စာရေးသူများအကြောင်း အတွဲ ၅၊ ၂၀၂၅

ထွန်းမြင့်သည် အမေရိကန်ပြည်ထောင်စု၊ မန်နီဆိုးတားပြည်နယ်၊ နော့ဖီးရှိ ကာလ်တန်ကောလိပ်၏ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေးဌာနမှ ပါမောက္ခတစ်ဦး ဖြစ်ပါသည်။ ပါမောက္ခထွန်းမြင့်သည် ၂၀၀၅ ခုနှစ်တွင် ဘလူမင်တန်၊ အင်ဒီယားနားတက္ကသိုလ်ရှိ ဥပဒေကျောင်းနှင့် ပြည်သူ့ရေးရာ နှင့် သဘာဝပတ်ဝန်းကျင်ရေးရာကျောင်း၏ ပူးတွဲပရိုဂရမ်မှ ပါရဂူဘွဲ့ကို ရရှိခဲ့ သည်။ အင်ဒီယားနားတက္ကသိုလ်ရှိ ဗင်းဆင့်နှင့် အယ်လ်နော အော်စရုန်း သုတေသနဌာနတွင် နိုင်ငံရေးသီအိုရီနှင့် မူဝါဒဆန်းစစ်ချက် ဘာသာရပ်များကို ပါရဂူဘွဲ့လွန် သုတေသနပညာရှင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အရှေ့တောင်အာရှအထူးပြု ဒီမိုကရေစီနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံ အုပ်ချုပ်မှု သုတေသနလုပ်ငန်းတွင် ပါဝင်သင်ကြားဆောင်ရွက်မှုများ ပြုလုပ် နေသည်။ ဒီမိုကရေစီ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ရေရှည် တည်တံ့မှုတို့ကို အဓိကထား၍ လူမှု‌ပြောင်းလဲမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများကြားမှ ဆက်နွှယ်မှုတွင် တစ်ဦးချင်းနှင့် အဖွဲ့များ၏ အခန်းကဏ္ဍကို လေ့လာသည့် သုတေသနများ ပြုလုပ်နေသည်။ “နိုင်ငံတကာမြစ်များ စီမံအုပ်ချုပ်ရေး – ရိုင်းမြစ်ဝှမ်းနှင့် မဲခေါင်မြစ်ဝှမ်းမှ ဗဟို များအခြေပြု နိုင်ငံရေး” (Governing International Rivers: Polycentric Politics in the Mekong and the Rhine) အမည်ရ စာအုပ်ကို ရေးသား ထုတ်ဝေထားသည်။ ပါမောက္ခထွန်းမြင့်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ဖက်ဒရယ်အခြေခံဥပဒေရေးဆွဲရေးကော်မတီ၏ မူဝါဒရေးရာအကြံပေးအဖွဲ့ တွင် ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ကူညီပေးနေသည့် Mutual Aid Myanmar အဖွဲ့၏ တွဲဖက်တည်ထောင်သူဖြစ်သလို ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသည်။ လွတ်လပ်သော မြန်မာ့ သုတေသနဂျာနယ်၏ တွဲဖက် တည်ထောင်သူနှင့် အယ်ဒီတာအဖွဲ့ဝင်လည်းဖြစ်သည်။

ယူကာဝေသည် Exile Hub ၏ ပရိုဂရမ်ဒါရိုက်တာတစ်ဦးဖြစ်ပြီး သူ့အနေဖြင့် သုတေသနလုပ်ငန်းများကို စတင်လုပ်ဆောင်ချိန်မှ ပြီးစီးသည်အထိ ဦးဆောင် တာဝန်ယူထားသည်။ သူမ၏ ကျွမ်းကျင်မှုဖြစ်သည့် ဖမ်မနစ်သီအိုရီနှင့် အားလုံးပါဝင်ရေးလေ့လာမှုကို အခြေခံပေါင်းစပ်လျက် ယူကာဝေသည် မြန်မာ နိုင်ငံရှိ ဂျန်ဒါအရွေ့များနှင့် ပတ်သက်သည့် နားလည်မှုနှင့် စံနှုန်းများကို လေ့လာသုံးသပ်လျက်ရှိသည်။

ဂျိုးဆက်ဖ် အန်ဒါဆန်သည် Exile Hub ၏ ကဏ္ဍမျိုးစုံတွင် တာဝန်ယူဆောင် ရွက်နေသူဖြစ်ပြီး သုတေသနမပြုမီ ကြိုတင်၍ စာပေများ ဖတ်ရှုသုံးသပ်ခြင်း လုပ်ငန်း၊ သုတေသနနည်းနာများ ပြုစုပြင်ဆင်ခြင်းလုပ်ငန်း၊ အရည်အသွေး ဆိုင်ရာ သုတေသနအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသလို သုတေသနစာတမ်းများလည်း ရေးသားပြုစုနေသူဖြစ် သည်။ ဂျိုးဆက်ဖ်သည် လူ့အခွင့်အရေးကဏ္ဍတွင် ရေရှည်ဖွံ့ဖြိုးသည့် လက်တွေ့လုပ်ငန်းများ ဖြစ်ပေါ်လာစေရန်အတွက် သီအိုရီနှင့် လက်တွေ့ မြေပြင်လုပ်ငန်းများ ပေါင်းစပ်နိုင်ရေး ကြိုးပမ်းနေသူဖြစ်သည်။

ချမ်းမင်း၏ အမည်ရင်းမှာ သက်ဆွေဦး ဖြစ်သည်။ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း အမှတ်စဥ် (၁၄) တွင် တက်ရောက်ခဲ့ ကာ ၂၀၁၉ ခုနှစ်တွင် မြန်မာ့တပ်မတော်၏ သိပ္ပံနှင့် နည်းပညာသုတေသနဌာန ၌ ပညာသည်အကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ စစ်အာဏာ သိမ်းပြီး (၇) လခန့်အကြာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ပြည်သူ့ဘက်သို့ ပူးပေါင်းကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် ပါဝင်ခဲ့ပါသည်။

အောင်မျိုးထက်သည် စစ်တက္ကသိုလ်၊ အမှတ်စဉ် (၅၂) တွင် တက်ရောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံခဲ့ရကာ မြန်မာ့တပ်မတော် ၏ ခြေလျင်/ခြေမြန်တပ်ရင်းများတွင် တပ်စုမှူး/တပ်ခွဲမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ စစ်အာဏာသိမ်းပြီး (၇) လခန့်အကြာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့တွင် ပြည်သူ့ဘက်သို့ ပူးပေါင်းကာ အကြမ်း မဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် ပါဝင်ခဲ့ပါသည်။

ရေခဲ၏ အမည်ရင်းမှာ စွမ်းထက်အောင် ဖြစ်ပါသည်။ တပ်မတော် ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း အမှတ်စဥ် (၁၄) တွင် တက်ရောက် ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မြန်မာ့တပ်မတော်၏ ဆက်သွယ်ရေးတပ်ရင်း၌ ပညာသည်အကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ စစ်အာဏာသိမ်း ပြီး (၇) လ ခန့်အကြာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ပြည်သူ့ ဘက်သို့ ပူးပေါင်းကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် ပါဝင်ခဲ့ပါသည်။

ထွန်းဇော်မြတ်သည် မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ် (၄၅) ရေတပ် စက်မှုလက်မှုတပ်တွင် တပ်ခွဲရုံးတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ အောက်တိုဘာ လ (၆) ရက်နေ့တွင် စစ်တပ်ကို ပုန်ကန်၍ ပြည်သူလူထုဘက်သို့ မျက်နှာမူကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် ပါဝင်ခဲ့ပါသည်။

ထက်မြတ်အား ၁၉၉၀ ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၅၂) တွင် တက်ရောက်ခဲ့ကာ စစ်အာဏာသိမ်းပြီး ပြည်သူလူထုအား_လက်နက်အားကိုးကာ_မတရားညှဉ်းဆဲသတ်ဖြတ်နေသည်ကို_လက်မခံနိုင်သောကြောင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၀) ရက်တွင် ပြည်သူ့ ဘက်သို့ ရပ်တည်ကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) ကို အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၌ ဦးစီးအရာရှိတတိယတန်းရာထူး ဖြင့် တာဝန်ထမ်းဆောင်နေစဉ် ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။ စီဒီအမ်ပြုလုပ်ပြီးချိန် မှစ၍ လက်ရှိအချိန်ထိ စစ်သားများ စီဒီအမ်ပြုလုပ်ရာတွင် လွတ်မြောက်နယ် မြေထိ ရောက်အောင် ချိတ်ဆက်ပို့ဆောင်ပေးခြင်း၊ ငွေကြေး၊ စားနပ်ရိက္ခာ၊ လုံခြုံသည့် နေရာထိုင်ခင်းများ ပံ့ပိုးပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးများ ပြုလုပ်ပေးခြင်းတို့အား ဇနီးဖြစ်သူ မစုသစ်နှင့်အတူ ပိတောက်ဖူး အဖွဲ့အစည်း အား တည်ထောင်ကာ ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့အပြင် Breaking Brainwashed Media ကို တည်ထောင်ကာ စစ်သားများအတွက် အသိပညာပေး ခြင်း လုပ်ငန်းများအား ဆောက်ရွက်လျက်ရှိပါသည်။

သက်ပိုင်သည် ချင်းပြည်နယ်၊ မင်းတပ်ဇာတိဖြစ်ပြီး တပ်မတော်ဆေးဘက် ဆိုင်ရာပညာသင်ကျောင်း (ယခင် ဗဟိုဆေးတပ်) တွင် တတိယအဆင့် ဆေးလက်ထောက်သင်တန်းကို ၂၀၀၉_ခုနှစ်တွင် တက်ရောက်ခဲ့သူဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းဖြစ်သည့် အမှတ် (၁၀) စစ်မြေပြင်ဆေးတပ်ရင်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ဒုတိယအဆင့်နှင့် ပထမအဆင့် ဆေးလက်ထောက် သင်တန်းတို့ကို ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် အသီးသီးတို့တွင် တပ်မတော် ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း၌ တက်ရောက်ခဲ့ပါသည်။ ရှေ့တန်းအထူး ခွဲစိတ်ကုသရေး (အထူးတပ်ဖွဲ့) တွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့ကာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သောကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် ပါဝင်ခဲ့ပါသည်။ ယခုအခါ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်လျက် ချင်းကာကွယ်ရေးတပ်ဖွဲ့—မင်းတပ် အတွက် လိုအပ်သော ထောက်ပို့လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကာ Higunglong Multi-Development Organization နှင့် Generations of Mindat အဖွဲ့များတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါသည်။

နောင်ရိုးသည် မိတ္ထီလာအခြေစိုက် လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်မှ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် အကြမ်းမဖက်အာဏာဖီဆန် ရေးလှုပ်ရှားမှု (စီဒီအမ်) ၌ ပါဝင်ခဲ့သည့် လေတပ်အကြပ်ကြီးတစ်ဦး ဖြစ်ပါ သည်။

မော်ကွန်းသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် စီဒီအမ်ပြုလုပ်ခဲ့သည့် စစ်သားတစ်ဦးဖြစ်သည်။

မစုသစ်သည် စီဒီအမ်ဗိုလ်ကြီးထက်မြတ်၏ ဇနီးဖြစ်ပါသည်။ Hotel Sales and Marketing Manager အဖြစ် လုပ်ကိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူ စီဒီအမ် ပြုလုပ်ပြီးနောက်တွင် လွတ်မြောက်နယ်မြေသို့ အတူတကွသွားရောက်ခဲ့ သည်။ စစ်သားများ ပြည်သူ့ဘက်သို့ ဘက်ကူးပြောင်းစေရန် ဇနီးသည်များမှ အသိပညာရရှိပြီး တိုက်တွန်းစေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့စစ်သားဇနီးများ လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ခဲ့ပါသည်။ ထို့နောက် ဘက်ကူးပြောင်း ခဲ့သူ အမျိုးသမီးများ၊ ဌာနဆိုင်ရာ စီဒီအမ်အမျိုးသမီးများ၊ အမျိုးသမီးတက်ကြွ လှုပ်ရှားသူများနှင့် single mother များအား အသိပညာပေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ပေးခြင်း၊ အသက်မွေး ဝမ်းကျောင်း ပညာရပ်များအတွက် ထောက်ပံ့ပေးခြင်းနှင့် စားနပ်ရိက္ခာများ လစဉ်ပံ့ပိုးပေးခြင်း လုပ်ငန်းများ ပြုလုပ်နိုင်ရန် ပိတောက်ဖူး အဖွဲ့အစည်းအား ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တည်ထောင်ခဲ့ပါသည်။ စစ်တပ်၏ ဝါဒမှိုင်း မိနေသော စစ်သားများအား အမှန်တရားသိမြင်လာပြီး အသိတရားရကာ ပြည်သူ့ဘက်သို့ ဘက်ကူးပြောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် Breaking Brainwashed Media အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လတွင် တင်ဆက်နိုင်ခဲ့ပါသည်။ ယခုအခါ ခင်ပွန်းသည်နှင့်အတူ တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်နေကာ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတစ်ဦး အဖြစ်လည်း ရပ်တည်လျက်ရှိပါသည်။