လွတ်လပ်သောမြန်မာ့သုတေသနဂျာနယ် ပူးတွဲတည်ထောင်သူ ဂျိမ်းစကော့ (၁၉၃၆-၂၀၂၄) ကွယ်လွန်ခြင်း မှတ်တမ်း

Click here to read this article in English.

Cite as: 
လွတ်လပ်သောမြန်မာ့သုတေသနဂျာနယ် ပူးတွဲတည်ထောင်သူ ဂျိမ်းစကော့ (၁၉၃၆-၂၀၂၄) ကွယ်လွန်ခြင်း မှတ်တမ်း၊ (၂၀၂၅)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၆။ https://ijbs.online/?page_id=5440

လွတ်လပ်သောမြန်မာ့သုတေသနဂျာနယ် အယ်ဒီတာအဖွဲ့အနေဖြင့် ကျွန်ုပ်တို့ ၏ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း ကွယ်လွန်သူ ပါမောက္ခ ဂျိမ်းစကော့၏ ပံ့ပိုး ကူညီလုပ်ဆောင်မှုများအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ မြန်မာအမည် ‘ရွှေရိုး’ ဖြင့်လည်း သိရှိကြသည့် ဂျိမ်းစကော့၏ ဤဂျာနယ် ဖြစ်မြောက်ရေးမှ သည် (၁၅) နှစ်ကျော်တိုင် ပံ့ပိုးကူညီမှုသမိုင်းကြောင်းမှာ မေတ္တာစေတနာတို့ ဖြင့် ထုံမွှမ်းနေပြီး လေးစားအားကျဖွယ်ရာဖြစ်ပါသည်။ ဆရာရွှေရိုး၏ ကြိုးပမ်း အားထုတ်မှုများသာ မရှိခဲ့ပါလျှင် လွတ်လပ်သောမြန်မာ့သုတေသနဂျာနယ်သည်လည်း ရှိလာနိုင်လိမ့်မည်မဟုတ်ဟု ဆိုနိုင်ပါသည်။

ဆရာရွှေရိုးသည် ဂျာနယ်ဖြစ်မြောက်ရေး ကနဦးရန်ပုံငွေကို ရှာဖွေပေးခဲ့ရုံ မျှမက ဂျာနယ်အတွက် လိုအပ်သည့် အဖွဲ့အစည်းဆိုင်ရာ ထောက်တိုင်များကို ပါ အုတ်မြစ်ချပေးခဲ့သည်။ ယေးလ်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနတွင် ဂျာနယ် ၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုစဉ်ကာလ က မြန်မာပြည်တွင် စစ်အာဏာရှင်အစိုးရမှ ဆင်ဆာဖြေလျှော့ရေးအပါအဝင် လူထုနှင့် လူထုဘဝ တိုးတက်လာမည့် အရိပ်အယောင်များ ရောင်နီသန်းစ ကာလဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် ဆရာရွှေရိုး ပညာ ဆည်းပူးခဲ့သည့်ကာလဖြစ်သည့် ၁၉၅၈-၁၉၅၉ ခုနှစ်ဝန်းကျင်ကာလ၌ အား ကောင်းခဲ့သည့် မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်၏ သမိုင်းကောင်းများ အကြောင်းကို ဦးထွန်းမြင့်အပါအဝင် ဂျာနယ်ဘုတ်အဖွဲ့ဝင်များနှင့် နှစ်အတန် ကြာပြောဖြစ်ခဲ့သည်။ တိုင်းပြည်အတွင်း လွတ်လပ်စွာ ဝေဖန်သုံးသပ်မှုနှင့် လူထုနှင့် ပညာရှင်များ၏ ဆွေးနွေးမှုများကို မလိုလားသော အာဏာရှင် ဦးနေဝင်းလက်ထက်တွင် အဆိုပါဂျာနယ် ဖျက်သိမ်းခံခဲ့ရသည်။

လွတ်လပ်သောမြန်မာ့သုတေသနဂျာနယ်၏ ပထမဆုံးစာစောင်ကို ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့ပြီး ဆက်လက်ရပ်တည်ရေးအတွက် အခက်အခဲမျိုးစုံ နှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဆရာရွှေရိုး၏ ကူညီမှုများကြောင့် ထိုစိန်ခေါ်မှု အခက်အခဲများကို ကျော်လွှားနိုင်ခဲ့သည်။ ထိုစိန်ခေါ်မှုများထဲတွင် ဂျာနယ် အသစ်တိုင်းနီးပါး ကြုံတွေ့ရသည့် တိုးတက်လာနေသော နည်းပညာပြောင်းလဲ မှု အခက်အခဲများ သာမက ၂၀၁၉ မှ ၂၀၂၃ ခုနှစ်အတွင်း အကြီးအကျယ် ဖြစ်ပွားခဲ့သော ကိုဗစ်ကပ်ရောဂါပြဿနာနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုများ သည် မြန်မာပြည်တွင်း၌ လွတ်လပ်သောမြန်မာ့သုတေသနဂျာနယ်ကဲ့သို့ လွတ်လပ်စွာထုတ်ဝေသည့် စာစောင်များအတွက် ပေါ်ပေါ်ထင်ထင် လှုပ်ရှား ရန် အခက်တွေ့စေခဲ့သည်။ ကွယ်လွန်သူ၏ မိသားစုမှ သေဆုံးသူအတွက် စာနာမှုကိုပြလိုပါက စစ်အာဏာ အသိမ်းခံထားရသည့် မြန်မာပြည်အား ပံ့ပိုး ကူညီပေးရန် တောင်းဆိုခဲ့သည်။ ဆရာရွှေရိုးသည် မြန်မာပြည်အတွက် စစ်မှန် သော မိတ်ဆွေတစ်ဦးဖြစ်ခဲ့သလို နယ်ပယ်ပေါင်းစုံတွင် အမှတ်တရများစွာ ချန်ရစ်ခဲ့သူလည်း ဖြစ်သည်။

လွတ်လပ်သောမြန်မာ့သုတေသနဂျာနယ်အနေဖြင့် သူ၏ လုပ်ဆောင် ချက်ကောင်းများနှင့် မြန်မာပြည်ကြီး ခွင့်တူညီမျှလွတ်လပ်လာစေရေး တိုက်ပွဲ ဝင်နေကြသူများ၏ သမိုင်းကြောင်းကောင်းများကို ဆက်လက်ထိန်းသိမ်း ဂုဏ်ပြုသွားရန် ရည်ရွယ်ထားပါသည်။ ဆရာရွှေရိုး ကောင်းရာသုဂတိလားပါစေ။