မော်ကွန်း | Click here to read this article in English.
Cite as: မော်ကွန်း၊ (၂၀၂၅)၊ မြန်မာစစ်တပ်၏ အမြောက်တပ်ဖွဲ့အင်္ဂါရပ်များနှင့် လက်ရှိကြုံတွေ့နေရသော ပြဿနာများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၅။ https://ijbs.online/?page_id=5379

အကျဉ်းချုပ်
မြန်မာစစ်တပ်၏ အမြောက်တပ်သည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး စစ်တပ်အား တော်လှန်ပုန်ကန်သည့် အဖွဲ့များကို ချေမှုန်းသည့် တိုက်ပွဲပေါင်း များစွာကို အောင်မြင်ရန်လည်း အမြောက်တပ်များမှ ကူညီပေးခဲ့သည်။ ခြေလျင်တပ်များသည် အမြောက်တပ်များအပေါ်တွင် မှီခိုနေရဆဲဖြစ်သော် လည်း ယခုအခါ တပ်သားသစ် မစုဆောင်းနိုင်မှု၊ စက်ကိရိယာများအား ထိန်းသိမ်းခြင်း အားနည်းလာမှုနှင့် စိတ်ဓာတ်ရေးရာ သိမ်ဖျင်းပြီး လေ့ကျင့်သား မပြည့်ဝသော တပ်သားများကြောင့် အမြောက်တပ်များသည် အလွန်နုံချာ သည့် အခြေအနေသို့ ဆိုက်ရောက်လာနေပါသည်။ စစ်ဘက်အရာရှိများသည် ဤပြဿနာအားလုံးကို လျစ်လျူရှုထားပြီး မိမိတို့ ချမ်းသာကြွယ်ဝရေးနှင့် ရာထူးတိုးရေးကိုသာ အာရုံစိုက်နေကြပါသည်။ ထိုအချင်းအရာများကြောင့် မြန်မာစစ်တပ်သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်အောက်သို့ တဖြည်းဖြည်ကျရောက်ကာ ရှုံးနိမ့်မှု ဆီသို့ ဦးတည်သွားစေမည် ဖြစ်ပါသည်။
နိဒါန်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်ကောင်စီမှ နိုင်ငံ့အာဏာ သိမ်းယူပြီး နောက်ပိုင်းတွင် ပြည်သူများမှ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပါသည်။ ဆန္ဒပြ ပြည်သူများအား စစ်ကောင်စီတပ်များမှ အကြမ်းဖက်ဖြိုခွဲခြင်းများ၊ ပါဝင်သူ များအား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်လာပြီးနောက် မြန်မာနိုင်ငံအနှံတွင် စစ်ကောင်စီတပ်များအား တော်လှန်သည့် တော်လှန်ရေးအဖွဲ့အစည်းများ နေရာဒေသအသီးသီး၌ ပေါ်ပေါက်လာပါသည်။ တော်လှန်ရေးအဖွဲ့အစည်း တွင် ပါဝင်ကြသော ပြည်သူ့ကာကွယ်ရေးစစ်သည်များအနေဖြင့် မိမိတိုက်ခိုက် နေရသော တစ်ဖက်ရန်သူဖြစ်သည့် စစ်ကောင်စီအမြောက်တပ်၏ ဖွဲ့စည်း ထားသော လက်နက်အင်အား၊ လူအင်အားကို သိရှိနိုင်စေရန်နှင့် တပ်ရင်း/ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေကြသော အရာရှိ၊ စစ်သည်များနှင့် ၎င်း တို့၏ မိမိတပ်အပေါ် ထားရှိသည့် သဘောထားများကို သိရှိနိုင်စေရန် ကျွန်တော် ကြုံတွေ့ခဲ့ရသော မြေပြင်အတွေ့အကြုံများနှင့် သိရှိခဲ့ရသော ဗဟုသုတများကို ရေးသားတင်ပြအပ်ပါသည်။
အမြောက်တပ်များအကြောင်း
စစ်ကောင်စီတပ်တွင် အမြောက်တပ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်သည် စစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်နေကြသော ခြေလျင်တပ်ရင်း/တပ်ဖွဲ့ များ၊ အကူလက်ရုံးတပ်ဖွဲ့ဝင်များအား ပစ်ကူပေးခြင်းဖြင့် ရန်သူမှ မိမိ စစ်ဆင်ရေးကို မထိပါးစေရန်၊ ရန်သူ၏ အင်အားကို ထိထိရောက်ရောက် မတည်ဆောက်နိုင်စေရန်အတွက် ပစ်အားဖြင့် စိုးမိုးထားရန် ဖြစ်ပါသည်။ အမြောက်တပ်များတွင် မတူညီသော ဗျူဟာများနှင့် ရည်ရွယ်ချက်များအတွက် အသုံးရန် အမြောက် အမျိုးအစား မျိုးစုံရှိပါသည်။
အမြောက်အမျိုးအစားများ
မြန်မာစစ်တပ်တွင် အမြောက်အမျိုးအစားများအား ပြောင်းအချင်း တည်ဆောက်ပုံများအလိုက် ခွဲခြားထားပါသည်။ အသေးစားအမြောက်များ သည် ပြောင်းအချင်း (၁၁၅) မီလီမီတာ (၄ လက်မခွဲ) ထက်သေးပြီး ဆွဲယူရန် အသင့်ဖြစ်ချိန်၌ ပေါင် (၇၀၀၀) ထက်ပေါ့သော အမြောက်များဖြစ်ပါသည်။ အသေးစားအမြောက်များတွင် စိန်ပြောင်းကြီးများလည်း ပါဝင်ပါသည်။ စိန်ပြောင်းများသည် အမြောက်များကဲ့သို့ တိကျမှု မရှိသဖြင့် ဘေးကင်းမှု အကွာအဝေးကို များစွာသတ်မှတ်ထားစေကာမူ ခြေလျင်တပ်ဖွဲ့များသို့ ထိရောက်သောပစ်ကူ ကောင်းစွာပေးနိုင်ပါသည်။ အမြောက်များမှ မပစ်ခတ် နိုင်သည့် ကျည်လွတ်မြေ (တောင်စောင်း၊ ဆင်ခြေလျော၊ လျှို) များသို့ စိန်ပြောင်းမှ ကောင်းစွာ ပစ်ခတ်နိုင်ပါသည်။ ပစ်နှုန်း အားကောင်းကာ ကျည် ပြန့်ကျဲမှု ကောင်းသဖြင့် ရန်သူ့အင်အားနှိမ်နင်းရာတွင် စွမ်းအင်နှိမ် ပစ်ခတ်နိုင် ပါသည်။ သို့သော် အလွန်ဝေးကွာသော အကွာအဝေးကို ပစ်ခတ်နိုင်ခြင်း မရှိပါ။
အလတ်စားအမြောက်များသည် ပြောင်းအချင်း (၁၁၅) မှ (၁၅၅) မီလီ မီတာ (၄ လက်မခွဲမှ ၆ လက်မခန့်) ပြောင်းအချင်းကျယ်ပြီး ဆွဲယူရန်အသင့် ဖြစ်ချိန်၌ ပေါင် (၇၀၀၀) နှင့် ပေါင် (၁၀၀၀၀) ကြားရှိ အမြောက်များ ဖြစ်ပါ သည်။ အလတ်စားအမြောက်များသည် အသေးစားအမြောက်များ၏ ပစ်အား တိုးပွားလာစေရန် အသုံးပြုသော အမြောက်များ ဖြစ်ပါသည်။ အဖျက်စွမ်းအား ကောင်းသည့် ကျည်များ အသုံးပြုနိုင်ကာ အသေးစားအမြောက်များထက် အကွာအဝေး ပိုမိုပစ်နိုင်ပါသည်။ အားနည်းချက်များမှာ ကျည်အကြီးစားများ အသုံးပြုရသဖြင့် ပစ်နှုန်းလျော့နည်းသလို ဘေးကင်းမှု အကွာအဝေးများသဖြင့် အနီးကပ်ပစ်ကူပေးရန် အခက်အခဲများ ရှိပါသည်။
အကြီးစားအမြောက်များသည် ပြောင်းအချင်း (၁၅၅) မီလီမီတာ (၆ လက်မခန့်) ကျော်ရှိပြီး ဆွဲယူရန်အသင့်ဖြစ်ချိန်၌ ပေါင် (၁၀၀၀၀) နှင့် ပေါင် (၅၀၀၀၀) ကြား အလေးချိန်ရှိ အမြောက်များဖြစ်ပါသည်။ အကြီးစား အမြောက်များအား ဖျက်ဆီးပစ်ခတ်မှုများတွင် အဓိကထားအသုံးပြုလေ့ရှိပြီး အဝေးသို့ နှောင့်ယှက်ပစ်ခတ်ရန်အတွက်လည်း အသုံးပြုလေ့ရှိပါသည်။ အမြောက်တည်ဆောက်ပုံအရ ကြီးမားခြင်းကြောင့် ရွှေ့ပြောင်းရာတွင် အခက် အခဲများရှိပါသည်။ ထို့အပြင် ပစ်နှုန်းမှာလည်း အလတ်စားအမြောက်များထက် လျော့နည်းပါသည်။ အမြန်ဆုံးပစ်နှုန်းမှာ (၁) မိနစ် (၁) တောင့် နှုန်းထက် ပို၍ မပစ်နိုင်ပါ။
အမြောက်ပစ်ခတ်မှုတွင် ပါဝင်သော အဖွဲ့အစည်းများ၊ ၎င်းတို့၏ တာဝန်များနှင့် ဖွဲ့စည်းပုံ
အကဲကြည့်အဖွဲ့၊ ပစ်မိန့်ပေးအဖွဲ့၊ အမြောက်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှသာ အမြောက်အဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သည့် လိုအပ်သည့်အချိန်၊ လိုအပ်သည့် ပစ်မှတ်နေရာသို့ လိုအပ်သော ကျည်အရေအတွက်အတိုင်း ကျရောက်ပေါက် ကွဲစေနိုင်မည် ဖြစ်ပါသည်။ ထိုအဖွဲ့ (၃) ဖွဲ့နှင့် အထွေအထွေအဖွဲ့၏ လုပ်ငန်း တာဝန်နှင့် ဖွဲ့စည်းပုံများအကြောင်းကို အောက်တွင် အကျဉ်းချုပ်တင်ပြထား ပြီး ဖွဲ့စည်းပုံတွင် ပါဝင်သည့် အရေအတွက်နှင့် ရာထူးများကိုလည်း ဇယားနှင့် တကွ ဖော်ပြထားပါသည်။
အကဲကြည့်အဖွဲ့သည် ပစ်မှတ်နေရာကို ထောက်လှမ်းရှာဖွေခြင်း၊ ပစ်မိန့် ပေးဌာနသို့ ပစ်မှတ်သတင်းများ ပေးပို့ခြင်း၊ ပစ်ခတ်မှုတောင်းခံခြင်းနှင့် အမြောက်ပစ်ခတ်မှုကို ပစ်မှတ်ပေါ်သို့ ကျည်ကျရောက်စေရန် လိုအပ်သလို ပြင်ဆင်ပေးသော အဖွဲ့ဖြစ်ပါသည်။ အမြောက်အဖွဲ့တွင် အကဲကြည့်အဖွဲ့၏ ယခုလက်ရှိ စစ်ဆင်ရေးများတွင် အသုံးပြုနေသော တပ်စိတ်ဖွဲ့စည်းပုံမှာ ဇယား (၁) အတိုင်း ဖြစ်ပါသည်။
ဇယား (၁)
အကဲကြည့်အဖွဲ့၏ ဖွဲ့စည်းပုံ
| တာဝန် | ရာထူး | ဦးရေ |
| အကဲကြည့်အရာရှိ | ဗိုလ်/ဗိုလ်ကြီး | ၁ |
| ပစ်ထောက်အကြပ် | တကက/တက | ၁ |
| ပစ်ထောက်အကူ | တသ | ၁ |
| ဆက်သွယ်ရေး | ဒုတက/တသ | ၁ |
| အကဲကြည့်အကူ | တသ | ၁ |
| စုစုပေါင်း | ၅ | |
ပစ်မိန့်ပေးအဖွဲ့သည် အမြောက်စခန်းတွင်ရှိပြီး အကဲကြည့်အဖွဲ့မှ ပေးပို့သော ပစ်မှတ်သတင်းအချက်အလက်များကို ပစ်ခတ်မှုအချက်အလက်များအဖြစ် ပြောင်းလဲရသည်။ ၎င်းမှ ရရှိသော ပစ်ခတ်မှုအချက်အလက်များကို အမြောက် များပေါ်တွင်တင်၍ ပစ်ခတ်နိုင်ရန် အမိန့်ပေးရသောအဖွဲ့ ဖြစ်ပါသည်။ တပ်စိတ်အဆင့် ပစ်မိန့်ပေးအဖွဲ့တွင် ပါဝင်သောအဖွဲ့ဝင်များမှာ အောက်ပါ ဇယား (၂) အတိုင်း ဖြစ်ပါသည်။
ဇယား (၂)
ပစ်မိန့်ပေးအဖွဲ့၏ ဖွဲ့စည်းပုံ
| တာဝန် | ရာထူး | ဦးရေ |
| ပစ်မိန့်ပေးအရာရှိ | ဗိုလ်/ဗိုလ်ကြီး | ၁ |
| တပ်စိတ်အရာခံဗိုလ် | ဒုအရာခံဗိုလ်/တကက | ၁ |
| ပစ်ထောက်အကြပ် | တကက/တက | ၁ |
| ပစ်ထောက်အကူ | ဒုတက/တသ | ၁ |
| ဆက်သွယ်ရေးအကြပ် | တက/ဒုတက | ၁ |
| ဆက်သွယ်ရေးအကူ | ဒုတက/တသ | ၁ |
| စုစုပေါင်း | ၆ | |
အမြောက်အဖွဲ့သည် ပစ်မိန့်ပေးအဖွဲ့ထံမှ လက်ခံရရှိသော အမိန့်များအရ ပစ်ခတ်မှုအချက်အလက်များအား အမြောက်တွင်တင်၍ ပစ်ခတ်ရသော အဖွဲ့ ဖြစ်ပါသည်။ တပ်စိတ်အဆင့် အမြောက်အဖွဲ့တွင် အမြောက် (၂) လက်ပါ ဖွဲ့စည်းပုံမှာ အောက်ပါ ဇယား (၃) အတိုင်း ဖြစ်ပါသည်။
ဇယား (၃)
တပ်စိတ်အဆင့် အမြောက် (၂) လက်ပါအဖွဲ့ ဖွဲ့စည်းပုံ
| တာဝန် | ရာထူး | ဦးရေ |
| အဖွဲ့ခေါင်းဆောင် | တကက | ၂ |
| ကျည်ထိုးသူ | တသ | ၂ |
| ချိန်တွယ်သူ | ဒုတက | ၂ |
| ချိန်တိုင်စိုက်သူ | တသ | ၂ |
| ကျည်စစ်ဆေးသူ | တသ | ၂ |
| ဒု-အဖွဲ့ခေါင်းဆောင် | တက | ၂ |
| စုစုပေါင်း | ၁၂ | |
အထွေထွေအဖွဲ့သည် အမြောက်အဖွဲ့အတွက် ထောက်ကူမှုလုပ်ငန်းများကို လုပ်ဆောင်ရပြီး ဖွဲ့စည်းပုံမှာ အောက်ပါ ဇယား (၄) အတိုင်း ဖြစ်ပါ သည်။
ဇယား (၄)
အထွေထွေအဖွဲ့၏ ဖွဲ့စည်းပုံ
| တာဝန် | ရာထူး | ဦးရေ |
| အမြောက်ပြင် | ဒုတက | ၁ |
| ဆေးတပ်သား | တသ | ၁ |
| ကျည်သယ် | တသ | ၂ |
| စုစုပေါင်း | ၄ | |
အမြောက် (၂) လက်ပါ တပ်စိတ်ဖွဲ့စည်းပုံတွင် အနည်းဆုံးအင်အား (၂၇) ဦးဖြင့် ဖွဲ့စည်းထားပါသည်။
အမြောက်လက်နက်များ၏ စွမ်းအင်များ
အမြောက်တပ်ဖွဲ့တွင် လက်ရှိအသုံးပြုနေသော အမြောက်လက်နက် များ၏ စွမ်းအင်များကို လက်နက် တစ်ခုချင်းစီအလိုက် သိရှိထားသည်များအား အောက်တွင် ဖော်ပြထားပါသည်။
(၁၂၀) မီလီမီတာ စိန်ပြောင်း (အမ်အေ ၆) (MK-1) (MK-2)
(၁၂၀) မမ စိန်ပြောင်းအမျိုးအစား (၃) မျိုးရှိကာ မြန်မာ့တပ်မတော်တွင် လက်ရှိအချိန်ထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေသော လက်နက်များ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ထုတ်လုပ်၍ အကွာအဝေးအားဖြင့် MK-1 သည် (၈၅၀၀) မီတာ၊ MK-2 သည် (၁၀၀၇၃) မီတာထိ ပစ်ခတ်နိုင်ပါသည်။ အသုံးပြု ပစ်ခတ်နိုင်သော ကျည် အမျိူးအစားမှာ HEER အမျိုးအစားဖြစ်ပါသည်။ (၁၂၀) မမ စိန်ပြောင်းသည် သမားရိုးကျ စိန်ပြောင်းဖြစ်၍ ဒလက်တပ်ထားသည့်ဗုံးကို ပြောင်းမှ ထည့်ကာပစ်ရသည့် ပြောင်းချောလက်နက် တစ်ခုဖြစ်ပါသည်။ စိန်ပြောင်းများသည် အဖြုတ်အတပ် ပြုလုပ်ရာ၌လည်း လွယ်ကူမှုရှိသဖြင့် ရွှေ့ပြောင်းပစ်ခတ်ရာ၌ လျင်မြန်မှုရှိပါသည်။ အပစ်ခလုတ်များ တပ်ဆင်ထား သောကြောင့် ကျည်ဆံကို ပြောင်းထဲကြိုတင်ထည့်ထားပြီး လိုအပ်သောအချိန် မှသာ ပစ်ခတ်နိုင်ပါသည်။ အားနည်းချက်အနေဖြင့် ပစ်မှတ်များသို့ ပစ်ခတ်ရာ ၌ တိကျမှုမရှိခြင်း၊ ကျည် အကုန်အကျများခြင်းနှင့် ရန်သူမှ အလွယ်တကူ ရှာဖွေနိုင်ခြင်းတို့ ဖြစ်ပါသည်။
(၇၆) မီလီမီတာ (အမ်-၄၂) (အမ်-၄၈)
(၇၆ မမ) အမြောက်များကို ယူဂိုဆလားဗီးယားနိုင်ငံမှ ထုတ်လုပ်ပြီး အကွာ အဝေးအားဖြင့် (အမ်-၄၂) သည် (၁၃၂၉၀) မီတာ၊ (အမ်-၄၈) သည် (၈၈၆၀) မီတာထိ ပစ်ခတ်နိုင်ပါသည်။ အသုံးပြုနိုင်သော ကျည်အမျိုးအစားများမှာ ခွင်း ကျည်၊ ဖောက်ကျည် (၂) မျိူးသာ ဖြစ်ပါသည်။ (၇၆ မမ) အမြောက်များသည် ယာဉ်ဆွဲ၊ ဝန်တင်တိရစ္ဆာန်ဆွဲအဖြစ် အသုံးပြုနိုင်ရန် ပြုလုပ်ထားသည့် သမားရိုးကျအမြောက်ဖြစ်ပါသည်။ ထိုအမြောက်များ၏ အားသာချက်မှာ အထူးကိရိယာမသုံးဘဲ အပိုင်းပိုင်းဖြုတ်နိုင်ခြင်း၊ ပစ်နှုန်းကောင်းခြင်းနှင့် ပေါ့ပါး မှုပင်ဖြစ်သည်။ အမြောက်တွင် အလိုအလျောက် ဖွင့်ပိတ်သည့် နောက်ပိတ်အုံ ပါရှိခြင်းကြောင့် တစ်မိနစ်လျှင် (၂၅) တောင့်ထိ ပစ်ခတ်နိုင်ပါသည်။ အားနည်း ချက်မှာ ကျည်အမျိူးအစား စုံလင်စွာ အသုံးမပြုနိုင်ခြင်းပင် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အမြောက်တပ်ဖွဲ့တွင် အသုံးပြုခြင်း မရှိတော့ဘဲ ခြေလျင်၊ ခြေမြန်တပ်မဌာနချုပ်များရှိ အကူပစ်လက်နက်တပ်ခွဲများတွင် အသုံးပြုပစ်ခတ် လျက် ရှိပါသည်။
(၂၅) ပေါင်ဒါအမြောက်
(၂၅) ပေါင်ဒါအမြောက်များကို အင်္ဂလန်နိုင်ငံက ထုတ်လုပ်ထားပါသည်။ အကွာအဝေးအားဖြင့် (၁၂၂၅၃) မီတာထိ ပစ်ခတ်နိုင်ပါသည်။ အသုံးပြုနိုင်သော ကျည်အမျိုးအစားများမှာ ခွင်းကျည်၊ ဖောက်ကျည်၊ မှိုင်းကျည်၊ လင်းကျည် စသည်ဖြင့် ကျည်အမျိုးအစား စုံလင်စွာအသုံးပြုနိုင်ပါသည်။ ၎င်းအမြောက် သည် ဗမာ့လွတ်လပ်ရေးတပ်မတော် မှ ပထမဆုံးအသုံးပြုသည့် မြေပြင်ပစ် အမြောက်ဖြစ်ပါသည်။ ထူးခြားမှုမှာ အောက်ခံခုံပါရှိပြီး ချိန်တွယ်မှုစနစ် အနေဖြင့် ဒီဂရီစနစ်အသုံးပြုကာ (၃၆၀) ဒီဂရီ လှည့်ပတ်ပစ်ခတ်နိုင်ပါသည်။ ယမ်းအားပြင်း အသုံးပြုလျှင် ပြောင်းစားမှု အလွန်များပြီး အမြောက်နာသဖြင့် သာမန်အချိန်တွင် အသုံးမပြုရန် ကန့်သတ်ထားပါသည်။ အလွယ်တကူဖြုတ် ယူ၍ မရသဖြင့် ရွှေ့ပြောင်းသယ်ယူရန် အခက်အခဲရှိပါသည်။ လက်ရှိအချိန် တွင် ၎င်းအမြောက်များအား ကုန်းစခန်းများတွင် အသုံးမပြုဘဲ ကျွန်းစခန်း များ၌ ပင်လယ်ပြင် စိုးမိုးရေးများတွင်သာ အသုံးပြုလျက်ရှိပါသည်။
(၁၀၅) မီလီမီတာ ဟောင်ဝပ်ဇာ (အမ်၂အေ၁) (အမ်-၅၆)
(အမ်၂အေ၁) ဟောင်ဝပ်ဇာအား အမေရိကန်နိုင်ငံမှ ထုတ်လုပ်ပြီး (အမ်-၅၆) အား ယူဂိုဆလားဗီးယားနိုင်ငံမှ ထုတ်လုပ်ထားပါသည်။ အကွာအဝေးအားဖြင့် (အမ်၂အေ၁) သည် (၁၁၂၇၄) မီတာ၊ (အမ်-၅၆) သည် (၁၈၀၈၄) မီတာထိ ပစ်ခတ်နိုင်ပါသည်။ အသုံးပြုနိုင်သော ကျည်အမျိုးအစားများဖြင့် ခွင်းကျည်၊ မီးစုန်းကျည်၊ မှိုင်းကျည်၊ လင်းကျည်၊ ဖောက်ကျည်များအား အသုံးပြုပစ်ခတ် နိုင်ပါသည်။ (၁၀၅ မမ) အမြောက်များသည် (၆၅) ဒီဂရီထိ ထောင့်အား လွယ်ကူစွာ မြှင့်တင်နိုင်သဖြင့် တောင်ပေါ်ဒေသစစ်ဆင်ရေးများတွင်လည်း ကောင်းစွာအသုံး ပြုနိုင်ပါသည်။ အမြောက်အား အပိုင်းပိုင်းဖြုတ်ရန် မလွယ်ကူ သဖြင့် စစ်ဆင်ရေးများသို့ ရွှေ့ပြောင်းရပါက ရဟတ်ယာဉ်များဖြင့် ချိတ်ဆွဲ၍ ရွှေ့ပြောင်းရပါသည်။ လက်ရှိ ရှေ့တန်းအမြောက်စခန်းများတွင် အသုံးများ သော အမြောက်များ ဖြစ်ပါသည်။
(၁၂၂) မီလီမီတာ ဟောင်ဝပ်ဇာ (ဒီ-၃၀-၂)
(၁၂၂ မမ) အမြောက်အား တရုတ်နိုင်ငံတွင် ထုတ်လုပ်၍ အကွာဝေးအားဖြင့် (၂၂၀၀၀) မီတာထိ ပစ်ခတ်နိုင်ပါသည်။ အသုံးပြုနိုင်သော ကျည်အမျိုးအစား များမှာ HE, HEER/FB, HEERFB/BB တို့ဖြစ်ပါသည်။ အမြောက်ပြောင်းအား (၆၅) ဒီဂရီထိ ကောင်းစွာမြှင့်တင်နိုင်ပါသည်။ ယခုနောက်ပိုင်းတွင် ဖြစ်ပွား လာသော တောင်ပေါ်ဒေသ စစ်ဆင်ရေးများတွင် အသုံးပြုပစ်ခတ်လာပါသည်။ စစ်ဆင်ရေး ဖြစ်ပွားလျက်ရှိသော တောင်ပေါ်ဒေသများတွင် အခြေချစခန်းများ တည်ဆောက်၍ ပစ်ကူပေးဆောင်ရွက်လျက် ရှိပါသည်။
(၁၅၅) မီလီမီတာ ဟောင်ဝပ်ဇာ (KH-179) (M-845) (K-0) (SH-1)
(၁၅၅ မမ) အမြောက်များသည် မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့ရှိ အကြီး မားဆုံးသော အမြောက်များပင်ဖြစ်သည်။ KH-179 အား တောင်ကိုရီးယား နိုင်ငံမှထုတ်လုပ်ပြီး အကွာအဝေးအားဖြင့် (၂၇၉၀၀) မီတာထိ ပစ်ခတ်နိုင်ကာ အသုံးပြုနိုင်သော ကျည်အမျိုးအစားမှာ ခွင်းကျည် (HE M-107/ERFB-BB) ဖြစ်ပါသည်။ အမြောက်တည်ဆောက်ပုံမှာ ကြီးမားလွန်းကာ လူအင်အားဖြင့် သာ လုပ်ဆောင်ရသဖြင့် ယခုအချိန်ထိ သုံးစွဲခြင်းမရှိဘဲ သိမ်းဆည်းထားသော အမြောက် ဖြစ်ပါသည်။
M-845 အမြောက်အား အစ္စရေးနိုင်ငံမှ ထုတ်လုပ်ကာ အကွာဝေးအားဖြင့် (၃၉၀၀၀) မီတာထိ ပစ်ခတ်နိုင်ပြီး အသုံးပြုနိုင်သော ကျည်အမျိုးအစားများမှာ (HE M-107/ERFB-BB) ဖြစ်ပါသည်။ ၎င်းအမြောက်တွင် အကူမောင်းနှင်စက် (APU) စနစ်တပ်ဆင်ထားသဖြင့် အမြောက်ပစ်ခတ်ရန် ပြင်ဆင်သည့်အချိန် တွင် လူအား တစ်ဝက်၊ စက်အား တစ်ဝက်စနစ်ဖြင့် အသုံးပြုနိုင်ပြီး အမြောက် များကို စခန်းတွင်း နေရာရွှေ့ပြောင်းပါကလည်း အကူမောင်းနှင်စက် အသုံးပြု ၍ မောင်းနှင်နိုင်ပါသည်။ သို့သော် ခရီးဝေးမောင်းနှင်နိုင်ခြင်း မရှိပါ။ အမြောက် တည်ဆောက်ပုံမှာ ကြီးမားလွန်းသဖြင့် သယ်ယူရွှေ့ပြောင်းရန် အခက်အခဲများ ရှိပါသည်။ ယင်းအမြောက်များအား ရဟတ်ယာဉ်ဖြင့် ချိတ်ဆွဲသွားလာခြင်းမျိုး တွေ့မြင်ဖူးခြင်း မရှိသေးပါ။ ယခုနောက်ပိုင်း စစ်ဆင်ရေးများတွင် ပစ်ကူပေး ဆောင်ရွက်လျက်ရှိပြီး ရှေ့တန်းကျကျ လိုက်ပါဆောင်ရွက်ခြင်းမရှိဘဲ နောက် ချန်တပ်ရင်းများမှနေ၍ ပစ်ကူပေးဆာင်ရွက်လျက်ရှိပါသည်။
K-0 အမြောက်သည် ယူဂိုဆလားဗီးယားနိုင်ငံမှ ထုတ်လုပ်ပြီး အကွာဝေး အားဖြင့် (၄၁၀၀၀) မီတာထိ ပစ်ခတ်နိုင်ကာ အသုံးပြုနိုင်သော ကျည်အမျိုး အစားမှာ ခွင်းကျည် (ERFB-BB) ဖြစ်ပါသည်။ K-0 အမြောက်သည် မြန်မာ့ တပ်မတော် ပစ္စည်းဝယ်ယူရေးအဖွဲ့နှင့် အမြောက်တပ်ဖွဲ့ခေါင်းဆောင်တို့ ဝယ် ယူမှုများတွင် အညံ့ဖျင်းဆုံးသော ဝယ်ယူမှုဖြစ်သည်။ တန်ဖိုးကြီးမားစွာဖြင့် ဝယ်ယူထားရသော်လည်း လက်ရှိချိန်ထိ တပ်ရင်းများသို့ ဖြန့်ပေးနိုင်ခြင်းမရှိဘဲ စမ်းသပ်ခြင်းနှင့်သာ ချောင်ထိုးထားရသော အမြောက်ဖြစ်ပါသည်။
SH – 1 အမြောက်သည် တရုတ်နိုင်ငံမှ ထုတ်လုပ်ပြီး အကွာဝေးအားဖြင့် HE ERFB ကျည်ဖြင့် (၃၂) ကီလိုမီတာ၊ HE ERFB-BB ကျည်ဖြင့် (၄၁) ကီလို မီတာ၊ HE ERFB-BB RAP ကျည်ဖြင့် (၅၂) ကီလိုမီတာ ပစ်ခတ်နိုင်ပါသည်။ ၎င်းအမြောက်များသည် ယာဉ်တင်အမြောက်များဖြစ်သဖြင့် ရွှေ့ပြောင်းပစ် ခတ်ရာ၌ လွယ်ကူစွာ လှုပ်ရှားသွားလာနိုင်သည်။ အားနည်းချက်မှာ နည်းပညာ သုံး ပစ်ခတ်ရသဖြင့် နည်းပညာကျွမ်းကျင်သော စစ်သည်များ လိုအပ်ပါသည်။
အမြောက်တပ်ဖွဲ့၏ သမိုင်းကြောင်းအစဉ်အလာ
အမြောက်တပ်ဖွဲ့သည် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဗိုလ်ကြီး ရဲထွန်းဦးစီးသည့် စစ်သည် (၆၃) ဦးက အင်းစိန်တိုက်ပွဲ၌ အမြောက်ပစ်ကူ ပေးရင်း ပေါ်ပေါက်ခဲ့သော တပ်ဖွဲ့ဖြစ်ပါသည်။ စတင်ပေါ်ပေါက်လာချိန်မှ ၁၉၉၀ ခုနှစ်ထိ အမြောက်တပ်ဖွဲ့တွင် အမြောက်တပ်ရင်း (၄) ရင်း၊ ဗဟို အမြောက်တပ် (၁) တပ်၊ လေယာဉ်ပစ်အမြောက် တပ်ခွဲ (၁) ခွဲ၊ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းတွင် အမြောက်သင်တန်းဌာနခွဲ (၁) ခုနှင့် သရုပ်ပြဌာနခွဲ (၁) ခွဲသာရှိခဲ့ပြီး အမြောက်လက်နက်များအနေဖြင့် (၇၆ မမ) အမြောက်၊ (၂၅) ပေါင်ဒါ အမြောက်၊ (၁၀၅ မမ) အမြောက်၊ (၁၂၀ မမ) စိန်ပြောင်းတို့သာ တပ်ဆင်ထားမှု ရှိခဲ့သည်။ တပ်ရင်းတစ်ရင်းတွင် စစ်သည် အင်အား (၆၀၀-၇၀၀) ကျော်ဖြင့် တပ်ရင်းတစ်ရင်း အင်အားအတိုင်း ဖွင့်လှစ် နိုင်ခဲ့ပါသည်။
တပ်မတော်မှ တိုင်းရင်းသားပြည်သူများအပေါ် ဝါဒဖြန့်မှုများ
တပ်မတော်မှ ခေါင်းဆောင်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုသော ‘ဒို့တာဝန်အရေး (၃) ပါး’ ကို လက်ကိုင်စွဲပြီး တိုင်းရင်းသား အဖွဲ့ အစည်းများအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်နှိပ်စက်ခဲ့ပါသည်။ တပ်မတော်အနေဖြင့် ၎င်းတို့၏ ဝါဒဖြန့် သတင်းစာစောင်များ၊ မဂ္ဂဇင်းများ၊ ရုပ်သံသတင်းဌာနများ၊ ဇာတ်လမ်းများတွင် တိုင်းရင်းသားအဖွဲ့အစည်းများ သည် ပြည်သူများအပေါ် ဆက်ကြေးကောက်ခံခြင်းများနှင့် အနိုင်ကျင့်နှိပ်စက် မှုများ အပါအဝင် တရားမဝင် မှောင်ခိုလုပ်ကိုင်နေမှုများကို ဖော်ပြ၍ ပြည်သူ များမှ တိုင်းရင်းသားအဖွဲ့အစည်းများအပေါ် ယုံကြည်မှု ကင်းမဲ့အောင်ပြုလုပ် ခြင်း၊ ကြောက်လန့်အောင် ခြောက်လှန့်ခြင်း၊ အတွေးအမြင်များ မှားယွင်း အောင် ပြုလုပ်၍ ဝါဒဖြန့် ရေးသားဖော်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
တပ်မတော်မှ တိုင်းရင်းသားနယ်မြေဒေသများကို ဖျက်ဆီးခြင်း
တပ်မတော်မှ ခေါင်းဆောင်များသည် တစ်ဖက်တွင် ဝါဒဖြန့်သတင်းများ ထုတ်လွှင့်လျက်ရှိပြီး တစ်ဖက်တွင် တိုင်းရင်းသားဒေသများသို့ သွားရောက်၍ စစ်စခန်းများ တိုးချဲ့တည်ဆောက်ခြင်းများ ပြုလုပ်ကာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများသို့ သွားရောက်ရန်စပြီး စစ်ကို ဖော်ဆောင်လျက်ရှိပါ သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြေပြင်တွင် ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီး အကျအဆုံး ဆုံးရှုံးမှု များစွာရှိသည့် တပ်မတော် သည် အမြောက်လက်နက်ကြီးများဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျေးရွာ များသို့ ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် ကျေးရွာသူရွာသားများ ကြောက်လန့် အောင် ခြောက်လှန့်ခြင်းများနှင့် ရန်သူ့အမာခံကျေးရွာများ ဟုဆိုကာ ကျေးရွာ များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်တတ်ကြပါသည်။ တပ်မတော်နှင့် တိုက် ပွဲတစ်ခုဖြစ်ပွားလာပါက နယ်မြေခံကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ၊ ဒေသခံများအား နှိပ်စက်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားအဖွဲ့ အစည်းများအား တပ်မတော်အပေါ် ထပ်မံတိုက်ခိုက်ခြင်းမျိုး မရှိတော့စေရန် ပြုလုပ်လျက်ရှိပါသည်။ စခန်းကုန်းသိမ်းတိုက်ပွဲများတွင် တပ်မတော်အနေဖြင့် အကြိမ်ကြိမ် တိုက်ခိုက်သော်ငြားလည်း သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ကျဆုံးစစ် သည်သာ များပြားလာသဖြင့် အမြောက်ပစ်ကူပေးရန် တောင်းဆိုလာကြပါ သည်။ တပ်မတော်အနေဖြင့် တိုက်ပွဲများဖြစ်ပွားပါက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများကို အဓိကထား၍ တိုက်ခိုက်ခဲ့ကြပါသည်။ ယင်းပစ်ကူ များတွင်မှ ခြေလျင်တပ်ရင်း/တပ်ဖွဲ့များဖြင့် လိုက်ပါ၍ ပစ်ကူပေးသော အမြောက်၏ ပစ်အားကိုယူကာ တိုက်ပွဲများ ဆင်နွှဲလျက်ရှိပါသည်။
အမြောက်တပ်ဖွဲ့အနေနှင့် လွတ်လပ်ရေးရပြီးချိန်မှ ၁၉၉၀ အလွန်ကာလ များအထိ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်းများ စွာမှ ခြေလျင်တပ်နှင့်လိုက်ပါ၍ ပစ်ကူပေးဆောင်ရွက်ရာ၌ အောင်မြင်မှုများစွာ ရရှိခဲ့သော တိုက်ပွဲပေါင်းများစွာ ရှိခဲ့ပါသည်။ ထိုတိုက်ပွဲများစွာမှ ၁၉၇၁ ခုနှစ်၊ ကွမ်လုံရက် (၄၀) တိုက်ပွဲ (ဗကပ – ရမခ နယ်မြေ)၊ ၁၉၇၃ ခုနှစ်၊ စီစီဝမ်တာပန် (ဗကပ – ရမခ နယ်မြေ)၊ ၁၉၈၃ ခုနှစ်၊ ရန်ငြိမ်းအောင် စစ်ဆင်ရေး (KNU မော်ဖိုးကေဒေသ – ရတခနယ်မြေ)၊ ၁၉၈၈ ခုနှစ်၊ မဲသဝေါ၊ မော်ဖိုးကေ၊ ဝါခဟောင်း၊ ဝါခသစ် ဒေသ စစ်ဆင်ရေး (KNU – ရတခ နယ်မြေ)၊ ၁၉၈၉ ခုနှစ်၊ ဝါခသစ် စစ်ဆင်ရေး၊ ဖလူးဒေသ စစ်ဆင်ရေး (KNU – ရတခ နယ်မြေ) များသည် အမြောက်တပ်ဖွဲ့ရှိ စစ်သည်များ၏ မှတ်တမ်းတင်ခြင်းခံရသော၊ ဂုဏ်ပြုဆုတံဆိပ်များရရှိခဲ့သော တိုက်ပွဲများ ဖြစ်ပါသည်။ တပ်မတော်အနေ ဖြင့် တိုက်ပွဲများတွင် အောင်မြင်သည် ဆိုသော်လည်း လွယ်လွယ်ကူကူ အောင်မြင်ခဲ့ခြင်း မဟုတ်ဘဲ ကျဆုံးသွားသော စစ်သည်တို့၏ အသက်ပေါင်း များစွာနှင့် ဒဏ်ရာရစစ်သည်တို့၏ ကိုယ်လက်အင်္ဂါများ များစွာပေးဆပ်ခြင်းမှ ရရှိလာခဲ့သော အောင်မြင်မှုမျိုးဖြစ်ပါသည်။
အောင်မြင်သွားကြသော စစ်ခေါင်းဆောင်များ
တပ်မတော်မှ အောင်မြင်ခဲ့သော တိုက်ပွဲများ၌ အောင်မြင်ခဲ့ရသည့် အကြောင်း အရင်းများမှာ တပ်ရင်း၊ တပ်ဖွဲ့များတွင် အင်အားပြည့်မီအောင်ထားရှိနိုင်ခြင်း၊ စစ်သည်များသည် တိုက်ခိုက်လိုစိတ် မြင့်မားခြင်း၊ ခံယူချက်များ အပြည့်အဝရှိ နေခြင်း၊ ပစ်ကူပေးအမြောက်များမှ အဆက်မပြတ်ပစ်ကူများပေး၍ ပစ်အားဖြင့် လွှမ်းမိုးထားနိုင်ခြင်း၊ လက်နက်ခဲယမ်းများ စိတ်ကြိုက် အသုံးပြုနိုင်ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် တန်ပြန်ပစ်ခတ် နိုင်သည့် လက်နက်ကြီးများ မရှိခြင်းနှင့် လက်နက်ခဲယမ်းများ လုံလောက်စွာ တပ်ဆင် နိုင်ခြင်း မရှိခြင်းတို့ကြောင့်ဖြစ်သည်။
ခေါင်းဆောင်များသည် တိုက်ပွဲများ တိုက်ခိုက်ရာ၌ ကျဆုံး/ဆုံးရှုံးသွား သော စစ်သည်များ၏ အရေအတွက်ကို ဂရုမစိုက်ဘဲ တိုက်ပွဲအောင်မြင်မှ မိမိ ရာထူးတိုးတက်မည်ဖြစ်သဖြင့် မိမိရာထူး တိုးတက်ရေးအတွက်သာ တိုက်ခိုက် နေကြခြင်းဖြစ်ပါသည်။ စစ်ခေါင်းဆောင်များသည် တိုက်ပွဲများ ဖော်ဆောင် ခြင်းဖြင့် ရရှိလာသော စစ်အသုံးစရိတ်များစွာအား မိမိတို့၏ အကျိုးစီးပွား အ တွက်သာ အသုံးပြုကြပါသည်။ တပ်မတော်သည် “တို့တာဝန်အရေး (၃) ပါး” ကို ဦးထိပ်ပန်ဆင်ထားသည်ဆိုသော်လည်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကို အဓိကဖော်ဆောင်ခြင်း မရှိဘဲ မိမိတို့ ရာထူးတိုးမြင့်ရေးနှင့် မိမိတို့ အကျိုးစီးပွားရေးတို့ကိုသာ အလေးပေးပြီး တိုင်းရင်းသားဒေသများသို့ သွားရောက်၍ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိပါသည်။ တိုက်ပွဲတစ်ခု ဖြစ် ပွားပါက နောက်ဆုံး အကျိုးမြတ် ရရှိသူများမှာ တပ်မတော်မှ စစ်ခေါင်းဆောင် များဖြစ်ပြီး အသက်မသေဘဲ ကျန်ရှိစစ်သည်များအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူ ကြောင်းဆိုသော မှတ်တမ်းစာရွက်ကလေးသာ ရရှိကြပါသည်။
တိုးချဲ့တည်ဆောက်လာသော တပ်ရင်း/တပ်ဖွဲ့များဖွဲ့စည်းပုံ
၁၉၉၀ ခုနှစ်တွင် နိုင်ငံတော်အုပ်ချုပ်ရေးကို တပ်မတော် သိမ်းယူထားချိန်၌ တပ်ရင်း/တပ်ဖွဲ့များအား တိုးချဲ့ဖွဲ့စည်းရာ အမြောက်တပ်သည် ယခင် တပ် ရင်း (၄) ရင်းသာ ရှိခဲ့သော်လည်း ယခုချိန်တွင် တပ်ရင်း/တပ်ဖွဲ့ပေါင်း (၁၀၇) ခုထိ တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ တပ်မဌာနချုပ်ပေါင်း (၁၀) ခုနှင့် တပ်မဌာနချုပ် တစ်ခု တွင် တပ်ရင်းနံပါတ် (၂) နှင့်စတင်သည့် ပစ်မှတ်ရှာဖွေ ရေးတပ်ရင်း (၁) ရင်း၊ တပ်ရင်းနံပါတ် (၃) နှင့်စတင်သည့် မြေပြင်ပစ် အမြောက်တပ်ရင်း (၉) ရင်း၊ တပ်ရင်းနံပါတ် (၄) နှင့်စတင်သည့် လေယာဉ်ပစ် အမြောက်တပ်ရင်း (၁) ရင်း၊ တပ်ရင်းနံပါတ် (၅) နှင့်စတင်သည့် အမြောက်ကြီး တပ်ရင်း (၁) ရင်း စုစုပေါင်း တပ်ရင်း (၁၂) ရင်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ တိုးချဲ့ တည်ဆောက်ခဲ့သော တပ်ရင်းများတွင် တပ်ရင်းတည်ဆောက်ပုံအရ အင်အား (၆၀၀-၇၀၀) ကျော်ဖြင့် ဖွဲ့စည်းရမည်ဖြစ်သော်လည်း ဖွဲ့စည်းပုံအတိုင်း မဖွဲ့ စည်းနိုင်သဖြင့် အကြံပြုဖွဲ့စည်းပုံ ထပ်မံရေးဆွဲ၍ တပ်ရင်း (၁) ရင်းလျှင် (၁၅၀) ခန့်ဖြင့် ဖွဲ့စည်းရန် ပြင်ဆင်ခဲ့ပါသည်။ သို့သော်လည်း လက်ရှိအမြောက်တပ် များတွင် (၁၀၀) ဦး ပင်ပြည့်မီအောင် မဖွဲ့စည်းနိုင်ပေ။
လိုအပ်ချက်များစွာနှင့် လူသစ်စုဆောင်းနေမှုများ
တပ်မတော်အနေဖြင့် သတ်မှတ်အင်အားပြည့်မီအောင် ဆောင်ရွက်ရာ၌ သတ် မှတ်အရည်အချင်းများကို မကြည့်ဘဲ အရေအတွက်ရရှိရေးကိုသာ အဓိကထား ပြီး စုဆောင်းလာပါသည်။ အာဏာမသိမ်းမီကာလအထိ တပ်မတော်တွင်းသို့ ဝင်ရောက်လာသော စစ်သည်အရေအတွက်သည် အင်မတန် နည်းပါးလျက်ရှိခဲ့ ပါသည်။ တပ်ရင်း/တပ်ဖွဲ့များသည် တပ်သားသစ် ရရှိရန်အတွက် ဝယ်ယူ စုဆောင်းမှုများ ပြုလုပ်လာရသည်အထိ တပ်သားသစ် စုဆောင်းရေးသည် တပ်မတော်အတွက် ဈေးကွက်တစ်ခုဖြစ်လာပါသည်။ ဝင်ရောက်လာသော စစ်သည်များမှာမူ တပ်သားသစ်စုဆောင်းသည့် အရာရှိ၊ စစ်သည်များ၏ သွေးဆောင်ဖြားယောင်းခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ အဓမ္မ စုဆောင်းခြင်း၊ ငွေကြေးဖြင့် ဝယ်ယူခြင်းစသော တရားဝင်လူကုန်ကူးခြင်း ခံရသည့် စစ်သည် များဖြစ်သဖြင့် အခြေခံစိတ်ဓာတ်နည်းပါးလာသည်ကို တွေ့ရပါသည်။
သတ်မှတ်ချက်အရ စုဆောင်းရရှိသည့် တပ်သားသစ်များ၏ ပညာ အရည် အချင်းသည် အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ရမည် ဖြစ်သော် လည်း အတန်းပညာအရည်အချင်းမရှိသည့် တပ်သားသစ်များကိုပါ စုဆောင်း လာကြပါသည်။ တပ်သားသစ်များလက်ခံသည့် စုဆောင်းရေးတပ်များနှင့် စစ်အခြေခံလေ့ကျင့်ရေးကျောင်းသည် သတ်မှတ်ထားသည့် အရည်အချင်းများ ကို မကြည့်ဘဲ ငွေကြေးတစ်ခုတည်းကိုသာ ကြည့်ပြီး လက်ခံကြသဖြင့် တပ်ဖွဲ့ ကောင်းရာကောင်းကျိုး မကြည့်၊ တပ်ဖွဲ့အပေါ် စေတနာမထား၊ မိမိကောင်းရာ ကောင်းကျိုးကိုသာ ကြည့်ပြီး စီးပွားရှာလုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။
အင်အားလျော့နည်းခြင်းနှင့် စစ်သည်များ၏ တာဝန်များ
လက်ရှိ အမြောက်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေကြသော စစ်သည်များ အနေဖြင့် အကြံပြုဖွဲ့စည်းပုံအတိုင်း အင်အားပြည့်မီအောင် မဖြည့်တင်းနိုင် သော်လည်း လုပ်ကိုင်နေရသော လုပ်ငန်းများမှာမူ တပ်ရင်းဖွဲ့စည်းပုံပါအတိုင်း လုပ်ကိုင်ဆောင်ရွက်နေကြရပါသည်။ တပ်ရင်း တစ်ရင်းလျှင် စစ်ဆင်ရေး၊ လုံခြုံရေး၊ သင်တန်းတက်၊ ယာယီတာဝန်၊ ဆေးရုံတက်၊ ခွင့်မဲ့ပျက်ကွက်များ ထုတ်နုတ်ပြီးပါက တပ်တွင်း အမှန်တကယ်ကျန်ရှိသည့် အင်အားမှာ (၃၀-၄၀) ဦးသာရှိပါသည်။ ကျန်ရှိစစ်သည်အင်အားဖြင့် တပ်ရင်းလုပ်ငန်းများ လုပ်ကိုင် ကြရာတွင် စစ်သည်တစ်ဦး၏ တာဝန်မှာ (၁) ခုအစား (၃-၄) ခုခန့် တာဝန်ယူ ဆောင်ရွက်ကြရသဖြင့် စစ်သည်များသည် မိမိတို့အား ပေးအပ်ထားသည့် မူလတာဝန်များ၊ အမြောက်တပ်ဖွဲ့၏ အသက်ဖြစ်သော အမြောက်ပညာရပ် များကို လေ့လာနိုင်ခြင်းမရှိဘဲ အထက်က ပေးအပ်ထားသော တာဝန်များနှင့် သာ အချိန်ကုန်နေကြရပါသည်။
အထက်ဌာန အကြီးအကဲများသည် လေးလပတ်ကာလအတွင်း တပ်ရင်း (၁) ရင်းလျှင် (၃) ကြိမ် စစ်ဆေးရမည့် မူဝါဒအတိုင်း လိုက်လံစစ်ဆေး လျက် ရှိပါသည်။ ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မိမိလက်အောက်ရှိ တပ်ရင်းများ၏ လုပ်ကိုင်နေရပုံ အခြေအနေကို မကြည့်ရှုဘဲ မိမိတို့ မှတ်တမ်း ဓာတ်ပုံများ ရရှိရေးကိုသာ အဓိကထား ဦးတည်၍ စစ်ဆေးကြပြီး တပ်ရင်း များ၏ လိုအပ်ချက်၊ စစ်သည်များ၏ လိုအပ်ချက်များကို လျစ်လျူရှုထားကြ ပါသည်။ တပ်ရင်းမှူးများအနေဖြင့် မိမိရာထူးတိုးမြင့်ရေးကိုသာ အဓိကထား လုပ်ကိုင်နေကြပြီး မိမိအလုပ်ပြီးမြောက်ရန်သာ ကြည့်ရှုကြကာ လက်အောက် တွင် အမှန်တကယ် လုပ်ကိုင်နေရသော မိမိစစ်သည်များ အဆင်ပြေ/မပြေ ကြည့်ရှုပေးခြင်း မရှိပေ။ ဥပမာ စစ်သည်များအနေဖြင့် မနက်မိုးလင်း ကြံ့ခိုင် ရေးချိန်များတွင် ကြံခိုင်ရေး ပြုလုပ်ရခြင်းမရှိဘဲ တပ်ရင်းသာယာလှပရေးလုပ် ငန်းများ လုပ်ကိုင်ကြရပါသည်။ တချို့ခေါင်းဆောင်များသည် “ကြံ့ခိုင်ရေးလုပ် တာလည်း ချွေးထွက်တာပဲ။ ပေါက်တူးကိုင်တာလည်း ချွေးထွက်တာပဲ။ ပေါက် တူးကိုင်တာက ကျန်းမာရေးပိုကောင်းတယ်” ဟုဆိုကာ ကြံ့ခိုင်ရေးချိန်များတွင် တပ်ရင်း သာယာလှပရေးလုပ်ငန်းများ လုပ်ဆောင်စေပါသည်။ ကျန်ရှိသော တာဝန်ချိန်များတွင် မိမိအား ပေးအပ်ထားသော လုပ်ငန်းများကို လုပ်ကိုင်ကြရ ပါသည်။ ညပိုင်းတွင်လည်း ကင်းစောင့်တာဝန်အား အင်အားမလုံလောက် သဖြင့် နေ့စဉ်နီးပါး ကင်းစောင့်တာဝန် ထမ်းဆောင်ကြရပါသည်။ ကင်းစောင့် နေချိန် အတွင်းတွင်ပင် ပေးအပ်ထားသော လုပ်ငန်းများ မပြီးပြတ်သဖြင့် ဆက်လက် လုပ်ကိုင်ဆောင်ရွက်ကြရပါသည်။ လူပျိုစစ်သည်များတွင် နားချိန် မရှိသလို မိသားစုရှိသော စစ်သည်များမှာလည်း မိသားစုအပေါ် အချိန် မပေး နိုင်ဘဲ လုပ်ကိုင်နေကြရသည်။ လက်ရှိ အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း လက်ရုံးတပ်ဖွဲ့တပ်ရင်းများသည် လုံခြုံရေးတာဝန်ကိုပါ ထမ်းဆောင်နေကြရပါ သည်။ ခြေလျင်တပ်ရင်းများမှ အင်အားထုတ်နုတ်နိုင်ခြင်း မရှိသဖြင့် လက်ရုံး တပ်ဖွဲ့ဝင်များအနေဖြင့် မြို့ပေါ်၊ ဘဏ်၊ စာသင်ကျောင်း၊ ဆေးရုံနှင့် တာဝါတိုင် လုံခြုံရေးတာဝန်များကိုပါ ထပ်မံ တာဝန်ယူ ဆောင်ရွက်နေကြရပါသည်။
တပ်မတော်၏ ဆောင်ပုဒ်ဖြစ်သော ‘တပ်နေပျော်၍ စစ်တိုက်တော်ရမည်’ ဆိုသော်လည်း လူပျိုစစ်သည်များမှာ တပ်နေ မပျော်၍ ခွင့်မဲ့များ များပြား လာကာ အိမ်ထောင်သည်စစ်သည်များမှာလည်း ရှေ့တန်းစစ်ဆင်ရေးများသို့ လိုက်ပါနိုင်ရန် ဆန္ဒပြုတောင်းဆိုကြပြီး စစ်ဆင်ရေးပြီးသင်တန်းများသို့ တက်ရောက်ကြကာ နောက်တန်းဌာနချုပ်များတွင် နေလိုသော စစ်သည်များ နည်းပါးလျက်ရှိကြပါသည်။
ခေတ်မီလက်နက်များ တပ်ဆင်နိုင်မှု အခြေအနေ
အမြောက်များအား ရှေ့တန်းစစ်မြေပြင်တွင် အသုံးပြုရခြင်း အဓိကအကြောင်း အရင်းမှာ ပစ်အားရရှိစေရန် အတွက်ဖြစ်ပါသည်။ အဆိုပါပစ်အားကို အသုံးပြု ကာ ရန်သူကို ခေါင်းမထောင်နိုင်စေခြင်းဖြင့် စွမ်းအားနှိမ်ထားရန် ဖြစ်ပါသည်။ အမြောက်စခန်းများအနေဖြင့် ပစ်ကူယူခြေလျင်တပ်များနှင့် လိုက်ပါ၍ အနီးကပ်ပစ်ကူပေးရသဖြင့် ရန်သူမှ တန်ပြန်ပစ်ခတ်လာနိုင်သည့် စိန်ပြောင်း၊ အမြောက်များရန်မှ ကာကွယ်ပေးရန်လိုအပ်ခြင်း၊ အမြောက်များ ပစ်ခတ်ရန် နေရာယူပြီးနောက် လျင်မြန်စွာ နေရာရွှေ့ပြောင်းရန် ခက်ခဲခြင်း၊ အိမ်နီးချင်း နိုင်ငံများ၏ လက်နက်များ တိုးချဲ့တပ်ဆင်လာမှုနှင့် စစ်ဗျူဟာ၊ နည်းဗျူဟာ အပြောင်းအလဲများကြောင့် အမြောက်တပ်ဖွဲ့တွင် ခေတ်မီလက်နက်ပစ္စည်း တပ်ဆင်မှုများ ပြုလုပ်လာကြပါသည်။ ထိရောက်သည့် ပစ်ကူပေးနိုင်ရန် အကွာဝေးပိုမိုပြေးသည့် အမြောက်များ၊ ဖျက်စွမ်းအားပိုမိုပြင်းထန်သည့် ဟောင်ဝပ်ဇာများ (122 MM D-30-2 ကဲ့သို့ ဟောင်ဝပ်ဇာများ)၊ ရွှေ့ပြောင်းရ လွယ်ကူသည့် ယာဉ်တင်အမြောက်များ (155 MM SH-1 ယာဉ်တင်အမြောက် များ)၊ ရန်သူမှ တန်ပြန်ပစ်ခတ်လိုက်သော အမြောက်စိန်ပြောင်းများ၏ တည် နေရာအား ဖမ်းယူနိုင်ရန်နှင့် မိမိအမြောက်မှ ပစ်ခတ်လိုက်သော ကျည်ဆံသည် ပစ်မှတ်ပေါ်သို့ ကျရောက်ခြင်းမရှိပါက ကျည်ကျပြင်ဆင်ချက်များပေးနိုင်သော ပစ်မှတ်ရှာဖွေရေး ရေဒါများ (SLC-2A ပစ်မှတ်ရှာဖွေရေးရေဒါ)၊ အမြောက်များ ပစ်ခတ်ရာတွင် လိုအပ်သည့် အချက်အလက်များအား မှန်ကန်စွာနှင့် လျင်မြန် စွာ တွက်ချက်ပေးနိုင်ရန်အတွက် ပစ်ခတ်မှုထိန်းသိမ်းရေး ကွန်ပျူတာများ၊ ဖုန်း များ၊ အကဲကြည့်အဖွဲ့များ၊ ကျည် ကျအား ကောင်းစွာပြင်ဆင်နိုင်ရန်အတွက် Laser Range Finder ညွှန်တိုင်များအား အမြောက်တပ်တွင် ဝယ်ယူဖြည့် တင်း တပ်ဆင်ပေးထားပါသည်။ တပ်မတော်ကာကွယ်ရေး ပစ္စည်းထုတ်စက်ရုံ မှလည်း အမြောက်၊ စိန်ပြောင်းများနှင့် ခဲယမ်းများ ထုတ်လုပ်လျက်ရှိပါသည်။
ခေတ်မီလက်နက်ကိရိယာများ တပ်ဆင်ပေးထားသည်ဟုဆိုသော်လည်း ပစ္စည်းဝယ်ယူရေးအဖွဲ့နှင့် အမြောက်တပ်ဖွဲ့ခေါင်းဆောင်များအနေဖြင့် မိမိတို့ အကျိုးစီးပွားနှင့် အကျိုးအမြတ်ရရှိရေးကိုသာ အဓိကထား ဆောင်ရွက်ကြသ ဖြင့် ဝယ်ယူဖြည့်တင်းထားရှိသော လက်နက်များသည် ပြည့်စုံကောင်းမွန်မှု မရှိ ခြင်း၊ ဆက်စပ်ပစ္စည်းများ စုံလင်စွာမပါရှိခြင်းတို့ကြောင့် အမြောက်ပစ်ခတ်ရာ တွင် သမားရိုးကျနည်းလမ်းများအတိုင်း အသုံးပြု၍ ပစ်ခတ်နေကြရပါသည်။
လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ပေးနိုင်မှု အနေအထား
အင်အားလျော့နည်းလာမှုနှင့် စပ်လျဉ်းပြီး လေ့ကျင့်ရေးကျောင်းများတွင် နည်းပြပေးနိုင်မည့် နည်းပြဆရာများ၊ စစ်ဆင်ရေး/လေ့ကျင့်ရေးများတွင် အတွေ့အကြုံရှိသည့် ဆရာကြီးများ အနားယူသွားပြီးနောက် နည်းပြများမှာ လည်း ရှားပါးလာပါသည်။
သင်တန်းကျောင်းများလည်း လေ့ကျင့်ရေးမူအတိုင်း ဖွင့်လှစ်ရမည့် အချိန်၊ ဖွင့်လှစ်ရမည့် နေ့ရက်အတိုင်း သင်တန်းများအား ဖွင့်လှစ်စေ၍ ရောက်ရှိလာ သော သင်တန်းသားစစ်သည်များအား ထွက်ပြေးမှု မရှိစေရေး၊ အုပ်ချုပ်မှု ပြဿနာများ မဖြစ်ပွားစေရေးကိုသာ အဓိကထား စောင့်ကြည့်လျက် ရှိပါ သည်။ သင်တန်းဖွင့်လှစ်ရာတွင်လည်း အရေအတွက်ကိုသာ ဦးစားပေး ခေါ်ယူ ကြသဖြင့် သင်တန်းကျောင်းရှိ သင်ထောက်ကူပစ္စည်းများ စုံလင်မှု မရှိဘဲ စနစ် တကျသင်ကြားပေးနိုင်မှု မရှိခြင်း၊ နည်းပြအင်အား လုံလောက်မှု မရှိသဖြင့် သင်တန်းသားနှင့် နည်းပြ အင်အားအချိုး မကိုက်ညီသောကြောင့် သင်တန်း သားများ စိတ်ပါဝင်စားမှု ရှိ/မရှိအား ကောင်းစွာ ကြည့်ရှုနိုင်မှု မရှိခြင်း၊ သင်တန်းကျောင်းများတွင် စစ်သည်အင်အား မရှိသဖြင့် ကျောင်းပတ်ဝန်းကျင် ရှိ သန့်ရှင်းသာယာရေးလုပ်ငန်းများအား သင်တန်းချိန်များတွင်ပင် ခေါ်ယူခိုင်း စေခြင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့်လည်း စက်သုံးဆီအသုံးပြု၍ သင်ကြား ရမည့် သင်ခန်းစာများတွင် စက်သုံးဆီများအား အပြည့်အဝ ချမပေးခြင်း ကြောင့် အပြည့်အဝသင်ကြားပေးနိုင်မှုမရှိခြင်း၊ အမြောက်ပညာရပ်များ သင်ကြားရာတွင်လည်း စစ်သည် (၁) ဦး၏ မူလတာဝန်၌ ပေးအပ်ထားသော တာဝန်ကို အဓိကထား သင်ကြားစေခြင်းမရှိဘဲ အမြောက်အဖွဲ့တွင် ပါဝင်သော အဖွဲ့သားအားလုံး၏ တာဝန်များ၊ အကဲကြည့် တာဝန်များ၊ ပစ်မိန့်ပေး တာဝန် များ စသည့်တာဝန်များအားလုံးကို သင်ကြားရခြင်း စသည်တို့ကြောင့် သင်တန်းသားများမှာ သင်တန်းဆင်းသွားကြသော်လည်း သင်တန်းဆင်း လက်မှတ်စာရွက်သာ ရရှိလာပြီး အမြောက်ပညာရပ်နှင့်ဆိုင်သည့် အသိပညာ များ ရရှိလာခြင်း မရှိတော့ပါ။
အမြောက်တပ်ဖွဲ့မှ စစ်သည်များအတွက် အမြောက်ပညာရပ်သည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ရက်သတ္တပတ်လုပ်ဆောင်ရမည့် တာဝန်များတွင် တနင်္လာနေ့တွင် အမြောက် လေ့ကျင့်ခန်း၊ ကြာသပတေးနေ့တွင် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများနှင့် သောကြာနေ့တွင် အမြောက်ဗျူဟာလေ့ကျင့်ခန်းများ ပြုလုပ်ရန် ရေးဆွဲထားပါ သည်။ အထက်ပါ ဆွေးနွေးပွဲများ၊ လေ့ကျင့်ခန်းများကို ရေးဆွဲထားသော်လည်း စာအုပ်၊ စာစောင်များတွင်သာ ဆောင်ရွက်နေကြောင်းပါရှိပြီး မြေပြင်တွင် လိုက်ပါလုပ်ဆောင်နိုင်ခြင်း မရှိပါ။ သင်တန်း လေးလပတ်ကာလအတွင်းတွင် လည်း အမြောက်မွမ်းမံသင်တန်းများ၊ ပညာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ် ကြောင်း သင်တန်းဖွင့်/ဆင်း ပြုလုပ်နေသော ဓာတ်ပုံများ၊ လေ့ကျင့်သင်ကြား နေသော ဓာတ်ပုံများ ရိုက်ယူကြသော်လည်း မြေပြင်တွင် ဓာတ်ပုံသာရိုက်နိုင် ပြီး လက်တွေ့သင်ကြားနိုင်ခြင်း မရှိပါ။
တပ်ရင်းမှူးများအနေဖြင့်လည်း မိမိရာထူးတိုးမြင့်ရေးအတွက်သာ တပ်ကို စစ်ဆေးခြင်းများနှင့် လေးလပတ်အစည်းအဝေးများတွင် တင်ပြရမည့် မှတ်တမ်းဓာတ်ပုံများ တင်ပြနိုင်ရေးတို့ကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိ ကြပါသည်။ ထို့ကြောင့် စစ်သည်များအနေဖြင့် မိမိတို့၏ မူလတာဝန်ဖြစ်သော အမြောက်ပညာရပ်ကို လေ့လာနိုင်ခြင်းမရှိဘဲ တပ်ရင်းမှူးမှ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ခြင်းဖြင့်သာ အချိန်ကုန်လျက်ရှိကြပါသည်။ တပ်ရင်း များအနေဖြင့် အမြောက်လေ့ကျင့်ခန်းအား ဓာတ်ပုံမှတ်တမ်းများထဲတွင်သာ ပြုလုပ်နေရပြီး လက်ရှိမြေပြင်တွင် စစ်သည်များမှာ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဈေးရောင်းခြင်း၊ စာရင်းဇယားများ ရေးဆွဲ ခြင်းတို့သာ လုပ်ကိုင်နေကြရသည်။
တပ်ရင်း/တပ်ဖွဲ့များသို့ ရောက်ရှိလာသော အမြောက်များ၊ ဟောင်ဝပ် ဇာများ၊ ယာဉ်တင်အမြောက်များအား အမြောက်ရုံအတွင်းသို့လည်းကောင်း၊ ရေဒါယာဉ်များအား ရေဒါရုံအတွင်းသို့ လည်းကောင်း၊ ပစ်ခတ် ထိန်းသိမ်းရေး ကွန်ပျူတာများ/ဖုန်းများအား ကြီးကြပ်ကန့်သတ်စတိုတွင်း၌ လည်းကောင်း ထားရှိ၍ လေ့ကျင့်မှု၊ သင်ကြားမှုမရှိဘဲ သိမ်းဆည်းထားကြပါသည်။ ခေတ်မီ လက်နက်များအား ပြုပြင်ထိန်းသိမ်းရန်အတွက် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ သင်တန်းဆင်းစစ်သည်များအား တပ်ရင်း/တပ်ဖွဲ့များသို့ စေလွှတ်လိုက်သော်လည်း တပ်ရင်းများအနေဖြင့် လိုအပ်သည့်ပညာများ သင်ယူနိုင်ရန်အတွက် အမြောက်သင်တန်းကျောင်းသို့ စေလွှတ်ခြင်းမရှိဘဲ စစ်သည်အင်အားမရှိသောကြောင့် ရောက်ရှိလာသော နည်းပညာစစ်သည်များ အား တပ်ရင်းမှူးများသည် ၎င်းအတွက် လိုအပ်သည့် နေရာများတွင်သာ စေခိုင်းကြသဖြင့် ထိုစစ်သည်များမှာ မိမိတို့၏ မူလတာဝန်များကိုပင် မေ့ပျောက်လျက်ရှိကြပါသည်။
အမြောက်စခန်းများရှိ စစ်သည်များအနေဖြင့် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရသော ကာလသည် (၄) လ ဖြစ်ပါသည်။ လက်ရှိအာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်ဆင်ရေးတာဝန်လဲလှယ်ရန် အင်အားလုံလောက်မှု မရှိ သဖြင့် (၆-၇) လ ခန့် တာဝန်ထမ်းဆောင်စေပါသည်။ ရှေ့တန်းအမြောက်စခန်း သည် တပ်ရင်းနှင့် နှိုင်းယှဉ်လျှင် စစ်သည်များအတွက် အမြောက်နှင့်ထိတွေ့ခွင့် ပိုမိုရရှိပြီး လေ့ကျင့်မှုလည်း ပိုမိုရရှိကြသည်။ သို့သော်လည်း ရှေ့တန်း အမြောက်စခန်းသို့ လိုက်ပါလာသော စစ်သည်များသည် တပ်ရင်းတွင် အလုပ် များ မနားတမ်း လုပ်ကိုင်ကြရသောကြောင့် ရှေ့တန်းစစ်ဆင်ရေးသို့ လိုက်ပါ လာကြသူများဖြစ်သဖြင့် အမြောက်ပညာရပ်များကို စိတ်ပါဝင်စားမှုမရှိဘဲ အနားယူရန်သက်သက်နှင့် မူးယစ်လောင်းကစားပြုလုပ်ရန်အတွက်သာ စိတ်ပါ ဝင်စားကြပါသည်။ ထို့အပြင် စစ်သည်များ၏ စိတ်ထဲတွင်လည်း အမြောက် ပညာရပ်သည် ရှေ့တန်းကာလ (၄) လ တွင်သာ သင်ကြားရပြီး နောက်တန်း ပြန်ရောက်ချိန်တွင် ပေးအပ်ထားသောတာဝန်များသာ ဆောင်ရွက်ရသဖြင့် ပြန်လည်မေ့ပျောက်သွားမည် ဖြစ်သောကြောင့် ရှေ့တန်းတွင် လေ့ကျင့်မှုများ အား ကောင်းစွာမှတ်သား လေ့လာခြင်း မရှိတော့ဘဲ အထက်အရာရှိ စေခိုင်း၍ လုပ်ရသည့် တာဝန်တစ်ခုအဖြစ်သာ သတ်မှတ်ထားကြပါသည်။
စစ်ဆင်ရေးနယ်မြေဒေသများတွင် အကွာအဝေးကောင်းသည့် ဟောင်ဝပ် ဇာများကြောင့် အမြောက်စခန်းများသည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်လျက်ရှိ ကြပါသည်။ နောက်ပိုင်းစစ်ဆင်ရေးများတွင် တပ်မတော်အနေဖြင့် အမြောက် ပစ်ကူ၊ လေယာဉ်ပစ်ကူ မပါလျှင် စစ်တိုက်ရဲခြင်း မရှိတော့ပေ။ ခြေလျင် တပ်ရင်းများ လှုပ်ရှားထွက်ပြီဆိုသည်နှင့် အမြောက်အဖွဲ့များမှာ ပစ်ကူပေးရန် စောင့်နေကြရပါသည်။ အမြောက်စခန်းများသည် တပ်စိတ်ဖွဲ့စည်းပုံအရ (၂+၂၅=၂၇) ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် အင်အား မရှိသောကြောင့် (၂+၁၆=၁၈) ဦးဖြင့် ဖွဲ့စည်းထားသောကြောင့် အမြောက် စခန်းများတွင် ခြေလျင်တပ်များနှင့် လိုက်ပါ၍ အကဲကြည့်ပေးနိုင်သောအဖွဲ့ မရှိတော့ပါ။ ခြေလျင်တပ်ရင်းများမှ ခေါင်းဆောင်များသည် တိုက်ပွဲဖြစ်ပွားပါ က တစ်ဖက်အင်အား တွက်ဆခြင်းမရှိ၊ မိမိတပ်ဖွဲ့နှင့် တစ်ဖက်အဖွဲ့၏ အကွာ ဝေးများကို မစဉ်းစားဘဲ ပစ်ကူတောင်းခံရာ၌ မြေပုံညွှန်းများ မှားယွင်းပေးပို့ ခြင်း၊ အမြောက်အဖွဲ့များ၏ မိမိလက်နက်အပေါ် ကျွမ်းကျင်မှု မရှိခြင်းနှင့် တပ်မတော်ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံများမှ ထုတ်လုပ်လိုက်သော ခဲယမ်းများသည် အရည်အသွေးပြည့်မီမှု မရှိခြင်းတို့ကြောင့် ပစ်ခတ်လိုက် သောကျည်ဆံသည် ပစ်မှတ်အပေါ်သို့ ကျရောက်ခြင်းမရှိဘဲ မိမိတပ်ဖွဲ့ များပေါ်သို့ ကျရောက်ခြင်းများ၊ နယ်စပ်ဒေသများတွင် နယ်ကျော်ကျခြင်းများ၊ ကျည်ကုန်သွားသည်အထိ ပစ်မှတ်ပေါ်သို့ ကျည်ကျရောက်မှု လုံးဝမရှိခြင်းများ စသော ဖြစ်စဉ်များဖြစ်ပွားလျက်ရှိပါသည်။
သုံးသပ်ချက်
တပ်မတော်အနေဖြင့် ‘ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြက်သော တပ်မတော် တည်ဆောက်အံ့’ ဟု ဆိုပြီး အမြောက်တပ်ဖွဲ့အား ခေတ်မီ လက်နက်များ ဝယ်ယူတပ်ဆင်ခြင်း၊ တပ်ရင်း/တပ်ဖွဲ့များ တိုးချဲ့တည်ဆောက် ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း လိုက်ပါလုပ်ဆောင်ကြသော ခေါင်းဆောင် များအနေဖြင့် မိမိတို့အကျိုးအမြတ် ရရှိရေးကိုသာ ရှေးရှုဆောင်ရွက်ကြသဖြင့် ဖွံဖြိုးမှုအားနည်းလျက်ရှိကြောင်း သုံးသပ်ရပါသည်။ စစ်ခေါင်းဆောင်များအနေ ဖြင့် တပ်အင်အား အဆမတန် တိုးချဲ့ဖွဲ့စည်းခဲ့သော်လည်း ဖွဲ့စည်းပုံအတိုင်း တပ်အင်အား မဖွဲ့စည်းနိုင်သဖြင့် စစ်သည်များမှာ အဆမတန် လုပ်အားများ ပေးအပ်ဆောင်ရွက်နေရသည်။ ထို့ကြောင့် ခွင့်မဲ့ စစ်သည်အင်အား များပြား လာခြင်း၊ အရေအတွက် ရရှိရေးအတွက် တပ်သားသစ်များအား ဝယ်ယူ စုဆောင်းခြင်းနှင့် အခြားတရားမဝင်နည်းမျိုးစုံဖြင့် စုဆောင်းခြင်းများကြောင့် အခြေခံစိတ်ဓာတ် မရှိသော စစ်သည်များ များပြားလာခြင်း၊ စုဆောင်းရေးတပ် များအနေဖြင့် သတ်မှတ်အရည်အချင်းများကို မကြည့်တော့ဘဲ အတန်းပညာ မမီသော စစ်သည်များကိုပါ စုဆောင်းသောကြောင့် ခေတ်မီလက်နက်ကိရိယာ များ ကိုင်တွယ်နိုင်မှု မရှိခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။ တပ်ရင်းမှူးများ အနေဖြင့် မိမိရာထူးတိုးမြင့်ရေးကိုသာ ရှေးရှုလုပ်ကိုင်နေသဖြင့် စစ်သည်များ မှာ အမြောက်ပညာရပ်များအား လေ့ကျင့်နိုင်မှု မရှိခြင်း၊ ကျောင်းဆင်းရောက်ရှိ လာသော ပညာသည်စစ်သည်များအား လူမှန်နေရာမှန် မထားရှိခြင်း၊ လေ့ကျင့် ရေးကျောင်းများအနေဖြင့်လည်း အမြောက်ပညာရပ်များအား ကောင်းစွာ သင်ကြားပို့ချနိုင်မှုမရှိခြင်း၊ ရှေ့တန်းအမြောက်စခန်းများသို့ လိုက်ပါလာသော စစ်သည်များအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အားနည်းခြင်း၊ တပ်ရင်းဌာနချုပ် တွင် နေစဉ်က တပ်ကို စစ်ဆေးခြင်းများကြောင့် ပင်ပန်း၍ အမြောက်စခန်းသို့ လိုက်ပါလာသူများ ဖြစ်ကြသဖြင့် တိုက်ခိုက်လိုစိတ်များ နည်းပါးလာကြောင်း သုံးသပ်ရပါသည်။
နိဂုံး
အာဏာသိမ်းပြီးနောက်ပိုင်းတွင် အမြောက်တပ်ဖွဲ့တွင်သာမက တပ်မတော် အ တွင်းသို့ ဝင်ရောက်လိုသော စစ်သည်များ မရှိခြင်း၊ ပြည်သူနှင့်အတူ ပူပေါင်း ပြီး စီဒီအမ်ပြုလုပ်လာသည့် စစ်သည်များ များပြားလာခြင်း၊ တပ်ရင်း/တပ်ဖွဲ့များ တဖြည်းဖြည်းယိုယွင်းပျက်စီးလာခြင်း၊ စစ်သည်များအနေဖြင့် အနားမရသော ကြောင့် စစ်ပန်းမှုများ ဖြစ်လာခြင်း၊ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ် များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှာ အင်အားများ ကောင်းမွန်လာပြီး ပူးပေါင်းတိုက်ခိုက်ခြင်းများကြောင့် စစ်တပ်အနေဖြင့် ဆုံးရှုူံးမှုများ များပြားလာ ပြီး တဖြည်းဖြည်း ယိုယွင်းပျက်စီးသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။