အိမ်ထောင်သည်စစ်သည်များ၏ မိသားစုနှင့်လူပျိုစစ်သည်များကို စစ်တပ်မှ ထိန်းချုပ်ထားမှုများ

ထွန်းဇော်မြတ် | တပ်ကြပ်ကြီး | Click here to read this article in English.

Cite as: 
ထွန်းဇော်မြတ်၊ (၂၀၂၅)၊ အိမ်ထောင်သည်စစ်သည်များ၏ မိသားစုနှင့်လူပျိုစစ်သည်များကို စစ်တပ်မှ ထိန်းချုပ်ထားမှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်https://ijbs.online/?page_id=5353


အကျဉ်းချုပ်

စစ်တပ်လက်အောက်ခံလူဖြစ်ခြင်းဟာ စစ်တပ်ရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှု အောက်ကို ရောက်ရှိသွားခြင်းမည်ပါတယ်။ ဘယ်လိုထိန်းချုပ်ခံသလဲဆိုတာ ကတော့ မိမိက လူပျိုစစ်သည်လား၊ အိမ်ထောင်သည်လား၊ ရာထူးကြီးလား ငယ်လား ဒါမှမဟုတ် စစ်သည်တစ်ယောက်ရဲ့ မိသားစုဝင်လားဆိုတဲ့အပေါ် မူတည်ပါတယ်။ စစ်တန်းလျားတွေမှာ ဖြစ်လေ့ရှိတဲ့ အလေ့အကျင့်တွေကနေ အောက်ကျို့ရခြင်းကို ဖန်တီးပေးသလို ကြက်ဥတစ်လုံးအတွက်ကစ ရိက္ခာ အတွက် အချင်းအချင်း စကားများရန်ဖြစ်ရတာတွေကိုလည်း ဖြစ်စေပြန်ပါ တယ်။ အဲဒီစစ်သည်တွေက စစ်တပ်ရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို ဂုဏ်ယူနေ တတ်ပြီး တစ်ပါးသူများအပေါ် စာနာစိတ်ကင်းမဲ့လာကာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း ရန်ရှာလာပါတယ်။

တပ်တွင်းမှ အိမ်ထောင်သည်စစ်သည်များ၏ မှီခိုမိသားစုများအကြောင်း

စစ်တပ်အတွင်းမှာ အိမ်ထောင်သည်စစ်သည်မိသားစုတွေအနေနဲ့ အဆင်မပြေ မှုတွေ အများကြီးရှိပါတယ်။ စစ်သားတစ်ယောက်ကို ယူပြီးတဲ့အချိန်ကစလို့ ရဲမေ1တစ်ယောက်အနေနဲ့ အပြင်လောကမှာ တစ်ချိန်က ဘာအလုပ်တွေပဲ လုပ်ခဲ့ပါစေ စစ်သားတစ်ယောက်ကို ယူမိပြီဆိုရင်တော့ စစ်တပ်ထဲမှာ လိုက်နေ ရပြီး မိန်းမ တစ်ယောက်ရဲ့ ကိုယ်ပိုင်အတတ်ပညာ၊ အတွေးခေါ်တွေအားလုံးကို စစ်သားဇနီး ရဲမေအဖြစ်နဲ့ မြှုပ်နှံလိုက်ကြ ရပါတယ်။ တစ်ချိန်က မိန်းကလေး တစ်ယောက်အနေနဲ့ အတန်းပညာတွေ၊ အတတ်ပညာတွေ ဘယ်လောက်ပဲရှိရှိ စစ်သားနဲ့ ယူပြီးတဲ့ အချိန်မှာတော့ သူတို့သင်ယူထားတဲ့ အရာတွေအားလုံးက စစ်တပ်အတွက် အသုံးချခံရဖို့သာ ဖြစ်သွားကြပါတယ်။ စစ်သားတစ်ယောက်နဲ့ လက်ထပ်ပြီးရင် စစ်တပ်ကပေးတဲ့ လိုင်းခန်းမှာ လိုက်နေကြရတယ်။ စစ်တပ် အနေနဲ့ အိမ်ထောင်သည်စစ်သည်တွေကို ပေးထားတဲ့ လိုင်းခန်းဆိုတာက လည်း အဆင်ပြေပြီး ကောင်းမွန်တယ်ဆိုတဲ့ လိုင်းခန်းက မရှိသလောက်ပါဘဲ။ အခန်းရဲ့ သွပ်အမိုးတွေ၊ တံခါးတွေကအစ ပေါက်ပြဲပြီး စုတ်ပြတ်နေတာတွေ က များပါတယ်။ ​ ဘယ်လိုပဲဖြစ်ဖြစ် စစ်သားနဲ့ ယူခဲ့မိတဲ့အတွက် မဖြစ်မနေ လိုက်ပြီးနေကြရပါတယ်။

အရာရှိ၊ စစ်သည် ရရှိသည့် ရိက္ခာ

စားဝတ်နေရေးအနေနဲ့ အရာရှိ၊ စစ်သည်အားလုံးကို ထုတ်ပေးတဲ့ ရိက္ခာနှုန်း ထားအတိုင်းပဲ ရရှိမှာဖြစ်ပါတယ်။ လူပျိုစစ်သည်နဲ့ အိမ်ထောင်သည်စစ်သည် တွေအတွက် ရိက္ခာနှုန်းထားက အတူတူပါပဲ။ တစ်လကို ဆန် (၁၀) ပြည် နဲ့ (၂) ဘူး၊ စားဆီ (၆၅) ကျပ်သား၊ ကုလားပဲ (၁) ပြည်၊ သကြား (၂)  ဘူး၊ နို့ဆီ (၂) ဘူး၊ ရွှေဖီဦး (၁) ထုပ်၊ ငရုပ်သီး ခွဲခြမ်းအထုပ်သေး (၂)  ထုပ် ရရှိပါတယ်။ ဒါတွေ အားလုံးက တပ်မတော်ကနေ ပေးတဲ့ အရာရှိ၊ စစ်သည် အားလုံးတန်းတူရရှိတဲ့ ရိက္ခာနှုန်းထားတွေပဲ ဖြစ်ပါတယ်။ အရာရှိတွေအနေနဲ့ အဆင်ပြေကြပေမယ့် အိမ်ထောင်သည်၊ စစ်သည်တွေအနေနဲ့တော့ အဆင်မပြေကြပါဘူး။ အဆင် မပြေရတဲ့ အကြောင်းရင်းကလည်း စစ်တပ်က ထုတ်ပေးတဲ့ ရိက္ခာမှာ ပြည့်ဝမှု မရှိတာကြောင့်ပါ။ အဓိကအမယ်ကြီးအနေနဲ့ ထုတ်ပေးတာကတော့ ဆန်နဲ့ ဆီ ပါ။ အခုချိန်ထိလည်း အပြည့်ဝမရကြပါဘူး။ အိမ်ထောင်သည်စစ်သည်တွေ အနေနဲ့ လောက်ငသည်ဖြစ်စေ၊ မလောက်ငသည်ဖြစ်စေ စစ်တပ်က ထုတ်ပေး တဲ့အတိုင်းပဲ ထုတ်ယူကြရပါတယ်။

စစ်သည်တွေရဲ့ ရိက္ခာကို တာဝန်ခံပြီး ထုတ်ပေးနေတဲ့ စစ်သည်အနေနဲ့ ဆန်ပြည်တောင်းတွေ၊ ဆီချိန်ခွက်တွေကို သူစိတ်တိုင်းကျ လိုအပ်သလို ဆိုင်မှာ သွားအပ်ပြီး ပြုပြင်ထားကြပါတယ်။ အရာရှိကြီးတွေ လာရောက်စစ်ဆေးမယ် ဆိုရင်တော့ စစ်သည်တွေကို ရိက္ခာထုတ်ပေးခဲ့တဲ့ ဆန်ပြည်တောင်းတွေ၊ ဆီ ချိန်ခွက်တွေ မဟုတ်တော့ဘဲ အမှန်ဖြစ်သွားကြပါတယ်။ ဒါကလည်း တစ်ရက် တလေ အရာရှိကြီးတွေ စစ်ဆေးမယ်ဆိုတဲ့ အချိန်လောက်ပါ။ ပြီးရင်တော့ စစ်သည်တွေကို ထုတ်ပေးနေတဲ့ ပြည်တောင်းတွေ၊ ဆီချိန်ခွက်တွေက အရင် တိုင်း ပြန်ဖြစ်သွားပြီး ရိက္ခာတာဝန်ခံကလွဲပြီး စစ်သည်တွေအားလုံး မပြည့်ဝတဲ့ ရိက္ခာကိုသာ ရရှိ​ကြပါတယ်။

လာဘ်စားခြင်း

တပ်မှာရှိတဲ့ စစ်သည်တွေအားလုံးရဲ့ ရိက္ခာတွေထုတ်ပေးနေတဲ့ တာဝန်ခံတွေ အနေနဲ့ ဒီလိုမျိုးလုပ်နေတာတွေကို စစ်တပ်တွေမှာရှိတဲ့ ရေး/ထောက် အရာရှိ ငယ်နှင့် တပ်မှူးတွေ မသိလို့လည်း မဟုတ်ပါဘူး။ သိသိနဲ့ လွှတ်ပေးထားကြ တာပါ။ တစ်လကုန်လို့ စစ်သည်အားလုံးကို ရိက္ခာထုတ်​ပေးပြီးတဲ့အခါ စစ်သည် ရိက္ခာကိုင် တာဝန်ခံအနေနဲ့ တပ်မှူးအိမ်ကို ပေါ်ဆန်းမွှေးဆန်အိတ်နှင့် ပဲဆီ သန့်တို့ကို ရောက်အောင်ပို့ပေးကြပါတယ်။ အတိကျပြောရရင်တော့ ရေး/ ထောက် အရာရှိငယ်၊ ရိက္ခာထုတ်/ပေး တာဝန်ခံနှင့် တပ်မှူးကိုယ်တိုင်ကပါ စစ်သည်တွေရဲ့ ရိက္ခာတွေကို ဖြတ်စားနေကြတာပါ။

အိမ်ထောင်သည်စစ်သည်မိသားစုတွေကို စစ်တပ်အနေနဲ့ အပိုဆောင်း ထောက်ပံ့ပေးတာတွေလည်း ရှိပါတယ်။ တစ်ပတ်ကိုတစ်ခါ ကြက်ဥ (၁၀) လုံး ပေးတာတို့၊ ကလေးများတဲ့ မိသားစုတွေကို ဆန်တစ်မျိုး ပိုပြီး ထောက်ပံ့ပေး တာတို့တွေရှိပါတယ်။ ဒါပေမဲ့ အဲဒီအပိုထောက်ပံ့ပေးတဲ့ ဆန်ဆိုတာကလည်း မပြည့်ဝပါဘူး။ ကြက်ဥပေးတဲ့အခါမှာလည်း ဓာတ်ပုံရိုက်ပြီး အထက်အရာရှိ ကြီးတွေကို တင်ပြကြရတဲ့အခါ ရှိပါတယ်။ ဓာတ်ပုံရိုက်ပြီးပေးတဲ့ အပတ်မှာ တော့ အိမ်ထောင်သည်ရဲမေတွေအနေနဲ့ အမှန်တကယ်ရရှိပြီး ကျန် (၃) ပတ် မှာတော့ မရရှိကြတော့ပါဘူး။ အိမ်ထောင်သည် မိသားစုတွေအနေနဲ့ မရရှိပေ မယ့် အထက်မှာတော့ အပတ်တိုင်း ထောက်ပံ့ပါတယ်ဆိုတဲ့ ဓာတ်ပုံကတော့ ရောက်ရှိတင်ပြပြီးသားပါပဲ။ အိမ်ထောင်သည်မိသားစုတွေကို ထောက်ပံ့ပေး အပ်တဲ့အခါမှာ တပ်မှာရှိတဲ့ ရုံးသမားကို မြင်ကွင်းအမျိုးမျိုးကနေ ဓာတ်ပုံတွေ လှည့်ပတ်ရိုက်ယူခိုင်း ထားပြီးသားပါ။ ဒါကြောင့် တစ်ပတ်ကို တစ်ပုံ အထက် ကို ပေးပို့တင်ပြပြီးသား ဖြစ်နေတာပါ။

အခုလို ထောက်ပံ့မှုတွေ မပြည့်ဝတဲ့အတွက် စစ်တပ်အတွင်းမှာရှိတဲ့ ရဲမေ တွေအနေနဲ့ ဘယ်လိုမှကို အဆင်မပြေကြတာပါ။ ဒါကြောင့်လည်း ရဲမေတွေ အချင်းချင်း တပ်ထဲမှာ ကြက်ဥတစ်လုံးနဲ့ စကားထများကြတယ်။ ဆန်၊ ဆီ ချေးငှားတဲ့ ကိစ္စတွေနဲ့ ရန်ဖြစ်ပြီး နပန်းလုံးကြတဲ့အခြေအနေထိ ဖြစ်ကြတာ မျိုးတွေလည်း ရှိပါတယ်။ စစ်တပ်အနေနဲ့ အိမ်ထောင်သည်စစ်သည်ရဲမေတွေ ကို အပြည့်အဝကူညီထောက်ပံ့ပေးနိုင်ခဲ့ရင် အခုလို ပြဿနာမျိုးတွေ ဖြစ်လာ စရာအကြောင်းမရှိပါဘူး။ ဒါကြောင့် ရဲမေတွေအနေနဲ့ စစ်သည်တစ်ယောက်ရဲ့ ရတဲ့ လစာနှင့် ရိက္ခာ မလောက်ငလို့ အပြင်အလုပ်ကို ထွက်လုပ်မယ်ဆိုတော့ လည်း စစ်တပ်အရာရှိတွေက လုံးဝကို လက်မခံပါဘူး။ စစ်တပ်မှာပေးထားတဲ့ လိုင်းခန်းမှာ လိုက်နေတဲ့အတွက် အပြင်အလုပ်ထွက်လုပ်ဖို့ဆိုတာကို ခွင့်မပြု ကြပါဘူး။ တပ်ပြင်မှာ ထွက်နေပြီး အလုပ်လုပ်မယ်ဆိုတော့လည်း လက်ခံခွင့် ပြုခြင်း မရှိပါဘူး။ အဓိကအကြောင်းရင်းကတော့ ရဲမေတစ်ယောက်ကို သူတို့ လက်အောက်မှာထားပြီး  စစ်တပ်ရဲ့ ထိန်းချုပ်မှုတွေနဲ့ နေစေလိုတာပါပဲ။

ဒါကြောင့်လည်း စစ်တပ်ထဲမှာရှိတဲ့ ရဲမေတွေကို သူတို့ခိုင်းစားနေတဲ့ အလုပ်တွေ ရှိပါတယ်။ ဥပမာ စစ်တပ်လိုင်းခန်းမှာနေတဲ့အတွက် အပတ်စဉ် လိုင်းခန်းသန့်ရှင်းရေးဆိုပြီး အရာရှိကတော်တွေက လိုက်ပြီးစစ်ဆေးကြပါ တယ်၊၊ တပ်တွင်းသာယာလှပရေးဆိုပြီး ရဲမေတွေကို လုပ်အားပေးခေါ်ခိုင်းကြ တယ်၊ တပ်တွင်းစည်းလုံး ညီညွတ်ရေးအနေနဲ့လည်း စစ်တပ်က ခန်းမထဲကို စစ်သည်၊ ရဲမေ အားလုံးခေါ်ပြီး အစည်းအဝေးပြုလုပ်တာတွေ၊ နေ့ရက်အလိုက် ရဲမေတွေကို တပ်ရင်းဓမ္မာရုံမှာ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခိုင်းတာတွေနဲ့ ရဲမေစစ် သင်တန်းဆိုပြီး ကိုယ့်ယောကျ်ားရဲ့ စစ်ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး စစ်ရေးပြ ခိုင်းတာတွေလည်း ရှိကြပါတယ်။ အခုလိုမျိုး စစ်တပ်ရဲ့ ကိစ္စတွေနဲ့ အချိန်လစ် ဟာမှု မရှိအောင် ရဲမေတွေကို ထိန်းချုပ်ထားတဲ့အတွက် စစ်တပ်ထဲက ရဲမေ တစ်ယောက် အနေနဲ့ အိမ်ရဲ့ စားဝတ်နေရေးအဆင်မပြေလည်း အပြင်ထွက်ပြီး အလုပ်လုပ်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုး မဖြစ်နိုင်အောင်လို့လည်း စစ်တပ်အနေနဲ့  ရည်ရွယ်ပြုလုပ်ထားခြင်း​ ဖြစ်ပါတယ်။ အခုလိုမျိုးတွေ ပြုလုပ်ထားရခြင်းရဲ့ အကြောင်းရင်းကလည်း စစ်တပ်အနေနဲ့ တပ်ထဲမှာရှိတဲ့ ရဲမေတွေရဲ့ အတွေးအခေါ်နဲ့ အယူအဆတွေကို သူတို့လိုချင်တဲ့ ပုံစံမျိုးဖြစ် အောင် ပုံသွင်းလိုတာကြောင့် ဖြစ်ပါတယ်။

အခုလိုပုံစံမျိုးတွေနဲ့ စစ်တပ်ထဲမှာရှိတဲ့ ရဲမေတွေဟာ အနေကြာလာတာ နဲ့အမျှ စစ်တပ်ရဲ့ ဝါဒမှိုင်းထည့်နေတဲ့ စကားတွေကို ယုံကြည်ပြီး သူတို့ဘဝထဲ မှာ စစ်တပ်မရှိရင် မဖြစ်တော့ဘူး၊ စစ်တပ်က အရမ်းကောင်းတယ် ဆိုတာမျိုး တွေ ဖြစ်သွားခဲ့ကြပါတယ်။ တကယ်တမ်းမှာတော့ စစ်သည်၊ ရဲမေတွေရဲ့ အတွေးထဲမှာ အပြင်လောကမှာရှိတဲ့ ပြည်သူနဲ့ အရမ်းကို ကွာခြားလွန်းတဲ့ အတွေးအမှားတွေ၊ အသိအမှားတွေ နောက်ဆုံး အမြင်အမှားတွေ ပါရှိနေကြပါ တယ်။ စစ်တပ်မှာနေရတဲ့သူတို့ဘဝတွေ အဆင်ပြေလားဆိုတော့လည်း လုံးဝ ကို အဆင်မပြေကြပါဘူး။ ပိုပြီးဆိုးတာက စစ်တပ်ထဲမှာရှိနေတဲ့ အရာရှိ၊ အရာရှိကတော်တွေအနေနဲ့ စစ်သည်၊ ရဲမေတွေကို သူတို့အိမ်မှာခေါ်ပြီး ထမင်းချက်၊ အဝတ်လျှော် အိမ်ဖော်အလုပ်တွေကို ခေါ်ပြီးခိုင်းကြတာပါပဲ။ ဒီလို မျိုးခိုင်းခံရတဲ့ စစ်သည်၊ ရဲမေတွေအနေနဲ့ ကိုယ့်ဘဝကို ဘာဖြစ်နေလဲဆိုတာ မမြင်မိကြတဲ့အပြင် ကိုယ့်ကိုယ်ကို အရာရှိအိမ်ရဲ့ လူယုံလိုလို၊ အမျိုးလိုလို တွေးပြီးတော့ ပျော်ပျော်ကြီးလုပ်ပေးနေကြတာပါ။ ဒီလိုလုပ်ပေးနေရတဲ့ အကြောင်းရင်းကလည်း ရဲမေတစ်ယောက်အနေနဲ့ အရာရှိအိမ်တွေမှာ အခိုင်း အစေလုပ်ပေး​နေရင် လုပ်ပေးတဲ့ ရဲမေရဲ့ ယောက်ျားကို ရာထူးတိုးပေးတာတို့ စစ်တပ်ထဲမှာရှိတဲ့ နေရာကောင်း၊ ဌာနကောင်းတွေမှာ တာဝန်ခံအဖြစ်ထားရှိ တာတို့တွေကို အရာရှိကြီးတွေက ပြုလုပ်ပေးကြပါတယ်။

ပညာတတ်ရဲမေတွေ ထိန်းချုပ်ခံရမှု

စစ်တပ်အတွင်းက တချို့စစ်သည်တွေ ယူထားတဲ့ အမျိုးသမီးတွေထဲမှာ ပညာ တတ်ရဲမေ​​တွေနဲ့ ကျောင်းဆရာမတွေလည်း ရှိပါတယ်။ သူတို့တွေကို တပ်တွင်း မှာရှိတဲ့ မူကြိုကျောင်းတို့၊ တပ်ထဲမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းတို့စတာတွေ မှာ ဆရာမအဖြစ်နဲ့ စစ်တပ်ကပေးထားတဲ့ မဖြစ်စလောက်လစာနဲ့ ပြန်လည် လုပ်ကိုင် စေခိုင်းကြပါတယ်။ ရဲမေတွေအနေနဲ့ သူတို့တတ်ထားတဲ့ ပညာ အရည်အချင်းနဲ့ အပြင်ကကျောင်းတွေမှာ လစာကောင်းကောင်းနဲ့ လုပ်ကိုင်လို့ ရပေမယ့်လည်း စစ်တပ်ထဲမှာ ကိုယ့်ယောက်ျားရှိနေတဲ့အတွက် စစ်တပ်ကပေး နေတဲ့ မဖြစ်စလောက်လစာနဲ့ လုပ်ကိုင်နေကြရတာပါ။ အခုလို ပညာတတ်တဲ့ ရဲမေတွေအနေနဲ့ ပြည်သူတွေထဲက အတွေးအခေါ်အယူအဆတွေ ဝင်လာပြီး စစ်တပ်နဲ့ အရပ်ဘက် အနေအထိုင်၊ အပြောအဆို၊ နောက်ဆုံး အလုပ်အကိုင် အခွင့်အလမ်းကွာခြားပုံတွေကအစ မြင်တွေ့ပြီး အသိအမြင် ကြွယ်သွားမှာ မလိုလားတဲ့အတွက် စစ်တပ်အတွင်းမှာ ရှိနေတဲ့ နေရာတွေမှာပဲ တာဝန်ပေးပြီး ချုပ်ကိုင်ထားခြင်း ဖြစ်ပါတယ်။ ဒါမှလည်း စစ်တပ်ကပြောတဲ့ စကားတွေ မှန်သမျှ အမှန်ဆိုတာမျိုး မြင်သွားကြမှာပါ။

မှီခိုသားသမီးများ၏ ပညာရေး

စစ်တပ်က ဖွင့်လှစ်ထားပေးတဲ့ ကျောင်းတွေမှာ ပညာသင်ကြားရတဲ့ မှီခို သားသမီးတွေအကြားမှာလည်း ပညာရည်ထူးချွန်မြင့်မားလာတဲ့သူဆိုတာ မရှိ သလောက်ပါပဲ။ အကြောင်းအရင်းကတော့ ပညာသင်ကြားပေးနေတဲ့ ဆရာမ တွေကိုယ်တိုင်ကိုက စစ်တပ်ရဲ့ ဝါဒမှိုင်းတွေကို ဦးနှောက်ထဲမှာ အပြည့်အဝ ရိုက်သွင်းခံထားရတဲ့အတွက် သူတို့ဆီကနေ လက်ဆင့်ကမ်းပေးလိုက်တဲ့ ပညာ တွေမှာ စစ်တပ်ရဲ့ လုပ်ဆောင်နေမှုတွေက အမှန်တွေ၊ စစ်တပ်က ဘာလုပ်လုပ် တိုင်းပြည်အတွက် ကောင်းဖို့ကိုတွေးပြီး စစ်သားတွေက အသက်ပေးလုပ် ဆောင်နေကြတာဆိုတဲ့ စကားတွေကို ထည့်သွင်းပြောကြားပြီး သင်ကြားပေး နေကြတာမို့ပါ။ အမှား၊ အမှန် မသိဘဲနဲ့ ကျောင်းက ဆရာမ ပေးလိုက်တဲ့ ပညာ ကို သင်ယူရတဲ့ ကလေးတွေမှာလည်း အတွေးအခေါ်အမြင်တွေ လွဲမှားမှုများ စွာနဲ့သာ ပညာကို လက်ဆင့်ကမ်းပြီး ယူသွားကြရပါတယ်။ အဲဒါကြောင့်မို့လို့ ပညာထူးချွန်တတ်မြောက်သွားတယ်ဆိုတဲ့ စစ်သည် သားသမီးဆိုတာ မရှိ သလောက်ပါပဲ။ ဆယ်တန်းအောင်ဖို့ကိုတောင်မှ စစ်သည် သား၊ သမီးတွေမှာ ဆယ်ယောက် ရှိရင် တစ်ယောက်လောက်တောင် အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ ဂုဏ်ထူးတွေပါဖို့ဆိုတာ အဝေးကြီးပါ။

စစ်တပ်မှာရှိနေတဲ့ မှီခိုသားသမီးတွေ ဒီလိုတွေ ဖြစ်နေရတဲ့ နောက်ထပ် အကြောင်းအရင်းက စစ်တပ်ထဲမှာ မှီခိုသားသမီးတွေကို မုန့်ဖိုးပေးတာပဲဖြစ် ဖြစ် လစာအနည်းအကျဉ်း ပေးတာပဲဖြစ်ဖြစ်လုပ်ပြီး တပ်မှာရှိတဲ့ အလုပ်တွေ ကို ပြန်လည်ခိုင်းစေထားတာမျိုးတွေကြောင့်ပါ။ အရွယ်ရောက်လာတဲ့ စစ်သား သားသမီးတွေကို ယောက်ျားလေးဆိုရင် စစ်တပ်မှာရှိ​နေတဲ့ အရာရှိရိပ်သာတွေ မှာ ထမင်းချက်နေတဲ့ စစ်သည်နဲ့ တွဲပေးပြီး အရာရှိတွေရဲ့ အစားအသောက် တွေ ချက်ပေးတာတို့၊ အရာရှိဝေယျာဝစ္စတွေ ဆောင်ရွက်ခိုင်းတာမျိုးတွေ အတွက် ခေါ်ခိုင်းထားကြတာတွေရှိပါတယ်၊၊ မိန်းကလေးတွေဆိုရင်လည်း တပ် တွင်းမှာရှိတဲ့ စာကြည့်တိုက်မှာ စာအုပ်ငှားပေးခိုင်းတာမျိုးတွေ၊ စစ်တပ်ကဖွင့် ထားတဲ့ သက်သာဆိုင်တွေမှာ ဈေးကူရောင်းခိုင်းတာတွေ ရှိပါတယ်။ ဒီတော့ စစ်တပ်အတွင်းမှာရှိတဲ့ စစ်သည်တစ်ယောက်ကနေ မွေးဖွားလာခဲ့တဲ့ သား သမီးတွေမှာ အတွေးအခေါ်တွေက စစ်တပ်ရဲ့ ပုံစံအတိုင်းဖြစ်နေခဲ့ပြီး အတန်း ပညာသင်​ကြားခဲ့ရချိန်မှာလည်း စစ်တပ်ရဲ့ အသိတွေနဲ့ပဲရောပြီး ပညာတတ် ဖြစ်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ။

အရာရှိ၊ စစ်သည်တွေရဲ့ အယူဆ

စစ်တပ်ထဲမှာရှိ​နေတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ စိတ်ထဲမှာ ရှိနေကြတာက အပြင်အရပ်သားတွေနဲ့ယှဉ်ရင် ငါတို့က တိုင်းပြည်အတွက် အသက်ပေးပြီး တာဝန်ထမ်းနေရတဲ့ လူတွေဖြစ်တဲ့အတွက် အခွင့်အရေးတွေ၊ နေရာတွေ ပိုရ သင့်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နေရာတစ် ခုကိုသွားရင် ကျွန်တော် ဘယ်တပ်က အရာရှိတစ်ယောက်၊ ကျွန်တော်ကတော့ စစ်တပ်က စစ်သားတစ်ယောက်ဆိုတာမျိုးနဲ့ တပ်မတော်ရဲ့ အရှိန်အဝါကို ထုတ်ပြပြီး ကိစ္စတစ်ခုကို ဆောင်ရွက်တာမျိုးတွေ ရှိကြပါတယ်။ အရပ်သား တွေနဲ့ ရန်ဖြစ်စကားများတာပဲဖြစ်ဖြစ်၊ စစ်သားမဟုတ်တဲ့ ရဲအမှုထမ်းတွေနဲ့ စကားများကြတာပဲဖြစ်ဖြစ် ငါတို့ကစစ်သား၊ ငါကစစ်တပ်က အရာရှိဆိုတာမျိုး တွေကို ထုတ်သုံးပြီး အရှိန်အဝါပြကြတာမျိုးတွေပါ လုပ်ကြပါတယ်။ ဒီလိုကိစ္စ မျိုးတွေဟာ ဟိုယခင်ကတည်းက တပ်မတော်လက်အောက်မှာရှိနေတဲ့ အရာရှိ၊ စစ်သည်တိုင်းမှာ ရှိနေခဲ့တဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေပါ။

သူတို့တွေရဲ့ အတွေးခေါ်အယူဆတွေကို လက်ဆင့်ကမ်းပြီး ယူလာကြသူ တွေကတော့ စစ်တပ်အတွင်းမှာ ရှိနေတဲ့ စစ်သည်တွေကနေ မွေးလာတဲ့ မှီခို သားသမီးတွေဖြစ်ပြီး စစ်တပ်အတွင်းမှာ ဖွင့်ထားတဲ့ ကျောင်းလေးမှာ အလယ် တန်းအဆင့်အောင်ကာ အပြင်အရပ်ဘက်က အထက်တန်းကျောင်းကို ပြောင်း ပြီး ပညာသင်ရတဲ့အခါ အရပ်သားပြည်သူတွေရဲ့ သားသမီးတွေနဲ့ ပြဿနာ တစ်စုံတစ်ခုဖြစ်ရင် ငါတို့က စစ်သားသားသမီးတွေကွ၊ ငါ့အဖေက တပ်မှာ ဘာ ရာထူး၊ ငါ့အဖေက ဗိုလ်ကြီးဆိုတဲ့ စကားတွေကို ထုတ်ပြောပြီး အနိုင်ကျင့် ဗိုလ်ကျတာတွေ ရှိကြပါတယ်။ ကျောင်းကပြန်လို့ တပ်ထဲရောက်ပြန်တော့ လည်း  စစ်သည်တွေနဲ့ တန်းတူပေါင်းသင်းပြောဆိုကြတယ်။ ခင်ဗျားက ရဲဘော်၊ ကျုပ်အဖေကတော့ အရာခံဗိုလ်ဆိုတာမျိုးနဲ့ ပြောဆိုပြီးနေထိုင်ကြ တယ်။ စစ်သည်တွေအနေနဲ့ ကလည်း ဆရာကြီးရဲ့ သား၊ အရာခံဗိုလ်ရဲ့ သား ဆိုပြီး ခွင့်လွှတ်အလျှော့ပေးကြတယ်။ နောက်ဆုံး စစ်တပ်အတွင်းမှာရှိကြတဲ့ အရာရှိငယ်တွေကပါ မှီခိုသားသမီးတွေနဲ့ ရောထွေးပေါင်းသင်းပြီး ကေတီဗီ သွားတာ၊ မာဆက်သွားကြတာမျိုးတွေပါ ရှိကြပါတယ်။ ကြာလာတော့ စစ်တပ် ထဲက မှီခိုသားသမီးတွေအနေနဲ့ အပြင်အရပ်သားတွေနဲ့ယှဉ်လိုက်ရင် ပညာရေး တွေ၊ အသိအမြင်တွေမှာပါမက လူကြီးသူမကို ရိုသေလေးစားမှုအပိုင်းတွေမှာ ပါ လုံးဝကို မတူညီတော့တာပါ။ စစ်တပ်အတွင်းမှာ နေထိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေကြောင့် ပညာတတ်တွေ ဖြစ်ဖို့ထက် လူဆိုးလူမိုက်ဖြစ်မသွား အောင်သာ မိဘတွေက ထိန်းကျောင်းပေးရင်း နောက်ဆုံးတော့ စစ်တပ်ထဲကိုပဲ ဝင်သွားကြတဲ့ မှီခိုသားသမီးတွေလည်းများပါတယ်။ လက်ရှိနိုင်ငံရေးအခြေနေ တွေကြောင့် မှီခိုသူသားသမီးတွေကို စစ်ရေးပြသင်တန်းတွေ စစ်တပ်တိုင်းမှာ ပေးနေတဲ့အတွက် လက်ရှိစစ်ခေါင်းဆောင်အနေနဲ့ သားစဉ်မြေးဆက်ကို ကျွန်ပြုခိုင်းနေတာလို့ မြင်မိပါတယ်။

လူပျိုစစ်သည်

စစ်တပ်အတွင်းမှာရှိတဲ့ လူပျိုစစ်သည်တွေအနေနဲ့လည်း ထုတ်ပေးတဲ့ရိက္ခာ ဘယ်လောက်ရလဲဆိုတာ သိတဲ့သူက ရှားပါတယ်။ ကိုယ်ရတဲ့လစာကို သေချာ တွက်ချက်ပြီး သိရှိထားတယ်ဆိုတဲ့ စစ်သည်က မရှိသလောက်ပါပဲ။ စစ်တပ်က ထုတ်ပေး​နေတဲ့လစာကိုပဲ ယူလိုက်ကြတယ်။ ကိုယ်ရတဲ့လစာထဲက စစ်တပ် အနေနဲ့ ဘာကြောင့်ဖြတ်နေလဲ ဘယ်လိုတွေ ဖြတ်နေလဲဆိုတာကို သေချာမသိ ကြပါဘူး။ ဦးပိုင်ဖြတ်တယ်၊ အသက်အာမခံကြေးတွေ ဖြတ်တယ်၊ ဘယ်အချိန် မှာ ဘယ်လောက်ပြန်ရမှာလဲ၊ ဦးပိုင်အတိုးနှုန်းက တစ်နှစ်ကို ဘယ်လောက်ရ လဲ၊ အသက်အာမခံကြေးအနေနဲ့ကရော ဘယ်အချိန်မှာရမှာလဲ စတာတွေကို သိထားတယ်ဆိုတဲ့ လူပျိုစစ်သည် မရှိသလောက်ပါပဲ။ အဆိုးဆုံးကတော့ ကိုယ် ရနေတဲ့လစာနဲ့ ရိက္ခာဆိုတာ ဘယ်ကနေရလို့ ဘယ်လိုမျိုးတွေ စစ်တပ်က ပေးနေတယ်ဆိုတာ မသိကြတာပါ။ သူတို့တွေသိထားတာ စစ်တပ်က ပေးနေ တယ် စစ်တပ်က ကျွေးနေတယ်ဆိုတာပါပဲ။ ဒါကြောင့် လူပျိုစစ်သည်တွေ အနေနဲ့ အမြဲပြောနေကျစကားတစ်ခုရှိပါတယ်။ “ငါတို့က စစ်သား သွားလေရာ မှာ ရိက္ခာနဲ့ လစာပါတယ်” ဆိုတဲ့ ခပ်ပေါ့ပေါ့အတွေးစကားပါ။ စစ်တပ်က ပေး ထားတဲ့ နေစရာရှိတယ်၊ စားစရာရှိတယ်၊ သုံးစရာလစာရှိတယ်ဆိုပြီး စစ်တပ် ကအရာရှိတွေ ခိုင်းသမျှကို ဘာမှမတွေးဘဲ အမိန့်ဆိုတာ တစ်ခုအတွက်နဲ့ လိုက်ပါလုပ်ဆောင်နေကြတာပါ။

စစ်တပ်အနေနဲ့လည်း ဝါဒမှိုင်းများစွာကို စစ်အခြေခံစစ်သင်တန်း စတက် ထဲက စစ်သည်တိုင်းရဲ့ခေါင်းထဲကို သေရာပါအောင် ရိုက်သွင်းပေးထားကြပါ တယ်။ “မင်းတို့ကို စစ်တပ်ကကျွေး၊ စစ်တပ်ကပေးနေတာ ဒါကြောင့်မို့လို့ မင်းတို့ တပ်မတော်အပေါ်ကို သစ္စာရှိရမယ်၊ အထက်အကြီးအကဲအရာရှိတွေရဲ့ အမိန့်တွေကို အသက်ပေးပြီး လိုက်နာကြရမယ်” ဆိုတဲ့ စကားမျိုးတွေကို စစ်အခြေခံသင်တန်းကို စပြီးတက်ရောက်ကတည်းက ပြောဆိုရိုက်သွင်း ပေး လိုက်ပါတယ်။ အထက်အောက်ရိုသေလေးစားမှုဆိုပြီး ရဲဘော်အချင်းချင်းကို လည်း စီနီယာ၊ ဂျူနီယာခွဲပြီး အုပ်ချုပ်မှုတွေ သင်ပေးလိုက်ကြပါတယ်။ ဒါတွေ က စစ်တပ်အနေနဲ့ စစ်သည်တွေအပေါ်မှာ သွေးခွဲအုပ်ချုပ်တဲ့ နည်းလမ်းဆိုရင် လည်း မမှားပါဘူး။ ဒါကြောင့်လည်း စစ်သည်တွေအနေနဲ့ အထက်အရာရှိမှ မဟုတ်ပါဘူး၊ အောက်ခြေက စစ်သားအချင်းချင်းကိုလည်း ကိုယ့်ထက် စစ် သက်ကြီးတယ်၊ ရာထူးကြီးတယ်ဆိုရင် သူတို့ပြောသမျှ၊ ခိုင်းသမျှ လုပ်ပေးကြ ရပြီး ​ကြောက်လန့်နေကြရတာပါ။ လူပျိုစစ်သည်တွေအတွက် စစ်တပ်အတွင်း မှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေလည်း ရှိနေပါတယ်။

ပြဋ္ဌာန်းချက်အရကတော့ တပ်မတော်မှာ သတ်မှတ်ထားတဲ့ ရှောင်တခင် ခွင့် (၃) လတစ်ကြိမ်၊ တစ်ကြိမ်မှာ (၁၀) ရက် ပေးလို့ရတယ် ဆိုတာရယ်၊ သာမန်ခွင့် တစ်နှစ်ကို တစ်ကြိမ်၊ တစ်ကြိမ်မှာ ရက် (၃၀) ဆိုမျိုးရှိပါတယ်။ ဒါတွေကိုလည်း တပ်မတော်အနေနဲ့ စာထဲမှာသာ ထုတ်ပြန်ထားတယ်ဆိုတာပဲ ရှိပါတယ်။ တကယ်တမ်းလက်တွေ့မှာ စစ်သည်တစ်ယောက်ကို အဲဒီခွင့်တွေ ပေးလိုက်ဖို့အတွက် လုံးဝကို ယုံကြည်မှု မရှိကြပါဘူး။  စစ်သည်တွေကို တပ် ပြင်ပ အလွယ်တကူထွက်ခွင့်မပေးတာတွေ၊ လူပျိုစစ်သည်တွေအနေနဲ့ မိဘ အိမ်ပြန်ဖို့ ခွင့်တင်တဲ့အခါမှာလည်း အိမ်ထောင်သည်စစ်သည်တွေနဲ့ယှဉ်ရင် ခွင့်ရခဲပါတယ်။ လူပျိုစစ်သည်တွေအနေနဲ့ မိဘသေဆုံးလို့ပဲဖြစ်ဖြစ်၊ မိသားစု ပြဿနာကြောင့် အရေးကြီးခွင့်ပြန်ချင်လို့ပဲဖြစ်ဖြစ်၊ အထက်အရာရှိတွေက တော်ရုံနဲ့ ပြန်ခွင့်မပြုကြပါဘူး။ စစ်တပ်ရဲ့ လိုအပ်ချက်အရကြောင့် ခွင့်ပေးလို့ မရဘူးလို့ ပြောနေပေမယ့်လည်း တကယ်တမ်းတော့ အရာရှိတွေအနေနဲ့ သူ တို့ရဲ့ လိုအပ်ချက်ကြောင့်သာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဖွဲ့စည်းပုံအရ စစ်သည် အင်အား မပြည့်ဝမှုတွေရှိသလို တပ်တွင်းစည်းလုံးညီညွတ်မှုဆိုတာလည်း တကယ်တမ်းမှာ ပြိုကွဲနေပြီး စစ်တပ်အတွင်းမှာ ဖွဲ့စည်းပုံတွေ ပျက်နေကြ တယ်ဆိုတာတွေကို အထက်အရာရှိတွေအနေနဲ့ သိရှိနေတဲ့အတွက် စစ်သည် တစ်ယောက်ကို ခွင့်ပေးလိုက်ဖို့ ယုံကြည်မှု မရှိကြတော့လို့ပါပဲ။

တပ်မတော်အတွင်းမှာ ရှိနေတဲ့ စစ်သည်တိုင်းက တပ်မတော်ကို တကယ် ချစ်လို့ ဝင်လာကြတယ်ဆိုတာ မရှိသလောက်ဖြစ်နေတာကိုလည်း အထက် အရာရှိတွေအနေနဲ့ သိရှိထားပြီးသားပါ။ တပ်မတော်ကို ဝင်ရောက်လာကြတဲ့ စစ်သည်တိုင်းက ပုံစံအမျိုးမျိုးနဲ့ စစ်တပ်ထဲကို ရောက်ခဲ့ကြသူတွေပါ။ တပ်မတော်အနေနဲ့ ငွေနဲ့ ပေးဝယ်ပြီး စစ်တပ်ထဲကို ထည့်သွင်းခဲ့ကြတဲ့ စစ်သား တွေရှိသလို အပြင်လောကမှာ လူသတ်မှု၊ ခိုးမှုတွေဖြစ်ပြီး ပြေးစရာနေရာ မရှိ တဲ့အတွက် ရဲလက်ကလွတ်ရင် ပြီးရောဆိုပြီး တပ်မတော်ထဲကို ဝင်ခဲ့ကြတဲ့သူ တွေလည်း ရှိပါတယ်။ ဒီလိုကိစ္စတွေကို အထက်အကြီးအကဲအရာရှိကြီးတွေ အနေနဲ့ သိနေပြီးသားဖြစ်တဲ့အတွက် စစ်စည်းကမ်းဥပဒေကို ပုံစံအမျိုးမျိုး ထုတ်ပြန်ပြီး စစ်တပ်အတွင်းမှာရှိနေတဲ့ စစ်သည်တွေကို ထိန်းချုပ်နေရခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အိမ်ထောင်သည်စစ်သည်တွေနဲ့ယှဉ်ရင် လူပျို စစ်သည်တွေအပေါ် စစ်စည်းကမ်းတင်းကျပ်မှုတွေနဲ့ ပိုမိုထိန်းချုပ်ထားရှိကြ ပါတယ်။ စစ်သည်တွေထဲမှာလည်း တပ်မတော်အတွင်းကို ခံယူချက်ရှိလို့ ဝင် ရောက်လာသူတွေ နည်းတာကြောင့် စစ်တပ်က ခွင့်ပေးလိုက်ရင် ပြန်မလာကြ ဘဲ ခွင့်မဲ့ပျက်ကွက်တွေဖြစ်ပြီး ထွက်ပြေးသွားကြသူတွေ အများကြီး ရှိခဲ့ပါ တယ်။ ဒီလိုမျိုးဖြစ်စဥ်တွေကြောင့် တပ်မတော်အနေနဲ့ လူပျိုစစ်သည်များကို အိမ်ထောင်သည် စစ်သည်များထက်ပိုပြီး စစ်စည်းကမ်းများ ချမှတ်ပြီး ထိန်းချုပ်မှုတွေများစွာ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

စစ်သည်တွေမှာ မရှိတဲ့ ကိုယ်ချင်းစာတရား

စစ်တပ်အတွင်းမှာရှိနေတဲ့ စစ်သည်တွေအနေနဲ့ သူတို့တွေအတွက် စစ်တပ်က ပေးတဲ့၊ ကျွေးတဲ့ဟာကို စားသောက်နေထိုင်ကြရပြီး စစ်သားဖြစ်နေရတဲ့ ဘဝ ကို ဂုဏ်ယူလာကြပါတယ်။ တကယ်တမ်းတွေးကြည့်ရင် သူတို့တွေရဲ့ ဘဝ တစ်လျှောက်လုံးမှာ ဘာပိုင်ဆိုင်မှုမှ မရရှိခဲ့ကြဘူးဆိုတာကို သူတို့ မတွေးမိ ကြပါဘူး။ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ပြီး အိမ်ပိုင်ခြံပိုင်နဲ့ နေနိုင်ဖို့ ဆိုတာလည်း စစ်သည်​တွေအတွက် မဖြစ်နိုင်တဲ့အနေထားတစ်ခုပါ။ အဲဒီလိုမျိုး ဖြစ်အောင်လို့လည်း တပ်မတော်အနေနဲ့ စစ်သည်မိသားစုတွေကို ဘာလုပ်ပိုင် ခွင့်မှ မပေးထားကြတာပါ။ စစ်သည်တစ်ယောက်အနေနဲ့ စစ်တပ်ကနေ သက်ပြည့်ပင်စင်နဲ့ ထွက်ခွင့်ရခဲ့ရင်တောင်မှ အပြင်မှာ အိမ်နဲ့၊ ခြံနဲ့ နေရဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေပါ။ စစ်တပ်ကထုတ်ပေးလိုက်တဲ့ ခံစားခွင့်နဲ့ ပင်စင် ဆိုတာ အပြင်လောကမှာ ကောင်းကောင်းမွန်မွန်နဲ့ စီးပွားရေးတစ်ခုခုလုပ်ပြီး နေထိုင်ရပ်တည်လို့ မရတဲ့ အနေထားပါ။ တပ်မတော်လက်အောက်က စစ်သား တွေအတွက် တပ်ထဲမှာနေပြီး အိမ်ပိုင်မရှိ၊ ခြံပိုင်မရှိ၊ ကိုယ်ပိုင်စီးပွားရေးဆို လည်း မရှိနဲ့ အထက်အရာရှိတွေ ခိုင်းသမျှလုပ်လာပြီး နေထိုင်လာကြရတဲ့ အတွက် အခုလိုမျိုး နိုင်ငံရေးအခြေနေတွေ ဖြစ်လာတဲ့ အချိန်မှာ အထက်က ခိုင်းလို့ လုပ်တာဆိုပြီး အပြင်အရပ်သားပြည်သူတွေရဲ့ အိမ်တွေ၊ ခြံတွေကို မီးရှို့ကြ၊ ပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ စီးပွားရေးတွေကို ဖျက်ဆီး ကြ စတာတွေ လုပ်ကြတယ်။ အခုလိုတွေ ပြုလုပ် လိုက်လို့လည်း စစ်သည် တွေစိတ်ထဲမှာ ကိုယ်ချင်းစာတရားဆိုတာမျိုး မရှိကြပါဘူး။ သူတို့တွေမှာ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ခြံ၊ ကိုယ်ပိုင်စီးပွားရေးဆိုတာ မရှိကြ၊ မနေဖူးကြတဲ့ အတွက် အိမ်ခြံတွေ ဆုံးရှုံးလိုက်ရတဲ့ ခံစားချက် ဆိုတာကိုလည်း နားမလည် ကြပါဘူး။ တပ်မတော်လက်အောက်က စစ်သားတစ်ယောက် ဖြစ်လာချိန်က စလို့ အထက်ကပေးတဲ့ အမိန့်တွေနဲ့ ဘဝတစ်လျှောက်လုံး ရှင်သန်လာရတဲ့ အတွက် အခုလိုမျိုး အခြေနေတွေမှာလည်း အထက်က အမိန့်ပေးရင် လုပ်ရ မှာပဲဆိုတဲ့ အတွေးအခေါ်တွေသာ​ ခေါင်းထဲမှာရှိကြပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်တွေက တရားလား၊ မတရားဘူးလားဆိုတာကို တွေးခေါ်စဉ်းစားနိုင်တဲ့ လူတစ်ယောက်ရဲ့ အသိဉာဏ်တွေအားလုံး တပ်မတော်လက်အောက်က စစ်သားဖြစ်ခဲ့ချိန်မှာ အမိန့်​အာဏာတွေ၊ အကြောက်တရားတွေ အမျိုးမျိုးပေး ကာ မကောင်းတဲ့အသိ၊ မကောင်းတဲ့အတွေးအခေါ်တွေကို ခေါင်းထဲမှာ ရိုက်သွင်းပြီး ဖျောက်ဖျက်ထားခံကြရတာပါ။

အဆုံးမှတ်စုများ

1 စစ်သားရဲ့ ဇနီးကို ‘ရဲမေ’ လို့ တပ်တွင်းမှာ ခေါ်ဆိုသုံးနှုန်းကြပါတယ်။