ချမ်းမင်း | တပ်ကြပ်ကြီး၊ တပ်မတော် သိပ္ပံနှင့် နည်းပညာသုတေသနဌာန | Click here to read this article in English.
Cite as: ချမ်းမင်း၊ (၂၀၂၅)၊ အကြမ်းဖက်စစ်တပ်လက်အောက်က ဉီးနှောက်ကျင်းခံထားရသော စစ်သားများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၅။ https://ijbs.online/?page_id=5333

အကျဉ်းချုပ်
မြန်မာစစ်တပ်က မြန်မာပြည်သူတွေကို အကြမ်းဖက်မှုတွေ ပြုလုပ်နေနိုင်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ စစ်ခေါင်းဆောင်တွေဟာ စစ်သား တွေရဲ့ စိတ်ထဲ အကြောက်တရားတွေကို ကိန်းအောင်းနေအောင် စနစ်တကျ သွတ်သွင်းထားလို့ပဲဖြစ်ပါတယ်။ အောက်ခြေစစ်သားတွေဟာ သူတို့ရဲ့ အကြောက်တရားကနေတစ်ဆင့် လူထုအပေါ် လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်လာကြပါတယ်။ စစ်သားတွေဟာ အနိုင်ကျင့်ခံထားရခြင်း၊ ဦးနှောက်ကျင်း ခံထားခြင်းနဲ့ ၎င်းတို့ရဲ့ ‘တာဝန်’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဆုံးစွန်သော ပင်းပန်းဆင်းရဲမှုတွေကို ခံစားကြရပြီး အမှန်မှာတော့ အဲဒီအရာတွေကပဲ တိုင်းပြည်ကို ဒုက္ခဆင်းရဲရောက်အောင် တွန်းပို့လိုက်တာ ဖြစ်ပါတယ်။ ဒီအရာ တွေဟာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး အာဏာရှင် ဦးနေဝင်းလက်ထက် ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်သူ တွေအနေနဲ့ တိုင်းပြည်ကို ကျရှုံးနိုင်ငံအဖြစ်သို့ မရောက်ရှိရေးအတွက် စစ်အုပ်ချုပ်ရေးနှင့် စစ်အာဏာရူး တွေကို တတ်နိုင်သမျှ အရှိန်အဟုန်မြှင့် တွန်းလှန်ရမှာ ဖြစ်ပါတယ်။
~
နွေဦးတော်လှန်ရေးမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက် စစ်တပ်လက်အောက်က ဦးနှောက်ကျင်းခံထားရတဲ့ စစ်သားတွေက အကြမ်းဖက်ဖြိုခွင်း တိုက်ခိုက်ခဲ့တယ်ဆိုတာ ကမ္ဘာသိ ဖြစ်ပါတယ်။ စစ်တပ်က တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဆိုတဲ့ မူဝါဒအရ အထက်ကပေးတဲ့ အမိန့်အတိုင်း အခုလို အကြမ်းဖက်ဖြိုခွင်းရတယ်လို့ အပေါ်ယံ ထင်စရာရှိပေမဲ့ ဖခင်ရင်ခွင်ထဲ က ရှစ်နှစ်အရွယ် ကလေးငယ်ကို ငိုယိုဆူညံနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါင်းကို တည်ပစ်တာတွေ၊ မြန်မာလူမျိုးတွေရဲ့ အထွတ်အထိပ်ထားရာ ဘုရား နဲ့ တစ်ဂိုဏ်းထဲဝင်သော ဆရာ၊ ဆရာမတွေကို သပိတ်စစ်ကြောင်း မစခင် ကတည်းက အကြမ်းဖက်ဖြိုခွဲရုံတင်မက အသက်သေစေချင်တဲ့ ရည်ရွယ်ချက် နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊ ကိုယ့် ညီ၊ ညီမအရွယ် ဆန္ဒပြ ကျောင်းသူ ကျောင်းသားတွေကို အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခဲ့တာတွေအပြင် ဒီနေ့ စစ်မေးစရာရှိတယ်ဆိုပြီး ဖမ်းသွားပြီးတော့ နောက်နေ့ အလောင်းလာထုတ် ခိုင်းတဲ့ အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင် မြေပြင်က အောက်ခြေစစ်သည် အရာရှိတွေရဲ့ ပင်ကိုယ်စိတ်ရင်းကိုက လိုလိုလားလားရှိလို့ ခုလိုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ အခုလို အောက်ခြေစစ်သားတွေအနေနဲ့ စိတ်လိုလက်ရ အကြမ်း ဖက်နှိပ်စက် သတ်ဖြတ်တာတွေ လုပ်အောင်လည်း စစ်တပ်ရဲ့ အကြီးအကဲ ခေါင်းဆောင်တွေက တမင်ကြံစည်ခဲ့တာတွေ ရှိသလို အကြမ်းဖက်စိတ်ရိုင်း တွေ ဝင်လာအောင် တမင်လုပ်ဆောင်ခဲ့တာတွေလည်း ရှိပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ အဖြစ်အပျက်တွေဟာ အာဏာသိမ်းမှု ဖြစ်စဉ် နောက်ပိုင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုများစွာထဲက အနည်း အကျဉ်းကိုသာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီထက်ဆိုးဝါးတဲ့ အကြမ်းဖက် မှုတွေကို စစ်တပ်ဟာ ကျူးလွန်ခဲ့သလို ဆက်လက်ကျူးလွန်နေဆဲလည်း ဖြစ်ပါ တယ်။ ဒီဆောင်းပါးမှာ ပြည်သူကို ပြည်သူလို့ သဘောမထားဘဲ အခုလို ဥပဒေမဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို မြေပြင်က စစ်သည်တွေဟာ သွေးအေးအေးနဲ့ လုပ်ဆောင်နိုင်ကြတာနဲ့ ပတ်သက်ပြီး ကျွန်တော် လက်လှမ်း မီသလောက် ခေါင်းစဉ်တွေနဲ့ ခွဲပြီး တင်ပြထားပါတယ်။
စစ်သားတွေရဲ့ အသိဉာဏ်ထဲ အကြောက်တရား ရိုက်သွင်းထားခြင်း
စစ်သားတစ်ယောက်ဖြစ်ဖို့အတွက် မဖြစ်မနေတက်ရတဲ့ စစ်တပ်ရဲ့ သင်တန်း ကျောင်း အများစုမှာ အထက်အောက် အရာရှိအုပ်ချုပ်မှုတွေအပြင် နှစ်ကြီး သင်တန်းသားတွေက နှစ်ငယ်သင်တန်းသားတွေကို ဆုံးမအုပ်ချုပ်ခွင့်ရှိတဲ့ စီနီယာ၊ ဂျူနီယာ အုပ်ချုပ်မှုစနစ်တွေလဲ ရှိကြပါတယ်။ အခြေခံရဲဘော်ဖြစ်ဖို့ တက်ရတဲ့ သင်တန်းကျောင်းတွေကလွဲလို့ ကျန်တဲ့ နှစ်ရှည်စစ်သင်တန်း ကျောင်းအားလုံးမှာ အဲဒီလိုမျိုး အုပ်ချုပ်မှုပုံစံတွေ ရှိကြပါတယ်။ အဲဒီ စစ်သင်တန်းကျောင်းတွေမှာ တက်ရောက်ရတဲ့ နှစ်ငယ် သင်တန်းသားတွေက အထက်အရာရှိတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရတဲ့အပြင် နှစ်ကြီး သင်တန်းသားတွေရဲ့ ခိုင်းစေချက်တွေကိုလည်း အစစအရာရာ လုပ်ဆောင်ပေး ရလေ့ရှိပါတယ်။ စစ်တပ်က အုပ်ချုပ်မှု လွယ်ကူစေဖို့ အကြောက်တရား အမျိုး မျိုး ရိုက်သွင်းပြီးတော့ တိုင်းပြည်အကျိုး ကြည့်ဖို့ထက် စစ်တပ်အပေါ်သစ္စာခံဖို့ နှစ်ငယ်သင်တန်းသားဘဝကတည်းက ပုံသွင်းခဲ့ပါတယ်။
စစ်သားပီသရန်၊ စစ်ပုံကျရန်၊ အမိန့်နာခံတတ်ရန်နဲ့ ခံနိုင်ရည်ရှိရန် ဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ အထက်အောက် ကြီးနိုင်ငယ်ညှဉ်းဝါဒတွေကိုလည်း တာဝန်ရှိသူအဆင့်ဆင့်က မျက်နှာလွှဲပြီး ခွင့်ပြုပေးထားကြပါတယ်။ ဒီလုပ်ရပ် တွေဟာ မတရားမှန်းသိပေမဲ့လည်း စစ်သားငယ်အများစုဟာ တပ်ထဲစဝင်က တည်းက ချုပ်ဆိုထားရတဲ့ စာချုပ်အရ ထွက်ပြေးရင် စစ်ပြေးအဖြစ် ပတ်ဝန်း ကျင်မှာ တစ်သက်လုံး သိမ်ငယ်စွာနေရမယ့်အပြင် မိမိဆွေမျိုးသားချင်းတွေ လည်း မိမိကြောင့် မျက်နှာငယ်ရမယ့် အဖြစ်တွေကြောင့် နောက်ပြန်လှည့်ဖို့ မဆုံးဖြတ်ကြတော့ဘဲ အာဏာရှင်တွေ ပုံဖော်ထားတဲ့ မူဝါဒတွေထဲ အဆင်ပြေ အောင် စီးမျောနေထိုင်ရင်း အသားကျသွားကြပါတယ်။
စစ်သားတွေကို စစ်တပ်ထဲ စဝင်တဲ့ သင်တန်းသားဘဝကတည်းက အကြောင်းပြချက် အမျိုးမျိုးပေးပြီး ပြင်ပပတ်ဝန်းကျင်နဲ့ အဆက်ဖြတ်လိုက် ကြပါတယ်။ ဖုန်း၊ အင်တာနက် အသုံးပြုရာမှာ ကန့်သတ်ချက်တွေ အများကြီး ထားရှိပြီး ပိတ်ပင်ကြပါတယ်။ သတင်းစာ၊ သတင်းအစီအစဉ်တွေကအစ တပ်တွင်းထဲမှာ သူတို့ဝါဒဖြန့်တဲ့ အစီအစဉ်တွေကိုပဲ ကြည့်ခွင့်ပြုထားပြီး စနစ်တကျ ဦးနှောက်ကျင်းခဲ့ကြပါတယ်။ စစ်သားငယ်ဘဝကတည်းက အဆင့် ဆင့်ရိုက်သွင်းထားတဲ့ ဝါဒမှိုင်းတွေကြောင့် နေ့တိုင်းစားနေရတဲ့ ထမင်းနဲ့ ဟင်းကိုတောင် စစ်တပ်ကကျွေးလို့ စားနေရတယ်လို့ တော်တော်များများက ယုံကြည်နေကြပြီး အဲဒါတွေက စစ်တပ်ကို သစ္စာခံအောင် ပြုလုပ်ထားတာ တွေပဲ ဖြစ်ပါတယ်။
သင်တန်းပြီးလို့ မိခင်တပ်ရောက်တဲ့အချိန်တွေမှာလဲ တပ်အတွင်း ရာထူး အဆင့်အတန်းအလိုက် နှိမ်ချဆက်ဆံကြတဲ့ ဆက်ဆံရေးတွေနဲ့ ကြုံရပါတယ်။ အရာရှိပိုင်း တော်တော်များများက အောက်က အခြားအဆင့် တပ်ကြပ်၊ ရဲဘော် တွေကို လုပ်ငန်းနဲ့ပတ်သတ်တဲ့ ကိစ္စတွေအပြင် မိမိရဲ့ ဝေယျာဝစ္စကိစ္စတွေ အတွက်တောင် ခေါ်ခိုင်းတာတွေ ရှိကြပါတယ်။ ကိုယ့်လက်အောက်ငယ်သား က ကိုယ့်ထက်အသက်ကြီးနေရင်တောင်မှ ဆဲဆို၊ ကြိမ်းမောင်းတဲ့အထိ အရာရှိ ပိုင်းတွေက လုပ်ကြတယ်။ တချို့ဆို လက်ပါပြီး ရိုက်နှက်တဲ့အဆင့်ထိ ရှိပါ တယ်။ ဒီလိုမျိုးတွေ့ကြုံရတာ စစ်တပ်ထဲ တာဝန်ထမ်းဆောင်နေတဲ့ စစ်သား တွေတင်မကဘဲ ဘာမှမဆိုင်တဲ့ သူတို့ရဲ့ ဇနီးသားသမီးတွေအထိပါ ဒါမျိုးတွေ ကို ခံကြရပါတယ်။ တပ်ရင်းမှူးရဲ့ ဇနီးက အရာရှိဇနီးကို နှိမ့်ချဆက်ဆံသလို အရာရှိဇနီးကလည်း အခြားအဆင့် တပ်ကြပ်၊ ရဲဘော်ဇနီးတွေကို အိမ်အကူလို ပြောဆိုဆက်ဆံတာမျိုးတွေ မြင်တွေ့ခဲ့ရဖူးပါတယ်။ အခုလိုတွေ လုပ်ကြတာ ကလည်း အမိန့်နာခံတတ်အောင်ဆိုတဲ့ တလွဲအတွေးအခေါ်တွေနဲ့ လူတစ် ယောက်ရဲ့ စိတ်ကို ချိုးနှိမ်လိုက်ကြတာပဲဖြစ်ပါတယ်။
အောက်ခြေကလူတွေကို အခုလိုနှိမ်ချဆက်ဆံပြီး အထက်အောက် အုပ်ချုပ်တဲ့ စနစ်ဆိုးရဲ့ အကျိုးဆက်ကတော့ အားငယ်စိတ်၊ ရှက်ရွံ့စိတ်တွေက တစ်စထက်တစ်စ နေ့စဉ်နဲ့အမျှ ကြီးထွားလာတယ်။ အခြားအဆင့် တပ်ကြပ်၊ ရဲဘော်တွေရဲ့ စိတ်မှာ အရာရှိက ခိုင်းရင်ပြောရင် နာခံရမယ်၊ လုပ်ရမယ်ဆိုတဲ့ စိတ်အပြင် မလုပ်နိုင်ရင် အဆူအဆဲ အထိုးအကြိတ်ခံရမယ်ဆိုတဲ့ အသိပါ စွဲနေ အောင် ပုံသွင်းလိုက်ကြပါတယ်။ အောက်ခြေစစ်သည်အများစုဟာ အတန်း ပညာ သိပ်မတတ်ကြသလို အထက်လူကြီးတွေကလည်း ပြင်ပနဲ့ အဆက်အဆံ မရှိအောင် ဖန်တီးထားတာတွေကြောင့် အခုလို နှိမ်ချဆက်ဆံခံရတာတွေ၊ အဆူအဆဲပေါင်းစုံနဲ့ ထိုးကြိတ်ခံရတာတွေကို လူ့အခွင့်အရေးချိုးဖောက်ခံရ တယ်လို့ မမြင်နိုင်တော့ဘဲ စစ်သားဖြစ်ရင် အထက်ကပေးတဲ့ အမိန့်မှန်သမျှ အကုန်လုပ်ဆောင်ကြရမယ်ဆိုတဲ့ တလွဲအတွေးတွေ ဝင်စေခဲ့ပြီး အကြောက် တရားတွေ ကြီးစိုးခဲ့ပါတယ်။
ခေတ်အဆက်ဆက် စနစ်တကျဝါဒမှိုင်းတိုက်ထားခြင်း
လွတ်လပ်ရေးရပြီးနောက်ပိုင်း လူမျိုးရေး သဘောထားကွဲလွဲမှုတွေ ဖြစ်ပြီး မြန်မာစစ်တပ်မှာလည်း တိုင်းရင်းသားလူမျိုးစုအလိုက် အုပ်စုခွဲထွက်မှုတွေ ရှိခဲ့တာကြောင့် ၁၉၄၉ ခုနှစ် နောက်ပိုင်းမှာ စစ်တပ်ဟာ အင်အားချိနဲ့သွားပြီး ပြိုလဲလုနီးပါး ဖြစ်ခဲ့ရပါတယ်။ စစ်တပ်အတွင်း တိုင်းရင်းသားလူမျိုးတွေရဲ့ ခွဲထွက်မှုတွေကြောင့် အဲဒီအချိန်က တပ်ဖွဲ့ဝင်အင်အား (၄၂) ရာခိုင်နှုန်းကျော်နဲ့ လက်နက်အင်အား (၄၅) ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရပါတယ်။ တပ်ဖွဲ့ဝင်အင်အား၊ လက်နက်အင်အား ထက်ဝက်နီးပါး ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အဲဒီအချိန်က စစ်ဗိုလ်ချုပ်တွေကို ထိတ်လန့်စေခဲ့ပြီး မြန်မာစစ်တပ်ရဲ့ သမိုင်းကြောင်းမှာ လည်း ဖျောက်ဖျက်မရတဲ့ ဒဏ်ရာဒဏ်ချက်အဖြစ် ကျန်နေခဲ့ပါတယ်။ ဒီဖြစ်ရပ် ဖြစ်ပြီးနောက်ပိုင်း စစ်တပ်အတွင်း ခေါင်းဆောင်ဖြစ်လာတဲ့ စစ်ဗိုလ်ချုပ် အဆက်ဆက်ဟာ အတိတ်က ဖြစ်ရပ်ကို သင်ခန်းစာယူပြီး အလားတူအဖြစ်မျိုး ထပ်မဖြစ်လာအောင် အောက်ခြေကို စနစ်တကျ နည်းမျိုးစုံနဲ့ သိမ်းသွင်းခဲ့ကြ၊ ထိန်းချုပ်ခဲ့ကြပါတယ်။ စစ်တပ်အတွင်း ဝါဒဖြန့်တာနဲ့ အယူဝါဒသွတ်သွင်းတာ တွေ အဆက်မပြတ် ဆောင်ရွက်ကြပြီး ဘယ်လိုအကြောင်းပြချက်နဲ့မှ တပ်ကို သစ္စာခံ မပျက်အောင်၊ စွန့်ခွာမသွားအောင် စစ်သားတွေမှာ ရှိရမယ့် သဘော တရားရေးရာနဲ့ ခံယူချက်တွေကို ရည်ရွယ်ချက်ရှိရှိ ပုံဖော်ပေးခဲ့ပြီး တပ်ထဲ နေပျော်အောင်နဲ့ တပ်တွင်းစည်းလုံးမှုရှိအောင် ဆောင်ရွက်ခဲ့ကြပါတယ်။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာ အာဏာရှင် စစ်ဗိုလ်ချုပ်နေဝင်းက စစ်တပ်ကို ပြည်သူကြားထဲကနေ ခွဲထုတ်ပြီး နိုင်ငံ အတွင်းက သီးခြားကမ္ဘာငယ်လေးတစ်ခုအဖြစ် စတင်ဖန်တီးခဲ့ပါတယ်။ ပြင်ပ လောကနဲ့ ထိတွေ့ဆက်ဆံမှုနည်းအောင် တပ်တွင်းထဲမှာပဲ ပညာရေး၊ ကျန်းမာ ရေးကအစ သက်သာချောင်ချိရေး အစီအစဉ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို တောင် ကိုယ်ပိုင်တပ်ဖွဲ့နဲ့ တည်ထောင်လိုက်ကြပါတယ်။ အဲဒါကြောင့် ၁၉၆၂ ခုနှစ်ကနေ ဒီနေ့အထိ မြန်မာစစ်တပ်ဟာ ကိုယ်ထူကိုယ်ထပုံစံမျိုးနဲ့ သီးခြား အဖွဲ့အစည်းပုံစံ ရပ်တည်နေခြင်းပဲဖြစ်ပါတယ်။ အဲဒါတွေရဲ့ အကျိုးဆက်က တော့ အရပ်သားအစိုးရလက်ထက် ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးမှုကြောင့် ပြင်ပ လောကမှာ အတွေးအခေါ် အယူအဆတွေ တိုးတက်ပြောင်းလဲလာပေမဲ့လည်း စစ်တပ်အတွင်းမှာတော့ နှစ်ရှည်လများ ပုံဖော်ရိုက်သွင်းထားတဲ့ အတွေးအခေါ် တွေနဲ့ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတဲ့ စစ်မိန့်တွေကြောင့် စစ်တပ်အတွင်း အရာရှိ၊ စစ်သည်တွေရဲ့ အတွေးအခေါ်၊ အယူအဆတွေကတော့ သိသိသာသာ တိုးတက်လာတာမျိုး မရှိခဲ့ပါဘူး။ ၂၀၁၀ ခုနှစ်နောက်ပိုင်း ခေတ်ပြောင်းသွား ပေမဲ့လည်း တပ်တွင်းမှာတော့ ရာထူးအဆင့်အတန်းအလိုက် ခွဲခြားဆက်ဆံမှု တွေ၊ ကြောက်ရွံ့အလေးပေးမှုတွေဟာ ကြီးမားလွန်ပြီး ပဒေသရာဇ်ခေတ်က လို ပဲ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့ပါတယ်။
အောက်ခြေစစ်သည်၊ အရာရှိအဆင့်ဆင့်ကိုလည်း စစ်သားတွေဟာ ပြည် ထောင်စု မပြိုကွဲအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိအောင်၊ နိုင်ငံတော် ရဲ့ အချုပ်အခြာအာဏာတည်မြဲအောင်နဲ့ အမျိုးဘာသာသာသနာမပြိုကွဲအောင် ကာကွယ်စောင့်ရှောက်နေရသူတွေ ဖြစ်တယ်လို့ ပြောဆိုကာ အဆင့်ဆင့် ညွှန် ကြားမှုတွေနဲ့ အဆက်မပြတ်ဝါဒဖြန့်ပြီး စစ်သားတွေကို သူတို့ဟာ အုပ်ချုပ်သူ လူတန်းစားဖြစ်တယ်ဆိုတဲ့ အသိစိတ်ဓာတ်ကို ထည့်ပေးထားပါတယ်။ စစ်သား တွေဟာ အရပ်သားတွေရဲ့ အထက်မှာရှိတယ်ဆိုတဲ့ အယူဝါဒကို သွတ်သွင်း ပေးထားသလို စစ်တပ် မရှိရင် နိုင်ငံတော် ပျက်စီးသွားလိမ့်မယ်ဆိုတဲ့ ယုံကြည် ချက် စစ်သားတွေဆီမှာ ရှိလာအောင်လည်း နှိုးဆွ မြှောက်ပင့်ပေးထားပါတယ်။ ကမ္ဘာ့လူဦးရေ အများဆုံးနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ကြားထဲမှာ တည်ရှိနေတာကြောင့် မြန်မာစစ်တပ်ဟာ အင်အား ကြီးသထက်ကြီးအောင် တည်ဆောက်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေကိုလည်း စစ်သားတွေရဲ့ အသိ စိတ်မှာ စွဲနေအောင် ရိုက်သွင်းထားပါတယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း ဗိုလ်ချုပ် နေဝင်းရဲ့ စီစဉ်ထားမှုတွေကြောင့် စစ်တန်းလျားတွေဟာ ပြင်ပပတ်ဝန်းကျင်နဲ့ ထိစပ်မှုမရှိဘဲ သီးသန့်တည်ရှိနေတဲ့ သဘောသဘာဝတွေကြောင့် အခုလို ဝါဒ သွတ်သွင်းပေးခံထားရတာတွေကို ပြန်လည်ဆေးကြောဖို့ တပ်မိသားစုတွေမှာ အခွင့်အရေး မရှိကြပါဘူး။
အခုလို စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးဟာ တပ်တွင်းနယ်နိမိတ်မှာသာမက စာသင်ကျောင်းတွေကိုပါ ဝါဒဖြန့်ချိလာတာမျိုးတွေ လုပ်လာပါတယ်။ စာသင် ကျောင်း သင်ရိုးတွေမှာ စစ်ဘုရင်တွေအကြောင်း ချဲ့ကားထားတဲ့ စစ်ရေးစွမ်း ရည်တွေနဲ့ စစ်နိုင်ပြီး ဘုရင့်နိုင်ငံတော်တွေ တည်ဆောက်ကြတဲ့ အကြောင်း တွေ အဓိကနေရာယူ သင်ကြားစေလာပါတယ်။ နိုင်ငံတည်ဆောက်ရေးမှာ စစ် အင်အားက အရေးကြီးဆုံးအဖြေ ဖြစ်တယ်ဆိုတဲ့ ဝါဒမှိုင်းကို ပဒေသရာဇ်ခေတ် က ဘုရင်တွေရဲ့ စစ်တပ်နဲ့ ဥပမာထားပြီး နုငယ်သေးတဲ့ ကလေးတွေ အသိစိတ် ထဲကို ရိုက်သွင်းပြီးတော့ စစ်ဘောင်ချဲ့ခဲ့ကြပါတယ်။ ဒါတွေအပြင် စစ်တပ် ကြီးစိုးရာကာလမှာလည်း လွတ်လပ်စွာ သတင်းစီးဆင်းမှုကို ကန့်သတ်ပြီး နိုင်ငံအတွင်းမှာ စစ်တပ်လက်ဝေခံ မြဝတီနှင့် မြန်မာ့အသံဆိုတဲ့ သတင်းဌာန နှစ်ခုသာ ထားစေခဲ့ကာ ထိုသတင်းမီဒီယာတွေကနေ တစ်ဆင့်လည်း မြန်မာ့ နိုင်ငံရေးမှာ တပ်မတော်ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ခဲ့ပါတယ်။
စစ်တပ်ဟာ နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာကို ဝါဒဖြန့် တဲ့အနေနဲ့ ငွေအကုန်အကျ အများကြီးသုံးပြီး ရိုက်ကူးထားတဲ့ စစ်ကားတွေကို တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားကနေ အခါအခွင့်သင့်တိုင်း ထုတ်လွှင့် ပြသပါတယ်။ ဒီဝါဒဖြန့်တဲ့ စစ်ကားတွေမှာ “တပ်မတော် အင်အားရှိမှ တိုင်း ပြည်အင်အားရှိမည်”၊ “တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင် အဖ” စတဲ့ ဆောင်ပုဒ်တွေ ဦးစားပေးဖော်ပြစေကာ နိုင်ငံအတွင်းစစ်တပ်ရဲ့ အခန်း ကဏ္ဍအရေးကြီးကြောင်းကို အသားပေးဖော်ပြပြီး လုပ်ကြံစည်းရုံးကြပါတယ်။ အတွေးအခေါ်ကအစ တိုးတက်နေတဲ့ ပြင်ပလူ့အဖွဲ့အစည်းထဲ ဒီလို ဝါဒဖြန့် တာတွေရဲ့ သက်ရောက်မှုက သိပ်မရှိလှပေမဲ့ သီးခြားကမ္ဘာအဖြစ် ဖန်တီးထား ခံရတဲ့ စစ်တပ်အသိုင်းအဝိုင်းလေးထဲမှာတော့ ဒီလိုဝါဒဖြန့်မှုတွေဟာ သိသာတဲ့ သက်ရောက်မှု ရှိပါတယ်။ စစ်သားတစ်ဦးအနေနဲ့ စစ်သား ကောင်းကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းကို ကြည့်ရတဲ့အခါ တလွဲဂုဏ်ယူပြီးတော့ လုပ်ကြံ ဖန်တီးထားတာကို မမြင်တော့ပါဘူး။
စစ်ဗိုလ်ချုပ်တွေဟာ သူတို့ထိပ်ပိုင်းခေါင်းဆောင်အချင်းချင်းကြားမှာ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေနဲ့လည်း ခိုင်ခံ့အောင် ဖန်တီးထားပါသေး တယ်။ စစ်တပ်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက နိုင်ငံအတွင်း အကောင်းဆုံးစီးပွားရေးကဏ္ဍတွေကို နှစ်ပေါင်းများစွာ တစ်ဦးတည်း လက်ဝါး ကြီးအုပ် ချုပ်ကိုင်ရာကနေ ရရှိထားတဲ့ အရင်းအမြစ်တွေကို အသုံးချပြီး အချင်းချင်းလက်သင့်ရာ သူကောင်းပြုတဲ့စနစ်ကို တည်ဆောက်ထားပါတယ်။ တပ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ စစ်တပ်ရဲ့ နှစ်ပေါင်းများစွာ အုပ်စိုးစုဆောင်းထားတဲ့ ဓနအင်အားနဲ့ ပိုင်ဆိုင်မှုတွေကို သုံးပြီး သူတို့ကို အားပြိုင်အာခံလာနိုင်သူတွေကို သူတို့တည်ဆောက်ထားတဲ့ စနစ်ထဲ ဆွဲထည့် လေ့ ရှိပါတယ်။ ဒီလိုလုပ်ထားတဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဘယ် လိုပြိုင်ဘက်မျိုး ဖြစ်နေပါစေ နှုတ်ဆိတ်သွားတတ်ပါတယ်။ ဒါပေမဲ့ ဒီလို အကျိုးအမြတ်တွေ၊ အကျိုးခံစားခွင့်တွေကို ခွဲဝေပေးတာမျိုးကတော့ အောက် ခြေအဆင့်အထိ ရောက်လေ့မရှိပါဘူး။ အောက်ခြေအဆင့်က စစ်သားတွေက တော့ ဆင်းတောင့်ဆင်းရဲ အခြေအနေမျိုးမှာပဲ ရှင်သန်နေကြရရှာပါတယ်။
ဒါ့အပြင် အာဏာရှင်တွေဟာ သူတို့အကျိုးစီးပွား အာဏာတည်မြဲဖို့ဆိုရင် သူတို့အတွက် အဖုအထစ်ဖြစ်နိုင်မယ်ထင်တဲ့ အရာမှန်သမျှကို မိမိအဖွဲ့အစည်း ထဲက ဖြစ်နေပါစေ ညှာတာမှုမရှိဘဲ ချက်ချင်းရှင်းထုတ်ပစ်ဖို့ ဝန်မလေးကြပါ ဘူး။ အထင်ရှားဆုံး ဥပမာကတော့ မဆလအစိုးရရဲ့ တလွဲပေါ်လစီအုပ်ချုပ်မှု တွေကြောင့် တိုင်းပြည် ဆင်းရဲဒုက္ခရောက်ရတာကို မခံနိုင်လို့ အာဏာရှင် ဦးနေဝင်းကို ဖြုတ်ချဖို့ကြံစည်ခဲ့တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ကြိုးပေး သတ်ဖြတ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ (ဦးနေဝင်း အစိုးရ လက်ထက် မဆလခေတ်မှာ ကြိုးပေးကွပ်မျက်ခံရသူ နှစ်ဦးသာရှိပြီး တစ်ဦးမှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဖြစ်ပြီး ကျန်တစ်ဦးကတော့ ဗိုလ်ကြီးအုန်းကျော်မြင့်ပဲ ဖြစ်ပါတယ်။)
နောက်ထပ် ဥပမာတစ်ခုကတော့ စစ်တပ်ရဲ့ တတိယအမြင့်ဆုံး ထိပ်တန်း ခေါင်းဆောင်ဖြစ်ဖူးတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က ဦးခင်ညွန့်က စစ်တပ်ရဲ့ အချက်အချာ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး သူ ဦးဆောင်တဲ့ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ဟာ အလွန်အမင်း ဩဇာကြီး ထွားလာခဲ့ပြီးတော့ ၁၉၈၈ အရေးအခင်းအပြီးမှာ တပ်မတော်နဲ့ ပြိုင်ဘက် သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။ စစ် တပ်ရဲ့ ခေါင်းဆောင်တွေဟာ ထောက်လှမ်းရေးအဖွဲ့ရဲ့ အင်အားကြီးထွားလာ တာဟာ တပ်မတော်ရဲ့ အဖွဲ့အစည်းအတွင်း ညီညွတ်မှုကို အန္တရာယ်ဖြစ်လာ စေနိုင်တယ်လို့ မြင်လာကြတဲ့အတွက် နိုင်ငံရဲ့ အင်အားအကြီးမားဆုံး ထောက် လှမ်းရေးအဖွဲ့တစ်ဖွဲ့လုံးကို ၂၀၀၄ ခုနှစ်မှာပဲ ရှင်းထုတ်လိုက်ကြပါတယ်။ အဲဒီလို အာဏာရှင်တွေဟာ မိမိတို့အတွက် ဆူးငြောင့်ခလုတ် ဖြစ်စေနိုင်တယ် လို့ ယူဆတဲ့ သူမှန်သမျှကို စံနမူနာပြ ရက်ရက်စက်စက် ရှင်းထုတ်လိုက်ပြီး တော့ ကျန်တဲ့ တပ်တွင်းစစ်သားတွေ ရင်ထဲကို အကြောက်တရားတွေ ရိုက် သွင်းလိုက်တာပဲ ဖြစ်ပါတယ်။
နှစ်ရှည်လများ နားရည်ဝလာတဲ့ အမိန့်ဆိုတဲ့အရာရယ်၊ တပ်ထဲစဝင် ကတည်းက ယနေ့အချိန်ထိ စိတ်အခံမှာ ကိန်းအောင်းနေတဲ့ မကျေနပ်မှု၊ အငုံ့ စိတ်တွေရယ်၊ အကြောက်တရားတွေရယ် ပေါင်းသွားတဲ့အခါမှာ စစ်သားတွေ ဟာ သူတို့ရဲ့ ခံစားချက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ်ပုံချပြီး ရက်ရက်စက်စက် သတ်ဖြတ်ဖို့လည်း ဝန်မလေး တော့ပါဘူး။ စစ်သားသက်တမ်းတစ်လျှောက်လုံး ကြီးစိုးခံခဲ့ရတဲ့ အကြောက် တရားကြောင့် အမှားအမှန်ခွဲခြား မနေတော့ဘဲ မတရားတဲ့ အမိန့်ပေးမှုတွေကို တစ်သွေမတိမ်း လုပ်ဆောင်ခဲ့ကြပါတယ်။ စစ်တပ်ထဲမှာ တစ်သက်လုံး အနှိမ်ခံ၊ အဆဲဆိုခံနေလာခဲ့ရသမျှ ပြည်သူတွေနဲ့ တွေ့တဲ့အခါ လက်နက်အားကိုးနဲ့ ထင်တိုင်းကြဲမှုက အမိန့်အရဆိုတာထက် ပိုလာခဲ့ပါတယ်။
မြေပြင်စစ်သားများနှင့် ပြည်သူလူထုကို ရန်တိုက်ပေးခြင်း
နောက်တစ်ချက်အနေနဲ့ စစ်တပ်ဟာ ယခင်လို တပ်ရင်းတစ်ရင်းမှာ အင်အား (၅၀၀-၆၀၀) ရှိရာကနေ အင်အားလျော့နည်းခြင်း၊ ဝင်ရောက်သူ နည်းပါးခြင်း စတဲ့ ပြုန်းတီးမှုမျိုးစုံကြောင့် တိုက်ခိုက်ရေးတပ်ရင်း တစ်ရင်းမှာ စုစုပေါင်း အင်အား (၂၀၀) ပတ်ဝန်းကျင်သာ ကျန်ရှိပါတော့တယ်။ အာဏာသိမ်းမှုဖြစ်စဉ် မတိုင်မီကတည်းက တဖြည်းဖြည်း အင်အားလျော့ နည်းလာမှုကြောင့် စစ်သား တစ်ယောက်ဟာ တာဝန်နှစ်ခု၊ သုံးခု စေခိုင်းခြင်း ခံရလေ့ရှိပါတယ်။ မတရား အာဏာသိမ်းမှုကြောင့် ပြည်သူတစ်ရပ်လုံး အုံကြွလာပြီး တစ်နိုင်ငံလုံး နေရာ အနှံ့အပြား ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်လာတဲ့အပြင် နိုင်ငံအနှံ့ တိုက်ပွဲတွေ ဖြစ်ဖို့ အစပျိုးလာခဲ့မှုတွေကြောင့် စစ်တပ်ဟာ အင်အားဖြန့်ခွဲ လုပ်ဆောင်မှု အပိုင်းမှာ အတော်အကျပ်ရိုက်ခဲ့ပါတယ်။ စစ်သည်တစ်ဦးဟာ ပုံမှန်အလုပ် သုံး၊ လေးခုမှ လေး၊ ငါးခုအထိ တာဝန်ပေးစေခိုင်းခြင်း ခံလာရပါတယ်။
ရှေ့တန်းစစ်ဆင်ရေးတာဝန်တွေအပြင် ယာဉ်ပေါ်လိုက် လုံခြုံရေး၊ လမ်း လုံခြုံရေး၊ မြို့ပေါ်လုံခြုံရေး၊ ဆန္ဒထုတ်ဖော်ပွဲ ထိန်းသိမ်းရေး တာဝန်များပါ လုပ်ဆောင်ကြရပါတော့တယ်။ ဒီလိုလုပ်ဆောင်ကြရတဲ့အခါ ဆန္ဒထုတ်ဖော်ပွဲ ထိန်းသိမ်းရေးနှင့် မြို့ပေါ်လုံခြုံရေး တာဝန်ထမ်းဆောင်ရတဲ့ စစ်သားတွေဟာ ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာပါတယ်။ ဒီလိုတာဝန်ထမ်း ဆောင်ရတဲ့ စစ်သားတွေကို တာဝန်ကျနေရာအတွင်း အနားပေးတာတွေ၊ လူစားလဲပေးတာတွေ မရှိဘဲ တာဝန်ထမ်းဆောင်စေခြင်း၊ စားချိန်နောက်ကျမှ ထမင်း လိုက်လံပို့ဆောင်ခြင်း၊ ပို့ဆောင်ပေးတဲ့ ထမင်းနှင့် ဟင်းများ သိုးနေ ခြင်း၊ အထက်က အချိန်မလပ် လိုက်လံစစ်ဆေးခြင်းတွေ လုပ်ကြပါတယ်။ အဲဒီ လိုပြုမူခံရတဲ့ စစ်သားတွေက ယူနီဖောင်း၊ ကျည်ကာအင်္ကျီ၊ ကျည်ကာ ဦးထုပ် တွေဝတ်ပြီး နေပူထဲမှာ နားချိန်မရှိဘဲ တာဝန်ထမ်းဆောင်ရခြင်း၊ စားချိန်တန် သည့်တိုင်အောင် မစားရဘဲ နောက်ကျမှ စားသောက်ရခြင်း၊ နောက်ကျမှ စားရ သည့်တိုင် ထမင်းသိုး၊ ဟင်းသိုးများကိုသာ စားရခြင်း၊ အထက်အကြီးအကဲက လာရောက် စစ်ဆေးတဲ့အခါ ဆဲဆိုရိုက်နှက်ခံရခြင်း တို့ကြောင့် အလိုလိုနေရင်း စိတ်တိုဒေါသဖြစ်လျက် ရှိပါတယ်။
အဲဒီအပြင် အထက်အကြီးအကဲတွေက ပြည်သူလူထုတွေ အခုလို ဆန္ဒပြ ဆူပူနေလို့ မင်းတို့တွေ ပင်းပန်ရကြောင်း အေးအေးဆေးဆေး အနားယူချင် တယ်ဆိုရင် ဆန္ဒပြပြည်သူတွေကို ငြိမ်အောင်ထိန်းရမှာဖြစ်ကြောင်းတွေကို အောက်ခြေက စစ်သည်၊ အရာရှိတွေကို ပြောဆိုပြီး ပြည်သူနဲ့ စစ်သားတွေကို ရန်တိုက်ပေးကြပါတယ်။ အောက်ခြေစစ်သားအများစုဟာ နဂိုကတည်းက စဉ်းစားတွေးခေါ်နိုင်စွမ်း နည်းပါးတာကြောင့် အထက်လူကြီးပြောဆိုတဲ့ စကား ကိုသာ ယုံကြည်ကြပါတယ်။ အဲဒါကြောင့်ပဲ နဂိုကတည်းက စိတ်တိုဒေါသ ထွက်နေတဲ့ စစ်သားတွေရဲ့ ထွက်ပေါက်ဟာ ပြည်သူလူထုအပေါ် ကျရောက် ပေါက်ကွဲတဲ့အခါ လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာပါ တော့တယ်။ နဂိုကတည်းက စစ်တပ်သက်တမ်းတစ်လျှောက်လုံး အကြောက် တရားကို အခြေခံပြီး ပေးသမျှအမိန့်အတိုင်း မလွန်ဆန်နိုင်ဘဲ လုပ်ကိုင်ဆောင် ရွက်ခဲ့ရတဲ့ စစ်သားတွေဟာ အထက်ကပြောခဲ့တဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ် အောင် တွန်းပို့လိုက်တဲ့ ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လူမဆန်တဲ့ စစ်သားတွေ ဖြစ်လာပါတော့တယ်။
သုံးသပ်ချက်
နိဂုံးချုပ်အနေနဲ့ လူရယ်လို့ ဖြစ်လာရင် (၂) နှစ်သားအရွယ်ကတည်းက အမှား အမှန်ကို ခွဲခြားနိုင်တယ်ဆိုတာကို သိပ္ပံနည်းကျ စမ်းသပ်သိရှိထားတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ (၂) နှစ်သားအရွယ် ကလေးငယ်တောင် အမှား အမှန်ကို ခွဲခြားသိနိုင်ပေမဲ့လည်း မြန်မာစစ်တပ်အတွင်းက စစ်သားတွေအနေနဲ့ ကတော့ နှစ်ပေါင်းများစွာ အစဉ်အဆက် လက်ဆင့်ကမ်းပြီး ဖိနှိပ်ချုပ်ချယ်ခံ ထားရခြင်း၊ ပြင်ပပတ်ဝန်းကျင်နဲ့ ထိတွေ့မှု မရှိစေရန်အတွက် စစ်တပ်ကို သီးသန့်ကမ္ဘာငယ်အဖြစ် ဖန်တီးခံထားရခြင်း၊ စစ်သားငယ်ဘဝကတည်းက ရိုက်သွင်းခံထားရတဲ့ အမိန့်တွေ၊ အကြောက်တရားတွေကြားထဲ အသားကျနေ ခြင်း စတဲ့အကြောင်းအရင်းများစွာနဲ့ နှစ်ပေါင်းများစွာ ဦးနှောက်ကျင်းခံထားရ ခြင်းတွေကြောင့် အမှားအမှန်ကို ခွဲခြားနိုင်စွမ်းမရှိတော့ကာ အခုလို ပြည်သူကို ပြည်သူလို့ မမြင်ဘဲ ရန်သူသဖွယ် အကြမ်းဖက်၊ မီးရှို့၊ သတ်ဖြတ်နေကြတာပဲ ဖြစ်ပါတယ်။ အနည်းငယ်သော စစ်သားတွေသာ အပေါ်မှာပြောခဲ့တဲ့ အကြောက်တရားတွေ၊ အတွေးအခေါ် ဝါဒမှိုင်းတွေကြားထဲက ရုန်းထွက်နိုင်ခဲ့ ပြီး အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ့ဘက်ကို ရပ်တည်နိုင်ခဲ့ကြပါတယ်။
နိုင်ငံကို ကာကွယ်ဖို့အတွက် စစ်တပ်ဟာ မရှိမဖြစ်လိုအပ်တယ် ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ အခုလိုပြည်သူအပေါ် ညှဉ်းပန်းနှိပ်စက်နေတဲ့ စစ်တပ် မျိုးတော့ မလိုအပ်ပါဘူး။ အဲဒီလို နှစ်ပေါင်းများစွာ ဦးနှောက်ကျင်းခံထားရတဲ့ အကြမ်းဖက်စစ်တပ်ကြောင့် ပြည်သူတွေ နေ့စဉ်ဘဝမှာ ကျီးလန့်စာစားပြီး ဖြတ်သန်းနေထိုင်နေရပါတယ်။ တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက် ပါမယ်လို့ သစ္စာခံထားတဲ့ စစ်တပ်ကိုယ်တိုင်က နေ့စဉ်အကြမ်းဖက်ကာ မီးရှို့၊ သတ်ဖြတ်၊ ဒုက္ခပေးနေတော့ မြန်မာပြည်သူတွေရဲ့ ဘဝက အရမ်းသနားဖို့ ကောင်းပါတယ်။
စစ်တပ်ကိုယ်တိုင်လည်း အခုလို စဉ်းစားဆင်ခြင်မဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ မေတ္တာကို မရရှိနိုင်တော့ဘဲ ပြည်သူ့ချဥ်ဖတ် အဖွဲ့အစည်းအဖြစ် သမိုင်းမှာ အမည်းစက် ထင်သွားပါတယ်။ ဒီမိုကရေစီအစိုးရလက်ထက် အရှိန် အဟုန်နဲ့ တိုးတက်ဖို့ အလားအလာရှိနေတဲ့ ကျွန်တော်တို့ တိုင်းပြည်အတွက် လည်း အခုလို အကြမ်းဖက်စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အလွန် နစ်နာရပါတယ်။ အခုဆိုရင် စစ်ကောင်စီဟာ တပ်တွင်းထဲက စစ်သားတွေကို ပုံသွင်းထားတဲ့ အကြောက်တရားတွေကို ပြည်သူတွေဆီ ရိုက်သွင်းဖို့အတွက် ကြိုးပမ်းနေပါတယ်။ စစ်တပ်အတွင်းမှာ အုပ်ချုပ်တဲ့ နည်းလမ်းအတိုင်း တစ် သွေး၊ တစ်သံ၊ တစ်မိန့်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြိုးပမ်းနေမှုတွေကြောင့် အခုဆိုရင် မြန်မာနိုင်ငံဟာ အာဆီယံ (၁၁) နိုင်ငံမှာ အဆင်းရဲဆုံးဆိုတဲ့ အခြေ အနေနဲ့ ရင်ဆိုင်နေရပြီး အချိန်မရွေး ကျဆုံးနိုင်ငံ ဖြစ်လာနိုင်ကြောင်းကို ပညာရှင်တွေလဲ သတိပေးထားပြီးပြီဖြစ်ပါတယ်။ အခုလို တိုင်းပြည်နဲ့ ပြည်သူ လူထုအတွက် ကောင်းကျိုးမပေးတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဦးနှောက်ကျင်းခံ ထားရတဲ့ စစ်သားတွေသာ ဆက်လက်အုပ်ချုပ်နေမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ဟာ ၂၀၁၀ ခုနှစ် အစောပိုင်းကာလများလိုပဲ အဘက်ဘက်မှ စီးပွား ရေး ပိတ်ဆို့ခံရခြင်း၊ သတင်းမီဒီယာအခွင့်အရေး ပိတ်ဆို့ခံရခြင်း၊ လူ့အခွင့် အရေး ဆုံးရှုံးခြင်းတွေ သေချာပေါက် ကြုံတွေ့နိုင်ပြီးတော့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ အဖြစ် အချိန်မရွေး ကျရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်နဲ့ သူ့ထောက်တိုင်တွေ ကျရှုံးသွားအောင် အဘက်ဘက်ကနေ တတ်နိုင်သလောက်အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း သုံးသပ်ရင်း နိဂုံးချုပ်အပ်ပါတယ်။