မီဇိုရမ်သို့ နေရပ်စွန့်ခွာပြောင်းရွှေ့ခြင်း အထူးထုတ်စာစောင်မိတ်ဆက်

ဟာနာရပ်ဆဲလ် | Click here to read this article in English.

Cite as: 
ဟာနာရပ်ဆဲလ်၊ (၂၀၂၅)၊ မီဇိုရမ်သို့ နေရပ်စွန့်ခွာပြောင်းရွှေ့ခြင်း အထူးထုတ်စာစောင်မိတ်ဆက်၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၆။ https://ijbs.online/?page_id=5466

ဤအထူးထုတ်စာစောင်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မီဇိုရမ်ပြည်နယ် (ဤနေရာမှစ၍ မီဇိုရမ်ဟုသုံးစွဲပါမည်) ရှိ မြန်မာဒုက္ခသည်များ၏ အခြေအနေ ကို ပိုမိုကျယ်ပြန့်စွာ နားလည်သဘောပေါက်စေပြီး ထိုက်သင့်သလောက် အာရုံ စိုက်ခံရခြင်းမရှိသော နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် အသိုက်အဝန်းထံမှ အဖိုး တန်သည့် အချက်အလက်များကို ထုတ်ဖော်ထားပါသည်။ ပါဝင်ရေးသားသည့် စာရေးသူ ငါးဦးစလုံးသည် မီဇိုရမ်ရှိ နေရပ်စွန့်ခွာအသိုက်အဝန်းမှ ဖြစ်ကြပြီး ချင်း-မီဇိုရမ် နေရပ်စွန့်ခွာနေထိုင်မှုအခြေအနေအား ဂျန်ဒါ၊ အသက်မွေးဝမ်း ကျောင်းမှုနှင့် ပညာရေးစသည့် ခေါင်းစဉ်များမှတစ်ဆင့် ဆန်းစစ်လေ့လာထား ပါသည်။ စာရေးသူများသည် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသန စင်တာ၏ ပံ့ပိုးမှုဖြင့် မီဇိုရမ်မြို့တော် အိုက်ဇောရှိ မီဇိုရမ်တက္ကသိုလ်၌ ချင်း ရေးရာအဖွဲ့ (ICA) မှ စီစဉ်ဆောင်ရွက်သည့် မြန်မာသုတေသနထောက်ပံ့ကြေး အစီအစဉ် (၂၀၂၂-၂၀၂၃) ၏ တစ်နှစ် သုတေသနသင်တန်းအား တက်ရောက် ပြီးမြောက်ပြီးနောက်တွင် ဤဆောင်းပါးများကို ရေးသားခဲ့ခြင်းဖြစ်သည်။

ဤအထူးထုတ်စာစောင်တွင် သင်တန်းသားသုတေသီများက ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် အသိအမြင်များမှတစ်ဆင့် ချင်းနှင့် မီဇို အသိုက် အဝန်းများအကြား လူမှုယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲများကို ဆန်းစစ် လေ့လာထားပြီး ဒုက္ခသည်များ အထူးသဖြင့် အမျိုးသမီးနှင့် လူငယ်များ အတွက် ပညာသင်ကြားရေး၊ အလုပ်အကိုင်နှင့် တရားဝင် အသိအမှတ်ပြုမှုများ နှင့်စပ်လျဉ်းသော စနစ်ပိုင်းဆိုင်ရာ အတားအဆီးများကို မီးမောင်းထိုးပြထား ပါသည်။ တူညီသည့် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ အမွေအနှစ်များကြောင့် ချင်းဒုက္ခသည်များသည် မီဇိုရမ်၌ နေထိုင်၍ရနေကြသော်လည်း ဥပဒေရေးရာ ကာကွယ်စောင့်‌ရှောက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံ များ မရှိသည့်အတွက် ခွဲခြားဆက်ဆံမှုများ၊ ခေါင်းပုံဖြတ်မှုများနှင့် အလုပ် အကိုင် သို့မဟုတ် ပညာရေးအခွင့်အလမ်းများ မရှိခြင်းတို့ကို ရင်ဆိုင်နေကြရ သည်။ အချုပ်ဆိုရသော် ဤဆောင်းပါးများတွင် မီဇိုရမ်သို့ ထွက်ပြေးလာသော ဒုက္ခသည်များ၏ ကြံ့ကြံ့ခံနိုင်မှုကို အလေးထားဖော်ပြကာ မီဇိုရမ်ရှိ ဒုက္ခသည် များ၏ ထိခိုက်လွယ်မှုကို တရားဝင်အသိအမှတ်ပြုလက်ခံမည့် အားလုံးပါဝင် သည့် မူဝါဒဆောင်ရွက်ချက်များကို တောင်းဆိုထားပါသည်။ အဆိုပါဒုက္ခသည် များသည် ဖယ်ကြဉ်ထားခံရမှု မရှိဘဲ အားလုံးအတွက် အကျုံးဝင်မှုရှိသည့် အထောက်အပံ့များကို ပိုမိုလိုအပ်လျက် ရှိနေပါသည်။

မြန်မာသုတေသနထောက်ပံ့ကြေးအစီအစဉ်

၂၀၂၂ ခုနှစ်၊ မတ်လတွင် အစပျိုးခဲ့ပြီး အောက်တိုဘာလတွင် ကြိုဆိုဖွင့်လှစ်ပွဲ ပြုလုပ်ကာ စတင်ခဲ့သည့် (၁၂) လကြာ မြန်မာသုတေသနထောက်ပံ့ကြေးအစီ အစဉ်သည် သုတေသနဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုး ကူညီမှုများအား ဒုက္ခသည်များထံ ပေးနိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲထားပြီး မီဇိုရမ်တက္ကသိုလ်မှ ပညာရှင်များ၊ ချင်းမိုင်တက္ကသိုလ်နှင့် လန်ဒန်စီးပွားရေး တက္ကသိုလ်မှ နိုင်ငံတကာပညာရှင်များက သင်ကြားပေးသည့် သုတေသနပိုင်း ကျွမ်းကျင်မှုနှင့် ချဉ်းကပ်မှုဆိုင်ရာ သင်ကြားပို့ချမှုများ ပါဝင်ပါသည်။ သင်ကြား ပို့ချမှုများတွင် အချက်အလက်စုဆောင်းခြင်း၊ သုတေသီကျင့်ဝတ်၊ သုတေသန ခွဲခြမ်းစိတ်ဖြာမှုနှင့် ဘေးကင်းလုံခြုံမှု အစရှိသည့် သုတေသနပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပါဝင်ပြီး ပဋိပက္ခနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၊ ဂျန်ဒါစုံလင်ကွဲပြားမှု၊ တရားမျှတမှု အစရှိသည့် ခေါင်းစဉ်များအား နက်ရှိုင်းစွာ လေ့လာခဲ့ကြပါသည်။ တက်ရောက် သူများအား သုတေသနနှင် လူမှုရေးသိပ္ပံ၏ အခြေခံသဘောတရားများကို အသိပညာပေးနိုင်ရန်အတွက် အစီအစဉ်ကို ဒီဇိုင်းရေးဆွဲထားပါသည်။ တက် ရောက်သူများအနေဖြင့် မြန်မာနှင့် မီဇိုရမ်ရှိ နေရပ်စွန့်ခွာနေထိုင်မှု အကြောင်း အရာများအပေါ် ၎င်းတို့၏ ကိုယ်ပိုင်သုတေသနလေ့လာမှုများအား ဒီဇိုင်းရေး ဆွဲကာ ယင်းအတိုင်း လိုက်လံဆောင်ရွက်နိုင်ရန်အတွက် ပံ့ပိုးပေးထားပြီး မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာနေထိုင်မှု၊ ပဋိပက္ခ၊ လူမှုအပြောင်းအလဲတို့နှင့် သက်ဆိုင်သည့် ဆွေးနွေးငြင်းခုန်မှုများ၌ ပါဝင်စေကာ မိမိအတွေ့အကြုံနှင့် အတွေးအမြင်များဖြင့် တင်ဆက်စေခဲ့ပါသည်။

အစီအစဉ်တွင် ပါဝင်ရန်အတွက် လျှောက်ထားသူ (၁၆) ဦးအနက်မှ (၅) ဦး အား ရွေးချယ်ခဲ့သည်။ လျှောက်ထားမှုလုပ်ငန်းစဉ်တွင် ချင်းရေးရာအဖွဲ့မှ ဝန်ထမ်းများက အင်တာဗျူးခြင်းနှင့် လက်တွေ့လုပ်ဆောင်စေခြင်းများ ဆောင် ရွက်စေကာ လျှောက်ထားသူများ၏ နောက်ခံနှင့် စွမ်းဆောင်ရည်တို့ကို အကဲ ဖြတ်ခဲ့သည်။ ဝန်ထမ်းများက လျှောက်ထားသူများ၏ သုတေသနလုပ်ဆောင် မှု စွမ်းဆောင်ရည်၊ သုတေသန သို့မဟုတ် ပညာရေးနောက်ခံနှင့် နေရပ်စွန့်ခွာ နေထိုင်ရသည့် အတွေ့အကြုံများအပေါ် အခြေခံကာ သင်တန်းသား (၅) ဦးကို ရွေးချယ်ခဲ့သည်။

အစီအစဉ်တစ်လျှောက်လုံးတွင် သင်တန်းသားများသည် ၎င်းတို့၏ ဘဝ အသစ်နှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ဆောင်ရာ၌ စိန်ခေါ်မှုများ ကြုံ တွေ့ခဲ့ရသကဲ့သို့ မီဇိုရမ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၏ လှိုက်လှဲပျူငှာစွာ ကြိုဆိုပေးမှုကိုလည်း ခံစားခဲ့ကြရသည်။ မွေးရပ်မြေရှိ ပြင်းထန်သော ပဋိပက္ခ နှင့် မငြိမ်သက်မှုများက ၎င်းတို့၏ နေ့စဉ် ပညာရပ်ပိုင်းဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများအတွက် နောက်ခံအခြေအနေများကို ပံ့ပိုးပေးခဲ့သည်။ ဤ ထောက်ပံ့ကြေးအစီအစဉ်သည် ပထမဆုံး ပြုလုပ်သည့် အစီအစဉ်ဖြစ်ရာ သင်တန်းသားများနှင့် ချင်းရေးရာအဖွဲ့၏ ဝန်ထမ်းများသည် မီဇိုရမ်တက္ကသိုလ် နှင့် အလုပ်သဘောဆက်ဆံမှုများ၊ သင်ကြားပို့ချမှုများအား ပံ့ပိုးကူညီရေးနှင့် ကြီးကြပ်ညွှန်ပြမှု အစီအစဉ်များကို ပထမဆုံးအနေဖြင့် ရှေ့ဆောင်လုပ်ကိုင်ခဲ့ သည်။ သင်တန်းသားများ၏ ခိုင်မာသည့် လုပ်ငန်းကျင့်ဝတ်နှင့် စူးစိုက်နှစ်မြှုပ်မှု များကို မီဇိုရမ်တက္ကသိုလ်မှ လုပ်ဖော်ကိုင်ဖက်များက ကြိုဆိုခဲ့ကြသည်။ သင်တန်းသားသုတေသီ (၅) ဦး အနက် (၄) ဦးမှာ ချင်းပြည်နယ်မှ ဖြစ်ကြပြီး ယုဂန်ပိုင်မှာ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြစ်သည်။ ၂၀၂၁ အာဏာမသိမ်းမီက အဆိုပါ (၅) ဦးတို့မှာ သတင်းစာလုပ်ငန်းမှသည် အရပ်ဘက်လူ့အဖွဲ့အစည်း အထိ အလုပ်အကိုင်မျိုးစုံ၌ လုပ်ကိုင်ခဲ့ကြသူများ ဖြစ်ကြသည်။ သင်တန်းသား တစ်ဦးဖြစ်သော ဇလပ်မြေသည် ၂၀၂၁ မတိုင်မီက လူမှုရေးသိပ္ပံကျောင်းသား တစ်ဦးဖြစ်သည်။

အစီအစဉ်တွင် သုတေသနနည်းလမ်းများနှင့် အကြောင်းအရာအလိုက် ချဉ်းကပ်မှုများနှင့် ပတ်သက်သည့် သင်ခန်းစာနှစ်ခုကို ဦးစွာသင်ကြားပေးပါ သည်။ ထို့နောက်တွင် သင်တန်းသားများအနေဖြင့် အနီးကပ်လမ်းညွှန်သူများ နှင့်အတူ သီးခြားသုတေသနများတွင် ခြောက်လကြာ ပါဝင်ပူးပေါင်းဆောင် ရွက်ကြရသည်။ ထို့နောက်တွင် ၎င်းတို့၏ သုတေသနပရောဂျက်များအား ဆောင်းပါးများအဖြစ် မွမ်းမံရေးသားပြီး ဤဂျာနယ်သို့ တင်ပြခဲ့ကြသည်။ ထွက်ပေါ်လာသော ဆောင်းပါးများသည် မီဇိုရမ်၌ ဘဝများ ပြန်လည် တည်ဆောက်ကာ အခွင့်အလမ်းရှာဖွေရန် ကြိုးစားနေကြသည့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာနေထိုင်သူများအပေါ် သက်ရောက်‌သော လူမှုနိုင်ငံရေးအခြေ အနေများ၊ သမိုင်းနှင့် ဘာသာရေးဆိုင်ရာ ဆက်နွှယ်မှုများ၊ ပဋိပက္ခကြောင့်ဖြစ် သော အပြောင်းအလဲများကို မီးမောင်းထိုးပြထားကာ နေရာနှင့် အချိန်ကာလ တစ်ခု၌ ပိတ်မိနေကြသော လူတစ်စု၏ စိုးရိမ်ပူပန်မှုများကို အမိအရ ဖော်ပြ ထားကြသည်။

အိန္ဒိယဗဟိုအစိုးရ၏ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများအပေါ် အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအား ကန့်သတ်ထားရန် ပိုမိုဖိအားပေးလာ သည့်အတိုင်း မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့်လည်း တုံ့ပြန်ဆောင်ရွက်ရ သည်ဖြစ်ရာ တစ်နှစ်ခွဲကြာလာသည့်တိုင် ဆောင်းပါးများ၏ တွေ့ရှိချက်များမှာ သက်ဆိုင်ဆီလျော်မှုရှိနေဆဲဖြစ်သည်။1 ယင်းကန့်သတ်ချက်များတွင် ပြည်သူ များ၏ သွားလာမှုနှင့် နယ်စပ်ဖြတ်ကျော် လူမှုအသိုက်အဝန်းများ၏ ဘဝများ အပေါ် အနှောင့်အယှက်ဖြစ်စေမည့် နယ်စည်းခြားတံတိုင်းလည်း ပါဝင်သည်။2 နယ်စပ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုမှုများ တစ်ဟုန်ထိုး မြင့် တက်လာမှုကြောင့် မီဇိုရမ်ရှိ မြန်မာဒုက္ခသည်များထံမှ ဇီဝအချက်အလက်များ ကောက်ယူစုဆောင်းမည့် ခြိမ်းခြောက်မှုအပါအဝင် ဒုက္ခသည်များအား စိစစ်မှု များကို ပိုမိုလုပ်ဆောင်လာသည်။3 အရင်းအမြစ်များ နည်းပါးမှုအပေါ် ပူပန် စိုးရိမ်မှုများ ရှိကြရာ မီဇိုလူမျိုးစုများနှင့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာလာသူများ အကြား တင်းမာမှုများလည်း မြင့်တက်လာသည်။4

အစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် သင်တန်းသား (၅) ဦးတို့အား သင်တန်း ဆင်းပြီး နောက်တွင်လည်း ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်းများအတိုင်း ဆက် လက်လုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီပေးခဲ့သည်။ အားလုံးသည် အိန္ဒိယရှိ အခြား တက္ကသိုလ်အဖွဲ့အစည်းများနှင့် နိုင်ငံရပ်ခြားတွင် ဘွဲ့လွန်ပညာ ဆက်လက်သင် ယူခြင်း သို့မဟုတ် နေရပ်စွန့်ခွာလာရသူများအား ပံ့ပိုးပေးသည့် အဖွဲ့အစည်း များတွင် ဝင်ရောက်လုပ်ကိုင်ခြင်း စသည်ဖြင့် ဆက်လက် လုပ်ဆောင်ကြနေပါ သည်။ ချင်းရေးရာအဖွဲ့အနေဖြင့် သုတေသနထောက်ပံ့ကြေးအစီအစဉ် ဒုတိယ အသုတ်အတွက် ရန်ပုံငွေရရှိရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။ သို့သော်လည်း ချင်းရေးရာအဖွဲ့အနေဖြင့် မီဇိုရမ်တက္ကသိုလ်နှင့် ဆက်ဆံရေး ဆက်လက်တည်ဆောက်ထားပြီး ယင်းဆက်ဆံရေးကို ရှေ့ဆက်ကာ နေရပ် စွန့်ခွာလာကြရသော မြန်မာပြည်သူများအတွက် မီဇိုရမ်တွင် အဆင့်မြင့်ပညာ ရေးကို လက်လှမ်းမီရရှိနိုင်ရေးအား အထောက်အပံ့ဖြစ်စေမည့် ပရိုဂရမ်အသစ် များ ရှာဖွေနိုင်ရေးကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

ချင်း-မီဇိုရမ် နောက်ခံအခြေအနေ

မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ ချင်းပြည်နယ်သည် တိုင်းပြည်၏ အဆင်းရဲဆုံးဒေသများအနက် တစ်ခုဖြစ်ပြီး ပြည်နယ်လူဦးရေ၏ (၇၃) ရာခိုင် နှုန်းဖြစ်သည့် ခန့်မှန်း (၄၇၈,၈၀၁) ဦးတို့မှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ ရှိနေ ကြရသည်။5 ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် မသန်စွမ်းဖြစ်မှု အမြင့်ဆုံး ဖြစ်ပြီး (၂၁) ရာခိုင်နှုန်းဝန်းကျင်ရှိကာ (၆) ဦးလျှင် (၁) ဦးမှာ မသန်စွမ်း ဖြစ် သည်။6 မျိုးစုံကွဲပြားသည့် ယဉ်ကျေးမှုအုပ်စုများစွာ နေထိုင်ကာ စုံလင်ကွဲပြား သော ပြည်နယ်တစ်ခု ဖြစ်သော်လည်း (၁၉) ရာစု ဗြိတိသျှကိုလိုနီအုပ်ချုပ်မှု အတွင်း ပြဋ္ဌာန်းသတ်မှတ်ပေးခဲ့သော အမှတ်အသားတစ်ခုဖြစ်သည့် “ချင်း” ဟူသော လူမျိုးစုအမည်နာမကိုသာ မြန်မာပြည်အတွင်းတွင် ခေါ်တွင်သည်။7 ချင်းလူမျိုးစုများစွာက မိမိကိုယ်ကိုယ် “ဇို” ဟု ညွှန်းဆိုကြသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ ပြည်လုံးကျွတ်သန်းခေါင်းစာရင်းအရ ချင်းပြည်နယ်တွင် မျိုးနွယ်စု (၃၆) စုမှ (၅၃) စုအထိရှိပြီး ဘာသာစကား (၃၅) မျိုးကျော် ပြောဆိုသုံးစွဲကြ သည်ဟု သတ်မှတ်ထားသော်လည်း ယင်းအရေအတွက်ကို ချင်းအမျိုးသား အထောက်အကူပြုကော်မတီက သဘောမတူဘဲ ဆန့်ကျင်ထားသည်။8

Lian Sakhong ရေးသားသည့် In Search of Chin Identity: A Study in Religion, Politics and Ethnic Identity in Burma စာအုပ်တွင် ခရစ်ယာန်ဘာသာသည် ချင်းဖြစ်မှု၏ အရေးပါသည့် လက္ခဏာရပ်ဖြစ်ကြောင်း အခြားလူမျိုး သို့မဟုတ် ယဉ်ကျေးမှုပုံသဏ္ဌာန်များမှ ဆင်းသက်လာသည့် အမျိုးမျိုးသော တိုင်းရင်းသားအုပ်စုများသည် ကိုးကွယ်မှုဆိုင်ရာ ဘုံတူညီမှု တစ်ရပ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်ဖြစ်ရာ ဘာသာရေးသည် ချင်းအသိုက် အဝန်း၏ ပင်မမဏ္ဍိုင်ဖြစ်လာကြောင်းဖြင့် အခိုင်အမာဆိုထားသည်။9 ဟားခါးမှ လိုင် စကားပြော ပန်းသီးစိုက်တောင်သူတစ်ဦးနှင့် တီးတိန်ရှိ ဇိုမီဘာသာဖြင့် ဟောပြောသည့် သင်းအုပ်ဆရာတို့သည် ဘာသာစကား မတူကြသော်လည်း နှစ်ဦးစလုံးကို အများအားဖြင့် ချင်းခရစ်ယာန်များအဖြစ် မှတ်ယူနိုင်သည်။ ချင်း လူမျိုးအားလုံးသည် ခရစ်ယာန်ဘာသာဝင်များ မဟုတ်ကြသော်လည်း နှိပ်စက် ညှဉ်းပန်းခံရမှုနှင့် ဖယ်ကြဉ်ခံရမှုအား ကြံ့ကြံ့ခံခုခံခြင်းကို ချင်းအမှတ်အသား လက္ခဏာဟူ၍ ဝိသေသပြုနိုင်သည်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော မြန်မာပြည်တွင် လူမျိုးနှင့် ဘာသာရေးအရ လူနည်းစုဖြစ်သည့် ချင်းလူမျိုးများ သည် ဗမာလူမျိုးကြီးဝါဒ၏ အကြမ်းဖက်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ခံလာခဲ့ကြရသည်။ ၂၀၁၂ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကာလ မတိုင်ခင်အထိ ချင်းအမျိုးသားနေ့အခမ်းအနားမှာ ပိတ်ပင်ခံခဲ့ရပြီး10 ချင်းလူမျိုး များတွင် ဗြိတိသျှ သို့မဟုတ် အနောက်တိုင်းကို လိုလားသော စိတ်နေသဘော ထား ရှိကြသည်။11 ချင်းလူမျိုးများသည် ဘာသာရေးနှင့် လူမျိုးရေး လက္ခဏာ ရပ်များအရ စည်းလုံးညီညွတ်ကြသော်လည်း မတူကွဲပြားသည့် ခရစ်ယာန် ဘာသာရေးဂိုဏ်းခွဲများနှင့် လူမျိုးရေးအခြေခံ သဘောထားကွဲလွဲမှုများမှာ ချင်း တော်လှန်ရေး လှုပ်ရှားမှုများ၌ပင် ယနေ့ထက်တိုင် သက်ရောက်မှုရှိနေဆဲ အထင်ကရကိစ္စ တစ်ခုဖြစ်သည်။12

ချင်းပြည်နယ်ရှိ ပြည်သူများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တစ်ခဲနက် မဲပေးခဲ့ကြပြီး ၂၀၂၁ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်တွင်လည်း ဆန္ဒပြပွဲများစွာ၌ ပါဝင်ခဲ့ကြသည်။ နှစ်လအကြာ တွင် ချင်းပြည်နယ်၏ မြို့နယ် (၉) ခုမှ အဖွဲ့များသည် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများမှ ပြည်သူများအား ကာကွယ်နိုင်ရန်အတွက် ရိုးရာအမဲလိုက် ရိုင်ဖယ်သေနတ် (တူမီး) များ ကိုင်ဆောင်ကာ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့ဖြစ်သည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ကို ဖွဲ့စည်းခဲ့သည်။13 ၂၀၂၁ စက်တင်ဘာလတွင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် ချင်း အမျိုးသားတပ်ဦး (CNF)14 တို့ ပူးပေါင်းကာ ထန်တလန်ရှိ စစ်အခြေစိုက်စခန်း ကို တိုက်ခိုက်ခဲ့သည်။ မြန်မာစစ်တပ်က တုံ့ပြန်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ (၁၀,၀၀၀) ခန့် နေရပ်အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ထို စဉ်ကတည်းကစတင်ကာ ချင်းပြည်တွင် လက်နက်ကိုင်ပဋိပက္ခများ မရပ်တန့် သေးဘဲ တော်လှန်ရေးဦးဆောင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ၂၀၂၃ နိုဝင်ဘာ တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ မကြာသေးမီက ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့က မြို့တော်ဟားခါး၏ မြောက်ဘက်ရှိ အရေးကြီးမြို့ တစ်မြို့ဖြစ်သည့် ဖလမ်းမြို့တွင် စစ်တပ်ကို အနိုင်တိုက်နိုင်ခဲ့ပြီး ယင်းတိုက်ပွဲ ကြောင့် လူသောင်းနှင့်ချီကာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။15

ယခု ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်ဟု သိကြသော ဒေသများအကြား တွင် လူများရွှေ့ပြောင်း သွားလာမှုသည် ရာစုနှစ်များစွာတိုင်တည်ရှိနေသော ချင်းသမိုင်းကြောင်း၏ လက္ခဏာတစ်ရပ်ဖြစ်သော်လည်း ၂၀၂၁ မှ စတင်ကာ နေရပ်စွန့်ခွာနေထိုင်ရမှု အတိုင်းအတာမှာ မကြုံစဖူး အခြေအနေသို့ ‌ရောက်ရှိ လာသည်။ အိန္ဒိယနယ်စပ်ဘက်ခြမ်းရှိ ကန့်သတ်ချက်များနှင့် မြန်မာဘက်ခြမ်း ရှိ စစ်ရေးအကူအညီပိတ်ဆိုမှုများကြောင့် ချင်းပြည်မှ နေရပ်စွန့်ခွာနေထိုင်ရသူ များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီမှာ အကန့် အသတ်ရှိနေသည်။16 ၂၀၂၃ တွင် မီဇိုရမ်ရှိ ဒုက္ခသည်များအတွက် ငွေကြေး အထောက်အပံ့များ၏ (၉၀) ရာခိုင်နှုန်းမှာ အမေရိက၊ ဩစတြေးလျနှင့် ဥရောပ တို့၌ ပြောင်းရွှေ့နေထိုင်လျက်ရှိကြသော ချင်းလူမျိုးများထံမှလာသည်ဟု သိရှိ ရသည်။ ထိုအထောက်အပံ့များအား ဘုရားကျောင်းကွန်ရက်များမှတစ်ဆင့် အဓိကဖြန့်ဝေပေးပြီး တစ်ခါတစ်ရံတွင် သီးခြားအဖွဲ့များသို့ဖြစ်စေ၊ ယဉ်ကျေးမှု တူအုပ်စုများ သို့မဟုတ် ဘာသာစကားတူအုပ်စုများထံသို့ဖြစ်စေ ပေးပို့ခြင်းဖြစ် သောကြောင့် အညီအမျှ ခွဲဝေခြင်းမျိုး မဟုတ်သဖြင့် ပြည်ပ၌ နေထိုင်သည့် လူမျိုးစုနည်းပါက အထောက်အပံ့ရရှိမှုလည်း နည်းပါးသွားသည်။17

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းရန်ကြိုးပမ်းချိန်ကတည်းက စတင်ကာ လူပေါင်း (၉၀,၅၀၀) ကျော်တို့သည် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး18 အများစုမှာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဖြစ်ကြသည်။ ဒုက္ခသည်အများစုသည် ချင်းပြည်ရှိ တိုင်းရင်းသားလူမျိုးစုများ နှင့် သမိုင်းကြောင်း ဆက်နွှယ်မှုရှိသည့် မီဇိုလူမျိုးများကို အစွဲပြု၍ အမည်ပေး ထားသော အိန္ဒိယရှိ မီဇိုရမ်ပြည်သို့ ဝင်ရောက်ခဲ့ကြသည်။ မီဇိုရမ်ပြည်သည် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့်လည်းကောင်း အိန္ဒိယနိုင်ငံ၏ တြိပူရ၊ အာသံ၊ မဏိပူရ် ပြည်နယ်များနှင့်လည်းကောင်း နယ်နိမိတ်ချင်းထိစပ်နေသော်လည်း အဆိုပါ ဒေသများမှ လူများသည် ချင်းလူမျိုးများကဲ့သို့ မီဇိုလူမျိုးများနှင့် နီးစပ်သည့် သမိုင်းကြောင်းနှင့် လူမျိုးရေးရာ ဆက်နွှယ်မှု မရှိကြပေ။ မီဇိုလူမျိုးများအတွက် အိန္ဒိယနိုင်ငံအခြားဒေသမှ လူများသည် အိန္ဒိယနိုင်ငံသားချင်းတူစေကာမူ ယဉ် ကျေးမှု မတူညီခြင်းနှင့် စစ်အတွင်းက မီဇိုရမ်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် ရက်စက်မှုများအပေါ် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ၊ လူထုအမှတ်သညာ များ တူညီမှု မရှိသည်ဖြစ်ရာ ထိုလူများအား နိုင်ငံခြားသားများအဖြစ်သာ သတ် မှတ်ကြသည်။19 ဘင်္ဂလားဒေရှ့်မှ ရွှေ့ပြောင်းလာသူများကို မီဇိုများနှင့် သမိုင်း အစဉ်အလာတူညီသူများအဖြစ် မမှတ်ယူကြသဖြင့် “သဘောမကျဖြစ်ကာ ကြောက်ရွံ့ကြ” သည်။20

ထို့အပြင် ချင်းနှင့် မီဇိုလူမျိုးများသည် ဘာသာစကားနှင့် ယဉ်ကျေးမှု အလေ့အထများ၌ အလွန်ပင်တူညီကြပြီး လူမျိုးနှစ်မျိုးစလုံးမှာ မျက်မှောက် ခေတ်တရုတ်နိုင်ငံဖြစ်သည့် chhinglung သို့မဟုတ် ဂူအတွင်းမှ ဆင်းသက်လာ ကြပြီး ချင်းတောင်တန်းများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်ဟူသော တူညီ သည့် ဒဏ္ဍာရီလည်းရှိကြသည်။21 ဗြိတိသျှအုပ်ချုပ်မှု မတိုင်ခင်က ယခု ချင်းနှင့် မီဇိုရမ်ပြည်များတွင် နေထိုင်လျက်ရှိကြသည့် ချင်းနှင့် မီဇိုလူမျိုးများသည် ရှေးဘိုးဘေးလူမျိုးစုအကြီးအကဲများ အုပ်ချုပ်သည့် ဒေသများဖြစ်သော Chinram ဟု ၎င်းတို့ ညွှန်းဆိုရာအရပ်၌ နေထိုင်ခဲ့ကြသည်။ ဗြိတိသျှတို့က ၁၈၉၆ ခုနှစ်တွင် Chinram ရှိ နယ်မြေအားလုံးကို သိမ်းပိုက်ခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် မြန်မာနှင့် အိန္ဒိယ အုပ်စိုးသည့် အပိုင်းများအဖြစ် ပိုင်းခြားခဲ့သည်။ ကိုလိုနီပြုခံရခြင်း၊ ခရစ်ယာန်ဘာသာပြောင်းခြင်း၊ ပဋိပက္ခ၊ ဗြိတိန်ထံမှ လွတ်လပ်ရေးရခြင်း၊ အိန္ဒိယနှင့် မြန်မာရှိ ဗဟိုအုပ်ချုပ်မှုများအား ဆန့်ကျင် တော်လှန်ပုန်ကန်ခြင်း အစရှိသဖြင့် တူညီသည့် အတွေ့အကြုံများမှာ အဆိုပါ နယ်မြေများရှိ တူညီသည့် အမွေအနှစ်များဖြစ်ကြသည်။

မီဇိုရမ်နှင့် ချင်းပြည်နယ်တို့အကြား နယ်နိမိတ်မှာ အမြဲပင် အလွယ်တကူ ဝင်ထွက် သွားလာနိုင်ပါသည်။ ၁၉၅၉ ခုနှစ်ကတည်းက ဖြစ်ပွားနေသည့် အငတ်ဘေးအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုနှင့် မလိုလားအပ်သော မူဝါဒ များ ချမှတ်ခဲ့သည့် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်တစ်ရပ်တို့ကြောင့် မီဇိုရမ်ပြည် တွင် ၁၉၆၆ ခုနှစ်မှ ၁၉၈၅ ခုနှစ်ကာလအတွင်း၌ တော်လှန်ပုန်ကန်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ ယင်းတော်လှန်ပုန်ကန်မှုကြောင့် မီဇိုရမ်ပြည်မှ လူများမှာ မြန်မာနိုင်ငံသို့ နေရပ်စွန့်ခွာနေထိုင်ခဲ့ကြရသည်။ သို့သော်လည်း ၁၉၈၆ ခုနှစ် တွင် မီဇိုငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ၁၉၈၈ နိုင်ငံရေး အုံကြွမှုနှင့် အာဏာသိမ်းမှုဖြစ်ရပ်များကြောင့် ချင်းပြည်နှင့် စစ်ကိုင်းတိုင်း (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်ကိုင်းတိုင်းဒေသကြီးဟု ပြောင်းလဲအမည်ပေးခဲ့သည်) တို့မှ လူသောင်းနှင့်ချီကာ နယ်စပ်ဖြတ်ကျော်၍ မီဇိုရမ်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာစာချုပ်နှင့် ၁၉၆၇ ခုနှစ် သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားခြင်း မရှိပါ။ နေရပ်စွန့် ခွာနေထိုင်သူများသည် နယူးဒေလီ သို့မဟုတ် ချန်နိုင်းသို့ အထောက်အထားမဲ့ ခရီးသွားရသည်ဖြစ်ရာ အိန္ဒိယရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး၌ တရားဝင်ဒုက္ခသည်အဖြစ် စာရင်းပေးသွင်းနိုင်ရန်မှာ အလွန်ပင်စွန့်စား ရပါသည်။22 မှတ်ပုံတင်စာရင်းဝင်ပြီးသော ဒုက္ခသည် ဖြစ်လျှင်ပင် ပြည်နှင်ဒဏ် ပေးခံရခြင်းဘေးမှ ကင်းလွတ်နိုင်သည် မဟုတ်ပါ။ ယခင်က မီဇိုရမ်ရှိ ချင်း လူမျိုးများသည် ဇီဝဆိုင်ရာအချက်အလက်များ ပေးပါက အထောက်အထား နံပါတ်တစ်ခု ပြန်လည်ရရှိသည့် Aadhaar ကတ်ကဲ့သို့သော နိုင်ငံသားဖြစ်မှု နှင့် ဆက်စပ်သည့် အထောက်အထားအချို့ကို ရယူနိုင်ခဲ့ကြသည်။23 ၂၀၁၁ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်၌ မြန်မာနိုင်ငံမှ လူပေါင်း တစ်သိန်းခန့် နေထိုင်ကြ သည်ဟု ခန့်မှန်းရသည်။24 ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အာဏာသိမ်းစစ်အုပ်စု ၏ ဆန္ဒပြသူများအား ဖြိုခွင်းမှုမှ လွတ်မြောက်လာသူများကို အိန္ဒိယအစိုးရက ကနဦးတွင် ကြိုဆိုခဲ့သော်လည်း မီဇိုရမ်သို့ ရွှေ့ပြောင်းလာကြသည့် မြန်မာ လူမျိုးများအပေါ် အမျိုးသားရေးအမြင်ခံယူချက်မှာ ၁၉၉၀ ပြည့်လွန်နှစ်များမှ စတင်ကာ ပြောင်းလဲလာခဲ့သည်။ သို့တိုင် မီဇိုရမ်ပြည်မှ ဒေသခံမီဇိုများကမူ ၎င်းတို့သည် ချင်းလူမျိုးများနှင့် ဆွေမျိုးများဖြစ်ကြပြီး တူညီသည့် သမိုင်း ကြောင်းနှင့် ဘာသာရေးယုံကြည်မှုများ ရှိသည်ဟု အခိုင်အမာပင် ယုံကြည်ကြ ဆဲဖြစ်သည်။ ချင်းနှင့် မီဇိုများအကြား အမွေအနှစ်နှင့် ယဉ်ကျေးမှုများ တူကြ သည့်အတွက် မျိုးနွယ်တူဆွေမျိုးတော်စပ်မှုရှိသည်ဟူ၍ ခိုင်မာသည့် စိတ်ခံစား ချက်ကို ဖြစ်ပေါ်စေသည်။ လက်တွေ့တွင်လည်း “ဒုက္ခသည်” ဟူသော စကားလုံးမှာ နိုင်ငံတကာအထောက်အပံ့များအပေါ် မှီခိုနေသည့်သဘော သက်ရောက်နေသောကြောင့် မီဇိုလူမျိုးသည် မီဇိုရမ်ရှိ ချင်းလူမျိုးများကို “ဒုက္ခသည်များ” ဟု ခေါ်ဆိုခြင်း မပြုကြပါ။ နိုင်ငံတကာနယ်နိမိတ်နှင့် လွတ်လပ်သောပြည်နယ်များ မဖြစ်မီကတည်းက ရှိခဲ့ပြီးဖြစ်သည့် ဆက်နွှယ်မှု ကို အလေးထားကာ မီဇိုနှင့် ချင်းများသည် တစ်ဦးကိုတစ်ဦး မိသားစုအခေါ် အဝေါ်များဖြင့် သုံးနှုန်းဖော်ပြလေ့ရှိကြသည်။

သို့သော်လည်း မီဇိုရမ်ရှိ ချင်းလူမျိုးများ၏ အနေအထားမှာ ဥပဒေ ကြောင်းအရ ရှင်းလင်းပြတ်သားမှုမှာ မရှိသေးပါ။ တိုင်းရင်းသားနှင့် ဘာသာ ရေးဆိုင်ရာ သွေးချင်းစိတ်များ ပေါင်းစပ်ထားမှုကြောင့်သာ ချင်းလူမျိုးများ အတွက် မီဇိုရမ်သည် ၎င်းတို့နှင့် သက်ဆိုင်သော နေရာဖြစ်သည်ဟူ၍ စိတ် လုံခြုံမှုခံစားရခြင်းဖြစ်ပြီး ကိုယ့်ဘဝကိုယ်ကျောင်းနိုင်စွမ်းနှင့် အခွင့်အလမ်း များအား အသုံးချနိုင်စွမ်းတို့မှာ မီဇိုရမ်ပြည်နယ်အစိုးရ၊ ဘုရားကျောင်းအဖွဲ့ အစည်းများနှင့် မီဇိုအရပ်ဘက်အသိုက်အဝန်းတို့၏ စေတနာသဒ္ဓါတရားနှင့် လွှမ်းမိုးနေသည့် နိုင်ငံရေးအခြေအနေတို့အပေါ် မူတည်နေပါသည်။ ချင်းလူမျိုး များအနေဖြင့် အိမ်အကူ၊ ရက်ကန်းသမား၊ စိုက်ပျိုးရေးလုပ်သား သို့မဟုတ် ကျောက်မိုင်းလုပ်သားများအဖြစ် အလုပ်အကိုင်များ ရရှိနိုင်ကြသော်လည်း ချင်း လုပ်သားများစွာတို့မှာ ခွဲခြားဆက်ဆံမှုနှင့် ခေါင်းပုံဖြတ်မှုတို့ကို တွေ့ကြုံခံစား နေကြရသည်။25 သို့ဖြစ်ရာ တည်ဆဲဥပဒေများအောက်တွင် အကာအကွယ် မရ ရှိနိုင်ကြသည့် ချင်းအမျိုးသမီးများအပေါ် အလွန်ပြင်းထန်စွာ သက်ရောက်မှု ရှိပြီး၊ အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် အလုပ်ရှင်၏ မတရားဖိနှိပ်မှု အစရှိ သည့် ဖိနှိပ်ခံရသည့် ကိစ္စရပ်များနှင့်ကြုံတွေ့ရပါက ပုံမှန်တရားဝင် နည်းလမ်း မဟုတ်သည့် အရပ်သုံးပုံစံ သွေးသားတော်စပ်သူများကိုဖြစ်စေ၊ ဘုရားကျောင်း ၏ ကြားဝင်စေ့စပ်ပေးမှုကိုဖြစ်စေ မှီခိုအားထားနေကြရသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ မီဇိုရမ်ရှိ လူထုက တစ်ခါတစ်ရံတွင် ချင်းလူမျိုးများအား မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ခိုးမှု၊ တရားမဝင်ကုန်သွယ်မှုနှင့် ဥပဒေချိုးဖောက်မှု များအတွက် တာဝန်ရှိသည့် အရက်သမားများအဖြစ် ပုံသေသတ်မှတ်ထားကြ ပြီး26 ကမ္ဘာအနှံ့တွင် ခိုလှုံရန် ကြိုးပမ်းကြသူများအဖြစ် ပုံဖော်ထားသည်။ သို့သော်လည်း မီဇိုများက မလိုမုန်းထားပြောဆိုကြခြင်းမဟုတ်သည်ကိုမူ သတိ ပြုသင့်ပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလက မီဇိုရမ်ဝန်ကြီးချုပ်၏ နိုင်ငံရေးအကြံပေး Pu Lalmuanpuia က (၁၆) လတာအတွင်း မီဇိုရမ်၌ ဖမ်းဆီးခံရမှုအားလုံး၏ (၄) ရာခိုင်နှုန်းမှာ မြန်မာဒုက္ခသည်များဖြစ်ကြောင်း တရားဝင်အချက်အလက် ကို ညွှန်းဆိုလျက် ပြည်နယ်သားများအား ချင်းဒုက္ခသည်များအပေါ် ဖယ်ကြဉ် ခြင်း မပြုကြရန် တောင်းဆိုခဲ့ပါသည်။27 ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက မီဇိုရမ်ရှိ ချင်းလူမျိုးများပိုင်ဆိုင်သည့် နေအိမ်များအား မီးရှို့ခြင်း၊ လူပေါင်း များစွာတို့အား ဖမ်းဆီးခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းကဲ့သို့သော ပြင်းထန်သည့် ခွဲခြားဆက်ဆံမှု သာဓက ဖြစ်ရပ်များစွာ ရှိပါသည်။ ၁၉၉၆ ခုနှစ်တွင် ချင်း (၁,၀၀၀) ခန့်တို့အား နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ အတင်းအကျပ် ပြန်ပို့ ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင်လည်း ရာနှင့်ချီ ဖမ်းဆီးခံရကာ (၁၀၅) ဦးတို့အား ပြည် နှင်ဒဏ်ပေးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင်လည်း ချင်းလူမျိုး (၁၀,၀၀၀) တို့အား ချင်းပြည်နယ်သို့ အတင်းအကျပ် ပြန်ပို့ခဲ့သည်။28

မြန်မာနိုင်ငံသားအများစု ရွှေ့ပြောင်းနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည့် ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားများစွာ ခိုလှုံနေထိုင်လျက်ရှိကြပြီး နေ့စဉ် လုံခြုံရေးနှင့်ပတ်သက်၍ အခက်အခဲစိန်‌ခေါ်မှုများနှင့် ကြုံတွေ့နေရသော် လည်း ၁၉၈၈ ခုနှစ်ကတည်းက ထိုင်း-မြန်မာ နယ်စပ်၌ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကွန်ရက်တစ်ခု ရှိပြီးဖြစ်ရာ အထောက်အပံ့များ၊ ဝန်ဆောင်မှုများ၊ အလုပ်အကိုင်နှင့် ပညာရေးအခွင့် အလမ်းများကို လက်လှမ်းမီနိုင်သည်။ မီဇိုရမ်တွင် နိုင်ငံတကာအဖွဲ့အစည်းများ ထံမှ ဒုက္ခသည်များအတွက်ပေးသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များမှာ အလွန်နည်းပါးသည်ဖြစ်ရာ စေတနာ့ဝန်ထမ်းအသင်း အဖွဲ့များနှင့် ဘုရားကျောင်းအုပ်စုများက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ သက်ကြီးရွယ်အိုများ ကဲ့သို့သော ထိခိုက် လွယ်အုပ်စုများအား စောင့်ရှောက်ပေးခြင်း၊ သေဆုံးသွားသည့် ဒုက္ခသည်များ အတွက် နာရေးစီစဉ်ပေးခြင်း၊ ရုပ်အလောင်းများအား ချင်းပြည်နယ်သို့ ပြန်ပို့ ပေးရန် စီစဉ်ပေးခြင်း အစရှိသည့်တို့ကို ဆောင်ရွက်ပေးကြသည်။

စေတနာ့ဝန်ထမ်းအဖွဲ့များသည် tlawmngaihna (မိမိကိုယ်ကျိုးစွန့်ကာ အခြားသူများကို ပြုစုစောင့်ရှောက်ခြင်း) ဟူသည့် နီတိကျင့်ဝတ်ကို မြှုပ်နှံကာ မီဇိုအမျိုးသားရေးလက္ခဏာ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်နေပါသည်။ ပြည်နယ်တစ်ဝန်းလုံး၌ Presbyterian ဘုရား ကျောင်းများ တည်ရှိမှုနှင့်အတူ မီဇိုရမ်ခရိုင်အားလုံးတွင် စေတနာ့ဝန်ထမ်း အသင်းအဖွဲ့များ ရှိသည်။ အဆိုပါ မီဇိုအဖွဲ့အစည်းများက ချင်းအဖွဲ့အစည်းများ နှင့် ဘုရားကျောင်းများ သီးခြားတည်ထောင်မှုကို ဆန့်ကျင်ကြသည်ဖြစ်ရာ ချင်း အရပ်ဘက်အဖွဲ့များနှင့် ၎င်းတို့၏ စည်းရုံးစုစည်းနိုင်မှု စွမ်းရည်ကို အားနည်းလျော့ကျစေပါသည်။

အထူးထုတ်ပါ ဆောင်းပါးများ

ဤအထူးထုတ်စာစောင်ပါ ဆောင်းပါးငါးပုဒ်သည် ကိုယ်တိုင်နေရပ်စွန့်ခွာ နေထိုင်နေကြရသည့် ပညာရှင်များက အင်တာဗျူးများ၊ စောင့်ကြည့်လေ့လာ အကဲဖြတ်မှုများ အစရှိသည့် အရည်အသွေးအခြေပြုသုတေသနနည်းလမ်းများ ကို အသုံးပြုကာ မီဇိုရမ်ရှိ ဒုက္ခသည်များ၏ အတွေ့အကြုံများကို စိတ်ဝင်စား ဖွယ် ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်။ လေ့လာမှုတစ်ခုချင်းစီတိုင်း သည် ဒုက္ခသည်များ၏ အတွေ့အကြုံများနှင့်ပတ်သက်၍ မတူညီသည့် ရှုထောင့်များကို ထင်သာမြင်သာစေပါသည်။ ဇိုဟီရှားက ပညာသင်ကြားမှုဆိုင် ရာ အခက်အခဲအတားအဆီးများအကြောင်း ဆန်းစစ်ထားပြီး လန်းလန်းက စိတ်ကျန်းမာရေးနှင့် ဖြေရှင်းသည့် နည်းလမ်းများကို လေ့လာထားသည်။ ဇလပ်မြေက အခြေချနေထိုင်မှုနှင့် ဥပဒေရေးရာ အခြေအနေများကို သုတေ သနပြုထားပြီး ယုဂန်ပိုင်က စစ်ကိုင်းမှ စီးပွားရေးအရ ရွှေ့ပြောင်းနေထိုင်ကြ သည့် ဖြစ်ရပ်များကို လေ့လာကာ ဒေါ့ထ်က ဂျန်ဒါဖြစ်မှုအပေါ်မူတည်၍ မတူ ကွဲပြားသော အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများကို ဖော်ပြထားပါသည်။ အဆိုပါဆောင်းပါးများအားလုံး စုပေါင်းခြင်းဖြင့် တရားဝင် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမှုဖြစ်စေ၊ အဖွဲ့အစည်းဆိုင်ရာ ကာကွယ်စောင့် ရှောက်မှုဖြစ်စေ မရရှိဘဲ နေရပ်စွန့်ခွာနေထိုင်နေရသည့် ချင်းဒုက္ခသည်များ၏ မရေရာလှသော၊ တစ်ခါတစ်ရံ မည်သူကမျှ မမြင်နိုင်သော ဘဝအခြေအနေများ ကို သိနားလည်စေပါသည်။

ဤအထူးထုတ်ပါ ပထမဆောင်းပါးဖြစ်သည့် ဇိုဟီရှား၏ “မီဇိုရမ်ရှိ ချင်းဒုက္ခသည်ကလေးသူငယ်များ ကြုံတွေ့ရသည့် ပညာရေးအခက်အခဲများ” ဆောင်းပါးတွင် ပညာသင်ကြားနိုင်ရေးအတွက် ကြိုးပမ်းနေကြသော ဒုက္ခသည် မိသားစုများနှင့် ကလေးသူငယ်များ ကြုံတွေ့ရသည့် အခက်အခဲများကို အဓိက တင်ပြထားသည်။ စာရေးသူက ယူဂန်ဒါနှင့် ဘယ်လ်ဂျီယံနိုင်ငံများအပါအဝင် အခြားသောနိုင်ငံများတွင် ဒုက္ခသည်များအား ဥပဒေအရ ကာကွယ်ပေးထားမှု များကို ခြုံငုံသုံးသပ်ထားပြီး မတူညီသည့် အရပ်ဒေသရှိ ဒုက္ခသည် ကလေး သူငယ်များ၏ ဘာသာစကားအခက်အခဲများ၊ သင်ကြားရေးဆိုင်ရာ အရင်း အမြစ် မလုံလောက်မှုနှင့် အရည်အသွေးမပြည့်မီသည့် သင်ကြားပို့ချမှုများ အစ ရှိသည့် ဘုံအခက်အခဲများကိုလည်း သုံးသပ်ထားပါသည်။ မီဇိုရမ်ရှိ ဒုက္ခသည် ကလေးသူငယ်များ၏ ပညာရေးနှင့် သက်ဆိုင်သော သုတေသနများ နည်းပါး သည်ဖြစ်ရာ ဇိုဟီရှားက ဒုက္ခသည်ကျောင်းသားများ၊ မိဘများ၊ ပညာသင်ကြား ပေးသူများထံမှ ရှုထောင့်အမြင်များကို စုဆောင်းထားသည့်အပြင် မြန်မာနိုင်ငံရှိ မိခင်ဘာသာစကားအခြေပြု ဘာသာစကားမျိုးစုံ ပညာရေးကို အထူးပြု အလေးထားကာ မြန်မာနှင့် အိန္ဒိယတို့ရှိ ပညာရေးနှင့်စပ်လျဉ်းသည့် ဥပဒေ ရေးရာမူဘောင်များကိုလည်း ခွဲခြမ်းစိတ်ဖြာထားပါသည်။ ဤဆောင်းပါးမှ တစ်ဆင့် ၎င်းအင်တာဗျူးခဲ့သည့် မီဇိုဘာသာဖြင့်ဖြစ်စေ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေသင်ကြားသည့် အတန်းများတက်ရာ၌ ကျောင်းသားများ ကြုံတွေ့ရ သည့် စိတ်ရှုပ်ထွေးမှုနှင့် အထီးကျန်မှု ခံစားချက်များကို ထင်ရှားစွာ သိမြင် ခံစားရသည်။ စာရေးသူ အင်တာဗျူးခဲ့သည့် မိဘများကလည်း မီဇိုရမ်တွင် ဘာသာစကားအခက်အခဲနှင့် အဖွဲ့အစည်းများ၏ ပံ့ပိုးမှု မရှိသည့်အတွက် စိန် ခေါ်မှု အခက်အခဲများကို ခံစားနေကြရသည်။ ဇိုဟီရှား သုတေသနတွင် ပါဝင် သူများက မီဇိုနှင့် အင်္ဂလိပ်စကားများကို ဇွဲရှိရှိဖြင့် သင်ယူခြင်း၊ ကျောင်းတွင် ခွဲခြားဆက်ဆံခြင်း မခံရစေရန် မိမိကိုယ်ကို ခုခံကာကွယ်ခြင်း အစရှိသည့် နည်းလမ်းများဖြင့် ကြံ့ကြံ့ခံလျက်ရှိကြကြောင်းကို မီးမောင်းထိုးပြထားသည်။ ဤဆောင်းပါးသည် ချင်းလူမျိုးများကြား တိုင်းရင်းသားစည်းလုံးမှုကို မြှင့်တင် ကာ ဘာသာစကားစုံလင်ကွဲပြားမှုကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ ဟန်ချက်ညီ ညီရှိစေရန် ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း ဖော်ပြထားသည်။

ကျောင်းသားအရေးပြီးနောက် အလုပ်သမားအရေးနှင့် ပတ်သက်၍ အထူး ထုတ်ပါ နောက်ထပ်ဆောင်းပါးတွင် လုပ်ငန်းတစ်ခုအကြောင်းကို တင်ပြထား ပြီး အဆိုပါလုပ်ငန်းသည် မီဇိုရမ်အလုပ်သမားဈေးကွက်အပေါ် ရွှေ့ပြောင်းနေ ထိုင်မှုက မည်သို့သက်ရောက်နေကြောင်း သုံးသပ်ပြထားပါသည်။ ယုဂန်ပိုင် ရေးသားသည့် “မြန်မာပြည်မှ အိန္ဒိယပြည် မီဇိုရမ်သို့ ရွှေ့ပြောင်းလာကြသော ရက်ကန်းသမားများ၏ နောက်ကွယ်မှ အကြောင်းတရားများ” ဆောင်းပါးတွင် သတင်းအချက်အလက်၊ ခွဲခြားဆက်ဆံခံရမှုနှင့် ရွှေ့ပြောင်းစရိတ် အစရှိသည့် မြန်မာရွှေ့ပြောင်းရက်ကန်းသမားများ၏ အသက်မွေးဝမ်းကျောင်းမှုအပေါ် သက်ရောက်နေသည့် ပြင်ပဖိအားများအကြောင်း ဆန်းစစ်လေ့လာထားသည်။ ၂၀၂၂ အတွင်း သုံးလကြာပြုလုပ်ခဲ့သည့် အင်တာဗျူးများနှင့် စောင့်ကြည့်လေ့ လာမှုများမှတစ်ဆင့် စာရေးသူသည် ရွှေ့ပြောင်းရက်ကန်းသမားများ၏ ဘဝနေ ထိုင်မှုပုံစံများတွင် လိုက်ပါစီးမျောထားပြီး ၂၀၂၃ တွင် အချက်အလက်စုဆောင်း မှုများကိုထပ်မံလုပ်ဆောင်ခဲ့သည်။ ၎င်း၏ စာပေသုံးသပ်ချက်တွင် “ရွှေ့ပြောင်း နေထိုင်သူ” ဟူသော အသုံးအနှုန်းနှင့် လူများအား တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းရန်အတွက် တွန်းအားပေးသည့် နောက်ခံအကြောင်းတရားများ အပေါ် သုံးသပ်ထားမှုများလည်း ပါဝင်သည်။ ယုဂန်ပိုင်သည် စစ်ကိုင်းတိုင်း ဒေသကြီးမှ ပြည်သူများနှင့် သမိုင်းဝင်ရိုးရာရက်ကန်းလုပ်ငန်းနှင့် ပတ်သက် သည့် သမိုင်းကြောင်းကိုလည်း ဖော်ပြထားသည်။ မီဇိုရမ်တွင် ကျွမ်းကျင် ရက်ကန်းသမားများအား လက်မှုပညာရှင်များအဖြစ် သတ်မှတ်ကြပြီး မီဇိုရမ် တွင်ရော စစ်ကိုင်းတွင်ပါ ရိုးရာရက်ကန်း ရက်လုပ်ခြင်းသည် ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရာ၌ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်နေ ကြောင်းကိုလည်း အလေးထားဖော်ပြထားပါသည်။ ၁၉၈၈ မှစတင်ကာ ဆိုးရွား လာသည့် မြန်မာ့နိုင်ငံရေးနှင့်အတူ မီဇိုရမ်သို့ စီးပွားရေးအရ ရွှေ့ပြောင်းနေ ထိုင်မှုကို လေ့လာရာတွင် လုပ်ခလစာပိုများခြင်းကဲ့သို့ ပြောင်းရွှေ့ရန် ဆွဲအား ဖြစ်စေသည့် အကြောင်းအရင်းများအား လေ့လာမှုများသည် ပဋိပက္ခနှင့် မတည်ငြိမ်မှုအကြောင်းရင်းခံများကဲ့သို့ ပြောင်းရွှေ့ရန် တွန်းအားဖြစ်စေသည့် အကြောင်းအရင်းများအ‌ပေါ် သုတေသနပြုလေ့လာမှုလောက် အားကောင်း မနေသေးကြောင်း ယုဂန်ပိုင်၏ အင်တာဗျူးများက ဖော်ပြနေသည်။ မီဇိုရမ် တွင် စစ်ကိုင်းမှ စီးပွားရေးအရ ရွှေ့ပြောင်းနေထိုင်ကြသူများအပေါ် ထိုဒေသရှိ ချင်းလူမျိုးများကဲ့သို့ မဟုတ်ဘဲ မတူကွဲပြားစွာရှုမြင်ပြီး ယဉ်ကျေးမှုတူ၍ လက်ခံပေးခြင်းမျိုးထက် ၎င်းတို့၏ ဖန်တီးနိုင်စွမ်းရှိမှုများကြောင့် ပို၍တန်ဖိုး ထားကြောင်းကိုလည်း စာရေးသူက မီးမောင်းထိုးပြထားသည်။ မီဇိုရမ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် အခြားဒေသများမှ နေရပ်စွန့်ခွာ နေထိုင်နေကြသူများလည်းရှိရာ ဤဒေသရှိ ဒုက္ခသည်အားလုံးမှာ ချင်းနွယ်ဖွား များဖြစ်သည်ဟု မှတ်ယူနေသည့် သမားရိုးကျအသိအား ဤဆောင်းပါးက အမြင်သစ်ဖွင့်ပေးထားသည်။

အသက်မွေးဝမ်းကျောင်းမှုနှင့်ပတ်သက်ပြီး ဒေါ့ထ်၏ “မီဇိုရမ်ရှိ ဒုက္ခသည် ချင်းအမျိုးသမီးများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လက်လှမ်းမီရယူ ခြင်း အတွေ့အကြုံများ” ဆောင်းပါးတွင် ဒုက္ခသည်အမျိုးသမီးများအနေဖြင့် မီဇိုရမ်တွင် ကြုံတွေ့နေရသည့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စိန်ခေါ်မှု အခက်အခဲများအကြောင်း အလေးထားဖော်ပြထားသည်။ ထိုအထဲတွင် ဘာသာစကားအခက်အခဲများ၊ စာရွက်စာတမ်းမရှိခြင်းနှင့် လုပ်အားခ အလွန် နည်းပါးခြင်းတို့ ပါဝင်သည်။ စာရေးသူ အင်တာဗျူးခဲ့သူများသည် တက္ကသိုလ် ပညာတတ်အမျိုးသမီးများ ဖြစ်ကြပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်က သူနာပြု၊ တက္ကသိုလ်ဆရာမ၊ ကျောင်းဆရာမ အစရှိသည့် အသက်မွေးဝမ်း ကျောင်းမှုများဖြင့် နေထိုင်နေကြသူများ ဖြစ်သော်လည်း မြန်မာနိုင်ငံမှ ပညာ အရည်အချင်းများကို မီဇိုရမ်တွင် အသိအမှတ်ပြုခြင်း မရှိ‌ပေ။ ထို့ပြင် အိန္ဒိယ၌ တရားဝင်အထောက်အထားများ မရှိသည့်အတွက် လက်လီဈေးရောင်းခြင်း၊ သစ်သီးရောင်းခြင်း ကဲ့သို့သော အလုပ်များကိုလည်း လုပ်ကိုင်၍ မရကြပါ။ ဆောင်းပါး၏ ဆွေးနွေးမှုအပိုင်းတွင် ချင်းဒုက္ခသည် အမျိုးသမီးများ၏ စိတ် ပျက်အားငယ်မှုနှင့် ဒေါသများကို ဖော်ပြထားသည်။ ဒေါ့ထ်၏ ဆောင်းပါးမှာ ဒုက္ခသည်ချင်းအမျိုးသမီးများ၏ အတွေ့အကြုံကို သိရှိနားလည်နိုင်ရန်အတွက် အလွန်လိုအပ်နေသည့် လေ့လာမှုတစ်ရပ်ဖြစ်သည်။ ဥပဒေကြောင်းအရ မရေ ရာမှု၊ ကုန်ကျစရိတ်ကြီးမြင့်မှုနှင့် ဘာသာစကာအခက်အခဲအတားအဆီးများ အစရှိသည့် မီဇိုရမ်ရှိ ချင်းဒုက္ခသည်များအားလုံး ကြုံတွေ့ရသည့် အခက်အခဲ များအား အမျိုးသမီးများက မည်ကဲ့သို့ မတူကွဲပြားစွာ တွေ့ကြုံခံစားနေရသည် ကို သိရှိနားလည်စေရန် ဖော်ပြထားပါသည်။ တက်ကြွလှုပ်ရှားသူ သုတေသီ တစ်ဦးအနေဖြင့် ဒေါ့ထ်က မီဇိုရမ်မှ အလုပ်ရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ပညာအရည်အချင်း လက်မှတ်၊ မှတ်တမ်းများအား အသိအမှတ်ပြုလာစေရေး အတွက် သက်ဆိုင်သူများက ကြားဝင်ဆောင်ရွက်ပေးရန်နှင့် နေရပ်စွန့်ခွာ နေထိုင်နေရသော အမျိုးသမီးများအား မိမိကိုယ်တိုင် ရပ်တည်လာနိုင်စေရေး အတွက် ပံ့ပိုးကူညီပေးရန် တောင်းဆိုထားသည်။

“၂၀၂၁ နောက်ပိုင်း ချင်းဒုက္ခသည်များ အိုင်ဇောမြို့တွင် အခြေချခြင်း အပေါ် လွှမ်းမိုးမှုရှိနေသည့်အချက်များ” ဆောင်းပါးတွင် မီဇိုရမ်ရှိ ချင်းနှင့် မီဇို လူမျိုးများအကြား ထွေးရောယှက်တင်ဆက်ဆံရေးကို လေ့လာထားပြီး သွေးချင်းညီနောင်တိုင်းရင်းသားစိတ်ကြောင့် မီဇိုရမ်ရှိ ချင်းလူမျိုးများသည် ထူးခြားသော အခြေအနေတစ်ရပ်ရှိထားသည်ဟူသော ယူဆချက်အား ရဲဝံ့စွာ ဆွေးနွေးတင်ပြထားသည်။ ထိုကဲ့သို့ဆက်နွှယ်မှုကြောင့် ချင်းလူမျိုးများအား မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောတွင် နေထိုင်ခွင့်ပြုထားသော်လည်း ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးထံမှ ကာကွယ်စောင့်ရှောက်မှု၊ စီးပွားရေးလုပ်ကိုင်ခြင်း၊ မြေယာပိုင်ဆိုင်ခြင်း၊ အိမ်ခြံမြေဝယ်ယူခြင်း၊ အလုပ် အကိုင်ရှာဖွေခြင်းတို့ကို မရရှိ၊ မလုပ်ဆောင်နိုင်ကြသည်ကိုလည်း ဇလပ်မြေက ဆောင်းပါးတွင် ခိုင်မာစွာ ဖော်ပြထားသည်။ အဆိုပါကန့်သတ်ချက်များကြောင့် ချင်းဒုက္ခသည်များသည် သွေးချင်းစိတ်တစ်ခုတည်းကိုသာ အမှီပြု၍ ရုန်းကန် ရှင်သန်နေကြရပြီး မရေမရာသည့် အခြေအနေတွင်သာ ရှိနေကြဆဲဖြစ်သည်။ ဤဆောင်းပါးတွင် ချင်းပြည်အနှံ့မှ နေရပ်စွန့်ခွာလာကြသူ အမျိုးသား၊ အမျိုးသမီး (၁၄) ဦး၏ အမြင်များကို တင်ပြထားပြီး အများစုမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် ပါဝင်ထားကြသူများဖြစ်သည်။ ပညာသင်ကြားရန်၊ အကြမ်းဖက်မှုမှ လွတ်မြောက်ရန်နှင့် ဖမ်းဆီးမှုများကို ရှောင်တိမ်းနိုင်ရန်တို့မှာ ၎င်းတို့အား မီဇိုရမ်မှတစ်ဆင့် အိုက်ဇောသို့ ပြောင်းရွှေ့ လာစေရန် အဓိကစေ့ဆော်ပေးခဲ့သည့် အကြောင်းတရားများ ဖြစ်သည်။ ၂၀၂၁ နောက်ပိုင်း မီဇိုရမ်တွင် အလောတကြီးတည်ဆောက်ထားသည့် ဒုက္ခသည် စခန်းများ အလျှိုအလျှိုပေါ်ပေါက်လာသော်လည်း (စေတနာ့ဝန်ထမ်းအဖွဲ့ငယ် များမှ ပံ့ပိုးပေးသည်ထက်ပို၍) ၎င်းစခန်းမျာအား စီမံခန့်ခွဲကာ ထောက်ပံ့ပေး မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ မရှိနေရာ စခန်း တွင်း နေထိုင်မှု အခြေအနေမှာ လူ့ဂုဏ်သိက္ခာကင်းမဲ့ကာ များစွာခက်ခဲစေ သည့်အတွက် ချင်းဒုက္ခသည်တို့မှာ အိုက်ဇောမြို့ပြ၌သာ မဖြစ်မနေ ခိုလှုံကြရ သည်။ သို့သော် အိုက်ဇောတွင်လည်း အိမ်ရာ၊ အလုပ်၊ ပိုင်ဆိုင်မှုအခွင့်အရေး တို့တွင် ခွဲခြားဆက်ဆံခံရပြီး တွေ့ကြုံနေကျ အခက်အခဲအတားအဆီးများကို ကြုံတွေကြရသည်။ ဤနည်းအားဖြင့် ဒုက္ခသည်စခန်းပြင်ပသို့ ရောက်ရှိသွား ကြသော အိုက်ဇောရှိ မြို့ပြဒုက္ခသည်များအတွက် အထောက်အပံ့များ လိုအပ် နေမှုကို ဇလပ်မြေက ဖော်ထုတ်ရေးသားထားသည်။

အထူးထုတ်၏ နောက်ဆုံးဆောင်းပါးဖြစ်သည့် “၂၀၂၁ ကတည်းက အိုက်ဇောသို့ ရောက်ရှိနေကြသည့် ချင်းလူငယ်ဒုက္ခသည်များ” တွင် အိုက်ဇော ရှိ ချင်းဒုက္ခသည်များအနက် လူငယ်များ၏ အခြေအနေကို မီးမောင်းထိုးပြထား သည်။ စာရေးသူ လန်းလန်းက ချင်းဒုက္ခသည်များ၏ စိတ်ကျန်းမာရေး အခက် အခဲများနှင့် ပတ်သက်၍ သုတေသနများ မရှိသည့်အချက်ကို ဖော်ပြထားပြီး စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဒဏ်ရာဖိအားများ ခံစားနေကြရ သည့် ထိုင်းနှင့် နယူးဒေလီတို့၌ ရောက်ရှိနေထိုင်ကြသော မြန်မာမှ ဒုက္ခသည် များနှင့် နှိုင်းယှဉ်ပြထားသည်။ ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော အိုက်ဇောခရိုင် (အိုက်ဇော်မြို့တော်သာ မဟုတ်ဘဲ) ရှိ ဒုက္ခသည် စခန်း (၄) ခုမှ သုတေသနပါဝင်သူများ၏ အတွေ့အကြုံများကို အခြေတည်လျက် လန်းလန်း က ၎င်း၏ ခွဲခြမ်းစိတ်ဖြာမှုတွင် ချင်းဒုက္ခသည်လူငယ်များ၏ ရှုပ်ထွေးလှသော စိတ်ခံစားမှုဆိုင်ရာအခြေအနေကို ပုံဖော်ထားပါသည်။ ဖြေဆိုသူများအနေဖြင့် ခရိုင်အတွင်း၌ လုံခြုံသည်ဟု ခံစားရကြောင်းနှင့် ဒေသခံမီဇိုလူမျိုးများ၏ ဖော် ရွေပျူငှာမှုကို ကျေးဇူးတင်နေကြကြောင်း စာရေးသူက တွေ့ရှိသည်။ ဖြေဆိုသူ များသည် ဘာသာရေးယုံကြည်မှုနှင့် နေ့စဉ်လုပ်ရိုးလုပ်စဉ်များ၌ နှစ်သိမ့်မှုကို ခံစားရသော်လည်း ဘာသာစကားအခက်အခဲများနှင့် အခွင့်အလမ်းများ မရှိ သည့်အတွက် အထီးကျန်နေကြဆဲဖြစ်သည်။ ပညာသင်ကြားမှု၊ အသက်မွေး ဝမ်းကျောင်းမှုနှင့် အခြားစိန်ခေါ်မှုအခက်အခဲများနှင့်ပတ်သက်သည့် ၎င်းတို့၏ အတွေ့အကြုံများကိုလည်း ဖြေဆိုသူများက မျှဝေခဲ့ကြသည်။ နေရပ်စွန့်ခွာလာ ကြရသူအားလုံးသည် တွေ့ကြုံခံစားခဲ့ရသည့် အခြေအနေများကြောင့် ရေရှည် စိတ်ကျန်းမာရေးအခက်အခဲများကို ခံစားနေကြရကြောင်း၊ ဘာသာရေးနှင့် တိုင်းရင်းသားအသိုင်းအဝန်းက အထောက်အပံ့ပေးစေကာမူ အထီးကျန်မှုနှင့် စိုးရိမ်ပူပန်မှုများမှာ ရှိနေဆဲဖြစ်ကြောင်းကို လန်းလန်း၏ ဆောင်းပါးက အချက်ပြအသိပေးထားသည်။

စိတ်ဒဏ်ရာ၊ ခွဲခြားဆက်ဆံခံရမှု၊ ဆက်သွယ်ရေး၊ အိမ်ရာ၊ အလုပ်အကိုင် အခက်အခဲ စသည်တို့နှင့် ကြုံတွေ့ရသည့်တိုင် မီဇိုရမ်တွင် ရုန်းကန်ရှင်သန်ကာ မိသားစုကို ပံ့ပိုးနိုင်ရန်အတွက် မလျှော့စတမ်း ကြိုးစားနေသည့် နေရပ်စွန့်ခွာ လာသူများ၏ ဇွဲလုံ့လဝီရိယမှာ ဆောင်းပါးအားလုံးတွင် ထပ်တလဲလဲပါဝင်နေ သည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ မီဇိုအသိုက်အဝန်းနှင့် လူမျိုးရေး၊ ဘာသာရေး ဆက်နွှယ်မှုကြောင့် ခိုလှုံရာခံစားချက်ကို ပေးသော်လည်း ဥပဒေ ကြောင်းအရ အခွင့်အရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေရှည် အသက်မွေး ဝမ်းကျောင်းမှု၊ စိတ်ကျန်းမာရေး ပံ့ပိုးပေးမှုတို့၌ အထောက်အပံ့အနည်းငယ် သာ ရှိနေကြောင်းကို သုတေသီများက ထောက်ပြထားပြီး လက်ရှိအထောက် အပံ့များတွင် သိသာထင် ရှားသည့် လိုအပ်ချက်များကို မီးမောင်းထိုးပြထားပါ သည်။ ဤလေ့လာမှုအားလုံးတွင် ဂျန်ဒါအရ ထည့်သွင်းစဉ်းစားထားသည့် ချဉ်းကပ်မှုနည်းလမ်းများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုနှင့် မူဝါဒတွင် သိသာထင်ရှားသည့် လိုအပ်ချက်များကို ဖော်ထုတ်ပြသထားသည်။ ဒေသ အာဏာပိုင်များ၊ အစိုးရမဟုတ်သောအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းတို့အား မီဇိုရမ်တွင် ဒုက္ခသည်အခွင့်အရေးများကို အသိအမှတ်ပြုရန်၊ ကာကွယ်စောင့် ရှောက်မှုပေးရန်၊ ပါဝင်မှု၊ ဂုဏ်သိက္ခာနှင့် အခွင့်အလမ်းများအတွက် လမ်း ကြောင်းများ ဖန်တီးရန် စသည်တို့ကို ဤဆောင်းပါးများမှတစ်ဆင့် တောင်းဆို ထားပါသည်။

ဤသုတေသနများသည် ချင်းဒုက္ခသည်တစ်ဦးချင်းစီ၏ အသံများကို မြှင့် တင်ပေးရုံ သာမက အိန္ဒိယအပါအဝင် အခြားနိုင်ငံများတွင် ပိုမိုမျှတထိရောက် သော ဒုက္ခသည်ဆိုင်ရာ မူဝါဒများအကြောင်း အသိပေးနိုင်မည့် အရေးပါသည့် အရင်းအမြစ်လည်း ဖြစ်ပါသည်။ ကိုးကားချက်များ

အဆုံးမှတ်စုများ

1 “Mizoram Chief Minister”, 2025.
2 International Crisis Group, 2025b.
3 “Mizoram to collect”, 2025.
4 “Myanmar refugees”, 2025.
5 Market Analysis Unit, 2022.
6 Myanmar Information Management Unit, 2021.
7 Pum Khan Pau, 2020.
8 Sang, 2023.
9 Lian Sakhong, 2003.
10 Edwards & South, 2020.
11 ကိုလိုနီခေတ်အတွင်း၌ ချင်းလူမျိုးများ၏ ယဉ်ကျေးမှုတွင် ခရစ်ယာန်စံတန်ဖိုးများ စီးဝင်ပေါင်း စပ်လာရုံသာမက ဗမာ့ယဉ်ကျေးမှုလွှမ်းမိုးခြင်းကို ထိရောက်စွာ တွန်းလှန်နိုင်ရန်အတွက် လိုအပ် သည့်အရင်းအမြစ်များကိုလည်း ဗြိတိသျှတို့က အထူးတလည် ပံ့ပိုးပေးခဲ့ကြောင်း ချင်းလူမျိုး ပညာရှင်တစ်ဦးက ဆိုသည် (Biak Hlei Mang, 2010)။
12 Sang, 2023.
13 International Crisis Group, 2025a.
14 ချင်းအမျိုးသားတပ်ဦးသည် ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ချင်းပြည်နယ်တွင် အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ လက်နက်ကိုင်တပ် ဖွဲ့မှာ ချင်းအမျိုးသားတပ်မတော် ဖြစ်သည်။
15 “Eighty-nine Chin resistance members”, 2025.
16 Salai Za Uk Ling, 2022.
17 Sang, 2023.
18 United Nations High Commissioner for Refugees, 2025.
19 McConnachie, 2018.
20 McConnachie, 2018, p. 6.
21 Basavapatna, 2012.
22 IRIN, 2014.
23 Banerjee, 2016. မီဇိုရမ်တွင် မြန်မာဒုက္ခသည်များ ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်နေသဖြင့် အထောက်အထားစာရွက်စာတမ်းမပါဘဲ Aadhaar ကတ် ပြုလုပ်ပေးရန်မှာ မဖြစ်နိုင်တော့ ကြောင်း ICA မှ သတင်းထုတ်ပြန်ခဲ့သည်။
24 Chin Association of Maryland, 2011.
25 McConnachie, 2018.
26 Basavapatna, 2012.
27 Mizoram News, 2025.
28 Basavapatna, 2012; Human Rights Watch, 2009.

ကိုးကားချက်များ

Banerjee, S. (2016). Aadhaar: Digital Inclusion and Public Services in India [Background paper]. World Development Report. https://thedocs.worldbank.org/en/doc/655801461250682317-0050022016/original/WDR16BPAadhaarPaperBanerjee.pdf

Basavapatna, S. (2012). Chins in Mizoram: The Case of Borders Making Brothers Illegal. Journal of Borderlands Studies, 27(1), 61–72. https://doi.org/10.1080/08865655.2012.687209

Biak Hlei Mang. (2010). A Chin History of the Encounter with British Colonial Rule and the American Baptist Mission Works in the Chin Hills: A Story of Cultural Adaptation and Transformation in Burma (Myanmar) [Unpublished doctoral dissertation]. The Lutheran School of Theology. https://doi.org/10.1017/CBO9781107415324.004

Chin Association of Maryland. (2011). Seeking Refuge: The Chin people in Mizoram state, India. https://burmari.org/wp-content/uploads/2021/11/Seeking-Refuge-The-Chin-People-in-Mizoram-State-India.pdf

Eighty-nine Chin resistance members killed in Falam township. (2025, April 18). Democratic Voice of Burma. https://english.dvb.no/eighty-nine-chin-resistance-members-killed-in-battle-for-falam-township/

Human Rights Watch. (2009, January 28). “We are like forgotten people”: The Chin people of Burma: Unsafe in Burma, unprotected in India. https://www.hrw.org/report/2009/01/28/we-are-forgotten-people/chin-people-burma-unsafe-burma-unprotected-india

International Crisis Group. (2025a, March 19). Disquiet on the Western Front: A Divided Resistance in Myanmar’s Chin State. https://www.crisisgroup.org/asia/south-east-asia/myanmar/b181-divided-resistance-myanmars-chin-state

International Crisis Group. (2025b, April 11). A Rebel Border: India’s Evolving Ties with Myanmar after the Coup. https://www.crisisgroup.org/asia/south-east-asia/myanmar-india/b182-rebel-border-indias-evolving-ties-myanmar-after-coup

IRIN. (2014, January 3). The Plight of Myanmar’s Chins in India. https://reliefweb.int/report/india/analysis-plight-myanmar-s-chins-india

Lian Sakhong. (2003). In Search of Chin Identity: A Study in Religion, Politics and Ethnic Identity in Burma. NIAS Press.

Market Analysis Unit. (2022, August). Chin State IDPs: Household Survey (August 2022). Myanmar Information Management Unit. https://themimu.info/sites/themimu.info/files/mau_public/Survey_MAU_Chin_-_Aug_2022_-_IDPs.pdf

McConnachie, K. (2018). Boundaries and Belonging in the Indo-Myanmar Borderlands: Chin Refugees in Mizoram. Journal of Refugee Studies, 31(3), 314–333. https://doi.org/10.1093/jrs/fey012

Mizoram Chief Minister raises concerns over impact of India-Myanmar Free Movement Regime. (2025, March 13). Mizzima. https://eng.mizzima.com/2025/03/13/20031

Mizoram News. (2025, April 13). Pu Lalmuanpuia Punte, Political Adviser to Mizoram Chief Minister has called on citizens of the State to show empathy and thoughtful planning in their response to the ongoing refugee crisis [Facebook post]. Facebook. https://www.facebook.com/photo/?fbid=672836581924879&set=a.159443493264193

Mizoram to collect biometric data of over 33k Myanmar refugees. (2025, May 18). The Times of India. https://timesofindia.indiatimes.com/city/guwahati/mizoram-to-collect-biometric-data-of-over-33k-myanmar-refugees/articleshow/121253885.cms

Myanmar Information Management Unit. (2021, August 18). Disability in Myanmar: 2014–2019 – Analytical Brief. https://themimu.info/sites/themimu.info/files/documents/Report_Analytical_Brief_Disability_MIMU_18Aug2021_ENG.pdf

Myanmar refugees threatening security, draining resources: Mizoram activist to Amit Shah. (2025, March 12). The Hindu. https://www.thehindu.com/news/national/mizoram/myanmar-refugees-threatening-security-draining-resources-mizoram-activist-to-amit-shah/article69321835.ece

Population Census Data. (2025). Mizoram Population 2025 | Sex ratio | Literacy. https://www.census2011.co.in/census/state/mizoram.html

Pum Khan Pau. (2020). Indo-Burma frontier and the making of the Chin Hills Empire and resistance. Routledge.

Salai Za Uk Ling. (2022, March 22). Why it’s time to talk about the aid void on the India-Myanmar border. The New Humanitarian. https://thenewhumanitarian.org/opinion/2022/03/22/aid-void-India-Myanmar-border-Chin

Sang, J. N. (2023, March). Resistance and the cost of the coup in Chin State, Myanmar. The Asia Foundation. https://www.xcept-research.org/wp-content/uploads/2023/03/AW_Policy-Brief-finalized-1.pdf

United Nations High Commissioner for Refugees. (2025). Myanmar Situation – Operational Data Portal. https://data.unhcr.org/en/situations/myanmar