမခံချက် မရှိပေ။23 ဒုက္ခသည် များအနေဖြင့် မြို့ပေါ်ဒေသများကို ရွှေ့ပြောင်းခြင်းအားဖြင့် ၎င်းတို့ လက်ရှိ သို့မဟုတ် အနာဂတ်တွင် ရရှိလာနိုင်သည့် နိုင်ငံတကာမှ အထောက်အပံ့ အခွင့် အလမ်းများကို စွန့်လွှတ်ရလေ့ရှိသည်။ ထို့အပြင် ၎င်းတို့သည် မြို့ပေါ်ဒေသများ တွင် စိန်ခေါ်မှုအသစ်များကိုလည်း ကြုံတွေ့ကြရသည်။ ဒုက္ခသည်များကို လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ပေးပြီး အလုပ်လုပ်ခွင့်ပေးထားသည့် နိုင်ငံ အနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်သည့် တောင်အာဖရိကနိုင်ငံတွင်ပင်လျှင် ဒုက္ခ သည်များသည် ယုံကြည်စိတ်ချရသော အသက်မွေးဝမ်းကျောင်းအလုပ်အကိုင် များ ရှာဖွေရန် ရုန်းကန်နေကြရသည်။ အလုပ်အကိုင်များ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ရယူရာတွင် ဒုက္ခသည်များသည် ခွဲခြားဆက် ဆံခံရမှုများကြုံတွေ့ရလေ့ရှိပြီး အချို့အခြေအနေများတွင် လူမျိုးရေးမုန်းတီး အကြမ်းဖက်မှုများကိုပါ ကြုံတွေ့ရလေ့ရှိသည်။24 မကြာသေးမီက ဖြစ်ပွားခဲ့ သော ကိုဗစ်ကပ်ရောဂါကြောင့် အစိုးရမှ ရောဂါပိုးပြန့်ပွားမှုကို ထိန်းချုပ်ရန် လှုပ်ရှားသွားလာမှုများအား ကန့်သတ်လိုက်သောအခါ ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ တရားမဝင် လုပ်ကိုင်နေကြရသော အလုပ်များမှ မလောက်မင ရရှိ နေသော ဝင်ငွေရင်းမြစ်များသည် ဆုံးရှုံးသွားခဲ့ရသောကြောင့် ကိုဗစ်ကပ် ရောဂါသည် မြို့ပေါ်နေဒုက္ခသည်များအတွက် “မိအေး နှစ်ခါနာ”သည့် အခြေ အနေမျိုး ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့သည် ၎င်းတို့ကို လက်ခံထားသော အစိုးရ သို့မဟုတ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အထောက်အပံ့ အနည်းငယ် သို့မဟုတ် လုံးဝရရှိခဲ့ခြင်း မရှိပေ။25

မြို့ပေါ်နေဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ စိန်ခေါ်မှုများကို ကျော်လွှား ရန် အသုံးပြုကြသည့် ရင်ဆိုင်ဖြေရှင်းသောနည်းဗျူဟာများမှာ ၎င်းတို့ မည်သည့်နိုင်ငံသားဖြစ်သည်နှင့် ၎င်းတို့ကိုလက်ခံထားပေးသော နိုင်ငံ၏ လူမှု စီးပွားရေးအခြေအနေပေါ်တွင် မူတည်နေသည်။ သိသာထင်ရှားသော တူညီ သည့်အချက်တစ်ချက်မှာ လူမှုကွန်ရက်များ၏ လုပ်ဆောင်မှုများဖြစ်ပြီး ၎င်းတို့ သည် ယုံကြည်သက်ဝင်မှုဆိုင်ရာနှင့် ပံ့ပိုးကူညီမှုအတွက် ရင်းမြစ်တစ်ခုအဖြစ် ရှိနေပေးပြီး အခက်အခဲဖြစ်နေသောအချိန်များတွင် ဒုက္ခသည်များအတွက် နောက်ဆုံးရွေးချယ်စရာအဖြစ် ရှိနေပေးသည်။ ဥပမာ ဆိုမာလီ လူ့အဖွဲ့အစည်း များသည် ယူဂန်ဒါနှင့် တောင်အာဖရိကနိုင်ငံများတွင် အတိုင်းအတာတစ်ခု အထိ သက်သောင့်သက်သာရှိကြခြင်း၏ အကြောင်းပြချက်မှာ ၎င်းတို့ သေသပ် သိပ်သည်းစွာ တည်ဆောက်ထားသည့် လူမှုကွန်ရက်ကြောင့်ဖြစ်သည်။26 နေရာတစ်ခုရပြီးသား ဆိုမာလီစီးပွားရေးသမားများသည် ဆိုမာလီဒုက္ခသည် များကို ငှားရမ်းပြီး ၎င်းဒုက္ခသည်များသည် ၎င်းတို့လူ့အသိုင်းအဝိုင်းထဲတွင် အကျိုးခံစားရမှု အနည်းဆုံးဖြစ်နေသူများကို ပြန်လည်ထောက်ပံ့ပေးသည်။27 အိန္ဒိယတွင် ခရစ်ယာန်အများစုဖြစ်သည့် မြန်မာမှ ဒုက္ခသည်အသိုင်းအဝိုင်းများ သည် ၎င်းတို့အသိုင်းအဝိုင်းအတွင်းရှိ အကျိုးခံစားရမှု အနည်းဆုံး ဖြစ်နေသူ များအတွက် အလှူငွေများကောက်ခံကာ အမျိုးမျိုးသော ထောက်ပံ့မှုများကို ပေးအပ်နေသည်။28 မတော်တဆမှုများ၊ ကျန်းမာရေးကိစ္စရပ်များ၊ ခွဲစိတ်မှုများ သို့မဟုတ် မိမိတို့ အသိုင်းအဝိုင်းအတွင်းမှ တစ်စုံတစ်ယောက် သေဆုံးမှုများ စသည့် မျှော်လင့်မထားသော အခြေအနေအတွက် ငွေကြေးအထောက်အပံ့ များ ပံ့ပိုးပေးသည်။

မြို့ပေါ်နေဒုက္ခသည်များသည် ထမင်းလျှော့စားခြင်း၊ ကလေးများအား အလုပ်လုပ်ရန်ကျောင်းမှ ထွက်ခိုင်းခြင်း၊ စက်ရုံပိုင်ရှင်များထံမှ အလုပ်ရရန် တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံမေးမြန်းခြင်း သို့မဟုတ် ယူဂန်ဒါနိုင်ငံမှ ကွန်ဂိုအမျိုးသမီးများ၏ ဖြစ်ရပ်တွင်မူ ၎င်းတို့သည် တစ်မြို့လုံးပတ်လျှောက် သွားပြီး အိမ်တံခါးများခေါက်ကာ အဝတ်အစားများနှင့် ကုန်ပစ္စည်းများ ရောင်း ချခြင်း စသည့် အဆိုးဘက်ရောက်သော ရင်ဆိုင်ဖြေရှင်းနည်းများကို အသုံးပြု ခြင်းကြောင့် ၎င်းတို့ကိုယ်တိုင်အပေါ် ထိပါးနှောင့်ယှက်မှု၊ မုဒိမ်းကျင့်မှု၊ ခိုးမှု နှင့် ဖမ်းဆီးခံရမှုအန္တရာယ်တို့ ကျရောက်လာစေနိုင်သည်။29 အလွန်ဆိုးဝါးသော ဆင်းရဲမွဲတေမှုကြောင့် နယူးဒေလီမှ ချင်းဒုက္ခသည်များသည် ပန်း‌ဂေါ်ဖီရွက် ကဲ့သို့ လွှင့်ပစ်ထားသော အသီးအရွက်များကို ကောက်ပြီး ကောင်းသည့်နေရာ များကို ဖြတ်ထုတ်ကာ ချက်ပြုတ်စားသောက်နေကြရသည်။ တိရစ္ဆာန်များကို ကျွေးမွေးရန် ချန်ထားသည့် စားကြွင်းစားကျန်များထဲမှ ကောက်ယူနိုင်ရန် လည်း ဈေးလုံခြုံရေးဝန်ထမ်းများမှ ခွင့်ပြုထားပေးကြသည်။30

သုတေသနနည်းလမ်း

ကျွန်ုပ်၏ သုတေသနသည် ဒုက္ခသည်များအနေဖြင့် မည်သည့်ကြောင့်နှင့် မည်သို့မည်ပုံ မြို့ပြနေရာများကို ရွှေ့ပြောင်းကြသနည်းဟူသောအချက်နှင့် ဆက်စပ်နေပြီး ၎င်းအချက်များကို သိရှိရန် ကျွန်ုပ်အနေဖြင့် အိုင်ဇောမှ ချင်း ဒုက္ခသည်များ၏ ဖြစ်ရပ်များကို လေ့လာဆန်းစစ်ခြင်းနည်းကို ရွေးချယ်ခဲ့သည်။ ဖြစ်ရပ်များကို လေ့လာဆန်းစစ်သည့် သုတေသနသည် စေ့စပ်မှုရှိပြီး အသေး စိတ်ကျသော အချက်အလက်များကို ကောက်ယူခြင်းဖြင့် သတ်မှတ်ထားသော စနစ်တစ်ခု (ဖြစ်ရပ်တစ်ခု) ကို စုံစမ်းထောက်လှမ်းမှုပြုခြင်းဖြစ်သည်။31 ဖြစ်ရပ် များကို လေ့လာဆန်းစစ်ခြင်းသည် “မည်သို့မည်ပုံ” နှင့် “အဘယ်ကြောင့်” ဟူသောမေးခွန်းများကို ဖြေဆိုရာတွင် အသင့်တော်ဆုံး ဖြစ်သည်။32 ကျွန်ုပ် သုတေသန၏ အဓိကမေးခွန်းသည် ဒုက္ခသည်များအနေဖြင့် မြု့ပြဧရိယာများ သို့ အဘယ်ကြောင့်နှင့် မည်သို့မည်ပုံ ရွှေ့ပြောင်းရသနည်းဟူသောအချက်များ နှင့် သက်ဆိုင်နေသောကြောင့် ဖြစ်ရပ်များကို လေ့လာဆန်းစစ်ခြင်းနည်းလမ်း သည် အသင့်တော်ဆုံး နည်းလမ်းဖြစ်သည်။​ ကျွန်ုပ်၏ ဖြစ်ရပ် (case) အား အိုင်ဇောတွင် နေထိုင်နေသော ဗမာဒုက္ခသည်များနှင့် သတ်မှတ်ထားသည်။ အခြားသော ပိုမိုတိကျသည့် စည်းဘောင်များချမှတ်ရန် ၂၀၂၁ နောက်ပိုင်းမှသာ ရောက်ရှိလာသော ဒုက္ခသည်များကို အင်တာဗျူးပြုလုပ်ထားသည်။ အချက် အလက်များကို အဓိကအားဖြင့် တစ်စိတ်တစ်ပိုင်းဖွဲ့စည်းထားသော အင်တာ ဗျူးများမှတစ်ဆင့် စုဆောင်းခဲ့ပြီး ၎င်းနည်းစနစ်သည် အပြည့်အဝ ဖွဲ့စည်း တည်ဆောက်ထားသော အင်တာဗျူးများနှင့်ယှဉ်ပါက အင်တာဗျူးတွင် ပါဝင် ဖြေဆိုသူများသည် သတ်မှတ်ထားသော မေးခွန်းစုများ သို့မဟုတ် သတ်မှတ် ထားသော ဖြေဆိုရမည့်ဘောင်များမှ ဟန့်တားနေခြင်းမရှိဘဲ ၎င်းတို့၏ စုံလင် ကွဲပြားသော အမြင်များကို လွတ်လပ်စွာ မိမိဖြေကြားလိုသလောက် ဖြေကြား နိုင်ခြင်းကြောင့် အင်တာဗျူးဖြေဆိုသူများ၏ ဘဝများ၊ အတွေ့အကြုံများနှင့် ရှုထောင့်များအကြောင်း စေ့စပ်အသေးစိတ်ကျသော အချက်အလက်များ စုဆောင်းနိုင်စေခဲ့သည်။33 အင်တာဗျူးတွင် ပါဝင်သူများကို ရွေးချယ်ရာတွင် သုတေသနအတွက် လွယ်ကူစွာလက်လှမ်းမီနိုင်မည့် (Non-probability convenience) နမူနာပုံစံကို အသုံးပြုခဲ့ပြီး အဓိကအကြောင်းအရင်းမှာ ဗမာ ဒုက္ခသည်များသည် လူသူသိရှိခြင်း မရှိအောင်နေကြသောကြောင့် ၎င်းတို့အား ဆက်သွယ်ခြင်းနှင့် အချက်အလက်များ ကောက်ယူခြင်းသည် စိန်ခေါ်မှု များသောကြောင့်ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် လူဦးရေ အချက်အလက် ကောက် ယူသည့် စစ်တမ်းတိုတစ်ရပ်ကိုလည်း ဆောင်ရွက်ခဲ့ပြီး အသက်၊ ဝင်ငွေ၊ ပညာရေးအဆင့်အတန်း အစရှိသည်တို့ကို ကောက်ယူခဲ့သည်။ အင်တာဗျူးမှ ရရှိသော အချက်အလက်များအား မြို့ပေါ်နေဒုက္ခသည်များအပေါ်တွင် ရှိပြီး သား စာပေများအပေါ် ဖြည့်စွက်ကာ နှိုင်းယှဉ်တိုင်းတာမှုပြုလုပ်ခဲ့သည်။

နမူနာအုပ်စု၏ ဝိသေသလက္ခဏာများ

အသက် (၂၀) မှ (၆၀) အကြားရှိ ပါဝင်သူ (၁၄) ဦး (အမျိုးသမီး ရှစ်ဦး၊ အမျိုး သား ခြောက်ဦး) တို့အား ၎င်းတို့၏ မတူညီသော ဇာတိဒေသများကို ထင်ဟပ်မှု ရှိစေရန် ကနဦး စုဆောင်းမှုပြုခဲ့သည်။ နမူနာရှာဖွေသည့် နည်းလမ်းအား လေ့လာမှု ပြုမည့်နေရာတွင် နမူနာယူမည့်သူများကို ရှာဖွေရန်ခက်ခဲမှုနှင့် နမူနာများထံမှ မတူညီသော မူရင်းဒေသများကို ထင်ဟပ်မှုရှိစေရန် ရွေးချယ်ခဲ့ ခြင်းဖြစ်သည်။

ဇယား (၂)
နမူနာအုပ်စု၏ လူဦးရေဆိုင်ရာ ဝိသေသလက္ခဏာများ။

 အမျိုးသား (ဦးရေ-၆)အမျိုးသမီး (ဦးရေ-၈)
အသက် (နှစ်)  
၂၁-၃၀၁၁
၃၁-၄၀၃၅
၄၁-၅၀၂၁
၅၁-၆၀၀၀
၆၀ အထက်၀၁
ပညာအရည်အချင်း  
မူလတန်း၀၁
အထက်တန်း၃၂
တက္ကသိုလ်ဘွဲ့၂၅
မဟာဘွဲ့၁၀
အိမ်ထောင်ဦးစီး  
ဟုတ်သည်၆၅
မဟုတ်ပါ၀၃
စွန့်ခွာခဲ့သည့်နေရာ  
မြို့ပေါ်ဒေသ၆၇
ကျေးလက်ဒေသ၀၁
မူရင်းမြို့နယ်  
ဟားခါး၁၀
ဖလမ်း၂၀
တီးတိန်၂၀
ထန်တလန်၀၂
မင်းတပ်၀၂
မတူပီ၁၂
ကန်ပက်လက်၀၂
ယခင်အလုပ်အကိုင်  
အစိုးရအလုပ်၅၅
ပုဂ္ဂလိကအလုပ်၁၃

ပါဝင်သူ (၁၂) အား လူချင်းတွေ့အင်တာဗျူးခဲ့ခြင်းဖြစ်ပြီး (၂) နှစ်ဦးကို ဖုန်းမှ တစ်ဆင့်အင်တာဗျူးခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်၏ သုတေသနတွင် ပါဝင်သူ အများစုသည် မြန်မာမှ မထွက်ခွာခင် မြို့ပေါ်ဒေသများတွင် နေထိုင်ခဲ့ကြကာ တက္ကသိုလ်ဘွဲ့နှင့် မဟာဘွဲ့အစရှိသည့် အဆင့်မြင့်ပညာရေးဘွဲ့များ ရှိထားကြ သည်။ အများစုသည် အစိုးရရုံးများတွင် အလုပ်လုပ်ကိုင်ခဲ့ကြသူများဖြစ်ကာ ၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရန် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သူများဖြစ်ကြသည်။

ခွဲခြမ်းစိတ်ဖြာမှုနည်းလမ်း

အင်တာဗျူးများအား စာရေးသူနှင့် အင်တာဗျူးဖြေဆိုသူများ (အင်တာဗျူးဖြေ ဆိုသူများသည် မတူညီသော ချင်းဘာသာစကားများကိုလည်း ပြောတတ်ကြ သည်) နှစ်ဖက်စလုံး ပြောဆိုတတ်သည့် ဗမာဘာသာစကားဖြင့် ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။ အင်တာဗျူးများအား နောက်ပိုင်းတွင် အင်္ဂလိပ်ဘာသာသို့ ပြန် ဆိုခဲ့သည်။ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုထားသော မှတ်စုများအား အဓိပ္ပာယ်ဖွင့် ဆိုခွဲခြမ်းစိတ်ဖြာမှုပြုလုပ်သည့် ဘာသာစကားအဖြစ် အသုံးပြုခဲ့ပြီး အဓိပ္ပာယ် ဖွင့်ဆို ခွဲခြမ်းစိတ်ဖြာမှု အဆင့်နှစ်ဆင့်ကို အသုံးပြုခဲ့သည်။ မှတ်စုများထံမှ သက်ဆိုင်ပတ်သက်မှုရှိသည့် အချက်အလက်များကို ထုတ်ယူပြီး သုတေသန မေးခွန်းများနှင့်အညီ စာရင်းပြုစုပြီးနောက် လေ့လာဆန်းစစ်မှုကို အဆင့် နှစ် ဆင့်ဖြင့် ဆောင်ရွက်ခဲ့သည်။ ပထမအဆင့်မှာ အင်တာဗျူးများအား တစ်ပိုင်း ချင်းစီ ဖတ်ရှုပြီး အဓိကအကြောင်းအရာများနှင့် အမျိုးအစားများကို ဖော်ထုတ် ခဲ့သည်။ ဒုတိယအဆင့်မှာ အကြောင်းအရာနှင့် အကြောင်းအရာခွဲများ (သုတေ သနမေးခွန်း ပေါ်တွင် မူတည်၍) ကို အဆိုပါ အဓိကအကြောင်းအရာများနှင့် အမျိုးအစားများအား ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ခြင်းဖြင့် ဖန်တီးရယူခဲ့သည်။

ရလဒ်များ

ချင်းဒုက္ခသည်များ အိုင်ဇောကို ရွေးချယ်ရခြင်းအတွက် တွန်းအားပေးနေသော အချက်များနှင့် ဆွဲဆောင်နေသော အချက်များ

ပညာရေးကို လက်လှမ်းမီနိုင်ခြင်းသည် အိုင်ဇောမြို့တွင် အခြေချရန် ရွေးချယ် စေသည့် ဆွဲဆောင်နေသော အချက်တစ်ချက်ဖြစ်ကာ အင်တာဗျူးဖြေဆိုသူ ခုနှစ်ဦးမှလည်း အဆိုပါအချက်သည် ၎င်းတို့အတွက် အဓိကတွန်းအားပေး သည့် အချက်ဖြစ်ကြောင်း ဆိုခဲ့သည်။ ဥပမာ အင်တာဗျူးဖြေဆိုသူ (၁)၊ (၅)၊ (၆) နှင့် (၁၃) တို့မှ ပညာရေးလက်လှမ်းမီနိုင်ခြင်းသည် ၎င်းတို့အနေဖြင့် ဒုက္ခသည် စခန်းများအစား အိုင်ဇောမြို့တွင် ခိုလှုံရန် ရွေးချယ်ခဲ့သည့် အဓိကအချက် ဖြစ်ကြောင်း ဆိုခဲ့ကြသည်။ ဒုက္ခသည်စခန်းတွင် တစ်နှစ်နီးပါး နေထိုင်ခဲ့ပြီး နောက် အိုင်ဇောမြို့သို့ ရွှေ့ပြောင်းခဲ့သူ အသက် (၃၆) နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်သည့် အင်တာဗျူးဖြေဆိုသူ (၁၁) မှလည်း ၎င်းအနေဖြင့် ရွှေ့ပြောင်း ရန်ဆုံးဖြတ်ချက်ချရာ၌ ထည့်သွင်းစဥ်းစားရာတွင် အဘယ်ကြောင့် ပညာရေး သည် အဓိကအချက်ဖြစ်ကြောင်းကို ရှင်းပြခဲ့သည်။

ကိုယ့်ဟာကိုယ် နေရာပြောင်းအခြေချဖို့ ရွေးချယ်လိုက်တာက ကလေးကလည်း အရွယ်ရောက်လာပြီ။ ကျွန်တော်တို့ မြန်မာ ကထွက်လာခဲ့တုန်းက သူက သုံးနှစ်သားပဲရှိသေးတယ်။ စခန်း ထဲမှာ နေတဲ့အချိန်အတွင်းမှာ သူ လေးနှစ်ပြည့်သွားခဲ့တယ်။ သူ့ပညာရေးကို စဉ်းစားပြီးတော့မှ ကျွန်တော် ဒီဆုံးဖြတ်ချက် ကို ချခဲ့ရတာ။ သူ့ကို မူကြိုကျောင်းမှာ ကျောင်းအပ်ပေးချင် တယ်။ ဒါပေမဲ့ ကံဆိုးတာက စခန်းထဲမှာ ကလေးတွေအတွက် ပညာရေးအခွင့်အလမ်းတွေက သိပ်မရှိနေဘူး။

မြန်မာဒုက္ခသည်များ အိုင်ဇောမြို့သို့ရွှေ့ပြောင်းအခြေချရာတွင် စိတ်ကျန်းမာ ရေးဆိုင်ရာစိုးရိမ်မှုများအပါအဝင် ကျန်းမာရေးဆိုင်ရာ ထည့်သွင်းစဥ်းစားချက် များသည်လည်း အဓိကနေရာမှ ပါဝင်နေသည်။ ပါဝင်ဖြေဆိုသူ ခြောက်ဦးမှ ကလေးများရော လူကြီးများအတွက်ပါ စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရမှုများ သည် အဓိကတွန်းအားပေးသည့် အချက်များဖြစ်ကြောင်းဆိုခဲ့ကြပြီး ပါဝင်ဖြေ ဆိုသူ လေးဦးမှ ကျန်းမာရေးစောင့်ရှောက်မှုကို ရယူနိုင်ခြင်းသည် အိုင်ဇောမြို့ သို့ ရွှေ့ပြောင်းအခြေချရန် ဆွဲဆောင်ခဲ့သည့်အချက်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။

အသက် (၄၆) နှစ်အရွယ် ကျန်းမာရေးဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့် အင်တာဗျူးဖြေဆိုသူ (၁၄) သည် ဒုက္ခသည်စခန်းတွင်နေစဉ်က သူမ၏ စိတ် ကျန်းမာရေးချို့တဲ့ခဲ့ပြီး ထိန်းသိမ်းမရ ဒေါသထွက်မြန်သော စိတ်အခြေအနေ တစ်ခုရှိနေခဲ့ကြောင်း ဆိုခဲ့သည်။ သူမ၏ ဒေါသမထိန်းနိုင်မှုသည် ပိုမိုဆိုးဝါး လာပြီး မိသားစုအပေါ် ရေရှည်သက်ရောက်မှုများ ရှိလာမည်ကို စိုးရိမ်သော ကြောင့် သူမအနေဖြင့် ဒုက္ခသည်စခန်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

ကျွန်မကလေးတွေနဲ့ မိသားစုရဲ့ စိတ်ကျန်းမာရေးကို ထိခိုက် လာနိုင်တဲ့ အလားအလာတွေ ရှိတယ်ဆိုတာကို သိပြီးတဲ့ နောက်မှာ ကျွန်မအနေနဲ့ စခန်းထဲမှာ ဆက်နေတာက ရေရှည် အတွက် အဆင်မပြေနိုင်ဘူးဆို တာကို သိခဲ့ရတယ်။ … ကျွန်မ စခန်းကနေထွက်ပြီး ကိုယ့်ဟာကိုယ် နေရာပြောင်းရွှေ့အခြေချ ဖို့ ဆုံးဖြတ်ခဲ့တယ်။

အထက်တွင် ဆွေးနွေးခဲ့သည့်အတိုင်း စခန်းအတွင်းမှ ကန့်သတ်တားမြစ်မှု များသည် ကျွန်ုပ်၏ သုတေသနတွင်ပါဝင်သူအချို့၏ စိတ်ကျန်းမာရေးကို ထိခိုက်ခဲ့သလို ၎င်းတို့ဘဝ၏ အခြားသော အစိတ်အပိုင်းများကိုလည်း ထိခိုက်ခဲ့ သည်။ လက်ရှိတွင် ဆက်လက်လည်ပတ်နေခြင်းမရှိတော့သော ဖော့က်လန်း (Falkland) စခန်း34 တွင် နေထိုင်ခဲ့ကြသည့် ပါဝင်ဖြေဆိုသူ သုံးဦးမှလည်း ၎င်းတို့ နေရာရွှေ့ပြောင်းခဲ့ရခြင်း၏ အဓိကအကြောင်းပြချက်မှာ စိတ်ကျန်းမာ ရေးကြောင့်ဟု ဆိုခဲ့ကြသည်။ စခန်းမှကန့်သတ်ချက်များတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ဈေးများကို လက်လှမ်းမမီမှုနှင့် ကုန်ပစ္စည်းများကို မတန်တဆဈေးပေးဝယ်ရခြင်းများ ပါဝင်သည်။ ဖော့က်လန်းစခန်းတွင် တစ်နှစ်ကြာနေထိုင်ခဲ့သူ အသက် (၆၂) နှစ် အရွယ် အင်တာဗျူးဖြေဆိုသူ (၁၀) မှ အောက်ပါအတိုင်းဆိုခဲ့သည်။

စခန်းရဲ့ တားမြစ်ချက်တွေက တော်တော်တင်းကျပ်တယ်။ ကျွန်မတို့က အပြင်ထွက်ခွင့် မရှိဘူး။ တစ်ခါက ကျွန်မဆို တော် တော်ဖျားပြီး မြေကြီးပေါ်မှာ ဆန်အိတ်လေးကို ခေါင်းအုံးပြီး လှဲနေရတဲ့အခြေအနေကို ရောက်သွားခဲ့သေးတယ်။ သက် သောင့်သက်သာဖြစ်အောင်လို့ မွေ့ရာတစ်ခုဝယ်ချင်တာကို ကျွန်မမှာ ပိုက်ဆံရှိနေတာတောင်မှ အစောင့်တွေက ဝယ်ခွင့် မပြုခဲ့ဘူး။ နှစ်လလောက် ကျွန်မ အပြင်းအထန်ကို ဖျားပြီး တော်တော်ကြီးခံစားခဲ့ရတာ။ လေမဖြတ်သွားတာ တော်တော် လေးကံကောင်းတယ်။ ကျွန်မ အဆစ်တွေ အရမ်းနာလို့ဆိုပြီး ဆေးရုံသွားခွင့်ပေးဖို့ အသနားခံခဲ့တာတောင်မှ သူတို့က အဲဒါ ကိုလည်း ခွင့်မပြုခဲ့ဘူး။

အိုင်ဇောမြို့သို့ ရွှေ့ပြောင်းရန် ကျွန်ုပ်၏ သုတေသနတွင် ပါဝင်ခဲ့သူများကို ဆွဲဆောင်ခဲ့သည့် အခြားသော အချက်များမှာ အင်တာဗျူးဖြေဆိုသူ (၁)၊ (၇)၊ (၁၄) နှင့် (၁၃) ၏ အဆိုအရ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ၊ အိမ်ရာ အခြေအနေပိုမိုကောင်းမွန်နိုင်သည့် အလားအလာနှင့် အလုပ်သို့သွားရောက် ရန် သယ်ယူပို့ဆောင်ရေးလွယ်ကူမှုတို့ဖြစ်ကြသည်။ သို့သော် ဤအချက်များ သည် ဤအပိုင်း၏ အထက်ပိုင်းတွင် ဖော်ပြခဲ့သောအချက်များနှင့် ယှဉ်ပါက သိသာ ထင်ရှားမှု ပိုမိုနည်းပါးသည်။

အိုင်ဇောမြို့မှ မြို့ပေါ်တွင် ခိုလှုံမှု၏ အကျိုးကျေးဇူးများ

လုံခြုံသည်ဟုခံစားရမှု မြင့်မားလာပြီး ကြောက်ရွံ့ရမှုနှင့် မသေချာမရေရာမှုတို့ လျော့ကျလာခြင်းသည် အိုင်ဇောမြို့တွင် နေထိုင်ခြင်း၏ သိသာထင်ရှားသော အကျိုးကျေးဇူးများဖြစ်ကြောင်း အိုင်ဇောမြို့တွင်နေထိုင်နေသည့် အင်တာဗျူး ခဲ့သူများထဲမှ တစ်ဆယ့်သုံးဦးက ဆိုခဲ့သည်။ ဤအချက်မှာ သုတေသနတွင် ပါဝင်သူအများစုသည် CDM ဖြစ်နေမှုနှင့် သက်ဆိုင်မှုရှိနေသည်။ အသက် (၃၈) နှစ်အရွယ်အမျိုးသမီး အင်တာဗျူးဖြေဆိုသူ (၁) မှ ဆိုခဲ့သည်မှာ —

အိုင်ဇောမှာ နေရတဲ့အထဲမှာ လုံခြုံတယ်လို့ခံစားရတာကိုတော့ အကြိုက်ဆုံးပဲ။ လမ်းပေါ်မှာ လူတွေအများကြီးရှိနေပေမဲ့ ညသန်းခေါင်မှာတောင် အေးဆေးအပြင်ထွက်လို့ရတယ်။ ပြီးတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို တန်းတူထားပြီး ဆက်ဆံတယ်။ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရတာ၊ လှောင် ပြောင်ခံရတာမျိုးတွေ ကျွန်မ တစ်ခါမှ မတွေ့ဖူးဘူး။ ကျွန်မ အနေနဲ့ မီဇိုစကားကို အတိုင်းအတာတစ်ခုအထိပဲ ပြောနိုင် တယ်ဆိုပေမဲ့ မှားပြောမိတဲ့အခါ ဘယ်သူမှ လှောင်ရယ်တာ မျိုးမရှိဘူး။

ထို့အပြင် စစ်ကောင်စီမှ ၎င်းအားဖမ်းဆီးလိုသည်ဟု သတင်းကြားသော ကြောင့် အိုင်ဇောမြို့သို့ ထွက်ပြေးခဲ့သူ စီဒီအမ်တစ်ဦးဖြစ်သည့် အသက် (၃၆) နှစ်အရွယ် အင်တာဗျူးဖြေဆိုသူ (၁၁) မှလည်း အိုင်ဇောမြို့သည် မီဇိုရမ်၏ အခြားသော ကျေးလက်ဒေသများနှင့် ယှဥ်ပါက လုံခြုံစိတ်ချရမှု ပိုမိုကောင်းမွန် ကြောင်း ထောက်ပြခဲ့သည်။

အိုင်ဇောနဲ့ ဇိုကောသာက မတူဘူး။ ဇိုကောသာမှာဆိုရင် သူက နယ်စပ်နဲ့ တံတားပဲခြားတဲ့အတွက် ကျွန်တော်တို့ အမြဲတမ်း လိုလို သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေ အမြဲလိုလို ကြားနေ ရတယ်။ ကျွန်တော်တို့နေတဲ့နေရာဘက်ကို တိုက်ပွဲတွေ ပြန့် လာမှာ တော်တော်လေးကြောက်ခဲ့ရတယ်။ မြန်မာဘက်ခြမ်း ကနေ မီးခိုးတွေတက်လာတာမျိုးတွေ ကျွန်တော်တို့ တွေ့ခဲ့ဖူး တယ်။ ဇိုကောသာမှာ ကျွန်တော်တို့ လုံခြုံတယ်လို့ကို မခံစားခဲ့ ရဘူး။ ဒါပေမဲ့ အိုင်ဇောမှာတော့ ကျွန်တော်တို့ လုံခြုံတယ်လို့ ခံစားရတယ်။

အင်တာဗျူးဖြေဆိုသူ ခြောက်ဦးမှ အိုင်ဇောမြို့၏ ကောင်းကွက်တစ်ခုသည် ပိုမိုကောင်းမွန်သော ပညာရေးကို လက်လှမ်းမီနိုင်မှုပိုမိုရှိခြင်း ဖြစ်သည်ဟုဆိုခဲ့ ပြီး အခြားငါးဦးမှ အရည်အသွေးရှိသော ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း ပြောပြခဲ့သည်။ တက္ကသိုလ်ကထိကဟောင်းတစ်ဦးဖြစ်သည့် အင်တာဗျူးဖြေ ဆိုသူ (၆) သည် အထောက်အထားများ မရှိသော်ငြားလည်း ၎င်း၏ ကလေး များကို ကျောင်းများမှ တရားဝင်စာရင်းသွင်းပေးကြောင်း ထောက်ပြခဲ့သည်။

ဒီနေရာကို ဒုတိယတစ်ခေါက်ရွှေ့ပြီးတဲ့နောက်ပိုင်းမှာ ကလေး တွေကို နောက်ဆုံးတော့ ကျောင်းအပ်နိုင်ခဲ့တယ်။ ကလေးတွေ က သူတို့နောက်ဆုံးတက်ခဲ့တဲ့အတန်းတွေကနေ ပြန်စတက် နိုင်ခဲ့တယ်။ အစိုးရကနေပြီးတော့မှ ဒုက္ခသည်ကလေးတွေကို တရားဝင် ကျောင်းဝင်ခွင့်ပေးတဲ့အတွက် ကျွန်တော်တို့မှာ ကျောင်းအပ်တာနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိခဲ့ဘူး။ လိုအပ်တဲ့ အထောက်အထား မရှိနေတာတောင်မှ ကျောင်း တွေက ကျွန်တော့်ကလေးတွေကို လက်ခံခဲ့တယ်။ ကျွန်တော့် သားကို အစိုးရကျောင်းတစ်ကျောင်းမှာ အပ်ထားပြီး သမီးကို တော့ ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ အပ်ထားတယ်။

မူလတန်းပြကျောင်းဆရာမတစ်ဦးဖြစ်သည့် အင်တာဗျူးဖြေဆိုသူ (၂) အောက် တွင် ဆိုထားသည့်အတိုင်း အချို့သူများသည် အိုင်ဇောမြို့၌ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကားတွင် ပညာရေး အရည်အသွေးတိုးတက်လာမှုကိုလည်း မီးမောင်းထိုးပြခဲ့သည်။

(ပညာရေးက) ကောင်းတယ်။ တော်တော်လေးကောင်းတယ်။ အထူးသဖြင့် အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာ။ (ကလေးတွေ ရဲ့) အင်္ဂလိပ်စကားပြောစွမ်းရည်က အများကြီးတိုးတက်လာ တယ်။ သူတို့ရဲ့ လက်ရေးလည်း ပိုလှလာတယ်။

အိုင်ဇောပြည်သူ့ဆေးရုံတွင် မီးဖွားခဲ့သည့် အင်တာဗျူးဖြေဆိုသူ (၇) ရှင်းပြခဲ့ သည့်အတိုင်း ပါဝင်သူများမှ ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုကို လက် လှမ်းမီနိုင်မှုသည်လည်း သိသာစွာတိုးတက်လာကြောင်း ဖော်ပြခဲ့ကြသည်။

အိုင်ဇောမှာ ကျွန်တော့်အမျိုးသမီး ပြည်သူ့ဆေးရုံးမှာ မီးဖွား တာ ဘာပြဿနာမှ မရှိခဲ့သလို ဝန်ဆောင်မှုတွေကလည်း အရမ်းကောင်းတယ်။ … ပြည်သူ့ဆေးရုံမှာ စရိတ်ပိုသက်သာရုံ တင်မကဘဲ ဒုက္ခသည်ဖြစ်နေလို့ဆိုပြီးတော့ ကျွန်တော်တို့ကို ခွဲခြားဆက်ဆံခဲ့တာမျိုးမရှိဘူး။ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကတော့ ချီးကျူးစရာပဲ။

အင်တာဗျူးဖြေဆိုသူများမှ သိသိသာသာဖော်ထုတ်ပြောကြားခဲ့ခြင်း မရှိသော် လည်း အခြားသော အကျိုးကျေးဇူးများမှာ လူမှုအသိုင်းအဝိုင်းအတွင်း လက်ခံမှု မြင့်တက်လာခြင်း၊ စိတ်ကျန်းမာရေးတိုးတက်လာခြင်းနှင့် အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ကြသည်။

အိုင်ဇောမှ ဒုက္ခသည်များရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ

နေထိုင်ရန် အိမ်ရာသည် ကျွန်ုပ်၏ သုတေသနတွင်ပါဝင်ခဲ့သူများ အဓိက ပြောကြားခဲ့သည့် စိုးရိမ်မှုတစ်ခုဖြစ်ပြီး အင်တာဗျူး တစ်ဆယ့်သုံးခုမှ ၎င်း အချက်အား အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ဖော်ပြခဲ့ကြသည်။ အခြေအနေ အများစုတွင် ဒုက္ခသည်များသည် ဒုက္ခသည်များဖြစ်နေသောကြောင့် အိမ်ရာ ငှားရမ်းရန် ငြင်းပယ်ခံရလေ့ရှိပြီး အိမ်ငှားခွင့်ရသည့်အခြေအနေတွင်ပင်လျှင် ၎င်းတို့သည် ဒေသခံများထက်ပိုမိုပေးရလေ့ရှိသည်။ အသက် (၆၂) နှစ်အရွယ် ကျောင်းဆရာမတစ်ဦးမှ သူမ၏အတွေ့အကြုံကို ဝေမျှခဲ့သည်။

အိမ်ငှားဖို့ အိမ်ရှင်တော်တော်များများနဲ့ ဖုန်းပြောပြီး ကနဦး သဘောတူညီချက်တွေရခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ဒုက္ခသည် ဖြစ် နေတယ်ဆိုတာကို သိပြီးတဲ့နောက်မှာ သူတို့တွေက မငှားပေး တော့ဘဲ နောက်ဆုတ်သွားကြတယ်။ တချို့အိမ်ရှင်တွေဆိုရင် အိမ်ကိုလာကြည့်ဖို့ ခေါ်ပြီးတော့မှ ကျွန်မရဲ့ နောက်ကြောင်းကို သိပြီဆိုတာနဲ့ ချက်ချင်း တုံးတိဖြတ်ချပစ်တာမျိုးတွေရှိတယ်။ ငွေကြေးဆိုင်ရာပိုင်းမှာ မယုံကြည်မှုကလည်း နောက်ထပ် အတားအဆီးတစ်ခုဖြစ်နေတယ်။ ကျွန်မကို အိမ်ငှားခ တတ် နိုင်လားဆိုတာမျိုးတွေ အခေါက်ပေါင်းများစွာ မေးခံခဲ့ရပြီးပြီ။ အဲဒါအပြင်ကို ကျွန်မက အိမ်ငှားခတစ်လစာ ကြိုပေးရလေ့ ရှိတယ်။ အိမ်ရှင်တွေကတော့ အရင်ဒုက္ခသည် အိမ်ငှားတွေက ပေးစရာကျန်တာတွေမပေးဘဲ အိမ်ကနေ ထွက်သွားကြလို့ဆို ပြီးလို့တော့ ရှင်းပြတယ်။

ဒုက္ခသည်များအနေဖြင့် အဆိုပါ အိမ်ငှားမှုနှင့်ပတ်သက်သည့် ခွဲခြားဆက်ဆံမှု မျိုးကို ကိုင်တွယ်ဖြေရှင်းသည့် နည်းဗျူဟာတစ်ခုမှာ ပွဲစားများမှတစ်ဆင့် ငှားရမ်းခြင်းဖြစ်သည်။ အိမ်ငှားပွဲစားများသည် ၎င်းတို့၏ ဝန်ဆောင်ခအတွက် အိမ်ငှားခများကို ဈေးမြှင့်သတ်မှတ်ထားသောကြောင့် နဂိုကပင် ဈေးမြင့်နေပြီး သားဖြစ်သည့် ငှားခမှာ ပိုမိုဈေးကြီးသွား၍ အထက်ပါနည်းလမ်းသည်လည်း အခြားပြဿနာများဖြစ်လာစေသည်။ အခြားသော ကိုင်တွယ်ဖြေရှင်းသည့် နည်းဗျူဟာတစ်ခုမှာ လူမှုကွန်ရက်များပေါ်တွင် မှီခိုခြင်းဖြစ်ပြီး ၎င်းအချက် အား အသက် (၃၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည့် အင်တာဗျူးဖြေဆို သူ (၈) မှ အောက်ပါအတိုင်း ဆွေးနွေးသွားခဲ့သည်။

စိတ်ကောင်းရှိတဲ့ အိမ်ရှင်တွေရှိပါတယ်။ ကျွန်မတို့အနေနဲ့ သူ တို့ကို မတွေ့မချင်းဆက်ရှာရတာပါပဲ။ အဲဒါအပြင် ကျွန်မတို့ အနားမှာ (တခြား) ဒုက္ခသည်တွေလည်းရှိတယ်။ ကျွန်မတို့ အနေနဲ့ အချင်းချင်း ချိတ်ဆက်ကွန်ရက်တွေ တည်ဆောက်ပြီး လွတ်နေတဲ့အိမ်တွေအကြောင်း အချင်းချင်းပြောပြကြတယ်။ ပြီးတော့ ဖော်ရွေတဲ့အိမ်ရှင်တစ်ယောက်ကို တွေ့ပြီဆိုရင် အိမ်ငှားကြတာပဲ။ ဆိုတော့ ကျွန်မတို့က ကိုယ့်ရဲ့ အချိတ် အဆက်တွေကို သုံးပြီး အိမ်တွေရှာနေပါတယ်။

မီဇိုစကားမတတ်ခြင်းသည် လူမှုဆက်ဆံရေးများ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပညာရေးတို့ကိုလက်လှမ်းမီရယူရာတွင် သိသာစွာသက်ရောက်မှု ရှိနေ သည့် နောက်ထပ်အချက်တစ်ချက်ဖြစ်သည်။ ၎င်းအချက်အား အင်တာဗျူး ဖြေဆိုသူ တစ်ဆယ့်တစ်ဦးမှ အဓိကစိန်ခေါ်မှုအဖြစ် ဖော်ပြခဲ့ကြသည်။ ဖခင်မှာ စိတ်ကျန်းမာရေးမကောင်းသူ အသက် (၃၅) နှစ်အရွယ် အင်တာဗျူးဖြေဆိုသူ (၉) သည် ဆရာဝန်များနှင့် ပြောဆိုဆက်ဆံရာတွင် ကြုံတွေ့ရသည့် အခက် အခဲများကို ရှင်းပြခဲ့သည်။

ကျွန်မတို့ ဘာသာစကားတွေက မတူတဲ့အခါကျတော့ အဖေ့ အခြေအနေအသေးစိတ်ကို ဆရာဝန်တွေကို မပြောပြနိုင်ခဲ့ဘူး။ ဆရာဝန်က အဖေ့ကို စက်တွေနဲ့ စမ်းသပ်ပြီး မီဇိုစကားနဲ့ မေးခွန်းတွေ မေးတယ်။ ကျွန်မတို့လည်း ဖြေနိုင်သလောက် ဖြေခဲ့ပေမဲ့ ကျွန်မတို့ရှင်းပြချင်သလောက် အသေးစိတ်ကျကျ မရှင်းပြနိုင်ခဲ့ဘူး။

ဘာသာစကားအတားအဆီးများကြောင့် ဒုက္ခသည်များသည် မီဇိုစကားပြော တတ်သည့် အသိအကျွမ်းများကို ကျန်းမာရေးစောင့်ရှောက်မှုများရယူရာတွင် ဘာသာပြန်များအဖြစ် မှီခိုနေရသည်။ သို့သော် ထိုကဲ့သို့သောသူများမှာ လိုအပ်သည့်အချိန်တိုင်း ရှိနေနိုင်သည်မဟုတ်ပေ။ ထို့ကြောင့် မကြာခဏ ဖျားနာတတ်သည့် ကလေး ခြောက်ဦး၏ မိခင် အသက် (၃၅) နှစ်အရွယ် အင်တာဗျူးဖြေဆိုသူ (၁၂) ၏ ဖော်ပြချက်တွင် တွေ့မြင်ရသည့်အတိုင်း ဒုက္ခ သည်များသည် ဆေးရုံများနှင့် ဆေးခန်းများကို မသွားတော့ဘဲ ရှောင်ရှားလာ ကြသည့် အပြုသဘောမဆောင်သော ဖြေရှင်းနည်းမျိုးကို အသုံးပြုလာကြ သည်။ သူမသည် ဆေးဆိုင်တွင် ဆေးလက်မှတ်မလိုဘဲ ဝယ်နိုင်သော ဆေးများ နှင့် အိမ်နီးနားချင်းများပေးသည့် ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များပေါ်တွင် မှီခိုပြီး ဆေးရုံဆေးခန်းများကို သွားရခြင်းမှ ရှောင်ရှားလေ့ရှိသည်။

ဒီမှာက ရာသီဥတုမကောင်းတဲ့အခါကျတော့ ကျွန်မကလေး တွေက ခဏခဏဖျားကြတယ်။ ဘာသာစကားအတားအဆီး ပြဿနာတွေကြောင့် ဆေးခန်းတွေကို မသွားဘဲနဲ့ အဲဒီအစား ဆေးစာမလိုတဲ့ ဆေးတွေကိုပဲ ဆေးခန်းကဝယ်လိုက်တယ်။ ဆရာဝန်ဆီကနေ အကြံဉာဏ်တောင်းတဲ့အစား ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ရင်းနှီးတဲ့ အခြားပုဂ္ဂိုလ်တွေနဲ့ပဲတိုင်ပင်ပြီး သူတို့ညွှန်းတဲ့ဆေးတွေ၊ ဘယ်လောက်တိုက်ရမယ် ဆိုတာတွေ ကို အကြံယူလိုက်တာများတယ်။

၎င်းအပြင် မိဘများရော ကလေးများပါ ပညာရေးဝန်ဆောင်မှုကို ရယူရာတွင် ဘာသာစကားအတားအဆီးများ ကြုံတွေ့ရသည်။ အင်တာဗျူးဖြေဆိုသူ (၉) မှ သူမအနေဖြင့် ကျောင်းအပ်သည့်အချိန်တွင် ဆရာမများနှင့် ပြောဆိုဆက်ဆံမှု ပြုရန် ဘာသာပြန်တစ်ဦးအပေါ်တွင် မှီခိုခဲ့ရကြောင်း ဆိုခဲ့သည်။ အခြားမိဘ တစ်ဦးမှလည်း သူမ၏အငယ်ဆုံးကလေးအား ပုဂ္ဂလိကကျောင်းတွင် ကျောင်း ထားခဲ့သော်လည်း ဘာသာစကားအတားအဆီးကြောင့် သီးသန့်ခွဲထုတ်ခံထား ရသကဲ့သို့ ဖြစ်လာသောကြောင့် ကျောင်းထုတ်ခဲ့ရကြောင်း ရှင်းပြခဲ့သည်။ နောက်ဆုံးတွင် ကလေးအား အိမ်တွင်သာ စာသင်ကြားပေးခဲ့ရသည်။ ကလေး များအတွက်မူ ၎င်းတို့သည် စာသင်ခန်းထဲတွင် ဘာသာစကားအတားအဆီး နှစ်ခု (အချို့ကျောင်းများတွင်အသုံးမပြုမနေရဖြစ်သည့် မီဇိုဘာသာစကားနှင့် ဟိန္ဒီဘာသာစကား) ကြုံတွေ့ကြရသည်။ ကလေးသုံးဦးကို ပုဂ္ဂလိကကျောင်း သို့ ပို့ထားသည့် အသက် (၄၆) နှစ်အရွယ် မိဘတစ်ဦးဖြစ်သည့် အင်တာဗျူး ဖြေဆိုသူ (၅) မှ အောက်ပါအတိုင်းပြောခဲ့သည်။

ပထမဆုံး ကျွန်တော်တို့ ကြုံရတဲ့စိန်ခေါ်မှုက ဘာသာစကား အတားအဆီးဖြစ်တယ်။ မြန်မာမှာတုန်းက အဓိကအားဖြင့် ဗမာလိုပဲပြောခဲ့ကြတယ်။ ဒီမှာကျ ကျွန်တော့် ကလေးတွေက မီဇိုရော ဟိန္ဒီရောနှစ်ခုလုံးနဲ့ လုံးပန်းကြရပြီး သူတို့အတွက် ခက်ခဲတယ်။ တစ်ခါတလေဆိုရင် ကလေးတွေက ဟိန္ဒီကို ဘာသာပြန်တဲ့နေရာမှာ ခက်တဲ့အတွက် သင်ခန်းစာတွေကို လိုက်မီဖို့ ခက်ခဲတယ်ဆိုပြီး ပြောခဲ့ဖူးတာမျိုးတွေရှိတယ်။

ကျွန်ုပ်၏ သုတေသနတွင်ပါဝင်သူများသည် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရမှု မရှိခြင်း၊ စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများအပေါ်တွင် ဥပဒေဆိုင်ရာ အတား အဆီးများရှိနေခြင်းနှင့် စွန့်ဦးတီထွင်မှုများပြုလုပ်ရာတွင် မအောင်မြင်ခြင်း စသည့် ငွေကြေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာစိန်ခေါ်မှုအမျိုးမျိုးကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။ ဒုက္ခသည်အများစုသည် တရားမဝင်လုပ်ငန်း ခွင်များတွင် အလုပ်လုပ်ကိုင်နေကြပြီး စုဆောင်းငွေများမရှိခြင်းကြောင့် အထက်ပါစိန်ခေါ်မှုများထဲတွင် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရမှုမရှိခြင်းသည် အထင်ရှားဆုံးဖြစ်သည်။ ကလေးငါးဦး၏ ဖခင်ဖြစ်သူ အင်တာဗျူးဖြေဆိုသူ (၅) မှ ဖျားနာပြီး ၎င်းဖျားနာမှုကြောင့် မိသားစုအပေါ်နှင့် ကလေးများ၏ ပညာရေး အပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်ဟူသော အတွေးကြောင့် အလွန် စိတ်ပူပန်ခဲ့ရသည်။

အိမ်မှာအလုပ်လုပ်နေတာက ကျွန်တော်တစ်ယောက်ပဲ ရှိပြီး တော့ ပိုက်ဆံရှာရမှာက ကျွန်တော့် တာဝန်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် ရုတ်တရက် အပြင်းဖျားနာပြီး အလုပ်မလုပ်နိုင် တော့ဘူးဆိုရင် ဘယ်လိုဖြစ်မှာလဲ။ ဘယ်သူက ကျွန်တော့် မိသားစုကို ကျွေးထားမှာလဲ။ အဲ့ဒီစိုးရိမ်မှုတွေက အမြဲတမ်း စိတ်ထဲမှာရှိနေတယ်။ ကျွန်တော် အခုကြုံတွေ့နေရတဲ့ အကြီး မားဆုံးပြဿနာက အဲဒါပဲ။ ကျွန်တော် အကြောင်းတစ်ခုခု ကြောင့် အလုပ်မလုပ်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော့်မိသားစုရဲ့ အနာဂတ်ကို စိုးရိမ်တယ်။

လက်ရှိတွင် တရားဝင်မဟုတ်သော အလုပ်အမျိုးမျိုးတွင် လုပ်ကိုင်နေသည့် အသက် (၂၉) နှစ်အရွယ် ကျောင်းဆရာဟောင်းတစ်ဦးဖြစ်သည့် အင်တာဗျူး ဖြေဆိုသူ (၇) မှလည်း ၎င်း၏ ကလေးကို အခြားကလေးများကဲ့သို့ ကျောင်း တက်နေသည်ကို မြင်ချင်သော်လည်း ၎င်းတွင် ပိုက်ဆံအလုံအလောက် မရှိနေ ပေ။ သူသည် အများအားဖြင့် အချိန်ပိုင်း လက်သမားအဖြစ်လုပ်ကိုင်ပြီး တစ်ရက်လျှင် အများဆုံးရနိုင်သည့် ပမာဏမှာ ရူပီး (၅၀၀) ဖြစ်သည်။ “ကျွန်တော့် ကလေးကို အစိုးရကျောင်းမှာ အပ်မယ်ဆိုရင်တောင်မှ ကျောင်း ဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းတွေလိုမျိုး တခြားကုန်ကျစရိတ်တွေရှိသေးတယ်။ ကျွန်တော့် လက်ရှိငွေရေးကြေးရေးအခြေအနေအရ အဲဒီကုန်ကျစရိတ်တွေကို မပေးနိုင်သေးတဲ့အတွက် ကျွန်တော့်ကလေးကို အခုချိန်ထိ ကျောင်းမပို့ရသေး တာ” ဟု ၎င်းမှ ပြောကြားခဲ့သည်။

ဤစိန်ခေါ်မှုများကို ပိုမိုဆိုးဝါးစေသည့်အချက်သည် ဒုက္ခသည်များ၏ စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများအပေါ် ချမှတ်ထားသည့် ဥပဒေဆိုင်ရာ ကန့် သတ်ချက်များဖြစ်သည်။ လမ်းဘေးစားသောက်ဆိုင်လေးဖွင့်ရန် ကြိုးပမ်းရာ တွင် အထက်ပါအတားအဆီးများကို ကြုံတွေ့ခဲ့ရသည့် အင်တာဗျူးဖြေဆိုသူ (၁၀) ၏ ဖော်ပြချက်အရ ၎င်းကန့်သတ်ချက်များသည် ဝင်ငွေရှိနိုင်သည့် အခွင့် အလမ်းများကို အတားအဆီးဖြစ်စေသည်။​

ဘာစီးပွားရေးအခွင့်အလမ်းမှ မရှိဘူး။ ဘာဆိုဘာမှ မရှိတာ။ ကျွန်မစုဆောင်းထားတာတွေ အကုန်လုံးလည်း ကုန်ပြီ။ ကျွန်မ ပြောချင်တာက ဒီမှာ အစိုးရက ကျွန်မတို့ကို ဘာစီးပွားရေးမှ လုပ်ခွင့်မပေးထားဘူး။ မြန်မာခေါက်ဆွဲဆိုင် အသေးလေး ဖွင့်ဖို့ ကျွန်မ ကြိုးစားခဲ့ပေမဲ့ သူတို့က ခွင့်မပြုခဲ့ဘူး။ ဆိုတော့ ကျွန်မ တို့ လုပ်နိုင်တာ ဘာမှမရှိဘူး။

ကျွန်ုပ်၏ သုတေသနတွင်ပါဝင်ခဲ့သူများ၏ အဆိုအရ အလုပ်အကိုင်ရှားပါးခြင်း၊ ရှိထားပြီးသား အသိအမှတ်ပြုလက်မှတ်များနှင့် အထောက်အထားများအား အသိအမှတ်ပြုမှုမရှိခြင်း၊ လုပ်ခလစာနည်းပါးခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းတို့ သည် အလုပ်အကိုင်အတွက် အတားအဆီးများဖြစ်ကြသည်။ ပါဝင်သူ ငါးဦးမှ အလုပ်အကိုင်ရှားပါးခြင်းသည် အလုပ်အကိုင်ရရှိရေးအတွက် အဓိကအတား အဆီးဖြစ်ကြောင်း ဆိုခဲ့ကြသည်။ မြန်မာနိုင်ငံတွင် လမ်းဘေးစားသောက်ဆိုင် ဖွင့်ခဲ့ပြီး တစ်ကိုယ်တည်းသမားမိခင်တစ်ဦးဖြစ်သည့် အသက် (၃၈) နှစ်အရွယ် အင်တာဗျူးဖြေဆိုသူ (၁) မှ စားသောက်ဆိုင်များတွင် အလုပ်အကိုင်များရှာဖွေ ခဲ့ပြီး တစ်ရက်လုပ်ခသည် ရူပီး (၂၀၀) သို့မဟုတ် (၃၀၀) သာရှိကြောင်း သိရှိခဲ့ရ သည်။ သူမအနေဖြင့် ပန်းရန်လုပ်သားကဲ့သို့ ကိုယ်ကာယအားထားရသော အလုပ်အကိုင်များကို ရှာဖွေကြည့်သောအခါ သူမကဲ့သို့ အမျိုးသမီးတစ်ဦး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးကြောင်း တွေ့ရှိခဲ့ရသည်။

အင်တာဗျူးဖြေဆိုသူအချို့မှ အထောက်အထားမရှိမှုနှင့် ၎င်းတို့၏ အရည် အချင်းပြအသိအမှတ်ပြုလက်မှတ်များကို အသိအမှတ်ပြုခြင်း မရှိမှုတို့သည် လည်း အလုပ်အကိုင်ရရှိရေးအတွက် အတားအဆီးများဖြစ်ကြောင်း ဆိုခဲ့ကြ သည်။ အစိုးရဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့် အသက် (၃၈) နှစ်အရွယ် အင်တာဗျူးဖြေဆိုသူ (၁၃) မှ ၎င်းသည် ဒေသတွင်းရှိကုမ္ပဏီများတွင် ပညာ အရည်အချင်းလိုအပ်သော နေရာများ၌ အလုပ်လျှောက်ရန် ကြိုးစားခဲ့သော် လည်း အလုပ်ရှင်များမှ ၎င်း၏မြန်မာနိုင်ငံမှ ဘွဲ့လက်မှတ်ကိုမြင်သောအခါ ၎င်း၏ လျှောက်လွှာကို ငြင်းဆိုခဲ့ကြကြောင်း ရှင်းပြခဲ့သည်။ နောက်ထပ် ပါဝင်သူတစ်ဦးဖြစ်သည့် အင်တာဗျူးဖြေဆိုသူ (၇) သည်လည်း ကုမ္ပဏီတစ်ခု တွင် အင်တာဗျူးမေးသည့် အဆင့်များကို ကျော်ဖြတ်ခဲ့ပြီး အလုပ်ရရန် ကမ်းလှမ်းခံရပြီးကာမှ ၎င်းတွင် အလုပ်လုပ်ရန် ဗီဇာမရှိသောကြောင့် ကမ်းလှမ်းမှုကို ပယ်ဖျက်ခြင်းခံခဲ့ရသည်။

ဒုက္ခသည်များအနေဖြင့် အရည်အချင်းနိမ့်ပါးသည်ဖြစ်စေ မြင့်မားသည် ဖြစ်စေ ၎င်းတို့အတွက်အလုပ်သည် ဆောက်လုပ်ရေးနှင့် ပန်းရန်အလုပ်သာရှိ သည်။ ၎င်းနေရာများတွင်ပင်လျှင် အလုပ်ရရန်ခက်ခဲကြောင်း တက္ကသိုလ် ကထိကဟောင်းတစ်ဦးဖြစ်သည့် အသက် (၄၃) နှစ်အရွယ် အင်တာဗျူးဖြေဆို သူ (၆) မှ ရှင်းပြထားသည်။ ဒုက္ခသည်များသည် အလုပ်အကိုင်ရရန် စွမ်းဆောင် နိုင်သည့်အခါတွင်ပင်လျှင် ခွဲခြားဆက်ဆံခံရမှုများ ကြုံရလေ့ရှိသည်။

သူတို့တွေက လစာအတော်အတန်ကောင်းတဲ့အလုပ်တွေကို ယူထားကြပြီး ပြောရမယ်ဆိုရင် အလုပ်အကိုင်ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားကြတယ်။ ဒေသခံတွေ လုပ်ဖို့ မရှိတဲ့ အလုပ်မျိုးမှာမှ ဒုက္ခသည်တွေကို ထည့်စဥ်းစားကြတာ … သူတို့ရဲ့ လုပ်ငန်းခွင်ကို ဝင်ရတာက စိန်ခေါ်မှုများတယ်။ သူတို့ တွေက အုပ်စုလိုက်အလုပ်လုပ်ကြတယ်။ ဒုက္ခသည်တွေကို ငှားလိုက်တယ်ဆိုရင်တောင်မှ ကျွန်တော်တို့အနေနဲ့ အချိန်ပို အလုပ်လုပ်ရတယ်။ ဥပမာ အလုပ်တစ်ခုက ရှစ်နာရီ လုပ်ဖို့လို တယ်ဆိုရင် ​ဒုက္ခသည်တွေကို ကိုးနာရီလောက် လုပ်ခိုင်းတာ မျိုးတွေရှိတယ်။

အထောက်အပံ့ရရှိနိုင်မှု

တစ်ခါတစ်ရံတွင် တချို့သူများအနေဖြင့် တစ်ကြိမ်သာ ပေးအပ်သော ထောက်ပံ့မှုမျိုး ရရှိတတ်ကြသော်လည်း ယေဘုယျအားဖြင့် အိုင်ဇောမြို့မှ ဒုက္ခသည်များသည် စိတ်ချရပြီး ရေရှည်ခံမည့် အထောက်အပံ့မျိုး မရှိနေပေ။ ထူးခြားသည်မှာ အသက် (၃၃) နှစ်အရွယ် CDMer အင်တာဗျူးဖြေဆိုသူ (၈) မှ ထောက်ပြခဲ့သည့်အတိုင်း ထိုကဲ့သို့သော အထောက်ပံ့များပေးသည့် အဖွဲ့ အစည်းများမှာ မြန်မာအခြေပြုအဖွဲ့အစည်းများဖြစ်သည်။

အစပိုင်းမှာ CDMer တွေအတွက် ရူပီး (၃,၀၀၀) လောက် ထောက်ပံ့ခဲ့တာတွေရှိတယ်။ နောက်ပိုင်းမှာ မြန်မာအခြေစိုက် အဖွဲ့အစည်းတစ်ခုက ကျွန်မတို့ကို ရူပီး (၅,၀၀၀) ပေးခဲ့တယ်။ အဲဒီမှာ ကျွန်မ မမှတ်မိတဲ့တခြားပေးခဲ့တာတွေလည်း ရှိသေး တယ်။ တစ်ခါတုန်းက ကျွန်မက မိခင်တစ်ယောက်ဖြစ်နေလို့ ဆိုပြီး ရူပီး (၁,၀၀၀) ရခဲ့ဖူးတာလည်းရှိတယ်။ အထောက်အပံ့ တော်တော်များများက မြန်မာအခြေစိုက် အဖွဲ့အစည်းတွေက နေလာတာ။

၎င်း၏ ကလေးသုံးဦးစလုံးကို အစိုးရကျောင်းသို့ ပို့ထားသည့် အသက် (၃၈) နှစ် အရွယ်အမျိုးသမီးဖြစ်သည့် အင်တာဗျူးဖြေဆိုသူ (၁) ၏ ဖော်ပြချက်အရ မီဇို ရမ်အစိုးရသည် အခမဲ့ပညာရေးနှင့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းတို့ကို ပံ့ပိုးခြင်းဖြင့် အထောက်အပံ့ပေးနေသည်။ “သူတို့က ကိုးတန်းစာမေးပွဲကို အောင်ပြီး ထိပ်ဆုံးကျောင်းသား (၁၀) ဦးစာရင်းထဲမှာ ပါခဲ့တယ်။ အဲဒါကြောင့် ကျောင်းက ဒီနှစ်အတွက် ကုန်ကျစရိတ်အကုန်လုံးကို ပေးခဲ့တယ်”

အင်တာဗျူးဖြေဆိုသူများထဲမှ အချို့သည် ဒုက္ခသည်အသိုင်းအဝိုင်းမှ ဖွဲ့စည်းထားသည့် Myanmar Fellowship Church အမည်ရှိ မြန်မာအခြေပြု ဘုရားကျောင်းကို တက်ကြသည်။ အသက် (၃၃) နှစ် အရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည့် အင်တာဗျူးဖြေဆိုသူ (၈) ၏ ဖော်ပြချက်အရ ဘုရားကျောင်းသည် စတင်တက်ရောက်သည့်အချိန်တွင် ငွေကြေးပေးအပ်မှုရှိသည်။ “ကျွန်မက နှစ် ခြင်းခရစ်ယာန်ဘုရားကျောင်းကိုတက်တယ်။ ဘုရားကျောင်းက စိတ်ဝိညာဉ် ပိုင်းဆိုင်ရာအထောက်အပံ့ပေးပြီး စီးပွားရေး ဒါမှမဟုတ် လူမှုရေးဆိုင်ရာ အထောက်အပံ့မျိုး မပေးဘူး။ ဒါပေမဲ့ အသစ်ဝင်လာတဲ့ ဒုက္ခသည်တွေက ထောက်ပံ့ကြေး ရူပီး (၁,၀၀၀) ကိုတော့ ဝင်ဝင်ချင်းမှာ တစ်ခါရကြတယ်”

ထိုသို့ဆိုခဲ့သော်လည်း ကျွန်ုပ်၏ သုတေသနတွင်ပါဝင်သူ အများစုသည်​ မှီခိုအားထားနိုင်သော ပြင်ပမှ တောက်လျှောက်ထောက်ကူနေမှုမရှိဘဲ ၎င်းတို့ ၏ ကိုယ်ပိုင်ရင်းမြစ်များပေါ်တွင် မှီခိုနေကြရသည်။

ဆွေးနွေးချက်

အချုပ်ဆိုရလျှင် ဤလေ့လာမှုတွင်ပါဝင်ခဲ့သော ဒုက္ခသည်များသည် နေရပ် စွန့်ခွာရွှေ့ပြောင်းမှုမပြုရမီ မြို့ပေါ်ဒေသများတွင်နေထိုင်ခဲ့ကြပြီး ဒုက္ခသည် များ၏ ယခင်နေထိုင်မှုပုံစံနှင့် အခြားနေရာတစ်ခု၌ ပြန်လည်အခြေချနေထိုင် ခြင်းကြားတွင် ပတ်သက်မှုရှိနိုင်သည်ဟူသော ကိုဘီယာ နှင့် ကရန်ဖီး တို့၏ လေ့လာတွေ့ရှိချက်ကို ယခုရှာဖွေတွေ့ရှိထားသည့် အချက်များမှ ထောက်ခံနေ သည်။35 အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှ အိုင်ဇောမြို့သို့ ရွှေ့ ပြောင်းလာခဲ့ကြရသည့် ဒုက္ခသည်များ၏ အဖြစ်အပျက်တွင် ပါဝင်သူ အများစု မှာ စီဒီအမ်ဝင်ခဲ့ကြသည့် အစိုးရဝန်ထမ်းဟောင်းများဖြစ်ကြပြီး ဖမ်းဆီးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများမှလွတ်မြောက်ရန် လိုအပ်သောကြောင့် နေရပ်စွန့်ခွာခဲ့ ကြခြင်းဖြစ်သည်။ ကျွန်ုပ်၏ အချက်အလက်များအရ ဒုက္ခသည်များ အိုင်ဇော၌ အခြေချရာတွင် သက်ရောက်မှုရှိနေသည့် တွန်းအားပေးသည့် အချက်များတွင် မိမိမူလနေထိုင်ရာနိုင်ငံ၌ လုံခြုံစိတ်ချရမှုမရှိခြင်း၊ ဒုက္ခသည်စခန်းအတွင်း နေထိုင်ရသည့် အခြေအနေများ၊ စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများနှင့် စစ်ကောင်စီ၏ ဝင်ရောက်စီးနင်းမှုများကြောင့် အိုးအိမ်ဥစ္စာပစ္စည်းများ ဆုံးရှုံးမှု တို့ပါဝင်သည်။ ဆွဲဆောင်နေသောအချက်များတွင် ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာဝန်ဆောင်မှုများ ရယူနိုင်မှု၊ အိမ်ရာရရှိနိုင်မှုနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိနိုင်မှု အလားအလာတို့ပါဝင်သည်။ ဤရှာဖွေတွေ့ရှိချက်သည် အခြားသော လေ့လာမှုများမှ ထောက်ပြထားသည့်အတိုင်း ဤနယ်ပယ်ထဲတွင် ရှိပြီးသားဖြစ်သော အခြားသော သုတေသနများနှင့်လည်း ကိုက်ညီမှုရှိသည်။36

မြို့ပေါ်တွင်ခိုလှုံမှု၏ ကောင်းကျိုးများ

ဒုက္ခသည်များအနေဖြင့် မြို့ပေါ်ဒေသများသို့ ရွှေ့ပြောင်းခြင်းဖြင့် ရရှိသော ကောင်းကျိုးများအပေါ်သုတေသနလုပ်ထားမှုသည် နည်းပါးနေသော်လည်း ခရစ်(စ်ပ်) နှင့် အခြားသူများမှ ဒုက္ခသည်များသည် ပြည်သူ့ဝန်ဆောင်မှုများ၊ ဈေးများနှင့် စီးပွားရေးအခွင့်အလမ်းများကို သဘောကျနှစ်သက်ကြလေ့ရှိ ကြောင်း မှတ်ချက်ပြုထားသည်။37 အင်တာဗျူးခဲ့သည့် အိုင်ဇောမြို့တွင် နေထိုင်သော ချင်းဒုက္ခသည်အများစုမှ အကြောက်တရားနှင့် မသေချာမှု ခံစား ရခြင်းလျော့နည်းသွားကာ လုံခြုံသည်ဟူသော စိတ်ခံစားချက်တိုးလာကြောင်း နှင့် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများရရှိမှု တိုးမြင့်လာကြောင်း ဖော်ပြထားမှုဖြင့် အထက်ပါအချက်အား ဤလေ့လာမှု၏ ရှာဖွေတွေ့ရှိချက် များမှ ထောက်ခံနေသည်။ အများပြည်သူဝန်ဆောင်မှုများ အထူးသဖြင့် ပညာရေးဝန်ဆောင်မှုကို ရရှိနိုင်ခြင်းသည် လုံခြုံမှုပြီးနောက် ဒုတိယမြောက် သိသာထင်ရှားမှုအရှိဆုံး အကျိုးကျေးဇူးဖြစ်သည်။​

အိမ်ရာ

အထက်တွင်ဖော်ပြခဲ့သော အကျိုးကျေးဇူးများရှိနေသော်လည်း အိုင်ဇောတွင် နေထိုင်သည့် ဒုက္ခသည်များသည် အိမ်ရာရှာဖွေရခြင်းမှသည် အလုပ်အကိုင် ရှာဖွေရခြင်းနှင့် ၎င်းတို့တန်ဖိုးထားသော ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင် မှုများကို ရယူရာတွင် ရှုပ်ထွေးစေသော အတားအဆီးများကဲ့သို့ စိန်ခေါ်မှု အမျိုး မျိုးကြုံတွေ့ခဲ့ရသည်။ ၎င်းစိန်ခေါ်မှုများတွင် အိမ်ရာနှင့် သက်ဆိုင်သော စိန်ခေါ် မှုသည် အကြီးမားဆုံးဖြစ်သည်။ ၎င်းတို့၏ ဒုက္ခသည် ဖြစ်နေမှုကြောင့် ခွဲခြား ဆက်ဆံခံရပြီး အိမ်လခများတိုးကောက်ခံခဲ့ရကြောင်း အိုင်ဇောတွင် နေထိုင် သည့် ကျွန်ုပ်၏ သုတေသနတွင် ပါဝင်သူများမှ မကြာခဏ ဖော်ပြခဲ့ကြသည်။ အင်တာဗျူးများမှရရှိသည့် အချက်အလက်များအရ အချို့သော အိမ်ရှင်များ သည် ဒုက္ခသည်များအား အိမ်လခမပေးနိုင်မည်ကို စိုးရိမ် သောကြောင့် အိမ်ငှား ရန် တွန့်ဆုတ်မှုများရှိကြောင်းလည်း တွေ့ရှိခဲ့ရသည်။ ၎င်းကဲ့သို့ ခွဲခြားဆက်ဆံ မှုကိုဖြေရှင်းရန် ပွဲစားများကို အသုံးပြုလေ့ရှိသောကြောင့် ၎င်းအချက်သည် အိမ်လခများကို ပို၍ပင်မြင့်မားသွားစေသည်။ အခြားသော မြို့ပေါ်နေ ဒုက္ခ သည်များ၏ အခြေအနေများတွင်လည်း တူညီသော အိမ်ရာဆိုင်ရာ စိန်ခေါ်မှု များတွေ့ရှိခဲ့ရပြီး ဥပမာ ဂမ်ဘီယာနိုင်ငံ၏ မြို့ပေါ်ဒေသများတွင် နေထိုင်သည့် ကာဆာမန့်စ်မှ ဒုက္ခသည်များ၏ အဖြစ်အပျက်တွင်လည်း တူညီသော စိန်ခေါ်မှု များတွေ့နိုင်သည်။38 သို့သော် ဤအခြေအနေ နှစ်ခုအကြားရှိ ကွာခြားမှုများ သည်လည်း မှတ်သားဖွယ်ဖြစ်သည်။ ဂမ်ဘီယာနိုင်ငံတွင် ကာဆာမန့်စ် ဒုက္ခ သည်များသည် အိုးအိမ်ဥစ္စာပိုင်ဆိုင်မှုအခွင့်အရေးအပါအဝင် အခြေခံစီးပွားရေး ဆိုင်ရာ အခွင့်အရေးများကို ခံစားခွင့်ရှိပြီး အိုင်ဇောတွင် နေထိုင်သည့် ချင်းဒုက္ခ သည်များတွင် အဆိုပါအခွင့်အရေးများ ရှိမနေပေ။ ကာဆာမန့်စ် ဒုက္ခသည်များ အနေဖြင့် အိမ်ရာရရှိရန် အသုံးပြုလေ့ရှိသည့် နည်းဗျူဟာတစ်ခုမှာ ဆောက် လုပ်လက်စအဆောက်အဦများတွင် အခကြေးငွေမရသော အစောင့်များအဖြစ် ဆောင်ရွက်ကြပြီး အပြန်အလှန်အနေဖြင့် ၎င်းတို့မိသားစုကိုပါ ခေါ်လာနေ ထိုင်ခွင့်ရှိခြင်းဖြစ်သည်။ သို့သော် ၎င်းတို့သည် အဆောက်အဦပိုင်ရှင် စိတ် ပြောင်းသွားသည်နှင့် ချက်ချင်း နှင်ချခံရနိုင်သည်။ ​အိုင်ဇောတွင် ဒုက္ခသည် အဖြစ် လုံခြုံစိတ်ချရသော အိမ်ရာ ရှာဖွေရခြင်းသည်လည်း အလားတူပင် သေချာရေရာမှုမရှိပေ။ အိမ်ရာဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် ဒုက္ခသည် များသည် ၎င်းတို့၏ လူမှုကွန်ရက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချိတ်အဆက် များပေါ်တွင် မှီခိုကာ ၎င်းတို့ကို အိမ်ငှားလိုသည့် ဖော်ရွေသော အိမ်ရှင်များကို ရှာဖွေရလေ့ရှိကြောင်း လေ့လာမှုတွင် ပါဝင်ခဲ့သည့် ဒုက္ခသည်အများစုမှ ဖော်ပြခဲ့ကြသည်။

ဘာသာစကားအတားအဆီး

နောက်ထပ်သိသာထင်ရှားသော စိန်ခေါ်မှုတစ်ရပ်မှာ ဘာသာစကား အတား အဆီးဖြစ်သည်။ ဤလေ့လာမှုတွင် ပါဝင်သူအများစုသည် ၎င်းတို့ မည်သည့် မြို့နယ်မှ လာခဲ့သည်ဖြစ်စေ မီဇိုဘာသာစကားဖြင့် ပြောဆိုဆက်ဆံမှု ပြုလုပ် နိုင်ခြင်းမရှိသောကြောင့် ၎င်းတို့အနေဖြင့် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင် မှုများ ရယူရာတွင် သက်ရောက်မှုများရှိနေသည်။​ ချင်းဒုက္ခသည်များသည် အိမ်ရှင် မီဇိုအသိုင်းအဝိုင်းနှင့် တူညီသည့် ယဉ်ကျေးမှုနှင့် လူမျိုးစုဆိုင်ရာ ချိတ်ဆက်မှုများရှိနေသောကြောင့် ဤအချက်သည် အံ့ဩဖွယ်ဖြစ်နေသည်။39 မည်သို့ပင်ဆိုစေကာမူ ချင်းဒုက္ခသည်များသည် ကျန်းမာရေးပြဿနာများကို ဆရာဝန်များအား ဖော်ပြရာတွင် စိန်ခေါ်မှုများကြုံတွေ့ရလေ့ရှိသည်။ ဘာသာ စကားအတားအဆီးကြောင့် ကျွန်ုပ်၏ လေ့လာမှုတွင်ပါဝင်သူ ချင်းဒုက္ခသည် များစွာသည် ဆေးရုံဆေးခန်းများသို့ သွားရောက်ခြင်းမရှိဘဲ ပြင်းထန်သော ကျန်းမာရေးပြဿနာများမဟုတ်ပါက ဆေးဆိုင်တွင် ဝယ်၍ရသော ဆေးများ နှင့် ၎င်းတို့၏ မိတ်ဆွေများထံမှ ကျန်းမာရေးအကြံဉာဏ်များပေါ်တွင် မှီခိုလေ့ ရှိကြသည်။ သင့်လျော်သော ကျန်းမာရေးဝန်ဆောင်မှုများနှင့် ဆေးဘက် ဆိုင်ရာစောင့်ရှောက်မှုရရှိရန် ထိရောက်မှုရှိသော ဆက်သွယ်ဆက်ဆံရေးနှင့် ဘာသာစကားအရည်အချင်းသည် အရေးကြီးသည်။40 ဆက်သွယ်ဆက်ဆံမှု ကောင်းမွန်စွာမလုပ်နိုင်ခြင်းသည် ရောဂါရှာဖွေမှုမှားယွင်းခြင်း သို့မဟုတ် နားလည်မှုလွဲမှားခြင်းတို့ဖြစ်သွားနိုင်ပြီး အသက်ဆုံးရှုံးခြင်း သို့မဟုတ် ဆေးကု သမှုဆိုင်ရာပေါ့လျော့မှု စွပ်စွဲချက် စသည့် ကြီးမားသော အကျိုးဆက်များဆီသို့ ဦးတည်သွားနိုင်သည်။41​ ဘာသာစကားအတားအဆီးများကို ကျော်လွှားရန် အသုံးပြုသည့် လေ့လာမှုတွင်ပါဝင်သူများအကြား တူညီသော နည်းဗျူဟာ တစ်ခုမှာ သူငယ်ချင်းများနှင့် အသိမိတ်ဆွေများ၏အကူအညီရယူခြင်းဖြစ်ပြီး ၎င်းပုဂ္ဂိုလ်များသည် အမြဲတမ်းအားလပ်ခြင်းမရှိနေပေ။​

ဤလေ့လာမှုတွင်ပါဝင်ခဲ့သည့် ဒုက္ခသည်များသည် ဘာသာစကား အတားအဆီးများကြောင့် ၎င်းတို့ကလေးများ၏ ပညာရေးတွင်လည်း ပါဝင်မှု နည်းပါးလာကြောင်း ဆိုခဲ့ကြသည်။ ဤအချက်သည် အခြားသော ဒုက္ခသည် အခြေအနေများတွင် ရှာဖွေတွေ့ရှိခဲ့သည့်အချက်များကို ထောက်ခံနေသည်။42 လက်ရှိပညာသင်ကြားနေကြသော ဒုက္ခသည်ကလေးများသည် ကျောင်းများ တွင် အထူးသဖြင့် အတန်းငယ်များတွင် မီဇိုဘာသာစကားရော ဟိန္ဒီဘာသာ စကားပါ နားလည်ရန်လိုအပ်သည့် စိန်ခေါ်မှုတစ်ခု ကြုံတွေ့နေရသည်။ အင်တာဗျူးဖြေဆိုသူများ၏ ပြောကြားချက်အရ ဘာသာစကား အတားအဆီး သည် ၎င်းတို့အား စိတ်ဓာတ်ကျစေပြီး ပညာရေးစွမ်းဆောင်ရည် တစ်ခုလုံး ပေါ်တွင် ထိခိုက်နေသည်။ ဘာသာစကားအတားအဆီးသည် ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်ကလေးများစွာ ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။43 ဒရိုင်ဒန်-ပီတာဆန်သည် မြောက်အမေရိက၊ ဥရောပနှင့် ဩစတေးလျတွင် ပြန်လည်အခြေချနေထိုင်ခဲ့ကြသည့် ဒုက္ခသည်ကလေးများ ၏ ယခင်ပညာရေးအတွေ့အကြုံများကို လေ့လာရာတွင် ကလေးများသည် ဘာသာစကားများကို သင်ယူလေ့လာရန် သိသိသာသာ အချိန်ပေးထားကြရပြီး ၎င်းတို့အသက်အရွယ်နှင့် ကိုက်ညီသည့် ဘာသာရပ်များတွင် နှောင့်နှေးနေ သည်ကို တွေ့ခဲ့ရသည်။44 ထိုနည်းတူစွာ စီခါနှင့် ဆာခီချီမှလည်း ဘာသာ စကားများအတားအဆီးများ အထူးသဖြင့် တူရကီဘာသာစကားကို ဖတ်ရခြင်း သည် ကလေးများ၏ ပညာရေးဆိုင်ရာစွမ်းဆောင်ရည်များကို အဆိုးဖက်မှ ထိခိုက်မှုများရှိနေကြောင်း တင်ပြခဲ့ကြသည်။45 သို့သော်လည်း ကလေးများ သည် ကျောင်းတက်သည့် ကာလကြာလာသည်နှင့်အမျှ ကလေးများစွာသည် ပညာရေးကဏ္ဍတွင် ၎င်းတို့ရွယ်တူအခြားကလေးများနည်းတူ လိုက်နိုင်ကြ သောကြောင့် ဘာသာစကားအတားအဆီးသည် ပိုမိုလျော့နည်းလာကြောင်း လည်း ဤလေ့လာမှုထဲတွင်တွေ့ရှိရသည်။

ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရခြင်းမရှိမှု

ကျွန်ုပ်၏ သုတေသနတွင် ပါဝင်ခဲ့သူများမှ ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရမှု မရှိခြင်းသည် နေရာတကာတွင်ရှိနေသော ပြဿနာတစ်ရပ်ဖြစ်ပြီး လစာနည်း သည့် တရားဝင်မဟုတ်သော လုပ်ငန်းခွင်များတွင် အများအားဖြင့် လုပ်ကိုင်နေ ရသည့် အလုပ်များမှ အဓိကအခြေခံပြီး ၎င်းအချက်ကြောင့်ပင် ငွေကြေးစု ဆောင်းနိုင်ခြင်းမရှိမှု ဖြစ်ပေါ်လာကြောင်း ဆိုခဲ့ကြသည်။ ဝင်ငွေရရှိရန် ဆောင်ရွက်နိုင်သည့်အရာများကို အစိုးရ၏ တားဆီးပိတ်ပင်မှုများဖြင့် ပိတ်ဆို့ ထားသည်။ ၎င်းအချက်အပြင် အိုင်ဇောတွင်အလုပ်အကိုင်များလည်း ရှားပါး ကာ ဒုက္ခသည်တစ်ဦးအနေဖြင့် အလုပ်တစ်ခုကို ကံကောင်းထောက်မစွာ ရှာတွေ့ ပါက ၎င်းတို့သည် အင်တာဗျူးနှင့် ဝန်ထမ်းရွေးချယ်မှုလုပ်ငန်းစဥ် များတွင် ခွဲခြားဆက်ဆံခံရလေ့ရှိပြီး၊ ခန့်အပ်ခံရပါကလည်း ခွဲခြားဆက်ဆံခံရ လေ့ရှိကာ အချိန်ပို၍အလုပ်ဆင်းရလေ့ရှိသည်။ အလုပ်အကိုင် ရရှိရေးအတွက် ရှိနေသည့် သိသာထင်ရှားသည့် နောက်ထပ်အတားအဆီးတစ်ခုမှာ မြန်မာတွင် ရရှိထားသည့် အသိအမှတ်ပြုလက်မှတ်များနှင့် အထောက်အထား စာရွက် စာတမ်းများအား အသိအမှတ်မပြုခြင်းဖြစ်သည်။46 အိုင်ဇောတွင် ဒုက္ခသည် များစွာသည် လုပ်ခလစာနည်းပါးခြင်း၊ အလုပ်အကိုင်အတည်တကျမရှိမှုတို့ကို ကာမိရန်နှင့် အခြားသော စီးပွားရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန် အလုပ်အမျိုးမျိုးကို တစ်ချိန်ထဲတွင်လုပ်ကိုင်ခြင်း နှင့် လွှဲပို့ငွေများ ပေါ်တွင်မှီခိုခြင်းတို့ကိုပြုလုပ်နေရကြောင်း ဖော်ပြခဲ့ကြသည်။ အချို့သော ဒုက္ခသည်အိမ်ထောင်စုများတွင် အိမ်ထောင်ဦးစီးသည် အိုင်ဇောရှိ မိသားစုကို ထောက်ပံ့ရန် ထိုင်းနိုင်ငံ သို့မဟုတ် မလေးရှားနိုင်ငံကို တရားမဝင်သွားရောက် ၍ အလုပ်ရှာဖွေခြင်းများပင်ရှိကြသည်။

ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုကို ရယူခြင်း

ဒုက္ခသည်များသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုများ ကို ရယူရာတွင်လည်း စိန်ခေါ်မှုများကြုံတွေ့ရကြောင်း တွေ့ရှိရသည်။ ဒုက္ခ သည်ကလေးများအား ကျောင်းအပ်နိုင်သည့်အခွင့်အရေးရှိခြင်းသည် အိုင်ဇော မြို့ရှိ ဒုက္ခသည်များအတွက် တစ်ခုတည်းသော တရားဝင်အခွင့်အရေးဟု ဆိုနိုင် သည်။ သို့သော် အစိုးရကျောင်းများသည် အခမဲ့ဟုဆိုသော်လည်း47 အချို့မိဘ များအနေဖြင့် မတတ်နိုင်သည့် ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံ ဝယ် ရခြင်းကဲ့သို့ ကွယ်ဝှက်ထားသော ကုန်ကျစရိတ်များရှိနေသည်။ ငွေကြေးဆိုင် ရာခက်ခဲမှုများရှိနေသည့်တိုင် ဒုက္ခသည်များစွာသည် ၎င်းတို့၏ ကလေးများ အား ၎င်းတို့၏ အမြင်တွင် အရည်အသွေး ပိုမိုကောင်းသည်ဟု ယူဆသည့် ပုဂ္ဂလိကကျောင်းများသို့ ပို့ကြကြောင်း ဖော်ပြခဲ့ကြသည်။ အသုံးများသည့် နည်းဗျူဟာတစ်ခုမှာ ကျောင်းလခပေးရန် ချေးငွေများယူကြ ခြင်းဖြစ်သည်။ ကုန်ကျစရိတ်သည် လွန်စွာကြီးမားလာသော အတားအဆီးတစ်ရပ် ဖြစ်လာ သည့်အခါ အချို့သော ဒုက္ခသည်များသည် ၎င်းတို့၏ ကလေးများကို ကျောင်း ပို့ခြင်း မပြုကြတော့ပေ။ ကျန်းမာရေးစောင့်ရှောက်မှုတွင်လည်း အလားတူပင် ဖြစ်သည်။ ဒုက္ခသည်များစွာသည် မတန်တဆကုန်ကျစရိတ်များကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကို ရယူနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ရန် နိုင်ငံခြားမှ ဆွေမျိုးများ၏ ထောက်ပံ့မှုပေါ်တွင် မှီခိုနေကြရသည်။

ပြင်ပအကူအညီနှင့် စပ်လျဥ်း၍ အိုင်ဇောတွင်နေထိုင်ကြသော ချင်းဒုက္ခ သည်များသည် ပြင်ပမှအကူအညီနှင့် အထောက်အပံ့အနည်းငယ်ဖြင့်သာ ကိုယ့်အားကိုယ်ကိုးပြီး နေထိုင်နေကြသည်။ ဒုက္ခသည်များစွာမှ အများအားဖြင့် မြန်မာအခြေစိုက်အဖွဲ့အစည်းများထံမှ ထောက်ပံ့ငွေ တစ်ကြိမ်သာရရှိဖူး ကြောင်း ဆိုခဲ့ကြပြီး Myanmar Fellowship Church ကို ဝင်ရောက်ခြင်း ဖြင့်လည်း ရူပီး (၁,၀၀၀) ရကြသည်။ ၎င်းအချက်သည် ဒုက္ခသည်များအနေဖြင့် နေ့စဉ်ကြုံတွေ့နေရသော စိန်ခေါ်မှုများအား ဖြေရှင်းရာတွင် အထောက်အကူ ပေးသည့် လူမှုကွန်ရက်များနှင့် ဘာသာရေးအသိုက်အဝန်းများ၏ အရေးပါပုံကို အလေးပေးထားသည့် ဘုရှ်ရှာ48 နှင့် ဒေး49 တို့၏ ရှာဖွေတွေ့ရှိချက်များနှင့် ကိုက်ညီနေသည်။

နိဂုံး

ဤလေ့လာမှုသည် အိုင်ဇောတွင်အခြေချသည့် ဒုက္ခသည်များ၏ ၎င်းတို့ကို ရွှေ့ပြောင်းစေသည့် နောက်ကွယ်ကတွန်းအားများ၊ ၎င်းတို့ ရင်ဆိုင်ဖြေရှင်း ရသည့် စိန်ခေါ်မှုများ၊ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားရန် ၎င်းတို့ အသုံးပြု သည့် နည်းဗျူဟာများနှင့် ၎င်းအတွက်ရှိသော ပြင်ပမှ ပံ့ပိုးထောက်ကူမှုတို့ကို စူးစမ်းလေ့လာမှုပြုထားသည်။ ထူးခြားသည်မှာ ဒုက္ခသည်များ၏ အိုင်ဇောတွင် အခြေချရန်ဆုံးဖြတ်ခြင်းအား မိမိတို့၏နိုင်ငံတွင် လုံခြုံစိတ်ချရမှုမရှိတော့ခြင်း၊ ဒုက္ခသည်စခန်းများတွင် နေထိုင်ရသည့်တင်းကျပ်သောအခြေအနေများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတို့အပါအဝင် တွန်းအားပေးသည့် အချက် များ စုပုံလာမှုက လွှမ်းမိုးထားကြောင်း တွေ့ရသည်။ အပြန်အလှန်အားဖြင့် ဆွဲဆောင်နေသောအချက်များတွင် နေထိုင်ရန်အိမ်ရာအနေအထား၊ အလုပ်အ ကိုင် အခွင့်အလမ်းများနှင့်အတူ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကို ရယူနိုင်ခြင်းတို့ပါဝင်သည်။ ကျွန်ုပ်အင်တာဗျူးခဲ့သော ဒုက္ခသည်အများစုမှာ မြန်မာနိုင်ငံမြို့ပေါ်ဒေသများမှ စီဒီအမ်ဝင်ခဲ့သူများဖြစ်ကြသည်။ ဤလူအုပ်စု စာရင်းသည် အိုင်ဇောရှိ ပိုမိုများပြားကျယ်ပြန့်သော ချင်းလူမျိုးအသိုင်းအဝိုင်း အတွက် အညွှန်းပြုနေနိုင်ပြီး ရှာဖွေတွေ့ရှိထားသည့် တွန်းအားပေးသော အချက်များနှင့် ဆွဲဆောင်နေသည့်အချက်များကို ပုံဖော်ရာ၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေနိုင်သည်။

မြို့ပေါ်တွင် နေထိုင်ခြင်း၏ အကျိုးကျေးဇူးများရှိနေသော်ငြားလည်း အိုင်ဇောတွင်နေထိုင်သည့် ဒုက္ခသည်များသည် သိသာထင်ရှားသော စိန်ခေါ်မှု များ ရင်ဆိုင်နေကြရသည်။ ၎င်းတို့ထဲမှ သိသာထင်ရှားမှုအရှိဆုံးမှာ အိမ်ငှား ရာတွင် ခွဲခြားဆက်ဆံခံရခြင်းနှင့် ဘာသာစကားအတားအဆီးတို့ဖြစ်သည်။ ဒုက္ခသည်ဖြစ်နေသောကြောင့် ခွဲခြားဆက်ဆံခံရမှုသည် ဒုက္ခသည်များစွာအား အိမ်ငှားနိုင်ခြင်းမှ တားဆီးထားသကဲ့သို့ ဘာသာစကားအတားအဆီးများသည် လည်း ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ မရှိမဖြစ်လိုအပ်သော အများပြည်သူဝန်ဆောင်မှုများကို ရယူရာတွင် အဟန့်အတားဖြစ်နေသည်။ ရလဒ်အနေဖြင့် ဒုက္ခသည်များသည် ဘာသာပြန်များ အားလပ်သည့် အချိန်များ တွင်သာ ဆေးရုံဆေးခန်းများသို့သွားရောက်လေ့ရှိပြီး ကျန်အချိန်များတွင် ဆေးခန်း၌ အလွယ်တကူဝယ်ယူနိုင်သော ဆေးများပေါ်တွင်သာ မှီခိုခြင်း သို့မဟုတ် ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုကို အလုံးစုံလစ်လျူရှုထားခြင်း တို့ ကိုပင် လုပ်ဆောင်လေ့ရှိကြသည်။ ထို့အပြင် ဤလေ့လာမှုတွင် ပါဝင်ခဲ့သည့် ဒုက္ခသည်များသည် ဝင်ငွေရှာဖွေရာတွင် အတားအဆီးများစွာ ကြုံတွေ့ကြရ သည်။ အဆိုပါစိန်ခေါ်မှုများသည် ဥပဒေကြောင်းဆိုင်ရာ ကန့်သတ်ထားမှုများ၊ အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှု၊ အသိအမှတ်ပြုလက်မှတ်များ နှင့် စာရွက်စာတမ်းအထောက်အထားများကို အသိအမှတ်ပြုခြင်းမရှိမှုနှင့် အချိန်ပိုကြာ အလုပ်လုပ်ခိုင်းခြင်းကဲ့သို့ ခွဲခြားဆက်ဆံသည့်လုပ်ငန်းခွင် အလေ့ အကျင့်များမှ အရင်းခံခြင်းဖြစ်သည်။

မြို့ပေါ်နေဒုက္ခသည်များအား အကာအကွယ်ပေးရေးနှင့် ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ သဘောတူညီချက်50 အောက်တွင်ရှိသည့် အခွင့်အရေးများ ကို ရပိုင်ခွင့်အား တိုက်တွန်းအားပေးထားသည့် UNHCR ၏ ၂၀၀၉ မူဝါဒ ရှိနေသည့်တိုင် အိုင်ဇောတွင်ရှိသော ဒုက္ခသည်များသည် ယခုဖော်ပြခဲ့သည့် နေ့စဥ်ကြုံတွေ့နေရသော စိန်ခေါ်မှုများအား အစိုးရ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ပေးအပ်သည့် ပြင်ပမှအကူအညီ အနည်းအကျဉ်းမှသည် လုံးဝမရှိသည့်အခြေအနေဖြင့် ရင်ဆိုင်လှုပ်ရှားနေကြရကြောင်း ဤလေ့လာမှုမှ ဖော်ထုတ်ပြသခဲ့သည်။ အိုင်ဇောနှင့် မီဇိုရပ်တစ်ဝန်းရှိ မြို့ပေါ်နေဒုက္ခသည်များ ၏ အတွေ့အကြုံများနှင့် လိုအပ်မှုများအပေါ် နားလည်မှုပိုမိုတိုးမြင့်လာရန် သုတေသနများ ထပ်မံပြုလုပ်ရန်လိုအပ်သည်။ အနာဂတ်တွင်ဆောင်ရွက်မည့် သုတေသနဆိုင်ရာ ကြိုးပမ်းအားထု တ်မှုများသည် နည်းလမ်းအမျိုးမျိုးရောထားသော ချဉ်းကပ်မှုကို အသုံးပြု ကာ ပိုမိုများပြားပြီး စုံလင်ကွဲပြားသော ပါဝင်သူများဖြင့် ဆောင်ရွက်ရန် စဉ်းစားကြည့်ခြင်းဖြင့် ဤလေ့လာမှုပေါ်တွင် ထပ်တိုးဆောင်ရွက်နိုင်သည်။

အဆုံးမှတ်စုများ

1 UNHCR, 2023.
2 UNHCR, 2023.
3 UNHCR, 2023.
4 Satapathy & Lalthansiami, 2021.
5 Satapathy & Lalthansiami, 2021.
6 UNHCR, 2023.
7 Alexander, 2008.
8 Satapathy & Lalthansiami, 2021.
9 McConnachie, 2018; Satapathy & Lalthansiami, 2021.
10 Alexander, 2008.
11 အာဒါ (aadhaar) သည် ကိုယ်ပိုင်သက်သေခံလက်မှတ်ထုတ်ပေးသည့် ဌာနမှ ထုတ်ပေးသည့် ကိုယ်ပိုင်သက်သေခံနံပါတ်ဖြစ်သည်။ ၎င်းအားငွေကြေးဆိုင်ရာနှင့် ဘဏ်ဆိုင်ရာဝန်ဆောင်မှုများ အပါအဝင် အခြားသော အများပြည်သူဝန်ဆောင်မှုအမျိုးမျိုးကို ရယူရာတွင် အသုံးပြုနိုင်သည်။ အသေးစိတ်သိရှိလိုပါက Unique Identification Authority of India (2022) တွင်ရှုပါ။
12 PTI, 2022.
13 UNHCR, 2021; Verghis & Balasundram, 2019.
14 Crisp, 2017.
15 Crisp, 2017; Darling, 2017.
16 Sanyal, 2012.
17 UNHCR, 2009.
18 Crisp et al., 2012; Hammad, 2017; Hopkins, 2015; Kobia & Cranfield, 2009.
19 Sanyal, 2012.
20 Crisp, 2017.
21 Crisp et al., 2012.
22 Betts et al., 2017.
23 Lozet & Easton-Calabria, 2020.
24 Betts & Collier, 2017.
25 Lozet & Easton-Calabria, 2020.
26 Betts et al., 2017; Buscher, 2013.
27 Buscher, 2013.
28 Dey, 2022.
29 Buscher, 2011.
30 Buscher, 2011.
31 Creswell, 2007.
32 Yin, 2018.
33 Cridland et al., 2015.
34 ဖော့က်လန်းစခန်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ထွက်ပြေးလာသော မြန်မာများ၏ ပထမဆုံး ခိုလှုံရာနေရာဖြစ်ခဲ့သည်။ ၎င်းခိုလှုံသူများသည် အများသောအားဖြင့် လွှတ်တော် အမတ်များနှင့် CDMer များဖြစ်ကြသည်။ ၂၀၂၁ ဇူလိုင်လဝန်းကျင်တွင် ၎င်းစခန်းအတွင်း နေထိုင်နေသော ဒုက္ခသည်အားလုံး ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ပြီး များစွာသော သာမန်ဒုက္ခသည် များသည် အိုင်ဇောမြို့၏ ခေါင်ဖျားသောနေရာများသို့ ရောက်ရှိသွားခဲ့သည်။ လွှတ်တော်အမတ် များသည် အိုင်ဇောမြို့ရှိ Youth Hostel သို့ ရွှေ့သွားခဲ့ကြသည်။ ထိုကဲ့သို့ နှင်ထုတ်ရသည့် အကြောင်းပြချက်ကို မဖော်ပြခဲ့ပေ။ ၂၀၂၃ မှစတင်ကာ ဖော့က်လန်းစခန်းသည် ကူကီးနှင့် ကသည်းလူမျိုးများအကြား ဖြစ်ပွားနေသော လူမျိုးစုအကြား တင်းမာမှုများကြောင့် နေရပ်စွန့်ခွာ လာရသည့် မဏိပူရ်ပြည်နယ်မှ ကူကီးမိသားစုများ၏ အဓိက ခိုလှုံရာနေရာ ဖြစ်လာခဲ့သည် (Kalita, 2023)။
35 Kobia & Cranfield, 2009.
36 Crisp et al., 2012; Hammad, 2017; Hopkins, 2015.
37 Crisp et al., 2012.
38 Hopkins, 2015.
39 McConnachie, 2018.
40 Samkange-Zeeb et al., 2020.
41 Saito et al., 2021.
42 Cureton, 2020; Rah et al., 2009.
43 Dryden-Peterson, 2015; Seker & Sirkeci, 2015.
44 Dryden-Peterson, 2015.
45 Seker & Sirkeci, 2015.
46 ဤစိန်ခေါ်မှုများသည် အိုင်ဇောမြို့ပေါ်ဒေသများတွင် နေထိုင်သည့် ချင်းဒုက္ခသည်များသာ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ မဟုတ်ပေ (Crisp et al., 2012; Kobia & Cranfield, 2009)။
47 PTI, 2023.
48 Buscher, 2011.
49 Dey, 2022.
50 UNHCR, 2009.

ကိုးကားချက်များ

Alexander, A. (2008). Without Refuge: Chin Refugees in India and Malaysia, Forced Migration Review, 30,36-37. http://www.fmreview.org/FMRpdfs/FMR30/36-37.pdf

Betts, A., Bloom, L., Kaplan, J. D., & Omata, N. (2017). Refugee Economies: Forced Displacement and Development. Oxford University Press. https://doi.org/10.1093/acprof:oso/9780198795681.001.0001

Betts, A., & Collier, P. (2017). Refuge: Rethinking Refugee Policy in a Changing World. Oxford University Press.

Buscher, D. (2011). Bright Lights, Big City: Urban Refugees Struggle to Make a Living in New Delhi. Women’s Refugee Commission. http://www.womensrefugeecommission.org/research-resources/bright-lights-big-city-urban-refugees-struggle-to-make-a-living-in-new-delhi/

Buscher, D. (2013). New Approaches to Urban Refugee Livelihoods. Refuge: Canada’s Journal on Refugees, 28(2), 17–29. https://doi.org/10.25071/1920-7336.36473

Creswell, J. W. (2007). Qualitative Inquiry & Research Design: Choosing Among Five Approaches. Sage.

Cridland, E. K., Jones, S. C., Caputi, P., & Magee, C. A. (2015). Qualitative research with families living with autism spectrum disorder: Recommendations for conducting semi-structured interviews. Journal of Intellectual and Developmental Disability, 40(1), 78–91. https://doi.org/10.3109/13668250.2014.964191

Crisp, J. (2017, June 6). The Case Against Refugee Camps. Refugees International. https://www.refugeesinternational.org/reports/refugeecamps

Crisp, J., Morris, T., & Refstie, H. (2012). Displacement in urban areas: New challenges, new partnerships. Disasters, 36, S23–S42. https://doi.org/10.1111/j.1467-7717.2012.01284.x

Cureton, A. E. (2020). Strangers in the School: Facilitators and Barriers Regarding Refugee Parental Involvement. The Urban Review, 52(5), 924–949. https://doi.org/10.1007/s11256-020-00580-0

Darling, J. (2017). Forced migration and the city: Irregularity, informality, and the politics of presence. Progress in Human Geography, 41(2), 178–198. https://doi.org/10.1177/0309132516629004

Dey, N. (2022). Resilience and coping mechanisms of refugee communities. In S. I. Rajan (Ed.), The Routledge Handbook of Refugees in India (pp. 307-317). Routledge.

Dryden-Peterson, S. (2015). Refugee education in countries of first asylum: Breaking open the black box of pre-resettlement experiences. Theory and Research in Education, 2(14), 131–148. https://doi.org/10.1177/1477878515622703

Hammad, N. (2017). Refugees in urban areas. International Journal of Humanities and Social Science, 7(3), 123–126.

Hopkins, G. (2015). Casamance refugees in urban locations of The Gambia. In K. Koizumi & G. Hoffstaedter (Eds.), Urban Refugees (pp. 42-75). Routledge.

Kalita, K. (2023, December 3). New Mizoram govt must allow us to stay in state: Manipur displaced. The Times of India. https://timesofindia.indiatimes.com/city/guwahati/new-mizoram-govt-must-allow-us-to-stay-in-state-manipur-displaced/articleshow/105690173.cms

Kobia, K., & Cranfield, L. (2009). Literature Review: Urban Refugees. Refugees Branch, Citizenship and Immigration Canada. https://www.acnur.org/sites/default/files/legacy-pdf/4b0a528c9.pdf

Lozet, F., & Easton-Calabria, E. (2020). Counting Urban Refugees During COVID-19. Forced Migration Review, 64, 79–80.

McConnachie, K. (2018). Boundaries and Belonging in the Indo-Myanmar Borderlands: Chin Refugees in Mizoram. Journal of Refugee Studies, 31(3), 314–333. https://doi.org/10.1093/jrs/fey012

PTI. (2022, September 18). Mizoram instructs Myanmar refugees not to purchase land or house without govt permission. ThePrint. https://theprint.in/india/mizoram-instructs-myanmar-refugees-not-to-purchase-land-or-house-without-govt-permission/1133723/

PTI. (2023, August 9). Over 8,000 children of Myanmar, Bangladesh refugees, strife-torn Manipur enrolled in Mizoram schools: Education Minister. Deccan Herald. https://www.deccanherald.com/india/mizoram/over-8000-children-of-myanmar-bangladesh-refugees-strife-torn-manipur-enrolled-in-mizoram-schools-education-minister-2640631

Rah, Y., Choi, S., & Nguyễn, T. S. T. (2009). Building bridges between refugee parents and schools. International Journal of Leadership in Education, 12(4), 347–365. https://doi.org/10.1080/13603120802609867

Saito, S., Harris, M. F., Long, K. M., Lewis, V., Casey, S., Hogg, W., Cheng, I.-H., Advocat, J., Marsh, G., Gunatillaka, N., & Russell, G. (2021). Response to language barriers with patients from refugee background in general practice in Australia: Findings from the OPTIMISE study. BMC Health Services Research, 21(1), 921. https://doi.org/10.1186/s12913-021-06884-5

Samkange-Zeeb, F., Samerski, S., Doos, L., Humphris, R., Padilla, B., & Bradby, H. (2020). “It’s the First Barrier” – Lack of Common Language a Major Obstacle When Accessing/Providing Healthcare Services Across Europe. Frontiers in Sociology, 5. https://www.frontiersin.org/articles/10.3389/fsoc.2020.557563

Sanyal, R. (2012). Refugees and the City: An Urban Discussion. Geography Compass, 6(11), 633–644. https://doi.org/10.1111/gec3.12010

Satapathy, R. K., & Lalthansiami, P. C. (2021). Chin Migration to Mizoram Ethnic Affinity and Changing Perceptions. In H. Srikanth & M. Majumdar (Eds.), Linking India and Eastern Neighbours: Development in the Northeast and Borderlands. Sage Publications.

Seker, B., & Sirkeci, I. (2015). Challenges for Refugee Children at School in Eastern Turkey. Economics & Sociology, 8, 122–133. https://doi.org/10.14254/2071-789X.2015/8-4/9

UNHCR. (2009). UNHCR policy on refugee protection and solutions in urban areas. https://www.unhcr.org/media/unhcr-policy-refugee-protection-and-solutions-urban-areas

UNHCR. (2021). Global Trends: Forced Displacement in 2021. https://www.unhcr.org/media/40152

UNHCR. (2023). Myanmar Emergency Update. https://reliefweb.int/report/myanmar/myanmar-emergency-update-10-april-2023

Unique Identification Authority of India. (2022). What is Aadhaar? https://www.uidai.gov.in/en/16-english-uk/aapka-aadhaar/14-what-is-aadhaar.html

Verghis, S., & Balasundram, S. (2019). Urban refugees: The hidden population. In P. Allotey & D. Reidpath (Eds.), The Health of Refugees: Public Health Perspectives from Crisis to Settlement (pp. 131-152). Oxford University Press. https://doi.org/
10.1093/oso/9780198814733.003.0007 Yin, R. K. (2018). Case Study Research and Applications. Sage. https://us.sagepub.com/en-us/nam/case-study-research-and-applications/book250150