အဆိပ်ငွေ့တွေများလည်း လန်းပြနေဦးမယ့် ပန်းတွေ

လှိုင်း | Click here to read this poem in English.

Cite as: 
လှိုင်း၊ (၂၀၂၄)၊ အဆိပ်ငွေ့တွေများလည်း လန်းပြနေဦးမယ့် ပန်းတွေ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၂)။ https://ijbs.online/?page_id=4962


ဒီစစ်ကြီးပြီးတဲ့အခါ ငြိမ်းချမ်းနိုင်ပါရဲ့ဆိုပြီး
ကျွန်တော်တို့ စတေးခဲ့ရတာ
ရှေးပဝေသဏီကတည်းက
မျိုးဆက်တွေ ဘယ်နှဆက်ရှိပြီလဲ မမှတ်မိတော့ဘူး
အလိုမတူပဲ ကျွန်တော်တို့ဘဝတွေ အဓမ္မပြုကျင့်ခံခဲ့ရတာပါ
လွတ်လပ်မှုတွေ၊ တရားမျှတမှုတွေ၊
တန်းတူအခွင့်အရေးတွေဆိုတာ
ငြိမ်းချမ်းရေး ဆုတောင်းပွဲက မိုးပျံပူပေါင်းလေးတွေလိုပဲ
လေပဲရှိပြီး ဖောက်ခနဲ ဖောက်ခနဲ
ပေါက်ကွဲ ပျောက်ဆုံးခဲ့ . . .

ကျွန်တော်တို့ဟာ
အာဏာရူးတွေ ရွှေ့တဲ့ ချက်စ်ပွဲတစ်ခုမှာ
ခေတ်အဆက်ဆက် နယ်ရုပ်တွေလို ထိုးကျွေးခံခဲ့ရတာ
လက်နက်အားကိုးသူတွေရဲ့ အနိုင်ကျင့်ခံခဲ့ရတယ်
နိုင်ငံရေး ခုတုံးလုပ်သူတွေရဲ့ အနိုင်ကျင့်ခံခဲ့ရတယ်
ရွေးချယ်ခွင့်မရှိခဲ့ပါဘူး
ဒီနိုင်ငံမှာ မွေးလာတာကိုက ပြစ်မှုမြောက်ခဲ့ရတယ်

ကျွန်တော်တို့အနိုင်ကျင့်ခံရတိုင်း
ကျွန်တော်တို့မှာ ကျွန်တော်တို့သာ ရှိတယ်
ကျိုးနေသူက ကန်းနေသူကို ကူရတယ်
ကန်းနေသူက ကျိုးနေသူကို ထူရတယ်

အခုလည်း . . . ကြည့်
နိုင်ငံတော်ဟာ ဆန့်ငင်ဆန့်ငင်နဲ့ အသက်ရှင်နေရပြန်ပြီ
တရားမျှတမှုအတွက် တောင်းဆိုမယ်လုပ်တိုင်း
အောက်စီဂျင် ပြတ်တယ်
လွတ်လပ်မှုအတွက် တိုက်ယူမယ်လုပ်တိုင်း
အောက်စီဂျင် ပြတ်တယ်

နိုင်ငံတော် အသက်ဆက်နိုင်ဖို့
ကျွန်တော်တို့ ကျန်းမာရေးဂရုစိုက်နေရတယ်
ကျွန်တော်တို့ မကျန်းမာအောင်
အာဏာရှင်က အောက်စီဂျင်တွေ ဖြတ်တောက်တယ်

သူတို့ ရှင်သန်စေချင်တာ နောက်လိုက်နွားတွေ
သူတို့ တိုးတက်စေချင်တာ ကိုယ်ကျိုးစီးပွား
သူတို့ ထွန်းကားစေချင်တာ သေနတ်ပြောင်းတွေ
သူတို့ ကိုးကွယ်ချင်တာ အောက်လမ်းပညာ
သူတို့ မြင်ချင်တာက
ကျွန်တော်တို့ဘဝတွေ ချွတ်ခြုံကျတာကိုဖြစ်တယ်

သူတို့ဟာ
ဘုရားဟောတွေကို အလွတ်ကျက်ပြီး
နှလုံးသားမှာ တရားမမွေးနိုင်ကြသူတွေ
နိုင်ငံတကာ ပတ်နေပြီး
သူတောင်းစားလောက်မှ မရိုးသားကြသူတွေ
ရွှေထည်တွေ ခြုံရုံနိုင်သလောက်
သူခိုးလောက်မှ သစ္စာမရှိကြသူတွေဖြစ်တယ်
ပြီးတော့
ဘုရားတည် ကျောင်းဆောက်ပြပြီး
လူမျိုးတုန်းသတ်ဖြတ်နေကြတဲ့
လူ့တိရိစ္ဆာန်တွေလည်းဖြစ်တယ်

လက်နက်နဲ့ သတ်တယ်
ဆင်းရဲမွဲတေမှုနဲ့ သတ်တယ်
နာဂစ်နဲ့ သတ်တယ်
ကိုဗစ်နဲ့ သတ်တယ်
အောက်စီဂျင် ဖြတ်တောက်ပြီး သတ်ပြန်တယ်

ကျွန်တော်တို့ဆိုတာ
တစ်တောလုံးဝေနေမယ့်ပန်းတွေမှန်း သူတို့မသိဘူး
တစ်ယောက်ယောက်က မြေသြဇာဖြစ်သွားသည့်တိုင်
တစ်ယောက်ယောက်ဟာ ပန်းတစ်ပင်ဖြစ်လာမြဲ

ဒီတစ်ခါ
အဲဒီပန်းတွေဟာ
ခေတ်အဆက်ဆက် စတေးခဲ့ရတာနဲ့ တန်အောင်
ဝေပြကြလိမ့်ဦးမယ်
ကြံ့ကြံ့ခံပြီး
တစ်ယောက်နဲ့ တစ်ယောက် ထူ၊ ကူပြီး တစ်တောလုံး ဝေကြလိမ့်ဦးမယ့် ပန်းတွေ . . .