ဇော်ရင် | Click here to read this poem in English.
Cite as: ဇော်ရင်၊ (၂၀၂၃)၊ ညနေ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ၄(၂)။ https://ijbs.online/?page_id=4934

တံတားက မြစ်ကို ဖြတ်ကူးသွားတယ်
ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်က
မြစ်လယ်မှာ အမြဲကျန်ခဲ့တယ်
မမြင်ရတဲ့လမ်းက ပိုရှည်တတ်စမြဲ
တစ်ယောက်အလင်းရောင် တစ်ယောက်ကြည့်ရင်း
ဖြတ်သန်းရတဲ့ ညနေခင်းတွေ
သူများလင်းဖို့ ကိုယ်တိုင်လောင်ကျွမ်းပေးရတာ
အဲဒါ ဖယောင်းတိုင်လေလို့ ခပ်ပေါ့ပေါ့ပြောရင်း
ကိုယ်တိုင် လောင်ကျွမ်းခဲ့ကြသူများ
အိမ်အမှတ်နဲ့ ညနေတိုင်း ပြန်လာနေခဲ့တာပဲ
အိမ်အမှတ်နဲ့ ညနေဟာ ပြန်လာနေခဲ့တာပဲ
မီးက
အလှည့်ကျစနစ်နဲ့ လောင်နေတယ်
တံတားအိုပေါ်မှာ ကြောင်ပျောက်နေတုန်း
တံတားအောက်မှာ ဖြတ်စီးသွားတဲ့သွေးတွေ။