မြန်မာစစ်တပ်၏ အင်အားလျော့နည်းလာမှုနှင့် ပြုန်းတီးမှုအကြောင်းအရင်းများ

အောင်မျိုးထက် | ဗိုလ်ကြီး၊ အမှတ် (၈၀) ခြေမြန်တပ်ရင်း၊ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် | တပ်ကြပ်ကြီး၊ တပ်မတော် သိပ္ပံနှင့် နည်းပညာသုတေသနဌာန | Click here to read this article in English.

Cite as: 
အောင်မျိုးထက်၊ (၂၀၂၅)၊ မြန်မာစစ်တပ်၏ အင်အားလျော့နည်းလာမှုနှင့် ပြုန်းတီးမှုအကြောင်းအရင်းများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်https://ijbs.online/?page_id=5340


အကျဉ်းချုပ်

မြန်မာစစ်တပ်သည် အချိန်နှင့်အမျှ အင်အားလျော့နည်းလာပြီး တစ်စတစ်စ အင်အားပြုန်းတီးလာနေသည်။ ထိုသို့ဖြစ်လာရခြင်းမှာ စံမမီသော တပ်သား စုဆောင်းရေးစံနှုန်းများနှင့် လုပ်ငန်းစဉ်များ၊ အမြစ်တွယ်လာသည့် အကျင့် ပျက်ခြစားမှုများ၊ စစ်ရှုံးနိမ့်မှုများနှင့် တရားမမျှတသော အထက်အောက်စနစ်၊ မျက်နှာသာပေးမှုနှင့် ကိုယ်ကျိုးရှာခြင်း များပြားလာမှုတို့ အပါအဝင် စစ်သား များအပေါ် မမျှတသော ဆက်ဆံမှုများကြောင့် ဖြစ်သည်။ စစ်တပ်သည် နှစ်စဉ် စစ်သားဦးရေ (၆၀၀၀) အထိ ဆုံးရှုံးနေပြီး ထိုဆုံးရှုံးမှုကို ဖြည့်တင်းနိုင်မှုလည်း မရှိပေ။ ထို့အပြင် ကျွမ်းကျင်မှုမရှိသော ခေါင်းဆောင်များ ဦးဆောင်သော တွေ့ရာလူအား တပ်သားအဖြစ်စုဆောင်းမှုမှာလည်း ပိုများလာသည်။ ထို အကြောင်းအရင်းများကြောင့် နိုင်ငံလုံးချီ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ခိုင်မာသည့် တော်လှန်မှုများနှင့် ရင်ဆိုင်ရချိန်တွင် စစ်တပ်သည် မလွဲမသွေ ကျရှုံးရပေလိမ့်မည်။

~

မြန်မာ့စစ်တပ်သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစကာလမှ ယခုအချိန်ထိ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ချုပ်ကိုင်ခဲ့ပြီး စစ်တပ်၏ အဆင့်အမြင့်ဆုံး အုပ်ချုပ်သူများသည် တိုင်းရင်းသားပြည်သူလူထုအပေါ် အာဏာရှင်ဆန်စွာ ဖိနှိပ်ချုပ်ချယ်ထိန်းသိမ်းကာ လက်ဝါးကြီးအုပ် အုပ်ချုပ်ခဲ့ကြပါသည်။ ၁၉၅၈ မှ ၁၉၆၂ ခုနှစ်ထိ စစ်တပ်၏ အုပ်ချုပ်မှု မလွတ်ကင်းသော အိမ်စောင့်အစိုးရ အဖြစ်လည်းကောင်း၊ ၁၉၆၂ မှ ၁၉၈၈ ခုနှစ်ထိ တော်လှန်ရေးကောင်စီအစိုးရ အဖြစ်လည်းကောင်း၊ ၁၉၈၈ မှ ၁၉၉၁ ခုနှစ်ထိ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့အဖြစ်လည်းကောင်း၊ ၁၉၉၁ မှ ၂၀၁၁ ခုနှစ်ထိ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖြစ် လည်းကောင်း၊ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်ထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အများစု ပါဝင်သော အစိုးရအဖွဲ့အဖြစ်လည်းကောင်း စစ်တပ်၏ ဩဇာအာဏာလွှမ်းမိုး သော အစိုးရအဖွဲ့များဖြင့် နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ချုပ်ကိုင်အုပ်ချုပ် ခဲ့ကြပါသည်။ ၂၀၁၅ မှ ၂၀၂၀ ခုနှစ်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရ၍ အစိုးရဖွဲ့နိုင်ခဲ့သော်လည်း စစ်တပ်၏ အရိပ်အာဝါသ မလွတ် ကင်းသော အုပ်ချုပ်မှုစနစ်ဖြင့် နိုင်ငံတော်၏ လုပ်ပိုင်ခွင့်အာဏာကို စစ်တပ်က ဝင်ရောက်စွက်ဖက်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံနှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များကို ဖမ်းဆီး ထိန်းသိမ်း၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို သိမ်းယူခဲ့ပါသည်။ စစ်တပ် သည် မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ကာကွယ်စောင့်ရှောက်ရမည့် အဖွဲ့အစည်း ဖြစ်သော်လည်း မိမိတို့နှင့် မသက်ဆိုင်သည့် ပြည်သူ့အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့ကြသည့်အပြင် ယနေ့အချိန်ထိ ပြည်သူ၏ အသက် အိုးအိမ်စည်းစိမ်များကို ဖျက်လိုဖျက်ဆီး ဆောင်ရွက်နေသည်ကို မြင်ရကြားရ သည်မှာ မြန်မာနိုင်ငံနှင့် မှီတင်းနေထိုင်ကြသော နိုင်ငံသားများအတွက် ရင်နင့် စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်လို့ နေပါတော့သည်။

စစ်တပ်အတွင်းသို့ လူသစ်စုဆောင်းခြင်း

စစ်တပ်ထဲသို့ စဝင်ပြီဆိုသည်နှင့် စစ်သားတိုင်း အခြေခံစစ်သင်တန်းကို (၄) လ (ရက်သတ္တပတ် ၁၆ ပတ်) ကြာ မဖြစ်မနေတက်ရောက်ကြရပါသည်။ အခြေခံ စစ်သင်တန်း (၄) လပြီးဆုံးချိန်တွင် စစ်သားအဖြစ်သို့ ရောက်ရှိပြီး တပ်ဝင် စာချုပ်ချုပ်ဆိုကြရပါသည်။ ထိုစာချုပ်မှာ မည်သူတစ်ဦး တစ်ယောက်၏ တိုက် တွန်းချက်မှ မပါပဲ မိမိသဘောဆန္ဒအလျောက် စစ်တပ်ထဲသို့ ဝင်ရောက်ခြင်း ဖြစ်ကြောင်းနှင့် ၁၉၅၉ တပ်မတော်အက်ဥပဒေနှင့် တပ်မတော်နည်းဥပဒေကို လေးစားလိုက်နာကြောင်း ခံဝန်ကတိလက်မှတ် ရေးထိုးကြရပါသည်။ ထို စာချုပ်ပါ အချက်အလက်များ၌ စစ်တပ်တွင် မဖြစ်မနေ (၅) နှစ်တာ တာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး နောက်ထပ် (၅) နှစ် အလုပ်အကျွေးပြုရမည်ဟု ပါရှိ ကာ (၁၀) နှစ်တာ စစ်မှုထမ်းပြီးလျှင် မိမိသဘောဆန္ဒအလျောက် ဆက်လက် တာဝန် ထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ပြီး နှုတ်ထွက်လိုပါက နှုတ်ထွက် နိုင်ကြောင်း ပါရှိသည်ဟု သိရှိရသည်။

သို့သော်လည်း ထိုစာချုပ်ပါ အချက်အလက်များကို စစ်တပ်ထဲဝင်စ အစိမ်းသက်သက် အရပ်သားများကို တိကျသေချာစွာ လေ့လာဖတ်ရှုစေခြင်း မရှိခဲ့သလို ထိုစာချုပ်များကိုလည်း စစ်တပ်ထဲဝင်စကသာ တွေ့ရှိခဲ့ရပြီး နောက် ပိုင်း စစ်တပ်မှ အသက် (၆၀) သက်ပြည့်ပင်စင် ရရှိသွားသည့်တိုင် တွေ့မြင်ခွင့် လုံးဝ မရရှိခဲ့ကြပါဟု အငြိမ်းစားအရာရှိများ၊ စစ်သည်များ၏ ပြောကြားချက် အရ သိရှိခဲ့ရပါသည်။ ‘ဝင်၍သာလွယ်ပြီး ထွက်ရခက်သော အဖွဲ့အစည်းရယ်’ ဟု ဆိုနိုင်စရာဖြစ်သည်။ ထွက်ခွင့်ကို ဆေးအဆင့်နှိမ့်၍ ခြေလက်အင်္ဂါ စွန့်လွှတ်ရသည်မှ လွဲလျှင် လွယ်လွယ်ကူကူနှင့် ပေးလေ့မရှိပါ။

ထို့အပြင် စစ်သားများအားလုံးလိုက်နာရမည့် ဥပဒေ (၉) မျိုးလည်း ပြဋ္ဌာန်းထားပါသည်။ ၎င်းတို့မှာ —

(က) ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ။
(ခ) တပ်မတော်နည်းဥပဒေ။
(ဂ) စစ်ဘက်အယူခံတရားရုံးနည်းဥပဒေ။
(ဃ) ရာဇသတ်ကြီး (ပြစ်မှုဆိုင်ရာဥပဒေ)။
(င) ၁၉၇၄ ခုနှစ် မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါး များဥပဒေ။
(စ) ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ၏ လျှို့ဝှက်သည့်ကိစ္စဆိုင်ရာ အက်ဥပဒေ။
(ဆ) လောင်းကစားဥပဒေ။
(ဇ) လက်နက်ဥပဒေအပါအဝင် ဒေသန္တရ အထူးဥပဒေများ။
(ဈ) စစ်စည်းကမ်းဆိုင်ရာကာကွယ်ရေးဌာနကောင်စီမှ ထုတ်ပြန် သော အမိန့်နှင့် ညွှန်ကြားချက်များ စသည်တို့ ဖြစ်ပါသည်။

မြန်မာ့စစ်တပ်သည် နှစ်ပေါင်းများစွာ နိုင်ငံ့အာဏာအရပ်ရပ်ကို ချုပ်ကိုင်နိုင်ခဲ့ သော်လည်း တပ်၏ အမှန်တကယ်အရေးကြီးသော အင်အားတည်ဆောက်မှု အပိုင်းတွင် လိုအပ်ချက်များစွာ ဖြစ်ပေါ်ခဲ့ပါသည်။ နိုင်ငံအနှံ့အပြားတွင် တပ်သစ် များ ဖွင့်၍ ဖြန့်ခွဲ့ရာမှတစ်ဆင့် အင်အားအပြည့် ပေးနိုင်ခြင်း မရှိပေ။ ခြေလျင် ခြေမြန်တပ် များစွာရှိခဲ့သော်လည်း တပ်ရင်းတစ်ရင်းတွင် အမှန်တကယ်ရှိရမည့် ဖွဲ့စည်းပုံ အင်အားပြည့်မီရေးအတွက် တပ်သားများရရှိရေးမှာ စစ်တပ်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် လတ်တစ်လော အင်အား လိုအပ်ချက်ကို ကုစားရန်အတွက် စစ်သားတစ်ယောက်တွင် ရှိရမည့် အရည်အချင်း သတ်မှတ်ချက်များကို လျစ်လျူရှု၍ လူသစ်စုဆောင်းခြင်းများကို ဆောင်ရွက်လာ ကြသည်။

၂၀၀၁ ခုနှစ်မှစ၍ စစ်သားအင်အားပြုန်းတီးမှုကို ပြန်လည်ကုစားနိုင်ရန် နှင့် တပ်များ လက်ရှိအင်အားနှင့် တပ်အင်္ဂါအစဥ်လိုက် လူအင်အား ဖွဲ့စည်း နိုင်ရန် တပ်ကြီး၊ တပ်ငယ်၊ တပ်ဖွဲ့များအလိုက် စာများထုတ်၍ စာပါအကြံပြု ဖွဲ့စည်းပုံအတိုင်း အင်အားတွက်ချက် ရေးဆွဲစေခဲ့ကြပါသည်။ စာအမှတ် ကဖ/၇၀-ဆ/၂၀၀၁ ဖြင့် ခြေလျင်၊ ခြေမြန်တပ်ရင်း တစ်ရင်းအင်အား (၁၇၀) ဖြင့် တပ်ရင်းဌာနချုပ်၊ တပ်ခွဲ (၅) ခွဲဖြင့် ဖွဲ့စည်းခဲ့သော်လည်း အင်အားပြည့်မီ ခြင်း မရှိဘဲ စုဆောင်းရရှိသည့် တပ်သားသစ် အင်အားထက် ပြုန်းတီးအင်အား သည် အဆမတန် ပိုမိုများပြားလို့နေပါသည်။ လေ့လာသိရှိချက်အရ စစ်တပ် တွင် စစ်သားစုဆောင်းရေးတပ် (၄) တပ်ရှိပြီး ၎င်းတပ်များမှ တပ်ဆွယ်များ ထုတ်နှုတ်၍ မြို့တိုင်းတွင် ထားရှိခဲ့သော်လည်း တပ်သားသစ်စုဆောင်းနိုင် ခြင်းမှာ အင်မတန် ခက်ခဲသဖြင့် တပ်ရင်း၊ တပ်ဖွဲ့နှင့် လက်ရုံးဝန်ထမ်းတပ် ဌာန များပါမကျန် တစ်လလျှင် တပ်သားသစ် တစ်ယောက်နှုန်းဖြင့် စုဆောင်းစေခဲ့ ပါသည်။ ထိုသို့ စုဆောင်းရာတွင် တပ်သားသစ်စျေးကွက် စီးပွားရေး ဖြစ်လာပြီး တပ်သားသစ်တစ်ဦးလျှင် (၁၀) သိန်း မှ (၁၅) သိန်းကြားအထိ အပြိုင်အဆိုင် ဝယ်ယူနေရသည့် လူကုန်ကူးမှုတစ်ရပ်အသွင် ဖြစ်လာခဲ့ပါ သည်။

ယခင်က စစ်သည်များ၏ ကိုယ်ပိုင်အမှတ်အား (ကပ/၁၂၃၄၅၆) ဟု သတ်မှတ်ထားသော်လည်း ၂၀၀၂ နောက်ပိုင်း စစ်သည် များလာသည့်အခါ ကိုယ်ပိုင်အမှတ် (တ/၁၂၃၄၅၆) ဟု ပြောင်းလဲခဲ့ကာ ထိုမှတစ်ဆင့် (တတ/ ၁၂၃၄၅၆) ဟု ပြောင်းလဲသုံးစွဲပြီး အတန်းပညာအရည်အချင်းကိုလည်း ရေး/ ဖတ်အဆင့်ဖြင့် တပ်သားသစ်အား လက်ခံစုဆောင်းခဲ့ကြပါသည်။ ၂၀၁၈ ခုနှစ် ၌ တပ်မတော်တွင် စစ်သည်မှန်သမျှ ရေး/ဖတ်အဆင့် မရှိစေရ အလယ်တန်း အဆင့်‌ အောင်မြင်ရမည်ဟု ညွှန်ကြားခဲ့ပြီး တစ်နှစ် နှစ်တန်းအောင်စနစ်ဖြင့် စစ်သည်များ စာမေးပွဲဖြေစရာ မလိုဘဲ မိမိတပ်ရင်း အစီအစဉ်ဖြင့် သင်ကြား၍ အတန်းမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၁၉ ခုနှစ်တွင် လူအင်အား လိုအပ်ချက်ကြောင့် ကိုယ်ပိုင်အမှတ် (တတ/ ၁၂၃၄၅၆) များကို အတန်းပညာ အရည်အချင်းမလို၊ မည်သည့်စစ်ဆေးချက်၊ ထောက်ခံချက်မှ မလိုဘဲ တာဝန် ထမ်းဆောင်မှု (၅) နှစ် စာချုပ်ဖြင့် တပ်သားသစ်များ ဝင်ရောက်စေခဲ့ပါသည်။ ထိုတပ်သားသစ်များသည် (၅) နှစ်ပြည့်ပါက မိမိသဘောဆန္ဒအရ ထွက်ခွင့်ရှိ သော်လည်း ပင်စင်နှင့် ဆုကြေးခံစားခွင့် မပေးဟု သိရှိရပါသည်။

စစ်တပ်သည် လူသစ်စုဆောင်းရာ၌လည်း ကြုံရာကျပန်းတွေ့ကရာလူကို အတင်းအဓမ္မ စုဆောင်းခဲ့ကြသည်ကို တွေ့ရှိနိုင်ပါသည်။ မျက်စိစွေစောင်းသူ၊ ခြေဖဝါးပြည့်မောက်သူ၊ အရိုးအဆစ် ပုံမှန်မဟုတ်သူ၊ ခါးကုန်းသူ၊ အသံထစ်အ သူများသည် လက်ရှိ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေကြသည် တွေ့ရှိရ သဖြင့် စစ်တပ်သည် အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးရှေးရှု၍ အင်အားစုဆောင်းနေခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ စစ်မှုထမ်းစည်းမျဉ်း အရ စစ်တပ်ထဲ စတင်ဝင်ရောက်ကြမည့် တပ်သားသစ်များ၏ အသက်အရွယ် အား (၁၈) နှစ်ပြည့်ပြီး (၂၅) နှစ်ထက် မကျော်လွန်စေရဟု သတ်မှတ်ထား သော်လည်း တပ်မတော်အကျိုးအတွက် အမှန်တကယ် လိုအပ်ပါက အသက် (၃၅) နှစ်ထိ ခွင့်ပြုသည်ဟူသော အမိန့်ကိုပါ ပူးတွဲထုတ်ပြန်ရသည့် အနေ အထားဖြစ်လာခဲ့ပါသည်။ ထို့အပြင် အခြေခံပညာအထက်တန်း အောင်မြင်သူ များဖြစ်ပါက အသက် (၃၀) နှစ်အထိ တပ်ထဲဝင်ရောက်ခွင့်ပြုကြောင်း အင် အားလိုအပ်ချက်ကို ရသည့်နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းခဲ့ ကြပါသည်။

စစ်တပ်ထဲသို့ဝင်ရောက်သည့်အခါ တပ်သားသစ်များသည် အောက်ပါ မျက်မြင် (၁၃) ချက်ဖြင့် အစစ်ဆေးခံကြရပါသည်။

(က) စကားထစ်ခြင်း၊ ဆွံ့အခြင်း။
(ခ) နားထိုင်းခြင်း။
(ဂ) မျက်စိမှုန်ခြင်း၊ တိမ်ကွယ်ခြင်း။
(ဃ) ကိုယ်ခန္ဓာပုံပျက်ခြင်း။
(င) ခြေဖဝါးပြားလွန်းခြင်း။
(စ) အရေပြား မသန့်စင်ခြင်း။
(ဆ) အကျိတ်များ ကြီးထွားခြင်း။
(ဇ) လိပ်ခေါင်းရောဂါစွဲကပ်နေခြင်း။
(ဈ) သွားများချို့ယွင်းခြင်း။
(ည) အာရုံကြောများ အားနည်း၍ တုန်တုန်ရီရီဖြစ်ခြင်း။
(ဋ) ကပ်ပယ်အိတ်ကြီးထွားခြင်း၊ အင်္ဂါထိပ်ငုံခြင်း။
(ဌ) ခြေသလုံးတကောက်ကွေးရှိ သွေးကြောများ ဖောင်းကြွတွန့်လိမ် စုပြုံနေခြင်း။
(ဍ) ကိုယ်လက်အင်္ဂါအစိတ်အပိုင်း မပြည့်စုံခြင်း၊ မကောင်းခြင်း (ခြေဆစ်/လက်ဆစ်ပြတ်ခြင်း)၊ ခြေပွား၊လက်ပွားများရှိခြင်း၊ ကြီးမားသော အမာရွတ်ရှိခြင်း စသည်တို့ ဖြစ်ပါသည်။

ထိုအချက်များအား မှတ်ရလွယ်စေရန် အောက်ပါအတိုင်း ကဗျာစပ်ထားသည်။

မျက်မြင် (၁၃) ချက် ကဗျာ

နူရာဝဲစွဲ၊ မျက်လုံးမွဲပြီး
တိမ်စွဲတိမ်ထူ၊ ထစ်အသူနှင့်
ဟန်မူခန္ဓာ၊ ပျက်ယွင်းပါက
ဘယ်ခါစစ်သားဖြစ်မည်နည်း။
ဖဝါးလည်းပြား၊ ရေပြားမသန့်
ကျိတ်ကမစင်၊ ဖင်တွင်လိပ်ခေါင်း
သွားပေါင်းချို့တဲ့၊ တုန်ရီနဲ့တဲ့
ကြီးလှဲ့ကပ်ပယ်၊ အသွယ်သွယ်ကြောင့်
ဘယ်ဝယ်စစ်သားဖြစ်မည်နည်း။
တကောက်များ၌၊ ခြေဖျားအောက်ထိ
ပြန်လှန်ကြည့်ချိန်၊ တွန့်လိမ်အကြော
အပြည့်နှောကြောင့်၊ ‘စ’သောသက်နှယ်
ဆယ့်ရှစ်ရွယ်မှ၊ နောင်ဝယ်ချည်းနှီး
မြန်ပြည်ကြီး၌၊ ဘယ်နည်းဘယ်ပုံ
ဘယ်လိုကြုံစေ၊ သက်ကုန်ချိန်ထိ
တိုင်းသိစစ်သားမဖြစ်နိုင်။

အထက်ပါ မျက်မြင် (၁၃) ချက်နှင့် မကိုက်ညီသော တပ်သားသစ်များကို မစု ဆောင်းရန် ညွှန်ကြားထားသော်လည်း လက်တွေ့တွင်မူ အင်အားလိုအပ်ချက် ကြောင့် မည်သို့ပင်ဖြစ်စေ ဆက်လျက် စုဆောင်းလျက်ရှိပါသည်။ လူသစ် စုဆောင်းခြင်းကို ဗိုလ်ကြီးအဆင့်မှ ဗိုလ်မှူးအဆင့်သို့ တိုးမြင့်ပေးမည့် ယာယီ တပ်ခွဲမှူး (ဗိုလ်မှူး/ဗိုလ်ကြီး) အဖြစ် ခြေလျင်/ခြေမြန်တပ်ရင်းများ၊ လက်ရုံး ဝန်ထမ်းတပ်များတွင် ဌာနချုပ်တပ်ခွဲမှူးတာဝန်ဖြင့် အဆင့်တိုးရာထူးရရှိရေး တာဝန်ထမ်းဆောင်ချိန်တွင်လည်းကောင်း၊ တပ်ရင်းတစ်ရင်းတွင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးရာထူး အဆင့်တိုးမြှင့်နိုင်ရန်အတွက် ယာယီတပ်ရင်းမှူး ဗိုလ်မှူးရာထူးဖြင့် တာဝန်ထမ်းဆောင်ချိန်တွင်လည်းကောင်း မဖြစ်မနေ လစဉ် တပ်သားသစ်တစ်ဦး စုဆောင်းပေးကြရပြီး စုဆောင်းနိုင်ခြင်း မရှိပါက ရာထူး တိုးမြှင့်ရေးကို ထောက်ခံစဉ်းစားခြင်း မရှိတော့ပေ။ ထို့ကြောင့် စစ်တပ်တွင် ရဲဘော်သစ်ရရှိရေးမှာ အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးနေရ သည့် စနစ်ဖြစ်လာခဲ့ပြီး စုဆောင်းရရှိသော စစ်သည်တစ်ချို့မှာ မိမိသဘော ဆန္ဒအလျောက် ဝင်ရောက်လာခြင်းမျိုး မဟုတ်ဘဲ မူးယစ်ဆေးဝါး သုံးစွဲ၍ ရဲဘက်မှ ဖမ်းမိသဖြင့် ခြိမ်းခြောက်၍ ဝင်လာရခြင်း၊ ခိုးဆိုးလုယက်မှုဖြစ်သည့် သူများကို ‘ထောင်ကျ ခံမည်လော၊ စစ်တပ်ထဲ ဝင်မည်လော’ ဟု ခြိမ်းခြောက် ဝင်ရောက်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖြင့် မြှူဆွယ်ကာ ဝင်ရောက်စေ ခြင်း စသည်ဖြင့် ဖြစ်လာပါသည်။

မြန်မာစစ်တပ်၏ အင်အားလျော့နည်းလာမှု

ထိုကဲ့သို့ အရည်အချင်းထက် အရေအတွက်ကို ဦးစားပေး၍ မဖြစ်မနေ တပ်သားသစ် စုဆောင်းခြင်း၏ ရလဒ်မှာ တိုက်ရည်ခိုက်ရည်ကောင်းမွန်၍ ယုံကြည်ချက်၊ ခံယူချက်ကောင်းမွန်သော စစ်သားများ ရှားပါးလာခြင်းနှင့် ခွင့်မဲ့ ပျက်ကွက်မှု များပြားလာရခြင်း၏ ယေဘုယျအကြောင်းတရားများ ဖြစ်လာခဲ့ ပါသည်။ ထို့အပြင် အထက်အောက်ကြီးငယ်များ၏ အုပ်ချုပ်မှုပုံစံ မှားယွင်းမှု များကြောင့်လည်း အင်အားပြုန်းတီးမှု များပြားလာသည်ဟု ယူဆမိပါသည်။ မိမိအတွေ့အကြုံအရ တစ်နှစ်လျှင် တပ်သားသစ်စုဆောင်းမှု ခန့်မှန်းအင်အား မှာ စုစုပေါင်း (၆၀၀၀) ဦးခန့်ရှိပြီး ပြုန်းတီး (၅) မျိုး (သေဆုံး၊ ကျဆုံး၊ ထွက်ခွင့်၊ ထုတ်ပယ်၊ စစ်ပြေး) ဖြင့် လျော့နည်းလာသည့် ခန့်မှန်းအင်အားမှာ စုစုပေါင်း (၁၂၀၀၀) ဦးခန့် ရှိသောကြောင့် စစ်တပ်သည် အင်အားတဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာရခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

စစ်တပ်သည် အာဏာသိမ်းချိန်မှစ၍ ယခုအချိန်အထိ တပ်သားသစ် စု ဆောင်းရရှိမှုမှာ ထင်သလောက်ခရီးမပေါက်ဘဲ ဖြစ်နေသည်။ လိုအပ်အင်အား ထက် ရရှိအင်အားက ဖြည့်တင်းနိုင်မှု မရှိသည့်အခါ အင်အားဖြည့်တင်းရန် တိုက်ပွဲ မဖြစ်ပွားသော မြို့ပြများ၊ တိုင်းဒေသကြီးများမှ စစ်သည်များကို ရွှေ့ ပြောင်းစေပြီး စစ်ဆင်ရေး ဝင်ရောက်နေသော တပ်ရင်းများ၏ အင်အားလိုအပ် ချက်ကို ယာယီကုစားနေရသည်ဟု သိရှိရပါသည်။ သို့သော်လည်း စစ်သည် အင်အားဖြည့်သလောက် မလုံလောက် ဖြစ်နေရပြီး စစ်ဆင်ရေးဖြစ်ပွားနေ သော ဒေသများတွင် (၃) ရင်း (၁) ရင်းပေါင်း၍ ရွေ့လျားလှုပ်ရှားသွားလာနေရ ကြောင်း သိရှိရပါသည်။ စစ်တပ်၏ မူလရည်ရွယ်ချက်မှာ အရာရှိစစ်သည်များ စွာ တပ်မတော်ထဲသို့ ဝင်ရောက်ပြီး တပ်မဟာအဆင့်မှသည် တပ်တော်ကြီး အဆင့်ထိ ဖွဲ့စည်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မည်သည့်နိုင်ငံများ မှာမှ မရှိသေးသည့် ဗိုလ်ချုပ်မှူးကြီး (Senior General) အဆင့်ဖြင့် အုပ်ချုပ်နိုင်ရေး ရည်မှန်းထားသော်လည်း အောက်ခြေစစ်သည်လိုအပ်ချက် ပြည့်မီခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ မူလဖွဲ့စည်းရန် ရည်ရွယ်ထားသော အင်အားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) တိုင်းစစ်ဌာနချုပ်။ အရာရှိ (၈၅) ဦး၊ အခြားအဆင့် (၆၂၁) ဦး၊ ပေါင်း (၇၀၆) ဦး။
(ခ) တပ်မဌာနချုပ်။ အရာရှိ (၃၇) ဦး၊ အခြားအဆင့် (၃၂၄) ဦး၊ ပေါင်း (၃၆၁) ဦး။
(ဂ) ဒေသကွပ်ကဲမှုဌာနချုပ်။ အရာရှိ (၂၅) ဦး၊ အခြား အဆင့် (၂၀၅) ဦး၊ ပေါင်း (၂၃၀) ဦး။
(ဃ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်။ အရာရှိ (၃၆) ဦး၊ အခြားအဆင့် (၃၂၄) ဦး၊ ပေါင်း (၃၆၀) ဦး။
(င) စစ်ဗျူဟာအဖွဲ့ (အခြေချ) ။ အရာရှိ (၁၂) ဦး၊ အခြားအဆင့် (၁၁၄) ဦး၊ ပေါင်း (၁၂၆) ဦး။
(စ) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်။ အရာရှိ (၂၅) ဦး၊ အခြားအဆင့် (၂၀၅) ဦး၊ ပေါင်း (၂၃၀) ဦး။
(ဆ) လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ်။ အရာရှိ (၆၈) ဦး၊ အခြားအဆင့် (၁၉၃) ဦး၊ ပေါင်း (၂၆၁) ဦး။
(ဇ) ခြေလျင်/ခြေမြန်တပ်ရင်း။ အရာရှိ (၃၁) ဦး၊ အခြား အဆင့် (၈၂၆) ဦး၊ ပေါင်း (၈၅၇) ဦး။
(ဈ) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း။ အရာရှိ (၄၈) ဦး၊ အခြားအဆင့် (၄၈၂) ဦး၊ ပေါင်း (၅၃၀) ဦး။
(ည) တင့်ကားတပ်ရင်း။ အရာရှိ (၃၁) ဦး၊ အခြားအဆင့် (၆၂၆) ဦး၊ ပေါင်း (၆၅၇) ဦး။
(ဋ) ထောက်ပို့တပ်ရင်း။ အရာရှိ (၃၃) ဦး၊ အခြားအဆင့် (၁၀၉၁) ဦး၊ ပေါင်း (၁၁၂၄) ဦး။
(ဌ) ဝန်တင်တပ်ရင်း။ အရာရှိ (၃၆) ဦး၊ အခြားအဆင့် (၁၆၃၅) ဦး၊ ပေါင်း (၁၆၇၁) ဦး။
(ဍ) တိရစ္ဆာန်မွေးမြူရေးတပ်ရင်း။ အရာရှိ (၁၇) ဦး၊ အခြားအဆင့် (၇၀၉) ဦး၊ ပေါင်း (၇၂၆) ဦး။
(ဎ) တပ်မတော်စစ်ဆေးရုံ (ခုတင်-၇၀၀) ။ အရာရှိ (၁၇၄) ဦး၊ အခြားအဆင့် (၁၀၃၉) ဦး၊ ပေါင်း (၁၂၁၃) ဦး။
(ဏ) စစ်မြေပြင်ဆေးတပ်ရင်း။ အရာရှိ (၄၃) ဦး၊ အခြား အဆင့် (၄၂၈) ဦး၊ ပေါင်း (၄၇၁) ဦး။
(တ) တပ်မတော်စစ်ဆေးရုံ (ခုတင်-၁၀၀) ။ အရာရှိ (၂၉) ဦး၊ အခြားအဆင့် (၃၁၀) ဦး၊ ပေါင်း (၃၃၉) ဦး။
(ထ) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း။ အရာရှိ (၄၀) ဦး၊ အခြားအဆင့် (၉၇၃) ဦး၊ ပေါင်း (၁၀၁၃) ဦး။
(ဒ) ဆက်သွယ်ရေးတပ်ရင်း။ အရာရှိ (၃၅) ဦး၊ အခြား အဆင့် (၁၁၈၁) ဦး၊ ပေါင်း (၁၂၁၆) ဦး။
(ဓ) ဆက်သွယ်ရေးအလုပ်ရုံ။ အရာရှိ (၅) ဦး၊ အခြား အဆင့် (၁၉၀) ဦး၊ ပေါင်း (၁၉၅) ဦး။
(န) အင်ဂျင်နီယာတပ်ခွဲ။ အရာရှိ (၅) ဦး၊ အခြားအဆင့် (၁၆၅) ဦး၊ ပေါင်း (၁၇၀) ဦး။
(ပ) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း။ အရာရှိ (၂၉) ဦး၊ အခြားအဆင့် (၈၂၉) ဦး၊ ပေါင်း (၈၅၈) ဦး။
(ဖ) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ရင်း။ အရာရှိ (၂၉) ဦး၊ အခြားအဆင့် (၃၁၀) ဦး၊ ပေါင်း (၃၃၉) ဦး။
(ဗ) ယာဉ်သိုလှောင်ရေးတပ်ရင်း။ အရာရှိ (၁၈) ဦး၊ အခြားအဆင့် (၃၇၉) ဦး၊ ပေါင်း (၃၉၇) ဦး။
(ဘ) စစ်လက်နက်ပစ္စည်းတပ်ခွဲ။ အရာရှိ (၅) ဦး၊ အခြား အဆင့် (၁၆၀) ဦး၊ ပေါင်း (၁၆၅) ဦး။
(မ) တပ်ထိန်းတပ်ခွဲ။ အရာရှိ (၄) ဦး၊ အခြားအဆင့် (၁၃၃) ဦး၊ ပေါင်း (၁၃၇) ဦး။
(ယ) တည်းခိုရေးစခန်း။ အရာရှိ (၃) ဦး၊ အခြားအဆင့် (၆၀) ဦး၊ ပေါင်း (၆၃) ဦး။
(ရ) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း။ အရာရှိ (၂၃) ဦး၊ အခြားအဆင့် (၁၈၉) ဦး၊ ပေါင်း (၂၁၂) ဦး။
(လ) ပညာရေးကျောင်း။ အရာရှိ (၁၁) ဦး၊ အခြားအဆင့် (၁၂၈) ဦး၊ ပေါင်း (၁၃၉) ဦး။
(ဝ) စစ်ဦးစီးတက္ကသိုလ်။ အရာရှိ (၄၄) ဦး၊ အခြား အဆင့် (၃၁၁) ဦး၊ ပေါင်း (၃၅၅) ဦး။
(သ) တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း။ အရာရှိ (၈၂) ဦး၊ အခြားအဆင့် (၁၀၄၈) ဦး၊ ပေါင်း (၁၁၃၀) ဦး။
(ဟ) တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း။ အရာရှိ (၈၂) ဦး၊ အခြားအဆင့် (၇၂၅) ဦး၊ ပေါင်း (၈၀၇) ဦး။
(ဠ) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း။ အရာရှိ (၁၃၁) ဦး၊ အခြားအဆင့် (၉၁၅) ဦး၊ ပေါင်း (၁၀၄၆) ဦး။
(အ) အရာခံနှင့်အကြပ်ကြီးသင်တန်းကျောင်း။ အရာရှိ (၃၄) ဦး၊ အခြားအဆင့် (၆၀၈) ဦး၊ ပေါင်း (၆၄၂) ဦး။
(ကက) တပ်မတော်နည်းပညာသိပ္ပံ။ အရာရှိ (၆၁၀) ဦး၊ အခြားအဆင့် (၁၄၉၆) ဦး၊ ပေါင်း (၂၁၀၆) ဦး။
(ကခ) အမြောက်တပ်ရင်း။ အရာရှိ (၄၀) ဦး၊ အခြားအဆင့် (၆၈၀) ဦး၊ ပေါင်း (၇၂၀) ဦး။
(ကဂ) အလုပ်ရုံတပ်စု (လျှပ်/စက်) ။ အရာရှိ (၃) ဦး၊ အခြားအဆင့် (၇၉) ဦး၊ ပေါင်း (၈၂) ဦး။
(ကဃ) စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့။ အရာရှိ (၇) ဦး၊ အခြားအဆင့် (၁၅၀) ဦး၊ ပေါင်း (၁၅၇) ဦး။

ထိုသို့ဖွဲ့စည်းထားသော်လည်း မြေပြင်ရှိတွင် ဆယ်ပုံတစ်ပုံသာ ရှိသဖြင့် ၂၀၀၁ ခုနှစ်တွင် အကြံပြုဖွဲ့စည်းပုံရေးဆွဲ၍ ကာကွယ်ရေးဝန်ကြီးဌာနကောင်စီ၏ ဆိုင်ရာဌာနမှ အမိန့်စာများ ထုတ်ပြန်ပြီး စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်စေခဲ့ပါသည်။

ဗိုလ်သင်တန်း တက်ရောက်သူ များလာစေရန်၊ တပ်ကြပ်ကြီး/စာရေး သင်တန်းများ၊ စစ်သူနာပြုသင်တန်းများနှင့် စစ်ဘက်ဆိုင်ရာနည်းပညာ သင် တန်းများတွင် ဝင်ရောက်မှုများလာစေရန် ၂၀၂၂ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ဝင်ခွင့်စာမေးပွဲများကို အကျအရှုံးမရှိ အောင်မြင်စေခဲ့ခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆမိသော်လည်း ယနေ့အချိန်ထိ တပ်ထဲဝင်ရောက်သူ မရှိ သလောက် နည်းပါးနေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များမှ သိရှိရပါ သည်။ စစ်တပ်တွင် အင်အားလုံလောက်မှု မရှိသော်လည်း အရန်အင်အား အဖြစ် အရာရှိ/စစ်သည်များ၏ ဇနီးများကို နောက်တန်းဌာနချုပ်များတွင် စစ် ပညာသင်ကြားစေ၍ လက်နက်ကိုင်ဆောင်စေကာ ကင်းစောင့်ခြင်းနှင့် ခံစစ် ပြင်ဆင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခိုင်းကာ လူအခွင့်အရေး ချိုးဖောက်ပြီး အသုံးချနေကြောင်းကိုလည်း တွေ့ရှိရပါသည်။

စစ်တပ်၏ တပ်ရင်းများသည် ယခင်က အင်အား (၈၅၇) ဦး ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော်လည်း ယခုအခါ အင်အား (၂၀၀) ပြည့်မီအောင် မနည်း ကျားကန်ထားရပြီး အင်အားပြုန်းတီးမှုအတွက် ပြန်လည်ဖြည့်တင်းရေးမှာ စစ်တပ်အကြီးအကဲများအတွက် ခေါင်းခဲစရာဖြစ်လို့နေပါသည်။ စစ်တပ်၏ တပ်ရင်းတစ်ရင်း စစ်ထွက်အင်အားမှာ တပ်ရင်းမှုးဦးစီးသည့် (စစ်ကြောင်း-၁) တွင် (၁၂) ဦး၊ ဒုတပ်ရင်းမှူးဦးစီးသည့် (စစ်ကြောင်း – ၂) တွင် (၈) ဦး၊ တပ်ခွဲမှူး ဦးစီးသည့် (တပ်ခွဲ – ၁) တွင် (၅၀) ဦးနှင့် (တပ်ခွဲ – ၂) တွင် (၅၀) ဦး စုစုပေါင်း (၁၂၀) ဦးဖြင့် ဖွဲ့စည်းထားသော်လည်း စစ်ဗျူဟာများ၊ တပ်မများတွင် လူ အင်အား မရှိခြင်းကြောင့် တပ်ရင်းများကို တွဲဖက်ပေးထားရပြီး အမှန်တကယ် စစ်ထွက်အင်အားမှာ အယောက် (၉၀) မျှသာ ရှိနေခဲ့ပါသည်။ ထို့ကြောင့် ရှေ့တန်းစစ်ဆင်ရေးများတွင် နှစ်ရင်းပေါင်း၍ လှုပ်ရှားသွား လာနေရကြောင်း သိရှိရပါသည်။ ထိုသို့ လူအင်အားဖွဲ့စည်းပုံ လျော့နည်းနေသော်လည်း မူလ ဖွဲ့စည်းပုံအတိုင်း လက်နက်ခဲယမ်းများကို သယ်ဆောင်နေရသောကြောင့် စစ်သည်များသည် စစ်တပ်မှ ထုတ်ပေးထားသော ကျောပိုးအိတ်များကို အသုံး ပြုနိုင်ခြင်းမရှိပဲ ဝါး/ကြိမ်တို့ဖြင့် ပြုလုပ်ထားသော ခြင်းများဖြင့် သယ်ဆောင် သွားလာနေရသည်ကို တွေ့ရှိနိုင်ပါသည်။

စစ်တပ်အတွင်း အင်အားပြုန်းတီးရသော အကြောင်းအရင်းအချို့

မူလဖွဲ့စည်းထားသောအင်အားနှင့် မြေပြင်ရှိအင်အားမှာ (၁၀) ဆ (၁) ဆ ကွာဟလာမှုကြောင့် အရာရှိများ၊ စစ်သည်များ တစ်ယောက်ထဲနှင့် လူ (၁၀) ယောက်စာ လုပ်နေရသကဲ့သို့ ဖြစ်လာသည့်အခါ လုပ်ငန်းဝန်ပိမှုများ ဖြစ်လာ ပါတော့သည်။ ထိုကဲ့သို့ မနိုင်ဝန်ထမ်းဆောင်ရသည်မှာ အချိန်ကာလကြာမြင့် လာသောအခါ လုပ်ငန်းခွင်တွင် ပျော်ရွှင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းခြင်း၊ ရုန်းထွက်လိုခြင်းများ ဖြစ်ပေါ်လာပါသည်။ ဒီအချက်ကို ကုစားရန်အတွက် အရာရှိများ၊ စစ်သည်များအား တပ်ရင်းများ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေ သော်လည်း တူညီသောခံစားမှုသာ ခံစားကြရသဖြင့် ထိုအရာသည် စစ်ပြေးမှု ဖြစ်စေသော အကြောင်းပြချက်တစ်ခု ဖြစ်လာပါသည်။ ထို့အပြင် ဝန်နှင့်အား မမျှတသော ခိုင်းစေမှုများကြောင့် တစ်သွေးတစ်သံတစ်မိန့်ဟူသော အထက် အရာရှိများ၏ ဖိနှိပ်မှုအောက်ကနေ ထွက်ခွာ လိုစိတ်ရှိလာကြပါသည်။

‘စစ်တပ်မှာ အသေထွက်ပဲ ရှိတယ်၊ အရှင်ထွက် မရှိ’ ဟု အထက်အရာရှိ ကြီးများမှ မကြာခဏ ပြောဆိုကြလေ့ရှိပါသည်။ အမှန်တကယ်လည်း စစ်တပ် မှ နှုတ်ထွက်ခွင့်တင်ပြသည့်အခါ နှုတ်ထွက်ခွင့် မရရှိကြဘဲ အသက် (၆၀) ပြည့် သည်ထိ တပ်ထဲတွင် တာဝန်ထမ်းဆောင်ရန် ညွှန်ကြားချက်များ ထုတ်၍ ပိတ်ပင်တားဆီးခဲ့ကြပါသည်။ စစ်တပ်ထဲတွင် နေမပျော်သူများသည် တရားဝင် တင်ပြထွက်ခွာခွင့် မရကြသည့်အခါ ထွက်ပြေးတိမ်းရှောင်ခြင်း လမ်းစဉ်ကိုသာ ရွေးချယ်ကြပါတော့သည်။

အုပ်ချုပ်မှုလမ်းစဉ် မညီမျှဘဲ ဆရာမွေး၊ တပည့်မွေး၊ ရာထူးပေး၊ နေရာ ပေး စနစ်များသည် စစ်တပ်အတွင်း အရာရှိ၊ စစ်သည်များ ပြုန်းတီးရခြင်း၏ အကြောင်းရင်းတစ်ခုထဲမှာ ပါဝင်နေပါသည်။ ‘လူကိုခင်လျှင် မူကိုပြင်၍ လူကို မုန်းက မူကိုသုံးသည်’ ဟူသော စကားရပ်တစ်ခု စစ်တပ်တွင်ရှိပြီး ထိုစကား အတိုင်းပင် မိမိ သားတပည့် ခင်မင်ရင်းနှီးသူနှင့် ကပ်ဖားရပ်ဖားလုပ်သူများ အမှု ရင်ဆိုင်ရသည့်အခါ လျှော့ပေါ့သော ပြစ်ဒဏ်ပေးတတ်ကြပြီး၊ မိမိ မကြိုက် သောသူ၊ သဘောမကျသောသူဆိုလျှင် အမှုသည် မည်မျှငယ်နေပါစေ ကြီးမား သော ပြစ်ဒဏ်ပေးတတ်ကြသည်မှာ အရာရှိကြီးများ၏ ခေါက်ရိုးကျိုးနေသော အဆင့်ဆင့်လက်ဆင့်ကမ်းလာသည့် အကျင့်စရိုက်ပင်ဖြစ်ပါသည်။

စစ်တပ်မှာ အရာရှိ၊ စစ်သည်အားလုံး၏ လစာထဲမှ ပမာဏ အများအပြား ကို စစ်တပ်နှင့် ဆက်စပ်သော ကုမ္ပဏီများဖြစ်သည့် အာဏာသိမ်း စစ်ခေါင်း ဆောင်၏ သားဖြစ်သူပိုင်သော အောင်မြင့်မိုရ်မင်း အသက်အာမခံကုမ္ပဏီနှင့် စစ်တပ် အမြဲတမ်းတည်ရှိရေးအတွက် ၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ထဲတွင် အချိုးကျ ထည့်ဝင်ခြင်းအား ဆောင်ရွက်နေကြရပါသည်။ အောင်မြင့်မိုရ်မင်းကုမ္ပဏီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး တစ်နှစ်ကျော်ကြာ ၂၀၁၂ နိုဝင်ဘာလတွင် စတင်ပေါ်ပေါက်ခဲ့ပြီး အရာရှိ၊ စစ်သည်များအား နိုင်ငံ ပိုင် မြန်မာ့အသက်အာမခံလုပ်ငန်းတွင် အသက်အာမခံ မစုဆောင်းစေတော့ဘဲ အောင်မြင့်မိုရ်မင်းကုမ္ပဏီတွင်သာ ပြောင်းရွှေ့ အသက်အာမခံစုဆောင်း စေခဲ့ ပါသည်။ လစဉ်စုဆောင်းရမည့် အသက်အာမခံနှုန်းထားကို တိုးမြင့်ကောက်ခံ၍ လစာထဲမှ ဖြတ်တောက် ယူငင်ခဲ့ကြပါသည်။ အသက်အာမခံစာချုပ်အား ဖတ် ရှုခွင့်မရကြသည့်အပြင် ကုမ္ပဏီဘက်မှ (၅) နှစ်တစ်ကြိမ် စာချုပ်ပါ အချက် အလက်များကို ပြောင်းသည်ဟု သိရှိရပြီး စစ်သည်များအနေဖြင့် (၅) နှစ်ပြည့် သောအခါမှသာ မိမိ စုဆောင်းထားသော အသက်အာမခံငွေကို ပြန်လည်ရရှိ ကြခြင်း ဖြစ်သဖြင့် အတိုးနှုန်းမပါဘဲ စစ်သည်များ၏ လစာငွေကို အတင်းအဓမ္မ ယူငင်၍ ၎င်းတို့ ကိုယ်ကျိုးအတွက် စီးပွားရေးလုပ်ငန်းများ လုပ်နေခြင်းဖြစ် ကြောင်း သိရှိနိုင်ပါသည်။

ထို့အပြင် စစ်သည်များအနေဖြင့် ဦးပိုင်ကုမ္ပဏီတွင် မိမိလစာထဲမှ စုငွေ ထည့်ဝင်ရသေးသည်။ အောက်ခြေစစ်သည်များသည် ကျပ် (၁၅) သိန်း၊ ဒုဗိုလ် မှ ဗိုလ်မှူးအဆင့်အထိ ကျပ် (၃၀) သိန်း၊ ဒုတိယဗိုလ်မှူးကြီးမှ ဗိုလ်မှူးချုပ်ထိ သိန်း (၅၀)၊ ဗိုလ်ချုပ်နှင့်အထက် သိန်း (၁၀၀) စသည်ဖြင့် ဦးပိုင်ကုမ္ပဏီတွင် လစဉ် ထိုပမာဏမပြည့်မချင်း ထည့်ဝင်နေကြရပြီး အစုရှယ်ယာငွေမှ (၃၀) ရာခိုင်နှုန်းကို တစ်နှစ်လျှင် တစ်ကြိမ် ကုမ္ပဏီဘက်မှ ပေးရမည် ဖြစ်သော် လည်း အမှန်တကယ်ပြန်လည်ပေးအပ်ခြင်း မရှိသည့်အတွက်ကြောင့် အရာရှိ များ၊ စစ်သည်များမှာ မစုချင်သော်လည်း အမိန့်အရ မဖြစ်မနေ စုဆောင်းနေ ရပါသည်။

စစ်သည်များသည် ဘဏ်စုငွေစုဆောင်းခြင်းအား မိမိသဘောဆန္ဒမပါဘဲ အထက်အရာရှိကြီးများ၏ ညွှန်ကြားချက်အရ လစဉ်စုဆောင်းနေရသည့် အဖြစ်ကိုလည်း ကြုံနေကြရပါသည်။ စစ်သည်များအား ဘဏ်စုငွေ (၁၀) သိန်း နှင့်အထက် ရှိရမည်ဟု အထက်ဌာနများ၏ ညွှန်ကြားချက်များအရ လစဉ် မဖြစ်မနေစုဆောင်းကြရပြီး အရေးပေါ်ကိစ္စများကြောင့် မိမိတို့ ဘဏ်စုငွေ ထုတ်လိုသည့်အခါ ချက်ခြင်းထုတ်ခွင့်မရကြဘဲ ရှိနေခဲ့ပါသည်။ အရေးပေါ် ကိစ္စများအတွက် လတ်တလောပြေလည်စေရန် အတိုးဖြင့် ငွေချေးငှားခြင်း များ ဆောင်ရွက်ရာမှ အကြွေးသံသရာထဲနစ်၍ နောက်ဆုံး အကြွေးမဆပ်နိုင်၍ ခွင့်မဲ့စစ်ပြေး ဖြစ်ပွားခြင်းများလည်းရှိခဲ့ပါသည်။ စစ်သည်များ ဘဏ်စုငွေ ပိုင်ဆိုင်မှု များလာသည့်အခါ မိမိပိုင်ဆိုင်မှုကို မစွန့်လွှတ်နိုင်ပဲ မည်သည့် အခက် အခဲများ ကြုံတွေ့ရပါစေ စစ်တပ်ကို စွန့်ခွာ၍ ထွက်မပြေးနိုင်ဟု ယူဆချက်ဖြင့် စစ်တပ်အကြီးအကဲများမှ လေးလပတ်အစည်းအဝေးတစ်ခုတွင် သတ်မှတ် ပြဋ္ဌာန်းပြီး လက်အောက်စစ်သည်များအား ထိန်းချုပ်နိုင်ရေး ကြိုးစားခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

စစ်သည်များအပြင် အရာရှိများ ခွင့်မဲ့ပျက်ကွက် စစ်ပြေးမှုများလည်း များစွာရှိခဲ့ပါသည်။ ယခင်က အဆင့်မြင့်ရာထူးများကို နှစ်ကာလတွက်ချက်မှု ဖြင့် ပေးရာမှ နောက်ပိုင်းတွင် ရာထူးနေရာ လစ်လပ်မှု မရှိတော့သဖြင့် အချိန် တန်၍ ရာထူးနေရာ မရတော့သည့်အခါတွင် လည်းကောင်း၊ ခြေလျင်တပ်ရင်း များတွင် နှစ်ကြာရှည်စွာ တာဝန်ထမ်းဆောင်ကြရပြီး ရှေ့တန်းတစ်ခုပြီး တစ်ခု ဆက်တိုက် တာဝန်ထမ်းဆောင်ခိုင်းသည့်အခါတွင်လည်းကောင်း၊ လစာ၊ ရိက္ခာ များ ဖြတ်တောက်ခံရခြင်းနှင့် ဦးပိုင်၊ အသက်အာမခံငွေများ အတင်းအကျပ် စုဆောင်းခိုင်းသည့်အခါတွင် လည်းကောင်း၊ မညီမျှသော အခွင့်အရေးများနှင့် ဆရာမွေးတပည့်မွေး စနစ်များမှ မလိုလားအပ်သော အကျိုးဆက်များကြောင့် လည်းကောင်း၊ ယခုအခါ စစ်တပ်မှ နိုင်ငံအာဏာကို မတရားသဖြင့် လုယူ သိမ်းပိုက်လိုက်သည့်အခါ အရာရှိ၊ စစ်သည်များသည် အကြမ်းမဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် ပါဝင်၍ ပြည်သူ့ဘက်သို့ ပူးပေါင်းပါဝင် သောအခါတွင်လည်းကောင်း အင်အားပြုန်းတီးမှုများ ဖြစ်ပေါ်လာပါသည်။

စစ်တပ်တွင် ဝင်ရောက်အင်အားနည်းပါးကာ ပြုန်းတီးအင်အား များပြား လာခြင်းသည် ၂၀၀၁ ခုနှစ်မှ အစပြုသည်ဟု လေ့လာသိရှိရပြီး စစ်ပြေးမှုကို ထိန်းသိမ်းရန် ယခင် စစ်ပြေးမှုကျူးလွန်ပါက ထောင်ဒဏ် (၁) နှစ် အစား ၂၀၁၃ ခုနှစ်တွင် ထောင်ဒဏ် (၅) နှစ်သို့လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ထောင်ဒဏ် (၇) နှစ်သို့လည်းကောင်း ပြစ်ဒဏ်တိုးမြှင့်သတ်မှတ်ခဲ့ကြပါသည်။ အမှန်တ ကယ် တပ်နေပျော်စေရေးနှင့် အရာရှိငယ်များ၏ ဘဝခံစားချက်များနှင့် အခြေ အနေအရပ်ရပ်ကို ထည့်သွင်းတွက်ချက်၍ ဖြည့်ဆည်းခြင်းမပြုဘဲ ထောင်ဒဏ် တိုးလိုက်ပါက စစ်ပြေးမှု လျော့သွားလိမ့်မည်ဟု အရာရှိကြီးများ တွေးထင်ကြ သည်ဟု ယူဆမိပါသည်။ သို့သော် ၎င်းတို့ထင်သည့်အတိုင်း ဖြစ်မလာပဲ ထောင် ကျခံ၍ စစ်ပြေးမှုသည်သာ ပို၍ များပြားလာပါသည်။

ယခင်က ငွေကြေးပေး၍ ဆေးအဆင့်နှိမ့်ကာ ထွက်ခြင်းမျိုးရှိသော်လည်း နောက်ပိုင်းတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူမှလွဲ၍ ထွက်ခွင့်မပေးခြင်းဖြင့် ပြုန်းတီးအင်အားကို ထိန်းသိမ်းခဲ့ကြပါသည်။ ထို့ကြောင့် အရာရှိများမှ အိမ်ထောင်ရေး ဖောက်ပြန်နေသည်ဟူသော အကြောင်းပြချက်ဖြင့် ထွက်ခွာ ခွင့်ရရေးအတွက် ၎င်းတို့၏ ဇနီးအား တိုင်ခိုင်းခြင်းကဲ့သို့ ကိစ္စများ ပြုလုပ်လာ ကြပါသည်။ ထိုသို့ဖြင့် အကြောင်းအမျိုးမျိုးပြကာ စစ်တပ်မှ ထွက်ခွင့်ရရန် ကြိုးစားဆောင်ရွက်မှုများ ပိုမိုများပြားလာကြပါသည်။

စစ်တပ်မှ ထွက်ခွာကြလိုသော အကြောင်းရင်းများ

အောက်ခြေအရာရှိ၊ စစ်သည်များ၏ စစ်ဝတ်၊ ရိက္ခာ၊ လစာ၊ နှစ်တိုးနှင့် ခံစား ခွင့်များအား မှန်ကန်ပြည့်စုံစွာရရှိခြင်းမရှိဘဲ အထက်ဌာနအဆင့်ဆင့်မှ ဖြတ် တောက်ခြင်း၊ မိမိသဘောဆန္ဒမပါဘဲ ဦးပိုင်အစုရှယ်ယာထည့်ဝင်ခိုင်းခြင်း၊ လစာထဲမှ ဘဏ်စုငွေဖြတ်တောက် စုဆောင်းစေခြင်းနှင့် စစ်ဝတ်တန်ဆာ ပစ္စည်းများအား ထုတ်ပေးသမျှကို စစ်သည်လက်ဝယ် မရောက်ရှိဘဲ အဆင့် ဆင့်မှ ပြင်ပသို့ရောင်းချပြီးမှသာ အဆင့်မမီသော စစ်ဝတ်တန်ဆာပစ္စည်းများ ဖြင့် လဲလှယ်ထုတ်ပေးနေခြင်း၊ ထိုသို့ထုတ်ပေးနေသည်ကို သိလျက်နှင့် ဝေစုရ ၍ အရေးယူခြင်း မရှိသော အရာရှိကြီးများ၏ လက်အောက်တွင် တာဝန်ထမ်း ဆောင်နေရခြင်းများကြောင့်လည်း စစ်တပ်မှ ထွက်ချင်ကြခြင်း ဖြစ်ပါသည်။

အောက်ခြေအရာရှိ၊စစ်သည်များနှင့် အထက်အကြီးအကဲများသည် ရာထူး အဆင့်အတန်း ကွာခြားကြရုံသာမက ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့် ကွာခြားကာ အထက်အောက် ဆင်းရဲချမ်းသာမှု လွန်စွာမှ ကွာဟကြပါသည်။ အိမ်ထောင် သည် စစ်သည်များသည် မိသားစု စားလောက်ရုံသာ လစာနှင့် စရိတ်များ ရရှိ သည်ဖြစ်သော်လည်း ထိုလစာနှင့် စရိတ်ကို အပြည့်အဝ မခံစားကြရပေ။ ယခု လရသည့် လစာနှင့် စရိတ်သည် ယခင်လ ယူထားသော အကြွေးများ ဆပ်ရ ခြင်းဖြင့် အကြွေးသံသရာလည်ကာ မိသားစုအဆင်မပြေမှုများ ကြီးထွားလာ သောကြောင့် လုပ်ငန်းခွင်မပျော်မွေ့ဘဲ စစ်တပ်ကို စွန့်ခွာထွက်ပြေးခြင်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

စစ်သည်များသည် မိမိတို့၏ အဓိကတာဝန်ဖြစ်သည့် စစ်ရေးစစ်ရာကိစ္စ များ၊ လေ့ကျင့်ရေးတာဝန်၊ နိုင်ငံနှင့် နိုင်ငံသားတို့ကို စောင့်ရှောက်ရမည့် တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သော်လည်း အဓိကမဟုတ်သည့် စိုက်ပျိုးရေး လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ တပ်ပြင်စည်းရုံးရေးလုပ်ငန်းများ စသ ဖြင့် လုပ်ငန်းများကို အချိန်ပေး၍ လုပ်ကိုင်နေရသည့်အခါ အဓိကလုပ်ငန်းများ အားနည်း၍ တိုက်ရည်ခိုက်ရည်ကျဆင်းလာပြီး မိမိကိုယ်ကို ယုံကြည်မှုကျ ဆင်းလာခြင်းကြောင့် စစ်တပ်ကို စွန့်ခွာထွက်ပြေးခြင်းများလည်း ဖြစ်ပေါ်နေပါ သည်။

ထို့အပြင် စစ်တပ်တွင် ဘာသာရေးနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကိုသာ အဓိကထားကိုးကွယ်ရမည့် ဘာသာအဖြစ် သတ်မှတ်ထားပြီး အခြားဘာသာ ဝင်များ၏ အခွင့်အရေးနှင့် လွတ်လပ်စွာကိုးကွယ်ခွင့်ကို တိုက်ရိုက်မဟုတ် သောနည်းလမ်းများဖြင့် ပိတ်ပင်တားဆီးထားတတ်ကြသည်။ ဥပမာအားဖြင့် စစ်သည်များ ရှေ့တန်းသွားချိန်တွင် ဇနီးများအား ဗုဒ္ဓဘာသာဝင်များ၏ ဘုရား စာဖြစ်သည့် ဓမ္မစကြာစသည်ဖြင့် ရွတ်ဆိုခိုင်းသည့်အခါ ကျန်ဘာသာဝင်များ အား အနားမရစေဘဲ မှီခိုကလေးငယ်များအား ထိန်းစေခြင်း၊ အခြားလူမှု ဝန်ထမ်းအလုပ်များဖြစ်သည့် မြက်ပေါက်ခြင်း၊ တပ်ပတ်လည် သန့်ရှင်းရေး လုပ်ခြင်းများကို ဆောင်ရွက်ခိုင်းစေကြပါသည်။ မလုပ်လိုပါက ဘုရားစာအား အတူတူရွတ်ဆိုစေကြပါသည်။ အစ္စလာမ်ဘာသာဝင်များကို စစ်တပ်ထဲ ဝင် ရောက်ခြင်းကို လုံးဝလက်မခံပါ။ ဝင်ရောက်ပါက ဗုဒ္ဓဘာသာသို့ ပြောင်းခိုင်း ခြင်းများ ဆောင်ရွက်စေပါသည်။

လတ်တလောဖြစ်ပေါ်နေသည့်အခြေအနေ

တော်လှန်ရေးဘက်မှ အားသာလာသည်နှင့်အမျှ စစ်တပ်သည် နယ်မြေ ထိန်းချုပ်နိုင်ရေးအတွက် ခက်ခဲလာပြီး စစ်ဆင်ရေးဆင်နွှဲရမည့် နေရာဒေသ များပြားလာနေပါသည်။ ဖွဲ့စည်းပုံအင်အား မပြည့်မီသောကြောင့် စစ်ပွဲ မဖြစ် သောဒေသများနှင့် ခေတ္တခဏ ငြိမ်းချမ်းနေသောနေရာများတွင်ရှိသော တပ်ရင်း၊ တပ်ဖွဲ့များကို ထုတ်နှုတ်၍ နေရာဒေသ တစ်ခုပြီးတစ်ခု ရွှေ့ပြောင်း ခြင်းများ ပြုလုပ်လာရပါသည်။ ရခိုင်ပြည်နယ်တွင် မြေပြင်ငြိမ်သက်လျှင် ၎င်းနေရာတွင် တာဝန်ထမ်းဆောင်နေသော တပ်ရင်းများအား ကရင်ပြည် နယ်သို့လည်းကောင်း၊ ကရင်ပြည်နယ်တွင် စစ်ပွဲ ခေတ္တငြိမ်နေလျှင် ၎င်းနေရာ တွင် ရှိနေသာ တပ်ရင်းများအား ကချင်ပြည်နယ်သို့လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးစသည်ဖြင့်လည်းကောင်း တပ်စုလိုက် ရွှေ့ပြောင်း၍ စစ်ကစား ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါသည်။

ထိုကဲ့သို့ ရွှေ့ပြောင်းစစ်ကစားခြင်းကြောင့် စစ်သည်များ စစ်ပန်းလျက်ရှိ ပြီး စိတ်ဓာတ် အကျအဆင်းမြန်ကြကာ ဒေါသစိတ်များ ကိန်းအောင်းနေပြီး တစ်စုံတစ်ရာ ပြဿနာအသေးအမွှား ဖြစ်ပါက သည်းမခံကြတော့ဘဲ အချင်းချင်းပစ်ခတ်မှုများပါ ဖြစ်လာကြပါသည်။ ထို့အပြင် တပ်များအားလုံး နေရာအနှံ့ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေကြရသဖြင့် အနားပေးရေး အတွက် တာဝန်လဲလှယ်မည့်တပ် မရှိသည့် ပြဿနာတစ်ရပ်ကို ရင်ဆိုင်နေ ကြရပြီး စစ်ဆင်ရေးရှိ အရာရှိ၊ စစ်သည်များသည် တိုက်ပွဲအတွင်း စိတ်ဖိစီးမှု ဒဏ်ကို ခံစားနေကြရကာ မိသားစုနှင့် တစ်နှစ်ကျော်မျှ ကင်းကွာ၍ နေပါ တော့သည်။ ထိုအချက်များသည် ဒေါသစိတ်အဖြစ် ကူးပြောင်းသွားပြီး ၎င်းတို့ အား ခိုင်းစေသည့် အထက်အကြီးအကဲများကို ပြန်လည်ပြောဆိုရန် အခွင့် မသာခြင်းနှင့် အမိန့်အာဏာများကြား ပြန်ပြောရဲခြင်း မရှိသောအခါ လက်နက်မဲ့ ပြည်သူဘက်ကိုသာ ပေါက်ကွဲ၍ ထိခိုက်အောင် လုပ်နေကြသည် ဟု ထင်မြင်ယူဆမိပါသည်။

စစ်တပ်အကြီးအကဲများသည် စစ်သည်များ၏ မိသားစုဝင်များကို အပြင် ရပ်ကွက်များတွင်နေပါက မလုံခြုံနိုင်ဟူသော အကြောင်းပြချက်ဖြင့် တပ်တွင်း တွင် မဖြစ်မနေ နေခိုင်းပါသည်။ မိသားစုဝင်များ တပ်ထဲတွင် ရှိသဖြင့် စစ်သည် များ ထွက်ပြေးမှု လျော့နည်းသွားမည်ဟု ယူဆသည်သာမက မိသားစုများအား လက်နက်များထုတ်ပေး၍ စစ်ပညာသင်စေကာ တပ်ပတ်လည်လုံခြုံရေး ဆောင်ရွက်ခိုင်းပြီး စစ်တပ်နောက်တန်းဌာနချုပ်များ မကျရှုံးစေရေး စတေးခံ စေခြင်းမျိုး ဆောင်ရွက်ခိုင်းသည့် တစ်ချက်ခုတ် နှစ်ချက်ပြတ်သည့် ယူဆချက် လည်းဖြစ်နေပါသည်။ စစ်သည်အား အရေးယူထောင်ချမည်ဟူသော အမိန့်ဖြင့် တချို့တိုက်ပွဲဖြစ်နေသော ဒေသများရှိ တပ်ရင်းများတွင် မိသားစုများကို တပ် တွင်းသို့ လာရောက်နေခိုင်းခြင်းများလည်း ကြုံနေရပါသည်။

၎င်းတို့အနေဖြင့် တော်လှန်ရေးအဖွဲ့များမှ လာရောက်တိုက်ခိုက်သည့် အခါ စစ်ပွဲကြား အမျိုးသမီးများနှင့် ကလေးသူငယ်များကို ဒိုင်းသဖွယ် ပြုလုပ် စေခြင်းဖြင့် ထိခိုက်ကျဆုံးမှုများဖြစ်ပါက သတင်းမီဒီယာများတွင် ဖော်ပြပြီး ပြည်သူ့တော်လှန်ရေးအဖွဲ့များအား နိုင်ငံတကာတွင် စစ်ပွဲဥပဒေ ချိုးဖောက် ပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်နေသည့်အသွင် ပုံဖော်နေခြင်းမျိုးကိုလည်း တွေ့ရှိရပါသည်။ ယခုအခါ တော်လှန်ရေးဘက်မှာ အားကောင်းလာပြီး စစ်တပ် မှ အကျအဆုံးများပြားလာသည့်အခါ တပ်တွင်း မုဆိုးမများ ပေါများလာရပြီး တစ်ချို့ အရာရှိ၊ စစ်သည် ဇနီးများသည် ၎င်းတို့၏ ယောက်ျားများအား ပြည်သူ ဘက်ပူးပေါင်း၍ စီဒီအမ်အမြန်ဆုံးပြုလုပ်ရန် တိုက်တွန်းဖိအား ပေးမှုများရှိလာ ပြီး တိုက်တွန်း၍ မရကြသောအခါ မိသားစုလိုက် စွန့်ခွာထွက် ပြေးခြင်းများ လည်း ရှိလာပါသည်။ တိုက်ပွဲဖြစ်ပွားသော နေရာများတွင်သာမက တိုက်ပွဲ မဖြစ်သေးသည့် နေရာများရှိ တပ်များတွင်ပင် ထိုကဲ့သို့ စွန့်ခွာထွက်ပြေးမှုများ ရှိလာကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များမှ သိရှိရပါသည်။

နိဂုံး

ယခုအခါ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို စစ်အာဏာရှင်လူတစ်စုမှ အတင်း အဓမ္မသိမ်းယူခဲ့ခြင်းကြောင့် စစ်တပ်နှင့် စစ်တပ်၏ လက်ဝေခံ ရဲတပ်ဖွဲ့များကို ပြည်သူလူထုမှ ရွံ့ရှာမုန်းတီး၍ အဖွဲ့အစည်းတစ်ခုလုံးကိုပင် မြန်မာ့မြေမှ ပျောက်ကွယ်သွားစေလိုကြသည်။ စစ်သား၊ ရဲတပ်သားများသည် ပြည်သူမှ မွေးဖွားလာသော ပြည်သူ့လစာစား ဝန်ထမ်းများဖြစ်သော်လည်း အာဏာရှင် စစ်ဗိုလ်တစ်စု ကောင်းစားရေးအတွက်သော်လည်းကောင်း၊ ၎င်းတို့၏ ကိုယ် ကျိုးစီးပွားကို ကာကွယ်၍ ပြည်သူကို ရန်သူကဲ့သို့ သဘောထားလာကြ သည့်အခါ တာဝန်သိပြည်သူများ ဦးဆောင်၍ နွေဦးတော်လှန်ရေး စတင်ခဲ့ပြီး လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်ခဲ့ကြသည်။

စစ်တပ်အနေဖြင့် ပြည်သူ့ပြောက်ကျားတပ်ဖွဲ့များ၏ ပြည်သူ့စစ် မဟာ ဗျူဟာနည်းလမ်းဖြင့် တိုက်ခိုက်မှုကြောင့်သော်လည်းကောင်း၊ ပြည်သူအများ ထောက်ခံသည့် တော်လှန်ရေးဖြစ်နေသောကြောင့်လည်းကောင်း၊ နဂိုထဲက လူသစ်စုဆောင်းမှု အခက်အခဲများနှင့် တပ်မတော်သို့ ဝင်ရောက်မှု နည်းပါး လာသောကြောင့် ထိခိုက်ကျဆုံးမှု များပြားလာနေခဲ့ပါသည်။ ထို့အပြင် ၂၀၁၁ နောက်ပိုင်း ပြည်တွင်းစစ်များကြောင့် တပ်မများ၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ်များနှင့် အောက်ခြေတပ်ရင်းတပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်များသည် အနားမရကြဘဲ စစ်ဆင်ရေးတစ်ခုပြီးတစ်ခု ဝင်ရောက်ခဲ့ကြရသဖြင့် စစ်ပန်း လာသည့် အနေအထားဖြစ်လာကြသည်။ အဓိကအလုပ်ဖြစ်သည့် စစ်တိုက်ခြင်း၊ လေ့ကျင့်ခြင်းလုပ်ငန်းများတွင် လည်း အရေအတွက်ဦးစားပေးသဖြင့် အရည်အသွေး မပြည့်မီသော အရာရှိ၊ စစ်သည် များပြားလာခြင်းသည်လည်း စစ်တပ်၏ ကျရှုံးမှုတစ်ရပ်ဟုပင် ဆိုနိုင် ပါသည်။ အရည်အချင်းမရှိသော ခေါင်းဆောင်များနှင့် တွေ့ရာလူ စုဆောင်း သိမ်းသွင်းထားသော စစ်သားများပေါင်းပြီး စစ်တိုက်ကြသောအခါ ဆုံးရှုံးမှု များလာခြင်းဟု ထင်မြင်မိပါသည်။ တပ်ထဲတွင် ကြားနေရသော ‘တဝမ်းပူ မျဉ်းစောင်း ကြည်း နှစ်သောင်း’ ဆိုသည့် ဆိုစကားအတိုင်း အရည်အချင်း မရှိသော တွေ့ကရာလူ အတင်းအကျပ်စုဆောင်းခံထားရသည့် တဝမ်းပူ မျဉ်းစောင်း စစ်သည်များနှင့် ခေါင်းဆောင်မှု ညံ့ဖျင်းသော ကြည်းနံပါတ် သောင်းဂဏန်း အထက်ရှိသော အရာရှိများ စစ်တိုက်ကြသောအခါတွင် ကျဆုံး မှု ပိုများလာပြီး တပ်ပျက်သုဉ်းခြင်းကို ဦးတည်လာလိမ့်မည်မှာ မှန်ကန်လာပြီ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။