မစုသစ် | Click here to read this article in English.
Cite as: မစုသစ်၊ (၂၀၂၅)၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန် ဆုံးဖြတ်ချက်ချခြင်းနှင့် မိသားစု၏ အရေးပါမှု၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၅။ https://ijbs.online/?page_id=5390

အကျဉ်းချုပ်
ဒီဆောင်းပါးမှာ စစ်တပ်ကနေထွက်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် ပါဝင်ရန် ဘာကြောင့်ခက်ခဲရသလဲဆိုတာတွေကို ဖော်ပြ ထားပါတယ်။ ဒါ့အပြင် စစ်သားတစ်ယောက်အနေနဲ့ စစ်တပ်ကနေ စွန့်ခွာဖို့ ဆုံးဖြတ်တဲ့အခါ သူ့မိသားစုရဲ့ အခန်းကဏ္ဍဘယ်လိုရှိဆိုတာကို လည်း ရှင်းပြထားပါတယ်။ ဒီဆောင်းပါးဟာ စစ်တပ်ကနေ စွန့်ခွာဖို့ ထောက်ကူပေးခဲ့တဲ့ စစ်သားဇနီးတစ်ဦးရဲ့ အတွေ့အကြုံတွေကို အခြေခံ ထားတာဖြစ်ပြီး စီဒီအမ်စစ်သားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်း တွေမှာ အလုပ်လုပ်နေသူတစ်ဦးအနေနဲ့ ၂၀၂၁ ကတည်းက စစ်သည် မိသားစုတွေနဲ့ ဆက်သွယ်ကူညီခဲ့ပုံတွေကို ဖော်ပြထားပါတယ်။
နိဒါန်း
လက်ရှိ အကြမ်းဖက်စစ်တပ်အနေနဲ့ ပြည်သူ့အာဏာကို မတရားရယူသိမ်းပိုက် ထားချိန်မှာ စစ်သားတစ်ယောက်အနေနဲ့ စီဒီအမ်မှာ ပါဝင်ပြီး ပြည်သူနဲ့ ပူးပေါင်းတယ်ဆိုတာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး။ ဒီလိုလုပ်ဆောင်နိုင်ဖို့ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှုတွေ လိုအပ်သလို စစ်တပ်ပြင်ပမှာ ဖြစ်ပျက်နေတဲ့ အမှန်တရားတွေကို သိရှိဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုအမှန်တရားတွေ သိရှိပြီး စီဒီအမ်လုပ်ကာ ပြည်သူနဲ့ ပူးပေါင်းချင်တဲ့ စစ်သားတစ်ယောက်အနေနဲ့ စစ်တပ်ကို စွန့်ခွာဖို့ ခက်ခဲစေတဲ့ အကြောင်းအရာများစွာလည်း ရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာ အဲဒီအခက် အခဲတွေထဲက အချို့အကြောင်းနဲ့ စစ်တပ်ကနေစွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်ဖို့ လုပ်ဆောင်တဲ့အခါမှာ မိသားစုရဲ့ အရေးပါပုံတွေကိုအကြောင်းကို တင်ပြထားပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ကို စွန့်ခွာလာကြတဲ့ စစ်သားတွေနဲ့ သူတို့မိသားစုတွေ ရင်ဆိုင်ရတဲ့ အခက်အခဲအတားအဆီးတွေအကြောင်းကိုလည်း တင်ပြထားပါတယ်။
ဥပဒေနှင့် ပြစ်ဒဏ်များ
စစ်သားတွေဟာ စစ်ဘက်ဥပဒေကိုရော အရပ်ဘက်ဥပဒေကိုပါ လိုက်နာ ကျင့်ကြံရသူတွေလို့ သတ်မှတ်ထားခံရပါတယ်။ စစ်တပ်ထဲမှာ စစ်သား တစ်ယောက် လိုက်နာရမယ့် ဥပဒေတွေ၊ စည်းမျဥ်းစည်းကမ်းတွေနဲ့ မူဝါဒတွေ ဟာ များပြားလွန်းလှပါတယ်။ ဒီလိုဥပဒေများစွာထဲက တစ်ခုခုကို ချိုးဖောက်မိ ခဲ့ရင် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ခံစားရမှာဖြစ်ပါတယ်။ ဒီထဲမှာ ခွင့်မဲ့ပျက်ကွက်နဲ့ စစ်ပြေးလို့ ခေါင်းစဉ်တပ်ချမှတ်ထားတာရှိသလို အခြား ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေလည်း သတ်မှတ်ထားပါတယ်။ အခြားအဆင့် စစ်သည်တစ်ယောက် ခွင့်မဲ့ပျက်ကွက်လုပ်ပြီး စစ်တပ်ကို စွန့်ခွာတဲ့အခါ လိုက်လံရှာဖွေ ဖမ်းဆီးကြတယ်။ ထွက်သွားတဲ့ စစ်သားရဲ့ ကိုယ်ရေးအချက် အလက်တွေကို သက်ဆိုင်ရာ အထက်ဌာနတွေဖြစ်တဲ့ တိုင်း/တပ်မတွေဆီ ပို့ပြီး ခွင့်မဲ့ပျက်ကွက် ကြေညာပါတယ်။ စွန့်ခွာမှု (၂၁) ရက်ကျော်လွန်တာနဲ့ စစ်ပြေး အဖြစ် သတ်မှတ်ပါတယ်။
သူထွက်သွားတဲ့တပ်ကနေ လိုက်လံရှာဖွေတာ ရှိသလို တပ်ထိန်းတွေ ကို အချက်အလက်ပို့ပြီး ရှာဖွေဖမ်းဆီးခိုင်းတာမျိုးလည်း လုပ်ပါတယ်။ ပြစ်ဒဏ် အနေနဲ့လည်း ထွက်ပြေးလွတ်မြောက်တဲ့ကာလ ကြာမြင့်မှုပေါ်မူတည်ပါတယ်။ ထွက်ပြေးကာလ အနည်းငယ်သာရှိသေးတဲ့ စစ်သားတွေကို ပြန်ဖမ်းမိတဲ့အခါ စစ်ထောင် တစ်နှစ်လောက်သာချပြီး ထောင်ကနေ ပြန်ထွက်လာတာနဲ့ တာဝန် ပြန်လည် ထမ်းဆောင်စေပါတယ်။ ထွက်သွားတုန်းက ရာထူးအဆင့်ရှိတဲ့သူ တွေဆိုရင် တာဝန်ပြန်ထမ်းဆောင်ခိုင်းတဲ့အခါ အနိမ့်ဆုံးဖြစ်တဲ့ အောက်ခြေ တပ်သားရာထူးကနေ ပြန်လည်စတင်ကာ တာဝန်ထမ်းဆောင်စေပါတယ်။ ထွက်ပြေးလွတ်မြောက်ချိန် ကာလကြာတဲ့ စစ်သားတွေကိုတော့ စုံစမ်းစစ်ဆေး ရေးခုံရုံး ဖွဲ့ပြီးတော့ အရပ်ဘက်ထောင်သို့ ပို့ဆောင်ပြီး နှစ်ရှည်ပြစ်ဒဏ် ကျခံ စေပါတယ်။ ဒီလိုစစ်သားတွေကတော့ ထောင်ကနေ ပြန်လည်လွတ်မြောက် လာရင် စစ်သားပြန်လုပ်ခွင့်မရှိပါဘူး။
ဒီထက်ပိုပြင်းထန်တဲ့ ပြစ်ဒဏ်များလည်း ရှိပါသေးတယ်။ စစ်သား တစ်ယောက်ဟာ တန်းပြည့်စစ်မှုထမ်းဆောင်ဖို့ တာဝန်ပေးခံရချိန် စွန့်ခွာထွက် ပြေးရင် ထောင်ဒဏ်အနေနဲ့ အနှစ် (၂၀) ကနေ တစ်သက်တစ်ကျွန်းထိ ချမှတ်ခံ ရနိုင်ပြီး အမြင့်ဆုံး သေဒဏ်အထိ ချမှတ်ခံရနိုင်ပါတယ်။ ဥပမာ ရှေ့တန်းစခန်း လိုနေရာကနေ စွန့်ခွာလာတာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၁ အာဏာသိမ်းပြီး ချိန်မှာ စစ်တပ်က စွန့်ခွာသူများကို ချက်ချင်း ဖမ်းဝရမ်းထုတ်စေပြီး ဝရမ်းထဲမှာ ပစ်သတ်ခွင့်အမိန့်ပါ တစ်ပါတည်း ထည့်ထားတာတွေ့ရပါတယ်။
ကျွန်မရဲ့ အမျိုးသားဟာ စီဒီအမ်ပြုလုပ်ဖို့ စီစဉ်ချိန်မှာ စစ်ဖြစ်နေတဲ့ နေရာ တစ်ခုမှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ စီနီယာ တစ်ယောက် ကို စစ်တပ်က စွန့်ခွာရင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို မေးတဲ့အခါ စီနီယာက အထက်ပါဥပဒေကိုပြပြီး ယခုအချိန်ပြေးရင် ထောင်ဒဏ် နှစ် (၂၀) ကျခံရနိုင်ကြောင်း ပြောဆိုပါတယ်။ စစ်ဗိုလ်ချုပ်များဟာ လက်အောက်ငယ် သားများကို အဲဒီလိုမျိုး ချည်နှောင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် စစ်သား တစ်ယောက်ဟာ စီဒီအမ်ပြုလုပ်ပြီး စွန့်ခွာထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ဒီအချက်ကိုလည်း အဓိကအနေနဲ့ ထည့်သွင်းတွက်ချက်ရလေ့ ရှိပါတယ်။
နောက်တစ်ချက်အနေနဲ့ စစ်တပ်ဟာ စီဒီအမ်လုပ်တာကို စီဒီအမ်ပြုလုပ် တယ်လို့ မသတ်မှတ်ပါဘူး။ ခွင့်မဲ့ပျက်ကွက်၊ စစ်ပြေး၊ တရားခံပြေးအနေနဲ့ပဲ သတ်မှတ်ပါတယ်။ စီဒီအမ်ပြုလုပ်ပြီး စွန့်ခွာသွားသူတစ်ယောက်ကို (၂၁) ရက် ကျော်လွန်တာနဲ့ စစ်ပြေးအဖြစ် ကြေညာပါတယ်။ စွန့်ခွာသူရဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို သက်ဆိုင်ရာ တပ်ရင်းတွေမှ တစ်ဆင့် တိုင်း၊ တပ်မ၊ စစ်ရုံးများသို့ ပေးပို့တင်ပြရပါတယ်။ ၎င်းတို့မှတစ်ဆင့် စွန့်ခွာသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ မှတ်တမ်းဓာတ်ပုံတွေကို နိုင်ငံအနှံ့မှာ ရှိတဲ့ တပ်ရင်းတပ်ဖွဲ့များအပြင် တပ်ထိန်းရုံးများသို့ ချပြကာ အမြန်ဆုံး ဖမ်းဆီး အရေးယူနိုင်စေရေး ဆောင်ရွက်ပါတယ်။ ယခင်က ခွင့်မဲ့စစ်သားတစ်ယောက် ကို (၂၁) ရက် ကျော်လွန်မှ စစ်ပြေးအဖြစ် ကြေညာလုပ်ဆောင်ခဲ့ကြပေမယ့် စီဒီအမ်လုပ်ကာ အများအပြား စွန့်ခွာနေတဲ့ ယခုလို အခြေအနေမျိုးမှာတော့ (၂၁) ရက်ကျော်လွန်တဲ့အထိ စောင့်ဆိုင်းခြင်းမရှိဘဲ အချိန်နဲ့တစ်ပြေးညီ တင်ပြ လျက်ရှိကြောင်း တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ယခင်က ခွင့်မဲ့စစ်သားတွေ ကို အထက်သို့ မတင်ပြဘဲ ထိန်ချန်ကာ ၎င်းစစ်သားတွေရဲ့ ရိက္ခာနဲ့ လစာတွေ ကို လိမ်လည်ထုတ်ယူအသုံးပြုနေတဲ့ တပ်မှူးတွေဟာ စာရင်းထိန်ချန်ထားစဉ် ‘ဘယ်တပ်ရင်းမှ ဘယ်သူ စီဒီအမ်လုပ်သွားတယ်’ လို့ သတင်းတက်လာတဲ့အခါ အရေးယူခံရတာကြောင့် ဖြစ်ပါတယ်။ ထိုကဲ့သို့ အလျင်အမြန် အရေးယူရန် ကြေညာလိုက်တာကြောင့် စီဒီအမ်လုပ်တဲ့ စစ်သားတစ်ယောက်ဟာ လုံခြုံရာ အရပ်ကို အချိန်မီရောက်ရှိ မလွတ်မြောက်နိုင်မှာကို စိုးရိမ်နေကြရပါတယ်။ လုံခြုံရာအရပ်သို့ မရောက်ရှိဘဲ ဖမ်းဆီးခံရပါက အထက်ကဖော်ပြခဲ့သလို စစ်ပြေး၊ သစ္စာဖောက်လို့ သတ်မှတ်ကာ ကြီးမားပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ခံ စားရနိုင်ပါတယ်။ ဒီအချက်ဟာလည်း စစ်သားတစ်ယောက် စီဒီအမ်ပြုလုပ်ရာ မှာ မဖြစ်မနေထည့်သွင်းစဉ်းစားပြီး ပူပန်ရတဲ့အချက် ဖြစ်ပါတယ်။
နေထိုင်ရပ်တည်ရေး
စီဒီအမ် မလုပ်နိုင်ဖြစ်စေတဲ့ နောက်ထပ် ထည့်သွင်းစဉ်းစားစရာ အကြောင်း အရင်းတစ်ချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ မိသားစု စားဝတ်နေရေး နဲ့ဆိုင်တဲ့အချက် ဖြစ်ပါတယ်။ စစ်သားမိသားစုတွေဟာ စစ်တပ်ထဲ ဝင်ရောက် ချိန်ကစပြီး ပြင်ပလောကနဲ့ အဆက်သွယ်ပြတ်သလို ဖြစ်သွားပါတယ်။ မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေလေ့လာသင်ကြားမှုတွေ မရှိတော့ သလောက်ဖြစ်လာပါတယ်။ နေ့စဉ် စစ်တပ်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ အမိန့်တွေ ကြားထဲမှာ လည်ပတ်ရင်း အချိန်တွေ ကုန်ဆုံးရပါတယ်။ အချိန်တန်ရင် စားရ မယ်၊ နားရမယ်၊ ခိုင်းတာလုပ်ရမယ်၊ အမိန့်တွေကို မဖြစ်မနေ နာခံရမယ် ဆိုတဲ့ စိတ်နဲ့ ရှင်သန်ဖြတ်သန်း နေကြရပါတယ်။ ဒီလိုမအားမလပ် တာဝန်ပေးအပ် ခြင်းခံရချိန်မှာ ဘဝတိုးတက်ရေးအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို လေ့လာသင်ယူရမယ်ဆိုတာ မေ့လျော့သွားတတ်ကြပါတယ်။ စစ်သားဖြစ်သွား ပြီးနောက်ပိုင်း ကျန်တဲ့ကိစ္စတွေဟာ ဘဝအတွက် အရေးမကြီးတော့ဘူးလို့ ခံယူသွားကြသူတွေလည်း အများကြီးရှိပါတယ်။ စစ်တပ်ရှိရင် အဆင်ပြေတယ်၊ စစ်သားဖြစ်နေသမျှ နေစရာနဲ့ စားစရာအတွက် ပူစရာမရှိဘူးဆိုကာ စစ်တပ်ဆို တဲ့ ဘောင်ကျဉ်းကျဉ်းလေးကို သူတို့ရဲ့ ဖြစ်တည်မှုကမ္ဘာကြီးသဖွယ် ထင်မှတ် လာကြပါတယ်။ စစ်တပ်ကနေ နေစရာ၊ စားစရာ ရရှိတဲ့အပြင် မိသားစုကိုပါ တာဝန်ယူပေးထားတယ်လို့ ခံယူလာကြပါတယ်။
ဒါကြောင့် အစစအရာရာ အဆင်ပြေသယောင် လုပ်ပေးထားတဲ့ စစ်တပ် ကို စွန့်ခွာဖို့ အခက်အခဲဖြစ်လာပါတယ်။ စစ်တပ်ကို စီဒီအမ်လုပ်ပြီး စွန့်ခွာတဲ့ အခါ ကိုယ်နဲ့ ကိုယ့်မိသားစု ပထမဆုံးကြုံရမယ့်အချက်တွေကို ထည့်သွင်း စဉ်းစားလာကြတယ်။ ပထမအချက်အနေနဲ့ အလုပ်လက်မဲ့ဖြစ်သွားမယ်၊ လစာ မရ၊ ဝင်ငွေ မရှိတော့ဘူး။ နိုင်ငံရဲ့ လက်ရှိအခြေအနေအရ တစ်ကိုယ်တည်းသ မားတွေတောင် ရပ်တည်အသက်ရှင်ဖို့ အလွန်ရုန်းကန်နေရတဲ့ အနေအထား ဖြစ်နေတဲ့အတွက် ဝင်ငွေမရှိတော့တဲ့ လူတစ်ယောက်အဖို့ ပိုပြီးခက်ခဲမယ် ဆိုတာ တွက်ချက်ရတယ်။ ဒါ့အပြင် အိမ်ထောင်သည်ဖြစ်ပြီး သားသမီးရှိတဲ့ မိသားစုဆိုရင် အလွန်ကို ခက်ခဲမယ်ဆိုတာ ထည့်သွင်းစဉ်းစားကြရပါတယ်။
စစ်တပ်က စစ်ပြေး၊ သစ္စာဖောက်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖို့ ထုတ်ပြန် ထားချိန်မှာ အလုပ်လုပ်ကိုင် စားသောက်ဖို့ဆိုတာလည်း အလွန်အန္တရာယ်များ တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်စားရလောက်အောင်လည်း စစ်တပ်ထဲမှာရတဲ့ လစာ တစ်ပဲခြောက်ပြားနဲ့ စုဆောင်းမိထားတာ ဘာမှ မရှိ တတ်ကြပါဘူး။ မိဘစီးပွားရေးကို လုပ်ကိုင်ရအောင်လည်း နဂိုကတည်းက မိဘချမ်းသာလို့ စစ်တပ်ထဲ ဝင်ခဲ့ကြသူတွေဟာ တစ်ရာမှာ တစ်ယောက် မရှိ ကြပါဘူး။ ပြေလည်တဲ့ မိသားစုဖြစ်နေရင်တောင် အခုလို လူငယ်လူရွယ် တွေ့တာနဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးနှိပ်စက်ခံနေရချိန်မှာ ပေါ်ပေါ် တင်တင် လုပ်ကိုင်စားသောက်ဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ အရာတစ်ခုဖြစ် ပါတယ်။
နောက်တစ်ခုက လုံခြုံရေးနဲ့ဆိုင်တဲ့ အပိုင်းပါ။ ဒီလို စီဒီအမ်လုပ်မယ်လို့ စဉ်းစားသူတိုင်း ဒီအချက်ကိုလည်း မဖြစ်မနေ စဉ်းစားပြင်ဆင်ကြရပါတယ်။ လက်ရှိ အကြမ်းဖက်စစ်တပ်ဟာ သားဖြစ်သူကို လာရှာတာမတွေ့လို့ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာမျိုး လုပ်လာပါတယ်။ ဒါကြောင့် စီဒီအမ်လုပ်မယ့် စစ်သားတစ်ယောက်ဟာ ငါ့ကြောင့် ငါ့မိဘဆွေမျိုး တွေ ဒုက္ခရောက်မလား၊ ရန်ရှာခံရမလားလို့ စိုးရိမ်ပူပန်တတ်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း ခင်ပွန်းစီဒီအမ်လုပ်တဲ့အခါ ဒီလိုအခက်အခဲကို ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်မ စိုးရိမ်တဲ့ အဲဒီအခြေအနေမျိုးကိုလည်း ကြုံခဲ့ရဖူးပါ တယ်။ အမျိုးသား စီဒီအမ်လုပ်ပြီး မကြာခင်မှာပဲ ကျွန်မဆီကို ဖုန်းဆက်မေး မြန်းတာတွေ၊ စုံစမ်းတာတွေ လုပ်လာပါတယ်။ ပထမအကြိမ် ဆက်သွယ်တဲ့ အချိန်မှာ ချော့မော့စည်းရုံးပြီး ပြန်လာအောင် ကူညီပေးဖို့ ပြောပေမယ့် သူတို့ရဲ့ လေသံကို နားထောင်ရတဲ့အခါ အပြောနဲ့ အလုပ် ညီကြသူတွေ မဟုတ်ဘူး ဆိုတာ ရိပ်မိခဲ့ပါတယ်။ နည်းမျိုးစုံနဲ့ သူတို့ ယုံကြည်အောင် လှည့်စား ပြောဆို ပြီး အမျိုးသားနဲ့ ဆုံမယ့်အချိန်ကိုပဲ စောင့်နေမိပါတယ်။
ကျွန်မစိတ်ထဲမှာ စစ်တပ်ရဲ့ လက်က လွတ်မြောက်တဲ့ နေရာတစ်ခုကို မရောက်မချင်း ဒီလိုမလုံခြုံတဲ့ ခံစားချက်က ဖြစ်နေဦးမှာပဲလို့ တွက်ချက်မိ တယ်။ ဒါနဲ့ပဲ အမျိုးသားနဲ့ ကျွန်မ စစ်တပ်ရဲ့ အုပ်ချုပ်မှုအလှမ်းဝေးတဲ့ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်းများရှိရာ လွတ်မြောက်နယ်မြေတစ်ခုကို ထွက် ခွာခဲ့ရပါတယ်။ ကျွန်မတို့ လွတ်မြောက်နယ်မြေသို့ ရောက်ပြီးမကြာခင်မှာပဲ ကျွန်မတို့ မိဘတွေ နေထိုင်ရာဆီကို စစ်သားတွေ ရောက်ရှိလာပြီး အမျိုးသားနဲ့ ပတ်သက်သမျှ မေးမြန်းစုံစမ်းပါတော့တယ်။ ကျွန်မအဖေက ရဲဝန်ထမ်းဟောင်း တစ်ဦးဖြစ်လို့ ဆိုးဆိုးရွားရွား ပြုမူခံရတာ မရှိပေမယ့် အသက်အရွယ်ကြီးနေပြီ ဖြစ်တဲ့ မိဘနှစ်ပါးမှာ စိုးရိမ်စိတ်တော့ ဖြစ်နေကြမှာ အမှန်ပါပဲ။ ဒါကိုသိတဲ့ ကျွန်မအနေနဲ့ အထက်ကပြောပြခဲ့သလို ကိုယ့်ကြောင့် ကိုယ့်မိဘတွေ စိုးရိမ် ကြောက်လန့်နေရ၊ လုံခြုံရေးကို စိတ်ပူနေရတယ်ဆိုတဲ့ ခံစားချက်က အမှန် တကယ် ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ ကျွန်မတို့အနေနဲ့ မိဘ၊ မောင်နှမ တွေကိုပါ ကျွန်မတို့နေထိုင်ရာ လွတ်မြောက်နယ်မြေကို ခေါ်ဆောင်ရတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ်။
ဒီလိုစီစဉ်ရပြီဆိုတာနဲ့ စောစောကပြောခဲ့တဲ့၊ စိုးရိမ်ခဲ့တဲ့ အကြောင်းအရင်း တွေအားလုံးကို ရင်ဆိုင်ဖြေရှင်း ရပါတော့တယ်။ မိသားစုစားဝတ်နေရေးနဲ့ ရပ်တည်ရေးအတွက် ရှိသမျှ လက်ဝတ်လက်စားလေးတွေ ရောင်းချရပါတယ်။ မိဘရဲ့ အိမ်နဲ့ ခြံအပြင် အလုပ်သွားတဲ့အခါ စီးနေကျ ကားလေးကိုပါ ရောင်းချခဲ့ ရပါတယ်။ ကျွန်မနဲ့ ကျွန်မအမျိုးသားရဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် ကျွန်မတို့ အပြင် မိဘမောင်နှမတွေလည်း ပိုင်ဆိုင်မှုတွေကို လက်လွှတ်ခဲ့ရပါတယ်။ အသက်အရွယ်ရလာမှ အနေအစားပျက်တဲ့ အခြေအနေမျိုးကို ကျွန်မ တို့ မိဘ မောင်နှမတွေ ကြုံခဲ့ရပါတယ်။ မှတ်မိပါသေးတယ်။ အိမ်လေးကို ရောင်းဖို့ ဆုံးဖြတ်ကြတဲ့အခါ အဖေနဲ့ အမေဟာ သူတို့တစ်သက်လုံး ရှာဖွေစုဆောင်း တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် အလွန်ပဲ နှမြောတသဖြစ်ကြောင်း မြင်ရတဲ့အခါ အရမ်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
မိသားစုရဲ့ အရေးပါမှု
ဒီလိုအခက်ခဲတွေအတွက် ကြိုတင်ပြင်ဆင်ပြီး ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ခဲ့ကြ ပေမယ့် တကယ့်လက်တွေ့မှာ အရမ်းလည်း ခက်ခဲခဲ့ကြတယ်။ စစ်သား တစ်ယောက်ဟာ မတရားတာကိုသိပြီး စီဒီအမ်လုပ်မယ်လို့ ရည်ရွယ်တာနဲ့ မိသားစုကို အရင်ဆုံးတိုင်ပင်ကြပါတယ်။ မိသားစုရဲ့ အားပေးမှု၊ ထောက်ခံမှုနဲ့ အတူတကွရင်ဆိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်၊ တိုက်တွန်းချက် မရှိရင် စီဒီအမ် လုပ်ဖို့ဆိုတာ အလွန်မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။ ဒီလိုတိုင်ပင်တဲ့အခါ ဇနီးက သော်လည်းကောင်း မိသားစုကသော်လည်းကောင်း သဘောမတူလို့ စီဒီအမ် မလုပ်နိုင်ဘဲ ပြည်သူ့ဘက် မရပ်တည်နိုင်တဲ့ အရာရှိစစ်သည်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့်စစ်သားတစ်ယောက် စီဒီအမ်ပြုလုပ်ရာမှာ မိသားစုက အရမ်းအရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။
ဒီလိုတိုင်ပင်ကြတဲ့အခါ အရေးကြီးတဲ့အချက်တစ်ခုလည်း ရှိနေပါသေး တယ်။ အဲဒါကတော့ မိသားစုအနေနဲ့ စစ်သားဖြစ်တဲ့ ကိုယ့်သား၊ ကိုယ့် ယောက်ျားကို လမ်းမှန်ရောက်အောင် ပို့ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုလမ်းပြနိုင် ဖို့ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် ပြုမူနေ တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို အမှန်အတိုင်း သိမြင်လာအောင် ပြုလုပ်ပေးနိုင် ဖို့လိုပါတယ်။ စစ်သားအားလုံးနီးပါးဟာ စစ်တပ်ထဲမှာ နှစ်ရှည်လများ ဝါဒမှိုင်း မိနေကြသူတွေ ဖြစ်တဲ့အတွက် မိမိနဲ့ မိမိအဖွဲ့အစည်းရဲ့ လုပ်ရပ်ဟာ အမှန် ဖြစ်တယ်ဆိုတာကို လက်ကိုင်ထားတတ်ကြပါတယ်။ အထက်က လိုအပ်လို့ လုပ်ရတယ်၊ မဖြစ်မနေ အကောင်အထည် ဖော်ရမယ်ဆိုတဲ့ အမိန့်တွေအောက် မှာ နေသားကျသူတွေ ဖြစ်တဲ့အတွက် အမြင်မှန်ရဖို့၊ အဖြစ်မှန်တွေ သိနိုင်ဖို့ ကြိုးစားပေးရမှာဖြစ်ပါတယ်။ တချို့စစ်သားတွေအနေနဲ့ ပြည်သူကို ကာကွယ် မယ်ဆိုတဲ့ ခံယူချက် စိတ်ဓာတ်ကောင်းကောင်းနဲ့ စစ်တပ်ထဲ ဝင်ရောက်ခဲ့ကြ သူများဖြစ်တဲ့အတွက် စစ်တပ်ဟာ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်နေ တဲ့အကြောင်း ပြောပြတဲ့အခါ သူတို့ရဲ့ စိတ်ဓာတ်တွေနဲ့ နှိုင်းယှဉ်ပြီး မဖြစ်နိုင် ဘူးလို့ ထင်နေတတ်ကြပါတယ်။ ကျွန်မအမျိုးသားကိုယ်တိုင်က အဲဒီလိုလူမျိုး ထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
ကျွန်မအမျိုးသားဟာ အာဏာသိမ်းကာလအစတုန်းက ပြင်ဦးလွင်မှာ သင်တန်းတစ်ခု တက်ရောက်နေတာဖြစ်ပါတယ်။ သင်တန်းတက်နေစဉ်ကာလ အတွင်း ဖုန်းအသုံးပြုချိန်အကန့်အသတ်ရှိတာတွေ၊ သင်ခန်းစာနဲ့ လုံးပန်းနေရ ချိန်တွေက ပိုများတဲ့အတွက် အပြင်မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မထိတွေ့၊ မသိရှိနိုင် ဖြစ်နေတာလည်း ပါပါတယ်။ သင်တန်းဆင်းပြီး မတ်လ မှာတော့ သူတာဝန်ကျရာ ဗန်းမော်မြို့၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်ကို ပြန်ရောက်ပါတယ်။ သူ ပြန်ရောက်တဲ့အချိန်မှာ ကချင်ပြည်နယ် တိုက် ပွဲတွေ ပြန်ဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေပေမဲ့ သူ့တပ်က သူ့ကို ရှေ့တန်းပြန် မထည့်ဘဲ နောက်တန်းဌာနချုပ်မှာပဲ တာဝန်ထမ်းဆောင်စေပါတယ်။
ဒီလိုတာဝန်ထမ်းဆောင်ရတဲ့အခါ တိုက်ပွဲတွေ ပြန်ဖြစ်နေချိန်ရယ်၊ အာဏာသိမ်းမှုကြောင့် မြို့ပေါ်ဆန္ဒပြမှုတွေ ပြင်းထန်နေချိန်ရယ်နဲ့ ကြုံတွေ့ခဲ့ ရပါတယ်။ ဒါကြောင့် နောက်တန်းဌာနချုပ်မှာ လူအင်အားမကျန်ရှိတဲ့အတွက် သူ့ကို နေရာပေါင်းစုံမှာ တာဝန်အမျိုးမျိုးပေးပြီး ခိုင်းစေပါတော့တယ်။ မြို့ပေါ် လုံခြုံရေး၊ ယာဉ်ပေါ်လိုက်လုံခြုံရေး၊ လမ်းလုံခြုံရေးအပြင် ဒုတိယတပ်မမှူးရဲ့ ကိုယ်ရေးအရာရှိတာဝန်များကိုပါ လိပ်ပတ်မလည်အောင် ထမ်းဆောင်ရပါ တော့တယ်။ အဲဒီလို သူ တာဝန်ထမ်းဆောင်ချိန်ဟာ ကျွန်မအတွက်တော့ တစ်သက်မှာ တစ်ခါဆိုသလောက် စိုးရိမ်ပူပန်တာတွေ ကြုံခဲ့ရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဆန္ဒပြပွဲလုံခြုံရေးများ လုပ်ခိုင်းလေမလား၊ ဒီလိုလုပ်ခိုင်းတဲ့အခါ ပြည်သူနဲ့ ထိပ်တိုက်တွေ့လေမလားဆိုတဲ့ ပူပန်စိတ်တွေနဲ့ ညရောက်တိုင်း သူ့ဆီဖုန်းဆက်ရင်း ငိုယိုမိပါတယ်။ ကျွန်မအမျိုးသားကို ပြည်သူအပေါ် နှိပ်စက် တဲ့ စစ်သားတစ်ယောက် မဖြစ်စေချင်တဲ့အတွက် နည်းမျိုးစုံနဲ့ လမ်းပြပါတယ်။ အပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့ စစ်တပ်ရဲ့ ရက်စက်မှုတွေကို သက်သေတွေနဲ့ တကွ ရှင်းပြပြောဆိုမိပါတယ်။ ဒါပေမဲ့ သူဟာ အထက်ကပြောခဲ့သလို ပြည်သူ ကို ကာကွယ်ချင်တဲ့စိတ်နဲ့ စစ်သားလုပ်နေသူတစ်ယောက်ဖြစ်လို့ ဒီအဖြစ်ပျက် တွေဟာ မဖြစ်နိုင်ကြောင်း သူ့စိတ်နဲ့ နှိုင်းယှဉ်ကာ ပြန်ပြောဆိုပါတယ်။ သူ အဲဒီလိုပြန်ပြောတိုင်းမှာ အမြင်မှန် မရကောင်းလားဆိုတဲ့စိတ်နဲ့ မခံမရပ်နိုင် ဖြစ်ပြီး စကားများရတာလည်း အခါခါပါပဲ။ နောက်ဆုံးမှာတော့ ကျွန်မ စိတ် မပူပန်ရအောင် တကယ်လို့များ မလွှဲမရှောင်သာ ထိပ်တိုက်တွေ့ဆုံရရင် ပြည်သူကို သတ်တဲ့ စစ်သားတစ်ယောက် လုံးဝမဖြစ်စေရဘူး၊ အာမခံတယ်လို့ ကတိပေးလာပါတယ်။ သူ့ကတိစကားကြောင့် အနည်းငယ် စိတ်အေးခဲ့ရပေ မယ့် စိုးရိမ်ပူပန်စိတ်ကတော့ လျော့မသွားခဲ့ပါဘူး။
ဒီလိုနဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့မှာတော့ သူ မဖြစ်ချင်ဆုံး၊ သူ အကြောက်ဆုံးကိစ္စတစ်ခုကို သူကိုယ်တိုင် ကြုံတွေ့ရပါတော့တယ်။ အဲဒါက တော့ ဗန်းမော်မြို့ရဲ့ ဆန္ဒပြပွဲတစ်ခုကို ထိန်းသိမ်းဖို့ သူနဲ့ သူ့အဖွဲ့ကို တာဝန် ပေးခြင်း ခံရပါတယ်။ အခြေအနေတွေ မကောင်းနိုင်မှန်း ရိပ်စားမိတဲ့ သူဟာ မြို့ထဲက သူနဲ့ ရင်းနှီးကျွမ်းဝင်သူ မိတ်ဆွေအပေါင်းအသင်းတွေဆီ ဖုန်းဆက် တာ၊ စာပို့တာတွေ ပြုလုပ်ပြီး အတတ်နိုင်ဆုံး ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့အထက်အရာရှိကြီးတစ်ယောက်ဖြစ်တဲ့ G1 အဆင့်ရှိ ဒုတိယဗိုလ်မှူးကြီး ဟာ သေနတ်ကို ကိုယ်တိုင်ကိုင်စွဲပြီး ဆန္ဒပြပြည်သူကို သေစေလိုတဲ့ ရည်ရွယ် ချက်နဲ့ လိုက်လံပစ်ခတ်နေတာကို မျက်ဝါးထင်ထင် တွေ့မြင်ရချိန်မှာတော့ သူ့ အနေနဲ့ အကြမ်းဖက်စစ်တပ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲဒီနေ့မှာ G1 ဖြစ်သူ ပစ်ခတ်လိုက်လို့ ကျဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူ မရွှေမြင့်ရဲ့ အလောင်းကို မြင်တွေ့ချိန်မှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေ ပိုပြီး ခိုင်မာ သွားစေခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စီဒီအမ်ပြုလုပ်ဖို့ သဘောတူခဲ့သလို ပြင်ဆင်စရာရှိတာ တွေလည်း ပြင်ဆင်ခဲ့ကြပါတယ်။ ကျွန်မအနေနဲ့လည်း ကျွန်မအမျိုးသား အခု လို ကိုယ်တွေ့ကြုံပြီး အမြင်မှန်ရသွားတဲ့အတွက် ကျေနပ်မိသလို တစ်ဖက်မှာ လည်း ရင်ဆိုင်ကျော်ဖြတ်ရမယ့် အခက်အခဲအတားအဆီးတွေအတွက် ပြင်ဆင် ရင်း ရင်မောခဲ့ရပါတယ်။ ဒီအကြောင်းကို မိသားစုတွေနဲ့ တိုင်ပင်ကြတဲ့အခါ ကန့်ကွက်သူ မရှိဘဲ ထောက်ခံအားပေးတဲ့အတွက် ကျွန်မတို့အနေနဲ့ ခွန်အား ဖြစ်ရသလို ဒီလိုခက်ခဲတဲ့ ဆုံးဖြတ်ချက်အတွက် သဘောတူပေးတဲ့ မိသားစုကို ကျေးဇူးတင်မိပါတယ်။ ကောင်းတာလုပ်မှာ ဖြစ်တဲ့အတွက် ဖြစ်သမျှ ရင်ဆိုင် မယ်ဆိုတဲ့ ကျွန်မမိသားစုရဲ့ သဘောထားကို သိရချိန်မှာ စီဒီအမ်လုပ်တဲ့အခါ မိသားစုရဲ့ အရေးပါမှုကို နားလည်လာမိပါတယ်။
ဒီလိုနဲ့ စီဒီအမ်လုပ်ဖို့ စီစဉ်တာကြာခဲ့ပေမယ့် စွန့်ခွာဖို့ အခက်အခဲတစ်ခု ကလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ အမျိုးသားဟာ ဒုတိယတပ်မမှူးရဲ့ ကိုယ်ရေးအရာရှိဖြစ်နေတဲ့အတွက် မိုးလင်းကနေ မိုးချုပ်ညနက်သည်အထိ လူကြီးနဲ့အတူ ရှိနေပေးရတာပါ။ အဲဒီအချိန် ဗန်းမော်မှာ အာလောဘွမ်တိုက်ပွဲ တို့၊ တာဝါတိုင်ကုန်းတိုက်ပွဲ1တို့ ဖြစ်နေတာဆိုတော့ နေ့စဉ်နဲ့အမျှ အလုပ်များ နေကြရတယ်။ လူကြီးအလုပ်များတိုင်း သူလည်း မနားရဘဲ ဖြစ်နေတယ်။ တစ်ခါတလေ ညလုံးပေါက်တိုက်ပွဲဖြစ်တဲ့ ရက်တွေဆိုရင် အိပ်ချိန်တောင် မရဘဲ တိုက်ပွဲကွပ်ကဲနေတဲ့ အထက်လူကြီးဘေးနားမှာ နေပေးနေရပါတယ်။ ဒါကြောင့် စွန့်ခွာဖို့အတွက် အခွင့်အရေးကို စောင့်ရင်း ကြာသည်ထက် ကြာ လာခဲ့ပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာတော့ အခွင့်အရေးဟာ သူ့အတွက် ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ သူ့အထက်လူကြီးဖြစ်တဲ့ ဒုတပ်မမှူးဟာ ရာထူးတိုးနဲ့ အခြားတစ် နေရာကို ပြောင်းရွှေ့ရပါတော့တယ်။ အမိန့်စာ ရ ရခြင်း အမြန်ပြောင်းရွှေ့ ရတာဖြစ်လို့ နောက်လာမယ့် အသစ်မရောက်ခင် အချိန်အတွင်းမှာ စွန့်ခွာဖို့ အကောင်းဆုံးအချိန် ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ မနက်စောစော အချိန် တစ်ခုမှာ ကျွန်မဆီကို အမျိုးသားဖုန်းဆက်လာပြီး အခုလိုပြောပါတယ်။
ငါ ထွက်လာလိုက်ပြီ။ မပူနဲ့ ဘာမှမဖြစ်ဘူး။ လုံခြုံတဲ့နေရာ ရောက်ပြီ။ အဆင်ပြေတယ်။ စိတ်ပူနေမှာစိုးလို့ အေးအေးဆေး ဆေးဖြစ်မှ ဖုန်းဆက်လိုက်တာ။
အဲဒီစကားသံအကြားမှာ ကျွန်မ ခြေဖျားလက်ဖျားတွေ အေးစက်လာပါတယ်။ ဘယ်လောက်ပဲ ပြင်ဆင်ထားပေမယ့် ရုတ်တရက်ကြီး သူ အခုလို လုပ်လိုက် ချိန်မှာ ဝမ်းသာတာရော စိုးရိမ်စိတ်ပူတာပါ ရောပြီး နေမရထိုင်မရ ဖြစ်မိပါ တယ်။ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ပိုပြီး အားဖြစ်စေတာကတော့ ကျွန်မ တို့ရဲ့ မိသားစုတွေဟာ ကျွန်မတို့ ဆုံးဖြတ်ချက်အတွက် အားပေးဂုဏ်ယူကြ တာပါပဲ။
သူ့အနေနဲ့ စီဒီအမ်လုပ်တဲ့အခါ အခြားသူတွေလောက် မခက်ခဲဘူးဆိုတာ လည်း ပြောပြချင်ပါတယ်။ အဲဒါကတော့ သူ စီဒီအမ်လုပ်ပြီး စွန့်ခွာဖို့ ကူညီလုပ် ဆောင်ပေးသူတွေထဲမှာ သူ့တပည့်တွေ အများကြီးပါတဲ့အပြင် သူနဲ့ ရင်းနှီးတဲ့ အရပ်သားပြည်သူတွေကပါ အစစအရာရာ ကူညီပေးကြတာပါ။ ပြည်သူကို ချစ်တဲ့စိတ်နဲ့ စစ်သားလုပ်တဲ့အခါ ရောက်လေရာမှာ ပြည်သူကို ကူညီခဲ့တဲ့ အကျိုးကျေးဇူးတွေဟာ သူ့အတွက် အထောက်အကူတွေ ဖြစ်လာစေပါတယ်။ သူ့တပည့်စစ်သည်တွေနဲ့ ခေါင်းဆောင်ပီသစွာ တစ်သားတည်းနေခဲ့တဲ့အတွက် သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးကြတာ သူ့တပည့်တွေ ဖြစ်လာပါတယ်။ ဒီအကြောင်းကို ပြန်ပြောတိုင်းမှာ သူဟာ အမြဲတမ်းဂုဏ်ယူစွာနဲ့ ပြောလေ့ရှိပါ တယ်။ တခြားသူတွေ စီဒီအမ်လုပ်တဲ့အခါ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ စွန့်ခွာကြရတာများပေမယ့် သူကတော့ သူ့တပည့်တွေနဲ့ ပြည်သူတွေရဲ့ ကူညီ ပေးမှုကြောင့် သူပိုင်ဆိုင်သမျှ သေတ္တာသုံးလုံး၊ အိတ်အကြီးအသေး အစုံနဲ့ ဖိနပ် ကအစ အပါယူပြီး စီဒီအမ်လုပ်နိုင်ခဲ့ကြောင်း ပြောပြတတ်ပါတယ်။
အခုတော့ သူ့အနေနဲ့ တော်လှန်ရေးမှာ သူတတ်နိုင်တာ ဝင်ကူညီရင်း တစ်ဖက်တစ်လမ်းက ပါဝင်နေပါပြီ။ သူ့တုန်းက ကူညီပေးမယ့်သူတွေကြောင့် အခက်အခဲနည်းပါးခဲ့ပေမယ့် ကူညီမယ့်သူ မရှိကြတဲ့ စစ်သားတွေကို အခက် အခဲ မကြုံရအောင်ဆိုတဲ့ စိတ်နဲ့ ပြန်ကူညီနေပါပြီ။ သူ့လုပ်ဆောင်ပေးမှုနဲ့ အပြင်ကိုရောက်လာတဲ့ စီဒီအမ်စစ်သားမိသားစုအရေအတွက်ဟာလည်း (၂၉) ဦးခန့် ရှိလာနေပါပြီ။ ကျွန်မအနေနဲ့လည်း အမျိုးသားရဲ့ လုပ်ဆောင်မှုတွေမှာ ဝိုင်းဝန်းကူညီပေးနေသလို စစ်သားတွေ စီဒီအမ်လုပ်တဲ့အခါ မိသားစုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ သိရှိခဲ့ရတဲ့အတွက် စစ်သားမိသားစုဝင်များအနေနဲ့ ကိုယ့်သား၊ ကိုယ့်ယောက်ျား စီဒီအမ်လုပ်နိုင် အောင် ကူညီတိုက်တွန်း လှုံ့ဆော်ပေးနေတဲ့ ‘ပြည်သူ့စစ်သားဇနီးများ’ အဖွဲ့ ကိုလည်း စီဒီအမ်ညီအစ်မတွေနဲ့ ဖွဲ့စည်းထားနိုင်ခဲ့ပါပြီ။ ကျွန်မတို့ ပြည်သူ့ စစ်သားဇနီးများအဖွဲ့အနေနဲ့ စီဒီအမ်လုပ်ရာမှာ အရေးကြီးတဲ့ မိသားစုဝင်တွေ ကို လှုံ့ဆော်ပညာပေးမှုများ၊ ဆွေးနွေးပွဲများ၊ စကားဝိုင်းများ အဆက်မပြတ် လုပ်ဆောင်နေတဲ့အပြင် စစ်သားမိသားစုဝင် (၇၀) ကျော်ခန့်ကို လစဉ်ထောက် ပံ့မှုများလည်း ပြုလုပ်ပေးလျက် ရှိပါတယ်။
ကျွန်မတို့ အခုလို စီဒီအမ်လုပ်ပြီး ပြည်သူနဲ့အတူ ရပ်တည်နိုင်ခဲ့တာဟာ ကျွန်မတို့ရဲ့ မိဘနဲ့ မိသားစုတွေရဲ့ ခွန်အားကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိသားစုတွေဟာ လမ်းမှားလျှောက်နေတဲ့ စစ်သားတွေကို အမြင်မှန်ရအောင် လမ်းပြပို့ဆောင်ပေးနိုင်သလို အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ကျော် ဖြတ်တဲ့အခါ မရှိမဖြစ်လိုအပ်သူများဖြစ်လို့ အရမ်းအရေးကြီးတယ်ဆိုတာကို ပြောပြလိုပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း ကျွန်မတို့အနေနဲ့ ကိုယ်တတ် နိုင်ရာတာဝန်များကို ထမ်းဆောင်ရင်း ဆက်လက်ပါဝင်နေဦးမှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို ပြည်သူ့စစ်သားဇနီးများအဖွဲ့နဲ့ ချိတ်ဆက်နေသူများရဲ့ တကယ့်လက်တွေ့ ခံစားဖြစ်ပျက်နေတဲ့ အောက်ပါအကြောင်းအရာတွေနဲ့ နိဂုံး ချုပ်လိုက်တယ်။
စီဒီအမ်တွင် ပါဝင်ရန် ဆုံးဖြတ်ချက်ချဖြစ်ခဲ့တဲ့ ဇာတ်ကြောင်းများ
၁။ တပ်ကြပ်ကြီးတစ်ဦးရဲ့ သားလေးဟာ Gen Z အရွယ် လူငယ်လေး ဖြစ်ပါတယ်။ သူ့ သူငယ်ချင်းကြားမှာ အဖေက လေတပ်က ဖြစ်တာ ကြောင့် အင်မတန် ရှက်ရွံ့သိမ်ငယ်ကြောင်း အဖေဖြစ်သူကို ပြန်ပြောပါ တယ်။ အဲဒီလိုကြားသိရတော့ အဖေဖြစ်သူဟာ အတော်ကို တုန်လှုပ်ခဲ့ရ ပါတယ်။ ဒါကြောင့် သားသမီးသုံးယောက်နဲ့ အနာဂတ်မှာ ဘာတွေဖြစ် မလဲ အကြိမ် ကြိမ်စဥ်းစားရင်း စီဒီအမ်ပြုလုပ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ် လိုက်ပါတယ်။ ပြည်သူ့ဘက်က ရပ်တည်ပေးဖို့ရာ နောက်ကျခဲ့ပေမယ့် အခုလို ရပ်တည် နိုင်ခဲ့တာကိုပဲ အခုအချိန်မှာ ဂုဏ်ယူနေခဲ့မိပါပြီ။
၂။ ဆန္ဒပြပွဲတွေမှာ စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် မတရားသတ်ဖြတ်နေတာ တွေ့တဲ့အခါ ဇနီးသည်က စစ်သားဖြစ်သူ လင်ယောက်ျားကို ငိုကြွေးပြီး ဖုန်းဆက်ပြောပြနေခဲ့ပါတယ်။ စစ်တပ်မှာ မနေဖို့ အမြဲတစေ တိုက်တွန်းနေခဲ့ပါတယ်။ တစ်နေ့မှာ အခြားတပ်ဖွဲ့ဝင် တွေနဲ့ အရာရှိကြီးတွေက ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် လူမဆန် စွာ ဖြိုခွင်းတာကို မျက်ဝါးဝါးထင်ထင် တွေ့မြင်ရတဲ့အခါ လင်ယောက်ျား ဟာ အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ဘက်ကို မျက်နှာမူခဲ့ပါ တယ်။ ဇနီးသည်ကို “အရာအားလုံးကို စွန့်လွှတ်ရမယ်။ ခံနိုင်ရည်ရှိရဲ့ လား” လို့ မေးပါတယ်။ ဇနီးသည်ဟာ ရဲရင့်စွာ ရင်ဆိုင်နိုင်တဲ့အကြောင်း ပြောကာ ယနေ့ထိ ပြည်သူ့အတွက် တော်လှန်ရေးမှာ တက်ကြွစွာ ပါဝင် လှုပ်ရှားနေပါတယ်။ ဇနီးမယားတွေရဲ့ ရဲရင့်မှုဟာ စစ်သားတစ်ယောက် စီဒီအမ်ဝင်ရန်အတွက် အကြီးမားဆုံးသောအရာပင် ဖြစ်ပါတယ်။
၃။ မိမိရဲ့ မြို့မှာ စစ်တပ်က တစ်ရက်တည်း လူပေါင်း (၁၅၀) လောက် သတ်ပစ်တဲ့အခါ အမျိုးသမီးငယ်လေးဟာ တပ်ထဲက မိမိရဲ့ အမျိုးသား ဗိုလ်ကြီး ရှိရာမြို့ကို နောက်နေ့တွင် ချက်ချင်းသွားခဲ့ကာ လင် ယောက်ျားလက်ကို ဆွဲပြီး အကြမ်းဖက်စစ်တပ်ကို စွန့်ခွာနိုင်ခဲ့ပါတယ်။
၄။ မိမိရဲ့ လင်ယောက်ျားဖြစ်သူ ဗိုလ်ကြီးကို ဇနီးဖြစ်သူက ဆန္ဒပြပွဲ တွေကို ဖြိုခွင်းခိုင်းတဲ့အခါမှာ “အမိန့်ပေးလို့ ပြည်သူကို ပစ်ခိုင်းတဲ့အခါ တကယ် ပစ်မှာလား” ဆိုပြီး မေးပါတယ်။ “အမိန့်အရတော့ ပစ်ရမှာပါ” လို့ လင်ယောက်ျားက ပြန်ဖြေပါတယ်။ “တကယ်လို့ အဲဒီပြည်သူလူထု ထဲမှာ သူ့ အမျိုးသမီးရှိရင်ရော” ဆိုတော့ လင်ယောက်ျားဟာ တွေဝေခဲ့ ပါပြီ။ နောက်ဆုံးမှာ ခင်ပွန်းသည်ဗိုလ်ကြီးဟာ စီဒီအမ်ခရီးလမ်းကို လျှောက်နိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ခင်ပွန်းဖြစ်သူ အမြင်မှန်ရအောင် ဇနီးသည်ရဲ့ မီးမောင်းထိုးပြမှု ဟာ အရေးပါတယ်ဆိုတာ တွေ့ရပါတယ်။
၅။ အမြွှာရင်သွေးလေး မွေးထားတဲ့ သူမရဲ့ မိသားစုတစ်ခုလုံးဟာ ဓမ္မဘက်တော်သားတွေပါ။ ဗိုလ်ကြီးဖြစ်သူ လင်ယောက်ျားဟာ စီဒီအမ် ဝင်မယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါနဲ့ပဲ သူမဟာ တစ်နေရာမှာ လင် ယောက်ျားကို စောင့်နေခဲ့ပါတယ်။ သူမဆီကို ရောက်မလာခဲ့ပါဘူး။ အကြောင်းပြချက်ကတော့ စစ်တပ်က သူ့ရဲ့ မိဘတွေကို ရန်ရှာမှာ စိုးရိမ် လို့ပါတဲ့။ သူမဟာ စစ်တပ်ကနေ မစွန့်ခွာနိုင်တဲ့ လင်ယောက်ျားကို စွန့်ခွာခဲ့ပါတော့တယ်။ ဒါကတော့ ဇနီးသည်ဟာ အင်မတန်ရဲရင့်သော် လည်း စစ်ဗိုလ်ဖြစ်သူ လင်ယောက်ျားရဲ့ ခံယူချက် မရှိမှုကြောင့် မအောင် မြင်ခဲ့ပုံ ဖြစ်ပါတယ်။
၆။ သူမဟာ လင်ယောက်ျားနဲ့အတူ စစ်တပ်ထဲမှာ နေထိုင်ချိန်ကြာမြင့် လာတာနဲ့အမျှ ဝါဒမှိုင်းအပြည့် ဖြစ်နေခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ နေ့စဉ် အချက်နဲ့ အလက်နဲ့ ရှင်းပြပါတယ်။ စီဒီအမ်ဝင်ဖို့ မိဘက နည်းမျိုးစုံနဲ့ ပြောပြ တဲ့အခါ နောက်ဆုံးတော့ စီဒီအမ်ဝင်နိုင်ခဲ့ပါတယ်။ စီဒီအမ်ဝင်ဖို့အတွက် မိဘရဲ့ တိုက်တွန်းမှုဟာ အင်မတန် အရေးကြီးကြောင်း တွေ့ရပါတယ်။
အဆုံးမှတ်စုများ
1 စစ်အာဏာသိမ်းပြီး များမကြာမီကာလမှာ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ မြန်မာစစ်တပ်အပေါ် ဗျူဟာမြောက်အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ မိုးမောက် မြို့တွင်းက အရေးပါတဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။