နောက်ဆုံးခရီး

ဆလိုင်းဇုန် | Click here to read this poem in English and here to read this poem in Chin.

Cite as: 
ဆလိုင်းဇုန်၊ (၂၀၂၅)၊ နောက်ဆုံးခရီး၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၆။ https://ijbs.online/?page_id=5448

ပြောနေကျ ကြားနေကျ မြင်နေကျများ
လက်တွေဟာ မြဲမြံနေခဲ့ရဲ့လား
သည့်မတိုင်ခင်လေးမှာပဲ
ရနံ့တွေဟာ သူ့သဘောအတိုင်း လွင့်မျော

စကားတွေများများစားစားမပြောခဲ့ကြ
မျက်လုံးချင်းပဲ နားလည်ခဲ့ကြသလား
ရင်ဘတ်ချင်းပဲ ထိစပ်ခဲ့ကြသလား
ငါ မရှိတော့တဲ့နောက်ဆိုတဲ့ အတွေးတွေမရှိခဲ့သလို
မင်းမရှိတဲ့နောက် အလွမ်းတွေပဲရှိနေခဲ့မလား
မရှာဖွေဘဲရခဲ့တဲ့ ဒဏ်ရာတွေလေ

လူဟာ သိပ်ထူးဆန်း
လူဟာ သိပ်ဆန်းကြယ်

ဒီလတ်တလောအတွင်း
ငါတို့ မနှုတ်ဆက်ခဲ့ရပါဘဲ
မန်းထာ1ခဲ့ကြတဲ့ မိတ်ရင်းဆွေရင်းတွေ
အရင်းနှီးဆုံးတွေ
တဖြုတ်ဖြုတ် ထွက်သွား
နောက်ထပ်တစ်ဖန်
ငါ့တို့ဟာငါတို့ ယစ်ပူဇော်ခဲ့ကြ

နွေဦးဟာ တမြေ့မြေ့လောင်နေတဲ့
တောင်ယာမီးရဲ့အကြွင်းအကျန်
သစ်အိုပင်ရဲ့ အတွင်းအမြစ်ထိလှိုက်စား
ဒီယာမြေကို စိုက်ပျိုးကြစို့ရဲ့

ဒီမြေဟာ … သစ်သီးပန်းမန်ဉယျာဉ်နဲ့
ဒီမြေဟာ … ချစ်ခြင်းမေတ္တာနဲ့

တောင်တန်းကြီးတွေရဲ့ကျောရိုးတစ်ဆုံး
ဖှိုက်ဖိုင်းရော့စ်2 တေးသံမှာ
နွားနောက်တွေကျောင်းရင်း ကလေးတွေ ပျော်ပါးကြစေဖို့ပေါ့။

Endnotes

1 ချင်းဘာသာဖြင့် တစ်နေရာရာမှပြန်သည့်အခါ နှုတ်ဆက်ခြင်း (ဝါ) အိပ်မက်လှလှမက်ပါစေဟု နှုတ်ဆက်ခြင်း။
2 နွေမှာ အသံစာစာအော်တတ်သော ငှက်ကို ချင်းဘာသာဖြင့်ခေါ်ဆိုခြင်း။