မီဇိုရမ်ရှိ ဒုက္ခသည်ချင်းအမျိုးသမီးများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လက်လှမ်းမီရယူခြင်းအတွေ့အကြုံများ

ဒေါ့ထ် | Click here to read this article in English.

Cite as: 
ဒေါ့ထ်၊ (၂၀၂၅)၊ မီဇိုရမ်ရှိ ဒုက္ခသည်ချင်းအမျိုးသမီးများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လက်လှမ်းမီရယူခြင်းအတွေ့အကြုံများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၆။ https://ijbs.online/?page_id=5535

အကျဉ်းချုပ်

ဤစာတမ်းသည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးအကြမ်းဖက်မှု နှင့် ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်သို့ ရွှေ့ပြောင်းနေထိုင် ခဲ့ရသော ဒုက္ခသည်ချင်းအမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတွေ့အကြုံများကို လေ့လာရန် ရည်ရွယ်ပါသည်။ “မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်ချင်းအမျိုးသမီးများအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ကို မည်သို့မည်ပုံလက်လှမ်းမီရယူသနည်း” ဟူသောမေးခွန်းကို ဤလေ့လာမှုမှ မေးခွန်းထုတ်ထားသည်။ ဤလေ့လာမှုသည် အရည်အသွေးဆိုင်ရာသုတေသန နည်းလမ်းကို အသုံးပြုပြီး အမျိုးသမီးလေးဦးကို အင်တာဗျူးမေးမြန်းကာ ၎င်းတို့အနေဖြင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများကို လက်လှမ်းမီရယူရာတွင် ကြုံတွေ့ရသည့် အတားအဆီးများကို မည်သို့မည်ပုံ ကျော်လွှား သို့မဟုတ် ကိုင်တွယ်ဖြေရှင်းကြပုံကို နားလည်သဘောပေါက်ရန် ဆောင်ရွက်ထားသည်။ ဘာသာစကားအတားအဆီးများ၊ ခွဲခြားဆက်ဆံခံရမှု၊ တရားဝင်အထောက်အထားမရှိမှု၊ အထောက်အထားကတ်များ ရယူနိုင်ခြင်းမှ ကင်းလွတ်နေမှုနှင့် မြန်မာနိုင်ငံမှ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များကို အသိအမှတ် မပြုမှုတို့အပါအဝင် အမျိုးမျိုးသော စိန်ခေါ်မှုများစွာရှိနေကြောင်း ဤဆောင်းပါးမှ ဆိုထားသည်။ မီဇိုရမ်ပြည်နယ်တွင် နေထိုင်စရိတ်မြင့်မားမှုနှင့် လုပ်ခလစာများနည်းပါးမှုတို့ ပေါင်းစပ်လိုက်သောအခါ “တစ်ပူပေါ် နှစ်ပူဆင့်” ဖြစ်သွားစေသည်။ ၎င်းတို့ လက်ရှိနေထိုင်ရှင်သန်နေရသော ပကတိအရှိတရား များမှ ရှာဖွေတွေ့ရှိသော အချက်အလက်များမှတစ်ဆင့် ဤဆောင်းပါးသည် ဤဒုက္ခသည်လှိုင်းသစ်တွင် ပါဝင်သူများ၏ အသံကို ပိုမိုမြှင့်တင်ပေးကာ ဒုက္ခသည်များ၊ ဂျန်ဒါနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် ဆောင်ရွက်ထားသည့် လေ့လာမှုများအပေါ်တွင် အထောက်အကူပြုရန် ရည်ရွယ်သည်။ ၎င်းတို့၏ အခြေအနေများ တိုးတက်လာစေရေး အထောက်အကူပြုရန် မူဝါဒရေးဆွဲသူ များနှင့် အဖွဲ့အစည်းများအနေဖြင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့်များ ချပေး ခြင်း၊ လုပ်ငန်းဆိုင်ရာ သင်တန်းပို့ချမှုများနှင့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်ရန် လိုအပ်သည်။ ဤလုပ်ငန်းစဉ်များသည် ဒုက္ခသည် များအား အသက်မွေးဝမ်းကျောင်းမှုတစ်ခုခုမှ ဝင်ငွေရရှိရန်နှင့် ဒေသခံလူ့အဖွဲ့ အစည်းအတွက် အထောက်အကူဖြစ်လာစေရန် ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။

နိဒါန်း

ချင်းလူမျိုးများသည် မြန်မာနိုင်ငံ ချင်းတောင်ပေါ်ဒေသများတွင် အများဆုံး အခြေချနေထိုင်ကြသည့် တိုင်းရင်းသားလူနည်းစုတစ်စုဖြစ်သည်။ ချင်းလူမျိုး များသည် ဆယ်စုနှစ်ချီ မြန်မာစစ်အစိုးရအဆက်ဆက်၏ ဖိနှိပ်မှု၊ ခွဲခြား ဆက်ဆံမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံခဲ့ရသည်။ ၎င်းအခြေအနေ များကြောင့် အများစုသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာကာ အိမ်နီးချင်း နိုင်ငံများ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ဝင်ရောင် ခိုလှုံခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် (နောက်တွင် “မီဇိုရမ်” ဟုသာ ဆက်လက်သုံးနှုန်းသွားပါ မည်) သည် အိန္ဒိယအရှေ့မြောက်ပိုင်းတွင်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် (၃၁၈) ကီလိုမီတာ ထိစပ်နေကာ မြန်မာနိုင်ငံနှင့် (၄၀၄) ကီလိုမီတာ ထိစပ်နေသည်။ မီဇိုရမ်တွင် မြန်မာမှ​ ဒုက္ခသည်ပေါင်း (၃၀,၀၀၀) ဝန်းကျင်နှင့် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည် (၃၀၀) ဝန်းကျင်ရှိကာ အများစုမှာ ချင်းလူမျိုး၊ ကူကီးလူမျိုးနှင့် မီဇိုလူမျိုးများဖြစ်ကြသည်။ မီဇိုပုန်ကန်မှုကာလအတွင်းတွင် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာခဲ့ကြသော မီဇိုဒုက္ခသည်များကို လက်ခံကြိုဆိုခဲ့ခြင်းမှစပြီး မီဇိုရမ်သည် ၁၉၈၀ ခုနှစ်များကတည်းက ဒုက္ခသည်များအား လက်ခံထားသည့် အစဉ်အလာရှိခဲ့သည်။[1

သို့သော် မီဇိုရမ်ရှိ ဒုက္ခသည်များ၏ အခြေအနေသည် ရေရေရာရာမရှိဘဲ ရှုပ်ထွေးလှသည်။ ၎င်းတို့အနေဖြင့် အိန္ဒိယဗဟိုအစိုးရ၏ အသိအမှတ်ပြုမှုနှင့် အကာအကွယ်ပေးမှုကို မရရှိသောကြောင့် ၎င်းတို့အား တရားမဝင်ရွှေ့ပြောင်း လာသူများအဖြစ် သတ်မှတ်ကြသည်။ ၎င်းတို့အနေဖြင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ အခွင့်အလမ်းများကို လက်လှမ်းမီရယူကြရာတွင် လူမှုရေးဆိုင် ရာနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများဖြစ်သည့် ဘာသာစကား အခက်အခဲများ၊ အတန်းပညာနှင့် အတတ်ပညာ အားနည်းမှု၊ ခွဲခြားဆက်ဆံခံရမှု၊ နှောင့်ယှက်ခံ ရမှု၊ ခေါင်းပုံဖြတ်ခံရမှု၊ ဖိနှိပ်ခံရမှုနှင့် ရင်းမြစ်များနှင့် အထောက်အပံ့များ အကန့်အသတ်ဖြင့်သာရှိမှု စသည်တို့ကို ကြုံတွေ့ကြရသည်။ ထို့အပြင် ၎င်းတို့ သည် မိမိ၏ နေရပ်မှ စွန့်ခွာထွက်ပြေးလာရခြင်း၊ ဆုံးရှုံးမှုများနှင့် မသေချာမှု များကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဒဏ်ရာများနှင့် စိတ်ဖိစီးမှုများကိုလည်း ရင်ဆိုင်ဖြေရှင်းကြရသည်။

ဒုက္ခသည်အမျိုးသမီးများမှာ ပိုမိုထိခိုက်လွယ်နေပြီး ဖယ်ကြဉ်ခံထားကြရ သည်။ ၎င်းတို့သည် အိမ်ထောင်မှုတာဝန်များ၊ သားသမီးများကို ကြည့်ရှုစောင့် ရှောက်ခြင်းနှင့် ဝင်ငွေရှာဖွေရခြင်းတာဝန်တို့ကို ထမ်းထားကြရလေ့ရှိသည်။ ၎င်းတို့သည် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု၊ မုဒိမ်းမှုနှင့် လူကုန်ကူးမှု အစရှိသည့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကိုပါ ကြုံတွေ့ခံစားကြရလေ့ရှိသည်။ ၎င်းတို့တွင် ကျန်းမာရေး၊ ပညာရေး၊ ဥပဒေပိုင်း ဆိုင်ရာ အထောက်အကူနှင့် လူမှုဝန်ဆောင်မှုများကို လက်လှမ်းမီရယူရာတွင် လည်း အကန့်အသတ်များရှိနေသည်။ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များ နှင့် ဦးဆောင်မှုအခန်းကဏ္ဍများတွင်လည်း ၎င်းတို့၏ ပါဝင်မှုနှင့် ကိုယ်စားပြုမှု နည်းပါးနေသည်။ ထိုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်တိုင် ဒုက္ခသည်အမျိုးသမီး များသည် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေသည့်အခါနှင့် ၎င်းတို့၏ အခြေအနေများကို ရင်ဆိုင်ဖြတ်သန်းကြရသည့်အခါများတွင် ခံနိုင်ရည်ရှိမှုနှင့် လှုပ်ရှားဆောင်ရွက်နိုင်ခြင်းရှိမှုတို့ကို ထုတ်ဖော်ပြသနိုင်ကြသည်။ ၎င်းတို့သည် အသေးစားကုန်ရောင်းကုန်ဝယ်၊ အိမ်တွင်းမှုအလုပ်၊ စက်ချုပ်ခြင်း၊ ရက်ကန်း ရက်ခြင်းနှင့် လယ်ယာစိုက်ပျိုးခြင်း စသည်တို့အပါအဝင် အမျိုးမျိုးသော စီးပွားရေးအလုပ်အကိုင်များတွင် ပါဝင်ဆောင်ရွက်ကြသည်။

မီဇိုရမ်တွင် ဒုက္ခသည်ချင်းအမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကို ရယူသည့် အတွေ့အကြုံများနှင့်ပတ်သက်၍ သုတေသန ပြုလုပ်ထားမှု နည်းပါးနေသေးသည်။ မီဇိုရမ်ရှိ ဒုက္ခသည်များနှင့် ပတ်သက် သည့် လေ့လာမှုအများစုသည် ၎င်းတို့၏ အခြေအနေအပေါ် သို့မဟုတ် ၎င်းတို့၏ ယေဘုယျ လူမှုစီးပွားရေးဆိုင်ရာ အခြေအနေများကို နိုင်ငံရေးနှင့် ဥပဒေရေးရာရှုထောင့်များမှ အဓိကအလေးပေးထားကြသည်။ ဒုက္ခသည် ချင်း အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အခွင့်အရေးများ နှင့် မီဇိုရမ်ရှိ စိန်ခေါ်မှုများကို မည်သို့မည်ပုံ ဖော်ဆောင်လုပ်ကိုင်ကြသည့် အပေါ် ပိုမိုနက်ရှိုင်းပြီး အနုစိတ်သည့် နားလည်သဘောပေါက်မှုတစ်ရပ် လိုအပ် နေပါသည်။

စာပေသုံးသပ်ချက်

ဂျန်ဒါပေါ်မူတည်ပြီးကြုံတွေ့ရသည့် ဒုက္ခသည်များ၏ အသက်မွေးဝမ်းကျောင်း နှင့် ပတ်သက်သည့် သက်ရောက်မှုများကို ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂတို့ အပါ အဝင် နိုင်ငံတကာအဖွဲ့များစွာမှ လေ့လာခဲ့ကြပြီးဖြစ်သည်။2 ကမ္ဘာ့ဘဏ်၏ “အတင်းအကျပ်နေရပ်စွန့်ခွာစေခြင်းအရေးတွင် ဂျန်ဒါပေါ် မူတည်ပြီး ကြုံတွေ့ ရသည့် အကြောင်းအရာများ (Gender Dimensions of Forced Displacement) သုတေသနအစီအစဉ်မှ အတင်းအကျပ် နေရပ်ရွှေ့ပြောင်း စေမှုသည် အမျိုးသားနှင့် အမျိုးသမီးများအပေါ် မည်သို့မည်ပုံ ကွဲပြားစွာ သက်ရောက်မှု ရှိပြီး မူဝါဒများ၊ အစီအစဉ်ဒီဇိုင်းများနှင့် အကောင်အထည် ဖော်မှုများအနေဖြင့် ၎င်းကွဲပြားမှုများအား မည်သို့မည်ပုံ ပြန်လှန်ဆန်းစစ် ကြည့်သင့်သည်ဆိုသည့် အပေါ် နားလည်သဘောပေါက်ရန် ရည်ရွယ်သည်။3 နေရပ်စွန့်ခွာရွှေ့ပြောင်း ရမှုအတွင်းတွင် မိသားစုများအနေဖြင့် ခွဲခွာရလေ့ရှိမှု၊ ပိုင်ဆိုင်မှုများနှင့် အသက် မွေးဝမ်းကျောင်းအလုပ်အကိုင်များ ဆုံးရှုံးမှု သို့မဟုတ် နှောင့်နှေးသွားမှု၊ ဘာသာစကားအတားအဆီးများ၊ ဥပဒေပိုင်းဆိုင်ရာ ကန့်သတ်တားဆီးထားမှု များနှင့် ခွဲခြားဆက်ဆံခံရမှုများ ကြုံတွေ့ရပုံကို ၎င်းသုတေသနမှ မှတ်ချက်ပြု ထားသည်။ အဆိုပါ သက်ရောက်မှုများ၊ အတားအဆီးများနှင့် အခွင့်အရေးများ ၏ သဘောသဘာဝသည် အမျိုးသားများနှင့် အမျိုးသမီးများအကြား ကွဲပြားနိုင် သည်။ ၎င်းအချက်အား ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့လက်စွဲမှလည်း ရှင်းပြ ထားပြီး ဂျန်ဒါအရ ထိခိုက်လွယ်သော ဒုက္ခသည်များအတွက် အစီအစဉ်များ ရေးဆွဲရာတွင်နှင့် အကောင်အထည်ဖော်ရာတွင် လမ်းညွှန်မှုပေးထားသည်။4 ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့မှ ရင်းမြစ်များသည် အတင်း အဓမ္မ နေရပ်ရွှေ့ပြောင်းရခြင်းများ၏ ဂျန်ဒါဆိုင်ရာ အကြောင်းအရာများနှင့် ဒုက္ခသည်များ၏ အသက်မွေးဝမ်းကျောင်းမှုအပေါ် အသုံးဝင်သော အချက် အလက်များကို ဖော်ပြပေးနေသည်။

ဒုက္ခသည်ချင်းအမျိုးသမီးများ မီဇိုရမ်တွင်အသက်မွေးဝမ်းကျောင်းအလုပ် များ လုပ်ကိုင်ခြင်းနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများအကြောင်းအား နားလည်သဘောပေါက်မှု နည်းနေသေးသော်လည်း ဒေလီမြို့ရှိ မြန်မာ ဒုက္ခ သည်များအပေါ် အထူးပြုလေ့လာထားသည့် လေ့လာမှု နှစ်ခုရှိသည်။ ပထမ တစ်ခုမှာ မောလစ် ဆွေးနွေးထားသည့် မြန်မာဒုက္ခသည်များ (ချင်းလူမျိုး သို့ မဟုတ် အမျိုးသမီးများအပေါ် သီးသန့်လေ့လာထားခြင်းမဟုတ်) ၏ အသက် မွေးဝမ်းကျောင်းဆိုင်ရာ စိန်ခေါ်မှုများအကြောင်းဖြစ်သည်။ အဆိုပါ ဆောင်းပါး သည် မီဇိုရမ်ရှိ ဒုက္ခသည်ချင်းအမျိုးသမီးများအပေါ် သီးသန့်အလေးပေးထား ခြင်း မရှိသော်လည်း ၎င်းတို့၏ အတွေ့အကြုံများနှင့် သက်ဆိုင်မှုရှိမည့် အချို့ သော ကိစ္စရပ်များကို မီးမောင်းထိုးပြထားသည်။ ပတ်ဝန်းကျင်ညစ်ညမ်းသည့် ဝေးလံခေါင်ဖျားနေရာများတွင် အိမ်ခန်းငှားပြီး ကျဉ်းကျဉ်းကျပ်ကျပ်နေထိုင်ရ ကာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီကြသည့် ဒေလီရှိ မြန်မာဒုက္ခ သည်များ၏ စီးပွားရေးကျပ်တည်းမှုအခြေအနေများအကြောင်းကို မောလစ်က တင်ပြထားပြီး လူမှုဖူလုံရေး မရှိခြင်းနှင့် အစိုးရမှ ကြားဝင်ဆောင်ရွက်ပေးမှု မရှိခြင်းတို့အပါအဝင် တရားမဝင်လုပ်သားများ ကြုံတွေ့ကြရသည့် စိန်ခေါ်မှု များနှင့် တရားမဝင်လုပ်ငန်းများအကြောင်းကိုလည်း ဆက်စပ်တင်ပြထား သည်။ အထောက်အထား မစုံလင်မှု၊ နိုင်ငံသားဖြစ်မှုနှင့် စပ်လျဉ်းသည့် ပြဿနာများရှိသည့် ဒုက္ခသည်များအနေဖြင့် တရားဝင်အလုပ်လုပ်ခွင့်ရယူကာ ဒေလီတွင် အလုပ်လုပ်နိုင်ခြင်း မရှိပေ။ ၎င်းအချက်သည် ဒုက္ခသည်များအား ခေါင်းပုံဖြတ်ခံရမှုနှင့် ခွဲခြားဆက်ဆံခံရမှုတို့ကို ကြုံတွေ့ရနိုင်ရန် အလားအလာ ပိုများစေသည်။5

ဒုတိယမြောက်ဆောင်းပါးမှာ ဂျော့ပ်(စ်)၏ ဆောင်းပါးဖြစ်ပြီး ၎င်းသည် ဒေလီရှိ ချင်းအမျိုးသမီးဒုက္ခသည်များ၏ အတွေ့အကြုံများနှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာစိန်ခေါ်မှုများကို အလေးပေးထားသည်။6 ၎င်းဆောင်းပါး သည် အမျိုးသမီးများအနေဖြင့် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များကို လက်လှမ်းမီရယူနိုင်ရန် လူမှုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်မှ ပံ့ပိုးမှု၏ အရေးပါပုံကို မီးမောင်းထိုးပြထားကာ အမျိုးသမီးများ နေထိုင်ဖြတ်သန်းနေရ သည့် အန္တရာယ်များ၏ ယေဘုယျအခြေအနေများကို ဖော်ပြထားသည်။ ၎င်း အန္တရာယ်များတွင် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများနှင့် ခွဲခြားဆက်ဆံမှု များ ပါဝင်သည်။

မီဇိုရမ်ရှိ ဒုက္ခသည်ချင်းအမျိုးသမီးများ၏ အတွေ့အကြုံများကို နားလည် သဘောပေါက်ရန် သုတေသနများ ပိုမိုပြုလုပ်ရန်လိုအပ်သော်လည်း ဒေလီရှိ အခြေအနေများအကြောင်း ဖော်ပြထားသည့် အထက်ပါ ဆောင်းပါးများသည် အကျိုးရှိသော ဆောင်းပါးများ ဖြစ်နေဆဲဖြစ်သည်။ ၎င်းဆောင်းပါးများနည်းတူ လတ်တလော သတင်းတင်ပြမှုများသည်လည်း တူညီသော မျိုးရိုးနောက်ခံ၊ ဘာသာစကားနှင့် ကိုးကွယ်သည့် ဘာသာရှိကြသည့် ချင်းလူမျိုးအုပ်စုများနှင့် မီဇိုလူမျိုးအုပ်စုများအကြား သမိုင်းကြောင်းနှင့် ယဥ်ကျေးမှုအချိတ်အဆက်များ ကို ဖော်ပြထားသည်။ ၎င်းဆက်နွှယ်မှုများသည် နယ်စပ်ဖြတ်ကျော် နေရပ်ရွှေ့ ပြောင်းမှုနှင့် မီဇိုရမ်ဒေသခံလူ့အသိုင်းအဝိုင်း၏ ရင်းနှီးခင်တွယ်မှုတို့အပေါ် အထူးသဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပဋိပက္ခများ ဖြစ်ပွားနေ ချိန်တွင် အထောက်အကူဖြစ်စေသည်။7 သို့သော် အဆိုပါဆက်နွှယ်မှုများကပင် မီဇိုလူမျိုးများမှ “သွေးချင်းများ” အဖြစ် ရှုမြင်ကြသော်လည်း “နိုင်ငံသားများ” အဖြစ် ရှုမြင်ကြခြင်း မရှိသည့် ချင်းလူမျိုးဒုက္ခသည်များ၏ ကိုယ်ပိုင်ဝိသေသ လက္ခဏာနှင့် လူမှုအဆင့်အတန်းတို့ပေါ်တွင် တင်းမာမှုများနှင့် မသေချာမရေ ရာမှုများကိုလည်း ဖန်တီးပေးသည်။8 ထို့အပြင် အဆိုပါဆက်နွှယ်မှုများသည် မီဇိုရမ်ရှိ ချင်းဒုက္ခသည်များအား တရားမဝင်ရွှေ့ပြောင်းလာပြီး ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်လာနိုင်သည်ဟု ရှုမြင်သည့် အာဏာပိုင်များ၏ ခွဲခြားဆက်ဆံမှုနှင့် နှောင့်ယှက်မှုတို့အားလည်း ကာကွယ်နိုင်ခဲ့ခြင်း မရှိပေ။9 ဆောင်းပါးအများစု သည် ဒုက္ခသည်အမျိုးသမီးများ အထူးသဖြင့် ကြုံတွေ့ကြရသော အတား အဆီးများဖြစ်သည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု၊ ခေါင်းပုံဖြတ်ခံရမှု၊ အကြမ်းဖက်ခံရမှုနှင့် ၎င်းတို့၏ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်များတွင် အရှက်ရ စရာအဖြစ် ခံစားရမှုစသည့်တို့ကို မီးမောင်းထိုးပြထားသည်။10 အခြားတစ်ဖက် တွင်မူ ဒုက္ခသည်ချင်းအမျိုးသမီးများသည် အိမ်တွင်းမှုအလုပ်၊ အသေးစားကုန် ရောင်းကုန်ဝယ်၊ လက်မှုလုပ်ငန်း၊ စက်ချုပ်ခြင်းနှင့် စာသင်ပြခြင်းကဲ့သို့ ၎င်းတို့ နှစ်သက်လိုလားလုပ်ဆောင်လိုသည့် အသက်မွေးဝမ်းကျောင်းအလုပ်များကို လုပ်ဆောင်ခြင်းဖြင့် ကြံ့ကြံ့ခံနိုင်မှုနှင့် လုပ်နိုင်စွမ်းတို့ကို ဖော်ထုတ်ပြသလျက်ရှိ သည်။ ၎င်းတို့သည် ၎င်းတို့အား ထောက်ပံ့မှု၊ ခွန်အားမြှင့်တင်ပေးမှုနှင့် ကောင်း ကျိုးအထွေထွေတို့ကို ဖန်တီးပေးသည့် လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများတွင်လည်း ပါဝင်ကြသည်။11

လေ့လာရေးသားထားချက် အများစုသည် တစ်ဆင့်ခံအချက်အလက် သို့မဟုတ် အကျဉ်းချုပ်မေးမြန်းမှုများပေါ်တွင် အခြေခံထားသောကြောင့် မီဇိုရမ်တွင် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များ လက်လှမ်းမီရယူနေကြ သော ချင်းအမျိုးသမီးဒုက္ခသည်များ၏ အတွေ့အကြုံများကို ပိုမိုနားလည် သဘောပေါက်ရန် သုတေသနလုပ်ရာတွင် ဒုက္ခသည်ချင်းအမျိုးသမီးများထံမှ မူရင်းအချက်အလက်များ ကောက်ယူရန် လိုအပ်နေကြောင်း ဤစာပေသုံးသပ် ချက်အကျဉ်းချုပ်မှ ဖော်ပြနေသည်။ မီဇိုရမ်ရှိ ချင်းအမျိုးသမီးဒုက္ခသည်များ၏ အသက်မွေးဝမ်းကျောင်းမှုများ၏ ရှုပ်ထွေးမှုနှင့် စုံလင်ကွဲပြားမှုတို့ကို ပိုမို နားလည်သဘောပေါက်ကာ ၎င်းအမျိုးသမီးများကြုံတွေ့နေရသည့် စိန်ခေါ်မှု များအကြောင်း အသိပညာမျှဝေရန်နှင့် မူဝါဒများနှင့် ကျင့်ထုံးများကို အသိပေး နိုင်ရန် ချင်းအမျိုးသမီးဒုက္ခသည်များ၏ အသံများ၊ ရှုထောင့်များနှင့် အကြောင်း အရာအဖြစ်အပျက်များအပြင် ၎င်းတို့၏ ကိုင်တွယ်ဖြေရှင်းနည်းဗျူဟာများ၊ လိုက်လျောညီထွေရှိစေရန် ပြောင်းလဲမှုများနှင့် ရည်မှန်းချက်များကို ဖမ်းဆုပ်မိ နိုင်မည့် ပိုမိုအသေးစိတ်ကျပြီး ပါဝင်မှုရှိသော သုတေသနလိုအပ်နေသည်။ ဤဆောင်းပါးသည် ၎င်းရည်ရွယ်ချက်ကို ဦးတည်နိုင်ရန် ကြိုးပမ်းထားချက် တစ်ရပ်ဖြစ်သည်။

သုတေသနပုံစံနှင့် နည်းနာများ

ဤလေ့လာမှု၏ သုတေသနမေးခွန်းကို မေးခွန်းခွဲသုံးခုဖြင့် ဒီဇိုင်းဆွဲထား သည်။ အဓိကမေးမြန်းထားသည်မှာ “ဒုက္ခသည်ချင်းအမျိုးသမီးများအနေဖြင့် မီဇိုရမ်တွင် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များကို မည်ကဲ့သို့ရယူနေ သနည်း” ဆိုသည့် မေးခွန်းဖြစ်သည်။ အဆိုပါမေးခွန်းအောက်တွင် ထပ်ဆင့် မေးမြန်းထားသည်မှာ “အဓိကအသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့် အလမ်းများက မည်သည်တို့ဖြစ်သနည်း” “ယင်းအသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများကို ရယူရာတွင် ဒုက္ခသည်ချင်းအမျိုးသမီးများ အနေဖြင့် ကြုံတွေ့ရသည့် အဓိကစိန်ခေါ်မှုများနှင့် အတားအဆီးများမှာ မည်သည်တို့ဖြစ်သနည်း” “ဒုက္ခသည်ချင်းအမျိုးသမီးများအနေဖြင့် စိန်ခေါ်မှု နှင့် အတားအဆီးများကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းကြသနည်း” ဆိုသည့် မေးခွန်းခွဲများဖြစ်သည်။

၎င်းမေးခွန်းများကို ဖြေဆိုနိုင်ရန် အရည်အသွေးအခြေပြုနည်းလမ်းများ နှင့် ဖြစ်ရပ်များကို လေ့လာဆန်းစစ်ခြင်းနည်းလမ်းကို အသုံးပြုထားပါသည်။ ဖြစ်ရပ်များကို လေ့လာဆန်းစစ်ခြင်းနည်းလမ်းသည် အင်တာဗျူးများ၊ စောင့်ကြည့်လေ့လာမှုများ အစရှိသည့် သက်သေအထောက်အထားများစွာကို အသုံးပြုခြင်းဖြင့် မိမိလေ့လာလိုသော အကြောင်းအရာအား အသေးစိတ် စူးစမ်းလေ့လာနိုင်စေသည့်အပြင် အကြောင်းအရာတစ်ခုနှင့် ၎င်းအကြောင်း အရာ၏ ဖြစ်တည်မှုအခြေအနေအကြား ကူးလူးဆက်ဆံမှုများနှင့် ပတ်သက် ဆက်နွှယ်မှုများကိုလည်း စူးစမ်းလေ့လာနိုင်စေသည်။ ကျွန်ုပ်ဆောင်ရွက်ခဲ့ သော မြန်မာနိုင်ငံမှ မီဇိုရမ်သို့ ရွှေ့ပြောင်းလာခဲ့သည့် ဒုက္ခသည်ချင်းအမျိုးသမီး များ၏ ဖြစ်ရပ်များကို လေ့လာဆန်းစစ်ခြင်းတွင် ခွဲခြမ်းစိတ်ဖြာမှုအား တိုင်းတာ ခြင်းပုံစံမှာ ဒုက္ခသည်အမျိုးသမီး တစ်ဦးချင်းစီအလိုက် သတ်မှတ်တိုင်းတာခြင်း ဖြစ်သည်။ တိုင်းတာသည့် အခြေအနေသည် မီဇိုရမ်၏ လူမှုနိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ရပ်ဝန်းများဖြစ်ပြီး ဒုက္ခသည် အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းအတွေ့အကြုံများအပေါ် ၎င်းတို့၏ သက်ရောက်မှုများဖြစ်သည်။

ရယူခဲ့သောအချက်အလက်များမှာ မတူညီသော အသက်မွေးဝမ်းကျောင်း အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် ဒုက္ခသည်ချင်းအမျိုးသမီး လေးဦးအား တစ်စိတ်တစ်ပိုင်း သတ်မှတ်ထားသည့် မေးခွန်းများဖြင့် ဖွဲ့စည်း ထားသော (semi-structured) အင်တာဗျူးများ မေးမြန်းခြင်းမှတစ်ဆင့် ရယူခဲ့ခြင်းဖြစ်ပါသည်။ အင်တာဗျူးများသည် အထူးသဖြင့် ကိုယ်ပိုင် အတွေ့ အကြုံများ၊ ရှုထောင့်များ၊ ခံစားချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စူးစမ်းလေ့လာရာတွင် အရည်အသွေးအခြေပြုသုတေသနများအတွက် အသုံး များပြီး ထိရောက်မှုရှိသော နည်းလမ်းဖြစ်သည်။ တစ်စိတ်တစ်ပိုင်း သတ်မှတ် ထားသည့် မေးခွန်းများဖြင့် ဖွဲ့စည်းထားသော အင်တာဗျူးများတွင် စကားဝိုင်း အား လမ်းကြောင်းပေးရန် အဖွင့်မေးခွန်းတစ်စုံပါဝင်သော်လည်း လိုအပ်သလို ပြောင်းလဲကာ နောက်ဆက်တွဲမေးခွန်းများမေးနိုင်ရန်လည်း လမ်းကြောင်းဖွင့် ပေးထားသည်။ တစ်စိတ်တစ်ပိုင်း သတ်မှတ်ထားသည့် မေးခွန်းများဖြင့် ဖွဲ့စည်း ထားသော အင်တာဗျူးများကို အသုံးပြုခြင်းဖြင့် ကျွန်ုပ်၏ သုတေသနတွင် ပါဝင်သူများထံမှ အပြည့်ဝဆုံးနှင့် အသေးစိတ်အကျဆုံးအချက်အလက်များကို ရယူနိုင်စေခဲ့ကာ တစ်ချိန်တည်းမှာပင် ၎င်းတို့ကိုယ်ပိုင် ထုတ်ဖော်ပြောဆိုလို သည်များကိုလည်း ပြောဆိုနိုင်ရန် အခွင့်အရေးပေးနိုင်ခဲ့သည်။ ဤသုတေသန တွင် အသုံးပြုထားသည့် လူဦးရေပမာဏ လေးဦးသည် Principle of saturation ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အင်တာဗျူး များမှ အချက်အလက်အသစ် သို့မဟုတ် သက်ဆိုင်သော အချက်အလက် ထပ်မံ ထွက်ရှိလာခြင်း မရှိတော့သည်အထိ အချက်အလက်စုဆောင်းခြင်းအား ဆက်လက်လုပ်ဆောင်ခြင်းဖြစ်သည်။ ပါဝင်သူများကို ရွေးချယ်ရာတွင်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် သုတေသနမေးခွန်းများ၊ သုတေသနရည်ရွယ်ချက်များ နှင့် ကိုက်ညီမှုရှိသည့် သီးခြားသတ်မှတ်ချက်များပေါ်တွင် အခြေခံကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သတ်မှတ်ချက်အတိအကျမှာ မြန်မာနိုင်ငံမှ မီဇိုရမ် သို့ ရွှေ့ပြောင်းလာခဲ့သော ချင်းအမျိုးသမီးဒုက္ခသည်တစ်ဦးဖြစ်ကာ မိမိ၏ နိုင်ငံ တွင် ပညာရေးနှင့် အလုပ်အကိုင်အတွေ့အကြုံရှိခဲ့ပြီး လက်ရှိတွင် မီဇိုရမ်၌ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တစ်ခုခုတွင် ဝင်ရောက်လုပ်ကိုင်နေကာ အင်တာဗျူးတွင် ပါဝင်လိုပြီး ပါဝင်နိုင်သူဖြစ်ရမည်။

ကျွန်ုပ်၏ သုတေသနတွင်ပါဝင်ခဲ့သူများမှာ မတူညီသော ပညာရေးအဆင့် အတန်းနှင့် အလုပ်အတွေ့အကြုံများရှိသည့် စုံလင်ကွဲပြားသည့် အမျိုးသမီး အုပ်စုဖြစ်သည်။ ပါဝင်သူ (၁) မှာ အသက် (၃၇) နှစ်အရွယ်ရှိပြီး ဥပဒေဘွဲ့ ရထားသူတစ်ဦးဖြစ်သည်။ သူမသည် မီဇိုရမ်သို့မလာမီ မြန်မာနိုင်ငံတွင် ဥပဒေ အကြံပေးအကျိုးဆောင်အဖွဲ့တစ်ခု၌ အလုပ်လုပ်ကိုင်ခဲ့သည်။
ပါဝင်သူ (၂) မှာ အသက် (၂၇) နှစ်အရွယ် မူလတန်းပြဆရာမတစ်ဦးဖြစ်သည်။ သူမသည် ပညာရေးဘွဲ့ရဖြစ်ပြီး မြန်မာနိုင်ငံတွင် စာသင်အတွေ့အကြုံ နှစ်နှင့်ချီရှိသည်။ ပါဝင်သူ (၃) သည် အသက် (၂၄) နှစ်အရွယ် သူနာပြုဆရာမ တစ်ဦးဖြစ်သည်။ သူမသည် သူနာပြုဘွဲ့ရတစ်ဦးဖြစ်ပြီး အာဏာသိမ်းမှုမတိုင်မီတွင် မြန်မာနိုင်ငံ ရှိ ဆေးရုံတစ်ရုံ၌ အလုပ်လုပ်ကိုင်ခဲ့သည်။ ပါဝင်သူ (၄) သည် အသက် (၄၀) နှစ်အရွယ် တက္ကသိုလ်ကထိကတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်တစ်ခု တွင် နှစ်ပေါင်းများစွာ စာသင်ပြခဲ့သည်။ ပါဝင်သူ (၁) ၊ (၂) ၊ (၃) တို့သည် လူလွတ်များဖြစ်ကြပြီး ပါဝင်သူ (၄) သည် အိမ်ထောင်သည်ဖြစ်သည်။ ပါဝင်သူ အားလုံးသည် မီဇိုရမ်သို့ ၂၀၂၁ ခုနှစ်တွင် ထွက်ပြေးခဲ့ကြသည်။

အင်တာဗျူးများအား မီဇိုရမ်ရှိ လုံခြုံပြီး သင့်လျော်သောနေရာများတွင် လူချင်းတွေ့ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အင်တာဗျူးများသည် ခန့်မှန်းချေ တစ်နာရီခန့်ကြာပြီး ပါဝင်သူများ၏ ခွင့်ပြုချက်ဖြင့် အသံသွင်းမှတ်တမ်းတင် ထားခဲ့သည်။ အင်တာဗျူး ပြုလုပ်နေစဉ်အတွင်းနှင့် ပြီးသွားသည့်နောက်တွင် ပါဝင်သူများပြောကြားခဲ့သည့် အရေးကြီးသောအချက်များနှင့် သဘောထား အမြင်များကို မှတ်စုထုတ်ရေးသားထားခဲ့သည်။ အင်တာဗျူးမေးခွန်းများသည် အောက်ပါအကြောင်းအရာများကို ခြုံငုံမေးမြန်းခဲ့သည်။ လူမှုအုပ်စု (အသက်၊ အိမ်ထောင်ရှိ/မရှိ၊ ပညာရေးအဆင့်အတန်း၊ ရွှေ့ပြောင်းမှုသမိုင်းကြောင်း၊ တရားဝင်အထောက်အထားအခြေအနေ)၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ (အမျိုးအစား၊ ကြာချိန်၊ အကြိမ်ရေ၊ ဝင်ငွေ၊ အာဏာ မသိမ်းမီကာလနှင့် သိမ်းပြီးနောက်ပိုင်းကာလ)၊ အခွင့်အလမ်းများ (ရှိနေမှု၊ လက်လှမ်းမီမှု၊ သင့်လျော်မှု)၊ စိန်ခေါ်မှုများ (တစ်ကိုယ်ရေဆိုင်ရာ၊ အခြားလူ များနှင့် ဆက်ဆံမှုဆိုင်ရာ၊ ဖွဲ့စည်းပုံဆိုင်ရာ) နှင့် ကိုင်တွယ်ဖြေရှင်းသည့် နည်း ဗျူဟာများ (တစ်ဦးချင်း၊ အုပ်စုလိုက်) တို့ဖြစ်သည်။

အင်တာဗျူးဖြေဆိုခဲ့သူများ ရင်ဆိုင်နေရသော တူညီသည့် အတွေ့အကြုံ များသည် မီဇိုရမ်ရှိ ဒုက္ခသည်ချင်းအမျိုးသမီးများ၏ ဘုံစိန်ခေါ်မှုများနှင့် ခံနိုင် ရည်ရှိမှုတို့ကို ထင်ဟပ်နေသည်။ ၎င်းတို့၏ ဇာတ်ကြောင်းများသည် ကြီးမား သည့် စိန်ခေါ်မှုများကြားကပင် ပတ်ဝန်းကျင်အသစ်တွင် လိုက်လျောညီထွေ ဖြစ်စေရန် ပြောင်းလဲပြုပြင်ကာ အသက်မွေးဝမ်းကျောင်းအလုပ်များတွင် တက်ကြွစွာပါဝင်နေသည့် ၎င်းတို့၏ စုပေါင်းစွမ်းရည်ကို တွေ့မြင်နေရသည်။

ရလဒ်များနှင့် ဆွေးနွေးမှု

သုတေသနတွင် ပါဝင်ခဲ့သူအားလုံးသည် ၂၀၂၁ အာဏာသိမ်းမှုမတိုင်မီတွင် မြန်မာနိုင်ငံ၏ ပြည်သူ့ဝန်ဆောင်မှုဌာနများတွင် အလုပ်လုပ်ကိုင်ခဲ့ကြကာ တည်ငြိမ်သော ဝင်ငွေများရှိခဲ့ကြပြီး မီဇိုရမ်တွင် ၎င်းတို့၏ စီးပွားရေးဆိုင်ရာ အရှိတရားများအကြား ရှင်သန်ဖြတ်သန်းနိုင်ရန် အမျိုးမျိုးသော အသက်မွေး ဝမ်းကျောင်း နည်းဗျူဟာများကို မဖြစ်မနေအသုံးချနေကြရသည်။ ၎င်းတို့ တစ်ဦးချင်းစီတိုင်းတွင် ဝင်ငွေရနိုင်သော အခွင့်အလမ်းများသည် အနည်း အကျဉ်းသာရှိပြီး ဝင်ငွေရနိုင်သည့် လမ်းကြောင်းတစ်ခုရှာဖွေတွေ့ရှိလျှင်ပင် နေထိုင်စရိတ်များကို ကာမိရန် လုံလောက်သောငွေရရှိဖို့ရန် ခက်ခဲနေကြောင်း ညည်းညူခဲ့ကြသည်။

ပါဝင်သူ (၁) မှ ချင်းရိုးရာဟင်းတစ်မျိုးဖြစ်သည့် ဆာဗူးသီး (sabuti) ခေါ် ပြောင်းဖူးနှင့် အသားစွပ်ပြုတ်တစ်မျိုးကို ရောင်းချသည့် အသေးစား စီးပွားရေး လုပ်ငန်း တစ်ခုစတင်ခဲ့သည်။ ပါဝင်သူ (၂) မှ အရောင်းစာရေးတစ်ဦးအဖြစ် အချိန်ပိုင်းအလုပ်လုပ်ခဲ့ပြီး လမ်းဘေးဈေးသည်တစ်ဦးအဖြစ်လည်း ဈေးရောင်း ခဲ့သည်။ အဆိုပါနှစ်ဦးအတွက် ခန့်မှန်းနိုင်သော ပုံမှန်ဝင်ငွေပမာဏတစ်ခု မရှိ နေခြင်းသည် ၎င်းတို့ နေ့စဉ်ရင်ဆိုင်နေရသည့် အဓိက စိုးရိမ်စရာ ပြဿနာ တစ်ခု ဖြစ်နေသည်။ သူတို့နှစ်ဦးထက် အနည်းငယ် ပိုမိုကံကောင်းသည်ဟုဆိုရ မည့် ပါဝင်သူ (၃) နှင့် (၄) တို့တွင် လစဉ်ပုံမှန်လစာရရှိစေနိုင်သည့် တည်ငြိမ်မှု ရှိသော အလုပ်အကိုင်များကို ရယူထားနိုင်ခဲ့သည်။ ဤအမျိုးသမီး လေးဦး၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဖြစ်အပျက်များသည် စီးပွားရေးဆိုင်ရာ စိန် ခေါ်မှုများကြားမှ ဒုက္ခသည်ချင်းအမျိုးသမီးများ၏ ကြံ့ကြံ့ခံနိုင်မှုကို မီးမောင်း ထိုးပြနေပြီး နှစ်နိုင်ငံကြား အလုပ်လုပ်နိုင်ခွင့်နှင့် စွမ်းရည်မြှင့်တင်ခြင်းတို့ကို အထောက်အကူပေးသည့် ပြည့်စုံကျယ်ပြန့်သော မူဝါဒများ အရေးတကြီး လိုအပ်နေကြောင်းလည်း ထောက်ပြနေသည်။

ပါဝင်သူ (၁)၊ (၂) နှင့် (၃) တို့သည် အကောင်းဆုံး ကြိုးစားဆောင်ရွက်ခဲ့ ကြသည့်ကြားမှပင် ၎င်းတို့၏ လစဉ်ဝင်ငွေများမှာ အခြေခံလိုအပ်ချက်များ အတွက် လုံလောက်မှုမရှိသည်ကို တွေ့ရှိခဲ့ကြရပြီး ၎င်းအချက်ကြောင့်ပင် အထက်ပါ မူဝါဒများလိုအပ်မှုသည် ပို၍ပင်အရေးကြီးလာနေသည်။ ဤပါဝင်သူ သုံးဦးသည် လက်ရှိတွင် ၎င်းတို့၏ မိသားစုများအပေါ် ငွေကြေးအရ မှီခိုနေကြရ သည်။ မီဇိုရမ်မှ အရောင်းစာရေးတစ်ဦး၏ လစဥ်ဝင်ငွေသည် အိန္ဒိယရူပီး (၄,၀၀၀) မှ (၅,၀၀၀) ကြားရှိပြီး ၎င်းပမာဏသည် လစဉ်အိမ်ငှားခအတွက်ပင် လောက်ငှခြင်းမရှိကြောင်း ပါဝင်သူ (၂) မှဆိုခဲ့သည်။

အခွင့်အလမ်းတွေက အရမ်းရှားတယ်။ အဝတ်အစားရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးအနေနဲ့ လုပ်နေတဲ့ ကျွန်မရဲ့ လစာက ရူပီး (၄,၅၀၀) လောက်ပဲရှိပြီး အဲဒါက အိမ်ငှားခ အတွက်တောင် မလောက်ဘူး။ ရေရှည်မှာ ရပ်တည်ဖို့ဆိုတာ ဘယ်လိုမှ လက်တွေ့မကျနေဘူး။ အဲဒါကြောင့်မို့လို့ ကျွန်မရဲ့ ဆွေမျိုးတွေပေါ်မှာ မှီခိုနေရတယ်။

စားစရိတ်များ၊ နေစရိတ်နှင့် သွားလာစရိတ်အပါအဝင် နေထိုင်စရိတ်ကြီးမား ခြင်းသည် ငွေကြေးအကျပ်အတည်းကိုဖြစ်စေသည့် အဓိကအချက်ဖြစ်သည်။ ပါဝင်သူ (၂) မှဆိုသည်မှာ —

အာဏာမသိမ်းခင်တုန်းက ကျွန်မက ပုံမှန်လစဉ်ဝင်ငွေရှိတဲ့ ရုံး ဝန်ထမ်းတစ်ယောက်။ ကျွန်မလိုချင်တာကို ဝယ်ဖို့ ပိုက်ဆံလုံ လုံလောက်လောက်ရှိခဲ့တယ်။ ဒါပေမဲ့ တော်လှန်ရေးက ကျွန်မ ဘဝကို ဇောက်ထိုးဖြစ်သွားစေခဲ့တယ်။ အခုဆို မီဇိုရမ်မှာ ရပ်တည်နိုင်ဖို့ ကျွန်မရဲ့ အဒေါ်ကို ကပ်နေရပြီး ကျွန်မ လိုချင်တာ ရဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တယ်။

ပါဝင်သူများမှ တောင်ယာအလုပ်၊ လယ်အလုပ်၊ စက်ချုပ်အလုပ်၊ အိမ်ဖော် အလုပ်နှင့် အခြားသော နေ့စားအလုပ်အကိုင်များကိုလည်း ဖော်ပြခဲ့ကြသည်။ ပါဝင်သူ (၄) ကပြောသည်မှာ —

ကျွန်မ မီဇိုရမ်ကို ရောက်တဲ့အချိန် ဘုရားကျောင်းက လူကြီး တစ်ဦးရဲ့ အကူအညီနဲ့ ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ နေစရာရခဲ့တယ်။ ကျွန်မကိုယ်တိုင်ကလည်း တက္ကသိုလ်က ကထိကဟောင်းတစ်ယောက်မို့ အဲဒီမှာစာသင်ဖို့ အခွင့်အလမ်း ရနိုင်မယ် ထင်ခဲ့ပေမဲ့ မရခဲ့ဘူး။ ကျွန်မလိုမျိုး အစိုးရဝန်ထမ်း ဟောင်းတွေ အခုလယ်လုပ်သားသူရင်းငှားတွေအနေနဲ့ ဝင် လုပ်နေရတဲ့သူတွေရှိတယ်။ အင်ဂျင်နီယာဟောင်းတွေ ရှင်သန် ရပ်တည်ဖို့အတွက် စက်ချုပ်နေရတာမျိုးတွေရှိတာ ကျွန်မ သိထားတယ်။ အမျိုးသမီးတွေအတွက် ဝင်ငွေရနိုင်မယ့် အခွင့် အလမ်းတွေက အရမ်းကို နည်းပါးပြီးတော့ အများအားဖြင့် လက်လှမ်းမမီတာတွေ ဖြစ်နေလေ့ရှိတယ်။

ပါဝင်သူ (၄) မှ မြန်မာနိုင်ငံမှာ အစိုးရဝန်ထမ်းလစာသည် မများသော်လည်း နေထိုင်စရိတ်သက်သာသောကြောင့် အာဏာမသိမ်းမှုမီက သူမ၏ မိသားစုကို ထောက်ပံ့နိုင်ခဲ့ကြောင်း ထောက်ပြခဲ့သည်။ မီဇိုရမ်တွင် သူမအနေဖြင့် မြန်မာ နိုင်ငံ၌ ရခဲ့သော လစာထက် များသည့် လစာကို ရနေသဖြင့် ကံကောင်း ဟုဆိုရမည်ဖြစ်လည်း နေထိုင်စရိတ် ပိုမိုမြင့်မားသောကြောင့် ဘဝနေထိုင်မှု သည် ပိုမိုခက်ခဲနေသည်။

ပါဝင်သူ (၁) မှ မီဇိုရမ်တွင် ဒုက္ခသည်ချင်းအမျိုးသမီးများ၏ အသက်မွေး ဝမ်းကျောင်းကို တိုးတက်စေနိုင်မှုနှင့် သက်ဆိုင်သည့် အတားအဆီးတစ်ခုကို ထောက်ပြခဲ့သည်။ “ကျွန်မတို့ ဒုက္ခသည်အမျိုးသမီးတွေက စီးပွားရေးလုပ်ငန်း တွေ စဖို့အတွက် အခွင့်အလမ်းမရှိကြဘူး။ ကျွန်မတို့ဆီမှာ ပိုက်ဆံရှိနေရင် တောင်မှ အထောက်အထားကတ် မရှိဘဲနဲ့ စလို့မရတဲ့အတွက် ကျွန်မတို့မှာ ရွေးချယ်စရာ နည်းနည်းပဲရှိတယ်” ဟု သူမက ဆိုသည်။ အမျိုးသမီးများအနေ ဖြင့် ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ကာမိစေရန် လုပ်ဆောင်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ရန် ငွေစုဆောင်းနိုင်လျှင်ပင် အမျိုးသမီးများ ဘဝတိုးတက် ရေးအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရသေး ကြောင်း အထက်ပါအချက်မှ ဖော်ပြနေသည်။

တရားဝင်အထောက်အထား မရှိမှုသည် မီဇိုရမ်တွင် ၎င်းတို့အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများကို ဆုပ်ကိုင်မိနိုင်ရန် အတားအဆီးဖြစ်နေသည်။ ပါဝင်သူ (၃) မှ မျှဝေခဲ့သည်မှာ “ဒီမှာ ကျွန်မရဲ့ သူနာပြုအသိအမှတ်ပြုလက်မှတ်ကို အသိအမှတ်ပြုခြင်း မရှိတဲ့အတွက် ကျွန်မ ရဲ့ ပရော်ဖယ်ရှင်နယ်အလုပ်ကို ကြီးကြီးမားမားထိခိုက်နေတယ်” ပါဝင်သူ (၁) နှင့် (၃) မှ “ဒုက္ခသည်တွေအနေနဲ့ ကျွန်မတို့မှာ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး” ဟု ပြတ်ပြတ်သားသား မှတ်ချက်ပြုခဲ့ကြသည်။ ဤပြောဆိုချက်များသည် မီဇိုရမ်ရှိ ဒုက္ခသည်များ ကြုံတွေ့နေရသည့် ဥပဒေပိုင်းဆိုင်ရာ အတားအဆီးများကို မီးမောင်းထိုးပြနေသည်။ ဒုက္ခသည်ဖြစ်နေခြင်းသည် ၎င်းတို့၏ အခွင့်အရေး များကိုသာ ကန့်သတ်နေသည်မဟုတ်ဘဲ ၎င်းတို့၏ အရည်အချင်းများနှင့် လုပ် နိုင်စွမ်းရည်များကို အသိအမှတ်ပြုခြင်း မရှိသည့်အတွက် ၎င်းတို့၏ အသက် မွေးဝမ်းကျောင်း တိုးတက်ရေးတွင်လည်း အတားအဆီးဖြစ်နေသည်။

ကျွန်ုပ်၏ သုတေသနတွင် ပါဝင်သူများအားလုံး ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်းအလုပ်အကိုင်များကို လက်လှမ်းမီရယူရာတွင် ကြုံတွေ့ရသည့် ဤအခက်အခဲများအားလုံးကို ပိုမိုဆိုးဝါးစေသည့် စိန်ခေါ်မှုတစ်ရပ်မှာ ဒေသခံ ဘာသာစကားများကို နားမလည်ခြင်းနှင့် ၎င်းတို့ပြောသော စကားများကို ဒေသခံများမှ နားမလည်ခြင်းဖြစ်သည်။ “ဒေသခံဘာသာစကားကို နားမလည် တာက ကျွန်မအမြင်မှာ အတားအဆီးကြီးတစ်ခုလို့ မြင်တယ်။ ပြီးတော့ ကျွန်မရဲ့ အမြင်တွေနဲ့ သဘောထားတွေက ဒေသခံတွေနဲ့ အလှမ်းကွာနေ တယ်” ဟု ပါဝင်သူ (၃) မှဆိုခဲ့သည်။ ဘာသာစကားအတားအဆီးများသည် ဆက်သွယ်ဆက်ဆံရေး ပြဿနာများနှင့် နားလည်မှု လွဲမှားခြင်းများဆီသို့ ဦးတည်သွားစေနိုင်ပြီး လူ့အသိုင်းအဝိုင်းထဲသို့ အပြည့်အဝ ပေါင်းစည်းဝင် ရောက်သည့်အခါနှင့် ရှိနေသည့် ရင်းမြစ်များကို အသုံးချသည့်အခါ အခက်အခဲ များဖြစ်စေသည်။ ထို့ပြင် ခွဲခြားဆက်ဆံခြင်းနှင့် ဘက်လိုက်မှုများကိုလည်း ဖြစ်ပေါ်စေနိုင်ပြီး ၎င်းတို့သည် မီဇိုရမ်မှ နေ့စဉ်ဘဝများတွင် စိမ့်ဝင်နေသည့် အဖြစ်များသော ပြဿနာများဖြစ်ကြသည်။ ပါဝင်သူ (၂) မှ ပြောသည်မှာ —

မြန်မာနိုင်ငံကနေ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတယ်ဆို တဲ့ သတင်းတွေ တက်လာပြီးနောက်မှာ ဒေသခံတွေက ကျွန်မ တို့အပေါ် ပိုမိုအထင်သေးလာကြပြီးတော့ ဂုဏ်သိက္ခာလည်း ပိုမိုကျဆင်းခဲ့ရတယ်။ ကျွန်မ သစ်သီးရောင်းတဲ့အလုပ်ကို အချိန်ပိုင်းလုပ်နေခဲ့တုန်းက ဖိနပ်သန့်ရှင်းရေး လုပ်ခိုင်းတာမျိုး အလုပ်နဲ့ မဆိုင်တဲ့၊ သိက္ခာကျစေတဲ့အလုပ်တွေကို သူဌေးက ဖိအားပေးပြီး ခိုင်းခဲ့တာတွေရှိတယ်။

အခြားပါဝင်သူတစ်ဦးမှ ဆိုခဲ့သည်မှာ —

ကျွန်မတို့လို မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် မီဇိုရမ်မှာ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို အခြေတကျယူထား နိုင်ဖို့ဆိုတာ ခက်ခဲတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ မြန်မာ ကလာတယ်ဆိုတာကို ပြောလိုက်ပြီဆိုတာနဲ့ ဒေသခံတွေရဲ့ ကျွန်မတို့နဲ့ ပြောဆိုဆက်ဆံတဲ့ ပုံစံတွေက ချက်ချင်းပြောင်း သွားကြတယ်။

ကျွန်ုပ်တို့ အခုတွေ့မြင်ရသည့်အတိုင်းပင် မီဇိုရမ်ရှိ ဒုက္ခသည်ချင်းအမျိုးသမီး များအတွက် အသက်မွေးဝမ်းကျောင်းအလုပ်များကို လက်လှမ်းမီရယူနိုင်ရန် သိသာထင်ရှားသော စိန်ခေါ်မှုများရှိနေသည်။ အဆိုပါစိန်ခေါ်မှုများသည် အလွှာအမျိုးမျိုးရှိပြီး ၎င်းတို့ထဲတွင် ဘာသာစကားအတားအဆီးများ၊ ခွဲခြား ဆက်ဆံခံရမှုများ၊ အထောက်အထားကတ်များ လျှောက်ထားရယူနိုင်ခြင်းမှ ဖယ်ထုတ်ထားခံရခြင်းနှင့် ၎င်းတို့၏ ပရော်ဖယ်ရှင်နယ် အသိအမှတ်ပြု လက်မှတ်များနှင့် စွမ်းဆောင်ရည်တို့ကို အသိအမှတ်မပြုခြင်းတို့အပါအဝင် တရားဝင်အထောက်အထားမရှိခြင်းများ စသည်တို့ပါဝင်သည်။ နေထိုင်စရိတ် မြင့်မားသည့်အပြင် လုပ်ခလစာများနည်းပါးခြင်းသည် အဆိုပါစိန်ခေါ်မှုများကို ပိုမိုဆိုးဝါးစေပြီး အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများ၏ ထောက်ပံ့မှုအပေါ် မှီခိုနေရလေ့ရှိသည်။ ယခုကဲ့သို့စိန်ခေါ်မှုများရှိနေသည့်တိုင် ဒုက္ခသည်ချင်းအမျိုးသမီးများသည် အံ့ဩဖွယ်ကောင်းလောက်သော ကြံ့ကြံ့ခံ နိုင်မှုနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြောင်းလဲနိုင်မှုတို့ကို ပြသနေကြသည်။ ကျွန်ုပ်၏ သုတေသနတွင် ပါဝင်ခဲ့သူ လေးဦးမှာ ၎င်းတို့၏ အခက်အခဲများအား မည်သို့မည်ပုံ အကောင်းဆုံးကိုင်တွယ်ရမည် သို့မဟုတ် ထိရောက်စွာ စီမံခန့်ခွဲ ရမည်နှင့် ပတ်သက်ပြီး သေချာရေရာမှု ရှိမနေကြပေ။ ပါဝင်သူ (၁) မှ “ကျွန်မ ကတော့ အိမ်မှာပဲ ဆာဗူးသီး လုပ်တယ်” ဟု သူ လုပ်ဆောင်နိုင်သည့် အရာ အပေါ်တွင်သာ အာရုံစိုက်ကြောင်းဆိုသည်။ သို့သော် အခြားပါဝင်သူတစ်ဦးမှ “(ဒီစိန်ခေါ်မှုတွေအတွက်) စနစ်ကျတဲ့ ဖြေရှင်းမှုမျိုး မရှိနေဘူး။ တစ်ခါတလေ ကျွန်မနားမှာရှိတဲ့ မြန်မာကလူတွေဆီကိုပဲ ရင်ဖွင့်ပြီး အကြံဉာဏ်တောင်းရ တယ်။ ဘုရားကျောင်းကိုသွားပြီး ဆုတောင်းစကားတွေထဲမှာ စိတ်သက်သာ ရာကို ရှာဖွေတယ် ပြီးတော့ မြန်မာပြည်က မိသားစုနဲ့ အဆက်အသွယ် မပြတ် အောင်နေတယ်” ဟု ပြောဆိုခဲ့သည်။ ဤအချက်များကိုကြည့်ပါက လူမှု အသိုင်းအဝိုင်းများနှင့် ပတ်ဝန်းကျင်မှ ကူညီပံ့ပိုးမှုများသည် အရေးကြီးသော ရင်ဆိုင်ဖြေရှင်းမှု ယန္တရားများ ဖြစ်နေသည်။

သုတေသနအကန့်အသတ်များ

၁။ သုတေသနအတွက် နမူနာယူသည့် ပမာဏအရွယ်အစား သေးငယ်ခြင်း

ဤလေ့လာမှုသည် အမျိုးသမီး လေးဦးတည်းကိုသာ အင်တာဗျူးထားသည့် အချက်အလက်များပေါ်တွင် အခြေခံထားသောကြောင့် မီဇိုရမ်ရှိ ချင်းအမျိုး သမီးအားလုံး၏ စုံလင်ကွဲပြားသော အတွေ့အကြုံများကို အပြည့်အဝ ကိုယ်စားပြုနိုင်ခြင်း ရှိချင်မှ ရှိပါမည်။

၂။ ခြုံငုံမိမှုတွင် အကန့်အသတ်ရှိနေခြင်း

ရှာဖွေတွေ့ရှိချက်များသည် မီဇိုရမ်အတွက် သီးသန့်ဖြစ်နေကာ အိန္ဒိယ သို့မဟုတ် အခြားနေရာများမှ ချင်းဒုက္ခသည်များအပေါ် အသုံးချနိုင်မှု ရှိချင် မှ ရှိပါမည်။

၃။ ကိုယ်တိုင်တင်ပြထားသည့် အချက်အလက်များပေါ်တွင် မှီခိုထားရမှု

ဤလေ့လာမှုသည် ကိုယ်တွေ့ဖြစ်ရပ်များပေါ်တွင် အခြေခံထားခြင်း ဖြစ်သောကြောင့် မှတ်မိသည့် အကြောင်းအရာများ သို့မဟုတ် တစ်ဦးချင်း ၏ အမြင်များမှ လွှမ်းမိုးမှုများရှိနေနိုင်သည်။

၄။ ရေရှည်ကာလအတွက် ခွဲခြမ်းစိတ်ဖြာထားမှု မရှိနေခြင်း

ဤသုတေသနသည် လက်ရှိအတွေ့အကြုံများ၏ ပုံရိပ်တစ်ခုကို ဖော်ပြပေး သော်လည်း အချိန်ကာလကြာလာသည်နှင့်အမျှ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လက်လှမ်းမီမှုအပြောင်းအလဲများကို မှတ်တမ်းတင်စောင့်ကြည့် ထားခြင်း မရှိပေ။

၅။ ဥပဒေပိုင်းဆိုင်ရာနှင့် မူဝါဒပိုင်းဆိုင်ရာ အကန့်အသတ်များ

ဤလေ့လာမှုသည် အိန္ဒိယရှိ ဒုက္ခသည် အခြေအနေနှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ လက်လှမ်းမီမှုတို့အပေါ်တွင် သက်ရောက်မှုများရှိသည့် နယ်စပ် ဥပဒေပိုင်းဆိုင်ရာနှင့် မူဝါဒပိုင်းဆိုင်ရာ မူဘောင်များကို အတွင်း ကျကျ စူးစမ်းလေ့လာထားခြင်းမရှိပေ။

အကြံပြုချက်များ

၁။ သုတေသနအတွက် နမူနာယူသည့် ပမာဏကို ပိုမိုချဲ့ထွင်ရန်

အနာဂတ်သုတေသနများသည် ပိုမိုကျယ်ပြန့်ပြည့်စုံသော ခွဲခြမ်းစိတ်ဖြာမှု တစ်ရပ်ရနိုင်ရန် မတူညီသော အသက်အရွယ်အပိုင်းအခြား အုပ်စုများ၊ အလုပ်အကိုင်များနှင့် ပညာရေးနောက်ခံများမှ ပုဂ္ဂိုလ်များကို ထည့်သွင်း သင့်သည်။

၂။ နှိုင်းယှဉ်လေ့လာမှုများ

မီဇိုရမ်မှ ချင်းဒုက္ခသည်များနှင့် အိန္ဒိယ နိုင်ငံ အခြားပြည်နယ်များ သို့မဟုတ် မတူညီသော နောက်ခံများမှ ဒုက္ခသည်လူအုပ်စုများနှင့် နှိုင်းယှဉ်လေ့လာမှု မျိုးသည် ပိုမိုနက်ရှိုင်းသော အသိအမြင်များ ဖော်ထုတ်ပေးအပ်နိုင်သည်။

၃။ ရေရှည်သုတေသန

အချိန်ကာလကြာလာသည်နှင့်အမျှ နောက်ဆက်တွဲလေ့လာမှုများ ဆောင်ရွက်ခြင်းသည် ရေရှည်လိုက်လျောညီထွေဖြစ်ရန် ပြောင်းလဲမှုနည်း ဗျူဟာများနှင့် စီးပွားရေးဆိုင်ရာ ပေါင်းစည်းမှုများကို အကဲဖြတ်လေ့လာရာ တွင် အထောက်အကူပြုနိုင်သည်။

၄။ မူဝါဒပိုင်းဆိုင်ရာ ဆက်စပ်ပတ်သက်မှု

ပိုမိုကောင်းမွန်သော တရားဝင်အသိအမှတ်ပြုမှု၊ အလုပ်လုပ်ကိုင်ခွင့်နှင့် လူမှုဖူလုံရေးကာကွယ်မှုများအတွက် တိုက်တွန်းအားပေးမှုလုပ်ရန် ရှာဖွေ တွေ့ရှိချက်များကို ဒေသတွင်း မူဝါဒရေးဆွဲသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မျှဝေသင့်သည်။

၅။ အရည်အသွေးမြှင့်တင်ရေး အစီအစဉ်များ

အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ပိုမိုမြင့်မားလာစေရန် ဒုက္ခသည်များနှင့် လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းများအနေဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ ဘာသာစကားသင်တန်း များနှင့် ပရော်ဖက်ရှင်နယ် အသိမှတ်ပြုလက်မှတ်များအား အသိအမှတ် ပြုရေးတို့အပေါ်တွင် အလေးပေးသင့်သည်။

နိဂုံး

မြန်မာနိုင်ငံရှိ နိုင်ငံရေးမတည်ငြိမ်မှုသည် အမျိုးသမီးများ၏ စီးပွားရေးဆိုင်ရာ ရေချိန်ညီမျှမှုအပေါ်တွင် ကြီးမားသော ထိခိုက်မှုရှိခဲ့ပြီး ၎င်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံရေးတည်ငြိမ်မှု၏ အရေးပါပုံကို မီးမောင်းထိုးပြ နေသည်။ ဤဆောင်းပါးထဲတွင် မျှဝေထားသော အတွေ့အကြုံများမှ အားလုံး ပိုမိုပါဝင်မှုရှိသော မူဝါဒများ၊ ဒုက္ခသည်များ၏ အရည်အချင်းများကို အသိ အမှတ်ပြုခြင်းများ၊ ဘာသာစကားသင်တန်းအစီအစဉ်များနှင့် ခွဲခြားဆက်ဆံမှု ကို တိုက်ဖျက်ရန် အစီအစဉ်များ အရေးတကြီးလိုအပ်နေမှုကို ထောက်ပြနေ သည်။ ဤအတွေ့အကြုံများ၏ အခြားသော သီးသန့်အစိတ်အပိုင်းများကို စူးစမ်းလေ့လာမှုပြုရန်နှင့် ထိရောက်မှုရှိသော စီးပွားရေးဆိုင်ရာ လုံခြုံစိတ်ချ စေရေးအတွက် ကြားဝင်ဆောင်ရွက်ချက်များဖန်တီးရန် သုတေသနများ ထပ်မံ ပြုလုပ်ရန် လိုအပ်နေသည်။ ကျွန်ုပ်တို့အနေဖြင့် မီဇိုရမ်ရှိ ဒုက္ခသည်ချင်းအမျိုး သမီးများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ပိုမိုတိုးတက် ရေးကို ရည်မှန်းချက်ထားထားသည့် သုတေသနပိုင်းဆိုင်ရာ အာရုံစိုက်မှုများ နှင့် မူဝါဒပိုင်းဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများ ပိုမိုလိုအပ်နေသည်။ ၎င်းတို့ ကြုံတွေ့နေရသော စီးပွားရေးနှင့် ဥပဒေပိုင်းဆိုင်ရာ စိန်ခေါ်မှုများသည် ပိုမို ပြည့်စုံကျယ်ပြန့်ပြီး စည်းစနစ်ကျသော အဖြေများလိုအပ်သည်။ ၎င်းတို့ ကြုံတွေ့နေရသည့် စီးပွားရေးနှင့် စနစ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ကိုယ်တွယ် ဖြေရှင်းခြင်းအားဖြင့် ၎င်းတို့မှ စီးပွားရေးဆိုင်ရာ အမှီအခိုကင်းမှုနှင့် ဘဝအရည် အသွေးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ အာဏာသိမ်းမှုကတည်းက ကြုံတွေ့ခဲ့ရသည့် ခက်ခဲမှုများအကြားမှ ချင်းအမျိုးသမီးဒုက္ခသည်များသည် မီဇိုရမ်၌ ၎င်းတို့၏ ဘဝသစ်ကို လျှောက်လှမ်းရာတွင် အံ့ဩဖွယ်ကောင်းသည့် ကြံ့ကြံ့ခံနိုင်စွမ်းနှင့် လုပ်ဆောင်နိုင်စွမ်းများကို ဖော်ထုတ်ပြသခဲ့ကြသည်။ သို့သော် စနစ်တကျ ဖွဲ့စည်းထားသော အထောက်အပံ့နှင့် ရင်းမြစ်များမရှိပါက ၎င်းတို့၏ အခြေ အနေများကို ကိုင်တွယ်ဖြေရှင်းရန် ဆက်လက်ပြီး ရုန်းကန်ကြရမည်ဖြစ်ကာ စီးပွားရေးဆိုင်ရာတိုးတက်မှု အနည်းငယ်သာ ရရှိကြမည်ဖြစ်သည်။

အဆုံးမှတ်စုများ

1 Hasnat, 2023.
2 UN Women, 2022; World Bank Group, 2023။
3 World Bank Group, 2023.
4 ၎င်းတို့၏ ဂျန်ဒါကြောင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများကို ရယူရာတွင် ထပ်ဆောင်းစိန်ခေါ်မှုများကြုံတွေ့ရလေ့ရှိသည့် ဒုက္ခသည်အမျိုးသမီးများ သီးသန့်ကြုံတွေ့ရ သော အန္တရာယ်များနှင့် အမျိုးသမီးဒုက္ခသည်များအတွက် သီးသန့်အခွင့်အရေးများကိုလည်း လက်စွဲမှ မီးမောင်းထိုးပြထားသည် (UN Women, 2022)။
5 Mallick, 2014.
6 Jops, 2017.
7 Choudhury, 2021.
8 Lungchuang, 2023.
9 Bahn, 2022.
10 Hasnet, 2023.
11 Choudhury, 2021.

ကိုးကားချက်များ

Bahn, D. (2022, November 13). Bangladesh refugees pushed into Mizoram. The New Indian Express. https://www.newindianexpress.com/nation/2022/nov/22/bangladesh-refugees-pushed-into-mizoram-2520806.html

Choudhury, A. R. (2021). Remembering a History of Brotherhood, Mizoram Is Welcoming Chin Refugees From Myanmar. The Wire. https://thewire.in/rights/remembering-a-history-of-brotherhood-mizoram-is-welcoming-chin-refugees-from-myanmar

Hasnat, K. (2023, February 6). As Chin families flow into Mizoram, a tale of hope & fear in refugee camps near Myanmar border. ThePrint. https://theprint.in/the-fineprint/as-chin-families-flow-into-mizoram-a-tale-of-hope-fear-in-refugee-camps-near-myanmar-border/1352019/

Jops, P. T. (2017). Negotiating Survival: Uncovering the Lived Experiences of Chin Refugee Women in Delhi, India who Engage in Risky Livelihoods [Unpublished doctoral dissertation]. University of New South Wales. https://doi.org/10.26190/unsworks/19757

Lungchuang, R. (2023, March 29). Is the refugee crisis in Mizoram finally breaking the state? East Mojo. https://www.eastmojo.com/mizoram/2023/03/29/is-mizorams-refugee-crisis-finally-breaking-the-state/

Mallick, S. K. (2014, May 11). Livelihood of Burmese Refugees and Homeless People in Delhi. Tata Institute of Social Sciences. https://www.academia.edu/9217494/Livelihood_of_Burmese_refugees_and_homeless_people_in_Delhi

UN Women. (2022). Gender-Sensitive Refugee Response Manual for Facilitators: Capacity Development Training for Civil Society Organizations. https://eca.unwomen.org/sites/default/files/2022-03/FINAL_21.03.2022_Manual%20for%20Facilitators%20EN.pdf

World Bank Group. (2023, March 28). Gender Dimensions of Forced Displacement (GDFD) Research Program. https://www.worldbank.org/en/topic/gender/brief/gender-dimensions-of-forced-displacement-gdfd-research-program