စီစဉ်သူ၏ အမှာစာ

သရဖီသန်း | Click here to read this article in English.

Cite as: 
သရဖီသန်း၊ (၂၀၂၄)၊ စီစဉ်သူ၏ အမှာစာ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၂)။ https://ijbs.online/?page_id=4929

“မြန်မာပြည်ရှိ ဖမ်မနင်ဇင်နှင့် LGBTQ” အကြောင်း အထူးထုတ်စာစဉ်၏ ဒုတိယတွဲလည်းဖြစ် နောက်ဆုံးတွဲလည်းဖြစ်သည့် ဤအတွဲကို ‘ထားဝယ်အစု’ မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့်ပင် တင်ဆက်လိုက်ရပါသည်။ လက်တွေ့ဘဝထဲ တွင် အသက်မွေးကြသူများက ဖမ်မနင်ဇင်အပေါ် သဘောပေါက် နားလည်ကြ ပုံ၊ ထိုသူတစ်ဦးချင်းစီက ဖမ်မနင်ဇင်ကို အားကိုး၍ သူတို့၏ ဘဝများနှင့် လူမှု အသိုင်းအဝိုင်းအတွင်းသာမက တစ်ပြည်လုံးကိုပါ ပြောင်းလဲရန် ကြိုးစား အားထုတ်ကြပုံအကြောင်းများကို ပထမတွဲနည်းတူ ယခုအတွဲတွင် တင်ဆက် ထားပါသည်။ နည်းနည်းပိုသည်ဟု ဆိုချင်ဆိုနိုင်သော်လည်း ယခုအတွဲတွင် ပါဝင်သည့် မိန်းမတစ်ဦးချင်းသည် မြန်မာပြည်ထဲ အလုပ်လုပ်ရင်း ပိုမိုနက်နဲ သည့် အဓိပ္ပာယ်များကို ဖမ်မနင်ဇင်ကို ကိုးစား၍ ဖွေရှာလျက်ရှိကြသည်။ သာ၍ အရေးကြီးသည်မှာ ဖမ်မနင်ဇင်ကို ကိုးစား၍ တော်လှန်ရေးတစ်လျှောက် ကြံ့ကြံ့ခံကြခြင်းပင်ဖြစ်၏။ စာရေးသူများ၏ ဆောင်းပါးများကို ဖတ်ရှုပြီး သူတို့ နှင့်အတူ နီးကပ်စွာ လက်တွဲလုပ်ဆောင်ခဲ့ရသည့် အတွေ့အကြုံအရ ကျွန်မ ပြောနိုင်သည်မှာ စာရေးသူတစ်ဦးချင်းက ဖမ်မနင်ဇင်ကို ပြင်းထန်သော အတွေးအခေါ်များ မှီတည်ခိုနားရာ အခြေတစ်ရပ်အဖြစ် လည်းကောင်း၊ ပုဂ္ဂလိကဘဝနှင့် လူမှုဘဝမှ စိုးရိမ်ပူပန်မှုများ၊ အကြောက်တရားများနှင့် အားမလိုအားမရ ဖြစ်ခြင်းများကို ကျော်လွှားရာ လက်နက်ကိရိယာအဖြစ် လည်းကောင်း၊ သူတို့၏ အတွေးအခေါ်နှင့် လောကအမြင်များကို ဖော်လှစ်ရာ ကြားခံနယ်တစ်ခုအဖြစ်လည်းကောင်း၊ စိတ်တူကိုယ်တူ လူအပေါင်း ဆုံစည်း နိုင်ရာ နေရာရပ်ဝန်းတစ်ရပ်အဖြစ် လည်းကောင်း၊ အတန်းပညာရေးကို ကျောခိုင်း၍ တော်လှန်ရေးအတွင်း ဝင်ရောက်ခဲ့ကြသည့် မိန်းကလေးများ အနေဖြင့် အတွေ့အကြုံကိုအခြေပြုလျက် သင်ယူလေ့လာနိုင်ရာ ရပ်ဝန်း တစ်ရပ်အဖြစ်လည်းကောင်း အမျိုးမျိုး လက်တွေ့အသုံးချနေပုံကို ကျွန်မ မြင်မိသည်။

ဖမ်မနစ်များသည် ဖမ်မနင်ဇင်ကို တော်လှန်ရေးရေချိန်ကို တိုင်းတာသည့် ကိရိယာတစ်ရပ်သဖွယ် အသုံးပြုကြ၏။ တော်လှန်ရေးအတွင်း လူမျိုးစုံ အကျုံး ဝင်နိုင်ရေး၊ ဖိုဝါဒကြီးစိုးမှု နည်းပါးစေရေး စုပေါင်း တိုက်တွန်းကြသည်။ ယောက်ျား ကြီးစိုးသည့် စစ်တပ်ကို တော်လှန်ရာဝယ် ဖမ်မနစ်များသည် သူတို့ ကိုင်စွဲရာ တန်ဖိုးများနှင့် သွေဖည်ပြီး အလျှော့ပေးခြင်းမပြုသလို ယောက်ျား လုပ်ဖော်ကိုင်ဖက်များကိုလည်း သူတို့ကဲ့သို့ မြဲမြံရန်၊ ဗမာစစ်တပ်ကို ဖြိုချ ရုံမက လမ်းဆုံးထိလျှောက်ရန် စိန်ခေါ်သည်။

မိန်းမခန္ဓာကိုယ်ဟူသည် ခုခံတော်လှန်မှုပြုရာ ဝန်းကျင်နေရာတစ်ရပ် ဖြစ်ရုံမက တော်လှန်ရေးကို ရှုမြင်နားလည်နိုင်သည့် မှန်ဘီလူးလည်း ဖြစ် ကြောင်း ဆောင်းပါးများက ပြသလျက်ရှိသည်။ မိန်းမခန္ဓာကိုယ်ကို အခြေပြု၍၊ တစ်နည်းအားဖြင့်ဆိုလျှင် မိန်းမများ၏ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံ ခံစားမှု များကို အခြေပြု၍ ကြည့်မည်ဆိုပါက လူတို့သည် တော်လှန်ရေးအပေါ် ကျဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း၊ တော်လှန်ရေးအတွင်း မိန်းမ များအား နေရာမပေးကြကြောင်း ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရသည်။ မိန်းမကိုယ်ခန္ဓာများကို တော်လှန်ရေးမှ အာရုံလွဲစေသည့် အရာတစ်ရပ်အဖြစ်၊ တော်လှန်ရေးအပေါ် အနှောင့်အယှက်ပြုသည့် တစ်စုံတစ်ခုအဖြစ်၊ သို့တည်း မဟုတ် ခြိမ်းခြောက်မှု တစ်စုံတစ်ရာအဖြစ်သာ ရှုမြင်ကြသည်။ သို့သော်လည်း မိန်းမများသည် ထိုယုံကြည်မှုများနှင့် အလေ့အထများကို တိတ်တဆိတ် လက်ခံလိုက်မည့်အစား စိန်ခေါ်ချင်ကြသည်။

ဘဝပေး တွေ့ကြုံခံစားမှုများသည် သီအိုရီများကို ပို၍ သဘောပေါက် လွယ်စေသည်။ လူငယ်များသည် ပိုမို ကျယ်ပြန့်နက်ရှိုင်းသည့် အတိုင်းအတာ ဖြင့် ဖမ်မနင်ဇင်နှင့် ပတ်သက်ထိတွေ့နေကြပြီ ဖြစ်သည်။ တစ်ချိန်က အခွင့်ထူး ခံအလွှာမှ စိတ်ကူးစိတ်သန်းများဟု ယူဆခဲ့သည့် အရာများကို မြေပြင်သို့ ဆောင်ကြဉ်းလာနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် လက်တွေ့သင်ခန်းစာများ၊ မြေပြင်ဥပမာများနှင့် ဖြစ်ရပ်လေ့လာချက်များဖြင့်လည်း တွေးခေါ်ဆွေးနွေး ဝိုင်းများကို ပိုပြီးမြိုင်စေ၏။ ‘လက်တွေ့ဘဝထဲတွင် အသက်မွေးကြသူများ’ သို့မဟုတ် ‘အသိရှင်များ’ အဖြစ် သိရှိကြသည့် အရပ်သူမိန်းမများ၏ ပညာရပ် မဆန်သော အရေးအသားများကို ဖတ်နေကျ၊ မြင်နေကျမျိုး ဖြစ်လာရန် ဤအထူးထုတ် နှစ်အုပ်တွဲက အားထုတ်ထားပါသည်။ ကျွန်မတို့၏ ပညာရပ် ဆိုင်ရာအသုံးအနှုန်းများ၊ ယထာဘူတသဘောတရားများ (တကယ်တော့ အများလက်ခံထားသော ပုဂ္ဂလိကအမြင်များသာ) နှင့် နိုင်ငံရေးအရ တော်တည့် မှန်ကန်ရန် စည်းကြပ်မှုများက စာရေးသူများအပေါ် လွှမ်းမိုးခြယ်လှယ်မှု မရှိ စေရန် ကျွန်မတို့ အထူးဂရုပြုခဲ့ပါသည်။

သုတေသီများ၊ ပညာရှင်များနှင့် လေ့လာသူများ၏ ဝေးရာမှ စာရေးသူ ကိုယ်တိုင်တွေ့ကြုံရသည်ကို ပြန်လည်တင်ပြရာတွင် ‘ဂျိန်းဖော’ ဟု မသုံးစွဲဘဲ ‘ကချင်’ ဟုသာ သုံးနိုင်သည်။ ကချင်သမိုင်းကို အလုံအလောက် နားမလည်ဟု သူ့အပေါ် စွပ်စွဲပြစ်တင်ခြင်းမျိုးမှ ကျွန်မတို့ ရှောင်ရှားရမည်။ စုစည်း တင်ဆက်သူတစ်ဦးအနေဖြင့် ကျွန်မ၏ အလုပ်တာဝန်မှာ စာရေးသူများ သူတို့၏ ဇာတ်ကြောင်းများကို သူတို့ကိုယ်ပိုင်နည်းဟန်အတိုင်း သူတို့ဘာသာ တင်ဆက်နိုင်ဖို့အရေး နေရာပေးရန်သာဖြစ်သည်။ စာရေးသူများက သူတို့ အပေါ် နားလည်မှုလွဲမှားမည်၊ အနက်အဓိပ္ပာယ်လွဲမှားကောက်ယူမည်ကို ကြောက်ရွံ့သည်ရှိသော် ကူညီဖယ်ရှားပေးရန်ဖြစ်သည်။ ထိုသို့ပြုခြင်းအားဖြင့် ကျွန်မတို့သည် ဒေသခံများ သူတို့အကြောင်းသူတို့ လွတ်လွတ်လပ်လပ် ရေးသားဖော်ပြ၍ ကြားခံသူမပါဘဲ အချင်းချင်း အဆီးအတားမဲ့ လွတ်လပ်စွာ ပြောဆိုဆက်ဆံနိုင်ရန် ကူညီပေးနိုင်မည်။ ဤအတွဲတွင် ပါဝင်သည့် စာရေးသူ များသည် သူတို့၏ အနီးပတ်ဝန်းကျင်များနှင့် အလုပ်ခွင်များအကြောင်း ထွင်းဖောက်ရှုမြင်ကာ ဖော်ပြနိုင်သည်။ ပုဂ္ဂိုလ်ရေးနှင့် နိုင်ငံရေးကို ဆက်စပ် ကြည့်နိုင်ကြသည်။ သူတို့၏ ဖြစ်ကြောင်းဇာတ်လမ်းများဖြင့် ဘဝနှင့် လောက အဓိပ္ပာယ်တစ်ရပ်ရပ်ကို ရှာနေ၊ ဖွင့်နေကြသည်။ ဆောင်းပါးအများစုသည် စာရေးသူတို့ တွေ့ခဲ့ ကြုံခဲ့ရသည့် ပြဿနာများ၏ လတ်တလောအရေးကြီးမှု ကို ထောက်ပြနေသည်။

စာရေးသူတချို့သည် ဆောင်းပါးဖြစ်စေသည့် နောက်ခံမှ အချိန်ကာလ အားဖြင့်၊ နေရာဒေသအားဖြင့် ဝေးကွာမှု ရှိလာသည့်အခါ ရေးပြီးသားစာကို လေသံပြောင်း၍ ရေးလိုကြသည်။ ဆောင်းပါးများ ရေးသားခိုက် စာရေးသူတို့ ဖော်ကျူးခဲ့သည့် ရင်တွင်းဖြစ်ခံစားချက်များကို မပျောက်ပျက်စေရန်အလို့ငှာ မူရင်းစာအပေါ် ပြင်ဆင်မှု အနည်းဆုံးဖြစ်အောင် လုပ်ထားသည်။ ဤအတွေ့ အကြုံမှ ကျွန်မတို့ သင်ခန်းစာယူနိုင်သည်မှာ ပညာရပ်ဆိုင်ရာ ဆောင်းပါးများ သည် စာပါအဖြစ်အပျက်တို့ ဖြစ်တည်ရာနှင့် အချိန်အားဖြင့်၊ ဒေသအားဖြင့်၊ စိတ်ခံစားချက်အားဖြင့် နီးစပ်မှု မရှိသော နေရာများမှ ရေးထားကြသဖြင့် ဆောင်းပါးများမှာ စိတ်ခံစားမှု ခါလီ၊ တစ်ခါ လူ့အသိုင်းအဝိုင်းတစ်ခုနှင့်တစ်ခု ဆက်စပ်ပေါင်းကူးပေးဖို့ အရာမရောက် ဖြစ်သည်ကို တွေ့နိုင်သည်။

တချို့ယောက်ျားများအတွက် မိသားစုပြဿနာများမှ ရှောင်ခွာလွတ် မြောက်နိုင်ရန် စစ်က ပြေးပေါက်ခင်းပေး၏။ ယောက်ျားများ ချန်ရစ်ခဲ့သည့် တာဝန်များကိုမူ မိန်းမများက အပိုထပ်ဆောင်း ထမ်းရွက်ကြရသည်။ အိမ်မှု ကိစ္စအဝဝနှင့် ကလေးပြုစုပျိုးထောင်မှုကဲ့သို့သော ရိုးရာအစဉ်အလာ တာဝန် များသာမက အဖေဖြစ်သူကင်းကွာမှုကြောင့် ပေါ်ပေါက်လာသည့် စိတ်ခံစားမှု ပိုင်းဆိုင်ရာ အားထုတ်မှုများကိုပါ အမေဖြစ်သူက ထမ်းရွက်လုပ်ဆောင်ရသည်။ ပဋိပက္ခများအတွင်း ဘာမဆိုဖြစ်သွားနိုင်သည့် ဘဝခရီးကို လျှောက်လှမ်းရ သည်။ ကော်လင်းနှင့် ဂျင်းတို့ရေးသားသည့် “ကရင်နီ စစ်ဒေသအတွင်းရှိ အမျိုးသမီးများ မျက်မြင်ကြုံတွေ့နေရသော အတားအဆီးများနှင့် စိတ်ဓာတ် ပိုင်းဆိုင်ရာ ကန့်သတ်ချည်နှောင်ထားခံရမှုများ” ဆောင်းပါးတွင် ဒဏ်မခံနိုင် တော့၍ အဆုံးစီရင်သွားသော မိန်းမများအကြောင်း မီးမောင်းထိုးတင်ပြထား သည်။ ဆောင်းပါးရေးသားသည့် အချိန်နှင့် ထုတ်ဝေသည့်အတောအတွင်း မိန်းမစစ်သည်များ၏ အဆင့်အတန်းနှင့် ပတ်သက်၍ ပြောင်းလဲမှုများရှိသည် ကို စာရေးသူတို့ မြင်တွေ့ခဲ့ရသည်။ လက်နက်ကိုင်တော်လှန်ရေး စတင်ပြီး နောက် လအနည်းငယ်အကြာတွင် ကရင်နီဒေသရှိ ယောက်ျားခေါင်းဆောင် များသည် မိန်းမများ၏ ရဲစွမ်းသတ္တိနှင့် လုပ်နိုင်စွမ်းကို အသိအမှတ်ပြုလာကြ၍ မိန်းမများကို ရှေ့တန်းသို့ စေလွှတ်ခဲ့သည်။ အောက်ခြေမှတ်စုတိုတစ်ခုတွင် စစ်မြေပြင်ရှိ မိန်းမများ၏ ပြောင်းလဲနေသော အခင်းအကျင်းအကြောင်း မှတ်တမ်းတင်ထားသည်။ ထို့အပြင် ကိုယ်တိုင် မသိလိုက်မသိဘာသာ လက်ခံ ထားမိသော လိင်ခွဲခြား ဖိနှိပ်မှုမျိုးမှ မိန်းမများ ရုန်းထွက်လွတ်မြောက်နေကြ ကြောင်းကိုလည်း ကျွန်မတို့ သင်ယူလေ့လာနိုင်သည်။ မီးဖိုချောင်နှင့် ရုံးခန်းထဲ တွင်သာမက တော်လှန်ရေးအတွင်း မည်သည့်နေရာမဆို မိန်းမများနှင့် ဆိုင်ကြောင်း သူတို့ကိုယ်တိုင်နှင့် တခြားသူတို့ကို သက်သေပြနေကြသည်။ ထို့အပြင် ကျေးလက်နှင့် မြို့ပြကွာခြားပုံကိုလည်း ဆောင်းပါးက လှစ်ဟပြ ထားသည်။ မြို့ပြကို စွန့်ခွာထွက်ပြေးခဲ့သော မိန်းမများသည် ရောက်သည့် နေရာများ၏ မိန်းမများ ဘာလုပ်နိုင်သည်၊ ဘာမလုပ်နိုင်ဟူသော တင်းကျပ် သည့် သတ်မှတ်ချက်များအတွင်း ပိတ်မိနေကြသည်။ သို့သော် ခိုကိုးရာ နေရပ် အသစ်ရှိ အလေ့အထများကိုမူ ပြောင်ပြောင်တင်းတင်း စိန်မခေါ်ရဲသေးပေ။ ဤသည်ကပင် အသက်ရှင်ရေးအလို့ငှာ သင်ယူခဲ့ရသော နည်းပရိယာယ် တစ်ရပ်ဖြစ်ပေမည်။ ပြောင်ပြောင်တင်းတင်း စိန်ခေါ်မည့်အစား သင်ကြားပို့ချ သူ၊ ဆေးကုသသူ၊ စစ်တိုက်သူ စသည့်တာဝန်များကိုယူ၍ မိမိတို့၏ အစွမ်းအစ ကို တိတ်တဆိတ် ပြသပြီး မိမိတို့၏ လုပ်ပိုင်ခွင့်များကို တိုးချဲ့လျက် ရှိကြသည်။ ဒေသခံမိန်းမများ သူတို့ရပိုင်ခွင့်များအရေး သူတို့ဘာသာ တိုက်ပွဲဝင်နိုင်စေရန် အားဖြည့်ပေးရန်မှာ အရေးကြီးလှကြောင်းကို ကရင်နီမိန်းမများ၏ အတွေ့ အကြုံများက မီးမောင်းထိုးပြသနေသည်။ ပြင်ပမှ ဝင်ရောက်လုပ်ဆောင်မှုများ မှာမူ အကန့်အသတ်ရှိ၍ စိတ်ရင်းစေတနာ ကောင်းမွန်သော်ငြား အထင်လွဲ ခံရနိုင်သည်။ ပိုဆိုးသည်မှာ ထိုဝင်ရောက် လုပ်ဆောင်မှုများသည် ဗမာများနှင့် လူနည်းစုများအကြား နဂိုကတည်းက ခနော်နီခနော်နဲ့ဖြစ်နေသော စည်းလုံးမှု ကို ပြိုလဲစေနိုင်ပြီး တော်လှန်ရေး၏ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်များ ကိုပင် ထိခိုက်စေနိုင်သည်။ မြေပြင်တွင် သင်ယူသိရှိခဲ့ရသည့်အတိုင်း ကိုယ်ပိုင် ရည်မှန်းချက်များအတွက် မိမိဘာသာ တိုက်ပွဲဝင်နိုင်စေရန် ဒေသခံမိန်းမများ ၏ အစွမ်းကိုမြှင့်ပေးသည့် ဖမ်မနင်ဇင်ကသာ အားအကောင်းဆုံးဖြစ်ပေသည်။

ကိုယ်တိုင်က ကချင်လူမျိုးဖြစ်သူ ဝါလာကော့ ရေးသည့် “ကချင် အမျိုးသမီးတွေက ဘယ်သူလဲ” ဆောင်းပါးတွင် ဗမာကြီးစိုးသော လူ့အဖွဲ့ အစည်းက ကချင်မိန်းမများကို ခရစ်ယာန်များအဖြစ်၊ အဆိုအက ကောင်းသူ များအဖြစ်၊ မိန်းမလှများအဖြစ် ပုံစံခွက်ထဲသွင်း၍ ကျဉ်းမြောင်းစွာ ဘောင်ခတ် ပုံဖော်မှုအပေါ် စာရေးသူက မေးခွန်းထုတ်ထားပေသည်။ တစ်ချိန်တည်းမှာပင် ကချင်လူ့အဖွဲ့အစည်းက ကချင်မိန်းမများအပေါ် ကိုယ့်လူမျိုးကို ကာကွယ် စောင့်ရှောက်ရမည်၊ ရိုးရာဟင်းချက်တတ်ရမည်၊ ရက်ကန်း ရက်တတ်ရမည်၊ ရိုးရာစောင့်ထိန်းရမည် စသည်ဖြင့် ဂျန်ဒါပြု ခွဲခြားသတ်မှတ်သော မျှော်လင့် ချက်များဖြင့် ဝန်ပိစေသည်။ ဗိုလ်ချုပ်အောင်ဆန်း ကချင်သို့ ခရီးသွားစဉ်က သူနှင့်အတူ ဓာတ်ပုံရိုက်ခဲ့ကြသော ကချင်မများသည် တစ်ပြည်လုံး အတိုင်း အတာအားဖြင့် လူအများ၏ စိတ်ကူးအာရုံထဲ ထင်ကျန်နေခဲ့သည်။ အရေးကြီး ပုဂ္ဂိုလ်များအကြောင်း ပြောရာတွင် ကချင်မိန်းမများသည် ဝတ်စုံလှလှကလေး များဖြင့် ဖြည့်စွက်မှတ်တမ်း အချက်အလက်များအဖြစ်၊ ထိုပုဂ္ဂိုလ်များကို ဖြည့်ဆည်းဖေးမသူများအဖြစ် အစဉ်အမြဲ လျှော့ချခံထားရသည်။ ထိုသို့ အပေါ်ယံဆန်သည့် ဘောင်ခတ် တင်ဆက်မှုများကို ကျော်လွန်၍ ကချင်မိန်းမ များကို မြင်အောင်ကြည့်ရန်၊ ကချင်ဒေသအတွင်းမှာရော အပြင်မှာပါ ကချင် မိန်းမများ နေ့စဉ် ခွဲခြားဖိနှိပ်ခံရသည်ကို နားလည်ဖို့ကြိုးစားရန် စာရေးသူက စာဖတ်သူများကို နှိုးဆော်စိန်ခေါ်ထားသည်။ ရန်ကုန်တွင် တိုက်ခန်းပိုင်ရှင်များ က ကချင်များကို တိုက်ခန်းမငှားခြင်း၊ ကချင်ကျောင်းနေအရွယ်ကလေးများ စကားဝဲသည်ကို ဗမာဆရာများက လှောင်ပြောင်ကဲ့ရဲ့ခြင်း၊ တစ်နေရာမှ တစ်နေရာ သွားရာတွင် မှတ်ပုံတင်၌ ကချင်ဆိုသော စကားလုံး ပါရုံသက်သက် ဖြင့် အာဏာပိုင်များက စစ်ဆေးခြင်း စသည်တို့မှာ ဖိနှိပ်ခွဲခြားမှုများထဲမှ တချို့ ဖြစ်သည်။ ကချင်အမည်များကို အသံထွက်မှားကြသည်မှအစ ကချင်များကို အနက်ရောင် (ဝါ) ပဋိပက္ခဘေးသင့်ဒေသမှ လာကြသူများအဖြစ် တွဲဖက် သတ်မှတ်ကြသည်အဆုံး အကြောင်းအမျိုးမျိုးကြောင့် ကချင်မိန်းမများသည် နွေးထွေးကြိုဆိုမှု တစ်စုံတစ်ရာ မခံစားရပေ။ ရန်ကုန်ကဲ့သို့ လူမျိုးစုံလင်သည့် မြို့တွင်ပင် ကိုယ့်အိမ်ကိုယ့်ယာအဖြစ် ဘယ်သောအခါမှ မခံစားရပေ။ ကချင် မိန်းမတချို့သည် ကိုယ့်အတွက်၊ တခြားသူများအတွက် အသံထွက် ထုတ်ဖော် ပြောဆိုရန် ကြိုးပမ်းနေကြပြီး ‘သူပုန်’ ‘တော်လှန်သူ’ ဆိုသည့် အမှတ်တံဆိပ် များကို ကချင်မိန်းမဖြစ်တည်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူ့အဖွဲ့အစည်းက ရှုမြင်နိုင်ရန်၊ ပုံစံခွက်များကို ကျော်လွန်၍ ကချင်မိန်းမများ၏ တကယ့်ဘဝ များကို နားလည်နိုင်ရန် လက်ရှိတော်လှန်ရေး လှုပ်ရှားမှုက ကူညီပေးနိုင် ကြောင်းကိုလည်း စာရေးသူက မီးမောင်းထိုးပြထားသည်။

ရွှန်းလဲ့ဆွေရည် ရေးသားသည့် “ဖယ်ကြဉ်ခံထားရသော အမျိုးသမီးများ ၏ လက်တွေ့ဘဝဖြတ်သန်းမှုနှင့် ကာလပေါ်ဂျန်ဒါလှုပ်ရှားမှုများအကြား ကွာဟမှုများ (၂၀၁၁-၂၀၂၁)” ဆောင်းပါးတွင် အပြည်ပြည်ဆိုင်ရာ အလှူရှင် များသည် ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မိန်းမများအရေး အထူးသဖြင့် နာဂ၊ ကရင်နှင့် ကချင်ကဲ့သို့သော ဒေသများမှ လူနည်းစုမိန်းမများ၏ အရေးကို ဦးစားပေးအဆင့်မှ လျှော့ပြီး လုပ်ဖြစ်သွား ကြောင်း ကျိုးကြောင်းပြ ပြောဆိုရေးသားထားသည်။ လူနည်းစုမိန်းမများ အပေါ် ကျူးလွန်ခဲ့သည့် ရက်စက်မှုများအတွက် ဗမာစစ်တပ်ကို တာဝန်ခံ စေသည့် လူနည်းစုမိန်းမများ၏ တက်ကြွလှုပ်ရှားမှုသည် #မီထူး (#ငါရောပဲ) နှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး (၁၆) ရက်တာ တက်ကြွ လှုပ်ရှားမှုများလို ကမ္ဘာတစ်ဝန်း တက်ကြွလှုပ်ရှားမှုများလောက် အာရုံစိုက်ခြင်း မခံခဲ့ရပေ။ မိန်းမများ အားကောင်းရေးဟု ဆိုရာတွင် ငြိမ်းချမ်းရေး တည်ဆောက်မှု၊ မူဝါဒချမှတ်မှု၊ အစိုးရတွင်း ဥပဒေပြုမှု အပါအဝင် ယောက်ျား များဦးဆောင်သည့် စီမံကိန်းများတွင် မိန်းမများ ပါဝင်နိုင်ရေးအဖြစ်သာ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းက နားလည်ထားသည်ကို စာရေးသူက မေးခွန်းထုတ်ထားသည်။ ကျော်ကြားသောမိန်းမများ၏ တက်ကြွလှုပ်ရှားမှု ကိုသာ ကွက်၍ အာရုံစူးစိုက်ခြင်းသည် အလျစ်လျူရှုခံ မိန်းမများကို ဖယ်ထုတ် ခြင်းမျိုးဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဒေသတွင်း လုပ်ငန်း စဉ်များထက် ပို၍ဦးစားပေးသည့် မြို့ပြမှ ဂျန်ဒါနှင့် အမျိုးသမီးအရေး လှုပ်ရှားမှု များကို စာရေးသူက ဝေဖန်ထားပါသည်။ တစ်ပိုင်းတစ်စပြောင်းလဲမှုသည် မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပြီး ရေရှည် အလုပ်မဖြစ် နိုင်ကြောင်း ဆောင်းပါးတွင် မှန်ကန်စွာ ထောက်ပြထား၏။ သူ၏ အဆိုသည် အချိန်၏ မှတ်ကျောက်တင်မှုကို ခံနိုင်သည်။ တချို့သော ရှိရင်းစွဲကိစ္စများမှာ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေသဖြင့် များစွာအန္တရာယ်ရှိကြောင်းကို လက်ရှိတော်လှန်ရေးက သက်သေခံလျက်ရှိပါသည်။ လူမှုရေးအရ၊ နိုင်ငံရေး အရ အပြင်းအထန် ရုန်းကန်အုံကြွမှသာ အဓိပ္ပာယ်ရှိသည့် အပြောင်းအလဲ တစ်ရပ်ကို ဖော်ဆောင်နိုင်ပေလိမ့်မည်။ LGBTQ ပုဂ္ဂိုလ်များကဲ့သို့ ဘေးဖယ် ထုတ်ခံအုပ်စုများနှင့် ပြင်းထန်သောအမြင်ရှိသူ ရယ်ဒီကယ်များအဖို့ စစ်တပ် နှင့်တကွ တခြားသောဖိနှိပ်မှုများအောက်မှ လွတ်မြောက်ရန် တော်လှန်ရေး သည်သာ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ကြောင်း အသားပေးပြောကြား ထားပါသည်။

နှင်းဝေရေးသည့် “လက်နက်ကိုင်ရဲမေတစ်ယောက်၏ တောတွင်း အတွေ့ အကြုံ” ဆောင်းပါးတွင် အခွင့်ထူးခံမိန်းမများ နားလည်ထားသည့် မိန်းမများ၏ အခြေအနေနှင့် မြေပြင်တွင် မိန်းမများ ရင်ဆိုင်ရသည့် အမှန်တရား ကွာခြား သည်ကို မီးမောင်းထိုးပြထားသည်။ နှင်းဝေသည် ကိုယ်တိုင် ပြည်သူ့ကာကွယ် ရေး စစ်သည်တစ်ဦးဖြစ်ပြီး မိန်းမများအတွက် လုံခြုံသည့် ပတ်ဝန်းကျင် ဟူသည် ရန်ကုန်ကဲ့သို့ မြို့ပြများရှိ အတန်းအစားတစ်ခုမှ မိန်းမများအတွက် ကွက်ကွက်ကလေးသာ ရှိနေကြောင်း ပြန်ပြောင်း ပြောပြထား၏။ စာရေးသူ မြို့ပြမှ ထွက်ခွာသည့် အချိန်မှစ၍ ယောက်ျားများ သူ့အပေါ် ဆက်ဆံပုံ မတူညီ တော့ပေ။ သူတို့၏ စောင့်ရှောက်ကာကွယ်မှုကို လိုအပ်နေသည့် မိန်းမတစ်ဦး အဖြစ် သူ့ကို မြင်ကြလေသည်။ ယောက်ျားများနှင့် တန်းတူညီမျှသည့် တာဝန် များကို လုပ်ခွင့် မရှိ။ သူ၏ မိန်းမဖြစ်မှုကို သူ၏ တော်လှန်ရေးသမားဖြစ်မှုထက် ပို၍ ရှေ့တန်းတင်ကြသောအခါ သူနှင့်အတူ တခြားမိန်းမများသည် ထိုသို့ ခွဲခြား ဆက်ဆံမှုများနှင့် အထင်အမြင်သေးစွာ ဆက်ဆံမှုများကို ကျော်လွှားဖို့အရေး ယောက်ျားများထက် ပို၍ အလုပ်ကြိုးစားခဲ့ရသည်။ ယောက်ျားများက မိန်းမ များကို ရွေးချယ်မှုနှစ်ခု ပေးထားသည်။ တစ်ခုမှာ မိန်းမလို (နှိမ်ပြီး) ဆက်ဆံကာ ယောက်ျားများ၏ အကူအဖြစ် အရေးမကြီးသော တာဝန်များကို ထမ်းဆောင်စေခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ယောက်ျားများနှင့် တန်းတူ ဆက်ဆံပေးပြီး ကိုယ့်ခန္ဓာကိုယ်က ခံနိုင်သည်ထက်ပို၍ အလုပ်ဝန်ကို ထမ်းဆောင်ခြင်းတို့ ဖြစ်ပါသည်။ တန်းတူညီမျှစွာ ဆက်ဆံရန် အခွင့်အရေး တောင်းဆိုလျှင် တော်လှန်ရေးဖောက်ပြန်မှုမည်၏။ တော်လှန်ရေးအတွင်း မိန်းမများအပေါ် ဖော်ရွေသည့် ယဥ်ကျေးမှုတစ်ရပ် ဖော်ဆောင်ရန် လိုအပ်ပြီး မိန်းမများ၏ စိုက်ထုတ်ပါဝင်မှုများကို အသိအမှတ်ပြုရန် ပျက်ကွက်ကြသည့် အတွက် တော်လှန်ရေး၏ မျှော်မှန်းချက်များ ကျဉ်းမြောင်းနေသေးသည်ကို နှင်းဝေ၏ မိန်းမစစ်သည်ဘဝ အတွေ့အကြုံများက မီးမောင်းထိုး ပြသနေပါ သည်။ လက်အောက်ခံ ယောက်ျားများနှင့် မိန်းမများထံမှ စိန်ခေါ်မှုများကို ရာထူးကြီးမိန်းမများက ပိုမို ကြုံတွေ့ရသည်။ အကြောင်းမှာ မိန်းမတစ်ဦးထံမှ အမိန့်နာခံရသည်မှာ လူတို့အတွက် ခက်ခဲနေကြသေး၍ ဖြစ်သည်။ မည်သူက ဦးဆောင်ရန်သင့်တော်သည်ကို လူ့ဂျန်ဒါအပေါ် အခြေခံ၍ စဥ်းစားကြပေ သည်။ စစ်တပ်ကဲ့သို့သော အင်စတီကျူးရှင်းများသည် မိန်းမများနှင့် တခြား သော အဖိနှိပ်ခံအုပ်စုများကို မြှင့်တင်ပေးဖို့အထိ တော်လှန်ရေးရည်မှန်းချက် မချဲ့ဘဲ ဂျန်ဒါပြု ထုံးတမ်းစံနှုန်းများသာမက မိန်းမမုန်းတီးမှုတရားတို့ကိုပင် အားဖြည့်ပေးကြသည်ဟု နှင်းဝေ၏ ဆောင်းပါးမှ ကောက်ချက်ချနိုင်ပါသည်။

နီအေးရေးသားသော “လိင်စိတ်တိမ်းညွတ်မှုအား ပတ်ဝန်းကျင်ကို ဖွင့်ဟ ဝန်ခံခြင်း” ဆောင်းပါးတွင် LGBTQ များ မိမိသရုပ်မှန်ကို ထုတ်ဖော်ကြေညာ သည့် ဓလေ့ယဉ်ကျေးမှုအကြောင်း ဆင်ခြင်ထားသည်။ ထို ‘အနောက်တိုင်း’ သဘောသည် မြန်မာ့ရေခံမြေခံနှင့် ကိုက်ညီမှုရှိမရှိ မေးခွန်းထုတ်ထား၏။ မြန်မာပြည်တွင် မိဘတချို့နှင့် LGBTQ သားသမီးများအကြားတွင် ထုတ်ဖော် မပြောဆိုထားသည့် နားလည်မှုတစ်ရပ် ရှိတတ်သည်။ ထိုထုတ်ဖော်မပြောဆို ထားသော လက်ခံမှုအရ နီအေးကဲ့သို့ သားသမီးများသည် မိမိသရုပ်မှန်ကို ထုတ်ဖော်ကြေညာရန်မလိုဘဲ သူတို့လိုချင်သည့် ဘဝကို သူတို့ဘာသာ ရွေးချယ်ရှင်သန်နိုင်ကြသည်။ သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကြေညာဖို့သင့် သည့်အချိန် ရှိရမည်ဟု မခံစားရပေ။ ဘဝဟူသည် သူ့ကို လက်ခံ ထွေးပွေ့သည့် အသိုင်းအဝိုင်းများနှင့် ဂျန်ဒါပုံသေကားချပ်များကို လိုက်နာစေ လိုသည့် အသိုင်းအဝိုင်းများအကြား အပေးအယူအလျှော့အတင်းလုပ်ရာ ခရီးရှည်တစ်ခု ဖြစ်ပေ၏။ ‘ဒေါ်_’_၊ ‘ဦး’_၊ ‘ကို’_၊ ‘မ’ ကဲ့သို့သော ဂျန်ဒါခွဲခြား သတ်မှတ်ထားရှိသော နာမည်ရှေ့ ဂုဏ်ပုဒ်များအလိုက် ဝတ်စားဆင်ယင်စေသည့် ခွဲခြားဖိနှိပ်မှု အလေ့အထများကို နိုင်ငံတော်နှင့် အလုပ်ရှင်များက ကျင့်သုံးကြသည့် အကြောင်း စာရေးသူက ခြုံငုံ၍ ရေးသားထားပါသည်။ LGBTQ တို့သည် သူတို့ ၏ လုံခြုံမှုအတွက် သူတို့ခန္ဓာကိုယ်များကို ဒဏ်ပေးရ၏။ ယောက်ျားပုံစံဝတ် ထားပါက မိန်းမသန့်စင်ခန်းထဲသို့ ဝင်မရပေ။ ထို့ကြောင့် အချိန်ကြာကြာ ဆီး အောင့်ကြရသည့်အလျောက် သူတို့ကိုယ်ခန္ဓာတွင် ဆီးရောဂါလက္ခဏာများ ပေါ်လာသည်။ မိမိ၏ သရုပ်မှန်ကို ကြေညာခြင်းဟူသည့် သဘောကိုသာ ကွက် ၍ အာရုံမစိုက်ကြရန် စာဖတ်သူများကို နီအေးက လှုံ့ဆော်စိန်ခေါ်ထားသည်။ ထို့အပြင် မိမိ၏ သရုပ်မှန်ကို ကြေညာပြီး ပစားပေးဆက်ဆံခံရရန် တောင်းဆို စရာမလိုဘဲ တခြားသူများနည်းတူ နေထိုင်နိုင်ရန်အတွက် လူ့အဖွဲ့အစည်းကို ဘေးကင်းအောင် လုပ်ပေးရမည်ဖြစ်ကြောင်းလည်း ပြောဆိုစိန်ခေါ်ထားသည်။

ပျိုးလက်ဟန်ရေးသည့် “ဖမ်မနစ်ရှုထောင့်မှ အလုပ်သမားနှင့် လုပ်အား အဆက်ဖြတ်ခံရခြင်းကို လေ့လာခြင်း” ဆောင်းပါးတွင် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်များမှ အလုပ်သမများနှင့်အတူ လက်တွဲလုပ်ကိုင်ရင်း ရရှိခဲ့ သော အတွေးအမြင်များကို အခြေခံ၍ အရင်းရှင်ထုတ်လုပ်မှုစနစ်က အလုပ် သမများ၏ အနာဂတ်များကို သူတို့၏ လက်ရှိပစ္စုပ္ပန်နှင့် အဆက်ပြတ်စေရုံ မက သူတို့၏ စက်ရုံအလုပ်ခွင်ဘဝနှင့် မိသားစုဘဝတို့ကိုလည်း သတ်သတ်စီ ခွဲထုတ်သည့်အပြင် ကျေးလက်အသက်မွေးမှုများမှလည်း ကင်းကွာစေကြောင်း ရေးသားထားပါသည်။ အရင်းရှင်စီးပွားစနစ်ကို အားဖြည့်ရန်သာ တစ်နေ့ပြီး တစ်နေ့ မသေရုံတမယ်ရှင်နေကြရ၏။ ‘မသေထမင်း မသေဟင်း’ ကဲ့သို့ ဒေသန္တရစကားလုံးများကို သုံး၍ အလုပ်သမများ၏ ရှင်သန်အသက်ဆက်ရမှု ကို ရှင်းပြထားပေသည်။ ‘ဖွံ့ဖြိုးမှု’ နှင့် ‘ရင်းနှီးမြှုပ်နှံမှု’ များကြောင့် အလုပ်သမ များ သူတို့၏ သားသမီးများနှင့်အတူ ကုန်ဆုံးရမည့်အချိန်တို့ကို နှစ်ပဲတစ်ပြား ဖြင့် ရောင်းရသည်။ အိပ်မက်များကို လွှတ်ချပစ်လိုက်ရသည်။ အစွန်းထွက် လုပ်အားတပ်၏ ကျောထောက်နောက်ခံနှင့် အလုပ်သမများက နာခံလွယ် သောစိတ်နှင့် မိန်းမခန္ဓာကိုယ်များအဖြစ် ပြောင်းသွားရသည်။ ဖွံ့ဖြိုးမှုနှင့် ရင်းနှီးမြှုပ်နှံမှုသည် ဤကဲ့သို့ သူတို့၏ မိန်းမဖြစ်မှုကို နှိမ့်ချလျက်ရှိကြောင်း စာဖတ်သူများ သတိပြုမိ၍ သဘောပေါက်နားလည်ကြစေရန် ပျိုးလက်ဟန်က စေ့ဆော်ထားသည်။ အလုပ်သမများ၏ ညီအစ်မများ၊ အမေများသည် တစ်ပြား တစ်ချပ်မှမရဘဲ အရင်းရှင်ထုတ်လုပ်ရေးအတွက် လူမသိသူမသိ ပံ့ပိုးပေးကြရ သည်ကိုလည်း မီးမောင်းထိုးပြသထား၏။ အလုပ်သမများသည် ကုန်ထုတ်လုပ် မှုတွင် ပါဝင်ဆောင်ရွက်ရသော်လည်း အာဏာမသိမ်းခင်ကလည်း သူတို့ဘဝ တိုးတက်မှု မရှိခဲ့။ အာဏာသိမ်းပြီးနောက်လည်း အနိုင်ကျင့်မှုများ၊ ခေါင်းပုံဖြတ် မှုများကို မည်သူတစ်ဦးတစ်ယောက်ထံမျှ တိုင်ကြား၍ မရသောကြောင့် သူတို့ ဘဝတွင် မလုံခြုံ မရေရာမှုများ ပိုမိုကြီးစိုးလာသည်။ စက်ရုံ အလုပ်မလုပ်ခင် ယာစိုက်တုန်းကလည်း သူတို့စိုက်ခဲ့သည်ကိုပင် မစားရ။ အလုပ်သမ ဖြစ်လာ သည့် အခါတွင်လည်း သူတို့ထုတ်သည့် ထုတ်ကုန်မှ အလုံးစုံ ကင်းကွာစိမ်းဝေး လျက်သာ။ တခြားသူတို့ အကျိုးစီးပွားအတွက် မိန်းမများ သူတို့၏ ကိုယ်ပိုင် လုပ်အားနှင့်ပင် ကင်းကွာစိမ်းဝေးရသည့်အဖြစ်ကို နားလည်နိုင်စေရန် ဆောင်းပါးက စကားပါးထားပေသည်။ အရင်းရှင်စီးပွားရေးသည် ဖိုဝါဒ၏ ကျားကန်မှုဖြင့် လည်ပတ်နေသည်။ အကြောင်းမှာ ဖိုဝါဒသည် ဂျန်ဒါပုံသေ သတ်မှတ်ချက်များဖြင့် မိန်းမများကို နှိမ့်ချထားပြီး အရင်းရှင်စီးပွားရေးသည် လည်း မိန်းမများကို ပေါပေါပဲပဲ စက်ရုပ်များသဖွယ် အလုပ်လုပ်စေသော ကြောင့်ဖြစ်သည်။

စုစုမောင် ရေးသားသည့် “ဖမ်မနင်ဇင်ဝါဒ၏ ရှေ့တန်း – စိတ်ခံစားချက် ရေးရာ လုပ်အား” ဆောင်းပါးတွင် မြန်မာပြည်၌ တွေ့ရခဲသော ဖမ်မနင်ဇင်၏ အစိတ်အပိုင်းတစ်ခုကို လျော်သင့်စွာ မီးမောင်းထိုးပြထားသည်။ စိတ်ခံစားချက် ရေးရာလုပ်အား အဓိကစိုက်ထုတ်ရသူ မိန်းမများသည် ကြေးစားလုပ်သားဘဝ မှ ကြေးမဲ့ စိတ်ခံစားချက်ရေးရာလုပ်အားသို့ မသိမသာ တိတ်တဆိတ် ကူးပြောင်းနေကြရသည်။ သို့သော် မြန်မာပြည်ရှိ ဖမ်မနင်ဇင်သည် လူတို့၏ နာကျင်မှုကို ကုစားပေးခြင်း၊ ဂရုစိုက်ပေးခြင်း၊ ပြုစုပေးခြင်းတို့အပေါ် လုံလောက်စွာ မျက်နှာမူမထားပေ။ လူမမြင်သာသည့် ထိုလုပ်အားကို မိန်းမများ စိုက်ထုတ်ရသည်ကို ပိုမိုလေ့လာကြစေရန် ဤဆောင်းပါးက လမ်းကြောင်းပေးထားသည်။ ဤဆောင်းပါးကို ပျိုးလက်ဟန်၏ ဆောင်းပါး နှင့်အတူ ဖတ်ရှုကာ ဆောင်းပါးနှစ်ခုမှ အယူအဆများကို ဆွေးနွေးဖလှယ်နိုင် သည်။ စုစုမောင် အဆိုပြုသကဲ့သို့ မိသားစုဝင် မိန်းမများကို တစ်ပြည်လုံး ကျန်းမာအောင်မြင်စေရန် တစ်နည်းတစ်ဖုံ ဆောင်ရွက်ပေးနေကြသူများအဖြစ် မြင်နိုင်သည်။ စိတ်ခံစားချက်ရေးရာ လုပ်အား၊ စိတ်ခံစားမှု ဖလှယ်ခြင်းအတွက် ပေးချေရသောစရိတ်၊ စိတ်ခံစားမှု အရင်း၊ စိတ်ခံစားမှု ချွတ်ခြုံကျခြင်း၊ စိတ်ခံစားချက် သိုလှောင်သိမ်းဆည်းရာ စသည့် စိတ်ခံစားချက်ရေးရာ ဘောဂ ဗေဒအသုံးအနှုန်းများ၊ သဘောတရားများကိုလည်း စုစုမောင်က မိတ်ဆက် ထားပါသည်။ ဖိုဝါဒသည် ‘ဖို’ ဆန်သော ကြေးစားလုပ်အားနှင့် ‘မ’ ဆန်သော ကြေးမဲ့လုပ်အားဟူ၍ ခွဲခြားလျက် ထိုခွဲခြားမှုကို ပိုမိုအားကောင်းအောင် ပြု သည့်အလျောက် ဖိုဝါဒကို တွန်းလှန်ရန် တောင်းဆိုထားပါသည်။

ကဗျာတွေအကြောင်း (သို့မဟုတ်)ပစ္စက္ခခေတ်ရဲ့ ဒဏ်ရာတွေအကြောင်း

— သစ္စာတည်

လွတ်လပ်သော မြန်မာ့ သုတေသနဂျာနယ်ရဲ့ ဖမ်မနင်ဇင်အကြောင်း အထူးထုတ်စာစဉ် အတွဲ (၂) မှာလည်း အတွဲ (၁) မှာလိုပဲ ကဗျာတွေ ပါဝင်ရေး တာဝန်ကျပြန်ပါတယ်။ တကယ်တော့ ဒီတာဝန်က အတော်လေးကြီးပါတယ်။ ဘာလို့ဆို စာစဉ်အတွဲ (၁) မှာကတည်းက စာစဉ်ထဲမှာပါတဲ့ ကဗျာတွေနဲ့ ဆောင်းပါးတွေကို တစ်ခုနဲ့ တစ်ခု ကူးလူးခံစားကြည့်လို့ ရနိုင်အောင် တင်ပြ ကြည့်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲဒါကြောင့် စာစဉ်ထဲမှာ ပါတဲ့ ဆောင်းပါးတွေကို ကျေလည်အောင်ဖတ်ရသလို အဲဒီဆောင်းပါးတွေနဲ့ ပေါင်းကူးနိုင်တဲ့ ကဗျာတွေရရှိဖို့ ကဗျာကောက်သင်း ကောက်ရပါသေးတယ်။ ဒီလိုနဲ့ ဖမ်မနင်ဇင်အကြောင်း အထူးထုတ်စာစဉ် အတွဲ (၂) အတွက် ကဗျာ ရေးသူ (၅) ယောက်ရဲ့ ကဗျာ (၅) ပုဒ် ရရှိလာပါတယ်။

“စာဟာ ခေတ်ရဲ့ကြေးမုံ” လို့ ဆိုကြပါတယ်။ ဒီကဗျာ (၅) ပုဒ်မှာတော့ ပစ္စက္ခခေတ်ရဲ့ ဒဏ်ရာတွေကို မြင်တွေ့နိုင်ပါတယ်။ “တံတားက မြစ်ကို ဖြတ် ကူးသွားတယ် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်က မြစ်လယ်မှာ အမြဲကျန်ခဲ့တယ်” လို့ဆိုထားတဲ့ ဇော်ရင်ရဲ့ ‘ညနေ’ ကဗျာထဲမှာ “ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့” လို့ ကြွေးကြော်နေတဲ့ နိုင်ငံတစ်ခုနဲ့ အဲဒီနိုင်ငံထဲ ပြုတ်ကျသွားတဲ့ လူတွေအကြောင်းကို ပုံဖော် ကြည့်နိုင်ပါတယ်။ “လှည့်သူမရှိဘဲ လူမပြည့်လို့ လေထဲ ခဏရပ် စောင့်နေရတဲ့ ရဟတ်စီးသူတွေ” တစ်နည်းအားဖြင့် မသေချာ မရေရာမှုတွေနဲ့ ရပ်စောင့်နေရတဲ့ ဘဝများစွာကို မင်းလွင်ရဲ့ ‘ရဟတ်’ ကဗျာမှာ မြင်ယောင် ကြည့်နိုင်ပါတယ်။ လှိုင်းရဲ့ ‘အဆိပ်ငွေ့တွေများလည်း လန်းပြနေဦးမယ့် ပန်းတွေ’ ကဗျာမှာ “တစ်ယောက် ယောက်က မြေသြဇာ ဖြစ်သွားသည့်တိုင် တစ်ယောက်ယောက်ဟာ ပန်း တစ်ပင်ဖြစ်လာမြဲ” ဆိုတဲ့ ရှင်သန် စီးဆင်းမြဲ အစုအဝေးကို ထိတွေ့နိုင်ပါတယ်။ “ကြယ်တွေကို လွတ်လွတ်လပ်လပ် ရှင်းရှင်းလင်းလင်း မြင်ရတဲ့နေရာတွေကိုပဲ ပြောင်းရွှေ့နေမိတယ်” ဆိုတဲ့ လူတစ်ယောက်အကြောင်းကို ထင်လင်းရဲ့ ‘ယောက်ျားလျာ’ ကဗျာမှာ တွေ့မြင်နိုင်ပါတယ်။ နောက်တော့ မကျေးရဲ့ ‘အောက်မေ့ခြင်း’ ကဗျာမှာ “ညစာ ထမင်းအေးအေး ငါးပိရည်မွှေးမွှေးနဲ့ ဝလင်စွာ စားသောက်ရတဲ့အခါ …” လို့ တီးတိုးဖွဖွပြောနေတဲ့ ရန်ကုန်မြို့ပြနေ လူတစ်ယောက်ရဲ့ အသံကို ကြားယောင်နိုင်ပါတယ်။ ကဗျာရေးဖွဲ့သူတစ်ယောက်ချင်းစီရဲ့ ဒဏ်ရာများဟာ မြန်မာလူမှုဘဝရဲ့ အဆုံးမရှိ အသည်းအသန်တုန်ခါနေတဲ့ ပဲ့တင်သံတွေလည်း ဖြစ်နေနိုင်သလို ကဗျာဖတ်သူအနေနဲ့လည်း အဲဒီပဲ့တင်သံတွေကို ဖမ်းယူမိတဲ့အခါ တွယ်ငြိရာ တစ်ခုခုမှာ ငြိတွယ်သွားနိုင်ပါတယ်။ ဒီစာစဉ်ထဲမှာပါတဲ့ ကဗျာတွေနဲ့ ဆောင်းပါးတွေကို ကူးလူးခံစားလိုက ခံစားလို့ရတယ်လို့ ပြောခဲ့ပါတယ်။ ဒီလို ပြောလို့ ကဗျာချည်းသတ်သတ် ဖတ်ရှုခံစားလို့မရဘူးလို့ ဆိုလိုတာ မဟုတ်ပါ ဘူး။ ဆောင်းပါးတွေနဲ့ ကဗျာတွေကို သီးခြားဖတ်ရှုခံစားလို့လည်း ရပါတယ်။ ပေါင်းစည်းခံစားကြည့်လို့ ရစကောင်းတဲ့ အနုပညာ အစိတ်အပိုင်း (၂) ခုလို့ ဆိုလိုချင်တာပါ။ ကိုယ်တိုင် အာလျရှိသလို ငြိတွယ်ပါ၊ စီးမျောပါ။