ယောက်ျားလျာ

ထင်လင်း | Click here to read this article in English.

Cite as: 
ထင်လင်း၊ (၂၀၂၄)၊ ယောက်ျားလျာ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၂)။ https://ijbs.online/?page_id=4969


“ယောက်ျားလျာ” တဲ့‌ “ဘောပြား” တဲ့
ဒီ‌ခေါင်းစဉ်အောက်ကနေ ဒီအသက်အရွယ်အထိ
ဖြစ်ဖြစ်မြောက်မြောက် လုပ်ဖူးတာဆိုလို့
အသည်းကွဲတာနဲ့ စိတ်ဓာတ်ကျတာပဲရှိတယ် အမေရယ်

မခေါ်ဘဲနဲ့ ဝင်ဝင်လာပြီး မနှင်ဘဲနဲ့ ပြန်ထွက်သွားသူတွေ အကြောင်း
ဖြူဖြူစင်စင် ပွင့်ပြီးကာမှ အမြစ်ကနေ အနုတ်ခံလိုက်ရတဲ့ အကြောင်း
အသက်ကိုတောင် ရဲရဲ မရှူရဲတော့တဲ့အကြောင်း

ဒဏ်ရာတွေကို မေ့မှာစိုးပေမယ့်
မှတ်ဉာဏ်တွေထဲက ပျောက်သွားဖို့လည်း မဖြစ်နိုင်ဘူး
ဘယ်ဒဏ်ရာမှတော့ လွယ်လွယ်နဲ့ အနာမကျက်ဘူး ဆိုတာလည်း သိတယ်

မိုးရွာလိုက် . . . နေပူလိုက် . . . နှင်းကျလိုက် . . .
ရာသီတွေ ပြောင်းတိုင်း နှလုံးသားလေးကလည်း
စိုလိုက် . . . စွတ်လိုက် . . . ငိုလိုက် . . . လွတ်လိုက်နဲ့
တစ်ခန်းလွတ်သွားမလားလို့ ခေါင်းကိုလည်း ခဏခဏလှုပ်ကြည့်ရတယ်
ကလောက်. . . ကလောက်သံ မကြားရဘူးဆိုမှ ရဲရဲဆက်ငို
အခန်းတွေ အကုန်လွတ်သွားရင်လည်း ခေါင်းပေါ့သွားမှာပဲလို့ တွေးမိရတယ်
ပြီးတော့လည်း ငါ့ခေါင်းထဲကို နာကျင်ရတဲ့ ဝေဒနာတွေ စုပြုံထိုးထည့်လိုက်တာပဲ
ခေါင်းထဲကို ဝေဒနာတွေ စုပြုံရောက်နေတယ်ဆိုတာကလည်း
ခေါင်းထဲမှာ သေနတ်တွေ ဝိုင်းပစ်နေသလိုပဲ
ဒီနားမှာ သေလိုက်၊ ဟိုနားမှာ လဲကျလိုက်
နှလုံးသားကို တည့်တည့်မှန်လိုက်နဲ့
အသက်ပြင်းတာကလည်း တစ်ခါတစ်ခါ ဝဋ်ကြွေးပဲ
“ယောက်ျားလျာတွေက မိန်းမလျာတွေထက် လောကဓံကို ပိုခံနိုင်တယ်” လို့ ကြားတိုင်းလည်း
ခပ်ယဲ့ယဲ့ ပြုံးမိတာ အခါအခါ

“ကဗျာ‌ရေးပါလား” တဲ့
နာကျင်စရာတွေကို ကဗျာအဖြစ် ဖောက်ထုတ်ရင်ရော ပြန်ဖြူစင်နိုင်မှာမို့လို့လား
ထပ်ကာထပ်ကာ တူးဆွခံရတဲ့ ဒဏ်ရာတွေ
အမာရွတ် အထပ်ထပ်နဲ့ အပြုံးတွေ
ချစ်ခြင်းမေတ္တာ အတုအယောင်တွေ
ပြန်မလိုချင်တော့တဲ့ အယောင်ဆောင် နွေးထွေးမှုတွေ
ဖေးမတာတွေ မပြောနဲ့
“နင် အဆင်ပြေရဲ့လား” လို့တောင် အမေး မခံချင်ဘူး
ရိုင်းရိုင်းပြောရရင်
ပလီစိချောက်ချက် အမူအရာတွေအကြောင်း ပြန်လည်းမကြားချင်ဘူး

ရွံတာ အခါခါ
တံတွေးတွေ ထွေးထုတ်တာ အခါခါ
နေ့စွဲတွေပေါ်က ငါ့နာမည်ကို ငါပြန်ဖျက်တာ အခါခါ
မကျန်ချင်ဘူး ဘာအမှုန်အမွှားမှ
အဲဒီလောက်ထိ လွတ်လပ်ချင်တာ၊ လွတ်လပ်သွားချင်တာ
ထူးအိမ်သင်ကတော့ အမေ့ရဲ့ ဒုက္ခအိုးလေးတဲ့
ကျွန်တော်ကလည်း အမေရဲ့ အလေဏတောလေးပဲ

ကြယ်တွေကို လွတ်လွတ်လပ်လပ် ရှင်းရှင်းလင်းလင်း
မြင်ရတဲ့နေရာတွေကိုပဲ ပြောင်းရွှေ့နေမိတယ်
တစ်ခါတလေတော့ ဘယ်သူမှ မသိဘဲ
ကြွေလွင့်သွားရတာကမှ ခပ်ကောင်းကောင်းရယ်
ညတာတွေလည်း ဆက် မရှည်စေချင်တော့ဘူး။