စာစောင်မိတ်ဆက်

ထွန်းမြင့် | Click here to read this article in English.

Cite as: 
ထွန်းမြင့်၊ (၂၀၂၅)၊ စာစောင်မိတ်ဆက်၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၅။ https://ijbs.online/?page_id=5303

ဤအထူးထုတ်စာစောင်သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် ပါဝင်လာသော စစ်သားများနှင့် တွေ့ဆုံကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးမှုများ၏ ရလဒ်ဖြစ်သည်။ ဂျာနယ်၏ အယ်ဒီတာချုပ်နှင့် ကျွန်တော် သည် ပြည်သူများကို နေ့စဉ်မပြတ် သတ်ဖြတ်နေသည့်1 စစ်တပ်မှ2 စွန့်ခွာလာ ခါစ သတ္တိကောင်းသည့် စစ်သားလူငယ်များနှင့် လုံခြုံစိတ်ချရသည့် နေရာ တစ်ခုတွင် တွေ့ဆုံခဲ့ကြသည်။ သူတို့အနေဖြင့် စစ်တပ်ထဲ ဝင်လိုက်ခြင်းသည် အောင်မြင်မှုနှင့် လေးစားခံရမှုတို့၏ လမ်းစဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ အချို့မှာ မိဘဘိုးဘွားများ ကိုယ်တိုင်က စစ်တပ်ထဲတွင် ရှိနေကြပြီး စစ်မှုထမ်း မျိုးရိုးမှ ဖြစ်ကြသည်။ သို့သော် ၂၀၂၁ စစ်အာဏာသိမ်းမှု၏ အကြမ်းဖက်မှုများ သည် စစ်တပ်အပေါ်တွင် ရှိခဲ့သည့် ၎င်းတို့၏ ယုံကြည်မှုကို တုန်လှုပ်စေခဲ့ သည်။ ပြည်သူများအား ပစ်သတ်ရန် ငြင်းဆန်ပြီး စစ်တပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန်အတွက် သူတို့အားလုံးသည် တူညီသည့် ရွေးချယ်မှုတစ်ခုပြုခဲ့ ကြကာ ယခုချိန်တွင် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ယခုအခါ မတူညီသည့် လမ်းကြောင်းများကို လျှောက်လှမ်းနေကြကာ ဘဝအတွက် ရုန်းကန်နေကြ ရင်း တော်လှန်ရေးတွင်လည်း ပါဝင်လှုပ်ရှားနေကြပါသည်။

ဤအထူးထုတ်စာစောင်တွင် ပါဝင်ရေးသားသူအများစုသည် သုတေသီ များ မဟုတ်ကြပါ။ ၎င်းတို့သည် ရာထူးရာခံမျိုးစုံနှင့် မတူညီသော ရာထူးဌာန များမှ စီဒီအမ်စစ်သားများ ဖြစ်ကြပါသည်။ သူတို့သည် လေတပ်အပါအဝင် အမြောက်တပ်များ၊ ခြေလျင်တပ်များတွင် အတွေ့အကြုံရှိကြသူများ ဖြစ်ကြ ကာ စစ်တပ်၏ အားနည်းချက်များနှင့် စစ်တပ်ပြိုလဲနိုင်ခြေတို့နှင့် ပတ်သက်ပြီး သူတို့ သိရှိထားသမျှ အကြောင်းအရာများကို ဤဆောင်းပါးများတွင် ဖော်ပြ ထားပါသည်။ ပါဝင်ရေးသားသူများအနေဖြင့်  သူတို့တွေ့ကြုံခံစားခဲ့ရသည့် စစ်တပ်၏ အခြေအနေနှင့် ပတ်သက်၍ သူတို့၏ ကိုယ်တွေ့အတွေ့အကြုံ ဗဟုသုတများနှင့် သုံးသပ်ချက်များကို မျှဝေထားခြင်း ဖြစ်ပါသည်။ ဤ ဆောင်းပါးများကို စစ်တပ်မှ စွန့်ခွာလာပြီး လွတ်မြောက်နယ်သို့ ရောက်ရှိသည့် အချိန်ကာလတွင် ရေးသားထားခြင်းဖြစ်သည်။ ထိုသို့ရေးသားရာတွင် မိုဘိုင်း ဖုန်းများဖြင့်သာ ရေးသားထားခြင်း ဖြစ်ကြပြီး ကွန်ပျူတာဖြင့် စာစီရေးသား ခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် ကွန်ပျူတာများ မရှိကြ သလို ဝယ်ယူရန်လည်း မတတ်နိုင်ကြသောကြောင့်ဖြစ်သည်။ ဆောင်းပါးများ အားလုံးကို မြန်မာဘာသာဖြင့် ဦးစွာရေးသားခဲ့ကြပြီး ဂျာနယ်တွင် နှစ်ဘာသာ ဖြင့် ဖော်ပြရန်အတွက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်သည်။ ပါဝင်ရေးသားသူ အနည်းငယ်သာ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ကြပါ သည်။ သူတို့၏ ဆောင်းပါးများသည် ပညာရပ်ဆန်သည့်ပုံစံဖြင့် ရေးသားထား ခြင်းမဟုတ်သလို နည်းစနစ်တကျ ပြုလုပ်ရေးသားထားသော သုတေသန ဆောင်းပါးများလည်း မဟုတ်ပေ။ သို့သော် သူတို့၏ အရှိကို အရှိအတိုင်း ထုတ်ဖော်တင်ပြမှုနှင့် အင်အားတောင့်တင်းသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ယူဆခြင်း ခံခဲ့ရသည့် အဖွဲ့အစည်းတစ်ခု၏ အတွင်းရေးများ ဖြစ်သည့်အတွက် ဤဆောင်းပါးများသည် အဖိုးတန်သည့် ဆောင်းပါးများဖြစ်ပါသည်။

ဤအထူးထုတ်စာစောင်ကို ဖြစ်ပေါ်လာစေသည့် အလုပ်ရုံဆွေးနွေးပွဲ သည် ထူးခြားလှပြီး ပညာရပ်ဆိုင်ရာနယ်ပယ်တွင် ကျင်လည်နေသူ ကျွန်တော့် အနေဖြင့် ယခုကဲ့သို့ ဆွေးနွေးပွဲမျိုး တစ်ခါမျှ မကြုံခဲ့ဖူးပေ။ ရှစ်နာရီခန့် ကြာမြင့်သည့် ဤဆွေးနွေးပွဲ၌ တက်ရောက်လာသူအားလုံးသည် ကြမ်းပြင်ပေါ် တွင် တင်ပျဉ်ခွေထိုင်ကြကာ စီဒီအမ်စစ်သားများက စစ်တပ်ထဲတွင် သူတို့၏ အထက်အရာရှိကြီးများကို တင်ပြကြသည့် ပုံစံအတိုင်း စာရွက်ထဲတွင် ရေးလာ သည့် စာများကို အသံကျယ်ကျယ်ဖြင့် ရွတ်ဖတ်တင်ပြကြသည်။ သို့သော် သူတို့၏ လေသံနှင့် မျက်နှာအမူအရာများသည် စစ်တပ်လက်အောက်မှ လွတ်မြောက်လာမှုကို ထင်ဟပ်နေပြီး သူတို့ ရေးသားလာသည်များအပေါ် အားတက်သရော ရှိကြသည်။

ဤအထူးထုတ်စာစောင်သည် ၂၀၂၂ ခုနှစ်က ထုတ်ဝေခဲ့သည့် “မြန်မာ စစ်တပ်မှ ထွက်ခွာခဲ့သော ဖြစ်ရပ်များအကြောင်း အထူးထုတ်စာစောင်” ၏ နောက်ဆက်တွဲဟု တစ်နည်းအားဖြင့် ဆိုနိုင်သည်။ ဤစာစဉ်တွင် စီဒီအမ် စစ်သား (၁၈) ဦးက ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း သူတို့အနေဖြင့် ဘာကြောင့် စစ်တပ်မှ စွန့်ခွာလာသည်နှင့် မည်သို့မည်ပုံ ထွက်ခွာလာခဲ့ရပုံများ အား သူတို့၏ တပ်တွင်း အတွေ့အကြုံများကို အစချီကာ သူတို့လွတ်မြောက်ခဲ့ ကြပုံအထိ အသေးစိတ် ရေးဖွဲ့ထားပါသည်။  ဤကိုယ်တွေ့မှတ်တမ်းများသည် သူတို့အနေဖြင့် စိတ်မကျေမနပ်ဖြစ်ရသည့် စစ်တပ်အတွင်းမှ လွတ်မြောက်ရန် ကြိုးစားခဲ့ကြသော စစ်သားများ၏ စိတ်ခံစားချက်များကို အရှိအတိုင်း တင်ပြ ထားခြင်းဖြစ်သည်။

သောင်းနှင့်ချီသည့် အရေအတွက်ရှိပြီး ဆက်လက်တိုးပွားနေဆဲဖြစ်သည့် ဘဝသစ်ပြန်စနေကြရသော ပြည်သူ့စစ်သားများ မည်သည့် အခြေအနေသို့ ဆိုက်ရောက်နေကြသနည်း။

အချို့သော စီဒီအမ်စစ်သားများသည် တော်လှန်ရေးနှင့် လုံးဝမပတ်သက် ကြတော့ဘဲ သူတို့၏ မိသားစုများကို စိတ်ဒဏ်ရာများနှင့် ကျီးလန့်စာစားနေရ သည့် အခြေအနေမျိုးနှင့် ဝေးရာတွင် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေထိုင်နေကြ သည်။ အများစုမှာ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်လာကြပြီး အကျင့် ပျက်ခြစားနေသည့် စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေကြသည်။ အချို့မှာမူ နောက်တန်းတွင်ရှိသည့် တော်လှန်အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင် နေကြပြီး သူတို့တတ်မြောက်ထားသည့် ကျွမ်းကျင်မှုများကို အခြေအနေနှင့် အချိန်အခါပေါ်မူတည်ပြီး တတ်နိုင်သလောက် မျှဝေပေးလျက် ရှိကြသည်။ ဤသို့ စစ်တပ်ကို ကျောခိုင်းလာမှုသည် နွေဦးတော်လှန်ရေး၏ ဗျူဟာတစ်ခု ဖြစ်ကာ ၂၀၂၁ ခုနှစ်မှစတင်ပြီး ယနေ့အချိန်အထိ တိုးပွားလာနေသည့် အကြောင်းကို ဤစာစောင်တွင် ဖော်ပြထားသည့် ယူကာဝေနှင့် အန်ဒါဆန်၏ ဆောင်းပါးတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ 

တော်လှန်ရေးအပေါ် အာရုံထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ၊ စစ်တပ် ကို ပြန်လည်တိုက်ခိုက်နေသည်ဖြစ်စေ၊ မတိုက်နေသည်ဖြစ်စေ ဤအထူးထုတ် စာစောင်တွင် ပါဝင်ရေးသားကြသော စီဒီအမ်စစ်သားများသည် သူတို့၏ ယုံကြည်မှုဖြစ်သည့် အခြေယိုင်နဲ့လာနေသည့် စစ်တပ်၏ သမိုင်းမှတ်တမ်းတွင် သူတို့ သိရှိထားသည်များကို မှတ်တမ်းတင်လိုကြသည်။ သူတို့၏ အမြင်များကို တင်ပြထားသည့် ဤဆောင်းပါးများကို ၂၀၂၂ ခုနှစ်ကတည်းက ‌ရေးသားထား ခြင်းဖြစ်ပြီး အင်အား ချည့်နဲ့လာသည့် စစ်တပ်၏ လက်ရှိအခြေအနေက ထိုအမြင် များအား မှန်ကန်ကြောင်း အတည်ပြုပေးနေသည်။ ဤစာစောင်ကို ထုတ်ဝေ သည့်ကာလတွင် စစ်တပ်သည် သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးအရေးနိမ့်မှု နှင့် ကြုံတွေ့နေရသည်။

တော်လှန်ရေးအဖွဲ့များ နယ်မြေကြီးစိုးမှု များလာခြင်းနှင့် စစ်တပ် အရေး နိမ့်လာခြင်းတို့သည် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကို ဖြစ်လာစေသည်။ ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သည့် တော်လှန်ရေးအဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်ပြီးနောက်ပိုင်း စစ်တပ်သည် အရပ်သားပြည်သူ များအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် လက်ဖက်ရည်ဆိုင်များ၊ မင်္ဂလာ ဧည့်ခံပွဲများ၊ ဖျော်ဖြေရေးပွဲများနှင့် အခြားသော လူစုလူဝေးပွဲများ ပြုလုပ်နေ ချိန်အတွင်း လေကြောင်းမှ တိုက်ခိုက်ခြင်းများကို ပြုလုပ်ခြင်းဖြင့် လက်တုံ့ပြန် နေသည်။3 ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများအား ပုံကျသွားစေသော ရာစုနှစ်အတွင်း အပြင်းထန်ဆုံးဖြစ်သည့် စစ်ကိုင်းငလျင်ကြီးသည် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကို ရပ်တန့်မသွားစေခဲ့သလို စစ်တပ်သည် အဓိပ္ပာယ်မဲ့သည့် “အပစ်ရပ်” ကြေညာချက်ကို ထုတ်ပြန်ထားသည့်ကြားမှပင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည်။4 ဒီဗွီဘီ သတင်းဌာန၏ အချက်အလက်အရ ငလျင် လှုပ်သည့်ရက်မှစပြီး (၂၈) ရက်အတွင်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် လူပေါင်း (၂၄၆) ဦး သေဆုံးခဲ့ပြီး (၅၁၂) ဦး ဒဏ်ရာရရှိခဲ့ဟု သိရှိရသည်။5

စစ်တပ်အာဏာမြဲနေစေသည့် အကြောင်းရင်း (၂) ချက်ရှိသည်။ ပထမ အချက်မှာ ရုရှား၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ကျောထောက်နောက်ခံပြုမှုကို ရရှိနေသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ လေတပ်ကြောင့်ဖြစ်သည်။6 စစ်တပ်၏ အောင်မြင်မှုဟု စစ်အသိုင်းအဝိုင်းကြား ဝါဒဖြန့်ခဲ့သည့် လာရှိုးမြို့ ပြန်လည်ရယူနိုင်ခြင်း၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ ကျောထောက် နောက်ခံပြုမှုနှင့် လမ်းညွှန်မှုများရှိခဲ့သည်။7 သို့သော် ထိုကဲ့သို့ အင်အားကြီး နိုင်ငံများအနေဖြင့် ၎င်းတို့ အကျိုးစီးပွားအတွက် စစ်တပ်၏ ကြမ်းကြုတ်မှုများ ကို အားပေးနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းများကြားမှ ကာကွယ်ပေးနိုင် သော်လည်း မြန်မာပြည်သူများသည် အရူးလုပ် မခံကြတော့ပေ။ စစ်တပ်သည် ယိုင်နဲ့နဲ့ဖြစ်လာနေပြီဖြစ်သည်။ စစ်မှုထမ်းဥပဒေ တင်းကျပ်လာခြင်း၊ တရုတ် နိုင်ငံလက်ထဲ နိုင်ငံ့အချုပ်အခြာအာဏာ ပိုမိုကျရောက်လာခြင်းနှင့် သဘာဝ ဘေးကြောင့် နိုင်ငံတကာအကူအညီများ တိုးပွားလာခြင်းများ ရှိသော်လည်း မြန်မာပြည်သူလူထု၏ တော်လှန်စိတ် ရှင်သန်နေသမျှကာလပတ်လုံး စစ်တပ် ပြိုလဲသွားသည့် အခြေအနေသို့ ‌ဆိုက်ရောက်လာမည်မှာ အသေအချာပင် ဖြစ်သည်။

ဆောင်းပါးများအကြောင်း

ဤစာစဉ်တွင် စီဒီအမ်စစ်သားများနှင့် မိသားစုဝင်များ ရေးသားသည့် ဆောင်းပါး (၉) ပုဒ်နှင့် သုတေသနဆောင်းပါး (၂) ပုဒ် ပါဝင်ပါသည်။ သုတေသနဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် ကနဦးရေးသားထားခြင်း ဖြစ်ပြီး ကျန်ဆောင်းပါးများမှာ မြန်မာဘာသာဖြင့် ကနဦးရေးသားထားခြင်း ဖြစ်သည်။ သုတေသနဆောင်းပါးများသည် စစ်တပ်၏ တည်ရှိမှုနှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်၌ ၎င်း၏ ရပ်တည်မှုများအကြောင်း ပိုမိုသိရှိစေရန် ရည်ရွယ် သလို ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်ပေါ်နေသည့် စစ်တပ်မှ စွန့်ခွာလာမှုများ အကြောင်းကိုလည်း ပိုမိုသ‌ဘောပေါက်နားလည်စေရန် ရည်ရွယ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဤစာစောင်ဖြစ်ပေါ်လာစေသည့် အလုပ်ရုံ ဆွေးနွေးပွဲသည် ၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စီဒီအမ်စစ်သားများ၏ ဆောင်းပါးများသည် ယင်းကာလကတည်းက ရေးသားထားခြင်းဖြစ်သည်။ သို့သော် သုတေသနဆောင်းပါးများသည် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် ရေးသားထားခြင်းဖြစ်ပြီး ဤစာစောင်မိတ်ဆက်ကိုမူ ၂၀၂၅ ခုနှစ်တွင် အချော သတ် ရေးသားထားခြင်းဖြစ်သည်။

ကျွန်တော် ရေးသားထားသည့် “ပြိုလုလု စစ်တပ်နှင့် ဗမာလူမျိုးကြီးဝါဒ အခြေခံ အမျိုးသားနိုင်ငံရေး နိဂုံး” ဆောင်းပါးတွင် ဗမာလူမျိုးကြီးဝါဒသည် မြန်မာစစ်တပ်၏ အဓိကကျသော အယူဝါဒဖြစ်ပြီး လွန်ခဲ့သည့် နှစ်များစွာ ဗုဒ္ဓဘာသာ ဗမာဘုရင်များ ခေတ်ကတည်းက သန္ဓေတည်ခဲ့ခြင်းဖြစ်ကြောင်း၊ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာတရားတို့ စုံလင်ကွဲပြားလှသည့် ယနေ့ မြန်မာနိုင်ငံအခြေအနေတွင် ဗမာလူမျိုးကြီးဝါဒအား အယူဝါဒတစ်ရပ် အဖြစ်နှင့်ဖြစ်စေ လက်ဝါးကြီးအုပ် အုပ်ချုပ်မှုတစ်ရပ်အနေနှင့်ဖြစ်စေ အသုံးပြု နေခြင်းသည် ခေတ်မမီတော့သလို အန္တရာယ်လည်း များလှကြောင်း၊ အားလုံး အတွက် ဦးတည်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သည်သာ သက်ဆိုင်သူ အားလုံး ပါဝင်လာစေပြီး ခွင့်တူညီမျှ သာယာဝပြောလာစေနိုင်သောကြောင့် မြန်မာနိုင်ငံအတွက် အသင့်လျော်ဆုံး နိုင်ငံရေးစနစ်ဖြစ်ကြောင်း၊ စစ်တပ်သည် ပြန်လည်ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်၍ အဖတ်ဆယ် မရတော့အောင် လမ်းလွဲသွားပြီဖြစ်သောကြောင့် ဒီမိုကရေစီရှင်သန်လာစေရေးအတွက် ဗမာ လူမျိုးကြီးဝါဒ အစဉ်အလာနှင့်အတူ ဖျက်သိမ်းပစ်ရမည့်အဖွဲ့ဖြစ်ကြောင်း တင်ပြထားသည်။

ယူကာဝေနှင့် ဂျိုးဆက်ဖ်အန်ဒါဆန်တို့ ရေးသားသည့် “လွတ်လပ်မှု ရောင်နီဦးဆီသို့ ဝင်လာခြင်း – ဘက်ပြောင်းခိုလှုံမှုများကြောင့် ယိုင်နဲ့လာသည့် စစ်တပ်” ဆောင်းပါးသည် သုတေသနနည်းနာအရောကို အသုံးပြုထားသော စိတ်ဝင်စားဖွယ်ကောင်းလှသည့် သုတေသနဆောင်းပါးတစ်ပုဒ်ဖြစ်ကာ တော် လှန်ရေးအဖွဲ့များအနေဖြင့် စစ်တပ်ကို စွန့်ခွာသည့် စစ်သားများ ပိုမိုများပြား လာစေရန် ပိုမိုအားထုတ်သင့်ကြောင်း ထောက်ပြထားသည်။ ၂၀၂၁ ကတည်း က စစ်တပ်ကို စွန့်ခွာလာစေသည့် ဗျူဟာသည့် ပိုမိုကောင်းမွန်လာသော်လည်း ထိုသို့စွန့်ခွာလာသည့် စစ်သားများအား ထောက်ပံ့ကူညီခြင်းများ မတည်ငြိမ် နေခြင်းသည် စစ်အာဏာရှင်တော်လှန်ရေးအတွက် အထောက်အကူတစ်ခုကို အဟန့်အတား ဖြစ်စေသည်။ စစ်တပ်ကို စွန့်ခွာလာစေသည့် ဗျူဟာအား ဒေသတွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်းပံ့ပိုးကြလျှင် စစ်တပ်၏ အနာဂတ်ရော နိုင်ငံ့အနာဂတ်ပါ ပြောင်းလဲသွားလိမ့်မည်ဖြစ်ကြောင်း စာရေး သူများက ထောက်ပြထားသည်။ ဤဆောင်းပါးသည် စစ်တပ်မှ စွန့်ခွာလာသူ စစ်သား အယောက် (၅၀) နှင့် တွေ့ဆုံမေးမြန်းထားသည့် အကြီးစား သုတေသနစစ်တမ်းတစ်ခုဖြစ်ပြီး အသေးစိတ်အချက်အလက်များ၊ စေ့စုံသည့် ချဉ်းကပ်မှု များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား အကြံပြုချက်များ ထည့်သွင်းထား သည့် ပြည့်စုံကောင်းမွန်သော ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။

ဤစာစောင်တွင် တတိယမြောက် ဖော်ပြထားသည့် စီဒီအမ်စစ်သား တစ် ဦး ရေးသားထားသည့် ဆောင်းပါးကို စာမျက်နှာ (၂၇၈-၂၇၉) တွင် ဖတ်ရှုနိုင် သည်။ တပ်မတော် သိပ္ပံနှင့် နည်းပညာသုတေသနဌာနတွင် တပ်ကြပ်ကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော ချမ်းမင်း ရေးသားသည့် “အကြမ်းဖက် စစ်တပ်လက်အောက်ကဉီးနှောက်ကျင်းခံထားရသောစစ်သားများ” ဆောင်းပါး တွင် အောက်ခြေစစ်သားများသည် အရပ်သားပြည်သူများနှင့် တော်လှန်သူများ အပေါ် ရက်ရက်စက်စက်ပြုမူနေခြင်းမှာ အကြောက်တရားဖြင့် ဉီးနှောက်ကျင်း ခံထားရသောကြောင့်ဖြစ်ကြောင်း ထောက်ပြထားသည်။ စစ်တပ်သည် စစ်သားများအပေါ် အနိုင်ကျင့်ကာ ပင်ပန်းနွမ်းနယ်အောင် ပြုလုပ်ထားလေ့ ရှိသည်။ စစ်ခေါင်းဆောင်များသည် “အောက်ခြေစစ်သားများအား လက်နက်မဲ့ အရပ်သားပြည်သူများအပေါ် နိစ္စဓူဝ အကြမ်းဖက်မှုများနှင့် သတ်ဖြတ်မှုပြု လုပ်အောင် ရည်ရွယ်ချက်ရှိရှိ ပုံရိုက်သွင်းထားကြသည့်အတွက်” တာဝန်အရှိ ဆုံးသူများ ဖြစ်ကြသည်ဟု စာရေးသူက ဆိုထားသည်။ သို့သော် စစ်တပ်ကို သီးသန့်ကမ္ဘာငယ်တစ်ခုဖြစ်အောင် ဖန်တီးထားခြင်းကဲ့သို့ အခြားအကြောင်း အချက်များလည်း ရှိနေသေးသည်။ စစ်သားများသည် စစ်တပ်၏ ဝါဒမှိုင်းများ နှင့် အယူဝါဒသွတ်သွင်းမှုများကို ခံကြရပြီး လွတ်လပ်စွာ ဖုန်းအသုံးပြုခြင်းနှင့် အင်တာနက်အသုံးပြုခြင်းတို့လည်း ထိန်းချုပ်ခံထားကြရသည်။ ဆောင်းပါး တွင် စာရေးသူအသုံးပြုထားသော စကားလုံးများသည် ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန်ရှိသည်။ စစ်သင်တန်းသားများနှင့် အောက်ခြေစစ်သားများ သည် အနှိမ်ခံထားရခြင်း၊ အနိုင်ကျင့်ခံထားရခြင်းနှင့် အလွဲသုံး စားပြုခြင်းတို့ကို ခံစားနေကြရသည်။ စစ်တပ်သည် အရပ်သားပြည်သူများအပေါ်သာမက လက်အောက်ငယ်သားများအ‌ပေါ်တွင်လည်း အကြမ်းဖက်နေသောကြောင့် စစ်သမိုင်းတွင် ဂုဏ်သိက္ခာကျဆင်းနေပြီဟု စာရေးသူကဆိုထားသည်။

နောက်တစ်ပုဒ်မှာ အောင်မျိုးထက် ရေးသားသည့် “မြန်မာစစ်တပ်၏ အင်အားလျော့နည်းလာမှုနှင့် ပြုန်းတီးမှုအကြောင်းအရင်းများ” ဆောင်းပါးဖြစ် ပြီး ယင်းဆောင်းပါးတွင် စစ်တပ်သည် အင်အားလျော့နည်းလာနေပြီး တစ်စ တစ်စ အင်အားပြုန်းတီးလာနေကြောင်း ဖော်ပြထားသည်။ အမှတ် (၈၀) ခြေမြန်တပ်ရင်းတွင် ဗိုလ်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး၏ အတွေ့အကြုံများကို အခြေခံလျက် စာရေးသူက စစ်တပ်အတွင်းရှိ စံမမီသော တပ်သားစုဆောင်းရေးနှင့် အင်အားပြုန်းတီးမှုများကြောင့် ချည့်နဲ့လာသည့် စစ်တပ်အကြောင်းကို ဝေဖန်ဆန်းစစ်ထားသည်။ ၂၀၂၄ ခုနှစ်မှစပြီး ယခုအချိန် ထိ ရိုက်ခတ်နေသည့် စစ်မှုထမ်းဥပဒေ အသက်မဝင်ခင်က ရေးသားထားသော ဤဆောင်းပါးတွင် စာရေးသူက စစ်သားများအနေဖြင့်  စစ်တပ်မှ ထွက်ခွာချင် နေကြသည့် အကြောင်းအရင်းများအပါအဝင် စစ်သား၏ ဇနီးသည်များနှင့် ကလေးများအနေဖြင့် စစ်တပ်အတွင်း မည်သို့အသုံးချခံနေရကြောင်း ဖော်ပြ ထားသည်။ စာရေးသူသည် “အရည်အချင်းထက် အရေအတွက်များရေး” ကို သာ ဦးတည်နေသည့် စစ်တပ်အနေဖြင့် “ကျဆုံးခန်း” သို့ တဖြည်းဖြည်း ဦးတည်လာနေကြောင်း အလေးထားထောက်ပြထားသည်။

အောင်မျိုးထက် ထောက်ပြထားသကဲ့သို့ စစ်တပ်၏ တပ်သားစုဆောင်း ခြင်းအကြောင်းကို တပ်ကြပ်ကြီး ရေခဲ ရေးသားသည့် “မြန်မာစစ်တပ်၏ စစ်သား စုဆောင်းပုံ” ဆောင်းပါးတွင် ပိုမိုပြည့်စုံစွာ ဖတ်ရှုရမည်ဖြစ်သည်။ ဤ ဆောင်းပါးတွင် စစ်တပ်၏ “ခနော်ခနဲ့ဖြစ်နေသည့် အခြေခံအုတ်မြစ်” သည် တပ်သားစုဆောင်းရေးပေါ်လစီများနှင့် နည်းလမ်းများကို မပြောင်းလဲနိုင်ပါက စစ်တပ်သည် တိုးတက်မလာနိုင်ကြောင်း တင်ပြထားသည်။ ထိုနည်းလမ်းများ ထဲတွင် လှည့်ဖြားမှုများ၊ ပြန်ပေးဆွဲမှုများ၊ မက်လုံးပေးမှုများနှင့် ဝါဒဖြန့်မှုများ ပါဝင်သည်။ စစ်တပ်၏ တပ်သားစုဆောင်းရေးတွင် ဖြစ်ပေါ်နေသည့် အဆိုပါ ပြဿနာများအကြောင်း စာရေးသူက ရှင်းပြထားပြီး စစ်သားများနှင့် စစ်တပ် ထဲတွင် ပိတ်မိနေသည့် စစ်သား သားသမီးများကိုလည်း “စစ်တပ်ကို ပြောသမျှ ကိုသာ အမှန်ထင်ကာ ယုံကြည်ပြီး မိမိအတွေးအခေါ်တွေကို မကန့်သတ်မိရန် ကြိုးစားသင့်ကြောင်း၊ မိမိတို့အနေဖြင့် အပြင်လောကတွင် ဖြစ်ပျက်နေသည် များကို မျက်စိဖွင့် နားစွင့်ကာ ဆင်ခြင်သုံးသပ်သင့်ကြောင်း၊ စစ်တပ်ယန္တရား သည် ကိုယ့်ဖခင်စစ်သားကိုသာမက စစ်သား သားသမီးများကိုပါ အသုံးချကာ အားလုံးကို သေတွင်းပို့နေကြောင်း” ဤဆောင်းပါးမှတစ်ဆင့် သတိပေးစကား ပါးထားသည်။  

အောင်မျိုးထက်နှင့် ရေခဲတို့ကဲ့သို့ စစ်တပ်တွင်း စစ်သားတစ်ဦးချင်းစီ အလိုက် ထိန်းချုပ်ခံနေရမှုအကြောင်းကို ထွန်းမြတ်ဇော်က ရှုထောင့်တစ်ခုမှ တင်ပြထားသည်။ စာရေးသူက စစ်တပ်၏ လက်အောက်ခံလူ ဖြစ်သွားပါက ၎င်း၏ တင်းကျပ်သည့် ထိန်းချုပ်မှု‌အောက် ရောက်ရှိသွားပုံအကြောင်းကို တင် ပြထားသည်။ “အိမ်ထောင်သည်စစ်သည်များ၏ မိသားစုနှင့် လူပျိုစစ်သည် များကို စစ်တပ်မှ ထိန်းချုပ်ထားမှုများ” ဆောင်းပါးတွင် စစ်တပ်တွင်း အဆင့် လိုက် အကျင့်ပျက်ခြစားမှုများနှင့် အထက်အရာရှိကြီးများ၏ စာနာစိတ် ကင်းမဲ့ မှုများအကြောင်းကို ရေးသားထားသည်။ စစ်တပ်သည် “ခွဲခြားအုပ်ချုပ်” သည့် စနစ်ကို နိုင်ငံရေးနှင့် စစ်ပွဲများတွင် အသုံးပြုသည်သာမက တပ်တွင်းရှိ တပ်သားသစ်များအပါအဝင် အဆင့်ဆင့်သော စစ်သားများအားလည်း ထိုစနစ် ဖြင့် အုပ်ချုပ်သည်။ ဤဆောင်းပါးသည် စစ်သားများကြားရှိ ဆက်ဆံရေးများ အား တင်ပြထားသလို အဆိုပါစစ်သားများသည် စစ်တပ်၏ အုပ်ချုပ်မှုအောက် တွင် မည်သို့မည်ပုံ အသုံးချခံဖြစ်နေကြောင်းကို တင်ပြထားသည်။

ထွန်းမြတ်ဇော်ကဲ့သို့ စစ်တပ်တွင်းမှ ဝါဒမှိုင်းများအကြောင်းကို ထက်မြတ် က ဖွင့်ထုတ် ရေးသားထားသည်။ ပြင်ပနှင့် ဆက်သွယ်ခွင့် ပိတ်ပင်ထားသည့် စစ်တပ်တွင်းမှ ဝါဒမှိုင်းများအကြောင်းကို “လက်နက်တစ်ခုသဖွယ် ထိရောက် နေတဲ့ မြန်မာစစ်တပ်ရဲ့ ဝါဒမှိုင်းများ” ဆိုသည့်ဆောင်းပါးတွင် ဖတ်ရှုနိုင်သည်။ ထိုဆောင်းပါးတွင် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင်  ဗိုလ်ကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ထက်မြတ်က စစ်တပ်၏ ဝါဒမှိုင်းများ အကြောင်းကို အမျိုးအစား (၈) မျိုးခွဲကာ အသေးစိတ် ရှင်းပြထားသည်။ စာရေး သူက “အကြမ်းဖက်စစ်တပ်သည် ဝါဒမှိုင်းများကို လက်နက်အဖြစ် အသုံးချနေ ကြောင်း” နှင့် တော်လှန်ရေးအုပ်စုများအနေဖြင့် ထိုဝါဒမှိုင်း လက်နက်များ၏ သက်‌‌ရောက်မှုအားကို နားလည်သဘောပေါက်ထားပြီး တန်ပြန်လုပ်ဆောင်နိုင် ရန် လိုအပ်ကြောင်း ရှင်းပြထားသည်။ ဤဆောင်းပါးသည် စစ်တပ်က ပုံဖော် လုပ်ဆောင်နေသည့် အကြောင်းအရာများအကြောင်းကို ကောင်းကောင်းနား လည်သဘောက်ပေါက်သွားစေမည့် သမိုင်းမှတ်တမ်းဖြစ်ရုံသာမကအာဏာရှင် ယန္တရား ရပ်စဲသွားရေး လုပ်ဆောင်နေသည့် တော်လှန်သူများအတွက် အလွန် အသုံးဝင်သည့် ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။

နောက်ထပ်ဆောင်းပါးတစ်ပုဒ်မှာ စစ်တပ်၏ ဌာနတစ်ခုအကြောင်းကို အသေးစိတ်ဖော်ထုတ်တင်ပြသည့် ‌ဆောင်းပါးဖြစ်သည်။ ကိုသက်ပိုင် ရေးသား သည့် “မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ အကျင့်ပျက်ခြစားမှုများ” ဆောင်းပါးတွင် စစ်ခေါင်းဆောင်များသည် တိုင်းပြည် ဘဏ္ဍာများကို အသုံးချနေကြပြီး စစ်တပ်သည်  “ကိုယ်ကျိုးရှာအဖွဲ့” တစ်ခု ဖြစ်နေကြောင်း ထောက်ပြထားသည်။ စာရေးသူက စစ်ဆေးရုံများ၏ လက်ခံနိုင်သော လူနာပမာဏအပါအဝင် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စစ်တပ်လက်အောက်ရှိ ဆေးဘက်ဆိုင်ရာကျောင်းများကို အသေးစိတ် စာရင်းပြုစုတင်ပြထားသည်။ ဤဆောင်းပါးတွင် အဓိကတင်ပြထားသည်မှာ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ရုံးတွင် အကျင့်ပျက်ခြစားမှုများသည် ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ဖြစ်နေပြီး “စာအုပ်” ထဲတွင် အဆင်ပြေနေသော်လည်း လက်တွေ့မြေပြင်တွင် ဆိုးဆိုးရွားရွား ပျက်စီးနေကြောင်းဖြစ်သည်။ အရာရှိများသည် စည်းမျဉ်းစည်းကမ်းများကို ပေါ် ပေါ်တင်တင်ချိုးဖောက်နေကြပြီး သတ်မှတ်ဆေးဝါးများအစား အရည်အသွေး နိမ့် ဆေးဝါးများကိုလည်း အစားထိုးကာ သုံးစွဲနေကြသည်။

ကျန်ရှိသည့် ဆောင်းပါးနှစ်ပုဒ်မှာ စစ်လက်နက်ကိရိယာအကြောင်း ဖော်ပြထားသည့် ဆောင်းပါးများဖြစ်သည်။ ကိုနောင်ရိုး၏ “ပြည်သူများကို ဗုံးကြဲသတ်ဖြတ်ရာတွင် အသုံးပြုနေသော မြန်မာစစ်တပ်၏ အမောင်းသင် လေယာဉ် (သို့မဟုတ်) K-8W” ဆောင်းပါးတွင် စာရေးသူက သူ တာဝန်ယူ ထမ်းဆောင်ခဲ့စဉ်က ကြုံတွေ့ခဲ့သည့် K-8W လေယာဉ်အကြောင်းကို အသေးစိတ် တင်ပြထားသည်။ စစ်တပ်သည် FTC-2000G အမောင်းသင် လေယာဉ်၊ ရုရှားနိုင်ငံထုတ် SU-30s လေယာဉ်မှသည် ပါကစ္စတန်နိုင်ငံထုတ် JF-17s လေယာဉ်အထိ လေယာဉ်အမျိုးအစား အမျိုးမျိုးရှိသော်လည်း လေတပ်တွင် အများဆုံးရှိသည့် လေယာဉ်အမျိုးအစားမှာ ထိုင်ခုံ (၂) လုံးပါ K-8 လေယာဉ်ကို အဆင့်မြှင့်တင်ထားသည် K8-W လေယာဉ်ဖြစ်သည်။ စစ်တပ် သည် လေယာဉ်ဆီ ကုန်ကျမှုကို လျှော့ချနိုင်ရန်နှင့် အကုန်အကျ သက်သာပြီး ထိရောက်စေသည့် ဒရုန်းနှင့် ပါရာမော်တာ စက်တပ်လေထီးများကို ပိုမို အသုံး ပြုလာသော်လည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးရာ တွင် K-8W နှင့် Y-12 ကို အသုံးပြုနေဆဲဖြစ်သည်။ စာရေးသူသည် K-8W ၏ လုပ်ဆောင်ချက်များနှင့် နည်းပညာပိုင်းဆိုင်ရာများအကြောင်းကို ဖော်ပြထား ပြီး လေတပ်စစ်သားများ လေယာဉ်ဆီမှ အကျိုးအမြတ်ရရှိနေမှုအကြောင်းကို လည်း ဖော်ထုတ်ထားသည်။ စစ်လေယာဉ်များသည်  များသောအားဖြင့် ဗုံးကြဲ ခြင်းမပြုမီ ပထမအကြိမ် ပစ်မှတ်ကို တစ်ပတ်ပတ်ကြည့်ပြီး နောက်တစ်ကြိမ် ပတ်သည့်အခါမှသာလျှင် ကြဲချခြင်းဖြစ်သည့်အတွက်ကြောင့် ပြည်သူများ အနေဖြင့် လေယာဉ်သံကြားလိုက်ရပါက ဝင်ရောက်ခိုလှုံနိုင်ရန် ခိုလှုံရာနေရာ တစ်ခုခု ရှာဖွေချိန်ရနိုင်ကြောင်း စာရေးသူက အသိပေးတင်ပြထားပါသည်။

မော်ကွန်း ရေးသားသည့် “မြန်မာစစ်တပ်၏ အမြောက်တပ်ဖွဲ့အင်္ဂါရပ်များ နှင့် လက်ရှိကြုံတွေ့နေရသော ပြဿနာများ” ဆောင်းပါးသည်လည်း စစ် လက်နက်များအကြောင်း အကျယ်တဝင့်ဖော်ပြထားသည့် ဆောင်းပါးတစ်ပုဒ် ဖြစ်သည်။ စာရေးသူက စစ်တပ်တွင် အမြောက်တပ်သည် စစ်အောင်နိုင်ရေး အတွက် မည်မျှအ‌‌‌ရေးပါကြောင်းနှင့် လက်ရှိအချိန်တွင် စစ်တပ်အနေဖြင့် အမြောက်တပ်များ၏ တိုးတက်ရေးအပေါ် လျစ်လျူရှုထားဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ အမြောက်တပ်များတွင် တပ်သားသစ် မစုဆောင်းနိုင်မှု၊ စက်ကိရိယာများအား ထိန်းသိမ်းခြင်း အားနည်းလာမှုနှင့် စိတ်ဓာတ်ရေးရာ သိမ်ဖျင်းပြီး လေ့ကျင့်သား မပြည့်ဝသော တပ်သားများရှိနေသည်။ စာရေးသူ က စစ်ခေါင်းဆောင်များသည် ထိုကိစ္စများကို လျစ်လျူရှုထားပြီး သူတို့၏ ကိုယ်ကျိုးစီးပွားနှင့် ရာထူးတိုးရေးကိုသာ အာရုံစိုက်နေကြကြောင်း ထောက်ပြ ထားသည်။ ထို့အပြင် စာရေးသူ ရင်းနှီးကျွမ်းဝင်ခဲ့သော စစ်လက်နက်များ ဖြစ်သည့် ဟောင်ဝပ်ဇာ၊ စိန်ပြောင်း အစရှိသည့် အမြောက်များအကြောင်း ကိုလည်း အသေးစိတ်ရှင်းပြထားသည်။ ထိုအသေးစိတ်တင်ပြချက်များသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး စာရေးသူ၏ စစ်တပ်အပေါ် စိတ်ပျက်လာမှု နှင့် စစ်အာဏာသိမ်းမှုတော်လှန်ရေးအပေါ် တစ်တပ်တစ်အား အားဖြည့်လိုမှု များကို ထင်ဟပ်ပေါ်လွင်စေသည်။

ဤစာစောင်တွင် ပါဝင်သည့် နောက်ဆုံးဆောင်းပါးမှာ မစုသစ်၏ ဆောင်းပါးဖြစ်သည်။ မစုသစ်သည် ဘက်ပြောင်းခိုလှုံလာသည့် စစ်သားများ အဖွဲ့နှင့် စီဒီအမ်စစ်သားအဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် နေသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ “အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ရန် ဆုံးဖြတ်ချက်ချခြင်းနှင့် မိသားစု၏ အရေးပါမှု” ဆောင်းပါးတွင် မစုသစ်က စီဒီအမ်စစ်သားတစ်ဦး၏ ဇနီးသည်တစ်ယောက် အနေဖြင့် ကိုယ်တွေ့အတွေ့အကြုံများနှင့် စစ်တပ်မှ ထွက်ခွာလိုသော စစ်သား များအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ရောယှက်တင်ပြထား သည်။ စာရေးသူသည် စစ်သားများအနေဖြင့် ဂုဏ်သိက္ခာ၊ ဝင်ငွေနှင့် ဘဝ အဓိပ္ပာယ် ဆုံးရှုံးရခြင်းသည် မည်မျှထိတ်လန့်ရသည်ကို သိရှိထားသောကြောင့် အသက်မွေးဝမ်းကျောင်းနှင့် လုံခြုံရေးဆိုင်ရာ အရေးကိစ္စများတွင် အချိန်ပေး ကာ ဆောင်ရွက်နေသည်။ မစုသစ်နှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့က “ကျွန်မတို့ အခုလို စီဒီအမ်လုပ်ပြီး ပြည်သူနဲ့အတူ ရပ်တည်နိုင်ခဲ့တာဟာ ကျွန်မတို့ရဲ့ မိဘနဲ့ မိသားစုတွေရဲ့ ခွန်အားကြောင့်ဖြစ်ပါတယ်” ဟု ဆိုထားသည်။ ဤ စာစောင်၏ နောက်ဆုံးဆောင်းပါးဖြစ်သည့် မစုသစ်၏ ဤဆောင်းပါး နိဂုံးပိုင်း တွင် စစ်သားတစ်ယောက်အနေဖြင့် စစ်တပ်ထဲတွင် နေမည်လား၊ ထွက်မည် လား ဆိုသည့် ဆုံးဖြတ်ချက်သည် အဆိုပါ စစ်သားမိသားစု၏ ဆုံးဖြတ်ချက် ပေါ်တွင် မူတည်နေကြောင်းကို သူမ သိရှိထားသည့် စီဒီအမ်စစ်သားမိသားစု (၆) စု၏ ဇာတ်ကြောင်းများဖြင့် သာဓကပြတင်ပြထားသည်။

ကျေးဇူးတင်လွှာ

လွန်ခဲ့သည့် သုံးနှစ်တာကာလ ဤစာစောင်အား ကျွန်တော်နှင့် အယ်ဒီတာ အဖွဲ့မှ အခက်အခဲများကြားက တည်းဖြတ်နေစဉ်ကာလအတွင်း စီဒီအမ် စစ်သား စာရေးသူများနှင့် ဆက်သွယ်ကူညီပေးကာ စာစောင်ဖြစ်မြောက်ရေး ကူညီပေးခဲ့ပါသော မစုသစ်ကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ကိုဗစ်ရောဂါ ကပ်ဆိုး အဖျားခတ်မှု၊ ဖြစ်ပွားနေဆဲ စစ်တပ်၏ ဆိုးရွားသည့် ရက်စက်ယုတ်မာ မှုများနှင့် ၂၀၂၅ စစ်ကိုင်းငလျင်ကြီးတို့ကြောင့် စာစောင် ထုတ်ဝေမှု နှောင့်‌နှေး နေခဲ့ရသည်။ ဂျာနယ်အယ်ဒီတာအဖွဲ့၏ ကူညီအားထုတ်မှုမပါဘဲ ဤစာစောင် သည် စာဖတ်သူများ လက်ဝယ် ရောက်ရှိ မလာနိုင်ပါ။ အားလုံးကို ကျေးဇူးတင် ရှိပါသည်။

အဆုံးမှတ်စုများ

1 အရပ်သားသေဆုံးမှုများနှင့် တိုက်ပွဲများအကြောင်းကို လွတ်လပ်ပြီး ဘက်မလိုက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ နေ့စဉ်ထုတ်ပြန်ချက်များတွင် ကြည့်ရှုနိုင်ပါသည်။ (ဉာဏ်လင်းသစ် သုတေသနအဖွဲ့၊ ၂၀၂၅)
2 ဤအထူးထုတ်စာစဉ်တွင် ကျွန်တော်အပါအဝင် ပါဝင်ရေးသားသူများအားလုံးနီးပါးသည် မြန်မာစစ်တပ် အား ညွှန်းဆိုသည့်အခါ မကြာခဏဆိုသလို “စစ်တပ်” ဟု အသုံးပြုထားပါသည်။ အကြောင်းမှာ ‘စစ်တပ်’ ဆိုသည့် ဝေါဟာရသည် ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင်က အသုံးတွင်ကျယ်သည့် ‘တပ်မတော်’ ဆိုသည့် ဝေါဟာရထက် ပိုပြီး သင့်လျော်မှုရှိသောကြောင့် ဖြစ်ပါသည်။ တပ်မတော်ဆိုသည့် ဝေါဟာရတွင် ‘တော်’ ဆိုသည်မှာ ထီးသုံးနန်းသုံးဆန်ပြီး ဘုရင့်အာဏာနှင့် ရိုသေမှုဟူသည့် သဘောသက်‌ရောက်မှုမျိုး ရှိနိုင်သောကြောင့် ထိုဝေါဟာရ သည် မြန်မာစစ်တပ်နှင့် အပ်စပ်မှု မရှိလှပေ။
3 ACLED, 2025.
4 Su Mon, 2025.
5 DVB Data Team, 2025.
6 Abuza & Nyein Nyein Thant Aung, 2025.
7 What’s Happening in Myanmar, 2025.

ကိုးကားချက်များ

Abuza, Z., Nyein Nyein Thant Aung. (2025, March 4). Too Little, Too Late: China Steps Up Military Aid to Myanmar’s Junta [Issue brief]. Stimson. https://www.stimson.org/2025/too-little-too-late-china-steps-up-military-aid-to-myanmars-junta/

ACLED. (2025, January 31). Four years after the 2021 coup in Myanmar, violence against civilians is still increasing. ACLED. https://acleddata.com/2025/01/31/four-years-after-the-2021-coup-in-myanmar-violence-against-civilians-is-still-increasing/

DVB Data Team. (2025, April 25). The Regime’s Air and Artillery Strikes Across the Country.  Democratic Voice of Burma. https://english.dvb.no/wp-content/uploads/2025/04/Air-strike-p1-eng-1-scaled.jpg

Kyed, H. M. (2022). Introduction to the Special Issue: Soldier Defections Since the 2021 Military Coup. Independent Journal of Burmese Scholarship, 1. https://ijbs.online/?page_id=3616

Nyan Lynn Thit Analytica. (2025). Facebook. https://www.facebook.com/nyanlynnthitanalytica/

Su Mon. (2025, April 24). Q&A: Will the ceasefires after the earthquake bring peace to Myanmar? ACLED. https://acleddata.com/2025/04/24/qa-will-the-ceasefires-after-the-earthquake-bring-peace-to-myanmar/

What’s Happening in Myanmar. (2025, April 24). Return to Lashio. Frontier Myanmar. https://whimyanmar.com/return-to-lashio