ကရင်နီစစ်ဒေသအတွင်းရှိ အမျိုးသမီးများ မျက်မြင်ကြုံတွေ့နေရသော အတားအဆီးများနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကန့်သတ်ချည်နှောင်ထားခံရမှုများ

ကော်လင်းနှင့် ဂျင်း | Click here to read this article in English.

Cite as: 
ကော်လင်းနှင့် ဂျင်း၊ (၂၀၂၄)၊ ကရင်နီစစ်ဒေသအတွင်းရှိ အမျိုးသမီးများ မျက်မြင်ကြုံတွေ့နေရသော အတားအဆီးများနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကန့်သတ်ချည်နှောင်ထားခံရမှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၂)။ https://ijbs.online/?page_id=4938


အကျဉ်းချုပ်

ဤဆောင်းပါးသည် ၂၀၂၁ ခုနှစ် မေလမှ စတင်၍ စစ်တလင်းဖြစ်ခဲ့ရသော ကရင်နီဒေသမှ အမျိုးသမီးများ၏ အခက်အခဲအတားအဆီးများကို မီးမောင်း ထိုးပြရန် ကြိုးပမ်းချက်တစ်ခုဖြစ်သည်။ ဤဒေသမှလူများသည် နိုင်ငံတွင်းရှိ အခြားဒေသမှလူများကဲ့သို့ မြန်မာစစ်တပ်ကို ခုခံတော်လှန်လျက်ရှိကြသည်။ သို့သော်လည်း စစ်ဖြစ်ရာဒေသတွင် အမျိုးသမီးများသည် အမျိုးသားများထက် အခက်အခဲ အတားအဆီးများကို ပိုရင်ဆိုင်နေကြရသည်။ ထိုအတားအဆီးများ ထဲတွင် အသိုင်းအဝိုင်းထဲတွင် ကျင့်သုံးနေသော ဂျန်ဒါဆိုင်ရာ အလေ့အထများ၊ ယဥ်ကျေးမှုနှင့် ရိုးရာဓလေ့ဆိုင်ရာများ ပါဝင်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ အသစ် အမြောက်အမြား ပေါ်ထွက်လာခြင်းသည်လည်း အမျိုးသမီးများ အတွက် စိန်ခေါ်မှုအသစ်များ ဖြစ်ပေါ်လာစေသည်။ ဤဆောင်းပါးတွင် ကရင်နီဒေသမှ တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်နေသော အမျိုးသမီးရှေ့တန်းဆေးမှူးများ၊ အမျိုးသမီးထောက်ပို့ဌာနမှူးများ၊ အမျိုးသမီး ရဲမေများကို တိုက်ရိုက်မေးမြန်း၍ ၎င်းတို့ ကြုံတွေ့နေရသော အခက်အခဲ များနှင့် အမျိုးသမီးဖြစ်နေခြင်းကြောင့် တော်လှန်ရေးအတွင်း ကြုံတွေ့နေ ရသော စိန်ခေါ်မှုများကို ဖော်ပြထားသည်။ ဆောင်းပါး၏ ရည်ရွယ်ချက်မှာ တော်လှန်ရေး၏ မျှော်မှန်းထားသော ရလဒ်များထဲမှ တစ်ခုဖြစ်သော ဂျန်ဒါတန်းတူညီမျှရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် ရှေ့ဆက်ရမည့် ခရီးလမ်းများကို ထုတ်ဖော်ရန် မျှော်လင့်ပါသည်။

နိဒါန်း

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၌ မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်၏ အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြပွဲများ နိုင်ငံအနှံ့တွင် ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ပြည်သူများသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ တော်လှန်စစ် ဆင်နွှဲ လျက်ရှိကြသည်။ မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်ရှိသော ပြည်နယ်ငယ် လေးတစ်ခုဖြစ်သည့် ကရင်နီတွင်လည်း လူငယ်များသည် ၂၀၂၁ ခုနှစ် မတ်လမှ စတင်ကာ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များထံတွင် စစ်ပညာ သင်ယူခဲ့ကြ သည်။ ၂၀၂၁ ခုနှစ် မေလ (၂၁) ရက်နေ့တွင် ဒီမောဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာ ၌ နှစ်ဖက်ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ထိုအချိန်မှစကာ ကရင်နီပြည်နယ် သည် စစ်တလင်းဖြစ်ခဲ့ရသည်။1 စစ်ပွဲများဖြစ်ပွားပြီးနောက်တွင် ကရင်နီ ပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ၌ အမျိုးသားများနှင့်တန်းတူ အမျိုးသမီး များသည်လည်း စစ်ရေး၊ ရုံးပိုင်း၊ ကျန်းမာရေး၊ ထောက်ပို့၊ နိုင်ငံရေး စသည့် ကဏ္ဍအသီးသီး၌ တာဝန်ထမ်းဆောင်လျက် ရှိကြသည်။ သို့သော်လည်း အမျိုးသားများနှင့်မတူ အမျိုးသမီးများ၌ကား စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်း ဆိုင်ရာ၊ ပတ်ဝန်းကျင်တွင် ဖြစ်နေသည့် ပဋိပက္ခများနှင့် စားဝတ်နေရေး ခက်ခဲသည့် ကိစ္စများကြောင့် ဖိအားများကို ပိုမိုခံစားရလျက်ရှိသည်။ စစ်ဘေး ဒုက္ခသည် အမျိုးသမီးများသည်လည်း ယင်းဖိအားများကို အများအပြား ရင်ဆိုင် နေရသည်။ ဤဆောင်းပါးတွင် အမျိုးသမီးများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု အချို့ကို ဖော်ပြထားပြီး ကရင်နီပြည်နယ်ရှိ အမျိုးသမီးတော်လှန်ရေး အဖွဲ့ဝင် များနှင့် စကားပြောဆိုရာမှ သိရှိလာသော အချက်အလက်များနှင့် ကိုယ်တွေ့ အတွေ့အကြုံများအပေါ် အခြေခံထားသည်။2

မိမိကိုယ်ကို သေကြောင်းကြံစည်မှု

ယခု တော်လှန်ရေးကာလအတွင်း ကရင်နီတော်လှန်ရေးဒေသတွင် ပြင်ပ ဖိအားများကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုများရှိနေပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြောင်းကို —

ကျွန်တော်တို့ ဒီဘက်မှာ suicide attempts (မိမိကိုယ်ကို သေကြောင်းကြံစည်မှု) လုပ်တဲ့ သူတွေကို ကုပေးဖူးတယ်။ အကုန်လုံးနီးပါးက မိန်းကလေးတွေပဲပေါ့။ အဓိကကတော့ ယောက်ျားလေးတွေက အပြင်သွားတယ်၊ အခန်းထဲမှာ ချန်ခဲ့ တယ်၊ ဘာမှလည်း လုပ်စရာမရှိတဲ့အချိန် ဆိုရှယ်မီဒီယာမှာ ဖြစ်နေတဲ့ အပြစ်တင်မှုတွေကို ဝင်ဖတ်ရင်း စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားကြတာပေါ့။ ကျွန်တော်တို့ ကြုံဖူးတဲ့ စစ်ရှောင်အမျိုးသမီးတစ်ယောက် ဆိုရင်လည်း အိမ်က အမျိုးသားတွေက ရှေ့တန်းသွားတယ်။ အိမ်မှာ ကလေးတွေနဲ့ ကျန်ခဲ့တယ်။ ကိုယ်တိုင်က စစ်ရှောင် ဖြစ်တဲ့အတွက် ကလေးတွေကို ကျွေးမွေးဖို့ကလည်း အဆင် မပြေဘူး။ အားကိုးရမယ့် သူကလည်းမရှိတော့ သေကြောင်း ကြံဖို့ ကြိုးစားလိုက်တာပဲ။

ဟူ၍ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)3 ၏ ဗဟိုဆေးအဖွဲ့မှ ဆေးမှူးတစ်ဦးက4 ပြောသည်။

ဤဒေသတွင် အမျိုးသမီးများ၏ မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်း သည် ဘာကြောင့် အမျိုးသားများထက် ပိုများနေရသလဲဟူသည့် မေးခွန်း အတွက် တိကျသော အဖြေကားမရှိသေးပေ။
သို့သော် —

ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ အိမ်ရာအသက်မွေး ဝမ်းကျောင်းဆုံးရှုံးမှုတွေ၊ ကလေးငယ်တွေရဲ့ ပညာရေး အခွင့် အလမ်းဆုံးရှုံးမှု စတဲ့ အခက်အခဲပေါင်းစုံရဲ့ ဖိအားကြောင့်၊ စစ်ပွဲ သံတွေကြောင့်၊ စားဝတ်နေရေးအဆင်မပြေမှုတွေကြောင့် ဖြစ် မယ်။ အမျိုးသားတွေကျတော့ ကိုယ့်ကိုယ်ကိုယ် အသုံးမဝင် တော့ဘူးလို့ ခံစားလာရရင်တောင် တပ်ဖွဲ့တစ်ခုခုမှာဝင်ပြီး အပြောင်းအလဲတစ်ခုကို ကိုယ်တိုင်ဖော်ဆောင်လို့ ရတယ်။ အမျိုးသမီးတွေ အတွက်ကျတော့ ဒီလိုကိုယ်တိုင်ဝင်လုပ်၊ ကိုယ်တိုင် စစ်ဝင်တိုက်ဖို့က မလွယ်ဘူးလေ။

ဟု အဆိုပါ ဆေးမှူးက သူ၏ အမြင်ကို သုံးသပ်ပြောကြားသည်။

အမျိုးသမီးများအတွက် မြေပြင်ပေါ်မှ အခက်အခဲ

ကရင်နီဒေသတွင် အမျိုးသမီးများအား ဖိနှိပ်သည့် စည်းကမ်းချက်များ၊ ဥပဒေ များကို တိတိကျကျ ချမှတ်ထားခြင်း မရှိသော်လည်း ယဥ်ကျေးမှုအရ၊ ဓလေ့ အရ၊ အစဉ်အလာအရ အမျိုးသမီးများသည် အမျိုးသားများထက် ပို၍ နိမ့်ကျ သည်ဟူသည့် ယူဆချက်များ ရှိနေဆဲဖြစ်သောကြောင့် ယဥ်ကျေးမှု ဓလေ့ ထုံးတမ်းများအပေါ် မူတည်၍ အခက်အခဲကြုံရခြင်းများလည်း ရှိသည်။ ကရင်နီ ပြည်ရှိ စစ်ဖြစ်နေသောဒေသများသည် ယခင်ကတည်းက စိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်ကြပြီး ပညာရေးမဖွံ့ဖြိုးသော ကျေးရွာများ ဖြစ်ကြသလို ရိုးရာ ဓလေ့များအရ အမျိုးသားများသည် အမျိုးသမီးများထက် ပို၍ မြင့်မြတ်သည်ဟု အစဉ်တစိုက် ယုံကြည်ထားကြသော ဒေသများဖြစ်ကြသည်။

အသက် (၂၆) နှစ်အရွယ်ရှိ မမိုးမိုးသည် သူနာပြုတစ်ဦးဖြစ်ကာ အာဏာ သိမ်းမှုဖြစ်ပွားပြီး နောက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ၌ ပါဝင်ခဲ့ပြီး အလုပ်ဆင်းခြင်းအား ရပ်ဆိုင်းခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးများ ဖြစ်ပွားလာပြီးနောက် ကရင်နီမှ ဒဏ်ရာရ ရဲဘော်များနှင့် စစ်ဘေးသင့်ပြည်သူများကို ကြည့်ရှု စောင့်ရှောက်ပေးရန် ဆုံးဖြတ်ခဲ့ပြီး ရန်ကုန်မှ ကရင်နီသို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ရောက်ရှိ ခဲ့သည်။ လက်ရှိတွင် KNDF တပ်ရင်းတစ်ခု၏ ကျန်းမာရေးမှူးအဖြစ် တာဝန် ယူဆောင်ရွက်ပေးလျက် ရှိသည်။

ရန်ကုန်တွင် နေထိုင်ကြီးပြင်းခဲ့ရသူ တစ်ဦးအတွက် မဖွံ့ဖြိုးသေးသည့် ကရင်နီဒေသတွင် လာရောက်နေထိုင်ရသည်မှာ အလုံးစုံအဆင်ပြေနေသည် တော့ မဟုတ်ပေ။ အထူးသဖြင့် ဂျန်ဒါ ခွဲခြားသည့် ကိစ္စရပ်ကြီးက သူ့ကို စနိုးစနောင့် ဖြစ်စေသည်။ ဤအကြောင်းနဲ့ပတ်သက်၍ မမိုးမိုးက —

တိုက်ရဲတဲ့ တချို့မိန်းကလေးတွေလည်း ရှိတယ်ပေါ့နော်။ သူတို့ကို ခေါ်တော့ ခေါ်သွားသင့်ပါတယ်ပေါ့။ ဒါပေမဲ့လို့လည်း ခေါ်မှမခေါ်ကြတာ။ ဒီတပ်ရင်းမှာတော့ တပ်ရင်းမှူးကိုယ်တိုင် က ‘ဘယ်မိန်းကလေးမှ ရှေ့တန်းမလာနဲ့’ ဆိုပြီးပြောထားတာ ရှိတယ်။5

ဟု ပြောကြားသည်။

အမျိုးသမီးများသည် အမျိုးသားများထက် စွမ်းဆောင်ရည်ပို၍ နိမ့်ကျ သည်ဟု တရားသေယူဆကာ တပ်ရင်းအတွင်း ပြောဆိုထားကြခြင်းသာဖြစ်ပြီး အမျိုးသမီးများအား ထိုသို့ ခွဲခြားဆက်ဆံရခြင်း၏ တိကျသော အကြောင်း အရင်းကား မရှိပေ။ သို့သော် လူမှုပတ်ဝန်းကျင်တွင် စစ်တိုက်ခြင်းသည် ယောက်ျားလေးများနဲ့သာ သက်ဆိုင်သည်ဟု ခံယူထားသကဲ့သို့ မိန်းကလေး အများစုကလည်း ၎င်းတို့ဘဝတစ်လျှောက်လုံးတွင် ဖိုဝါဒလွှမ်းမိုးခံရသည့် အလျောက် သေနတ်ကိုင်၍ စစ်တိုက်ခြင်းအမှုသည် အမျိုးသမီးများနှင့် မဆိုင် ဆိုသည့် ခံယူချက်များ ရင်ဝယ်ပိုက်ထားလျက်ရှိနေကြကြောင်း မမိုးမိုးက ဆိုသည်။

အမှန်တကယ်တော့ ဒီဘက်မှာက မိန်းကလေး စစ်မတိုက်ရဘူး လို့တော့ မရှိဘူးပေါ့နော်။ ဒီဘက်က မိန်းကလေးတွေက ဟိုး အရင်ကတည်းက အနှိမ်ခံလာရပြီးသားဆိုတာနဲ့ နေသားကျ သွားလို့လားတော့ မသိဘူးပေါ့နော်။ ထမင်းချက်ဟင်းချက်က ပဲ သူတို့အလုပ်လို့ ထင်ထားပြီး ကေအန်ယူ ထိန်းချုပ်ထားတဲ့ ကရင်နယ်တွေက မိန်းကလေးတွေလို မဟုတ်ဘဲ ကရင်နီမှာ က အမျိုးသမီးတွေ ရှေ့တန်းမှာ စစ်တိုက်တာကပဲ တခြား ဂြိုဟ်က ဖြစ်ရပ်လိုလို ထင်နေကြတယ်နဲ့ တူပါတယ်။ အခု ဆိုရင် KNDF တပ်ဖွဲ့ဝင်ထားတယ်။ တကယ့်တကယ် တိုက်ပွဲ ဖြစ်တယ်ဆို ထွက်လာမလားဆို ထွက်လာမယ့်သူ မရှိဘူး။ ဘာလို့ဆို သူတို့အလုပ် မဟုတ်ဘူးလို့ ခံယူထားတာ။

သူတို့၏ တပ်ရင်းတွင် ဥပဒေကန့်သတ်ချက်များနှင့်တကွ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသော်ငြား လက်တွေ့တွင်မူ ဆေးမှူး၊ ထောက်ပို့မှူး၊ ရုံးစာရေးပိုင်းစသည့် ကဏ္ဍအားလုံးနီးပါးတွင် အမျိုးသမီးများသာ တာဝန်ယူ ထားသည်ကို တွေ့ရှိရပြီး တစ်ဖက်တွင်မူ တပ်ရင်းမှူး၊ ဒုရင်းမှူး၊ ခွဲမှူး၊ စုမှူး၊ စိတ်မှူး၊ ဗျူဟာမှူးစသည့် ရာထူးပိုင်းများနှင့် သေနတ်လွယ်၍ ကိုယ်တိုင် ကိုယ်ကျ စစ်ထွက်တိုက်ရသည့် အပိုင်းများတွင် ယောက်ျားလေးများသာ ဖြစ်နေပြန်သည်ကို တွေ့ရပြန်သည်။ ရာခိုင်နှုန်းအားဖြင့်ကြည့်လျှင် ရုံးပိုင်းနှင့် ဆိုင်သော ဌာန (၇) ခု6 အနက် (၅) ခုသည် အမျိုးသမီးဌာနမှူးများ၏ လက်အောက်တွင်ရှိပြီး တိုက်ခိုက်ရေးနှင့်ဆိုင်သော တပ်ရင်းမှူး၊ ဒုရင်းမှူးမှစ၍ စုမှူး၊ စိတ်မှူးအထိသည် ရာနှုန်းပြည့် အမျိုးသားများ ဖြစ်နေသည်။7 ဤ သည်မှာ တပ်ရင်းတစ်ခု၏ ဖွဲ့စည်းပုံအရ အမျိုးသမီးများအား သိသာစွာ ခွဲခြား ဆက်ဆံခြင်းဖြစ်နေသည်။

ဤကဲ့သို့ ဂျန်ဒါအခြေပြုခွဲခြားဆက်ဆံခံရခြင်းများသည် ရေမြေဒေသပေါ် မူတည်၍ မည်သည့်‌နေရာတွင်မဆို အနည်းနဲ့အများ တွေ့ရတတ်သော်လည်း စစ်အာဏာရှင်စနစ်ကိုသာမက ရှေးရိုးအယူဝါဒစွဲများအား တွန်းလှန်တိုက် ထုတ်နေသော ဤတော်လှန်ရေးတွင် အဆိုပါ ဝါဒအလွဲများကို ဆက်လက် ကိုင်ဆောင်ထားပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ တွေးခေါ်မှုပိုင်းတွင် ပိုနေမြဲ ကျား နေမြဲ ဖြစ်နေသည်မှာ ယခုတော်လှန်ရေးသဘောတရားနှင့် ဝိရောဓိဖြစ်နေ သည်ကိုတွေ့ရပြန်သည်။

ဒီဘက်က မိန်းကလေးတွေကျတော့ ငယ်ငယ်လေး ကတည်းက ရိုက်သွင်းခံထားရတာဆိုတော့ မိန်းကလေးဆိုရင် ယောက်ျားလေးထက် နိမ့်ကျတယ်ပေါ့။ ပြီးလို့ရှိရင် အစ်မတို့‌ နေဖို့ ပထမဆုံး ဒီအဆောင် စဆောက်တုန်းကဆိုရင် အစ်မတို့ အခန်းဘက်ခြမ်းက နိမ့်နေတယ်။ ဘာလို့ အဲဒီလိုလုပ်လဲ ဆိုတော့ မိန်းကလေးအခန်းမို့လို့တဲ့။ သူတို့က မိန်းကလေးတွေ က အနှိမ်ခံတွေ ဆိုပြီးတော့ကို မြင်နေတာ။ သူတို့အမေတွေ ကိုယ်တိုင်ကိုကလည်း အိမ်ထဲမှာ၊ မီးဖိုချောင်ထဲမှာ ကုပ်ကုပ် ကုပ်ကုပ်နဲ့ နေခဲ့ရတာ။ တခြားမိန်းမတွေကလည်း အဲဒီလိုပဲ နေရမယ်ဆိုတဲ့ပုံစံမျိုးပေါ့။

ဟု မမိုးမိုးက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဆက်လက်၍ ၎င်းမှ ရှေးပဝေသဏီကပင်ရှိခဲ့သော မိန်းမဖြစ်သူ များ၏ သမားရိုးကျပုံစံ ဖြစ်တည်မှုကို —

ဒီဘက် ကယန်းဒေသမှာ8 ဆိုရင် တအားသိသာတယ်။ တစ်လ လောက်မှ ဈေးတစ်ခါလောက်ပဲ ရောက်တယ်။ အိမ်ထဲမှာပဲ နေ ရတယ်။ ခြံထဲသွားတယ်။ လုပ်စရာအလုပ် လုပ်တယ်။ အဲဒီလို မျိုးပေါ့။ ပညာသင်တာကအစ သားနဲ့ သမီးရှိရင် သားက ပညာ သင်ခွင့်ရတယ်။ သမီးက အိမ်မှာပဲနေရတယ်။ ဗမာစကား တောင် ကောင်းကောင်းမပြောတတ်ဘူး။ ဘာလို့ဆိုရင် ဒီဘက် မှာက ဗမာစကားကို စာသင်ခန်းမှာပဲ သင်ပေးတာ။ အဲဒီလို ဆိုတော့ မိန်းကလေးတွေက ဗမာစကား ကောင်းကောင်း မတတ်ဘူး။

ဟု ပြောကြားသည်။ ဤအချက်များကြောင့် လက်တွေ့မြေပြင်တွင်လည်း မြို့ကြီးပြကြီးများသို့ သွားရောက် ပညာယူ၊ စီးပွားရှာခြင်းများကိုလည်း အမျိုးသားများသာ လုပ်လေ့ ရှိလာကြသည်ကို တွေ့ရသည်။ အမျိုးသမီးများ ကိုယ်တိုင်က တဖြည်းဖြည်းနှင့် ဖွံ့ဖြိုးတိုးတက်လာသော လူမှုစီးပွားရေးများမှာ သူတို့နှင့် မသက်ဆိုင်သကဲ့သို့ လက်ခံထားကြသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ မှစတင်၍ မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုမှ အင်တာနက်အသုံးပြုခွင့်အား ကန့်သတ်ထားလိုက် ရာ ထိုသို့ကန့်သတ်ထားလိုက်သော နေရာများတွင် တော်လှန်ပုန်ကန်ရာ နယ်မြေဖြစ်သော ကရင်နီပြည်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ထိုသို့ ကန့်သတ်လိုက်သည့်အကျိုးဆက်မှာ အင်တာနက်လိုင်းအပြင် ဖုန်းလိုင်းပါ အသုံးပြု၍ မရတော့ဘဲ လက်ချိုးရေလို့ရသော နေရာများတွင်သာ အသုံးပြု နိုင်သည့် အခြေအနေဖြစ်သွားခဲ့သည်။

ဒေါတဝီတောင်သည် အဆိုပါ လက်ချိုးရေလို့ရသော နေရာများထဲမှ တစ်ခုဖြစ်သည်။ သို့သော် ဤအခြေအနေသို့ ကျရောက်ခဲ့ရသည့်တိုင်အောင် မိန်းကလေးများသည် ယောက်ျားလေးများနှင့်မတူဘဲ အင်တာနက်ပါသုံးခွင့် မရှိသည့်တိုင်အောင် ခွဲခြားဆက်ဆံခြင်းကို ကြုံတွေ့ခဲ့ကြရပြန်သည်။ အကြောင်းမှာ ထိုတောင်သည် တံခွန်တိုင်9ထက်မြင့်နေခြင်းကြောင့်ပင် ဖြစ် သည်။ ကရင်နီဒေသတွင် ရိုးရာအစဉ်အလာအရ တံခွန်တိုင်ကိုးကွယ်ခြင်းများ ရှိသည်။ တံခွန်တိုင်ကို ကရင်နီဘာသာစကားဖြင့် ‘ကဲထိုဘိုး’ ဟု ခေါ်ပြီး ‘နိုင်ငံသစ်သို့ လမ်းပြသည့် တိုင်’ ဟု အဓိပ္ပာယ်ရသည်။ သို့သော် နိုင်ငံသစ် အတွက် အသက်ပေးတိုက်ပွဲဝင်နေသော အမျိုးသမီးများအနေဖြင့်မူ နိုင်ငံတော် သစ် တည်ဆောက်ရေးလမ်းစဉ်များ ပျက်ပြားမည်စိုးရိမ်သဖြင့် ထိုတံခွန်တိုင် ထက် မြင့်သည့်နေရာသို့ မသွားရပေ။ ဘုန်းနိမ့်သော အမျိုးသမီးများသည် တံခွန်တိုင်ထက် မြင့်သောနေရာသို့ တက်၍ မသင့်တော်ဟု ယူဆကြသော ကြောင့် အမျိုးသမီးများ အမြင့်သို့ တက်ခြင်းကို တားမြစ်ကြခြင်း ဖြစ်သည်။

အစ်မတို့ စစရောက်လာချင်း အဲဒီလိုကြုံရတုန်းကဆို တအား စိတ်ဆိုးတာလေ။ အင်တာနက် သုံးလို့ရတာ ဒီတောင်ပဲ ရှိပါ တယ်ဆို။ ဒီတောင်မှ တက်မရရင် ဘယ်နားသွားသုံးရမှာလဲ ပေါ့။ ကိုယ်တွေက အခုမှရောက်လာပြီးတော့ သူတို့နဲ့ အံဝင်ခွင် ကျ မဖြစ်သေးတော့၊ ပြီးကျတော့ ဒီလိုကာလကြီးမှာ သူတို့နဲ့ ပြဿနာလည်း ဖြစ်လို့အဆင်မပြေဘူးလေ။ အဲဒါကြောင့် မလုပ်ဖြစ်သွားတာ။

ဟု တော်လှန်သက်တမ်း တစ်နှစ်ထဲဝင်လာပြီဖြစ်သော မမိုးမိုးမှ သူ ကြုံကြိုက် ခဲ့ရသော တပ်ရင်းတွင်းကိစ္စများအပြင် ယဥ်ကျေးမှုနှင့်ဆိုင်သည့် ကိစ္စများနှင့် ပတ်သက်ပြီး နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရသည်များကို ရယ်မောစွာဖြင့်ပင် ပြန် လည်ပြောပြသည်။

မမိုးမိုးမှာ ကိုယ်တိုင်လည်း အမျိုးသမီးအခွင့်အရေးကို ယုံကြည်သည့် ဖမ်မနစ်တစ်ဦး ဖြစ်သော်လည်း လက်ရှိတော်လှန်ရေးလုပ်နေရသည့် နေရာ ဒေသမှာ သူမ၏ ဇာတိမြေ မဟုတ်သည့်အတွက် ဒေသဆိုင်ရာ ဓလေ့ထုံးတမ်း များကို လက်ခံသော်လည်း လိုက်နာရန်ကား ခက်ခဲနေသည်။ တစ်ဖက်တွင် လည်း ရှေးရိုးစွဲလွန်းသည့် အယူအဆများကို တိုက်ဖျက်သင့်သည်ဟု ယုံကြည်စိတ်ကလည်း ရှိနေပြန်သည်။ သို့သော်လည်း တော်လှန်ရေးသည် တိုင်းရင်းသား တန်းတူညီမျှရေးကို ရှေးရှု၍ တိုင်းရင်းသားညီညွတ်ရေးကို ဦးစား ပေးရမည်ဟူသော အတွေးအခေါ်က ရှိနေပြန်လေရာ လူ့အခွင့်အရေးရှုထောင့် မှကြည့်၍ မိမိ၏ ကိုယ်ပိုင်အခွင့်အရေးအတွက် ပြောဆိုခြင်း၊ ဂျန်ဒါတန်းတူရေး ရှုထောင့်မှကြည့်၍ အမျိုးသမီးအခွင့်အရေးအတွက် တောင်းဆိုခြင်းတို့မှာ ကိုယ်တိုင်က ဒေသခံတိုင်းရင်းသားမဟုတ်ခြင်းနှင့် တိုင်းရင်းသားများ၏ ရိုးရာ ယဥ်ကျေးမှုကို လေးစားခြင်းဟူသော စံနှုန်းများအကြားတွင် ချိုးနှိမ်ခံလိုက်ရ သည်။

ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်း

မထက်သည် အသက် (၂၅) နှစ်အရွယ်ရှိ ရုံးဝန်ထမ်းတစ်ဦးဖြစ်သည်။ သူမ၏ ဇာတိမြို့ဖြစ်သော လွိုင်ကော်မြို့လေးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၌ စစ်တလင်းတစ်ပိုင်းတစ်စ ဖြစ်ခဲ့ရသည့်နောက် မထက်သည်လည်း မြို့ပေါ်တွင် မနေထိုင်လိုတော့ဘဲ တော်လှန်စစ်ဆင်နွှဲသော ဒီမောဆိုဒေသသို့ သူငယ်ချင်း များနှင့်အတူ ထွက်လာခဲ့ကာ လက်ရှိတွင် KNDF တပ်ရင်းတစ်ခု၏ ထောက်ပို့ ဌာနမှူး အနေဖြင့် ဆောင်ရွက်နေသူလည်း ဖြစ်သည်။

မမိုးမိုးပြောကြားသည့် ရိုးရာယဥ်ကျေးမှုဆိုင်ရာကိစ္စများကြောင့် ဖိနှိပ်ခံရ ခြင်းကို မထက်လည်း ကြုံခဲ့ဖူးသည်။

ဒီဘက် (စစ်ဖြစ်သည့်ဒေသ) မှာက လိုင်းသုံးမယ်ဆိုရင် တောင်တွေပေါ် တက်သုံးရတာပေါ့နော်။ တစ်ခါက ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက်က လိုင်းသုံးနေရင်း တောင်ရဲ့ အမြင့်ဆုံးနေရာအထိ သွားလိုက်မိတယ်။ အဲဒီမှာ ရွာသား တစ်ယောက်ကလာပြီး ကျွန်မတို့ကို ဆဲဆိုတာမျိုး ကြုံခဲ့ရ တယ်။

ဟူ၍ အမျိုးသမီးဖြစ်နေခြင်းအတွက် ယဥ်ကျေးမှု ဓလေ့ထုံးစံအရ ခွဲခြား ဆက်ဆံခြင်းခံခဲ့ရသည်ကို ပြန်လည်မျှဝေပြောကြားသည်။ ဂျန်ဒါတန်းတူရေး ကို ယုံကြည်၍ တော်လှန်ရေးသို့ တစ်ရပ်တခြားမှ ပါဝင်လာ သူများအနေဖြင့်မူ တိုင်းရင်းသားလူမျိုးစုများ၏ ဓလေ့ယဥ်ကျေးမှုကို လေးစားရမည်ဟု သိရှိထား သည်က တစ်ဖက်၊ ဒီမိုကရေစီအရ ဂျန်ဒါတန်းတူရေး ရှိသင့်သည်ဟုလည်း ယူဆခြင်းက တစ်ဖက်တို့ကြောင့် ကြုံတွေ့ရသော အခြေအနေများနှင့် ပတ်သက်ပြီး ဒွိဟပွားရကြောင်းဆိုသည်။

ထို့အပြင် ကရင်နီလူမျိုးစုများတွင် ရာသီသွေးဆင်းနေသော အမျိုးသမီး များသည် ရိုးရာပွဲများသို့ မသွားရခြင်း၊ ကျွေးမွေးသည်များကို မစားသောက် ရခြင်း၊ ရိုးရာပွဲကျင်းပသည့်နေ့များတွင် အိမ်ဦးခန်းတွင် မအိပ်ရခြင်းစသည့် ယဥ်ကျေးမှုများလည်း ရှိသည်။

ဒီလို အလေ့အထတွေက မရှိသင့်တော့ဘူးလို့ ကျွန်မကတော့ မြင်တယ်ပေါ့နော်။ ပွင့်လင်းတဲ့ ခေတ်ကိုလည်း ရောက်နေပြီ ဆိုတော့ သူတို့ ရိုးရာကို မလေးစားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း မဖြစ်သင့်ဘူးလို့ ထင်တယ်။

ဟု မထက်က သူမ၏ အတွေ့အကြုံပေါ်မူတည်၍ ပြောဆိုသည်။

ရှေ့တန်းမှာ ကိုယ်ဟန်ပြမလို့လား

မူကနန်းသည်10 အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်တပ်ရင်းတစ်ခုတွင် ပါဝင်နေသည့် တော်လှန်ရေးရဲမေတစ်ဦး ဖြစ်သည်။ အသက် (၂၀) အရွယ်ရှိ မူကနန်းသည် ဒီမောဆိုဇာတိဖြစ်ပြီး စစ်ကောင်စီတပ်သားများကြောင့် နေအိမ် ဖျက်ဆီးမီးရှို့ခံထားရသူတစ်ဦး လည်း ဖြစ်သည်။ သူမ၏ မိသားစုဝင်များအားလုံးသည်လည်း စစ်ရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့နေရသည်။ မူကနန်းက တော်လှန်ရေး တွင် ပါဝင်နေသော်လည်း အမျိုးသမီးဖြစ်သည့်အတွက် လုပ်ခွင့်မရခဲ့သည့် အခက်အခဲများကို —

လုပ်လို့မရခဲ့တာ အများကြီးရှိတယ်။ ကိုယ် ရှေ့တန်းတက် ချင်တယ်ဆိုရင်လည်း တက်ခွင့်မရဘူး။ ယောက်ျားလေးနဲ့ ရင်ပေါင်တန်းလို့ မရနိုင်ခဲ့ဘူးပေါ့။ အဲဒီအတွက် ဝမ်းနည်း မိတယ်။ ထောက်ပို့ပိုင်းမှာ လုပ်မယ်ဆိုတော့လည်း မလုပ်ခိုင်း ဘူး။ ရုံးပိုင်းမှာပဲ နေခိုင်းတယ်။ အဲဒီအတွက် အရမ်းစိတ်ဆိုး တယ်။ မိန်းကလေးတွေက မလုပ်နိုင်ဘူးပေါ့။ မိန်းကလေးတွေ က အားနွဲ့တဲ့လူဆိုတော့။ မိန်းကလေးတွေက ဘုန်းကံနိမ့် တယ်။ အဲဒီလိုပြောကြတယ်။

ဟူ၍ ရင်ဖွင့်ပြောဆိုသည်။ သို့သော်လည်း ထိုသို့ အမျိုးသမီးများ ရှေ့တန်း မတက်ရ၊ ထောက်ပို့မလုပ်ရ၊ ထမင်းချက်ရန်နှင့် ရုံးအလုပ်သာလုပ်ရန် ဆိုသည် မှာ စည်းမျဥ်းစည်းကမ်းများဖြင့် ပြဋ္ဌာန်းထားခြင်း မဟုတ်ဘဲ အစဉ်အလာအရ စိမ့်ဝင်နေသော ‘အမျိုးသမီးများသည် အမျိုးသားများထက် စွမ်းဆောင်ရည် နိမ့်ကျသည်’ ဟူသည့် တွေးခေါ်မှုကြောင့်သာ ဖြစ်သည်။

မိန်းကလေးတွေ ရှေ့တန်းသွားရင်လည်း နင်တို့ ဘာသွားလုပ် မှာလဲ။ နင်တို့သွားရင်လည်း ခန္ဓာကိုယ်တွေပဲ သွားပြမလို့လား။ အဲဒီလောက်ထိတောင်မှ အပြောခံရတယ်။ နင်တို့က နောက်တန်းမှာ နေပြီးတော့ ထမင်းတွေဘာတွေပဲချက်၊ ရုံးပိုင်းမှာပဲနေ။ အဲဒီလိုတွေ ပြောခံရတယ်။ အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်။

ဟူ၍ မူကနန်းက သူမ၏ ခံစားချက်များကို ပြောပြသည်။ သူမ၏ နေအိမ် မီးလောင်၊ မလောင်ကို သိလို၍ ပြန်ကြည့်သောအခါ၌လည်း ယောက်ျားလေး ကဲ့သို့ ဟန်ဆောင်ကာ တောင်ပေါ်တက်ပြီး မှန်ပြောင်းဖြင့် ကြည့်ခဲ့ရသည်။ နေအိမ်အခြေအနေကို ပြန်ကြည့်ချင်မိသည့် မိန်းကလေးတစ်ဦးသည် အမျိုးသမီးများ အမြင့်သို့ မတက်ရခြင်းနှင့် အမျိုးသမီးများ ရှေ့တန်းသို့ မသွားရခြင်းဟူသည့် အချက် (၂) ချက်လုံးကို ယောက်ျားလေးတစ်ဦးသဖွယ် ဟန်ဆောင်ကာ ချိုးဖောက်ခဲ့ရခြင်းဖြစ်သည်။

ယခင်က မူကနန်းတို့ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ခွဲတွင် အမျိုးသမီးဦးရေ ဆယ်ဂဏန်းကျော်ရှိခဲ့ရာမှ လက်ရှိတွင် အမျိုးသမီးဦးရေ ဆယ်ဂဏန်းမျှပင် မကျန်တော့ဘဲ ထွက်သွားကုန်ကြသည်။ ထွက်ခွာသွားကြရ သည့် အကြောင်းအရင်းများအနက် တစ်ခုမှာ အမျိုးသမီးများအနေဖြင့် နောက်တန်းတွင်သာနေရင်း ထမင်းချက်၊ ရုံးအလုပ်များသာ လုပ်နေရသော ကြောင့် ၎င်းတို့ကိုယ် ၎င်းတို့ တော်လှန်ရေးတွင် ပါဝင်နေသည်ဟု မခံစားရ တော့ခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်တွင်လည်း မိဘများ စစ်ရှောင်နေကြရ သောကြောင့် မိသားစုအတွက် ပိုက်ဆံရှာခြင်းကသာ ပိုကောင်းသော ရွေးချယ် မှု ဖြစ်သည်ဟု တွေးထင်လာခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ ပြည်ပသို့ ထွက်သွားရန် ကြိုးစားခဲ့ကြသည့် သူများထဲတွင် လူကုန်ကူးခံရခြင်း၊ ပွဲစားများ၏ ခေါင်းပုံ ဖြတ်မှုကြောင့် အကြွေးများစွာ တင်နေကြခြင်း၊ နိုင်ငံခြားသို့ ရောက်သွားပြီးမှ အလုပ်အကိုင် အဆင်မပြေခြင်းစသည့် အခက်အခဲများလည်း ကြုံတွေ့နေရ ပြန်သည်ဟု မူကနန်း၏ ပြောကြားချက်အရသိရသည်။

မိန်းကလေးတွေကို အထင်မသေးစေချင်ဘူး။ သူတို့မှာလည်း လုပ်ပိုင်ခွင့်ဆိုတာ အများကြီး ရှိတယ်။ သင်တန်းတွေလည်း ပေးစေချင်တယ်။ တစ်ခါတလေကျတော့ အားနည်းချက်တစ်ခု ဆိုတာ လတိုင်း ရာသီလာတာတစ်ခုပါပဲ။ ဒါကလည်း မိန်းကလေးတွေရဲ့ အားနည်းချက်မဟုတ်ဘူး။ သဘာဝဖြစ်စဉ် ပါပဲ။ အဲဒါကို အထင်မသေးစေချင်ဘူး။

ဟူ၍ မူကနန်းက အမျိုးသမီးများအပေါ် ဖြစ်စေချင်သော သူမ၏ ဆန္ဒကို နိဂုံးချုပ်အနေဖြင့် ပြောကြားသည်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မမိုးမိုး၏ သဘောထားအား မေးမြန်းရာတွင် —

အစ်မကတော့ အဲဒီလိုဓမ္မတာလာလည်း ပြဿနာ အရမ်းကြီး တော့ ရှိတယ်မထင်ဘူး။ တခြားနေရာတော့ မသိဘူးပေါ့။ ဒီမှာတော့ စစ်တိုက်တယ်ဆိုတာ တောထဲတောင်ထဲမှာ တိုက်ရ တာ မဟုတ်ဘူးပေါ့နော်။ ရွာတွေထဲကိုဝင်ပြီး ပြန်တိုက်ယူရ တာများတယ်။ ရေလည်း အဲဒီလောက်ထိ သုံးစရာ မရှိ လောက်အောင် ရှားတဲ့ထဲမှာ မပါပါဘူး။ သွေးစွန်းမယ့် အပိုင်းနဲ့ ပတ်သက်ပြီးကတော့ ဒါသဘာဝပဲလေနော်။ ရှက်စရာကောင်း နေတာမှမဟုတ်တာ။ ပြီးတော့ အခု ဒီဘက်က ရဲဘော်တွေက လည်း အဲဒီကိစ္စကို လှောင်ပြောင်ရယ်နေ‌လောက်အောင် မယုတ်ညံ့ဘူးလို့တော့ ထင်တယ်။

ဟု ဆိုသည်။ ရာသီလာခြင်းကိစ္စကိုပင် မထက်ကလည်း “ရာသီကတော့ သူ့ဘာသာသူ လာတာပဲ။ အဲဒါနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရတဲ့ ခေတ် ကာလလည်း မဟုတ်တော့ဘူးလို့ မြင်တယ်” ဟု ဆိုသည်။

နိဂုံး

တော်လှန်ရေးတွင် ကရင်နီဒေသသို့ အခြားဒေသမှ ရောက်ရှိလာသော တော်လှန်သူ အမျိုးသမီးများနှင့် ဒေသတွင်း အမျိုးသမီးများသည် အထက်တွင် ဖော်ပြခဲ့သည့် အမျိုးသမီးများ ဖိနှိပ်ခံရမှုများကို ခေါင်းငုံ့နေကြရသည်။ တော်လှန်ရေးသည် တိုင်းရင်းသားတန်းတူရေးကို အလေးပေးခြင်း၊ ပြင်ပမှ လာရောက်သူများအနေဖြင့် ဒေသတွင်း ယဥ်ကျေးမှုများကို လေးစားကြရမည် ဟု အသိရှိနေခြင်းတို့က “အမျိုးသမီးများသည် အမျိုးသားများထက် နိမ့်ကျ သည်” ဟု အရိုးစွဲနေသော ဒေသတွင်း ယဥ်ကျေးမှုကို ချေဖျက်ရန်အတွက် အတားအဆီးများ ဖြစ်နေသည်။ တစ်ဖက်တွင်လည်း ကရင်နီဒေသသည် တိုက်ပွဲများ နေ့စဉ်ရက်ဆက် အလီလီဖြစ်ပွားနေသော ဒေသဖြစ်လေရာ လုံခြုံရေးပြဿနာ၊ စစ်ရေးပြဿနာများသည် ဂျန်ဒါတန်းတူရေး၊ လူ့အခွင့် အရေးစသည့် အရေးကိစ္စများထက် သိသာစွာ ပို၍အရေးကြီးသော အခြေအနေ တွင် ရှိသည်။ ဒေသခံအမျိုးသမီး၊ အမျိုးသားများအတွက်မူကား ဤပြဿနာ ကိစ္စများသည် ပုံမှန်ဖြစ်သော သာမန်ဖြစ်ရိုးဖြစ်စဉ်မျှသာ ဖြစ်နေလေရာ၊ တစ်ဖက်တွင်လည်း လုံခြုံရေး၊ စစ်ရေးများကြောင့် အသိပညာမြှင့်တင်ခြင်းကို မလုပ်နိုင်သော အခြေအနေတွင် ရောက်ရှိနေရကာ အမျိုးသမီးများ လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်မည့် အခွင့်အရေးအတွက် အခြေအနေမပေးသေးဘဲ ဖြစ်နေရသည်။ တော်လှန်ရေးအင်အားစုများသည် ဖက်ဒရယ်ဒီမိုကရေစီနှင့် တန်းတူရေး တို့ကို ကြွေးကြော်ကာ ဖွဲ့စည်းခဲ့ကြသော်လည်း လက်တွေ့တွင် တန်းတူရေး ဆိုသည်မှာ ပြည်မဘက်တွင် အနည်းငယ်ပုံပေါ်လာသလို ရှိသော်လည်း တောင်တန်းဒေသများတွင်မူ ရှေးကကဲ့သို့ပင် အလှမ်းဝေးနေသေးသည်ကို တွေ့ရသည်။ အထူးသဖြင့် ဒီမိုကရေစီ အခြေခံအကျဆုံးသော အချက်များထဲမှ တစ်ခုဖြစ်သည့် ဂျန်ဒါတန်းတူရေးကို တက်လှမ်းရန်မှာ မမြင်နိုင်သော ယဉ်ကျေးမှု၊ ရိုးရာဆိုင်ရာ အကြောင်းအရင်းများကြောင့် သော်လည်းကောင်း၊ မြင်သာသည့် ဖွဲ့စည်းပုံများကြောင့်သော်လည်းကောင်း အမျိုးသမီးများဘက်၌ အခက်အခဲများစွာကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။

အဆုံးမှတ်စုများ

1 ဒေါငံခါးတိုက်ပွဲသည် ကရင်နီတွင် ပထမဦးဆုံးစတင်ဖြစ်ပွားသော တိုက်ပွဲဖြစ်သည်။ ထိုအချိန်မှစကာ ယခုအချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
2 လုံခြုံရေးအကြောင်းပြချက်ကြောင့် ဤဆောင်းပါးတွင် အမည်လွှဲများ အသုံးပြုထား သည်။
3 ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) သည် ၂၀၂၁ ခုနှစ် မေလ (၃၁) ရက် နေ့မှ စတင်၍ ဖွဲ့စည်းခဲ့ပြီး လက်ရှိ ကရင်နီပြည်နယ်တွင် အင်အားအကြီးဆုံး လက်နက် ကိုင်တပ်ဖွဲ့ဖြစ်သည်။ စုစုပေါင်း တပ်ရင်း (၂၀) ဖြင့် ဖွဲ့စည်းထားသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာရှင်ကို တော်လှန်လိုသော လူငယ်အများစု ပါဝင်သည့် တပ်ဖွဲ့ဖြစ်သည်။
4 တိုက်ပွဲများဖြစ်ပွားသောအခါတွင် ဒဏ်ရာရသော ရဲဘော်များကို ကုသရန်အတွက် တပ်ရင်းတစ်ခုချင်းစီတိုင်းတွင် သက်ဆိုင်ရာ ဆေးမှူးများရှိပြီး ဆေးမှူးများထံသို့ ဆေးဖြန့်ဝေခြင်းနှင့် ဆေးဖက်ဆိုင်ရာအတွက် အလှူခံခြင်းကို ဗဟိုဆေးအဖွဲ့က လုပ် ဆောင်ပေးသည်။ တပ်ရင်းဆေးမှူးများကိုယ်တိုင် တပ်ရင်းဆေးပိုင်းအတွက် အလှူငွေ ရှာခြင်းများလည်း ရှိသည်။
5 ဤဆောင်းပါးကို ရေးသားပြီးနောက် ၂၀၂၂ ခုနှစ်၊ မေလတွင် KNDF တပ်ရင်းအမှတ် (၅) ၏ တပ်ခွဲအမှတ် (၄) ကို အမျိုးသမီးတပ်ခွဲအနေဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းပြီးနောက်တွင် အမျိုးသမီးများကိုယ်တိုင် စစ်ထွက်တိုက်သည်များ ရှိလာခဲ့ပြီး အမျိုးသမီးတပ်ခွဲမှ မဟုတ်သည့်တိုင်အောင် အခြားတပ်ရင်း၊ တပ်ခွဲများတွင်လည်း ရှေ့တန်းစစ်မျက်နှာပြင်ထိ စစ်ထွက်တိုက်သည့် အမျိုးသမီးရဲဘော်အချို့လည်း အသီးသီး ပေါ်ထွက်လာသည်။
6 ရုံးစာရေး၊ ထောက်ပို့ဌာန၊ နိုင်ငံရေးဌာန၊ မီဒီယာဌာန၊ ကျန်းမာရေးဌာန၊ လက်နက် ခဲယမ်းဌာန၊ မိုင်းဌာနစသည့် ဌာန (၇) ခုကို ဆိုလိုခြင်းဖြစ်သည်။
7 အမျိုးသမီးတပ်ခွဲ ဖွဲ့စည်းပြီးသည့်နောက်တွင် ၎င်းတပ်ခွဲ၏ တပ်ခွဲမှူးသည် KNDF ၏ တစ်ဦးတည်းသော အမျိုးသမီးတပ်ခွဲမှူးဖြစ်လာသည်။
8 ကယန်းလူမျိုးစုသည် ကရင်နီပြည်နယ်တွင် အဓိကကျသော လူမျိုးစုများထဲမှ တစ်ခုဖြစ်သည်။ ကယန်းဒေသဆိုသည်မှာ ကယန်းလူမျိုးများအများစု နေထိုင်သော ဒေသကို ဆိုလိုသည်။
9 တံခွန်တိုင်သည် များသောအားဖြင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝင်းများအတွင်းတွင် စိုက်ထူထားလေ့ရှိသော တိုင်တစ်တိုင်ဖြစ်ပြီး စီးပွားရေးနှင့် စိုက်ပျိုးရေးကိစ္စများ အဆင်ပြေစေရန်အတွက် ကရင်နီမျိုးနွယ်စုများ အစဥ်အလာအရ ကိုးကွယ်ကြသည်။
10 ‘မူ’ သည် ကယန်းအမျိုးသမီးများအား ရည်ညွှန်းသော စကားလုံးဖြစ်သည်။ ဗမာလို ‘မ’ ဟု သုံးနှုန်းသည်နှင့် ဆင်တူသည်။