ဖယ်ကြဉ်ခံထားရသော အမျိုးသမီးများ၏ လက်တွေ့ဘဝဖြတ်သန်းမှုနှင့် ကာလပေါ်ဂျန်ဒါလှုပ်ရှားမှုများအကြား ကွာဟမှုများ (၂၀၁၁-၂၀၂၁)

ရွှန်းလဲ့ဆွေရည် | Click here to read this article in English.

Cite as: 
ရွှန်းလဲ့ဆွေရည်၊ (၂၀၂၄)၊ ဖယ်ကြဉ်ခံထားရသော အမျိုးသမီးများ၏ လက်တွေ့ဘဝဖြတ်သန်းမှုနှင့် ကာလပေါ်ဂျန်ဒါလှုပ်ရှားမှုများအကြား ကွာဟမှုများ (၂၀၁၁-၂၀၂၁)၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၂)။ https://ijbs.online/?page_id=4955


အကျဉ်းချုပ်

ဤစာတမ်းသည် အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါတန်းတူညီမျှရေးအပေါ် ရှေးရှုပြီး ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော ကာလပေါ် ဂျန်ဒါလှုပ်ရှားမှုများ၏ ဖမ်မနင်ဇင်အပေါ် ရိုက်ခတ်ခဲ့သော အကျိုးသက်ရောက် မှုများကို ရှာဖွေရန် ကြိုးစားအားထုတ်မှုတစ်ခု ဖြစ်သည်။ ဤစာတမ်းသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ကျွန်မ၏ အတွေ့အကြုံအပေါ်အခြေခံ၍ နာဂ အမျိုးသမီးများ၊ ချင်းအမျိုးသမီးများ၊ ကရင်အမျိုးသမီးများနှင့် မြို့‌ပေါ်နေ ဗမာ အမျိုးသမီးများ၏ အတွေ့အကြုံဆိုင်ရာ လေ့လာမှုများကို အသုံးပြုထားကာ မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် ဂျန်ဒါအုပ်စုများ၏ ရည်မှန်းချက်များ၊ လုပ်ဆောင်ချက်များကို လေ့လာမှုအုပ်စု (၄) ခုဖြင့် တင်ပြထားပါသည်။ “ပိပိတို့ စကားဝိုင်း၊ ဖဲကြိုးဖြူကမ်ပိန်း၊ (၁၆) ရက်တာ တက်ကြွလှုပ်ရှားမှု၊ #မီထူး ကမ်ပိန်း” ကဲ့သို့သော အစီအစဉ်များသည် အမျိုးသမီးများနှင့် သက်ဆိုင်သော အကြောင်းအရာပေါ်တွင် တိုးပွားလာသော အသိပညာဆိုင်ရာ နိုးကြားမှုများ၊ ပူးပေါင်းပါဝင်မှုများကို ညွှန်းဆိုသည့်အရာများအဖြစ် မကြာခဏ ဖော်ပြခြင်းခံ ရသည်။ သို့သော် ဤစာတမ်းတွင် အဆိုပါ လှုပ်ရှားမှုများ သို့မဟုတ် အစီအစဉ်များမှာ အထက်တွင်ဖော်ပြခဲ့သော အုပ်စု (၄) စု၏ ရုန်းကန်မှုများကို ကိုယ်စားပြုခြင်းမရှိဘဲ ၎င်းတို့သည် ထိုအမျိုးသမီးများနှင့် ဂျန်ဒါအုပ်စုများ တွေ့ကြုံခဲ့ရသော မတူညီကွဲပြားသည့် ဖိနှိပ်မှုပုံစံများကို မျှော်လင့်ထားခဲ့ကြသည့်အတိုင်း ဖယ်ရှားနိုင်ခဲ့ခြင်း အလျဉ်းမရှိကြောင်းကို အဆိုတင်သွင်းသွားမည် ဖြစ်သည်။ ဤကာလပေါ်ဂျန်ဒါလှုပ်ရှားမှုများ သို့မဟုတ် အစီအစဉ်များသည် အဓမ္မကျင့်မှု ဖြစ်စဉ်များစွာတွင် တွေ့ရစမြဲ ဖြစ်သည့် ကာလကြာတည်တံ့နေသော မတရားမှု၏ အရင်းအမြစ်ဖြစ်သော ဖိုပဓာနဝါဒကိုလည်း မီးမောင်းထိုးပြသနိုင်ခဲ့ခြင်း မရှိပေ။ ၎င်းတို့သည် ဘာသာ စကား တစ်မျိုးတည်းကိုသာ အသုံးပြုပြီး ဗမာစကားပြောသော အုပ်စုများကို ဦးတည်ချက်ထားခြင်းဖြင့် ဗမာစကား မပြောသော ပတ်ဝန်းကျင်များနှင့် ထိရောက်စွာ ဆက်သွယ်နားလည်စေနိုင်ခဲ့ခြင်းလည်း မရှိပေ။ ၎င်းတို့သည် ရန်ပုံငွေရှာရာ၌လည်း ရာထူးဂုဏ်သိမ်အဆင့်ဆင့်ဖြင့်သွားသော ဖွဲ့စည်းပုံများ ကို အကျိုးပြုပြီး လူနည်းစုနှင့် အဖယ်ကြဉ်ခံအုပ်စုများ၏ အမျိုးသမီး အခွင့်အရေးများကို အထောက်အကူပြုရန် ပျက်ကွက်ရုံမျှမက အဆိုပါ အဖယ်ကြဉ်ခံအုပ်စုများ တွေ့ကြုံခဲ့ရသည့် အမျိုးမျိုးသော ရုန်းကန်လှုပ်ရှားမှု များကို လျှော့တွက်ရာလည်း ရောက်သည်။ အဆိုပါ နာမည်ကြီးသော လှုပ်ရှား မှုများနှင့် အစီအစဉ်များသည် အမျိုးသမီးအားလုံးကို လွတ်မြောက်စေသည့် ဖမ်မနင်ဇင်၏ တိုးတက်မှုကို နှောင့်နှေးစေခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် ဖိုဝါဒီကြီးစိုးခြင်းနှင့် အဖယ်ကြဉ်ခံ အမျိုးသမီးများကို လျစ်လျူခြင်း အပါအဝင် ဖိနှိပ်မှုယန္တရား အားလုံးကို ဖျက်သိမ်းဆန့်ကျင်ရေး တွင် အမျိုးသမီးထုဦးဆောင်သော တော်လှန်ရေးလှုပ်ရှားမှုကို ဦးတည်စေခဲ့ သည်။

နိဒါန်း

ဤစာတမ်းသည် မြို့ပြနေ အမျိုးသမီးများနှင့် ဂျန်ဒါအဖွဲ့အစည်းများအနေဖြင့် တောင်ပေါ် ကျေးလက်ဒေသနေ ဖယ်ကြဉ်ခံအမျိုးသမီးများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးရန် ပျက်ကွက်ခဲ့မှုများကို ဖော်ပြထားသည်။ ဤစာတမ်း သည် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နာဂဒေသ1 သို့ ခရီးထွက်စဉ်ကာ ကြုံတွေ့ခဲ့ရသော ဖမ်မနင်ဇင်လှုပ်ရှားမှု ကိုယ်တွေ့ အတွေ့အကြုံများအပေါ် အခြေခံထားခြင်းဖြစ်သည်။ ကျွန်မသည် မြန်မာနိုင်ငံ ၏ လူမျိုးပေါင်းစုံရှိပြီး များစွာသော အန်ဂျီအိုအစီအစဉ်များနှင့် ပါလီမန် နိုင်ငံရေးတို့ လှုပ်လှုပ်ရှားရှားဖြစ်နေသည့် ရန်ကုန်ကဲ့သို့သော မြို့ပြတွင် အခြေစိုက်သည့် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးအနေ ဖြင့် ဒေသတွင်းမှဖြစ်စေ၊ နိုင်ငံတကာမှဖြစ်စေ မတူညီသော အဖွဲ့အစည်းများမှ ကာလပေါ်ဂျန်ဒါတက်ကြွလှုပ်ရှားမှုများအကြောင်း ပြောသောအခါ တစ်ခုခု လစ်လပ်နေသည်ဟု ခံစားခဲ့ရသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် တံခါးပိတ်နိုင်ငံအဖြစ်မှ ပြန်လည် ပွင့်လင်းလာပြီး ၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်နိုင်ငံရေးထဲ ဝင်ရောက်လာမှုနှင့် အတူ အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသက်ဝင်သော နိုင်ငံရေးအခင်းအကျင်း၌ ပါဝင်ရန် အကြောင်းဖန်လာခဲ့ သည်။ ဤသို့ဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် လူထုအခြေပြု လှုပ်ရှားမှုများအပေါ်တွင် အမှီပြုခြင်းထက် ဥပဒေပြုသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များကို စည်းရုံးသိမ်းသွင်းခြင်းဖြင့် ၎င်းတို့ကို ဦးတည်သော လှုပ်ရှားမှုများကို ပိုမိုအလေးပေးလာကြသည်။ “ဂူဂဲလ်” အင်တာနက် စာမျက်နှာတွင် “ဂျန်ဒါ” ဟူသော စကားလုံးကို စာရိုက်ရှာကြည့်သောအခါ ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့၊2 မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့များကွန်ရက်3 နှင့် ကျား၊ မ တန်းတူညီမျှခြင်းကွန်ရက် မြန်မာ တို့သည်4 ထိပ်ဆုံးသုံးခုစာရင်းတွင် ပေါ်လာသည်။ သို့သော်လည်း အံ့သြဖွယ်ရာ ကောင်းသည်မှာ ၁၉၉၉ ခုနှစ်တွင် ပြည်ပ၌ ဖွဲ့စည်းခဲ့သည့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)5 သည် ၎င်း၏ အဖွဲ့ဝင်ဖြစ်သော အဖွဲ့အစည်း (၁၃) ခု နှင့်အတူ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူမှုတရားမျှတမှုတို့အတွက် ကာလ ကြာရှည်သော လုပ်ဆောင်ချက်များ ရှိခဲ့သော်လည်း ဂူဂဲလ်၏ ရှာဖွေမှုစာရင်း ထိပ်ဆုံးစာမျက်နှာတွင် ပါဝင်လာခဲ့ခြင်းမရှိပေ။

ထို့ပြင် သတိပြုဖွယ်ဖြစ်နေသည်မှာ အထက်တွင်ဖော်ပြခဲ့သော အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းများသာမက အန်ဂျီအိုဂျန်ဒါအုပ်စု၊6 ဂျန်ဒါ နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အင်စတီကျု၊7 နှင့်သင်္ဂဟဂျန်ဒါ မြန်မာ8 ကဲ့သို့သော ဂျန်ဒါ ပိုင်းဆိုင်ရာ လှုပ်ရှားမှုများတွင် ဆယ်စုနှစ်ကြာ ပါဝင်နေသည့် ဂျန်ဒါဆိုင်ရာ အဖွဲ့အစည်းများ ရှိနေခြင်းပင်ဖြစ်သည်။ ၎င်းအဖွဲ့အစည်းများသည် အမျိုးသမီး ခေါင်းဆောင်မှု သင်တန်း၊ အမျိုးသားများ ဂျန်ဒါတန်းတူညီရေးကိစ္စတွင် ပါဝင် လာရေးအစီအစဉ်များ၊ အစိုးရအဖွဲ့အစည်းများတွင်ရှိသော ဂျန်ဒါခေတ်ရေစီး ကြောင်း၊ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများအကြောင်း ဆွေးနွေးသည့် စကားဝိုင်းများ စသည့် ဂျန်ဒါပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း ပရိုဂရမ်များစွာ ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။ ဤလှုပ်ရှားမှုအများစုတွင် အမျိုးသမီးအခွင့်အရေးဆိုင်ရာ သင်တန်းများ၊ ဆီဒေါနှင့် ကုလသမဂ္ဂ၏ ယန္တရားများကို မိတ်ဆက်ခြင်းများ၊ အမျိုးသမီးစွမ်းဆောင်မှုမြှင့်တင်ရေး သင်တန်းများ၊ အမျိုးသမီးခေါင်းဆောင်မှုသင်တန်းများ ပါဝင်သည်။ ၎င်းတို့၏ လူထုအခြေပြု ကမ်ပိန်းများတွင် ပြည်သူလူထုကို အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုဆန့်ကျင်ရေးများ၊ ဂျန်ဒါပုံသေကားကျ သတ်မှတ်ခြင်းများကို ပညာပေးခြင်း ကဲ့သို့သော လှုပ်ရှားမှုအမျိုးမျိုး ပါဝင်သည်။ ညီမျှခြင်းမြန်မာ၊ capacity building initiative ၊ ပေါင်းကူး၊ ဖန်တီးအိမ် စသည့် အခြားသော လူမှုအဖွဲ့အစည်းများသည် ဂျန်ဒါအား ၎င်းတို့၏ ပရိုဂရမ်များဖြစ်သည့် သဘာဝအရင်းအမြစ်များကို အုပ်ချုပ်မှု၊ မြေယာပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်စနစ် ဒီမိုကရေစီကျင့်သုံးခြင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကြားညှပ်ကိစ္စရပ်တစ်ခုအဖြစ် အသုံးပြုကြ သည်။ ယခုစာတမ်းအတွက် လေ့လာမှု ပြုနေစဉ်ကာလအတွင်းတွင် ၎င်း အဖွဲ့အစည်းများသည် နိုင်ငံတစ်ဝန်း ဂျန်ဒါပရောဂျက်များကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေကြသော်လည်း ချန်ထားခြင်း ခံရသော လူအုပ်စုတစ်စု အထူးသဖြင့် ဖယ်ကြဉ်ခံအမျိုးသမီးများသည် ထိုပရောဂျက်များမှ အကျိုး ကျေးဇူးများကို မခံစားခဲ့ရပေ။

အမျိုးသမီးနှင့် ဂျန်ဒါအရေးဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ

ဤစာတမ်းအတွက် လေ့လာရေးပြုလုပ်နေချိန်တွင် ဂျန်ဒါအရေး ဆောင်ရွက် သည့် အဖွဲ့အစည်းများစွာ၏ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် အချို့သော နာမည်ကြီး လှုပ်ရှားမှုများမှာ အမျိုးသမီးများအား အကြမ်းဖက်မှုကို ရပ်တန့် ရန်အတွက် (၁၆) ရက်တာလှုပ်ရှားမှု၊9 အကူအညီအတွက် ခရာမှုတ်ခြင်း ကမ်ပိန်း၊10 ပိပိတို့ စကားဝိုင်း၊11 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားများ၊12 သူမကို လေးစားပါ ကမ်ပိန်း၊13 အမျိုးသမီးများသည်လည်း ဘုန်းရှိသည် ကမ်ပိန်း14 တို့အပါအဝင် အခြားလှုပ်ရှားမှုများစွာလည်း ရှိသေး သည်။ အဆိုပါ လှုပ်ရှားမှုများသာမက မြန်မာနိုင်ငံတွင် ဂျန်ဒါတန်းတူညီမျှရေး ကို တိုးမြှင့်ရန်အတွက် မတူညီသော အကြံပြုချက်များပေးသည့် စာတမ်းနှင့် အစီရင်ခံစာများစွာကို ပုံနှိပ်ထုတ်ဝေခဲ့ကြသော်လည်း ထိုလုပ်ဆောင်ချက်များ သည် သီအိုရီဆန်လွန်းပြီး လက်တွေ့လိုအပ်ချက်များနှင့် ဝေးကွာခဲ့သည်။ ထို လုပ်ဆောင်ချက်များထဲတွင် ‘မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဂျန်ဒါ ပါဝင်မှုကို တည့်မတ်ပေးသော နိုင်ငံတကာစံချိန်စံနှုန်းများ’၊15 ‘မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ဘတ်ဂျက်အတွက် ဦးစားပေးကိစ္စရပ်များ’၊16 ‘ဂျန်ဒါတန်းတူ ညီမျှရေးကို တိုးမြှင့်ရန်အတွက် ချမှတ်ထားသော မဟာဗျူဟာများ’17 စသဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် အားထုတ်မှုများ ပါဝင်ပြီး ထိုအရာများကို ဂျန်ဒါအရေး လှုပ်ရှားသည့် အန်ဂျီအိုများက ကျယ်ကျယ်ပြန့်ပြန့် ကိုးကားကြသည်။ ၎င်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်သား အစိုးရမှ မူဝါဒချမှတ်သူများ ပါရှိသော အဖွဲ့အစည်းများ၏ ပိုမိုကျယ်ပြန့်သော မူဝါဒရေးရာ စည်းရုံးရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်များသည် နိုင်ငံရေးနှင့် အများပြည်သူဆိုင်ရာ ကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက် လမ်းညွှန်ချက်များကို ထုတ်လုပ်ရေးဆွဲ ရေးအတွက် ရည်ရွယ်သည်။18 အဆိုပါ လှုပ်ရှားမှုများသည် ဥပဒေကဏ္ဍ ပြုပြင် ပြောင်းလဲရေးအတွက် ဥပဒေရေးဆွဲသူများအား ဦးတည်ရုံ မျှမက ပြည်သူလူထု ကိုလည်း အများပြည်သူဆိုင်ရာ လှုပ်ရှားမှုများဖြင့် အသိပညာပေးရန် ကြိုးစား ခဲ့ခြင်း ဖြစ်သည်။ “#ပြောင်းလဲရန် ရဲရင့်ပါ၊ #တန်းတူရေးအတွက် ကတိသစ္စာ၊ #တန်းတူညီမျှရေးအတွက် လူတစ်ဦးချင်းစီ” စသည့် ကုလသမဂ္ဂအမျိုးသမီး အဖွဲ့၏ နှစ်စဉ်သတ်မှတ်ပေးသည့် ကြွေးကြော်သံများဖြင့် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကမ်ပိန်းသည် အမျိုးသမီးများအား ထိပါးနှောင့်ယှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကိစ္စရပ်များအပေါ် ဗဟိုထားကျင်းပကြသည်။ ဤလှုပ်ရှားမှုများကို ကာလပေါ် ဂျန်ဒါတက်ကြွ လှုပ်ရှားမှုအောက်တွင် ထည့်သွင်းနိုင်သည်။ အကြောင်းမှာ တည်ရှိနေပြီးသော စနစ်တစ်ခုအတွင်းမှ တရားဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် ကြိုးပမ်းခြင်းသည် ဆန်းစစ်ဝေဖန်နိုင်စွမ်းသော လူထုဖမ်မနစ် လှုပ်ရှားမှုအရွေ့ဖြင့် စနစ်တစ်ခုလုံးကို ဖြိုဖျက်ရန်စိန်ခေါ်ခြင်းထက် ပို၍ လွယ်ကူသောကြောင့် ဖြစ်သည်။

ထိုကဲ့သို့ မြန်မာ့ဂျန်ဒါလှုပ်ရှားမှု၏ ဦးတည်ရာ မတည်ငြိမ်နေခြင်းမှာ ရန်ပုံငွေ ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများအပေါ်၌လည်း တစ်စိတ် တစ်ပိုင်း မူတည်နေသည်။ ဤငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုးပေးသော အဖွဲ့အစည်း များတွင် ကနေဒါအစိုးရ၊19 ဂျွိုင့်ပိစ်ဖန်၊20 အမေရိကန်သံရုံး၊ အင်္ဂလန်သံရုံး၊ ပြင်သစ်သံရုံးနှင့် ဥရောပသမဂ္ဂတို့ ပါဝင်ပါသည်။ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃−၂၀၂၂) ကို ရေးဆွဲထုတ်ပြန်နိုင်ခဲ့ပြီးနောက် ရန်ပုံငွေ ထောက်ပံ့ပေးနေသော အဖွဲ့ အစည်းများသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ‌ ပါဝင်ရေး အပါ အဝင် အမျိုးသမီး အခွင့်အရေးကိစ္စများတွင် ပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့ကြပုံရ သည်။ ၂၀၁၀ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်ကြားတွင် အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါတန်းတူရေး အကြောင်းကိစ္စများသည် ငွေကြေးပံ့ပိုးသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ပြုလုပ်သော ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်များ၏ အစိတ်အပိုင်းများ ဖြစ်လာသည်။ ဤ အကြောင်းကိစ္စများသည် မြန်မာစစ်တပ်မှ အမျိုးသမီးများအပေါ် ပြစ်မှု ကျူးလွန်ခြင်းအတွက် တာဝန်ရှိသည်ဟူသော ဖယ်ကြဉ်ခံအုပ်စုများ၏ ဦးစားပေးသတ်မှတ်ချက်များထက် ပို၍ အာရုံစိုက်မှု ရရှိခဲ့သည်။ ကျွန်မ သွားရောက်ခဲ့သော ကရင်၊ ကချင်၊ ရှမ်းနှင့် နာဂဒေသတို့မှ ဖယ်ကြဉ်ခံ အမျိုးသမီးများတွင် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အကျိုးသက်ရောက်မှုနှင့် နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုဟု ခေါင်းစဉ်တပ်သော လုပ်ငန်းများ နှင့် ပတ်သက်၍ ခံပြင်းစရာကိစ္စများအကြောင်းကို ပြောပြခဲ့ကြသည်။ ထို ကမ်ပိန်းများနှင့် ပညာပေးလုပ်ငန်းစဉ်များသည် အဆင့်အတန်းခွဲခြားမှု ဖန်တီး သလို ဖြစ်နေတတ်သည်။ ဥပမာအားဖြင့် ဝင်ငွေကောင်းသော မြို့နေ ပညာ တတ် ဗုဒ္ဓဘာသာဝင် ဗမာလူတန်းစားများသည် ထိပ်ဆုံးအလွှာတွင် ရှိနေတတ် ပြီး ဝင်ငွေနည်းပြီး ဗမာ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သော နယ်စွန်နယ်ဖျားမှ လူများ သည် အောက်ဆုံးအလွှာတွင် ရှိနေခြင်းမျိုးဖြစ်သည်။

အချို့သော မြို့ပြကမ်ပိန်းများသည် ထိရောက်သင့်သလောက် မထိရောက်သည်များလည်း ရှိသည်။ ဥပမာဆိုရသော် “#သူမကိုလေးစားပါ” ကမ်ပိန်းတွင် မြို့ပေါ်နေအမျိုးသမီးများသည် ၎င်းတို့၏ မြို့ပြလမ်းမများပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအတွက် ပူပန်မှုများကို ဖော်ထုတ်ပြောဆို ကာ အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်၍ အသိပညာမြှင့်တင်ရန် ပြုလုပ် ခဲ့ကြသည်။ အမျိုးသမီးများအား အကြမ်းဖက်မှုကို ဆန့်ကျင်ခြင်းသည် အရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်ပြီး အမျိုးသမီးအများစုနှင့် သက်ဆိုင်သည့် အရေးကိစ္စလည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ ကမ်ပိန်း ကိုယ်တိုင်သည် အပေါ်ယံကိစ္စများကိုသာ ဦးတည်ချက်ထားပြီး အမျိုးသားများ ကို ၎င်းတို့၏ အပြုအမူနှင့် သဘောထားများအား ပြောင်းလဲလာအောင် လှုံ့ဆော်နိုင်ခြင်း မရှိခဲ့ပေ။

ထို့ပြင် အချို့သော ကမ်ပိန်းများမှာ ဖိုပဓာနဝါဒကို သွတ်သွင်းသလို ဖြစ်နေသည်။ ဥပမာပြရသော် ယောက်ျားကောင်းများသည် အမျိုးသမီးများကို နှောင့်ယှက် ဒုက္ခမပေးပါဆိုသော21 ဖော်ပြချက်မျိုးသည် အမျိုးသားများ အနေဖြင့် အမျိုးသမီးအပေါ် နှောင့်ယှက်ခြင်းသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သဘော ဟု ဆိုလိုရာ ရောက်စေသည်။ အလားတူပင် #အမျိုးသမီးများသည်လည်း ဘုန်းရှိသည် ဟူသော ကမ်ပိန်းသည် ‘ဘုန်း’ ဟူသော သဘောတရားကို ဖျက်သိမ်း‌ချေမှုန်းရန် ကြိုးပမ်းခြင်းထက် အမျိုးသားများသည် အမျိုးသမီးများ ထက် မြင့်မြတ်ပြီး ဘုန်းကြီးသည်ဆိုသော ဗုဒ္ဓဘာသာယူဆချက်ကို အတည်ပြု သကဲ့သို့ ဖြစ်စေခဲ့သည်။ အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်သည့် ကမ်ပိန်း များစွာတို့သည် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့် အမှီအခိုကင်းစွာရပ်တည် ခြင်းအား အလေးပေးလေ့ရှိခဲ့ကြသည်။ ဥပမာ ‘ပိပိတို့စကားဝိုင်း’ လှုပ်ရှားမှု နောက်ကွယ်မှ တင်ဆက်သူများနှင့် တက်ကြွလှုပ်ရှားသူများသည် အဖယ်ကြဉ် ခံ အမျိုးသမီးများနှင့် နှိုင်းစာလျှင် အခွင့်ထူးခံဖြစ်နေမှုနှင့် လူမှုစီးပွားရေး သာလွန်ရရှိနေမှုတို့ကို လျစ်လျူရှုခဲ့သည်။ “#သူမကိုလေးစားပါ၊ #ကိုယ့်ခန္ဓာ ကိုယ့်သဘော၊ #အမျိုးသမီးများသည်လည်းစွမ်းဆောင်နိုင်သည်၊ #သူမလည်း လုပ်နိုင်စွမ်းရှိသည်” စသော ဆောင်ပုဒ်များ၊ ပိုစတာများနှင့် ပညာပေးရေး လုပ်ငန်းစဉ်များသည် အမှီအခိုကင်းစွာရပ်တည်ရေးနှင့် နေမှုပုံစံဖမ်မနင်ဇင် တို့ကို အားပေးခြင်းဖြစ်သည်။ ထိုသတင်းစကားများသည် ဖိနှိပ်ခံဂျန်ဒါများ အတွက် နိုင်ငံရေးခိုင်မာမှု တည်ဆောက်ပေးရေးနှင့် ဖိုပဓာနဝါဒဆိုင်ရာ တန်ဖိုး နှင့် အာဏာတို့ကြောင့် ဖြစ်လာသော မမျှတသည့် စနစ်များကို ပြောင်းလဲရေး ကိစ္စတို့ကို လုပ်ဆောင်ရန် အလေးမထားခဲ့ပေ။

အဆိုပါကမ်ပိန်းနှင့် ပညာပေးရေးလုပ်ငန်းစဉ်များသည် ဖိုပဓာနဝါဒကို အမှန်တကယ် စိန်ခေါ်ရာ မရောက်ပေ။ ထိုအစား အဆိုပါ လုပ်ဆောင်ချက် များသည် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးဟူသော သဘောတရားကို သာ တွန်းအားပေးရာ ရောက်သည်။ ‘သင်္ဂဟဂျန်ဒါမြန်မာ’ ကဲ့သို့သော အဖွဲ့အစည်းသည် အပြုသဘောဆန်သော ဖိုသဘာဝအတွေးအခေါ်ကို22 ၎င်း တို့၏ အလုပ်ရုံဆွေးနွေးပွဲများနှင့် ကမ်ပိန်းများတွင် အစဉ်တစိုက် ပြောဆို လုပ်ဆောင်ခဲ့သည်။ ထိုကဲ့သို့သော ကမ်ပိန်းများသည် အမျိုးသားများအား ဂျန်ဒါတန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေး ကိစ္စများတွင် ပါဝင်လာစေ ရန် တွန်းအားပေးခြင်း ဖြစ်သော်လည်း အမျိုးသမီးများအပေါ် “နှမချင်းစာနာမှု အသွင်ဖြင့် ဂျန်ဒါခွဲခြားဆက်ဆံမှုပုံစံ” ဘက်သို့ ပို၍ဦးတည်စေသည်။ အကြောင်းမှာ အမျိုးသမီးအခွင့်အရေးများ ကာကွယ်ခြင်းနှင့် အာမခံချက်ပေး ခြင်းကိစ္စများတွင် အမျိုးသားများအား အခရာကျသည့်နေရာတွင် ထားရှိခြင်း ကြောင့် ဖြစ်သည်။23 ဂျန်ဒါဆိုင်ရာကို အဓိကလုပ်ဆောင်သော အခြား အဖွဲ့ အစည်းများစွာတို့ကလည်း “အမျိုးသမီးများသည်လည်း စွမ်းဆောင်နိုင်သည်” ဟူသော သဘောတရားဖြင့် အမျိုးသမီးများသည်လည်း အလုပ်ပို၍ ကြိုးစား လျှင် နိုင်ငံရေး၊ စီးပွားရေးနှင့် ဘာသာရေးကဏ္ဍများ၏ ခေါင်းဆောင်မှု နေရာသို့ ရောက်လာနိုင်လိမ့်မည်ဟု ဆိုရာရောက်သည်။ သို့သော်လည်း အဆိုပါ သဘော တရားသည် အမျိုးသမီး အချို့သာ ခေါင်းဆောင်နေရာများသို့ ရောက်ရှိနိုင် သည့် အကြောင်းနှင့် အခိုင်အမာ တည်ရှိနေပြီးဖြစ်သော မမျှတမှု အကြောင်း တရားတို့ကို လျစ်လျူရှုထားသည်။ ၎င်းတို့သည် စက်ရုံအလုပ်သမများ၊ ကျေးလက်နှင့် ပဋိပက္ခဖြစ်ပွားရာဒေသများမှ ဖယ်ကြဉ်ခံဂျန်ဒါအုပ်စုများ၊ ဗမာ မဟုတ်သော လူမျိုးစုများ စသည့် မတူညီသော လူမှုအလွှာပေါင်းစုံမှ အမျိုးသမီးများ၏ ကွဲပြားသောအတွေ့အကြုံများကိုလည်း အာရုံစိုက် ထည့်သွင်းခဲ့ခြင်း မရှိပေ။ လူတန်းစားအလွှာများ၊ လူမျိုးစုများ၊ ဘာသာများ၊ နေထိုင်ရာဒေသများ၊ မိမိတစ်ဦးတည်းသာ တတ်နိုင်စွမ်းရှိသည် ဟူသော စိတ်သဘောထား ထားရှိခြင်း၊ သတင်းအချက်အလက် သို့မဟုတ် အသိပညာ ဗဟုသုတ ရရှိမှုများအပေါ် နားလည်နိုင်စွမ်း ချို့ယွင်းခြင်း စသည့် ဤကမ်ပိန်း များ၏ ကိုယ်တိုင်ဝင်ရောက် သုံးသပ်ဝေဖန်နိုင်စွမ်းအားနည်းမှုသည် ဖိနှိပ်ခံ အလွှာများအတွက် ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှု၏ ဇာစ်မြစ်အကြောင်းတရား များကို ဖြေရှင်းရာတွင် အဓိကကျသည့် အတားအဆီးဖြစ်နေသည်။

လုပ်ဆောင်ချက်များအား ဆန်းစစ်ဝေဖန်ခြင်း

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဤစာတမ်းလေ့လာမှုပြုလုပ်နေစဉ်အတွင်း ပြုလုပ်ခဲ့သော ဂျန်ဒါကမ်ပိန်းနှင့် လုပ်ဆောင်ချက်များသည် ကမ်ပိန်းပြုလုပ်သူ များ၏ ကိုယ်ပိုင်နေရာရယူထားမှုနှင့် အခွင့်ထူးများကို သုံးသပ်ရန် အားနည်း ခြင်းနှင့် ၎င်းတို့၏ မြို့ပြသြဇာခံ မြို့များရှိ စက်ရုံများမှစတင်၍ တောင်ပေါ် ကုန်းမြင့်ဒေသမှ ဒေသခံအသိုင်းအဝိုင်းများ၏ မတူညီကွဲပြားလျက်ရှိကြသော ရုန်းကန်လှုပ်ရှားမှုများအပေါ် နားလည်မှုကို ချဲ့ထွင်ရန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ချဥ်းကပ်မှု အားနည်းခြင်းတို့ကြောင့် လိုအပ်ချက်အချို့ ရှိနေသည်။ စက်ရုံ အလုပ်သမားများသည် လုပ်ခလစာနည်းမှု၊ လေကောင်းလေသန့် မရသည့် နေရာများတွင် အလုပ်လုပ်နေရခြင်းကဲ့သို့ အလုပ်နေရာများ ပြဿနာများ၊ နေ့လယ်စာစားချိန်ကို အဆမတန် ကန့်သတ်ထားခြင်း၊ ရေအိမ်အသုံးပြုချိန်က အစ ကန့်သတ်ထားခြင်း၊ သန့်ရှင်းသော ရေကို သောက်သုံးခွင့် မရခြင်း စသည့် ခေါင်းပုံဖြတ်ခံရသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်။ ထိုကိစ္စမှာ ကမ္ဘာလုံးဆိုင်ရာ အရင်းရှင်ဝါဒနှင့် ထိုဝါဒ၏ သက်ရောက်မှုများနှင့် တိုက်ရိုက် ချိတ်ဆက်နေသည်။ တစ်ဖက်တွင် ဗမာမဟုတ်သော တောင်ပေါ်နေ လူ့အဖွဲ့ အစည်းများသည်လည်း သတ္တုတူးဖော်ခြင်းနှင့် သစ်ထုတ်လုပ်ငန်းကဲ့သို့သော ထုတ်လုပ်ရေးပိုင်းဆိုင်ရာ စက်မှုလုပ်ငန်းများနှင့် မပြီးဆုံးနိုင်သော (အငြင်းပွား ဖွယ်) ပြည်တွင်းစစ်များကြားတွင် နေထိုင်နေကြရသည်။ ထို့အပြင် ဗမာအပါ အဝင် လူမျိုးကြီးများ၏ စာစကားနှင့် ယဉ်ကျေးမှုများကို လက်ခံရန်လည်း ဖိအားပေးခံရပြန်သေးသည်။

ဂျန်ဒါအရေး တက်ကြွလှုပ်ရှားသူများနှင့် စည်းရုံးလှုံ့ဆော်သူများသည် အရင်းရှင်စနစ်၏ ဖိနှိပ်ခံမှုကို ခံရသော လူများစု၏ လိုအပ်ချက်များထက် အရင်းရှင်စနစ်၏ အသုံးချခံဖြစ်သော ခေါင်းဆောင်မှုရာထူးများ ရှိသည့် အခွင့် ထူးခံ လူနည်းစု၏ လိုအပ်ချက်များကို ဦးစားပေးလုပ်ဆောင်ခဲ့သည်။ မြန်မာ နိုင်ငံ၏ အားလုံးပါဝင်ပြီး တရားမျှတမှုရှိသော လူမှုအသိုင်းအဝိုင်းတစ်ခုကို ဖော်ဆောင်နိုင်ရေးတွင် ချန်လှပ်ခံရသော ဖယ်ကြဉ်ခံလူတန်းစား၏ အသံများ ကို အသိအမှတ်ပြုရန် အရေးကြီးလှသည်။ ဖယ်ကြဉ်ခံအမျိုးသမီးများ၏ နေထိုင်မှုအတွေ့အကြုံများကို လေ့လာခြင်းသည် ဖမ်မနစ်လှုပ်ရှားမှုများကို တရားမျှတမှု ဆောင်ကြဥ်းပြီး ဖိုဝါဒီဆန်သော နိုင်ငံရေးစနစ်ကို အဆုံးသတ်ရန် အတွက် သမားရိုးကျမဟုတ်သော နည်းလမ်းတစ်ခုကို ဖန်တီးရန်အတွက် လည်း ကူညီရာရောက်လိမ့်မည်။ ဂျန်ဒါအ‌ရေးတက်ကြွလှုပ်ရှားမှုသည် ကွဲပြား သော လူမှုလူတန်းစားနှင့် မျိုးနွယ်စုများ၏ ဖိနှိပ်မှုအလွှာပေါင်းစုံကို နားလည် နိုင်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ ထပ်တူပါဝင်သည့် သုံးသပ်မှုနည်းနာများကို လက်သင့်ခံသင့်သည်။

ကာလပေါ်ဂျန်ဒါအရေးလှုပ်ရှားမှုတွင် တွေ့ရတတ်သော ပြဿနာများကို စင်ဇီနာ အာရူဇာနှင့် အဖွဲ့၏ ‘ဖမ်မနစ်ဝါဒအတွက် ၉၉% မူဝါဒကြေညာ စာတမ်းတစ်ခု’ ဟူသော စာအုပ်တွင် အောက်ပါအတိုင်း ရှင်းပြထားသည်။

အခွင့်ထူးခံအမျိုးသမီးများ၏ ကော်ပိုရိတ်လှေကားနှင့် စစ်တပ် ရာထူးစဉ်များကို တက်လှမ်းရန်အတွက် မတောက်တစ်ခေါက် လုပ်နိုင်စွမ်းကို ရည်ညွှန်းဖော်ပြရလျှင် လစ်ဘရယ်ဖမ်မနစ်ဝါဒ သည် ကွဲပြားမှုအတွက် ပေါင်းစည်းထားသော စိတ်အားထက် သန်မှုကို ထွန်းကားစေခြင်းနှင့် အပြည့်အဝအံကိုက်ဖြစ်သော တန်းတူညီမျှမှု၏ စျေးကွက်ဗဟိုပြုရှုထောင့်ကို ဖော်ထုတ် တင်ပြသည်ဟု ဆိုသည်။ ‘ခွဲခြားဆက်ဆံမှု’ ကို ရှုတ်ချပြီး ‘လွတ်လပ်စွာရွေးချယ်မှု’ ကို အားပေးသော်ငြားလည်း လစ်ဘရယ်ဖမ်မနစ်ဝါဒသည် ကြီးမားသည့် အများစုသော အမျိုးသမီးထုအတွက် လွတ်လပ်မှုနှင့် စွမ်းအားမြှင့်တင်ရေးကို မဖြစ်နိုင်အောင် ပြုလုပ်နေသော လူမှုစီးပွားရေးဆိုင်ရာ အကန့် အသတ်များကို ဖော်ထုတ်ရန်အတွက် ငြင်းပယ်နေသေးသည်။ လူမှုရာထူးအဆင့်ဆင့်သွားသည့် စနစ်ကို ပယ်ဖျက်ရန် နည်းလမ်းရှာဖွေရမည့်အစား လစ်ဘရယ်ဖမ်မနစ်ဝါဒသည် ‘ကွဲပြားအောင်’ ပြုလုပ်ခြင်း၊ ‘အရည်အချင်း’ ရှိသော အမျိုးသမီးများကို ထိပ်ဆုံးသို့ရောက်အောင် ‘စွမ်းအား မြှင့်တင် ပေးခြင်း’ များကို ပြုလုပ်ရန်သာ ရည်ရွယ်နေသည်။ အဓိပ္ပာယ် ဖွင့်ဆိုချက်အရဆိုလျှင် အဓိကအကျိုးအမြတ်ရသူများမှာ လူမှု ဆိုင်ရာ၊ ယဥ်ကျေးမှုဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ အကျိုးအမြတ် များကို အတော်ပိုင်ဆိုင်ထားပြီးဖြစ်သော သူများသာ ဖြစ် သည်။ အခြားသူအားလုံးမှာ အောက်ခြေအဆင့်တွင်သာ ဆက် ပြီး ပိတ်မိနေကြသည်။24

စင်ဇီနာအာရူဇာနှင့် အဖွဲ့၏ အဆိုပြုချက်များသည် ကြားဖြတ်ချဥ်းကပ်ခြင်း နည်းလမ်းနှင့် ဖမ်မနစ် လှုပ်ရှားမှုများကို ဂျန်ဒါတန်းတူရေးနှင့် အမျိုးသမီး အခွင့်အရေးများအတွက်သာ ပြောဆိုရန် ကန့်သတ်ထားမည့်အစား အရင်းရှင် စနစ် တိုက်ဖျက်ရေးနှင့် အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုများအတွက် အသုံးချရန် ဘာကြောင့် အရေးကြီးကြောင်းကို နားလည်စေသည်။ မြန်မာနိုင်ငံ တွင် သီးခြားရှိနေသည့် ပြဿနာတစ်ခုချင်းစီထက် ပို၍ကျယ်ပြန့်သော အကြမ်းဖက်စနစ်အကြောင်းကို ဆွေးနွေးပြောဆိုရန် အရေးကြီးသောလှုပ်ရှား မှုများ အဆောတလျင်လိုအပ်နေသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးအားလုံး အတွက် တရားမျှတမှုရရှိရေးကိစ္စရပ်သည် အချို့အုပ်စုများမှ အမျိုးသမီးများ ကို အရင်းအမြစ်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးကိစ္စထက် ပို၍အလေးပေးသင့်သည်။ မြန်မာနိုင်ငံမှ ဂျန်ဒါအရေး တက်ကြွလှုပ်ရှားမှုများ သည် ဂျန်ဒါတန်းတူရေးကိစ္စများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် ထိပ်ဆုံး ရာထူးနေရာများသို့ တက်လှမ်း‌နေသော အခွင့်ထူးခံ အမျိုးသမီးများ၏ ပုံရိပ် အသစ်တစ်ခုကို ဖန်တီးပေးနေပြီး ကမ်ပိန်းဦးဆောင်သူတစ်ယောက်က ထို သဘောတရားနှင့် ပတ်သက်၍ “အာဏာကို အသုံးပြုပြီး အာဏာကို ချေဖျက်စို့”25 ဟု ဆိုခဲ့ဖူးသည်။ အခွင့်ထူးခံအုပ်စုများ၏ ထိပ်ဆုံးသို့ရောက်ရန် ပြိုင်ဆိုင်မှုသည် ကိုယ်စားပြုခြင်းမခံရသောအုပ်စုမှ အမျိုးသမီးများကို ၎င်းတို့ အလားအလာရှိသည့်အတိုင်း တက်လှမ်းနိုင်ရန်အတွက် အခက်အခဲဖြစ်စေ သည်။ ဤအချက်သည် ကွဲပြားသော အမျိုးသမီးများနှင့် အုပ်စုများအတွက် ခြားနားသော ဖိနှိပ်မှုပုံစံများနှင့် အတွေ့အကြုံများကိုလည်း ဆက်လက်ပြီး ဖုံးကွယ်ထားပေးရာ ရောက်နေသည်။ ကျွန်မ၏ ခရီးစဉ်အတွင်း ကရင်၊ ကချင်၊ ရှမ်းနှင့် နာဂဒေသတို့မှ အမျိုးသမီးများနှင့် တွေ့ဆုံမှုမှ သိခဲ့ရသည်မှာ ဂျန်ဒါ တန်းတူညီမျှရေးဆိုသည်မှာ အချိန်မီပြီးမြောက်အောင် လုပ်ဆောင်ရမည့်ကိစ္စ တစ်ခု မဟုတ်ဘဲ အဖွဲ့အသီးသီးမှ ဖမ်မနစ်များနှင့် မဟာမိတ်ဖွဲ့ခြင်းနှင့် နိုင်ငံရေး စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်းတို့ ပြုလုပ်ကာ လူမှုတရားမျှတ မှုအတွက် တိုက်ပွဲဝင်ခြင်းနှင့် ဖိုပဓာနဝါဒ ဖြိုဖျက်ရေးတို့ကို ရေရှည်ပြုလုပ် ဆောင်ရွက်သွားရမည့် ကိစ္စတစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် ကိုယ်စားပြု ခြင်းမခံရသော လူထု၏ အသံများနှင့် ဂျန်ဒါတက်ကြွလှုပ်ရှားမှုများကြားက ကွာဟချက်ကို နည်းပါးလာစေရန်အတွက် တစ်ခုတည်းသော ဖြစ်နိုင်ဖွယ်ရာ နည်းလမ်းဖြစ်သည်။

လေ့လာချက် (၁)

ကျွန်မ၏ ပထမဦးဆုံးခရီးစဉ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် နာဂဒေသ တည်ရှိရာ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်သို့ ထွက်ခွာခဲ့သည်။ အဆိုပါ နှစ်တွင် ကျင်းပသော နာဂလူမျိုးများ၏ နှစ်သစ်ကူး ပွဲတော်သို့ စစ်တပ်မှ ခန့်အပ်ထားသော ဒုတိယသမ္မတမြင့်ဆွေတက်ရောက်ခဲ့သည်။ ငှက်ပျောအူ တိုင်နှင့် ထင်းစည်း အမြောက်အမြားကို ကျောပေါ်တွင် ကြိမ်ခြင်းများဖြင့် သယ်ဆောင်ရင်း တောင်ပေါ်လမ်းများသို့ တက်ရောက်သွားကြသော အမျိုးသမီးများကို ကားဖြင့် သွားနေစဉ် ကျွန်မမြင်တွေ့ခဲ့ရသည်။ သူတို့သည် သူတို့၏ အိမ်မှ (၆) မိုင်၊ (၇) မိုင်ခန့်ဝေးကွာသော ဂျွန်းလယ်ကွင်းများထဲမှ26 ပြန်လာကြခြင်း ဖြစ်သည်။ ထိုပုံရိပ်များက ကျွန်မ၏ အာရုံကို ဖမ်းစားသွားခဲ့ သည်။ ထိုပုံရိပ်များသည် နေပြည်တော်၌ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့် ရန်ကုန်ရှိ ခမ်းနားသော ဟိုတယ်ကြီးများတွင် ကျင်းပ သည့် အမျိုးသမီးဖိုရမ်များတွင် ကျွန်မမြင်တွေ့ခဲ့ရသည့် အမျိုးသမီးများ၏ ပုံရိပ်နှင့် အလွန်ကွဲပြားလျက် ရှိ‌နေခြင်းကြောင့်ဖြစ်သည်။

အဆိုပါ နိုင်ငံတော်အဆင့်ရှိ နာဂနှစ်ကူးပွဲတော် ဖြစ်မြောက်ရန်အတွက် အမျိုးသားအဆင့် အမျိုးသမီးများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေ ကြသော်လည်း စင်မြင့်ပေါ်တွင် သို့မဟုတ် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးရာ တွင်မူ အမျိုးသမီးများ မပါဝင်ရပေ။ ထိုသို့သောကိစ္စများတွင်မူ ယူနီဖောင်း ဝတ်ဆင်ထားသော အမျိုးသားများသာ ပါဝင်ကြလေ့ရှိသည်။ ဒေသခံ အမျိုးသမီးများသည် ပွဲတော် တစ်ခုလုံးသို့ တက်ရောက်လာသော ဧည့်သည် အယောက် (၃,၀၀၀) ကျော်အတွက် ချက်ပြုတ်ပေးကြရပြီး လူတိုင်း ဝဝလင် လင်စားသောက်နိုင်ရေး လုပ်ဆောင်ပေးခဲ့ကြသည်။ ဒုတိယသမ္မတ မြင့်ဆွေမှ အခမ်းအနားကို ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်သောအခါ အမျိုးသမီးငယ်များသည် မိတ်ကပ်အပြည့်အစုံဖြင့် ကောင်းမွန်စွာဝတ်စားကာ အရေးပါသော အမျိုးသား များ၏ ဘေးတွင်သာ ရပ်နေခဲ့ကြသည်။ ဤပုံရိပ်များမှာ လူသိရှင်ကြား ပရောဂျက်များအပါအဝင် မီဒီယာများတွင် ကျွန်မတို့ အမြဲတမ်းမြင်တွေ့ရလေ့ ရှိသည့် အမျိုးသားများအား အရေးပါသောပုဂ္ဂိုလ်များအဖြစ် ပုံဖော်ကာ အမျိုးသမီးများကို လက်အောက်ခံများအဖြစ် တွန်းပို့ထားရာရောက်သော ပုံရိပ် များဖြစ်သည်။ အဆိုပါဓာတ်ပုံများသည် မြန်မာနိုင်ငံကို အမျိုးသားလွှမ်းမိုး သော လူမှုအသိုင်းအဝိုင်းအဖြစ် ဖော်ပြနေရုံသာမက အမျိုးသားများသည် အလယ်ဗဟိုတွင် အမြဲတမ်းရှိပြီး အမျိုးသမီးများက ဝန်းရံရသည်ဟူသော လူမှုအသိုင်းအဝိုင်း၏ တည်ဆောက်ထားသော ဂျန်ဒါအခန်းကဏ္ဍများကိုပါ ထပ်လောင်းအတည်ပြုနေသည်။ ထိုကဲ့သို့သော ဂျန်ဒါစံနှုန်းများသည် နာဂ လူမျိုးစုအသိုင်းအဝိုင်းထဲတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြသော်လည်း နာဂ အမျိုးသမီးများသည် နှစ်ခါပြန် ချန်လှပ်ထားခံရခြင်းနှင့် ကြုံတွေ့နေကြရ သည်။ နှစ်ခါပြန် ချန်လှပ်ထားခံရခြင်းကို ဥပမာအားဖြင့်ဆိုသော် ရိုဟင်ဂျာ အမျိုးသမီးများနှင့် မွတ်စလင်အမျိုးသမီးများကို ဖယ်ချန်ထားခြင်းသည် ပြည်နယ်တွင်း အကြမ်းဖက်မှုများ၊ ကိုယ်ပိုင်လူမှုအသိုင်းအဝိုင်းမှ ဖယ်ထုတ်ခံရ ခြင်းနှင့် ကာလပေါ်ဂျန်ဒါတက်ကြွလှုပ်ရှားမှုများတွင် မပါဝင်ခြင်း စသည်တို့ ဖြစ်သည်။27 ကျွန်မသည် နာဂဒေသသို့ နောက်ထပ် ခရီး (၄) ခါသွားခဲ့ပြီး ထို ခရီးစဉ်အားလုံးသည် အမြစ်တွယ်နေသော ဂျန်ဒါအခြေပြု အထက်အောက် စနစ်နှင့် လှုမှုအသိုင်းအဝိုင်း၏ ရှုထောင့်ပေါင်းစုံတွင် နာဂအမျိုးသမီးများ မည်ကဲ့သို့ ချန်လှပ်ထားခြင်းခံနေရကြောင်းကို ပို၍နားလည်သဘောပေါက်လာ စေသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျွန်မသည် နာဂဒေသ နန်းယွန်းမြို့နယ် ရှိ ကြူးယန်းနှုတ်ညှို ကျေးရွာသို့ သွားရောက်ခဲ့သည်။ ထိုနေရာသို့ သွားရောက် ရန်အတွက် ကောင်းမွန်သောလမ်းများ မရှိပေ။ ဒေသခံများက ရရာစူးဆောက် ကိရိယာများဖြင့် ဖောက်လုပ်ထားသည့် လမ်းကျဥ်းလေးတစ်ခုသာ ရှိသည်။ အဆိုပါလမ်းသည် ပင်လယ်ရေမျက်နှာပြင်အထက် အနည်းဆုံး ပေ (၃,၀၀၀) ခန့်တွင်ရှိပြီး ဘေးတစ်ဖက်တွင် တောင်တန်းများဖြင့် ဝန်းရံထားသည်။ နောက် တစ်နေ့မနက် ကျေးရွာတစ်ဝိုက်၌ ကျွန်မ လမ်းလျှောက် ထွက်သောအခါတွင် အမျိုးသမီးများသည် ဂျွန်းလယ်ကွင်းများသို့ မထွက်ခွာမီ မနက်စောစောထ ကာ ချက်ပြုတ်ခြင်း၊ ဆန်၊ ပြောင်းဖွပ်ခြင်းတို့ကို ပြုလုပ်နေကြသော တွေ့ရ ပြန်သည်။ကျွန်မတည်းသည့်အိမ်မှ အသက် (၂၀) အရွယ်ခန့်ရှိ အမျိုးသမီးငယ် လေးများသည် မနက် (၅) နာရီဝန်းကျင်တွင် အိပ်ရာထပြီး အိမ်မှ (၁၀) မိနစ်ခန့် လမ်းလျှောက်သွားရသော ရေတွင်းမှ ရေသယ်ပြီးနောက် မနက်စာပြင်ရန် မီးဖိုချောင်ဝင်ကာ အိမ်မှုကိစ္စများကို ဝိုင်းဝန်းကူညီပြင်ဆင်ပေးကြသည်။

ကျွန်မသည် ထိုနေရာသို့ နိုင်ငံသားနှင့်ဆိုင်သော အသိပညာပေးခြင်းနှင့် လူ့အခွင့်အရေး သင်တန်းတစ်ခုကို လာရောက်စီစဉ်နေသော သူငယ်ချင်း တစ်ယောက်နှင့်အတူ ရောက်နေခဲ့ခြင်း ဖြစ်သည်။ သင်တန်းသို့ ကျေးရွာ (၄)၊ (၅) ခုမှ လူအယောက် (၅၀) ဝန်းကျင်ခန့် ရောက်လာခဲ့ကြပြီး ၎င်းတို့အထဲတွင် လက်တစ်ဆုပ်စာမျှသော လူဦးရေသည်သာ အမျိုးသမီးများဖြစ်သည်။ ထို လက်တစ်ဆုပ်စာမျှသော အမျိုးသမီးတို့သည်လည်း အခန်းထဲတွင် အချိန်ပြည့် ရှိမနေကြခြင်းက ကျွန်မကို စိတ်ပျက်​စေခဲ့သည်။ နောက်မှ ကျွန်မ သိရှိခဲ့ရ သည်မှာ သူတို့သည် သင်တန်းတက်ရောက်လာသူအားလုံးအတွက် နေ့လယ် စာနှင့် အဆာပြေမုန့်များကို မီးဖိုချောင်ထဲသို့ ဝင်လိုက်၊ ထွက်လိုက်ဖြင့် ပြင်ဆင် နေခြင်း ဖြစ်သည်။

ကျွန်မက အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်၍ စကားပြောခွင့်ရသော အခါ ထိုအမျိုးသမီးများ၏ မျက်လုံးများ အရောက်လက်လာပြီး အလွန်စိတ်ပါ ဝင်စားနေကြပုံရသည်။ ထိုနေ့ ညနေခင်းတွင် သူတို့၏ နေထိုင်မှု အတွေ့အကြုံ များ၊ ချိုးဖောက်ခံနေရသည်ဟု ခံစားရသော သူတို့၏ အခွင့်အရေးများ အကြောင်းကို ကျွန်မနှင့် စကားစမြည်ပြောလိုသည်ဟု ကြားသိရသည်။ သို့သော်လည်း သူတို့က ဗမာစကား မပြောတတ်ကြ၍ ကျွန်မနှင့် လာရောက် မတွေ့ဆုံနိုင်ခဲ့ကြပေ။ သူတို့က ဆီဒေါစာချုပ်အကြောင်း မသိသလို မြန်မာနိုင်ငံ ရှိ ကာလပေါ်ဂျန်ဒါတက်ကြွလှုပ်ရှားသူများ၏ လှုပ်ရှားမှုများ၊ အစီအစဉ်များကို လည်း မကြားဖူးကြပေ။ ထို့ပြင် ဂျန်ဒါနှင့် အမျိုးသမီးအခွင့်အရေး ဆောင်ရွက် သည့် အဖွဲ့အစည်းများမှ ပြုလုပ်သည့် ဆွေးနွေးညှိနှိုင်းအစည်းအဝေးများနှင့် ထုတ်ဝေခဲ့သည့် ပေါ်လစီစာတမ်းများကိုလည်း မသိကြပေ။ သို့သော်လည်း ၎င်းတို့ကိုယ်တိုင်သည် ဖြစ်ပျက်နေသော အရာအားလုံးကို မှန်ကန်နေသည်ဟု မခံစားရပေ။ အမျိုးသားများက အိမ်တွင် ဇိမ်ခံကာ အချဥ်ဖောက်ထားသည့် ဆန်အရက်ကို သောက်သုံးရန်အတွက် စောင့်ဆိုင်းနေချိန်တွင် အမျိုးသမီးများ ၏ အချိန်အများစုသည် မီးဖိုချောင်ထဲနှင့် ဂျွန်းလယ်ကွင်းများတွင် ကုန်ဆုံး နေကြရသည်။ နာဂအမျိုးသမီးဘဝ၏ နေထိုင်မှုပုံစံနှင့် အတွေ့အကြုံများသည် ကျွန်မ ကျင်လည်ရာရပ်ဝန်းရှိ ပုံနှိပ်ထုတ်ဝေထားသည့် စာအုပ်စာတမ်းများနှင့် အက္ခရာစဉ်ဇယားတွင် ပါဝင်ခြင်း မရှိပေ။ မည်သူ တစ်ဦးတစ်ယောက်မျှ သူတို့ ၏ စကားသံများကို နားထောင်ရန်အတွက် အပင်ပန်း မခံခဲ့ကြပေ။

၂၀၁၉ ခုနှစ်၊ မေလတွင် ကျွန်မသည် လေရှီးမြို့နယ် လေရုံကျေးရွာမှ နာဂ အမျိုးသမီးများနှင့် စကားဝိုင်းဆွေးနွေးပွဲတစ်ခု28 စီစဉ်ရန်အတွက် အခွင့်အရေး ရခဲ့သည်။ ထိုခရီးစဉ်သည် ကျွန်မအတွက် နာဂဒေသသို့ လေးကြိမ်မြောက် သွားရောက်ခြင်း ဖြစ်သည်။ လေရုံကျေးရွာသို့ ရောက်ရှိရန်အတွက် ရန်ကုန်မှ (၃) ရက်ကြာ ခရီးသွားခဲ့ရသည်။ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြသော အမျိုးသမီးများကို လမ်းတစ်လျှောက်မြင်တွေ့ခဲ့ရသည်။ ထိုအမျိုးသမီးများ သည် ဂျန်ဒါတန်းတူရေးနှင့် အမျိုးသမီးအခွင့်အရေးများအတွက် လူထုပညာ ပေးခြင်းကို ပြုလုပ်၍ ခေါင်းဆောင်မှုနေရာသို့ ရောက်ရှိရန် အခွင့်အရေး မရှိ ကြသည်မှာ သူတို့၏ အပြစ်မဟုတ်ပေ။ သူတို့သည် မြို့ပေါ်တွင် နေထိုင်ကြ သော အခွင့်ထူးခံ အမျိုးသမီးများကဲ့သို့ လုပ်ငန်းအခွင့်အလမ်းတက်လမ်းမှ အမြင့်သို့ တက်လှမ်းပြီး အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါတန်းတူရေးဆိုင်ရာ ချန်ပီယံများ ဖြစ်လာစေနိုင်လောက်အောင် အရင်းအနှီး၊ အရင်းအမြစ်များ မရရှိ ကြပေ။ မြို့ပြများက ဂျန်ဒါတက်ကြွလှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်နေသော အရေးပါသည့် ရာထူးနေရာများမှ အမျိုးသမီးများအနေဖြင့် လူတိုင်းသည် စမှတ်နေရာတစ်ခုတည်းမှ စထွက်ခဲ့ကြရခြင်း မဟုတ်သည်ကို မသိရှိကြ၍ လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

နာဂအမျိုးသမီးများနှင့် ဗမာမဟုတ်သော ဒေသခံတိုင်းရင်းသား အမျိုးသမီးများသည် ၎င်းတို့ ကျင်လည်ရာပတ်ဝန်းကျင်မှ ဖယ်ကြဉ်ခံရခြင်းနှင့် ကာလပေါ်ဂျန်ဒါလှုပ်ရှားမှုများမှ ဖယ်ကြဉ်ခံရခြင်းဟူ၍ နှစ်ခါပြန် ဖယ်ကြဉ် ခြင်းခံကြရသူများ ဖြစ်သည်။ သူတို့သည် ရိုးရာအစဉ်အလာ စနစ်နှင့် ဓ‌လေ့ ထုံးတမ်းဥပဒေ‌ဘောင်များအတွင်းကပင် အကြမ်းဖက်မှုများကိုလည်း ကြုံတွေ့ ကြရသည်။ နာဂအမျိုးသမီးအဖွဲ့အစည်းမှ နာဂအမျိုးသမီးခေါင်းဆောင်တစ်ဦး က လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် အမွေဆက်ခံခြင်းဆိုင် ရာ ကိစ္စရပ်များကို နာဂအမျိုးသမီးများ ကြုံတွေ့နေရပြီး အမျိုးသားများသာ ပါဝင်‌သော မျိုးနွယ်စုကောင်စီမှ အကြီးအကဲများက အဆိုပါကိစ္စရပ်များကို ဓလေ့ထုံးတမ်းဆိုင်ရာ တရားမျှတမှုစနစ်အရ ကိုင်တွယ်ဖြေရှင်းပေးရန် တွန့်ဆုတ်နေကြသည်ဟု ပြောသည်။ အမျိုးသမီးများသည် သူတို့နှင့် ထိုက်တန် သည့် တရားမျှတမှုကို ရရှိနေသလားဟူ၍ မည်သူမျှ မေးခွန်းထုတ်ခြင်း မရှိဟု လည်း ဆိုသည်။ နာဂဓလေ့ထုံးတမ်းဆိုင်ရာ တရားမျှတမှုစနစ်အရ နယ်မြေ ဆိုင်ရာ ပြဿနာများကို မျိုးနွယ်စုကောင်စီမှ ဖြေရှင်းနိုင်သော်လည်း အိမ်တွင်း အကြမ်းဖက်မှုကိစ္စများကိုမူ မဖြေရှင်းနိုင်ကြပေ။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့် ယှက်ခံရသည့် ကိစ္စများတွင် မျိုးနွယ်စုကောင်စီက နာဂဒေသတွင် တန်ဖိုးအထားရဆုံးဖြစ်သည်ဟု ယူဆကြသော တိရစ္ဆာန်ဖြစ်သည့် မီသွန် (နွားနောက်)29 တစ်ကောင်ကို လျော်ကြေးပေးရန်သာ အမြဲလိုလို ဆုံးဖြတ်လေ့ ရှိသည်။ အကယ်၍ နွားနောက်တစ်ကောင်ကို လက်ခံရရှိခြင်းမရှိလျှင် ကောင်စီ က အဆိုပါ အမှုသည် ကျေးရွာအတွက် အရှက်ရစေသည်ဟုဆိုကာ အမှုကို ပိတ်သိမ်းရန် ကြိုးစားကြသည်။

၂၀၁၉ ခုနှစ်၊ မေလ စကားဝိုင်းဆွေးနွေးပွဲတွင် အမျိုးသမီးအယောက် (၆၀) ခန့် လာရောက် ပူးပေါင်းခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ကလေးငယ်များနှင့်အတူ တက်ရောက်လာကြသော မိခင်များစွာရှိသည်။ ကလေး (၅) ယောက်၏ မိခင်တစ်ဦးက ဆွေးနွေးပွဲမတိုင်မီ (၃) ရက်လောက်အလိုကတည်းက ဝက်နှင့် ကြက်များအတွက် အစာကျွေးရန် ပြင်ဆင်ပေးခဲ့ရပြီး ဤဆွေးနွေးပွဲသို့ သူ ရောက်ရှိနေစဉ် အိမ်မှာမရှိသည့် ကာလအတွင်း ကျန်ရစ်ခဲ့သည့် မိသားစုဝင် များအတွက် အိမ်ထောင်မှုကိစ္စအားလုံးကို ပြုလုပ်ပေးခဲ့ရသည်ဟု ကျွန်မကို ပြောပြသည်။ သူ၏ (၁၁) နှစ်အရွယ်ရှိ သမီးငယ်လေးမှာ သူနှင့်အတူ လိုက်လာ ပြီး မိခင်ဖြစ်သူ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်နေစဉ် ထိုသမီးငယ်လေးက မွေးကင်းစကလေးငယ်လေးကို ကြည့်ရှု စောင့်ရှောက်ပေးသည်။ သား (၃) ဦး၏ မိခင်တစ်ဦးကလည်း သူ၏ ခင်ပွန်းဖြစ်သူက ဖောက်ပြန်ကာ သူ့ကို အိမ်ပေါ်မှ နှင်ချသည်ဟု သူ၏ အိမ်ထောင်ရေးအကြောင်းကို ဖွင့်ဟပြောပြသည်။ သူ့တွင် အလုပ်အကိုင်၊ ဝင်ငွေ မရှိသလို အမျိုးသားဖြစ်သူကလည်း သားများအတွက် ထောက်ပံ့ပေးခြင်း မရှိပေ။ သို့သော် သူက ထိုယောက်ျားနှင့် မကွာရှင်းချင် ကြောင်းဆိုသည်။ သူ၏ ဇာတ်လမ်းက အမျိုးသမီးများစွာတို့သည် သူတို့၏ ခင်ပွန်းများအပေါ်၌ ငွေကြေးအရ မှီခိုနေကြရသည်ကို မီးမောင်းထိုးပြသည်။ သူက ကွာရှင်းပြီးသွားလျှင် အပယ်ခံတစ်ယောက်ဖြစ်သွားမည်ကို စိုးရိမ် ကြောက်ရွံ့နေကြောင်း ထင်ရှားသည်။

ဆွေးနွေးပွဲတွင် အမျိုးသမီးအချို့က နာဂဓလေ့ထုံးတမ်းဥပဒေတွင် အမျိုးသမီးများကို သူတို့၏ မိဘများထံမှ အမွေဆက်ခံခွင့်မရရန် တားမြစ် ထားပြီး ဘိုးဘွားပိုင်အမွေများကို မိသားစုမှ အကြီးဆုံးသားကသာ ပိုင်ဆိုင်ခွင့် ရကြောင်းကို ပြောပြသည်။ နာရီများစွာကြာအောင် ဆွေးနွေးပြီးနောက် အမျိုးသမီးများက ဓလေ့ထုံးတမ်းဥပဒေသည် အမျိုးသားများကို အလေးပေးပြီး ကိစ္စအားလုံးအပေါ်တွင် တရားမျှတမှု မရှိဟု ယူဆကြောင်း ပြောဆိုကြသည်။ အမျိုးသမီးများသည် ငယ်စဉ်ကတည်းက မိဘများ နှင့်အတူ ဂျွန်းလယ်ကွင်း များတွင် ကောက်ပဲသီးနှံ စိုက်ပျိုးရန် ကူညီလုပ်ကိုင်ပေးရသော်လည်း အမွေ ခွဲဝေမှု စနစ်တွင် အမျိုးသမီးဖြစ်နေခြင်းတစ်ခုတည်းကြောင့် လယ်တစ်ကွက်မှ အမွေမရရှိခြင်းကြောင်း ပြောပြသည်။ နာဂထုံးတမ်းဥပဒေများနှင့်ပတ်သက်၍ အချို့သော နာဂအမျိုးသားများနှင့် ကျွန်မ စကားပြောကြည့်သောအခါ သူတို့ က ၎င်းသည် ဖြစ်သင့်သော ကိစ္စတစ်ခုဖြစ်ပြီး ပြောင်းလဲရန်မသင့်ဟု ယူဆ ကြောင်း ပြောကြသည်။ အဆိုပါဥပဒေများသည် အမျိုးသမီးများအတွက် တရားမျှတမှုမရှိဟု အမျိုးသားများက ရှုမြင်ပုံမရပေ။

(၃) ရက်တာ ဆွေးနွေးပွဲအတွင်းတွင် ဆီဒေါ သို့မဟုတ် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃ − ၂၀၂၂) တို့သည် ဒေသခံတိုင်းရင်းသားအမျိုးသမီးများ အတွက် သူတို့နှင့် ထိုက်တန်သည့် တရားမျှတမှုများကို အာမခံချက်ပေးနိုင်ခြင်း မရှိကြောင်း ကျွန်မအနေဖြင့် သိရှိလာခဲ့ရသည်။ သူတို့သည် ဤစာချုပ်စာတမ်းများ အကြောင်းကို တစ်ခါမျှ မကြားဘူးကြပေ။ ထို့ပြင် အမျိုးသမီးများအား အကြမ်းဖက်မှုကို တားမြစ်ခြင်းနှင့် ကာကွယ်ခြင်းကြေညာချက်နှင့် မြန်မာ စစ်အစိုးရက ၂၀၀၇ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသော ဒေသခံဌာနေ လူမျိုးစုများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်းအကြောင်း ကိုလည်း မသိရှိကြပေ။ ဌာနေအမျိုးသမီးများသည် ဂျန်ဒါ၊ အမျိုးသမီး အခွင့် အရေးနှင့် ဒေသခံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ လှုပ်ရှား ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် တွေ့ဆုံရန်လည်း အခွင့်အရေး မရ ကြပေ။

ဆွေးနွေးပွဲမှ အမျိုးသမီးငယ်လေးတစ်စုက နာဂဓလေ့ထုံးတမ်းဆိုင်ရာ ဥပဒေတွင် မည်သို့သော ဥပဒေများကို ရေးသားထားကြောင်းနှင့် မျိုးနွယ်စု ကောင်စီတွင် မည်သူများပါဝင်ကြောင်းကို သူတို့အနေဖြင့် မသိရှိကြကြောင်း ပြောကြားသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသော အမျိုးသမီးအများစုက ဘိုးဘွား ပိုင်ဆိုင်မှုများတွင် နာဂအမျိုးသမီးများကို အမွေဆက်ခံခွင့် အခွင့် အရေးမပေးခြင်းက တရားမျှတမှု မရှိကြောင်းနှင့် တရားမျှတမှု ဖော်ဆောင်ရေး တိုက်ပွဲတွင်လည်း ကူညီသူမရှိဘဲ သူတို့သီးသန့်သာ ဖြစ်နေသည်ဟု ခံစားရ ကြောင်း ပြောကြားသည်။ သူတို့သည် နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် မြို့နေ လူထုကိုသာ ဆွဲဆောင်ရန် ပုံဖော်ထားသော ဂျန်ဒါတက်ကြွလှုပ်ရှားမှုများမှ ဖယ်ကြဉ်ခံထားကြရသည်။ ကမ်ပိန်းပြုလုပ်သူများက မြန်မာနိုင်ငံသည် အမျိုးသမီးအခွင့်အရေးကို လေးစားပြီး ဂျန်ဒါတန်းတူညီမျှရေးတွင် တိုးတက် နေသည့် နိုင်ငံတစ်ခုအဖြစ် သတင်းစကားပါးလေ့ရှိကြသည်။

လေရှီးမြို့၏ အနောက်ဘက်ခြမ်းသည် တန်ခူးမျိုးနွယ်စုများ နေထိုင်သည့် နေရာဖြစ်သည်။ နာဂဒေသတွင် အမျိုးမျိုးသော မျိုးနွယ်စုများက အသီးသီး သော ဓလေ့ထုံးတမ်းဆိုင်ရာ တရားစီရင်ရေးစနစ်နှင့် ဥပဒေများကို ကျင့်သုံးကြ သော်လည်း ထိုဓလေ့ထုံးတမ်းဥပဒေများသည် အမျိုးသားများကို အမျိုးသမီး များထက်ပို၍ မျက်နှာသာပေးထားသည်။ အဆိုပါ ဓလေ့ထုံးတမ်းဥပဒေများက နာဂအမျိုးသမီး များသည် နိုင်ငံသားတစ်ယောက်အနေဖြင့်သော်လည်းကောင်း ၎င်းတို့အသိုင်းအဝိုင်း၏ အဖွဲ့ဝင်တစ်ဦး အနေဖြင့်သော်လည်းကောင်း ရသင့် ရထိုက်သော အခွင့်အရေးအားလုံးကို ရရှိနေခြင်း မရှိသည့် အဓိက အကြောင်း တရားတစ်ခုလည်း ဖြစ်သည်။ (၃) ရက်တာ အချိန်ကာလသည် လေရမ်း ကျေးရွာမှ လူတစ်ဦး တစ်ယောက်ချင်းစီနှင့် အတွေ့အကြုံများ မျှဝေဖလှယ် ကာ လေ့လာနိုင်ရန်အတွက် လုံလောက်မှု မရှိခဲ့ပေ။ တက်ရောက်သူအချို့သည် (၃) ရက်တာ ဆွေးနွေးမှုကို တက်ရောက်နိုင်ရန်အတွက် အလုပ်တာဝန်များကို တစ်ပတ်ခန့် ကြိုတင်၍ လုပ်ဆောင်ထားကြရသည်။ လမ်းခရီးသည်လည်း မိုးရွာလျှင် သွားလာဖို့ မဖြစ်နိုင်သောအနေအထား ဖြစ်သည်။ ဖိနှိပ်မှုများနှင့် ကာလပေါ်နိုင်ငံရေး သို့မဟုတ် ဂျန်ဒါတက်ကြွလှုပ်ရှားမှုများမှ ဖယ်ကြဉ်ခံထား ရမှုအကြောင်းများကို ပြောဆိုသည့်အခါ ကျွန်မတို့ သိရှိနားလည်ရန် လိုအပ်နေ သေးသည့် ဖိနှိပ်မှုအလွှာများစွာ ရှိနေသေးကြောင်း အသိအမှတ်ပြုရန်ဖြစ် သည်။ မတူကွဲပြားသည့် အုပ်စုများမှ အမျိုးသမီးများသည် လူမှုစီးပွားရေး အဆင့်အတန်း၊ လူမျိုးရေးနှင့် ဘာသာရေးများကြောင့် အမျိုးမျိုးသော ဖိနှိပ်မှု ပေါင်းစုံကို ကြုံတွေ့နေရသည်။

လေ့လာချက် (၂)

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ကျွန်မသည် ချင်းအမျိုးသမီးများနှင့် (၂) ရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန်အတွက် ချင်းပြည်နယ် တောင်ပိုင်းရှိ ကန်ပက်လက်မြို့သို့ သွားရောက်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ဤသည်မှာ ဂျန်ဒါနှင့် ပတ်သက်သည့် ဆွေးနွေးဝိုင်း သို့ ၎င်းတို့ ပထမဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ ချင်းပြည်နယ်တောင်ပိုင်းသည် မြောက်ပိုင်းနှင့်ယှဥ်လျှင် အတော်အတန် စုံလင် ကွဲပြားသည်။ မြန်မာနိုင်ငံ၏ နယ်စပ်မြေပြန့်ဒေသနှင့် အနီးတစ်ဝိုက်တွင် ဗုဒ္ဓ ဘာသာဝင်များ ရှိသကဲ့သို့ အစွန်အဖျားကျေးရွာများတွင် နေထိုင်နေကြသည့် နတ်ကိုးကွယ်သူများလည်း ရှိသည်။ သို့သော် အများစုမှာ ခရစ်ယာန်ဘာသာ ဝင်များ ဖြစ်ကြသည်။ (၂) ရက်တာ အလုပ်ရုံဆွေးနွေးပွဲသည် တက်ရောက်လာ သူ အမျိုးသမီးများအား ၎င်းတို့ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို မေးမြန်းခြင်းဖြင့် စတင်ခဲ့ပြီးနောက် ဂျန်ဒါအကြောင်းကို ဆက်လက်ဆွေးနွေးခဲ့ ကြသည်။ တက်ရောက်လာသူ အားလုံးနီးပါးသည် ဆန်းဒေးစကူးဆရာမများ သို့မဟုတ် မူကြိုဆရာမများ ဖြစ်ကြသည်။ တက်ရောက်လာသူများက လိင်ပိုင်း ဆိုင်ရာထိပါးနှောင့်ယှက်ခြင်းများ၊ အိမ်တွင်းအကြမ်းဖက်မှုများကို ဝက် တစ်ကောင် သို့မဟုတ် မီသွန် (နွားနောက်) တစ်ကောင် အလျော်ပေးခြင်းဖြင့် ဖြေရှင်းကြသည်ဟု မျှဝေပြောဆိုသည်။ ကျေးရွာမှ သက်ကြီးဝါကြီးများက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရခြင်းသည် အရေးကြီးသည့် ကိစ္စတစ်ခု မဟုတ်ကြောင်း ပြုလုပ်ကာ ကျေးရွာအတွင်းတွင် ပဋိပက္ခများ မရှိသယောင် ဟန်ဆောင်နေလိုခဲ့ကြသည်။ အမျိုးသမီးများအတွက် တရားမျှတမှု မရှိဘဲ ကျူးလွန်ခံရသည့် အမျိုးသမီး၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက် ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများကိုလည်း အသိအမှတ်ပြုခြင်း မရှိပေ။ ၎င်းတို့ သည်လည်း နာဂအမျိုးသမီးများကဲ့သို့ အမွေဆက်ခံခြင်းဆိုင်ရာတွင် တူညီ သည့် ပြဿနာများရှိကြောင်း မျှဝေပြောဆိုခဲ့သည်။

ဤအမျိုးသမီးများသည်လည်း ဆီဒေါနှင့် အခြားသော ကာလပေါ် ဂျန်ဒါ လှုပ်ရှားမှုများ သို့မဟုတ် ‘ဂျန်ဒါ’ ဟူသော စကားလုံး၏ အဓိပ္ပာယ်ကိုပင် မသိ ရှိကြပေ။ ဤအကြောင်းအရာများကို မသိသည်မှာလည်း ထိုအမျိုးသမီးများ၏ အပြစ်မဟုတ်ချေ။ ပေါ်လစီရေးဆွဲသူများနှင့် ဒေသတွင်း ခေါင်းဆောင်များက အဆိုပါညီလာခံများ၏ ထောက်ခံချက်များကို အကောင်အထည်ဖော်လိုစိတ် မရှိလျှင် နိုင်ငံတကာစာချုပ်များနှင့် အခမ်းအနားများသည် ကျွန်မတို့နှင့် တွေ့ဆုံခဲ့သော အမျိုးသမီးများအတွက် အနည်းငယ်မျှသာ အဓိပ္ပာယ်ရှိပြီး ငြီးငွေ့ဖွယ်ကောင်းလှသည်။ ထိုအမျိုးသမီးများသည် ဖိနှိပ်မှုအလွှာများနှင့် ဒေသတွင်း၊ ဒေသပြင်မှ ဖယ်ကြဉ်ထားခြင်းများကို ခံစားကြုံတွေ့နေရစဉ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ သူတို့အား ကူညီပေးခဲ့ခြင်း မရှိပေ။ ဒုတိယနေ့ တွင် သမိုင်းထဲမှ အမျိုးမျိုးသော ဖမ်မနစ်လှုပ်ရှားမှုများ အကြောင်းကို ပြောကြ သောအခါ ဖမ်မနစ်ဝါဒကို အမျိုးသမီးအခွင့်အရေးများအကြောင်းကိုသာ ထုတ် ဖော်သည့် လူမှုတရားမျှတမှုအတွက် လုပ်ဆောင်ချက်တစ်ခုအနေနှင့်သာမက ပို၍ ကျယ်ပြန့်သော ရုန်းကန်လှုပ်ရှားမှုများတွင် တရားမမျှတမှုများကိုပါ ထုတ် ဖော်သည်ဟု နားလည်လာကြသောအခါ တက်ရောက်လာသည့် အမျိုးသမီး များသည် ဖမ်မနစ်ဝါဒအကြောင်းကို ပြောဆိုဆွေးနွေးရန် ပို၍ စိတ်အား ထက်သန်လာကြသည်။ ၁၉၉၀ ခုနှစ်များက အမေရိကန်ပြည်ထောင်စုမှ မဲပေး ခွင့်လှုပ်ရှားမှုများအကြောင်းကို ရိုက်ကူးထားသည့် အိုင်းရွန်းဂျောအိန်ဂျယ် ဟူသော ရုပ်ရှင်ကို အတူကြည့်ကြသည့်အခါ သူတို့သည် ရုပ်ရှင်ကို စိတ်ဝင်စား ခဲ့ကြပြီး တရားမျှတမှုဆိုသည်မှာ သမိုင်းတွင်ရှိခဲ့သော အမျိုးသမီးများ ပြုလုပ် ခဲ့သည့် စွန့်လွှတ်အနစ်နာခံမှုများနှင့် မပြောင်းလဲသော ရာဒီကယ်စိန်ခေါ်မှုများ မှ ရရှိလာခဲ့ရကြောင်းကို သိလာကြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ချင်းပြည်နယ်သည် စစ်မက်ပဋိပက္ခဖြစ်ပွားရာဒေသ ဖြစ်လာသော်ငြားလည်း ချင်းအမျိုးသမီးများ ကြုံတွေ့နေရသော ဖိုပဓာနဝါဒီကြီးစိုးမှုကိစ္စသည် ကရင်နှင့် ကချင်ပြည်နယ် ကဲ့သို့သော ပဋိပက္ခဖြစ်ပွားသည့် ဒေသများမှ အမျိုးသမီးများ သို့မဟုတ် စက်ရုံ အလုပ်သမများ ကြုံတွေ့ရသည့်ပုံစံများနှင့် ကွဲပြားသည်။ ချင်းဓလေ့ထုံးတမ်း ဥပဒေများသည် အလွန်အားကောင်းသည့်အတွက် ဥပဒေပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် လုံလောက်မှုမရှိပေ။ ချင်းအမျိုးသမီးများ ကဲ့သို့ သော လူနည်းစုအုပ်စုများရှိ အမျိုးသမီးများအတွက် တရားမျှတမှုဆိုင်ရာ မေးခွန်းသည် ဒေသခံများ၏ ရိုးရာယဥ်ကျေးမှုနှင့် ဗဟုသုတ နားလည်နိုင်စွမ်း စနစ်ကို အသိအမှတ်ပြု လေးစားလျက် လက်တွေ့နေထိုင်မှုပုံစံနှင့် ပေါင်းစပ် ထားသော သိမ်မွေ့စေ့စပ်သည့် ချဉ်းကပ်မှုမျိုး လိုအပ်ပါသည်။

လေ့လာချက် (၃)

၂၀၁၉ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ကျွန်မသည် ကရင်အမျိုးသမီးအစည်းအရုံး မှ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကျင်းပပြုလုပ်သော (၅) ရက်ကြာ သင်တန်းသို့ ဖိတ်ကြားခြင်းခံခဲ့ရသည်။ ပထမနေ့တွင် ကော့ကရိတ်၏ နေရာ ဒေသမျိုးစုံမှ ရောက်ရှိလာသော အမျိုးသမီး အယောက် (၃၀) လုံးကို တရား မျှတမှုကို မည်သို့နားလည်ကြောင်း မေးမြန်းခဲ့သည်။ သူတို့ထဲမှ အများစုသည် ယခုကဲ့သို့ စကားဝိုင်းဆွေးနွေးပွဲမျိုးကို တက်ရောက်ခဲ့ဖူးခြင်း မရှိပေ။ လူမှု တရားမျှတမှုဆိုသည်ကို ကရင်စကားဖြင့် မည်သို့ခေါ်ဝေါ်ကြောင်းကိုလည်း မေးမြန်းခဲ့သည်။30 ဤမေးခွန်းများကို မေးမြန်းအဖြေရှာသည့်အခါတွင် တက်ရောက်သူများသည် နိုင်ငံတော်အဆင့် ဖြစ်ပွားခဲ့သော နိုင်ငံရေးဖြစ်စဉ် များဖြစ်သည့် ၁၉၆၂ အာဏာသိမ်းမှု၊ ၁၉၈၈ အာဏာသိမ်းမှု၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး၊ ၂၀၀၈ လူထုဆန္ဒခံယူပွဲ စသည်တို့ထက် မိမိတို့ဒေသတွင်း အချိန်ကာလဇယားတစ်ခု ဖန်တီးခဲ့သည်။ ကရင်အမျိုးသမီးများ ချရေးခဲ့သည့် အချိန်ကာလဇယားမှာ ရိုးရှင်းသော်လည်း တစ်စုံတစ်ရာကို မီးမောင်းထိုးပြခဲ့ သည်။ အားလုံးသော ခုနှစ်များသည် သူတို့ကြုံတွေ့ခဲ့ရသည့် တရားမမျှတမှု များ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ၊ မြန်မာတပ်မတော်က ကျေးရွာ များကို မီးရှို့ဖျက်ဆီးမှုများ၊ သူတို့၏ မိသားစုဝင်များကို သတ်ဖြတ်ခဲ့ခြင်းများ စသည့် သူတို့ကြုံတွေ့ခဲ့ရသော ကိစ္စများဖြစ်သည်။ သူတို့၏ အချိန်ကာလ ဇယားတွင် ထုတ်ဖော်ပြောကြားခဲ့သည့် နာမည်များမှာ မြန်မာတပ်မတော် သို့မဟုတ် ဒီကေဘီအေစစ်သားများမှ31 အဓမ္မကျင့်ခဲ့သော အမျိုးသမီးများ၏ နာမည်များဖြစ်ပြီး ယခုအချိန်အထိ အဆိုပါအမျိုးသမီးများအတွက် တရား မျှတမှုကို ဖော်မပေးနိုင်သေးပေ။ အဓိကနိုင်ငံရေးဖြစ်စဉ်များဖြစ်သည့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၊ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၂ နှင့် ၂၀၁၅ ရွေးကောက်ပွဲများ၊ ၂၁ ရာစု ပင်လုံညီလာခံ စသည်တို့သည် အမျိုးသားလွှမ်းမိုးမှုများပြီး အမျိုးသားများ၏ နိုင်ငံရေးအချိန်ဇယားများသာ ဖြစ်နေပြီး အဆိုပါဖြစ်စဉ်များသည် သူတို့အပေါ် ကိုယ်စားပြုမှုမရှိဟု ခံစားရကြောင်း အမျိုးသမီးများက ပြောကြားသည်။ ဤ အမျိုးသမီးများအတွက် ဗမာလူမျိုးများအနေဖြင့် နိုင်ငံရေးအောင်မြင်မှုများဟု မကြာခဏ ကြွေးကြော်လေ့ရှိသည့် နိုင်ငံလုံးဆိုင်ရာ အဖြစ်အပျက်များသည် တရားမျှတမှု သို့မဟုတ် မတရားမှုအပေါ် အောင်ပွဲခံခြင်း၏ အမှတ်သညာ လည်း မဟုတ်ခဲ့ပေ။ ၂၀၁၀ ခုနှစ်များ အစောပိုင်းတွင် မြန်မာနိုင်ငံ၏ တံခါးဖွင့် ဝါဒပြန်လည်ကျင့်သုံးခြင်း စတင်ခဲ့သော်ငြားလည်း ကရင်အမျိုးသမီးများ အတွက် လူမှုတရားမျှတမှုမှာ ငြင်းဆိုခံနေကြရဆဲဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ (၃) ရက် သင်တန်းဒုတိယနေ့တွင် အဓမ္မပြုကျင့်မှု တစ်ခုအကြောင်းကို အစီရင်ခံ ပြောကြားခဲ့ကြသည်။ ကရင်အမျိုးသမီးတစ်ဦး က ဒူးရင်းစိုက်ခင်းတစ်ခုတွင် ဒူးရင်းသီးများကို ခူးဆွတ်နေစဉ်တွင် မြန်မာ စစ်သားတစ်ဦးမှ အဆိုပါခြံဝင်းသို့ ကျူးကျော်ဝင်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ ခြင်း ဖြစ်သည်။ ကရင်အမျိုးသမီးအဖွဲ့အစည်းသည် အဆိုပါကိစ္စကို အရပ်သား ခုံရုံးတင်၍ စစ်ဆေးရန် ကြိုးပမ်းခဲ့သည်။ ထိုစဉ်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်အေ) နှင့် မြန်မာတပ်မတော်တို့ အကြား နှစ်ဘက်အပစ်အခတ်ရပ်စဲရေး ပြုလုပ်မည်ဟု ယူဆနေကြသည့် အချိန်ဖြစ်သော်လည်း တက်ရောက်လာသူ အမျိုးသမီးများက ၎င်းတို့အတွက် လုံခြုံရေးနှင့်ဆိုင်သော ပူပန်သောကများကို နေ့ညမပြတ် စိုးရိမ်နေခဲ့ရကြောင်း ဖော်ပြခဲ့ကြသည်။32 ဗမာစစ်တပ်သည် ကရင်ပြည်နယ်ရှိ ကျေးရွာများသို့ နယ်မြေတိုးချဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး အမျိုးသမီးအချို့သည် မြန်မာစစ်သားများ ရွာထဲဝင်ရောက်လာပြီး ညဘက်တွင် သူတို့အား အဓမ္မပြုကျင့်မည်ကို ကြောက်ရွံ့ခဲ့ကြရသည့်အကြောင်း ပြောဆိုကြသည်။ အမျိုးသမီးများသည် အမျိုးသားများ၏ နိုင်ငံရေးကစားကွက်တွင် အသုံးချခံရမှာကို ကြောက်ရွံ့ခဲ့ကြ ပြီး တကယ်တမ်းပါဝင်လုပ်ဆောင်ခွင့်မရဘဲ အဖြည့်ခံသက်သက်ဖြစ်သွားမည် ကို စိုးရိမ်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးအများစုသည် ကေအန်ယူ အပါအဝင် အခြားသော အဖွဲ့အစည်းများအတွင်းတွင် အမျိုးသားများမှ ခွဲခြား ဆက်ဆံခြင်းများကို တွေ့ကြုံခဲ့ရပြီး ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များ အတွက်လည်း လုံလောက်သော ပညာရေး သို့မဟုတ် အာဏာရှိသော ရာထူး နေရာများ၌ မရှိခဲ့ကြပေသည်။ အမျိုးသမီးများစွာတို့သည် ကရင်လူမျိုးများ လွတ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်နေကြသော်လည်း သူတို့၏ လုပ်ဆောင်ချက်များကို အထင်သေးပြီး လျှော့တွက်ခံခဲ့ကြရသည်။ ဖမ်မနစ် လှုပ်ရှားမှု တည်ဆောက်ရေးနှင့် ကိုယ်တိုင်ကိုယ်ကျ ထပ်တူပါဝင်ချဉ်းကပ် နည်းအကြောင်းကို ဆွေးနွေးကြရာတွင် သူတို့သည် လူမှုတရားမျှတမှုဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုကို စုစည်းစွာ စတင်လုပ်ဆောင်နိုင်ရန်အတွက် အခြား သော အမေ့လျော့ခံ အမျိုးသမီးများနှင့် မဟာမိတ်တည်ဆောက်ရန် လိုအပ် သည်ကို လျင်မြန်စွာ သဘောပေါက်ခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိခဲ့သည့် ကျွန်မ၏ အတွေ့အကြုံက ကရင်အမျိုးသမီးများ တောင်းဆိုနေသော တရားမျှတမှုသည် ကာလပေါ် ဂျန်ဒါ တက်ကြွလှုပ်ရှားမှုများက ရန်ကုန်ရှိ ခေတ်မီဟိုတယ်ကြီးများတွင် အသိပညာ ပေးနေသော တရားမျှတမှု၏ သဘောတရားများနှင့် အလွန်ကွာခြားနေ ကြောင်းကို ဖော်ပြနေသည်။ ကရင်အမျိုးသမီးများ၏ တရားမျှတမှုဆိုင်ရာ အမြင်သည် တရားမျှတမှုပရောဂျက်များ လုပ်ဆောင်ရန်အတွက် ဒေါ်လာ မီလီယံနှင့်ချီ၍ ရရှိရန် မဟုတ်သလို ဖမ်မနစ် သို့မဟုတ် ဂျန်ဒါတက်ကြွ လှုပ်ရှားမှုစာရင်းများကို ခြစ်မှတ်ထားနိုင်ရန်လည်း မဟုတ်ပေ။ သူတို့သည် သူတို့နှင့်ထိုက်တန်သော လူမှုတရားမျှတမှုကို တောင်းဆိုနေကြခြင်းဖြစ်ပြီး သူတို့၏ နေထိုင်မှု အတွေ့အကြုံများက လက်ရှိ ပေါ်လစီများ၊ ဥပဒေ ရေးဆွဲ ရေးလုပ်ငန်းစဉ်များ၊ ပိုမိုကြီးမားကျယ်ပြန့်သော အခြေအနေတွင် လျစ်လျူရှု မခံရရန်၊ အမျိုးသမီးများနှင့်သက်ဆိုင်သော ရပ်ရွာအတွင်း၊ ဒေသအတွင်း၊ နိုင်ငံ အတွင်း အရေးကိစ္စများတွင် ဘေးပို့မခံထားရရန်အတွက်သာ ဖြစ်သည်။

လေ့လာချက် (၄)

ကျွန်မ၏ မိတ်ဆွေသူငယ်ချင်းအများစုသည် ရန်ကုန်မှ ဗမာလူမျိုးများ ဖြစ်ကြ သည့်အလျောက် စုံလင်သော သတင်းအချက်အလက်များကို လက်လှမ်းမီ သော အခွင့်အရေးများ ရှိကြသည်။ ကျွန်မ၏ မိတ်ဆွေသူငယ်ချင်းများနှင့် လူမှုတရားမျှတရေး၊ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံခံရခြင်းများအကြောင်းကို မကြာ ခဏ စကားပြောဆိုဆွေနွေးဖြစ်ကြသည်။ သို့သော်လည်း ကျွန်မ၏ သူငယ်ချင်း များက ရန်ကုန်မှ ဂျန်ဒါတက်ကြွလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားရန်အတွက် စိတ်အားထက်သန်မှု မရှိကြကြောင်း သိရှိရသည်။ သူငယ်ချင်းတစ်ယောက်က မူ ထိုလှုပ်ရှားမှုများသည် အကျိုးသက်ရောက်မှုမရှိဘဲ သူကိုယ်တိုင်ပင်လျှင် အဆိုပါလှုပ်ရှားမှုများနှင့် ဝေးကွာသည်ဟု ခံစားရကြောင်း ကျွန်မကို ပြောကြား ခဲ့ဖူးသည်။ သို့သော် သူ့အနေဖြင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများနှင့် ဂျန်ဒါ ခွဲခြားဆက်ဆံမှုများကို တွေ့ကြုံခဲ့ခြင်းမရှိဟု ဆိုလိုခြင်းမဟုတ်ဘဲ ဒေါ်လာ မီလီယံနှင့်ချီ အကုန်ကျခံထားသော ကြီးမားသည့် ကာလပေါ်ဂျန်ဒါလှုပ်ရှားမှု များသည် မြို့နေလူငယ်များအတွက်ပင် ပြောင်းလဲမှုတစ်စုံတစ်ရာကို ဆောင်ကြဉ်းပေးနိုင်ခြင်းမရှိဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုအထဲမှ သူငယ်ချင်း တစ်ယောက်က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ထိုဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်လာရေးကိစ္စသည် ဘာကြောင့် အလွန်အရေးပါသည်ဟု ရှုမြင်နေကြမှန်း သူ့အနေဖြင့် နားမလည်ကြောင်း ကျွန်မကို ပြောပြခဲ့ဖူးသည်။

လစ်ဘရယ်ဖမ်မနစ်ဝါဒ တစ်ခေတ်ဆန်းချိန်

လူတစ်ဦးချင်းစီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းဆောင်မှုမြှင့်တင်ရေးနှင့် လွတ်လပ် စွာ ရွေးချယ်ပိုင်ခွင့်ကို မြှင့်တင်ပေးခြင်း၊ အမျိုးသမီးငယ်များနှင့် ကွီးယားများ အား သူတို့၏ အခွင့်အရေးအတွက် ရပ်တည်ရန် သင်ကြားပေးခြင်း၊ “ကိုယ့်ခန္ဓာ ကိုယ့်သဘော၊ အမျိုးသမီးများသည်လည်း လုပ်နိုင်စွမ်းသည်” စသည့် ဆောင်ပုဒ်များကို ဖြန့်ဝေခြင်းတို့သည် ကာလပေါ်ဂျန်ဒါလှုပ်ရှားမှု၏ ဝိသေသ လက္ခဏာများတွင် ပါဝင်သည်။ ၎င်းတို့က ကြံ့ခိုင်သောအမျိုးသမီးများဖြစ်ပါက အိမ်မှုကိစ္စရပ်များကို လုပ်စရာမလိုဘဲ ပိုက်ဆံရသည့် ပြင်ပအလုပ်များကိုသာ လုပ်ရန်လိုအပ်သည်ဟူသော သဘောတရားကို အားပေးထောက်ခံပြီး အမျိုးသမီးအားလုံးတွင် အခွင့်အရေးညီတူညီမျှ မရှိကြခြင်းနှင့် အမျိုးမျိုးသော ဖိနှိပ်မှုပုံစံများကို ကြုံတွေ့နေရခြင်းဟူသည့် အချက်ကို လျစ်လျူရှုထားကြ သည်။ ရာထူးမြင့်သည့် အမျိုးသမီးများသည် ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် သည်အထိ လုပ်နိုင်သည့် ကြံ့ခိုင်သော အမျိုးသမီးများအဖြစ် မကြာခဏ ပုံဖော်ခြင်းခံရသည်။ သို့သော်လည်း ရာထူးမြင့်သည့် အမျိုးသမီးများသည် ၎င်းတို့လုပ်ကိုင်လျက်ရှိ‌သော အလုပ်အကိုင်များအား လွယ်လင့်တကူရရှိနေ သည့် အခွင့်ထူးနှင့် လူမှုစီးပွားရေးဆိုင်ရာ အခြေအနေများကို တော်ရုံနှင့် မေးခွန်းထုတ်လေ့ မရှိကြပေ။ တစ်ဖက်တွင်လည်း ဖွဲ့စည်းပုံအရ မညီမျှမှုများ နှင့် စနစ်တကျ ဖိနှိပ်မှုများကြောင့် ဖယ်ကြဉ်ခံအမျိုးသမီးများသည် အရင်း အမြစ်များစွာကို လက်လှမ်းမမီနိုင်ကြပေ။ သို့သော် ကာလပေါ်ဂျန်ဒါလှုပ်ရှား မှုများတွင် တစ်သီးပုဂ္ဂလစွမ်းဆောင်ရည်ကို အခြေပြုခြင်းသည် နေရာအနှံ့ တွင်ကျယ်လျက်ရှိပြီး လူတန်းစားကွဲပြားမှုများ သို့မဟုတ် အခြားသော မတူ ကွဲပြားမှုများနှင့် ပတ်သက်၍ သတိပြုမိခြင်း မရှိကြပေ။

မြန်မာနိုင်ငံမှ အမျိုးသမီးများကို တိကျသည့် ပုံသေကားကျ သတ်မှတ် ထားမှုများနှင့် ပတ်သက်၍ အန်အယ်ဒီဗဟိုအမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌတစ်ဉီးမှ သတင်းမီဒီယာ အင်တာဗျူးတစ်ခုတွင် —

အဲဒီလို အပြုအမူတွေက တိုင်းရင်းသားဒေသတွေမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်။ ပြီးတော့ မြန်မာနိုင်ငံ အောက်ပိုင်းမှာ ပျံ့နှံ့မှုနည်းနိုင်တယ်။ တချို့သူတွေက အဲဒီလို ရှေးရိုးစွဲအပြုအမူတွေကို ရိုးရိုးရှင်းရှင်းလေး ခါချမပစ်နိုင်တာ။ ဒါပေမဲ့ တိုင်းရင်းသားပါတီတွေ ပိုများလာတဲ့အတွက် အဲဒီပါတီ တွေက အဲဒီလို အပြုအမူတွေပျောက်သွားအောင် လုပ်ကောင်း လုပ်နိုင်ပါလိမ့်မယ်။33

ဟု ပြောဆိုခဲ့သည်။ ၎င်းက ဗမာစကားပြောပြီး အသိပညာဖြန့်ဝေသူ အဖြစ် နေရာယူထားသော အမျိုးသမီးများက ဗမာစကားမပြောတတ်သော တိုင်းရင်းသားလူမျိုးစု အမျိုးသမီးများအပေါ်ထားသော သဘောထားနှင့် ပညာမတတ်သည့် အမျိုးသမီးများကို ရှုတ်ချကာ ပြောဆိုတတ်လေ့ရှိသည့် အလေ့အထများကို ထင်ဟပ်စေသည်။

ပါလီမန်နိုင်ငံရေးဖြစ်စဉ်တွင် အမျိုးသမီးများ (၃၀) ရာခိုင်နှုန်း34 ပါဝင်လာ နိုင်ရန် မြှင့်တင်ခြင်းသည် မတူညီသော ဖိနှိပ်မှုအလွှာများနှင့် ဖယ်ကြဉ်ခံ အမျိုးသမီးများ၏ အတွေ့အကြုံများကို လျစ်လျူရှုထားသည့် နောက်ထပ် ပုံစံ တစ်ခုဖြစ်သည်။ လက်တွေ့တွင် ထို (၃၀) ရာခိုင်နှုန်းသော ခွဲတမ်းတွင် ပါဝင်နိုင် သည့် အမျိုးသမီးများမှာ ခိုင်မာသော မိသားစုနောက်ခံများရှိပြီး ခေါင်းဆောင်မှု နေရာများသို့ ရောက်နှင့်ပြီးသူများသာ ဖြစ်ကြသည်။ လစ်ဘရယ်ဖမ်မနစ်ဝါဒ သည် နောက်ထပ်ဖိနှိပ်မှုအလွှာကို ဖန်တီးပြီး လူမှုထက်အောက်စနစ်ကို တွန်းအားပေးရန်အတွက် စိတ်အားထက်သန်နေစဉ်တွင် ကိုယ်စားပြုမှုမရှိဘဲ ဖယ်ကြဉ်ခံထားရသော အမျိုးသမီးများသည် လစ်ဘရယ်ဖမ်မနစ်ဝါဒ၏ လုပ်ငန်းစဉ်များတွင် ချန်လှပ်ထားခြင်းခံရနေဦးမည် ဖြစ်သည်။

ကာလပေါ်ဂျန်ဒါတက်ကြွလှုပ်ရှားမှုများ၏ လိုအပ်ချက်များသည် ဂျန်ဒါ၏ ဆန့်ကျင်ဘက်သဘောတရားများကို တွန်းအားပေးရာရောက်ပြီး မြန်မာနိုင်ငံမှ ဖယ်ကြဉ်ခံ အမျိုးသမီး အသိုင်းအဝိုင်းများအတွက် မပြောဆို၊ မရပ်တည်ပေး သည့် ဂိတ်စောင့်အုပ်စုတစ်စုကို ဖန်တီးပေးလိုက်သည့် ရလဒ်သာ ရလာသည်။ ကွဲပြားသော တိုင်းရင်းသူအမျိုးသမီးများ၊ စက်ရုံအလုပ်သမများနှင့် အယ်လ်ဂျီ ဘီတီကျူအသိုင်းအဝိုင်းများ စသည့် အခြားသော ဖယ်ကြဉ်ခံအသိုင်းအဝိုင်း များ၏ အလားအလာရှိသော ဖမ်မနစ်လှုပ်ရှားမှုများနှင့် နိုင်ငံရေးခိုင်မာမှုကို မြေလှန်လိုက်ခြင်းဖြင့် အဆိုပါ လိုအပ်ချက်များသည် မြန်မာနိုင်ငံ၏ ဂျန်ဒါ အခင်းအကျင်းမှ ရာဒီကယ်ဆွေးနွေးမှုများနှင့် လှုပ်ရှားမှုများကို ပိတ်ပင်ရာ ရောက်သည့် အဓိကကျသောအရာများ ဖြစ်သည်။ ၎င်းတို့သည် ဖိနှိပ်မှုနှင့် ဖိုပဓာနဝါဒယန္တရားများကို အကြွင်းမဲ့ဖျက်ဆီးပစ်ရန်အတွက် ဖမ်မနစ်လှုပ်ရှား မှုများ၏ မဟာမိတ်နှင့် နိုင်ငံရေးခိုင်မာမှုတည်ဆောက်ရေးအတွက်လည်း အတားအဆီးတစ်ခုဖြစ်လာသည်။

နိဂုံး—စစ်အာဏာသိမ်းမှုအတွင်း ပြောင်းလဲမှုများ

အရာသွင်းမခံရသော အဖယ်ကြဉ်ခံ အမျိုးသမီးများ၏ လက်တွေ့ဘဝအတွေ့ အကြုံများသည် အမျိုးသမီးများအတွက် ရေးဆွဲချမှတ်ထားသော မူဝါဒ အစီအစဉ်များ၊ ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုများနှင့် ကိုက်ညီထင်ဟပ်ခြင်းမရှိပေ။ ဖိနှိပ်မှုပုံစံမျိုးစုံနှင့် အရာသွင်းမခံရသော အဖယ်ကြဉ်ခံ အမျိုးသမီးများ တွေ့ကြုံရသည့် ခွဲခြားဆက်ဆံမှုများကို နားလည်သဘောပေါက်ရန် ကိုယ်တိုင် ကိုယ်ကျ ပါဝင်ချဉ်းကပ်မှုကို ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းရှိ ကာလပေါ် ဂျန်ဒါလှုပ်ရှားမှုများတွင် ထည့်သွင်းအသုံးပြုခဲ့ခြင်း မရှိပေ။ အဆိုပါ လူသိများ သည့် ဂျန်ဒါပိုင်းဆိုင်ရာ လှုပ်ရှားမှုများသည် ဖမ်မနစ်အရွေ့တည်ဆောက်မှုကို မကြာခဏ အကျည်းတန်စေပြီး ၎င်းလှုပ်ရှားမှုများသည် အရဲစွန့်စရာ မလိုသည့် အပြင် ဖက်ရှင်ကျသည်ဟူ၍ လူထုအား နားလည်သဘောပေါက်မှု လွဲမှားစေ သည်။

အလှူရှင်အဖွဲ့အစည်းများအနေဖြင့် လူမှုပတ်ဝန်းကျင်ရှိ အောက်ဆုံး အလွှာမှ အမျိုးသမီးများအပေါ် အကျိုးသက်ရောက်မှု မရှိသော တက်ကြွ လှုပ်ရှားမှုတွင် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမမြှုပ်နှံမီ ဖိနှိပ်မှုပုံစံနှင့် ဖိုဝါဒီစနစ်အားဖြစ်ပေါ်စေသော စနစ်များကို ခွဲခြမ်းစိတ်ဖြာစိစစ်ရန် အရေးပါ လှသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဖမ်မနစ်လှုပ်ရှားမှုသည် မူဝါဒများ သို့မဟုတ် ငွေသန်းပေါင်းများစွာ လိုအပ်နေခြင်းမရှိသေးဘဲ အရာသွင်းမခံရသော အဖယ်ကြဉ်ခံ အမျိုးသမီးများတွေ့ကြုံရသည့် ဖိနှိပ်မှု အလွှာမျိုးစုံနှင့် ရုန်းကန်လှုပ်ရှားရမှုများကို စေ့စေ့စပ်စပ် ‌နားလည်သဘော ပေါက်ရန်သာ လိုအပ်သည်။ ဤသို့ နားလည်သဘောပေါက်ရန် လူမှုအထက် အောက်ပုံစံများ၊ အမျိုးဘာသာသာသနာဆိုင်ရာ လှုပ်ရှားမှုများ အပါအဝင် စစ်ဝါဒီစနစ်အား ဖျက်သိမ်းပစ်ရာတွင် စိစစ်ဆန်းသစ်ရန်လိုအပ်သည့်အပြင် အမှီအခိုကင်းမဲ့ရန်လည်း လိုအပ်သည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းခဲ့သည့် အချိန်မှစတင်၍ ဂျန်ဒါ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများအတွက် တိုက်ပွဲဝင်မှုများ သည် လူမှုအဖွဲ့အစည်းအတွင်း အမျိုးသမီးများ ၎င်းတို့၏ မူလနေရာအမှန်သို့ ရောက်ရှိရန် ပြန်လည်တောင်းဆိုနိုင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲ များအဖြစ်သို့ ပြောင်းလဲလာသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဝင်မှု များကို စက်ရုံလုပ်သားများ၊35 အလုပ်မဆင်း၊ သပိတ်မှောက်ခဲ့သော အစိုးရ ဝန်ထမ်းများသည် ကနဦးအစမှ ယခုထိတိုင် တိုးမြှင့်လုပ်ဆောင်လျက်ရှိကြ သည်။ စစ်အာဏာရှင်စနစ်ကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများအတွက် ၎င်းတို့၏ လုပ်ငန်းနှင့် လုပ်ဆောင်ချက် များကို ဆက်လက် လုပ်ဆောင်ရန် အခွင့်သာခြင်းမရှိတော့ဘဲ ရလဒ်အနေဖြင့် အဆိုပါအဖွဲ့အစည်းအများစုသည် ၎င်းတို့၏ ချဉ်းကပ်ပုံချဉ်းကပ်နည်းများ သို့မဟုတ် အာရုံစိုက်ရမည့်နယ်မြေများကို ပြောင်းလိုက်ရတော့သည်။ အဖွဲ့ အစည်းအများစုသည် အောက်ခြေစက်ရုံအလုပ်သမားများ၊ ကျောင်းသား လူငယ်များနှင့် နိုင်ငံအနှံ့ ပေါ်ပေါက်လာသော တိုက်ပွဲဝင်အမျိုးသမီးများအတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် ပါဝင်လာကြသည်။

ထိုသို့ စစ်အာဏာသိမ်းမှုက အန်ဂျီအိုအုပ်စုများ၏ လှုပ်ရှားမှုများကို အစွန် အဖျားသို့ ဘေးဖယ်ပထုတ်လိုက်သည့်အချိန်တွင် စက်ရုံအလုပ်သမားများ၊ ကျောင်းသားထုနှင့် လယ်သမားများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးအရွေ့ တွင် အဓိကကျလာသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများသည် ပုံစံမျိုးစုံဖြင့် ပေါ်‌ထွက်လာကြပြီး ဥပမာအားဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၊ သွေးစွန်းငွေ ကမ်ပိန်း၊36 စစ်တပ်ပိုင်လုပ်ငန်းများမှ ထုတ်သော ပစ္စည်း များအား သပိတ်မှောက်ခြင်း၊37 လမ်းမများနှင့် ကျေးရွာများတွင် နေ့စဉ်ဆန္ဒပြ ခြင်း၊ စစ်အာဏာရှင်အုပ်ချုပ်ရေးကို ဆန့်ကျင်ရန် လူ့အဖွဲ့အစည်းများအား ဆော်ဩခြင်းတို့ ပါဝင်သည်။ အမျိုးသမီးများနှင့် ပတ်သက်၍ တရားမျှတမှု ဟူသည့် ကိစ္စရပ်သည် စစ်အာဏာရှင်အုပ်ချုပ်ရေးအား ဆန့်ကျင်ရေးနှင့် လူမှု အဖွဲ့အစည်းအတွင်း အမျိုးသမီးများ၏ နေရာရပိုင်ခွင့်များနှင့်ပတ်သက်၍ တောင်းဆိုချက်များအသွင်သို့ စုပေါင်းလှုပ်ရှားမှုအဖြစ် ပြောင်းလဲလာသည်။ အမျိုးသမီးများ၏ ရပိုင်ခွင့်များ၊ ဂျန်ဒါတန်းတူညီမျှရေးများနှင့် ပတ်သက်သော အဆိုပါ အရွေ့များကို “#အမျိုးသမီးများမပါဝင်ဘဲ ဤတိုက်ပွဲကိုမနိုင်နိုင်ပါ၊ #မိန်းမမုန်းသည့် အာဏာရှင်စနစ်အားတိုက်ထုတ်” စသည့် ဆောင်ပုဒ်များမှ တစ်ဆင့် လေ့လာနိုင်သည်။ မြောင်အမျိုးသမီးပြောက်ကျားတပ်ဖွဲ့38 ကဲ့သို့ သော မြန်မာနိုင်ငံမှ စစ်အာဏာရှင်အားဆန့်ကျင်သည့် ပထမဆုံးသော အမျိုးသမီးသူပုန်အဖွဲ့များ ‌ပေါ်ထွက်လျက်ရှိသည်။ အဆိုပါ ရာဒီကယ်ကျသော လှုပ်ရှားမှုအရွေ့များသည် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ဂျန်ဒါဆိုင်ရာလှုပ်ရှား မှုများကို အဖယ်ကြဉ်ခံရသော လူ့အသိုင်းအဝိုင်းများ၏ လိုအပ်ချက်များနှင့် လက်တွေ့ဘဝအတွေ့အကြုံများအား ဗဟိုပြုမိလာစေရန် ဦးတည်လမ်းပြလာ နိုင်သည်။ ထိုသို့ အဖယ်ကြဉ်ခံရသော အသိုင်းအဝိုင်းများသည် ယခုဖြစ်ပွား နေသော တော်လှန်ရေး၏ ဗဟိုအချက်အချာရှိ ပင်မတပ်ဦးလည်းဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သော လေ့လာချက်များအရ အစွန်အဖျားမှ အမျိုးသမီး များ၏ ရုပ်ဝတ္ထုဆိုင်ရာအခြေအနေများသည် လူမှုတရားမျှတမှုအတွက် ကိုယ့် နည်းကိုယ့်ဟန်ဖြင့် တိုက်ပွဲဝင်တတ်စေရန် ၎င်းတို့အား အသိပညာ ဗဟုသုတ နှင့် စွမ်းအားများ တပ်ဆင်ပေးသည်။ နိုင်ငံအနှံ့ဖြစ်ပွားနေသော စစ်အာဏာရှင် ဆန့်ကျင်သည့် လှုပ်ရှားမှုများသည် ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများမှ မြို့ပြလူတန်းစားအများစုကို ရိုဟင်ဂျာ လူမျိုးများအပါအဝင် အခြားသော လူမျိုးစုများ ကြုံတွေ့ခဲ့ရသည့် ဖိနှိပ်ခံရမှုများနှင့် ရက်စက်ကြမ်းကြုတ်မှု များအား ပို၍ နားလည်သဘောပေါက်လာစေသည်။ ရာဒီကယ်အမျိုးသမီးများ ၏ အရွေ့များနှင့်ပတ်သက်၍ ရောင်ခြည်ပေါ်လာနိုင်မည့်အချိန်ကို ပြောပါဆို လျှင် ယခုအချိန်ပင် ဖြစ်သည်။ မြို့ပြနှင့် ကျေးလက်၊ အထက်တန်းလွှာနှင့် အမေ့လျော့ဖယ်ကြဉ်ခံအုပ်စု၊ အမျိုးသားများ၊ အမျိုးသမီးများနှင့် အယ်လ်ဂျီ ဘီတီကျူများသည် စစ်အာဏာရှင်နှင့် အခြားသော ဖိနှိပ်မှုပုံစံအားလုံးမှ လွတ်မြောက်စေရန် ယခုအချိန်မှစတင်၍ စုပေါင်းပုံဖော်ပြီး ရုန်းကန်ကြိုးပမ်း၍ ရနိုင်ပေသည်။ ကိုးကားချက်များ

အဆုံးမှတ်စုများ

1 နာဂဒေသသည် မြန်မာနိုင်ငံ အနောက်မြောက်ဘက်နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက် ဘက်ရှိ နယ်မြေများတွင် တည်ရှိသည်။ မြန်မာနိုင်ငံဘက်ရှိ နာဂဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ထားပြီး ပြည်နယ်အစိုးရက အုပ်ချုပ်သည်။
2 ကျား−မတန်းတူရေးမဟာမိတ်အဖွဲ့သည် အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါကိစ္စများ ကိုပါ လုပ်ဆောင်နေသော နိုင်ငံအဆင့် အဖွဲ့အစည်းများနှင့် ကွန်ရက်များကို စုဖွဲ့ထား သော လူမှုအဖွဲ့အစည်းမဟာမိတ်အဖွဲ့တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်နေသော အဖွဲ့များလည်း ပါဝင်သည်။
3 မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့များကွန်ရက်သည် အဖွဲ့အစည်း (၃၀) ဖြင့် စုဖွဲ့ထားသော ကွန်ရက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ရှိ အမျိုးသမီးနှင့် အမျိုးသားများ၏ ကောင်းကျိုး သုခအတွက် ပါဝင်ဆောင်ရွက်နေသော အမျိုးသမီးကွန်မြူနတီအဖွဲ့များကို ပံ့ပိုးရန် အတွက် တည်ထောင်ထားခြင်းဖြစ်သည်။
4 ကျား၊ မ တန်းတူညီမျှခြင်းမြန်မာသည် အရပ်ဘက်အဖွဲ့အစည်း၊ ပြည်တွင်းပြည်ပ အန်ဂျီအို (၁၀၀) ကျော်ပါဝင်သော စုံလင်ကွဲပြားပြီး လူတန်းစားအားလုံးခြုံငုံသည့် ကွန်ရက်တစ်ခုဖြစ်ပြီး အမျိုးသမီး အခွင့်အရေးများကို ဖြည့်ဆည်းပေးရန်အတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။
5 အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်း မှုတွင် အမျိုးသမီးများ ပါဝင်မှုကို တိုးမြှင့်ရန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်မှုကို မြှင့်တင်ရန်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ် သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အန်အယ်ဒီ အနိုင်ရပြီး ၂၀၁၆ တွင် အစိုးရဖွဲ့ပြီးနောက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကဲ့သို့သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာရုံစိုက်သည့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူများ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ပြည်တွင်း၌ ၎င်းတို့၏ လုပ်ငန်းများကို ချဲ့ထွင်ခဲ့သည်။
6 အန်ဂျီအိုဂျန်ဒါအုပ်စုသည် ကျားမတန်းတူညီမျှရေးနှင့် ပေါ်လစီအသိပညာဖြန့်ဝေ ရေးတို့ကို ဦးတည်ဆောင်ရွက်သော အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျား၊ မ တန်းတူညီမျှခြင်းကွန်ရက် မြန်မာနိုင်ငံ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။
7 ဂျန်ဒါနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အင်စတီကျုသည် “မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စု အားလုံးမှ အမျိုးသမီးနှင့် အမျိုးသားများသည် ခွဲခြားဆက်ဆံခံရခြင်းနှင့် အကြမ်းဖက်မှု များမှ ကင်းဝေးပြီး တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့၏ အသီး အပွင့်များကို တန်းတူစွာ အကျိုးခံစားကြရမည်” ဟူသော ဦးတည်ချက်ဖြင့် ၂၀၁၀ ခုနှစ် တွင် ဖွဲ့စည်းခဲ့သော အစိုးရမဟုတ်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။
8 သင်္ဂဟဂျန်ဒါမြန်မာသည် ၂၀၀၃ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ဂျန်ဒါပိုင်းဆိုင်ရာ လုပ်ဆောင်သည့် အဖွဲ့ငယ်လေးတစ်ခုအဖြစ် ကြာရှည်စွာ ရပ်တည်ပြီးနောက်တွင် ဂျန်ဒါပိုင်းဆိုင်ရာကို အဓိကထား လုပ်ဆောင်သော အဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
9 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအားအကြမ်းဖက်မှုကို ပထုတ်ရေးနေ့။
10 အခရာအဖွဲ့မှ လမ်းပေါ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို ရပ်တန့်ရန် လှုပ်ရှားမှု (Linton, 2016)။
11 အိဗ်အန်စလာ၏ နာမည်ကျော်ကြားသော ပြဇာတ်တစ်ခုကို ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် မတ်လ၌ မြန်မာနှင့် နိုင်ငံတကာမှ သရုပ်ဖော်တင်ဆက်သူများက စတင် တင်ဆက်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ဆက်လက် တင်ဆက်ခဲ့သည်။
12 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အခမ်းအနားများသည် အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် လူမှုဖူလုံရေးဌာန ကဲ့သို့သော မြန်မာနိုင်ငံအစိုးရအဖွဲ့တို့မှ နှစ်စဥ်ပုံမှန် ကျင်းပလေ့ရှိသော အခမ်းအနားတစ်ခုဖြစ်သည်။
13 ဤကမ်ပိန်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာအနုပညာလူမှုပရောဂျက်မှ များစွာသော လူပုဂ္ဂိုလ်များနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့တို့၏ အကူအညီဖြင့် စတင်ခဲ့သည်။
14 #အမျိုးသမီးများသည်လည်းဘုန်းရှိသည် ကမ်ပိန်းသည် လူမှုမီဒီယာကမ်ပိန်းတစ်ခု ဖြစ်ပြီး အေးသီရိကျော်၊ နန္ဒာ၊ ဒေါက်တာဖြိုးသီဟ၊ ပြုံးသက်သက်ကျော်နှင့် ဒေါက်တာ သက်စုထွေးတို့မှ လေးစားမှုနှင့် တန်းတူညီမျှမှုကို တိုးမြှင့်လိုသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်။ (#အမျိုးသမီးများသည်လည်းဘုန်းရှိသည်၊ ၂၀၁၉ ခုနှစ်)။
15 မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါ၀င်သော ဂျန်ဒါပိုင်းဆိုင်ရာ နိုင်ငံတကာ စံချိန်စံနှုန်းများ၊ ကျား−မတန်းတူရေးမဟာမိတ်အဖွဲ့(အေဂျီအိုင်ပီပီ) မူဝါဒကြေညာ စာတမ်း၊ ၂၀၁၇ ခုနှစ်။
16 Pramer et al., 2018.
17 သံလွင်အသက်‌မွေးမှုသင်တန်းကျောင်း၊ ၂၀၁၈ ခုနှစ်။
18 ယင်းလုပ်ဆောင်ချက်၏ ရလဒ်တစ်ခုမှာ GEN မှပံ့ပိုးပေးသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ရေးဆွဲခြင်းဖြစ်သည်။ အဆိုပါ ဆယ်နှစ်တာစီမံကိန်းသည် အမျိုးသမီးများ၏ အခြေ အနေများအား နယ်ပယ် (၁၀) ခုတွင် ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်သည်။ အဆိုပါ နယ်ပယ် (၁၀) ခုမှာ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု၊ အရေးပေါ်အခြေအနေများ၊ စီးပွားရေး၊ ဆုံးဖြတ်ချက် ချမှတ် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ၊ လူ့အခွင့်အရေး၊ မီဒီယာ၊ သဘာဝ ပတ်ဝန်းကျင်နှင့် မိန်းကလေးငယ်များ တို့ဖြစ်ကြသည် (၂၀၁၃)။
19 မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး Karen MacArthur က မြန်မာနိုင်ငံရှိ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း များကို ကနေဒီးယမ်းဒေါ်လာ (၅) သန်း ထောက်ပံ့ပေးမည့်အကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ကြေညာခဲ့သည်။
20 ဂျွိုင့်ပိစ်ဖန်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်မှု အားကောင်း စေ ရန် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုမည်ဟု ပြောကြားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်တွင် ထောက်ပံ့ပေးမှုများ ရပ်ဆိုင်းခဲ့သည်။
21 ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် အခရာအဖွဲ့အစည်းမှ စတင်ခဲ့သော ကမ်ပိန်းတစ်ခု ဖြစ်သည်။
22 သင်္ဂဟဂျန်ဒါမြန်မာ၊ ၂၀၁၉။
23 Mastari et al., 2019.
24 Arruzza et al., 2019, p. 21.
25 ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ကျော်ကြားသော အမျိုးသမီးခေါင်းဆောင်များထဲမှ တစ်ဦးနှင့် ပုဂ္ဂိုလ်ရေးရာ ပြောဆိုခဲ့သည့် စကားဖြစ်သည်။
26 ‘ဂျွန်း’ သည် တောင်ယာခုတ်ထွင်ခြင်းနှင့် မီးရှီု့ခြင်းတို့အတွက် အသုံးပြုသော နာဂ စကားလုံးတစ်ခုဖြစ်သည်။ တောင်စောင်းများပေါ်တွင် စိုက်ပျိုးထွန်ယက်ခြင်း ပုံစံ တစ်မျိုးဖြစ်သည်။
27 Frydenlund & Shunn Lei, 2021.
28 ရိန်းဖောဂျန်ဒါလေ့လာမှုအဖွဲ့အစည်းမှ လေရှီးမြို့နယ်၊ လေရုံကျေးရွာတွင် အခြေ စိုက်သည့် နာဂအမျိုးသမီးအဖွဲ့အစည်းနှင့်အတူ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် မေလတွင် စီစဥ်ကျင်းပသော (၃) ရက်ကြာ ဆွေးနွေးမှု စကားဝိုင်း ဖြစ်သည်။
29 မီသွန်ဆိုသည်မှာ ဂယယ်ဟု သိကြသော အရှေ့မြောက်အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် တရုတ်နိုင်ငံ၊ ယူနန်တို့တွင် တွေ့ရတတ်သည့် ကျွဲနွားအုပ်စုဝင် အိမ်ခိုင်း တိရစ္ဆာန်တစ်မျိုးဖြစ်သည်။
30 ‘တာတီတာတြန်’ ဟူသော စကားလုံးပေါ်ထွက်လာသည်။
31 ကရင်ဒီမိုကရက်တစ်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) သည် ခရစ်ယာန် ဘာသာ လွှမ်းမိုးသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန် အယ်လ်အေ) မှ ခွဲထွက်လာသော ဗုဒ္ဓဘာသာဝင် အရာရှိများနှင့် စစ်သားများပါဝင် သည့် လက်နက်ကိုင်အုပ်စုဖြစ်သည်။
32 ကေအန်အယ်လ်အေသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ လက်နက် ကိုင်အဖွဲ့ဖြစ်ပြီး ကရင်လူထုကို ကိုယ်စားပြုသည့် နိုင်ငံရေးဦးဆောင်အဖွဲ့အစည်း ဖြစ် သည်။ ကေအန်ယူကို ၁၉၄၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အခြေခံ၍ မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ရည်ရွယ်သည်။
33 May Sitt Paing, 2017.
34 ကျားမတန်းတူရေးမြန်မာ၊ အေဂျီအိုင်ပီပီနှင့် အခြားသောနိုင်ငံတကာအဖွဲ့အစည်း များမှ အစပျိုးခဲ့သည့် လွှတ်တော်နှင့် နိုင်ငံရေးဖြစ်စဥ်များတွင် အမျိုးသမီးများ (၃၀) ရာခိုင်နှုန်း ပါဝင်ရမည်ဟူသည့် အားပေးထောက်ခံမှုတစ်ခုဖြစ်သည်။
35 Ko Maung, 2021.
36 သွေးစွန်းငွေကမ်ပိန်းသည် စစ်ကောင်စီထံသို့ စီးဆင်းနေသေးသော အခွန်ဘဏ္ဍာများ ရပ်တန့်ရန် မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများ၊ ပြည်တွင်းပြည်ပ သပိတ်ကော်မတီ များ၏ မဟာမိတ်အဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ စီဘီအိုများ၊ သမဂ္ဂများနှင့် လူငယ်များမှ ဆောင်ရွက်လျက်ရှိသော စုပေါင်းကမ်ပိန်းတစ်ခုဖြစ်သည်။
37 The Boycott List, 2022.
38 All-Women Militia, 2021.

ကိုးကားချက်များ

Akhaya Women Myanmar. (2018, August 16). အမျိုးသမီးတွေအပေါ် ကာယိန္ဒြေထိပါးနှောင့်ယှက်မှုတွေ [Facebook page]. Facebook. https://www.facebook.com/AkhayaWomen/photos/a.475235359212248/1776242642444840/?type=3&theater

All-Women Militia Formed in Myanmar to Combat Tatmadaw. (2021, November 23). Persecution: International Christian Concern. https://www.persecution.org/2021/11/23/women-militia-formed-myanmar-combat-tatmadaw/

Alliance for Gender Inclusion in the Peace Process. (2017, May). International Standards Guiding Gender Inclusion in Myanmar’s Peace Process (Policy Paper No. 3). https://jointpeacefund.org/sites/jointpeacefund.org/files/documents/international_standards_guilding_gender_inclusion_in_myanmars_peace_process.pdf

Arruzza, C., Bhattacharya, T., & Fraser, N. (2019). Feminism for the 99%: A Manifesto. Verso.

Asia Pacific Forum on Women, Law & Development. (2016, October 17). Research by Ninu on Chins of Myanmar supported by APWLD [Video]. YouTube. https://youtu.be/WnXPiKCNtec

Blood Money Campaign. (2021). Action Network. https://actionnetwork.org/groups/blood-money-campaign

Burma Launches National Plan to Empower Women. (2013, October 7). The Irrawaddy. https://irrawaddy.com/news/burma/burma-launches-national-plan-empower-women.html

Frydenlund, S. & Shunn Lei. (2021). Hawkers and Hijabi Cyberspace: Muslim Women’s Labor Subjectivities in Yangon. Independent Journal of Burmese Scholarship, 1. https://ijbs.online/?page_id=2961

Gender and Development Institute. (2022). Home. https://gdimyanmar.org/

Hogan, L. (2018, March 29). With Cupcakes And Courage, Myanmar Stages ‘Vagina Monologues’. NPR. https://www.npr.org/sections/goatsandsoda/2018/03/29/597679722/with-cupcakes-and-courage-myanmar-stages-vagina-monologues

Ko Maung. (2021, December 15). Myanmar’s Spring Revolution: a history from below. openDemocracy. https://opendemocracy.net/en/beyond-trafficking-and-slavery/myanmars-spring-revolution-a-history-from-below/

Linton, R. (2016). Whistle for Help, A Campaign to Stop Sexual Harassment on the Bus Now! [Video]. YouTube. https://youtu.be/ERKd444aG4U

Mastari, L., Spruyt, B., & Siongers, J. (2019). Benevolent and Hostile Sexism in Social Spheres: The Impact of Parents, School and Romance on Belgian Adolescents’ Sexist Attitudes. Frontiers in Sociology, 4. https://frontiersin.org/articles/10.3389/fsoc.2019.00047

May Sitt Paing. (2017, November 30). ‘I Prefer Women Participate Not Because of a Quota but Because of Their Ability’. The Irrawaddy. https://www.irrawaddy.com/in-person/prefer-women-participate-not-quota-ability.html

Pramer, S., Poe Ei Phyo, Coffey, C., Rhodes, F., Croome, A. & Yee Mon Oo. (2018). Women’s Budget Priorities in Myanmar. Oxfam. https://themimu.info/sites/themimu.info/files/documents/Report_Womens_Budget_Priorities_in_Myanmar_Oxfam.pdf

Salween Institute for Public Policy. (2018, January). Strategies to Promote Gender Equality. http://womenofburma.org/sites/default/files/2018-06/2018_Jan_PolicyBriefing_GenderEquality_Eng_Final.pdf

The Boycott List. (2022). Burma Campaign UK. https://burmacampaign.org.uk/take-action/the-boycott-list/

Thingaha Gender Myanmar. (2019, April 3). Project Name – Improving Civil Society Capacity to Increase Positive Masculinity Practices in Myanmar [Facebook post]. https://facebook.com/thingaha.gender.org/posts/pfbid0uuwqNzo669viKm9cUvZDQBizbm2M48MUqq8jD1zgH7mYVwNe5tykjb5pHbwaTp7Wl


‘အမျိုးသမီးများသည် ဘုန်းရှိသည်’ ကမ်ပိန်းအပေါ် အမြင်များ၊ (၂၀၁၉၊ မေလ ၂၉)၊ ဧရာဝတီhttps://burma.irrawaddy.com/women-in-media/2019/05/29/192879.html