ပြည်သူများကို ဗုံးကြဲသတ်ဖြတ်ရာတွင် အသုံးပြုနေသော မြန်မာစစ်တပ်၏ အမောင်းသင်လေယာဉ် (သို့မဟုတ်) K-8W

နောင်ရိုး | လေတပ်အကြပ်ကြီး၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် (မိတ္ထီလာ) | Click here to read this article in English.

Cite as: 
နောင်ရိုး၊ (၂၀၂၅)၊ မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ အကျင့်ပျက်ခြစားမှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်https://ijbs.online/?page_id=5373


အကျဉ်းချုပ်

K-8W လေယာဉ်အမျိုးအစားသည် မြန်မာစစ်တပ်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသော လေယာဉ်အမျိုးအစားဖြစ်သည်။ ဤဆောင်းပါးတွင် အဆိုပါ လေယာဉ်၏ နည်းပညာပိုင်းဆိုင်ရာများနှင့် စွမ်းဆောင်ရည်များ၊ အသုံးပြုပုံများ အပြင် လေတပ်စခန်းများအကြောင်းနှင့် လေသူရဲလေ့ကျင့်ခန်းများအကြောင်း ဖော်ပြထားပါသည်။ မြန်မာ့လေတပ်ရှိ ရာထူးအဆင့်ဆင့်တွင် အကျင့်ပျက် ခြစားမှုများရှိနေကာ လေယာဉ်ဆီများအား ခိုးထုတ်ရောင်းစားကာ အဆင့်ဆင့် ဝေစုခွဲရယူနေကြပါသည်။ ဤဆောင်းပါး၏ နိဂုံးအပိုင်းတွင် တော်လှန်ရေးအဖွဲ့ များနှင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်များမှ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရေးအတွက် အကြံပြုချက်များကို ဖော်ပြထားပါသည်။

K-8W လေယာဉ်အကြောင်း

K-8W လေယာဉ်နှင့် ရင်းနှီးခဲ့သည့် တပ်မတော်သားတစ်ယောက်အနေဖြင့် မိမိ သိရှိထားသမျှ အဆိုပါလေယာဉ်အကြောင်းကို ဤဆောင်းပါးတွင် ဖော်ပြလိုက် ရပါသည်။  K-8W လေယာဉ်အကြောင်း လေ့လာမည်ဆိုပါက K8 လေယာဉ် အကြောင်းကို လေ့လာခြင်းမှ စတင်ရပါမည်။ အဘယ်ကြောင့်ဆိုသော် K-8W လေယာဉ်သည် K8 လေယာဉ်ကို အဆင့်မြှင့်ထားသော လေယာဉ်အမျိုးအစား
ဖြစ်သောကြောင့် ဖြစ်ပါသည်​။ K-8W လေယာဉ်သည် တရုတ်နိုင်ငံထုတ် Hongdu JL8 လေယာဉ်၏ ပြည်ပနိုင်ငံများသို့ ရောင်းချသော လေယာဉ်ဖြစ်ပြီး ၎င်းသည် တရုတ်နှင့် ပါကစ္စတန် ဖက်စပ်ထုတ် မျိုးကွဲဖြစ်ပါသည်။ K  ဆိုသည်မှာ တရုတ်နှင့် ပါကစ္စတန်ကြားရှိ Karakorum တောင်တန်းအား အစွဲပြုသုံးနှုန်းထားခြင်း ဖြစ်ပါသည်။ ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် မြန်မာနိုင်ငံသို့ ဤလေယာဉ်အမျိုးအစား (၁၈) စင်းခန့် ကနဦး ရောက်ရှိလာခဲ့ပါသည်။ လွန်ခဲ့ သည့် ဆယ်စုနှစ်များအတွင်း ပါကစ္စတန်မှ အစင်း (၁၂၀)၊ တရုတ်နိုင်ငံမှ အစင်း (၁၀၀) ကျော်၊ မြန်မာနိုင်ငံမှ အစင်း (၆၀) ခန့်၊ ဆူဒန်နိုင်ငံမှ (၁၂) စင်း၊ ဇင်ဘာဘွေမှ (၁၂) စင်း၊ ဇန်ဘီးယားမှ (၈) စင်း၊ ဘိုလီးဗီးယားနိုင်ငံမှ (၆) စင်း၊ သီရိလင်္ကာနိုင်ငံမှ (၅) စင်းခန့်၊ ဂါနာနိုင်ငံမှ (၄) စင်းနှင့် နမ်မီးဘီးယားနိုင်ငံမှ (၄) စင်း အသီးသီး အော်ဒါမှာယူခဲ့ကြပါသည်။

K-8W လေယာဉ်များကို စတင်ဝယ်ယူခဲ့ရာတွင် အဓိကပါဝင်ခဲ့သော လက်နက်ကုန်သည်ပွဲစားမှာ ဦးတေဇဖြစ်ပြီး တရုတ်နိုင်ငံမှ ထိုလေယာဉ်များ ကို သင်္ဘောဖြင့် သယ်ယူကာ မိတ္ထီလာ တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ (တကစ) အမှတ် (၁၀) တွင် တပ်ဆင်ခဲ့ကြပါသည်။ ထိုလေယာဉ်များကို လေကြောင်းအတတ်သင် လေတပ်စခန်းတွင် လေသူရဲများကို အမောင်းသင်ရာ ၌ စတင်အသုံးပြုခဲ့ပါသည်။ လက်ရှိတွင် ရှမ်းတဲ၌ (၆) စင်း၊ တောင်ငူ၌ (၄) စင်း ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံသည် K-8W လေယာဉ်ကို အမာခံဝယ်ယူ အသုံးပြုသောနိုင်ငံဖြစ်ပြီး ယခုအချိန်အထိ အစင်းရေ (၆၀) နီးပါးအထိ ဝယ်ယူ တပ်ဆင်ထားပါသည်။

ယခုလက်ရှိတွင် မြန်မာလေတပ်သည် တရုတ်နိုင်ငံမှ K8 လေယာဉ်များ ကို တပ်ဆင်မှုလိုင်စင်ယူပြီး ပြည်တွင်းမှာပင်တပ်ဆင်ကာ K-8W လေယာဉ် များအဖြစ် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။ K8 လေယာဉ် တစ်စင်း၏ လက်ရှိတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၁၀) သန်းရှိပြီး ယင်း ပမာဏသည် လေယာဉ်တစ်စင်းလုံးတွင် ပါရှိသော အစိတ်အပိုင်းအားလုံး ပါဝင်သည့် တန်ဖိုးဖြစ်ပါသည်။ လေယာဉ်ဝယ်ယူရာတွင် ဤပမာဏအတိုင်း ဘတ်ဂျက်တင်ပြပြီး တောင်းခံလေ့ရှိပါသည်။​ တကယ်တမ်း ဝယ်ယူရာတွင်မူ အမေရိကန်ဒေါ်လာ (၅) သန်းခန့်သာ အသုံးပြုပြီး လေယာဉ်တွင် လိုအပ်သည့် အစိတ်အပိုင်းအားလုံး ပါဝင်ခြင်း မရှိပေ။ ဥပမာ K-8W လေယာဉ်တစ်စင်း ဝယ်ရာတွင် လေယာဉ်အခွံကိုသာ ဝယ်ယူလာခြင်း၊ ပစ်မှတ်ချိန်သော head-up displays များကို ဝယ်ယူလာခြင်းမရှိဘဲ အခြားလေယာဉ်မှဖြုတ်ကာ ပြန်လည်တပ်ဆင်ခြင်း စသည်တို့ ပြုလုပ်လေ့ရှိကြပါသည်။ ထိုသို့ပြုလုပ်ခြင်း ၏ အကျိုးဆက်များမှာ အရည်အသွေးနိမ့်ကျပြီး ပစ်မှတ်များကို ပစ်ခတ်ရာတွင် ပစ်မှတ်များထံ ကျော်လွန်ရောက်ရှိခြင်း၊ ပစ်မှတ်များ အထိမရောက်ရှိခြင်း စသည်တို့ ဖြစ်စေနိုင်ပါသည်။

K-8W လေယာဉ်သည် jet fighter trainer အမျိုးအစား လေယာဉ် ဖြစ်သောကြောင့် လေသူရဲ (ပိုင်းလော့) များကို လေ့ကျင့်ပေးရာတွင် အသုံးပြု ပါသည်။ light jet အမျိုးအစားဖြစ်သောကြောင့် ပြည်တွင်းစစ်များတွင် ကင်းထောက်ခြင်း၊ လေကြောင်းရန်ကင်းလွတ်သော နေရာများတွင် မြေပြင် တပ်များအတွက် အနီးကပ်လေကြောင်းပစ်ကူပေးခြင်းတို့ ဆောင်ရွက်နိုင်ပါ သည်။ လက်ရှိတွင် K-8W ၏ စစ်တပ်သုံး စကားဝှက်မှာ ‘ရဲမာန်’ ဖြစ်ပါသည်။ K-8W လေယာဉ်အတွက် မြေပြင်လေယာဉ်ပြင်ဆင်မှုအပိုင်းနှင့် ဝေဟင် ပျံသန်းမှုပိုင်း ဟူ၍ ဌာန နှစ်ခုရှိပါသည်။ ဝေဟင်ပျံသန်းမှုပိုင်းတွင် DSA ကျောင်းဆင်းအရာရှိများက လေယာဉ်မောင်းနှင်ခြင်းကို ဆောင်ရွက်ကြပြီး မြေပြင်ပိုင်းတွင်မူ engine ၊ airframe ၊ electrical ၊ armament ၊ radio ၊ radar စသည်ဖြင့် ဌာနခွဲအမျိုးမျိုးရှိပါသည်။ လေယာဉ်ပြင်ဆင်မှုအပိုင်းတွင်မူ စက်မှု လက်မှုအရာရှိနှင့် စက်မှုလက်မှုစစ်သည်ဟူ၍ ရှိပါသည်။

K-8W ၏ အင်ဂျင်သည် single Garrett turbofan အင်ဂျင်ဖြစ်ပြီး အင်ဂျင်၏ အချင်းမှာ (၁.၀) မီတာမှ (၁.၇၂) မီတာအတွင်း ရှိပါသည်။ လေယာဉ် ၏ အလျားသည် (၁၁.၆) မီတာရှည်လျားပြီး တောင်ပံ နှစ်ဖက် အကျယ် (wingspan) မှာ (၉.၆၃) မီတာဖြစ်ပါသည်။ ​လေယာဉ်၏ အင်ဂျင်သက်တမ်း ကို နာရီဖြင့် သတ်မှတ်ထားပါသည်။ ဥပမာ အင်ဂျင်သက်တမ်းအား နာရီ (၅၀) သတ်မှတ်ထားပါက နာရီ (၅၀) ပျံသန်းပြီးနောက်တွင် overhaul (စစ်ဆေးမှု) ဝင်ရပါသည်။ Overhaul ဝင်သည့်အခါတွင် အင်ဂျင်အသစ်ကို ဝယ်ယူတပ် ဆင်ရပါသည်။​

လေယာဉ်၏ ဘယ်၊ ညာ တောင်ပံနှင့် ကိုယ်ထည်ရှိ ကျန်အစိတ်အပိုင်း တချို့ကို အလူမီနီယံသတ္တုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လေယာဉ်တစ်စင်း ပျံသန်းနိုင်ရန်အတွက် လိုအပ်သည့် ရှေ့ဆွဲအား၊ နောက်ဆွဲအား၊ lift နှင့် weight တို့အတွက် elevator ၊ rudder နှင့် aileron များပါဝင်ပါသည်။​ လျှပ်စစ်ပိုင်းတွင်လည်း fly by wire စနစ်ကို ထည့်သွင်းအသုံးပြုထားပါသည်။ K-8W ၏ စက်ခန်း (cockpit) အတွင်းရှိ multifunctional display သည် ဖန်သား (full glass) ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ပေါင်းမိုး (canopy) အား ပလတ်စတစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ cockpit အတွင်းတွင် ပိုင်းလော့ နှစ်ဦးစာ ရှေ့ထိုင်ခုံနှင့် နောက်ထိုင်ခုံ နှစ်ခုံပါဝင်ပါသည်။

K-8W လေယာဉ်တွင် တပ်ဆင်ထားသော ရှေ့ထိုင်ခုံနှင့် နောက်ထိုင်ခုံမှာ အရေးပေါ်အခြေအနေတွင် ခုန်ထွက်နိုင်သည့် ejection seat အမျိုးအစား ဖြစ်ပါသည်။ ထိုထိုင်ခုံများသည် လေယာဉ်ရပ်နားထားချိန် (zero speed, zero level) အခြေအနေတွင်ပင်လျှင် eject လုပ်နိုင်ပါသည်။ ထို့ကြောင့် မတော် တဆ ထိုင်ခုံ eject လုပ်မိခြင်းမှ ကာကွယ်ရန် လေယာဉ်ရပ်နားထားချိန်တွင် ထိုထိုင်ခုံများ၌ safety pin တပ်ဆင်ထားရပါသည်။ လေသူရဲ (ပိုင်းလော့) မှ လေယာဉ်စတင်ပျံသန်းရန် ejection seat ပေါ်ကို ထိုင်လိုက်သည့် အချိန်တွင် မှ လေယာဉ်အကူစစ်သည် (crew) က safety pin ကို ဆွဲဖြုတ်ပေးရပါသည်။​ ထိုမှသာ အရေးပေါ်အခြေအနေများတွင် ပိုင်းလော့အနေဖြင့် လေယာဉ်ထိုင်ခုံ အလယ်ရှိ center firing ဟုခေါ်သော အကွင်းလေးကိုဆွဲပြီး လေယာဉ်ထိုင်ခုံ သည် ပေါင်းမိုး (canopy) ကို ထိုးခွဲကာ လွတ်မြောက်နိုင်မည် ဖြစ်ပါသည်။​ ထိုအကွင်းကို ဆွဲသော်လည်း eject မဖြစ်ပါက လေယာဉ် ထိုင်ခုံ ညာဘက် လက်တင်ပေါ်က hang fire အမည်ရှိ ခလုတ်ကို နှိပ်ကာ eject လုပ်နိုင် ပါသည်။ Ejection seat များတွင် ပိုင်းလော့များအတွက် cartridge (၂၈) လုံးပါဝင်ကာ ထို cartridge များကို (၂) နှစ်လျှင်တစ်ကြိမ်နှင့် (၆) နှစ် တစ်ကြိမ် service လုပ်လေ့ရှိပါသည်။

Ejection seat တစ်လုံးတွင် ပိုင်းလော့အတွက် လေထီးတစ်စုံနှင့် ထိုင်ခုံ အတွက် လေထီးတစ်စုံ စုစုပေါင်းလေထီးနှစ်စုံ ပါဝင်ပါသည်။ ပိုင်းလော့ အနေ ဖြင့် eject လုပ်ချိန်တွင် ထိုင်ခုံနောက်ကျောရှိ ejection gun မှ လေယာဉ် ပေါင်းမိုးကို ထိုးခွဲပြီး လူရောထိုင်ခုံပါ တစ်ပြိုင်နက်ထဲ လေပေါ်သို့ ခုန်ထွက် သွားပါသည်။ စက္ကန့်ပိုင်းအတွင်းတွင် ထိုင်ခုံ၌ လေထီးပွင့်လာပြီး ပိုင်းလော့နှင့် ထိုင်ခုံ တခြားစီဖြစ်သွားကာ ပိုင်းလော့၏ လေထီးသည်လည်း ပွင့်လာသည်။ K-8W လေယာဉ်တွင် ရှေ့ထိုင်ခုံနှင့် နောက်ထိုင်ခုံပါရှိသောကြောင့် eject ပြုလုပ်ချိန်တွင် နောက်ထိုင်ခုံမှ ပိုင်းလော့က အရင် eject ပြုလုပ်ရပါသည်။

K-8W ပိုင်းလော့များသည် gravity ဆွဲအားဒဏ်ခံနိုင်စေရန် G suit များကို ဝတ်ဆင်ကြရပြီး အထက်မှ သတ်မှတ်ထားသည့် flight schedule အတိုင်း ပျံသန်းကြရပါသည်။​ လေယာဉ်များကို စက်မှုလက်မှုစစ်သည်များမှ လေယာဉ်မပျံသန်းမီ စစ်ဆေးခြင်း before flight inspection နှင့် လေယာဉ် ပျံသန်းပြီးချိန် စစ်ဆေးခြင်း after flight inspection များ ဆောင်ရွက်ကြရ ပါသည်။ ပိုင်းလော့များသည် လေယာဉ်ပေါ်မတက်ခင် လေယာဉ်တွင် စက်ချို့ ယွင်းမှု မရှိကြောင်း သက်ဆိုင်ရာတာဝန်ခံဆရာကြီးများထံတွင် Air 1001 စာအုပ်ထဲ၌ လက်မှတ်ထိုးခြင်း အရင်ပြုလုပ်ရပါသည်။ ထို့နောက်တွင်မှ လေယာဉ်ကို စစ်ဆေးကာ ပျံသန်းကြပါသည်။ ပိုင်းလော့မှ လေယာဉ်စစ်ဆေးမှု ဆောင်ရွက်ရာတွင် လေယာဉ်တက်ခြင်းနှင့် ဆင်းသက်ခြင်း (take-off and landing) ကောင်းမွန်စွာ ပြုလုပ်နိုင်ရန် လေယာဉ်ဘီး တာယာများကို စစ်ဆေး ခြင်း၊ လေယာဉ်တစ်စင်းလုံးရှိ assault cover များ ပွင့်၊ မပွင့်၊ lock လုပ် ထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြပါသည်။ လေယာဉ် ပျံသန်း နေစဉ်တွင်လည်း flight safety officer များ နေ့စဉ် အလှည့်ကျထားရှိကာ ထူးခြားဖြစ်စဉ်ကို ထိုအရှာရှိမှ အုပ်မှူးများထံ အစီရင်ခံတင်ပြကြရပါသည်။

K-8W လေယာဉ်များ၏ သာမန်အလေးချိန် (empty weight) သည် (၂,၈၅၇) ကီလိုဂရမ်ရှိပြီး လေယာဉ်ကိုယ်ထည်ထဲတွင် ထည့်ဝင်နိုင်သော ဆီ ပမာဏမှာ (၇၈၀) ကီလိုဂရမ်ဖြစ်ပါသည်။ လေယာဉ်အနေဖြင့် ပျံသန်းရာတွင် သာမန်အလေးချိန်မှာ (၃,၈၀၀) ကီလိုဂရမ်ဖြစ်ပြီး ပျံသန်းနိုင်သည့် အများဆုံး အလေးချိန်မှာ (၄,၂၀၀) ကီလိုဂရမ်ဖြစ်ပါသည်။​ ပိုင်းလော့ နှစ်ယောက် တင် ဆောင်နိုင်ကာ ပိုင်းလော့တစ်ဦးချင်းစီအတွက် သတ်မှတ်ထားသည့် အများဆုံး အလေးချိန်မှာ (၇၀) ကီလိုဂရမ်ဖြစ်ပါသည်။ ခရီးဝေးပျံသန်းရန်အတွက် ဆီအပို လီတာ (၃၀၀) ဆန့်သော drop tank ချိတ်ဆွဲနိုင်ပါသည်။ K-8W ၏ အမြန်နှုန်းမှာ တစ်နာရီ (၈၀၀) ကီလိုမီတာဖြစ်ပါသည်။ K-8W လေယာဉ် များသည် all weather fighter (ရာသီဥတုမရွေး မောင်းနှင်နိုင်သော ဖိုက်တာလေယာဉ်) မဟုတ်သည့်အတွက် မိုးရွာ၊ မိုးအုံ့ခြင်းနှင့် တိမ်ထူခြင်းတို့ ကို ရှောင်ရှားပြီး အပူချိန် အနုတ် (၄၀) ဒီဂရီ ဆဲလ်ဆီးယပ်စ်မှ (၅၂) ဒီဂရီ ဆဲလ်ဆီးယပ်စ်ကြားတွင် မောင်းနှင်ပျံသန်းနိုင်ပါသည်။

K-8W လေယာဉ်များကို စက်နှိုးရာတွင် ဦးစွာ လေယာဉ်ကို power car ဖြင့် လျှပ်စစ်အားပေးပြီး starter motor ကိုစတင်နှိုးရပါသည်။ ထို starter motor လည်မှသာ main engine ကို နှိုးရပါသည်။​ လေယာဉ်စက်နှိုးနေချိန် တစ်လျှောက်တွင် crew စစ်သည်က မီးသတ်ဘူးကိုင်ဆောင်ကာ အသင့်စောင့် နေရပါသည်။​ လေယာဉ်အရှေ့တွင်လည်း စက်နှိုးနေမှုအခြေအနေကို မာချလာ စစ်သည် (အချက်ပြစစ်သည်) မှ ပိုင်းလော့ကို အချက်ပြပေးရပါသည်။ လေယာဉ်စက်နှိုးနေချိန်တွင် အရေးပေါ်အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ပါက crew စစ်သည်မှ တောင်ပံထိပ်ဖျား (wingtip) ကို လက်ဖြင့်ပုတ်ပြီး ပိုင်းလော့ ကို အသိပေးနိုင်ပါသည်။

K-8W လေယာဉ်များ၏ လေပေါ်ပျံသန်းချိန် တစ်နာရီအတွက် ဆီစားနှုန်း အား ဂါလံ (၁၆၀) သတ်မှတ်ထားပါသည်။ ရာသီဥတုကောင်းသော သာမန် အခြေအနေမျိုးတွင် K-8W လေယာဉ်အမျိုးအစားအုပ်စုသည် အနည်းဆုံး (၁၀) ခေါက်မှ (၁၆) ခေါက်အထိ ပျံသန်းလေ့ရှိပါသည်။ ပျမ်းမျှအားဖြင့် ည အချိန် ပျံသန်းခြင်းကို တစ်နှစ် (၂) ခေါက် ဆောင်ရွက်လေ့ရှိကြပါသည်။ K-8W လေယာဉ်များသည် မြေပေါ် မဆင်းဘဲ အကြမ်းဖျဉ်းအားဖြင့် (၄) နာရီခွဲအထိ လေပေါ်တွင် နေနိုင်ပါသည်။

လေတပ်အင်အားနှင့် အကျင့်ပျက်ခြစားမှုများ

ပိုင်းလော့များအတွက် သတ်မှတ်ထားသည့်လေယာဉ်ပျံသန်းချိန် ရှိသော်လည်း ထိုသတ်မှတ်ချက်၏ လေးပုံသုံးပုံလောက်ကိုသာ အမှန်တကယ် ပျံသန်းလေ့ ရှိကြပါသည်။ ဥပမာအားဖြင့် ပျံသန်းချိန် တစ်နာရီသတ်မှတ်ထားပါက (၄၅) မိနစ်ခန့်သာ အမှန်တကယ်ပျံသန်းပြီး ကျန်သော (၁၅) မိနစ်စာ လေယာဉ် ဆီကို ချန်ယူလေ့ရှိပါသည်။ ထိုကဲ့သို့ အခေါက်ရေများများပျံကာ ပိုသောဆီ များကို ပေါင်းပြီး ရယူလေ့ရှိပါသည်။ ထိုကဲ့သို့ ပိုသောဆီများ ရောင်းရငွေကို လေတပ် အတွင်းတွင် “အပတ်စဉ်ကြေး” ဟုခေါ်ကြပါသည်။ K-8W လေယာဉ် အုပ် တစ်အုပ်၏ ဆီခိုးရောင်းရငွေကို အပတ်စဉ်အချိုးချလေ့ရှိကာ ထိုအချိုးချ သည့်ထဲတွင် ပါဝင်သူများမှာ ဌာနချုပ်မှူး၊ ဒုဌာနချုပ်မှူး၊ စက်မှုလက်မှုတပ်မှူး၊ အုပ်ချုပ်ရေးတပ်မှူး၊ လေယာဉ်အုပ်မှူးများ၊ လေသူရဲအရာရှိ (ပိုင်းလော့)၊ စက်မှုလက်မှုအရာရှိ၊ စက်မှုလက်မှုစစ်သည် စသည်တို့ဖြစ်ကာ ၎င်းတို့သည် ရာထူးအလိုက် ခွဲဝေယူကြပါသည်။ ဆီရောင်းခြင်းမှ ဝင်ငွေသည် အောက်ခြေ စစ်သား တစ်ယောက်အတွက် တစ်ပတ်လျှင် မြန်မာငွေ (၁၆,၀၀၀) ကျပ်ခန့် ရှိပြီး စက်မှုလက်မှုအရာရှိတစ်တစ်ဦးအတွက် တစ်ပတ်လျှင် (၅၀၀,၀၀၀) ကျပ် ခန့်ရှိပါသည်။​ ညအချိန်လေယာဉ်ပျံသန်းမှုဆောင်ရွက်သည့် ကာလများတွင် ဆီရောင်းရငွေသည် နှစ်ဆခန့်ရှိပါသည်။ ထိုလေယာဉ်ဆီရောင်းချငွေများကို တောင်းခံသည့်စာရွက်အား တစ်လတစ်ကြိမ် ဌာနချုပ်ရုံးမှ လေယာဉ်အုပ်တပ် များသို့ အဆင့်လိုက် ခွဲတမ်းချပို့ပြီး တောင်းခံလေ့ရှိသည်ကိုလည်း တွေ့ရပါ သည်။ လေယာဉ်အမျိုးမျိုး၏ တစ်နာရီလျှင် ဆီစားနှုန်းများမှာ MIG-29 သည် ဂါလံ (၉၀၀) ၊ F-7 သည် ဂါလံ (၇၀၀) နှင့် K-8W သည် ဂါလံ (၁၆၀) အသီးသီး ဖြစ်ကြပါသည်။​

၂၀၂၀ ခုနှစ်အတွင်း လေယာဉ်အုပ်စုတစ်ခုတွင် ဆီခွဲတမ်းအလိုက် ဆီရောင်းခြင်းမှ ရရှိသော အပတ်စဉ်ဝင်ငွေမှာ ‌အောက်ပါအတိုင်းဖြစ်ပါသည်။

ရာထူးအပတ်စဉ်ဝင်ငွေ (ကျပ်)
အုပ်မှူးသိန်း (၆၀) – (၈၃) သိန်းကြား
ဒုအုပ်မှူးသိန်း (၂၀) – (၃၃) သိန်းကြား
အုပ်ခွဲမှူး(၁၀) သိန်း – (၁၆) သိန်းကြား
နည်းပြ/ဝါရင့်လေသူရဲ(၅) သိန်း – (၁၀) သိန်းကြား
စက်မှုလက်မှုအရာရှိ(၅) သိန်း – (၁၀) သိန်းကြား
အရာခံဗိုလ်(၂) သိန်း – (၃) သိန်းကြား

၂၀၂၀ ခုနှစ်အတွင်း ရဟတ်ယာဉ်အုပ်တစ်ခုတွင် ဆီခွဲတမ်းအလိုက် ဆီရောင်း ခြင်းမှ ရရှိသော အပတ်စဉ်ဝင်ငွေမှာ အောက်ပါအတိုင်းဖြစ်သည်။

ရာထူးအပတ်စဉ်ဝင်ငွေ (ကျပ်)
အုပ်မှူးသိန်း (၃၀) – သိန်း (၄၀) ကြား
ဒုအုပ်မှူး(၁၀) သိန်း – (၁၆) သိန်းကြား
အုပ်ခွဲမှူး(၅) သိန်း – (၈) သိန်းကြား
နည်းပြ/ဝါရင့်လေသူရဲ(၃) သိန်း – (၅) သိန်းကြား
စက်မှုလက်မှုအရာရှိ(၃) သိန်း – (၅) သိန်းကြား
အရာခံဗိုလ်(၁) သိန်း – (၁) သိန်းခွဲကြား

အထက်ပါဖော်ပြချက်များသည် ရာထူးအဆင့်လိုက် အကျင့်ပျက် ခြစားမှုများ ဖြစ်ပြီး ဆီဈေး အတက်အကျပေါ် မူတည်ပြီး ကွာဟမှုရှိပါသည်။​ လေယာဉ်တွင် အသုံးပြုရန် ဆီ တောင်းခံရာတွင်နှင့် ထုတ်ပေးရာတွင် voucher no. 674 (internal demand and issue voucher) နှင့် voucher no. 675 (external issue and receive voucher) များကို လေယာဉ်အုပ်မှူး၏ လက်မှတ်ဖြင့် အသုံးပြုကြပါသည်။

မြေပြင်အတတ်သင် သင်တန်းနှင့် တာဝန်ကျရာနေရာ

စက်မှုလက်မှုဘာသာရပ်ကို မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ် (မိတ္ထီလာ) တွင် သင်ကြားကြရပါသည်။ လေယာဉ်ပြင်ဆင်မှုအပိုင်းတွင် စက်မှုလက်မှုစစ်သည်များသည် သက်ဆိုင်ရာဘာသာရပ်အလိုက် (အင်ဂျင်၊ ကိုယ်ထည်၊ လက်နက်၊ လျှပ်စစ်၊ အချိုး၊ ရေဒါ စသည်) Grade 3 (၆ လ) သင်တန်း၊ Grade 2 (၂ လ) သင်တန်းနှင့် Grade 1 (၃ လခန့်) သင်တန်း စသည်ဖြင့် အသီးသီး သင်ကြားကြရပါသည်။​ ထို့နောက်တွင် PC, QC ဟု ခေါ်သော အရည်အသွေးထိန်းချုပ်မှုပိုင်းကို သင်ကြားကြရပါသည်။ နေရာများ ခွဲ၍ တာဝန်ချပေးရာတွင်လည်း စစ်သည်အများစုသည် ဆီအများဆုံးရသော လေယာဉ်အုပ်များတွင်သာ တာဝန်ထမ်းဆောင်လိုကြပါသည်။ သင်တန်းပြီး၍ တာဝန်ကျရာနေရာခွဲရာတွင် အမှတ်စာရင်းပေါ်မူတည်ကာ တာဝန်ချလေ့ရှိပြီး အမှတ်များသူများသည် လေယာဉ်ဆီခွဲတမ်း များသည့် တပ်များတွင် တာဝန် ကျလေ့ရှိပြီး အမှတ်နည်းသူများသည် လေယာဉ်ဆီခွဲတမ်း နည်းသည့် တပ်များ တွင် တာဝန်ကျလေ့ရှိကြပါသည်။​ လေယာဉ်ဆီခွဲတမ်းပမာဏဟုဆိုရာတွင် ဥပမာအားဖြင့် Grob အမောင်းသင်လေယာဉ်နှင့် K-8W အမောင်းသင် လေယာဉ်တို့၏ ရရှိသော ဆီပမာဏ မတူညီသောကြောင့် တစ်ပတ်စာ ဆီ ရောင်းရငွေမှာ ကွဲပြားပါသည်။

လေသူရဲသင်တန်းသား (ပိုင်းလော့လောင်းများ) ကို လေကြောင်းအတတ် သင် လေတပ်စခန်းဌာနချုပ် (မိတ္ထီလာ) တွင် လေ့ကျင့်သင်ကြားပေးပါသည်။ လေသူရဲလောင်းများသည် လေယာဉ်အစစ်ဖြင့် အမောင်းမသင်ခင်တွင် simulator လေယာဉ်တုများကို ဦးစွာမောင်းနှင်ကြရပါသည်။ ထို့နောက်တွင် လေယာဉ်ကို တစ်ဦးတည်း မောင်းနှင်နိုင်သည်အထိ ဂျာမဏီထုတ် Grob လေယာဉ်ဖြင့် လေ့ကျင့်သင်ကြားကြရပါသည်။​ ထို့နောက်တွင်မှ သင်တန်းများ မှရရှိသည့် အမှတ်စာရင်းများအတိုင်း သက်ဆိုင်ရာလေယာဉ်များဖြင့် အမောင်း သင်ကြရပါသည်။ ထိုလေယာဉ်များမှာ ရဟတ်ယာဉ်၊ သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် ဖိုက်တာလေယာဉ်များဖြစ်ကြပြီး ၎င်းတို့ထဲတွင် ဖိုက်တာ လေယာဉ်မောင်းနှင်သူများသည် အမှတ်အမြင့်ဆုံး ဖြစ်ကြပါသည်။​ ရဟတ် ယာဉ် မောင်းနှင်သူများသည် Bell 206 ဖြင့် အမောင်းသင်ပြီး သယ်ယူ ပို့ဆောင်ရေးလေယာဉ် မောင်းနှင်မည့်သူများသည် Y-12 ဖြင့် အမောင်းသင်ကြ ရကာ ဖိုက်တာလေယာဉ်မောင်းနှင်မည့်သူများသည် K-8W များဖြင့် သင်ကြား ကြရပါသည်။​ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှ တစ်နှစ်လျှင် လေသူရဲဦးရေ (၃၀) ခန့် မွေးထုတ်ပေးလေ့ရှိပါသည်။

လေသူရဲလေ့ကျင့်ခန်းဖြစ်သည့် စစ်ဆင်ရေးလွှဲပြောင်းသင်တန်း (operation converting unit) ကို မိတ္ထီလာမြို့ ဇရပ်ကုန်းစက်ပစ်ကွင်းတွင် သင်ကြားပစ်ခတ်လေ့ရှိပါသည်။ ထိုသင်တန်းတွင် ပထမအပတ်၌ လေယာဉ် တွင် ဗုံးမချိတ်ဆွဲဘဲ dummy round ဟုခေါ်သော အနေအထားဖြင့် လေ့ကျင့် ရပြီး နောက်ပိုင်းအပတ်များတွင် လေ့ကျင့်ရေးဗုံး၊ ကွန်ကရစ်ဗုံးသီးများ ချိတ်ဆွဲ ပြီး ပစ်ခတ်ရပါသည်။ ထိုလေ့ကျင့်ခန်းတွင် လေယာဉ်များသည် ပစ်ခတ်တော့ မည်ဆိုပါက ပထမအကြိမ် ပစ်မှတ်ကို ဦးစွာတစ်ပတ်ပတ်၍ ကြည့်ရှုပြီး ဒုတိယအကြိမ် ပတ်လာသောအခါတွင်မှ အမှန်တကယ်ပစ်ခတ်ပါသည်။ ထို လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် အဆင်ပြေမှုရှိစေရန် မြေပြင်လုံခြုံရေးအရာရှိ (ground safety officer) မှ စက်ပစ်ကွင်းလုံခြုံရေးကို တာဝန်ယူရပါသည်။ ထိုလေ့ကျင့်ခန်းပြီးလျှင် navigation flight ဟုခေါ်သော ခရီးဝေးပျံသန်းခြင်း သင်ခန်းစာပေးပြီး လေယာဉ်တောင်ပံတွင် fuel tank နှစ်ခုချိတ်ဆွဲကာ ပျံသန်းကြရပါသည်။

လေတပ်စခန်းဌာနချုပ်များ

ယခင်က လေတပ်စခန်း (၁၁) ခုရှိပြီး ထိုလေတပ်အမည်များကို အတိုကောက် အနေဖြင့် ‘လဒနောက်စေ့တမင်ကြည့်ဟုတ်ပြီလားမေး’ ဟု မှတ်ထားခဲ့ကြပါ သည်။

  • လ – မင်္ဂလာဒုံ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (လထခ)၊
  • ဒ – မင်္ဂလာဒုံ  လေတပ်စခန်းဌာနချုပ် (ဒလခ)၊
  • နောက် – မြစ်ကြီးနား  လေတပ်စခန်းဌာနချုပ် (နလခ)၊
  • စေ့ – နမ့်စန်  လေတပ်စခန်းဌာနချုပ် (စလခ)၊
  • တ – တောင်ငူ လေတပ်စခန်းဌာနချုပ် (တလခ)၊
  • မင် – မြိတ် လေတပ်စခန်းဌာနချုပ် (မလခ)၊
  • ကြည့် – မကွေး လေတပ်စခန်းဌာနချုပ် (ကလခ)၊
  • ဟုတ် – ဟုမ္မလင်း လေတပ်စခန်းဌာနချုပ် (ဟလခ)၊
  • ပြီ – ပုသိမ် လေတပ်စခန်းဌာနချုပ် (ပလခ)၊
  • လား – မိတ္ထီလာလေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် (လသခ)၊
  • မေး – မိတ္ထီလာ မြေပြင်အတတ်သင်လေတပ်စခန်း (လမသ)။

သို့သော် ယခုနောက်ပိုင်းတွင် လေတပ်များ တိုးချဲ့ကာ လားရှိုး၊ ဗန်းမော်၊ ကျောက်ထု၊ နေပြည်တော်၊ စစ်တွေ တို့တွင် လေတပ်ဆွယ်များစွာ ပေါ်ပေါက်လာခဲ့ပါသည်။ လေသူရဲများနှင့် စက်မှုလက်မှုစစ်သည်များသည် သင်တန်းဆင်းပြီးပါက ကျရာလေတပ်စခန်းများတွင် တာဝန်ထမ်းဆောင်ကြ ရပါသည်။​

K-8W လေယာဉ်လက်နက်များအကြောင်း

ဤလေယာဉ်များတွင် လက်နက်အနေဖြင့် 23mm cannon gun အား gun pylon ချိတ်ဆွဲကာ အသုံးပြုပစ်ခတ်လေ့ရှိပါသည်။​ လေယာဉ်ကိုယ်ထည်တွင် လက်နက်ချိတ်ဆွဲရန်နေရာ (၅) ခု ပါဝင်ပြီး စုစုပေါင်းအလေးချိန် (၁၀၀၀) ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပါသည်။​ ယင်းလက်နက်ချိတ်ဆွဲသည့်နေရာ (၅) ခုအနက် (၄) ခုသည် လေယာဉ်တောင်ပံများအောက်တွင်ဖြစ်ပြီး ကျန် တစ်ခုမှာ လေယာဉ်၏ ဝမ်းဗိုက်အောက် (centerline fuselage section) တွင် ရှိပါသည်။ K-8W တွင် 57mm unguided RKT (ရော့ကတ်) plug အမျိုးအစားကို အသုံးပြုပစ်ခတ်နိုင်ပြီး RKT pod များကို လေယာဉ်တောင်ပံ များတွင် ချိတ်ဆွဲကာ pod တစ်ခုလျှင် (၂၄) တောင့် ထည့်သွင်း ပစ်ခတ်နိုင် ပါသည်။​ K-8W တွင် အများဆုံးအသုံးပြုသော ဗုံးမှာ ပေါင် (၁၂၀) ဗုံးများနှင့် ပေါင် (၂၅၀) ဗုံးများ ဖြစ်ပြီး ၎င်းဗုံးများတွင် တပ်ဆင်အသုံးပြုသော fuze မှာ FABN 742 Fuze (fuze aircraft bomb nose) ဖြစ်ပါသည်။ ထို့အပြင် ကပစထုတ် မီးလောင်ဗုံးများကို လေ့ကျင့်ကြဲချခြင်းကိုလည်း ကိုယ်တွေ့မြင်ခဲ့ရ ဖူးပါသည်။​ ထိုစမ်းသပ်ကြဲချမှုကို K-8W လေယာဉ်များဖြင့် လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်တွင် စတင်ခဲ့ပြီးနောက် မြစ်ကြီးနား လေတပ်စခန်းနှင့် လေတပ်ဆွယ်စခန်းများတွင် စမ်းသပ်ပြီး ရှေ့တန်းတွင် အသုံးချခဲ့ကြပါသည်။​ ​

ဗုံးစကားဝှက်များ

လေတပ်အတွင်း သိုလှောင်ထားသော ဗုံးများ၏ အရည်အသွေးကို ကာကွယ်ရေးဦးစီးချုပ် (လေ) ၏ ခဲယမ်းစစ်ဆေးရေးအဖွဲ့မှ တစ်နှစ်တစ်ကြိမ် အရည်အသွေးစစ်ဆေးခြင်းပြုလုပ်ပါသည်။ ၎င်းတို့ စစ်ဆေးခွဲခြားသော အမျိုး အစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • Serviceable bomb – ဆက်လက်အသုံးပြုရန် သိုလှောင်ထားသော ဗုံး
  • Unserviceable bomb – မကောင်းသောခဲယမ်း သို့မဟုတ် အရည် အသွေး ပြည့်မီခြင်း မရှိသောကြောင့် ဖောက်ခွဲဖျက်ဆီးရမည့်ဗုံး
  • Unclassified bomb – ဆက်လက်အသုံးပြုရန် သို့မဟုတ် ဖျက်ဆီး ရန် ခဲယမ်းအား စစ်ဆေးခြင်း မပြုရသေးသော ဗုံး သို့မဟုတ် ခွဲခြား၍ မရသေးသော ဗုံး။

ဖျက်ဆီးပြီး ဗုံးများ၏ စာရင်းကို ကာကွယ်ရေးဦးစီးချုပ် (လေ) သို့ တစ်လ တစ်ကြိမ်၊ သုံးလတစ်ကြိမ်နှင့် ခြောက်လတစ်ကြိမ် ပြန်တမ်းများ ပေးပို့ကြရပါ သည်။ ယင်းသို့ပေးပို့ရာတွင် ၂၀၂၀ ခုနှစ်မှ စတင်ကာ လေယာဉ်သုံး DI bomb များ၏ အမည်များကို စကားဝှက်များ အသုံးပြုခေါ်ဆိုခြင်း ပြုလာကြပါသည်။ ဥပမာအားဖြင့် ပေါင် (၅၀၀) ဗုံးကို MAB.10D3 ဟုခေါ်ဆို ကာ RKT များကို MAR.- code no. စသည်ဖြင့် ခေါ်ဆိုကြပါသည်။ MAB ဆိုသည်မှာ Myanmar Air Force Bomb ကို ဆိုလိုခြင်းဖြစ်ပြီး MAR ဆိုသည်မှာ Myanmar Air Force Rocket ကို ဆိုလိုခြင်းဖြစ်ပါသည်။ အခြားသော ဗုံး အမျိုးအစားများ၏ စကားဝှက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စကားဝှက်ဗုံးအမျိုးအစား
MAB.5A3(၂၈) ပေါင် ဗုံး
MAB.5B3ပေါင် (၈၀) နှင့် (၁၂၀) ဗုံး
MAB.5C3ပေါင် (၂၅၀) ဗုံး
MAB.10D3ပေါင် (၅၀၀) ဗုံး

အတွဲလိုက်ကြဲချသောဗုံး

K-8W လေယာဉ်များသည် အတွဲလိုက်ကြဲချသောဗုံး (cluster bomb) များကို လည်း အသုံးများလာသည်ကို တွေ့လာရပါသည်။ ၂၀၂၀ မေလကုန်ပိုင်းက ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်၌ မြင်ရသည့် ရုပ်သံတစ်ခုထဲတွင်ပါဝင်သည့် ကလေးနယ်တောင်ဘက်တွင် ကြဲချသည့် ဗုံးသည် cluster bomb ဖြစ်သည် ဟု ယူဆနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် cluster bomb များသည် လေ ပေါ်မှာပင် ဗုံးအခွံထက်ခြမ်းကွဲကာ အထဲမှ copper cone bomb ငယ်လေး များ ထွက်လာခြင်းဖြစ်သည်။ ထိုရုပ်သံတွင်တွေ့ရသည့် ဗုံးအခွံများသည်လည်း cluster bomb များကဲ့သို့ အကောင်းတိုင်းရှိနေပါသည်။

ဖျက်အားပြင်းဗုံးများ high explosive bomb (HE) များသည် မြေပြင် ပေါ်ကျသည်နှင့် တစ်ပြိုင်နက် တစ်စစီကွဲထွက်ခြင်းဖြစ်ကာ စစ်တပ်အနေဖြင့် ထိုလေယာဉ်သုံး HE များကို guidance bomb အဖြစ် အသုံး မပြုနိုင်သေးပါ။ အကြောင်းရင်းမှာ ပိုင်းလော့သည် အမြင့်မှ ပစ်ခြင်းဖြစ်သောကြောင့် ပစ်မှတ် ကိုထိရန် မလွယ်ကူပါ။ ဥပမာ လေယာဉ်တစ်စင်းတွင် ပေါင် (၂၅၀) ဗုံး (၂) လုံး သာ ချိတ်နိုင်သည်ဆိုပါက ထိုနှစ်လုံးထဲဖြင့် ပစ်မှတ်ကို တိတိကျကျထိနိုင်ရန် ရာခိုင်နှုန်းနည်းပါသည်။ ထို့ကြောင့် စစ်တပ်သည် နေရာအနှံ့အပြားကို ဖြန့်ကြက်ရောက်ရှိနိုင်သည့် ဗုံးသီးအများအပြားပါသော cluster bomb ကို အသုံးများလာကာ ယင်းကြောင့် တော်လှန်ရေးသမားများသာမက ပြည်သူများ ပါ သေကျေပျက်စီးကြရပါသည်။ စစ်တပ်သည် ထိုလူမဆန်သော ဗုံးများကို ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်ရာတွင်လည်း အသုံးပြုလေ့ ရှိပါသည်။ cluster bomb သီးစများသည် တစ်ခါတစ်ရံတွင် ပေါက်ကွဲခြင်း မရှိဘဲ မြေပျော့၊ ရွှံ့မြေနှင့် စိုစွတ်သောမြေအမျိုးအစားများတွင် မြေထဲနစ်မြုပ် နေတတ်ကာ ယင်းဗုံးသီးလေးများသည် မြေမြှုပ်မိုင်းအသွင်ဖြင့် ပေါက်ကွဲနိုင် ခြေ (၃၀) ရာခိုင်နှုန်းနှင့်အထက် ရှိပါသည်။

လေယာဉ်ဖြင့် စစ်ဆင်ရေးဆောင်ရွက်ခြင်း

K-8W လေယာဉ်များကို ယခင်က လေ့ကျင့်ရေးလေယာဉ်အမှတ်အသား အရောင်ဖြစ်သည့် အနီနှင့် အဖြူရောင် ဆေးသုတ်ထားခဲ့သော်လည်း ယခု ပြည်တွင်းစစ်အတွင်းတွင် ထိုလေယာဉ်များကို အသုံးပြုလိုသောကြောင့် အပြာရောင် ပြောင်းသုတ်ထားခြင်းဖြစ်ပါသည်။ အကြောင်းရင်းမှာ နိုင်ငံတကာ ဥပဒေအရ စစ်ပွဲတွင် လေ့ကျင့်ရေးလေယာဉ်များကို အသုံးပြုခွင့် မပြုထား သောကြောင့် ဖြစ်ပါသည်။

စစ်ဆင်ရေးထွက်သော ကာလများတွင် သက်ဆိုင်ရာ လက်နက်စစ်သည် မှ လေယာဉ်တွင် တပ်ဆင်သော gun pod နှင့် rocket pod များကို ညစဉ် တိုက်ချွတ်ဆေးကြောမှု ပြုလုပ်ပြီး သေနတ်များ၊ ဗုံးများနှင့် ရော့ကတ်များကို လေယာဉ်တွင် တပ်ဆင်ကာ အသင့်အနေအထားဖြင့် loading လုပ်ထားလေ့ ရှိပါသည်။ သေနတ် ကျည်ဖြည့်မှုပြုလုပ်ရာတွင် ဥပမာအားဖြင့် (၂၃ မီလီမီတာ) cannon ကို အသုံးပြုပါက HE ကျည်အတောင့် (၁၀၀) ဖြည့်ရာတွင် ယင်း ကျည် (၁၀) တောင့် ဖြည့်ပြီးတိုင်း ပိုင်းလော့မှ ပစ်မှတ်ကို မြင်တွေ့နိုင်စေရန် high explosive incendiary tracer မီးကျည်တောင့် တစ်တောင့်ကို ထည့်သွင်းကြရပါသည်။

ပုံမှန် K-8W ဖြင့် ထောက်လှမ်းခြင်း၊ ဗုံးကြဲခြင်း စစ်ဆင်ရေးများကို ဆောင်ရွက်ရာတွင် မနက် (၁) နာရီခန့်မှ စတင်ကာ သေနတ်များ၊ ဗုံးများနှင့် ရော့ကတ်များ တပ်ဆင်ခြင်းကို ဆောင်ရွက်ပြီး မနက် (၃) နာရီခန့်တွင် စတင် ပျံသန်းလေ့ရှိကြပါသည်။ အရေးပေါ်ကာလများတွင် မိုးလေကင်းပြီး ရာသီဥတု သာယာပါက နေ့ရောညပါ စစ်ဆင်ရေးပြုလုပ်လေ့ရှိကြပါသည်။

ယခင်က K-8W လေယာဉ်အခြေစိုက်ရာနေရာများသည် မြစ်ကြီးနား လေတပ်၊ တောင်ငူလေတပ်နှင့် ရှမ်းတဲလေတပ်တို့ဖြစ်ပြီး ဗန်းမော်၊ ကျိုင်းတုံ၊ ကျောက်ထုနှင့် ရခိုင်ပြည်နယ်ဘက်တို့တွင် စစ်ဆင်ရေးအတွက် အသုံးပြုလေ့ ရှိပါသည်။​ ၂၀၂၂ ခုနှစ်နောက်ပိုင်း တော်လှန်ရေးကာလတွင်မူ စစ်ကိုင်းတိုင်းအ တွက် ကင်းထောက်ခြင်း၊ ကရင်ပြည်နယ်ဘက်တွင် ဗုံးကြဲခြင်းနှင့် အရပ်သား ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းမျိုး လုပ်ဆောင်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ပြေးလမ်းများနှင့် ဆီသယ်ပို့မှု လမ်းကြောင်း များ များစွာရှိပြီး သန်းရွှေခေတ်တွင် စစ်ရေးအမြင်ဖြင့် တည်ဆောက်ထားခဲ့ သော နေပြည်တော်မြို့ရှိ ကားလမ်းများသည်လည်း အရေးပေါ် လေယာဉ် အတက်အဆင်း ပြုလုပ်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ လေယာဉ်များသည် ပြေးလမ်းမရှိဘဲ အတက်အဆင်းလုပ်နိုင် ခြင်း မရှိသောကြောင့် စစ်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဆုံးမြို့များမှ တော်လှန် ရေးသမားများအနေဖြင့် လေယာဉ်ပြေးလမ်းများကို ဖျက်ဆီးခြင်းများ ဆောင် ရွက်သင့်ပါသည်။

ဥပမာ အမေရိကန်နိုင်ငံမှ အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့ချိန်တွင် စစ်ရေး အရ အရေးပါသော လေယာဉ်များ၊ လေယာဉ်ပြေးလမ်းများ၊ ဆီဂိုဒေါင်များနှင့် ဓာတ်ငွေ့သိုလှောင်ရုံများကို တာဝေးပစ်ဒုံးများဖြင့် ဦးစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြပါသည်။ ၎င်းကို ဥပမာယူပြီး ဒရုန်းများတွင် မိုင်းများ၊ ဗုံးများ ချိတ်ဆွဲ၍ လေယာဉ်ပြေးလမ်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်သင့်ပါသည်။ ၎င်းအပြင် လေတပ်နှင့် နီးကပ်သော မြို့များမှ မြို့ခံ​ underground revolution force များသည်လည်း လေယာဉ်ဆီတင်သွင်းသော ကားများကို အမြဲမပြတ် စုံစမ်း လေ့လာတားဆီး သင့်ပါသည်။ ထိုကဲ့သို့ တပ်ထဲသို့ လေယာဉ်ဆီ တင်သွင်းနေ ခြင်းများကို တားဆီးခြင်းဖြင့် ပြည်သူများအား ဗုံးကြဲသတ်ဖြတ်နေမှုများမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

အလားအလာရှိသော ဗျူဟာများ  

ဗုံးကြဲရန် ပျံသန်းလာသော လေယာဉ်ကို တားဆီးခြင်းသည် မဖြစ်နိုင် သလောက် ရာခိုင်နှုန်းနည်းသောကြောင့် လေယာဉ်များရပ်ထားသည့် လေတပ် များကို ဖောက်ခွဲဖျက်ဆီးခြင်းသည် ပို၍ထိရောက်နိုင်ပါသည်။ ဥပမာအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ပိုင်းလော့များ လေယာဉ်နှင့်အတူ စီဒီအမ် ဝင်လျှင် မြန်မာငွေကျပ်သိန်းပေါင်း (၁၀,၀၀၀) ဆုကြေးငွေပေးမည်ဟု ကြေညာချက်ထုတ်ပြန်ထားခဲ့ပါသည်။ အကယ်၍ ပိုင်းလော့တစ်ဦးမှ ၎င်း၏ လေယာဉ်ဖြင့် စီဒီအမ်ဝင်ခဲ့လျှင် လေယာဉ်တစ်စင်းရမည်ဖြစ်သော်လည်း ထို ရလာသော လေယာဉ်ကို တန်ပြန်အသုံးချပြီး တိုက်ခိုက်ရန်အတွက် လေယာဉ် ပြေးလမ်း၊ လေယာဉ်ဆီ၊ ကျွမ်းကျင်သော လေတပ်စစ်သည်၊ အုပ်ချုပ်မှု၊ ထောက်ပံ့မှု စသည့်အခက်အခဲများစွာရှိပါသည်။​ ထိုဆုကြေးငွေကို အသုံးချပြီး လေတပ်မှ စီဒီအမ်များ သို့မဟုတ် ဖရဲသီးများကို လေတပ်အတွက် အကွက်ချ မြေပုံများ ရေးဆွဲစေပြီး ထိုမြေပုံများကို အသုံးချကာ တန်ပြန်တိုက်ခိုက်မည် ဆိုပါက လေတပ်များတွင် ရပ်ထားသော လေယာဉ်များစွာကို ထိခိုက်ပျက်စီး စေနိုင်ပါသည်။ ယင်းအပြင် လေတပ်အတွင်းရှိသော ဗုံးသိုလှောင်ရုံများ၊ ခဲယမ်း သိုလှောင်ရုံများကိုပါ တစ်ပါတည်း တိုက်ခိုက်ဖောက်ခွဲနိုင်မည်ဖြစ်ပါသည်။

လေကြောင်းရန်မှ မိမိကိုယ်ကိုကာကွယ်ခြင်း

K-8W လေယာဉ်များနှင့် ပစ်ခတ်တိုက်ခိုက်မှုကို ကာကွယ်ရန် ပထမဦးစွာ လေယာဉ်ပစ်ဒုံးများ လိုအပ်ပါသည်။ ဒုတိယအချက်အနေဖြင့် လေယာဉ်များ သည် ပျံသန်းနေချိန်တွင် ငှက်ကဲ့သို့ ပြင်ပအရာဝတ္ထုများနှင့် မတိုက်မိစေရန် လွန်စွာသတိထားရသောကြောင့် လေယာဉ်လာနိုင်သည့် လမ်းကြောင်းတွင် မိုးပျံပူဖောင်းလွှတ်တင်ခြင်း၊ ဒရုန်းနှင့် နှောင့်ယှက်ခြင်းတို့ ပြုလုပ်သင့်ပါသည်။ အကြောင်းရင်းမှာ လေယာဉ်များသည် ၎င်းတို့၏ ပန်ကာထဲ ပစ္စည်း တစ်ခုခု ဝင်လျှင်ပျက်ကျနိုင်ပြီး အရှိန်နှင့် လာနေသော လေယာဉ်တစ်စင်းသည် ဒရုန်း တစ်စင်းနှင့် တိုက်မိလျှင်သော်မှ ထိခိုက်ပျက်စီးနိုင်သောကြောင့် ဖြစ်ပါသည်။ သို့သော် အထက်ပါအတိုင်း ဆောင်ရွက်ရန်မှာမူ မလွယ်ကူပါ။ (၀.၅ cannon) နှင့်အထက် သေနတ်များနှင့် လေကြောင်းရန် လွတ်သည့်နေရာများမှ ပစ်ခြင်း မျိုးလည်း ဆောင်ရွက်သင့်ပါသည်။​ နောက်ဆုံးအချက်အနေဖြင့် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လေယာဉ်များသည် များသောအားဖြင့် ဗုံးကြဲခြင်းမပြုမီ ပထမအကြိမ် ပစ်မှတ်ကို တစ်ပတ်ပတ်ကြည့်ပြီး နောက်တစ်ကြိမ်ပတ်သည့် အခါမှသာလျှင် ကြဲချခြင်းဖြစ်ပါသည်။ ထို့ကြောင့် လေယာဉ်ပထမအကြိမ် လာရောက်ပတ်သည့်အချိန် ပစ်မှတ်ဧရိယာအတွင်းတွင် ရောက်နေသူများ သည် ဗုံးခိုကျင်းများထဲတွင် ပြေးခိုခြင်း၊ ဗုံးခိုကျင်းများနှင့် ဝေးနေပါက လေယာဉ်ပတ်နေသည့် လမ်းကြောင်းနှင့် အလှမ်းဝေးသည့် လျှိုမြှောင်များထဲ သို့မဟုတ် တောင်စောင်းများတွင် ကပ်ပြီး ခိုလှုံသင့်ပါသည်။