မြန်မာ့အရေးအတွက်ဂျိမ်းစကော့၏ ဉာဏ်ရည်ဉာဏ်သွေး ပံ့ပိုးကူညီမှု

ထွန်းမြင့် | Click here to read this article in English.

Cite as: 
ထွန်းမြင့်၊ (၂၀၂၅)၊ မြန်မာ့အရေးအတွက် ဂျိမ်းစကော့၏  ဉာဏ်ရည်ဉာဏ်သွေး ပံ့ပိုးကူညီမှု၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၆။ https://ijbs.online/?page_id=5575

အီလီနွိုင်းပြည်နယ်၊ ဒကပ်မြို့ရှိ မြောက်အီလီနွိုင်းတက္ကသိုလ်တွင် ၂၀၀၀ ပြည့် နှစ်၌ ကျင်းပသည့် မြန်မာ့ရေးရာလေ့လာရေးညီလာခံတွင် ပါမောက္ခ ဂျိမ်းစကော့နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့သည်။ ထိုညီလာခံ၌ ကျွန်တော် သည် Emanuel Forchhammer ရေးသားသည့် The Jardine Prize: An Essay1 ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး “The Evolution of Burmese Law and Legal Concepts” ဟု ခေါင်းစဉ်ဖြင့်  သုတေသနစာတမ်းကို တင်ပြခဲ့ သည်။ ထိုညီလာခံတွင် ဂျင်မ်လည်း တက်ရောက်ခဲ့ပြီး မိမိစာတမ်း ဖတ်အပြီး တွင် သူ့အား သွားရောက်မိတ်ဆက်ကာ ဆွေးနွေးပွဲတက်ရောက်ပေးခြင်း အတွက် ကျေးဇူးတင်ကြောင်းပြောဆိုပြီးနောက် နှစ်ယောက်အတူ နေ့လယ်စာ စားသောက်ရင်း စကားဆက်ခဲ့ကြသည်။

ဂျင်မ်က ဗမာ့ဥပဒေသည် မတူညီသည့် ဘုရင်မင်းဆက်ကာလများ၊ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးကာလနှင့် ၁၉၄၈ မှစတင်၍​ လွတ်လပ်ရေးရပြီး နှောင်းပိုင်းကာလများနှင့် ထိုကာလမှစတင်သည့် အစိုးရအဆက်ဆက်များ အထိ ဆက်လက်တည်တံ့မှုရှိခဲ့ပါသလား တစ်နည်းအားဖြင့် “ဗမာ့ဥပဒေ၏ ဆင့်ကဲပြောင်းလဲမှု” ကို မည်သို့ဆွေးနွေးသင့်ကြောင်း မေးမြန်းခဲ့သည်။ သူ့ မေးခွန်းသည် မိမိအား ဗမာ့ဥပဒေနှင့် ဥပဒေရေးရာသဘောတရားကို ကား မောင်းသည့်အခါ အဝိုင်းပတ်အသုံးပြုရခြင်း သို့မဟုတ် မီးပွိုင့်အသုံးပြုရခြင်းတို့ နှင့် နှိုင်းယှဉ်၍ တွေးတောမိစေသည်။​ မြန်မာနိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေး သမိုင်းတွင် ထိုစည်းမျဉ်းဥပဒေသ နှစ်ရပ်လုံးရှိသည်။ အဝိုင်းပတ် အသုံးပြုခြင်း ပုံစံသည် လူမှုအသိုင်းအဝိုင်း၏ ရှိရင်းစွဲ စည်းကမ်းဥပဒေသဖြစ်ပြီး မီးပွိုင့်ထားရှိ ခြင်းပုံစံသည် ရှင်ဘုရင်များနှင့် နိုင်ငံတော်အစိုးရများမှ သတ်မှတ်ပြဋ္ဌာန်းမှုဖြစ် သည်။​2 ဥပဒေဆင့်ကဲပြောင်းလဲမှုအကြောင်း ပြောသည့်အခါ မိမိအနေဖြင့် အဆိုပါနှစ်ချက်လုံးအပေါ် အမြင်များကို ပြောဆိုခဲ့သည်။ ဒုတိယပုံစံဖြစ်သည့် မီးပွိုင့်ထား ရှိခြင်းပုံစံမှာ ဂျင်မ် ညွှန်းဆိုသည့် ဗမာ့ဥပဒေ ဆင့်ကဲဖြစ်တည်လာ မှုဖြစ်သည်။ ထိုစကားဝိုင်းမှတစ်ဆင့် မိမိတို့အနေဖြင့် ဥပဒေနှင့် စည်းမျဉ်းကို မည်ကဲ့သို့ တွေးခေါ်ကြကြောင်း၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့အကြား ဥပဒေ သည် မည်သူကို အလုပ်အကျွေးပြုကြောင်းတို့ကို ဆက်လက်ဆွေးနွေးခဲ့သည်။

မိမိအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာတွင် လေးစားအားကျရသူများထဲမှ တစ်ဦးဖြစ်သည့် ပါမောက္ခဂျိမ်းစကော့ထံမှ ဤမေးခွန်းမျိုး မေးမြန်းခံရခြင်း သည် မဝံ့မရဲ ဂုဏ်ယူစရာကောင်းသည့် အတွေ့အကြုံတစ်ခု ဖြစ်ပါသည်​။ သူ၏ လူသားဆန်မှု၊ နှိမ့်ချတတ်မှုနှင့် ရင်းနှီးလွယ်မှု စသည့်အမူအကျင့်များသည် ကူးလွယ်ပြီး ထိုအချိန်ကတည်းကပင် မိမိအနေဖြင့် သူ့ကို “ဂျင်မ်” ဟု ရင်းနှီးစွာ ခေါ်ဆိုလာခဲ့သည်။ ထိုအချိန်၌ ကျွန်တော်သည် ဘလူမင်တန်မြို့၊ အင်ဒီယား နားတက္ကသိုလ်တွင် ပါရဂူဘွဲ့သုတေသနကို စတင်နေချိန်ဖြစ်ပြီး ဂျင်မ်ရေးသား သည့် Seeing Like A State: How Certain Schemes to Improve the Human Condition Have Failed3 နှင့် The Moral Economy of the Peasant: Rebellion and Subsistence in Southeast Asia4 စာအုပ်များ ကို ဖတ်ရှုထားပြီးဖြစ်သည်။ ဂျင်မ်၏ ကြီးကြပ်မှုအောက်တွင် ပညာသင်ကြား ခွင့်ရခဲ့သည့် ကျောင်းသားများသည် လွန်စွာကံကောင်းကြသည်ဟု မှတ်ချက် ပြုမိသည်။

ကျွန်တော်တို့ ခင်မင်ရင်းနှီးလာသည့်အခါ ဂျင်မ့်အား သူ့ဘဝတစ်သက် တာ ပညာရပ်ဆိုင်ရာ စိတ်ဝင်စားမှုဖြစ်လာသည့် မြန်မာနိုင်ငံအပေါ် စိတ်ဝင် စားရသည့် အကြောင်းအရင်းကို မေးမြန်းဖြစ်ခဲ့သည်။ သူ ပြန်ပြောပြသည်မှာ သူ့အနေဖြင့် ဘွဲ့ကြိုနောက်ဆုံးနှစ် ပြီးခါနီးတွင် ဘွဲ့ယူစာတမ်းတင်ပြရမည်။ (အမေရိကန်ရှိ နာမည်ကြီးဝိဇ္ဇာသိပ္ပံကောလိပ်များ၌ တက်ရောက်သူများသည် စီနီယာဘွဲ့ယူစာတမ်း သို့မဟုတ် အချို့တက္ကသိုလ်များတွင် ဂုဏ်ထူးတန်း စာတမ်းဟုခေါ်သည့် စာတမ်းကို တင်သွင်းရသည်။) ဂျင်မ့်အနေဖြင့် နောက်ဆုံး စာသင်နှစ်ဝက်ကာလ ရောက်လာသည့်တိုင် သူ ရေးသားလိုသည့် စာတမ်း အကြောင်းအရာကို သေချာစွာ မဆုံးဖြတ်နိုင်ခဲ့ ကြောင်းဆိုသည်။ ထို့ကြောင့် သူသည် အင်ဒိုနီးရှားနိုင်ငံအရေးကျွမ်းကျင်သည့် ဘောဂဗေဒပါမောက္ခတစ်ဦး ထံသို့ သွားရောက်ကာ သူ၏ စာတမ်းအတွက် အကူအညီတောင်းခံခဲ့ပြီး ထိုအတွက် ပါမောက္ခ၏ သုတေသနလက်ထောက်အဖြစ် လုပ်ကိုင်ပေးရန် သဘောတူခဲ့ကြောင်းဆိုသည်။ ထိုပါမောက္ခက ဂျင်မ့်အား မြန်မာပြည်စီးပွား ရေးအကြောင်း ရေးသားရန် အကြံပေးခဲ့သည်။ ဂျင်မ်သည် ပါမောက္ခနှင့် ဆွေးနွေးမှုအပြီးတွင် စာတမ်းရေးသားရန် အကြောင်းအရာ ရရှိသွားသော် လည်း ထိုပါမောက္ခ၏ ရုံးခန်းမှ ထွက်လာချိန်တွင် “နေပါဦး၊ ဗမာပြည်ဆိုတာ ဘယ်နားမှာပါလိမ့်” ဟု သူ့ကိုယ်သူ ပြန်မေးပြီး ကမ္ဘာ့မြေပုံကို ကြည့်ရန် အလျင်စလိုဖြစ်သွားသည်ဟု ပြန်လည်ပြောပြသည်။

ထိုမှတစ်ဆင့် သူ့ဘဝတာအတွက် မြန်မာပြည်နှင့်ပတ်သက်၍ အလုပ် သဘောအရသာမက တစ်ကိုယ်ရည်စိတ်ဝင်စားမှုပါ ဖြစ်ပေါ်လာခဲ့သည်။  ဂျင်မ် သည် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှရှိ ပြည်သူများ၏ နိုင်ငံတော် တည် ဆောက်မှုနှင့် နိုင်ငံတော်အာဏာဖီဆန်မှုဗျူဟာများထဲမှ ပညာရပ်ဆိုင်ရာ ပဟေဠိများစွာ၏ ဇာစ်မြစ်များကို တွေ့ရှိခဲ့ကာ သူ၏ ပညာရပ်ဆိုင်ရာ လမ်း ကြောင်းတွင် ထိုအရာများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး သူ ကွယ်လွန်ပြီးနောက် ထွက်ရှိခဲ့သည့်စာအုပ်မှာ ဧရာဝတီမြစ်နှင့် ရေကြီးရေလျှံမှုအကြောင်း ဖြစ် သည်။5 ထိုအချက်ကိုကြည့်လျှင် သူ၏ ဉာဏသုတေသနခရီးသည် မြန်မာနိုင်ငံ တွင် စတင်ပြီး မြန်မာနိုင်ငံတွင် အဆုံးသတ်သည်ဟုပင်ဆိုနိုင်သည်။ နောက်ဆုံး ထွက်ရှိသည့်စာအုပ်တွင် ဧရာဝတီမြစ်နှင့် ရေကြီးမှုများအကြောင်းကို ရေးသား ထားပြီး လူသားမဟုတ်သည့် သက်ရှိများ၏ ရှုထောင့်နှင့် သဘာဝအလျောက် ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုများသည် လူမှုစနစ်နှင့် ဂေဟစနစ်ကို တည် ဆောက်ရာတွင် မည်မျှအခရာကျကြောင်း ကမ္ဘာသို့တင်ပြခဲ့သည်။​

ပါမောက္ခစကော့အတွက်မူ မြန်မာနိုင်ငံ၏ နိုင်ငံတော်တည်ဆောက်မှု ပြဿနာဆိုင်ရာသမိုင်းသည် ကမ္ဘာတစ်ဝန်းရှိ လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာမှု တွင် နိုင်ငံတော်များ၏ အခန်းကဏ္ဍနှင့် တရားစီရင်ရေးနှင့် လူသားလွတ်လပ် ခွင့်များအား ဟန်ချက်ညီအောင် လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခက် အခဲများကို လေ့လာရန် လှုံ့ဆော်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဤအကြောင်းအရာ နှင့် ပတ်သက်၍ သူ၏ The Art of Not Being Governed: An Anarchist History of Upland Southeast Asia စာအုပ်တွင် အလေးအနက် ရေးသား ခဲ့သည်။6  သူ တင်ပြခဲ့သည့် ပဟေဠိမှာ ဤကဲ့သို့ အုပ်ချုပ်မှုစီမံကိန်းများနှင့် ၎င်းတို့၏ အေးဂျင့်များ၏ တစ်ဖက်တွင် အတိုင်းအတာတစ်ခုအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများနှင့် ထိုဒေသများတွင် နေထိုင်သူများကြားမှ မျိုးစုံကွဲ ပြားသည့် ဒေသန္တရဘာသာစကားအခြေခံ ဆက်ဆံရေးများကို မည်ကဲ့သို့ နားလည်နိုင်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။​

… ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် လူများနှင့် နိုင်ငံတော်လက်အောက် အုပ်ချုပ်ခံရသည့် လူများကြားမှ နေရာတိုင်းတွင် ကြုံတွေ့ရသည့် ပဋိပက္ခများသည် အစိမ်းသက်သက်နှင့် ချက် ပြုတ်ထားပြီးသား၊ ခေတ်နောက်ကျမှုနှင့် ခေတ်မီမှု၊ လွတ်လပ် မှုရှိခြင်းနှင့် ချည်နှောင်ခံထားရခြင်း၊​ သမိုင်းကြောင်းရှိသည့် လူများနှင့် သမိုင်းကြောင်း မရှိသည့်လူများ စသဖြင့် ပုံသဏ္ဌာန် နှစ်မျိုးဖြင့် ပုံဖော်ခြင်းခံရပြီး ဘက်ပေါင်းစုံမှ နှိုင်းယှဉ်စဉ်းစား နိုင်သည့် နားလည်မှုအတွက် ဖြစ်တန်စွမ်း အမြောက်အမြားကို ပေးသည်။ ထိုဖြစ်တန်စွမ်း အခွင့်အလမ်းများကို ကျွန်တော်တို့ အခွင့်အရေးအဖြစ်ရသလောက် အသုံးချသွားမည်ဖြစ်သည်။7

ပါမောက္ခစကော့သည် သူ၏ သုတေသနဉာဏခရီးတွင် ဤအားသာချက် ဖြစ်တန်စွမ်း အခွင့်အလမ်းများကို အကြိမ်ပေါင်းများစွာ အသုံးချခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် အုပ်ချုပ်မှုကို ကျင့်သုံးသည့် နိုင်ငံတော်ဗဟိုပြု လူ့အဖွဲ့အစည်း ပုံသဏ္ဌာန်များကို လေ့လာအကဲဖြတ်ရာတွင် မီးပွိုင့်များနှင့် ခိုင်းနှိုင်းကာ ပြည် သူဗဟိုပြုလူ့အဖွဲ့အစည်းတွင် လူသား၏ လုပ်ပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို ထိန်းသိမ်းပြီး အချင်းချင်းရိုသေလေးစားမှုရှိသည့် အုပ်ချုပ်မှုကိုမှု ယာဉ်ကြော အဝိုင်းပတ်လမ်းပုံသဏ္ဌာန်ဖြင့် ခိုင်းနှိုင်းဆွေးနွေးခဲ့သည်။ ပါမောက္ခစကော့ အတွက်မူ ယာဉ်ကြောအဝိုင်းပတ်ပုံသဏ္ဌာန်ဖြင့် အုပ်ချုပ်မှုတွင် ယာဉ်မောင်း များက စည်းမျဉ်းချမှတ်သူများဖြစ်သည့်အတွက် ပြဋ္ဌာန်းထားသည့် ယာဉ်စည်း ကမ်းများကို မျက်ကန်းကဲ့သို့ လိုက်နာရခြင်းထက် ပို၍နှစ်လိုဖွယ်ကောင်း သည်။ ပါမောက္ခစကော့သည် သူ၏ မူလဘူတ စိတ်ဝင်စားမှုဖြစ်သည့် နိုင်ငံရေး သိပ္ပံဘာသာရပ်နှင့် ဆက်စပ်စိတ်ဝင်စားလာသည့် ဘာသာရပ်ဖြစ်သည့် မနုဿ ဗေဒဘာသာရပ်ပြင်ပတွင်ပင် ဤအကြောင်းအရာများနှင့် ပတ်သက်၍ ကျယ် ပြန့်သည့် ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။​ နောက်ပိုင်းတွင် သူသည် ရှေးဦးလူသားယဉ်ကျေးမှုများ၏ အပြုအမူနှင့် လူသားများအတွက် လွတ်လပ်ခွင့်များ ​ရယူပိုင်ဆိုင်နိုင်မှုနှင့် ရှင်သန်ရပ်တည်နိုင်မှုတို့ကို ထည့်သွင်း စဉ်းစားသောအခါ နိုင်ငံတော်သည် မည်သည့်နည်းလမ်းဖြင့် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်သည်ဆိုသည့် အချက်နှင့် ပတ်သက်၍ ကျိုးကြောင်းဆင်ခြင်မှုများကိုလည်း ဆက်လက်လုပ်ဆောင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဂျင်မ်အား မင်နီဆိုတာပြည်နယ်ရှိ မက်ကာလက်စ်တာ​ကောလိပ်တွင် အထူးဟောပြောပွဲတစ်ခု ပြောကြားပေးပါရန် ဖိတ်ကြားခဲ့သည်။ ထိုစဉ်က ကျွန်တော်သည် အဆိုပါနေရာနှင့် တစ်နာရီခန့်ဝေးသော နော့တ်ဖီးလ် ရှိ ကာလီတန်ကောလိပ်တွင် သင်ကြားရေးတာဝန်ယူထားသည်။ ဂလိုလ်ဘယ် လိုက်ဇေးရှင်း (ခေါ်) ကမ္ဘာမှုပြုခြင်းနှင့် ၎င်းသည် ကမ္ဘာတစ်ဝန်း၌ မြောက်အတ္တ လန္တိတ်နိုင်ငံများ၏ လွှမ်းမိုးမှုအတွက် စံသတ်မှတ်ရေးစီမံကိန်းတစ်ခုအဖြစ် မည်သို့ပံ့ပိုးသည်ကိုဟောပြောခဲ့သည်။ သူ၏ ဟောပြောချက်ခေါင်းစဉ်မှာ “Vernaculars Cross-Dressed as Universals: Globalization as North Atlantic Hegemony” ဖြစ်သည်။ ဟောပြောချက်၏ အနှစ် သာရသည် ကမ္ဘာမှုပြုခြင်းဖြစ်စဉ်သည် ယခင်ကိုလိုနီနယ်ချဲ့များ၏ ကမ္ဘာ့အစွန် အဖျားရှိ လူများကို “ယဉ်ကျေးအောင်” လုပ်ဆောင်သည့် စံသတ်မှတ်ချက် ထားသည့် ရည်မှန်းချက်၏ အမြင့်ဆုံးကာလဖြစ်ပြီး ကမ္ဘာမှုပြုခြင်းဖြစ်စဉ်သည် အစွန်အဖျားရှိ လူများ၏ မှတ်ဉာဏ်များ၊ ယဉ်ကျေးမှုများနှင့် အထောက် အထားများ၏ အဓိပ္ပာယ်ရှိသည့် အုတ်မြစ်ဖြစ်သည့် တိုင်းရင်းသားဘာသာ စကားများကို ဖျက်ဆီးပစ်ခြင်းဖြစ်သည်ဆိုသည့်အချက် ဖြစ်သည်။ ထိုသို့ပြု လုပ်ခြင်းဖြင့် ကမ္ဘာပုံဖော်မှု ဖြစ်စဉ်များသည် ဘာသာစကား၊ ဖက်ရှင်၊ အစား အစာနှင့် ယဉ်ကျေးမှုကဲ့သို့သော လူသားများ၏ အသုံးအဆောင်ပစ္စည်းများ အပါအဝင်  ရှုထောင့်အားလုံးနီးပါးကို ထိရောက်မှု ရှိစေရန်အတွက် ကမ္ဘာပုံဖော် သူတို့မှ စံသတ်မှတ်ခဲ့ကြသည်။

မက်ကာလက်စ်တာ​ဟောပြောပွဲတွင် ဂျင်မ်က မိမိကို သူ၏ ဧည့်သည် အဖြစ် ဖိတ်ကြားခဲ့သည်။ ညစာစားပွဲအပြီးတွင် ဂျင်မ်နှင့် ကျွန်တော်သည် လက်ရှိ ဖြစ်ပွားနေသည့် တိုင်းရင်းသားလူနည်းစုများ၏ တော်လှန်ရေးများနှင့် ၁၉၈၈ မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုနှင့် ပတ်သက်သည့် ဉာဏ ဆိုင်ရာ လွတ်လပ်သော သုတေသနနှင့် ဆွေးနွေးဖလှယ်မှုများ ထွန်းကားလာ အောင် ဖန်တီးရန် မည်သည့်အရာများ လုပ်ဆောင်နိုင်သနည်းဆိုသည်ကို ဆွေးနွေးခဲ့ကြသည်။ ကျွန်တော်တို့အနေဖြင့် ယခင်ကရှိခဲ့သည့် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် (Journal of Burma Research Society – JBRS) အကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ လွတ်လပ်သည့် ပညာရပ်ဆိုင် ရာ ခွဲခြမ်းစိတ်ဖြာမှုကို မည်ကဲ့သို့ထုတ်ဝေခဲ့သနည်း၊ ဉာဏဆိုင်ရာ ဆွေးနွေး ငြင်းခုံမှုများအတွက် ကောင်းမွန်မျှတသည့် ပလက်ဖောင်းတစ်ခုအဖြစ် မည်ကဲ့ သို့ ဆောင်ရွက်ခဲ့သနည်းဆိုသည်များကို ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်၏ ဝေဖန်ပိုင်းခြားနိုင်သည့် ဆွေးနွေးမှုများကြောင့် ပင် ၁၉၇၈ တွင် အာဏာရှင်နေဝင်းမှ ဂျာနယ်နှင့် ထိုအသင်းကို တရားမဝင် ကြောင်း ကြေညာခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် ထိုအဖွဲ့အစည်းအား မြန်မာ့ဆိုရှယ် လစ်အစိုးရမှ ပိတ်သိမ်းခဲ့သည်။ မိမိတို့၏ ၂၀၀၉ ခုနှစ်တွင် တွေ့ဆုံခဲ့သည့် ညစာ စား ဆွေးနွေးပွဲသည် လွတ်လပ်သောမြန်မာ့သုတေသနဂျာနယ် (IJBS) အား တည်ထောင်ရန် ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်ခဲ့ပြီး မြန်မာနိုင်ငံသုတေသန အသင်း ဂျာနယ် (JBRS) ၏ အစောပိုင်းကာလများတွင် ပံ့ပိုးကူညီခဲ့သူများမှ ဥပမာပေးခဲ့သကဲ့သို့ လက်ရှိတွင် မြန်မာနိုင်ငံသည် ပညာရှင်များ၏ လွတ်လပ် သည့် ဉာဏဆိုင်ရာ အစဉ်အလာကို ပြန်လည်ရှင်သန်စေရန် ခြေလှမ်းငယ်များ လှမ်းလျက်ရှိပါသည်။ ဂျာနယ်ခေါင်းစဉ်တွင် ပါရှိသည့် “လွတ်လပ်သော” ဆိုသည်မှာ အုပ်ချုပ်သူများ၏ ထိန်းချုပ်မှု၊ ဆင်ဆာဖြတ်တောက်မှုနှင့် စာရေးသူများ၏ ကိုယ်တိုင်ဆင်ဆာဖြတ် တောက်မှုများမှ လွတ်လပ်ခြင်းကို ရည်ညွှန်းပါသည်။

ထိုဟောပြောပွဲအပြီး သုံးနှစ်ခန့်အကြာ ၂၀၁၁ ခုနှစ်တွင် ဂျာနယ်ထုတ်ဝေ ရန်အတွက် ပထမဆုံးအစည်းအဝေးကို မြန်မာ့အရေးသုတေသနပညာရှင် (၁၁) ဦးနှင့်အတူ ပူးပေါင်း၍ “လွတ်လပ်သောမြန်မာ့သုတေသနဂျာနယ် (IJBS)” အတွက် ပထမဆုံးအယ်ဒီတာအဖွဲ့ တည်ထောင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ထိုအစည်းအဝေးကို ဂျင်မ်၏ အားပေးမှုဖြင့် ယေးလ်တက္ကသိုလ်ရှိ နိုင်ငံရေးသိပ္ပံ ဌာနတွင် ကျင်းပခဲ့သည်။ ယေးလ်တက္ကသိုလ် ဥက္ကဋ္ဌ ရစ်ချက်လီဗင်သည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ပညာရပ်ဆိုင်ရာ လှုပ်ရှားမှုများအတွက် ရန်ပုံငွေအချို့ကို ထောက်ပံ့ပေးခဲ့ပြီး ဂျင်မ့်အား လွတ်လပ်သော မြန်မာ့ သုတေသနဂျာနယ် (IJBS) ကို အသစ်စတင်ရန်အတွက် ရန်ပုံငွေအချို့ကို ခွဲဝေပေးခဲ့သည်။ ထိုရန်ပုံငွေများ၏ နောက်ထပ် တစ်စိတ်တစ်ပိုင်းသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့တွင် Chubb Fellowship အစီအစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အများပြည်သူအတွက် ဟောပြောပွဲပြုလုပ်ရန် ယေးလ်တက္ကသိုလ်သို့ ဖိတ်ကြားရာတွင် အထောက်အကူဖြစ်စေခဲ့သည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

IJBS ၏ ပထမဆုံးစာစောင်ဖြစ်သည့် ဆင်းရဲမွဲတေမှုဆိုင်ရာ အထူးထုတ် စာစောင်အား ၂၀၁၆ ဩဂုတ်လတွင် ပထမဆုံး ထုတ်ဝေခဲ့သည်။ ဂျင်မ်မှ ဂျာနယ်အသစ်အကြောင်းကို အောက်ပါအတိုင်း မိတ်ဆက်ခဲ့သည်။

ဤဂျာနယ်၏ ပထမဆုံးစာစောင်ကို တတ်သိပညာရှင်များနှင့် မြန်မာ့အရေးလေ့လာနေသူများ၏ လက်ဝယ်သို့ အရောက်ပို့‌ ဆောင်ပေးနိုင်သည့်အတွက် ဝမ်းမြောက်မိပါသည်။ ကျွန်တော် တို့အနေဖြင့် ဤဂျာနယ်သည် မြန်မာနိုင်ငံတွင် တက်ကြွထက် သန်သော ဝေဖန်ပိုင်းခြားသုံးသပ်ဆွေးနွေးမှုများ ထွန်းကား သော လူ့အသိုင်းအဝိုင်းတစ်ခု ပေါ်ပေါက်လာစေရေးအတွက် များစွာအထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါသည်။ ဤ ဂျာနယ်တွင် ကျွန်ုပ်တို့ အသုံးပြုထားသော ချဉ်းကပ်မှုများမှာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အ‌ရေးပါသည့် ကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များတွင် အသိဉာဏ်နှင့်ယှဉ် သော ဝေဖန်ဆွေးနွေးနှီးနှောဖလှယ်မှုရှိသည့် အသိပညာရပ် ဝန်းတစ်ခုကို ရေရှည်တည်တံ့ခိုင်မြဲအောင် တည်ဆောက်ရေး ပင်ဖြစ်သည်။

ဤဂျာနယ်အားဖတ်ရှုကြသည့် စာဖတ်သူများအနေဖြင့် မြန်မာ့/ဗမာ့ လူမှုရေးနှင့် နိုင်ငံရေးပြောင်းလဲတိုးတက်မှုများကို အသက်သွင်း ထောက်ပံ့သော စုံလင်ကွဲပြားသည့် ဉာဏဆိုင်ရာ ဆွေးနွေးမှုများအား ကူညီထောက်ပံ့နိုင်ရန် အားထုတ်ကြိုးပမ်းထားကြသည့် အယ်ဒီတာ အဖွဲ့ဝင်များနှင့် စာရေးသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို နားလည်အသိအမှတ်ပြုနိုင်မည်ဟု မိမိအနေဖြင့် မျှော်လင့်မိပါသည်။​

အဆုံးမှတ်စုများ

1 Forchhammer, 1885.
2 မြန်မာနိုင်ငံသည် ကမ္ဘာတွင် ကာလရှည်ကြာဆုံးသော ပြည်တွင်းစစ်ဖြစ်နေသည့် နိုင်ငံဖြစ် သည်။ ထိုအရာသည် မီးပွိုင့်ထားရှိခြင်းပုံစံကဲ့သို့ ရှင်ဘုရင်များနှင့် အုပ်ချုပ်သူလူတန်းစားများ၏ ချယ်လှယ်အုပ်စိုးမှုနှင့် ပြည်သူအများ လိုအပ်နေသည့် အဝိုင်းပတ်ယာဉ်ကြောပုံစံ အုပ်ချုပ်မှု ကြား ဖြစ်ပေါ်နေသည့် ပြဿနာကို ထောက်ပြနေခြင်းဖြစ်သည်။
3 Scott, 1998.
4 Scott, 1976.
5 Scott, 2025.
6 Scott, 2009.
7 Scott, 2009, p. 3.

ကိုးကားချက်များ

Forchhammer, E. (1885). The Jardine Prize: An Essay on the sources and development of Burmese Law from the era of the first introduction of the Indian Law to the time of the British occupation of Pegu. The Government Press. https://archive.org/download/jardineprizeane00forcgoog/jardineprizeane00forcgoog.pdf

Scott, J. C. (1976). The Moral Economy of the Peasant: Rebellion and Subsistence in Southeast Asia. Yale University Press.

Scott, J. C. (1998). Seeing Like a State: How Certain Schemes to Improve the Human Condition Have Failed. Yale University Press. https://doi.org/10.1353/jsh.2000.0050

Scott, J. C. (2009). The Art of Not Being Governed: An Anarchist History of Upland Southeast Asia. Yale University Press. https://doi.org/10.1177/026272801203200105

Scott, J. C. (2025). In Praise of Floods: The Untamed River and the Life It Brings. Yale University Press. https://yalebooks.yale.edu/book/9780300278491/in-praise-of-floods/

Tun Myint. (2005). Evolution of Law and Legal Concept in Burma: Challenges at the Transition. Legal Issues on Burma Journal, 20, 16-31.