ကချင်အမျိုးသမီးတွေက ဘယ်သူလဲ ကချင်အမျိုးသမီးတွေကို ပုံဖော်ထားမှုနဲ့ ကချင်အမျိုးသမီးဖြစ်မှု

ဝါလာကော့ | Click here to read this article in English.

Cite as: 
ဝါလာကော့၊ (၂၀၂၄)၊ ကရင်နီစစ်ဒေသအတွင်းရှိ အမျိုးသမီးများ မျက်မြင်ကြုံတွေ့နေရသော အတားအဆီးများနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကန့်သတ်ချည်နှောင်ထားခံရမှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၂)။ https://ijbs.online/?page_id=4944


အကျဉ်းချုပ်

ကချင်အမျိုးသမီးတစ်ဦး ရေးသားတဲ့ ဒီစာတမ်းကနေ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကချင်အမျိုးသမီးတစ်ဦး ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ကို ဆန်းစစ်ကြည့်မှာဖြစ်ပြီး ကချင်အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုတွေ၊ သူတို့ရဲ့ အပြုအမူအပေါ် မျှော်လင့်ချက်ထားရှိမှုနဲ့ ကြုံတွေ့နေရတဲ့ အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုတွေ အကြောင်း ပါဝင်ပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ကချင် အမျိုးသမီးတွေဟာ တခြားသူတွေ မမြင်နိုင်တဲ့ ဖိနှိပ်မှုအလွှာအမျိုးမျိုးကို တွေ့ကြုံခံစားရနေရတဲ့ အကြောင်းကိုလည်း ထောက်ပြထားပါတယ်။ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေမှာ နေ့စဉ်ရုန်းကန်နေရခြင်းဟာ ကချင်အမျိုးသမီးရယ်လို့ ဖြစ်လာစေပါတယ်။ ကချင်အမျိုးသမီးအများစုဟာ စစ်အာဏာရှင်စနစ်၊ ဗမာလူမျိုးကြီးဝါဒနဲ့ ရှိရင်းစွဲ ဖိုပဓာနဝါဒတွေကို တွန်းလှန် နေကြပါတယ်။ ကချင်အမျိုးသမီးဖြစ်ခြင်းနှင့် ကချင်အမျိုးသမီးဖြစ်လာခြင်း တို့ဟာ ဒီခုခံမှုနဲ့ အန်တုမှုတွေကနေ မွေးဖွားလာခြင်းဖြစ်ပါတယ်။

နိဒါန်း

စာတမ်းမှာ ပြောမယ့်အကြောင်းအရာကတော့ ကချင်အမျိုးသမီးဆိုတာကို မေးခွန်းထုတ်မှာ ဖြစ်ပါတယ်။ လက်ရှိ ကချင်နဲ့ ကချင်လူမျိုးမဟုတ်တဲ့ဒေသက ကချင်အမျိုးသမီးဆိုတာကို လူအများ သိကြလက်ခံကြတဲ့ အမြင်ကို ပြန် မေးခွန်းထုတ်ပြီး ဆန်းစစ်မှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ကချင် အမျိုးသမီးတွေလို့ ပြောလိုက်ရင် အစိုးရ၊ နိုင်ငံတော်နဲ့ မီဒီယာတွေက ပုံဖော်နေ တဲ့ အကြောင်းအရာနဲ့ ကိုယ့်ရဲ့ ကချင်ဒေသအစဉ်အလာက ပုံဖော်ကြတဲ့ အကြောင်းအရာနှစ်ခုထဲက မလွတ်ပါဘူး။ ဒီပုံဖော်မှုတွေက သာမန်လူတွေရဲ့ ကချင်အမျိုးသမီးအမြင်တွေအပေါ် ထပ်ပြီးလွှမ်းမိုးမှု ရှိပါတယ်။

ကချင်အမျိုးသမီးထုထဲမှာလည်း အထက်ပိုင်းမှာ ရောက်နေပြီး ပါဝါ အာဏာရှိတဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို တော့ မြင်ရပေမယ့် ဒီအမျိုးသမီးတစ်စုဟာလည်း ကချင်အမျိုးသမီးထု တစ်ရပ် လုံးကို ကိုယ်စားမပြုနေသေးပါဘူး။ အဓိကကတော့ စီးပွားရေး၊ လူမှုရေးအရ နေ့စဉ် ဖြတ်သန်းနေရတဲ့ ဘဝတွေက မတူညီကြလို့ပါပဲ။ ဒါကြောင့် မတူညီတဲ့ လူမှုအလွှာတွေ၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ သက်ရောက်မှုတွေက ကချင် အမျိုးသမီးထုအပေါ် ဘယ်လိုသက်ရောက်နေကြောင်းနဲ့ လူသိများတဲ့ပုံရိပ်တွေ၊ အကြောင်းအရာတွေထဲက ကချင်အမျိုးသမီးဆိုတဲ့ ပုံဖော်ထားမှုကို ပြန်လည် စိန်ခေါ်မေးခွန်းထုတ်ဖို့ အရေးကြီးပါတယ်။ ဒီအကြောင်းအရာတွေအားလုံးကို ဒီစာတမ်းမှာ ဖော်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။

အများအမြင်က ကချင်မ

ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်းမှာ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်တော့ ကျွန်တော့်ကို “ကချင်လား။ ကချင်မတွေ ချောတယ်နော်” လို့ ပြောတာ ခံခဲ့ရတယ်။ ကချင်အမျိုးသမီးလို့ ပြောလိုက်တာနဲ့ လှတာနဲ့ တွဲမြင်ကြတယ်။ ဘာကြောင့် အဲဒီလိုတွဲမြင်ကြတာလဲ။ အဲဒီလိုမြင်အောင် မီဒီယာက ပုံဖော်တာ တွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ကချင်အမျိုးသမီးလို့ ပြောလိုက်ရင် နာမည်ကြီးနေတဲ့ မော်ဒယ်တွေ၊ အလှမယ်တွေ၊ အဆိုတော်တွေနဲ့ အမြဲတွဲမြင် ပြီး ပုံဖော်ကြတယ်။ တချို့စာစောင်မဂ္ဂဇင်း မျက်နှာဖုံးတွေမှာဆိုရင် ကချင် ရိုးရာဝတ်စုံလေးနဲ့ က နေတဲ့ပုံ ပုံဖော်ကြတာတွေ့ရတယ်။

ပုံ – ၁
၂၀၁၈ ခုနှစ်ထုတ် စာအုပ်တစ်အုပ်မှ ကချင်အမျိုးသမီးသရုပ်ဖော်ပုံ။ 1



ရိုးရာပုံပြင်စာအုပ်တွေမှာလည်း ကချင်အမျိုးသမီးဆိုရင် အလွန်လှပသူအဖြစ် ပုံဖော်ကြတာများပါတယ်။ ကချင်တွေကြားမှာ လူသိများတဲ့ ခရိုင်နော်နှင့် ခရိုင်ဂမ်” ပုံပြင်မှာကသူတို့ရဲ့ မိခင်က အလွန်ချောမောလှပလို့ မိချောင်းမင်း တောင် လူယောင်ဖန်ဆင်းပြီး ယူကြတယ်ဆိုတာမျိုး ပုံဖော်ထားခဲ့ကြတယ်။ သူရဲကောင်း ခရိုင်နော်နှင့် ခရိုင်ဂမ် အမြွှာနှစ်ယောက်မှာလည်း အငယ် ခရိုင်နော်ရဲ့ မိန်းမက အရမ်းလှလို့ အချင်းချင်းလုကြပြီး မတည့်ကြဘူးဆိုတဲ့ ဟာမျိုး ရေးထားတာ တွေ့ရပါတယ်။2

ပုံ – ၂
လူသိများတဲ့ ခရိုင်နော်နှင့် ခရိုင်ဂမ်ပုံပြင် သရုပ်ဖော်ပုံ။ 3



နောက်တစ်ခုက ကချင်တွေ လက်ဆင့်ကမ်းပြောလာကြတဲ့ ရိုးရာပြဇာတ်ထဲက ယူးငါးမယောန် (Yu Nga Mayawn) ပုံပြင်မှာဆိုရင်လည်း ငါးမာဂျာပန် (Nga Ma Ja Pan) ခေါ် ကချင်အမျိုးသမီးလေးက အလွန်လှပတော့ အလှဂုဏ် မောက်ပြီး သူ့ကို ပထမဆုံးလာတောင်းတဲ့ ယူးမာနောဆမ် (Ya Ma Naw Sam) ဆိုတဲ့ ကောင်လေးကို မတူမတန်ကြောင်းပြောလွှတ်လိုက်တယ်။ ယူးမာ နောဆမ်က ခန္ဓာကိုယ်ကြော့ရှင်းလှပပြီး အကကောင်းတဲ့ ကောင်မလေး၊ နင့်ကို ကြိုက်လှပြီကွယ်” လို့ပြောလာတဲ့အခါ ငါးမာဂျာပန်က “မဖြစ်နိုင်ဘူး။ နင့်လိုလူကိုတော့ မယူနိုင်ဘူး။ ငါက လှပလွန်းတော့ ကမ္ဘာမှာ ခွန်အား အကြီးဆုံးသူနဲ့သာ ထိုက်တန်တာ” ဆိုပြီး ပြန်ပြောခဲ့တယ်။ ငါးမာဂျာပန်က ကမ္ဘာမှာ ခွန်အားအကြီးဆုံးသောလူကို လိုက်ရှာခဲ့တယ်။ နှစ်တွေကြာပြီး နောက်ဆုံးမှာတော့ ယူးမာနောဆမ်နဲ့ပဲ ယူရဖို့ အကြောင်းရှိခဲ့တယ်ဆိုတဲ့ ဟာမျိုး။ ယောက်ျားမယူချင်တဲ့ ကချင်အမျိုးသမီးတွေကို ဒီပုံပြင်နဲ့ဆုံးမကြပြီး ကချင်တွေကြားမှာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြောပြလာခဲ့၊ ရေးသား ခဲ့ကြတယ်။ ကချင်အမျိုးသမီးတွေကို တင်တောင်းတဲ့အခါမှာ မပါမဖြစ် ပါရတဲ့ ယူးငါးမယောန် (Yu Nga Mayawn) ဓားတိုက လူမျိုးတိုးပွားဖို့ အဓိပ္ပာယ်လို့ ပြောကြတယ်။

ဒီနှုတ်ပြော ကချင်ပုံပြင်တွေ၊ စာအုပ်တွေထဲမှာ ကချင်အမျိုးသမီးတွေကို ပုံဖော်ထားမှုက မိန်းမနဲ့ အလှအပဆိုတဲ့ စံနဲ့တွဲပြီး အမြဲပုံဖော် လက်ဆင့်ကမ်း ခဲ့ကြတာလားလို့ တွေးမိစေတယ်။ ခရိုင်နော်နှင့် ခရိုင်ဂမ်ပုံပြင်မှာဆိုလည်း မိန်းမတွေကြောင့် ညီအစ်ကို မတည့်တာမျိုး ပုံဖော်ခြင်းအားဖြင့် မိန်းမလိင် ပါသူအုပ်စုကို မကောင်းတဲ့သူတွေအဖြစ် မြင်စေတာပဲ။

ပုံပြင်တွေရဲ့ အပြင်ဘက် တကယ့်လောကမှာလည်း အလွန်လှပတဲ့ မိန်းကလေးဆိုတာ အမျိုးသမီးတွေ ဂုဏ်ယူစရာဆိုပြီး အလှအပကို အမျိုးသမီးရဲ့ စံဖြစ်လာစေတာ၊ အမျိုးသမီးတွေ လှချင်စိတ်ဖြစ်အောင်၊ လှအောင်နေဖို့ တိုက်တွန်းကြတာတွေဟာ အများလက်ခံထားတဲ့ အလှအပစံ တွေကို မမီတဲ့၊ မလှပတဲ့ အမျိုးသမီးတွေအတွက် ဒီအလှစံထားတဲ့ လူ့အဖွဲ့ အစည်းကြားမှာ လူသားတစ်ယောက်လို ဆက်ဆံခံရပါ့မလားဆိုပြီး မေးခွန်း ထုတ်စရာပါ။ မြန်မာစကားပုံမှာလည်း “မလှတော့ စုန်းယိုး” ဆိုပြီး မလှတဲ့ လူတွေကို စုန်းလို့ ထင်တတ်တဲ့အမြင်ရှိကြောင်း ဆိုထားတာရှိပါတယ်။

ထပ်မံပြီး မီဒီယာတွေမှာ ပုံဖော်ထားတာက နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ယူခဲ့သူ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်ကိုသွားတိုင်း ကချင် အမြိတ်ပါတဲ့ဝတ်စုံ၊ ကချင်ဝတ်စုံ ဝတ်ဆင်လေ့ရှိခဲ့ပါတယ်။ ၂၀၂၁၊ ဖေဖော်ဝါရီ မတိုင်ခင် အန်အယ်ဒီအစိုးရအဖွဲ့က အမျိုးသားခေါင်းဆောင်တချို့လည်း ပင်နီ အင်္ကျီကို အပေါ်ကဝတ်ပြီး အောက်က ကချင်ပုဆိုးနဲ့ တွဲဝတ်ကြတာလည်း တွေ့ရတယ်။ အရင် ၁၉၈၈ ခုနှစ်ဝန်းကျင်တုန်းက သုံးရောင်ခြယ်အဖွဲ့ဝင်တွေ ကလည်း ကချင်ပုဆိုးကို လည်ကတုံးရှပ်အဖြူလေးတွေနဲ့ တွဲဝတ်လေ့ရှိတာ တွေ့ရတယ်။ သူတို့ကနေတစ်ဆင့် ကချင်ဆိုတာ ဘာလဲဆိုတာ ကချင်ဝတ်စုံနဲ့ အပြင်ပန်း တွဲသိကြသွားတယ်လို့ ယူဆလို့ရတယ်။ နိုင်ငံတော်ကို ဦးဆောင် တာဝန်ယူခဲ့တဲ့ သူတွေကိုယ်တိုင်လည်း ကချင်အဝတ်အစားက လှတယ်။ ကချင်လို ဝတ်လိုက်ရင် လှတယ်ဆိုတာမျိုး ထပ်ထပ်ပြီးပုံဖော်ခဲ့သလို နိုင်ငံရေး အတွက်၊ ကချင်ပြည်သူပြည်သားတွေကို စည်းရုံးဖို့အတွက် ကချင်ပြည်ရောက် တိုင်း ကချင်ရိုးရာ ဝတ်ဆင်ခဲ့ကြတယ်လို့ မြင်တယ်။

ကချင်အချင်းချင်းကြားက ကချင်အမျိုးသမီးကို မြင်တဲ့အမြင်နဲ့ ကချင် အမျိုးသမီးအပေါ် မျှော်လင့်ချက်များ

ကချင်အချင်းချင်းကြားမှာလည်း မိန်းမဆို ယဉ်ကျေးသိမ်မွေ့ရမယ်၊ ဘာသာ တရား ကိုင်းရှိုင်းရမယ်၊ လူကြီးကို ရိုသေရမယ် စတဲ့ လူမှုစံတွေနဲ့ ကချင် အမျိုးသမီးတွေကို ဘောင်ခတ်ထားတယ်။ အဝတ်အစားဆိုလည်း ကချင် အမြိတ်ပါတာ မဝတ်ရင် ကဲ့ရဲ့ကြတယ်။ အမျိုးကို မချစ်တတ်ဘူးလို့ ပြောကြ တယ်။ ကချင်မိန်းမ မှန်ရင် ကချင်အမြိတ်ဝတ်ရမယ်ဆိုတာမျိုး ဘောင်ခတ် ထားကြတယ်။ ကချင်အမြိတ်ပါတာ မဝတ်ရင် ကျွန်တော်က ကချင်အမျိုးသမီး မဟုတ်တော့ဘူးလားလို့ မေးခွန်းထုတ်စရာရှိတယ်။ ကချင်အမြိတ် ဝတ်ထား တဲ့ လူမျိုးခြားတွေကရော ကချင်ဖြစ်သွားပြီလား စသည်ဖြင့် ကချင်ဖြစ်မှုနှင့် ကချင်အမျိုးသမီးဖြစ်မှုဆိုတာကို မေးခွန်းထုတ်မိပါတယ်။

ကချင်ဝတ်စုံကို ဂါဝန်ချုပ်ဝတ်တာမှာ နည်းနည်းတိုသွားတဲ့အခါဆိုရင် လည်း ကချင်အမျိုးသမီး အချင်းချင်းကပဲ ကချင်ရိုးရာဝတ်စုံကို ဖျက်တယ်လို့ ပြောကြတယ်။ ကချင်မိန်းကလေးဖြစ်ပြီးတော့ မလုံမခြုံမဝတ်သင့်ဘူး။ Sari shahpoi (ဣန္ဒြေမရှိဘူး) စသဖြင့် ပြောခံရဖူးတယ်။ ကချင်အမျိုးသမီး ပီသ တယ်ဆိုရင် ရိုးရာထမင်းထုပ်တွေ ထုပ်တတ်ရမယ်၊ ရက်ကန်းရက်တတ်ရမယ်၊ မိခင်ကောင်းဖြစ်ရမယ် ဆိုတဲ့ဟာမျိုးလည်း ရှိပါသေးတယ်။ မိန်းမတွေဖြစ်ပြီး မလုပ်သင့်ဆိုတာမျိုး မိန်းမဘောင်ထဲ အရမ်းသွတ်သွင်းကြတယ်။ လမ်းသလား ပြီး လျှောက်လည်နေမယ့်အစား ဘုရား သွန်သင်ချက်အတိုင်း နေသင့်ကာ ဘုရားကျောင်းမှာ လိုတဲ့နေရာ ဆက်ကပ်သင့်တယ်လို့ ငယ်ဘဝတုန်းက ခဏခဏအပြောခံခဲ့ရတယ်။

ကချင်အမျိုးသမီးဖြစ်ပြီးတော့ ကချင်စကားမပြောရင်လည်း မျိုးမစစ်ဘူး၊ လူရာမဝင်ဘူးလို့ ပြောကြသလို အမျိုးမချစ်တတ်သူဆိုပြီးတော့လည်း ဝိုင်းနှိမ် ကြတယ်။ တစ်ခေါက်ကဆို ကချင်စကားနဲ့ ပြန်မပြောလို့ဆိုပြီး စကားပြန် မပြောတာမျိုး ကြုံခဲ့ရတယ်။ ကျွန်တော်ဆိုရင် ဆွေးနွေးပွဲတွေလုပ်တဲ့အခါ ကချင်စကားတောက်လျှောက်ဆက်တိုက် မပြောနိုင်တဲ့ အချိန်တွေရှိတယ်။ အဲဒီလိုဆိုရင် ကျွန်တော်ကရော ကချင်အမျိုး မချစ်သူ ဖြစ်သွားပြီလား။ ကချင် ပြည်မှာမွေးပြီး လူမျိုးခြားတွေက ကချင်စကားမွတ်နေအောင် ပြောတတ်တဲ့ သူတွေရှိတယ်။ သူတို့ကိုရော ကချင်လူမျိုးလို့ သတ်မှတ်ကြလား။ ကချင်လူမျိုး ဖြစ်ပေမယ့် ကချင်စကားကို တောက်လျှောက်ဆက်တိုက် ပြောဖို့ခက်တာ ဘာလို့လဲဆိုတော့ နေရာတိုင်း ဗမာစကားနဲ့ ဆက်သွယ်ပြောရတာ ပိုများတာ ကြောင့်လည်း ပါမယ်လို့ ထင်မိပါတယ်။ ကချင်အမြိတ်ပါတဲ့အဝတ် မဝတ်ချင် တဲ့ နေ့တွေရှိတယ်။ ကချင်စကား မပြောတဲ့အချိန်တွေ ရှိတယ်။ ရိုးရာဓလေ့ ထမင်းထုပ် မထုပ်တတ်ဘူး။ ရက်ကန်း မရက်တတ်ဘူး။ အဲဒီလိုဆိုရင်လည်း ကျွန်တော်က ကချင်အမျိုးသမီးမဟုတ်တော့ဘူးလား။

ကချင်အမျိုးသမီးတွေကို ရိုးရာကို ထိန်းသင့်တယ်ဆိုတဲ့ အမြင်နဲ့ ဘာကြောင့် အမြဲပြောနေကြသလဲ။ ရိုးရာကို မထိန်းသိမ်းတဲ့သူတွေကိုတော့ မိန်းမပျင်း (Num Balar)၊ ကချင်မ မစစ်ဘူးလို့ ပြောကြတယ်။ ဒီကချင် အမျိုးသမီးဆိုတဲ့ ဘောင်ထဲမဝင်သူအားလုံးကို ကချင်လူ့အဖွဲ့အစည်းက ဖယ်ကြဉ်ကြတယ်။ ခွဲခြားကြတယ်။ ပုံဖော်ကြတယ်။ ဒီတော့ ကချင် စစ်တယ် ဆိုတာ ဘာလဲဆိုပြီး မေးခွန်းထုတ်မိပါတယ်။

လူတိုင်း မိမိရိုးရာယဉ်ကျေးမှုဓလေ့တွေကို ချစ်တဲ့စိတ်၊ တန်ဖိုးထားတဲ့ စိတ်တော့ ရှိသင့်တယ်။ ဒါပေမဲ့ ဘာလို့ ရိုးရာဓလေ့စံတွေက လူသားတစ်ဦး ချင်းစီမှာရှိတဲ့ အရည်အချင်းထက် ပိုတန်ဖိုးရှိ၊ ပိုအရေးကြီးနေရတာလဲ။ ကချင် ဆိုတာ ဘယ်လိုပါဆိုပြီး အများသတ်မှတ်ထားတဲ့ စံထဲမှာ ရှိမနေတဲ့ ကချင် အမျိုးသမီးတွေကရော ဘာလို့ ခွဲခြားဖယ်ကြဉ်ခံနေရတာလဲ။ ဒီလူမျိုးစုတွေ၊ လူတွေစုဝေးပြီးမှ ဓလေ့ရိုးရာဆိုတာ ရှိလာရတာပေမယ့် အမျိုးသားတွေကို တော့ အဲဒီလိုကန့်သတ်ထားတာတွေ သိပ်မတွေ့ရပါဘူး။

ကျွန်တော် မေးခွန်းထုတ်ချင်တာကတော့ အမျိုးသားတွေက ရိုးရာဓလေ့ ကို ဖန်တီးသူ၊ ဦးဆောင်သူ၊ ဆုံးဖြတ်သူတွေဖြစ်ကြပြီး အမျိုးသမီးတွေက လိုက်နာရသူတွေ၊ ဆုံးဖြတ်ခံတွေလား။ ဒီရိုးရာဓလေ့တွေကို မလိုက်နာသူ အမျိုးသမီးတွေဟာ ဒီအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်မယ့် ပြစ်ဒဏ်ကို ခံရမယ် ဆိုပြီး ဖန်တီးထားတဲ့ ဒီစနစ်ကြီးက လုံးဝမတရားပါဘူး။ ဒီလို မတရားမှုတွေ အတွက် ဘာလို့ အသံတွေပျောက်နေတာလဲ။ အမျိုးသမီးတွေက အမြဲပဲ ဒုတိယ လိင်အဖြစ်နဲ့ပဲ ရှင်သန်နေရပြီး ကချင်အမျိုးသမီးလို့ ပုံဖော်ထားတဲ့ စံတွေနဲ့ မကိုက်ရင်၊ အဲဒီစံတွေ ကိုယ့်မှာ မရှိရင် ဒီကချင်လူ့အဝန်းအဝိုင်းမှာပါ လူသား အပြည့်အဝဖြစ်ဖို့၊ ရှင်သန်ဖို့ ခက်ခဲနေပါတယ်။

နိုင်ငံတော်ကရော ကချင်အမျိုးသမီးတွေကို ဘယ်လိုပုံဖော်ကြလဲ

ဒူအင်ဖန်းဂျာရာသည် ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ ကချင်ပြည်နယ် မိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ရိုက်ခဲ့တဲ့ သမိုင်းဝင်ဓာတ်ပုံမှာ ပါဝင်ခဲ့ တဲ့ ကချင်အမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဗမာတိုင်းရင်းသားတွေနဲ့ အခြားတိုင်းရင်းသားတွေ လွတ်လပ်ရေးအတူတကွ ရယူဖို့ ကချင်ခေါင်းဆောင် တွေကို လာရောက်စည်းရုံးတဲ့ ခရီးစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းသည် ကချင် ရိုးရာ ဓားစလွယ်၊ လွယ်အိတ်နှင့် ခေါင်းပေါင်းတွေကို ဝတ်ဆင်ထားကာ ကချင်အမျိုးသမီးပျို (၆) ယောက်နဲ့အတူ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ပါတယ်။

ဗိုလ်ချုပ်နဲ့အတူ ရိုက်တဲ့ဓာတ်ပုံမှာပါတဲ့ အဖွားတို့က အဲဒီ အချိန်မှာ အစည်းအဝေးလုပ်တဲ့သူတွေကို ကျွေးမွေးဖို့ ထမင်း ချက်ပေးတာပဲ။ ဗိုလ်ချုပ်အောင်ဆန်းက အမှတ်တရအတွက် ကချင်အမျိုးသမီးတွေနဲ့ ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ အဖွားတို့ ကလည်း ချက်ချင်းပြင်ဆင်လိုက်ပြီး ရိုက်လိုက်တာပဲ။

လို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဓာတ်ပုံအတူ ရိုက်ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြပါ တယ်။ဓာတ်ပုံအတူ ရိုက်ခဲ့ကြသော်လည်း ဆွေးနွေးပွဲတွင် မည်သည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်ကို အသေးစိတ်မသိရကြောင်း၊ ဗမာ၊ ကချင်၊ ကရင်၊ ရှမ်းများ စုပေါင်းပြီး လွတ်လပ်ရေးရယူရန် ဗိုလ်ချုပ် အောင်ဆန်းမှ ကချင်ခေါင်းဆောင်များအား လာရောက်စည်းရုံးပြောဆိုခြင်း ဖြစ်ကြောင်းကိုသာ သိရကြောင်း ပြောပြပါတယ်။

ပုံ – ၃
ကချင်ပြည်နယ်၊ မိန်ခိန်တွင် ၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း၊ ဒူအင်ဖန်းဂျာရာနှင့် အခြားကချင်အမျိုးသမီးများ ဓာတ်ပုံတွဲရိုက်ထားပုံ။



ဒါကတော့ တကယ့်လက်တွေ့ ကချင်အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အချက်လို့ ပြောလို့ရတယ်။ ကချင်အမျိုးသမီးတွေကို ရိုးရာဝတ်စုံအပြည့်အစုံနဲ့ ဓာတ်ပုံအရိုက်ခံဖို့ သက်သက်သာသုံးကြတယ်။ လူကြီးဧည့်သည်လာရင် ထမင်းချက်၊ ပြင်ဆင်ကျွေးမွေး စတဲ့နေရာတွေမှာသာ ရှိနေခဲ့ရပြီး ဘာဆွေးနွေး သွားတယ်၊ ဘာကြောင့် လူကြီးတွေ လာတယ်ဆိုတာကို သူများပြောပြမှ သိရတဲ့ အခြေအနေ ဖြစ်နေတယ်။

ဒီဓာတ်ပုံက သမိုင်းဝင်ဓာတ်ပုံဖြစ်ပြီး တစ်နိုင်ငံလုံးတွေ့ရတဲ့ ပုံလည်း ဖြစ်တယ်။ အနာဂတ်လူငယ်တွေအတွက် ကချင်အမျိုးသမီးဆိုရင် ရိုးရာဝတ်စုံ ဝတ်ပြီး အလှဓာတ်ပုံအရိုက်ခံ၊ ရိုးရာဝတ်စုံလေးနဲ့ လူကြီးဧည့်ကြို စတဲ့နေရာ တွေသာ မြင်လာကြမယ်။

ကချင်ပြည်နယ်အတွင်း အားကစားဘောလုံးပြိုင်ပွဲတွေ၊ ပွဲအစီအစဉ် ဖွင့်ပွဲ တွေမှာ အမျိုးသမီးတွေက ရိုးရာဝတ်စုံလေးတွေနဲ့ အသင်းနာမည်ပါတဲ့ ကတ်ပြားလေးကိုင်ပြီး ရှေ့ထွက်ရလေ့ရှိပါတယ်။ မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော် ဖွင့်ပွဲလိုမျိုး၊ ကချင်ပြည်နယ်ကျောက်မျက်ရတနာ ဖွင့်ပွဲအခမ်းအနား လိုမျိုး အခမ်းအနားတစ်ခုခုမှာဆိုရင်လည်း အမျိုးသမီးတွေက ရိုးရာဝတ်စုံ လေးနဲ့ ဖဲကြိုးဖြတ်အခမ်းအနားတွေမှာ ပါဝင်ကြရပြန်ပါတယ်။ တချို့ဆိုရင် ဖွင့်ပွဲတွေမှာ ဧည့်ကြိုဖို့ ရိုးရာဝတ်စုံဝတ်ပြီး ပါဝင်ရတာကို လှလို့ ပါဝင်ခွင့်ရတာ ဆိုပြီး ဂုဏ်ယူစွာ ပြောကြတဲ့သူရှိတယ်။ အမျိုးသမီးတွေကို လှပမှုကိုပဲ ဂုဏ်ယူတတ်အောင် သေချာလုပ်ထားတဲ့ တွေးခေါ်မှုစနစ်ကြောင့် အဲဒီလို ပြောကြတာ ဖြစ်ပါတယ်။ ကချင်အမျိုးသမီးဆိုတာ ရိုးရာဝတ်စုံလေးဝတ်ပြီး အလှအပနေရာတွေမှာပဲ ရှိရမှာလား။ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ အတွက် ပတ်ဝန်းကျင်က ကချင်အမျိုးသမီးဆိုရင် ဒီလိုမျိုးနေရာတွေမှာပဲ နေရာပေးခံရတာကို မြင်ရမှာလား၊ ဒါတွေကို မေးခွန်းထုတ်ချင်ပါတယ်။

တခြားလူမျိုးများမှ ကချင်အမျိုးသမီးတွေအပေါ်အမြင်

ကချင်အမျိုးသမီးဆိုရင် “ခရစ်ယာန်မဟုတ်လား” လို့ မေးခံရတာမျိုး၊ ဘုရားကျောင်းမှာ တူရိယာတစ်ခုခု တီးတတ်တဲ့ အမြင်နဲ့တွဲမြင်ကြပြီး “ဘာတီး တတ်လဲ” လို့ အမြဲအမေးခံရတာမျိုး၊ ဂီတကို ပိုင်နိုင်တယ်လို့ ထင်တာမျိုးတွေ ရှိတတ်ပါတယ်။ နောက်ပြီး အများစုက ကချင်အမျိုးသမီးလို့ ဆိုလိုက်ရင် မော်ဒယ်အမျိုးသမီးတွေနဲ့ အဆိုတော်တွေရဲ့ အမည်ကိုသာ တန်းပြောကြ တယ်။ အဆိုတော် L ခွန်းရီ၊ L ဆိုင်းဇီ၊ L လွန်းဝါ၊ ရေဗက္ကာဝင်း၊ K ဂျာနူး၊ အဆိုတော်အမွန်း စသူတို့နဲ့တွဲပြီး သိကြတယ်။ သူတို့နဲ့ ဘယ်လိုအမျိုးတော် သလဲ စသည်ဖြင့် အမေးခံရတယ်။ မိတ်ဆက်ပြီး စကားလက်ဆုံကျရင်လည်း “ဟိုအဆိုတော်လည်း ကချင်နော်။ ဟိုမော်ဒယ်လည်း ကချင်နော်။ သူတို့ကို သိလားဆိုတာမျိူး” ခဏခဏ အမေးခံရတယ်။ တချို့ကလည်း ကချင် အမျိုးသမီးဆိုရင် တိုင်းရင်းသားဝတ်စုံနဲ့ တွဲမြင်တယ်။ ကချင်အမြိတ်ပါတဲ့ လုံချည်ဝတ်ထားရင် “ကချင်လား” လို့ မေးခံရတာမျိုး ရှိကြတယ်။

ကျွန်တော်တို့ ကချင်အမျိုးသမီးတွေကို အရမ်းရဲတင်းတယ်လို့ ပြောတဲ့သူ တွေရှိတယ်။ ဟော့ရှော့လေးတွေလို့ ပြောတဲ့သူတွေရှိတယ်။ ခေတ်ဆန်တယ်။ အဆိုတော်တွေကို စံထားပြီး တော်တယ်၊ ထက်တယ်၊ အသံကောင်းတယ်။ ကိုယ်လုံးကိုယ်ပေါက်လှတယ် စသည်ဖြင့်လည်း ပြောကြတယ်။ ဥပမာ စူပါ မော်ဒယ် အောန်ဆိုင်း၊ M ဆိုင်းလု၊ လုလုအောင်၊ J နော စတဲ့ နာမည်ကြီးတွေနဲ့ တွဲပြီး ကချင်အမျိုးသမီးမော်ဒယ်လို့ သိကြတယ်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးကို ထုတ်လွှင့်ပြသနေတဲ့ တီဗီအစီအစဉ်တွေ မှာ တွေ့ရတဲ့ ကချင်အဆိုတော်တွေ၊ မော်ဒယ်တွေ၊ အလှမယ်တွေကနေ တစ်ဆင့် ကချင်အမျိုးသမီးဆိုရင် ဒီလိုပုံဆိုပြီး တစ်မျိုးထဲဖြစ်နေသလား။ တစ်နိုင်ငံလုံးစောင့်ကြည့်တဲ့ မြန်မာအိုက်ဒေါမှာဆိုရင်လည်း နင်ဇီမေ၊ L ဇော်ရိန်၊ မေရီ၊ မေရီအောင်၊ ဇော်ခွန် စသည်ဖြင့် ကချင်အဆိုတော်တွေ ပါဝင်ယှဉ်ပြိုင်လာကြပြီး Myanmar’s Got Talent မှာဆိုရင်လည်း ကချင် ရိုးရာအကအဖွဲ့ (Wunpawng Ningja Dance group) မှ ၂၀၁၅ ခုနှစ်တွင် ယှဉ်ပြိုင်ကြတယ်။ ကချင်အမျိုးသမီးတွေကို အရမ်းရဲတယ်လို့ မြင်ကြတာ ကြောင့် လက်ရှိ လူတွေသတ်မှတ်ထားတဲ့ “မိန်းကလေးဆိုရင် ယဉ်ယဉ်ကျေး ကျေးနေရမယ်” ဆိုတဲ့အထဲ ကချင်အမျိုးသမီးတွေ မပါဘူး။

နာမည်ကျော်အဆိုတော်၊ မော်ဒယ်တွေက ကချင်အမျိုးသမီးတစ်ခုလုံး ကို ကိုယ်စားပြုလား

ကျွန်တော် ၂၀၁၆ တုန်းက ရန်ကုန်မှာ ရက်ရှည်သင်တန်းတစ်ခု တက်တော့ သင်တန်းဆင်းပွဲအတွက် ဘယ်သူက ဘာအစီအစဉ် ဦးဆောင်ပြီး ဘယ်တာဝန် ယူကြမယ် စသဖြင့် ဆွေးနွေးကြတယ်။ အားလုံးက ကျွန်တော့်ကို ကချင်မ လေးဆိုတော့ ဂီတနဲ့ အကျွမ်းတဝင်ရှိတယ်၊ အဆိုကောင်း၊ အသံကောင်းမယ် ဆိုပြီးတော့ အားလုံးအတူဆိုဖို့ သီချင်းကို တိုက်ပေးဖို့ ဝိုင်းပြောကြတာ ကြုံခဲ့ ဖူးတယ်။ ကချင်ဆိုတာနဲ့ တန်းပြီး သီချင်းဆိုတတ်မှာပဲ ဆိုတဲ့ သတ်မှတ်ချက်နဲ့ အတွဲခံရတယ်။

ရန်ကုန်မှာ အင်္ဂလိပ်စာသင်တန်းတက်ခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းကလည်း ကျောင်းဆင်းပွဲအတွက် အလှဆင်ပေးဖို့ ဆရာ၊ ဆရာမတွေက ဝိုင်းပြောကြ တယ်။ သူတို့ပြောတာက ကချင်တွေက အလှအပ ဆင်ယင်ရာမှာလည်း နိုင်တယ်ဆိုပြီး လုပ်ခိုင်းခဲ့ကြတယ်။ ပြီးတော့ ကချင်တွေက မကတတ်တာ မရှိဘူးဆိုပြီး အကပါ တိုက်ခိုင်းတာ ကြုံခဲ့ဖူးတယ်။ ရုံးက ကချင်သူငယ်ချင်း တစ်ယောက်ကလည်း သူရန်ကုန်စရောက်တော့ တက္ကစီတွေ စီးရတဲ့အချိန် တွေဆိုရင် “တိုင်းရင်းသားလား။ အသားဖွေးတယ်။ ချောတယ်။ ကချင်တွေက အသံကောင်းတယ်။ မြန်မာအိုက်ဒေါ ဝင်မပြိုင်ဘူးလား။ ကချင်တွေအများကြီး ပြိုင်ကြတယ်လေ” စသည်ဖြင့် ပြောတာခံရတဲ့အကြောင်း ပြောဖူးတယ်။

ရန်ကုန်မှာ အတူနေတဲ့ ညီမတော်သူတစ်ယောက် ရှိတယ်။ သူက အက စိတ်ဝင်စားတယ်။ ကချင်ရိုးရာအကလည်း သင်ပေးတတ်တယ်။ သူ့ကိုဆိုရင် ဘာသာရေးပွဲလမ်းဖြစ်ဖြစ်၊ လူကြီးလာလို့ ကြိုရတာဖြစ်ဖြစ် အထူးဧည့်သည် တွေကို ကြိုရတဲ့ပွဲတွေမှာ ရိုးရာဝတ်စုံနဲ့ လာကပေးဖို့ဖြစ်ဖြစ်၊ ဝတ်စုံနဲ့ ဧည့်ကြို နေရာက ပါပေးဖို့ဖြစ်ဖြစ် အမြဲဖိတ်ခေါ်ခံရတယ်။ ကချင်မလေးနဲ့ ရိုးရာဝတ်စုံ ဝတ်ပြီး လူတွေကို ဖျော်ဖြေဖို့ အကအလှပုံဖော်တဲ့နေရာ အမြဲတွဲမြင်ဖို့ ဖြစ်စေတယ်လို့ မြင်တယ်။ တစ်ခေါက်က ၂၀၁၇ ခုနှစ် သင်္ကြန်မဏ္ဍပ်မှာ ကချင် ရိုးရာဝတ်စုံနဲ့ သူတို့အဖွဲ့သွားကကြလို့ ကချင်လူထုတစ်ခုလုံး သူတို့ပုံတွေကို ဆိုရှယ်မီဒီယာမှာ ဝိုင်းရှဲပြီး ဆဲကြတာ ကြုံဖူးတယ်။ သင်္ကြန်လို လူတွေ အများကြီး မူးကြတဲ့နေရာမှာ ကချင်မလေးတွေ မဖျော်ဖြေသင့်ဘူးလို့ ယူဆကြ လို့ဖြစ်မယ်။

ကချင်အမျိုးသမီးတွေလည်း လူသားထဲက လူသားတွေလိုပဲ။ တူရိယာ မတီးနိုင်တာရှိတယ်။ ဂီတ မသိတာ ရှိတယ်။ လူတွေသတ်မှတ်ထားတဲ့ စံအလှ၊ ကိုယ်လုံးကိုယ်ပေါက် မရှိတဲ့သူတွေနဲ့ သီချင်းအဆိုမကောင်းတဲ့သူတွေလို ကချင်အမျိုးသမီးတွေကလည်း ကချင်မဟုတ်တဲ့ လူတွေမြင်ထားတဲ့ ကချင် ဖြစ်မနေခွင့် ရှိကြပါတယ်။ လူအများမြင်တဲ့ ကချင်အမျိုးသမီးပုံစံအတိုင်း လိုက်ဖြစ်ကြည့်ဖို့၊ လုပ်ကြည့်ဖို့ဆိုတာ တော်တော်ကြီး မဖြစ်နိုင်ပါဘူး။

ဗမာလူမျိုးကြီးဝါဒ၊ ဖိုဝါဒနဲ့ ကချင်အမျိုးသမီးဖြစ်မှု

ဖိုဝါဒကြီးစိုးတဲ့ တိုင်းပြည်မှာ အမျိုးသားတွေကို အမြဲခေါင်းဆောင်နေရာ၊ ဆုံးဖြတ်ချက်ချတဲ့နေရာ၊ ဦးစားပေးခံရသည့်နေရာမှာ မြင်ရပြီး မိန်းကလေး တွေကိုတော့ အထောက်အပံ့ပေးတဲ့နေရာ၊ လှလှပပဝတ်ပြီး ယဉ်ကျေးစွာ ဘောင်ကျကျတန်းစီ ဧည့်ကြိုတဲ့နေရာနဲ့ အမြဲတွဲမြင်စေကာ စနစ်တကျကို ဖိနှိပ်ထားတာ ဖြစ်ပါတယ်။ ကချင်အမျိုးသမီးတစ်ယောက်အနေနဲ့ ကချင် လူမျိုးထဲမှာရော အထက်ကပြောပြခဲ့သလို ခွဲခြားဖိနှိပ်ခံနေရသလို လူမျိုးအုပ်စု ကြီးတဲ့၊ ဗမာကြီးစိုးတဲ့ စနစ်အောက်မှာ ကချင်ဖြစ်မှုကြောင့် ခွဲခြားခံရမှု အတွေ့ အကြုံအများကြီး ကြုံနေရတယ်။

ငယ်ငယ်က ကျောင်းတက်ကတည်းက အတန်းထဲမှာဆို ကျွန်တော်တို့ ကချင်နာမည်က ခေါ်ရခက်တယ်လို့ ဆရာ၊ ဆရာမတွေက နေ့စဉ်ပြောတာ ခံရတယ်။ဥပမာ “ခေါန်” ဆိုရင် “ခေါ” လို့ ခေါ်ကြတယ်။ အမည်အမှန်နဲ့ ရှင်သန်ခွင့် ရှိမနေခဲ့ဘူး။ ပြီးတော့ ဆရာ၊ ဆရာမ အများစုက မြန်မာပြည် အလယ်ပိုင်း၊ အောက်ပိုင်းက လာကြတဲ့သူ များတယ်။ ဗမာစကားပြောတဲ့အခါ မှာ ကျွန်တော်တို့က စာစကားလို အပြည့်ပြောကြတော့ ဆရာမတွေ ရယ်တာ ခံရတယ်။ ကျောင်းမှာ စကားပြောရင် “ငါ” လို့သုံးပြီး ပြောကြတယ်။ “ငါ” ဆိုတာက ကချင်လို “ငိုင်” ပဲ။ အဖေ၊ အမေ၊ လူကြီးတွေကိုလည်း “ငါ” လို့ သုံးလို့ရတယ်။ ရိုင်းတဲ့အသုံး မဟုတ်ဘူး။ ဒါပေမဲ့ ကျောင်းတွေက ဗမာ ကျောင်းလို့ ပြောကြသလိုပဲ ဗမာယဉ်ကျေးမှုကို စံထားသလိုဖြစ်နေတော့ “သမီး” လို့ ပြောရမယ်။ “ငါ” လို့ မပြောရဘူး။ ရိုင်းတယ်လို့ သင်ကြား ခံရတယ်။ အဲဒီလို လိုက်ပြောရတယ်။ ဆရာ၊ ဆရာမတွေနဲ့ ဗမာစကား ပြောရမှာ ကြောက်လို့ အမြဲရှောင်နေခဲ့ရတယ်။ မရင်းနှီးခဲ့ဘူး။ ကျောင်းသွားရင် ဗမာစကားပြောရမယ်ဆိုပြီး စိတ်ညစ်ခဲ့တာတွေ ကြုံခဲ့ဖူးတယ်။ ကြီးလာတော့ ဗမာစကားပြောရင် စကားဝဲတာကိုလည်း အားနည်းချက်လို မြင်တော့ ကြာလာတဲ့အခါ ဗမာတွေကို ဗမာစကားသွားပြောရမှာ ကြောက်တဲ့အထိ ဖြစ်လာတယ်။ “ဗမာစကားတော့ ပီအောင် မပြောနိုင်ဘူး။ တောင်းပန်ပါတယ်” ဆိုတာမျိုး လူရှေ့စကားပြောရင် ပြောလေ့ရှိတယ်။

ဘာလို့အဲဒီလိုပြောခဲ့လည်း ပြန်စဉ်းစားတော့ ဗမာစကားကို ပီအောင် မပြောနိုင်လို့ လှောင်ခံရတာတွေ၊ အထင်သေးခံရတာတွေ ရှိခဲ့တယ်။ ဒီလူ့အဖွဲ့ အစည်းက ဗမာလူမျိုးကို စံထားပီး ကျန်တဲ့ လူမျိုးတွေရဲ့ ဖြစ်တည်မှုကို တစ်ဆင့်နှိမ်ပြီး လက်ခံထားလို့ဖြစ်တယ်။ စကားဝဲတဲ့ တိုင်းရင်းသားတွေလို့ ပြောကြတယ်။ တိုင်းရင်းသားတွေ မိမိတိုင်းရင်းသားစကားပြောရင် ဝဲမနေပါ ဘူး။ ဗမာစံနှုန်းနဲ့နှိုင်းပြီး ပြောလိုက်လို့၊ တွေးလိုက်လို့ စကားဝဲတယ် ဖြစ်နေ တာ။ တိုင်းရင်းသားတွေကိုယ်တိုင်လည်း အချင်းချင်းကြားမှာ ဗမာစကား မပီရင် မပြောကြနဲ့။ နားထောင်မကောင်းဘူးဆိုတာမျိုး အချင်းချင်း ပြန်နှိမ်ကြ တယ်။ နောက်ဆုံးတော့ “စကားဝဲတယ်၊ သည်းခံနားထောင်ပေးပါ” ဆိုတာမျိုး မိမိရဲ့ တိုင်းရင်းသားဖြစ်မှုကို မိမိဘာသာ တစ်ဆင့်လျှော့လက်ခံလိုက်ကြတယ်။ ဗမာစကားပြောတဲ့အခါ စကားဝဲတယ်ဆိုပြီး အားနည်းချက်လို မြင်လာတဲ့အထိ နေ့စဉ်ဘဝတွေမှာ ဗမာဖြစ်မှု လွှမ်းမိုးခံလာရတယ်လို့ မြင်တယ်။

ကြီးလာတဲ့အခါမှာလည်း ဘယ်သွားသွား မှတ်ပုံတင်မှာ ကချင်ဆိုတာ မြင်ရင် ကေအိုင်အိုဆိုပြီး အစစ်ခံရတယ်။စစ်ဖြစ်တဲ့ဒေသက ပြည်သူကို တိုင်းရင်းသားလက်နက်ကိုင်နဲ့ တစ်ဖွဲ့တည်း၊ လူမျိုးတစ်စုတည်းပဲဆိုပြီး ဖိနှိပ်မှု တွေ ရှိနေတယ်။ တိုင်းရင်းသားမှတ်ပုံတင်ကတ်ကိုင်တဲ့သူတွေက ဖိနှိပ်ခံရဖို့ ဖြစ်နေတယ်။ မှတ်ပုံတင်ကတ်အမည်မှာ ကချင်အမျိုးသမီးအမည်ပါမယ်၊ လူမျိုးနေရာမှာ ကချင်လို့ ပါတယ်၊ ကိုးကွယ်တဲ့ဘာသာ ခရစ်ယာန်လို့ ပါတယ်ဆိုတော့ ဒီမှတ်ပုံတင်ကိုမြင်တာနဲ့ ဖိနှိပ်ခံရမှုတွေ၊ ခြိမ်းခြောက်ခံရနိုင်မှု တွေ ရှိလာတယ်။ “တိုင်းရင်းသားလား။ ကချင်လား။ ဘာအလုပ်လုပ်လဲ။ ဘာလုပ်ဖို့ ခရီးသွားတာလဲ” မေးခွန်းတွေက ဆက်တိုက်ကို မေးခံခဲ့ရတယ်။ တခြားသူတွေ အမေးမခံရရင်လည်း ဒီအချက်တွေပါနေတဲ့ မှတ်ပုံတင်ကိုင်ထား သူကတော့ သေချာပေါက် အမေးခံရပါတယ်။

၂၀၂၁ အာဏာသိမ်းမှုမတိုင်ခင် လူတိုင်း လွတ်လပ်စွာ သွားလာနေထိုင်နိုင် တယ်ဆိုတဲ့အထဲ တိုင်းရင်းသားတွေ ပါမနေဘူး။ မှတ်ပုံတင်ကတ်မြင်တာနဲ့ကို ပိုအစစ်ဆေးခံရတယ်။ စစ်ဆေးတဲ့လူက ဗမာဖြစ်မယ်။ လက်နက်ကိုင်ထား မယ်ဆို ကျွန်တော်တို့မှာ ဘာမှပြန်မပြောနိုင်တော့သလို ဖြစ်ရတယ်။ အဲဒီလို အချိန်တွေမှာဆို စိတ်ထဲမှာ မလုံခြုံမှု၊ စိုးရိမ်မှု၊ ကြောက်ရွံ့မှုတွေက အမြဲတမ်း ရှိနေပြီး နေထိုင်သွားလာရှင်သန်နေရတယ်။ ကျွန်တော်တို့က စစ်ဖြစ်တဲ့ဒေသ မှာ ကြီးလာရတဲ့သူတွေဖြစ်တဲ့အတွက် မတရားခံရတာ၊ ဖိနှိပ်ခံရတာ၊ အကြမ်း ဖက်ခံရတာတွေဖြစ်ဖြစ် တရားရုံးသွားဖို့၊ တိုင်ဖို့ ဆိုတာ အရင်ကတည်းကရော အခုရော အများကြီးစဉ်းစားကြရတယ်။ ဗမာစကားကို ကြောက်တယ်။ ဗမာ တွေကိုကြောက်တယ် ဆိုတဲ့စိတ်က အမြဲရှိတယ်။ ရုံးတွေ၊ ဥပဒေတွေမှာ သူတို့ သုံးထားတဲ့ စကားလုံးတွေကို နားမလည်နိုင်တာတွေ ရှိတယ်။ ကျွန်တော်တို့ အတွက် စိန်ခေါ်မှု အများကြီးရှိတယ်။

အဓိက သွားပြောဖို့အတွက် ဘာသာစကားကို ကြောက်တာကြောင့် သွားဖို့မဖြစ်နိုင်တာတွေ အများကြီး။ စစ်တပ်ဝတ်စုံကို မြင်တာနဲ့ ကြောက်ရွံ့တဲ့ စိတ်က နှစ်ပေါင်းရာချီပြီး လုပ်ထားတာဖြစ်တဲ့အတွက် ကြောက်နေပြီ။ ယာဉ်ထိန်းရဲတွေဆိုရင်လည်း အမျိုးမျိုးအကြောင်းပြဖမ်းနေတာဆိုတော့ ဖမ်းခံ ရတဲ့ ခံစားချက်ကလည်း ဝတ်စုံမြင်တာနဲ့ ကြောက်နေပြီ။ ကိုယ့်မှာ လိုင်စင် ပါ နေရင်တောင် ယာဉ်ထိန်းရဲကိုမြင်တာနဲ့ ကြောက်တယ်ဆိုတာက အရိုးစွဲအောင် လုပ်ထားခြင်းခံနေရတယ်။ မသိစိတ်ကိုက ကြောက်အောင် ဖိနှိပ်ထားတဲ့စနစ် ရှိနေတယ်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်တော် ရန်ကုန်မှာ မျက်စိဆေးခန်း သွားပြခဲ့ တယ်။ ကျွန်တော့်အမည်က ကချင်အမည်ဖြစ်နေတော့ သူတို့က တလွဲရေးပေး တယ်။ တလွဲခေါ်ပေးတယ်ဆိုတော့ ကျွန်တော်လည်း အမည်အမှန် မသိလို့ အမှားရေးပေးတာပါလေဆိုပြီးတော့ ကိုယ့်နာမည်အမှန် ရေးပေးလိုက်တယ်။ အမှန်ရေးပြီးသား ကိုယ့်နာမည်ကို နောက်တစ်ယောက်က အဲဒီလို စာလုံး မပေါင်းဘူးဆိုပြီး ခြစ်ပစ်လိုက်တယ်။ အမည်ပိုင်ရှင်ကိုယ်တိုင် ရေးထားတာကို ခြစ်ပစ်တဲ့အထိ လုပ်ကြတယ်။ အမည်အမှန်နဲ့ ရှင်သန်ဖို့အခွင့်တောင် ဒီနေရာ မှာ မရှိနေဘူး။ ဒါဟာ တိုင်းရင်းသားတွေအတွက် တကယ့်နေ့စဉ်ဘဝတိုက်ပွဲလို့ ခံယူတယ်။

ဒီမညီမျှတဲ့စနစ်အောက်မှာ ကချင်တွေဟာ ရန်ကုန်ကို အလုပ်အကိုင် ကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်။ နယ်ကလာကြရတယ်ဆိုတော့ တိုက်ခန်း တွေ ငှားပြီးနေထိုင်ရတယ်။ တိုက်ခန်းတွေ လိုက်ရှာရတဲ့အချိန် အခန်းလိုက်ပြ ကြတဲ့သူတွေက အခန်းတစ်နေရာကို ပြတယ်။ ဒီအခန်းက ရွှေတိဂုံဘုရားနဲ့ တည့်တည့်မှာရှိနေတော့ နေ့တိုင်းဖူးရတာကြောင့် ကံကောင်းတယ်လို့ ပြောခံ လိုက်ရတဲ့အခါ စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်သွားတယ်။ အားလုံးကို ဗုဒ္ဓဘာသာလို့ မြင်ထားပြီး တခြားလူမျိုးဘာသာဆိုတာ ထည့်ကို မစဉ်းစားဘူး ဆိုတာ မြင်လိုက်ရတယ်။

၂၀ ရာစုကုန်၊ ၂၁ ရာစုအစောပိုင်းတွေမှာ ကချင်ပြည်နယ်ကနေ ရန်ကုန် ကို လာနေကြတဲ့သူတွေ များလာတယ်။ ကချင်အများစုကလည်း ရန်ကုန်မြို့ ပေါ်ရွှေ့ပြောင်းပြီး ပညာလာသင်ကြ၊ အလုပ်လာလုပ်ကြနဲ့ ရန်ကုန်ကို ကချင် တွေ အလာပိုစိပ်လာတယ်။ စမ်းချောင်းဆိုရင် ကချင်အများစု နေထိုင်တဲ့နေရာ ဖြစ်လာတယ်။ တချို့ကတော့ နိုင်ငံခြားမှာ ပညာသင်ဖို့၊ တချို့က ရန်ကုန်မှာ ပညာသင်ဖို့၊ တချို့ကတော့ အလုပ်အကိုင်ကြောင့် ရန်ကုန်ကို ရောက်လာကြ တယ်။ ပေါ်ပေါ်တင်တင် တိုက်ရိုက်ရေးပြီး ခွဲခြားတဲ့ စာကပ်ထားတာ ရှိသေး တယ်။ တိုက်လှေကားမှာဆိုလည်း “မည်သည့်အခန်းမဆို လူမျိုးခြားနှင့် မွတ်စလင်များကို ရောင်းချငှားရမ်းခွင့် မပြုပါ” ကပ်ထားတာရှိသေးတယ်။

ပုံ – ၄
လူမျိုးခြားနှင့် မွတ်စလင်များကို ရောင်းချခွင့်၊ ငှားရမ်းခွင့်မပြုပါ။



ကျွန်တော်တို့ ကချင်တွေကို နိုင်ငံတော်၊ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ အစိုးရ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ ယာဉ်ထိန်းရဲတွေက ကချင်ဖြစ်မှုကြောင့် ခြိမ်းခြောက်တာ၊ လှောင်တာ၊ ကချင်ဖြစ်မှု နည်းသွားအောင် တစ်နည်း ဗမာ ဖြစ်မှု သွတ်သွင်းတာတွေခံရသလို ဆေးခန်းပြတာ၊ အိမ်ငှားတာလို နေ့စဉ်ဘဝ တွေမှာလည်း ကချင်ဖြစ်မှုကြောင့် လှောင်ခံရတာ၊ ကိုယ့်ကိုယ်ကိုယ် လူမျိုးခြား လို့ အမြဲအသိပေးခံရတာ၊ ကိုယ့်လူမျိုးနဲ့ ဘာသာကို အသိအမှတ်မပြုတာတွေ အမြဲကြုံတွေ့နေရပါတယ်။

အစွန်းနှစ်ဘက်နဲ့ ချောင်ပိတ်ပုံဖော်ခံရမှု

အဆိုတော်၊ မော်ဒယ်၊ အကကောင်းသူ စသဖြင့် အများစုမြင်တတ်တဲ့ ကချင် လိုပဲ ကချင်ဆိုတာ သူပုန်၊ လက်နက်ကိုင်ပုန်ကန်နေတဲ့ အုပ်စုလို့ပဲ ကချင်ကို နှစ်ရှည်လများစွာ ပုံဖော်ထားကြပြန်တယ်။ ဥပမာ ၂၀၁၃ ခုနှစ်မှာ ကျွန်တော် ရန်ကုန်ကိုရောက်တော့ တက္ကစီငှားစီးတဲ့အခါ “စကားဝဲတယ်။ ကချင်လား” ဆိုပြီး မေးလာတဲ့အခါ ကျွန်တော်လည်း “ဟုတ်တယ်။ ကချင်ပါ” လို့ ပြန်ပြော တော့ “ကချင်မှာ စစ်ဖြစ်နေလို့ ရန်ကုန်ကို လာတာလား” ဆိုပြီးပြောတယ်။ ကချင်ပြည်နယ် စစ်ဖြစ်နေတာတော့ မှန်တယ်။ ဒါပေမဲ့ တခြားနယ်ကလူတွေ က အမည်းရောင်နယ်မြေ၊ စစ်ဖြစ်တဲ့နယ်ဆိုပြီး မလာကြတာလည်း ရှိတယ်။ ဥပမာ သူငယ်ချင်း ဆရာမတစ်ယောက်ဆိုလည်း မြစ်ကြီးနားကို သင်တန်းလာ ပေးတာကို သူ့မိဘတွေက ကချင်ပြည်နယ်ကို သွားရတယ်ဆိုပြီး စိတ်တွေပူပြီး ငိုတယ်ဆိုပြီး ပြောပြတာလည်းရှိတယ်။

ဒီလို ကချင်ပြည်နယ်ကို စစ်ဖြစ်တဲ့နယ်မြေ၊ မငြိမ်ချမ်းတဲ့နယ်မြေအဖြစ် ဖန်တီးထားခဲ့ကြပြီးတော့ ကချင်တွေနဲ့ တခြားပြည်နယ်ကလူတွေနဲ့ အလှမ်း ဝေးအောင် အစိုးရနဲ့ ပေါ်ပြူလာဖြစ်တဲ့ မီဒီယာတွေက သေချာလုပ်ထားကြတာ ဖြစ်တယ်။ ကချင်လူမျိုးတွေပြောတဲ့ အတွေ့အကြုံတွေကို နားလည်ဖို့၊ သိဖို့ဆို လည်း အများစုသိကြတဲ့ အခွင့်ထူးခံ ကချင်အုပ်စုကိုကျော်ပြီး တခြားကချင် တွေဆီက ကြားသိနိုင်ဖို့ ခက်တယ်။လူအများစုက စစ်ဘေးရှောင်စခန်းမှာ နှစ်ရှည်စွာရှိနေတဲ့ ကချင်တွေကိုလည်း ယေဘုယျအားဖြင့် သနားစရာလို့ပဲ မြင်တယ်။ စစ်ဘေးရှောင်စခန်းတွေမှာ နေနေရတဲ့သူတွေရဲ့ တကယ့်ဘဝကို နားလည်ဖို့၊ မြင်ဖို့က ခက်ပါလိမ့်မယ်။ ဒါတွေက တကယ့်ကချင်လူမျိုးတွေရဲ့ အခြေအနေနဲ့ ကချင်အမျိုးသမီးတွေကို သိဖို့ အရမ်းအလှမ်းဝေးလာကြတာက တစ်ကြောင်း၊ စိတ်မဝင်စားကြတာက တစ်ကြောင်းတို့ကြောင့် ဖြစ်တယ်။

ထူးချွန်သည့် ကချင်အမျိုးသမီးတွေအပေါ် အမြင်စောင်းမှု

လက်ရှိ ဦးဆောင်မှုနေရာရှိနေတဲ့ ကချင်အမျိုးသမီးတွေကို ပြောရဲ၊ လုပ်ရဲ၊ စွမ်းဆောင်နိုင်တယ်၊ တော်တယ်၊ ထက်တယ်လို့ မပြောဘဲ အရမ်းစွာတယ် ဆိုတဲ့ပုံစံ အမြဲပြောကြတယ်။ ဥပမာ Kachin Women Peace Network မှာ ဦးဆောင်ခဲ့တဲ့ နိုင်ငံရေးတက်ကြွလုပ်ရှားသူ ဆရာမ ဒေါ်ခေါန်ဂျာနဲ့ ထွယ်ဂျန်ဒါ အဖွဲ့ကို ဦးဆောင်နေသူ ဆရာမ ဒေါ်နန်ပူတို့လို့ အမျိုးသမီးတွေကို ကချင် အချင်းချင်းကြားရော တခြားနယ်က လုပ်ဖော်ကိုင်ဖက်များအပါ “ဟိုအရမ်းစွာ တဲ့ ကချင်ဆရာမကို သိလား” ဆိုတဲ့ဟာမျိုး အမြဲပြောကြတာရှိတယ်။

ဦးဆောင်တဲ့နေရာ ရောက်နေတဲ့ အမျိုးသမီးတွေကို ဒီအမျိုးသမီးနဲ့ သူ့အဖွဲ့အစည်းက “တော်တယ်၊ ထက်တယ်” ဆိုပြီး အသိအမှတ်ပြုဖို့ထက် “စွာတယ်၊ ပြောရဲတယ်၊ အဆဲသန်တယ်” ဆိုတာမျိုး အမြဲနှိမ်ထားကြတယ်။ ခွဲခြားထားကြတယ်။ ဦးဆောင်မှုပိုင်းရောက်နေကြတဲ့ ကချင်အမျိုးသမီးတွေက လည်း ကချင်အမျိုးသမီးဆိုရင် ဆင်းရဲဒုက္ခများပြီး ဖိနှိပ်မှုခံရတာများတော့ အရေထူသွားကာ သူများထက် လုပ်ရဲ၊ ပြောရဲ၊ ဆိုရဲကြတယ်လို့ ပြောကြတာ ရှိတယ်။ ဥပမာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့မှာ ကချင် အမျိုးသမီးတွေ နေပြည်တော်က တိုင်းရင်းသားရေးရာ ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီ၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်နှစ်ခုစလုံးနဲ့ တွေ့ကြတယ်။ ပြီးတော့ ဥပဒေပြုရေးနှင့် အထူးကိစ္စရပ်များကော်မရှင်တွေနဲ့ တွေ့တော့ ကော်မရှင်က လူတွေက —

လွှတ်တော်ဆိုတာက ပြည်သူ့အသံ နားထောင်ပြီးတော့ အစိုးရကို ပြောဖို့အတွက် တာဝန်ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေ က လာပြောတာ သိပ်မရှိဘူး။ ဒီကချင်အမျိုးသမီးတွေပဲ ရှိ တယ်။ ပြောရဲတယ်။ ဆိုရဲတယ်။ လမ်းကြောင်း ရှာတတ်တယ်။ သတ္တိရှိတယ်။

ဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ ဒီလိုပြောရဲ၊ ဆိုရဲတဲ့ ကချင်အမျိုးသမီး တွေထက် ခေတ်ဆန်တယ်၊ ရဲတယ်ဆိုတဲ့ မော်ဒယ်ကချင်တွေကိုပဲ လူတွေက မျက်စိထဲ မြင်ကြ၊ ကြားဖူးကြတာများတယ်။

ထင်ရှားသည့် ကချင်ပြည်က ကချင်အမျိုးသမီးများ

အမည်ထင်ရှားပြီး ဦးဆောင်တဲ့နေရာမှာရှိတဲ့ ကချင်အမျိုးသမီးတွေလည်း အများကြီး ရှိပါတယ်။ ဥပမာ အက်စတာထုဆန် ဆိုရင် ၂၀၁၆ ခုနှစ်မှာ ပထမ ဆုံးသော မြန်မာနိုင်ငံက ပူလစ်ဇာဆုရသူ ကချင်အမျိုးသမီးတစ်ယောက် ဖြစ်တယ်။ဆရာမ လဖိုင်ဆိုင်းရော် ဆိုရင် ၁၉၉၇ ဝန်းကျင်ကစပြီး မြန်မာနိုင်ငံ မှာ အကြီးဆုံး အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကို တည်ထောင်သူ ထင်ရှားတဲ့ ကချင်အမျိုးသမီးခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် Ramon Magsaysay Award ဆုရှင်လည်း ဖြစ်ပါတယ်။ ဆရာမဂျာနန် (Shalom Director) ဆိုရင် လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ တိုင်းရင်းသားလက်နက်ကိုင်ဘက်က နည်းပညာပေးအဖြစ်လည်း တက်ကြွပါဝင်သူတစ်ယောက် ဖြစ်ခဲ့တယ်။ ဒီလိုမျိုး ဦးဆောင်တဲ့အပိုင်းမှ ပါဝင်နေကြတဲ့ ကချင်အမျိုးသမီးဆရာမတွေက လက်ချိုးရေလို့ရတဲ့ အနေအထားပဲရှိသေးတယ်လို့ မြင်တယ်။

ဒီလို ဦးဆောင်နေတဲ့၊ အောင်မြင်နေတဲ့ ကချင်အမျိုးသမီးတွေရှိပေမဲ့ အဲဒီ အမျိုးသမီးတွေ ဖြတ်သန်းခဲ့ရတဲ့ဘဝ၊ နောက်ခံအခြေအနေတွေကလည်း ဘဝ တစ်လျှောက်လုံး ပညာရေးပဲ ဦးစားပေးလေ့လာဖို့ အခွင့်အလမ်းတွေ ရှိခဲ့တာမျိုးရှိတော့ တခြားကချင်အမျိုးသမီးတွေ တွေ့ကြုံဖြတ်သန်းခဲ့ရတာနဲ့ အများကြီးကွာတာကြောင့် သူတို့လည်း ကချင်အမျိုးသမီးထုတစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ မပြောနိုင်ပြန်ပါဘူး။ နောက်ပြီးတော့ အများစုသော ကချင်အမျိုးသမီးထု တွေ့ကြုံနေရတဲ့ စီးပွားရေး၊ လူမှုရေးအရ နေ့စဉ် ဖြတ်သန်းနေရတဲ့ ဘဝတွေက အများကြီးကွာဟနေပြီး မတူညီကြပါဘူး။

ကချင်ပြည်အတွင်းရှိ ကချင်အမျိုးသမီး၏ လက်ရှိအခြေအနေ

ကချင်အမျိုးသမီးတွေဟာ ပြည်တွင်းစစ်ဒဏ်ကို ကြံ့ကြံ့ခံ အသက်ရှင်နေထိုင် နေကြရပြီး အများစုက မိမိနေရပ်ကနေ စွန့်ခွာလာခဲ့ရကာ စစ်ဘေးရှောင် စခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြရတယ်။ လက်ရှိ ကချင်တစ်နယ်လုံးက ပြည်သူတွေကို စစ်ဘေးသင့်ပြည်သူတွေလို့ ပြောလို့ရတယ်။ အဲဒီထဲမှာ မိမိ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ ကချင်စစ်ဘေးရှောင် ပြည်သူ (၉၇၀၁၁) ဦးဝန်းကျင် ရှိနေပါတယ်။4 စစ်ဘေးရှောင်စခန်းက ကလေး တွေဆို ကျောင်းတွေမှာ အိုင်ဒီပီ (စစ်ရှောင်စခန်း) ကလေးတွေဆိုပြီး တံဆိပ် တပ် ခွဲခြားဆက်ဆံ ခံရတယ်။

ကိုယ်တိုင်ဖန်တီးလို့မရတဲ့၊ ရွေးချယ်စရာမရှိတဲ့ ဘဝတွေနဲ့ စစ်ဘေးရှောင် ဘဝကို ရောက်လာခဲ့ရပြီး နေ့စဉ်ခက်ခဲမှုများစွာကို ကြံ့ကြံ့ခံနေနေရတယ်။ စစ်ဘေးရှောင်စခန်းထဲမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ၊ စိတ် မလုံခြုံမှုတွေကိုလည်း နေ့စဉ်ဖြတ်သန်းနေကြရတယ်။ စစ်ဘေးရှောင်စခန်းက လူတွေကို လုပ်ခလစာနှိမ်ပြီး ခိုင်းချင်တာမျိုး ကြုံရတယ်။ အလုပ်အကိုင် ရှားပါးတာရယ်၊ လုပ်ခနှိမ်ခံရတာတွေကြောင့် အများစုက တရုတ်ပြည်ကို လူကုန်ကူးခံရတာမျိုးတွေလည်း ရှိပါတယ်။

အမျိုးသားကို စံထားတဲ့စနစ်ကြောင့်လည်း ကချင်အမျိုးသမီးအများစုက ခွဲခြားခံရတာတွေလည်း ရှိတယ်။ ဥပမာ သားယောက်ျားလေးကိုပဲ အမွေ ပေးတာ၊ အမျိုးသားတွေ ပြောတဲ့စကားမှ စကားလို့ထင်ပြီး အမျိုးသမီးနဲ့ ကလေးပြောစကား လူစကားမဟုတ်ဘူးလို့ သတ်မှတ်ကြတယ်။ ဘာသာရေး ဦးဆောင်တဲ့နေရာမှာလည်း အမျိုးသမီးတွေကို သင်းအုပ်လုပ်ခွင့် ယနေ့ချိန်ထိ မရှိနေတာတွေ့ရတယ်။ ကချင်လူမျိုးပြန့်ပွားရေး၊ ကြီးထွားရေး၊ ကချင်လူမျိုး အုပ်စု ကြီးလာရေး ခေါင်းစဉ်အောက်မှာ ကချင်အမျိုးသမီးတွေက လူဦးရေ တိုးပွားအောင် ကလေးများများ မွေးပေးရမယ်ဆိုတာမျိုး ဖိအားကြုံကြတယ်။ လူမျိုးခြားမယူဖို့၊ ဘာသာခြားမယူဖို့ ဖိအားတွေ ကြုံကြရတယ်။ အိမ်ထောင်ပြု ဖို့ အတင်းဖိအားပေးတာမျိုးရှိတယ်။ ဆွေမျိုးတွေကရော၊ မိတ်ဆွေတွေကရော၊ မိသားစုကရော၊ ဘာသာရေးကရော၊ လူကြီးတွေကရော အားလုံးက ဖိအားပေး ကြတာမျိုး ကြုံရတယ်။

အမျိုးသမီးတွေကို သာရေး၊ နာရေး၊ ပွဲလမ်း တစ်ခုခု ဖိတ်ကြားရင် အမျိုးသားအမည်ပဲ ဖိတ်တယ်။ အမျိုးသမီးအမည်နဲ့ ဖိတ်ကြားခြင်း မခံရဘူး။ မိတ်ဆက်ရင်လည်း ဘယ်သူ့သမီးပါ၊ ဘယ်သူ့မိန်းမပါ စသည်ဖြင့် မိတ်ဆက် နေရတာမျိုး ရှိနေတယ်။ ဒါကလည်း ကချင်အမျိုးသမီးတွေရဲ့ စိန်ခေါ်မှုကြီး ဖြစ်ပြီး မိမိကိုယ်ပိုင်ဝိသေသဖြစ်တဲ့ မိမိဘယ်သူပါဆိုပြီး ပြောကြတဲ့ ကချင် အမျိုးသမီးက လူနည်းစု ဖြစ်နေပါတယ်။ ကချင်အမျိုးသမီးတစ်ယောက်က သူကိုယ်တိုင် လူသားအပြည့်ဖြစ်ဖို့ဆိုရင် ဘယ်သူ့သမီး၊ ဘယ်သူ့မိန်းမ ဆိုပြီး မိတ်ဆက်ခြင်းမဟုတ်ဘဲ မိမိကိုယ်ပိုင်အမည်နဲ့ ရဲရဲမိတ်ဆက်ဖို့၊ ရပ်တည်ဖို့နဲ့ လူသားဖြစ်တယ် ဆိုတဲ့ဟာမျိုး စဉ်စားမိတယ်။

ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးတွေ လိင်အကြမ်းဖက် သတ်ဖြတ်ခံ နေရဆဲလည်း ဖြစ်တယ်။ ဥပမာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့ မိုးမောက်မြို့နယ်၊ ခိုင်ဘန်းကျေးရွာမှ ဒေါ်ဆွမ်လွတ်ရွယ်ဂျားကို စစ်တပ်မှ မတရားဖမ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေဆဲကိစ္စ၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့ည မူဆယ်မြို့နယ်၊ ကောင်းခါးကျေးရွာ ကချင်ဆရာမ နှစ်ယောက်​ လိင်အကြမ်းဖက်သတ်ဖြတ်ခံရမှုကိစ္စ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ မူဆယ်ခရိုင်၊ ကွတ်ခိုင်မှာ (၅၁) နှစ်အရွယ် ဒေါ်နန်ထန် လိင်အကြမ်းဖက် သတ်ခံရမှုတို့လို့ အမှုကိစ္စတွေရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေအားလုံးအတွက် တရားမျှတမှု ခုထိမရရှိသေးသလို ကချင်အမျိုးသမီးတွေဟာ ကိုယ့်နေရာမှာ ကျီးလန့်စာ စားနေရတုန်းပဲ။

“စစ်ဖြစ်နေတဲ့နယ်မြေမို့ ဒီလိုလိင်အကြမ်းဖက်သတ်ဖြတ်မှု ရှိမှာပဲ၊ ဒါဟာ ပုံမှန်ပဲ” လို့ တစ်နိုင်ငံလုံးရှိ လူအများစုက ထင်မြင်ခဲ့ကြတယ်။ ဒါကြောင့်လည်း ယနေ့ထိ အရက်စက်ဆုံးဖြစ်သည့် လိင်အကြမ်းဖက် သတ်ဖြတ်မှုတွေအရေး က အရေးကြီးနေရာမှာ ရှိမနေဘူး။ လူတိုင်းက စိတ်ဝင်စားမနေဘူး။ တစ်တိုင်း ပြည်လုံး သိမနေဘူး။ ဒါတွေဟာ စစ်ဖြစ်တဲ့ နေရာက လူတွေနဲ့ပဲ ဆိုင်တယ်။ စစ်ဖြစ်တဲ့နေရာမို့ ကြုံရမှာပဲဆိုတာမျိုး ကချင်အမျိုးသမီးတွေရဲ့ တကယ့် အတွေ့အကြုံတွေကို လျှော့ချအသိအမှတ်ပြု ခံနေရဆဲ ဖြစ်နေပါတယ်။

အမျိုးသမီးပြဿနာများကို အဆင့်နှိမ်ပစ်ခြင်း

ကချင်ပြည်နယ်နေရာအများစုမှာ မတရားခံရရင် တရားရုံးကို မသွားကြဘူး။ ရိုးရာဓလေ့နဲ့ ဖြေရှင်းကြပြန်တယ်။ တကယ်ရော ရိုးရာဓလေ့က တရားမျှတမှု ရှိရဲ့လား။ ရိုးရာဓလေ့က ဘာကို ဦးတည်လဲဆိုတော့ “တစ်ယောက်နဲ့ တစ်ယောက် ညီမျှကြလော့၊ ချစ်ကြလော့” ဆိုပြီး “ပြဿနာမများကြနဲ့။ အချင်းချင်း ပြေပြေလည်လည် ဆွေးနွေးကြ” ဆိုတာမျိုး ပိုတိုက်တွန်း ကြပါတယ်။ ပိုဆိုးတာက ရိုးရာလူကြီးဆိုတာ အမျိုးသားတွေပဲ ဦးဆောင် စီမံကြတာ ဖြစ်ပါတယ်။ မုဒိမ်းမှုပြုတာ ခံရရင်၊ အတင်းခိုးပြေးတာ ခံရရင် ဒီအမျိုးသမီးတွေက ယူရတဲ့ အနေအထား ဖြစ်နေတယ်။ ကျွန်တော်တို့ ဒေသ မှာက ရိုးရာနဲ့ ဖြေရှင်းမှုက အမျိုးသမီးထုအတွက် တစ်စက်မှ မစဉ်းစားထားဘူး ဆိုတော့ မတရားမှုကြီး ဖြစ်နေပြန်တယ်။ ရိုးရာလူကြီးတွေကလည်း အချင်းချင်း ညီမျှလိုက်ကြ၊ ယူလိုက်ကြဆိုပြီး အမျိုးသမီးအသံကို မစဉ်းစားဘူး။ အမျိုးသမီးအတွက် တရားမျှတမှု မရှိဘူး။ မချစ်ကြိုက်ရင်လည်း ခိုးပြေးပြီး သားမို့ ယူရတဲ့ စနစ်အောက်မှာ ရှိနေသေးတယ်။ ဒီရိုးရာတွေရဲ့ ဥပဒေကရော တရားမျှတမှု ရှိရဲ့လားဆိုတဲ့ မေးခွန်းကြီးက အကြီးကြီးပဲ။

ကချင်အမျိုးသမီးတွေအတွက်ကတော့ ကချင်ဖြစ်မှုကြောင့် ကြုံရတာ တွေက လူမျိုးကြီး ဗမာအုပ်စိုးတဲ့ စနစ်ကြောင့်ရော၊ ကချင်ဖိုဝါဒကြီးစိုးတဲ့ စနစ်ကြောင့်ရော၊ ကချင်အမျိုးသမီးဖြစ်မှုကြောင့် ကြုံတွေ့ရတာတွေရော အလွှာအဆင့်ဆင့် ဖိနှိပ်ခွဲခြားခံနေရတယ်လို့ မြင်ပါတယ်။

ဖိနှိပ်မှုတွေအောက်က ရုန်းထွက်နိုင်အောင် ကချင်အမျိုးသမီးတွေ ဘယ်လိုကြိုးစားနေလဲ

ကချင်အမျိုးသမီးတွေ အများစုက စစ်ရဲ့ဆိုးကျိုး၊ ဖိနှိပ်မှုတွေကို နှစ်ရှည် ပိုခံနေ ကြရသလိုနေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ မိသားစုထဲမှာ၊ ပတ်ဝန်းကျင်ထဲမှာ၊ ဘာသာရေးထဲမှာ အမျိုးသားစံထားတဲ့ လူ့အဝန်းအဝိုင်းထဲမှ လွတ်မြောက်ဖို့ နည်းမျိုးစုံဖြင့် တော်လှန်နေကြတဲ့ ကချင်အမျိုးသမီးအဖွဲ့အစည်းတွေ၊ ကချင် အမျိုးသမီးတွေ ရှိကြပါတယ်။ တချို့အဖွဲ့တွေဆို “လိင်အကြမ်းဖက် သတ်ဖြတ် မှု ချက်ချင်းရပ်” ဆိုတဲ့ စာတန်းကိုင်ပြီး ကချင်အမျိုးသမီးတွေ ၂၀၁၆ ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာရှိတယ်။ ကမ်ပိန်း တွေ၊ လူထုလှုပ်ရှားမှုတွေ စဉ်ဆက်မပြတ်တော့ လှုပ်ရှားနေခဲ့ကြတယ်။ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ကချင်အမျိုးသမီးသင်းအုပ် တင်မြှောက်နိုင်ရေးအတွက် လှုပ်ရှားမှုတွေရှိခဲ့တယ်။ စဉ်ဆက်မပြတ်တော့ လှုပ်ရှားမှုတွေ မရပ်တန့်ဘဲ ရှိနေခဲ့ကြတယ်။ နေ့စဉ် တော်လှန်နေခဲ့ကြတယ်။ တခြားနယ်ပယ်က သူတွေ လည်း အချင်းချင်းဝန်းရံဖို့လိုတယ်လို့မြင်တယ်။

အမျိုးသမီးလှုပ်ရှားမှုတွေမှာလည်း အမျိုးသမီးဖြစ်မှုကြောင့် ကြုံတွေ့ရတဲ့ ခွဲခြားမှုတွေ၊ တိုင်းရင်းသား လူမျိုးဖြစ်မှုကြောင့် ခွဲခြားမှုတွေ၊ ဒေသအလိုက် မတူတဲ့ ကြုံတွေ့ရမှုတွေ၊ အိုင်ဒီပီတံဆိပ်တပ်ခံရတဲ့ အလွှာကလူတွေ ကြုံတွေ့ ရမူတွေကိုတော့ ထည့်စဉ်းစားဖို့၊ မြင်ဖို့၊ ပါဖို့လည်း လိုမယ်လို့ မြင်ပါတယ်။

တော်လှန်ရေးကာလ အပြောင်းအလဲများ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေး ကာလအတွင်းမှာတော့ တစ်နိုင်ငံလုံး စစ်ရဲ့ ဆိုးကျိုး၊ စစ်တပ်ရဲ့ မတရားဖိနှိပ် မှုတွေကို တိုက်ရိုက်ကြုံတွေ့လာရတယ်။ ကချင်ပြည်နယ်အတွင်းမှာတော့ နှစ် (၆၀) နီပါး စစ်ဒဏ်ခံရမှုတွေ၊ ဖိနှိပ်ခံရမှုတွေကို ခံခဲ့ရတာ ဖြစ်တယ်။ စစ်ဖြစ်လို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်။ မတရားဖမ်းခံရတယ်။ သတ်ခံရတယ်။ မုဒိမ်းကျင့် သတ်ဖြတ်ခံရတာတွေ ရှိတယ်၊။ ကချင် ပြည်သူတိုင်းကို ကေအိုင်အေလို့ စွပ်စွဲပြီးဖမ်းတယ်။ အိမ်တွေ မီးရှို့ခံရတယ်။ ပြည်သူတွေ ပေါ်တာဆွဲခံရတယ်။ လွတ်လပ်စွာ သွားလာခွင့် မရှိခဲ့ကြပါဘူး။ ကချင်ပြည်သူ ဘဝက နှစ် (၆၀) လည်း အဲဒီလိုနေလာခဲ့ရသလို အခု စစ်အာဏာ သိမ်းပြီး တော်လှန်ရေးကာလအတွင်းမှာလည်း တစ်နိုင်ငံလုံးနဲ့ အတူတူ ဒီစစ်ဒဏ်ကို ခံနေရဆဲပြည်သူတွေ ဖြစ်တယ်။

ဒီတော်လှန်ရေး ကာလမှာတော့ တိုင်းရင်းသား လက်နက်ကိုင် ကေအိုင်အေ/ကေအိုင်အိုတွေက တော်လှန်ရေးအတွေ့အကြုံကြီးသူတွေ ဖြစ်လာတယ်။ မြို့ပေါ်က တော်လှန်ရေးလူငယ်၊ Generation Z ဆိုတဲ့ လူငယ်တွေကို စစ်ပညာသင်ကြားတဲ့နေရာ၊ လွတ်မြောက်နယ်မြေဆိုပြီး ခိုလှုံ ခွင့်ပေးတာ၊ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိလာတော့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေကို ယုံကြည်မှု၊ အားကိုးမှု တွေ့ရတယ်။ တိုင်းရင်းသား လက်နက်ကိုင်ရခြင်းအပေါ် အရင်ကလို သူပုန်တွေဆိုတာမျိုး မရှိလာတော့တာ တွေ့ရတယ်။ ကေအိုင်အေ/ကေအိုင်အို ဘက်ကလည်း တော်လှန်ရေးကို မြို့ပေါ်က လူငယ်တွေနဲ့ပေါင်းပြီး စစ်အာဏာရှင်ကို ဖြိုချဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တော်လှန်ရေးကို အရှိန်မြှင့်ဖို့ မြို့ပေါ်ကလူတွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အများကြီးရခဲ့ကြတယ်။ ဒီတော်လှန်ရေးကာလအတွင်းမှာ တော့ တစ်နိုင်ငံလုံးက တိုင်းရင်းသားပြည်နယ်တွေမှာ စစ်ဒဏ်ခံခဲ့ရတဲ့သူတွေ ရဲ့ အခြေအနေကို အများကြီးသိလာ၊ နားလည်လာတယ်လို့ မြင်ပါတယ်။

နိဂုံး

ကိုယ့်ရိုးရာဝတ်စုံကို ကိုယ်တိုင်ရက်သူ၊ ချုပ်လုပ်ဖန်တီးသူ၊ တန်းဖိုးထားသူတွေ လည်း အများကြီးရှိတယ်။ ဒါပေမဲ့ လှတဲ့စံထဲ မဝင်တဲ့သူတွေ၊ ရိုးရာဝတ်စုံ မဝတ်တဲ့ အမျိုးသမီးတွေက ကချင်အမျိုးသမီး မဟုတ်တော့ဘူးလား။ အလှ မယ်၊ မော်ဒယ်၊ အဆိုတော် မလုပ်တဲ့လူတွေက ကချင်အမျိုးသမီး မဟုတ်တော့ ဘူးလား။ ကချင်အမျိုးသမီးလို့ အများပုံဖော်ဘောင်ခတ်ထားတဲ့ ဘောင်ထဲ မဝင်တဲ့သူတွေကလည်း ကချင်လူမျိုး အမျိုးသမီးတွေဖြစ်တယ်။ လူသားတွေ ဖြစ်ကြပါတယ်။ ကချင်အမျိုးသမီးတွေလို့ ပြောလိုက်ရင် စစ်ဖြစ်နေတဲ့ နယ်မြေ မှာ၊ စစ်ရှောင်စခန်းတွေမှာ ကလေးတွေပြေးနေတာ၊ မိန်းကလေးတွေ ပြေးနေ ကြတာကို ပြေးမြင်သလို၊ ရိုးရာဝတ်စုံနဲ့ တွဲမြင်ကြတာလည်းရှိပါတယ်။ ဒါ့အပြင် နာမည်ကျော်ကြားတဲ့ ကချင်အမျိုးသမီးတွေနဲ့လည်း တွဲမြင်ကြသလို၊ sexy model တွေ၊ အဆိုတော်တွေနဲ့ပဲ တွဲမြင်ကြတာလည်း ရှိပြန်တယ်။ ကချင်ဒေသအတွင်းရှိနေတဲ့ ကချင်အမျိုးသမီးတွေ အလွှာအထပ်ထပ်ခံနေရတဲ့ ခွဲခြားမှု၊ ဖိနှိပ်မှုတွေကိုလည်း ဝိုင်းမြင်စေချင်တယ်။

ကချင်အမျိုးသမီးသမီးတွေရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာက ဘာတွေလဲ။ ကချင်ဖြစ်မှုကြောင့် ခွဲခြားခံရတာ၊ ကချင်အမျိုးသမီးဖြစ်လို့ ခွဲခြားခံနေရတာ၊ စစ်ဖြစ်တဲ့နယ်မှ ကချင်အမျိုးသမီးတွေ စစ်လက်နက်သဖွယ် အသုံးချခံနေရ တာ၊ မုဒိမ်းမှုတွေ၊ အကြမ်းဖက်မှုတွေ အများကြီးနဲ့ မတရားခံနေရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ၊ စစ်ရှောင်မို့လို့ဆိုပြီး ခွဲခြားခံရတာ၊ အခွင့် အရေးတွေအားလုံး ဆုံးရှုံးခံနေရတာစတဲ့ ကချင်အမျိုးသမီးတွေ ကြုံတွေ့ ရတာတွေ၊ ယဉ်ကျေးမှုဓလေ့၊ လူမှုရေးနှင့် နိုင်ငံရေးထဲက နေ့စဉ်ဘဝမှာ ဘယ်လိုရှိနေလဲ။ ဖိနှိပ်မှုအလွှာတွေ အဆင့်ဆင့်ဖြတ်သန်းနေရလဲ စဉ်းစားဖို့၊ မြင်ဖို့ လိုပါတယ်။ ကချင်အမျိုးသမီးတွေ စစ်အာဏာရှင်စနစ်၊ ဗမာလူမျိုးကြီး ဝါဒစနစ်၊ ကချင်အမျိုးသားရေးမျိုးချစ်စိတ် ခေါင်းစဉ်အောက်၊ ကချင်ဖိုဝါဒစနစ် အောက်တို့မှာ ကြံ့ကြံ့ခံရုန်းကန်ရင်း နေ့တိုင်းတော်လှန်နေကြရပါတယ်။ ဒီလို ရုန်းကန်တော်လှန်ရင်းနဲ့ ပုန်ကန်သူ၊ ဆန့်ကျင်သူဆိုတဲ့ ဝိသေသဟာ ကချင် အမျိုးသမီးဆိုတဲ့ လက္ခဏာဝိသေသမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါလာရပါ တယ်။ ကိုးကားချက်များ

အဆုံးမှတ်စုများ

1 လူထုဦးလှ၊ ၂၀၁၈။
2 လက်ရှိ ကချင်ပြည်နယ်၊ မနောကွင်းရှေ့ရှိ ကြေးရုပ်တုကြီးနှစ်ခုသည် ခရိုင်နော်နဲ့ ခရိုင်ဂမ် ဖြစ်တယ်။
3 လူထုဦးလှ၊ ၂၀၁၈၊ စာ ၁၃၄။
4 UNOCHA Myanmar, 2021.

ကိုးကားချက်များ

Ludu U Hla. (2018). Kachin Stories (vol 1). Ludu Kyipwayay Press. UNOCHA Myanmar. (2021). IDP Sites in Kachin and northern Shan States, as of 31 August 2021. https://themimu.info/sites/themimu.info/files/documents/Affected_Map_IDP_Sites_Kachin_N.Shan_OCHA_Aug2021_A4.pdf