ဒေးဗစ်ထန်းမိုး | Click here to read this article in English.
Cite as: ဒေးဗစ်ထန်းမိုး၊ (၂၀၂၅)၊ ကျေးလက်တောင်သူများထံမှ လေ့လာသင်ယူခဲ့သူ အိုင်ဗီလိဂ်ပါမောက္ခ ဂျိမ်းစီစကော့နှင့် နှစ်လိုဖွယ်အမှတ်တရများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၆။ https://ijbs.online/?page_id=5582
“ခုခံတွန်းလှန်မှုပညာရပ်” (resistance studies)1 နယ်ပယ်၏ အလွတ် သဘော စတင်တည်ထောင်သူအဖြစ် နယူးယောက်တိုင်းမ်သတင်းစာမှ ဖော်ပြ ခဲ့သော ဂျိမ်းစီစကော့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကွန်နက်တီကတ် ပြည်နယ်၊ ဒါရမ်မြို့ရှိ သူ၏ ကျေးလက်အိမ်၌ အသက် (၈၇) နှစ်တွင် ကွယ်လွန် သွားခဲ့ပါသည်။2 သူ၏ မြန်မာနာမည်မှာ ရွှေရိုးဖြစ်ပြီး သူ ကွယ်လွန်သည့်နေ့သည် “သူ့အချစ်ဦးနိုင်ငံ” ဟု သူကိုယ်တိုင် ကင်ပွန်းတပ် ထားသည့် မြန်မာနိုင်ငံ၏ အာဇာနည်နေ့နှင့် တိုက်ဆိုင်ခဲ့သည်။ ပါမောက္ခ စကော့၏ နောက်ဆုံးတပည့်တစ်ဦးဖြစ်သူ ကျွန်ုပ်အနေဖြင့် သူ၏ သိမ်မွေ့ သောဘဝနှင့် ခိုင်မာသော အမွေအနှစ်အပေါ် နက်ရှိုင်းသောလေးစားမှုကို ဖော်ပြရန်နှင့် ကြေကွဲဝမ်းနည်းဖွယ် အမှတ်တရများကို မျှဝေခွင့်ရခြင်းသည် အလွန်ဂုဏ်ယူဖွယ် ဖြစ်ပါသည်။
ကျွန်ုပ်သည် သူ၏ နောက်ဆုံးတပည့်များထဲမှ တစ်ဦးဖြစ်ရုံသာမက သူ နှင့် သူ မကွယ်လွန်မီ စကားပြောခွင့်ရသည့် နောက်ဆုံးလူများထဲမှ တစ်ဦးဖြစ်ခဲ့ ခြင်းအတွက်လည်း အလွန်ဂုဏ်ယူမိပါသည်။ သူ မကွယ်လွန်မီ တစ်ရက်အလို နံနက် (၉) နာရီ (၃၃) မိနစ်၌ ကျွန်ုပ်ထံ ဖုန်းခေါ်ဆိုခဲ့ပြီး (၂၀) မိနစ်ကျော်ကြာ နောက်ဆုံးနှုတ်ဆက်စကားပြောခဲ့ပါသည်။ ထိုစဉ်က သူ့သမီး မီယာစကော့ လည်း သူ့ဘေးတွင် ရှိနေခဲ့သည်။ မြန်မာနိုင်ငံ၏ လက်ရှိ ခုခံတွန်းလှန်လှုပ်ရှား မှုများ အထူးသဖြင့် ဇိုမီးယားဟု သူ ချစ်စနိုးခေါ်ဝေါ်လေ့ရှိသော တောင်တန်း ဒေသများဖြစ်သည့် ကရင်နီနှင့် ချင်းပြည်နယ်၏ နောက်ဆုံး အခြေအနေများ ကို မေးမြန်းခဲ့သည်။ ၂၀၂၁ အာဏာသိမ်းမှုကို မြန်မာပြည်သူများက တီထွင် ဖန်တီးမှုရှိရှိ ရဲရဲရင့်ရင့် ဆန့်ကျင်တွန်းလှန်နေခြင်းအပေါ် လေးစားချီးကျူး ကြောင်းနှင့် မြန်မာ့ဒီမိုကရေစီအနာဂတ်အတွက် အပြုသဘောမျှော်လင့် ကြောင်း သူက ပြောကြားခဲ့သည်။ ထို့အပြင် ယေးလ်တက္ကသိုလ် (Yale University) တွင် “မြန်မာ့ အရေးကျွမ်းကျင်သူ နှစ်ဦး” အနေဖြင့် အတူတကွ ကုန်ဆုံးခဲ့သည့် အချိန်များအတွက် မည်မျှပျော်ရွှင်ခဲ့ကြောင်း ပြန်ပြောင်းပြော ဆိုခဲ့ပြီး ကျွန်ုပ်အတွက် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုတောင်းပေးခဲ့ သည်။ သူ့ဘဝ နောက်ဆုံးအချိန်၌ပင် မြန်မာပြည်သူလူထုအပေါ် စိုးရိမ်ပူပန်မှု သည် တည်ကြည်ခိုင်မြဲနေဆဲဖြစ်ပြီး သူ့မှတ်ဉာဏ်မှာလည်း အမြဲလိုလို ထက်မြက်နေခဲ့သည်။ ထူးချွန် ပညာရှင်တစ်ဦးပါပေ။
စကော့၏ မြန်မာနိုင်ငံအပေါ် ချစ်ခြင်းမေတ္တာသည် ၁၉၅၀ ပြည့်လွန်နှစ် များ၌ မက်ဆာချူးဆက်ပြည်နယ်ရှိ ဝီလျံကောလိပ် (Williams College) တွင် ဘွဲ့ကြိုပညာ ဆည်းပူးစဉ်ကတည်းက စတင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံ အကြောင်းကို သူ၏ စီနီယာကျမ်းပြုစာတမ်းအဖြစ် ရေးသားခဲ့ပြီး နောက်ပိုင်း တွင် ရန်ကုန်တက္ကသိုလ် (၁၉၅၈–၅၉) ၌ နည်းပြဆရာအဖြစ် တာဝန်ထမ်း ဆောင်ရန် ရိုထရီပညာသင်ဆု (Rotary Fellowship) ကို ရရှိခဲ့သည်။ သူသည် ထိုအခွင့်အရေးအတွက် ဟားဗတ်ဥပဒေကျောင်း (Harvard Law School) ဝင်ခွင့်ကိုပင် ငြင်းပယ်ခဲ့ကြောင်း ကျွန်ုပ်တို့အား မကြာခဏ ဂုဏ်ယူစွာ ပြောပြ လေ့ရှိသည်။ “ကျွန်တော် ဟားဗတ်ဥပဒေကျောင်းကို ဘယ်အချိန်မဆို သွားလို့ ရတယ်။ ဒါပေမဲ့ ရိုထရီပညာသင်ဆုနဲ့ မြန်မာပြည်ကို သွားရတာကတော့ တစ်သက်မှာ တစ်ကြိမ်သာ ရနိုင်တဲ့ အခွင့်အရေးပဲ” ဟု သူက ပြောခဲ့သည်။ ဟားဗတ်ဥပဒေကျောင်းထက် ရန်ကုန်တက္ကသိုလ်ကို ရွေးချယ်ခဲ့ခြင်းသည် သူ့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။
စကော့သည် လူတိုင်းကို ချစ်ခင်ပြီး အထူးသဖြင့် နယ်ဘက်ကျေးလက် ဒေသများမှ လူမှုအသိုင်းအဝိုင်းများကို ချစ်မြတ်နိုးသည်။ ထိုအချက်ကပင် ကျွန်ုပ်နှင့် တွေ့ဆုံခြင်းကို ပုဂ္ဂိုလ်ရေးအရရော၊ ပညာရပ်ပိုင်းဆိုင်ရာအရပါ အထူးခြားဆုံး ဖြစ်စေခဲ့သည်။ စကော့နှင့် ကျွန်ုပ်၏ တွေ့ဆုံမှုကို အိုင်ဗီလိဂ် (Ivy League) နှင့် တောင်ပေါ်ရွာများအပေါ် “တုံ့လှယ်မေတ္တာထားသူများ” ၏ တွေ့ဆုံမှုဟု ခေါ်ဆိုနိုင်ပါသည်။ ကျွန်ုပ်တို့နှစ်ဦးအနက် တစ်ဦး (စကော့) သည် ကွင်းဆင်းလေ့လာမှုအတွက် အိုင်ဗီလိဂ် (ယေးလ်) မှ ကျေးရွာများဆီသို့ ရောက်ရှိလာခဲ့ပြီး နောက်တစ်ဦး (ကျွန်ုပ်ကိုယ်တိုင်) ကမူ ကိုယ်တွေ့ အတွေ့ အကြုံများကို ပညာရပ်ဆိုင်ရာ လေ့လာမှုများနှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ ပညာရပ်ဆိုင်ရာ သုတေသနပြုရန်အတွက် တောင်ပေါ်ရွာလေးမှ အိုင်ဗီလိဂ်သို့ ပြောင်းရွှေ့လာခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည် သူ၏ တပည့်မျှသာမက သူ၏ ဇိုမီးယန်း စကားပြောဖော်လည်း ဖြစ်ခဲ့ပါသည်။
စကော့သည် ကျေးလက်နေပြည်သူများက နိစ္စဓူဝပုံစံအမျိုးမျိုးဖြင့် အာဏာကို ခုခံတွန်းလှန်ပုံများကို လေ့လာရင်း အရှေ့တောင်အာရှရှိ ကျေးလက်ပြည်သူများကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ကဒါး (Kedah) ပြည်နယ်ရှိ မလေးရွာတစ်ရွာ၌ ကွင်းဆင်းသုတေသန ပြုလုပ် ရန် ဆုံးဖြတ်ခဲ့သောအခါ သူ၏ ယေးလ်မှ လုပ်ဖော်ကိုင်ဖက်များက ထိုအလုပ် မျိုးသည် “သူ၏ ပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းကို ပျက်စီးစေနိုင် သည်” ဟု သတိပေးကာ ဟန့်တားခဲ့ကြသည်။ ၎င်းတို့က စာကြည့်တိုက် အခြေပြု သုတေသနပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ သို့သော် သူ၏ ပထမဆုံး ထင်ရှားကျော်ကြားသည့် စာအုပ်ဖြစ်သော The Moral Economy of the Peasant: Rebellion and Subsistence in Southeast Asia3 စာအုပ်သည် ဗုဒ္ဓ ဘာသာ ဗမာလူမျိုးများ အများစုနေထိုင်သော မြန်မာပြည်အောက်ပိုင်းဒေသ နှင့် ဗီယက်နမ်နိုင်ငံတို့ကို အဓိကထား ရေးသားထားသည်။ စကော့သည် သူ၏ နောက်ထပ်စီမံကိန်းအတွက် ကွင်းဆင်းသုတေသနပြုရန် လက်မလျှော့ခဲ့ပေ။ ထိုအချိန်က ပညာရှင်အနည်းငယ်သာ ကျေးလက်လူ့အဖွဲ့အစည်းအကြောင်း ကို စိတ်ဝင်စားခဲ့ကြသည်။ သို့သော်လည်း စကော့သည် နက်ရှိုင်းသော စိတ် အားထက်သန်မှုနှင့် ယုံကြည်ချက်တို့ဖြင့် မိမိကိုယ်ပိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ သည်။ သူသည် သူ၏ မိသားစုနှင့်အတူ ကဒါးပြည်နယ်ရှိ မလေးရွာငယ်လေး တစ်ရွာ၌ နှစ်နှစ်ကြာ (၁၉၇၈–၁၉၈၀) နေထိုင်ကာ သုတေသနပြုခဲ့သည်။ ထို လုံ့လစိုက်ထုတ်မှု၏ ရလဒ်မှာ သူ၏ ဂန္ထဝင်မြောက်သော စာအုပ် Weapons of the Weak: Everyday Forms of Peasant Resistance4 ဖြစ်လာခဲ့သည်။ ယနေ့အထိ ထိုစာအုပ်ကို ပညာရပ်နယ်ပယ်ပေါင်းစုံမှ ပညာရှင် (၂၅,၄၃၂) ဦး ကျော်က ကိုးကားခဲ့ကြပြီး နိုင်ငံရေးသိပ္ပံ၊ မနုဿဗေဒ၊ သမိုင်း၊ သမ္မာကျမ်းစာ လေ့လာရေးနှင့် နိုင်ငံရေးဓမ္မပညာတို့တွင် ဂန္ထဝင်ကျမ်းအဖြစ် ရပ်တည်နေပါ သည်။ စကော့ကိုယ်တိုင်ကပင် “ဒီစာအုပ်က ကျွန်တော့်ရဲ့ ပညာရှင်အသိုင်း အဝိုင်းကို ကျော်လွန်ပြီး မမျှော်လင့်ဘဲ ခရီးနှင်သွားခဲ့တယ်” ဟု ကျွန်ုပ်အား ပြောပြခဲ့ဖူးပါသည်။
ကျွန်ုပ်တို့သည် ပညာရှင်များကို ၎င်းတို့၏ စာပေများမှတစ်ဆင့် ဦးစွာ သိကျွမ်းလာကြပြီး နောက်ပိုင်းမှသာ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရလေ့ရှိသည်။ စကော့နှင့် ကျွန်ုပ်၏ သိကျွမ်းမှုသည်လည်း ထိုအတိုင်းပင် ဖြစ်ခဲ့သည်။ ကျွန်ုပ် သည် သူကို သူ့စာအုပ်များမှတစ်ဆင့် ဦးစွာတွေ့ဆုံခဲ့ရပြီး နောက်ဆုံးတွင် ၂၀၁၉ ခုနှစ် နွေရာသီ၌ ယေးလ်တက္ကသိုလ်၌ ကျွန်ုပ်၏ ပါရဂူကျမ်းပြု သုတေသနပြုစဉ်အတွင်း ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခဲ့ရသည်။ သူသည် ကျွန်ုပ်ကို သူ့ရုံးခန်းသို့ ဖိတ်ခေါ်ပြီး သူ၏ စာအုပ်များစွာကို ရက်ရောစွာ လက်ဆောင်ပေးခဲ့ပြီး တစ်အုပ်ချင်းစီတွင် ကိုယ်တိုင်လက်မှတ်ရေးထိုးပေးခဲ့ သည်။ ၎င်းတို့အနက် The Art of Not Being Governed5 စာအုပ်တွင် သူက “ဒေးဗစ်မိုးအတွက် တစ်နှစ်တာလုံး သင်ယူမှုနှင့် ဉာဏ်ပညာဆိုင်ရာ အပေါင်း အဖော်ဖြစ်မှုများ ပြည့်ဝပါစေလို့ မျှော်လင့်ရင်း၊ နွေးထွေးစွာဖြင့် ဂျင်မ်စကော့” ဟု ရေးသားပေးခဲ့သည်။
နောက်ပိုင်းတွင် သူသည် နော်ဝေနိုင်ငံမှ လာရောက်လည်ပတ်သော ပညာရှင်တစ်ဦးနှင့်အတူ ကျွန်ုပ်ကို ညစာစားရန် ခေါ်ဆောင်သွားခဲ့ပြီး အရှေ့ တောင်အာရှ လေ့လာရေး (Southeast Asian Studies) ဘာသာရပ်တွင် ပါရဂူဘွဲ့လွန်နှင့် ကထိကရာထူးအတွက် ယေးလ်သို့ ပြန်လာရန် ဖိတ်ခေါ်ခဲ့ သည်။ “ခင်ဗျားကို ကျွန်တော်တိုက်ရိုက်ခန့်အပ်နိုင်တဲ့ အခွင့်အာဏာ မရှိဘူး။ ဒါပေမဲ့ ခင်ဗျားကို အလုပ်ခန့်ဖို့အတွက် ထောက်ခံဖို့ လက်ရှိ အရှေ့တောင်အာရှ လေ့လာရေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ အဲရစ်ဟမ်းလ်စ်နဲ့ ကျွန်တော် စကား ပြောပြီး ခင်ဗျားကို ယေးလ်မှာ ခန့်အပ်ဖို့အတွက် တိုက်တွန်းပေးပါမယ်” ဟု သူ က ပြောခဲ့သည်။ စကော့၏ ထောက်ခံအားပေးမှုနှင့် ပံ့ပိုးမှုသည် ကျွန်ုပ်၏ ယေးလ်၌ ခန့်အပ်ခြင်းခံရရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုကဲ့သို့ခိုင်မာသော ပံ့ပိုးမှုနှင့် လမ်းညွှန်မှုများအတွက် စကော့နှင့် ဟမ်းစ် နှစ်ဦး စလုံးကို ကျွန်ုပ် အထူးပင် ကျေးဇူးတင်ရှိပါသည်။
ကျွန်ုပ်သည် ၂၀၂၂ ခုနှစ် နွေရာသီတွင် နယူးဟေဗင်သို့ ပြောင်းရွှေ့လာ စဉ်က စကော့သည် ဒိန်းမတ်နိုင်ငံ၌ အားလပ်ရက် အပန်းဖြေနေခဲ့သည်။ သူ ပြန်ရောက်သောအခါ ဖုန်းဆက်၍ ကျွန်ုပ်ကို ယေးလ်နှင့် နယူးဟေဗင်သို့ ဖိတ် ခေါ်ခဲ့ပြီး မကြာမီတွင် ကျွန်ုပ်၏ ဇနီးနှင့် ကျွန်ုပ်အား သူ့နေအိမ်သို့ နေ့လယ်စာ စားရန် ဖိတ်ကြားခဲ့သည်။ သူက “ကျွန်တော့်ကို ပါမောက္ခ စကော့လို့ မခေါ်ပါနဲ့။ ဂျင်မ်လို့ပဲ ခေါ်ပါ။ ကျွန်တော်တို့က အခု လုပ်ဖော်ကိုင်ဖက်တွေပါ” ဟု ပြောခဲ့ သည်။ သူ့ကဲ့သို့ မြင့်မားသော ဂုဏ်ပုဒ်ရှိသူ၊ ကျွန်ုပ်တို့၏ ယဉ်ကျေးမှုအရ ဆရာကြီး ဟု ခေါ်ဝေါ်ရမည့်သူကို ဂျင်မ် ဟုခေါ်ရန် ကျွန်ုပ် အချိန်အတန်ကြာမှ အဆင်ပြေလာခဲ့သည်။ သို့သော် စကော့က ရင်းနှီးနွေးထွေးမှုကို ခပ်မြန်မြန်ပေး ကာ လက်တွဲခေါ်ခဲ့သည်။ သူသည် အမှန်တကယ်ပင် နှိမ့်ချတတ်သူတစ်ဦး ဖြစ်သည်။ သူသည် ကျေးလက်တောင်သူလယ်သမားများအကြောင်းကို လေ့ လာရေးသားခဲ့ရုံသာမက ရိုးရှင်းနှိမ့်ချစွာဖြင့် ထိုသူတို့ကဲ့သို့ နေထိုင်ခဲ့သည်။ သူသည် လည်စည်း (necktie) ကို ဝတ်ဆင်ခြင်းကို ရှောင်ရှားပြီး ပေါ့ပေါ့ ပါးပါးသာ ဝတ်ဆင်လေ့ရှိသည်။ သူ့မော်တော်ကားထဲတွင် လက်ပ်တော့ ကွန်ပျူတာကို မည်သည့်အခါမျှ မတွေ့ဖူးသော်လည်း ခြံလုပ်ငန်းသုံး လက်အိတ်များကိုမူ ကျွန်ုပ် သတိထားမိခဲ့သည်။
ယေးလ်တက္ကသိုလ်၏ အမြင့်ဆုံး ပညာရပ်ဆိုင်ရာ ရာထူးဖြစ်သော စတာလင်ပါမောက္ခ (Sterling Professorship) ရာထူးကို ပိုင်ဆိုင်ထား သော်လည်း စကော့သည် စစ်မှန်သော နှိမ့်ချမှုကို ကိုယ်စားပြုသည်။ သူသည် ပညာရှင်များနှင့် သာမန်ပြည်သူများကို မည်သည့်အခါမျှ ကွဲပြားစွာ မဆက်ဆံ ဘဲ လူတိုင်းကို တန်းတူလေးစားမှုဖြင့် ဆက်ဆံခဲ့သည်။ သူ့နေအိမ်၌ ကျွန်ုပ်တို့ နေ့လယ်စာစားပွဲတွင် သူသည် ကျွန်ုပ်၏ မလေးရှားနိုင်ငံသူ (သူ၏ ဒုတိယ အချစ်နိုင်ငံ) ဇနီးဖြစ်သူနှင့်အတူ နွေးထွေးစွာ စကားပြောဆိုခဲ့ရာ သူမနှင့် ဘာဟာဆာ မလေးစကားကို လေ့ကျင့်ပြောဆိုခဲ့ပြီး ကျွန်ုပ်နှင့် ဗမာစကားကို လေ့ကျင့်ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် သူ နေထိုင်ခဲ့ သည့် အချိန်ကာလများကို ပြန်ပြောင်းပြောပြခဲ့သည့် ထိုနေ့၏ ချစ်စဖွယ် အမှတ်တရများကို ကျွန်ုပ်တို့ မျှဝေခံစားခဲ့ကြသည်။ သူ၏ နှိမ့်ချသော စရိုက် လက္ခဏာနှင့် ပညာရှင်တစ်ဦးနှင့် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူ၏ ထူးကဲသော ကျွမ်းကျင်ပိုင်နိုင်မှုကို ကျွန်ုပ် လေးစားမိသည်။ ထိုတွေ့ဆုံပွဲတွင် ယေးလ်၌ “အောက်ခြေမှ ဖက်ဒရယ်စနစ် (Federalism from Below)” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု အပါအဝင် မြန်မာအရေးလေ့လာမှုကို မြှင့်တင်ရန် အတွက် ဖြစ်နိုင်ခြေရှိသော ပူးပေါင်းဆောင်ရွက်မှုများနှင့် စီမံကိန်းများ အကြောင်းကိုလည်း ကျွန်ုပ်တို့ ဆွေးနွေးခဲ့ကြသည်။
ယေးလ်တက္ကသိုလ်စာသင်ခန်းများနှင့် ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုများ
စကော့၊ ယေးလ်နှင့် အရှေ့တောင်အာရှလေ့လာရေးပညာရပ်တို့သည် ခွဲခြား၍ မရပေ။ စကော့သည် ပါရဂူဘွဲ့ ပြီးဆုံးပြီးနောက် ၁၉၇၆ ခုနှစ်တွင် ယေးလ် တက္ကသိုလ်သို့ အမြဲတမ်းပါမောက္ခ (tenured professor) အဖြစ် ပြန်လည် ရောက်ရှိလာချိန်၌ အရှေ့တောင်အာရှလေ့လာရေးကို တိုးတက်စေရန်အတွက် ဉာဏ်ပညာဆိုင်ရာ စွမ်းအားတစ်ရပ် ဖြစ်လာခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များ တွင် ယေးလ်၏ အရှေ့တောင်အာရှလေ့လာရေးကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန် ယူစဉ်ကာလ၌ ဤပညာရပ်ကို တိုးတက်အောင် ကူညီပေးခဲ့သည်။ အငြိမ်းစား ယူပြီးသည့်တိုင် စကော့သည် အရှေ့တောင်အာရှလေ့လာရေးနယ်ပယ်အတွင်း ရှိ မြန်မာ့လေ့လာရေးကို တိုးတက်အောင် လုပ်ဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေခဲ့သည်။
သူ၏ ဦးဆောင်မှုအောက်တွင် ဒေါက်တာအဲရစ်ဟမ်းစ်နှင့် ဒေါက်တာ ကော့ထနီဝစ်တကင်း၊ ဒေါက်တာဖရန်စစ်အိုမော်ချိုနှင့် အခြားသော မြန်မာ ပညာရှင်များ ပူးပေါင်း၍ ယေးလ်၌ လူမျိုးပေါင်းစုံ မြန်မာပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (Multicultural Myanmar Collaboratory – MMC) ကို တည် ထောင်ခဲ့ကြသည်။ ၎င်းသည် ပညာရှင်များ၊ စာရေးဆရာများနှင့် အရပ်ဘက် အဖွဲ့အစည်းများအတွက် မြန်မာနိုင်ငံ၏ ဉာဏ်ပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဘဝနှင့်ပတ်သက်၍ သုတေသနပြုရန်၊ သင်ကြားရန်နှင့် ထိတွေ့ဆက်ဆံရန် ဘေးကင်းသော နေရာတစ်ခုဖြစ်သည်။ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာ သည့် ပညာရေးဆိုင်ရာ လစ်ဟာမှုကို ဖြည့်ဆည်းပေးရန်အတွက် ယေးလ်က ကူညီပေးနိုင်သည့် စိတ်ကူးကို ကျွန်ုပ်တို့ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်း ပြီးနောက် ပညာရေးသည် ပြင်းထန်သော အကျပ်အတည်းနှင့် ရင်ဆိုင်နေရ သည့်အတွက် MMC သည် ဉာဏ်ပညာဖလှယ်ရာနှင့် သင်ရိုးညွှန်းတမ်းများ ဖော်ဆောင်ရာ အချက်အချာနေရာအဖြစ် ဆောင်ရွက်ခဲ့သည်။ စကော့သည် သူ့ အယူအဆများကို မည်သည့်အခါမျှ အတင်းအကျပ် သွတ်သွင်းခြင်းမရှိဘဲ စဉ်းစားဟန်ရှိသော ထိုးထွင်းသိမြင်မှုများကို ပေးအပ်ကာ စုပေါင်းဆင်ခြင် သုံးသပ်ရန် အားပေးခဲ့သည်။ သူသည် ကျောင်း၌ ဦးဆောင်အသံထွက်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ယေးလ်က မိမိတို့၏ နေရပ်နိုင်ငံများတွင် ဖိနှိပ်မှုနှင့် ရင်ဆိုင်နေရသော ပညာရှင်များကို လက်ခံမည့် အစီအစဉ်တစ်ခု စတင်ခဲ့သော အခါ စကော့သည် ထိုအချိန်က ဥက္ကဋ္ဌ ပီတာဆာလဗေးကို ပြောင်းရွှေ့လာသော မြန်မာပညာရှင်များကို ထည့်သွင်းပေးရန် တိုက်တွန်းခဲ့သည်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ကြောင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရပ်တန့်သွားခဲ့ရ သော လူငယ်ပညာရှင်များနှင့် လက်တွေ့လုပ်ကိုင်သူများကို ထောက်ပံ့ရန် ရည်ရွယ်သည့် ယေးလ်-မြန်မာ လူငယ်ပညာရှင်များ လမ်းညွှန်မှုအစီအစဉ် (Yale-Myanmar Junior Scholars Mentorship Program) ကို ဖွဲ့စည်းခဲ့ သည်။ လျှောက်ထားသူ ၂၀၀ နီးပါးထဲမှ အချို့ကို ၂၀၂၄ ခုနှစ် ဧပြီလတွင် ၎င်းတို့၏ စာတမ်းများကို တင်ပြရန် ယေးလ်သို့ ရွေးချယ်ခေါ်ယူခဲ့ပြီး ကျန်သူ များမှာ အွန်လိုင်းမှတစ်ဆင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။ ကျန်းမာရေး မကောင်း မွန်သော်လည်း စကော့သည် အစီအစဉ်၏ နောက်ဆုံးနေ့တွင် အကျိုးသက် ရောက်မှုရှိသော မှတ်ချက်များကို ပြောကြားခဲ့သည်။ ကျွန်ုပ်တို့၏ လမ်းညွှန်မှု ခံယူသူများသည် စကော့နှင့် ထိတွေ့ဆက်ဆံရခြင်းကို အလွန်နှစ်သက်ခဲ့ကြ သည်။ ကျွန်ုပ်တို့၏ အစီအစဉ်အတွက် ဂုဏ်ထူးဆောင် ဟောပြောသူအဖြစ် ပါဝင်ခဲ့သည့်အတွက် သူ့ကို အလွန်ဂုဏ်ယူမိသည်။
စကော့ကို ထူးခြားစေသည်မှာ သူ၏ ပညာရပ်ဆိုင်ရာလုပ်ငန်းနှင့် ထောက်ခံအားပေးမှုနှင့် တက်ကြွလှုပ်ရှားမှု (advocacy and activism) ကို ပေါင်းစပ်ထားခြင်းပင်ဖြစ်သည်။ သူသည် သူ၏ ပညာရှင်အလုပ်ကို လက်တွေ့ ဘဝနှင့် မည်သည့်အခါမျှ ခွဲခြားမထားခဲ့ပေ။ အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှု (civil rights movement) ကာလအတွင်း ခြောက်ကြိမ်ထက်မနည်း ဖမ်းဆီး ခံခဲ့ရဖူးသောကြောင့် မြန်မာပြည်သူများ ခံစားခဲ့ရသည်များကို သူ နားလည်ခဲ့ သည်။ ကျွန်ုပ်တို့သည် ယေးလ်၊ ကိုလံဘီယာ၊ ယွန်ဆေး (Yonsei) နှင့် ဟောင်ကောင် တရုတ်တက္ကသိုလ် (The Chinese University of Hong Kong) အပါအဝင် ထိပ်တန်းတက္ကသိုလ်များတွင် မြန်မာ့တော်လှန်ရေးနှင့် ပတ်သက်သော စကားဝိုင်းများကို အတူတကွ မျှဝေခဲ့ကြသည်။ စစ်အာဏာရှင် ဖိနှိပ်မှုအောက်တွင် ဆင်းရဲဒုက္ခရောက်နေသူများအတွက် ရန်ပုံငွေများ ရှာဖွေ ပေးရန် အပြန်အလှန်အကူအညီပေးရေးမြန်မာ (Mutual Aid Myanmar) ကို လည်း ပူးတွဲတည်ထောင်ခဲ့သည်။ ထို့အပြင် စကော့သည် ဒေသခံမြန်မာ ပညာ ရှင်များနှင့် အခြားသော အထူးပြုပညာရှင်များနှင့်အတူ ဤ လွတ်လပ်သော မြန်မာ့သုတေသနဂျာနယ် (Independent Journal of Burmese Scholarship) ကို ပြန်လည်တည်ထောင်ရာတွင်လည်း ကူညီခဲ့သည်မှာ မပြောမဖြစ် အချက်ပင်ဖြစ်သည်။6
၂၀၂၃ ခုနှစ် နွေဦးရာသီတွင် စကော့သည် ယေးလ်ဥပဒေကျောင်း (Yale Law School) ၌ “ဗဟိုချုပ်ကိုင်မှုကင်းသော ခုခံတွန်းလှန်မှု (Decentralized Resistance)” ခေါင်းစဉ်ဖြင့် သူ၏ နောက်ဆုံးသင်တန်းကို ပို့ချခဲ့သည်။ ဥပဒေ ကျောင်းကဖေး၌ နေ့လယ်စာစားနေစဉ်တွင် သူက ကျွန်ုပ်ကို ရင်းနှီးစွာ ပြောပြ ခဲ့သည်။ “ဒေးဗစ်၊ ခင်ဗျားနဲ့ ကျွန်တော်အချင်းချင်းပဲ သိဖို့တစ်ခု ပြောပြမယ်။ ကျွန်တော့် ရဲ့ စာအုပ်စီမံကိန်း (သူကွယ်လွန်ပြီးမှ ထုတ်ဝေခဲ့သည့် In Praise of Floods: The Untamed River and the Life It Brings7 စာအုပ်ကို ဆိုလိုသည်) ကို ဖြည်းဖြည်းချင်း လုပ်ဆောင်နေတုန်းမှာ ဒီသင်တန်းကို ပို့ချဖို့ ဖိတ်ခေါ်မှုကို လက်ခံဖို့ ကျွန်တော်တွေဝေခဲ့တယ်။ ဒါပေမဲ့ အကြောင်းရင်းနှစ်ချက်ကြောင့် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပထမအချက်ကတော့ မြန်မာ့တော်လှန်ရေးကနေ ရရှိတဲ့ စိတ်ကူးသစ်တွေကို စာသင်ခန်းထဲ ယူဆောင်လာဖို့၊ ဒုတိယအချက်က တော့ ဒီသင်တန်းကနေ ရရှိမယ့် ဂုဏ်ပြုချီးမြှင့်ငွေကို မြန်မာ့တော်လှန်ရေး အတွက် လှူဒါန်းဖို့ပဲ” ဟူ၍ ပြောခဲ့သည်။ သူသည် သူ၏ ဂုဏ်ပြုချီးမြှင့်ငွေ အား လုံးကို မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုအတွက် ရက်ရောစွာလှူဒါန်းခဲ့သည်။
သူသည် ကျွန်ုပ်အား ထိုသင်တန်းအတွက် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ (Buddhist nationalism) နှင့် တိုင်းရင်းသား လူနည်းစု၏ ခုခံတွန်းလှန်မှု (ethnic minority resistance) အပေါ် ကျွန်ုပ်၏ ကိုယ်တွေ့ အတွေ့အကြုံ များကို မျှဝေရန်အတွက် ပရင်စတန်တက္ကသိုလ် (Princeton University) မှ ပါမောက္ခအဲလစ်ဇဘက်နူးဂျန့်နှင့်အတူ ဧည့်ဟောပြောသူအဖြစ် ဖိတ်ကြားခဲ့ သည်။ နောက်ပိုင်းတွင် ကျွန်ုပ်သည်လည်း စကော့ကို ကျွန်ုပ်၏ ကိုယ်ပိုင် သင်တန်းဖြစ်သော ယေးလ်ဘာသာရေးကျောင်း (Yale Divinity School) ၌ ၂၀၂၃ ခုနှစ် နွေဦးရာသီတွင် ပို့ချခဲ့သည့် “အရှေ့တောင်အာရှရှိ ဘာသာရေး၊ ပဋိပက္ခနှင့် ပြန်လည်ရင်ကြားစေ့ရေး (Religion, Conflict, and Reconciliation in Southeast Asia)” သင်တန်းသို့ ဟောပြောရန် ဖိတ်ကြားခဲ့ရာ ကျွန်ုပ်တို့က ၎င်းကို “အပြန်အလှန် ဖိတ်ကြားမှု (reciprocal invitation)” ဟု ခေါ်ဆိုခဲ့ကြသည်။ ကျွန်ုပ်၏ ကျောင်းသားများသည် သူ၏ ဟောပြောချက်ကို စိတ်ဝင်စားဖွယ်ကောင်းပြီး ထိုးထွင်းသိမြင်မှုများဖြင့် ပြည့် နှက်နေသည်ကို တွေ့ရှိခဲ့ကြသည်။ စကော့သည် “အာရှရှိ ဘာသာရေး၊ နိုင်ငံ ရေးနှင့် အမှတ်လက္ခဏာ (Religion, Politics, and Identity in Asia)” အပါအဝင် ကျွန်ုပ်၏ အခြားသင်တန်းများသို့လည်း မကြာခဏ လာရောက်လေ့ ရှိပြီး လုပ်ဖော်ကိုင်ဖက်များနှင့် ကျောင်းသားများ အားလုံးကို ရက်ရောစွာ အားပေးကူညီမှုများ ပေးခဲ့သည်။
ကျွန်ုပ်တို့အတူတကွ မျှဝေခဲ့သည့် နောက်ဆုံးပညာရေး လှုပ်ရှားမှုမှာ သူ မကွယ်လွန်မီ နှစ်လအလို ၂၀၂၄ ခုနှစ် မေလ (၁၅) ရက်နေ့တွင် ပြုလုပ်ခဲ့သော ကျွန်ုပ်၏ စာအုပ်အလုပ်ရုံဆွေးနွေးပွဲ ဖြစ်သည်။ စကော့သည် ပါမောက္ခအဲရစ် ဟမ်းစ်နှင့် ပါမောက္ခကလိုဝီစတားတို့နှင့်အတူ ကျွန်ုပ်၏ စာမူကြမ်းတစ်ခုလုံး ကို စေ့စေ့စပ်စပ် ဖတ်ရှုခဲ့ပြီး အပြုသဘောဆောင်သော အကြံပြုချက်များကို ပေးခဲ့သည်။ သူ၏ အရေးကြီးဆုံး အကြံပြုချက်များထဲမှ တစ်ခုမှာ “ဒေးဗစ်၊ ခင်ဗျားရဲ့ စာမူကို ခင်ဗျားရဲ့ နယ်ပယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ပညာရှင်တွေ ဆီ ပို့ပေးပါ။ အဲဒီလို အကြံပြုချက်မျိုးကလည်း အထောက်အကူဖြစ်ပါတယ်” ဟူ၍ ဖြစ်သည်။ ကျွန်ုပ်၏ အသစ်ထွက်ရှိမည့် စာအုပ်ကို စကော့အား ရည်စူး ဂုဏ်ပြုအပ်ပါသည်။
ပညာရပ်နှင့် ဒီမိုကရေစီအတွက် စကော့၏ ခိုင်မာသော အမွေအနှစ်
စကော့သည် ရှေ့ဆက်သွားမည့် ပညာရပ်အတွက်၊ အထူးသဖြင့် အရှေ့တောင် အာရှနှင့် ဇိုမီးယား လေ့လာရေးတို့အတွက် ထူးခြားသော အမွေအနှစ်များကို ချန်ရစ်ခဲ့သည်။ သူကွယ်လွန်ပြီး ခြောက်လအကြာ ၂၀၂၅ ခုနှစ် နွေဦးရာသီတွင် ကျွန်ုပ်သည် သူ့ဘဝနှင့် အမွေအနှစ်ကို ဂုဏ်ပြုရန်အတွက် ယေးလ်၌ “အရှေ့ တောင်အာရှရှိ ဘာသာရေး အမျိုးသားရေးဝါဒနှင့် ဗဟိုချုပ်ကိုင်မှုကင်းသော ခုခံတွန်းလှန်မှု၏ နိုင်ငံရေး” ခေါင်းစဉ်ဖြင့် သင်တန်းတစ်ခုကို စီစဉ်ကာ ပို့ချခဲ့ သည်။ နောက်ခံအမျိုးမျိုးမှ ကျောင်းသား (၂၅) ဦး ပါဝင်ခဲ့ကြပြီး စကော့၏ အာဏာရှင်စနစ်နှင့် ခုခံတွန်းလှန်မှုဆိုင်ရာ လုပ်ငန်းများအပြင် ဘန်နီဒစ် အန်ဒါ ဆင်၏ “စိတ်ကူးယဉ်အသိုက်အဝန်းများ (imagined communities)”8 ဟူ သော အမျိုးသားရေးဝါဒသီအိုရီကိုပါ ဝေဖန်ပိုင်းခြား လေ့လာဆန်းစစ်ခဲ့ကြ သည်။ ကျောင်းသား အများအပြားက စကော့၏ “နေ့စဉ်ဘဝမှ ခုခံတွန်းလှန်မှု (everyday resistance)” နှင့် “အုပ်ချုပ်မခံရ ရေး အနုပညာ (The Art Of Not Being Governed)” ဟူသော သဘောတရားများသည် ကမ္ဘာတစ်ဝန်းရှိ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြောင်းလဲလှုပ်ရှားမှုများအပေါ် ၎င်းတို့၏ နားလည်မှုကို အခြေခံကျကျ ပြောင်းလဲစေခဲ့ကြောင်း ပြောကြားခဲ့သည်။ သူ၏ ထူးခြားသော အမွေအနှစ်၏ အနည်းဆုံး ရှုထောင့်သုံးခုကို ကျွန်ုပ် မီးမောင်း ထိုးပြလိုပါသည်။
ပထမအချက်မှာ စကော့သည် ထူးခြားစွာဖြင့် ပညာရပ်နယ်ပယ် ပေါင်းစုံကို ချိတ်ဆက်လေ့လာသူ (interdisciplinary scholar) ဖြစ်သည်။ သူ၏ လက်ရာကို ပညာရပ်နယ်ပယ်များစွာတွင် ဤမျှကျယ်ပြန့်စွာ ဖတ်ရှုလေ့ လာခံရသည့် အခြားပညာရှင်တစ်ဦးကို ကျွန်ုပ် မသိသေးပေ။ The New York Times က သူ၏ နာရေးသတင်း၌ ၎င်းကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
…အထက်မှအောက် စီမံသော အစိုးရ၏ တိုးတက်မှု အစီအစဉ် များသည် အဘယ်ကြောင့် မကြာခဏဆိုသလို ကျရှုံးရသနည်း နှင့် ဖယ်ကြဉ်ခံရသော အုပ်စုများသည် အာဏာပိုင်များကို မည်သို့ လျှို့ဝှက်စွာ နှောင့်ယှက်ဖျက်ဆီးသနည်းဆိုသည့် အကြောင်းအရာများအား လေ့လာခဲ့သူ၊ ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး ဖတ်ရှုခြင်းခံရသည့် လူမှုသိပ္ပံပညာရှင်များထဲ မှ တစ်ဦးဖြစ်ပြီး ၎င်း၏ လေ့လာမှုများက နိုင်ငံရေးဒဿနိက ဗေဒတစ်ရပ်ကို လက်ခံကျင့်သုံးရန် လမ်းပြခဲ့သည်။9
သူ၏ လွှမ်းမိုးမှုသည် နိုင်ငံရေးသိပ္ပံနှင့် မနုဿဗေဒနယ်ပယ်ကို ကျော်လွန်၍ ပတ်ဝန်းကျင်လေ့လာရေး၊ သမိုင်း၊ ဓမ္မပညာ၊ ဘာသာရေးလေ့လာရေးနှင့် သမ္မာကျမ်းစာပညာနယ်ပယ်များအထိ ကျယ်ပြန့်ခဲ့သည်။ စကော့သည် မိရိုး ဖလာအစဉ်အလာ ပညာရပ်နယ်ပယ်များ၏ နယ်နိမိတ်များကို စဉ်ဆက်မပြတ် တွန်းအားပေးခဲ့ပြီး ထုံးစံအတိုင်း စဉ်းစားပုံမှ ခွဲထွက်၍ တွေးခေါ်ခဲ့သည်။ သူ၏ လက်ရာသည် သူ၏ ကိုယ်ပိုင်နယ်ပယ်များအတွင်း လွှမ်းမိုးမှုရှိခြင်းမှာ သဘာဝ ကျသော်လည်း သူ၏ အယူအဆများသည် ၎င်းတို့ကို ကျော်လွန်၍ မည်မျှအထိ ပဲ့တင်ထပ်ခဲ့သည်မှာမူ အံ့ဩစရာကောင်းသည်။ သူ၏ ထိုးထွင်းသိမြင်မှုများ သည် ဓမ္မပညာနှင့် သမ္မာကျမ်းစာ လေ့လာရေးတို့ကိုပါ ထွန်းလင်းစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးနှင့် ဓမ္မပညာဆိုင်ရာ ကျမ်းများစွာသည် “သမိုင်း၏ အောက်ခြေ (the underside of history)” မှ ပေါ်ပေါက်လာ ခြင်းကြောင့် ဖြစ်ပါသည်။
ဥပမာအားဖြင့် မက်ဆာချူးဆက် ဘော့စတွန်တက္ကသိုလ် (University of Massachusetts Boston) မှ ရစ်ချတ်ဟော့စလေနှင့် သူ၏ သမ္မာကျမ်းစာ နှင့် ဓမ္မပညာနောက်ခံရှိ လုပ်ဖော်ကိုင်ဖက်များသည် စကော့၏ လက်ရာများ နှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံခဲ့ကြပြီး ပြည့်စုံသော စာအုပ်နှစ်အုပ် ကို ထုတ်ဝေခဲ့ကြသည်။ ယင်းတို့မှာ Hidden Transcripts and the Arts of Resistance10 နှင့် Oral Performance, Popular Tradition, and Hidden Transcript in Q11 တို့ဖြစ်ပြီး နှစ်အုပ်လုံးကို ဟော့စလေမှ တည်းဖြတ်ခဲ့သည်။ ၂၀၂၅ ဩဂုတ်လ (၂၇) ရက်နေ့တွင် ကျွန်ုပ်နှင့် အီးမေးလ်ဖြင့် ဆွေးနွေးမှုတစ်ခု ၌ ဟော့စလေက “ဓမ္မသစ်ကျမ်းဟာ သူ့ရဲ့ ဟောင်းနွမ်းနေတဲ့ နည်းလမ်းတွေ မှာပဲ ပိတ်မိနေတယ်။ ပြီးတော့ သူတို့က ဓမ္မပညာပိုင်းသီးသန့်ဖြစ်နေပြီး ကျဉ်း မြောင်းနေတယ်။ စကော့ရဲ့ ထိုးထွင်းသိမြင်မှုတွေက ကျမ်းစာပညာရှင်တွေရဲ့ အလုပ်အတွက် တိုက်ရိုက်သက်ဆိုင်ပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။ အလား တူပင် ကွယ်လွန်သွားပြီဖြစ်သော ထင်ရှားကျော်ကြားသည့် ဟီဘရူးကျမ်းစာ ပညာရှင် ဝေါ်လ်တာဘရူးဂမန်သည် ၂၀၂၄ ဩဂုတ်လ (၈) ရက်နေ့တွင် စကော့ အား ဂုဏ်ပြုရေးသားရာ၌ “ကျွန်ုပ်၏ ကိုယ်ပိုင်ပညာရပ် နယ်ပယ်ပြင်ပတွင် ကျွန်ုပ်သည် အခြားသော ခေတ်ပြိုင်ပညာရှင်များထက် စကော့ထံမှ ပိုမိုသင်ယူ ခဲ့ရသည်ဟုထင်သည်” ဟု ချီးကျူးဂုဏ်ပြုခဲ့သည်။
ဒုတိယအချက်မှာ စကော့သည် ကျွန်ုပ် ခေါ်ဝေါ်လိုသော ထူးခြားသည့် အော်ဂဲနစ်ပညာရှင် (uniquely organic scholar) ဖြစ်သည်။ ဤသည်မှာ သူ၏ ပညာရပ်ဆိုင်ရာလုပ်ငန်းသည် လက်တွေ့ကမ္ဘာ့အတွေ့အကြုံများ (real-world experiences) နှင့် နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်နေသည်ကို ဆိုလိုသည်။ သူသည် သာမန်ပြည်သူများအပေါ် ဉာဏ်ပညာဆိုင်ရာ ထိုးထွင်း သိမြင်မှုများကို သက်ရောက်စေခြင်း မပြုခဲ့ဘဲ အောက်ခြေလူထု၏ အသံများ၊ ကမ္ဘာ့အမြင်များနှင့် ရိုးရာပုံပြင်များကို ပညာရပ်ဆိုင်ရာ ဆွေးနွေးပြောဆိုမှုထဲ သို့ ယူဆောင်လာခဲ့သည်။ သူသည် ကျေးလက်တောင်သူလယ်သမားများထံမှ သင်ယူရန် ဆန္ဒရှိခဲ့သည်။ ကမ္ဘာကြီးကို “ငှက်မျက်လုံးအမြင် (bird’s-eye perspective)” အထက်စီးမှကြည့်ရှုခြင်းအစား သူက ၎င်းကို သူခေါ်ဝေါ်သည့် “တီကောင်အမြင် (earthworm’s view)” အောက်ခြေမှကြည့်ရှု ဆန်းစစ်ခဲ့ သည်။ သူသည် ကျေးလက်လူ့အဖွဲ့အစည်းများ၏ လက်တွေ့ဘဝ အတွေ့ အကြုံများကို အာဏာနှင့် ခုခံတွန်းလှန်မှုဆိုင်ရာ ဉာဏ်ပညာဆိုင်ရာ ငြင်းခုံ ဆွေးနွေးမှုများ၏ ဗဟိုချက်တွင် ထားရှိခဲ့သည်။ ဤသည်မှာ ပညာရှင်အများ အပြားအတွက် ထူးခြားသော အပြုအမူပင်ဖြစ်သည်။
ထိုသို့သော ရလဒ်ကြောင့် သူ၏ စာပေများသည် ပညာရှင်များအတွက် သာမက နိုင်ငံရေးခေါင်းဆောင်များအပါအဝင် သာမန်စာဖတ်သူများအတွက်ပါ လက်လှမ်းမီနေဆဲဖြစ်သည်။ ပညာရှင် အများအပြားသည် သူတို့၏ လုပ်ဖော် ကိုင်ဖက် ပညာရှင်များအတွက်သာ ရေးသားနေကြသော်လည်း စကော့၏ ရေးသားချက်များသည် ပညာရှင်များအတွက်သာမက နိုင်ငံရေးခေါင်းဆောင် များအတွက်ပါ ဖြစ်သည်။ ဥပမာအားဖြင့် မလေးရှားနိုင်ငံ၏ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဝန်ကြီးချုပ်ဖြစ်လာသူ အန်ဝါ အီဘရာဟင်သည် Weapons of the Weak စာအုပ်မှ လှုံ့ဆော်မှုရရှိခဲ့ပြီး စကော့ ကွင်းဆင်းသုတေသနပြုခဲ့သည့် ကဒါးပြည်နယ်ရှိ မလေးကျေးလက် တောင်သူ လယ်သမားရွာတစ်ရွာတွင် သူ၏ ကိုယ်ပိုင်ကျောင်းသားဘဝ နိုင်ငံရေးလှုပ်ရှား မှုများနှင့် နက်နက်ရှိုင်းရှိုင်း ပဲ့တင်ထပ်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ ဝန်ကြီးချုပ် အီဘရာဟင်သည် သူ၏ တရားဝင်လူမှုမီဒီယာစာမျက်နှာတွင် စကော့အား ဂုဏ်ပြုရေးသားရာ၌ ရှေ့ဆောင် အရှေ့တောင်အာရှပညာရှင်တစ်ဦး ကွယ် လွန်သွားခြင်းအပေါ် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး သူ၏ လက်ရာများကို “ထူးခြားသည်” ဟု မြှင့်တင်ချီးကျူးခဲ့သည်။
Domination and the Arts of Resistance စာအုပ်တွင် စကော့သည် လျှို့ဝှက်သိမ်မွေ့ကာ လူ့အထက်တန်းလွှာများက အမြဲလိုလို လျစ်လျူရှုထား သော သာမန်ပြည်သူများ၏ နေ့စဉ်နိုင်ငံရေး လုပ်ဆောင်ချက်များကို ဖော်ပြရန် အတွက် “အင်ဖရာနိုင်ငံရေး (infrapolitics)” ဟူသော ဝေါဟာရကို ဖန်တီးခဲ့ သည်။12 နာမည်ကျော် ပညာရှင်များကို ပိုမိုကျော်ကြားလာအောင် လုပ်ဆောင် ခြင်းထက် စကော့သည် ပညာရပ်ဆိုင်ရာ စကားဝိုင်းအတွင်း၌ ကျေးလက်လူမှု အသိုင်းအဝိုင်းများ၏ မကြားရသော အသံများကို ချဲ့ထွင်ဖော်ပြရန် ရွေးချယ်ခဲ့ သည်။ သူက တောင်သူလယ်သမားများသည် ကမ္ဘာ့လူဦးရေ၏ အကြီးဆုံး အစိတ်အပိုင်းကို ကိုယ်စားပြုသောကြောင့် လူတစ်ဦး၏ ဘဝကို တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေးကို လေ့လာရန် မြှုပ်နှံခြင်းသည် ဂုဏ်ယူစရာ နှင့် တန်ဖိုးရှိသော အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်ကြောင်း မကြာခဏ ပြောဆိုခဲ့သည်။ ဤယုံကြည်ချက်သည် အရှေ့တောင်အာရှ၏ စိုက်ပျိုးရေး လူ့အဖွဲ့အစည်းများနှင့် ကျေးလက်လူမှုအသိုင်းအဝိုင်းများ၏ နယ်ပယ်တွင် နက်နက်ရှိုင်းရှိုင်း ပဲ့တင်ထပ်ခဲ့သည်။ ဤနယ်ပယ်တွင် သူ၏ အမွေအနှစ်ကို အဖွဲ့အစည်းအဖြစ် တည်ထောင်ရန်အတွက် စကော့သည် ၁၉၉၁ တွင် ယေးလ် တက္ကသိုလ်၌ စိုက်ပျိုးရေးလေ့လာမှုအစီအစဉ် (Program in Agrarian Studies) ကို တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာပြဿနာများနှင့် အုပ်ချုပ် ရေးဆိုင်ရာ ညီလာခံများနှင့် ဆွေးနွေးပွဲများစွာကို ဦးဆောင်ခဲ့သည်။
တတိယအချက်မှာ စကော့သည် နိုင်ငံတော်မဟုတ်သော လူ့အဖွဲ့အစည်း များ (non-state societies) ၏ ရှေ့ဆောင် သီအိုရီပညာရှင် ဖြစ်သည်။ သူသည် နိုင်ငံတော်၏ ရိုးရာဘောင်ပြင်ပမှ နိုင်ငံရေးကို သီအိုရီထုတ်ခဲ့ပြီး “အားနည်းသူတို့၏ လက်နက်များ (weapons of the weak)”၊ “လျှို့ဝှက် မှတ်တမ်းများ (hidden transcripts)”၊ “နိုင်ငံတော်ကဲ့သို့ ကြည့်မြင်ခြင်း (seeing like a state)” နှင့် “အုပ်ချုပ်မခံရရေး အနုပညာ (the art of not being governed)” စသည့် ဩဇာကြီးမားသော၊ တစ်ခါတစ်ရံ အငြင်းပွား ဖွယ်ရာ သဘောတရားများကို လူသိများအောင် လုပ်ဆောင်ခဲ့သည်။ စကော့ သည် နိုင်ငံရေးကို တရားဝင် အဖွဲ့အစည်းများ၊ ဥပဒေများနှင့် နိုင်ငံတော်၏ မှန်ဘီလူးမှတစ်ဆင့် သီးသန့်ကြည့်ရှုခြင်းထက် သာမန်ပြည်သူများက ၎င်းတို့ ၏ နေ့စဉ်ဘဝများတွင် လွှမ်းမိုးမှုကို မည်သို့ လမ်းညွှန်၊ ညှိနှိုင်း၊ ခုခံတွန်းလှန် သည်ကို ဆန်းစစ်ခဲ့သည်။ သူ၏ ဩဇာကြီးမားသော သဘောတရားများသည် ခေတ်ပြိုင် လူမှုရေးနှင့် နိုင်ငံရေးသီအိုရီကို ပုံဖော်ခဲ့သည်။ Seeing Like a State13 စာအုပ်တွင် သူက လူ့အဖွဲ့အစည်းများကို နားလည်လွယ်ပြီး အုပ်ချုပ် နိုင်ရန် ကြိုးပမ်းသည့် ခေတ်မီဆန်းသစ်သော အစီအစဉ်များကို ဝေဖန်ခဲ့ပြီး နိုင်ငံတော်၏ ကြားဝင်ဆောင်ရွက်မှုများသည် ဒေသတွင်း အသိပညာ၊ လူမှုရေး ဓလေ့များနှင့် တရားမဝင်သော အဖွဲ့အစည်းများကို လျစ်လျူရှုသောကြောင့် မည်သို့ မကြာခဏ ကျရှုံးတတ်သည်ကို သက်သေပြခဲ့သည်။ သူ၏ နိုင်ငံတော် မဟုတ်သော ပုံဖော်မှုနှင့် ခုခံတွန်းလှန်မှု သီအိုရီသည် ကျွန်ုပ်၏ ချင်းတိုင်းရင်း သား လူမှုအသိုင်းအဝိုင်းအတွက်လည်း သက်ဆိုင်မှုရှိလာခဲ့သည်။
စကော့၊ တောင်ပေါ်သားများနှင့် အုပ်ချုပ်မရသော လူမှုအသိုက်အဝန်း
သူ၏ ထွက်ရှိပြီးစာအုပ်ဖြစ်သော The Moral Economy of the Peasant သည် မြေပြန့်ဒေသရှိ ဆရာစံ၏ လယ်သမားခုခံတွန်းလှန်မှုနှင့် ဗုဒ္ဓဝါဒလွှမ်းမိုးရာ ဧကရာဇ်နိုင်ငံများကဲ့သို့သော ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများအပေါ် အာရုံစိုက်ခဲ့သော်လည်း သူ၏ နောက်ပိုင်းလက်ရာဖြစ်သော The Art of Not Being Governed ကမူ အရှေ့တောင်အာရှ ကုန်းမြင့်ဒေသနှင့် နယ်စပ်ဒေသ များ တစ်လျှောက်ရှိ တောင်ပေါ်သားများနှင့် ဗဟိုချုပ်ကိုင်မှုရှိသော နိုင်ငံတော် များကို ၎င်းတို့၏ ခုခံတွန်းလှန်ပုံကို ဆန်းစစ်လေ့လာခဲ့သည်။ ဤဒုတိယ မြောက်လက်ရာသည် နိုင်ငံတော်၏ ထိန်းချုပ်မှုကို တမင်ရှောင်ရှားသော လူ့ အဖွဲ့အစည်းများကို စူးစမ်းရှာဖွေခဲ့ပြီး ပထဝီဝင်၊ လူမှုဖွဲ့စည်းပုံနှင့် ယဉ်ကျေးမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် ဗဟိုချုပ်ကိုင်မှုရှိသော အာဏာပိုင်အဖွဲ့ အစည်းကို စိန်ခေါ်သည့် “အုပ်ချုပ်မရနိုင်ခြင်း (ungovernability)” ပုံစံများ ကို မည်သို့ဖန်တီးပေးကြောင်းကို အလေးပေးဖော်ပြခဲ့သည်။
စကော့၏ တီထွင်ဖန်တီးမှုရှိစွာအမည်ပေးထားသော ဇိုမီးယား သဘော တရားသည် အရှေ့တောင်အာရှ၊ အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ နိုင်ငံတော်မဟုတ်သော လူမျိုးများအကြောင်းကို လေ့ လာသည့် နယ်ပယ်သစ်တစ်ခုအတွက် အထောက်အကူဖြစ်စေသည်။ စကော့ က ထိုအချိန်က “ဇိုမီးယားသည် ၎င်းတွင်နေထိုင်သူများကို အမျိုးသားနိုင်ငံ တော်များ (nation-states) ထဲသို့ အပြည့်အဝ ပေါင်းစည်းထားခြင်း မရှိသေး သည့် ကမ္ဘာပေါ်တွင် ကျန်ရှိနေသေးသော အကြီးဆုံးဒေသဖြစ်သည်” ဟု ပြော ကြားခဲ့သည်။14 ဇိုမီးယားဒေသသည် ဥရောပတိုက်မျှ ကျယ်ဝန်းသော်လည်း ပညာရှင်များက လုံလောက်စွာ အာရုံစိုက်ခြင်း မရှိသေးပေ။ စကော့၏ တောင် ပေါ်သားများကို “ထွက်ပြေးသူ၊ တိမ်းရှောင်သူနှင့် မာရွန်းလူမှုအသိုက်အဝန်း များ (runaway, fugitive, and maroon communities)”15 အဖြစ် ပုံဖော် ဖော်ပြမှုသည် ဘိုးဘွားပိုင်မြေများတွင် နေထိုင်နေကြဆဲဖြစ်သော ချင်းနှင့် အခြားတိုင်းရင်းသားများ၏ မိမိတို့ကိုယ်ကို မူရင်းတိုင်းရင်းသား အသိုက်အဝန်း များအဖြစ် ပုံဖော်ထားခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားဖွယ် ဖြစ်နိုင်သော်ငြား လည်း The Art of Not Being Governed စာအုပ်သည် ကိုလိုနီခေတ် မတိုင် မီနှင့် အာဏာသိမ်းပြီးကာလ နှစ်ခုစလုံးတွင် အုပ်ချုပ်မရသော ချင်းလူမှု အသိုက်အဝန်းနှင့် ပဲ့တင်ထပ်နေသည်။
The Art of Not Being Governed16 ၏ မြန်မာဘာသာပြန်သည် ချင်း လူမှုအသိုက်အဝန်းအတွက် ပိုမိုသက်ဆိုင်မှုရှိပါသည်။ ၎င်းသည် အထက်စီးမှ အောက်စီးသို့ ဆက်ဆံရေး၏ ဆရာ-တပည့်နှင့် ခေါင်းဆောင်-နောက်လိုက် အမျိုးအစားကို ဖော်ပြသည်။ ချင်းလူမျိုးများသည် ပြင်ပလူများ၏ အုပ်ချုပ်မှုကို ငြင်းပယ်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်ခေါင်းဆောင်များအောက်တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ပိုနှစ်သက်ကြသည်။ တစ်ဖက်တွင်မူ မြန်မာဘာသာပြန်က ချင်းလူမျိုးများသည် နောက်လိုက်များဖြစ်ခြင်းထက် ခေါင်းဆောင်များ ဖြစ်လို ကြောင်း ဖော်ပြသည်။ စစ်အုပ်ချုပ်ရေးကို ခုခံတွန်းလှန်နေသော ချင်းလူမှု အသိုက်အဝန်းတွင် လက်ရှိကြုံတွေ့နေရသည့် ခေါင်းဆောင်မှု အကျပ် အတည်းတွင် ၎င်းတို့၏ ခေါင်းဆောင်များ၏ စကားကို နားထောင်လိုစိတ် မရှိမှု သည် ပြဿနာဖြစ်နေသည်ကို ပြသနေသည်။
မည်သို့ပင်ဆိုစေကာမူ ချင်းခုခံတော်လှန်ရေးလှုပ်ရှားမှုသည် အောင်မြင်မှု ရရှိခဲ့သည်။ ၎င်းတို့သည် မြေပြန့်မှ စစ်အစိုးရကို ခုခံတွန်းလှန်နေစဉ်အတွင်း ၎င်းတို့၏ ဒေသတွင်း တောင်တန်းများကို ခိုလှုံရာနေရာများအဖြစ် ကောင်းစွာ အသုံးပြုခဲ့သည်။ စစ်ပွဲသည် ဆက်လက်ဖြစ်ပွားနေသော်လည်း ယနေ့တွင် ချင်းတောင်တန်းဒေသ အများစုနှင့် အခြားသော ကျေးလက်ဒေသများကို အရပ်သားများက အုပ်ချုပ်နေကြပြီး မြို့ပြများကမူ စစ်အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ဆက်လက်ရှိနေသည်။ ချင်းတောင်တန်းများသည် ဗဟိုအစိုးရနှင့် စစ်အစိုးရတို့၏ အုပ်ချုပ်၍မရသော နယ်မြေများ ဖြစ်လာနေသည်။
ပြုလွယ်ပြင်လွယ်သော ကိုယ်ပိုင်လက္ခဏာ၊ ခိုင်မာသော ကိုယ်ပိုင် လက္ခဏာနှင့် အမျိုးသားရေးဝါဒ
ဗဟိုအစိုးရနှင့် တောင်ပေါ်သားများအကြား ဆက်ဆံရေးနှင့်ပတ်သက်၍ စကော့သည် မေးခွန်းနှစ်ခုကို မကြာခဏ မေးခဲ့သည်။ ပထမတစ်ခုမှာ ဗဟို အစိုးရသည် တောင်ပေါ်ရွာများရှိ တိုင်းရင်းသားလူနည်းစုများ၏ ရန်သူ မည်သို့ ဖြစ်လာသနည်း။ ဒုတိယတစ်ခုမှာ တိုင်းရင်းသားလူနည်းစုများ၏ တိုင်းရင်း သားလူများစုများအကြောင်း သိရှိမှုသည် တိုင်းရင်းသားလူများစုများ၏ လူ နည်းစုများအပေါ် သိရှိနေမှုထက် အဘယ်ကြောင့် ပိုအားကောင်းနေသနည်း။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ယေးလ်တက္ကသိုလ်ပရဝဏ်အနီးရှိ စားသောက် ဆိုင်တစ်ဆိုင်၌ ညစာစားနေစဉ် ကျွန်ုပ်ကို ဒုတိယမေးခွန်းကို သူမေးခဲ့သည်။ ဒုတိယမေးခွန်း၏ အဖြေသည် ဆရာ-တပည့် ဆက်ဆံရေးနှင့် သက်ဆိုင်နေ သည်။ ဗမာလူမျိုး တိုင်းရင်းသားလူများစုသည် တိုင်းရင်းသားလူနည်းစုများကို ကျောင်းသားများအဖြစ် ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို ၎င်းတို့၏ လွှမ်းမိုးသော ယဉ်ကျေးမှုထဲသို့ စိမ့်ဝင်စေခဲ့သည်။ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစု များသည် လွှမ်းမိုးသော ယဉ်ကျေးမှုကို သင်ယူရန် အတင်းအကျပ် ခိုင်းစေခံရ သည်။ ချင်း၊ ကချင်နှင့် ရှမ်းကဲ့သို့သော တိုင်းရင်းသားလူနည်းစုအချို့သည် အတိတ်ကာလက ဗမာဘုရင်များ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် မရှိခဲ့ကြ သော်လည်း ဗြိတိသျှကိုလိုနီနယ်ချဲ့များက စိတ်ကြိုက်ဆွဲလိုက်သည့် နိုင်ငံရေး နယ်နိမိတ်များအတွင်း မတရားထည့်သွင်းခြင်း ခံခဲ့ရပြီး မြေပြန့်တွင် အဓိက နေထိုင်သော ဗမာဗုဒ္ဓဘာသာလူဦးရေလွှမ်းမိုးသည့် ပြည်ထောင်စုတစ်ခု အောက်သို့ ရောက်ရှိစေခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးကို ဗမာဗုဒ္ဓဘာသာဝင်များက သီးသန့်ဦးဆောင်၍ စိတ်ကူးပုံဖော်ခဲ့ကြသောကြောင့် ဗဟိုအစိုးရသည် တိုင်းရင်းသားလူနည်းစုများ အတွက် အလိုအလျောက် ပြဿနာများ ဖြစ်ပေါ်စေခဲ့သည်။ ဤသည်မှာ ပထမမေးခွန်း၏ အဖြေဖြစ်သည်။
ဤအခြေအနေတွင် ချင်းလူမျိုးများတွင် ရွေးချယ်စရာ နှစ်ခုရှိသည်။ တစ်ခုမှာ ၎င်းတို့၏ ဘာသာကို ပြောင်းလဲရန်ဖြစ်ပြီး ဒုတိယမှာ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒဖြင့် ပုံဖော်ထားသည့် ဗဟိုအစိုးရကို ခုခံတွန်းလှန်ရန် ဖြစ်သည်။ ဘာသာရေးအမှတ်လက္ခဏာ (Religious identity) သည် မြန်မာ နိုင်ငံနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများတွင် ပိုမိုပြောင်းလဲနိုင်သော်လည်း တိုင်းရင်းသား အမှတ်လက္ခဏာ (ethnic identity) ကမူ မကြာခဏဆိုသလို ပြောင်းလဲရန် ခက်ခဲသည်။ ယနေ့ ခရစ်ယာန်ဘာသာဝင်တစ်ဦးသည် နောက် နေ့တွင် ဗုဒ္ဓဘာသာဝင် ဖြစ်လာနိုင်သည်၊ အထူးသဖြင့် ဘာသာရေး အမှတ် လက္ခဏာကြောင့် ခွဲခြားဆက်ဆံခံနေရသည့် ဗုဒ္ဓဘာသာလူများစုနိုင်ငံတွင် ဖြစ်သည်။ ချင်းလူမျိုးအချို့သည် ဘာသာရေးအခြေပြု အမှတ်လက္ခဏာကို ကျော်လွှားရန်နှင့် ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းတွင် အခွင့်အရေးများ ရရှိရန် အတွက် ပထမရွေးချယ်မှုကို ရွေးချယ်ကာ ၎င်းတို့၏ ဘာသာကို အမှန်ပင် ပြောင်းလဲကြသည်။ သို့သော် ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ဘာသာ ပြောင်းခြင်းကို ချင်းလူမျိုးအများစုက သစ္စာမဲ့သည်ဟု မှတ်ယူကြသည်။ တိုင်းရင်းသားသည် ခွဲခြားဆက်ဆံမှုအတွက် ပိုမိုခိုင်မာသော အကြောင်း အချက်အဖြစ် အသုံးပြုခံရသောကြောင့် ဘာသာကို ပြောင်းလဲခြင်းသည် ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်ခြင်း မရှိပေ။
အမှတ်လက္ခဏာပုံဖော်ခြင်းနှင့်ပတ်သက်၍ ပြောနေကျစကားတစ်ခုရှိ သည်။ “ဗမာဖြစ်ရန်မှာ ဗုဒ္ဓဘာသာ ဖြစ်ရမည်။ ချင်း သို့မဟုတ် ကချင် ဖြစ်ရန် မှာ ခရစ်ယာန် ဖြစ်ရမည်” ချင်းလူမျိုးအများစုက ဒုတိယရွေးချယ်မှုကို ရွေး ချယ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ခရစ်ယာန်အမှတ်လက္ခဏာကို သစ္စာရှိ စွာ ဆက်လက်ထိန်းသိမ်းထားပြီး ဗဟိုချုပ်ကိုင်မှုရှိသော နိုင်ငံတော်နှင့် ဗုဒ္ဓ ဘာသာဝင်မဟုတ်သော တိုင်းရင်းသားလူနည်းစုများကို ခွဲခြားဆက်ဆံသည့် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ၏ နိုင်ငံရေးအတွေးအခေါ်ကို ခုခံတွန်းလှန်ကြ သည်။ ချင်းနှင့် အခြားသော တိုင်းရင်းသားလူနည်းစုများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီကတည်းက ဗဟိုအစိုးရ၏ ဗမာပြုရေး (လူမျိုး) နှင့် ဗုဒ္ဓ ဘာသာပြုရေး (ဘာသာ) နိုင်ငံရေးကို ခုခံတွန်းလှန်ခဲ့ကြသည်။ ဤခုခံတွန်း လှန်မှုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုအားကောင်းသော ခုခံတွန်း လှန်မှုစိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။
စကော့နှင့် ချင်းလူမျိုးတို့၏ ဗဟိုချုပ်ကိုင်မှုကင်းသော ခုခံတွန်းလှန်မှု
၂၀၂၁ အာဏာသိမ်းပြီးနောက် ဘီဘီစီသတင်းက “တိုက်ပွဲဝင် မြို့ငယ်လေး” အဖြစ် ဖော်ပြခဲ့သည့် ချင်းတောင်တန်းရှိ မင်းတပ်17တွင် ချင်းလူမျိုးတို့သည် ၎င်းတို့၏ ရိုးရှင်းသော အမဲလိုက်သေနတ်များ (တူမီး) ဖြင့် စစ်အစိုးရကို ခုခံ တွန်းလှန်ခဲ့သည့် ပထမဆုံးလူမျိုးများထဲမှ ပါဝင်ခဲ့သည်။ မင်းတပ်သည် ကျွန်ုပ် အထက်တန်းကျောင်း ပြီးဆုံးခဲ့သည့် မြို့ဖြစ်သည်။ ထိုမြို့ရှိ လူအများစုမှာ တောင်သူလယ်သမားများဖြစ်ပြီး အမျိုးသားအများစုမှာလည်း မုဆိုးများ ဖြစ် ကြသည်။ မုဆိုးများဖြစ်သည့်အားလျော်စွာ ချင်းအမျိုးသားများသည် အိမ်တွင် တူမီးသေနတ်များကို ပိုင်ဆိုင်ကြသည်။ တူမီးသေနတ်များသည် အားနည်း သော တောင်သူလယ်သမားများ၏ လက်နက်များ ဖြစ်သည်။ အစိုးရကို ပြတ် ပြတ်သားသား ဆန့်ကျင်မှုကြောင့် စစ်တပ်က ၂၀၂၁ မေလတွင် မင်းတပ်၌ စစ် အုပ်ချုပ်ရေး ကြေညာခဲ့ရာ ၎င်းသည် အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေး အောက်သို့ ရောက်ရှိခဲ့သည့် ပထမဆုံး တိုင်းရင်းသားလူနည်းစုမြို့ ဖြစ်လာခဲ့ သည်။ မင်းတပ်၏ တူမီးခုခံတွန်းလှန်မှုသည် လက်နက်မဲ့ ဆန္ဒပြသူများကို သတ်ဖြတ်မှု တိုးလာနေသည့် စစ်တပ်ကို လက်နက်စွဲကိုင် ဆန့်ကျင်တိုက်ခိုက် ရန် နိုင်ငံတစ်ဝန်းရှိ အခြားသူများကို လှုံ့ဆော်မှုများစွာ ပေးခဲ့သည်။
စကော့သည် ချင်းလူမျိုးများ၏ ၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်မှု အပါ အဝင် မြန်မာ့တော်လှန်ရေးကို ဗဟိုချုပ်ကိုင်မှုကင်းသော ခုခံတွန်းလှန်မှုပုံစံ အဖြစ် သတ်မှတ်သည်။ ၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်သော ခုခံတွန်းလှန် ရေး လှုပ်ရှားမှုသည် နိုင်ငံရေးအထက်တန်းလွှာများ သို့မဟုတ် ဗဟိုချုပ်ကိုင် ထားသော အစိုးရဖြင့် စတင်ခဲ့ခြင်း မဟုတ်ပေ။ ၎င်းသည် သာမန်အရပ်သား များ၏ မကျေနပ်မှုမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ရုရှား၏ ကျူးကျော်မှုကို ယူကရိန်း၏ ဗဟိုချုပ်ကိုင်ထားသော ခုခံတွန်းလှန်မှုနှင့် မတူဘဲ မြန်မာနိုင်ငံ၏ ခုခံတွန်းလှန်မှုသည် အောက်ခြေမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၎င်းသည် ဗဟိုချုပ်ကိုင်ထားသော အစိုးရ၏ အမိန့်များဖြင့် စတင်ခဲ့ခြင်း မဟုတ်ဘဲ ၎င်းတို့ ၏ အခွင့်အရေးများကို လေးစားသော လူ့အဖွဲ့အစည်းတွင် နေထိုင်ခြင်းထက် ကျော်လွန်၍ နိုင်ငံရေးကို စိတ်မဝင်စားသော သာမန်အရပ်သားများ၏ ပူးပေါင်း ဆောင်ရွက်သော လုပ်ဆောင်မှုများမှတစ်ဆင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်များသည် တရားဝင်ရွေးကောက်တင်မြှောက်ခံရသော ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း သည့်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းက သာမန်ပြည်သူများ၏ စွမ်းအားနှင့် ဆန္ဒ ပြရန် ၎င်းတို့၏ စုပေါင်းရည်ရွယ်ချက်များကို လျော့ပါးသွားစေမည်ဟု တွေး ထင်ခဲ့နိုင်သည်။ သို့သော်လည်း အာဏာသိမ်းမှုကို မတူညီသော ဘာသာရေး၊ တိုင်းရင်းသားနှင့် ဂျန်ဒါနောက်ခံများမှ သန်းပေါင်းများစွာသော အရပ်သားများ ၏ ကြီးမားသော ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အတိတ်ကာလက ချင်းနှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဗမာလူများစုက ရိုးရှင်း သော တရားမဝင် သူပုန်များအဖြစ်သာ အများအားဖြင့် နားလည်ခဲ့ကြသော် လည်း တိုင်းရင်းသားလူနည်းစုများက မိမိတို့ကိုယ်ကို လွတ်လပ်ရေး တိုက်ပွဲဝင် သူများအဖြစ် မှတ်ယူခဲ့ကြသည်။ ၂၀၂၁ အာဏာသိမ်းမှုသည် လူအများအတွက် ၎င်းတို့၏ မတူကွဲပြားသော အမှတ်သညာများကို ပြန်လည်သင့်မြတ်စေရန်နှင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ရန် ပူးပေါင်းနိုင်သော အခွင့်အရေးကို ဖန်တီးပေးခဲ့ သည်။ အမျိုးသားနှင့် အမျိုးသမီးများသည် ယခင်က စိတ်ကူးထားခဲ့သော နယ် နိမိတ်များအား ကျော်လွန်၍ ဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်ခဲ့ကြပြီး လူထု စွမ်းအားကို လျှော့တွက်ခဲ့သည့် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ ယခင် ခုခံတွန်းလှန်မှု လှုပ်ရှားမှုများနှင့်မတူဘဲ ၂၀၂၁ နောက်ပိုင်း ဗဟိုချုပ်ကိုင်မှုကင်း သော လှုပ်ရှားမှုသည် ဘာသာရေး၊ တိုင်းရင်းသားနှင့် ဂျန်ဒါရှုထောင့်များအရ ပိုမိုပါဝင်နိုင်စွမ်းရှိသည်။18 စကော့မှ မှန်ကန်စွာ မှတ်ချက်ပြုခဲ့သည်မှာ —
ယူကရိန်းစစ်ပွဲနှင့် ဟားမတ်စ်နှင့် အစ္စရေးအကြား စစ်ပွဲများတို့ ကြောင့် သတင်းခေါင်းစီးများတွင် ဖုံးကွယ်နေသည့်တိုင် မြန်မာ့ တော်လှန်ရေး၏ ထူးခြားမှုသည် ပြည့်စုံသည့် လေ့လာမှုပြု လုပ်ရန် ထိုက်တန်ပါသည်။ ယင်းသည် ဒီမိုကရေစီအတွက် ရုန်းကန်မှုကို ယေဘုယျအားဖြင့် နားလည်ရန်နှင့် ဗဟိုချုပ်ကိုင် မှုကင်းသော လက်နက်ကိုင်တော်လှန်မှု၏ နည်းစနစ်များကို အထူးသဖြင့် နားလည်ရန်အတွက် ထူးခြားသော အရေးပါမှု ရှိသည်။ ၎င်းသည် နိုင်ငံတစ်ဝန်းရှိ အရပ်သား ထောင်ပေါင်း များစွာ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် ၎င်းတို့ မျှဝေခံစားနေရ သည့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်၏ ရည်မှန်းချက်တို့ကို တရား မျှတစွာ ဖော်ပြနိုင်သည့် သမိုင်းမှတ်တမ်းနှင့် မှတ်တမ်းပြုစု ခြင်းမျိုးနှင့် ထိုက်တန်သည်။ ထိုသို့သော လူထုအခြေပြုသမိုင်း သည် ဗမာ့အမျိုးသားရေးဇာတ်ကြောင်းအတွက်သာ အရေး ကြီးသည်မဟုတ်ဘဲ ဒီမိုကရေစီ တော်လှန်ရေးများတွင် ဗဟို ချုပ်ကိုင်မှုကင်းသော ပူးပေါင်းဆောင်ရွက်မှုကို နားလည်ရန် အတွက် ပိုမိုကျယ်ပြန့်သည့် အသက်ဝင်သော ပံ့ပိုးမှုတစ်ခု လည်း ဖြစ်သည်။ တော်လှန်ရေးတစ်ခုက ၎င်း၏ ရည်မှန်းချက် များကို မည်သို့ အောင်မြင်စေသည်ဆိုခြင်းက ၎င်း၏ အုပ်ချုပ် ပုံကို ဆုံးဖြတ်သည်ဟု သမိုင်းပညာရှင်အများအပြား ယုံကြည် ထားသည့်အတိုင်း တော်လှန်ရေး အာဏာရရှိပါက ဒီမိုကရေစီ အုံကြွမှု၏ ဖွဲ့စည်းပုံနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု သည် အရေးကြီးပါသည်။ ဖက်ဒရယ်စနစ်သည် ရိုးရှင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ စာသားသက်သက်ဖြစ်ခြင်းမှ ဝေးကွာ ပြီး လက်တွေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခုခံတွန်းလှန်ရေး အင်အားစု အရေအတွက်များစွာ၏ ကျယ်ပြန့်သော ပူးပေါင်း ဆောင်ရွက်မှုဖြင့် မြေပြင်ပေါ်တွင် ပုံဖော်ဖန်တီးလျက် ရှိသည်။ အနောက်နိုင်ငံများတွင် မြန်မာ့တော်လှန်ရေးကို နှိုင်းယှဉ်ချက် အားဖြင့် အသိအမှတ်ပြုမှု နည်းပါးသော်လည်း ၎င်းသည် ပြင်သစ်တော်လှန်ရေးနှင့် ပိုလန်နိုင်ငံ၏ စည်းလုံးညီညွတ်ရေး လှုပ်ရှားမှုတို့ နေရာယူထားသော စံနမူနာပြ အဆင့်တွင် ပါဝင် သည်။19
မည်သည့် ပြင်ပနိုင်ငံများ၏ စစ်ရေးထောက်ခံမှုမှ မရှိသော်လည်း ဤ ဗဟို ချုပ်ကိုင်မှုကင်းသော ခုခံတွန်းလှန်မှုသည် အရပ်သားနည်းပညာများကို စစ်ရေး အသုံးပြုရန်အတွက် တီထွင်ဖန်တီးမှုရှိကြောင်း သက်သေပြခဲ့သည်။ ဥပမာ အားဖြင့် ဒရုန်းများကို ထုတ်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းနှင့် လက်နက်ငယ် များကို ထုတ်လုပ်ခြင်းတို့ ဖြစ်သည်။ စစ်တပ်ကို တိုက်ခိုက်ပြီး နယ်မြေကို ကာ ကွယ်ရန်အတွက် ဒေသတွင်းအုပ်စုအများအပြားအကြား အချိန်နှင့် တပြေးညီ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အထင်ကြီးစရာ ကောင်းပါသည်။ ဤဗဟို ချုပ်ကိုင်မှုကင်းသော ခုခံတွန်းလှန်လှုပ်ရှားမှု၏ နောက်ဆုံးရလဒ်သည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအနာဂတ်အတွက် မည်သို့ဖြစ်လာမည်ကို မည်သူမျှ ခန့်မှန်း နိုင်ခြင်း မရှိသေးသော်လည်း အာဏာသိမ်းပြီးနောက် စစ်တပ်မှ ထွက်ခွာသွား သူ အရေအတွက်များစွာကို ကြည့်ခြင်းအားဖြင့် ၎င်း၏ ထိရောက်မှုသည် ထင် ရှားပါသည်။20 ဗဟိုချုပ်ကိုင်မှုကင်းသော ခုခံတွန်းလှန်မှုသည် ၎င်း၏ အားသာ ချက်များ ရှိသော်လည်း စည်းလုံးသော နိုင်ငံရေးခေါင်းဆောင်မှု ကင်းမဲ့ခြင်း ကြောင့် စည်းစနစ်မကျခြင်းကဲ့သို့သော အားနည်းချက်များလည်း ရှိနိုင်ပါသည်။ သို့သော်လည်း စကော့၏ အဓိကစိုးရိမ်ပူပန်မှုမှာ အရှေ့တောင်အာရှရှိ ဗဟို ချုပ်ကိုင်ထားသော နိုင်ငံတော်များကို ပုန်ကန်ထကြွသည့်အနေဖြင့် ဗဟိုချုပ် ကိုင်မှုမရှိသော ခုခံတွန်းလှန်မှုသည် အဘယ်ကြောင့်နှင့် မည်သို့ ပေါ်ပေါက်လာ သည်ကို နားလည်ရန်သာ ဖြစ်ပါသည်။
လူသိရှင်ကြားနှင့် ကွယ်ဝှက်ထားသော ခုခံတွန်းလှန်မှု ‘အားနည်းသူတို့၏ လက်နက်များ’
စကော့သည် အန္တရာယ်ရှိသော လွှမ်းမိုးမှုများရှိသည့် အခြေအနေများတွင် ခုခံ တွန်းလှန်မှု၏ အရေးပါသော နည်းလမ်းအဖြစ် “လျှို့ဝှက်မှတ်တမ်းများ (hidden transcripts)” ဟူသော ဝေါဟာရကို ဖန်တီးခဲ့သူအဖြစ် ဂုဏ်ပြုခံရ သည်။ ဒီမိုကရေစီနိုင်ငံများတွင် အာဏာပိုင်များကို လူသိရှင်ကြား ဆန္ဒပြခြင်း နှင့် ခုခံတွန်းလှန်ခြင်းတို့သည် ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံကဲ့သို့သော အချို့ အာဏာရှင်နိုင်ငံများတွင် ထိုသို့သော လူသိရှင်ကြား ခုခံတွန်းလှန်မှုပုံစံများ သည် အန္တရာယ်ရှိသည်။ ဤအချက်ကြောင့် စကော့၏ လျှို့ဝှက်မှတ်တမ်းများ သီအိုရီသည် ချင်းလူမျိုးများ၏ နေ့စဉ် လျှို့ဝှက်၍တစ်မျိုး ပေါ်ပေါ်ထင်ထင် တစ်မျိုး ခုခံတွန်းလှန်မှုပုံစံများနှင့် အလွန်သက်ဆိုင်ပါသည်။ အခြေအနေက ဘေးကင်းသည်ဟု ထင်ရသည့်အခါ ၎င်းတို့သည် စစ်အစိုးရကို ပေါ်ပေါ်ထင် ထင် ခုခံတွန်းလှန်ကြသည်။ သို့သော် အန္တရာယ်ရှိသည်ဟု ထင်ရသည့်အခါ လျှို့ဝှက်သော နည်းလမ်းများနှင့် သင်္ကေတများဖြင့် ခုခံတွန်းလှန်ကြသည်။ စကော့က မျက်စိအောက်မှ လွတ်ကင်းသော နေ့စဉ် ခုခံတွန်းလှန်မှု ပုံစံများပင် လျှင် ထိုကဲ့သို့သော အန္တရာယ်ရှိသည့် အခြေအနေများတွင် အလွန်အကျိုးသက် ရောက်မှုရှိနိုင်ကြောင်း အလေးထား ပြောကြားခဲ့သည်။
စကော့၏ လျှို့ဝှက်မှတ်တမ်းများ သီအိုရီသည် လက်အောက်ခံအုပ်စုများ က စစ်အာဏာကို သီးသန့်နေရာမှ ဝေဖန်ခြင်းကို ရည်ညွှန်းပြီး အာဏာကို အားဖြည့်ပေးသော လူသိရှင်ကြား၊ တရားဝင် ဇာတ်ကြောင်းများနှင့် ဆန့်ကျင် ဘက်ဖြစ်သည်။ ဤလျှို့ဝှက်ဝေဖန်မှုများသည် နိုင်ငံရေးဘဝ၏ ကြွယ်ဝပြီး မကြာခဏဆိုသလို အသိအမှတ်မပြုရသေးသော ရှုထောင့်များကို ဖော်ထုတ် ပြသသည်။ အရေးကြီးသည်မှာ စကော့၏ သီအိုရီသည် ချင်းခရစ်ယာန် လူမှု အသိုင်းအဝိုင်းများကို ရောမ ၁၃:၁-၇ ကဲ့သို့သော ကျမ်းစာများကို နိုင်ငံရေး ဓမ္မပညာ၏ လျှို့ဝှက်မှတ်တမ်းအဖြစ် ပြန်လည်ဖတ်ရှုနိုင်ရန် စွမ်းဆောင်ပေး သည်။ ချင်းခရစ်ယာန်အချို့သည် ရောမ ၁၃:၁-၇ ကို အာဏာသိမ်းမှုကို တရား မျှတစေပြီး အာဏာပိုင်များအား မျက်စိစုံမှိတ် နာခံရန် ဘုရားကျောင်း၏ တောင်းဆိုမှုကို အတည်ပြုသည့် အင်ပါယာဆိုင်ရာစာသား (imperial text) အဖြစ် အလွဲသုံးစားလုပ်ကြသည်။ သို့သော် စကော့၏ သီအိုရီက ပေါလုသည် အင်ပါယာကို လျှို့ဝှက် ခုခံသူ ဖြစ်ကြောင်း ရောမ ၁၃:၁-၇ တွင် လျှို့ဝှက် မှတ်တမ်းများကို ဖတ်ရှုနိုင်ရန် ခွင့်ပြုပေးသည်။ ရောမ ၁၃:၁-၇ ကို ရောမ ၁၂:၉ နှင့်တွေ့ဆုံဆွေးနွေး၍ နားလည်သင့်သည်။ ထိုနေရာတွင် ပေါလုက “မကောင်း မှုကို တွန်းလှန်၍ ကောင်းသောအရာကို ချစ်ကြလော့” ဟု ပြောထားသည်။ ဤ အချက်ကို ထောက်ရှု၍ ချင်းဘုရားကျောင်းများသည် အာဏာသိမ်းမှုကို မကောင်းမှုအဖြစ် ခုခံတွန်းလှန်ပြီး လူ့အဖွဲ့အစည်းအတွက် ကောင်းသောအရာ ကို ချစ်ရမည် ဖြစ်သည်။21 အာဏာသိမ်းမှုကို မကောင်းမှုအဖြစ် ခုခံတွန်းလှန် ခြင်းသည် ဗုဒ္ဓ၏ ကိုယ်ကျင့်တရားဆိုင်ရာ အဆုံးအမများ (ဓမ္မ) ၏ ဆန့်ကျင် ဘက်ဖြစ်သော အဓမ္မအဖြစ် အာဏာသိမ်းမှုကို ဗုဒ္ဓဘာသာဆိုင်ရာ ကိုယ်ကျင့် တရားအရ ငြင်းပယ်ခြင်းနှင့် ဆက်စပ်နေသည်။
ချင်းလူမျိုးများသည် လျှို့ဝှက်စွာနှင့် ပေါ်ပေါ်ထင်ထင် ခုခံတွန်းလှန်မှု ပုံစံ နှစ်မျိုးလုံးကို ‘အားနည်းသူတို့၏ လက်နက်များ’ အဖြစ် အသုံးပြုနေကြသည်။ Weapons of the Weak စာအုပ်တွင် စကော့က ချင်းကဲ့သို့သော အစွန် အဖျားရောက်ဖယ်ကြဉ်ခံရသော လူများ အသုံးပြုသည့် သိမ်မွေ့သော၊ မကြာ ခဏ မမြင်ရသော ခုခံတွန်းလှန်မှုပုံစံများကို မီးမောင်းထိုးပြခဲ့သည်။ ၎င်းတို့ တွင် “ခြေထိုးကာနှောင့်နှေးစေခြင်း (foot-dragging)” (တမင်တကာ နှေး ကွေးစွာ လုပ်ဆောင်ခြင်း)၊ “ဖျက်ဆီးခြင်း (sabotage)” (တစ်စုံတစ်ဦး၏ ပစ္စည်းဥစ္စာကို ပျက်စီးစေခြင်း)၊ “ဟန်ဆောင်နာခံခြင်း (false compliance)” (စည်းမျဉ်းများကို စိတ်ရင်းမှန်ဖြင့် လိုက်နာခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ဟန် ဆောင်ခြင်း) နှင့် ကောလာဟလဖြန့်ခြင်း တို့အားလုံးသည် ပေါ်တင် ထိပ်တိုက် ရင်ဆိုင်မှုမရှိဘဲ အာဏာကို စိန်ခေါ်ခြင်းဖြစ်သည်။ စကော့သည် တီးတိုး ပြောဆိုခြင်း (gossip) ကိုလည်း နေ့စဉ် ခုခံတွန်းလှန်မှု၏ သိမ်မွေ့သော်လည်း အရေးပါသော ပုံစံအဖြစ် အလေးပေးဖော်ပြသည်။ ဖိနှိပ်မှု၏ ခြိမ်းခြောက်မှုက ပေါ်တင်ဆန့်ကျင်မှုများကို အန္တရာယ်ဖြစ်စေသည့် အခြေအနေများတွင် တီးတိုး ပြောဆိုခြင်းသည် ဒီမိုကရေစီအသံတစ်မျိုးအဖြစ် အသုံးဝင်ကြောင်း သူက ရှင်းပြသည်။22 ၎င်းသည် ဖိနှိပ်ခံရသူများအား အာဏာရှိသူများ၏ မတရားမှု များကို ဖော်ထုတ်ဝေဖန်သည့် ဇာတ်လမ်းများ မျှဝေခွင့်ပေးပြီး ကြောက်ရွံ့မှုနှင့် တိတ်ဆိတ်မှုများကြားတွင်ပင် လွတ်လပ်မှု၏ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်ကူးပုံဖော်မှုကို ဆက်လက်တည်ရှိစေသည်။
စကော့ကိုကျော်လွန်၍ လူမှုရေးနှင့် ပြည်ပရောက် ချင်းလူမျိုးတို့၏ လှုပ်ရှားမှုများ
စကော့၏ လက်ရာများ၊ အထူးသဖြင့် Weapons of the Weak နှင့် Domination and the Arts of Resistance တို့သည် ခုခံတွန်းလှန်မှုပညာရပ်နယ်ပယ် အတွက် ထူးခြားသော ပံ့ပိုးမှုများ ပေးခဲ့သော်လည်း ထင်ရှားစွာ လစ်ဟင်းနေ သော အချက်နှစ်ချက်ရှိသည်။ ပထမမှာ လူမှုလှုပ်ရှားမှုများတွင် ဆိုရှယ်မီဒီယာ ၏ အခန်းကဏ္ဍဖြစ်သည်။ ဒုတိယမှာ ပြည်ပရောက် လှုပ်ရှားမှုများ (diasporic mobilizations) နှင့် ၎င်းတို့၏ နယ်မြေဒေသရှိ လူများနှင့် တိုက်ရိုက်ချိတ် ဆက်မှုများ၏ အရေးပါမှုဖြစ်သည်။ ဤချန်လှပ်ထားမှုသည် နားလည်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် စကော့သည် သူ၏ ခုခံတွန်းလှန်မှု သီအိုရီကို ဒစ်ဂျစ်တယ်ဆိုရှယ်မီဒီယာများ မပေါ်ပေါက်မီနှင့် ၎င်းတို့၏ ဇာတိမြေပြင်ပ တွင် ချင်းတိုင်းရင်းသား ပြည်ပရောက် အသိုင်းအဝိုင်းများ နည်းပါးစဉ်က တီထွင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်၏ ဖိတ်ခေါ်ချက်မှာ စကော့ ၏ လက်ရာများကို ၎င်း၏ တိုက်ရိုက်အကျိုးသက်ရောက်မှုများအတွက် သာမက ခေတ်ပြိုင်
အခြေအနေများအရ ၎င်းကို မည်သို့ချဲ့ထွင်နိုင်သည်ကိုပါ ဖတ်ရှုရန်ဖြစ်သည်။
စကော့ကို ကျော်လွန်၍ ဆက်လက်လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သော ခုခံတွန်းလှန်လှုပ်ရှားမှုတွင် ဆိုရှယ်မီဒီယာ သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း အသိအမှတ်ပြုရန် လိုအပ်သည်။ ဆိုရှယ်မီဒီယာသည် ခုခံတွန်းလှန်မှု၏ လက်နက်တစ်ခုအနေဖြင့် ရော၊ ဥပမာအားဖြင့် ချင်း ပြည်ပရောက် အဖွဲ့များနှင့် ဇာတိမြေရှိ ဒေသခံလူ များကို ချိတ်ဆက်ပေးသည့် လမ်းကြောင်းတစ်ခုအနေဖြင့်ပါ ဆောင်ရွက်နေ သည်။ အီလွန်မတ်စ်၏ X (ယခင် Twitter) ကို အဓိကအားဖြင့် လူ့အထက် တန်းလွှာများက အသုံးပြုသော်လည်း Facebook ကို ချင်းလူမျိုးများ အပါ အဝင် နိုင်ငံ၏ (၅၅) သန်းသော နိုင်ငံသားများ၏ တစ်ဝက်ကျော်မှ လက်လှမ်း မီနိုင်ပြီး ဝေဖန်မှုများကို ဖော်ပြခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို စုစည်း ခြင်းနှင့် ဆန္ဒပြသူများနှင့် သေဆုံးသူများ၏ မိသားစုများအတွက် ရန်ပုံငွေများ ရှာဖွေခြင်းအတွက် ဗဟိုနေရာအဖြစ် ဆောင်ရွက်သည်။ ဘေးကင်းရေးအတွက် အသုံးပြုသူများစွာသည် နေ့စဉ် ခုခံတွန်းလှန်မှုလုပ်ရပ်များတွင် ပါဝင်ရန် အမည်ဝှက်များနှင့် ဓာတ်ပုံများကို အသုံးပြုကြသည်။23 ချင်း လူမှုလှုပ်ရှားမှု သည် အနုပညာ၊ ဆိုရှယ်မီဒီယာနှင့် နေ့စဉ်ဆန့်ကျင်မှုလုပ်ရပ်များ ပေါင်းဆုံကာ လူမှုအသိုင်းအဝိုင်း၏ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးဘဝကို ထိန်းသိမ်းထား သည့် လျှို့ဝှက်သောနှင့် လူသိရှင်ကြား ခုခံတွန်းလှန်မှုတို့၏ ယှက်နွယ်နေသော ပုံစံများဖြင့် နက်နက်ရှိုင်းရှိုင်း ပုံဖော်ထားသည်။
ဒစ်ဂျစ်တယ် တက်ကြွလှုပ်ရှားမှု၊ ပုံရိပ်ယောင်အနုပညာ၊ ဂီတ၊ ကဗျာနှင့် အွန်လိုင်းဖျော်ဖြေမှုများမှတစ်ဆင့် ၎င်းတို့သည် နိုင်ငံတော်ဝါဒဖြန့်ချိမှုကို စိန်ခေါ်ခြင်း၊ စုပေါင်းမှတ်ဉာဏ်ကို ထိန်းသိမ်းခြင်းနှင့် ပြည်သူများအကြား ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိကို လှုံ့ဆော်ပေးသည့် လျှို့ဝှက်ခြင်းနှင့် လူသိ ရှင်ကြား ခုခံတွန်းလှန်မှု နေရာများကို ဖန်တီးကြသည်။ ဥပမာအားဖြင့် အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ ပြည်ပရောက် ချင်းလူမျိုးတက်ကြွလှုပ်ရှားသူများနှင့် မီဇို အဆိုတော်များ အဖွဲ့တစ်ဖွဲ့သည် မိုက်ကယ်ဂျက်ဆင်၏ We Are the World သီချင်းကို အာဏာသိမ်းမှုကို ရှင်းလင်းစွာ ဆန့်ကျင်သည့် စာသားများ ထည့် သွင်း၍ ပြန်လည်သီဆိုထားသော ဂီတဗီဒီယိုကို ထုတ်ဝေခဲ့သည်။ ၎င်းဗီဒီယို သည် ၎င်းတို့၏ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပြီး မြန်မာပြည်သူများကို ထောက်ခံရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုသည့် ဖိတ်ခေါ်မှု တစ်ခု အနေဖြင့် ဆောင်ရွက်ခဲ့သည်။ ၎င်းသည် လျင်မြန်စွာပင် ကြည့်ရှုသူ (၁ ဒသမ ၆) သန်း ရရှိခဲ့ပြီး၊24 နှစ်နှစ်အတွင်း (၇ ဒသမ ၃) သန်းခန့်အထိ ရောက်ရှိခဲ့ သည်။25 အဆိုတော်များသည် ဤဗီဒီယိုမှတစ်ဆင့် အိန္ဒိယ၊ အမေရိကန်နှင့် အခြားနိုင်ငံများရှိ အာဏာသိမ်းဆန့်ကျင်ရေး ကြိုးပမ်းမှုများကို ထောက်ပံ့ရန် လှူဒါန်းမှုများကို ဖန်တီးပေးခဲ့သည်။
စကော့သည် ဆန္ဒပြမှုနှင့် ခုခံတွန်းလှန်မှုအကြား မကြာခဏ ခွဲခြားဖော်ပြ လေ့ရှိသည်။ ဆန္ဒပြမှုသည် အကန့်အသတ်ရှိသော်လည်း ခုခံတွန်းလှန်မှုသည် တာရှည်ခံသည်။ နေ့စဉ်လုပ်ဆောင်မှုများသည် နေ့စဉ် ခုခံတွန်းလှန်မှုပုံစံများ ကို အစပျိုးပေးပြီး မြှင့်တင်ပေးသည်။ ကမ္ဘာပေါ်ရှိ ခုခံတွန်းလှန်မှု အများစုသည် စည်းရုံးထားသော ဆန္ဒပြမှုများအကြောင်း မဟုတ်ဘဲ နေ့စဉ်ခုခံတွန်းလှန်မှု များအကြောင်းသာဖြစ်ကြောင်း သူက မကြာခဏ မှတ်ချက်ပြုခဲ့သည်။ တရား ဝင် ဆန္ဒပြမှုမရှိဘဲ ခုခံတွန်းလှန်မှု ရှိနိုင်သည်။ ယေဘုယျအားဖြင့် မြန်မာ ပြည်သူများ အားလုံး၊ အတိအကျအားဖြင့် ချင်းလူမှုအသိုင်းအဝိုင်းများတွင် စကော့၏ သီအိုရီကို တိုက်ရိုက်မသိရှိသည့်တိုင် ၎င်းတို့၏ ဒေသတွင်း၊ ပြောင်း ရွှေ့ခံအသိုင်းအဝိုင်းနှင့် ပြည်ပရောက် အာဏာသိမ်းဆန့်ကျင်ရေးတွင် သူ၏ နေ့စဉ် ခုခံတွန်းလှန်မှုသီအိုရီကို လက်ခံကျင့်သုံးကြသည်။ စကော့၏ အယူ အဆများသည် အာဏာ၊ ခုခံတွန်းလှန်မှုနှင့် လူမှုရေးစနစ်တို့သည် တရားဝင် နိုင်ငံတော်တည်ဆောက်ပုံများကို ကျော်လွန်၍ မည်သို့တည်ရှိနေသည်ကို ထွန်းလင်းပြသပေးပြီး သာမန် ချင်းလူမျိုးများနှင့် လူမှုအသိုင်းအဝိုင်းများ၏ ကိုယ်ပိုင်ဆောင်ရွက်နိုင်စွမ်းကို မီးမောင်းထိုးပြပေးသည်။
ပါမောက္ခစကော့သည် အမှန်တကယ်ပင် ထူးခြားသည့် ပါရမီရှင်၊ ကြီးမြတ်သည့် ပညာရှင်နှင့် ရက်ရောသည့် ပညာရှင်တစ်ဦးဖြစ်သည်။ သူ၏ ဉာဏ်ပညာ ထက်မြက်မှုသည် နက်ရှိုင်းသည်။ သူ၏ အယူအဆများသည် မူလတီထွင်မှုဖြစ်ပြီး သူ၏ သီအိုရီများသည် အလွန်ဩဇာညောင်းသည်။ သူ၏ နှိမ့်ချမှုသည် နက်နဲသည်။ သူ၏ ရက်ရောမှုသည် သူ၏ ကိုယ်ပိုင်မိသားစုကိုပင် ကျော်လွန်၍ ကျယ်ပြန့်သည်။ ကျေးလက်တောင်သူလယ်သမားများထံမှ သင် ယူလိုစိတ်၊ တောင်ပေါ်သားများ၏ ဗဟိုချုပ်ကိုင်မှုကင်းသော ခုခံတွန်းလှန်မှု အပေါ် စွဲမြဲမှုနှင့် သာမန်အသံများကို ချဲ့ထွင်လိုသည့် သူ၏ ကျင့်ဝတ်တို့သည် ကျွန်ုပ်တို့၏ ဒီမိုကရေစီ အမြင်များကို လှုံ့ဆော်ပေးပြီး အရှေ့တောင်အာရှ၊ ၎င်း၏ နယ်စပ်ဒေသများနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်ပရောက် ဒေသများ တစ်လျှောက် ဆွေးနွေးပြောဆိုသော ပညာရပ် (dialogical scholarship) ကို မြှင့်တင်ပေးနိုင်ပါစေ! သူ၏ ခိုင်မာသော အမွေအနှစ်များ အစဉ်ထာဝရ တည်တံ့ပါစေ။
အဆုံးမှတ်စုများ
1 Schuessler, 2012.
2 Corbin, 2024; Laurans, 2024.
3 Scott, 1976.
4 Scott, 1985.
5 Scott, 2009.
6 McQueen, 2022.
7 Scott, 2025.
8 Anderson, 1983.
9 Trip, 2024.
10 Horsley, 2004.
11 Horsley, 2006.
12 Scott, 1990.
13 Scott, 1998.
14 Scott, 2009, p. ix.
15 Scott, 2009, p. ix.
16 ဆရာ မတင် ၊ တပည့် မခံချင်ကြသူများ။
17 Head, 2021.
18 တော်လှန်ရေး လှုပ်ရှားမှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ် (IJBS) ၏ ဖမ်မနစ်ဇင်အကြောင်း အထူးထုတ်စာအုပ် (၂၀၂၃၊ ၂၀၂၄) တွင် ရှုပါ။ အလားတူပင် လက်တင် အမေရိကတွင်လည်း လက်နက်ကိုင်အစုအဖွဲ့ လှုပ်ရှားမှုများကို သာမန်ပြည်သူများက ဦးဆောင် ခဲ့ကြသည် (Wood, 2003, pp. 5-20)။
19 ဤကိုးကားချက်သည် စကော့က သူ မကွယ်လွန်မီ ရှစ်လအလို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျွန်ုပ်ထံ ပေးပို့ခဲ့သော “မြန်မာ့တော်လှန်ရေးကို လေ့လာရန် မူကြမ်း A Rough Draft for the Study of the Burmese Revolution” စာတမ်းမှ ဖြစ်ပါသည်။ သူသည် ဤ အယူအဆများနှင့် အခြားအယူအဆများကို ကျွန်ုပ်နှင့်အတူ ၂၀၂၁ ခုနှစ်၊ မေလ (၁၈) ရက်နေ့တွင် ယွန်ဆေးတက္ကသိုလ်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ကိုလံဘီယာတက္ကသိုလ်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ယေးလ် ဂျက်ဆင် ကမ္ဘာလုံးဆိုင်ရာရေးရာကျောင်းနှင့် ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ဟောင်ကောင် တရုတ်တက္ကသိုလ်တို့၌ မျှဝေဆွေးနွေးပွဲများတွင် တင်ပြခဲ့ပါသည်။
20 Moe & Scott, 2023.
21 Moe & Scott, 2023.
22 Scott, 1985, p. 282.
23 Asher, 2021.
24 Fishbein, 2023.
25 ChinTube, 2023.
ကိုးကားချက်များ
Anderson, B. (1983). Imagined Communities: Reflections on the Origin and Spread of Nationalism. Verso. https://doi.org/10.4324/9780203358672_Imagined_communities
Asher, S. (2021, February 4). Myanmar coup: How Facebook became the “digital tea shop.” BBC News. https://www.bbc.com/news/world-asia-55929654
ChinTube. (2023, February 3). We Are The World | Cover By CHINLUNG CHUAK ARTIST YouTube Video]. YouTube. https://www.youtube.com/watch?v=2ky1Wa7qclg
Corbin, L. (2024, July 25). Mourning James C. Scott, a Sterling anarchist and friend of Myanmar. Frontier Myanmar. https://www.frontiermyanmar.net/en/mourning-james-c-scott-a-sterling-anarchist-and-friend-of-myanmar/
Fishbein, E. (2023, March 15). In India’s Mizoram, ethnic ties drive response to Chin conflict. Frontier Myanmar. https://www.frontiermyanmar.net/en/in-indias-mizoram-ethnic-ties-drive-response-to-chin-conflict/
Gabriel, T. (2024, July 28). James C. Scott, Iconoclastic Social Scientist, Dies at 87. The New York Times. https://www.nytimes.com/2024/07/28/books/james-scott-dead.html
Head, J. (2021, May 22). Myanmar: The small embattled town that stood up to the army. BBC News. https://www.bbc.com/news/world-asia-57197081
Horsley, R. (Ed.). (2004). Hidden transcripts and the arts of resistance: Applying the work of James C. Scott to Jesus and Paul. Society of Biblical Literature. http://archive.org/details/hiddentranscript0000unse
Horsley, R. (Ed.). (2006). Oral performance, popular tradition, and hidden transcript in Q. Society of Biblical Literature. http://archive.org/details/hiddentranscript0000unse
Independent Journal of Burmese Scholarship. (2022, August). Special Issue: Memories of Leaving the Myanmar Military, 1. https://ijbs.online/?page_id=3377
Independent Journal of Burmese Scholarship. (2023, November). Issue One in the Special Volume on Feminism, 4(1). https://ijbs.online/?page_id=4484
Independent Journal of Burmese Scholarship. (2024, May). Issue Two in the Special Volume on Feminism, 4(2). https://ijbs.online/?page_id=4778
Independent Journal of Burmese Scholarship. (2025, November). Special Issue on the Collapse of the sit tat, 5. https://ijbs.online/?page_id=5147
Laurans, P. (2024, July 24). James Scott, pathbreaking scholar in the social sciences. Yale News. https://news.yale.edu/2024/07/24/james-scott-pathbreaking-scholar-social-sciences
McQueen, M. (2022, January 6). Interview with James C. Scott on the Origins of the Independent Journal of Burmese Scholarship. Council on Southeast Asia Studies, Yale MacMillan Center. https://macmillan.yale.edu/southeast-asia/interview-james-c-scott-origins-independent-journal-burmese-scholarship-ijbs
Moe, D. T., & Scott, J. C. (2023). Reading Romans 13:1-7 as a Hidden Transcript: A Dialogue Between James C. Scott and Anti-coup Protesters in Myanmar. International Journal of Public Theology, 17(2), 226-245.
Schuessler, J. (2012, December 4). Professor Who Learns From Peasants. The New York Times. https://www.nytimes.com/2012/12/05/books/james-c-scott-farmer-and-scholar-of-anarchism.html
Scott, J. C. (1976). The Moral Economy of the Peasant: Rebellion and Subsistence in Southeast Asia. Yale University Press.
Scott, J. C. (1985). Weapons of the Weak: Everyday Forms of Peasant Resistance. Yale University Press.
Scott, J. C. (1990). Domination and the Arts of Resistance: Hidden Transcripts. Yale University Press.
Scott, J. C. (1998). Seeing Like a State: How Certain Schemes to Improve the Human Condition Have Failed. Yale University Press. https://doi.org/10.1353/jsh.2000.0050
Scott, J. C. (2009). The Art of Not Being Governed: An Anarchist History of Upland Southeast Asia. Yale University Press. https://doi.org/10.1177/026272801203200105
Scott, J. C. (2025). In Praise of Floods: The Untamed River and the Life It Brings. Yale University Press. https://yalebooks.yale.edu/book/9780300278491/in-praise-of-floods/
Wood, E. J. (2003). Insurgent Collective Action and Civil War in El Salvador. Cambridge University Press.