လက်နက်ကိုင်ရဲမေတစ်ယောက်၏ တောတွင်းအတွေ့အကြုံ

နှင်းဝေ | Click here to read this article in English.

Cite as: 
နှင်းဝေ၊ (၂၀၂၃)၊ လက်နက်ကိုင်ရဲမေတစ်ယောက်၏ တောတွင်းအတွေ့အကြုံ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၂)။ https://ijbs.online/?page_id=4969


အကျဉ်းချုပ်

ဤဆောင်းပါးတွင် လူငယ်ဖမ်မနစ်ကျောင်းသူတစ်ဦးအနေနဲ့ ၂၀၂၁ ခုနှစ် စစ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့ရာတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ရုန်းကန်မှုတွေနဲ့ အတားအဆီးတွေကို ပြန်ပြောပြ ထားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုမှာ အသက်အငယ်ဆုံး အရာရှိတစ်ဦးဖြစ်ပြီး အမျိုးသမီးတစ်ဦးဖြစ်ခြင်းကြောင့် အခုလို အမျိုးသား ကြီးစိုးတဲ့ အဖွဲ့အစည်းအတွင်း မိန်းမနှိမ်မှုနဲ့ ဖိုပဓာနပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စရပ်များကို ရှင်းပြထားပါတယ်။ နောက်ပြီး တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အမှန်တကယ် ကြုံတွေ့နေရတာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူပြောများရေပန်းစားနေ တဲ့ ဇာတ်ကြောင်းတွေကို မေးခွန်းထုတ်ထားပါတယ်။

~

၂၀၂၃ ခုနှစ်တုန်းက တစ်ရက် ကျွန်မ စစ်တန်လျားမှာ ရှိနေတုန်း ကြားလိုက် မိတာတစ်ခုက မြန်မာစစ်တပ်ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး မှာ အမျိုးသမီးတွေက ခေါင်းဆောင်နေရာတွေကနေ ပါဝင်နေတယ်လို့ ယူဆ ရတဲ့အကြောင်း ဖြစ်ပါတယ်။ နောက်ပြီး တော်လှန်‌ရေးအခင်းအကျင်းရဲ့ ကဏ္ဍ စုံမှာ အမျိုးသမီးတွေက ခေါင်းဆောင်အနေနဲ့ (၇၀ – ၈၀) ရာခိုင်နှုန်းလောက် ပါဝင်နေတယ်ဆိုတဲ့ အကြောင်းကိုလည်း ဖတ်လိုက်ရပါသေးတယ်။ ဒီတော်လှန်ရေးမှာ မြန်မာအမျိုးသမီးတွေဟာ ခေတ်အဆက်ဆက် ဒုတိယလိင် အဖြစ်၊ ပြုလုပ်ခံလိင်အဖြစ် ဆက်ဆံခံရမှုနှင့် အမျိုးသားဦးဆောင်မှု‌ရဲ့ နောက်လိုက်တွေအဖြစ် သတ်မှတ်ချက်နှုန်းထားတွေကိုပါ တစ်ပါတည်း တော်လှန်နေကြရပါတယ်။ အမျိုးသားတွေကပဲ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး‌ စတာတွေကို လုပ်နိုင်တယ်ဆိုတဲ့ လူမှုစံနှုန်းဘောင်ခတ်မှုကို ချိုးဖျက်နိုင်သွား ပြီလားဆိုပြီး အားတက်စရာပါပဲ။ ဒါပေမဲ့ ပညာရပ်ဆိုင်ရာ ရေးသားမှုတွေ၊ ဆွေးနွေးပွဲတွေမှာ ပြောဆိုဆွေးနွေးတာတွေဟာ မြေပြင်ပေါ်မှာ တစ်ထေရာ တည်း ဖြစ်နေရဲ့လား၊ နှစ်ပေါင်းများစွာ အရိုးစွဲ၊ ခေါက်ရိုးကျိုးနေတဲ့ အမြင်တွေ ဟာ ဒီတော်လှန်ရေးကာလအတွင်းမှာ အကုန်ပြောင်းလဲသွားနိုင်ရဲ့လား။ ဒီ မေးခွန်းတွေရဲ့ အဖြေတွေကို ဒီဆောင်းပါးမှာ ကြိုးစားဖြေကြားသွားပါ့မယ်။

နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးတွေအကြောင်းမ‌ပြောခင် ကျွန်မ ကိုယ့် အကြောင်းကို မိတ်ဆက်ဖို့ လိုပါလိမ့်မယ်။ ကျွန်မက ငယ်ငယ်ကတည်းက စာ‌ပေနဲ့ထိတွေ့ဖို့ အခွင့်အလမ်းရှိတဲ့၊ ကောင်းမွန်တဲ့ ခေတ်ပညာရေးကို ရနိုင် တဲ့၊ နေရေးစားရေးကို စိတ်ပူစရာမလိုအပ်တဲ့ လူတန်းစားက လာပါတယ်။ အဲဒါ‌‌ကြောင့် ဆယ်ကျော်သက်အရွယ်လောက်မှာတင် ဖိနှိပ်မှု၊ မိန်းမနှိမ်မှု၊ ဖမ်မနင်ဇင် စတာတွေကို တတိယလူရဲ့ ရှုထောင့်အမြင်ကနေ အပူအပင်မရှိဘဲ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့်ရတဲ့ အခွင့်ထူးမျိုးတွေရပါတယ်။ အသိုင်း အဝိုင်းနဲ့ ပတ်ဝန်းကျင်အရ ကျွန်မရဲ့ ဖြစ်တည်မှုနဲ့ စွမ်းဆောင်ရည်ကို အမြဲ တစေ မေးခွန်းထုတ်တဲ့ အခြေအနေမျိုး မဟုတ်ပေမဲ့ ထုတ်လာတဲ့အခါကျရင် လည်း ဘယ်အရာကိုမှ ထည့်စဉ်းစားစရာမလိုဘဲ တုံ့ပြန် ပြောဆိုနိုင်ပါတယ်။ ကျွန်မရဲ့ သူငယ်ချင်း၊ ပေါင်းသင်းဆက်ဆံရေးအသိုင်းအဝိုင်းမှာဆိုရင် အတွေး အမြင် ယူဆချက်တွေကို ‘ကျား’ ဖြစ်မှု၊ ‘မ’ ဖြစ်မှုဆိုတာတွေနဲ့ ကာရံထားတာ မရှိဘူး။ လွတ်လပ်မှုနဲ့ လူသားဖြစ်တည်မှုအပေါ် အခြေခံပြီးပဲ တွေးခေါ်ယူဆ ကြတယ်။ ဆိုတော့ အိုင်ဒီယော်လော်ဂျီအရ ပွတ်တိုက်မှုနည်းပါးလွန်းလှတဲ့ ကိုယ်ပိုင်အသိုက်အဝန်းမှာ ရှင်သန်ဖြတ်သန်းခဲ့တာပဲ။ ၂၀၂၁ နှစ်ကုန်ပိုင်း လောက်က ကျွန်မ လွတ်မြောက်နယ်မြေထဲသွားပြီး အခြေခံစစ်ပညာ သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ တောခိုလိုက်တဲ့အခါမှာတော့ ကျွန်မရဲ့ ဘဝက အသစ်တစ်ခုလို ပြန်စပါတော့တယ်။ ငါက မိန်းမဆိုပြီး မလုံမခြုံ၊ ‌ကြောက်ရွံ့တဲ့စိတ် တစိုးတစိမှမရှိဘဲ ပုံမှန် လုံခြုံနွေးထွေး စိတ်ချရတဲ့ ရပ်ဝန်း ကို ကျောခိုင်းပြီး ထွက်လာရတယ်။ ဒါပေမဲ့ တစ်နှစ်ကျော်ြကာပြီးတဲ့အခါမှာ တော့ အရာအားလုံးက ဇောက်ထိုးမိုးမျှော်ပါပဲ။

ပထမဆုံး စတင်ရင်ဆိုင်ကြုံတွေ့ရတာကတော့ အသက်ငယ်ငယ်နုနယ် တဲ့ မိန်းကလေးဖြစ်တာကြောင့် ကာကွယ်စောင့်ရှောက်ပေးချင်သူတွေ သိပ်များလှတာပါပဲ။ ကျွန်မတို့သွားမယ့်နေရာကို တစ်ဆင့်ထဲနဲ့ မရောက်ပါဘူး။ ကားတစ်တန်၊ ဆိုင်ကယ်တစ်တန်၊ ခြေလျင်တစ်တန်နဲ့ အဆင့်ဆင့်သွားရ တယ်။ ကျွန်မတို့ ပထမဆုံးနားတဲ့နေရာကိုရောက်တော့ နေဖို့၊ နားဖို့ အဆောင် တွေ စဆောက်ရပါတယ်။ အဲဒီမှာ ကျွန်မတို့ မိန်းကလေးတွေအတွက် တစ်ခု တည်းသော လုပ်စရာအလုပ်က ပေါင်းသင်၊ မြက်နုတ်ပါပဲ။ အများစုက အလုပ်ကြမ်းမလုပ်ဖူးတဲ့ ကျောင်းသားအရွယ်၊ လူငယ်တွေပဲဖြစ်တာကြောင့် အလုပ်ပြီးမြောက်မှုအားက နည်းပေမယ့် သေချာတာတစ်ခုကတော့ အလုပ်ဖြစ်အောင်လုပ်ချင်တဲ့ စိတ်ဓာတ်တွေအများကြီးပါပဲ။ ကျွန်မအနေနဲ့ ဆောက်လုပ်ရေးမှာ ပါဝင်ချင်တယ်။ အဆောင်ဆောက်ဖို့ လိုအပ်တဲ့ ဝါး အရေအတွက်နဲ့ ဝါးအမျိုးအစားတွေကို တွက်ချက်ချင်တယ်။ ရေချိန်တိုင်းချင် တယ်။ တဲဘွတ် (ကြမ်းခင်း) ပေါက်တယ်ဆိုတာ ဘာလဲဆိုပြီး သေချာသိချင် တယ်။ ဒါပေမဲ့ ကျွန်မတို့လုပ်ရတာဟာ ခြုံတွေရှင်းရတာပါပဲ။

နောက်တစ်နေရာကိုသွားဖို့အတွက် ကျွန်မတို့ လမ်းလျှောက်ရပါတယ်။ မနက် (၇) နာရီကနေ ည (၈) နာရီခွဲအထိ လျှောက်ရတဲ့ ခရီးကြမ်းပါ။ တောင် တွေ တက်ရတယ်၊ ခါးတစ်ဝက်ရှိတဲ့ ချောင်းတွေဖြတ်ရတယ်။ မိုးရာသီ နှောင်း ပိုင်းမို့ ကောင်းကင်ဟာ ညို့ညို့မှိုင်းမှိုင်း၊ အပင်တွေက စိမ်းစိမ်းရင့်ရင့်၊ မျက်စိ တစ်ဆုံးမြင်နေရတဲ့ တောင်တန်းတွေနဲ့ တောင်တွေကို ပတ်လည်ဝိုင်းနေတဲ့ မြူခိုးတွေ။ ခြေလျင်ခရီး သုံးနာရီလောက်ရှိတဲ့အခါ ကျောပေါ်က လွယ်အိတ်က သိသိသိသာသာ ဖိစီးမှုဖြစ်လာပါတယ်။ မိုးတွေစိုနေတဲ့ တောင်သားမြေကို ခြေကုတ်အားထည့်ပြီး တက်ရင်းတက်ရင်း ခြေသလုံးကြွက်သားတွေက သိသိ သာသာ တင်းရင်းညောင်းကိုက်လာတယ်။ မျက်စိတစ်ဆုံးဆိုရင် ပြီးပြီထင်တဲ့ တောင်အတက်လမ်းတွေက တစ်ဘဝစာ ရှည်တယ်။ တောင်အဆင်း လမ်းတွေ ဆို ဖင်တရွတ်တိုက် လျှောချရတယ်။ ကျွန်မကျောပေါ်က လွယ်အိတ်ကို ကူသယ်ပေးဖို့ ကမ်းလှမ်းချက်တွေက ခပ်များများပဲ။ နောက်ဆုံး မလိုအပ် ကြောင်း အော်ထုတ်ပြီး ငြင်းဆိုရတဲ့အထိပါ။ ကျွန်မတို့ တောခိုတဲ့ အမျိုးသမီး တွေ ပုံဖော်ခံရတာဟာ ယောက်ျားလေးတွေတောင် ရွေးချယ်ဖို့ ခက်ခဲတဲ့လမ်း ကို ရွေးခဲ့တဲ့ လေးစားဖွယ်၊ သနားဖွယ် နုနယ်ငယ်ရွယ်တဲ့ မိန်းကလေးတွေ အဖြစ်ပါပဲ။ အတူတူရုန်းကန်ဖို့ လာခဲ့တာဖြစ်ပေမယ့် အမျိုးသားတွေက ကျွန်မ တို့ထက် သန်မာဖို့၊ ကျွန်မတို့ကို ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ သူတို့ကိုယ်သူ တို့ ခံယူကြပါတယ်။ လူ့ဘောင်အသိုင်းအဝိုင်းက သတ်မှတ်တဲ့ အမျိုးသားတွေ ဟာ ပါဝါအားဖြင့် ပိုကြီးမားတယ်၊ တစ်ဆင့်မြင့်တယ်၊ ကိုယ့်ထက်နိမ့်တဲ့ (မိန်းမ တွေ) ကို ကူညီကာကွယ်ရမယ်ဆိုတဲ့ အတွေးတွေ စိမ့်ဝင်နေတာပါပဲ။ ဒါပေမဲ့ အဲဒီဟာကို ထောက်ပြဖို့က ခက်ခဲပါလိမ့်မယ်။ ကိုယ့်ညီမ၊ ကိုယ့်အစ်မဆိုတဲ့ စိတ်မျိုးနဲ့ ကူညီတာဖြစ်ကြောင်း၊ အိမ်နဲ့ ဝေးလာတဲ့သူ အချင်းချင်း အားနည်း တဲ့သူကို ကူညီတယ်၊ စေတနာနဲ့ပါ၊ ခရီးမတွင်၊ အလုပ်မတွင်မှာ စိုးလို့ပါ ဆိုတဲ့ ယဉ်ကျေးမှု၊ လူ့ဘောင်အဖွဲ့အစည်းက လူကောင်းလို့ သတ်မှတ်တဲ့ အချက်တွေ နဲ့ ကိုင်ပေါက်ဦးမှာပါပဲ။ အဲဒီလို လွယ်ကူရိုးရှင်းတဲ့ တရားသေ သတ်မှတ်ချက် အောက်မှာ အမျိုးသားတွေရဲ့ မစားရဝခမန်း အကြည့်တွေ၊ မလိုအပ်တဲ့ အကူ အညီ ပေးချင်မှုတွေကြောင့် ဖြစ်ရတဲ့ စိတ်အနှောင့်အယှက်၊ ကျဉ်းကျပ်မှုတွေ ဟာ သာမန်လူသားအဖြစ်ကနေ လျှော့ချခံ ရသလို ခံစားရပါတယ်။

မိန်းကလေးတွေဟာ အားနည်းတယ်၊ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်တဲ့ လမ်း ချင်းတူတာတောင် ပိုပြီးသနားဖို့ကောင်းတဲ့ လူသတ္တဝါအဖြစ် ဆက်ဆံခံရတဲ့ အခါမှာ လိုအပ်တာထက်ပိုတဲ့ အားအင်စိုက်ထုတ်မှုတွေကို လုပ်ရပါတယ်။ အခြေခံသင်တန်း မစခင် တည်ဆောက်ရေးတွေ လုပ်ရတဲ့အချိန် တစ်ရက် တော့ အလုပ်ခွင်မှာ ကျွန်မအပါအဝင် အမျိုးသမီး (၂) ဦးနဲ့ အမျိုးသား (၅) ဦး တစ်ဖွဲ့တည်းအတူ အလုပ်လုပ်ရပါတယ်။ အလုပ်ကတော့ ‌မြောင်ကို လမ်း ဖောက်ပြီးရှင်းရတာပါ။ မနက် (၇) နာရီခွဲကစပြီး (၁၀) နာရီခွဲအထိ ကျွန်မတို့ ဘာမှ လုပ်ခွင့်မရပါဘူး။ လမ်းပိတ်နေတာကို ဖယ်ဖို့ ဝါးတွေကို ဆွဲတော့မယ် ဆိုရင် “ညီမလေး၊ မလုပ်နဲ့၊ လက်ရှမယ်၊ အစ်ကိုတို့ လုပ်လိုက်မယ်” ပြောပြီး သူတို့ပဲလုပ်သွားတယ်။ လမ်းကြောင်းရှင်းဖို့တိုင်ပင်တဲ့အခါမှာလည်း ကျွန်မရဲ့ အကြံပေးချက်နဲ့ အမြင်တွေဟာ “ညီမလေး၊ ဒီဘက်အထိမလိုက်လာနဲ့၊ ရေနက်တယ်” ဆိုတဲ့ တားမြစ်သံတွေကို မကျော်လွှားနိုင်ပါဘူး။ မနက်တစ်ပိုင်း လုံး အလုပ်ခွင်မှာ အလုပ်မလုပ်ဘဲ ထိုင်နေရတာကို ကျွန်မသဘောမကျပါဘူး။ အလုပ်လုပ်ဖို့ ကျွန်မလာခဲ့တာ၊ ဘယ်လောက်ကြမ်းတမ်းပါစေဖြတ်သန်းဖို့ လာခဲ့တာပါ။ ပေါ်ကြော့နေဖို့အတွက် မဟုတ်ပါဘူး။ အဲဒါနဲ့ နေ့လယ် အလုပ် ချိန်ပြန်စတော့လည်း ဒီအချိုးအတိုင်းပါပဲ။ ကျွန်မတို့ကို လက်တိုလက်တောင်း အနေနဲ့ ဆေးလိပ်သွားယူခိုင်းတာ၊ မီးခြစ်ကိုင်ထားခိုင်းတာပဲ လုပ်စေပါတယ်။ အဲဒီမှာ ကျွန်မ သည်းမခံနိုင်တော့ပါဘူး။ ‌ဒူးအောက်လောက်ရှိတဲ့ ရေတွေကို ဗြောင်းဗြောင်းမြည်အောင် လျှောက်ပြီး သူတို့ဆွဲနေတဲ့ ဝါးပုံတွေဆီကို သွားပါ တယ်။ အဲဒီထဲကမှ အကြီးဆုံးတစ်ခုကို အားနဲ့မာန်နဲ့ဆွဲယူပြီး ဘေးနားက မြေမြင့်အလွတ်ပေါ်ကို ဗြောင်းခနဲ မြည်အောင် မြှောက်ပြီး ပစ်တင်လိုက်ပါ တယ်။ အဲဒီမှာ အမျိုးသား (၅) ယောက်က အလန့်တကြားနဲ့ တားပါတော့ တယ်။ ကျွန်မက မကြားဟန်ဆောင်ကာ နောက်အမျိုးသမီးတစ်ယောက်ကို ခေါ်ပြီး လုပ်စရာရှိတာကို ဆက်လုပ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မလက်ကို ဆွဲပြီးတားဖို့ အမျိုးသားတစ်ယောက်က လုပ်လာတဲ့အခါ “ကျွန်မတို့ ဒီကို အလုပ်မလုပ်ဘဲ ထိုင်နေဖို့လာတာ မဟုတ်ဘူး” လို့ မာမာထန်ထန်ပြောဆိုရင်း ကျွန်မနဲ့ နောက်အမျိုးသမီးတစ်ဦးဟာ အလုပ်ဆက်လုပ်နေပါတယ်။ လုပ်တဲ့ အခါမှာ အမျိုးသားတွေ အားထုတ်တာထက် ကျွန်မတို့ ပိုအားထုတ်ရပါတယ်။ “ညီမလေး၊ မနိုင်ဘူးလား၊ အစ်ကိုလုပ်လိုက်မယ်” “ညီမလေး၊ ထားလိုက်” ဆိုတဲ့ မလိုအပ်တဲ့ စကားတွေကို မကြားချင်လို့ ကျွန်မတို့ဟာ အမျိုးသားတွေ သတ်မှတ်ယူဆထားတာထက် ပိုသန်မာကြောင်းကို အမျိုးသားတွေကို ပြန်ပြီး သက်သေပြနေရပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေနဲ့ အလားတူတွေ အများကြီးပါပဲ။ ဆောက်တဲ့ အဆောင်ရဲ့ ခေါင်တိုင်ကို မိန်းမတွေ တက်တာဟာ ဘုန်းကံနိမ့်တယ်၊ အရမ်း မြင့်လို့ မိန်းကလေးတွေအနေနဲ့ မတက်နိုင်ဘူးလို့ တားတဲ့ကြားက အဲဒီ ခေါင်တိုင်ကို မရမကတက်ပြီး ကြိုးတက်ချည်၊ ခေါင်မိုးမိုးတာတွေ၊ “နင်တို့ မိန်းမတွေဟာ အခံဘက်ကပဲ နေရမယ့်လူတွေပဲ” လို့ ရယ်ရွှန်းပတ်ရွှန်းပြောတဲ့ သင်တန်းဆရာတွေကြားမှာ လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း အံကြိတ်ရတာ တွေ၊ အမျိုးသားတွေ ခံနိုင်ရည် မရှိတော့တဲ့ အချိန်အထိ နံပါတ်စဉ်ကို အသံတွေ ပြာအောင်ရေရင်း ဒိုက်ထိုးနေတဲ့ အမျိုးသမီးတွေ အများကြီးပါပဲ။ လူ တစ်ယောက်ရဲ့ ကြိုးစားနိုင်စွမ်းဆိုတာထက် သူတို့ သတ်မှတ်တဲ့ အားပျော့တဲ့ မိန်းမဆိုတဲ့ ခေါင်းစဉ်အောက် မရောက်သွားအောင်၊ အထင်သေးမခံရအောင်၊ တစ်ခုခုဆုံးဖြတ်တဲ့အခါ ပျော့ဖတ်တဲ့ မိန်းမတွေဆိုပြီး အဖွဲ့အစည်းက မရွေး ချယ်တာမျိုး မဖြစ်အောင် အလူးအလဲကြိုးပမ်းရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ရတာကတော့ “ဟိုကောင်တွေ၊ မိန်းမတွေတောင် မင်းတို့ထက် လုပ်နိုင်တယ်” ဆိုတဲ့ ယောက်ျားတွေကိုပဲ စံတန်ဖိုးအဖြစ်သတ်မှတ်ထားမှုနဲ့ ယှဉ်ထိုးခံရတာပါ ပဲ။

ဒါဟာ ကျွန်မအနေနဲ့ အခြားသော သင်တန်းသားအမျိုးသားတွေနဲ့ ရင်ပေါင်တန်း၊ သူတို့လုပ်သမျှအရာ အားလုံးကို တန်းတူညီမျှလုပ်နေတဲ့ အနေ အထားပဲ ရှိပါသေးတယ်။ အသက်ငယ်ငယ်ကျောင်းသူအမျိုးသမီးက သူတို့ အပေါ် လွှမ်းမိုးအုပ်ချုပ်ရတဲ့ အခြေအနေမျိုးဆိုရင် ဘယ်လိုဖြစ်နိုင်ခြေရှိမယ် ထင်လဲ။ စိတ်ဝင်စားစရာပဲမလား။

အခြေခံသင်တန်းပြီးပြီး နောက်တစ်လအကြာမှာ ကျွန်မ တပ်စိတ် ခေါင်းဆောင်ဖြစ်လာပါတယ်။ ရဲဘော်ဘဝကနေ တာဝန်ပြောင်းသွားတာပါ။ ကျွန်မတပ်စိတ်မှာ အသက် (၂၅) နှစ်ကနေ အသက် (၄၀) အထိရှိတဲ့ အမျိုးသား (၇) ယောက်ပါပါတယ်။ အမျိုးသား (၇) ယောက်မှာ (၄) ယောက်က သင်တန်း သားဘဝ၊ ခေါင်းဆောင် နေရာအသီးသီးမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်၊ တပ်စုမှူး၊ တပ်စိတ်မှူး စတာတွေပါ။ တပ်စိတ် အစည်းအဝေး တွေမှာ ကျွန်မဆုံးဖြတ်ချက်၊ သဘောထားတွေကို ဖော်ပြပြောဆိုတဲ့အခါ အဲဒီ အမျိုးသားတွေကို ကျော်အောင်ပြောရပါတယ်။ သင်တန်းကာလကတည်းက အသက် (၂၀) အရွယ် ဖြူဖြူဖတ်ဖတ် ရဲဘော်ကောင်မလေးတစ်ယောက်ဟာ သူတို့ကို တာဝန်ပေးနေတယ်၊ သူတို့ရဲ့ တပ်စိတ်မှူးအဖြစ် အလေးပြုရတယ် ဆိုတာက သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ သူတို့ရဲ့ ညီမငယ် လေးအဖြစ်ပဲမြင်ပြီး ကျွန်မတာဝန်ကို မမြင်ကြပါဘူး။ အစည်းအဝေးတွေကို ခွင့်မဲ့ပျက်ကွက်တယ်၊ တာဝန်တွေကို ပြီးဆုံးအောင်မလုပ်ဘူး၊ သတင်းပို့စရာ ရှိတာတွေမပို့ဘူး၊ နောက် ကျွန်မကိုကျော်ပြီး အမိန့်ပေးတာမျိုး၊ ကျွန်မရဲ့ အထက်က ပိုတာဝန်ရှိသူ အမျိုးသားကိုပဲ တိုက်ရိုက်ဆက်သွယ်တာမျိုးတွေ အထိ လုပ်တယ်။

ကျွန်မ ဘေးကျပ်နံကျပ်ဖြစ်ရလောက်အောင်အထိ အကဲစမ်းမှုမျိုးတွေ လုပ်ပါတယ်။ တစ်ရက် ကျွန်မ တပ်စိတ်ထဲကတစ်ယောက်ကို ဒီနေ့ သူ့တာဝန်၊ လုပ်စရာရှိတာတွေကို နေ့လယ် (၂) နာရီအပြီးလုပ်ထားဖို့ မှာပြီး ကျွန်မ လုပ်စရာရှိတဲ့ အခြားအလုပ်တွေကို လုပ်နေပါတယ်။ အချိန်ရောက်လို့ သွားကြည့်လိုက်တဲ့အခါမှာ သူက အလုပ်မပြီးထားတဲ့အပြင် မူးပါမူးနေပါသေး တယ်။ ကျွန်မက မေးလိုက်တဲ့အခါ “မလုပ်ချင်လို့ မလုပ်တာ” ဆိုပြီး မထီမဲ့မြင် အသံမျိုးနဲ့ ပြောပါတယ်။ သူ့ရဲ့အနားမှာ အခြားသောရဲဘော်တွေ၊ အခြားသော တပ်စိတ်ခေါင်းဆောင်တွေလည်း ရှိနေပါတယ်။ အကုန် အမျိုးသားတွေချည်းပါ ပဲ။ သေချာ မှာထားရက်နဲ့ အလုပ်ကို မလုပ်တာ တစ်ကြောင်း၊ အခွင့်မရှိဘဲ အရက်သောက်ထားတာက တစ်ကြောင်းကြောင့် ကျွန်မ အတော်စိတ်တိုသွား ပါတယ်။ လတ်တလော ချက်ချင်းဖြေရှင်းလို့ရမှာ မဟုတ်တဲ့အတွက် ဒေါသကို ထိန်းရင်း လှည့်ထွက်သွားတဲ့အခါ “တပ်စိတ်မှူး စိတ်ကောက်သွားပြီ၊ မကောက်ပါနဲ့၊ ဟေ့၊ ချွတ် ချွတ်” ဆိုတဲ့ အသံသေးအသံကြောင်နဲ့အတူ ကြားလိုက်ရတာဟာ ယောက်ျားအုပ်စုလိုက်ကြီးရဲ့ ရယ်သံပါပဲ။ ကျွန်မဘဝမှာ ဒီလိုစော်ကားခံရတာ ပထမဆုံးပါပဲ။ လူရှင်းတဲ့ တစ်နေရာကို သွားပြီး ပြေးငိုရ တာပါပဲ။ နောက်တစ်နေ့အစည်းအဝေးကျမှ အဲဒီလိုအပြုအမူက ဘယ်လောက် မှားယွင်းကြောင်း၊ ဘယ်လောက်တောင် မဖြစ်သင့်ကြောင်းပြောရတယ်။ တာဝန်ပိုကြီးတဲ့သူရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ၊ အဖွဲ့အစည်းတစ်ခုဆိုတဲ့ သိမှုတွေက ကျွန်မရဲ့တုံ့ပြန်နိုင်မှုဘောင်ဟာ ကျဉ်းမြောင်းခဲ့ပါတယ်။

တပ်စိတ်ခေါင်းဆောင်ဖြစ်ရတဲ့ ရက်တွေမှာ ညတိုင်း စောင်ကို ခေါင်းအုပ် ပြီး အသံမထွက်အောင် ကြိတ်ငိုရပါတယ်။ ကျွန်မက တပ်စိတ်ခေါင်းဆောင် တာဝန်အပြင် အခြားသောတာဝန်တွေပါ တွဲယူထားရတဲ့အတွက် ထမင်းစားဖို့ ပါ မေ့ရလောက်အောင်အထိ အလုပ်များပါတယ်။ မနက် (၆) နာရီ ကတည်းက အလုပ်ထဲ နစ်နေတာ ညနက် (၂) နာရီလောက်မှ အဆောင်ပြန်ရောက်ပါတယ်။ ကျွန်မမှာ လူမှုဆက်ဆံရေးအတွက် အချိန်ကလည်း နည်းလာတဲ့အတွက် အခြားတပ်စိတ်က စစ်မေတွေနဲ့ ခရီးသွားဟန်လွှဲ ခဏနှုတ်ဆက်ရုံအပြင် မတွေ့ဖြစ်တော့ပါဘူး။ တစ်ရက် ကျွန်မ ညနေပိုင်းအလုပ်တွေဖျက်ပြီး အခြား စစ်မေတွေဆီကို အလည်သွားပါတယ်။ သူတို့အဆောင်အကွယ်လေးနား ရောက်တော့ စကားပြောနေကြတာကို ကြားလိုက်ပါတယ်။ “အလကား၊ သူက ခေါင်းဆောင်နေရာရောက်နေလို့ ဘဝင်မြင့်နေတာ၊ ရုပ်ကလေးသနားကမားနဲ့ အသားဖြူတာပဲရှိတာ၊ ဘာများဦးဆောင်နိုင်မှာမို့လို့လဲ” ဆိုတာပါပဲ။ သူတို့ ပြောနေတဲ့ ‘သူ’ ဆိုတာ ကျွန်မပါပဲ။ ခေါင်းငိုက်စိုက်ချရင်းနဲ့ပဲ ကျွန်မ အဆောင်ကို ပြန်ခဲ့တယ်။ အဲဒီညက ကျွန်မ ငိုမိပါတယ်။

တစ်ဖက်မှာ အလုပ်ကျုံးလုပ်ရင်း၊ ညဘက်တွေမှာ ခိုးငိုရင်း၊ အပတ်စဉ် အစီရင်ခံစာတွေမှာ ကျွန်မ တပ်စိတ်မှူး မလုပ်ချင်တော့ကြောင်း တင်ပြရင်းနဲ့ပဲ တပ်စုမှူးဖြစ်သွားပါတယ်။ အစောပိုင်း တပ်စုမှူး အစည်းအဝေးတွေမှာ လူ နှစ်မျိုးပဲရှိပါတယ်။ ကျွန်မရဲ့ အမြင်တွေကို လုံးဝနားမထောင်တဲ့သူတွေရယ်၊ ကျွန်မကို သဘောကျနှစ်သက်နီးစပ်ချင်လို့ နားထောင်ချင်ယောင်ဆောင်တဲ့သူ တွေရယ်ပါပဲ။ ကျွန်မရဲ့ စကား အရာရောက်ဖို့၊ နားထောင်ခြင်းခံရဖို့အတွက် ကျွန်မလေသံတွေ ပိုပြတ်သားရပါတယ်၊ မျက်နှာကြော ပိုမာရပါတယ်၊ ပိုပြီး ပြင်းထန် တိကျရပါတယ်။ အောက်ကရဲဘော်အချို့ဆီက တစ်စွန်းတစ်စ ကြား ရတဲ့ ကျွန်မနဲ့ အလုပ်လုပ်လို့ အဆင်မပြေရတဲ့ အကြောင်းအရင်းဟာ တစ်ခု တည်းရှိပါတယ်။ အမိန့်ပေးနေတာ မိန်းမဖြစ်နေလို့ပါတဲ့။ ဒီစကားက သူတို့ နှုတ်ကကို ထွက်လာတာပါ။ နောက်တစ်ခု တပ်စုမှူးဖြစ်တဲ့ ကျွန်မအနေနဲ့ လေးစားခံရမှုထက် အရများတာက အရက်ဝိုင်းတွေ၊ ဂစ်တာဝိုင်းတွေမှာ ချစ်ကြိုက်စရာ၊ တပ်မက်စရာ၊ ငမ်းကြောထစရာ အပြောခံရမှုတွေပါပဲ။ နေ့စဉ် ဘဝ၊ အလုပ်ခွင်တွေမှာ သေချာဦးဆောင်ပြရင်း၊ ပိုပြတ်သား၊ ပိုသတ္တိရှိပြရင်း နဲ့ပဲ တာဝန်ရှိတဲ့သူတစ်ယောက်ရဲ့ ပုံရိပ်ကို တဖြည်းဖြည်း တည်ဆောက်ရပါ တယ်။ ဒါပေမဲ့ ဘယ်လိုပဲ တည်ဆောက်ဆောက် အမြဲတမ်း အဆင်တပြေနဲ့ပဲ ပြီးမသွားဘဲ ဖိုပဓာနဝါဒနဲ့ ဖိုဝါဒီတွေကြားထဲမှာ ရုန်းကန်ရတာပါပဲ။

အလွတ်သဘော စကားဝိုင်းတွေ၊ ဂစ်တာဝိုင်းတွေနဲ့ အရက်ဝိုင်းတွေမှာ ဆိုရင် ကျွန်မအနေအထိုင် သိပ်ကျဉ်းကျုံ့ရပါတယ်။ ရီဝေနေတဲ့ အကြည့်တွေနဲ့ မထိခလုတ်၊ ထိခလုတ် စကားမျိုးတွေ၊ ဆေးလိပ်မီး အတင်းညှိပေးဖို့ လုပ်တာ တွေ၊ ကျွန်မရဲ့ အသား၊ ဆံပင်၊ အင်္ကျီစ စတာတွေကို မလိုအပ်ဘဲ ထိတွေ့ဖို့ လုပ်တာတွေ အများကြီးပါပဲ။ အစောပိုင်းကာလတွေမှာ အဲဒီလိုပုံစံမျိုးကို ကျွန်မအပေါ် ပြုမူရင်သော်လည်းကောင်း၊ ကျွန်မရဲ့ ဂျူနီယာစစ်မေတွေအပေါ် ပြုမူရင်သော်လည်းကောင်း ဆတ်ဆတ်ထိမခံ တုံ့ပြန်ပြီး ဒါမျိုးဟာ ထိပါး နှောင့်ယှက်မှုမြောက်ကြောင်း တိတိပပပြောပါတယ်။ ဒါပေမဲ့ အချိန်တွေကြာ လာတာနဲ့အမျှ ကျွန်မရဲ့ ယုံကြည်ချက်၊ ကိုယ့်ဖြစ်တည်မှုအပေါ် လုံခြုံစိတ်ချရ မှုဟာ တဖြည်းဖြည်းနဲ့ လျော့ပါးလာပါတယ်။ မိန်းမဖြစ်မှုကို အန္တရာယ် တစ်ခု အနေနဲ့ ခံစားလာရပါတယ်။ စစ်တပ်ဆိုတဲ့ သဘောတရားအရ ပုံသွင်းသင့်တာ တွေကို ရိုက်သွင်းတာမျိုးက မဖြစ်မနေ လုပ်ကိုလုပ်ရမှာဖြစ်ပေမယ့် အားသာ ချက်တစ်ခုကတော့ ကျွန်မအနေနဲ့ ကိုယ်ဘာကို ပုံစံသွင်းမလဲ ဆိုတာကို ရွေးချယ်ခွင့်ရှိတာပါ။ အခြေခံစစ်ပညာသင်တန်းမှာ လက်တွေ့လေ့ကျင့်ရေး အပြင် စာတွေ့သင်ကြားရေးတွေ ပါပါတယ်။ စာတွေ့သင်ကြားရေးတွေမှာ ထိပါးနှောင့်ယှက်မှုဆိုတဲ့ သဘော၊ ဂျန်ဒါတန်းတူညီမျှရေး၊ မိန်းမနှိမ်မှုကိစ္စ၊ ဖမ်မနင်ဇင်နဲ့ စစ်ဝါဒနဲ့ ဖိုပဓာနဝါဒကြားက ဆက်စပ်မှု စတာတွေကို ခေတ် ပညာတတ်တွေပဲ နားလည်တာမျိုးမဖြစ်စေဘဲ အခြေခံအကျဆုံးအလွှာက လူတွေပါ နားလည်အောင် ကလေးလမ်းလျှောက် သင်သလို စသင်ပါတယ်။ အဲဒီမှာ အရိပ်အမြွက်ပြောရုံနဲ့ သဘောပေါက်တဲ့ သူတွေလည်း ရှိသလို၊ နားလည်ချင်ယောင်ဆောင်တဲ့ သူတွေ၊ မိန်းမတွေဟာ ဘုရားပေါ်တက်ခွင့် မရှိလောက်အောင်ကို နိမ့်ပါးယုတ်ညံ့ပါတယ်ဆိုတဲ့ အစွဲရှိသူတွေကလည်း အများကြီးပါ။

အဲဒီအစွဲတွေ ရှိတာကိုလည်း အပြစ်တင်ရှုတ်ချလို့ မရပါဘူး။ အခြေခံ လူတန်းစား၊ တစ်နေ့စားရဖို့ တစ်နေ့တစ်နေ့ ကုန်းရုန်းလုပ်နေရတဲ့အချိန်မှာ ဒါကြီးကတော့ ဖိုပဓာနဝါဒ၊ ဒါကတော့ မိန်းမနှိမ်မှုစသဖြင့် လက်ညှိုးထိုး ဆင်ခြင်ချိန် မရပါဘူး။ အရင်းရှင်စနစ်က သိပ်ဖိစီးတာအပြင် လူမျိုးကြီးဝါဒ၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးအရ ထိန်းကျောင်းခံထားရတဲ့ ဖိုဝါဒီတွေ ဖြစ်တာ ကြောင့်ပါပဲ။ အဲဒီလိုအပြုအမူမျိုးကို ကျွန်မရဲ့ ရဲဘော်တွေဆီမှာ တွေ့မြင်ခဲ့ ရပါတယ်။ အမျိုးသမီးတစ်ယောက် ခေါင်းဆောင်နေရာမှာ ရှိနေတဲ့အပေါ် ဘာ ပြဿနာမှမရှိဘဲ အဆင်ပြေနေတဲ့သူတွေဟာ မိန်းမနှိမ်တဲ့ အမြင်ရှိတဲ့ ရဲဘော် ရဲဘက်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံရပါတယ်။ မိန်းမနှိမ်တဲ့ အမြင်ရှိတဲ့ ရဲဘော်တွေက အဲဒီလိုရဲဘော်တွေကို “မားမားဘွိုင်းလေး” လို့ ခေါ်ကာ “မင်း က အဲဒီ မိန်းမကို ကြောက်လို့ စည်းကမ်းမဖောက်ရဲတာ” ဆိုပြီးလည်း ပြောလေ့ရှိပါတယ်။

ဒါ့အပြင် ဒီခေါင်းစဉ်တွေကို သင်စရာမလိုဘူး၊ ငါတို့က စစ်တိုက်ဖို့ လိုအပ် တာ၊ ဒါတွေကို မလိုအပ်ဘူးဆိုပြီး ဝေဖန်ကြတာတွေကလည်း အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်မတို့ တည်ရှိတဲ့ ဘယ်ကွန်မြူနတီ အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒါတွေဟာ သိဖို့လိုအပ်တယ်လို့ ယုံတာက တစ်ကြောင်း၊ ဒီတော်လှန်ရေး ကာလကို လွန်သွားလို့ ကိုယ့်နေရာ အသီးသီးကို ပြန်သွားတဲ့အခါ ဒီလူတွေဟာ ဒီလိုအသိတွေကို ပြန်မျှဝေပြီး ပိုကောင်းတဲ့ လူ့ဘောင်ကို အသီးသီး တည်ဆောက်ဖို့ကို မျှော်လင့်တာ တစ်ကြောင်းပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ခေါက်ချိုးကျနေတဲ့ တွေးခေါ်ပုံတွေဟာ အချိန်တိုအတွင်းမှာ ပြုပြင်ဖို့ မဖြစ်နိုင် ကြောင်းကို ကျွန်မ သေချာသိခဲ့ရပါတယ်။ ဘာလို့ဆို နှစ်နှစ်အတွင်းမှာ ဒီသင်ခန်းစာတွေ သင်ကြားရင်း၊ ဒီခေါင်းစဉ်တွေကို ကျေလည်အောင် ဆွေးနွေး နေရင်းနဲ့ကို အမျိုးသမီးတွေဟာ ရိက္ခာထိန်းသိမ်းတာတွေ၊ စာရင်းလုပ်တာ စတဲ့အလုပ်တွေနဲ့ပဲသင့်တော်ပြီး ရဲဘော်တွေကို ထိန်းကျောင်းတဲ့ အုပ်ချုပ်ရေး အပိုင်းမှာ မရှိသင့်ကြောင်း ဝေဖန်မှုတွေဟာ မြင့်တက်နေတုန်းမို့လို့ပါပဲ။

ဒီတော်လှန်ရေးမှာ လိင်အခြေပြုဖိနှိပ်မှုတွေကိုပါ အောင်မြင်စွာ တော်လှန်နိုင်နေပြီလား၊ ပညာရှင်တွေ ဝမ်းသာအားရဆွေးနွေးကြသလို အမျိုးသမီးခေါင်းဆောင်မှုအား မြင့်တက်လာတယ်ဆိုတာက မြေပြင်မှာ အမှန် တကယ်ရောဟုတ်ရဲ့လား၊ တော်လှန်ရေးမှာ ‘အမျိုးသမီးပါဝင်မှု၊ အမျိုးသမီး ပါဝင်မှု’ လို့ ထပ်ကာထပ်ကာ ပြောနေကြတာတွေဟာ ပရိုမိုးရှင်းဆင်းရုံ၊ အတွေးအခေါ်တော်လှန်ရေးတစ်ရပ်ကို အောင်နိုင်နေသယောင် ပုံမှားရိုက်နေ ကြတာလားဆိုတာကို သေချာစဉ်းစားစရာပါပဲ။ ကျွန်မရဲ့ မြေပြင်အတွေ့အကြုံ တွေအရဆိုရင်တော့ ပြောသလောက်တိုးတက်နေတာမျိုး မဟုတ်ဘူးဆိုတာကို သိမြင်နိုင်ပါတယ်။ အခုထိတော့ တိုးတက်မလာသေးဘူးပေါ့လေ။