မီဇိုရမ်ရှိ ချင်းဒုက္ခသည်ကလေးသူငယ်များ ကြုံတွေ့ရသည့် ပညာရေးအခက်အခဲများ

ဇိုဟီရှား | Click here to read this article in English.

Cite as: 
ဇိုဟီရှား၊ (၂၀၂၅)၊ မီဇိုရမ်ရှိ ချင်းဒုက္ခသည်ကလေးသူငယ်များ ကြုံတွေ့ရသည့် ပညာရေးအခက်အခဲများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၆။ https://ijbs.online/?page_id=5491

အကျဉ်းချုပ်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှု ကြောင့် လူထောင်ပေါင်းများစွာတို့မှာ နေရပ်အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ ကြရပြီး လူငယ်များ ပညာရေးအဆက်ပြတ်ခဲ့ကြရသည်။ ချင်းလူမျိုးများစွာတို့ သည် ချင်းပြည်နယ်မှ အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ကာ အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်၌ ခိုလှုံကြရသည်။ ကလေးသူငယ်များစွာ အပါအဝင် ချင်းလူမျိုးများစွာတို့မှာ ခက်ခဲစွာ ရှင်သန်နေထိုင်ကြရသည်။

ပညာသင်ကြားခွင့်သည် အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ကလေး သူငယ်များ၏ လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ရေးအတွက် မရှိမဖြစ် လိုအပ်သည်။ အိန္ဒိယနိုင်ငံသည် ကုလသမဂ္ဂ ၏ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာကွန်ဗန်းရှင်းကို အတည်ပြုလက်မှတ် ရေးထိုးထားခြင်း မရှိသော်လည်း မီဇိုရမ်ပြည်နယ်အစိုးရသည် ၁၉၈၉ ကလေး သူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် အိန္ဒိယအစိုးရ၏ ၂၀၀၉ ကလေးသူငယ်များ လွတ်လပ်စွာ ပညာမသင်မနေရဥပဒေပါ ပြဋ္ဌာန်းချက်များ အရ ပညာသင်ကြားခွင့်ကို အသိအမှတ်ပြုလက်ခံထားသည်။ ချင်း ဒုက္ခသည် ကျောင်းသားများသည် မီဇိုရမ်ရှိ ကျောင်းများတွင် တက်ရောက်ခွင့် ရရှိကြ သော်လည်း ပညာရေးဆိုင်ရာ အခက်အခဲများစွာကို ရင်ဆိုင်နေရဆဲဖြစ်သည်။

ဤလေ့လာမှုတွင် အခက်အခဲစိန်ခေါ်မှုများနှင့် ကျောင်းသားများက ယင်း အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းကျော်လွှားကြပုံများကို လေ့လာမည်ဖြစ် သည်။ မီဇိုရမ်ရှိ ဒုက္ခသည်ကလေးသူငယ်များ ပညာသင်ကြားခွင့် ရရှိရေး အတွက် ကူညီပေးရာတွင် အစိုးရကျောင်းများ၊ ပညာရေးမူဝါဒများနှင့် အရပ် ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍများကိုလည်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ဤလေ့လာမှုတွင် အရည်အသွေးအခြေပြုသုတေသနနည်းလမ်း များကို အသုံးပြုထားပြီး ကျောင်းသားကျောင်းသူ (၁၂) ဦး အပါအဝင် ချင်းပြည် နယ်မှ နေရပ်စွန့်ခွာထွက်ပြေးလာရသူ (၁၇) ဦးတို့အား အင်တာဗျူးထားသည့် အချက်အလက်များ ပါဝင်သည်။ ဘာသာစကားနှင့် သင်ရိုးညွှန်းတမ်းဆိုင်ရာ အခက်အခဲများ၊ ငွေကြေးဆိုင်ရာ ပြဿနာများနှင့် အထောက်အထားစာရွက် စာတမ်း မရှိခြင်းတို့က အဓိကအခက်အခဲများ ဖြစ်ကြောင်း သိရှိရသည်။ ချင်း ဒုက္ခသည် ကျောင်းသားများသည် ကိုယ်တိုင်လေ့လာသင်ယူခြင်း၊ သက်တူရွယ် တူနှင့် ဆရာများ၏ ပံ့ပိုးကူညီမှုနှင့် အပြုသဘောဆန်စွာ ပြုကျင့်ခြင်းတို့ဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းလျက် ရှိကြသည်။ ဒုက္ခသည်ကလေးသူငယ်များ အတွက် ပညာသင်ကြားခွင့်ကို အိမ်ရှင်လူမှုအသိုင်းအဝိုင်း၏ ဒေသန္တရအစိုးရ များက အာမခံချက်ပေးရမည်ဖြစ်ပြီး သို့မှသာ ဒုက္ခသည်ကလေးသူငယ်များ သည် အရည်အသွေးပြည့်ဝပြီး အားလုံးပါဝင်သည့် ပညာသင်ကြားခွင့်ကို ကျင့် သုံးနိုင်မည်ဖြစ်သည်။

နိဒါန်း

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လူ့အခွင့် အရေး ချိုးဖောက်မှုများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများသည် ၎င်းတို့၏ နေရပ်အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြရဆဲဖြစ်ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး အကျပ်အတည်းနှင့် အကြမ်းဖက်မှုများကြောင့် ပြည်သူများစွာတို့သည် မြန်မာ နိုင်ငံမှ ချင်းလူမျိုးများနှင့် ယဉ်ကျေးမှုသာမက ဘာသာစကားအရပါ နှောင်ဖွဲ့မှု ရှိသည့် မီဇိုရမ်ပြည်နယ်သားများရှိရာ အိန္ဒိယနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံ များ၌ ခိုလှုံကြရသည်။ အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံမှဒုက္ခသည်များ မဝင် ရောက်နိုင်အောင် နယ်စပ်များကို ပိတ်ထားရန် အမိန့်ပေးခဲ့သော်လည်း မစ္စတာ Pu Zoramthanga ဦးဆောင်သော မီဇိုရမ်အမျိုးသားတပ်ဦးအစိုးရက ယင်း အမိန့်ကို လျစ်လျူရှုကာ “တူညီသည့်မျိုးနွယ်” နှင့် “နက်ရှိုင်းသည့် မျိုးနွယ် နှောင်ကြိုးများ” ဟု ညွှန်းဆို၍ ချင်းဒုက္ခသည်များအား ဝင်ရောက်ခွင့်ပေးခဲ့ သည်။1 တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ် စသည့် ဒေသများမှ ချင်းလူမျိုးများစွာတို့သည် နေရပ်စွန့်ခွာကာ မီဇိုရမ်ပြည်နယ်ဘက် သို့ ထွက်ပြေးခဲ့ကြသည်။

ချင်းလူမျိုးများမှာ ဓလေ့ထုံးတမ်း အစဉ်အလာနှင့် ပြည့်စုံကြွယ်ဝပြီး ဘာသာစကားနှင့် မျိုးနွယ်အုပ်စု များစွာရှိသည့် လူမျိုးစုကြီးတစ်ခု ဖြစ်သည်။ ယနေ့ ချင်းလူမျိုးများသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့အပြင် ချင်းပြည် နှင့် ဝေးလံလှသည့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော ဒုက္ခသည် များစွာ ရှိသည့်နိုင်ငံများတွင် ပျံ့နှံ့နေထိုင်လျက်ရှိသည်။ ချင်းလူမျိုးတို့၏ ဘိုးဘေးများ သည် ချင်းတွင်းမြစ်တစ်လျှောက် မြန်မာနိုင်ငံဖြစ်လာမည့် နယ်မြေသို့ ရွှေ့ပြောင်းလာကြသည်ဟု ယေဘုယျအားဖြင့် နားလည်ထားကြသည်။ ယခု အခါ ချင်းလူမျိုးတို့သည် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေထိုင်ကြသည်။ မြန်မာအာဏာပိုင်များက ချင်းတိုင်းရင်းသားများကို “မျိုးနွယ်ခွဲ” (၅၃) မျိုး ခွဲခြားထားသည်။ အချို့ကမူ ချင်းလူမျိုးခေါင်းစဉ်အောက်တွင် အရှို၊ ချိုး (သို့) ရှိုး၊ ခူမီး (သို့) မြို၊ လိုင်မီး၊ မီဇို (လူရှိုင်း) နှင့် ဇိုမီး ဆိုသည့် အဓိကအုပ်စုကြီး (၆) ခု ရှိသည်ဟုဆိုကြသည်။2 ထင်ရှားသော ချင်းသုတေသီနှင့် နိုင်ငံရေးသမားတစ်ဦး ကမူ ချင်းတိုင်းရင်းသားလူမျိုးစုများကို အုပ်စုငယ် (၆၉) စု ခွဲခြားထားသည်ဟု ဆိုသည်။3 ချင်းလူမျိုးအများစု မူလအခြေချနေထိုင်ခဲ့သည့် ဒေသများမှာ တော တောင်ထူထပ်ပြီး ဝေးလံခေါင်ဖျားသည့် ဒေသများဖြစ်ရာ အုပ်စုများ အချင်း ချင်းအကြား ကူးလူးဆက်ဆံမှု မရှိခဲ့ပေ။ ထို့ကြောင့် မတူညီသည့် ဘာသာ စကားများစွာ ဖြစ်ပေါ်လာကာ ထိုဘာသာစကားအများစုကိုလည်း အချင်းချင်း နားလည်နိုင်စွမ်း မရှိဖြစ်လာကြသည်။ ချင်းဘာသာစကားများကို ဇိုမီး၊ လိုင်ဇို၊ လိုင်ပီ၊ ချိုး၊ မတူ၊ ခူမီး၊ အရှို၊ မီဇို ဟူ၍ ဘာသာစကား (၈) မျိုး ခွဲခြားနိုင်သည်ဟု ပညာရှင်တစ်ဦးက ဆိုသည်။4

ဒုက္ခသည်ကလေးသူငယ်များနှင့် လူငယ်များအား အရည်အသွေးပြည့်ဝ သည့် ပညာသင်ကြားခွင့်ရရှိရေးအတွက် ဆောင်ရွက်နေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အဆိုအရ ၂၀၂၃ ခုနှစ် မေလ (၁) ရက်နေ့အထိ စာရင်းအရ မီဇိုရမ်ပြည်နယ်၌ မြန်မာနိုင်ငံမှ ဒုက္ခသည် (၄၀,၀၀၀) ကျော် နေထိုင်လျက်ရှိသည်။5 ယင်းဒုက္ခသည်များတွင် ထိခိုက်လွယ် ပြီး နေရပ်စွန့်ခွာထွက်ပြေးမှုဒဏ်ကို ခံစားနေရသည့် ကလေးသူငယ်အများ အပြား ပါဝင်နေသည်။ ဒုက္ခသည်ကလေးသူငယ်များမှာ အခြားသော အခက် အခဲများစွာ ရင်ဆိုင်နေကြရသော်လည်း ပညာသင်ကြားခွင့် လက်လှမ်းမီရေး မှာ အ‌ရေးကြီးဆုံးဖြစ်သည်။ မရေရာမှုများ၊ အသိပညာဗဟုသုတ နည်းပါးခြင်း၊ အထောက်အထားမရှိခြင်း၊ ဘာသာစကားအခက်အခဲများနှင့် ငွေကြေးဆိုင်ရာ အခက်အခဲများကြောင့် ပညာရေးလက်လှမ်းမီရေးမှာ ပိုမိုခက်ခဲနေကြသည်။

ပညာရေးသည် ကလေးသူငယ်များ စွမ်းဆောင်ရည် ပြည့်ဝဖြစ်ထွန်းလာ စေရန်အတွက် အလွန်အရေးကြီးသဖြင့် ပညာသင်ကြားခွင့် မရရှိခြင်းမှာ ဝမ်းနည်းဖွယ်ဖြစ်ပါသည်။ ကလေးသူငယ်များသည် အနာဂတ်ဖြစ်ပြီး တစ်နေ့ နေ့တစ်ချိန်ချိန်တွင် ပိုမိုကောင်းမွန်သည့် ကမ္ဘာလောကကို ဦးဆောင်တည် ဆောက်ကြမည့် ရတနာများဖြစ်သည်။ ကုလသမဂ္ဂ၏ ၁၉၄၈ ခုနှစ် လူ့အခွင့် အရေး ကြေညာစာတမ်းနှင့် ၁၉၈၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (CRC) မှာကတည်းက ပညာရေးသည် ကလေးသူငယ်တိုင်း လုံခြုံ ဘေးကင်း၍ အရည်အသွေးပြည့်ဝစွာ လက်လှမ်းမီ ရရှိရမည့် အခြေခံလူ့အခွင့် အရေးတစ်ရပ်အဖြစ် အစိုးရများက လက်ခံထားကြသည်။ ကုလသမဂ္ဂ၏ ကမ္ဘာ လုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသည့်ဖွံ့ဖြိုးမှုပန်းတိုင်များသည် အားလုံးပါဝင် သော၊ မျှတသော၊ အရည်အသွေး ပြည့်ဝသော ပညာရေးကို အာမခံရန်နှင့် အားလုံးအတွက် တစ်သက်တာ သင်ယူမှု အခွင့်အလမ်းများကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။ UNHCR က ဒုက္ခသည်များအတွက် ပညာရေးသည် မရှိမဖြစ် လိုအပ်ရသည့် အကြောင်းအရင်း (၄) ချက်ကို ထုတ်ဖော်ခဲ့သည်။6 ပထမအချက် မှာ ပညာရေးသည် လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်။ ဒုတိယအချက်မှာ ပညာ ရေးသည် ကာကွယ်စောင့်ရှောက်မှုပေးသည့် နည်းလမ်းတစ်ရပ်ဖြစ်သည်။ တတိယအချက်မှာ ပညာရေးသည် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့် ဆည်းပေးရာ၌ အထောက်အကူဖြစ်စေပြီး နောက်ဆုံးတစ်ချက်မှာ ပညာရေး သည် လူသားအရင်းအမြစ်ကို တည်ဆောက်ပေးခြင်းအားဖြင့် မိမိကိုယ်ကိုယ် အားကိုးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးသည်။

အိန္ဒိယနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာကွန်ဗန်းရှင်း (CRSR) ကို လက်မှတ်ရေးထိုးထား ခြင်းမရှိသော်လည်း CRC အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အတွက် အိန္ဒိယနိုင်ငံတွင် ခိုလှုံနေထိုင်နေကြသည့် (သို့) ဒုက္ခသည်အဖြစ် သတ် မှတ်ခံထားရသည့် ကလေးသူငယ်တစ်ဦးအား အိန္ဒိယနိုင်ငံတွင် မွေးဖွားလာ သည့် အခြားကလေးသူငယ်များနည်းတူ ကာကွယ်စောင့်ရှောက်မှုနှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေးအတွက် သင့်လျော် သည့် အစီအမံများကို လုပ်ဆောင်ပေးရန် တာဝန်ရှိသည်။7 မီဇိုရမ်ပြည်နယ် အစိုးရက ချင်းဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ ပေးနေပြီး ဒုက္ခသည်ကလေးသူငယ်များအား ဒေသခံကျောင်းသား များနည်းတူ ကျောင်းတက်ခွင့်၊ ကျောင်းလခကင်းလွတ်ခွင့်နှင့် နေ့လယ်စာ ပံ့ပိုးပေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။ သို့သော်လည်း မီဇိုရမ်ပြည်နယ်၌ ပညာသင်ကြားခွင့်ရရှိရေး ကြိုးပမ်းရာတွင် ချင်းဒုက္ခသည်ကျောင်းသားများ အတွက် အခက်အခဲများ ရှိနေဆဲဖြစ်သည်။ ဤလေ့လာမှုသည် အဆိုပါအခက် အခဲများ ပိုမိုသိရှိနားလည်ရန်နှင့် ဒေသတွင်း မီဇိုရမ် ကျောင်းများ၌ ချင်းဒုက္ခ သည်ကလေးသူငယ်များ ရှင်သန်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် ကိစ္စများ ကို ရှာဖွေနိုင်ရန် ရည်ရွယ်သည်။ မြန်မာနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်ရှိ အစိုးရ ပညာရေးမူဝါဒများကို ပြည့်စုံစွာဖော်ပြထားပြီး ချင်းဒုက္ခသည်ကလေးသူငယ် များ ပညာသင်ကြားခွင့်ရရှိရေးအတွက် အခက်အခဲများအား မည်ကဲ့သို့ ရင်ဆိုင် ဖြေရှင်းကြသည်ကိုလည်း မေးမြန်းထားပါသည်။ ဤဆောင်းပါးကို နည်းစနစ် ဆိုင်ရာ ရှင်းလင်းချက်၊ သက်ဆိုင်ရာပညာရေးမူဝါဒများအား လေ့လာဆန်းစစ် ချက်၊ ကျောင်းသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဖြေရှင်း သည့်နည်းလမ်းများအပေါ် စာတမ်း၏ တွေ့ရှိချက်များနှင့် နိဂုံး စသည့် အပိုင်း (၄) ပိုင်းဖြင့် ဆက်လက်ဖော်ပြပါမည်။

သုတေသနနည်းနာ

ဤလေ့လာမှုသည် မီဇိုရမ်ပြည်နယ်ရှိ ဒုက္ခသည်ကလေးသူငယ်များ၊ မိဘများ၊ ဆရာများ၊ ကျောင်းအုပ်နှင့် လူမှုကူညီရေးဝန်ထမ်းတစ်ဦးတို့၏ ကြုံတွေ့ခဲ့ရ သည့် အတွေ့အကြုံများနှင့် ထင်မြင်ယူဆချက်များကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်စေမည့် အရည်အသွေးစံထားသုတေသနနည်းနာ (qualitative) ကို အသုံးပြုထားပါသည်။ ထိုနည်းနာသည် ခံစားချက်၊ ထင်မြင်ယူဆ ချက်များကို ကိုယ်ပိုင်စကားလုံးဖြင့် ဖော်ပြနိုင်စေသည့်အတွက် ထိခိုက်လွယ် အုပ်စုများအား လေ့လာရာ၌ သင့်လျော်ပါသည်။8

ဇယား(၁)
သုတေသနတွင်ပါဝင်သော ကျောင်းသားစာရင်းနှင့် အချက်အလက်များ။

စဉ်အသက်ပညာရေးကျောင်းမိခင်ဘာသာ စကားမြို့နယ်
P-1၉Class 3ပုဂ္ဂလိက/ Neuhofဖလမ်းဖလမ်း
P-2၁၁Class 3Presbyterianဇိုမီးတီးတိန်
P-3၁၂Class 4Presbyterianဇိုမီးတီးတိန်
P-4၁၃Class 4အစိုးရဖလမ်းဖလမ်း
P-5၁၃Class 6Presbyterianမတူပီမတူပီ
P-6၁၂Class 6အစိုးရခွါဆင်းမ်ဖလမ်း
P-7၁၂Class 6ပုဂ္ဂလိက/ ဘာသာရေးကျောင်းထန်တလန်လိုင်
P-8၁၆Class 7Presbyterianမတူပီမတူပီ
P-9၁၆Class 9ပုဂ္ဂလိက/ Neuhofဇိုမီးတီးတိန်
P-10၁၇Class 9အစိုးရဖလမ်းဖလမ်း
P-11၁၇Class 10ပုဂ္ဂလိက/ Solomonချိုးမင်းတပ်
P-12၁၇Class 10အစိုးရလိုင်ထန်တလန်

ဇယား (၂)
သုတေသနတွင်ပါဝင်သော ကျောင်းသားမဟုတ်သူများ စာရင်းနှင့် အချက် အလက်များ။ “စီဒီအမ်” ဟူသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု တွင် ပါဝင်သူကို ရည်ညွှန်းသည်။

စဉ်ရာထူး/ဆက်နွှယ်မှုကျောင်းမှတ်ချက်
P-13ဆရာPresbyterian 
P-14ကျောင်းအုပ်အစိုးရကျောင်း 
P-15မိဘ–စီဒီအမ်
P-16မိဘ–စီဒီအမ်
P-17လူမှုကူညီရေးဝန်ထမ်း–စီဒီအမ်

အိုက်ဇောမြို့ရှိ ဒုက္ခသည်ကျောင်းသားများနှင့် တစ်ဦးချင်းအင်တာဗျူး (၁၂) ခု ပြုလုပ်ကာ အချက်အလက်များကို ကောက်ယူထားပြီး မိဘ (၂) ဦး၊ ဆရာ (၁) ဦး၊ ကျောင်းအုပ် (၁) ဦးနှင့် လူမှုကူညီရေးဝန်ထမ်း (၁) ဦး တို့ထံမှ ကောက်ယူ ထားသော အချက်အလက်များဖြင့် ဖြည့်စွက်ထားသည်။ အဆိုပါ တွေ့ဆုံမေး မြန်းခဲ့သူများတွင် အစိုးရကျောင်းများတွင် တက်ရောက်နေကြသော မူလတန်း ကျောင်းသား (၈) ဦးနှင့် ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်နေကြသော မူလတန်းကျောင်းသား (၄) ဦးတို့ ပါဝင်သည်။

အင်တာဗျူးခဲ့သည့် ကျောင်းသားများအား ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာ သိမ်းပြီးနောက် ချင်းပြည်မှ ထွက်ပြေးတိမ်းရှောင်လာသော ကျောင်းသားများ အုပ်စုမှ မိခင်ဘာသာစကား ပြောဆိုမှုအမျိုးမျိုးအပေါ် အခြေခံ၍ ကျပန်းရွေး ချယ်ခဲ့သည်။ အခြား ကျောင်းသားမဟုတ်သည့်၊ အရွယ်ရောက်ပြီးဖြစ်သော ဖြေဆိုသူများကို ကလေးသူငယ်များ၏ ပညာရေးဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍ မှတ်ချက်ပေးနိုင်ရန် ရည်ရွယ်လျက် ရွေးချယ်ခဲ့သည်။ ၎င်းတို့ တစ်ဦးချင်းစီ၌ မတူကွဲပြားခြားနားသော အခန်းကဏ္ဍနှင့် ကျွမ်းကျင်မှုများ ရှိကြသည်။ ကျောင်းအုပ်နှင့် ဆရာတို့သည် ၎င်းတို့၏ ကျောင်းအသီးသီး၌ ဒုက္ခသည်ကလေးသူငယ်များအား လက်ခံခြင်း၊ ငြင်းပယ်ခြင်းနှင့် ဆက်သွယ် ဆောင်ရွက်ခြင်းတို့အတွက်တာဝန်ရှိကြသည်။ အစိုးရမဟုတ်သောနိုင်ငံတကာ အဖွဲ့အစည်း (INGO) မှ လူမှုကူညီရေးဝန်ထမ်းက ဒုက္ခသည်များကို အကြံ ဉာဏ်များပေးပြီး မီဇိုရမ်ပြည်နယ်တွင် ကျောင်းတက်နိုင်မည့် နည်းလမ်းများ ကို အကြံပြုပေးသည်။

ဖြေဆိုသူများအားလုံးသည် သုတေသနတွင် ပါဝင်ခြင်းမပြုမီ ၎င်းတို့၏ သဘောဆန္ဒအလျောက် ပါဝင်ခြင်းဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။ ၎င်းတို့အား သုတေသနလုပ်ငန်းစဉ်၊ ရည်မှန်းချက်များ၊ အချိန်၊ နေရာနှင့် ထွက်ပေါ်လာမည့်ရလဒ်အား အသုံးချမည့်ပုံစံတို့အပြင် သုတေသနလုပ်ငန်း၏ ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်နှင့် အကျိုးကျေးဇူးများကိုပါ အသိပေးပြော ကြားခဲ့သည်။ သုတေသီက ကလေးသူငယ်များကို တွေ့ဆုံမေးမြန်းခွင့် ရရှိရေး အတွက် မိဘများနှင့် အုပ်ထိန်းသူများထံမှ ခွင့်ပြုချက်များ တောင်းခံခဲ့ပြီး၊ မိဘများနှင့် အုပ်ထိန်းသူအားလုံးထံမှ နှုတ်ဖြင့် သဘောတူညီချက်ရရှိခဲ့သည်။

ဖြေဆိုသူအားလုံးအနေဖြင့် သုတေသနတွင် ဆက်လက်မပါဝင်လိုပါက အချိန်မရွေး ထွက်ခွာခွင့်ရှိပါသည်။ သုတေသနလုပ်ငန်းစဉ် တစ်လျှောက်လုံး၌ ကလေးသူငယ်များ၏ ဂုဏ်သိက္ခာကို လေးစားလိုက်နာကာ ယုံကြည်မှုကို တိုးပွားစေခဲ့သည်။ ကိုယ်ရေးအချက်အလက်လုံခြုံမှု၊ လျှို့ဝှက်မှုနှင့် အမည် ဖော်ပြခြင်းမပြုဘဲ အချက်အလက်များ စီမံနိုင်မှုတို့ကို အာမခံနိုင်စေရန် အတွက် အမည်ဝှက်များကို အသုံးပြုခဲ့ပါသည်။ မေးခွန်းများမှာ ပွင့်လင်း၍ ဘက်လိုက်မှုမရှိသော နားလည်နိုင်သည့် မေးခွန်းများဖြစ်ပြီး qualitative အချက်အလက်များ ထုတ်ဖော်နိုင်ရန် အဓိကထားပါသည်။ အင်တာဗျူးများကို ၂၀၂၃ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် ဇိုမီး၊ မီဇိုနှင့် ဗမာဘာသာစကားတို့ဖြင့် ဆောင်ရွက်ခဲ့သည်။ ကလေးသူငယ်များ၏ အသက်အရွယ်နှင့် ရင့်ကျက်မှု အပေါ်မူတည်၍ အင်တာဗျူးတစ်ခုချင်းစီ၏ ကြာချိန်မှာ ကွဲပြားမှုရှိပါသည်။ သုတေသီအနေဖြင့် အင်တာဗျူးများကို ဤဆောင်းပါး၏ မူလမူကြမ်းဘာသာ စကားဖြစ်သည့် အင်္ဂလိပ်ဘာသာ စာသားများအဖြစ်သို့ ပြောင်းလဲရန် ရက် သတ္တပတ် (၂) ပတ်ကြာ အချိန်ယူခဲ့သည်။

ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း မီဇိုရမ်ရှိ ဒုက္ခသည်ကျောင်းသားများ အတွက် ပညာရေးမူဝါဒများကို ဆန်းစစ်နိုင်ရန် အင်တာဗျူးများအပြင် စာတမ်း လေ့လာမှုများကိုပါ ဖြည့်စွက်ဆောင်ရွက်ခဲ့သည်။ ထိုသို့လေ့လာရာ၌ မြန်မာ နိုင်ငံ၏ အမျိုးသားပညာရေးဥပဒေ (၂၀၁၄)၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၅) နှင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) (NESP) တို့ ပါဝင်သည်။ အိန္ဒိယဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ် ၏ ပညာရေးမူဝါဒများကို လေ့လာနိုင်ရန်အတွက် မီဇိုရမ်ပညာရေးအက်ဥပဒေ (၂၀၀၃)၊ ကလေးသူငယ်များ၏ အခမဲ့ မသင်မနေရပညာသင်ကြားခွင့် အက် ဥပဒေ (၂၀၀၉) (RTE) ၊ မီဇိုရမ်ပြည်နယ်၏ ပညာရေးမူဝါဒ (၂၀၁၃) (EPM) နှင့် အမျိုးသားပညာရေးမူဝါဒ (NEP) (၂၀၂၀) တို့ကိုလည်း လေ့လာဆန်းစစ်မှု ပြုခဲ့သည်။

သက်ဆိုင်ရာပညာရေးမူဝါဒများနှင့် ၎င်းတို့၏ အကျိုးသက်ရောက်မှုများ

ဤအပိုင်းတွင် မြန်မာနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်တို့၏ ပညာရေးမူဝါဒများ အကြောင်း ဆွေးနွေးကာ ချင်းဒုက္ခသည်ကလေးများအပေါ် ယင်းမူဝါဒများ၏ အကျိုးသက်ရောက်မှုများကို ရှင်းလင်းပါမည်။

မြန်မာနိုင်ငံ ပညာရေးမူဝါဒ

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ၂၀၁၆-၂၀၂၁ မှ NESP ဖြင့် ဦးဆောင်လမ်းပြ ထားသည်။ NESP သည် ပညာရေးဝန်ကြီးဌာနက အရပ်သားအုပ်ချုပ်မှု အောက်တွင် ရှိနေစဉ်ကာလအတွင်းက သက်ဆိုင်သူအသီးသီး၏ ပူးပေါင်းပါ ဝင်မှု၊ တိုင်ပင်ဆွေးနွေးမှုတို့ဖြင့် ရေးဆွဲထားသော စီမံချက်ဖြစ်သည်။

မြန်မာအာဏာပိုင်များသည် ထင်ရှားသော ဘာသာစကားများနှင့် ယဉ်ကျေးမှုများရှိသည့် လူမျိုး (၁၃၅) မျိုးကိုသာ ကာလရှည်ကြာ အသိအမှတ် ပြုခဲ့ပါသည်။ နိုင်ငံ၏ တရားဝင်ဘာသာစကားမှာ လူများစု ဗမာတိုင်းရင်းသား အုပ်စု၏ ဘာသာစကားဖြစ်သော မြန်မာ(ဗမာ)ဘာသာစကား ဖြစ်ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာတိုင် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်အစိုးရသည် ၎င်းတို့အား လက်သင့်ခံလာစေရေးနှင့် ဗဟိုချုပ်ကိုင်ရေးမူဝါဒ၏ တစ်စိတ်တစ် ပိုင်းအဖြစ် တိုင်းရင်းသားဘာသာစကားများ အသုံးပြုခြင်းနှင့် သင်ကြားခြင်း တို့ကို ဖိနှိပ်ခဲ့သည်။9

၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် စာသင်ကျောင်းများကို နိုင်ငံတော်ပိုင် ပြုလုပ်ခဲ့ကြပြီး သင်ကြားရေး၌ ဗမာဘာသာစကားကိုသာ ပိုမိုအသုံးပြုခဲ့သည်။ ဗမာဘာသာစကားမှလွဲ၍ အခြားမည်သည့်ဘာသာစကားကိုမျှ ပညာရေး၌ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိခဲ့ပါ။10 ၁၉၆၂ မှ ၂၀၁၁ အတွင်းတွင် မြန်မာဘာသာ စကားသည် အုပ်ချုပ်ရေးနှင့် ပညာရေးအတွက် တစ်ခုတည်းသော အမှန် တကယ်အသုံးပြုသည့် ဘာသာစကားဖြစ်ခဲ့ပြီး လူနည်းစု (တိုင်းရင်းသား) ဘာသာစကားများမှာ ဖိနှိပ်ဖယ်ကြဉ်ခံခဲ့ရသည်။11 ပုံမှန် အစိုးရ ထိန်းချုပ်သည့် ကျောင်းများနှင့်မတူဘဲ အစိုးရထိန်းချုပ်ဒေသများမှ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ အထူးသဖြင့် ယုံကြည်မှုအခြေခံကွန်ရက်များ သာဓကဆိုရသော် ကရင်နှင့် ချင်းခရစ်ယာန်ဘုရားကျောင်းများနှင့် မွန်နှင့် ရှမ်းဘုန်းကြီးကျောင်း များမှာ ဖိနှိပ်မှုများ ရှိနေသည့် အခြေအနေများ၌ ကျောင်းချိန်ပြင်ပတွင် လိုအပ် ချက်အရ သင်ကြားပေးနိုင်ရန် ရုန်းကန်ဆောင်ရွက်ခဲ့ကြရသည်။12

၂၀၁၁ ၌ စတင်ခဲ့သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနောက်တွင် မိခင် ဘာသာစကားအခြေပြု ဘာသာစကားမျိုးစုံပညာရေး (MTB-MLE) ကို စတင် မိတ်ဆက်ခဲ့ပြီး အခြေခံပညာရေးအတွက် ဗမာဘာသာစကား မဟုတ်သည့် အခြားဘာသာစကားများကို သင်ကြားရန်နှင့် အသုံးပြုရန် ခွင့်ပြုခဲ့သည်။ MTB-MLE ၏ အကောင်အထည်ဖော်ဆောင်မှုသည် ပြဋ္ဌာန်းစာအုပ်၊ သင်ကြား ရေးဝန်ထမ်းနှင့် ရန်ပုံငွေ ရရှိနိုင်မှုအပေါ် မူတည်ပြီး ထိုအရာများသည် ရှားပါး ပြီး မမျှမတဖြန့်ဝေလေ့ရှိသည့် အရင်းအမြစ်များဖြစ်သည်။13

မြန်မာနိုင်ငံတွင် အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ ခုနှစ်၌ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အတည်ပြုခဲ့ရာ ပိုမိုအားကောင်းခိုင်မာလာခဲ့သည်။ ယင်းဥပဒေတွင် နိုင်ငံသား အားလုံးအတွက် မူလတန်းအဆင့် မသင်မနေရအခမဲ့ပညာသင်ကြားခွင့်ကို အသိအမှတ်ပြုရေး၊ ၂၁ ရာစုတွင် လိုအပ်သည့်ကျွမ်းကျင်မှုများကို အဓိကထား သည့် “သူငယ်တန်း +၁၂ တန်း” ဖွဲ့စည်းပုံအသစ်နှင့် ကိုက်ညီသည့် အခြေခံ ပညာရေးသင်ရိုးညွှန်းတမ်းကို ချဲ့ထွင်ရေးဆွဲရေး၊ တိုင်းရင်းသားဘာသာစကား များနှင့် ယဉ်ကျေးမှုများအား သင်ယူမှုကို ပံ့ပိုးရေးနှင့် ပညာရေးစနစ်၏ ဗဟို ချုပ်ကိုင်မှုလျှော့ချရေး စသည်တို့အတွက် ကောင်းမွန်သည့် နိုင်ငံလုံးချီမူဘောင် တစ်ရပ်ကို ပံ့ပိုးပေးထားသည်။

ချင်းပြည်နယ်ရှိ ချင်းလူမျိုးများတွင် အခြားသော တိုင်းရင်းသားများကဲ့သို့ ဘုံဘာသာစကား မရှိသည့်အတွက်ကြောင့် မိခင်ဘာသာစကား သင်ကြားရေး မှာ ကျောင်းပြင်ပသင်ရိုးအဖြစ် သတ်မှတ်ထားခံရဆဲဖြစ်သည်။ သင်ကြားရေး ဝန်ထမ်းနှင့် စာသင်ချိန် လုံလောက်မှု မရှိသကဲ့သို့ MTB-MLE အတိုင်း ဆောင် ရွက်နိုင်စွမ်းလည်း မရှိပါ။ ၂၀၁၅ ခုနှစ် ပြင်ဆင်ချက် ဥပဒေအရ တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုများ သင်ယူမှုကို ပံ့ပိုးပေးထားသော်လည်း ချင်း တိုင်းရင်းသား မိခင်ဘာသာစကားများ အသုံးပြုခွင့်အတွက် ဆောင်ရွက်နေကြ ရဆဲဖြစ်ပြီး သက်ဆိုင်သူအားလုံး၏ နိုင်ငံရေးဆန္ဒ၊ အပြန်အလှန်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိရန် လိုအပ်နေပြီး အစိုးရ၏ ပံ့ပိုးမှုကိုလည်း လိုအပ်လျက်ရှိပါသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစတင်၍ MTB-MLE မှာ အလွန်ပင် မသေချာမရေရာသည့် အနေအထားသို့ ရောက်ရှိသွားခဲ့ရသည်။ တိုင်းရင်းသား များသည် ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားများနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မြှင့်တင်ရန် စိတ်ပိုင်းဖြတ်ထားကြပြီး အများစု က ၎င်းတို့၏ အခွင့်အရေးများကို အသိအမှတ်ပြုကာ လက်ရှိအကျပ်အတည်း ကို ဖြေရှင်းပေးနိုင်မည့် ဖက်ဒရယ်နိုင်ငံရေးဖြေရှင်းမှုကို လိုလားတောင်းဆို ကြ သည်။ အာဏာသိမ်းမှုသည် တိုင်းရင်းသားများ၏ ရည်မှန်းချက်ဆန္ဒများကို အန္တရာယ် ဖြစ်စေသည့်အပြင် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများ ထပ်မံဖြစ်ပေါ်စေ ပြီး ကလေးသူငယ်များ၏ အခြေခံပညာရေးကို အနှောင့်အယှက်ဖြစ်စေကာ MTB-MLE နှင့် ၎င်းတို့၏ ဘာသာစကားဆိုင်ရာ အခွင့်အရေးများ ကျင့်သုံးနိုင် ရေးကိုလည်း ဝေးကွာသွားစေပါသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၏ ပညာရေးမူဝါဒ

အိန္ဒိယသည် လက်တွေ့အသုံးချ ဘာသာစကား အမျိုးအစုံလင်ဆုံးဖြစ်သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ပညာရေးလောကတွင် ဘာသာစကား (၄၇) မျိုး၊ သတင်းစာနယ်ဇင်းလောကတွင် (၈၇) မျိုး၊ ရေဒီယိုအသံလွှင့်ဌာနများတွင် (၇၁) မျိုး၊ ရုပ်ရှင်လောကတွင် (၁၃) မျိုး၊ ပြည်နယ်အဆင့် အုပ်ချုပ်ရေးလုပ်ငန်း များတွင် (၁၃) မျိုး ရှိကြောင်း နိုင်ငံတော်ဘာသာစကားတစ်ရပ် သီးခြားမရှိဘဲ ၁၉၅၀ ခုနှစ် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ ဟိန္ဒီနှင့် အင်္ဂလိပ်ဘာသာစကားတို့အား တရားဝင်ပူးတွဲဘာသာစကားအဖြစ် သတ်မှတ် ထားကြောင်း အိန္ဒိယနိုင်ငံရေးသမား Annamalai ဆိုသည်။14 ၂၀၀၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (၈၆ ကြိမ်မြောက် ပြင်ဆင်ချက်) အက်ဥပဒေတွင် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပုဒ်မ (၂၁-က) အား ထည့်သွင်းခဲ့ရာ အသက် (၆) နှစ်မှ (၁၄) နှစ် အတွင်းရှိ ကလေးသူငယ်များအားလုံးသည် မသင်မနေရအခမဲ့ပညာသင်ကြားခွင့် ရှိရမည်ဖြစ်ပြီး ပြည်နယ်တစ်ခုချင်း အနေဖြင့် ဥပဒေနှင့်အညီ သတ်မှတ်နိုင်သည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ၂၀၀၉ ခုနှစ် RTE အရ ကလေးသူငယ်တိုင်းအား အခြေခံလိုအပ်ချက်၊ စံနှုန်းများနှင့် ကိုက်ညီသည့် ပုံမှန်ကျောင်း၌ သင့်တင့်မျှတပြီး အရည်အသွေးပြည့်ဝသည့် အချိန်ပြည့်မူလတန်းပညာသင်ကြားခွင့် ပေးထားပါသည်။ RTE က ထည့်သွင်း ထားသည့် “မသင်မနေရအခမဲ့ပညာရေး” ဟူသော စကားရပ်တွင် “အခမဲ့” ဆိုသည်မှာ သက်ဆိုင်သည့်အစိုးရက ပံ့ပိုးပေးထားသော ကျောင်းများတွင် ကျောင်းအပ်နှံရာ၌ မည်သည့်ကလေးကမျှ ကျောင်းဝင်ကြေးဖြစ်စေ၊ ကျောင်း လခဖြစ်စေ၊ ကုန်ကျစရိတ်ဖြစ်စေ ပေးဆောင်စရာမလိုဟူ၍ ဆိုလိုပါသည်။ “မသင်မနေရ” ဟူသော စကားရပ်သည် မူလတမ်းပညာရေးအပ်နှံမှု၊ တက် ရောက်မှုနှင့် ပြီးစီးအောင်မြင်မှုတို့ကို အာမခံချက်ပေးရန်အတွက် အစိုးရနှင့် ဒေသအာဏာပိုင်များအပေါ် တာဝန်ပေးထားပါသည်။ အကယ်၍ အသက် (၆) နှစ်အထက် ကလေးသူငယ်တစ်ဦးသည် မည်သည့်ကျောင်းတွင်မျှ ဝင်ရောက် ခွင့်မရ ရှိသေးပါက ၎င်း၏ အသက်အရွယ်နှင့် ကိုက်ညီသင့်လျော်သည့် အတန်း တစ်တန်း၌ အပ်နှံနိုင်သည်။ ကျောင်းဝင်ခွင့်ရရှိသည့် ကလေးသည် အသက် (၁၄) နှစ်ကျော်လွန်နေစေကာမူ မူလတန်းပညာရေးပြီးဆုံးသည်အထိ အခမဲ့ ပညာသင်ကြားခွင့်ရှိသည်။ မီဇိုရမ်ပြည်နယ်အစိုးရသည် မီဇိုရမ်ပြည်သူများ၏ လိုလားချက်များနှင့် လိုအပ်ချက်များကို ထင်ဟပ်သည့် ပြည့်စုံသော စာတမ်း ဖြစ်သည့် ၂၀၁၃ ခုနှစ် EPM ကို RTE နှင့်အညီ သေချာစွာ ရေးဆွဲခဲ့သည်။

အိန္ဒိယအစိုးရ၏ ၂၀၂၀ ခုနှစ် NEP အရ သင်ရိုးညွှန်းတမ်းနှင့် သင်ကြား ရေးဆိုင်ရာ ဖွဲ့စည်းပုံနှင့် ကျောင်းပညာရေးအတွက် သင်ရိုးညွှန်းတမ်းမူဘောင် ကို အဆင့် (၄) ဆင့်ဖြင့် ဖွဲ့စည်းထားသည့် “၅+၃+၃+၄” ဒီဇိုင်းဖြင့် ကြီးကြပ် လမ်းညွှန်ရမည်ဖြစ်သည်။ အသက် (၃) နှစ်မှစ၍ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ပညာရေးအတွက် လေ့လာသင်ယူမှု၊ ဖွံ့ဖြိုးမှုနှင့် ကောင်းမွန်မှုတို့ ပိုမိုတိုးတက်လာစေရေးကို ရည်ရွယ်သော ခိုင်မာသည့် အခြေခံအုတ်မြစ်ကိုလည်း ထည့်သွင်းထားပါသည်။ ကလေးအနေဖြင့် မိမိ သင်ယူနေသည့်အရာကို နားလည်သည့်အခါ အကောင်းဆုံး သင်ယူနိုင်သည် ဟူသည့် ယူဆချက်ကို ထည့်သွင်း စဉ်းစားကာ မူလတန်း သင်ကြားမှုတွင် မိခင်ဘာသာစကားကိုသာ အသုံးပြုရန်နှင့် မူလွန်အတန်းများမှ စတင်၍ အင်္ဂလိပ်နှင့် ဟိန္ဒီဘာသာစကားများကို ထပ်ဆောင်းဘာသာစကားများအဖြစ် မိတ်ဆက်ရန် NEP က အလေးပေးဖော်ပြထားပါသည်။ သင်ကြားမှုကြားခံ ဘာသာစကားအတွက် ပထမဦးဆုံး ရွေးချယ်မှုမှာ ကလေး၏ အိမ်၌ ပြောသည့် ဘာသာစကား၊ မိခင်ဘာသာစကား (သို့) ကျောင်းတက်သည့် အစောပိုင်းနှစ် များ၌ အသုံးပြုသော ပထမဆုံးဘာသာစကား ဖြစ်ရပါမည်။ သို့သော်လည်း မီဇိုရမ်ကျောင်းများတွင် ၎င်းတို့၏ မိခင်ဘာသာစကားကို တတ်ကျွမ်းသည့် ဆရာများ မရှိသည့်အတွက် ဒုက္ခသည်ကလေးများမှာ မိခင်ဘာသာစကားဖြင့် သင်ကြားခွင့်မရရှိကြပါ။

အိန္ဒိယတွင် ဒုက္ခသည်များပညာရေးနှင့် စပ်လျဉ်းသော သီးခြားဥပဒေ (သို့) မူဝါဒမရှိသည့်အတွက် ချဉ်းကပ်ပုံနည်းလမ်းများမှာ ရပိုင်ခွင့်ထက် ပရဟိတအခြေခံ ဖြစ်နေသည်။15 အိန္ဒိယနိုင်ငံ၌ မွေးဖွားသည့် တိဘက် ဒုက္ခသည်များအတွက် အိန္ဒိယနိုင်ငံသားဖြစ်ခွင့်နှင့် ပညာသင်ကြားခွင့်များ ရရှိ သော်လည်း ယင်းအခွင့်အရေးများကို အခြားဒုက္ခသည်များထံသို့ ခံစားခွင့်ပေး ထားခြင်း မရှိပါ။ အိန္ဒိယနိုင်ငံသည် မူလတန်းပညာရေးကို အားလုံးလက်လှမ်း မီရရှိစေရေးအတွက် များစွာလုပ်ဆောင်ထားနိုင်ခဲ့သော်လည်း ဒုက္ခသည် ကလေးများ၏ သီးခြားလိုအပ်ချက်များကိုမူ ဖြေရှင်းပေးနိုင်ခြင်း မရှိပါ။16

ဗဟိုအစိုးရက နယ်စပ်ကို ပိတ်ဆို့ရန်နှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား ပြန်ပို့ရန် ညွှန်ကြားထားသော်လည်း “နက်ရှိုင်းသည့် မျိုးနွယ်နှောင်ကြိုး” နှင့် တူညီသည့် လူမျိုးဆက်နွှယ်မှုများကြောင့် မီဇိုရမ်အစိုးရက မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးပါသည်။ မီဇိုရမ်အစိုးရက မီဇိုရမ်ရှိ ဒုက္ခသည်ကလေးသူငယ်များအား ပညာသင်ကြားခွင့်ပေးထားခြင်း ကူညီထားသည်။ ထို့ကြောင့် မီဇိုရမ်ရှိ ဒုက္ခ သည်ကလေးသူငယ်များသည် ပညာသင်ကြားခွင့်ရရှိကြသော်လည်း ဒုက္ခသည် အရေးနှင့် တိုက်ရိုက်သက်ဆိုင်သော တိကျပြည့်စုံသည့် ပညာရေး မူဝါဒ မရှိ သောကြောင့် စိန်ခေါ်မှုအခက်အခဲအချို့ကို ရင်ဆိုင်နေရဆဲဖြစ်သည်။

ဒုက္ခသည်ကျောင်းသားများအပေါ် မူဝါဒသက်ရောက်မှုများ

မီဇိုရမ်ကျောင်းပညာရေးဌာနနှင့် ညွှန်ကြားရေးမှူး James Lalrinchhana ၏ ညွှန်ကြားချက်အရ ဒုက္ခသည်ကလေးများသည် RTE နှင့်အညီ မွေးစာရင်း သို့မဟုတ် ကျောင်းပြောင်းလက်မှတ်ကဲ့သို့သော စာရွက်စာတမ်းများကို ပြသ စရာမလိုဘဲ ၎င်းတို့အသက်အရွယ်နှင့် သင့်လျော်သည့် အတန်း၌ တက်ရောက် ခွင့်ရှိသည်။17 ပညာရေးဆိုင်ရာလိုအပ်ချက်နှင့် ဦးစားပေးကွာခြားမှုများအလိုက် စီစဉ်ဖြည့်တင်းပေးသည့် ကျောင်းအမျိုးအစားမျိုးစုံရှိပြီး ဒုက္ခသည်များသည် မည်သည့်ကျောင်းတွင် တက်ရောက်မည်ကို ရွေးချယ်နိုင်သည်။ သို့သော်လည်း အများစုမှာ ကျောင်းဝတ်စုံများ၊ ပြဋ္ဌာန်းစာအုပ်များနှင့် နေ့လယ်စာအား ဒေသခံ ကျောင်းသားများနည်းတူ အခမဲ့ရရှိနိုင်သည့် အစိုးရကျောင်းများတွင်သာ တက် ရောက်ကြသည်။18 Lalrinchhana ၏ အဆိုအရ ၂၀၂၁ တွင် မီဇိုရမ်ရှိ ကျောင်း များ၌ မြန်မာမှ ကလေး (၆,၁၉၅) ဦး ကျောင်းအပ်နှံခဲ့ကြောင်း သိရှိရသည်။ ယင်းအနက် (၅,၂၂၁) ဦးမှာ အစိုးရကျောင်းများ၌လည်းကောင်း၊ (၁၈၄) ဦးမှာ အစိုးရအထောက်အပံ့ပေးထားသည့် ကျောင်းများ၌လည်းကောင်း၊ (၇၉၀) ဦး မှာ ပုဂ္ဂလိကကျောင်းများ၌လည်းကောင်း အပ်နှံခဲ့ကြသည်။19

မီဇိုရမ်အစိုးရက ဒုက္ခသည်ကလေးသူငယ်များအား အခြေခံပညာရေး၌ တရားဝင်တက်ရောက်ခွင့်ပြုသော်လည်း အဆိုပါကလေးသူငယ်များအတွက် ပညာသင်ကြားခွင့်မှာ အစိုးရမူဝါအပြောင်းအလဲ (သို့) မူဝါဒအသစ်များပေါ် မူတည်၍ ပြောင်းလဲနိုင်သည်။ ထို့အပြင် ဗဟိုအစိုးရက မြန်မာဒုက္ခသည် များအား မီဇိုရမ်ပြည်နယ်မှ နှင်ထုတ်မိန့်ထုတ်ပြန်ပါက (သို့) မီဇိုရမ်တွင် ဆက်လက်နေထိုင်ခွင့်မပြုပါက ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်မှာ ကန့်သတ်ခံရနိုင်သည်ဟု သုတေသနတွင် ဖြေဆိုသူတစ်ဦးက မှတ်ချက်ပြု သည်။20 မြန်မာဒုက္ခသည်များ၏ ဇီဝအချက်အလက်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလမကုန်မီတွင် အပြီးကောက်ယူရန် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ဌာနက မီဇိုရမ်အစိုးရကို ညွှန်ကြားထားသော်လည်း မီဇိုရမ်အစိုးရက ငြင်းပယ် ခဲ့သည်။ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးက ယင်း လုပ်ရပ်သည် “မိမိတို့ သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမများ” အပေါ် ခွဲခြား ဆက်ဆံမှုတစ်ရပ်ဖြစ်လာလိမ်မည်ဟု မှတ်ချက်ပြုခဲ့သည်။21

RTE ၊ မီဇိုရမ်ပညာရေးအက်ဥပဒေ၊ EPM (၂၀၁၃)၊ NEP (၂၀၂၀)၊ CRC (၁၉၈၉)၊ CRSR (၁၉၅၁) နှင့် UNHCR ဒုက္ခသည်ဆိုင်ရာ ပညာရေးမဟာဗျူ ဟာ (၂၀၃၀) ကဲ့သို့သော ဒုက္ခသည်ကလေးသူငယ်များ၏ ပညာရေးအတွက် အာမခံချက်ပေးသည့် နိုင်ငံတော်အဆင့်နှင့် အပြည်ပြည်ဆိုင်ရာမူဘောင်စံနှုန်း များနှင့် ချိတ်ဆက်ထားသော ပညာရေးမူဝါဒကောင်းများသည် ချင်းဒုက္ခသည် ကလေးသူငယ်များအတွက် အထောက်အကူဖြစ်စေသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိပါ။

ကျောင်းသူကျောင်းသားများကပြောသော ပညာရေးအခက်အခဲများ

ဒုက္ခသည်ကလေးသူငယ်များတွင် စုံလင်ကွဲပြားသော လူမျိုးရေး၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် လူမျိုးစု နောက်ခံများရှိကြရာ အခက်အခဲကိုယ်စီ ရှိကြပြီး မတူညီသည့် ပညာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်များကို လိုအပ်ကြ သည်။22 အင်တာဗျူးခဲ့ရာ၌ ဒုက္ခသည်ကျောင်းသားများဆွေးနွေးခဲ့ကြသည့် ပညာရေးအခက်အခဲများမှာ ဘာသာစကားနှင့် သင်ရိုးညွှန်းတမ်း၊ ယဉ်ကျေးမှု နှင့် အထောက်အထားတို့နှင့် သက်ဆိုင်ကြသည်။

ဘာသာစကားနှင့် သင်ရိုးညွှန်းတမ်း

အဓိကအခက်အခဲတစ်ရပ်မှာ ဘာသာစကားကွာခြားချက်ဖြစ်သည်။ အထူးသ ဖြင့် အိမ်ရှင်နိုင်ငံတွင် သုံးသည့် သင်ကြားရေးဘာသာစကားကို မပြောနိုင်သော ဒုက္ခသည်များအတွက် ဘာသာစကားအခက်အခဲဖြစ်သည်။23 ယင်းအချက်မှာ အခြားနေရာများမှ ဒုက္ခသည်ကျောင်းသားမျာ၏ အခက်အခဲများကိုလည်း ထင်ဟပ်မှုရှိသည်။ ဥပမာအားဖြင့် တူရကီရှိ ဆီးရီးယားဒုက္ခသည် ကျောင်းသား များသည် တူရကီဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် ကြိုးစားသင် ယူကြရသည်။24

မီဇိုရမ်ပြည်နယ်သို့ ရှောင်တိမ်းမလာစဉ်ကတည်းက မီဇိုလူမျိုးများနှင့် ရင်းနှီးကြပြီးဖြစ်သော (သို့) အိမ်နီးချင်းများဖြစ်ခဲ့ကြသော ကျောင်းသားများမှ လွဲ၍ ဤဆောင်းပါးအတွက် အင်တာဗျူးတွင် ဖြေဆိုသူများသည် ဘာသာ စကား အခက်အခဲအကြောင်းကို တညီတညွတ်တည်း ဖော်ပြကြသည်။ ချင်း ပြည်နယ် မြောက်ပိုင်းမှ ကလေးများက တောင်ပိုင်းမှ ကလေးများထက် မီဇို ဘာသာစကားနှင့် ပို၍ထိတွေ့မှုရှိကြသည်။ သုတေသနနည်းလမ်းအပိုင်းတွင် ဖော်ပြထားသည့်အတိုင်း အင်တာဗျူးတွင် ပါဝင်ဖြေဆိုကြသော ကျောင်းသား ကျောင်းသူ (၁၂) ဦးတို့မှာ မတူညီသော မြို့နယ်၊ ရပ်ရွာနှင့် ဘာသာစကား အုပ်စုတို့မှ ဖြစ်ကြသည်။ အချို့မှာ မီဇိုရမ်ပြည်နယ်ရှိ ဘာသာစကားနှင့် ယဉ်ကျေးမှုအသစ်ကို လိုက်လျောညီထွေဖြစ်စေရန် ခက်ခဲစွာ ကြိုးစားခဲ့ကြရ သည်။ ခွာဆင်းမ်လူမျိုး တစ်ဦးမှလွဲ၍ ဖလမ်းမြို့နယ်မှ ဖြေဆိုသူများမှာ အခြား သူများကဲ့သို့ ဘာသာစကား အခက်အခဲများစွာ မကြုံတွေ့ခဲ့ရပါ။

တီးတိန်မြို့နယ်မှ ဇိုမီးလူမျိုး ဖြေဆိုသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။

ဘာသာစကားကို နားမလည်တဲ့အတွက် စိတ်ပျက်ရတယ်။ မိသားစုကလည်း ပညာရေးကို စိတ်ပူတယ်။ သူငယ်ချင်းတွေနဲ့ မြန်မာပြည်ကို လွမ်းတယ်။ အိမ်ပြန်ချင်တယ်။ ကျောင်း စတက်တော့ စာမလိုက်နိုင်ခဲ့လို့ ကျောင်းထွက်ဖို့ ဒါမှမဟုတ် အတန်းဆင်းပြီး တက်ဖို့တောင် စိတ်ကူးမိတယ်။25

တီးတိန်မြို့နယ်မှ ဇိုမီးလူမျိုး ဖြေဆိုသူတစ်ဦးက “ဘာသာစကားကို နားမလည် တဲ့အတွက် စိုးရိမ်ခဲ့ရတယ်။ စာမလိုက်နိုင်တော့ ဒုက္ခသည်တစ်ဦးအနေနဲ့ တခြားနိုင်ငံမှာ ကျောင်းတက်ရမှာကို ရှက်ခဲ့တယ်” ဟု ဆိုသည်။26

မတူပီမြို့နယ်မှ မတူလူမျိုး ဖြေဆိုသူတစ်ဦးက —

အတန်းထဲမှာ သင်္ချာအပါအဝင် ဘာသာအားလုံးက အင်္ဂလိပ်လို သင်ပြီး ရှင်းပြရင်လည်း အင်္ဂလိပ်လိုနဲ့ မီဇိုလိုပဲ ရှင်းပြတယ်။ အဲဒါကြောင့် နားမလည်ဘဲ အတော်လေး ခေါင်းရှုပ်ခဲ့ရတယ်။ အဲဒီဘာသာစကား နှစ်ခုလုံး မတတ်တော့ တခြားသူတွေ ဘာလုပ်နေလဲကိုလည်း မသိတော့ဘူးဟု ဆိုသည်။27

ထန်တလန်မြို့နယ်မှ လိုင်လူမျိုး ဖြေဆိုသူတစ်ဦးက “ကျောင်းစတက်တော့၊ မီဇိုစကား နားမလည်လို့ စိတ်ပျက်ခဲ့ရတယ်” ဟု ပြောပြသည်။28 မင်းတပ် မြို့နယ်မှ ချိုးလူမျိုး ဖြေဆိုသူတစ်ဦးက —

စရောက်တုန်းက စကားနားမလည်တော့ တခြားကမ္ဘာကို ရောက်သွားသလို ခံစားခဲ့ရတယ်။ စိတ်ဓာတ်ကျခဲ့ရတယ်။ မပျော်ဘူး။ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ ဗမာစကား ဒါမှ မဟုတ် ချင်းစကားပြောတတ်တဲ့သူတစ်ဦးဦးကို တောင့်တမိ တယ်။ ဘာကို ဘယ်လို လေ့လာရမလဲ မသိလို့ အတော်လေး ပင်ပန်းခဲ့ရတယ်ဟု ပြောပြသည်။29

ယေဘုယျအားဖြင့် ဘာသာစကားအခက်အခဲများသည် သူငယ်ချင်းများနှင့် ဆရာများထံမှ သီးခြားကွဲထွက်နေစေခြင်း (သို့) သင်းကွဲကဲ့သို့ ဖြစ်နေစေသည့် အတွက် ဒုက္ခသည်ကလေးများ၏ လူမှုပေါင်းစည်းမှုကို ထိခိုက်စေနိုင်သည်။ မိခင်ဘာသာစကားဖြင့် သင်ယူခြင်းဖြင့် ဒုက္ခသည်ကျောင်းသားများအား စိတ် ဒဏ်ရာနှင့် စိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ အိမ်ရှင်နိုင်ငံ၏ ဘာသာ စကားကို သင်ယူရန်နှင့် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကား စုံလင်ကွဲပြား မှုကို ထိန်းသိမ်းမြှင့်တင်ပေးရန် အထောက်အကူဖြစ်စေပါသည်။

မီဇိုရမ်ပြည်နယ်၏ ပညာရေးမူဝါဒအရ မီဇိုနှင့် ဟိန္ဒီဘာသာစကား ဘာသာရပ်များမှအပ ကျောင်းသင်ရိုးညွှန်းတမ်းအားလုံးကို အင်္ဂလိပ်ဘာသာ ဖြင့် ပုံနှိပ်ထုတ်ဝေပါသည်။ မီဇိုရမ်ကျောင်းပညာရေးဘုတ်အဖွဲ့သည် အဆင့် မြင့်အတန်းများအတွက် သိပ္ပံနှင့် သင်္ချာ ဖတ်စာအုပ်များကို ဘာသာစကား နှစ်မျိုး (အင်္ဂလိပ်နှင့် မီဇို) ဖြင့် ထုတ်ဝေသည်။ မီဇိုဘာသာစကား အပြောသည် စာဖတ်ခြင်းနှင့် စာလေ့လာခြင်းများကဲ့သို့ မခက်ခဲပါ။ ချင်းဒုက္ခသည်ကလေး များသည် တစ်ခါတစ်ရံတွင် မီဇိုဘာသာစကားကို အနည်းငယ် နားလည်ပြီး ပြောဆိုနိုင်သော်လည်း မီဇိုစာပေလေ့လာသင်ယူရာ၌မူ အခက်အခဲရှိကြသည်။

အင်တာဗျူးတွင် ပါဝင်သူများ၏ သုံးပုံတစ်ပုံသည် သင်ရိုးညွှန်းတမ်းနှင့် သက်ဆိုင်သည့် အခက်အခဲများကို ကြုံတွေ့ကြရကြောင်းနှင့် အထူးသဖြင့် မီဇိုနှင့် ဟိန္ဒီဘာသာရပ်များ လေ့လာရာတွင် အခက်အခဲရှိနေကြကြောင်း သိရှိ ရသည်။ ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်နေသူများနှင့် နဝမတန်းနှင့် ဒသမတန်းတွင် ပညာသင်ကြားနေသူများသည် ထိုဘာသာရပ်နှစ်ခုအစား အင်္ဂလိပ်ဘာသာရပ်ကို ရွေးချယ်ခွင့်ရှိသဖြင့် ယင်းအခက်အခဲမှ ကင်းလွတ်ကြ သည်။ ယေဘုယျအားဖြင့် အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းအချို့တွင် သင်ကြားပေးနိုင်မည့်သူ မရှိခြင်းကြောင့် ထိုကဲ့သို့ ပြောင်းလဲရွေးချယ်စရာ အင်္ဂလိပ်စာဖြင့် သင်ကြားခြင်းကို ပြုလုပ်ပေးနိုင်ခြင်း မရှိပါ။

ယဉ်ကျေးမှု

ဒုက္ခသည်ကျောင်းသားများသည် မီဇိုရမ်ပြည်နယ်တွင် မတူသည့် စံတန်ဖိုးများ၊ ယုံကြည်မှုများ၊ သတ်မှတ်ချက်များ၊ အလေ့အထများနှင့် ထိတွေ့ရသည့် အတွက် နေသားမကျမှုများ (သို့) လိုက်လျောညီထွေနေထိုင်ရာ၌ အခက်အခဲ များကို ကြုံတွေ့ကြရသည်။ ၎င်းတို့သည် ဒေသဓလေ့ထုံးတမ်းများ၊ ရိုးရာများ၊ မျှော်မှန်းချက်များ၊ အထူးသဖြင့် ဝတ်စားဆင်ယင်ပုံများ၊ အတန်းတွင်း လှုပ်ရှား မှုများနှင့် ဘာသာရေးအလေ့အထများကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ကြရာ၌ အခက်အခဲများ ကြုံတွေ့ရကြသည်။ မီဇိုရမ်တွင် ကျောင်း ဝတ်စုံမှာ “အနောက်တိုင်းစတိုင်” ဖြစ်ရာ မြန်မာကျောင်းဝတ်စုံနှင့် အတော်ပင် ကွာခြားပါသည်။ ထို့ကြောင့် ချင်းဒုက္ခသည်ကျောင်းသားများသည် ၎င်းတို့နှင့် အကျွမ်းတဝင်မရှိလှသော စကတ်၊ ခါးပတ်၊ လည်စည်းနှင့် ကျောင်းဖိနပ်ကို ဝတ်ဆင်ရသောကြောင့် အဆင်မပြေဖြစ်ရကြောင်း သိရှိရသည်။ ဖြေဆိုသူ တစ်ဦးက —

ကျောင်းဝတ်စုံဝတ်တာ ပုံစံမကျလို့ ကျောင်းတက်တဲ့ ပထမ ဆုံးနေ့က လုံခြုံရေးက ခါးပတ်နှင့် လည်စည်း ကူဝတ်ပေးခဲ့ရ တယ်။ အတန်းခေါင်းဆောင်လုပ်ရတဲ့ အလှည့်ရောက်တော့ အတန်းတက်စာရင်းကောက်တာ၊ အိမ်စာ စာအုပ်တွေထပ်တာ၊ မနက်အစောထပြီး သန့်ရှင်းရေးလုပ်တာ၊ ကျမ်းစာဖတ်ပြီး ဆုတောင်းတာတွေမှာ ဦးဆောင်ရမှာဆိုတော့ အတော်လေး စိတ်လှုပ်ရှားခဲ့ရတယ်ဟု ဆိုသည်။[30

ချင်းဒုက္ခသည်များနှင့် မီဇိုရမ်တွင် နေထိုင်သူများ၏ ဘာသာရေးနှင့် လူမှုစံနှုန်း များမှာ အတော်ပင် ဆင်တူသော်လည်း ဘာသာစကား၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့ထုံးတမ်းများကဲ့သို့သော မြင်သာသည့် ယဉ်ကျေးမှုတွင် ကွဲပြား ခြားနားရာ ချင်းဒုက္ခသည်ကလေးများမှာ အဆင်မပြေဖြစ်ကာ အခက်အခဲဖြစ် ကြရသည်။

စာရွက်စာတမ်းအထောက်အထား

အသိအမှတ်ပြုခြင်းမှာ ဒုက္ခသည်ကလေးသူငယ်များ ရင်ဆိုင်နေရသည့် အခက် အခဲတစ်ရပ်ဖြစ်သည်။ ဒုက္ခသည်မှတ်ပုံတင်လက်မှတ် (Refugee Identity Certificate) ဆိုသည်မှာ ဒုက္ခသည်များ အထောက်အထားအဖြစ် အသုံးပြုရ သည့် စာရွက်စာတမ်းဖြစ်သည်။ ယင်းကို UNHCR မှ ဖြစ်စေ၊ ခိုလှုံခွင့်ပေးသည့် နိုင်ငံမှဖြစ်စေ ထုတ်ပေးသည်။ မီဇိုရမ်ပြည်နယ်တွင် UNHCR ရုံးခွဲ မရှိသည့် အတွက် မီဇိုရမ်ပြည်နယ်ရှိ ဒုက္ခသည်အများစုတွင် UNHCR ထံမှ မည်သည့် အထောက်အထားမျှ မရှိပါ။ ပြည်နယ်အစိုးရသည် မီဇိုရမ်ပြည်နယ်အတွင်း အထောက်အထားပြသရာနှင့် ခရီးသွားလာရာတွင် အသုံးပြုနိုင်ရန်အတွက် ဒုက္ခသည်များကို ကတ်ပြားများ ထုတ်ပေးသော်လည်း အစိုးရဝန်ဆောင်မှုများ ရယူခွင့် မရှိပါ။ ယင်းသို့သော အခြေအနေတွင်ပင် ချင်းဒုက္ခသည်အချို့သာ ထိုကတ်ပြားမျိုးကို ကိုင်ဆောင်နိုင်ကြသည်။

ဒုက္ခသည်ကျောင်းသားများအတွက် အထောက်အထား၏ အရေးပါပုံကို ဖြေဆိုသူတစ်ဦးက အကျယ်တဝင့်ပြောပြသည်။31 ပထမအချက်မှာ ဆယ်တန်း ကို အမှတ်မြင့်မြင့်ဖြင့် အောင်မြင်သူများကို အစိုးရက အိန္ဒိယရူပီး (၂၀,၀၀၀) ချီးမြှင့်ပေးသော်လည်း ယင်းကျောင်းသားတွင် “Aadhaar” (သို့) ပြည်နယ်မှ ထုတ်ပေးသော မှတ်ပုံတင်ကတ်မရှိပါက ထိုဆုကို လက်ခံရရှိနိုင်မည် မဟုတ် ပါ။ ဒုတိယအချက်အနေဖြင့် (၁၂) တန်းတွင် ထူးချွန်သူများအနေဖြင့် ပညာသင် ဆုရရှိရန် (သို့) အခြားပြည်နယ်၌ဖြစ်စေ၊ နိုင်ငံရပ်ခြား၌ဖြစ်စေ ပညာသင်ကြား ခွင့်ရရန် မျှော်မှန်းချက်ကြီးစွာထားကြသော်လည်း မှတ်ပုံတင်ကတ် မရှိပါက မည်သို့မျှ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။

၂၀၂၃ အောက်တိုဘာလ (၂) ရက်နေ့တွင် ကျောင်းအုပ်ချုပ်ရေးဘုတ်အဖွဲ့ က မြန်မာနိုင်ငံမှ ဒုက္ခသည်များနှင့် မဏိပူရ်ပြည်နယ်မှ ဒုက္ခသည်များမှအပ ကျန် Aadhaar ကတ်မရှိသူများအနေဖြင့် လျှောက်ထားနိုင်ကြောင်း ကြေညာ ခဲ့သည်။ ယင်းကြေညာချက်နှင့်ပတ်သက်၍ ဒုက္ခသည်ကျောင်းသားတစ်ဦးက “မြန်မာပြည်က ဒုက္ခသည်ဖြစ်နေလို့ ခွဲခြားဆက်ဆံသလို ခံစားရတယ်” ဟု ပြောသည်။32 ထို့ကြောင့် မီဇိုရမ်တွင် ကျောင်းတက်နေသော ဒုက္ခသည်ကျောင်း သားများအတွက် အသိအမှတ်ပြုလက်မှတ် တစ်မျိုးမျိုးကို ထုတ်ပေးသင့်သည်။

ကျောင်းသားမိဘများကပြောသော ပညာရေးအခက်အခဲများ

ယင်းလေ့လာမှုအတွက် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးလာသော မိဘ နှစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။ ၎င်းတို့အနေဖြင့် မီဇိုရမ်သို့ ထွက် ပြေးရန် ရွေးချယ်ခဲ့ရခြင်းမှာ ထိုဒေသသည် ချင်းပြည်နယ်နှင့် နီးကပ်ပြီး ချင်း လူမျိုးအများစု နေထိုင်ရာအရပ်ဖြစ်ကာ ကုန်းလမ်းခရီးဖြင့် သွားရောက်နိုင် သည့်အတွက်ဖြစ်သော်လည်း ခရီးစဉ်တစ်လျှောက်မှာ စိုးရိမ်ကြောင့်ကြမှုများ ဖြင့် ခက်ခဲလှသည်။ ဤအပိုင်းတွင် အဆိုပါမိဘများ ဆွေးနွေးခဲ့ကြသည့် ဥပဒေ ရေးရာနှင့် ငွေကြေးဆိုင်ရာအခက်အခဲများကို မီးမောင်းထိုးပြထားသည်။ ဤ စီမံကိန်းအတွက် တွေ့ဆုံမေးမြန်းထားသော လူမှုကူညီရေးဝန်ထမ်းက ဒုက္ခသည်ကလေးသူငယ်များ၏ ပညာရေးတွင် အဓိကအဟန့်အတားဖြစ်နေ သည့်အရာမှာ ၎င်းတို့၏ မိဘများ ရင်ဆိုင်နေကြရသော ပြဿနာများ ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ (သို့) စာရွက်စာတမ်းအထောက် အထားများ မရှိကြသည့်အတွက် ကလေးသူငယ်များ၏ လိုအပ်ချက်များ၊ သင့်လျော်သော နေရာထိုင်ခင်းရှိရန်ကဲ့သို့သော အခြေခံကိစ္စရပ်များအတွက် ပင် ဖြည့်ဆည်းပေးနိုင်ရန် ရုန်းကန်နေကြရသည့် ပြဿနာများဖြစ်ကြောင်း ပြောသည်။ အစားအစာအတွက်ကိုပင် အလှူငွေများအပေါ် မှီခိုနေရသည့်အခါ ကလေးများကို ကျောင်းပို့ရန်မှာ မလွယ်ကူလှပေ။

ကျောင်းသားနှစ်ဦး၏ မိခင်ဖြစ်ပြီး စီဒီအမ်တွင် ပါဝင်ခဲ့သည့် အစိုးရ အရာရှိဟောင်းဖြစ်သူ မိဘတစ်ဦးက အောက်ပါအတိုင်း ပြောပြသည်။

ကလေးတွေရဲ့ ပညာရေးနဲ့ အလုပ်ရှာဖို့အတွက် အိုက်ဇောကို ထွက်ပြေးလာခဲ့တာ။ ကျွန်မ ကလေးတွေက မြန်မာဒုက္ခသည် ကလေးတွေ တက်ကြတဲ့ ပုဂ္ဂလိကကျောင်း တစ်ကျောင်းမှာ တက်ကြပါတယ်။ အဲဒီကျောင်းက ကျောင်းသားတွေကို ကောင်းကောင်းပြုစုပျိုးထောင်ပေးနိုင်တယ်လို့ နာမည်ကြီး တယ်။ ကလေးတွေ အဓိကခက်ခဲကြတာက သင်ကြားရေး ဘာသာစကားပါ။ ကျွန်မရဲ့ သားအငယ်လေးက ကျူရှင်တက် ရတယ်။ ကျွန်မတို့ကို (ငွေကြေး) ထောက်ပံ့ပေးမယ့် အဖွဲ့ အစည်းလည်း မရှိပါဘူး။ အဓိကတော့ ကျွန်မသမီးအကြီးရဲ့ အလုပ်ဝင်ငွေအပေါ်မှာပဲ မှီခိုကြရတယ်။ နိုင်ငံခြားမှာနေတဲ့ ကျွန်မအစ်ကိုဆီကတော့ တစ်ခါတလေ ပညာသင်စရိတ် ကူညီပေးတာရှိပါတယ်။33

အခြားပါဝင်သူ မိဘတစ်ဦးမှာ Leitan စစ်ရှောင်စခန်းတွင် နေထိုင်သော ကျောင်းသား (၃) ဦး၏ ဖခင်ဖြစ်ပြီး34 စီဒီအမ် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည်။ ၎င်းကလည်း ငွေကြေးအခက်အခဲများ အကြောင်းကို ယခုကဲ့သို့ ပြောပြသည်။

ကျွန်တော်တို့ စရောက်တော့ ဒေသခံတွေက အခြေချနိုင်ဖို့ ကူ ညီပေးခဲ့ကြတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကူညီပေး တဲ့သူတွေ နည်းလာတယ်။ ကျွန်တော့် ကလေးတွေက အစိုးရ ကျောင်းမှာတက်ကြတော့ ကျောင်းလခပေးစရာလည်း မလို သလို၊ နေ့လယ်စာ ထည့်ပေးစရာလည်း မလိုပါဘူး။ ဒါပေမဲ့ ကျောင်းဝတ်စုံနဲ့ စာရေးကိရိယာတွေ ဝယ်ပေးဖို့တော့ ငွေကြေး အခက်အခဲရှိပါတယ်။ အဓိကကူညီပေးနေတဲ့ အဖွဲ့အစည်းရယ် လို့လည်း မရှိပါဘူး။ ကျွန်တော်က နေ့ရောညပါ ဆောက်လုပ် ရေး လုပ်ငန်းခွင်တွေမှာ လိုက်လုပ်ပြီး ကလေးတွေကို ထောက် ပံ့ပေးနေပါတယ်။35

သင်ကြားရေးဝန်ထမ်းများနှင့် လူမှုကူညီရေးဝန်ထမ်းနှင့်သက်ဆိုင်သည့် ကျောင်းသားများအတွက် ပညာရေးအခက်အခဲများ

Presbyterian ပုဂ္ဂလိကကျောင်းမှ ဆရာတစ်ဦး၊ အစိုးရကျောင်းမှ ကျောင်း အုပ် တစ်ဦးနှင့် INGO မှ လူမှုကူညီရေးဝန်ထမ်းတစ်ဦး စုစုပေါင်း (၃) ဦးတို့ ကိုလည်း အင်တာဗျူးခဲ့သည်။ ဤအပိုင်းတွင် ဒုက္ခသည်ကျောင်းသားများ အတွက် ပညာရေးအခက်အခဲများနှင့် ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်မှုများကို ဖော်ပြထားသည်။

Presbyterian ပုဂ္ဂလိကကျောင်းမှ ဆရာက ၎င်း၏ ကျောင်း၌ မီဇို ဘာသာစကားအခက်အခဲရှိသော ဒုက္ခသည်ကျောင်းသား (၁၀) ဦးခန့် ရှိသည် ဟု ဆိုပါသည်။36 ဆရာနှင့် ကျောင်းသား၊ ဆရာနှင့် မိဘ၊ ကျောင်းသား အချင်း ချင်းတို့အကြား ဆက်သွယ်ရေးလမ်းကြောင်းကို ထိုဆရာက ဆောင်ရွက်ပေးခဲ့ သည်။ ကျောင်းနှင့် ကျောင်းသားရေးရာကိစ္စများကို ဘာသာပြန်၍ ရှင်းပြပေး သည်ဟု ဆရာက ပြောပြသည်။ ကျောင်းတွင် မီဇိုနှင့် ဟိန္ဒီစကားဖြင့် သင်ကြားသည့် ဘာသာရပ်များတွင် အခက်အခဲရှိသော ဒုက္ခသည်ကလေးများ အတွက် အစားထိုးပေးနိုင်မည့် သင်ရိုးများ မရှိသေးပါ။ ထို့ကြောင့် ကျောင်းသား များမှာ ယင်းဘာသာရပ်များတွင် အဆင့်ကောင်းကောင်းမရကြဘဲ အင်္ဂလိပ်နှင့် သင်္ချာတို့တွင် အဆင့်ပိုကောင်းကြသည်။

အစိုးရကျောင်းမှ ကျောင်းအုပ်ကြီးက ၎င်း၏ ကျောင်း၌ ဒုက္ခသည် ကျောင်းသား (၃) ဦးခန့်ရှိပြီး ထိုကျောင်းသားများအနေဖြင့် ခက်ခဲမှု မရှိ ကြောင်း ဆိုသည်။37 ကျောင်းအုပ်ကြီးက ကျောင်းသားများအား စိတ်ဓာတ် တက်ကြွအောင် ပြုလုပ်ပေးပြီး စိတ်ခွန်အားများလည်းပေးသည်။ ကျောင်းတွင် ဒုက္ခသည်ကျောင်းသားများအတွက် အစားထိုးရွေးချယ်စရာ ဘာသာရပ်များ မရှိသော်လည်း ထိုကျောင်းသားများသည် အတန်းထဲ၌ အတော်ဆုံး ကျောင်းသားများ ဖြစ်လာကြသည်။ ကျောင်းအုပ်ကြီးက ကျောင်းသားမိဘများ နှင့်လည်း အလွယ်တကူပင် ဆက်သွယ်ပြောဆိုနိုင်ခဲ့သည်။

ဒုက္ခသည်ကလေးသူငယ်များ၏ ပညာရေးတိုးတက်စေရန် အခက်အခဲ များအနက်တစ်ခုမှာ ရွေးကောက်ပွဲနိုင်ငံရေးနှင့် အစိုးရမူဝါဒဖြစ်ကြောင်း ဖြေဆိုသူ လူမှုကူညီရေးဝန်ထမ်းက ဆိုသည်။38 ကျင်းပပြုလုပ်တော့မည့် ရွေးကောက်ပွဲသည် ကလေးများ၏ ပညာသင်ကြားခွင့်ကို ထိခိုက်စေမည့် မူဝါဒသို့ ဦးတည်ပြောင်းလဲနိုင်ဖွယ်ရှိသည်ဟု သုတေသနလုပ်စဉ်အခါက ယူဆ ခဲ့သည်။ နောက်ထပ် အခက်အခဲတစ်ခုမှာ အိန္ဒိယအစိုးရနှင့် မြန်မာစစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှုဖြစ်သည်။ အိန္ဒိယအစိုးရက မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆွေးနွေးနေကြောင်း ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့သော်လည်း မည်သည့်သဘောတူညီချက်များ ရရှိ သည်ကို အသေးစိတ် မဖော်ပြခဲ့ပါ။ အကယ်၍ ဗဟိုအစိုးရက မြန်မာဒုက္ခသည် များအား မီဇိုရမ်တွင် နေထိုင်ခွင့်မပေးကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါက ကလေး များ၏ ပညာဆက်လက်ဆည်းပူးခွင့်ကို ဆုံးရှုံးနိုင်သည်။

အခက်အခဲများအား ရင်ဆိုင်ဖြေရှင်းခြင်း

မည်မျှပင်ခက်ခဲသည်ဖြစ်စေ ဒုက္ခသည်ကျောင်းသားအားလုံးတွင် ၎င်းတို့၏ အခက်အခဲများကို ကျော်လွှားနိုင်သည့် ကိုယ်ပိုင်နည်းလမ်းများရှိကြသည်။ ၎င်းတို့သည် အခက်အခဲများကို လက်သင့်မခံသကဲ့သို့ ချဲ့ကားခြင်းလည်း မပြု ကြပါ။ ၎င်းတို့၏ အကောင်းမြင်စိတ်၊ ဇွဲလုံ့လတို့ဖြင့် ရင်ဆိုင်ကျော်လွှားကြ သည်။

ဘာသာစကား အခက်အခဲများနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့၏ မိတ်ဆွေသူငယ်ချင်းများ၊ ဆရာများနှင့် မိသားစုဝင်များထံ အကူအညီတောင်း လေ့ရှိကြသည်။ ပါဝင်သူတစ်ဦးက ဤသို့ ဆိုသည်။

ကျောင်းမှာ နားမလည်တာတွေရှိရင် နားလည်တဲ့ မြန်မာ ကျောင်းသားတွေကို အကူအညီတောင်းတယ်။ အဆောင်မှာ တော့ အဆောင်မှူးနှင့် သူငယ်ချင်းကို မေးတယ်။ သူတို့တွေ အိပ်ပျော်နေရင်တောင် နှိုးပြီးမေးလို့ရတယ်။ ဆုတောင်းတာနဲ့ သမ္မာကျမ်းစာဖတ်တာက ခွန်အားဖြစ်စေတယ်။ မီဇိုစကားကို နားလည်ဖို့ ခြောက်လ ကြာခဲ့တယ်။39

သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍လည်း ကျောင်းသားများက သူငယ်ချင်းများ၊ ဆရာများနှင့် မိသားစုဝင်များထံ၌ အကူအညီတောင်းကြသည်။ အချို့ ကျောင်းသားများသည် အိမ်စာနှင့် တာဝန်ပေးလိုက်သည်များကို ကိုယ်တိုင် ကြိုးစားလုပ်ဆောင်ကြပြီး သင်ခန်းစာများကို အလွတ်ရအောင် ကျက်မှတ်ကြ သည်။ အချို့က အဘိဓာန်နှင့် Google Application များကို သုံးကြသည်။ ဖြေဆိုသူတစ်ဦးက “ကျောင်းမှာ သင်ပေးမယ့်သူ မရှိတော့ အဘိဓာန်နဲ့ Google ကို သုံးပြီး အင်္ဂလိပ်ကို လေ့လာတယ်” ဟု ဆိုသည်။40 ဆရာအများစု က ဒုက္ခသည်ကျောင်းသားများအား လက်မလျှော့ရန် အားပေးကြပြီး ဒေသခံ ကျောင်းသားများကလည်း ကြိုဆိုပေးကြသည်။

ဖြေဆိုသူတစ်ဦးက ၎င်း၏ သူငယ်ချင်းများက ၎င်းအား ဒုက္ခသည်ဖြစ်ခြင်း အပေါ် စနောက်သည့်အခါ “မင်းတို့တိုင်းပြည်မှာ စစ်ဖြစ်ခဲ့ရင် မင်းတို့လည်း ငါတို့နိုင်ငံမှာ လာခိုလှုံရမှာပဲ” ဟူ၍ တုံ့ပြန်ခဲ့ကြောင်း ပြောပြသည်။41 ဒုက္ခသည် ကျောင်းသားများသည် ကိုယ်နည်းကိုယ့်ဟန်ဖြင့် အခက်အခဲများကို ရင်ဆိုင် ကျော်လွှားနေကြပြီး အနာဂတ်အတွက်လည်း ခိုင်မာသည့် မျှော်လင့် ချက်၊ ရည်မှန်းချက်များရှိကြကာ အလျှော့မပေးဘဲ ကြံ့ကြံ့ခံလျက် မိမိကိုယ်ကို ယုံကြည်တန်ဖိုးထားမှုရှိကြသည်။ တစ်ဦးက ဆရာဝန် ဖြစ်လိုပြီး၊ အခြား တစ်ဦးက အင်ဂျင်နီယာ၊ ကလေးအထူးကု၊ နက္ခတ္တဗေဒပညာရှင်၊ ပန်းချီဆရာ၊ ဘောလုံးသမား၊ ကေပေါ့အိုက်ဒေါ၊ လူမှုကူညီရေးဝန်ထမ်း စသည်ဖြင့် ဖြစ်လို ကြသည်။ လူမှုကူညီရေးဝန်ထမ်းဖြစ်လိုသူ ကလေးက “အိမ်ရာမဲ့တွေအတွက် အိမ်တစ်လုံးဆောက်ပေးပြီး ဗိုက်ဆာနေသူတွေအတွက် အစားအစားတွေ ပေး မယ်။ ဒါဆို ငါတို့လိုမျိုး သူတို့ ဒုက္ခမရောက်တော့ဘူး” ဟူ၍ ဆိုသည်။42

အင်တာဗျူးဖြေဆိုသူ လူမှုကူညီရေးဝန်ထမ်းက ငွေကြေးပြဿနာများ နှင့် ပတ်သက်၍ ဖြစ်နိုင်ချေရှိသည်များကို ပြောကြားရာတွင် အဓိကပြဿနာ မှာ အလုပ်အကိုင်ရှားပါးခြင်းဖြစ်ကြောင်း ဆိုသည်။43 ဒုက္ခသည်များသည် အလှူရှင်များအပေါ်၌သာ မှီခိုနေကြရပြီး ကုလသမဂ္ဂနှင့် အိန္ဒိယအစိုးရတို့ထံ သို့ ၎င်းတို့၏ အခြေအနေကို အသိပေးနိုင်ရန် အသံပို၍ ကျယ်လောင်စွာ ထွက်နိုင်ရန် လိုအပ်နေသည်။ ဖော်ပြခဲ့သည့်အတိုင်းပင် ဒုက္ခသည်အများစုမှာ ဘာသာစကား အခက်အခဲရှိကြသည်။ နေရပ်ဖြစ်သည့် ချင်းပြည်နယ်၌ပင်လျှင် ဗမာစကားအသုံးပြုသည့် ပညာရေးနှင့်စပ်လျဉ်း၍ ရုန်းကန်နေကြရသည်။

အစိုးရကျောင်းများတွင် လစဉ်ကြေးပေးသွင်းရန် မလိုသော်လည်း မိဘ များသည် ဘာသာစကားနှင့် ငွေကြေးအခက်အခဲများကြောင့် ကလေးများအား ဒေသခံကျောင်းများတွင် မထားနိုင်ကြပါ။ ယင်းအစား ကျောင်းသားတစ်ဦး အတွက် တစ်လလျှင် ရူပီး (၅၀၀) ကောက်ခံသော အမျိုးသားညီညွတ်ရေးအစိုး ရ နှင့် စီဒီအမ်ဆရာများက ပြုလုပ်ပေးထားသည့် သင်ရိုးညွှန်းတမ်းကိုသာ ပိုမို သင်ယူစေလိုသည့် ဆန္ဒရှိကြသည်။ ယင်းသို့လုပ်မည့်အစား ပညာရေး အာမခံ ချက်နှင့် ပြည်ပနိုင်ငံများကပါ အသိအမှတ်ပြုမှု ရရှိထားသည့် ဒေသခံကျောင်း များသို့သာ သွားသင့်ကြောင်း၊ ညနေပိုင်း၌ အိမ်တွင် မီဇိုနှင့် ဗမာစကားတို့ကို လေ့လာသင်ယူသင့်ကြောင်း၊ ယင်းကသာ ပို၍ထိရောက်နိုင်ကြောင်း၊ အချို့ ကျောင်းများ၌ မီဇိုဘာသာစကားအစား ရွေးချယ်စရာ အင်္ဂလိပ်ဘာသာလည်း ရှိကြောင်း၊ NUG အနေဖြင့် မျှော်လင့်စောင့်စားနေသူများအတွက် စည်းရုံးလှုံ ဆော်မှုလုပ်သင့်ကြောင်းဖြင့် လူမှုကူညီရေးဝန်ထမ်းက ဆိုသည်။

လက်ရှိ နွေဦးတော်လှန်ရေးသည် မည်မျှကြာမြင့်မည်ကို မည်သူကမျှ မပြောနိုင်ပါ။ နှစ်ပေါင်း (၂၀) သို့မဟုတ် နှစ်ပေါင်း (၃၀) အထိ ကြာမြင့်သွား ပါက ကလေးများအနေဖြင့် ပညာရေးပျောက်ဆုံးသွားနိုင်ပါသည်။ တိုင်းပြည် တစ်ခုတွင် တော်လှန်ရေးအပြီး၌ ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု ရှိစမြဲ ဖြစ်သည်။ တော်လှန်ရေးအောင်နိုင်သည့်အခါ နိုင်ငံကို ပြန်လည်ထူထောင်ရန် အတွက် ဘက်ပေါင်းစုံမှ ကျွမ်းကျင်သူများစွာကို လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်များစွာ ပျောက်ဆုံးမသွားစေရန်အတွက် ကျွန်ုပ်တို့အားလုံး အနေဖြင့် ကျောင်းသားများကို အခြေခံပညာရေးမှသည် အဆင့်မြင့်ပညာရေး၊ ထို့ထက်ပို၍ ပါရဂူဘွဲ့များအထိသို့ပင် ရောက်ရှိစေရေး အတတ်နိုင်ဆုံး ကြိုးပမ်း ကြရမည်ဖြစ်သည်။ မီဇိုရမ်ပြည်နယ်အစိုးရက ပေးအပ်ထားသော အခွင့်အရေး များကိုလည်း စဉ်ဆက်မပြတ် လေ့လာသုံးသပ်နေရမည်ဖြစ်သည်။

နိဂုံး

မြန်မာနိုင်ငံမှ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာသော ဒုက္ခသည်ကလေးများ သည် RTE အရ ပညာသင် ကြားခွင့်ရှိသော်လည်း ဘာသာစကား၊ သင်ရိုး ညွှန်းတမ်း၊ ငွေကြေးနှင့် ဥပဒေအရ အသိအမှတ်ပြုမှုတို့တွင် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။ ၎င်းတို့သည် ဘာသာစကားဆိုင်ရာ အခက်အခဲကို ဇွဲ လုံ့လအားထုတ်မှုဖြင့် ကျော်လွှားကြပြီး သင်ရိုးညွှန်းတမ်းဆိုင်ရာ အခက်အခဲ ကို ကိုယ်ပိုင်လေ့လာမှုဖြင့် ကျော်လွှားနေကြသည်။ မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်ကျောင်းသားများသည် အစိုးရပညာရေးနှင့် နေ့လယ်စာတို့ကို အခမဲ့ ရရှိနိုင်ကြသော်လည်း ကျောင်းဝတ်စုံ၊ ဖတ်စာအုပ်၊ မှတ်စုစာအုပ်နှင့် စာရေး ကိရိယာတို့အတွက် အထောက်အပံ့မရရှိကြပါ။ ထို့ကြောင့် ဒုက္ခသည်ကလေး များအတွက် ငွေကြေးဆိုင်ရာ ပြဿနာများမှာ အဓိက အခက်အခဲအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှု၊ ပညာသင်စရိတ်တို့အတွက် ထောက်ပံ့မှုမရှိခြင်း တို့ကြောင့် ပို၍ပင် ခက်ခဲဦးမည်ဖြစ်သည်။

ဥပဒေကြောင်းအရ အသိအမှတ်ပြုခြင်းနှင့် စပ်လျဉ်း၍ အိန္ဒိယသည် ၁၉၅၁ ခုနှစ် CRSR ကို ဖြစ်စေ၊ ၁၉၆၇ ခုနှစ် သဘောတူညီချက်ကို ဖြစ်စေ၊ လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အတွက် အိန္ဒိယနိုင်ငံတွင် နေထိုင်သော ဒုက္ခသည်များအတွက် ကာကွယ်မှု (သို့) အကျိုးခံစားခွင့်များကို ပံ့ပိုးပေးရန် အတွက် တရားဝင်ယန္တရားမရှိပါ။ UNHCR သည် အိန္ဒိယနိုင်ငံတွင်ရှိပြီး ဒေလီ မြို့ရှိ ချင်းဒုက္ခသည်များကို စာရင်းပြုစုခြင်း၊ လက်ခံခြင်းနှင့် ပြန်လည်နေရာ ချထားခြင်းများကို လုပ်ဆောင်နေသော်လည်း မီဇိုရမ်ပြည်နယ်တွင်မူ လုပ်ငန်း များဆောင်ရွက်နေခြင်း မရှိပါ။ ထို့ကြောင့် မီဇိုရမ်ပြည်နယ်ရှိ ချင်းဒုက္ခသည် အများစုအတွက် UNHCR မှတစ်ဆင့် ဒုက္ခသည်အဆင့်သတ်မှတ်မှုကိုရရှိရန် အလွန်ခက်ခဲသည်။ ထိုသို့သော အကြောင်းအချက်များကြောင့် မီဇိုရမ်အတွင်း နေထိုင်ကြသော ဒုက္ခသည်များအား အကာအကွယ်နှင့် အထောက်အပံ့များ ပံ့ပိုးပေးနိုင်ရန်အတွက် မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုက်ဇောတွင် UNHCR ရုံးခွဲတစ်ခုထားရှိရန် ဤစာတမ်းမှတစ်ဆင့် အကြံပြုအပ်ပါသည်။

ထို့ပြင် အိန္ဒိယအစိုးရ၊ မီဇိုရမ်ပြည်နယ်အစိုးရ၊ ဒေသအာဏာပိုင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ UNHCR နှင့် အခြားနိုင်ငံတကာအေဂျင်စီ များ စသည့် သက်ဆိုင်သူအသီးသီးတို့အနေဖြင့် RTE ၊ EPM ၊ NET ၊ CRC နှင့် CRSR တို့ကဲ့သို့သော နိုင်ငံတော်၊ နိုင်ငံတကာနှင့် ပြည်တွင်း မူဘောင်စံနှုန်း များနှင့် ကိုက်ညီသည့် ဒုက္ခသည်ကျောင်းသားများအတွက် ပညာရေးမူဝါဒ တစ်ရပ်ကို ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ရန် တိုက်တွန်းအပ်ပါသည်။

အဆိုပါပညာရေးမူဝါဒအသစ်သည် ဒုက္ခသည်ကျောင်းသားများအား အရည်အသွေးမီ ပညာရေး ရရှိစေရန်နှင့် ဘာသာစကား၊ သင်ရိုးညွှန်းတမ်း အခက်အခဲများ၊ ငွေကြေးအခက်အခဲများ၊ အထောက်အထား၊ စိတ်ဒဏ်ရာ၊ ခွဲခြားဆက်ဆံခံရမှုနှင့် ပေါင်းစည်းမှု အစရှိသည့် သီးခြားလိုအပ်ချက်များနှင့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် အာမခံချက် ပေးနိုင်ရမည်ဖြစ်သည်။ ထို မူဝါဒသည် ဒုက္ခသည်ကျောင်းသားများအတွက် အခြေခံအဆင့်တွင် မိခင် ဘာသာစကားအား သင်ကြားမှုကြားခံဘာသာစကားအဖြစ် အသုံးပြုနိုင်ရေး အခွင့်အလမ်းကိုလည်း အထောက်အကူပေးသင့်ပါသည်။

မီဇိုရမ်ပြည်နယ်ရှိ မြန်မာဒုက္ခသည်များအတွက် တန်းတူညီမျှစွာ ပညာ သင်ကြားနိုင်ရေးကို မြှင့်တင်နိုင်ရန်အတွက် အစိုးရမဟုတ်သောအဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအသိုင်းအဝိုင်း၊ ဆရာများ၊ ပညာပေးသူများ၊ ရပ်ရွာလူထု၊ မိသားစုဝင်များ၊ လူငယ်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်း တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ရန် လိုအပ်ပါသည်။ ပညာသင်ကြားခွင့် မှာ မည်သို့သော အဆင့်အတန်း (သို့) နောက်ခံမှဖြစ်စေ လူသားအားလုံး ရရှိရ မည့် အခြေခံလူ့အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် အားလုံးပါဝင်ပြီး အရည် အသွေးပြည့်မီသည့် ပညာသင်ကြားခွင့်ရရှိရေးအတွက် မည်သည့်ဒုက္ခသည် ကလေးမှ နောက်တွင် ကျန်ရစ်ခြင်း မရှိစေရန် အလွန်အရေးကြီးပါသည်။

နောက်ဆုံးအနေဖြင့် ဤစာတမ်းသည် ချင်းလူမှုအသိုင်းအဝိုင်းတွင် အသုံး အများဆုံးဖြစ်သော မိခင်ဘာသာစကားများကို လေ့လာဖော်ထုတ်ရန်နှင့် ထို ဘာသာစကားတတ်မြောက်မှုနှင့် သင်ကြားရေးတို့ကို ပံ့ပိုးအားပေးရန်တို့ အတွက် လေ့လာမှုများ ထပ်မံဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။ ချင်းလူမှုအသိုင်းအဝိုင်းတွင် ဘုံဘာသာစကားတစ်ရပ်၊ ချင်းပြည်နယ်အတွက် တရားဝင်ဘာသာစကားတစ်ရပ် ရှိခြင်းဖြင့် ချင်းကျောင်းသားလူငယ်များ၏ ပညာရေးကို အထောက်အပံ့ ဖြစ်စေမည်ဖြစ်ပါသည်။ ကိုးကားချက်များ

အဆုံးမှတ်စုများ

1 Choudhury, 2021.
2 Vomson, 1986, p. 40.
3 Sakhong, 2003.
4 Bunei, 1976, p. 3.
5 ACAPS, 2023.
6 Dryden-Peterson, 2003.
7 Stipulated in Article 22 of the CRC.
8 Liamputtong, 2007.
9 Takeda, 2020, pp. 103-125.
10 Thein Lwin, 1999.
11 Smith, 2011.
12 Lall & South, 2014.
13 Takeda, 2020, pp. 103-125.
14 Annamalai, 2001, p. 35.
15 Balaji, 2015.
16 Jayasankar & Jawale, 2017.
17 Pandey & Choudhury, 2021.
18 Agarwala, 2021.
19 Rochanhlu, 2022.
20 ဖြေဆိုသူအမှတ်စဉ် (၁၇)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
21 Zoramsanga, 2021.
22 Dhawan & Parameswaran, 2022.
23 Shohel, 2022.
24 Shohel, 2022.
25 ဖြေဆိုသူအမှတ်စဉ် (၉)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
26 ဖြေဆိုသူအမှတ်စဉ် (၃)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
27 ဖြေဆိုသူအမှတ်စဉ် (၅)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
28 ဖြေဆိုသူအမှတ်စဉ် (၇)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
29 ဖြေဆိုသူအမှတ်စဉ် (၁၁)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
30 ဖြေဆိုသူအမှတ်စဉ် (၉)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
31 ဖြေဆိုသူအမှတ်စဉ် (၁၂)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
32 ဖြေဆိုသူအမှတ်စဉ် (၉)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
33 ဖြေဆိုသူအမှတ်စဉ် (၁၅)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
34 Leitan စခန်းသည် အိုက်ဇော၊ Dutlang ရပ်ကွက်ရှိ ဒုက္ခသည်များ အခြေချနေထိုင်ရာ နေရာဖြစ်သည်။ ဤစာတမ်းပြုစုချိန်တွင် အိုက်ဇောမြို့ခံတစ်ဦးမှ လှူဒါန်းသည့် စစ်ရှောင်စခန်း အဆောက်အအုံကြီးတစ်ခုတွင် လူ (၄၈) ဦး နေထိုင်လျက်ရှိသည်။
35 ဖြေဆိုသူအမှတ်စဉ် (၁၆)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
36 ဖြေဆိုသူအမှတ်စဉ် (၁၃)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
37 ဖြေဆိုသူအမှတ်စဉ် (၁၄)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
38 ဖြေဆိုသူအမှတ်စဉ် (၁၇)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
39 ဖြေဆိုသူအမှတ်စဉ် (၁၁)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
40 ဖြေဆိုသူအမှတ်စဉ် (၁၂)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
41 ဖြေဆိုသူအမှတ်စဉ် (၄)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
42 ဖြေဆိုသူအမှတ်စဉ် (၄)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။
43 ဖြေဆိုသူအမှတ်စဉ် (၁၇)၊ ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှု၊ ၂၀၂၃ ခုနှစ်။

ကိုးကားချက်များ

ACAPS. (2023, July 28). Myanmar refugees in India. https://www.acaps.org/fileadmin/Data_Product/Main_media/20230728_ACAPS_briefing_note_Myanmar_refugees_in_India.pdf

Agarwala, T. (2021, September 6). Myanmar refugees’ children to study in Mizoram schools. The Indian Express. https://indianexpress.com/article/north-east-india/mizoram/myanmar-refugees-children-schools-mizoram-govt-7484743/

Annamalai, E. (2001). Managing Multilingualism in India: Political and Linguistic Manifestations. Sage.

Aras, B., & Yasun, S. (2016). The educational opportunities and challenges of Syrian refugee students in Turkey: Temporary education centers and beyond. Journal of International Migration and Integration, 17(2), 419-431. https://doi.org/10.1007/s12134-015-0448-2

Balaji, T. (2015). Educational Rights of Refugee Children under International Law-Special Reference with India. Research Journal of Science and Management, 4(9), 185-189. https://www.academia.edu/74262593/

Bunei, M. (1976). History of Chin Hills. Sarphy Baith Man.

Choudhury, R. (2021, September 7). Myanmar refugee children to study in Mizoram schools on “humanitarian grounds”. NDTV. https://www.ndtv.com/india-news/myanmar-refugee-children-to-study-in-mizoram-schools-on-humanitarian-grounds-2528480

Dhawan, A., & Parameswaran, K. (2022). Rights of Refugees in India: The Legal perspective with special reference to their educational rights. Journal of Positive School Psychology, 6(4), 5513-5516. https://unitexjournal.net/wp-content/uploads/D-112.pdf

Dryden-Peterson, S. (2003, June) Education of Refugees in Uganda: Relationships Between Setting and Access [Refugee Law Project Working Paper No. 9]. Refugee Law Project. https://core.ac.uk/download/pdf/10976572.pdf

Lall, M., & South, A. (2014). Comparing Models of Non-state Ethnic Education in Myanmar: The Mon and Karen National Education Regimes. Journal of Contemporary Asia, 44(2), 298–321. https://doi.org/10.1080/00472336.2013.823534

Liamputtong, P. (2007). Researching the Vulnerable: A Guide to Sensitive Research Methods. Sage. https://www.researchgate.net/profile/Pranee-Liamputtong/publication/303015856_Researching_the_vulnerable_A_guide_to_sensitive_research_methods/links/5735860e08ae298602dfcba4/Researching-the-vulnerable-A-guide-to-sensitive-research-methods.pdf

Ogwang, T. P. (2022). Refugee Education: Refugees’ perceptions of educational challenges in Uganda. International Journal of Educational Administration and Policy Studies, 14(1), 38-45.

Pandey, A., & Choudhury, R. (2021). Mizoram Helps Refugee Children from Myanmar Get Back to Learning. NDTV. https://www.ndtv.com/india-news/mizoram-helps-refugee-children-from-myanmar-get-back-to-learning-2539335

Rochanhlu, J. (2022, September 28). Over 6,000 Myanmar children enrolled in Mizoram schools. East Mojo. https://www.eastmojo.com/mizoram/2022/09/28/over-6000-myanmar-children-enrolled-in-mizoram-schools/

Sakhong, L. H. (2003) In Search of Chin Identity: A Study in Religion, Politics and Ethnic Identity in Burma. NIAS Press.

Shohel, M. M. C. (2022). Education in emergencies: challenges of providing education for Rohingya children living in refugee camps in Bangladesh. Education Inquiry, 13(1), 104-126. https://doi.org/10.1080/20004508.2020.1823121

Smith, M. (2011). Burma: Insurgency and the Politics of Ethnicity. Zed Books.

Takeda, M. (2020). Women, Children and Social Transformation in Myanmar. Palgrave Pivot.

Thein Lwin. (1999). Education in Burma (1945-2000). http://www.thinkingclassroom.org/uploads/4/3/9/0/43900311/1._lwin_t.__2000__education_in_burma__1945-2000__2000__english_.pdf

Vomson, S. (1986). Zo History. Aizawl. Zoramsanga, I. (2021, September 9). “Our blood”: Mizoram won’t collect biometric data of Myanmar refugees as ordered by Centre. The Print. https://www.msn.com/en-in/news/other/our-blood-mizoram-won-t-collect-biometric-data-of-myanmar-refugees-as-ordered-by-centre/ar-AA1hnXXI