မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ အကျင့်ပျက်ခြစားမှုများ

သက်ပိုင် | Click here to read this article in English.

Cite as: 
သက်ပိုင်၊ (၂၀၂၅)၊ မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ အကျင့်ပျက်ခြစားမှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်https://ijbs.online/?page_id=5368


အကျဉ်းချုပ်

ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးလက်အောက်တွင် အဖွဲ့အစည်းပေါင်း (၆၀) ရှိပြီး ထိုအထဲတွင် သင်ကြား‌ရေးကျောင်းများဖြစ်သည့် တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်နှင့် တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းဆိုသည့် ကျောင်း (၃) ကျောင်းလည်း ပါဝင်သည်။ ဤဆောင်းပါးတွင် ဆေးဝန်ထမ်းညွှန်ကြားရေးမှုး ရုံး (ဆေးတပ်ဖွဲ့) အနေဖြင့် မည်သို့ အကျင့်ပျက်ခြစားနေသည်ကို ရှင်းမပြမီ ဆေးတပ်ဖွဲ့လက်အောက်ရှိ အဖွဲ့အစည်းများစာရင်းနှင့် ၎င်းတို့၏ စွမ်းဆောင် ရည် မပြည့်ဝမှုများကို တင်ပြထားသလို သင်ကြားရေးကျောင်းများအပေါ် အမြင်များကို တင်ပြထားပါသည်။ ဆေးတပ်ဖွဲ့တွင် သက်ဆိုင်ရာ ဥပဒေနှင့် ခုံရုံးများရှိသော်လည်း အောက်ခြေစစ်သားများနှင့် အခြားအဆင့်စစ်သားများ သည် ခံစားခွင့်များကို မရရှိကြပေ။ မြန်မာစစ်တပ်မှ အရာရှိကြီးများသည် တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးစီးပွားရရှိရေးကိုသာ မြော်မြင်နေလျက်ရှိ သည်။ ဤပုံစံအတိုင်းသာ ဆက်လက်ပြုလုပ်နေပါက စစ်တပ်ကြောင့် တိုင်း ပြည် ပိုမိုပျက်စီးလာမည်ဖြစ်ကာ မြန်မာပြည်သူလူထုသည်လည်း ဒုက္ခများ ပိုမိုခံစားနေရမည် ဖြစ်သည်။

နိဒါန်း

နိုင်ငံတိုင်းတွင် နိုင်ငံအတွက် တပ်မတော် (စစ်တပ်) များ ဖွဲ့စည်းထားရှိပြီး တပ်မတော်အသီးသီးတွင် တပ်မတော်ဆေးရုံ၊ ဆေးတပ်ဖွဲ့ စသဖြင့် ထားရှိကြ သည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ တပ်မတော်ဆေးတပ်ဖွဲ့လည်း ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် ဗမာ့ လွတ်လပ်ရေးတပ်မတော် (BIA) သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် စစ်ကြောင်းကြီး သုံးကြောင်းဖြင့် ဝင်ရောက်ခဲ့စဉ်က ထားဝယ်မြို့တွင် စစ် မဖြစ်မီကတည်းက ရှိနေခဲ့သော သူနာပြုတပ်ဖွဲ့သည် ထားဝယ်စစ်ကြောင်းသို့ ပထမဆုံး ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ မျိုးချစ်စိတ်ရှိသော ဆရာဝန်များနှင့် ဆေးကျောင်းသားများသည်လည်း နီးစပ်ရာ တပ်ဖွဲ့များသို့ ဝင်ရောက်၍ ဗမာ့ တပ်မတော်နှင့် ပူးတွဲတာဝန်များ ထမ်းဆောင်ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ခေတ်တွင် တပ်မတော်ဆေးရုံများကိုလည်း ဖွင့်လှစ်နိုင်ခဲ့ကာ ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ်အတွင်း ‌ဆေးတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့အပြင် စစ်ဆေးရုံများ၊ သင်တန်းကျောင်းများ အများအပြားကိုလည်း တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။ တပ်မတော်၏ ဆေးဘက်ဆိုင်ရာဌာနများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်လိုပါက သက်ဆိုင်ရာ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော် ဆေးဘက် ဆိုင်ရာ ပညာသင်ကျောင်းတို့တွင် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် တက်ရောက်သင်ယူပြီး ရာထူးအဆင့်ဆင့်ဖြင့် ဝင်ရောက်တာဝန်ထမ်းဆောင် နိုင်ပါသည်။ ဤဆောင်းပါးသည် ဆေးတပ်ဖွဲ့အောက်ရှိ အဖွဲ့များအကြောင်းကို ဦးစွာ ခြုံငုံသုံးသပ်ပြထားကာ နောက်ပိုင်းတွင် လေ့ကျင့်ရေးကျောင်း (၃) ခု အကြောင်းကို ဆွေးနွေးထားသည်။ ထို (၃) ကျောင်း၏ ဝင်ခွင့်လိုအပ်ချက်များ၊ လေ့လာမှုနယ်ပယ်များနှင့် အခြားအကြောင်းအရာများကို ဆွေးနွေးထားသည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော အချို့သော ပြဋ္ဌာန်းချက်များသည် စာရွက် ပေါ်တွင်သာရှိပြီး စစ်တပ်မှ အမြဲတမ်းကျင့်သုံးခြင်းမရှိကြောင်း သိထားရန်လို ပါသည်။ ဆောင်းပါး၏ အဆုံးပိုင်းတွင် ဆေးတပ်ဖွဲ့အတွင်း အဂတိလိုက်စားမှု ဆိုင်ရာကိစ္စများအကြောင်းကို တင်ပြထားပါသည်။

ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး (ဆေးတပ်ဖွဲ့)

လက်ရှိရေးဆွဲထားသည့် မြန်မာ့စစ်တပ်၏ ဖွဲ့စည်းပုံအရ ဆေးတပ်ဖွဲ့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လက်အောက်တွင်ရှိပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တိုက်ရိုက် ကွပ်ကဲသော တပ်ဖွဲ့ဖြစ်သည်။ ယခုလက်ရှိ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးချုပ်မှာ ဗိုလ်ချုပ်ကိုကိုလွင်ဖြစ်ပြီး ဒုတိယ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးချုပ်မှာ ဗိုလ်မှူးချုပ်ကျော်ဇေယျ ဖြစ်သည်။ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၏ လက်အောက်တွင် အောက်ပါ ဆေးဘက် ဆိုင်ရာ အဖွဲ့အစည်းများ အသီးသီးရှိကြသည်။

၁။ တပ်မတော် ဆေးတက္ကသိုလ်၊ မင်္ဂလာဒုံ
၂။ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်၊ မင်္ဂလာဒုံ
၃။ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၊ မှော်ဘီ
၄။ တပ်မတော် ဆေးသုတေသနတပ်၊ နေပြည်တော်
၅။ အမှတ် (၁) တပ်မတော်စစ်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ မင်္ဂလာဒုံ
၆။ အမှတ် (၂) တပ်မတော်စစ်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ နေပြည်တော်
၇။ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)၊ ပြင်ဦးလွင်
၈။ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)၊ အောင်ပန်း
၉။ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၅၀၀)၊ မိတ္ထီလာ
၁၀။ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင် ၅၀၀)၊ ရန်ကုန်
၁၁။ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီး (ခုတင် ၅၀၀)၊ မင်္ဂလာဒုံ
၁၂။ အမှတ် (၁) တပ်မတော်သားဖွားမီးယပ်နှင့်ကလေးဆေးရုံ (ခုတင် ၃၀၀)၊ မင်္ဂလာဒုံ
၁၃။ အမှတ် (၂) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ (ခုတင် ၃၀၀)၊ နေပြည်တော်
၁၄။ တပ်မတော် ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးရုံ (ခုတင် ၃၀၀)၊ မင်္ဂလာဒုံ
၁၅။ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၃၀၀)၊ မြစ်ကြီးနား
၁၆။ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင် ၃၀၀)၊ အမ်း
၁၇။ အမှတ် (၃) တပ်မတော်ဆေးရုံ (ခုတင် ၃၀၀)၊ ကျိုင်းတုံ
၁၈။ အမှတ် (၄) တပ်မတော်ဆေးရုံ (ခုတင် ၃၀၀)၊ မုံရွာ
၁၉။ အမှတ် (၅) တပ်မတော်ဆေးရုံ (ခုတင် ၃၀၀)၊ မော်လမြိုင်
၂၀။ ကျန်းမာရေးနှင့်ရောဂါနှိမ်နင်းရေးတပ်၊ နေပြည်တော်
၂၁။ အမှတ် (၁) အခြေချဆေးသိုလှောင်ရေးတပ်၊ နေပြည်တော်
၂၂။ အမှတ် (၁) စစ်မြေပြင်ဆေးတပ်ရင်း၊ မန္တလေး
၂၃။ အမှတ် (၂) စစ်မြေပြင်ဆေးတပ်ရင်း၊ တောင်ကြီး
၂၄။ အမှတ် (၃) စစ်မြေပြင်ဆေးတပ်ရင်း၊ တောင်ငူ
၂၅။ အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်း၊ ပုသိမ်
၂၆။ အမှတ် (၅) စစ်မြေပြင်ဆေးတပ်ရင်း၊ မော်လမြိုင်
၂၇။ အမှတ် (၆) စစ်မြေပြင်ဆေးတပ်ရင်း၊ မှော်ဘီ
၂၈။ အမှတ် (၇) စစ်မြေပြင်ဆေးတပ်ရင်း၊ မုံရွာ
၂၉။ အမှတ် (၈) စစ်မြေပြင်ဆေးတပ်ရင်း၊ စစ်တွေ
၃၀။ အမှတ် (၉) စစ်မြေပြင်ဆေးတပ်ရင်း၊ ခိုလမ်
၃၁။ အမှတ် (၁၀) စစ်မြေပြင်ဆေးတပ်ရင်း၊ လားရှိုး
၃၂။ အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ ဗန်းမော်
၃၃။ အမှတ် (၁၂) စစ်မြေပြင်ဆေးတပ်ရင်း ၊ကျိုင်းတုံ
၃၄။ အမှတ် (၁၃) စစ်မြေပြင်ဆေးတပ်ရင်း၊ မြိတ်
၃၅။ အမှတ် (၁၄) စစ်မြေပြင်ဆေးတပ်ရင်း၊ တိုက်ကြီး
၃၆။ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ မိုင်းဖြတ်
၃၇။ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ ဘားအံ
၃၈။ အမှတ် (၃) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ အင်းတိုင်
၃၉။ အမှတ် (၄) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ ဗထူး
၄၀။ အမှတ် (၅) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ မြိတ်
၄၁။ အမှတ် (၆) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ ပြည်
၄၂။ အမှတ် (၇) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ လွိုင်ကော်
၄၃။ အမှတ် (၈) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ နမ်ဆန်
၄၄။ အမှတ် (၉) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ လားရှိုး
၄၅။ အမှတ် (၁၀) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ ကလေး
၄၆။ အမှတ် (၁၁) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ မိုင်းဆတ်
၄၇။ အမှတ် (၁၂) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ ထားဝယ်
၄၈။ အမှတ် (၁၃) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ ကော့သောင်း
၄၉။ အမှတ် (၁၄) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ လောက်ကိုင်
၅၀။ အမှတ် (၁၅) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ သံတောင်ကြီး
၅၁။ အမှတ် (၁၆) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ မကွေး
၅၂။ အမှတ် (၁၇) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ စစ်တွေ
၅၃။ အမှတ် (၁၈) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ ဘုတ်ပြင်း
၅၄။ အမှတ် (၁၉) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ ဟုမ္မလင်း
၅၅။ အမှတ် (၂၀) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ သပိတ်ကျင်း
၅၆။ အမှတ် (၂၁) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ ဖာပွန်
၅၇။ အမှတ် (၂၂) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ သန်လျင်
၅၈။ အမှတ် (၁) ရှေ့တန်းဆေးသိုလှောင်ရေးတပ်၊ မန္တလေး
၅၉။ အမှတ် (၁) နယ်လှည့်ဓာတ်မှန်ရိုက်ကူးရေးတပ်၊ နေပြည်တော်
၆၀။ အလုပ်ရုံဆေးတပ်၊ ရန်ကုန်။

တပ်မတော်ဆေးတက္ကသိုလ် (မင်္ဂလာဒုံ)

၁၉၉၂ ခုနှစ်မတိုင်မီ အစောပိုင်းကာလများတွင် တပ်မတော်သည် အရပ်ဘက် ဆေးတက္ကသိုလ်များမှ ဆရာဝန်များနှင့် သွားဘက်ဆိုင်ရာဆရာဝန်များကို ခေါ်ယူပြီး ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်စေခဲ့သည်။ တာဝန် ပေးအပ်ခြင်းခံရသည့် ဆရာဝန်များသည် စစ်တပ်တွင် အခြေခံစစ်ပညာရပ် များကို လအတန်ကြာ သင်တန်းတက်ရောက်ခဲ့ရသည်။ ၁၉၈၈ အရေးတော်ပုံ ကာလပြီးနောက် စစ်တပ်သည် အရပ်ဘက်ဆိုင်ရာ တက္ကသိုလ်များနှင့် ကျောင်း များကို ကာလအတန်ကြာပိတ်ထားခဲ့သည်။ ထိုသို့ ပိတ်ထားသည့်အတွက် အချိန်အတိုင်းအတာတစ်ခု ရောက်သည့်အခါ တပ်တွင်း၌ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ လိုအပ်လာခဲ့သည်။ သို့သော် စစ်တပ်သည် အရပ်ဘက် ဆရာဝန်များကို ခေါ်ယူမည့်အစား ပွင့်လင်းမြင်သာမှု မရှိတော့စေရန် ရည်ရွယ် ၍ ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် တပ်မတော်ဆေးတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်စဉ်က ပြည်သူထံသို့ ကြေညာခဲ့သော ရည်ရွယ်ချက်မှာ တပ်မတော်အတွက် ဆေးမှူးများ ခန့်အပ်နိုင်ရန် ဖြစ်သည်။ တပ်မတော်ဆေးတက္ကသိုလ်၏ ဆောင်ပုဒ်မှာ “တို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်မည့် စွမ်းရည်ပြည့်ဝပြီး လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော စစ်ဘက်ဆိုင်ရာ ဆေးမှူးများ မွေးထုတ်ပေးရန်” ဖြစ်သည်။

စတင်ဖွင့်လှစ်စဥ်က သင်တန်းသားဦးရေ (၄၇) ဦးသာရှိခဲ့ပြီး စာသင်နှစ် ခြောက်နှစ်ပြီးသည့်အခါ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ် တာဝန်ထမ်း ဆောင်ကြရသည်။ ၂၀၁၀ ခုနှစ် မတိုင်ခင်အထိ တပ်မတော်ဆေးတက္ကသိုလ် သည် နှစ်စဉ် သင်တန်းသား (၄၀၀) ခန့်နီးပါးလက်ခံသည်။ အခြားသော အရပ် ဘက်ဆေးတက္ကသိုလ်များနှင့် မတူသည့်အချက်မှာ သင်တန်းသား ရွေးချယ် ခြင်းလုပ်ငန်းစဉ်သည် အဆင့်မြင့် တက္ကသိုလ်ဝင်ခွင့်များထက် အဆင့်ပိုမိုများ ပြားခြင်းပင်ဖြစ်သည်။ တက်ရောက်လိုသည့် သင်တန်းသားအားလုံးသည် အမျိုးသားများသာ ဖြစ်ရမည့်အပြင် အခြားသော အရပ်ဘက် ဆေးတက္ကသိုလ် များ၌ တက်ရောက်နိုင်လောက်သည့်အထိ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် အမှတ်ကောင်းကောင်း ရရှိထားရန်လိုအပ်သည်။ ထို့အပြင် ရည်ညွှန်းသင်တန်း သားသည် အခြားသော ဝင်ခွင့်စာမေးပွဲ စစ်ဆေးခြင်းကိုလည်း ဖြေဆိုနိုင်ရမည် ဖြစ်ပြီး ခန္ဓာကိုယ်ကြံခိုင်မှုစစ်ဆေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း စာမေး ပွဲကိုလည်း ဖြေဆိုနိုင်ရမည်။ သို့သော် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင်မူ ဝင်ခွင့် အတွက် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်များကို ထည့်သွင်းစဉ်းစားခြင်း မပြု တော့ပေ။ တစ်ကိုယ်ရည် လူတွေ့စစ်ဆေးမေးမြန်းခြင်းသည် ဝင်ခွင့်ရရှိရန် အတွက် အရေးအကြီးဆုံးသော အဆင့်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၁၀ ခုနှစ်မှ စ၍ တက္ကသိုလ်သည် သင်တန်းသား (၁၀၀) (သို့) (၁၀၀) ထက်လျော့သော သင်တန်းသား အရေအတွက်ကိုသာ လက်ခံခဲ့သည်။ ၂၀၁၂ ခုနှစ် ဝင်ခွင့် စာမေးပွဲတွင်မူ သင်တန်းသား (၄၀) ဦးသာ ဝင်ခွင့်အောင်မြင်ခဲ့ပြီး တက်ရောက် ခွင့် ရရှိခဲ့သည်။

တပ်မတော်ဆေးတက္ကသိုလ်တွင် အရပ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ နည်းတူ အမ်ဘီဘီအက်စ် (M.B.B.S.) ဘွဲ့သင်တန်းများ၊ ဆေးပညာ ဘွဲ့လွန် သင်တန်းများနှင့် ပါရဂူသင်တန်းများကို စစ်ရေးစစ်ရာ လေ့ကျင့်မှုများနှင့်တွဲ၍ သင်ကြားပေးလျက်ရှိသည်။ တက္ကသိုလ်မှ ဘွဲ့ရရှိသည်နှင့် တစ်ပြိုင်နက် သင်တန်းသားများကို မြန်မာ့တပ်မတော်တွင် ‘ဗိုလ်’ ရာထူးအဆင့်ဖြင့် ခန့်အပ် တာဝန်ပေးသည်။ ‘ဗိုလ်’ အဖြစ်ရာထူးပေးအပ်ခြင်းခံရပြီးနောက် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ ရှေ့တန်းနယ်မြေများ၊ စစ်မြေပြင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု နည်းပါးသော ဝေးလံဒေသများသို့ ရွှေ့ပြောင်း တာဝန်ထမ်းဆောင်ရသည်။ ကျောင်းဆင်းအရာရှိများသည် ‘ဗိုလ်’ အဆင့်ဖြင့် ခြေလျင်ဆေးမှူး၊ ခြေလျင်ဆေးတပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်ရပါသည်။ ထိုကဲ့သို့ ခြေလျင်တပ်ရင်းတွင် (၃) နှစ် တာဝန်ထမ်းဆောင်ပြီးမှ စစ်မြေပြင် ဆေးတပ်ရင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါသည်။ စစ်​မြေပြင် ဆေး တပ်ရင်း (မဆရ) တွင် တာဝန် ထမ်းဆောင်နေသော ဆေးမှူးများသည် သုံးနှစ် အကြာတွင် တပ်ဆေးရုံ (တဆရ) သို့ ပြန်လည် ရွှေ့ပြောင်း တာဝန်ထမ်း ဆောင်ရပါသည်။

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် (မင်္ဂလာဒုံ)

တပ်မတော်မှ ဆေးတက္ကသိုလ် ဖွင့်လှစ်ခဲ့ရာ၌ မြန်မာ့တပ်မတော်တွင် ဆေးမှူး များ လိုအပ်သလို ရရှိခဲ့သော်လည်း ဆေးဘက်ဆိုင်ရာ တခြားနယ်ပယ်မှ ပညာရှင်များကိုမူ လိုအပ်ဆဲဖြစ်သည်။ ထို့ကြောင့် ၂၀၀၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) နှင့် သူနာပြုတက္ကသိုလ် (မန္တလေး) တို့၏ အကူအညီဖြင့် တပ်မတော်သူနာပြုတက္ကသိုလ်ကို စတင်ဖွင့် လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဆေးဝါးကျွမ်းကျင်နှင့် ဆေးဘက်ပညာသင်တန်း များကို တိုးချဲ့ဖွင့်လှစ်ပြီး တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် အဖြစ် အမည်ပြောင်းလဲခဲ့သည်။ တပ်မတော်ဆေးတက္ကသိုလ်နှင့် မတူသည့် အချက်သည် မိန်းကလေးများပါ တက်ရောက်ခွင့်ရခြင်း ဖြစ်သည်။ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်တွင် သူနာပြုသိပ္ပံဘွဲ့ ၊ဆေးဝါးကျွမ်း ကျင်မှုသိပ္ပံဘွဲ့ ၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲ နည်းပညာ) ၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ခန္ဓာသန် စွမ်းမှုနည်းပညာ) ၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ဓာတ် မှန်နှင့် ပုံရိပ်ဖော်နည်းပညာ) ၊ ခြေတုလက်တုနှင့် အားပြုကိရိယာ နည်းပညာ သိပ္ပံဘွဲ့စသည့် သင်တန်းများ သင်ကြားပေးလျက်ရှိသည်။

သင်တန်းပြီးမြောက်အောင်မြင်သောအခါ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ရုံးလက်အောက်ရှိ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြုနှင့် ဆေးဘက် ကျွမ်းကျင်သူများအဖြစ် ခန့်အပ်ပေးပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါ က မိမိတို့ သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ တက်ရောက်ခွင့်ရရှိသည်။ ထိုအဆင့်မြင့်သင်တန်းများကို ရုရှား၊ တရုတ်၊ အိန္ဒိယ စသော နိုင်ငံများသို့ စေလွှတ်၍ ပညာသင်စေသည်များလည်း ရှိသည်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု (သို့မဟုတ်) ဆေးဘက် ကျွမ်းကျင်သူ (တတိယတန်း) အမှုထမ်းသက် (၁) နှစ်၊ အထက်တန်း သူနာပြု (သို့မဟုတ်) ဆေးဘက်ကျွမ်းကျင်သူ (ဒုတိယတန်း) အမှုထမ်းသက် (၂) နှစ်၊ စုစုပေါင်း (၃) နှစ် ပြည့်မြောက်ပြီး သက်ဆိုင်ရာတို့မှ ပြန်တမ်းဝင် အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံတင်ပြလျှင် ‘ဒုတိယဗိုလ်’ (အထက်တန်း သူနာ ပြု (သို့မဟုတ်) ကျွမ်းကျင်သူ (ဒုတိယတန်း) အဖြစ် စတင်ခန့်အပ်ပေးသည်။

တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း (မှော်ဘီ)

တပ်မတော် ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်းတွင် ဆေးလက်ထောက် သင်တန်း၊ သူနာပြုသင်တန်း၊ ဓာတ်ခွဲ၊ ဓာတ်မှန်၊ ခွဲစိတ်၊ သွားဘက်ဆိုင်ရာ သင်တန်း၊ ကာယကုသင်တန်း၊ အမျိုးသမီးသားဖွား ဒီပလိုမာ (၂) နှစ် သင်တန်း၊ အမျိုးသမီးသူနာပြုအကူသင်တန်း၊ အမျိုးသမီးသူနာပြုသင်တန်းတို့ကို တက် ရောက်နိုင်ပါသည်။ သင်တန်းကာလပြီးဆုံးသောအခါ ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးလက်အောက်ရှိ သက်ဆိုင်ရာဌာနများတွင် တာဝန်ထမ်းဆောင်ရင်း အဆင့်ဆင့် တက်ရောက်ရမည့် သင်တန်းများအား ဆက်လက်တက်ရောက်နိုင် မည် ဖြစ်ပါသည်။

အထက်ဖော်ပြပါ အကြောင်းအရာများသည် ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံး လက်အောက်ရှိ သင်တန်းကျောင်းများတွင် တက်ရောက်ရန် လိုအပ် ချက်များ၊ လေ့လာသင်ယူနိုင်သည့် ဘာသာရပ်များ၊ ရရှိနိုင်သော ရာထူးများ စသည်တို့ကို မြန်မာ့တပ်မတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံတွင် ဖော်ပြထားသည့် အတိုင်း ပြန်လည်အကျဉ်းချုံး ဖော်ပြခဲ့ခြင်းဖြစ်သည်။ တပ်မတော်တွင် ပြဋ္ဌာန်း ထားသော ပြဋ္ဌာန်းချက်သည် ပြဋ္ဌာန်းချက် သက်သက်သာဖြစ်ပြီး တကယ့် လက်တွေ့တွင် ကျင့်သုံးခြင်းမရှိပေ။ မိမိကိုယ်တိုင် တွေ့ကြုံခဲ့ရသည့် အာဏာ အလွဲသုံးစားလုပ်ခြင်းများ၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်နေမှုများစသည့် အကျင့်ပျက်ခြစားမှုများအား ဆက်လက်၍ တင်ပြသွားပါမည်။

သင်တန်းဌာနများနှင့် စစ်ဆေးရုံများလက်အောက်ရှိ အကျင့်ပျက်မှုများ

မြန်မာ့တပ်မတော်တွင် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ ဆေးဘက်ဆိုင်ရာဌာနများသို့ ဝင်ရောက်နိုင်ရန် ကနဦးခြေလှမ်းဖြစ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်နှင့် တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းများသို့ ဝင်ရောက်ရန် အဆင့်ကတည်းကပင် မသမာမှု၊ အကျင့်ပျက်မှုများ စတင်ခဲ့ ပေသည်။ ယခုနောက်ပိုင်းကာလများတွင် တပ်မတော် ဆေးတက္ကသိုလ်သို့ ဝင်ခွင့်ရရန် ပိုမိုခက်ခဲလာပြီး ဝင်ခွင့်ရရန်အတွက် အုပ်ချုပ်သူများထံသို့ လာဘ်ထိုးခြင်းများ ရှိလာကြသည်။ အာဏာမသိမ်းခင်ကာလများတွင်မူ ထိုတက္ကသိုလ်သို့ ဝင်ခွင့်ရသူများသည် စစ်တပ်မှ ရာထူးကြီးပုဂ္ဂိုလ်များ၏ သားသမီးများ၊ စစ်တပ်နှင့်ဖက်စပ် စီးပွားရေးလုပ်ငန်းရှင် ခရိုနီများနှင့် သက်ဆိုင်သောသူများ၊ စစ်တပ်နှင့် နီးစပ်သော သူများသာ ဖြစ်လာကြသည်။ ထို့ကြောင့် ပြင်ပမှ သာမန်အရပ်သားများအနေဖြင့် ထိုတက္ကသိုလ်သို့ ဝင်ခွင့်ရ ရန်မှာ အခွင့်အရေးနည်းသည်ထက် နည်းလာရတော့သည်။ ထို့အပြင် ဘွဲ့ရပြီး နောက် ‘ဗိုလ်’အဖြစ် ရာထူးပေးအပ်ခြင်းခံရပြီး တာဝန်ထမ်းဆောင်ရသောအခါ တွင်လည်း အများစုသည် စစ်တပ်၏ တခြားဌာနဆိုင်ရာ ရာထူးကြီး ပုဂ္ဂိုလ်များ နှင့် ပတ်သက်က်နွှယ်သောသူများ ဖြစ်ကြရာ ထိုသူများသည် ဆေးတပ်ထဲ တွင် အခွင့်ထူးခံများ ဖြစ်ကြသည်။

ကျောင်းဆင်းအရာရှိများသည် ‘ဗိုလ်’ အဆင့်ဖြင့် ခြေလျင်တပ်ရင်း၊ စစ်မြေပြင်ဆေးတပ်ရင်းနှင့် တပ်ဆေးရုံများတွင် အဆင့်ဆင့် အလှည့်ကျ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ထို့သို့ တာဝန်ထမ်းဆောင်ရာ တွင် စစ်မြေပြင်ဆေးတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ဆေးမှူးများ သည် ရှေ့တန်းနယ်မြေများသို့ သွားရောက်ရသည်။ လှုပ်ရှားစစ်ဗျူဟာများ၊ လှုပ်ရှားနည်းဗျူဟာများဖြင့် တွဲဖက်၍ ရှေ့တန်းစခန်းများတွင် စခန်းချ နေထိုင် ရသည်များရှိသည်။ တပ်ဆေးရုံ၌ တာဝန်ထမ်းဆောင်ရသော ဆေးမှူးများ သည် ရှေ့တန်းနယ်မြေများသို့ ထွက်ရန်မလိုအပ်ပါ။ ထိုအခါ ဆေးမှူးများ ထဲတွင် တကယ်လိုအပ်သော ဒေသများသို့ သွားရောက် လိုသူများထက် တပ် ဆေးရုံများ၌ သက်သက်သာသာ နေချင်သူများသာ များလာသည်။ ထို့ကြောင့် တပ်ဆေးရုံများ၌ တာဝန်ကျနေသော ဆေးမှူးများသည် သုံးနှစ် ပြည့်သည့်အခါ အလှည့်ကျ ရွှေ့ပြောင်း တာဝန်ထမ်းဆောင်ရမည့်အစား အရာရှိများကို လာဘ် ထိုးခြင်းများ လုပ်ဆောင်ကြသဖြင့် စစ်မြေပြင်တပ်ရင်းများသို့ ရွှေ့ပြောင်းရန် မလိုအပ်တော့ဘဲ တပ်ဆေးရုံ၌သာ နေထိုင်နိုင်ကြသည်။ တချို့မှာလည်း စစ်တပ်၏ အရာရှိပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွှယ်သူ မိသားစုဝင်များ ဖြစ် ကြ၍ တပ်ဆေးရုံများ၌သာ နေကြရပြန်သည်။ ထိုအခါ နောက်ခံခိုင်ခိုင်မာမာ မရှိသူ၊ ငွေကြေးဥစ္စာမရှိသူ သာမန်လူများမှာ စစ်မြေပြင် တပ်ရင်းများသို့သာ ထပ်ခါတလဲလဲ သွားရောက်ရ၍ ရှေ့တန်း၌ တာဝန်ထမ်းဆောင်ကြရသည်။

တပ်မတော် သူနာပြုတက္ကသိုလ်မှ ကျောင်းပြီးသောအခါတွင်လည်း စစ်တပ်၏ အရာရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အထက်အရာရှိများနှင့် ဆက်ဆံရေး ကောင်းမွန်သော မိန်းကလေးများသည် သင်တန်းပြီးသည်နှင့်တစ်ပြိုင်နက် တပ်ဆေးရုံများ၌ တာဝန်ထမ်းဆောင်ခွင့်ရကြသည်။ နှစ်ကာလ ရှည်ကြာစွာ လေ့လာထားသော သူနာပြုများမှာမူ စစ်မြေပြင်တပ်ရင်းများသို့ ထပ်တလဲလဲ စေလွှတ်ခြင်းခံနေကြရသည်။ တချို့ကို စစ်တပ်၏ မွေးမြူရေးခြံများဖြစ်သည့် ကြက်ခြံ၊ ဝက်ခြံ စသောနေရာများသို့ စေလွှတ်၍ တာဝန်ထမ်းဆောင်ခိုင်း သည်များ ပင်ရှိသည်။ အချိန်ပေး၍ တတ်မြောက်လာသော ပညာများကို ငွေ ကြေးအင်အား၊ နောက်ခံအင်အား မရှိခြင်း တစ်ခုတည်းကြောင့် မဆိုင်သော နေရာများတွင် အသုံးချခိုင်းကာ အာဏာအလွဲသုံးစား လုပ်နေခြင်းဖြစ်သည်။

ထို့အပြင် ငွေကြေးအင်အား ပိုမိုရှိသောသူ၊ စစ်တပ်၏ အကြီးပိုင်းပုဂ္ဂိုလ် များနှင့် အကျွမ်းတဝင်ရှိသူများကို ယခုနောက်ပိုင်းတွင် ကန်သာယာဆေးရုံကဲ့ သို့ အဆင့်မြင့်ဆေးရုံများသို့ အရပ်ဘက်အသွင်ပြောင်း၍ တာဝန်ထမ်းဆောင် စေသည်။ ကန်သာယာဆေးရုံဆိုသည်မှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ ဖွင့်လှစ်ထားသော ဆေးရုံတစ်ခု ဖြစ်သည်။1 ဦးပိုင် နှင့် MEC လုပ်ငန်းစုများ၏ အောက်တွင် ကုန်ထုတ်လုပ်ငန်း စက်ရုံ အများ အပြားရှိသည်။ ထို့အပြင် တယ်လီဖုန်းကွန်ရက်၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အပန်းဖြေလုပ်ငန်း စသောလုပ်ငန်းများအပြင် အရက်ဘီယာ နှင့် ဆေးလိပ် လုပ်ငန်းများလည်းရှိသေးသည်။ လုပ်ငန်းအသီးသီး၏ ဒါရိုက်တာ များအဖြစ် ဗိုလ်မှူးချုပ်များ၊ ဗိုလ်မှူးများ အသီးသီးကို ခန့်အပ်တာဝန်ပေးထားပြီး ဦးပိုင်နှင့် MEC လုပ်ငန်းစုများ၏ နာယကအဖွဲ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုချုပ်တို့က ဥက္က၊ ဒုဥက္က အဖြစ် ဦးဆောင်ပါသည်။

ဦးပိုင်နှင့် MEC ရှယ်ယာများကို အရပ်သားများအနေဖြင့် မိမိသဘောဆန္ဒ အတိုင်း ဝယ်ယူခြင်း၊ မဝယ်ယူခြင်းကို ဆုံးဖြတ်ခွင့်ရှိသော်လည်း တပ်မတော် ထဲမှ တပ်သားအဆင့်မှစ၍ အဆင့်ဆင့်အထိမှာမူ မဝယ်မနေရမူဖြင့် လစာထဲမှ ဦးပိုင်ရှယ်ယာကို မဖြစ်မနေ ဝယ်ယူကြရသည်။ ရှယ်ယာအမြတ်ငွေမှာ (၃၀) ရာခိုင်နှုန်းဖြစ်ပြီး တပ်မတော်သားများ ဝယ်ယူထားသော ရှယ်ယာများကိုမူ အငြိမ်းစားယူပြီးသောအခါတွင် ခံစားခွင့်များ ပေးမည်ဟူသော မက်လုံးဖြင့် စုငွေအဖြစ်သာထားရှိသည်။ သို့သော် အမှန်တကယ်တမ်းတွင်မူ ထိုအမြတ်ငွေ များကို အရာရှိများသာ ခံစားခွင့်ရှိကြပြီး ငွေစီးဆင်းမှုမှာ အောက်ခြေစစ်သည် များထံသို့ မရောက်ရှိပေ။

ထို့အပြင် ပြဋ္ဌာန်းချက်များတွင် မဟာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ တက်ရောက်ရန် သင်ယူခဲ့သော ဘာသာရပ်အလိုက် သတ်မှတ်အရည်အချင်း များနှင့် ကိုက်ညီရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားသော်လည်း တကယ်တမ်း တွင်မူ အရည်အချင်း ကိုက်ညီမှုထက် အရာရှိများနှင့် ခင်မင်မှု၊ အရာရှိများကို လာဘ်ထိုးနိုင်မှုများသာ အရေးကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ငွေကြေးအင်အား ရှိ၍ အရာရှိများကို လာဘ်ထိုးနိုင်သူ အများစုသာ အဆိုပါ သင်တန်းများသို့ တက်ရောက်ခွင့်ရှိကြပြီး အမှန်တကယ် အရည်အချင်းရှိသူများမှာမူ ငွေကြေး အင်အား၊ နောက်ခံအင်အား မရှိပါက မိမိအရည်အချင်းနှင့် ထိုက်တန်သော ပညာများ မရနိုင်ကြပေ။ သို့ဖြစ်၍ ပြည်ပနိုင်ငံများသို့ ပညာတော်သင် သွားရ သော်လည်း အဆိုပါသင်တန်းများ ပြီးမြောက်ထားသော တပ်မတော်မှ ပါရဂူ ဗိုလ်ကြီးများသည် များသောအားဖြင့် ပညာရပ်နှင့် ကိုက်ညီသော အရည် အချင်း မရှိသူများသာ ဖြစ်နေတတ်သည်။

ထို့ကြောင့် တပ်မတော် ဆေးလောကထဲတွင် ‘အထက်ဖား အောက်ဖိ’ ပုံစံ အပြုအမူများ ပိုမိုကြီးစိုးလာပြီး လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစား လုပ်မှုများမှာ တိုးသည်ထက် တိုးလာပါတော့သည်။ ‘မူ ကောင်း သော်လည်း လူ မကောင်း’ သည့်အတွက် နောက်ခံအင်အား၊ ငွေကြေးအင်အား ရှိသောသူများ သည် နေရာကောင်း၌သာ တာဝန်ထမ်းဆောင်ရသည်။ ထိုသို့ ဖြစ်နေရခြင်းမှာ မူဝါဒများ၊ ဥပဒေများကို လာဘ်စားခြင်း၊ အာဏာအလွဲသုံးစားလုပ်ခြင်းများဖြင့် ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေကြခြင်းကြောင့် ဖြစ်သည်။

ဆေးဝါး‌သိုလှောင်ရေးဌာနအတွင်းရှိ အကျင့်ပျက်မှုများ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဆေးဝန်ထမ်း ညွှန်ကြားရေး မှူးရုံးသို့ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူရန်အတွက် အသုံး စရိတ်နှင့် ဘဏ္ဍာငွေအဖြစ် ဒေါ်လာတစ်ဘီလီလျံခန့် သတ်မှတ်ကာ နှစ်စဉ် ထုတ်ပေးလျက်ရှိသည်။ ထိုဘဏ္ဍာငွေပမာဏသည် တပ်မတော်၏ ဆေးဝါး ဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံတကာအဆင့်မီသည်အထိ ကောင်းစွာအသုံးချ နိုင်သော ပမာဏဖြစ်သည်။ သို့သော် ထိုဘဏ္ဍာငွေများ၏ စီးဆင်းမှုသည် နိုင်ငံ အတွက်ထက် ကိုယ်ကျိုးအတွက်က ပိုများနေသည်။ နိုင်ငံတော်မှ ဘဏ္ဍာငွေ တစ်ဘီလီလျံကို ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများဝယ်ရန် ထုတ်ပေး သည်ဟု ဆိုသော်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တစ်ဆင့် ဆေး ဝန်ထမ်းညွှန်ကြားရေးမှူးရုံးသို့ ဘဏ္ဍာငွေပေးရာ၌မူ ထိုငွေကြေးပမာဏ အားလုံးကို ထုတ်ပေးခြင်းမဟုတ်ပါ။ ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ အရာရှိများမှာ မိမိတို့အကျိုးစီးပွားအတွက် နိုင်ငံတော်ဘဏ္ဍာငွေကို အလွဲသုံးစားပြုလုပ်နေ သည်များရှိသည်။

ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများဝယ်ရာ၌ စာရင်းတင်ပြချက်များတွင် အရည်အသွေးကောင်းသော အိန္ဒိယ၊ အမေရိကန်၊ ကိုရီးယား စသောနိုင်ငံများမှ ဆေးပစ္စည်းများဝယ်ယူသည်ဟု တင်ပြကြသော်လည်း လက်တွေ့တွင်မူ အရည်အသွေး မပြည့်မီသော တရုတ်ဘက်မှ ဆေးပစ္စည်းများကို စျေးပေါပေါ ဖြင့်သာ ဝယ်ယူတင်သွင်းကြခြင်း ဖြစ်သည်။ ထိုတရုတ်ထုတ် ဆေးဝါးပစ္စည်း များသည် တကယ်တမ်း၌မူ ဒေါ်လာသုံးသိန်းဝန်းကျင်သာ ကုန်ကျ၍ နိုင်ငံတော်ဘဏ္ဍာ၏ ကျန်သောဒေါ်လာခုနစ်သိန်းဝန်းကျင်မှာ အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ အရာရှိများမှ အဆင့်ဆင့် အလွဲသုံးစား လုပ်ကာ မိမိတို့ကိုယ်ကျိုးစီးပွားအတွက် အသုံးချကြသည်။ ထိုနိုင်ငံတော် ဘဏ္ဍာများဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထောင်၍ အမည်လွှဲများဖြင့် လုပ်ကိုင်လျက်ရှိကြသည်။ ထိုသို့သော အလွဲသုံးစားမှုများကို တခြားအရာရှိများ က သိကြသော်လည်း ၎င်းတို့ကိုယ်တိုင်ပင် အလွဲသုံးစားမှုများ၌ ပါဝင် ပတ်သက်နေသူများဖြစ်နေကြရာ နိုင်ငံတော်ဘဏ္ဍာများကို ပေါ်ပေါ်ထင်ထင် အလွဲသုံးစားလုပ်နေကြသည်ဟု ယူဆနိုင်သည်။

ထို့အပြင် ထိုဆေးဝါးပစ္စည်းများဝယ်သော ဒေါ်လာသုံးသိန်းဝန်းကျင် ပမာဏသည်လည်း ဆေးဝါးများအတွက် အမှန်တကယ် အသုံးပြုခြင်း မဟုတ် ပြန်ပေ။ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ အဝယ်တော်များထားရှိ၍ ထို အဝယ်တော်များ ကိုယ်တိုင်ကပင် အရာရှိများနှင့် လာဘ်ပေးလာဘ်ယူလုပ်ကာ ဆေးဝါးပစ္စည်းများနှင့် ငွေကြေးများကို အလွဲသုံးစားလုပ်လျက်ရှိသည်။ အဝယ် တော်မှစကာ ရာထူးကြီးများအထိ အဆင့်ဆင့် တိုင်းပြည်ဘဏ္ဍာများကို မိမိတို့ ကိုယ်ပိုင်ငွေအဖြစ် လိမ်လည်ယူကြသည်။ ထို့နောက် လိမ်ထားသောငွေများကို တရားဝင်ငွေအဖြစ် ပြောင်းရန် ဦးပိုင်၊ MEC လုပ်ငန်းစုများတွင် ရှယ်ယာ ထည့်ခြင်း၊ လုပ်ငန်းများတည်ထောင်ခြင်း၊ စက်ရုံများတည်ခြင်း စသည်ဖြင့် ဆောင်ရွက်ကြသည်။ ထို့ကြောင့် တပ်မတော်မှ ဦးစီးတည်ဆောင်ထားသော ဦးပိုင်၊ MEC စသော လုပ်ငန်းစုများသည် ပြည်သူ့အခွန်မှတစ်ဆင့်ရသော တိုင်းပြည်ဘဏ္ဍာကို တရားမဝင်လိမ်လည်ယူ၍ တရားဝင်အဖြစ် ပေါ်ပေါ် ထင်ထင်ပြောင်းလဲပေးနေသော လုပ်ငန်းများလည်းဖြစ်သည်။

ထို့အပြင် သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ အရာရှိများသည် ပြင်ပ ၌ပုဂ္ဂလိကဆေးအရောင်းဆိုင်များ ဖွင့်ထားပြီး တပ်တွင်းမှ နိုင်ငံတော်ဘဏ္ဍာ ဖြင့် ဝယ်ယူတင်သွင်းထားသော ဆေးဝါးအများစုကို ၎င်းတို့၏ ဆေးအရောင်း ဆိုင်များသို့ပို့ကာ ကိုယ်ကျိုးအတွက် အသုံးချလျက်ရှိသည်။ ထိုကဲ့သို့သော အလွဲသုံးစားမှုများကို တပ်မတော်၏ ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းများ၌ ပေါ်ပေါ်ထင်ထင်ပြုလုပ်လျက်ရှိသော်လည်း အရေးယူခြင်း မရှိကြပေ။ အရေး ယူခြင်း မရှိရသည်မှာ အရာရှိများကိုယ်တိုင်ကပင် ဤအလွဲသုံးစားမှုများ၌ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်နေကြ သောကြောင့် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာ မြေပြင်ဆေးတပ်ရင်းများသို့ ပို့ဆောင်သော ဆေးဝါးများကိုပင် အလွဲသုံးစားပြု လုပ်သည်များလည်း ရှိနေ သည်။ စစ်မြေပြင်ဆေးတပ်ရင်းသည် ဆေးသိုလှောင်တပ်များမှတစ်ဆင့် (၆) လ တစ်ကြိမ် ဆေးထုတ်ယူပြီး တိုင်းစစ်ဌာနချုပ်အလိုက် သက်ဆိုင်ရာ တပ်ရင်း များသို့ သတ်မှတ်ပမာဏအတိုင်း ပို့ဆောင်ပေးရသည်။ ပို့ဆောင်ရသည့် စာရင်းများမှာ အောက်ပါပုံအတိုင်းဖြစ်သည်။

ပုံ (၁) နှင့် (၂)
မြေပြင်ဆေးတပ်ရင်းများသို့ ပို့ဆောင်သော ဆေးဝါးများ နမူနာစာရင်း။





မြေပြင်ဆေးတပ်ရင်းများ၊ ဆေးဝါးသိုလှောင်တပ်ရင်းများသို့ ပို့ဆောင်ရမည့် ဆေးဝါးများကို နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်းသတ်မှတ်ထားပြီး စာရင်း များထားရှိသော်လည်း တကယ်တမ်းမြေပြင်သို့ ပို့ဆောင်သော ဆေးများတွင်မူ အ​ခြေခံလိုအပ်သည့်ဆေးဝါးများပင် ပြည့်စုံခြင်းမရှိပေ။ မြေပြင် ဆေးတပ်ရင်း များရှိ ဆေးမှူးများမှာ ရှေ့တန်းသို့ ဆေးဝါးပို့ရာ၌ သက်တမ်းကုန်နေသော ဆေးဝါးများကို ပို့တတ်ကြသည်။ သို့သော် အထက်သို့ တင်ပြရသည့် စာရင်း တွင်မူ ထိုဆေးဝါးများကို သက်တမ်းမကုန်သေးသော ဆေးဝါးများအဖြစ် လိမ်လည်တင်ပြပြီး တကယ်တမ်း ဝယ်ယူထားသော ဆေးဝါးအသစ်များကိုမူ ပြင်ပ၌ တရားမဝင်ရောင်းချကာ ကိုယ်ကျိုးအတွက် စီးပွားရှာတတ်ကြသည်။ ထိုအခါတွင် နောက်ဆက်တွဲအနေဖြင့် ရှေ့တန်းရှိ အောက်ခြေစစ်သည်များမှာ စံချိန်မီသော ဆေးဝါးများ မရရှိခြင်း၊ သက်တမ်းကုန်နေသော ဆေးဝါးများကို မှီဝဲရခြင်းကြောင့် ရောဂါ မပျောက်ကင်းခြင်း၊ ဆေးယဉ်ပါးခြင်း စသော နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားကြရသည်။

ထို့အပြင် ပြဋ္ဌာန်းချက်များ၊ စာရင်းများတွင် နိုင်ငံတကာစံနှုန်းအတိုင်း ဆေးဝါးများ ထောက်ပံ့ပေးသည်ဟု ဆိုထားသော်လည်း တကယ်တမ်းတွင်မူ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွတ်ကဲမှုဌာန (FDA) မှ တားမြစ် ထားသောဆေးဝါးများကို အသုံးပြုနေသည်များလည်း ရှိသည်။ ဥပမာဆိုရ သော် FDA မှ ၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း၌ Ranitidine အမည်ရှိ ဆေးဝါး များကို အသုံးပြုခြင်းအား တားမြစ်ခဲ့သည်။ ၎င်းဆေးဝါးများမှာ အစာအိမ် အတွင်း အက်စစ်ပမာဏများနေခြင်းကို လျော့ချရန် အသုံးပြုရသော ဆေးဝါး များဖြစ်သည်။ သို့သော် စမ်းသပ်ချက်များအရ ၎င်းဆေးဝါးများ၌ N-Nitrosodimethylamine (NDMA) ပါဝင်မှုများကြောင့် တားမြစ်ခဲ့ခြင်း ဖြစ် သည်။ NDMA ပါဝင်မှုသည် ကင်ဆာရောဂါဖြစ်စေမှုနှုန်းကို မြင့်တက်စေနိုင် ခြင်းကြောင့်ဖြစ်သည်။ ၎င်း၏ ဘေးထွက်ဆိုးကျိုးများအနေဖြင့် အစာအိမ် ကင်ဆာ၊ အစာပြွန် ရောင်ရမ်းခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေခြင်း၊ ဆီးအိမ်ဆိုင်ရာ ရောဂါများ ဖြစ်စေခြင်းတို့ဖြစ်သည်။ ထို့ကြောင့် FDA မှ ထို Ranitidine ထုတ်ကုန်များကို တားမြစ်ခဲ့ခြင်းဖြစ်သည်။ သို့သော် တပ်မတော်အတွင်း၌မူ ဆေးဝါးကုမ္ပဏီများမှ အရောင်းကိုယ်စားလှယ်များမှာ ဆေးဘက်ဆိုင်ရာအရာရှိများထံသို့ လာဘ်ထိုး၍ ထိုကဲ့သို့ တားမြစ်ဆေးများကို တင်သွင်းနေသည်မှာ ယခုချိန်အထိပင်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာ အရာရှိ များမှ ထိုကဲ့သို့ ဆေးများကို တပ်မတော်ဆေးခန်းများ၌ ထားရှိရန် အမိန့်ပေး ပါက ကျန်သူများမှာ မကန့်ကွက်နိုင်ကြပေ။ ပြည်သူများ၊ စစ်သည်များကို အန္တရာယ်ဖြစ်စေနိုင်မည့် ထိုကဲ့သို့ တားမြစ်ဆေးများကို မိမိကိုယ်ကျိုးအတွက် သာ ကြည့်၍ လာဘ်ပေးလာဘ်ယူလုပ်ကာ ပေါ်ပေါ်ထင်ထင် အာဏာအလွဲ သုံးစားလုပ်၍ တင်သွင်းနေကြခြင်းဖြစ်သည်။

ဆရာဝန်ကျင့်ဝတ်များ ပျက်ကွက်ကာ အကျင့်ပျက်ခြစားမှုများ

တပ်မတော်မှ တိုင်းရင်းသားဒေသများရှိ ကျေးရွာများသို့ သွားရောက်၍ အခမဲ့ အနေဖြင့် ကျန်မာရေးစောင့်ရှောက်မှုများပေးနေသည်ကို တပ်မတော်ပိုင် ရုပ်သံလိုင်းများတွင် ဖော်ပြကြသည်။ တစ်ခါတစ်ရံဆိုလျှင် နိုင်ငံတကာ မီဒီယာ များ၊ တခြားရုပ်သံလိုင်းများအထိပင် ဖော်ပြချီးကျူးမှုခံရခဲ့သည်များ ရှိဖူးသည်။ ထိုရုပ်သံများတွင် တပ်မတော်မှ ရာထူးကြီး အရာရှိကြီးများကိုယ်တိုင်က ဆေး တပ်ဖွဲ့၊ သူနာပြုတပ်ဖွဲ့များကို ဦးဆောင်ကာ နယ်လှည့်၍ ပြည်သူများကို ကူညီ စောင့်ရှောက်မှုများပေးနေသည်ဟု ရိုက်ကူးပြကြသည်။ သို့သော် ထိုအပေါ်ယံ မီဒီယာထံမှ ရုပ်သံများ၏ နောက်ကွယ်တွင် တပ်မတော်၏ အလွဲသုံးစားမှု များစွာလည်း ရှိနေပြန်သည်။

ရုပ်သံထဲတွင် ပြည်သူများကို ရောဂါရှာဖွေကုသပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သော လူနာများကို ရက်ချိန်းများ ပေး၍ တပ်မတော်ဆေးရုံများတွင် အခမဲ့ကုသပေးမည်ဟုဆိုခြင်း စသည့်ဖြင့် ချီးကျူးဖွယ် တင်ဆက်ထား သော်လည်း တကယ်တမ်းလက်တွေ့တွင်မူ ထိုကဲ့သို့ မဟုတ်ပါ။ အခမဲ့ ခွဲစိတ် ပေးမည်ဟု ရက်ချိန်းပေး၍ တပ်မတော်ဆေးရုံသို့ ရောက်လာသော ပြည်သူများ ကို ငွေကြေးအင်အား မတတ်နိုင်ပါက ခွဲစိတ်မှု မလုပ်ပေးသည်များ ရှိနေသည်။ ခွဲစိတ်ပါရဂူကြီးများ၊ ပါရဂူဗိုလ်ကြီးများကိုယ်တိုင်ကိုက လူနာများထံမှ လာဘ် ထိုးငွေ မရရှိပါက ဆေးမရောက်သေးဟု သော်လည်းကောင်း၊ ပစ္စည်း မရောက် သေးဟု သော်လည်းကောင်း စသည်ဖြင့် အကြောင်းပြချက်အမျိုးမျိုးပြကာ ခွဲစိတ်မပေးဘဲ ပစ်ထားကြသည်များရှိသည်။ ပိုက်ဆံတတ်နိုင်သော လူနာများ ကိုမူ ဦးစားပေးကုသပေးခြင်း၊ ဂရုတစိုက်ထားရှိခြင်းများ ပြုလုပ်လျက်ရှိသည်။

ဤသည်မှာ ပြည်သူကို ကာကွယ်စောင့်ရှောက်ရမည့် တပ်မတော် သားများ၏ တာဝန်ကိုသာမက လူနာထံ၌ ထားရှိရမည့် ဆရာဝန်များ၏ ကျင့်ဝတ်များကိုပါ ပျက်ကွက်နေသည့်အပြင် ပြည်သူ့အခွန်များဖြင့် ပြည်သူကို ပြက်ရယ်ပြု စော်ကားနေခြင်းများလည်း ဖြစ်နေတော့သည်။ ဤသို့ဆေးကုသ ရာ၌ အလွဲသုံးစားလုပ်နေသည့် ဒဏ်ကို ပြည်သူများပါမက တပ်မတော်သား အချင်းချင်းပါ ခံနေကြရသည်။ ဒဏ်ရာရ၍သော်လည်းကောင်း၊ ရောဂါကြောင့် သော်လည်းကောင်း တပ်မတော်ဆေးရုံများသို့ ရောက်လာသော တပ်မတော် သားများကို နောက်ခံအင်အား၊ ငွေကြေးအင်အားပေါ်မူတည်၍ ခွဲခြားဆက်ဆံ ကာ ကုသပေးနေကြသည်များ ရှိသည်။ ဤတွင် ကိုယ်တွေ့ဖြစ်ရပ် တစ်ခုရှိပါ သေးသည်။

တစ်ချိန်က တိုက်ပွဲတွင်ဒဏ်ရာရ၍ တင်ပါးဆုံရိုးတစ်ခုလုံး ပြုတ်ထွက် ကာ ခွဲစိတ်ရမည့် ဆရာကြီးတစ်ယောက်ရှိဖူးသည်။ သို့သော် ငွေကြေးအင်အား မတတ်နိုင်သူဖြစ်၍ ပါရဂူဗိုလ်ကြီးများအား လာဘ်မထိုးနိုင်ခြင်းကြောင့် ခွဲစိတ် ရမည့်ရက်ကို နောက်သို့အခါခါရွှေ့ကာ ပိုက်ဆံပေးနိုင်သော လူနာများကိုသာ အရင်ခွဲစိတ် ပေးခဲ့သည်။ နောက်ပိုင်းတွင် ရောဂါကျွမ်းလာခြင်းကြောင့် တခြား သူများထံမှ ပိုက်ဆံချေးကာ ပါရဂူဗိုလ်ကြီးထံသို့ သိန်းငါးဆယ်ခန့် လာဘ်ထိုးမှ သာ ခွဲစိတ်ကုသပေးခဲ့သည်။

ဤကဲ့သို့ ဖြစ်ရပ်မျိုးသည် တပ်မတော်ထဲတွင် များစွာဖြစ်ခဲ့၊ ဖြစ်နေဆဲ ဖြစ်သည်။ ပြည်သူ့အခွန်များဖြင့် ပြည်သူကို ဒုက္ခပေးနေသည့်အပြင် အောက်ခြေစစ်သားများ၏ လူ့အခွင့်အရေးကိုပါ ပေါ်ပေါ်ထင်ထင် ချိုးဖောက် နေကြခြင်းဖြစ်သည်။ လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်မှု စသည်တို့ကို ဥပဒေတစ်ခုသဖွယ် သတ်မှတ်၍ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေ ကြခြင်းဖြစ်သည်။

နိဂုံးသုံးသပ်ချက်

မြန်မာစစ်တပ်သည် ဆေးဘက်ဆိုင်ရာပိုင်းတွင် ဖွဲ့စည်းမှုပိုင်းဆိုင်ရာ ဥပဒေ များ၊ မူများသည် ကောင်းမွန်သည် ဟုဆိုနိုင်သည်။ ဖွဲ့စည်းပုံတွင် တိုင်းဒေသ ကြီးတိုင်း၊ ပြည်နယ်တိုင်းအတွက် လုံလောက်သော ဆေးတပ်ရင်းများ၊ မြေပြင် ဆေးတပ်ဖွဲ့များ ထားရှိနိုင်သည်။ ဆေးဘက်ဆိုင်ရာ သင်တန်းများတွင်လည်း ကောင်းမွန်သော သင်ကြားမှုများ၊ နိုင်ငံခြားသို့ သွားရောက် သင်ကြားစေသည် များရှိသည်။ ဆေးဘက်ဆိုင်ရာ နည်းပညာပိုင်းတွင်လည်း စစ်တပ်ပိုင် ဆေးဝါး ထုတ်လုပ်ရေး စက်ရုံအထိ တည်ဆောက်ထားနိုင်သည်။ မသန်စွမ်းဖြစ်သွား သော စစ်သည်များ၊ ကျဆုံးစစ်သည်များ၏ မိသားစုဝင်များကိုလည်း စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ စောင့်ရှောက်ကူညီထောက်ပံ့ပေးရန် ဥပဒေများ ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

သို့သော် ထိုပြဋ္ဌာန်းချက်များ၊ ဥပဒေများသည် စာအုပ်ထဲတွင်သာရှိ၍ လက်တွေ့တွင်မူ ထိုမူများ၊ ဥပဒေများကို စစ်တပ်၏ အရာရှိများကိုယ်တိုင်က ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေသည်ကို တွေ့ရသည်။ တပ်ပိုင် ဆေးဝါးထုတ် လုပ်ရေးစက်ရုံအထိ ရှိသော်လည်း လိုအပ်သော အခြေခံဆေးဝါးများကိုပင် နိုင်ငံခြားမှ တင်သွင်းရသောကြောင့်နိုင်ငံတော်ဘဏ္ဍာ အမြောက်အမြားကို ထုတ်ပေးနေရသည်။ ထို့အပြင် ထိုနိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း အမှန် တကယ် နိုင်ငံအတွက်၊ စစ်တပ်အတွက် သုံးနေခြင်းမဟုတ်ဘဲ အလွဲသုံးစားမှု များကို အာဏာအသုံးပြု၍ ပေါ်ပေါ်ထင်ထင်ကျူးလွန်ကာ ရာထူးကြီးပုဂ္ဂိုလ် များ၊ အရာရှိများကိုယ်တိုင်က ၎င်းတို့ ကိုယ်ကျိုးအတွက်သာ အသုံးချနေကြ ခြင်းဖြစ်သည်။ ဆေးခုံရုံးများကို ဥပဒေများနှင့်တကွ ထားရှိသော်လည်း ပြည်သူများ၏ လူ့အခွင့်အရေးများကို ကူညီကာကွယ်ပေးရန်ပင် မဆိုထားနှင့် အောက်ခြေ စစ်သားများ၊ တပ်မတော်သားများစွာသည်ပင်လျှင် စစ်သားတစ်ယောက် ရသင့် သော အခွင့်အရေးများကို မရရှိခဲ့ကြပါ။ သို့သော်လည်း စစ်တပ်၏ ဝါဒမှိုင်း ကြောင့် ထိုအောက်ခြေစစ်သည်တို့မှာ စစ်တပ်မှ ရာထူးကြီးအရာရှိကြီးများ၏ ဘဝကောင်းစားရေးအတွက် ၎င်းတို့ဘဝများကို နှစ်မြှုပ်ထားရသည်ကို မသိကြ ပေ။ ထိုကဲ့သို့ မြန်မာစစ်တပ်သည် တိုင်းပြည်ကို အကျိုးပြုရေးထက် အရာရှိ များ၊ အကြီးပိုင်းပုဂ္ဂိုလ်များ၏ အကျိုးကိုသာ အစဉ်ကြည့်နေသဖြင့် တိုင်းပြည် ပေါ် ဒုက္ခပေးမြဲပေးနေဆဲ အဖွဲ့အစည်းတစ်ရပ် ဖြစ်နေသည်။ ဤအတိုင်း ဆက် လက်သွားမည်ဆိုပါက မြန်မာစစ်တပ်သည် တိုင်းပြည်အပေါ်တွင် ဆိုးကျိုးများ ကိုသာဖြစ်စေပြီး ပြည်သူများသည်လည်း များစွာ ဒုက္ခရောက်ကြ ရဦးမည်ဖြစ် ပါသည်။

အဆုံးမှတ်စုများ

1 အကယ်၍ ကန်သာယာဆေးရုံ၌ တာဝန်ထမ်းဆောင်နေရင်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ ပါက ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရတတ်သည်။