မြန်မာစစ်တပ်၏ စစ်သား စုဆောင်းပုံ

ရေခဲ | တပ်ကြပ်ကြီး၊ အဆင့်မြင့်ဆက်သွယ်ရေးနှင့် လျှပ်စစ်ထုတ်လုပ်ရေးနှင့် သုတေသနယန္တရားတပ် | Click here to read this article in English.

Cite as: 
ရေခဲ၊ (၂၀၂၅)၊ မြန်မာစစ်တပ်၏ စစ်သား စုဆောင်းပုံ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်https://ijbs.online/?page_id=5348


အကျဉ်းချုပ်

မြန်မာစစ်တပ်ရဲ့ အခြေခံအုတ်မြစ်ဟာ ခနော်ခနဲ့ ဖြစ်နေပါတယ်။ စစ်တပ်ဟာ သူ့ရဲ့ တပ်သားသစ် စုဆောင်းတဲ့ လုပ်ငန်းစဉ်ပုံစံကို မပြောင်းသရွေ့တော့ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို တာဝန်ကျေပွန်ဖို့ နေနေသာသာ သူ့ကိုယ်သူ တိုးတက်အောင်သော်မှ မလုပ်နိုင်ပါ။ ဒီဆောင်းပါးမှာ ဝါဒဖြန့်မှု၊ မက်လုံးပေးမှု၊ လှည့်ဖြားမှု၊ ပြန်ပေးဆွဲမှုတွေအပါအဝင် နိုင်ငံတွင်း တပ်သားစုဆောင်းမှု ပုံစံအမျိုးမျိုးကို ဖော်ပြထားပါတယ်။ စစ်သားစုဆောင်းမှု လျှော့ချနိုင်‌ရေးနဲ့ ဘက်ပြောင်း ခိုလှုံသူအရေအတွက် တိုးလာနေမှုအား တန်ပြန်နိုင်ရေးအတွက် စစ်အာဏာပိုင်တွေဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေရဲ့ မိသားစုဝင်တွေကို လက်နက်ပြည့်လေ့ကျင့်မှုတွေ အတင်းအကျပ် လုပ်ခိုင်းနေ ပြီး ၂၀၂၁  စစ်အာဏာသိမ်းပြီးကတည်းက တစ်စုံတစ်ရာ တိုးတက်မှု မရှိခဲ့ပေ။

~

နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကိုယ့်ရဲ့ အချုပ်အခြာအာဏာနဲ့  စစ်တပ်ဟာ မရှိမဖြစ် လိုအပ်တဲ့ အဖွဲ့စည်းတစ်ခုပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ခြံစည်းရိုးဆိုရင်လည်း မမှားပါ ဘူး။ ဒါကြောင့်မို့ ဟိုးအရင်ကတည်းက အင်အားကြီးမားတဲ့ စစ်တပ်တွေဖြစ် အောင် လက်နက်အင်အား၊ လူအင်အားတွေနဲ့ ဖြည့်တင်းပြီး မိမိရဲ့ နိုင်ငံကို ကာကွယ်ဖို့အတွက် ကြိုးစားတည်ဆောက်ကြပါတယ်။ ဘာလို့ ဒီလိုတွေ သူ့ ထက်ငါအပြိုင် တည်ဆောက်ကြလဲလို့မေးရင် လူသားတွေ ဖြစ်နေလို့ပါပဲ။ လူသားတွေဟာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေနဲ့ ပြည့်နှက်နေပြီး တင်းတိမ်ရောင်ရဲ့တဲ့ စိတ်တွေမရှိဘဲ လိုချင်တပ်မက်မှုတွေ၊ မတရားမှုတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။

ဒီထဲကမှ ကျွန်တော်တို့ နိုင်ငံဟာလည်း ဟိုးအရင်ခေတ်များဆီက သူ တစ်ပါးနိုင်ငံကို သွားရောက်ကျူးကျော်ခဲ့တဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ သူ့ကျွန် ဘဝကိုလည်း ကျရောက်ခဲ့ဖူးပါတယ်။ အဲဒီလို သူ့ကျွန်ဘဝကို ကျရောက်ခဲ့ပြီး တဲ့နောက်မှာ ကျွန်တော်တို့နိုင်ငံသည် လွတ်လပ်ရေး ပြန်လည်ရရှိဖို့အတွက် ခေတ်မီပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ စစ်တပ်တစ်ရပ်ကို စတင်အကောင် ထည်ဖော် ဖွဲ့စည်းခဲ့ပါတယ်။ အဲဒါကြောင့် လွတ်လပ်ရေးနဲ့အတူ မြန်မာ့ တပ်မတော် ပေါ်ပေါက်လာခဲ့ပါတယ်။ စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်မှာတော့ နိုင်ငံ အတွက်တကယ်ကို အကျိုးပြုပြီး အကျိုးရှိခဲ့တဲ့ စစ်တပ်တစ်ခုဆိုရင်လည်း မမှားပါဘူး။

သို့ပေမယ့် အချိန်တဖြည်းဖြည်း ကြာလာတာနဲ့အမျှ စစ်တပ်ရဲ့ မျက်နှာဖုံး ဟာ ကွာကျလာပြီး ဘီလူးခေါင်းဟာ တဖြည်းဖြည်းပေါ်လာခဲ့ပါတယ်။ အဓိက ကတော့ စစ်ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။ သူတို့ အလိုရမ္မက်အတွက် စစ်တပ်ကို အသုံးချပြီး နိုင်ငံနဲ့ ပြည်သူကို အကျိုးလိုလို့ ညောင်ရေလောင်း ခဲ့တာပဲ ဖြစ်ပါတယ်။ စစ်တပ်ခေါင်းဆောင်တွေဟာ ပြည်ပရန်ကို ကာကွယ်ဖို့ ထက် ပြည်တွင်းမှာသာ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်၊ လုပ်ချင်တိုင်း လုပ်ဖို့ အတွက် စစ်တပ်အင်အားကို အစွမ်းကုန်တိုးချဲ့ ကြိုးစားဖြည့်တင်းခဲ့ပါတယ်။ လူအင်အားနဲ့ လက်နက်အင်အားကို လိုက်လံစုဆောင်းခဲ့ပါတယ်။ လက်နက် အင်အားကိုတော့ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာတွေနဲ့ ဝယ်ယူတပ်ဆင်ဖြည့်ဆည်း ခဲ့ကြပါတယ်။

လူအင်အားကိုတော့ အစပိုင်းမှာ ကိုယ့်နိုင်ငံအပေါ်ကို အမှန်တကယ် ချစ်မြတ်နိုးသူ၊ မျိုးချစ်စိတ်ဓာတ်ရှိတဲ့သူတွေကိုသာ သေသေချာချာ စစ်စစ် ပေါက်ပေါက် စိစစ်ပြီး ရွေးချယ်ဖြည့်တင်းခဲ့ပါတယ်။ သို့ပေမယ့် တဖြည်းဖြည်း စိစစ်ရွေးချယ်ဖို့နေနေသာသာ မနည်းစည်းရုံးခေါ်၊ စစ်သားတစ်ယောက်ရဖို့ ပိုက်ဆံပုံအောပေးပြီး ဝယ်နေရတဲ့ အခြေအနေတွေ ဖြစ်ကုန်ပါတယ်။1 သေချာ စိစစ်ပြီး ခေါ်တဲ့နေရာတော့ ရှိပါတယ်။ အဲဒီနေရာတွေကတော့ စစ်တက္ကသိုလ်၊ စစ်အင်ဂျင်နီယာ၊ စစ်ဆေးတက္ကသိုလ်၊ စစ်သူနာပြု စတဲ့ အရာရှိအဆင့် ပေးအပ်တဲ့ ကျောင်းတွေပဲ ဖြစ်ပါတယ်။ အခြားအဆင့်ကျောင်းတွေ၊ စစ်အခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာတော့ စိစစ်ဖို့နေနေသာသာ ဟန်မဆောင်နိုင်ဘဲ အကုန်ဆွဲသွင်းပါတယ်။ တချို့ ကြည့်ရဆိုး၊ ချို့ယွင်းတဲ့ သူတွေကိုသာ ပေးမဝင်၊ ဆွဲမသွင်းတာပါ။

ဘာလို့ အရာရှိရာထူးကိုကျ ဖြေချင်၊ ဝင်ချင်တဲ့သူများပြီး အခြားအဆင့် ကျ ဝင်မယ့်သူ မရှိသလဲ၊ ဒီလိုမျိုးတွေ ဘာကြောင့်ဖြစ်နေလဲဆိုရင် စစ်တပ်မှာ အရာရှိနဲ့ အခြားအဆင့်တွေကြား ကွာဟချက် လွန်စွာမှ ကြီးမားနေလို့ပဲ ဖြစ်ပါ တယ်။ ယူနီဖောင်း၊ နေထိုင်ရတဲ့နေရာ၊ ရပိုင်ခွင့်၊ အခွင့်အရေး အစစအရာရာ ခွဲခြားထားပါတယ်။ တကယ်တော့ စစ်တပ်ဟာ အရေအတွက် များရေးကိုသာ ရှေးရှုပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီး တစ်ခုဆိုတာကို တဖြည်းဖြည်းနဲ့ ကျွန်တော် သိလာခဲ့ရတယ်။ ဘာလို့လဲဆိုရင် စစ်ခေါင်းဆောင်တွေက သူတို့ အကျိုးစီးပွားအတွက်သာ စစ်တပ်ကို အသုံးချနေတာပါ။ တပ်တွင်းစီးပွားရေး ဆိုပြီး ခေါင်းစဉ်တပ်၊ စာရင်းဖော်ရှိုးလုပ် တပ်ရန်ပုံငွေတွေကို ရင်းနှီးပြီး အလွဲ သုံးစားလုပ်၊ လုပ်အားကျတော့ တပ်က အောက်ခြေစစ်သားတွေကို မလုပ်မနေ ရဆိုပြီး တာဝန်တွေနဲ့ခိုင်း၊ အာဏာကို အလွဲသုံးစားလုပ်ပြီး ရလာတဲ့ အကျိုး မြတ်တွေကို အိတ်ကပ်ထဲ ကောက်ထည့် သွားကြပါတယ်။ ဥပမာအားဖြင့် တပ်ရင်းမှူးတစ်ယောက်ဖြစ်ရင် ရပိုင်ခွင့်တွေ ရရမယ်ဆိုတဲ့ အတွေးတွေနဲ့ တပ် တွင်းသက်သာဆိုင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွေကို လက်ဝါးကြီး အုပ်ပြီး နေထိုင်နေကြပါတယ်။ ဒါတွေကို တချို့စဉ်းစားတွေးခေါ်တတ်တဲ့သူ တွေက မခံချိမခံသာဖြစ်ပြီး သူတို့ သားသမီးတွေကိုတောင်မှ တပ်ထဲသွင်းခဲ့ရင် အောက်ခြေစစ်သား မလုပ်ခိုင်းကြပါဘူး။ အဲဒီလို လုပ်ခိုင်းတဲ့သူဟာ ရှားပါ တယ်။ ဒါကြောင့် တော်တော်များများက သူတို့သားသမီးတွေကို အရာရှိ ဖြစ် စေချင်ကြတာပါ။

အဲဒီလို အခြေနေတွေ ဖြစ်လာတဲ့အတွက် အောက်ခြေစစ်သား ရှားပါးလာ ပြီး ဝင်မယ့်သူ မရှိ၊ အထွက် များ နေပါတယ်။ ပြီးရင် တစ်နှစ်ကို စစ်သား (၄) ဦး ရှာရမယ်ဆိုတဲ့ အထက်က ဖိအားပေးခိုင်းစေတဲ့ စာတွေထုတ်ပါတယ်။ ပြီး တော့ သူတို့ရဲ့ အကျိုးစီးပွားကို လုပ်ဆောင်ပေးမယ့်သူတွေ၊ အိတ်ကပ်ဖောင်းဖို့ အတွက် လုပ်ပေးမယ့်သူတွေ လိုအပ်တဲ့အတွက်ကြောင့် အခုနောက်ပိုင်းမှာ စစ်ထဲဝင်ဖို့အတွက် လူပုံစံနဲ့ ပြည့်စုံရင်ရပြီ သူ့ဘာသာသူ ဘာခံယူချက်နဲ့ပဲ ဝင်ဝင်၊ လူဖြစ်ရင်ပြီးရော ခိုင်းရရင် ပြီးတာပဲဆိုပြီး ‘ချိုကျိုး နားရွက်ပဲ့’ ၊ ‘ချဉ်ချဉ်တူးတူး မူး ပြီးရော’ ဆိုပြီး အကုန်ဆွဲသွင်းပါတော့တယ်။ သူတို့ မျက်စိ ထဲ၊ အတွေးထဲမှာတော့ ငါတို့အတွက် အလုပ်လုပ်ပေးမယ့်သူတွေ၊ ငါတို့ခိုင်း ရမယ့် သူတွေ၊ ငါတို့အတွက် ငွေရှာပေးမယ့်သူလေးတွေ လာပြီလို့ပဲ သတ်မှတ် ထားကြတာပါ။

ဒီအတွက်ကြောင့် သူတို့က နိုင်ငံတော်ကို ကာကွယ်ပေးဖို့ စစ်အင်အား ထက် သူတို့အပေါ် အကျိုးအမြတ်များစွာ ထောက်ပံ့ပေးနိုင်မယ့် လူတွေကို စု ခိုင်းနေကြခြင်းပဲ ဖြစ်ပါတယ်။ သူတို့လုပ်ရပ်တွေသာမှန်ရင် နိုင်ငံမှာရှိတဲ့ ဘယ်  သူမဆို ဝင်ချင်ကြမှာ အမှန်ပါ။ နိုင်ငံအတွက်သာ အမှန်တကယ် တာဝန်ထမ်း ဆောင်ရမယ်ဆိုရင် အကုန်လုံးဝင်လာကြမှာပါ။ သို့ပေမယ့် သူတို့ရဲ့ အကျိုး စီးပွားအတွက်သာ အသုံးချနေကြတဲ့အတွက် ဘယ်သူမှ မဝင်ချင်ကြပါဘူး။

အဲဒါကြောင့် သူတို့ဟာ မက်လုံးတွေ၊ ပိုက်ဆံတွေ၊ ရပိုင်ခွင့်တွေနဲ့ စည်း ရုံးကြပါတယ်။ ပြီးတော့  ပြစ်မှုကျူးလွန်ထားတဲ့ သူတွေကိုလည်း ခြိမ်းခြောက် ပြီး ဝင်ခိုင်းပါတယ်။ ပြစ်မှု မရှိရင်လည်း ပြစ်မှုဖြစ်အောင် ဖန်တီး၊ ခွင်ဆင်ပြီး တပ်ထဲဝင်အောင် သိမ်သွင်းကြတယ်၊ ပိုက်ဆံပေးပြီး ဝယ်ကြတဲ့ အဆင့်ထိကို ရောက်ရှိနေပါတယ်။ သူတို့စည်းရုံးတဲ့ အကြောင်းတွေ၊ စည်းရုံးပုံတွေကို တစ်ချက်ချင်း ပြောပြပါရစေ။

ဆယ်တန်းအောင်ပြီး တက်ရတဲ့ စစ်ကျောင်းတွေနဲ့ စစ်အင်အားဖြည့် လူသစ်ခေါ်ယူခြင်း

စစ်တပ်ရဲ့ စစ်သည်အင်အားတွေကို အဓိကထားခေါ်ယူ စုဆောင်းပေးနေ တာကတော့ စစ်ကျောင်းကြီးတွေကနေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဆယ်တန်းအောင်မှ တက်ရတဲ့ စစ်ကျောင်းကြီးတွေများစွာ ရှိပါတယ်။ အဲဒါတွေကတော့ DSA (တိုက်ခိုက်ရေး) ၊ DSTA (စစ်အင်ဂျင်နီယာ) ၊ DSMA (စစ်ဆေး) ၊ စစ်သူနာပြု (အရာရှိ) ၊ OTS (ကျား၊ မ) ၊ အလုပ်သင် စစ်ဆရာဝန် (အရင်က အလုပ်သင်ဗိုလ်)၊ MCTI (AGTI အကြပ်ကြီး)၊ တပ်ကြပ်ကြီး စာရေးသင်တန်းကျောင်း (ကျား၊ မ)၊ သားဖွားသူနာပြုကျောင်း စတဲ့ကျောင်း တွေပဲ ဖြစ်ပါတယ်။ အဲဒီစစ်ကျောင်းကြီးတွေကနေ နှစ်စဉ် လူပေါင်းထောင်ချီ စုဆောင်းပေးပြီး စစ်တပ်ရဲ့ လူသစ်အင်အား (၆၀) ရာခိုင်နှုန်းအထက်ထိကို အဓိကထား စုဆောင်းပေးနေပါတယ်။

ဘာလို့ အဲဒီလောက်ထိများ စုဆောင်းနိုင်ရတာလဲ။
ဘာလို့ အဲဒီလောက်ဝင်တဲ့ သူတွေ ရှိနေရတာလဲ။

စဥ်းစားစရာ အချက်တွေပါ။ ဒီအချက်တွေကို ရှင်းပြရမယ်ဆိုရင် အဓိက ကတော့ စစ်တပ်က ဝါဒမှိုင်းဖြန့်တာ၊ စည်းရုံးရေးတွေဟာ အရမ်းကောင်းနေ၊ စနစ်တကျရှိနေလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာက ပညာရေး မကောင်းဘူး၊ ဆယ်တန်းအောင်ပြီး အပြင်တက္ကသိုလ်တွေ တက်ရင် ပိုက်ဆံ များစွာကုန်မယ်၊ ရင်းနှီးရမယ်၊ ကျောင်းပြီး ဘွဲ့ရရင်လည်း အလုပ်က မည်မည် ရရ မရှိ၊ ရတဲ့ဘွဲ့က အလကားဖြစ်ပြီး ဧည့်ခန်းထဲက ဓာတ်ပုံပဲ အဖတ်တင် သွားကြမှာ။ ဒါကိုသိတဲ့ စစ်တပ်အနေနဲ့ ကောင်းစွာ အသုံးချပြီး ဘွဲ့လည်း ပေးမယ်၊ ကျောင်းတက်စဉ် လစာလည်း ပေးမယ်၊ ပြီးရင်လည်း စစ်တပ်ကြီးက နေစရာပေးမယ် စသဖြင့် စည်းရုံးမှုတွေနဲ့ သိမ်းသွင်းတာကြောင့် ဖြစ်ပါတယ်။ ပြီးရင် အဲဒီကျောင်းတွေမှာ တက်ချင် လာအောင်၊ စစ်တပ်ထဲ ဝင်ချင်အောင် အားကျမယ့်အရာတွေ၊ လေးစားစေမယ့်အရာတွေကို ဖော်ရှိုးလုပ်ပြီး ပြည်သူ တွေ သိအောင် ဖြန့်နေလို့ပဲ ဖြစ်ပါတယ်။

သေချာမစိစစ်ဘဲ လက်ခံစုဆောင်းခြင်း

ဒီအကြောင်းကို စပြောရမယ်ဆိုရင် တချို့က အပြင်မှာနေလို့ မရတော့လို့၊ ပြစ်မှုတွေ ကျူးလွန်ထားလို့ တပ်ထဲဝင်ကြတယ်။ တချို့ကကျ အပြင်မှာ အလုပ်ကို လက်ကြောတင်းအောင် မလုပ်ချင်၊ သောက်စားမူးရူးပြီး ထိန်းမနိုင် သိမ်းမရသူတွေဖြစ်လို့ စစ်တပ်ထဲ သွင်းခံကြရပါတယ်။ ဆွဲသွင်းတဲ့သူတွေ စဝင် တဲ့အချိန်မှာတော့ အရမ်းချော့မော့ကြပါတယ်။ အစစအရာရာ ပိုက်ဆံလေး တစ်ပဲခြောက်ပြားလောက် စိုက်ပြီး ဖြည့်ဆည်းပေးတယ်။ ‘အကျိုးလိုလို့ ညောင်ရေသွန်း’ တဲ့ သဘောပါပဲ။ ဝင်တဲ့သူ တချို့ကျတော့လည်း အပြင်မှာ လုပ်ကိုင်စားမရ၊ ပြစ်မှုရှိတဲ့သူ၊ အမှုရှိတဲ့သူတွေ ဖြစ်ပါတယ်။ သို့ပေမယ့် သူတို့ဘဝက တကယ်တော့ စားစရာမရှိလို့ ‘လက်ဝှေ့ထိုး ဝါးစရာ သွားပါကျိုး’ ဆိုတဲ့အဖြစ်ကို ဆိုက်ဆိုက်ကြီး ရောက်လာပါတော့တယ်။ ဘာလို့ဆို သူတို့က ကတိသစ္စာမခံခင်အထိသာ ချော့မော့ကောင်းပြပြီး၊ ကတိသစ္စာခံပြီးရင်တော့ သရုပ်အမှန်တွေ ပေါ်လာပါလေရော။ သူတို့က မင်းတို့ပြေးရင် စစ်ပြေးပဲ၊ မင်း တို့ သစ္စာဆိုပြီးသွားပြီ၊ စစ်သား ဖြစ်သွားပြီ စသဖြင့် သူတို့လုပ်ချင်တာ လုပ်ရပြီ ဆိုပြီး ပြောကြတယ်။ အဲဒီကနေစပြီး ဟိုမောင်မင်းကြီးသားတွေ စတာပါပဲ။

အရင်လို ထောက်ပံ့ရဖို့ နေနေသာသာ လစာတွေ အဖြတ်ခံရ၊ အပြည့် မရတဲ့ အပြင် အိမ်ကို ဖုန်းဆက်ပြီး ‘အမေ နေကောင်း သား ဆုတောင်း လွှဲလိုက် ငွေငါးသောင်း’ တွေပါ လုပ်ရ၊ တချို့ဆို အကြွေးတွေတင်၊ တိုင်တွေ ပတ်၊ အလုပ်တွေလည်း နင်းကန်လုပ်ရ၊ စစ်သားအလုပ်နဲ့ မအပ်စပ်တဲ့ အရာရှိတွေရဲ့ ကိုယ်ကျိုးအတွက် လုပ်နေရတဲ့ အလုပ်တွေကိုလည်း လုပ်နေကြရပြီး နိုင်ငံတော်က ပေးတဲ့လစာကို အရာရှိတွေက ပေးသလိုလို အချိုး မျိုးတွေလည်း ချိုးလာကြပါတယ်။ သူတို့ခိုင်းတာတွေ မလုပ်ရင် အပြစ်ပေး အရေးယူတာ အပြင် ကိုယ်ထိလက်ရောက်တွေပါ ကျူးလွန်ကြပါတယ်။

သင်တန်းကျောင်းတွေက အဆိုးဆုံးပါဘဲ။ ဘယ်သင်တန်းတက်တက် အကုန်လုံးက စစ်သည်တွေရဲ့ လစာတွေ ရပိုင်ခွင့်တွေကိုပဲ မျက်စောင်းထိုး နေကြပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ သူတို့က သူတို့ကိုယ်ကျိုးစီးပွား အတွက် လူသစ်စုကြတာပါ။ ပြီးတော့ ‘မျောက်ပြ ဆန်တောင်း’ တဲ့ သဘော ပါပဲ။ ဆန်တောင်းချင်တဲ့အတွက် မျောက်များများရဖို့ လိုအပ်တယ်လေ။ အဲဒီအတွက်ကြောင့် အကုန်သိမ်းကျုံး စုထားတာပါ။ သူတို့အတွက်က စစ်သား တစ်ယောက်ဝင်လာတာနဲ့ နိုင်ငံတော်က ဘယ်လောက်ဆိုပြီး ခွဲထားပြီးသား ဖြစ်တဲ့အတွက် အကျိုးရှိပါတယ်။

ဒီလိုမျိုး အောက်ခြေစစ်သားတွေဆီကနေ ကုပ်သွေးစုပ်ကြတဲ့သူတွေ အများကြီးပါ။ လစာဆိုလည်း တရားဝင်ဖြတ်တာ ရှိပါတယ်။ တရားဝင်က ဘာလည်းဆိုရင် ပထမဆုံး ဦးပိုင်ရှယ်ယာငွေဆိုပြီး ပေးကြရပါတယ်။ သူတို့ ကတော့ ဦးပိုင်က တပ်မတော်သားတွေအတွက် လူကြီးတွေကနေ စီစဉ်ပေး ထားတယ် ဘာညာနဲ့ စည်းရုံးရေး ဆင်းကြပါတယ်။ ဦးပိုင်အမြတ်ငွေက တစ်နှစ်မှ တစ်ခါသာရတာပါ။ ပြီးတော့ ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ထုတ်ချင်ရင် ထုတ်ခွင့် မရပါဘူး၊ ထုတ်ခွင့်လည်း မရှိပါဘူး။ အောက်ခြေစစ်သားတွေအနေနဲ့ တကယ်တော့ ‘ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်’ ခံနေရတာကို မသိဘဲ မယောင်ရာ ဆီလူးပြီး အထက်ကို ကျေးဇူးတင်နေရတဲ့ ဘဝတွေပါ။

ဒုတိယအနေနဲ့ တရားဝင်ဖြတ်ခံရတာကတော့ အသက်အာမခံကြေးပါ။ အဲဒါကလည်း မင်းအောင်လှိုင်ရဲ့ သား ပိုင်တဲ့ အောင်မြင့်မိုရ်မင်းကုမ္ပဏီက လုပ်တာပါ။ အသက်အာမခံ ဆိုပေမဲ့ ခြေလျင်က ရဲဘော်တွေ မပါပါဘူး။ လက်ရုံးတပ်က သူတွေကိုပဲ လုပ်ပေးတာပါ။ ဘာလို့ဆို ခြေလျင်က စစ်တိုက် ရတယ်၊ လက်ရုံးတပ်က စစ်မတိုက်ရဘူး ဆိုတဲ့အတွက်ကြောင့် လက်ရုံးတပ် တွေဆီကနေပဲ ကောက်ခံခြင်းဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခြေလျင် ကလူတွေ သိသင့်ပါတယ်။ သူတို့ကသာ ရှေ့တန်းမှာ အသက်တွေပေးပြီး တိုက် ရ၊ ထွေထွေထူးထူးအခွင့်ရေး မရရှိဘဲ အပေးဆပ်ခံဘဝတွေနဲ့သာ အဆုံးသတ် သွားကြရတယ်၊ ခွဲခြားခံထားရတယ်၊ ဒါတွေကို နာကြည်းတတ်ရင် နာကြည်း လို့ရပါတယ်။

ပြီးတော့ ဘဏ်စုငွေဆိုပြီး ဖြတ်ခံရပါတယ်။ သူတို့ကတော့ ပြောပါတယ်။ “ဘဏ်စုငွေက မင်းတို့အတွက် စုပေးတာ၊ အရေးကြုံရင်ထုတ်ဖို့ ဘာညာ” ဆိုပြီး စုခိုင်းတယ်။ သင်တန်းကျောင်းတွေဆိုရင် ပိုဆိုးပါတယ်။ ကျွန်တော့် ကိုယ်တွေ့ ကြုံခဲ့၊ ခံခဲ့ရတာပါ။ ကျွန်တော်တို့ သင်တန်းတက်တုန်းကဆိုရင် သင်တန်းသား ထောင်ချီရှိပါတယ်။ ဘဏ်စုငွေ တစ်လကို (၂) သောင်း စုရပါ တယ်။ အဲဒါကို သူတို့က ဘာအတွက် စုပေးလည်းဆိုရင် ခွင့်ပြန်တဲ့အချိန်ကျ သုံးရအောင်ဆိုပြီး စုပေးတာဖြစ်ပါတယ်။ တကယ်လည်း ခွင့်ပြန်ခါနီး ပြန်ထုတ် ပေးပါတယ်။ အဲဒီလို ထုတ်ပေးပေမယ့်လည်း သူတို့အတွက် ကျန်အောင် လုပ် ကြပါတယ်။ ဘယ်လိုလုပ်လဲဆိုရင် ကျွန်တော်တို့ တပ်ရင်းအရာရှိ တပ်ရင်းမှူး က အဲဒီသင်တန်းသားတွေဆီက ရတဲ့ဘဏ်စု ငွေကို သူ့အကောင့်ထဲထည့်ပြီး စုပါတယ်။ ဘဏ်မှာ သူက အဲဒီလို လတိုင်း လတိုင်း သွားသွားစုတော့ သူ့ အတွက် ဘဏ်တိုးငွေ ရပါတယ်။

နောက်ပြီး တချို့အခြေခံတတ်တဲ့ စစ်သည်တွေထဲက တစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူတို့တပ်ရင်းမှုးကတော်က အဲဒီစစ်သည်တွေရဲ့ ဘဏ်စု ငွေကို ငွေတိုးချေးစားနေခဲ့တာကို ပြောပြတဲ့အခါ အဲဒီလိုမျိုးတွေ ရှိနေတာကို သိခဲ့ရပါတယ်။ သူတို့အနေနဲ့လည်း သိကြပေမယ့် မပြောရဲကြပါဘူး။ အဲဒီလိုမျိုး အဖြစ်တွေ များစွာတွေ့ကြုံ ခံစားနေရတာပါ။ ဒါတွေကို တွေးတတ်ပြီး နာတတ် စေချင်ပါတယ်။ ဒါက သင်တန်းကျောင်းတွေမှာ ကြားခဲ့တာပါ။

ကျောင်းဆင်းပြီး ကိုယ့်ရဲ့ မိခင်တပ်တွေ ရောက်တော့ကျ သူတို့က မြဝတီ ဘဏ်မှာ စုပေးထားကြတယ်။ သူတို့ ဖြတ်စားလို့တော့ မရတော့ဘူး။ သို့ပေ မယ့် ကိုယ့်ရဲ့ ပိုက်ဆံထုတ်ဖို့ ရုံးက စာရေးရယ်၊ တပ်ရင်းအရာခံဗိုလ်ရယ်၊ တပ်ရေးဗိုလ်ကြီးရယ်၊ တပ်ခွဲမှူးရယ်၊ ဌာနမှူးတွေရယ်နဲ့ တပ်မှူးအဆင့်ဆင့် ကို လက်မှတ်ထိုးခိုင်းပြီး ကိုယ်စုထားတဲ့ ကိုယ့်ရဲ့ ပိုက်ဆံကို ထုတ်ရဖို့အတွက် မျက်နှာငယ်လေးနဲ့ အောက်ကျို့ပြီး ပြောရပါတယ်။ ဒါတောင် သူတို့ထုတ်ပေး ချင်မှ ထုတ်ပေးတာပါ။ တစ်ခါတလေ ဩဇာသီးသာ အရောင်းခံလိုက်ရတယ်။ ထုတ်မရခဲ့ပါဘူး။ ထုတ်ရခဲ့ရင်လည်း သူတို့ကို လက်ဖက်ရည်ဖိုးတို့၊ ကွမ်းဖိုးတို့ က ‘ဂါ’ ရပါသေးတယ်။

ဒီကိစ္စတွေကို အထဲကသူတွေ ပိုသိပါတယ်။ ကိုယ့်အရိုးနဲ့ ကိုယ့်ကို ပြန် အထိုးခံနေရတဲ့ အဖြစ်ကြီးတွေပါ။ ကိုယ့်အပေါ် မတရားကျူးလွန်ခံရတာတွေ ကို ကိုယ်တိုင် ပြန်တွေးကြည့်သင့်ပါတယ်။ နာတတ်ရင် နာစရာတွေ၊ နာကြည်း စရာတွေ ချည်းပါပဲ။ အမြင်မှန်ရပြီး မဟုတ်တဲ့အရာတွေ၊ မကောင်းတဲ့ မူဝါဒ တွေကို အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့အတွက် အမြန်ဆုံးလုပ်ဆောင်ကြဖို့ကို လည်း အကြံပြုတိုက်တွန်းလိုပါတယ်။

ပြစ်မှုဆင်ကာ အတင်းအကျပ်စုဆောင်းခြင်း

ဒီအကြောင်းအရာကတော့ အရမ်းခံပြင်းဖို့ ကောင်းပါတယ်။ ပြောရမယ်ဆိုရင် တပ်တိုင်း တပ်တိုင်းမှာ လူသစ်စုဆောင်းဖို့ သပ်သပ်တာဝန်ပေးပြီး အရာရှိနဲ့ အခြားအဆင့် စစ်သည်ကို ခန့်အပ် ခိုင်းစေထားပါတယ်။ ဘာလို့ဆို အထက်က ပြောထားသလိုပါဘဲ။ တစ်နှစ်ကို စစ်သည်ဘယ်လောက် အဝင်ပြရမယ်၊ ရှိရ မယ်ဆိုတဲ့ ဖိအားပေးမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ မစုဆောင်း နိုင်ရင်၊ အဝင် မပြနိုင်ရင် အဲဒီက တပ်မှူးကို ခေါ်ဆူအပြစ်ပေး အရေးယူမှုတွေရှိပါတယ်။ အဲဒီ အတွက်ကြောင့်  တပ်မှူးတွေကလည်း အဲဒီအရေးတွေကနေ လွတ်ဖို့၊ မိမိတို့ မျက်နှာပန်းလှစေဖို့အတွက် တပ်ကအရာရှိ စစ်သည်တွေကို သီးသန့်တာဝန် ပေးထားခြင်းပဲ ဖြစ်ပါတယ်။

တပ်မှူးက အဲဒီလိုအခွင့်ရေးတွေ၊ တာဝန်တွေ ပေးထားတဲ့အလျောက် ဖိအားတွေလည်း များပါတယ်။ ဒါကြောင့် တာဝန်ပေးခံရတဲ့သူတွေဟာလည်း လူသစ်ကို စတင်လိုက်ရှာပါတော့တယ်။ မရတဲ့အဆုံး ရှာမရတဲ့ အဆုံးကျရင် တော့ ကူလီကူမာ အကြံဆိုးတွေနဲ့ ခွင်ဆင်ပါတယ်။ ရထားဘူတာက မူးပြီး အိပ်နေတဲ့သူတွေကို ခြိမ်းခြောက်ပြီး တပ်ထဲဝင်ခိုင်းတာမျိုး လုပ်လေ့ရှိသလို၊ တခြားပြစ်မှုတွေ ခွင်ဆင်ပြီးလည်း ခြိမ်းခြောက်ဝင်ခိုင်းပါတယ်။

ဘယ်လိုမျိုး ခွင်ဆင်လည်းဆိုရင် ဥပမာအားဖြင့် တပ်ရဲ့ အနီးနားရှိ ရွာက သူတွေက တပ်က ပစ္စည်းတွေကို ခိုးယူတယ်ဆိုရင် သူတို့က လာခိုးတဲ့အခါ လွှတ်ထားပေးတယ်။ သိသိနဲ့ ဟ ပေးထားတာပေါ့။ နောက်ရက်ကျ အဲဒီလူ တွေကို ဥပဒေနဲ့ ခြိမ်းခြောက်ကာ မင်း ထောင်ကျမှာ စသဖြင့် ပြောပြီး ထောင် မကျချင်ရင် တပ်ထဲဝင်မလား စတဲ့အကျပ်ကိုင်မှုတွေနဲ့ စုဆောင်းပါတယ်။ ဒီအရာမျိုးတွေက တကယ်ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် ကျွန်တော် ကျောင်းဆင်းခါစ မိခင်တပ်ကို စရောက်ပြီး မကြာခင်မှာပဲ သိုင်းသင်တန်း သွားတက်ရပါတယ်။ အဲဒီမှာ သင်တန်းအတူတက်တဲ့ ရဲဘော် တွေနဲ့ စကားပြောဖြစ်ခဲ့တယ်။ တယောက်ချင်းစီကို ဘယ်လိုဖြစ်ပြီး တပ်ထဲဝင် လာတာလဲလို့ လိုက်မေးဖြစ်တယ်။ အဲဒီမှာ ကျွန်တော်က မိုးဒီလို့ခေါ်တဲ့ ရဲဘော် ကို စမေးလိုက်ပြီး သူ့ဆီက ပြန်ပြောတဲ့ စကားကြောင့် ကျွန်တော် အရမ်း အံ့ဩသွားခဲ့ရတယ်။

သူက စစ်တပ်ရဲ့ အတင်းအဓမ္မ စုဆောင်းခြင်းကို ခံခဲ့ရတာမို့လို့ပါ။ သူ အရပ်သားဘဝ နောက်ဆုံးအချိန်က ရန်ကုန်ဘူတာမှာ ပိုက်ဆံအိတ်ပျောက်လို့ သူပြန်မယ့်ဆီကို မပြန်နိုင်ဘဲ ဘူတာရုံမှာ အိပ်နေတာကို စစ်တပ်စုဆောင်းရေး ကသူတွေက အတင်းအဓမ္မဖမ်းခေါ်သွားတယ်။ ပြီးတော့ ရန်ကုန်၊ ဒညင်းကုန်း မှာရှိတဲ့ စစ်သားစုဆောင်းရေးမှာ စစ်တပ်ထဲဝင်ဖို့ အတင်းဖိအားပေးခြင်း ခံရ တယ်။ အဲဒီ မိုးဒီဆိုတဲ့ ကောင်လေးက သူ့ဆန္ဒ မပါလို့ တပ်ထဲမဝင်ဘူးဆိုပြီး ငြင်းဆိုပါသေးတယ်။ အဲဒီလိုငြင်းတော့ အိမ်ကို ပြန်မလွှတ်ဘဲ၊ သူတို့လုပ်ရပ် တွေ သိမှာစိုးလို့ ချုပ်နှောင်တဲ့သဘောနဲ့ ထားထားပါတယ်။ သူ့ကို ထားတာ တခြားသူတွေလို မဟုတ်ဘဲ၊ ဆန္ဒမပါတဲ့ သူတွေကို သီးသန့်ထားတဲ့ အဆောင် မှာထားပြီး အစွမ်းကုန် ယုတ်မာနှိပ်စက်ပါတော့တယ်။ ထမင်းကျွေးတာကအစ ဆန်ကွဲတွေ၊ ခဲတွေနဲ့ ဟင်းကျတော့လည်း ပုပ်နေတဲ့ အာပြဲခြောက်တွေ ကြော် ကျွေးတယ်။ အိပ်စရာနေရာပေးထားတာကလည်း ကြမ်းပိုးထိုးတဲ့ ယိုင်နဲ့နဲ့ ဝါးကွပ်ပျစ်ပေါ်မှာ နေရတယ်လို့ ပြောပါတယ်။ ထောင်ထဲ မထည့်ထားရုံ တမယ်ပါပဲ။ စစ်တပ်ထဲ ဝင်အောင်လို့ အမျိုးမျိုး ဖိအားတွေပေးကြပါတယ်။

ပိုက်ဆံပေးပြီး လူသစ်စုဆောင်းခြင်း

ဒီအကြောင်းအရာကို ပြောရမယ်ဆိုရင် ပိုက်ဆံတတ်နိုင်တဲ့ တပ်တွေ၊ ဘေး ပေါက်ရတဲ့တပ်တွေရဲ့ အကြောင်းကို ပြောရမှာ ဖြစ်ပါတယ်။ အဲဒီတပ်တွေက ဘယ်လိုမျိုး တပ်တွေလည်းဆိုရင် ရေတပ်၊ လေတပ်၊ ထောက်ပို့၊ GE၊ BE၊ တပ် ထိန်း၊ ကကနက်၊ စတဲ့ တပ်တွေဖြစ်ပြီး သူတို့ကတော့ လူသစ်ကို ပိုက်ဆံပေးပြီး ဝယ်ယူကြပါတယ်။ ကျွန်တော်ကြုံဖူးတာ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဆယ်တန်းအောင်ပြီးသားဆိုရင် (၁၀) သိန်းနီးပါးထိ ပေးရပါတယ်။ ကျွန်တော် ဘာလို့သိခဲ့ရလဲဆိုရင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ပါ။ စစ်ကျောင်းကို သွားတက် စဉ်က အဲဒီက စစ်သည်ဟောင်းတွေက သူတို့စစ်တပ်ထဲ စဝင်တုန်းက ပိုက်ဆံ ဘယ်လောက် ရတာတို့၊ ငါတို့က တပ်ထဲဝင်တာ ဘယ်လို အကျိုးအမြတ်ရ တယ်လို့ဆိုပြီး ဂုဏ်ယူပြီး အားပါးတရ ပြောဆိုကြွားဝါကြပါတယ်။ တကယ်ကို စိတ်ပျက်စရာတွေပါ။ ပြီးရင် စစ်သားစုဆောင်းရေးတပ်တွေမှာ လူသစ်တွေကို ဝက်မွေးသလိုကို မွေးပြီး ရောင်းစားနေကြပါတယ်။ မတ္တရာမြို့၊ ထီးတော်မိုး ဘက်က (စသစ-၂) လို့ ခေါ်တဲ့ စစ်သားစုဆောင်းရေးတပ်မှာဆိုရင် ရဲဘော်သစ် တွေကို သီးခြားခွဲထားပြီးတော့ကို သေချာထိန်းသိမ်းကြပါတယ်။ ပိုက်ဆံတတ် နိုင်တဲ့ တပ်တွေ၊ စစ်သားလိုနေတဲ့တပ်တွေက အဲဒီစုဆောင်းရေးတပ်တွေဆီကို သွားပြီး ဈေးဝယ်သလို သွားဝယ်ကြပါတယ်။ ဒီအရာတွေကတော့ တရားဝင် လူကုန်ကူးနေကြသလိုပါပဲ။ ဒီလိုနည်းလမ်းတွေနဲ့ စစ်တပ်က လူသစ်တွေကို စုဆောင်းနေကြပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် စစ်သားစုဆောင်းရေး

ကျွန်တော်တို့ နိုင်ငံမှာ အခုဆိုရင် နိုင်ငံလုံးချီ အရေးအခင်းကြီးဖြစ်နေတာ တစ်နှစ်ကျော်လာခဲ့ပါပြီ။ စစ်အုပ်ချုပ်မှုကို မလိုလား မကြိုက်တော့တဲ့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကလည်း နာကြည်းစိတ်တွေနဲ့ တတ်နိုင်သမျှ တော်လှန်နေကြတာ ဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ လူထုရဲ့ သဘောထားကို မျက်ကွယ်ပြုပြီး လုပ်ချင်တာလုပ်လိုက်တဲ့အတွက် ခုဆိုရင် ကြီးမားတဲ့ ထိခိုက် မှုမျိုးကို ကြုံနေပါတယ်။ ဘာလဲဆိုတော့ စစ်တပ်အင်အား လျော့နည်းသွားတာ ပါပဲ။ အင်အား (၂၈၀,၀၀၀) မှ (၃၅၀,၀၀၀) အကြား ရှိတယ်လို့ ခန့်မှန်းရတဲ့ မြန်မာစစ်အုပ်စုမှာ ဘက်ပြောင်းသွားတဲ့ စစ်သား အရေအတွက် ပိုများလာပါ တယ်။ အဲဒီခန့်မှန်းခြေ စစ်အင်အားစာရင်းကလည်း စာရွက်ပေါ်မှာသာရှိပြီး တကယ့်လက်တွေ့မှာတော့ ထိုစာရင်းထက် များစွာလျော့နည်းနေပါတယ်။ ဘက်ပြောင်းသူ များပြားလာခြင်းကလည်း စစ်အုပ်စုအပေါ်မှာ သက်ရောက်မှု များစွာရှိပြီး စစ်သားတွေကြားမှာလည်း စိတ်ဓာတ်ရေးရာ အကျပ်အတည်း ပိုမို ဖြစ်လာစေပါတယ်။ စစ်တပ်ဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သား တွေနဲ့ အရာရှိတွေကို ကောင်းစွာ မထောက်ပံ့နိုင်တဲ့အပြင် လျော့နည်းသွားတဲ့ စစ်အင်အားအတွက် လူသစ်ရှာဖို့ နည်းမျိုးစုံနဲ့ ရုန်းကန်နေရပါတယ်။

နဂိုကတည်းက လူသစ်စုဖို့ ခက်ခဲတဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာ မရတဲ့ စစ်တပ်အနေနဲ့ အခုလို အာဏာသိမ်းလိုက်တဲ့အတွက် ပြည်သူလူထု တစ်ရပ်လုံးက ရွံရှာနာကြည်းမုန်းတီးနေတာကို ခံနေရပြီး အင်အားဖြည့်တင်းဖို့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရင်ကဆိုရင် အခြေခံတပ်သားသစ် စု ဆောင်းဖို့ ခက်ခဲပေမယ့်လည်း တပ်မတော်က ဖွင့်လှစ်ထားတဲ့ စစ်တက္ကသိုလ် အပါအဝင် အခြားကျောင်းတွေမှာတော့ နှစ်စဉ်ဝင်ခွင့်ဖြေဆိုသူ၊ လျှောက်တဲ့သူ က ဒုနဲ့ဒေးပါပဲ။ အခုအခါမှာတော့ နာမည်ကြီး စစ်တက္ကသိုလ် ဗိုလ်လောင်း ဝင်ခွင့်တွေပါ လျှောက်ထားသူမရှိသလောက်ကို နည်းပါးနေပါတယ်။

အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်လို သက်တမ်းရင့်နေပြီဖြစ်တဲ့ မြန်မာစစ်တက္ကသိုလ်ရဲ့ သမိုင်းမှာ ပထမဆုံးအနေနဲ့ ယခုနှစ်အတွက် ဗိုလ် လောင်း သင်တန်းသားသစ် မရှိဖြစ်ခဲ့ရပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေဆိုးတွေနဲ့ စစ်တပ်ရဲ့ လူမဆန်မှု၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေကြောင့် စစ်တပ်ထဲဝင်ရောက်သူ နည်းပါးလာကာ လူသစ်ခေါ် ယူရန်လည်း ခက်ခဲလာပါတယ်။

စစ်တပ်ဟာ နောက်ဆုံး ‘အကြံကုန် ဂဠုန်ဆားချက်’ ဆိုသလိုပါပဲ။ အဘက်ဘက်က လူအင်အား အဝင်မရှိတဲ့အတွက် အခုဆိုရင် တပ်တိုင်းမှာရှိတဲ့ တပ်မိသားစုဝင်တွေဘက်ကို မျက်စောင်းစပြီး ထိုးလို့လာပါပြီ။ ခုဆိုရင် စစ်သား အင်အားမရှိတော့ ရဲမေတွေနဲ့ မှီခိုသူ သားသမီးတွေက နေ့တိုင်း တပ်တွင်းကိစ္စ တွေ အခိုင်းခံနေရပါတယ်။ စနေနေ့ လူမှုဝန်ထမ်းတွေမှာလည်း ရဲမေတွေ၊ မှီခိုသူ သားသမီးတွေကို အတင်းအကျပ်ခိုင်းနေကြပါတယ်။ ပြီးတော့ ပိုဆိုးတာ က သေနတ်တွေပါပေးပြီး ကင်းစောင့်တဲ့နေရာတွေမှာပါ မှီခိုတွေကို မြင်နေရပါ ပြီ။ သူတို့က အခုလို ခိုင်းချင်တဲ့အတွက် စစ်ပညာကို သူတို့ ကိုယ်ကျိုးအတွက် အသုံးချ သင်ပေးနေကျဖြစ်ပါတယ်။

သူတို့က ဒီအချက်ကို မြင်တဲ့အတွက် အာဏာသိမ်းပြီး (၂) လလောက် ကြာပြီးကတည်းက တပ်ထဲက မိသားစုဝင်တွေကို စစ်ပညာတွေ သင်တန်းပေး ပို့ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် ပစ်ခတ်စဉ်တွေကိုပါ လုပ်ခိုင်းပြီး လေ့ကျင့်သင်ကြားပေးနေပါပြီ။ အရင်ကဆိုရင် ပစ်ခတ်စဉ် လေ့ကျင့်ပေးရင် ကျည်ပေါက်အခွံတပ်ပြီး ပါးစပ်ကနေ “ဒိုင်း ဒိုင်း ဒိုင်း” လုပ်ပြီးသာ လေ့ကျင့် သင်ကြားပေးတာပါ။ အခု အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်သားမဟုတ်တဲ့ မှီခိုသူသားသမီးတွေကို လက်နက်ပေးကိုင်ပြီး တရားဝင်သင်ကြားပေးနေပါပြီ။ ဒါဟာ အဖေကိုတင် ရင်းခိုင်းတာမဟုတ်၊ မိန်းမတွေ သားသမီးတွေကိုပါ ခိုင်း စားနေတာ ဖြစ်ပါတယ်။ ‘ကျွန်ဝယ်ရာ အဆစ်ပါတယ်’ ဆိုသလိုပါပဲ။ “ကိုယ်နေတဲ့ တပ်ကို ကိုယ့်အိမ်လို့ သဘောထားပြီး ကာကွယ်ရမယ်။ မင်းတို့ရဲ့ လက်ထဲရောက်နေပြီ မင်းတို့က အရေးပါတဲ့သူတွေ” စသဖြင့် မြှောက်ပင့်ပြော ပြီး၊ စည်းရုံးရေးတွေ ဆင်းနေကြပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် စကစအနေနဲ့ မထူးဇာတ် ခင်းတော့မှာပါ။ စစ်သားအဝင်မရှိ အထွက်ပဲပြနေတာနဲ့၊ ထိခိုက်ကျရှုံးပြီး သေကြနဲ့ စစ်အင်အား က နည်းပါးလာတဲ့အတွက် အရန်အင်အားအဖြစ် တပ်ထဲက ရဲမေနဲ့ မှီခိုသူ သား သမီးတွေကို အသုံးချကာ လက်နက်ကိုင်ခိုင်း၊ ဆန္ဒမပါတဲ့ မှီခိုသူ သားသမီးတွေ ကို မလုပ်လုပ်အောင် အဖေနဲ့ ခြိမ်းခြောက်၊ အတင်းအကျပ် လက်နက်တပ်ဆင် ပေးပြီး ပြစ်မှုများစွာကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပါတယ်။

စစ်မှုထမ်းဟောင်းတွေကျတော့လည်း သူတို့ခမျာ အသက်ကြီးလို့ နားရ မလား မှတ်တယ် အခုစစ်ခေါင်းဆောင်နဲ့ကျမှ ဆန္ဒမပါဘဲ အတင်းအကျပ် ခိုင်းစေခံနေရပါတယ်။ သူတို့ခေါ်တာ မလာတဲ့သူတွေကို ပင်စင်မပေးဘူးတို့၊ ငြင်းဆန်ပုန်ကန်မှုနဲ့ အရေးယူမှာတို့နဲ့ ခြိမ်းခြောက်ပြီး တာဝန်ထမ်းခိုင်းပြီး သေမယ့်လမ်းကို တွန်းပို့နေပါတယ်။ စစ်မှုထမ်းဟောင်းတွေအနေနဲ့ အခုက “မိအေး နှစ်ခါနာ” ရတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့နေရပါတယ်။

မှီခိုသူသားသမီးတွေအနေနဲ့လည်း အထဲမှာနေပြီး အတွေးတွေပိတ် သံယောင်လိုက်ပြီး အမှားကြီးကို အမှန်ထင်မနေပါနဲ့။ သေချာစဉ်းစားကြပါ။ အပြင်က အခြေအနေတွေကို နားစွင့်ပါ။ စစ်တပ်က ကိုယ့်အဖေတင်မဟုတ် ကိုယ့်ကိုပါ အသုံးချ ချနင်းပြီး သေတွင်းဆီကို ပို့နေတာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေဟာ စစ်တပ်ရဲ့ လူသစ်စုဆောင်းခြင်းအကြောင်း တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ စစ်တပ်က ဘာဖြစ်လို့ တိုင်းပြည် အပေါ် အကျိုးမပြုနိုင်ဘဲ ဒုက္ခတွေ ပေးနေတာလဲ၊ ဖြစ်သမျှအရေးခင်းတိုင်းမှာ ဘာလို့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ရတာလဲ၊ စစ်သားတွေ ဘာ လို့အရည်အချင်း မပြည့်ဝရတာလဲ၊ တိုက်ပွဲတွေ ဖြစ်တဲ့အခါ ဘာလို့ အတုံးအရုံး ကျဆုံးပြီး စွမ်းရည်မပြည့်ဝရတာလဲ။ အဲဒါတွေအားလုံးရဲ့ အဖြေတွေကတော့ အခြေခံအုတ်မြစ်ကိုက မကောင်း လို့ပါ။ အဆောက်အဦတစ်ခုဆိုရင်တောင် အောက်ခြေက အရည်အသွေးမီ ခိုင်ခံ့ ပြည့်ဝနေရပါမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စစ်တပ်ကြီးတစ်ခု ကောင်းစေ ချင်ရင်တော့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လူသစ်တွေ စုဆောင်းတဲ့ နေရာတွေကို ပြင်ဆင်သင့်တယ်လို့ အကြံပြုလိုက်ပါရစေ။

အဆုံးမှတ်စုများ

1 ဒီဆောင်းပါကို အသက် (၃၅) အောက် အမျိုးသားများအား ပစ်မှတ်ထား စုဆောင်းသည့် ပြည်သူ့စစ်မှုထမ်းဥပဒေ (၂၀၁၀) ပြဋ္ဌာန်းခြင်းမပြုမီက ရေးသားထားခြင်း ဖြစ်ပါတယ်။ ယခုအခါ အသက် (၃၅) အထက် အမျိုးသားများကိုလည်း နီးစပ်ရာ စစ်စခန်းများသို့ အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းခြင်းခံနေကြရပါတယ်။