လက်နက်တစ်ခုသဖွယ် ထိရောက်နေတဲ့မြန်မာစစ်တပ်ရဲ့ ဝါဒမှိုင်းများ

ထက်မြတ် | ဗိုလ်ကြီး၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် | Click here to read this article in English.

Cite as: 
ထက်မြတ်၊ (၂၀၂၅)၊ လက်နက်တစ်ခုသဖွယ် ထိရောက်နေတဲ့မြန်မာစစ်တပ်ရဲ့ ဝါဒမှိုင်းများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်https://ijbs.online/?page_id=5359


အကျဉ်းချုပ်

ယခုဆောင်းပါးတွင် စစ်တပ်ပြင်ပရှိ အရပ်သားတွေနဲ့ စစ်သားတွေအ‌ပေါ် ပစ်မှတ်ထားလုပ်ဆောင်နေတဲ့ စစ်အာဏာရှင်နှင့် စစ်တပ်အကြီးအကဲတွေရဲ့ ဝါဒမှိုင်းတွေထဲက (၈) မျိုးကို ဖော်ပြထားပါတယ်။ အဲဒီဝါဒမှိုင်းတွေက စိတ် ခံစားမှုပိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနဲ့ အမျိုးသားရေးဆိုင်ရာ စတဲ့အရာတွေကို ဦးတည်ထားတာဖြစ်ပါတယ်။ အဲဒီဝါဒမှိုင်းတွေကို အမှန်တကယ် ခွဲခြားသိမြင် နိုင်မှသာ ပြည်သူတွေအနေနဲ့ ဒီဝါဒမှိုင်းတွေရဲ့ အောက်ကနေ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ လုပ်ကြံဝါဒဖြန့်မှုတွေကို လူထုထောက်ခံအားနဲ့ လုပ် ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တွေအတိုင်း စနစ်တကျစီစဉ်ဆောင်ရွက်မယ်ဆိုရင် နွေဦးတော်လှန်ရေးကြီး မုချအောင်ပွဲခံပါလိမ့်မယ်။

နိဒါန်း – အာဏာရှင်ရဲ့ ဝါဒမှိုင်း

ဝါဒမှိုင်းဆိုတာ အမှန်တရားကို ဖုံးကွယ်ပြီး လိမ်ညာလှည့်စားခြင်းတစ်မျိုးလို့ ယူဆနိုင်ပါတယ်။ ဝါဒမှိုင်းတိုက်ခံထားရတဲ့ လူတစ်ယောက်ဟာ သိပ်ကြောက် စရာကောင်းပါတယ်။ ကိုယ်ပိုင်စဉ်းစားဉာဏ်တွေ၊ အမှားအမှန်ခွဲခြားနိုင်စွမ်း တွေ ပျောက်ဆုံးပြီး ရိုက်သွင်းခံထားရတဲ့ ဝါဒမှိုင်းတွေနောက်ကိုပဲ အမှန်ထင်ပြီး လိုက်ပါ လုပ်ဆောင်ပါတော့တယ်။ ဒီလိုလူတစ်ယောက်ဟာ စိတ်မနှံ့သူ တစ်ယောက်ထက် ပိုပြီး ကြောက်စရာကောင်းပါတယ်။ ဝါဒမှိုင်းတိုက်ခံထားရ တဲ့ လက်နက်ကိုင် စစ်သားတစ်ယောက်ဆိုရင် ဘယ်လောက်တောင် ဆိုးရွား နေလိမ့်မလဲ ဆိုတာကို မှန်းကြည့်လို့တောင် မရပါဘူး။ မြန်မာနိုင်ငံကိုကြည့်ရင် လက်ရှိ မြန်မာစစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ ပြည်သူ့အာဏာ ကို မတရားရယူသိမ်းပိုက်ကာ အာဏာရှင်ရဲ့ အသုံးချခံ အကြမ်းဖက်စစ်တပ် အသွင်သို့ ပြောင်းလဲသွားတယ်လို့ ပြောဆိုသတ်မှတ်လျက် ရှိကြပါတယ်။

တကယ်တမ်း အာဏာရှင်ဟာ စစ်တပ်ကို ဝါဒမှိုင်းအမျိုးမျိုးအသုံးပြုကာ အသုံးချလျက်ရှိသည်မှာ ဟိုယခင်ကတည်းကပင် ဖြစ်ပါတယ်။ အာဏာရှင်ဟာ စစ်တပ်အတွင်းမှာရှိတဲ့ ​စစ်သားများကို ဝါဒမှိုင်းတိုက်ရုံသာမက ပြည်သူလူထု ကိုပါ ဝါဒမှိုင်းတိုက်ပြီး နှစ်ကာလပေါင်းများစွာ မိမိအကျိုးစီးပွား ဖြစ်ထွန်းစေ ရေးကိုသာ ရှေးရှုခဲ့ကြပါတယ်။ ဝါဒမှိုင်းဆိုတာ အာဏာရှင်အနေနဲ့ အများသိ စေဖို့ ချမှတ်ထားတဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေကတခြား၊ သူတို့ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကတခြား ဖြစ်နေခြင်းကို ဆိုလိုပါတယ်။ အာဏာရှင်အသုံးပြုတဲ့ ဝါဒမှိုင်းများစွာ ရှိပါတယ်။ အာဏာရှင် အသုံးပြုတဲ့ ဝါဒမှိုင်းများစွာထဲမှ စစ်သားများအပေါ် အသုံးပြုခဲ့တဲ့ ဝါဒမှိုင်းများအကြောင်းကို ခေါင်းစဉ်အလိုက်ခွဲပြီး ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အဲဒီခေါင်းစဉ်တွေ ဟာ တစ်ခုနဲ့ တစ်ခုဆက်စပ်နေပြီး အဓိကအားဖြင့် (၃) မျိုးရှိပါတယ်။ ပထမ တစ်ခုကတော့ စစ်တပ်ကို ကျေးဇူးရှင်လို့ အယုံသွင်းတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဝါဒမှိုင်းဖြစ်ပါတယ်။ ဒုတိယကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကဲ့သို့ နိုင်ငံရေးသမားအပေါ် အယုံအကြည်မရှိစေရေးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး ဆိုင်ရာ ဝါဒမှိုင်းဖြစ်ပါတယ်။ တတိယကတော့ ဗမာမဟုတ်တဲ့ တိုင်းရင်းသား တွေနဲ့ နိုင်ငံခြားသားတွေအ‌ပေါ် အမုန်းတရားတိုးပွားစေဖို့ လှုံ့ဆော်တဲ့ အမျိုးသားရေးဆိုင်ရာ ဝါဒမှိုင်းဖြစ်ပါတယ်။ ဒီအရာတွေကတော့ စစ်တပ်က အဓိက လုပ်ကြံဖန်တီးနေတဲ့ ဝါဒမှိုင်းတွေပဲ ဖြစ်ပါတယ်။

“လစာနဲ့ ရိက္ခာဆိုတာ စစ်တပ်က ပေးတာ” ဆိုတဲ့ ဝါဒမှိုင်း

မည်သည့်နိုင်ငံတွင်မဆို စစ်သားတွေအတွက် လစာ၊ ရိက္ခာနှင့် အခြား အထောက်အပံ့တွေသည် ပြည်သူ့အခွန်ဘဏ္ဍာကနေ အသုံးပြုကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမဲ့ စစ်တပ်ထဲမှာ စစ်ခေါင်းဆောင်များစွာဟာ စစ်သားတွေကို လစာနဲ့ ရိက္ခာအပြင် အခြား အထောက်အပံ့ဟူသမျှသည် စစ်တပ်က ပေးခြင်းသာဖြစ်သည်ဟု ဝါဒမှိုင်းသွင်း ခဲ့ကြပါတယ်။ စစ်တပ်ကသာ ကျွေးမွေးထားသည်ဟု အထင်ရောက်နေသည့် စစ်သားများစွာရှိသလို ထိုကဲ့သို့ ခံယူထားသည့် စစ်ခေါင်းဆောင်များစွာလည်း ယနေ့ထိ ရှိနေပါသေးတယ်။ ဒီလိုထင်မှတ်အောင်လည်း စစ်အာဏာရှင်များ အနေဖြင့် နည်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြပါတယ်။

တပ်ထဲမှာ စစ်သည်ရဲမေမိသားစုဝင်များရဲ့ သက်သာချောင်ချိရေးအတွက် ချမှတ်ထားသော မူဝါဒများစွာရှိပါတယ်။ စစ်သားတွေအတွက် ရိက္ခာလစာ အပြင် စစ်ဝတ်နဲ့ အသုံးအဆောင်ပစ္စည်းများကအစ ထောက်ပံ့ပေးရမည့် မူဝါဒ များရှိပါတယ်။ ခြေအိတ်ကအစ ဦးထုပ်အထိ သတ်မှတ်ကာလ ကုန်ဆုံးတာနဲ့ အသစ်ထပ်မံထုတ်ပေးရပါတယ်။ ဒီလိုထုတ်ပေးတဲ့အခါ အပြည့်အဝမရကြတဲ့ စစ်သားများစွာရှိပါတယ်။ အဆင့်ဆင့်ခေါင်းပုံဖြတ်ခြင်း၊ အမြတ်ထုတ်ခြင်းများ ကြောင့် အောက်ခြေအဆင့်ရောက်တဲ့အခါ ဘာမျှမကျန်သည်များ ရှိပါတယ်။ တချို့တွေမှာ ပညာအရည်အချင်းနဲ့ အသိဉာဏ်နည်းပါးတဲ့အတွက် ကိုယ့်ရပိုင် ခွင့်တောင် ကိုယ်မသိကြသူများရှိသလို တချို့လည်း သိသိကြီးနဲ့ ငြိမ်ခံနေရတာ မျိုးလည်း ရှိကြပါတယ်။ စစ်သားအများစုဟာ ဒီလိုထောက်ပံ့ပေးတဲ့ အရာများ စွာကို တန်ဖိုးထားလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရတဲ့ ရပိုင်ခွင့် ဆိုတာ အသေးအမွှားပေမယ့် သတ်မှတ်ထားတဲ့ ရိက္ခာလစာနည်းတဲ့အတွက် ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင် ပုံသွင်းထားတဲ့အခါ စစ်တပ်ကို သူတို့ရဲ့ ကျေးဇူး ရှင်သဖွယ် ယုံမှားလာခဲ့ပါတယ်။ စစ်တပ်မှ မရှိရင် ရပ်တည်ဖို့ ခက်ခဲမယ်လို့ ယုံမှတ်သွားခဲ့ကြတယ်။ အဲဒီအချိန်မှာ စစ်အာဏာရှင်တွေ အသုံးပြုတဲ့ လက်စွဲ စကားတစ်ရပ် ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ “မင်းတို့ကို စစ်တပ်က ကျွေးမွေးထားတာ။ စစ်တပ်ကို ကျေးဇူးမကန်းနဲ့” ဆိုပြီး ပြည်သူ့ဘဏ္ဍာငွေနဲ့ စစ်သားမိသားစုတွေအပေါ် မျက်နှာလုပ်ကာ လုပ်ကြံဝါဒဖြန့်ကြပါတယ်။ ဒီဝါဒ ဖြန့်မှုရဲ့ ကြောက်စရာကောင်းတဲ့ အကျိုးဆက်အနေနဲ့ စစ်သားမိသားစုတွေဟာ ကျေးဇူးရှင် မှားလာခဲ့ကြပါတယ်။ တကယ့်ကျေးဇူးရှင်အစစ်ဖြစ်တဲ့ ပြည်သူကို ရန်သူသဖွယ်သတ်မှတ်ကာ နှိပ်စက်သတ်ဖြတ်တဲ့အထိ ဖြစ်လာပြီး ပြည်သူ့ ဘဏ္ဍာငွေနဲ့ မျက်နှာလုပ်နေတဲ့ အာဏာရှင်ကိုတော့ ကျေးဇူးရှင်၊ ကယ်တင်ရှင် များသဖွယ် ကိုးကွယ်ပြီး လက်အုပ်ချီနေကြပါတော့တယ်။

“NLD ပါတီအနိုင်ရတဲ့အခါ နိုင်ငံက ပျက်စီးသွားလိမ့်မယ်” ဆိုတဲ့ ဝါဒမှိုင်း

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီး မြန်မာနိုင်ငံကို NLD အစိုးရအုပ်ချုပ်ခဲ့တဲ့ (၅) နှစ်တာကာလအတွင်းမှာ စစ်အစိုးရလက်ထက်က အဂတိလိုက်စားမှုများကို အထိုက်အလျောက် အရေးယူဆောင်ရွက်မှုတွေ စတင်ခဲ့ပါတယ်။ အထိုက် အလျောက်လို့ ပြောရခြင်းမှာ အစိုးရသစ်တစ်ရပ် စတက်လျှင်တက်ခြင်း အားလုံးကို အရေးယူထောင်ချလို့ မရတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ အဲဒီ လိုသာ ‘ဝင်ဝင်ချင်း ဆောက်နဲ့ ထွင်း’ ပုံစံမျိုးဖြင့် အရေးယူဆောင်ရွက်မှုတွေ တစ်သီတစ်တန်းကြီး ပြုလုပ်လိုက်မယ်ဆိုပါက စစ်တပ်သည် ၂၀၁၆ ခုနှစ် ကတည်းက အာဏာသိမ်းခဲ့မယ်ဆိုတာ မလွဲမသွေဖြစ်ပါတယ်။ ထို့ကြောင့် ပြည်သူ့အစိုးရသစ်ဖြစ်တဲ့ NLD အစိုးရဟာ စစ်အစိုးရလက်ထက်တစ်လျှောက် အဂတိလိုက်စားမှုများနှင့် မတရားမှုများကို တဖြည်းဖြည်းချင်း ဥပဒေဘောင် အတွင်းမှ အရေးယူဆောင်ရွက်ခဲ့ပါတယ်။ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေ  မှာ ပြည်သူ့ဘဏ္ဍာငွေတွေကို အလုံးအရင်းဖြင့် လာဘ်စားခြင်းတွေအား အရစ်ကျပြန်ဆပ်ဖို့ စီစဉ်ပေးနိုင်ခဲ့သလို တပ်ပိုင်မြေဆိုပြီး မတရားသဖြင့် အသိမ်းခံခဲ့ရတဲ့ လယ်ယာမြေတွေကိုလည်း မူလပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူတွေ လက်ထဲသို့ ပြန်လွှဲပေးနိုင်ခဲ့ပါတယ်။

အစိုးရသစ်ရဲ့ ဆောင်ရွက်မှုတွေဟာ အာဏာရှင် အဟောင်း၊ အသစ်တွေ အပြင် အာဏာရှင်နှင့်ပူးပေါင်းပြီး လုပ်စားနေတဲ့ ခရိုနီတွေကိုပါ ကြောက်လန့် တုန်လှုပ်သွားစေခဲ့ပါတယ်။ သူတို့အားလုံးဟာ စီးပွားရေးလုပ်ငန်းများ၊ အခွန် ရှောင်တိမ်းမှုများ၊ အဂတိလိုက်စားမှုများ၊ လာဘ်စားမှုများအပြင် ပြည်သူပိုင် လယ်ယာမြေနှင့် အဆောက်အအုံများကို မတရားရယူခဲ့ကြတဲ့အတွက် အစိုးရ သစ်ရဲ့ ဆောင်ရွက်မှုများကို ကြောက်ရွံ့ခဲ့ကြပါတယ်။ ပြည်သူ ရွေးကောက်တင် မြှောက်တဲ့ NLD အစိုးရအနေဖြင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်လာတဲ့အခါ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှု၊ လုပ်ပိုင်ခွင့်၊ အာဏာဆုံးရှုံးမှာ ကြောက်တဲ့စိတ်နဲ့ NLD အစိုးရအပေါ် အငြိုးအတေးထားလာခဲ့ကြပြီး NLD အစိုးရ ပြုတ်ကျစေရေး နည်းလမ်းပေါင်းစုံ အသုံးပြုလာခဲ့ကြပါတယ်။ ဝါဒဖြန့်မှုပေါင်းစုံဖြင့် အထင် အမြင်လွဲမှားစေရန်၊ ထောက်ခံမှုလျော့ကျစေရန်၊ အစိုးရဆက်မဖြစ်နိုင်စေရန် လုပ်ဆောင်လာခဲ့ကြပါတယ်။

စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကလည်း သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ချမ်းသာကြွယ်ဝမှုတွေ ပျောက်ဆုံးမှာ စိုးတဲ့အတွက် မဲဆွယ်စည်းရုံးတယ်၊ ရွေးကောက်ပွဲအနိုင်ရဖို့ နည်းမျိုးစုံသုံး တယ်၊ မဲဆွယ်စည်းရုံးရေးလုပ်ရာမှာ ခုတုံးလုပ်အကြောင်းပြတယ်။ ၎င်းတို့ အနိုင်ရရှိရေးအပြင် NLD အစိုးရအပေါ် ယုံကြည်မှုလျော့ကျစေရေးအတွက် ဝါဒဖြန့်မှုများစွာ ပြုလုပ်ခဲ့ကြပါတယ်။ NLD အစိုးရအပေါ် ဝါဒဖြန့်ပြီး တပ်တွင်း စစ်သားများအား စည်းရုံးသိမ်းသွင်းမှုများစွာ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါတယ်။ မဲဆွယ်စည်းရုံးရေးဆင်းရာတွင် စစ်ခေါင်းဆောင်များအနေဖြင့် အောက်ခြေ တပ်ရင်းတပ်ဖွဲ့များအထိ သွားရောက်ခါ မဟုတ်မမှန်ဝါဒဖြန့်စည်းရုံးသလို အထက်ဌာနများမှလည်း မဟုတ်မမှန်အချက်အလက်များဖြင့် စာထုတ်ကာ ညွှန်ကြားခဲ့သည်များ ရှိပါတယ်။ NLD အစိုးရသည် တိုင်းပြည်ကိုဖျက်ဆီးမည့် အစိုးရသာဖြစ်ကြောင်း၊ ဘာသာခြားများဖြင့် ဖွဲ့စည်းကာ အနောက်နိုင်ငံများ၏ မကောင်းသော ယဉ်ကျေးမှုဆိုင်ရာများကို ပြန့်ပွားအောင် ပြုလုပ်မည့် အစိုးရ ဖြစ်ကြောင်း၊ ဦးဆောင်သူဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံခြားသူတစ်ဦးဖြစ်သည့်အတွက် မိမိတို့လူမျိုး ကြီးပွားတိုးတက်ရေးကို မလိုလားသူဖြစ်ကြောင်း၊ NLD အစိုးရအနေဖြင့် ခေတ်အဆက်ဆက် တိုင်းပြည် ချောက်ထဲကျအောင် လုပ်ဆောင်ခဲ့ကြောင်း၊ NLD ပါတီ အာဏာရတဲ့အခါ အစ္စလာမ်ဘာသာဝင်များအား မြန်မာနိုင်ငံသို့ ခေါ်ယူပြီး နိုင်ငံသားခံယူခွင့် ပေး နိုင်ကြောင်း၊ နိုင်ငံ၏ လုပ်ပိုင်ခွင့်ရ နေရာများတွင် NLD အစိုးရအနေဖြင့် ၎င်းတို့ လူများအား နေရာပေးသည့်အခါ တိုင်းပြည်သည် ပျက်စီးခြင်းသို့ မလွဲမသွေ ရောက်ရှိနိုင်ကြောင်း စသဖြင့် လုပ်ကြံဝါဒဖြန့်ကာ စည်းရုံးမဲဆွယ်ခဲ့ကြပါတယ်။

မည်သို့ပင် နည်းမျိုးစုံသုံးကာ အနိုင်ရဖို့ ကြိုးစားခဲ့ကြပေမယ့် ၂၀၁၅ ရော ၂၀၂၀ ရွေးကောက်ပွဲမှာပါ NLD အစိုးရက အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ထိုအခါ သူတို့ မလိုလားဆုံး ရှုံးနိမ့်မှုတွေကို မလွဲမသွေ ရင်ဆိုင်ရတော့မည်ကို သိသောကြောင့် ရွေးကောက်ပွဲ မဲမသမာမှုဟု စွပ်စွဲကာ အာဏာသိမ်းလိုက် ပါတော့တယ်။ သို့သော် မဲမသမာမှုဟု စွပ်စွဲသော အကြမ်းဖက်အာဏာရှင်ရဲ့ မသမာမှုများအား ကျွန်တော်နှင့်တကွ စီဒီအမ်ဝင်လာသူ အရာရှိစစ်သည်များ အသိဆုံးဖြစ်ပါတယ်။ အထဲမှာ ကျန်နေသေးတဲ့ အရာရှိစစ်သည်များလည်း သိထားကြပေမယ့် စီဒီအမ်ဝင်ရောက်လာသူများထဲမှ ကိုယ်တိုင်ခိုင်းစေခံခဲ့ရသူ များ၊ လုပ်ဆောင်ခဲ့ကြသူများ၊ ကြုံတွေ့ခဲ့ကြသူများရဲ့ ပြန်လည်ပြောပြချက်များ များစွာရှိပါတယ်။

မဲရုံများတွင် ၎င်းတို့နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူ ပညာရေးဝန်ထမ်းများအား တာဝန်ပေးစေခိုင်းခြင်း၊ ခွင့်မဲ့စစ်သည်များ၏ အမည်စာရင်းများကို မှတ်ပုံတင် အတုလုပ်ကာ လူစားထိုး မဲပေးစေခြင်း၊ စစ်သားတစ်ဦးလျှင် နှစ်ကြိမ်သုံးကြိမ် မဲပေးခြင်း၊ မိမိဆန္ဒအလျောက် လွတ်လပ်စွာ မဲပေးခွင့် ရှိသည်ဟုဆိုသော် လည်း ကြိုတင်မဲစနစ်ဖြင့်သာ တာဝန်ရှိသူမှ မဲထည့်ခြင်း၊ အပြောင်းအရွှေ့ ပါသည့် စစ်သားများကို ထွက်သွားသည့်တပ်တွင် တစ်ကြိမ်၊ ရောက်ရှိမည့် တပ် တွင် တစ်ကြိမ် မဲပေးစေခြင်းများဖြင့် ၎င်းတို့ အနိုင်ရရှိရေး ကြိုးပမ်းခဲ့ကြပါ တယ်။ စစ်သားများအား မဲထည့်ရမည့်ပုံစံ၊ တံဆိပ်တုံးနှိပ်ရမည့်ပုံစံများ ရှင်း လင်းပြောပြရာတွင် “အနီရောင်ဆို လှည့်တောင်မကြည့်နဲ့… အစိမ်းရောင်ဆို နှိပ်သာနှိပ်…” စသဖြင့် ပြောဆိုစေခိုင်းသည်အထိ ပြုလုပ်ကြပါတယ်။ NLD ပါတီအား လုံးဝမဲမပေးရန်နှင့် မဲပေးခဲ့သည်ကို သိရှိရပါက အရေးယူအပြစ်ပေး ခြင်းများ ခံရမည့်အကြောင်း ခြိမ်းခြောက်ပြောဆိုသည်များလဲ ကြုံခဲ့ရဖူးပါ တယ်။ NLD ပါတီအား မဲပေးခဲ့သော ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ တပ်သားတစ်ဦးအား NLD ပါတီအား မဲပေးမှု၊ NLD ပါတီအား မဲပေးရန် အခြား စစ်သား (၂၀) ဦးအား ဦးဆောင်မှု စသဖြင့်စွပ်စွဲကာ အချုပ်ထဲထည့် ရိုက်နှက် အပြစ်ပေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ထိုသို့ပေါ်ပေါ်ထင်ထင် ခေါင်းစဥ်တပ်ကာ နှိပ်စက်ဖိနှိပ်မှုများ ပြုလုပ်ကြသလို တခြားခေါင်းစဥ်များတပ်ကာ သွယ်ဝိုက်၍ အငြိုးတကြီး ပြစ်ဒဏ်စီရင်မှုများလည်း ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဝါဒမှိုင်း

စစ်တပ်ထဲမှာ NLD ပါတီဟာ တိုင်းပြည်ကို ဖျက်ဆီးနေတယ်လို့ ဝါဒဖြန့်တဲ့ နည်းတူ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဝါဒဖြန့် တာတွေလည်း အများကြီးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြား သားတစ်ယောက်ကို လက်ထပ်ထားတဲ့ နိုင်ငံခြားသူ အမျိုးသမီးတစ်ယောက် ဖြစ်တယ်။ ဒီနိုင်ငံက ထွက်ခွာသွားတာလည်း အတော်ကြာနေပြီဖြစ်လို့ ဒီနိုင်ငံ သားလည်း မဟုတ်တော့ဘူး။ ဒါကြောင့် ဒီနိုင်ငံဟာ သူမနဲ့ လုံးဝ မသက်ဆိုင် ဘူးလို့ ဝါဒဖြန့်ပါတယ်။ နိုင်ငံခြားအမျိုးသမီးတစ်ယောက်အနေနဲ့ ဒီနိုင်ငံရဲ့ ရွေးကောင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရှိသလို နိုင်ငံရဲ့ အကြီးအကဲတစ်ဦး အဖြစ် ဘာတာဝန်မှယူလို့ မရဘူးဆိုပြီး သတ်မှတ်ထားတယ်။ ဒီလိုဖြစ်အောင် လည်း နည်းလမ်းအမျိုးမျိုးနဲ့ ပိတ်ပင်တားဆီးကြတယ်။ ဥပမာအားဖြင့် နှစ်ရှည် လများ နေအိမ်အကျယ်ချုပ် ချထားခြင်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး စစ်တပ်ထဲက ဝါဒဖြန့်မှု နောက် တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်ကြောင့်သာ ယခုကဲ့သို့ လူအများလေးစားပြီး ထောက်ခံအားပေးကြခြင်း ဖြစ်ကြောင်း၊ စကားပြောကောင်းရုံသာရှိသည့် သာမန်အမျိုးသမီးတစ်ယောက် အပြင် ဘာမှထူးခြားမှုမရှိကြောင်း၊ ဒီလိုအမျိုးသမီးတစ်ယောက်အနေနဲ့ နိုင်ငံ ကို ဦးဆောင်နိုင်မည် မဟုတ်ဟု ဝါဒဖြန့်ခြင်းဖြစ်ပါတယ်။ သာမန်အမျိုးသမီး တစ်ဦးလိုသာ သတ်မှတ်ထားသည့်အပြင် စစ်ခေါင်းဆောင်များကြားတွင် ဒေါ်အောင်ဆန်းစုကြည်အား ‘‘အဘွားကြီး’’ ဟုပင် ခေါ်ဝေါ်သမုတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင် ဗျူဟာမှူးအဆင့်ရှိတဲ့ စစ်တပ်အကြီးအကဲတစ်ယောက် က ‘‘ဒီဘွားတော်’’၊ ‘‘ဒီအဘွားကြီး’’လို့ အစချီကာ ချိုးချိုးဖဲ့ဖဲ့ပြောတာကို ကိုယ်တွေ့ကြုံခဲ့ကြားခဲ့ရဖူးပါတယ်။

အာဏာသိမ်းပြီးစကာလမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက် ပြီး မဟုတ်မမှန် ဝါဒဖြန့်မှုတစ်ခု စစ်တပ်အသိုင်းဝိုင်းကြားမှာ ဖြန့်ခဲ့ဖူးပါတယ်။ အဲဒါကတော့ ၂၀၁၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဟာ အင်္ဂလန် မှာ ဆေးမှုနဲ့ သေဒဏ်ကျတော့ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဥ်သွားရင်း ၎င်းကို ဒေါ်အောင်ဆန်းစုကြည်အတုနဲ့ တွေ့ပေးပြီး မြန်မာ့နိုင်ငံရေးထဲ ဝင်မရှုပ် ဘဲ သူ့သားအငယ်နဲ့ အတူနေလျှင် သေဒဏ်မှ ကင်းလွတ်ခွင့်ပေးမည်လို့ ပြောကာ ဒေါ်စုနေရာမှာ အသံရော ရုပ်ရော အမူအရာပါတူပြီး အထူးလေ့ကျင့် သင်ကြားထားတဲ့ မိုးမိတ်မြို့ဈေးလမ်းနေ ဒေါ်အစီယာနှင့် လဲလှယ်အစားထိုးဖို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (CIA) က စီစဥ်ထားတယ်လို့ ဝါဒဖြန့်ခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ ဒါကို ဖုံးကွယ်လိမ်လည်ထားကြောင်း ဖော်ပြ၍ ဘီးတပ်ကုလားထိုင်ဖြင့် ပြန်လာ ကြောင်း၊ ပြန်လာသူမှာ အတုဖြစ်ကြောင်း၊ လေဆိပ်မှာတောင် ပေါ်တင် မဟုတ်ဘဲ မီးအမှောင်ချပြီး ပြန်လာကြောင်း ဖော်ပြကာ ကွယ်လွန်သည့်ပုံစံ ဓာတ်ပုံအတု၊ အချက်အလက်အတုများဖြင့် ဝါဒဖြန့်လိမ်လည်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတုဖြစ်တဲ့ ဒေါ်အစီယာဟာ ဂျပန်နိုင်ငံသား ခံယူထား တဲ့ အစ္စလာမ်ဘာဝင်တစ်ဦးလည်း ဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဒီဝါဒမှိုင်း တွေနဲ့ ပတ်သက်ပြီး စစ်တပ်ထဲမှာ ယုံကြည်သူ အမြောက်အမြားရှိပါတယ်။

ဒီအချက်အလက်တွေနဲ့ ဝါဒဖြန့်မှုကို စိစစ်ကြည့်တဲ့အခါမှာ လုံးဝမှားယွင်း နေတာတွေ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဟာ မူးယစ် ဆေးဝါးမှုနဲ့ အဖမ်းခံရတယ်ဆိုတာလည်း မမှန်မကန်တဲ့ အချက်အလက်တစ်ခု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ဟာ ဗြိတိန်နိုင်ငံ သား တစ်ဦးဖြစ်ပြီး ဗြိတိန်မှာပဲ နေထိုင်ပြီး CIA ဆိုတာဟာ အမေရိကန်နိုင်ငံက ထောက်လှမ်းရေးအဖွဲ့ဖြစ်ပါတယ်။ အကြောင်းအရာတွေ ဆက်စပ်ကြည့်တဲ့ အခါ ဒီလိုသဘောတူညီချက်တွေနဲ့ အပေးအယူလုပ်တယ်ဆိုတာဟာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ လေယာဥ်လက်မှတ်တွေဟာလည်း ဓာတ်ပုံပြင်ဆင်နည်း တွေနဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ၎င်းတို့ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစု ကြည် အမည်နဲ့ လေယာဉ်လက်မှတ်မှာလည်း ရန်ကုန်မှ အင်္ဂလန်ဟု ဖော်ပြ ထားရာ ထိုကဲ့သို့ တိုက်ရိုက်ပျံသန်းတဲ့ လေယာဉ်မရှိတာကိုလည်း တွေ့ရပါ တယ်။

ဒီကိစ္စနဲ့ ဆက်စပ်ပြီး နောက်ထပ်ဖော်ပြထားတဲ့ အချက်တစ်ချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ သမ္မတ ဦးထင်ကျော် နှုတ်ထွက်မှုဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတုအစစ် သဘောတူညီမှု အရ အတုပြန်လာတဲ့နောက်မှာ ပထမဆုံး ရိပ်မိသူဟာ သမ္မတဟောင်း ဦးထင်ကျော်လို့ ဆိုထားပါတယ်။ ဦးထင်ကျော်သည် ဒေါ်စုနှင့် အနီးကပ် အများဆုံးနေခဲ့ရသူ ဖြစ်တဲ့အလျောက် ဒေါ်စုအတုရဲ့ မူမမှန်တဲ့ပုံစံကို ရိပ်မိခဲ့ပြီး သမိုင်းရဲ့ တရားခံဖြစ်မှာစိုးတဲ့အတွက် သမ္မတရာထူးကနေ နှုတ်ထွက်သွားတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ သမ္မတ ဦးထင်ကျော်ရဲ့ နှုတ်ထွက်မှုနဲ့ ပတ်သက်ပြီး သူ့ဇနီး ဒေါ်စုစုလွင်မှ ကျန်းမာရေးအရ တာဝန်ထမ်းဆောင်ရန် ခက်ခဲလာ၍ နှုတ်ထွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းဖြေကြားထားတာ တွေ့ရပါ တယ်။ ဒီလိုအချက်အလက်တွေကို စိစစ်ကြည့်ခြင်းအားဖြင့် စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အထင်အမြင် လွဲမှားစေရန်၊ ၎င်းတို့အပေါ် ထောက်ခံမှု ပိုမိုများပြားလာစေရန်၊ ပြည်သူလူထုနဲ့ စစ်တပ်ထဲက စစ်သားများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီအပေါ် ယုံကြည်မှု လျော့နည်းစေရန် ရည်ရွယ်ပြီးလုပ်ဆောင်ခဲ့ဖြစ်ပါတယ်။

အမှန်တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ ဟာ အာဏာရရှိရေးဆိုတာထက် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသူများဖြစ်ကြောင်းကို အာဏာရှင်တွေရဲ့ ဝါဒမှိုင်းများကြောင့် စစ်သားများ အမှန်အတိုင်း မသိရှိနိုင်ကြခြင်းဟာ ဝမ်းနည်းစရာတစ်ခု ဖြစ်ပါ တယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပေါ် ဝါဒမှိုင်း

စစ်တပ်ရဲ့ ဝါဒမှိုင်းများစွာထဲက လူမျိုးရေးနဲ့ ပတ်သက်တဲ့ ဝါဒမှိုင်းဟာလည်း နာမည်ကြီးတစ်ခုဖြစ်ပါတယ်။ စီဒီအမ်မလုပ်ခင် စစ်တပ်ထဲမှာ နေစဉ်တည်းက လူမျိုးရေးမုန်းတီးစိတ်များဖြစ်အောင် ဝါဒမှိုင်းတိုက်ခံရခြင်းများလည်း ကြုံခဲ့ရ ပါတယ်။ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တွေကို ရန်သူသဖွယ် အထင်အမြင်မှားအောင် များစွာလုပ်ဆောင်ခဲ့ကြပါ တယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအား အကြမ်းဖက်သောင်းကျန်းသူ များလို့ သတ်မှတ်ထားပါတယ်။ စစ်သင်တန်းကျောင်းတွေမှာကအစ အထင် အမြင် လွဲမှားစေသော သင်ရိုးညွှန်းတန်းများအဖြစ် ထည့်သွင်းသင်ကြားကြပါ တယ်။ KNU ၊ KIA ဆိုတာ ကျွန်တော်တို့ သင်ခဲ့ရသမျှ သင်ခန်းစာတိုင်းမှာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်မယ့် အကြမ်းဖက်သောင်းကျန်းသူ များအနေနဲ့ ပင်တိုင်ပါဝင်လေ့ရှိပါတယ်။

ဒီလိုဝါဒမှိုင်းတွေကြောင့် ကျွန်တော်တို့ ကိုယ်တိုင်ပင် အထင်အမြင် ခံယူချက်နှင့် ယုံကြည်မှု လွဲမှားခဲ့သည်များ ရှိခဲ့ဖူးပါတယ်။ ရှေ့တန်းစစ်ဆင်ရေး လို နေရာများတွင် ဒေသခံကျေးရွာရှိ ပြည်သူများအား အကြမ်းဖက်သောင်း ကျန်းသူ အမာခံများအဖြစ်လည်းကောင်း၊ ဒေသခံများကိုယ်တိုင်က အကြမ်း ဖက်သောင်းကျန်သူများ ဟူ၍လည်းကောင်း ပြောဆိုခံခဲ့ရသည်များအား အမှန် ဟူ၍ ထင်ခဲ့ဖူးပါတယ်။ ဒီလိုလက်ခံယုံကြည်ထားတဲ့ စစ်သားအများအပြား ရှိပါတယ်။ ထို့အပြင် စစ်သားများအနေဖြင့် ရှေ့တန်းစစ်မျက်နှာတွင် ပင်ပန်း ဆင်းရဲခံနေကြရခြင်းမှာ ၎င်းအကြမ်းဖက်လက်နက်ကိုင်အဖွဲ့များရဲ့ အဖျက် အမှောင့်လုပ်ငန်းများကြောင့်ဖြစ်တယ်လို့ လုပ်ကြံဝါဒဖြန့်ကြပါတယ်။ ဒီလို အဆင့်ဆင့်ဝါဒဖြန့်မှုများကြောင့် စစ်အာဏာရှင်အနေဖြင့် အောက်ခြေစစ်သား များရဲ့ ဆင်းရဲပင်ပန်းမှုများကို ဖြည့်ဆည်းပေးနိုင်လျက်နဲ့ မဖြည့်ဆည်းပေးခြင်း ဖြစ်ကြောင်း အမှန်တရားကို မစဉ်းစားမတွေးတောနိုင်တော့ပဲ တိုင်းရင်းသား လူမျိုးများအပေါ်ကိုသာ လွန်စွာမုန်းတီးနာကြည်းနေကြပါတော့တယ်။ အဲဒီ ဝါဒဖြန့်မှုရဲ့ အကျိုးဆက်အနေနဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှ အကြမ်းဖက် စစ်သားများသည် တိုင်းရင်းသားဒေသခံ ကျေးရွာများတွင် နာကြည်းမုန်းတီး စိတ်ဖြင့် ထင်တိုင်းကြဲကြပါတော့တယ်။

စစ်သားများသည် ဒေသခံများ၏ နေအိမ်များသို့ သွားရောက်ကာ အကြမ်းဖက်လက်နက်ကိုင်များဟု အထင်မှား၍ အနိုင်ကျင့်ခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများအား သားမယားပြုကျင့်ခြင်း စသဖြင့် နည်းလမ်းပေါင်းစုံဖြင့် နှိပ်စက်ညှဉ်းပန်းကြ ပါတော့တယ်။ မွေးမြူထားသည့် တိရစ္ဆာန်များကိုလည်း လိုအပ်သလောက် ဖမ်းယူသတ်ဖြတ်စားသောက်သည် မဟုတ်ဘဲ တွေ့သမျှကို ပစ်ခတ်သတ်ဖြတ် ခြင်းများ လုပ်ဆောင်လေ့ရှိပါတယ်။ စုဆောင်းထားရှိသော ကောက်ပဲသီးနှံများ၊ ဆန်စပါးများကိုလည်း စားလို့မရအောင် ဖျက်ဆီးမီးရှို့သွားခြင်းများ ပြုလုပ်ကြ ပါတယ်။ တပ်မ (၁၁) နှင့် တပ်မ (၇၇) ဆိုလျှင် ကလေးငယ်များအား မောင်းထဲ ထည့်ထောင်းသတ်ပစ်သည်ဟုပင် ပြောစမှတ်ရှိကြပါတယ်။ စစ်သားများသည် အဓမ္မသားမယားပြုကျင့်ခြင်း မရှိကြောင်း မည်မျှပင် ငြင်းဆိုနေကာမူ ဖုံးဖိ မရခဲ့သော ကချင်ပြည်နယ်မ ဆရာမနှစ်ဦး၏ အဖြစ်ပျက်သည် အပြောနှင့် လက်တွေ့မှာ တခြားစီဆိုတာကို မီးမောင်းထိုးပြလျက် ရှိပါတယ်။1

တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ လုပ်ကြံဝါဒဖြန့်မှုတွေဟာ အလွန်ထိရောက်ခဲ့ပါတယ်။ စစ်တပ်ကနေ စီဒီအမ် ပြုလုပ်ချင်ပေမယ့် စစ်သား တွေအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဆီတော့ မသွားလိုကြောင်း ကို အမြဲလိုပြောတတ်ကြပါတယ်။ အကြောင်းအရင်းကို မေးကြည့်မိတဲ့အခါ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ စစ်သားတွေ စီဒီအမ်လုပ်ပြီး သူတို့ ဆီ သွားရောက်ခိုလှုံတဲ့အခါ သတ်ဖြတ်ပစ်မှာစိုးတယ်လို့ ဖြေကြပါတယ်။ ဒီဝါဒ ဖြန့်မှုဟာ နှစ်ပေါင်းများစွာထဲက စစ်သားတွေအပေါ် ကြီးစိုးခဲ့သလို အာဏာ သိမ်းမှု နောက်ပိုင်းအထိ အလုပ်ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စီဒီအမ်လုပ်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရှိရာကို မထွက်ခွာလာခင် အထိ အဲဒီလို စိုးရိမ်မှုမျိုး အမှန်တကယ်ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရာရှိငယ်ဘဝ မှာကတည်းက ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အပြန်အလှန် ရင်းနှီးအောင်နေထိုင်ခဲ့ဖူးတဲ့အတွက် တစ်ထစ်ချ ယုံကြည်စိတ်နဲ့အတူ ထွက်ခွာခဲ့ပါတယ်။ အမှန်တကယ်ပင် စွန့်စားရကျိုး၊ ယုံကြည်ရကျိုး နပ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော့် ရွေးချယ်မှု၊ ကျွန်တော့် ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ တိုင်းရင်းသားလွတ်မြောက် နယ်မြေထဲ ရောက်ရှိတဲ့အခါမှာ သိလာခဲ့ပါတယ်။ သူတို့ ကားနဲ့ ကိုယ်တိုင် ကိုယ်ကျ စောင့်ရှောက်မှုအပြည့်နဲ့ လာရောက်ခေါ်ဆောင်ပေးသလို ပါးစပ်က နေလည်း “စိတ်မပူနဲ့တော့ အန္တရာယ်ကင်းပြီ။ ဒီနေရာထိရောက်ပြီဆိုရင် ဘာမှ မဖြစ်တော့ဘူး” လို့ တဖွဖွပြောကြပါတယ်။ ကောင်းကောင်းမွန်မွန်နေထိုင်နိုင် ဖို့၊ စားသောက်နိုင်ဖို့ ရှိတာနဲ့ အကောင်းဆုံး ပြင်ဆင်ပေးကြတယ်။ နေစရာ မရှိတဲ့ အခြေအနေမျိုးမှာတောင် သူတို့အိမ်ပေါ် ခေါ်တင်ပြီး အထူးဧည့်သည် တစ်ယောက်လို ဆက်ဆံပေးခဲ့ကြပါတယ်။

ကျွန်တော်တို့အပေါ် အခုလို ဆက်ဆံပေးတာ မြင်ရကြုံရချိန်မှာ ကျွန်တော်တို့ရဲ့ ဝါဒမှိုင်းအသွင်းခံခဲ့ရတဲ့အမြင်တွေကြောင့် ယခင်က အထင် အမြင်လွဲမှားစွာ ရန်သူလို့ သတ်မှတ်ခဲ့မိတာကို များစွာနောင်တရမိပါတယ်။ စိတ်ထဲမှာလဲ ငါတို့တစ်သက်လုံး အလုပ်အကျွေးပြုခဲ့တဲ့ စစ်တပ်ကြီးဟာ ငါတို့ မိသားစုလိုက်ကို ဒုက္ခလိုက်ပေးချိန်မှာ ငါတို့တစ်သက်လုံး ရန်သူလို့ သတ်မှတ် ထားခဲ့ဖူးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ အကောင်းဆုံးကာကွယ် ပေးခဲ့ကြပါလားလို့ တွေးမိလာတယ်။

ဒါအပြင် အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ထမ်းအသီးသီး စီဒီအမ် ပြုလုပ်မှု အားကောင်းလာချိန်မှာ တပ်နဲ့ ရဲ စီဒီအမ်တွေလည်း ပါဝင်မှု များပြားလာပါ တယ်။ ဒီလိုစစ်တပ်အင်အားပြုန်တီးမှုတစ်ခုဖြစ်တဲ့ စီဒီအမ် လုပ်ဆောင်နေကြ ခြင်းကို တားဆီးနိုင်ရန် နောက်ထပ်ဝါဒဖြန့်မှုတစ်ခုလည်း ထွက်ပေါ်ခဲ့ပါသေး တယ်။ အဲဒါကတော့ တပ်တိုင်းမှာ စီဒီအမ်လုပ်သွားတဲ့ စစ်သားတွေကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ သတ်ပစ်ကြတယ်။ စီဒီအမ်ဝင်တဲ့ အပြင် စစ်တပ်ကို ပြန်တိုက်ခိုက်ရင်း ကျဆုံးသွားတဲ့ စစ်သားတစ်ယောက် အကြောင်းကိုလည်း စီဒီအမ်ဝင်လာတဲ့ စစ်သားတစ်တွေကို တိုင်းရင်းသားတွေ က မယုံကြည်တဲ့အတွက် အချင်းချင်းပြန်တိုက်ပြမှ ယုံနိုင်မယ်ဆိုပြီး ရှေ့တန်း ကို ပို့ရာမှာ သေဆုံးသွားကြောင်း ဗွီဒီယိုနဲ့ ဓာတ်ပုံမှတ်တမ်းအတုများဖြင့် လုပ်ကြံဝါဒဖြန့်ပါတယ်။ စီဒီအမ်လုပ်တယ်ဆိုတဲ့ စစ်သားတွေ ဒီလိုအဖြစ်ဆိုး မျိုးကိုပဲ ကြုံရလိမ့်မယ်လို့ ပြောဆိုကြပါတယ်။

အမျိုးဘာသာသာသနာကို စစ်တပ်ကသာ ကာကွယ်စောင့်ရှောက်နေ တယ်”ဆိုတဲ့ ဝါဒမှိုင်း

မြန်မာနိုင်ငံတွင် လူအများစုသည် ဘာသာရေးနဲ့ ပတ်သက်လျှင် အနည်းငယ် မျှပင် အတိမ်းအစောင်း မခံနိုင်ကြပေ။ ထိုအချက်ကို သိထားသော အကြမ်းဖက် စစ်အာဏာရှင်များအနေဖြင့် ဘာသာရေးကို အစွမ်းထက်သော လက်နက် တစ်ခုသဖွယ် အသုံးချလာကြပါတယ်။ ဗုဒ္ဓဘာသာကို အထူးပင် ဦးထိပ်ထားသူ များဖြစ်သည့်အလျောက် သံဃာတော်များအပေါ် အလွန်ကို ရိုသေကိုင်းရှိုင်းကြ ပြီး သံဃာများရဲ့ မိန့်ကြားချက်များကို အထူးအလေးထား လိုက်နာတတ်ကြသူ များ ဖြစ်ကြပါတယ်။ စစ်သားနဲ့ ရဲကို မကြောက်ပေမယ့် ဘုန်းကြီးတစ်ပါးက စကားတစ်ခွန်းမိန့်လိုက်လျှင် ပြားနေအောင်ဝပ်ပြီး နာခံသူ အများအပြားရှိကြ ပါတယ်။ ဒါကိုသိထားသော စစ်အာဏာရှင်များသည် အထင်ကရ ဆရာတော် ကြီးများအား ဆည်းကပ်ကာ ၎င်းတို့ အာဏာတည်မြဲရေး၊ ဩဇာသက်ရောက် ရေးအတွက် အသုံးချမှုများကို ပြုလုပ်လာပါတယ်။ ဘုန်းကြီးများအား ဘွဲ့များ ချီးမြှင့်မြှောက်စားခြင်း၊ ကျောင်းများဆောက်လုပ်လှူဒါန်းခြင်း၊ လှူဖွယ်ပစ္စည်း များဖြင့် ဆပ်ကပ်ခြင်းတို့ ပြုလုပ်ကာ စည်းရုံးသိမ်းသွင်းပါတယ်။ ဒီလိုလုပ် ဆောင်ခြင်းရဲ့ အကျိုးဆက်အနေဖြင့် ဆရာတော်များသည် စစ်အာဏာရှင် အလိုကျ ပြောဆိုခြင်း၊ စည်းရုံးခြင်းများ ပြုလုပ်လာပါတယ်။ တရားပွဲများတွင်ပါ စစ်တပ်နှင့် စစ်ခေါင်းဆောင်များရဲ့ အကျိုးပြုပုံများ၊ ကောင်းမွန်မှုများအား တခမ်းတနားထုတ်ဖော်ပြောဆိုတာမျိုး ပြုလုပ်လာကြပါတယ်။ ဒါကြောင့် မြန်မာလူမျိုး ဗုဒ္ဓဘာသာများအနေနဲ့ မိမိတို့ ယုံကြည်ရတဲ့ ဘုန်းတော်ကြီးတွေ ရဲ့ စကားဆိုရင် မျက်စိစုံမှိတ်အယုံလွယ်ကြသည်ဖြစ်ရာ များစွာ လမ်းလွဲလာပါ တော့တယ်။

စစ်တပ်ထဲတွင်ရှိသော အရာရှိစစ်သည်များအား ဘာသာသာသနာကို အထွတ်ထိပ်ထား ကာကွယ်ပေးနေသော အဖွဲ့အစည်းမှာ စစ်တပ်သာလျှင် ဖြစ်ကြောင်း နည်းလမ်းမျိုးစုံဖြင့် ဝါဒမှိုင်းတိုက်ပြီး စည်းရုံးသိမ်းသွင်းခဲ့ကြပါ တယ်။ တပ်ထဲမှာရှိသော စစ်သားများမှာလည်း ထိုကဲ့သို့ အာဏာရှင်ရဲ့ အယုံသွင်းဝါဒမှိုင်းတိုက်မှုများအား အမှန်ထင်ခဲ့ကြပါတယ်။ သို့သော် ၎င်းတို့ရဲ့ ပြောစကားနှင့် လုပ်ရပ်မှာ လွန်စွာကွဲပြားခြားနားမှုရှိကြောင်းကို ၂၀၀၇ ခုနှစ် တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာတော်များအပေါ် ပြုမူဆက်ဆံမှုများအား ကြည့်ရုံဖြင့် မျက်ဝါးထင်ထင် သိရှိနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီအရေးအခင်းကို မမီခဲ့သော်လည်း ကျွန်တော့် မိခင်တပ် ရင်းဖြစ်တဲ့ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ရှိ အမှတ် (၇၀၃) ခြေမြန်တပ်ရင်းမှ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ထိန်းသိမ်းခဲ့ဖူး တယ်ဆိုတဲ့ စစ်သည်တွေရဲ့ ပြန်လည်ပြောပြမှုများအား ကြားသိခဲ့ရပါတယ်။ ၎င်းတပ်ရင်းအနေဖြင့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ထိန်းစဉ်ကာလတွင် ငွေကြာယံဘုန်းကြီးကျောင်းအား ဝင်ရောက်စီးနင်းရန် အမိန့်ပေးခံခဲ့ရဖူးပါ တယ်။ ထိုသို့ဝင်ရောက်စီးနင်းပြီး သံဃာတော်များအား ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြသော စစ်သားများလည်း အများအပြားပါရှိသလို ဖမ်းဆီးနှိပ်စက်မှု များ ပြုလုပ်ပြီး ဘုန်းကြီးကျောင်းအတွင်းရှိ အဖိုးတန်ပစ္စည်းဥစ္စာများနဲ့ ငွေကြေးများအား ခိုးဝှက်လုယူခဲ့သူများလည်း ပါရှိပါတယ်။ အဲဒီလို လုပ်ဆောင် ခဲ့တာကို စစ်သားများမှ အားရဝမ်းသာဖြင့် ပြန်လည်ပြောပြခြင်းကို နားထောင် ပြီး များစွာအံ့အားသင့်ခဲ့ရပါတယ်။

ထိုသို့လုပ်ချင်တာလုပ်ပြီး သံဃာတော်များအပေါ် အကြည်ညိုပျက်စေရန် ဝါဒဖြန့်မှုများ အများအပြားထွက်ပေါ်လာပါတယ်။ ၎င်းတို့ ဘုန်းကြီးကျောင်း အတွင်းသို့ ဝင်ရောက်စီးနင်းစဉ် ကျောင်းဝင်းအတွင်းမှ အမျိုးသမီးများ ကြောက်လန့်တကြားအော်ဟစ်၍ အုတ်တံတိုင်းအား ကျော်ခွထွက်ပြေးသွား သည်ကို တွေ့ရှိရကြောင်း၊ ဘုန်းကြီးကျောင်းအောက်တွင် အမျိုးသမီး အသုံး အဆောင်ပစ္စည်းများ တွေ့ရှိရကြောင်း၊ သံဃာတော်များ၏ သေတ္တာထဲတွင် သင်္ဃန်းနဲ့အတူ အရပ်ဝတ်အဝတ်အစားများ တွေ့ရှိရကြောင်း၊ သံဃာတော် များသည် အမျိုးသမီးများဖြင့် ဖောက်လွဲဖောက်ပြန်ပြုလုပ်နေကြကြောင်း၊ သံဃာတော်အတုများဖြစ်ကြောင်း စသဖြင့် အကြောင်းအရာပေါင်းစုံဖြင့် လုပ်ကြံဝါဒဖြန့်ပါတော့တယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် နိုင်ငံတော် ဆူပူအုံကြွမှု ပြုလုပ်ရန် လှုံ့ဆော်မှု၊ ဦးဆောင်မှု စသဖြင့် ပုဒ်မများတပ်ခါ အကြမ်းဖက်စစ်တပ်မှ အင်အားသုံး အကြမ်းဖက်ဖြိုခွဲမှုကြောင့် သံဃာတော် အပါး (၄၀) ပျံလွန်တော် မူခဲ့ပြီး ပြည်သူ အယောက် (၆၀) သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ထိန်းသိမ်း ဖမ်းဆီးခံရသူ တစ်ရာကျော်ခန့် ရှိခဲ့ပါတယ်။ ထိုစာရင်းသည် ဖုံးကွယ်မရသဖြင့် ထုတ်ပြန်ခဲ့ရသော စာရင်းဖြစ်ပြီး အမှန်တကယ်တွင် ထိုပမာဏထက် များပြား ပါတယ်။ ထို့ကြောင့် အာဏာရှင်သည် အာဏာတည်မြဲရေးအတွက် ဘုန်းကြီး များအား မြှောက်ပင့်ခိုင်းစေလေ့ရှိသလို အာဏာတည်မြဲရေးအတွက် သံဃာ တော်များအပေါ် မလုပ်ဝံ့သည်မှာလည်း မရှိကြောင်း တွေ့ရှိရပါတယ်။ စစ်တပ် ကသာ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်တယ်ဆို တဲ့ စကားဟာ မှားယွင်းကြောင်း အထက်ပါအပြုအမူတွေကို ကြည့်ခြင်းအား ဖြင့် သိရှိနိုင်ပါတယ်။ စစ်အာဏာရှင်တွေပြောတဲ့ အမျိုး ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ လုပ်ကြံလှည့်စားထားတဲ့ ဝါဒမှိုင်းတစ် ခုလို့သာ ဆိုရပါတော့တယ်။

“ကိုယ်လုပ်မှ ကိုယ်စားရမယ်” ဆိုတဲ့ ဝါဒမှိုင်း

အာဏာသိမ်းပြီးနောက်ပိုင်း စစ်သားများ စီဒီအမ်လုပ်တာနဲ့ ပတ်သက်ပြီး စစ်တပ်ထဲမှာရှိတဲ့ စစ်သားများအနေနဲ့ ကိုယ်လုပ်မှကိုယ်စားရမှာ မည်သူမှ လာကျွေးမည်မဟုတ်ကြောင်း ကိုယ်တိုင်ကြိုးစားရမည့်အကြောင်း တွင်တွင် ပြောလာကြသည်ကို သတိထားမိပါတယ်။ ထိုစကားသည် စစ်သားတွေတင် မက အရပ်သားပြည်သူများတွင်ပါ အမှန်လို့ ထင်မြင်နေကြသူ ရှိပါတယ်။ ဒါသည်လည်း စစ်အာဏာရှင်၏ ဝါဒမှိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ စီဒီအမ်ဝန်ထမ်း များအနေဖြင့် ပြည်သူနဲ့ ပူးပေါင်းလာပြီးနောက်ပိုင်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားဟာ သိသိသာသာ ပြိုကျပျက်စီးခဲ့ပါတယ်။ ဒီယန္တရားကို ဆက်လက် လည်ပတ်ဆောင်ရွက်နိုင်ရန်၊ စီဒီအမ်ဝန်ထမ်းများ နေရာတွင် အစားထိုးနိုင်ရန် ခက်ခဲခဲ့သဖြင့် အကြံအစည်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါတယ်။ နိုင်ငံရဲ့ အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများ မြင့်မားလာအောင် စီစဥ်ဆောင်ရွက်ခြင်း၊ စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်မားလာအောင် လုပ်ဆောင်ခြင်း၊ ဘဏ်စနစ်ယိုယွင်းပျက်ဆီးအောင် လုပ်ဆောင်ခြင်း၊ ပြည်သူ ကို အကြောက်တရားများ ကြီးစိုးအောင် လက်နက်အားကိုးဖြင့် ခြိမ်းခြောက် ခြင်း၊ ပြည်သူနှင့် စစ်တပ်အား ရန်တိုက်ပေးခြင်း၊ ပြည်သူအချင်းချင်း စိတ်ဝမ်း ကွဲအောင် ဆောင်ရွက်ခြင်း စသဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြပါ တယ်။

ဒီလိုလုပ်ဆောင်လာတဲ့နောက် ပြည်သူတွေဟာ တစ်နေ့ထက်တစ်နေ့ ခက်ခဲလာပြီး တော်လှန်ရေးအပေါ် အာရုံမစိုက်နိုင်တာတွေ ဖြစ်လာပါတော့ တယ်။ တော်လှန်ရေးထက် ကိုယ်မိသားစု စားဝတ်နေရေး ယှဉ်လာတဲ့အခါ တော်လှန်ရေးကိုမေ့ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုအရေးပေး ဆောင် ရွက်ရပါတော့တယ်။ ဒီလိုအခက်ခဲတွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရချိန် လူတွေရဲ့ စိတ်ထဲမှာ ငါအလုပ်လုပ်မှရမယ်ဆိုတဲ့စိတ် ဝင်လာပါတော့တယ်။ ဒီအချိန်မှာပဲ ဌာနဆိုင်ရာ စီဒီအမ်ဝန်ထမ်းအသီးသီးကို ခံဝန်ကတိ လက်မှတ် ရေးထိုးခိုင်းကာ အလုပ်တာဝန်များ ပြန်လုပ်စေပါတယ်။ ဒီလိုနဲ့ သူ့တို့အတွက် ဝါဒဖြန့်စကားတစ်ရပ်အသုံးပြုလို့ရသွားပါတယ်။ ကိုယ်လုပ်မှ ကိုယ်စားရတာ ယုံပြီမလား၊ ကိုယ်ဒုက္ခရောက်တော့ ဘယ်သူမှ လာမကယ်ဘူး၊ ကိုယ်ခက်ခဲ တော့ ဘယ်သူမှ လာမထောက်ပံ့ဘူး၊ နောက်ဆုံးတော့ စစ်တပ်ကပဲ သဘော ထားကြီးစွာနဲ့ စီဒီအမ် လုပ်ခဲ့တဲ့အပြစ်တွေကို ခွင့်လွှတ်ကူညီရတာပဲမလား ဆိုတဲ့ ဝါဒဖြန့်ခြင်းကို ပြုလုပ်ပါတော့တယ်။ ဒီဝါဒဖြန်မှုရဲ့ ထိရောက်မှု အတိုင်း အတာဟာလည်း အလွန်ကြီးမားပါတယ်။ စီဒီအမ် လုပ်ထားပြီးသား ဝန်ထမ်း များစွာ အလုပ်တာဝန်ပြန်ထမ်းဆောင်ပြီး စစ်တပ်ရဲ့ တချို့အုပ်ချုပ်မှု ယန္တရား တွေ ဆက်လက်လည်ပတ်သွားနိုင်သလို စီဒီအမ်လုပ်ဖို့ ရည်ရွယ်ထားသူတွေ လည်း မလုပ်ဖြစ်တော့တဲ့အထိ ဖြစ်သွားပါတော့တယ်။

တကယ်တော့ သူများနိုင်ငံတွေမှာ ကိုယ်လုပ်သလောက် ကိုယ်စားရပေ မယ့် ကျွန်တော်တို့ နိုင်ငံမှာတော့ ကိုယ်အများကြီးလုပ်မှ နည်းနည်းပဲ စားရတဲ့ အဖြစ်ဟာ စစ်တပ်ရဲ့ ဝါဒဖြန့်လုပ်ဆောင်မှုတွေကြောင့် မလွန်ဆန်နိုင်ပဲ ဖြစ် သွားကြတာ ဝမ်းနည်းစရာကောင်းပါတယ်။

“စစ်သားဆိုတာ တိုင်းပြည်နဲ့ ပြည်သူကို အသက်ပေး ကာကွယ်ရမယ်” ဆိုတဲ့ ဝါဒမှိုင်း

စစ်သားတွေ ရှေ့တန်းစစ်မြေပြင်ကို ရောက်တဲ့အခါ အနေအစား ဆင်းရဲခက်ခဲ ပါတယ်။ တချို့ ရှေ့တန်းစခန်းတွေဆိုရင် လူသူအရောက်အပေါက် လုံးဝ မရှိ တဲ့နေရာမှာ ဆောက်လုပ်ထားတာပါ။ ဒီလိုနေရာမျိုးမှာ တာဝန်ထမ်းဆောင်ရ တဲ့ စစ်သားတွေဟာ အခက်ခဲမျိုးစုံနဲ့ ကြုံတွေ့ရပါတယ်။ အနေအထိုင် ခက်ခဲမှု၊ အစားအသောက်ရှားပါးမှုဒဏ်ကို အပြင်းအထန် ကျော်ဖြတ်ကြရပါတယ်။ ဒီလို ကြုံရတဲ့ အခက်ခဲတွေနဲ့ ပတ်သက်ပြီး စစ်သားတွေ ခံယူချက် အထင်အမြင် လွဲမှားအောင် ပြုလုပ်ထားတဲ့ ဝါဒမှိုင်းရှိပါတယ်။ အဲဒါကတော့ စစ်သားဆိုတာ အပင်ပန်းအဆင်းရဲခံနိုင်ရမယ်၊ အငတ်ခံနိုင်ရမယ်၊ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့ အခုလို ဒုက္ခဆင်းရဲခံနေရတာ မွန်မြတ်တဲ့လုပ်ရပ်ဖြစ်ပြီး ဒါဟာ ဂုဏ်ယူစရာဖြစ်တယ်ဆိုတဲ့ ဝါဒဖြန့်မှုပဲ ဖြစ်ပါတယ်။

ဒီအချက်ဟာလဲ လက်ရှိစစ်တပ်ရဲ့ အခြေအနေနဲ့ ချိန်ထိုးကြည့်တဲ့အခါ မှားယွင်းနေကြောင်းသိရှိနိုင်ပါတယ်။ စစ်တပ်မှာရှိတဲ့ အကြီးအကဲတစ်ယောက် ရဲ့ ပိုင်ဆိုင်မှုဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်လောက်တဲ့အထိ ရှိပါတယ်။ သူတို့သာ အောက်ခြေစစ်သားတွေရဲ့ ဘဝကို တိုးတက်ပြောင်းလဲအောင် အမှန် တကယ်လုပ်ပေးချင်တယ်ဆိုရင် အများကြီးကောင်းမွန်အောင် လုပ်ပေးလို့ရ ပါတယ်။ ဒါပေမဲ့ အဲဒီလိုမလုပ်ပေးတဲ့အပြင် ခံယူချက်စိတ်ဓာတ်တွေ လွဲမှား အောင် ဝါဒမှိုင်းတိုက်ခဲ့ကြတာပါ။

ဥပမာအနေနဲ့ ပြောရရင် စစ်သားတွေ ရှေ့တန်းထွက်တဲ့အခါ ခြင်းကြား တွေ လွယ်ပြီးထွက်နေတာကို အားလုံးလည်း သိပြီးဖြစ်သလို မဖြစ်သင့်တဲ့ ကိစ္စတစ်ရပ်လိုလည်း ပြောကြပါတယ်။ ကမ္ဘာ့အဆင့် (၃၈) ရှိတဲ့ မြန်မာစစ်တပ် က အောက်ခြေစစ်သားတွေဟာ ဝါးတို့၊ ကြိမ်တို့နဲ့ ရက်ထားတဲ့ ခြင်းကြားတွေ လွယ်ပြီး စစ်တိုက်ထွက်နေတာဟာ တကယ်ကို မဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့ လည်း စစ်သားတွေအတွက်တော့ ဒီခြင်းကြားတွေဟာ မြေပြင်မှာ အမှန်တ ကယ် အသုံးဝင်နေတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်သားတစ်ယောက် ရှေ့တန်းထွက်တဲ့အခါ သယ်ဆောင်ရတဲ့ပစ္စည်းတွေက အများကြီးဖြစ်နေလို့ပါ။ လက်နက်၊ ကျည်ဆံ၊ ဗုံးသီး၊ လက်ပစ်ဗုံး၊ နင်းမိုင်းတွေအပြင် နှစ်ပတ်စာ ချက်ပြုတ်စားသောက်ဖို့ ရိက္ခာတွေနဲ့ အိပ်ဖို့အတွက် စောင်၊ ခြင်ထောင်တွေပါ သယ်ဆောင်ရပါတယ်။ ဒါ့အပြင် ကိုယ်တိုင်ချက်ပြုတ်စားသောက်ဖို့ ဒန်အိုး၊ ဒန်ခွက်၊ ပန်းကန်ခွက်ယောက်၊ ရေပုံးစတာတွေပါ သယ်ဆောင်ရတဲ့အခါ သူတို့ ထုတ်ပေးထားတဲ့ ကျောပိုးအိတ်နဲ့ လုံးဝအဆင်မပြေနိုင်တော့ပါဘူး။

ဒီပစ္စည်းတွေ ထည့်ထားတဲ့ ခြင်းတောင်းထဲမှာ သူတို့ရဲ့ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းဆိုတာ ယူနီဖောင်းတစ်စုံအပြင် ပိုမထည့်နိုင်တော့ပါ ဘူး။ ဒီထက် ကောင်းကောင်းသယ်ဆောင်နိုင်ဖို့ ပိုကောင်းတဲ့ ကျောပိုးအိတ် လုပ်မပေးပါဘူး။ မနိုင်မနင်းဖြစ်နေပေမယ့် ရဟတ်ယာဉ်နဲ့ ပို့ဆောင်မပေးပါ ဘူး။ အောက်ခြေစစ်သည်တွေရဲ့ ဘဝကို အမှန်တကယ်လုပ်ပေးနိုင်ရက်နဲ့ မလုပ်ပေးကြတာပါ။ မလုပ်ပေးတဲ့အပြင် သူတို့အသုံးပြုတဲ့ ဝါဒမှိုင်းကတော့ စစ်သားဆိုတာ အငတ်ခံနိုင်ရမယ်၊ ပင်ပန်းဆင်းရဲ ခံနိုင်ရမယ်၊ ဒီလိုပင်ပန်း ဆင်းရဲခံပြီး တိုင်းပြည်ကို ကာကွယ်နေတာဖြစ်လို့ မွန်မြတ်တယ်ဆိုတဲ့ ဝါဒမှိုင်း ပဲ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ အလုပ်ဖြစ်ခဲ့တဲ့ ဒီဝါဒမှိုင်းဟာ နွေဦးတော်လှန်ရေး ကာလမှာတော့ သူတို့ရဲ့ လုပ်ကြံဝါဒဖြန့်မှုတွေဟာ ဖုံးဖိလို့မရတဲ့ အခြေအနေ ဖြစ်လာခဲ့ပါပြီ။ ဒီလိုလှည့်စားထားတာတွေဟာ အမှန်မဟုတ်မှန်းသိတဲ့ စစ်သား တွေဟာ အမြင်မှန်ရပြီး စီဒီအမ်ပြုလုပ်လာတာ အခုဆိုရင် (၉၀၀၀) ကျော်အထိ ဖြစ်လာခဲ့ပါပြီ။ ယခင်က စီဒီအမ်လုပ်လာသူတွေထဲမှာ ရာထူးအမြင့်ဆုံး ဗိုလ်မှူးအဆင့်ထိပဲရှိခဲ့တယ်ဆိုပေမယ့် အခုတော့ တပ်ရင်းမှူးတွေဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီးအဆင့်တွေထိ ပြည်သူ့ဘက်ရပ်တည်ခဲ့ပြီး ဖြစ်ပါတယ်။

“ဘယ်သူ့မှ အားကိုးစရာမလိုဘူး” ဆိုတဲ့ ဝါဒမှိုင်း

ဒီအချက်နဲ့ ပတ်သက်ပြီးလည်း စစ်တပ်ထဲမှာ လုပ်ကြံဝါဒဖြန့်တာတွေ ရှိပါ တယ်။ သေးသေးဖွဲဖွဲကနေ စပြောမယ်ဆိုရင် စစ်သည်မိသားစုတွေကို စိုက်ပျိုး ရေးတွေ၊ မွေးမြူရေးတွေ မဖြစ်မနေ လုပ်ခိုင်းကြပါတယ်။ အိမ်ထောင်သည် ရဲမေမိသားစုတွေဆိုရင် ကိုယ်နေရတဲ့ အိမ်ထောင်သည်လိုင်းခန်း အရှေ့မှာ ဆယ်မျိုးဆယ်ဘောင်ဆိုတဲ့ခေါင်းစဉ်နဲ့ အသီးအနှံတွေ စိုက်ခိုင်းတာရှိသလို အိမ်ထောင်စုတစ်ခုမှာ ဝက်ဘယ်နှစ်ကောင်၊ ကြက်ဘယ်နှစ်အုပ် စသဖြင့် မွေး မြူခိုင်းတာတွေရှိပါတယ်။ ဒီလိုလုပ်ကြခြင်းအားဖြင့် အပြင်ဘက် အခြေအနေ တွေကြောင့် ပြည်သူတွေ အရမ်းခက်ခဲလာချိန်မှာတောင် တပ်ထဲမှာရှိတဲ့ စစ်သားမိသားစုတွေဟာ အခုလိုပြင်ဆင်ထားပြီးဖြစ်လို့ အဆင်ပြေအောင် နေနိုင်ထိုင်နိုင်တယ်ဆိုပြီး ချပြကြတယ်။ အပြင်က ပြည်သူတွေ နိုင်ငံရေး အကျပ်အတည်း ခံစားနေရချိန်မှာ သူတို့အနေနဲ့ အေးအေးဆေးဆေး ရပ်တည် နိုင်မယ်လို့ ပြောဆိုတတ်ကြတယ်။ ဒီလိုဝါဒမှိုင်းတွေကို ယုံကြည်လက်ခံထား တဲ့ စစ်သားမိသားစုတွေလည်း များစွာရှိပါတယ်။ တကယ်တော့ အဲဒီဝါဒမှိုင်းရဲ့ နောက်ကွယ်မှာ အာဏာရှင်တွေရဲ့ တကယ့်ရည်ရွယ်ချက်လည်း ရှိပါတယ်။ တကယ်တော့ စစ်သားမိသားစုတွေကို အမှန်တကယ်သက်သာချောင်ချိရေး လုပ်ပေးချင်တယ်ဆိုရင် အများကြီးထောက်ပံ့ပေးလို့ရပါတယ်။ ဒါမျိုးတွေ လုပ် ပေးဖို့ မတွေးဘဲ သူတို့မိသားစု ကောင်းစားရေးသာ ရှေးရှုပြီး စစ်သားမိသားစု တွေကတော့ ကိုယ့်အခက်ခဲကိုယ် ဖြေရှင်းစေတဲ့ လုပ်ရပ်ပါပဲ။

စစ်တပ်မှာ အဆင့်အတန်းအလိုက် သက်သာချောင်ချိရေး ရပိုင်ခွင့်တွေ သတ်မှတ်ပေးထားတာ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် တစ်ပတ်ကို မိသားစုတစ်စုလျှင် ကြက်ဥ ဘယ်လောက်ထောက်ပံ့ရမယ်၊ ကိုယ်ဝန်ဆောင် ရဲမေဆိုရင် အနှီးပိတ်စဘယ်နှစနဲ့ ထောက်ပံ့ငွေဘယ်လောက်ပေးရမယ်၊ တပ် တွင်း ကလေးငယ်တွေရဲ့ မူကြိုကျောင်းအတွက် တစ်ပတ်ကို အာဟာရ ဘယ် နှစ်ကြိမ်ကျွေးရမယ်ဆိုတာမျိုး စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မူဝါဒ တွေ ချမှတ်ထားတာရှိပါတယ်။ ဒါပေမဲ့ ဒီလိုမူဝါဒတွေက စာရွက်ပေါ်မှာသာ ရှိပြီး မြေပြင်မှာတော့ အဖြစ်သဘောသာ လုပ်ဆောင်ပေးကြပါတယ်။ အထက် ကို တင်ပြဖို့အတွက် မှတ်တမ်းဓာတ်ပုံယူရုံလောက်ပဲ အလေးထား လုပ်ဆောင် ကြပါတယ်။

နောက်တစ်ခုကတော့ စစ်သားမိသားစုတွေကိုပြောတဲ့ ဘယ်သူ့မှ အားကိုး စရာ မလိုဘူးဆိုတဲ့ ဝါဒမှိုင်းထက်ကျော်လွန်တဲ့ အမျိုးသားရေးဆန်ဆန် ကိုယ့် အားကိုယ်ကိုးရေး ဝါဒမှိုင်းပဲဖြစ်ပါတယ်။ အဲဒါကတော့  လက်နက်ခဲယမ်းနဲ့ ပတ်သက်ပြီး ဘယ်နိုင်ငံကိုမှ အားကိုးစရာမလိုဘူး။ ကိုယ့်နိုင်ငံမှာပဲ ထုတ်လုပ် လို့ ရတယ်ဆိုတာပါပဲ။ အမှန်တကယ်တော့ ဒီအချက်ဟာလည်း သူတို့ အကျိုး စီးပွားကို ရှေးရှုပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို လှည့်စားရယူခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ တခြားနိုင်ငံကနေ လက်နက်တွေ၊ ခဲယမ်းဗုံးသီးတွေ ဝယ်ယူပြီး ဝယ်ယူထားတဲ့ ပစ္စည်းတွေကို စစ်လက်နက်ထုတ်လုပ်ရေးတပ်တွေကို ပို့ဆောင်ကာ ပုံတူပွားထုတ်လုပ်စေပါတယ်။ ဒီလိုထုတ်လုပ်တဲ့အခါ အမှန် တကယ် ကုန်ကျငွေထက် နည်းပါးအောင် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင် စေပါတယ်။ လိုအပ်တဲ့အရည်သွေးမြင့် ကုန်ကြမ်းပစ္စည်းတွေအစား အရည် အသွေးနိမ့်ပြီး ပေါပေါများများနဲ့ ဈေးသက်သက်သာသာ ရရှိမယ့် နည်းလမ်း တွေကို အသုံးပြုပြီး လုပ်ဆောင်စေပါတယ်။ ဥပမာ လက်နက်တစ်တစ်ခု ဝယ်တဲ့အခါ သိန်းတစ်ရာကုန်ကျရင် ကိုယ့်ဆီမှာ ပြန်ထုတ်တဲ့အခါ သိန်း တစ်ရာထက်နည်းအောင် လုပ်ဆောင်ကြတယ်။ နိုင်ငံတော်ကို စစ်အသုံးစရိတ် တင်တဲ့အခါကျတော့ ကျသင့်ငွေထက် ပိုပြီးတင်ကြတယ်။ ပိုထွက်လာတဲ့ ငွေ အားလုံးကို အိတ်ထဲထည့်သွားကြတယ်။

အဲဒီလို ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်သူ့မှအားကိုးစရာမလိုဘူးဆိုတဲ့ လုပ်ကြံ ဝါဒဖြန့်မှုရဲ့ အကျိုးဆက်ကို တိုက်ပွဲဖြစ်ပွားရာဒေသတွေက စစ်သားတွေနဲ့ ပြည်သူတွေ ခံစားကြရတယ်။ လက်နက်ခဲယမ်းတွေကို အကုန်အကျသက်သာ မယ့် နည်းလမ်းတွေနဲ့ ထုတ်လုပ်တဲ့အခါ သတ်မှတ်အရည်အသွေး မပြည့်မီတာ တွေဖြစ်လာတယ်။ တကယ်တမ်းအသုံးပြုတဲ့အခါ လုံခြုံမှုမရှိတာတွေ ပစ်မှတ် လွဲချော်တာတွေ အများကြီးဖြစ်လာပါတယ်။ ဒီလိုလွဲချော်မှုတွေကြောင့် စစ် မျက်နှာပြင်က စစ်သားတွေအပေါ် ကျရောက်ပေါက်ကွဲတာတွေရှိသလို ဒေသခံ ကျေးရွာတွေ၊ ပြည်သူတွေအပေါ်ကို ကျရောက်ပေါက်ကွဲပြီး သေဆုံးမှုတွေ အများကြီးဖြစ်လာစေပါတယ်။ ဒီလိုအဖြစ်အပျက်တွေကို ကျွန်တော်ကိုယ်တိုင် ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အာလောဘွမ်တိုက်ပွဲနဲ့ တာဝါတိုင်ကုန်း တိုက်ပွဲတွေမှာ မျက်ဝါးထင်ထင်တွေ့လာခဲ့ပါတယ်။ အမှတ် (၃၂၀) ခြေမြန် တပ်ရင်းက ပစ်လိုက်တဲ့ လက်နက်ကြီးဗုံးသီးဟာ ရှေ့တန်းစစ်မျက်နှာမှာ တိုက်နေရင်းနဲ့ အမှတ် (၁၀) ခြေလျင်တပ်ရင်းပေါ်ကို ကျရောက်ပေါက်ကွဲလို့ စစ်သားတွေ အများအပြား ဒဏ်ရာရသေဆုံးခဲ့ရပါတယ်။ ဗန်းမော်မှာရှိတဲ့ အမှတ် (၃၆၆) အမြောက်တပ်ရင်းက ပစ်ခတ်လိုက်တဲ့ အမြောက်ဗုံးသီးဟာ အမှတ် (၁၀) စစ်ဆင်ရေးဌာနချုပ်လက်အောက်ခံ စစ်ကြောင်းတွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စစ်သား (၃၀) ကျော် သေဆုံးဒဏ်ရာရခဲ့ပါ တယ်။ လေတပ်က ကြဲချလိုက်တဲ့ လေယာဥ်ဗုံးသီးဟာ အမှတ်(၈၈) တပ်မ လက်အောက်ခံတပ်တွေအပေါ် ကျရောက်ပေါက်ကွဲလို့ စစ်သား (၃၀) ခန့် ဒဏ်ရာရသေဆုံးခဲ့သလို စစ်တပ်ရဲ့ လက်နက်ကြီး အမြောက်ကျည်ဆံများ  ကြောင့် နွယ်လန်း၊ မြို့သစ် စတဲ့ ရွာတွေက ကျေးရွာသူကျေးရွာသားများ သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲလို့ သံဃာတော်များ ပါ ဒဏ်ရာရသေဆုံးခဲ့ရပါတယ်။

ဝါဒမှိုင်းဆန့်ကျင်တော်လှန်ရေး

အကြမ်းဖက်စစ်တပ်ဟာ ဝါဒမှိုင်းများကို လက်နက်တစ်ခုသဖွယ် အသုံးချနေ တယ်ဆိုတာ အထင်အရှားပဲဖြစ်ပါတယ်။ စစ်အာဏာရှင်ဟာ နှစ်ပေါင်းများစွာ လုပ်ကြံဝါဒဖြန့်လှည့်စားမှုကို လုပ်ဆောင်ခဲ့တဲ့အတွက် ဝါဒမှိုင်းရဲ့ ထိရောက်မှု ကို ကောင်းစွာသိရှိနားလည်ထားသော အဖွဲ့အစည်းကြီးပင်ဖြစ်ပါတယ်။ လက်ရှိမှာ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ နိုင်ငံနဲ့ လူမျိုးကောင်းစားရေးအတွက် ယခုကဲ့သို့ စနစ်ဆိုးကို တိုက်ထုတ်ဖို့ ဖြစ်လာတဲ့အခါ တော်လှန်ရေးအဖွဲ့များအနေနဲ့ ကိုယ်ရင်ဆိုင်နေရတဲ့ ရန်သူရဲ့ အလေ့အထများကို သိရှိဖို့ အလွန်ပင်အရေးကြီးပါတယ်။ လုပ်ကြံလှည့်စားမှု များစွာနဲ့ ယဉ်ပါးနေတဲ့ မြန်မာစစ်အာဏာရှင်များရဲ့ ဝါဒမှိုင်းတွေကို အမှန် အတိုင်း သိမြင်နိုင်မှသာ မည်ကဲ့သို့တန်ပြန်လုပ်ဆောင်နိုင်မည်ကို ဖော်ထုတ် ပြင်ဆင်နိုင်မှာပဲ ဖြစ်ပါတယ်။ ယခုကဲ့သို့ ပြည်သူလူထုထောက်ခံမှု အပြည့်အဝ ရှိပြီး ပွင့်လင်းမြင်သာတဲ့ အခြေအနေတွေကြောင့် အာဏာရှင်ရဲ့ လုပ်ကြံဝါဒဖြန့်မှုများကို အမှန်အတိုင်း သိမြင်ကာ လုပ်ဆောင်သင့်သည့် လုပ်ငန်းစဥ်များအတိုင်း စနစ်တကျစီစဉ် ဆောင်ရွက်ပါက မြန်မာ့နွေဦးတော်လှန်ရေးဟာ မျှော်လင့်ထားတဲ့အတိုင်း မလွဲမသွေ အောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။

အဆုံးမှတ်စုများ

1 ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ စေတနာ့ဝန်ထမ်း ကချင်ဆရာမ နှစ်ဦး ဖြစ်တဲ့ မရန်လုရာနဲ့ တန်ဘောင်ခေါန်နန်စင်တို့ကို ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးရွာရှိ ခရစ်ယာန်ဘုရား ကျောင်းအတွင်းက နေအိမ်တွင် အဓမ္မပြုကျင့်ခံရပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ ထိုအချိန်က အမှတ် (၅၀၃) ခြေလျင်တပ်ရင်းမှ တပ်သားများသည် ထိုရွာတွင် ရှိနေပြီး သတ်ဖြတ် မှုတွင် စစ်သား (၂၈) ဦး ပါဝင်တယ်လို့ ဆိုကြသော်လည်း တရားစွဲဆိုမှု မရှိခဲ့ပေ။