လိင်စိတ်တိမ်းညွတ်မှုအား ပတ်ဝန်းကျင်ကို ဖွင့်ဟဝန်ခံခြင်းနှင့် မြန်မာပြည်

နီအေး | Click here to read this article in English.

Cite as: 
နီအေး၊ (၂၀၂၄)၊ လိင်စိတ်တိမ်းညွတ်မှုအား ပတ်ဝန်းကျင်ကို ဖွင့်ဟဝန်ခံခြင်းနှင့် မြန်မာပြည်၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၂)။ https://ijbs.online/?page_id=4986


စာတမ်းအကျဥ်း

ဤဆောင်းပါးတွင် tomboy သို့မဟုတ် ယောက်ျားလျာအဖြစ်ခံယူထားသည့် အမျိုးသမီးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် မည်သူမည်ဝါဖြစ်သည်ဟု ကြေညာစရာလိုသည့် အနေအထားနှင့် ကြေညာစရာ မလိုသည့် အနေအထား များကို ကိုယ်ပိုင်အတွေ့အကြုံ၊ မိတ်ဆွေများ၏ အတွေ့အကြုံများကို အခြေခံ ကာ ရှင်းပြထားသည်။ ကိုယ့်ဖြစ်တည်မှုနှင့် သွင်ပြင်လက္ခဏာကို နားလည် လက်ခံပေးသည့် မိသားစုအသိုင်းအဝန်းတွင် ကြီးပြင်းလာရသူများက ကိုယ့် ဖြစ်တည်မှုအတိုင်း အချိန်အတိုင်းအတာ တစ်ခုအထိ နေထိုင်နိုင်သည်။ သို့သော် ထိုသို့နားလည်ပေးသည့် အသိုင်းအဝိုင်းနှင့် ဝေးရာတွင်မူ ကိုယ်နှင့် တူသူများနှင့် အသိုင်းအဝိုင်းအသေးစားလေးတစ်ခု အတူတကွဖန်တီးကာ နေထိုင်မှ ကျေနပ်ပျော်ရွှင်မှု တစ်စုံတစ်ရာရသည်။ ကိုယ်ဘယ်သူဖြစ်ကြောင်း ကြေညာသည့် coming out အယူအဆနှင့် အလေ့အထမှာ မြန်မာပြည်ရှိ LGBTQ များ၏ လက်တွေ့ဘဝနှင့် မည်သို့ ကွာနေသေးကြောင်းကို မိမိနှင့် မိတ်ဆွေများ၏ ဘဝအတွေ့အကြုံကို အခြေခံကာ ရှင်းပြထားသည်။

ငယ်ဘဝ

အမည်မှာ နီအေးဖြစ်ကာ မကွေးတိုင်းတွင် မွေးဖွားပြီး ဖခင် အလုပ်လုပ်ရာ ရေနံမြေတွင် ကြီးပြင်းလာပါသည်။ ထိုရေနံမြေထဲတွင်ရှိသော အလယ်တန်း ကျောင်း (ယခု အ.ထ.က ကျောင်းခွဲ) တွင် တက်ရောက်ခဲ့ပြီး မန္တလေးမြို့ရှိ ပုဂ္ဂလိကကျောင်းတစ်ခုမှ အထက်တန်း အောင်မြင်ခဲ့သည်။ မကွေးတက္ကသိုလ် မှ ဘွဲ့ရခဲ့ကာ ၂၀၁၀ မှစပြီး ရန်ကုန်မြို့တွင် စတင်နေထိုင်ခဲ့သည်။

ငယ်စဉ်ကတည်းက မိမိလိင်စိတ်တိမ်းညွတ်မှုအား သေချာမသိခဲ့သော် လည်း ယောက်ျားလေးပုံစံ ဝတ်စားဆင်ယင်ပုံကို ပိုနှစ်သက်သည်။ မိသားစု ထဲတွင် ခွဲခြားခံရမှု၊ ဖိနှိပ်ခံရမှု၊ ချုပ်ချယ်ခံရမှုမျိုး မရှိခဲ့ပေ။ ဖခင်မှာ ရေနံမြေ အစိုးရဌာနတွင် အင်ဂျင်နီယာချုပ်ဖြစ်ပြီး မိခင်မှာ ဈေးသည်ဖြစ်သည်။ သို့သော် ဖခင်နှင့် အိမ်ထောင်ကျပြီးကတည်းက မိခင်ဖြစ်သူ ဈေးမရောင်းတော့ပါ။ အိမ် က တစ်ခါတလေ မိန်းကလေးအသုံးအဆောင်နှင့် အဝတ်အစားများ ဝယ်ပေး ခြင်းမျိုး လုပ်ပေးသော်လည်း ဇွတ်အတင်း သုံးခိုင်းခြင်း၊ ဝတ်ဆင်ခိုင်းခြင်းမျိုး မရှိခဲ့ပေ။ မိမိမှာလည်း ဝယ်ပေးသမျှ၊ ဆင်ပေးသမျှကို ငြင်းဆန်ခြင်းမျိုး မရှိခဲ့ ပေ။ သို့သော် မသုံးဘဲထားခြင်း၊ မဝတ်ဘဲထားခြင်းဖြင့် မိမိဆန္ဒနှင့် တိမ်းညွတ် ရာကို ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် အိမ်က ကိုယ့်စိတ်ကြိုက်၊ ကိုယ့်ပုံစံနှင့် ကိုက်ညီသည့် အသုံးအဆောင်များကို ဝယ်ပေးခြင်းမျိုးသာ ပြုလုပ်ပေးခဲ့သည်။ “ဘာလို့မကြိုက်လဲ၊ သူတို့ဝယ်‌ပေးတဲ့ ပစ္စည်း ဘာကြောင့် မသုံးချင်တာလဲ” ဆိုသည့် ဖြေရခက်သည့် မေးခွန်းများကိုပင် မိသားစုက မမေးခဲ့ပါ။

ကျောင်းတက်ရသည့် အရွယ်ရောက်သည့်အခါ မူလတန်းအရွယ်တွင် မသိသာသော်လည်း အလယ်တန်းအရွယ်တွင် ကျောင်းဝတ်စုံက စပြီး ကိုယ့် အတွက် အဆင်မပြေဖြစ်လာသည်။ သို့သော် ရင်ဖုံးနှင့် လုံချည်ကိုသာ ဝတ်ခဲ့ပြီး အပေါ်မှ ရှပ်အင်္ကျီကို ထပ်ဝတ်ခဲ့ခြင်းဖြင့် မိမိစိတ်လွတ်လပ်မှုကို ရှာဖွေခဲ့သည်။ ငယ်စဉ်ကလေးဘဝ ကျောင်းတက်ခဲ့စဉ်အခါကလည်း သူငယ်ချင်းအများစု (ယောက်ျားလေးရော မိန်းကလေးပါ) မှာ ကျောင်းသို့ ဘောင်းဘီတိုနှင့်သွား၊ ဘောင်းဘီတိုနှင့်ဆော့သည်။ ကျောင်းတက်ခေါင်းလောင်းထိုးမှ ထဘီကောက် စွပ်ပြီး အတန်းတက်ခဲ့ကြသည်။

ထိုအချိန်တွင်လည်း မိမိလိင်စိတ်တိမ်းညွတ်မှုအပေါ် သေချာမသိခဲ့သေး ပေ။ ကိုယ်နှင့် တူသည့်ပုံစံမျိုးကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ မတွေ့ဖူးသေး ပေ။ “ကိုယ်ဟာ ထူးခြားနေတယ်” လို့ မထင်ဘဲ အများလက်ခံကျင့်သုံးရာ ပုံစံ ထဲမှာပဲ ရှိနေသည်ဟု ထင်ခဲ့သည်။ အပြင်မထွက်ရဘဲ ကိုယ်နေသည့် လုံခြုံသောပတ်ဝန်းကျင်ကိုယ့်ကို လက်ခံသည့် ပတ်ဝန်းကျင်မှာပဲ ရှိခဲ့သည်။ ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုးကို အပြင်မှာလည်း ရှိလိမ့်မည်ဟု ထင်ခဲ့မိသည်။

အထက်တန်း ကိုးတန်းနှစ်တွင် ကျောင်းပြောင်းခဲ့ရပြီး မိန်းကလေး ဘော်ဒါဆောင်တွင်နေကာ ကျောင်းတက်ခဲ့ရသည်။ ဘော်ဒါအုပ်သည်လည်း ကိုယ့်လိုပဲဆိုပြီး ပထမဆုံး စသိရပါသည်။ သူဝတ်ဆင်ထားပုံက ရှပ်အင်္ကျီနဲ့ ယောထဘီနဲ့ ကတ္တီပါဖိနပ်ကြိုးပြားနဲ့ဖြစ်သည်။ ဆံပင်ကလည်း တိုတိုနဲ့ ဆိုတော့ သတိထားမိပါသည်။ ကိုယ်လည်း ‘ဒီလို နေလို့ရပါလား’ ဆိုသည်ကို အတုယူမိသည်။ ဆယ်တန်းတက်ရသည့်နှစ် မန္တလေးဘော်ဒါဆောင်တွင် မိမိ ကိုယ်ကို စတင်သတိပြုမိလာသည်။ မိန်းကလေးချင်း စတင်စိတ်ဝင်စားလာ သည်။ တခြားသူငယ်ချင်းများထဲတွင်လည်း မိမိပုံစံ ဝတ်စားဆင်ယင်နေထိုင်ပြီး မိန်းကလေးရည်းစားထားသည်ကို တွေ့လာရသည်။ ထိုကဲ့သို့ သူငယ်ချင်း အများစုကို တခြား သူငယ်ချင်းတွေကလည်း ‘ဘောပြားလေးတွေ’ ဆိုပြီး ပြောဆိုဆက်ဆံသည်ကို စတင်တွေ့ဖူးလာသည်။ အမှန်ဆိုရသော် မန္တလေး အဆောင်ရောက်မှ ‘ဘောပြား’ ဆိုသည့် စကားလုံးကို စကြားဖူးလာခြင်း ဖြစ်သည်။ ထိုစဉ်အခါက ကိုယ့်ကို ‘ယောက်ျားလျာ’ ‘ဘောပြား’ ဟု ခေါ်ခံရ မည်ကို ကြောက်၍ သူငယ်ချင်းများက ကောင်မလေးတစ်ယောက်ယောက်နဲ့ တွဲပြီး စလျှင် မကြိုက်ကြောင်း ဖော်ပြခဲ့ပြီး သူတို့ မစအောင် အနေအထိုင် ဆင်ခြင်ပြီး ဘောပြားမဟုတ်ကြောင်း၊ ယောက်ျားလျာ မဟုတ်ကြောင်းပြခဲ့ သည်။

ဝတ်စားဆင်ယင်ပုံမှာ လုံချည်ဝတ်ရသော်လည်း အထက်ဆင့်တပ်၍ မဝတ်ခဲ့ပါ။ အဘွားက ဝယ်ပေးသည့်သူဖြစ်သောကြောင့် “ဘာလို့ အထက်ဆင့် တပ် မဝတ်တာလဲ” ဟု မေးသည့်အခါ ဘာပြန်ဖြေရမှန်း မသိခဲ့ပေ။ “အဆောင် မှာ တခြားသူတွေနဲ့ မမှားအောင်လို့” ဆိုသည့် အဖြေကို ပေးခဲ့မိသည်။ အထက်တန်းကျောင်းသူဘဝတွင် မိမိကဲ့သို့ပုံစံမျိုးများကို တွေ့မိပြီး ‘ငါလည်း ဒီလိုမျိုးနေလို့ရတယ်’ ဟု စသိလာသည်။ သို့သော် ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ပုံစံလူမျိုးတွေကို နှိမ်သလိုမျိုးစနောက်သည်ကို ကြုံရပြီးနောက်ပိုင်း ‘ငါ အဲဒီလိုလူမျိုး မဟုတ်ဘူး’ ဟု ကိုယ့်မူလသွင်ပြင်လက္ခဏာကို ကိုယ်တိုင် ဖုံးကွယ်ခဲ့သည်။

ကိုယ့်ဝတ်စားဆင်ယင်နေထိုင်မှု၊ လိင်စိတ်တိမ်းညွတ်မှုများအပေါ်တွင် မိဘက ‘ဘာဖြစ်လို့လဲ’ ဆိုသည်မျိုး မမေးခဲ့သလို ကိုယ်ကလည်း ‘ဘာကြောင့် ပါ’ ဆိုသည်မျိုးတွေ မပြောခဲ့ဖူးပေ။ ထို့ပြင် မိဘများအနေဖြင့် ကိုယ့်ကို အပြင်လောကနှင့် အဆင်ပြေအောင် အများကြီးဖြည့်ဆည်း ပေးခဲ့ပါသည်။ ငယ်စဉ်က အမေက ကိုယ့်အတွက် ဘော်လီချုပ်ပေးသည့်အခါ ကိုယ်တိုင်းကို သူကိုယ်တိုင်တိုင်းပြီး ချုပ်ပေးသည်။ ၂၀၁၀ နောက်ပိုင်း ရန်ကုန်ရောက်သည့် အခါ သူငယ်ချင်းတွေကိုမေးပြီး အထဲတွင် ရင်စည်းမျိုးပါသည့် စွပ်ကျယ်ပုံစံ (biner) အင်္ကျီဝယ်ဝတ်ခဲ့သည်။ ထိုစဉ်တုန်းက ထိုအင်္ကျီပုံစံမျိုးမှာ ရှားပါး သဖြင့် ထိုင်းဘက်မှ တကူးတက မှာရပြီး တစ်ထည်ကို နှစ်သောင်းဝန်းကျင်ခန့် ပေးရသည်။1

အဓိကမှာ ကိုယ့်အမေကိုယ်တိုင်က ကိုယ့်ဖြစ်တည်မှုကို နားလည်ပေးပြီး လေးစားသည်။ မိန်းကလေးမွေးထားကာ တစ်ယောက်ထဲလည်းဖြစ်သဖြင့် အမေက မိန်းကလေးပီပီသသ ဖြစ်စေချင်မည်မှာ အသေအချာပင်။ သို့သော် ထိုသို့ ပုံမသွင်းခဲ့ပေ။ အနေခက်ရအောင် မလုပ်သည့်အပြင် ပတ်ဝန်းကျင်နှင့် အဆင်မပြေဖြစ်စေမည့် အရာများကိုလည်း သူက ဖြေရှင်းပေးသည်။ ဘဝ တစ်လျှောက်လုံး ကိုယ်ဘက်က ကိုယ့်ဖြစ်တည်မှုနှင့် ပတ်သက်ပြီး ဘယ်လိုပါ ဆိုတာမျိုး အမေ့ကို ဖွင့်ပြောခြင်း မရှိခဲ့သလို သူ့ဘက်ကလည်း မေးမြန်းခြင်း မျိုး မလုပ်ခဲ့ဘူးပေ။ အမေငယ်စဉ်က ပြင်ဦးလွင်မြို့ရှိ မိန်းကလေးကျောင်းမှာ နေရသဖြင့် ‘အချစ်တော်’ တို့ ‘မိန်းကလေးချင်း သဘောကျပြီး အတူနေတာ မျိုး’ တို့ စသည်ဖြင့် ကြုံခဲ့ဖူးသလို သူကိုယ်တိုင်လည်း မိန်းကလေးအချစ်တော် လိုမျိုး ထားခဲ့သည်။ သူ့ပတ်ဝန်းကျင်မှာ ကျွန်တော့်လို နေထိုင်မှုမျိုးက ထူးဆန်းမနေပါ။

အဖေ့ဘက်က အမျိုးတွေကတော့ ကျွန်တော် ယခုကဲ့သို့ ယောက်ျားလေး ပုံစံနေခြင်းမျိုးကို မကြိုက်ကြပါ။ ဆွေမျိုးတွေ ဆုံဖြစ်သည့်အခါဆိုလျှင်လည်း ကျွန်တော့်ကို အမြဲနှိမ်သည်။ အမေကတော့ ကိုယ့်ဘက်က ရပ်တည်ပေးသည်။ အမျိုးတွေက နောက်ကွယ်မှာ “အမေက ငယ်ငယ်ကတည်းက အချစ်တော် တွေ ထားခဲ့ဖူးတော့ သူ့သမီးကိုလည်း ယောက်ျားလျာပုံသွင်းတယ်” ဆိုတာမျိုး တွေ ပြောခဲ့သည်။

တက္ကသိုလ်ကျောင်းသူဘဝ

တက္ကသိုလ်တက်သည့်အချိန်တွင် ကိုယ့်ကိုယ်ကိုယ် မိန်းကလေးများကို ကြိုက်မှန်း စတင် သတိထားလာမိပြီး မိန်းကလေးရည်းစား စထားခဲ့သည်။ အိမ်ကိုလည်း မိန်းကလေးရည်းစား ခေါ်သွားသည့်အချိန် သူငယ်ချင်းဟုသာ မိတ်ဆက်ပေးခဲ့ပြီး မိဘများမှလည်း လိုလိုလားလားပင် သမီးအရင်း တစ်ယောက်လို ဆက်ဆံပေးခဲ့သည်။

တက္ကသိုလ်ကျောင်းပြီး၍ ဘွဲ့ယူသည့်အခါ အမျိုးသမီးများအနေဖြင့် ရင်ဖုံး နှင့် ထဘီနှင့်သာ တက်ရောက်ရမည်ဟု ပညာရေးဝန်ကြီးဌာနက သတ်မှတ် ထားသည်။ ထိုအခါ အမေက “ဘောင်းဘီနဲ့ ကုတ်အင်္ကျီနဲ့ တက်ယူလို့ မရဘူး လား။ ရရင် အဲဒါနဲ့ ယူ” ဟု ဆိုသည်။ ဘွဲ့လက်မှတ် လျှောက်ထားသည့် အခါ တွင်လည်း ‘မိန်းကလေးလို ရင်ဖုံးနဲ့ ဓာတ်ပုံမှ ရမယ်’ ဆိုသည်ကြောင့် မျက်နှာနဲ့ တခြားသူရဲ့ ကိုယ်လုံးကို ဖြတ်ဆက်ကာ ဓာတ်ပုံထုတ်ပြီး အဝေးရောက်ဘွဲ့ ယူခဲ့ရသည်။

တဖြည်းဖြည်းနှင့် ကိုယ့်ပြောင်းလဲမှုက အသက်သုံးဆယ်ကျော်အရွယ်မှာ တော့ ယောက်ျားလေး တစ်ယောက်လိုသာ နေထိုင်တော့သည်။ ‘ယောက်ျား ဖြစ်ချင်တာလား’ ဆိုတော့လည်း မဟုတ်ပြန်ပေ။ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး လွတ်လပ်ပေါ့ပါးသည့် ပုံမျိုးကို ကြိုက်သည်။

ပုံ – ၁၊ ၂၊ ၃
တက္ကသိုလ်အချို့မှ ထုတ်ပြန်သည့် ဘွဲ့နှင်းသဘင်ကြေညာချက်များ။







တခြားမြို့ပြောင်းနေခဲ့စဉ် ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်အတွင်းမှ ခွဲခြား ဆက်ဆံမှုနှင့် ဖိနှိပ်ထားမှုများ

ဘွဲ့ရပြီး အလုပ်ရှာရန် ရန်ကုန်မြို့တွင် စတင်နေထိုင်ခဲ့သည့် အချိန်၌ အလုပ် လျှောက်လွှာ ပြင်ရာတွင် မိန်းကလေးဝတ်စုံဖြင့် ရိုက်ရမည်ဆိုသည့်အခါ ဓာတ်ပုံဆိုင်သို့ ကိုယ်ဝတ်နေကျ အဝတ်အစားဖြင့်သာ သွားလိုက်ပြီး ဓာတ်ပုံ ဆိုင်မှ ကိုယ့်မျက်နှာနဲ့ တခြားသူကိုယ်လုံးကို ဖြတ်ဆက်ထားပေးသည့် ပုံကိုပဲ သုံးခဲ့သည်။ ရန်ကုန်ရောက်လာပြီး အနေကြာလာသည့်အခါ အိမ်နားနီးချင်း သူငယ်ချင်း တစ်ယောက်မှာ မိမိကဲ့သို့ tomboy ဖြစ်မှန်း သိလာရပြီးနောက် သူနဲ့ စကားပြောဆိုရင်း သူ့သူငယ်ချင်း အများစုမှာလည်း မိမိကဲ့သို့ နေထိုင်သူ များဖြစ်ကြကြောင်း သိရသည်။ ထိုသူငယ်ချင်းများနှင့် သူတို့ ဖြတ်သန်းလာ သည့် ငယ်ဘဝ၊ ယခုလက်ရှိ ဖြတ်သန်းနေရသည့် ဘဝပုံစံများကို အချင်းချင်း ရင်ဖွင့်တိုင်ပင်ဖြစ်ကြရင်း တစ်ယောက်နှင့်တစ်ယောက် မတူညီသော အတွေ့ အကြုံများကို သိလာရသည်။

ခွဲခြားနှိမ်ချခံရမှုနှင့် ပတ်သက်၍ ပထမဆုံးအတွေ့အကြုံမှာ လမ်းထိပ် လက်ဖက်ရည်ဆိုင်မှ ကောင်လေးအုပ်စုမှ မိမိအား “ဘောပြားလေး ဘယ်သွား မလို့လဲ” ဟု လှမ်းအော်စခြင်းခံခဲ့ရသည်။ အလုပ်ရှာရာတွင်လည်း ‘မိန်းကလေး ပုံစံ ဝတ်စားဆင်ယင်မှ၊ မိတ်ကပ်လိမ်းမှ လက်ခံနိုင်သည်’ ဟု ကုမ္ပဏီကြီး သုံးခုမှ လူတွေ့အင်တာဗျူးတွင် ပြောခဲ့သည်။ ထိုအချိန် မိမိမှာ ရှပ်အင်္ကျီ၊ ဘောင်းဘီဖြင့် အင်တာဗျူးသွားခဲ့သဖြင့် ထိုသို့ မေးခဲ့သည်များလားဟု ပြန် စဉ်းစားမိခဲ့သည်။ နောက်ပိုင်း အင်တာဗျူးများတွင်လည်း “ညီမလို့ ခေါ်မယ် နော်၊ ရလား” ဟု အလုပ်ရှင်ဖြစ်စေချင်သည့် သွင်ပြင်လက္ခဏာနှင့် ဖြစ်တည်မှု မျိုးနှင့် နေနိုင်၊ မနေနိုင် ကြိုမေးကြသည်။

ကိုယ့်ကို ယောက်ျားလေးလို မြင်နေလျက်နှင့် ဘာကြောင့် ဒီလိုမေးတာလဲ မသိနိုင်ပေ။ ကိုယ်ကတော့ “ရပါတယ်။ ကျွန်တော့်ကို ဘယ်လိုပဲခေါ်ခေါ် ကျွန်တော်လုပ်ရမယ့်အလုပ်ပေါ် ဘာမှတော့ ထိခိုက်မှာ မဟုတ်ပါဘူး” ဟု ဖြေခဲ့သည်။ လူကို မြင်ရက်သားနှင့် အပြင်မှာ ပထမဆုံးမြင်ဖူးသည့် လူများ – ဥပမာ တက္ကစီဒရိုင်ဘာများက ကျွန်တော့်ကို ‘ကို’ တပ်ပြီးပဲ ခေါ်ကြသည်။ ကျွန်တော့်ပုံစံနှင့် နာမည်နှင့်က ‘ကို’ တပ်ခေါ်လည်း အဆင်ပြေနေခဲ့သဖြင့် သိပ်ပြီး ပြဿနာမရှိခဲ့ပါ။ သို့သော် ဘဏ်များတွင် ပြဿနာ တက်သည်။ ကျွန်တော်က နာမည်ရေးသည့်အခါ မောင်/မ တပ်ရေးလေ့မရှိသဖြင့် ဘဏ်မှ မှတ်ပုံတင်ကို ကြည့်ပြီး ‘မနီအေး ငွေထုတ်လို့ရပြီ’ ဆိုပြီး ခေါ်သည်။ နောက် မှတ်ပုံတင်မပေးရသည့် တစ်နေရာမှာတော့ ကိုနီအေးဆိုကာ ခေါ်ပြန်သည့် အတွက် လူတစ်ယောက်ထဲကို ‌‘ကို’ ရော ‘မ’ ပါ တပ်ပြီးခေါ်သဖြင့် လူအားလုံး က ဝိုင်းကြည့်ခြင်းခံရဖူးသည်။

တခြားကျွန်တော့်ကဲ့သို့ သူငယ်ချင်းများတွင် နာမည်က တော်တော် ပြဿနာတက်သည်။ မိန်းကလေးနာမည်နဲ့ ယောက်ျားလေးပုံနဲ့ ဖြစ်သည့် အတွက် အတော်ကသိကအောက် ဖြစ်ကြသည်။ အခုနောက်ပိုင်းတော့ မှတ်ပုံတင် သိပ်မသုံးကြတော့ပါ။ ‘မ’ ၊ ‘ကို’ စသဖြင့် မသုံးရအောင် ယာဉ်မောင်း လိုင်စင် သုံးကြသည်။ နာမည်အတိုင်း ဘာမှမခံဘဲ ထုတ်ပေးထားသဖြင့် ယာဉ်မောင်းလိုင်စင်သုံးရသည်မှာ ကျွန်တော်တို့အတွက် အဆင်ပြေသည်။

အများဆုံးနှင့် နေ့တိုင်းကြုံတွေ့ရတဲ့ ပြဿနာမှာ အများသုံးအိမ်သာများ ပင်ဖြစ်သည်။ ကျွန်တော်ဆိုလျှင် မိန်းမအိမ်သာကိုပဲ အဝင်များသည့်အတွက် အိမ်သာထဲမဝင်ခင် ‘မိန်းမအိမ်သာနော်’ ဆိုတာမျိုး၊ အထဲရောက်သွားပြီး စောင့် နေရသည့်အချိန်တွင် ကြည့်တဲ့အကြည့်မျိုး၊ တချို့ဆို ကျွန်တော့်ကို တွေ့သည့် အခါ အော်ထုတ်တာမျိုး၊ လုံခြုံရေးခေါ်ခံရတာမျိုးတွေရှိသဖြင့် ဆီးသွားခါနီး တိုင်း ကြောက်သည်။ အပြင်သွားသည့်အခါ အိမ်သာ မဝင်ဖြစ်အောင် ရေ များများ မသောက်မိအောင် ကြိုလုပ်ရသည်။ ခရီးထွက်သည့် အချိန်မျိုးဆိုလျှင် လည်း အတတ်နိုင်ဆုံးထိန်းထားသဖြင့် နောက်ပိုင်းတွင် ဆီးရောဂါ ဖြစ်လာ သည်။ ကျောက်ကပ်ယောင်ကာ ဆေးရုံတက်ရသည်အထိ ဖြစ်လာသည်။ နောက်ပိုင်းတွင် မသန်စွမ်းများအတွက် အိမ်သာ ရှိပါက ထိုအိမ်သာကို သုံး သည်။ မဟုတ်လျှင် ကျွန်တော် အိမ်သာဝင်တိုင်း သူငယ်ချင်း မိန်းကလေးတို့၊ အမေတို့နှင့် တွဲပြီးဝင်ရသည်။ ကျွန်တော့်သူငယ်ချင်း အများစုမှာ ‘အရမ်း အလုပ်ရှုပ်စရာ၊ ဖြေရှင်းစရာ မလိုတော့အောင်’ ဆိုပြီး အမျိုးသား အိမ်သာကို အသုံးပြုကြသည်ဟုဆိုသည်။ ကျွန်တော်တို့ သူငယ်ချင်းများ အပြင်မှာ ဆုံဖြစ် ကြလျှင်လည်း အိမ်သာသွားခါနီးဆို မျက်လုံးနှင့် အချက်ပြတာမျိုး၊ “အိမ်သာ က ဘယ်လိုလဲ” လို့မေးလျှင် အိမ်သာက ခွဲမထားဘူး ဆိုပါက “အိမ်သာ တစ် လုံးထဲ” လို့ပြောသည်။ “ကောင်းတယ် သွား” လို့ ပြောတာမျိုးတွေ လုပ်ဖြစ်ကြ သည်။

မိန်းကလေးမှ ယောက်ျားလေးကဲ့သို့ နေထိုင်သူများအား ပတ်ဝန်းကျင်မှ ခေါ်သည့် နာမ်စားများ

တချို့သော မိန်းကလေးမှ ယောက်ျားလေးကဲ့သို့ နေထိုင်သူများအား ခေါ်သည့် အခေါ်များမှာ ယောက်ျားလျာ၊ ဘောပြား၊ ဘောကွဲ၊ ဘဲကွဲ၊ ယောက်ျားမိန်း၊ နှစ်ပိုင်းတစ်ပိုင်း၊ ဟိုမရောက်ဒီမရောက်မ ၊ tom ၊ tomboy ၊ transman တို့ ဖြစ်သည်။ ပတ်ဝန်းကျင်မှ စံသတ်မှတ်ထားပြီး ပုံဖော်ထားသော စကားများ လည်းရှိသည်။ အမျိုးသမီးနှစ်ယောက် ချစ်ခင်ကြသည်ဟု ပတ်ဝန်းကျင်တွင် ထုတ်ဖော်ပြောလိုက်လျှင် ‘ဘယ်သူက ယောက်ျား ဘယ်သူက မိန်းမလဲ’၊ ‘နှမြောလိုက်တာ’ ဆိုတာမျိုး၊ ‘စလောင်းဖုံးနှစ်ချပ်တီးရင် ကျားကိုက်တတ် တယ်နော်’၊ ‘လင်ပန်းနှစ်ချပ်တီးရင် အသံမြည်တာပေါ့’၊ ‘အရင်ဘဝက ဆုတောင်းမှားကြတာလား’ ဆိုတာမျိုး ပြောကြသည်။ ထိုအမျိုးသမီး နှစ်ယောက်ထဲမှ တစ်ယောက်ယောက်ကို စိတ်ဝင်စားသော ယောက်ျားလေးမှ လည်း “ရတယ် တွဲပါ။ ကျွန်တော်နဲ့လည်း တွဲလို့ရပါတယ်။ တစ်ယောက်ကို ကြိုက်တာ နောက်တစ်ယောက်ပါ အပိုရတာပေါ့။ ကျွန်တော်က အဆင်ပြေပါ တယ်” ဆိုကာ ပြောသည်မျိုးလည်း ရှိသည်။ အမျိုးသားလို ဝတ်စားဆင်ယင် ထားသော သူများကိုတော့ “မိန်းမဖြစ်ပြီး ယောက်ျားလိုနေတော့ မြတ်တာပေါ့၊ စိတ်ချရတာပေါ့၊ အချိန်တန် ယောက်ျား ယူကြမှာပဲလေ”၊ “ယောက်ျားနဲ့ မဆက်ဆံ၊ မထိတွေ့ဖူးလို့ပါ။ မိန်းမပြန်ဖြစ်သွားအောင် ငါလုပ်ပေးလိုက်ရ မလား၊ အိမ်ကိုသာ ပို့ပေးလိုက်” ဟု ယောက်ျားလေးတချို့မှ ပြောဖူးသည်။ မိန်းကလေးသူငယ်ချင်းများ ထားလျှင်လည်း ထိုမိန်းကလေးများအား စိတ်ဝင်စားနေသယောင် ပြောဆိုတတ်ကြပြီး၊ ယောက်ျားလေးသူငယ်ချင်းများ ထားလျှင်လည်း “အရမ်း ကျားချင်နေတာ။ တွဲတာကိုက ယောက်ျားလေးတွေနဲ့ ပဲ ပေါင်းတာ” ဆိုတာမျိုးလည်း ပြောဆိုတတ်ကြသေးသည်။

ပတ်ဝန်းကျင်မှ ပုံစံသွင်းကြသော ယောက်ျားလျာများ၏ ပုံစံနှင့် ဘဝ ဖြတ်သန်းရပုံများမှာ “ယောက်ျားလို ဝတ်ထားလျှင် ယောက်ျားလိုနေပေါ့။ မိန်းမလို မိန်းမရနဲ့ ပြောနေတယ်။ ယောက်ျားလိုပုံနေရင် သန်မာရမယ်။ ပြတ်သားရမယ်။ အရာရာရင်ဆိုင်ရဲရမယ်။ မျက်ရည်မကျရဘူး။ မင်း ငါတို့လို အင်္ကျီ မဝတ်ဘဲ နေလို့ရလား။ သတ္တိရှိရင် ချမလား။ လက်သီးယှဉ်ထိုးမလား။ ခါးတောင်းကျိုက်ပြီးထွက်ခဲ့လေ” စသဖြင့် ပြောခံကြရသည်။

အခုလိုမျိုး ငယ်စဉ်ဘဝကတည်းက ကိုယ့်ကိုယ်ကိုယ်သိလာတဲ့ အချိန်ထိ ပတ်ဝန်းကျင်သာမက ကျောင်း၊ အလုပ်၊ နိုင်ငံတော်အဆင့်ထိပါ ဘဝ တစ်လျှောက်လုံး ခွဲခြားခံခဲ့၊ ဖိနှိပ်ခံခဲ့ရတဲ့အပေါ် ကြည့်ခြင်းအားဖြင့် LGBTQ တွေထဲက ကိုယ့်ဖြစ်တည်မှုကို ကြေညာသည့် coming out ခြင်းကို မည်သည့် အနေအထားတွင် ရွေးချယ်ကြကြောင်း ဆန်းစစ်ကြည့်မိသည်။ မိတ်ဆွေများ နှင့် ဆွေးနွေးချက်များထဲမှ ကိုယ့်ဖြစ်တည်မှုကို ကြေညာခြင်း၊ မကြေညာခြင်း များနှင့်ဆိုင်သည့် အတွေ့အကြုံတချို့ကို ဖော်ပြပေးလိုက်ပါသည်။

Coming Out ဆိုတာကို LGBTQ အသိုင်းအဝိုင်းက ဘယ်လိုနားလည် ကြသလဲ

LGBTQ အသိုင်းအဝိုင်း၌ coming out ဆိုသည့် အသုံးအနှုန်း ခေတ်စားလာပုံမှာ နှစ်ကာလ အပိုင်းအခြားအရ အချက်အလက်အတိအကျ မရှိသော်လည်း နိုင်ငံခြားဇာတ်လမ်းအများစုနှင့် လူမှုမီဒီယာများမှ စတင်ဝင်လာခဲ့သည်ဟု ဆိုနိုင်ပြီး LGBTQ များကြားတွင် အလွန်ခေတ်စားပြီး ပေါ်ပြူလာအဖြစ်ဆုံး အသုံးအနှုန်း ဖြစ်လာသည်။ ကျွန်တော် စကားပြောဆွေးနွေးခဲ့သည့် မိတ်ဆွေ (၅) ယောက်မှာ —

၁။ အသက် (၂၉) နှစ်အရွယ် မိန်းကလေးပုံစံ ဝတ်စားဆင်ယင်သည့် အင်း တိုင်းရင်းသူဖြစ်ပြီး bisexual ဟု ခံယူထားကာ ရန်ကုန်မြို့တွင် အလုပ် လုပ်ကိုင်နေထိုင်လျက်ရှိသူ။
၂။ အသက် (၂၈) နှစ်အရွယ် မိန်းကလေးပုံစံ ဝတ်စားဆင်ယင်ပြီး မိန်းကလေးချင်းနှစ်သက်သူ lesbian အဖြစ် ခံယူထားပြီး လက်ရှိ business researcher အနေဖြင့် အလုပ်လုပ်ကိုင်နေထိုင်လျက်ရှိသူ။
၃။ အသက် (၂၇) နှစ်အရွယ် မိန်းကလေးပုံစံ ဝတ်စားဆင်ယင်ပြီး မိန်းကလေးချင်းနှစ်သက်သူ lesbian အဖြစ် ခံယူထားပြီး သူမ၏ မိန်းကလေးချစ်သူ မိသားစုနှင့်အတူ ရန်ကုန်မြို့တွင် လက်ရှိနေထိုင်နေသူ။
၄။ အသက် (၃၀) အရွယ် မိန်းကလေးမှ ယောက်ျားလေးကဲ့သို့ ဝတ်စား ဆင်ယင်ထားသူ။
၅။ အသက် (၂၇) နှစ်အရွယ် တိမွေးကုဆရာဝန်ဖြစ်ပြီး အစိုးရဌာန တစ်ခုတွင် အလုပ်လုပ်ကိုင်နေကာ မိန်းကလေးမှ ယောက်ျားလေးပုံနေထိုင်ပြီး မိန်းကလေးချင်း စိတ်ဝင်စားသူ။

ပတ်ဝန်းကျင် အသိုင်းဝိုင်းက လက်ခံကြသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ မိမိဖြစ်တည်မှုကို ရဲရဲဝံ့ဝံ့ပြောနိုင်ခဲ့ပြီး မပြောနိုင်သေးသည့် သူများ အတွက်လည်း coming out လုပ်နိုင်ရန်အတွက် ကြိုးစားနိုင်စေမည့် အား တစ်ခုဖြစ်စေချင်ကြကြောင်း ဖြေဆိုသူ မိတ်ဆွေတို့က ပြောကြသည်။ ပတ်ဝန်းကျင်ကို coming out ရန်ထက် မိမိကိုယ်ကို bisexual ဆိုသည်ကို လက်ခံရန် အချိန်အတော်ကြာ ခက်ခဲခဲ့ပြီး မိမိ လက်ခံနိုင်ပြီဆိုသည်နှင့် မိသားစု၊ အနီးနားပတ်ဝန်းကျင်ကို မိန်းကလေးပေမဲ့ မိမိချစ်နေတာက မိမိကဲ့သို့ မိန်းကလေးပါဆိုသည်ကို အပြင်မှာရော၊ လူမှုကွန်ရက်တွင်ပါ ပွင့်ပွင့်လင်းလင်း ချပြခဲ့ကြောင်း မိတ်ဆွေတစ်ဦးကဆိုသည်။ coming out လုပ်ရခြင်းမှာ ‘ကိုယ့်ကို ဖိနှိပ်ထားသည့် ပတ်ဝန်းကျင်၊ သူငယ်ချင်း အပေါင်းအသင်း၊ မိဘ ဆွေမျိုး စသည် တို့ကို ကြောက်လို့ ဖွင့်မပြောဘဲ နေခဲ့ရာက အချိန်အတိုင်း အတာ တစ်ခုရောက်မှ ပွင့်ထွက်လာတယ်’ ဟု မြင်ကြောင်း တစ်ဦးက ပြောသည်။ ‘ခွဲခြားထားတဲ့ ပတ်ဝန်းကျင်သာ မရှိခဲ့ရင်၊ လူ့အဖွဲ့အစည်းကသာ ကိုယ့်ကို အားလုံးနှင့် အတူတူပဲလို့ လက်ခံထားရင် coming out ဆိုတာ အထူးတလည်ကြီး ပြောစရာမလိုဘူး’ ဟု ဖြေဆိုသူအများစုက လက်ခံထား ကြသည်။

မိတ်ဆွေများက coming out မလုပ်သောသူများ၏ အခက်အခဲကိုလည်း နားလည်ပြီး လုပ်နိုင်သည့် သူများအပေါ် အကောင်းမြင်ကြသည်။ မိတ်ဆွေများ ထဲမှ တစ်ယောက်က ပြောသည်မှာ သူသည် မိန်းကလေးချင်းသာ စိတ်ဝင်စား သည့်သူဖြစ်ကြောင်းကို သူ့အမေနှင့် အနီးအနား ပတ်ဝန်းကျင်က သိကြပြီး တကူးတကကြေညာစရာ မလိုခဲ့ကြောင်း၊ ခုနောက်ပိုင်း ခွဲခြားဆက်ဆံခံရမှု အနည်းအကျဉ်း ရှိသော်လည်း တော်တော်များများ လက်ခံကြကြောင်း ဆိုသည်။ ရန်ကုန်တွင် နေထိုင်သူများအနေဖြင့် ပတ်ဝန်းကျင်၏ လက်ခံမှု သို့မဟုတ် ဝင်ရောက်မစွက်ဖက်မှုကပေးသော လွတ်လပ်မှုကို ရကြသည်။

မိမိ lesbian ဆိုသည်ကို လက်ခံဖို့ အချိန်ယူခဲ့ရပြီး ကိုယ်တိုင် လက်ခံ နိုင်ပြီဆိုသည်နှင့် အနီးနား ပတ်ဝန်းကျင်က လူတွေကို တဖြည်းဖြည်းချင်း ချပြ ခဲ့ပြီး မိသားစုကလည်း မိမိရွေးချယ်မှုအတိုင်း လက်ခံပေးကြသဖြင့် coming out ရန် သိပ်မခက်ခဲခဲ့သူများရှိသည်။ အချစ်ကြောင့် coming out လုပ်နိုင် လာခဲ့ပြီး transman တစ်ယောက်ကို တကယ်ချစ်မိခဲ့ကာ ‘မိမိရွေးချယ်မှုက သူတစ်ပါးကို မထိခိုက်ဘဲ မိမိရွေးချယ်မှုကြောင့် မိမိပျော်တယ်ဆိုရင် အေးဆေး ပဲ’ ဟု လက်ခံထားကြောင်း တစ်ဦးက ပြောသည်။

ယောက်ျားလျာတစ်ယောက်ကမူ ငယ်စဉ်ကတည်းက မိဘများ အရှက်ရ မည်စိုး၍ အရပ်အခေါ် ဘောပြား၊ ဘောကွဲတစ်ယောက်ဖြစ်မည်ကို ကြောက်ရွံ့ ခဲ့ပြီး ကိုးတန်းရောက်မှ မိမိ၏ လိင်စိတ်ခံယူမှုအပေါ် ကွဲကွဲပြားပြား သိခဲ့ရ သော်လည်း ပတ်ဝန်းကျင်က မေးမြန်းမှုများအပေါ် မဟုတ်ဟု ငြင်းဆန်ခဲ့ရ သည်။ တက္ကသိုလ်စတက်စဉ်မှာလည်း မိဘများ အရှက်ရမည် စိုးရိမ်သဖြင့် မိန်းကလေးပုံစံဖြင့်သာ ကြိုးစားနေထိုင်ခဲ့ပြီး တက္ကသိုလ်ဒုတိယနှစ်ရောက်မှ မိမိချစ်သူနှင့် တွေ့ဆုံခဲ့ပြီး မိမိကဲ့သို့ tomboy အစ်ကိုကြီးများနှင့်လည်း ခင်မင်မိကာ coming out လုပ်နိုင်ရေးအတွက် ခွန်အားများ စတင်ရရှိခဲ့ ကြောင်း ဆိုသည်။ ဘွဲ့ရပြီး အလုပ်ဝင်သည်အထိ မိဘများကို အသိပေး၊ ဝန်ခံခဲ့ ခြင်း မရှိဘဲ နောက်ဆုံးမှ ချစ်ရသော မိန်းကလေးကြောင့် မိဘဆွေမျိုးများအား မိမိ tomboy ဆိုသည်ကို အသိပေးခဲ့သည်။ အဖေနဲ့ ဆွေမျိုးများက ကဲ့ရဲ့ ပြစ်တင်ကြကာ အမေကလည်း (၆) လကျော် စကားမပြောခြင်းကို ရင်ဆိုင်ခဲ့ရ သည်။ နှစ်နှစ်ကျော်ကြာ ကြိုးစားရုန်းကန်ခဲ့ပြီး မိဘများမှ နားလည်လက်ခံလာ ကာ tomboy တစ်ယောက်အဖြစ် ချစ်ရတဲ့သူနှင့်အတူ ဘဝတစ်ခု တည်ဆောက်နေထိုင်နေသည်။

နိဂုံး

မိတ်ဆွေများ၏ ဆွေးနွေးချက်များကို အခြေခံပြီး သုံးသပ်ရလျှင် မိသားစုက ဖြစ်တည်မှုကို လေးစားသည့် ဘဝကို ရခဲ့သူများသည် coming out လုပ်ရန် မလိုပါ။ သို့သော် ပထမအဆင့် မိသားစုထဲကစပြီး ကိုယ့်ဖြစ်တည်မှုကို မလေးစား၊ ကိုယ့်ကို ဖိနှိပ်ချုပ်ချယ်ခဲ့ပါက coming out ဆိုသည်မျိုး ရှိလာမည် ဖြစ်သည်။ ကျောင်းနေအရွယ်မှာလည်း ‘နင်ကတော့ လိင်တူကြိုက်လို့’၊ ‘နင်ကတော့ မိန်းမက မိန်းမလို မနေလို့’ စသည့် ခွဲခြားခံရမှုမျိုး၊ မှတ်ပုံတင် လုပ်သည့်အခါတွင်လည်း ကိုယ့် identity ကို မဖော်ပြရဘဲ မွေးဖွားလာ ကတည်းက ပါလာသည့် ပေါင်တံနှစ်ခုကြားက အရာကိုသာ ထည့်သွင်းဖော်ပြ ထားရုံမက နာမည်မှာပါ မောင်/မ ၊ ဒေါ်/ဦး တပ်လိုက်ခြင်းမျိုး၊ တက္ကသိုလ် တက်ပြီး ဘွဲ့ရသည့်အချိန်မှာသော်မှ အဝတ်အစားအပြင်အဆင်နှင့် ဓာတ်ပုံက စပြီး လူကိုယ်တိုင် တက်ရောက် မယူချင်အောင် ဖိနှိပ်ထားမှုမျိုး၊ အလုပ်အကိုင် ပတ်ဝန်းကျင်မှာလည်း ယောက်ျားလို ဝတ်ထားသည်ကို မြင်ပါလျက်နှင့် ‘ညီမ လို့ ခေါ်မယ်နော်’ အစချီပြီး ခွဲခြားထားသည့် ပုံစံမျိုး၊ မွေးဖွားသည့် အချိန်မှစပြီး အလုပ်လုပ်သည့် အသက်အရွယ်ရောက်သည့်အချိန်ထိ နေ့စဉ်ဖြတ်သန်းချိန် များတွင် နာမည် ခေါ်ဝေါ်ခြင်းမှစပြီး အိမ်သာကဲ့သို့ နေရာမျိုး၊ ဘွဲ့လက်မှတ်နှင့် အလုပ်အကိုင်များ သာမက လူ့အဖွဲအစည်း၏ သတ်မှတ်ထားသည့် ဘောင်ထဲ သို့ သွတ်သွင်းပြီး ဖြေရခက်သည့် မေးခွန်းများ၊ ဖိနှိပ်မှုများနှင့် ခွဲခြားမှုများ မရှိဘဲ လူလူချင်းပဲ ဆိုသည့် အတွေးမျိုးသာဖြစ်ခဲ့လျှင် coming out လုပ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ‘ငါက ဘာလဲ’ ဆိုသည်များကို ပြန်မေးစရာ မလိုရလောက် သည့် အခြေအနေတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ထို့အပြင် LGBTQ များအနေဖြင့်လည်း ကိုယ့်ဖြစ်တည်မှုကို လူသား ဆန်စွာ ဖြတ်သန်းရင်း ‘LGBTQ မို့လို့ ငါ့ကိုနားလည်ပေးပါ၊ ငါ့ကိုနေရာပေးပါ’ ဆိုသည့် ဆင်ခြေများနှင့် မဖြတ်သန်းသင့်ပေ။ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း ကလည်း ပုံစံသွင်းထားသည့် သူများထက် တော်နေမှ၊ သူများထက် လှနေမှ၊ သူများထက် ပိုက်ဆံရှာနိုင်မှ coming out စရာမလိုသည့် ပတ်ဝန်းကျင်လိုမျိုး မဟုတ်ဘဲ လူသားဆန်စွာ နေထိုင်နိုင်မည့် တန်းတူညီမျှမှုမျိုး ပေးသင့်ပါသည်။ စင်စစ် coming out သည် လူ့အဖွဲ့အစည်း၏ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု အရ LGBTQ များအပေါ် ဖိနှိပ်ခွဲခြားမှုများကို ဖော်ပြနေခြင်းဖြစ်ပေသည်။ LGBTQ ဟု ထုတ်ပြောမှ ကိုယ့်ကိုလက်ခံခြင်း၊ လေးစားခြင်းမျိုး ရှိခြင်းသည် ပင်လျှင် လူ့အဖွဲ့အစည်းတွင် လူအားလုံးကို တန်းတူလက်ခံခြင်း မရှိကြောင်း ပြနေခြင်း ဖြစ်ပေသည်။

အဆုံးမှတ်စုများ

1 ယခုနောက်ပိုင်းတွင် ထရန့်မန်းများ ကိုယ်တိုင် မြန်မာပြည်မှာ အထည်ချုပ်စက်ရုံ ထောင်ပြီး ထိုကဲ့သို့ အဝတ်များ ရောင်းလာသည်။ ထိုသို့ပြည်တွင်းဖြစ်အထည်တံဆိပ် (၂) ခုလောက်ရှိပြီး တစ်ထည်လျှင် (၆၅၀၀) ကျပ် မှ (၁၅၀၀၀) ကျပ် လောက်သာ ရှိတော့သည်။ ဆိုင်များ၊ ကုန်ပစ္စည်းတံဆိပ်များဖြင့် သေချာရောင်းပြီး နယ်များသို့ပါ ဖြန့်သဖြင့် ပိုအဆင်ပြေလာသည်။