မြန်မာဖမ်မနင်ဇင်ဆိုတာ ရှိရဲ့လား

သရဖီသန်း | Click here to read this article in English.

Cite as: 
သရဖီသန်း၊ (၂၀၂၃)၊ မြန်မာဖမ်မနင်ဇင်ဆိုတာ ရှိရဲ့လား၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4662

စာတမ်းအကျဉ်း

နိုင်ငံတကာမှ ဖမ်မနစ်များအနေဖြင့် မြန်မာဖမ်မနင်ဇင်ကို နားလည်ရန် ကြိုးစားကြသည့်အခါ သူတို့၏ မူလရှိရင်းစွဲ ဘာသာစကားများ၊ သမိုင်း ကြောင်းများနှင့် အယူအဆများ စသည့်ဘောင်များအတွင်း ကန့်သတ် ထားကြသည်။ အကျိုးဆက်အားဖြင့် မြန်မာဖမ်မနင်ဇင်ဆိုသည်မှာ မည်သို့ မည်ပုံဖြစ်ကြောင်း သတ်မှတ်ရန် အားထုတ်လာကြရသည်။   မြန်မာဖမ်မနစ် တစ်ယောက်၏ ရှုထောင့်မှ ရေးသားထားသော ဤဆောင်းပါးသည် မြန်မာ ဖမ်မနစ်၏ ထူးခြားသော ပုံစံများကို (၂၀) ရာစု အစောပိုင်း ကာလမှ ၂၀၂၁ အာဏာသိမ်းကာလအထိ ဖော်ပြထားခြင်းဖြစ်သည်။ လက်ရှိတော်လှန်ရေး သည် မြန်မာဖမ်မနင်ဇင်အတွက် အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ပေးနိုင် ခဲ့သည်။ လူအုပ်စုတစ်ခု၏ အရေးကိစ္စသည် နိုင်ငံရေးအသွင်ဆောင်လာပြီး  အမျိုးသမီးများနှင့် LGBTQ အသိုင်းအဝိုင်းသည် ယခုနိုင်ငံရေး အလှည့် အပြောင်းကို အသုံးချပြီး ဂျန်ဒါအခြေပြုဖိနှိပ်မှုများအကြောင်းကို မီးမောင်းထိုး ပြခြင်းနှင့် တောင်းဆိုမှုများ ပြုလုပ်လာနေကြသည်။

~

ယခုစာတမ်းခေါင်းစဉ်ဟာ နည်းနည်းဆွကြည့်တာပါ။ ယခု စာတမ်းဟာ ဖမ်မနင်ဇင်ကို အလေးထားဆွေးနွေးမှာဖြစ်ပြီး မြန်မာအသိမှာ ဖမ်မနင်ဇင်ကို ဘယ်လိုနားလည်ထားကြသလဲ၊ ဘယ်လို လေ့လာကြသလဲ ဆိုတဲ့ မေးခွန်းကို ဆွေးနွေးမှာဖြစ်ပါတယ်။1

ဖမ်မနင်ဇင်ဆိုတဲ့ စကားလုံးကိုကြားလိုက်ရင် အနောက်နိုင်ငံတွေ သိထား သလို ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စသဖြင့် လှိုင်းတွေနဲ့ ဆက်စပ်ပြီး သိထားလေ့ရှိပါတယ်။ ဖမ်မနစ်တွေ၊ ဖမ်မနစ်အကြောင်း လေ့လာတဲ့ စကော်လာတွေဟာ မြန်မာပြည်က ဖမ်မနစ်လှုပ်ရှားမှု၊ အမျိုးသမီးလှုပ်ရှားမှု တွေကို သူတို့ ရင်းနှီးသိရှိထားတဲ့ ဘာသာစကား၊ ဥပမာတွေနဲ့ တွဲချိတ်လေ့ ရှိတယ်။ အများစုက မြန်မာပြည်က အဖြစ်အပျက်တွေကို အနောက်တိုင်း ဖမ်မနင်ဇင်တွေ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေရဲ့ ပုံစံခွက်ထဲ ထည့်ကြည့်ကြရင်း ကြောင်ပျောက်နေကြတယ်။ အနောက်နိုင်ငံက ဖမ်မနစ်ပထမလှိုင်းအပေါ် အခြေခံတဲ့ “အမျိုးသမီးတွေဟာ ရွေးကောက်ပွဲတွေမှာ မဲထည့်ခွင့်ရဖို့ စုဖွဲ့တာ၊ လှုံ့ဆော်တာတွေရှိခဲ့လား” ဒုတိယလှိုင်းပေါ်အခြေခံတဲ့ “အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ရရဲ့လား” ဒါမှမဟုတ် “မြန်မာပြည်က အမျိုးသမီးတွေက အမျိုးသားတွေလို လုပ်ခလစာတန်းတူရရှိလား” တတိယလှိုင်းပေါ်အခြေခံတဲ့ “အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှုတွေခံနေရလား”၊ “လိင်မှုကိစ္စ လွတ်မြောက်ရေးကို (မြန်မာ) အမျိုးသမီးတွေ ဘယ်လိုမြင်ကြသလဲ” စတဲ့ မေးခွန်းမျိုးတွေအတွက် တိကျတဲ့အဖြေ ရှိမနေဘူး။

မြန်မာပြည်အခြေအနေ မြန်မာအသိမှာ ဒီလိုမေးခွန်းတွေ မေးခြင်းအား ဖြင့် ဖမ်မနစ်စကော်လာတွေကို အလွယ်လေးလမ်းကြောင်းလွဲ သွားစေနိုင် တယ်။ တကယ်တမ်း ဒီလိုဖြစ်တာဟာ မြန်မာဖမ်မနင်ဇင်ဆိုပြီး မရှိတာရယ် ကြောင့် မဟုတ်ပါဘူး။ အနောက်အသိက သိထားသလို ဖမ်မနစ်လှိုင်းတွေ၊ လှုပ်ရှားမှုတွေဟာ တစ်ခုပြီး တစ်ခုပေါ်လာတတ်တဲ့ လှိုင်းတွေအနေနဲ့ ပေါ်ပေါက်လာတာမဟုတ်လို့ဖြစ်တယ်။ ဒါမှမဟုတ် ဖမ်မနစ်လှုပ်ရှားမှုတွေ ဖြစ်လာဖို့ ကြိုတင်သတ်မှတ်ချက်တွေဟာ အနောက်နိုင်ငံတွေရဲ့ အခြေအနေ၊ အသိတွေနဲ့ ကွဲပြားနေတာကြောင့် ဖြစ်ပါတယ်။

ဒါဆိုရင် မေးခွန်းက မြန်မာဖမ်မနင်ဇင်ဆိုတာ ဘာလဲ ဒါမှမဟုတ် မြန်မာ့ အခြေအနေ၊ အသိမှာ ဖမ်မနင်ဇင်ကို ဘယ်လိုနားလည်သလဲဆိုတာ ဖြစ်ပါ တယ်။

ဗမာအမျိုးသမီးတွေ ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ စနစ်တကျဖိနှိပ်မှုတွေ၊ ဖိုဝါဒစံနှုန်းတွေဟာ ဘာတွေဖြစ်သလဲ။

ဘာကြောင့် ၂၀၂၁ မှာ ဖမ်မနင်ဇင်က (မြန်မာပြည်မှာ) ခေါင်းထောင်လာ သလဲ။

ဒီမေးခွန်းသုံးခုကို အခြေခံပြီး ယခုစာတမ်းကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပထမမေးခွန်းနဲ့ ဒုတိယမေးခွန်းနှစ်ခုဟာ ဆက်စပ်နေပါတယ်။ ဒီမေးခွန်း နှစ်ခုကို ဖြေဆိုဖို့ သမိုင်းနောက်ခံအကျဉ်းချုပ်ကို တင်ပြဆွေးနွေးပါမယ်။ မြန်မာပြည်မှာ ပထမဆုံးရွေးကောက်ပွဲကို ၁၉၂၂ မှာ ပြုလုပ်ခဲ့တယ်။ ဥပဒေ ကောင်စီအဖွဲ့ဝင် (၁၀၃) ယောက်ထဲက အယောက် (၈၀) ကို ရွေးကောက်ဖို့ အတွက် ပစ္စည်းဥစ္စာပိုင်ဆိုင်တဲ့ အမျိုးသမီးတွေကိုပဲ ရွေးချယ်ခဲ့ကြတယ်။ (မြန်မာပြည်ဟာ) ဗြိတိသျှအိန္ဒိယရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ဗမာ အမျိုးသမီးတွေရဲ့ မဲပေးခွင့်ဟာ အခွန်ပေးဆောင်တဲ့ ဗြိတိန်အမျိုးသမီးတွေသာ မဲပေးခွင့်ရသလို အခြေအနေမျိုးနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ၁၉၂၂ မှာ (မြန်မာပြည်) သမိုင်းကြောင်းအရ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ပုံ တွေဟာ ဗြိတိသျှအမျိုးသမီးတွေ ဒါမှမဟုတ် သူတို့ရဲ့ ဆန္ဒမဲနဲ့ အသံတွေကို အသုံးချပြီး ကိုယ်စားလှယ်တွေ ရွေးကောက်တင်မြှောက်လို့ရတဲ့ နိုင်ငံတွေက အမျိုးသမီးတွေရဲ့ အခြေအနေတွေနဲ့ အလွန်ကွာခြားပါတယ်။

အစိုးရအခွန်အခများကို ဆန့်ကျင်ဆန္ဒပြခြင်း

(၁၉) ရာစုမှာ ဗမာအမျိုးသမီးတွေဟာ ကျေးရွာအုပ်ချုပ်ရေးတာဝန်တွေရဲ့ (၁၀) ရာခိုင်နှုန်းမှာ တာဝန်ယူထားကြပြီး ဥစ္စာဓနတွေကို သူတို့အမည်ပေါက်နဲ့ ပိုင်ဆိုင်ကြတယ်။ ရွာသူကြီး (အမျိုးသား၊ အမျိုးသမီး) တာဝန်တွေက ဆွေစဉ် မျိုးဆက် ဆက်ခံရတယ်။ အမျိုးသမီးတွေကလည်း ရွာသူကြီးတာဝန်ကို ဆက်ခံ ကြရတယ်။  အကယ်လို့ ကျေးလက်မြေပြန့်ဒေသတွေနဲ့ တောင်ပေါ်အမျိုးသမီး ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းတွေမှာ အမျိုးသမီး (၁၀) ရာခိုင်နှုန်းလောက် အုပ်ချုပ် နိုင်တယ်ဆိုရင်၊ သူတို့နေရာကို အစားထိုးဖို့ အစိုးရက မဲပုံးထောင်တယ်ဆိုရင် ဒါဟာ အမျိုးသမီးတွေကို ဖြုတ်ချတာ၊ နာမ်နှိမ်တာဆိုပြီး သတ်မှတ်ကြတယ်။ ဒီလိုအခြေအနေမှာ အမျိုးသမီးတွေဟာ ရွေးကောက်ပွဲနဲ့ မဲပေးတာတွေ အတွက် လှုံ့ဆော်တာတွေ မလုပ်ကြပါဘူး။ ကိုလိုနီအပြုခံရတဲ့ ကမ္ဘာ့ တောင်ခြမ်း (colonial global south) မှာ ဖမ်မနင်ဇင်လှုပ်ရှားမှုတွေဟာ တစ်ခါတလေ လွတ်လပ်ရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်တည်ရှိနေကြတယ်။ မြန်မာနိုင်ငံက အစောဆုံး အမျိုးသမီးလှုပ်ရှားမှုတွေထဲက တစ်ခုဟာ အိမ်ခွန် ကိစ္စနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုဖြစ်ပြီး မဲပေးခွင့်နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ မဟုတ်ခဲ့ဘူး။ ဗြိတိသျှအစိုးရအုပ်ချုပ်တဲ့ ယန္တရားတွေဟာ အခွန် မတရား တိုးကောက်တာ၊ ကျေးရွာလူထုရဲ့ သမ္မာအာဇီဝလုပ်ငန်းတွေအပေါ် အခွန်တွေ တင်းကျပ်ကောက်ခံလာတဲ့အခါ အမျိုးသားရေး (nationalism) လှုပ်ရှားတဲ့ နိုင်ငံရေးအစုအဖွဲ့တွေကို ဒီလို အခွန်ပြဿနာတွေနဲ့ စည်းရုံးလှုံ့ဆော်လာကြ တယ်။

အမျိုးသမီးတွေကလည်း ဒီလိုနိုင်ငံရေးပါတီတွေရဲ့ အမျိုးသမီးအစုအဖွဲ့ တွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြတယ်။ သူတို့ကိုယ်သူတို့ ‘ကုမ္မာရီ’ လို့ အမည်ပေးပြီး သပိတ်မှောက်လှုပ်ရှားမှုတွေမှာလည်း ဦးဆောင်ပါဝင်ခဲ့ကြတယ်။ အခွန် မပေးဆောင်ကြတာ၊ ချည်ထည်၊ လိပ်ခွံဘီးစတဲ့ နိုင်ငံခြားက တင်ပို့ကုန်တွေကို သပိတ်မှောက်တာတွေ ပြုလုပ်ခဲ့ကြတယ်။ ဒီလိုအစောပိုင်းလှုပ်ရှားမှုတွေနဲ့ ကုမ္မာရီ ဆိုတဲ့ အသုံးအနှုန်းက ဖမ်မနစ်လှုပ်ရှားမှုကို ဗြိတိသျှအိန္ဒိယ အုပ်ချုပ်မှု အောက်ကနေ လွတ်မြောက်ဖို့လုပ်တဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုနယ်ပယ် အတွင်းသို့ ထည့်သွင်းခဲ့တယ်။ မြန်မာပြည်မှာ ပိုအားကောင်းတဲ့ အမျိုးသားရေး လှုပ်ရှားမှု (national movement) တွေ‌အောက်မှာ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေဟာ အမြဲတမ်း ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတာ ကုမ္မာရီလှုပ်ရှားမှုက အစောဆုံးပြယုဂ် ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် (၂၀) ရာစုမှာ နိုင်ငံလွတ်လပ်ရေးနဲ့ လွတ်မြောက်ရေး တိုက်ပွဲတွေမှာ မပါဝင်ခဲ့ကြတဲ့ ကမ္ဘာ့မြောက်ဘက်နိုင်ငံက အမျိုးသမီးမျိုးဆက် တွေနဲ့ မတူတာက ဗမာအမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေဟာ အမြဲတမ်း အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ အရိပ်အောက်မှာပဲ တည်ရှိခဲ့တယ်။ အမျိုးသားရေးလှုပ်ရှားမှုဆိုတဲ့ ဗမာဝေါဟာရကို နိုင်ငံရေးရာကိစ္စတွေအဖြစ် သဘောမထားဘဲ အမျိုးသားတွေနဲ့သက်ဆိုင်တဲ့ သို့မဟုတ် အမျိုးသားတွေရဲ့ ရေးရာများလို့ အဓိပ္ပာယ်ယူကြတယ်။ ဒီလို ဘာသာဗေဒဆိုင်ရာ အကြောင်း အချက်တွေအရလည်း ဘာကြောင့် မြန်မာအမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ လွတ်လပ်တဲ့ လှုပ်ရှားမှုတွေကို စတင်ဖို့ မဖြစ်နိုင်သလောက်ဖြစ်ခဲ့လဲဆိုတာ မြင်နိုင်ပါတယ်။ အမျိုးသားရော အမျိုးသမီးတွေပါ ယေဘုယျ ယုံကြည်ထား တာက အမျိုးသားရေးပြဿနာတွေ ဆိုတာ အမျိုးသားရော အမျိုးသမီးပါ အတူတူကြိုးစားရုန်းကန်ကြရတာပါ။ ဒါကို အမျိုးသမီးတွေအနေနဲ့ သူတို့ အရေးကိစ္စကို သူတို့ချည်းသာ တိုက်ပွဲဝင်ရတယ်ဆိုရင် တစ်ကိုယ်ကောင်းဆန် ပြီး မလုံခြုံတဲ့ အနေအထားတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ လူတိုင်းလွတ်မြောက် သွားတဲ့အခါ အမျိုးသမီးတွေပါ လွတ်မြောက်မယ်။ အမျိုးသမီးတွေရဲ့ ပြဿနာဟာ လူတိုင်းရဲ့ ပြဿနာနဲ့ ချိတ်ဆက်နေတယ်။ ဒီလို အမျိုးသမီး တွေရဲ့ ပြဿနာတွေကို အမျိုးသားရေး ပြဿနာတွေနဲ့ ဆက်စပ်ဖော်ပြပြီး အမျိုးသားရေးပြဿနာတွေကို အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တဲ့ကိစ္စ ဒါမှမဟုတ် အမျိုးသားပဲ ဦးဆောင်လှုပ်ရှားကိစ္စအဖြစ် ဖော်ပြတာတွေဟာ အမျိုးသမီးလှုပ်ရှားမှုတွေနဲ့ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ အမျိုးသမီးနိုင်ငံရေးသမားတွေ ဟာ ကြမ်းတမ်းတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းမှာ ရှင်သန်နိုင်ဖို့အတွက် အမျိုးသားတွေရဲ့ ပြဿနာတွေ သို့မဟုတ် အမျိုးသားရေး ပြဿနာတွေကို လိုက်ရောညီထွေဖြစ်အောင် ကြိုးစားခဲ့ကြရတယ်။

ကုမ္မာရီအမျိုးသမီးတွေဟာ ဝံသာနုလှုပ်ရှားမှုလို့ခေါ်တဲ့ ကိုယ့်အမျိုးကိုယ် ချစ်မြတ်နိုးဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ လွတ်မြောက်ရေးတိုက်ပွဲတွေထဲက အမျိုးသမီးတွေရဲ့ နယ်ပယ် ကဏ္ဍတွေကို ဘုန်းကြီးတွေနဲ့ အမျိုးသားတွေက ဖဲ့ယူခဲ့ကြတယ်။ ဂန္ဒီ လှုပ်ရှားမှုတွေကို အားကျပြီး ဝံသာနုကုမ္မာရီ အမျိုးသမီးတွေဟာ ပြည်တွင်းဖြစ် ထုတ်ကုန်တွေကို အားပေးကြဖို့နဲ့ အမျိုးသမီးတွေကို ကိုယ်ပိုင်အဝတ်အစား တွေ ရက်လုပ်ဖို့ အားပေးခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရဝန်ထမ်းတွေရဲ့ ဇနီးမယားတွေကလည်း သူတို့ရဲ့ ရေပေါ်ဆီတက်ကြွလှုပ်ရှားမှုတွေအဖြစ် မိဘမဲ့ကလေးတွေကိုကူညီတာမျိုး၊ ရန်ပုံငွေရှာဖွေတဲ့ လှုပ်ရှားမှုတွေကို အစိုးရကျောင်းတွေနဲ့ ရုံးတွေမှာပြုလုပ်မျိုးတွေ လုပ်ခဲ့ကြတယ်။ လွတ်လပ်ရေး လှုပ်ရှားမှုတွေမှာလိုပဲ ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးတွေမှာ အမျိုးသမီး တွေ ဘယ်နေရာမှာ ပါဝင်မလဲဆိုတဲ့ အဆုံးအဖြတ်ကို ချမှတ်တာတွေ ဟာလည်း အများအားဖြင့် အမျိုးသားတွေပဲဖြစ်တယ်။

၁၉၁၀ ကနေ ၁၉၃၈ အထိ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာ ကျောင်းသူတွေ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပြီး ရေနံလုပ်သားတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်း ပြသခဲ့တဲ့အနေနဲ့ အပူပိုင်းဒေသ ရေနံမြေ တွေကနေ ရန်ကုန်က အစိုးရရုံးတွေအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့တဲ့ လှုပ်ရှားမှုတွေမှာပါ ကျောင်းသူတွေ ပါဝင်ခဲ့ကြတယ်။ ရေနံမြေအလုပ်သမား တွေ ဆန္ဒပြတဲ့အခါ အမျိုးသမီးငယ်တွေ ရေနံချက်စက်ရုံတွေရဲ့ အပေါက်ဝမှာ ပိတ်ဆို့ဆန္ဒပြနေတဲ့ ဓာတ်ပုံတွေဟာလည်း လူထုရဲ့ အာရုံကို လှုပ်နှိုးနိုင်ခဲ့ပါ တယ်။ သူတို့ကိုလည်း ကုမ္မာရီလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ သူတို့ရှေ့က ညီအစ်မတွေလိုပဲ အမျိုးသားရေးလှုပ်ရှားမှုတွေမှာ အားပေးထောက်ပံ့သူတွေ အဖြစ်နဲ့ ပုံဖော်ခဲ့ကြတယ်။ ရေနံမြေအလုပ်သမားတွေရဲ့ တောင်းဆိုချက် အများစုဟာ သူတို့ မိသားစုနဲ့ စားဝတ်နေရေးအခြေအနေတွေ တိုးတက်ဖို့ အတွက် တောင်းဆိုချက်တွေဖြစ်ပြီး ရေနံမြေအလုပ်သမားတွေရဲ့ သားသမီး တွေ ပညာသင်တဲ့အခါ ရေနံအသုံးပြုခွင့်ကို ပိတ်ပင်ထားမှုစတဲ့ မိသားစု အခက်အခဲတွေဟာ ဒေသခံတွေအပေါ် ကိုလိုနီအစိုးရရဲ့ အမြတ်ထုတ်မှုတွေနဲ့ ဆက်စပ်မှုရှိပါတယ်။

အမျိုးသားရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေကို အားပေးထောက်ပံ့သူ နေရာမှာထားပြီး ရှုမြင်ခြင်းကြောင့် အမျိုးသမီးတွေအနေနဲ့ အမျိုးသမီးလှုပ်ရှား မှုတွေကို မဖော်ထုတ်နိုင်ခဲ့ကြဘူး။ အမျိုးသမီးခေါင်းဆောင်တွေ အများအား ဖြင့် အကြီးတန်းအစိုးရဝန်ထမ်းတွေရဲ့ သမီးတွေကို အမျိုးသမီးရေးရာပြဿနာ တွေရဲ့ ပြရုပ်ဆိုတာထက် အမျိုးသားရေးပြဿနာတွေရဲ့ ပြရုပ်တစ်ခုအဖြစ် ရှုမြင်ကြတယ်။ (၂၀) ရာစုရဲ့ ပထမသုံးပုံတစ်ပုံလောက်မှာ ဒေါ်မြစိန်လို အမျိုးသမီးပညာတတ်တွေဟာ သူတို့လိုအခွင့်ထူးမရကြတဲ့ အမျိုးသမီးများ အပေါ် လွှမ်းမိုးခဲ့ကြတယ်။ သူမဟာ ၁၉၃၁ မှာ လန်ဒန်မှာပြုလုပ်တဲ့ ဗမာ့အရေးစားပွဲဝိုင်းအစည်းအဝေးမှာ (Burma Round Table Conference in London) မြန်မာကိုယ်စားပြုတက်ရောက်ခဲ့ပြီး အောက်စဖို့ဒ်တက္ကသိုလ်မှာ ဘွဲ့ရခဲ့တဲ့ ပထမဆုံး ဗမာအမျိုးသမီးဖြစ်တယ်။ သူမကိုယ်တိုင်လည်း ပညာရေး၊ ငြိမ်းချမ်းရေးစတဲ့ အမျိုးသားရေးပြဿနာတွေမှာ ဝင်ရောက်တိုက်ပွဲဝင်ခဲ့ တယ်။

ခေါင်းဆောင်လို့ သတ်မှတ်မခံရတဲ့ ပံ့ပိုးသူများ

အမျိုးသမီးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ရင် စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းလမ်း နှစ်သွယ်ပေါ်ပေါက်ခဲ့တယ်။ ပထမတစ်ခုက လွတ်လပ်ရေးလှုပ်ရှားမှုတွေမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက အမျိုးသမီးတွေကို ပံ့ပိုးသူအဖြစ် ရှုမြင်ကြပြီး ကိုလိုနီအစိုးရကတော့ သူတို့ကို သွေးထိုးလှုံ့ဆော်သူအဖြစ် ပုံဖော်ခဲ့ကြပါတယ်။ အမျိုးသားနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဘုန်းကြီးတွေ ပြီးရင် သူတို့ဟာ ဒုတိယတန်းမှာ ပါဝင်ခဲ့ကြသူတွေဖြစ်တယ်။ ဒုတိယတစ်ခုက တစ်သီးပုဂ္ဂလအမျိုးသမီးတွေဖြစ်တဲ့ ဒေါ်မြစိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည် အထိ သူတို့ကို ဗမာအမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ အမျိုးသမီးတွေအဖြစ် သတ်မှတ်ကြတယ်။ သူတို့လို ပညာတတ်တဲ့ အမျိုးသမီးတွေ ဗမာပြည်မှာ အလွန်ရှားပြီး သူတို့ဟာ မတရားအာရုံစိုက်ခံရတာက အောက်ခြေကတကယ့် နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေမှာ အမျိုးသမီးတွေရဲ့ လက်တွေ့ဘဝတွေ ကို သွေဖည်နေစေတယ်။ သမိုင်းကြောင်းအရ ဘုရင်မ ရှင်စောပု၊ အမျိုးသမီး ရွာသူကြီးတွေနဲ့ အောက်စဖို့ဒ်တက္ကသိုလ်ဆင်း အမျိုးသမီးပညာတတ်တွေကို ကြည့်ပြီး ဗမာအမျိုးသမီးတွေက လူ့အဖွဲ့အစည်းမှာ မြင့်မားတဲ့အဆင့်အတန်း တွေ ခံစားနေရတယ်ဆိုတဲ့ အယူအဆ ရှိခဲ့တယ်။

လက်တွေ့မှာ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ ကောင်လေး တွေ၊ အမျိုးသားတွေထက် အခက်အခဲတွေကို ပိုပြီးရင်ဆိုင်ကြရပြီး တန်းတူ အဆင့်အတန်းကို မရရှိကြဘူး။ ဥပမာ မိန်းကလေးတွေ ကျောင်းထွက်နှုန်းဟာ ယောကျ်ားလေးတွေ ကျောင်းထွက်နှုန်းထက် ပိုများနေပြီး အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဝင်ငွေပိုရရှိကြတယ်။ အနိမ့်ဆုံးဝင်ငွေရရှိတဲ့ အလုပ်တွေ အများအားဖြင့် အစိုးရဝန်ထမ်း အလုပ်တွေမှာ အမျိုးသမီးတွေ လုပ်ကိုင်ကြ တယ်။

ပထမဆုံးမေးခွန်းဖြစ်တဲ့ မြန်မာဖမ်မနင်ဇင်ဆိုတာဘာလဲ ဒါမှမဟုတ် ဖမ်မနင်ဇင်ကို မြန်မာအသိမှာ ဘယ်လို နားလည်ကြသလဲဆိုတဲ့ မေးခွန်းကို ပြန်သွားရမယ်ဆိုရင် ဖမ်မနင်ဇင်ကို တခြားသော လှုပ်ရှားမှုတွေနဲ့ ခွဲထုတ် နားလည်လို့ မရနိုင်ဘူးလို့ ဆိုရမယ်။ အမျိုးသမီးတွေဟာ သူတို့ကို ဖမ်မနစ်တွေ အဖြစ်ပုံဖော်တာ ဒါမှမဟုတ် သူတို့ရဲ့ ရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်နေကြသူ တွေအဖြစ် ပုံဖော်တာကို သူတို့ တော်တော်မသက်မသာ ဖြစ်ကြတယ်။ အမျိုးသမီးဆရာဝန်တွေနဲ့ စစ်သမီးတွေကို အင်တာဗျူးလုပ်တဲ့အခါ သူတို့ဟာ အမျိုးသမီးအရေးကိစ္စတွေအတွက် အလုပ်လုပ်နေတယ်ဆိုတာကို ပြောဆိုဖို့ ငြင်းဆိုကြတယ်။ တစ်ခါတလေ သူတို့ဟာ သူတို့ရဲ့ တက်ကြွလှုပ်ရှားမှုတွေကို ပင် နိုင်ငံရေးအရ ကြားနေတယ် (နိုင်ငံရေးကင်းရှင်းတယ်) လို့ မြင်ကြတယ်။ ဖမ်မနင်ဇင်ရဲ့ ပင်ကိုဗီဇကိုက နိုင်ငံရေးဖြစ်ပြီး ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက် ၁၉၆၀ ခုနှစ်တွေကစလို့ ဗမာပြည်တက်ကြွလှုပ်ရှားမှုတွေကို နိုင်ငံရေးနဲ့ ကင်းကွာအောင်လုပ်ခဲ့တာဖြစ်တယ်။ ဥပမာနှစ်ခုထုတ်ပြရရင် ဗမာအမျိုးသမီးဆရာဝန်တစ်ယောက်ကို သူ့အလုပ်ဟာ ဆင်းရဲသားတွေ အတွက် လုပ်ပေးတဲ့ အလုပ်ဖြစ်ကြောင်းနဲ့ ဆေးကျောင်းမတက်ခင် နိုင်ငံရေး လေ့လာသင်ယူတာဟာ အများနဲ့မတူဘဲအတော်ထူးခြားပြင်းထန်တယ်လို့ သူ့ကို ပြောပြတဲ့အခါ သူ အတော်ဒေါသထွက်သွားခဲ့တယ်။ အမျိုးသမီးတွေ အာရုံစိုက်ခံရတဲ့ ဖြစ်ရပ်တွေဟာ ထူးခြားတယ်လို့ ယူဆလို့ရတယ်။ ဒေါ်မြစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပြင် အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ဦးဆောင်နိုင်တဲ့ အမျိုးသမီးခေါင်းဆောင်မှုမျိုး ဒါမှမဟုတ် တခြားသော အမျိုးသမီးတွေအတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူမျိုး ရှားပါးပါတယ်။ ဒုတိယဥပမာက အမျိုးသမီးစစ်မှုထမ်း စစ်သမီးတွေအကြောင်းပါ။ သူတို့ဟာ အစက ပထမဆုံး အမျိုးသမီးတပ်မတော်တည်ထောင်ဖို့အတွက် စည်းရုံးခံခဲ့ကြ သူတွေပါ။ ဒါပေမဲ့ သူတို့ဟာ စစ်အတွင်းကာလတွေမှာ များသောအားဖြင့် စစ်သားတွေကို သူနာပြုလုပ်ပေးရတာ၊ ရပ်ရွာလူထုကို စည်းရုံးရတာစတဲ့ ထောက်ပံ့ရတဲ့ နေရာတွေမှာသာ နေရတယ်။ စစ်ကြီးပြီးတဲ့အခါ သူတို့အားလုံး စစ်ယူနီဖောင်းနဲ့ အရပ်သားအဝတ်လဲလိုက်ပြီး သူတို့စကားအရဆို “သူတို့ရဲ့ နိုင်ငံရေးဘဝကို မြေမြှုပ်လိုက်ကြပါတယ်။”

ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက အမျိုးသမီးတွေရဲ့ တက်ကြွလှုပ်ရှားမှု ကို နိုင်ငံရေးကနေ ကင်းကွာအောင် လုပ်လိုက်ခြင်းဟာ အမျိုးသမီးတွေကို နှုတ်ပိတ်ရာရောက်ပြီး ဒီနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ နိုင်ငံရေး မဟုတ်တဲ့ဘဝမှာ အသားကျအောင်ပြန်လည်နေထိုင်ရပြန်တယ်။ အမျိုးသား ဆိုရင် ဘာလုပ်ရမယ်၊ ဘာလုပ်သင့်တယ်၊ အမျိုးသမီးဆိုရင် ဘာလုပ်ရမယ်၊ ဘာလုပ်သင့်တယ်လို့ ခွဲခြားထားသရွေ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။

နိစ္စဓူဝဘဝတွေထဲက စနစ်တကျဖိနှိပ်မှုတွေနဲ့ ပျောက်ကွယ်နေတဲ့ အမျိုးသမီးများ

မြန်မာနိုင်ငံအခြေအနေ မြန်မာအသိမှာ ဖမ်မနင်ဇင်ကိုလေ့လာဖို့ ဒါမှမဟုတ် နားလည်ဖို့အတွက်ဆိုရင် သူတို့နေထိုင်ရှင်သန်နေတဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေကိုပါ တစ်ပါတည်း အာရုံစိုက်ဖို့ လိုအပ်လာတယ်။ ဒါက ဒုတိယမေးခွန်းဖြစ်တဲ့ ဗမာအမျိုးသမီးတွေ ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ စနစ်တကျ ဖိနှိပ်မှုတွေ၊ ဖိုဝါဒစံနှုန်းတွေဟာ ဘာတွေဖြစ်လဲ ဆိုတာကို ဖြေဆိုဖို့ လိုလာတယ်။ အမျိုးသမီးတွေ ဘယ်လို ရပ်တည်ကြသလဲဆိုတာက မတူညီတဲ့ စနစ်တကျဖိနှိပ်မှုတွေ ဖိုဝါဒနှုန်းစံတွေအောက်မှာ အမျိုးသမီးလှုပ်ရှားမှုတွေကို ဘယ်လိုလည်ပတ်စုစည်းထားကြလဲဆိုတဲ့ အကြောင်းအရာတွေကို ပြောပြ တယ်။

ဗမာနိုင်ငံရေးမှာ အမျိုးသမီးနိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေအတွက် အကြီးမားဆုံးအကန့်အသတ်က ပေါ်ပြူလာနိုင်ငံရေး ဒါမှမဟုတ် ပါတီနိုင်ငံရေး ပဲဖြစ်တယ်။ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံရေးကနေ အနားယူ တာ ဒါမှမဟုတ် အတိုက်အခံအဖြစ်နဲ့ မြေအောက်နိုင်ငံရေးလှုပ်ရှားမှုတွေ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ဗမာပြည်ကွန်မြူနစ်ပါတီလို၊ ကရင်အမျိုးသားအစည်းအရုံးလို အဖွဲ့တွေမှာ ပါဝင်ခဲ့ကြတယ်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီမှာ အကြီးတန်းတာဝန်ယူထားတဲ့ အမျိုးသမီးရယ်လို့ မရှိခဲ့ဘူး။ ဆိုရှယ်လစ် ခေါင်းဆောင်တွေရဲ့ ဇနီးမယားတွေက လူမှုဖူလုံရေး ကိစ္စတွေမှာပဲ စည်းရုံးလုပ်ကိုင်ကြတာဖြစ်တယ်။ မဆလပါတီ အာဏာရစ အချိန်တွေက နိုင်ငံလုံးကျွတ်လုပ်ခဲ့ကြတဲ့ လုပ်သား၊ လယ်သမား အစည်းအဝေး တွေမှာ တက်ရောက် ဆွေးနွေးသူအမျိုးသမီးတစ်ဦးမှ မရှိခဲ့ဘူး။ အမျိုးသမီး တွေဟာ ဆိုရှယ်လစ်ပါတီရဲ့ အဆုံးအဖြတ်နေရာ တော်တော်များများမှာ မပါဝင်ခဲ့ကြဘူး။ လွတ်လပ်ရေးလှုပ်ရှားမှုတွေကစလို့ ဒီမိုကရေစီကာလလို့ ပြောနိုင်တဲ့ ၁၉၄၈ ကနေ ၁၉၆၂ ကာလ၊ မဆလခေတ် ၁၉၆၂ ကနေ ၁၉၈၈ အထိ၊ စစ်အာဏာရှင်ကာလတွေဖြစ်တဲ့ ၁၉၈၈ ကနေ ၂၀၁၁၊ စစ်တပ်နဲ့ ရွေးကောက်ခံ ဒီမိုကရေစီအစိုးရ ပူးတွဲအုပ်ချုပ်တဲ့ အရပ်သားတစ်ပိုင်းကာလ အစရှိတဲ့ ကာလတွေတစ်လျှောက်၊ မဆလခေတ်နဲ့ စစ်အာဏာရှင်အုပ်ချုပ်တဲ့ ကာလတွေမှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုအနိမ့်ဆုံးအချိန်တွေကို ကြုံတွေ့ခဲ့ရတယ်။ အစောပိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ အမျိုးသမီး မျိုးဆက်တွေကလည်း နိုင်ငံရေးက အနားယူကုန်တာ ဒါမှမဟုတ် နိုင်ငံရေးမှာ ဆက်ပါချင်တဲ့ အမျိုးသမီးတွေက လက်နက်ကိုင်အဖွဲ့တွေထဲ ဝင်ရောက် လုပ်ကိုင်ကြတာတွေဖြစ်ခဲ့တယ်။

အမျိုးသမီးများ နိုင်ငံရေးထဲ မ၀င်ရောက်အောင် ဟန့်တားခြင်းဟာ လူ့အဖွဲ့အစည်းအတွင်းရှိ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းနှင့် ပါဝင်မှုအခန်းကဏ္ဍများကို ဖယ်ထုတ်ခြင်းနှင့်အတူ ဖြစ်ပေါ်ခဲ့တယ်။ ဒီမိုကရေစီ ကာလအတွင်း ‘The Education Plan for Welfare State’ လို့ အင်္ဂလိပ်လိုအမည်ပေးထားတဲ့ ပညာရေးအစီအစဉ်တွေမှာလည်း အမျိုးသမီး ဆရာမတွေကို ‘ရှေ့တန်းစစ်သမီး (frontier soldiers)’ အဖြစ် ပုံဖော်ထားတယ်။ လက်နက်ကိုင်တပ်ထဲကလို တော်လှန်ရေးတပ်တွေထဲကလို သမားရိုးကျတိုက်ပွဲဝင်တဲ့ စစ်သားတွေအဖြစ် ပုံဖော်တာမျိုးထက် အမျိုးသမီး တွေကို မြေဖြူကိုင်တဲ့စစ်သမီးတွေအဖြစ် ပုံသွင်းခဲ့ကြတယ်။ အမျိုးသမီးတွေ စစ်တပ်ထဲဝင်ဖို့ အမျိုးသမီးလေယာဉ်မှူးပုံတွေကို မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ရံဖန်ရံခါ ထည့်သွင်းဖော်ပြတာမျိုးကို အစိုးရဘက်က လုပ်ဆောင်ပေမဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍများနဲ့ ပတ်သက်လာရင်တော့ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တယ်။ လေးစားလောက်စရာ စစ်သမီးပုံတွေ အထူးသဖြင့် လေသူရဲပုံတွေကို အစိုးရတွေပုံဖော်ခဲ့ကြပေမယ့် သူတို့ဟာ တကယ့် တိုက်ခိုက် ရေးနေရာတွေမှာ မပါဝင်ရဘဲ ပိုစတာထဲမှာတင် အဆုံးသတ်ခဲ့တယ်။ စစ်တပ် အတွင်းက အမျိုးသား-အမျိုးသမီးတွေရဲ့ သာတူညီမျှမှုနဲ့ တန်းတူ အခွင့်အရေး တွေဟာ မဂ္ဂဇင်းမျက်နှာဖုံးတွေကစတင်ပြီး အဲဒီမှာပဲ ပြန်အဆုံးသတ်သွားခဲ့ပါ တယ်။

ဒါ့အပြင် အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားနေရာတွေနဲ့ အခြားကဏ္ဍတွေမှာ အမျိုးသမီးတွေအတွက် နေရာတွေ ဖန်တီးမပေးနိုင်တာအပြင် ယောကျ်ား-မိန်းမ ခွဲခြားထားတာကြောင့် လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတစ်ဦးစီ အလိုက် ရော အစုအဖွဲ့လိုက်ပါ ရှေ့ရောက်ဖို့အတွက် အကန့်အသတ်တွေ ဖြစ်စေခဲ့ တယ်။ ကျန်းမာရေး စောင့်ရှောက်တဲ့အလုပ်တွေနဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ အလုပ်တွေကသာ အမျိုးသမီးတွေနဲ့ ကိုက်ညီတယ်လို့ ယူဆထားကြပြီး ဆေးတက္ကသိုလ်တွေမှာ အမျိုးသမီးတွေရဲ့ ဝင်ခွင့်အမှတ်က (အမျိုးသားတွေ ထက်) ပိုမြင့်လေ့ရှိတယ်။ အင်ဂျင်နီယာ၊ နည်းပညာအလုပ်တွေက အမျိုးသား တွေနဲ့ သက်ဆိုင်တယ်လို့ ယူဆထားပေမယ့် ဒီလို တက္ကသိုလ်တွေ၊ ကျောင်း တွေမှာလည်း အမျိုးသမီးတွေရဲ့ဝင်ခွင့်အမှတ်က ပိုမြင့်နေပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမျိုးသမီးတွေကတော့ ကျိန်စာသင့်နေဆဲပါ။ မိဘတွေက စာသင်တဲ့ အလုပ်က အမျိုးသမီးတွေအတွက် ဂုဏ်ရှိတယ်၊ သင့်တော်တယ်၊ ကျောင်း ဆရာမဝတ်စုံက အမျိုးသမီးတွေကို လုံခြုံမှုအကာအကွယ် တစ်ခုခု ပေးတယ် စသဖြင့်ယူဆကြတယ်။ ဒါကြောင့် သူတို့သမီးတွေကို ဆရာမ ဖြစ်ဖို့အတွက် တိုက်တွန်းလေ့ရှိကြတယ်။ အစိုးရအလုပ်တွေဆိုတာ လစာနည်းလေ့ရှိပြီး မိသားစုဖူလုံဖို့အတွက် အကန့်အသတ်တွေဖြစ်စေတယ်။ တက္ကသိုလ်တွေက ပါမောက္ခတွေအများစုက ယောကျ်ားမယူကြဘူး။ ဒီအတွက် အကြောင်းပြချက် (၂) ခု ရှိတယ်။ ပထမတစ်ခုက သူတို့ဟာ သူတို့ရတဲ့လစာနဲ့ မိသားစုကို ထောက်ပံ့ဖို့မလုံလောက်တာကြောင့်၊ ဒုတိယတစ်ခုက ပညာရပ် နယ်ပယ်မှာ ရာထူးမြင့်မြင့်ရဖို့အတွက် ဘွဲ့တစ်ခုယူပြီးရင် နောက်တစ်ဆင့်မြင့်တဲ့ ဘွဲ့တွေ ထပ်ယူဖို့ အကြောင်းဖန်လာတာကြောင့် ရှာဖို့အခက်အခဲဖြစ်လာစေတယ်။

အစိုးရအလုပ်တွေမှာ (၁၀) ရာခိုင်နှုန်းလောက် ရှိနေပြီး အမျိုးသမီး အများစုဟာ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကြပါတယ်။  နိုင်ငံတော် အဆင့် ကုန်သွယ်ရေးလုပ်ငန်းတွေမှာ အမျိုးသားဦးရေဟာ အမျိုးသမီးဦးရေ ထက်ပိုများပါတယ်။ အမျိုးသမီးတွေ လုပ်ငန်းကြီးတွေမှာ ကိုယ်တိုင်ပါဝင် လည်ပတ်ချင် လည်ပတ်နိုင်ပေမဲ့ ဒီလုပ်ငန်းတွေ လုပ်ငန်းရှင်များအသင်းလို အစုအဖွဲ့အလိုက်လုပ်ကိုင်လာပြီဆိုရင် ဒီအသင်းအဖွဲ့တွေရဲ့ ကိုယ်စားလှယ် တွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေပဲ ကိုယ်စားပြုခံရတာဖြစ်တယ်။ အမျိုးသမီးတွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင် နိုင်ပေမယ့် အစိုးရယန္တရားရဲ့ အကန့်အသတ်တွေ၊ လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေက အမျိုးသမီးတွေအပေါ် မယုံကြည်တာတွေက စီးပွားရေးမှာ ဖြစ်ဖြစ် နိုင်ငံရေးမှာဖြစ်ဖြစ် အမျိုးသမီးတွေအလုပ်လုပ်ကိုင်ဖို့ကို အကန့် အသတ် ဖြစ်စေတယ်။ နိုင်ငံရေး၊ အစိုးရဗျူရိုကရေစီယန္တရားနဲ့ ဂျန်ဒါအရ ခွဲခြားသတ်မှတ် နေရာချထားတာ။ ဆိုလိုတာကတော့ ဘယ်ကိစ္စက အမျိုးသား တွေ အလုပ်ဖြစ်တယ်။ ဘယ်ကိစ္စကတော့ အမျိုးသမီးအလုပ်ဖြစ်တယ် စသဖြင့် သတ်မှတ်ချက်တွေဟာ အမျိုးသမီးတွေအတွက် အကြီးမားဆုံး အကန့်အသတ် တွေဖြစ်တယ်။ အဖေ သို့မဟုတ် လင်ယောကျ်ားက နိုင်ငံရေးနယ်ပယ် နောက်ခံ ရှိတဲ့ အမျိုးသမီးအချို့ကို ညွှန်းပြပြီး အမျိုးသားအမျိုးသမီး တန်းတူညီမျှမှု ရှိတယ်လို့ ကောက်ချက်ဆွဲရင် ဗမာအမျိုးသမီးအများစုရဲ့ လက်တွေ့ဘဝ ဖိနှိပ်ခံရမှုတွေကို ဝေဝါးသွားစေနိုင်တယ်။

ပျိုးလက်ဟန်နဲ့ ဟီလာရီဖက်ဆွန်တို့က လယ်သူမအများစုဟာ သူတို့ နာမည်နဲ့ မြေယာပိုင်ဆိုင်ခွင့်မရှိကြဘူးလို့ ရေးသားထားပါတယ်။  တစ်နည်း ဆိုရရင် အစိုးရယန္တရားတွေဟာ ရှုပ်ထွေးပွေလီလွန်းပြီး အစိုးရရုံးတွေဟာ အမျိုးသမီးတွေသွားရောက်ဖို့ မသင့်တဲ့ အခြေအနေတွေ ရှိတာကြောင့် အမျိုးသမီးတွေဟာ လယ်ယာမြေတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ကိုင်နေကြ ပေမယ့် မပိုင်ဆိုင်ကြတာဖြစ်တယ်။ တရားဝင်မြေယာပိုင်ဆိုင်ခွင့်ရရှိသူဟာ အိမ်ထောင်ဦးစီးလို မိသားစုတစ်ခုရဲ့ ကိုယ်စားပြုခံရတဲ့နေရာမှာ အသိအမှတ် ပြုခြင်းခံရပြီး အမျိုးသမီးတွေ မြေယာပိုင်ဆိုင်ခွင့်မရှိတာကြောင့် လယ်သူမ တွေအဖြစ်ကပါ လျှော့ချခံရတယ်။ နိုင်ငံရေးမှာလိုပဲ လယ်သမားဆိုတဲ့ အသုံးအနှုန်းဟာ အမျိုးသားတွေအတွက်သာ သီးသန့်ဖြစ်တည်နေပြီး အမျိုးသမီး လယ်သူမတွေအနေနဲ့ ကောက်စိုက်၊ ပေါင်းနုတ်၊ ကောက်ရိတ်သူ စတဲ့ ပံ့ပိုးသူနေရာကသာ ရှုမြင်ခံကြရတယ်။ လူငယ်အမျိုးသားတွေ မွေးရပ်မြေ ကစွန့်ခွာပြီး ထိုင်းနိုင်ငံလို ပြည်ပနိုင်ငံတစ်ခုခုမှာ စိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ အခါ ကျန်ခဲ့တဲ့ အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စအပြင် ထပ်ဆင့်အလုပ်တွေ ကိုပါ လုပ်ကိုင်လာကြရတယ်။ အမျိုးသမီး တော်တော်များများ ကိုယ့်လုပ်အား ကိုယ်စိုက်ပြီး ထွန်ယက်စိုက်ပျိုးကြပေမယ့် အများစုအမြင်မှာ ကျွဲနွားနဲ့ဖြစ်ဖြစ် စက်ကိရိယာနဲ့ဖြစ်ဖြစ် လယ်ယာထွန်ယက်လုပ်ကိုင်တယ်ဆိုရင် ဒါကို အမျိုးသမီးတွေလုပ်ကိုင်တယ်ဆိုတာထက် အမျိုးသားတွေလုပ်ကိုင်ကြတယ် လို့ပဲ ယေဘုယျမြင်ကြတာဖြစ်တယ်။ ဘယ်အစိုးရ ဘယ်အန်ဂျီအိုတွေကမှ အမျိုးသမီးတွေ လယ်ယာထွန်ယက်စိုက်ပျိုးကြပုံကို ကိုယ်စားပြု မဖော်ပြကြ ပါဘူး။

မမြင်နိုင်သော အကန့်အသတ်များနှင့် ပိတ်လှောင်ခံရတဲ့ အမျိုးသမီးများ

ရှေ့မှာဆွေးနွေးခဲ့တာတွေက အမျိုးသမီးတွေ အာဏာရဖို့အတွက် အကန့် အသတ်ဖြစ်စေတဲ့ ထင်သာမြင်သာရှိတဲ့ အစိုးရ၊ ဗျူရိုကရေစီတွေရဲ့ စနစ်တကျ ဖိနှိပ်မှုတွေအကြောင်း ဆွေးနွေးခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေမှာလည်း မမြင်ရတဲ့ အကန့်အသတ်တွေလည်း ရှိကြတယ်။ ဒါတွေထဲကတစ်ခုကတော့ အမျိုးသား တွေကိုသာပေးအပ်ထားတဲ့ “ဘုန်း” ဆိုတဲ့အယူအဆဖြစ်ပါတယ်။ ဘာသာရေးယုံကြည်မှုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် မွေးရာပါနိမ့်ကျတယ်လို့ ခံယူထားခြင်းမျိုး၊ ဒါဘာကြောင့် လည်းဆိုတော့ အမျိုးသမီးဖြစ်လာသူတစ်ယောက်ဟာ အရင်ဘဝတွေက လုံလောက်တဲ့ ကုသိုလ်အလုပ်တွေကို မပြုလုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် အမျိုးသမီးအတွင်းခံတွေကို အမျိုးသားအဝတ် တွေနဲ့ ရောမလျှော်ရတာ၊ ထဘီ၊ အတွင်းခံတွေကို အိမ်ထဲမှာပဲ လှမ်းရတာ၊ ဘုရားစေတီစတဲ့ ဘာသာရေး အဆောက်အအုံတွေအပေါ် အမျိုးသမီးတွေ ပေးမတက်တာ စသဖြင့် ကန့်သတ်ခံရတယ်။

အကောင်အထည်ရှိပြီး မမြင်ရတဲ့အကန့်အသတ်ဖြစ်တဲ့ ဘုန်းဆိုတဲ့ အယူအဆဟာ အမျိုးသမီးတွေကို အမျိုးသမီးတွေသာ လုပ်ရမယ့်အလုပ်ဆိုတဲ့ အကန့်အသတ်ဘောင်ထဲကို ထည့်လိုက်ပြီး သူတို့ကို ပိုင်ဆိုင်ခွင့်မဲ့၊ ဂုဏ်သိက္ခာ မဲ့ ဖြစ်စေတယ်။ စစ်တပ်အပြင် အာဏာကိုင်ထားတဲ့သူတွေဟာ ဒီလို ဓလေ့ ထုံးစံ၊ ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ပြီး သူတို့ အကျိုးစီးပွားအတွက် အသုံးချကြတယ်။ သက်သေမပြနိုင်တဲ့ ဗုဒ္ဓဝင်ဇာတ်လမ်းတွေကို အသုံးချပြီး ယောကျ်ားတွေပိုမြင့်မြတ်ကြောင်း တရားကို ထူထောင်ကြ၊ ဒီလို ဖိနှိပ်မှု ယန္တရားကို စဉ်ဆက်မပြတ် တည်ဆောက်ခဲ့ကြတယ်။ အမျိုးသမီးတွေအပေါ် ကန့်သတ်ထားတဲ့ ဆေးကျောင်းတက်ရောက်ခွင့် သတ်မှတ်ချက်တွေကို ဖယ်ရှားတာ မရှိသေးသလို၊ အကြီးတန်းအရာရှိရာထူးတွေမှာ အမျိုးသမီးတွေ ကို တိုးမြှင့်ပေးတာတွေလည်း အရမ်းနည်းပါးနေပါသေးတယ်။ အမျိုးသမီးတွေ က နိမ့်ကျပြီး၊ အမျိုးသားတွေက ဘုန်းကြီးတယ်ဆိုတဲ့ အယူအဆတွေကို ဖြန့်ချိဝါဒဖြန့်ခြင်းဟာ အမျိုးသားတွေကို အစိုးရအာဏာပိုင်ဆိုင်ခွင့်တွေမှာ ပိုပြီးတည်မြဲလာစေအောင် အထောက်အပံ့ဖြစ်စေပါတယ်။  နိုင်ငံရေးနဲ့ ဘုန်း ဆိုတဲ့ ကိစ္စနှစ်ခုဟာ ဖြေရှင်းဖို့ ခက်ခဲရှုပ်ထွေးတယ်။

ဒီနေရာမှာ အနောက်နိုင်ငံက တင်သွင်းလာတဲ့ ဖမ်မနစ်အယူအဆနဲ့ နည်းလမ်းတွေရဲ့ အန္တရာယ်ရှိတဲ့ ဘက်အခြမ်းကို ဆွေးနွေးဖို့လိုလာပါတယ်။ မြန်မာဖမ်မနင်ဇင်အယူအဆဟာ အလွယ်တကူမြင်သာတဲ့အရာ ဖြစ်မနေဘူး။ ၂၀၁၀ နဲ့ ၂၀၂၀ ကြားကခုနှစ်တွေမှာ ဂျန်ဒါနဲ့ပတ်သက်ပြီး ရန်ပုံငွေ တော်တော် များများရရှိလာခဲ့တယ်။ အမျိုးသမီးတက်ကြွလှုပ်ရှားသူ အများအပြားဟာ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို အနောက်နိုင်ငံက အန်ဂျီအိုတွေက ဖမ်မနစ် အလုပ် ဒါမှမဟုတ် ဂျန်ဒါလှုပ်ရှားမှုလို့ နားလည်လာအောင် ပြုလုပ်ဖို့ ဖိအား တွေကို ခံစားခဲ့ရတယ်။ လွတ်လပ်ရေးရပြီး နှစ် (၅၀) အတွင်း လူမျိုးစု လက်နက်ကိုင်အင်အားစုတွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီလို အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်တွေနဲ့ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေရဲ့ အလုပ်တွေဟာ ဆက်စပ်လို့ရခဲ့တယ်။ (၂၁) ရာစုအစောပိုင်းကာလတွေမှာ နယ်စပ်နဲ့ အစွန် အဖျားမှာသာ လုပ်နေရ၊ လုပ်နေခဲ့တဲ့ လှုပ်ရှားမှုတွေဟာ မြို့ပြကို အခြေစိုက်တဲ့ လှုပ်ရှားမှုတွေအဖြစ် ပြောင်းလာခဲ့တယ်။ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ဆက်နွယ်နေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေကလွဲရင် အမျိုးသမီးအဖွဲ့ အများစုဟာ လွှတ်တော်နိုင်ငံရေးထဲကနေ ပြောင်းလဲဖို့ကို အားသန်ခဲ့ကြတယ်။

စစ်တပ်က အရပ်သားအစိုးရလက်ထဲကို အာဏာလွှဲပြောင်းပေးတယ် ဆိုတဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေ နောက်ပိုင်းမှာ နိုင်ငံရေးကြောင့် မဟုတ်ဘဲ ယဉ်ကျေးမှုဓလေ့ထုံးစံတွေက အပြောင်းအလဲတွေ လုပ်ဖို့အတွက် အကန့်အသတ်ဖြစ်တယ်လို့ ပုံဖော်ခဲ့ကြတယ်။ အိမ်တွင်းအကြမ်းဖက်မှုကိစ္စ တွေဟာ အမျိုးသမီးအဖွဲ့အစည်းတွေ ဆန္ဒထုတ်ဖော်ဖို့အတွက် ဘုံကိစ္စရပ် တစ်ခုဖြစ်လာခဲ့တယ်။ အချိန်ပြည့်တက်ကြွလှုပ်ရှားမှုထဲမှာ မပါဝင်နိုင်သူတွေ အတွက် (၁၆) ရက်ကြာတဲ့ ရေတို တစ်နိုင်တစ်ပိုင် လှုပ်ရှားမှုတွေ ပေါ်ပေါက် လာခဲ့တယ်။ ဂျန်ဒါအခြေပြုတဲ့ အကြမ်းဖက်မှုတွေနဲ့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေကို အစိုးရကစလို့ ရပ်ရွာအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်။

၂၀၁၀ အကုန်ပိုင်းတွေမှာ ဖမ်မနင်ဇင်ဆိုတဲ့အသုံးအနှုန်းတွေ၊ ‘ပိပိတို့ စကားဝိုင်း’ စသဖြင့် ဒါတွေကို လက်ခံလာကြတယ်။ မြန်မာပြည်မှာ ဖဲကြိုးဖြူ လှုပ်ရှားမှု၊ ကမ္ဘာတစ်ဝန်းမှာလှုပ်ရှားနေကြတဲ့ #metoo လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမဲ့ ဒီလို မြို့ပြအခြေခံ အန်ဂျီအိုတွေလုပ်ကြတဲ့ ဂျန်ဒါလှုပ်ရှားမှုတွေဟာ လူမျိုးစုလက်နက်ကိုင်တွေရဲ့ အမျိုးသမီးအဖွဲ့အစည်း တွေ အမြဲတမ်းထောက်ပြပြောဆိုနေတဲ့ အမြစ်တွယ်နေဆဲ စစ်အုပ်ချုပ်မှုတွေနဲ့ ဒီစနစ်အောက်က မရေရာတဲ့ အမျိုးသမီးတွေရဲ့ ဘဝပြဿနာတွေကနေ သွေဖည်နေပြန်တယ်။ ၂၀၁၀ ခုနှစ်တွေမှာ ပေါ်ပေါက်လာတဲ့ အမျိုးသမီး လှုပ်ရှားမှု ဒါမှမဟုတ် ဂျန်ဒါလှုပ်ရှားမှုတွေဟာ ဂျန်ဒါ တန်းတူညီမျှမှု၊ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကနေ လွတ်မြောက်ဖို့၊ အမျိုးသမီးတွေနိုင်ငံရေးမှာ ပိုပြီးကိုယ်စားပြုခံရဖို့ စတဲ့ကိစ္စတွေမှာသာ ရပ်တန့်နေခဲ့ကြတယ်။ တိုတောင်းတဲ့ (အန်ဂျီအို) ပရောဂျက်တွေ အတွင်းမှာ ပုဂ္ဂလိကလွတ်မြောက်မှု၊ ရလဒ်တွေသာအသားပေးပြီး ဘုံလွတ်မြောက်မှုတွေ ကို လက်တွေ့မကျဘူးလို့ ယူဆကြတယ်။ ဒီလိုအမျိုးသမီးလှုပ်ရှားမှုတွေဟာ မြေယာပိုင်ဆိုင်ခွင့်၊ မျှတတဲ့လစာရရှိရေးအတွက် မြေပြင်မှာ တိုက်ပွဲဝင်နေကြ တဲ့ လယ်သူမ၊ အထည်ချုပ်အလုပ်သမားတွေရဲ့ အရေးတွေ ပါဝင်မနေဘူး။

ဒုတိယပိုင်းဆွေးနွေးချက်တွေဖြစ်တဲ့ မြန်မာဖမ်မနင်ဇင်ရဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်တာတွေကို ဒီနေရာမှာ အဆုံးသတ်ပါမယ်။ ပြန်အနှစ်ချုပ်ရရင် နိုင်ငံရေး၊ ဗျူရိုကရေစီနဲ့ ပရောဂျက်အခြေခံ တက်ကြွလှုပ်ရှားမှုတွေဟာ ဘုံလွတ်မြောက်ရေးကိစ္စတွေဖြစ်တဲ့ မြေယာရပိုင်ခွင့်၊ မျှတတဲ့လစာရရှိရေး စတဲ့ကိစ္စတွေမှာ တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေကို အားမဖြစ်စေဘူး။ မဲပေးခွင့်၊ လိင်မှုလွတ်မြောက်ရေး၊ တန်းတူညီမျှလစာနဲ့ အစိုးရတွင် အမျိုးသမီးများ ကိုယ်စားပြုမှုကို စောင့်ကြည့်ရန် ဖွဲ့စည်းထားသော ကမ္ဘာလုံးဆိုင်ရာ သို့မဟုတ် အနောက်တိုင်း အမျိုးသမီးဝါဒ၏ တစ်ဖက်သတ် အမြင်နှင့် အနောက်နိုင်ငံအန်ဂျီအိုများဟာ hashtag မပါတဲ့ လှုပ်ရှားမှု တွေကို ထောက်ခံရန် တွန့်ဆုတ်နေခဲ့ကြတယ်။ ဖမ်မနစ်လှုပ်ရှားမှုတွေကို ဗမာ အခြေခံဖြစ်ဖြစ်၊ လူမျိုးစုတွေရဲ့ ပြဿနာတွေဖြစ်ဖြစ် အမျိုးသားရေး လှုပ်ရှားမှု တွေနဲ့ ခွဲခြားပြီး သီးသန့်လှုပ်ရှားမှုတွေအဖြစ်နဲ့ ချဉ်းကပ်ခြင်းဟာ တင်းမာမှု တွေကိုဖြစ်ပေါ်လာစေတယ်။

တော်လှန်ရေးကာလတွင်း ဖမ်မနင်ဇင်

ဒီစာတမ်းရဲ့ တတိယနဲ့ နောက်ဆုံးအပိုင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်မနင်ဇင် ဘယ်လိုပေါ်လာသလဲ၊ ဘယ်အချက်တွေက ပေါ်ပေါက်လာဖို့ အတွက် ဖြစ်စေခဲ့သလဲဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ အာဏာသိမ်းပြီး နောက်ပြီး ရာဒီကယ်နိုင်ငံရေး_—_အများကြိုက် ဒါမှမဟုတ် အများစု ထောက်ခံနေကြတဲ့ ရေပေါ်ဆီနိုင်ငံရေးတွေဆီ ဦးတည်လာကြတယ်လို့  လူအများစုက ဝေဖန်လာကြပါတယ်။ အာဏာသိမ်းမှုဟာ စစ်တပ်နဲ့ အာဏာရ နိုင်ငံရေးပါတီတို့ရဲ့ ပူးတွဲအုပ်ချုပ်ရေး အလုပ်မဖြစ်တော့ကြောင်းကို သံသယဖြစ်စရာမရှိအောင် သက်သေပြနေပါတယ်။ ဒီလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပေါက်ကွဲမှုတွေဖြစ်ပေါ်လာတာနဲ့အတူ ဖမ်မနင်ဇင်အပါအဝင် ရာဒီကယ်နိုင်ငံရေး၊ အသံတွေလည်း ရှေ့တန်းကို ရောက်လာခဲ့ကြတယ်။ မြန်မာပြည်အခြေအနေမှာ ဖြစ်ပေါ်နေတဲ့ ဖမ်မနင်ဇင်ဟာ ရာဒီကယ် နိုင်ငံရေးဖြစ်တယ်လို့ ဆိုနိုင်တယ်။ အကြောင်းကတော့ အမျိုးသမီးထု မလွတ်မြောက်ရင် လူ့အဖွဲ့အစည်းလည်း မလွတ်မြောက်ဘူးဆိုတဲ့ အချက်ကို မီးမောင်းထိုးပြနေတာကြောင့်ဖြစ်တယ်။ တော်လှန်ရေး ကာလအတွင်းမှာ ပေါ်ပေါက်လာတဲ့ ‘သူပုန်’ လိုအဖွဲ့အစည်းတွေဟာ အမျိုးသမီးထု လွတ်မြောက်ရေးရဲ့ အရေးပါမှုတွေကို ထုတ်ဖော်ရေးသားကြတယ်။ ခေတ်သစ် မြန်မာသမိုင်းမှာ ၂၀၂၁ တော်လှန်ရေးဟာ ပထမဆုံး အမျိုးသမီးထုရဲ့ ပြဿနာတွေ အသံတွေကို ဗဟိုပြုတဲ့ တော်လှန်ရေးဖြစ်လာခဲ့တယ်။

ဆိုရှယ်မီဒီယာအသုံးပြုလာတဲ့ခေတ်မှာ အမျိုးသမီးထု နိုင်ငံရေးမှာ ပါဝင်မှု၊ အမျိုးသမီးထုရဲ့အသံတွေဟာ မြို့ပြကျေးလက်၊ မြေပြန့်ကနေ တောင်တန်းမကျန် ဖြတ်တောက်တည်းဖြတ်ထားခြင်းမရှိဘဲ အထင်ရှားဆုံး အပေါ်လွင်ဆုံးပုံစံတွေနဲ့ ပေါ်ထွက်လာခဲ့တယ်။ မြို့လယ်ကောင်မှာ အမျိုးသမီး ထဘီတွေကို လွှင့်ထူပြီး ချီတက်ဆန္ဒပြတာကစလို့ ဖောက်ခွဲရေးလုပ်ငန်းတွေ မှာ ပါဝင်တာ၊ လူနည်းစုတွေရဲ့ ပြဿနာတွေကို ဖော်ထုတ်ဖို့အတွက် မြို့ပြ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေဟာ ကလေးငယ်တွေကို ချီပွေ့ပြီး စစ်ပြေး ဒုက္ခသည်တွေလို သရုပ်ဆောင်ပြီးဆန္ဒပြတာ၊ ဒါတွေဟာ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်သင့်သလားဆိုတဲ့ မေးခွန်းကို ချိုးဖျက်ပစ်လိုက်တာ ဖြစ်တယ်။ နိုင်ငံရေးအကွဲအပြဲဟာ ဖမ်မနင်ဇင်ကို မြင်သာအောင် ပြုလုပ်ခဲ့ ပါတယ်။

ထင်သာမြင်သာရှိတဲ့ အမျိုးသမီးအစုအဖွဲ့ လေးခုရှိတယ်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ အမျိုးသမီးအုပ်စု၊ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ ပါဝင်သူ၊ နောက်ကွယ်မှာ ကူညီထောက်ပံ့သူ၊ လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်သူတွေဆိုပြီး ရှိပါတယ်။ လူဦးရေရဲ့ (၁၀) ရာခိုင်နှုန်းဟာ အစိုးရဝန်ထမ်းတွေဖြစ်ပြီး ပညာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်း တွေဟာ အမျိုးသမီးတွေဖြစ်ကြတယ်။ သူတို့ရဲ့ သပိတ်၊ ဆန္ဒပြပွဲတွေမှာ ပါဝင်မှုဟာ အစိုးရယန္တရားကို ရပ်တန့်သွားအောင်လုပ်နိုင်ခဲ့တယ်။ ကျေးလက် မှာရှိတဲ့ ဆန္ဒပြဆန့်ကျင်သူတွေအများစုဟာ အမျိုးသမီးတွေဖြစ်ကြတယ်။ ကျေးလက်နဲ့ လူမျိုးစုအမျိုးသမီးတွေဟာ မြို့ပေါ် ဆန္ဒပြသူတွေလို ထင်ပေါ် မနေသလို၊ တချို့အမျိုးသမီးတွေဆိုရင် လမ်းပေါ်ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင် မပါဝင်ကြပေမယ့် တက်ကြွလှုပ်ရှားသူတွေကို ငွေကြေးထောက်ပံ့တာ၊ အကာအကွယ်တွေရှာပေးတာ၊ နောက်ပြီး အရေးကြီးတဲ့ စိတ်ခွန်အားပေးတာ အစရှိသဖြင့် နောက်ကွယ်ကနေ ပံ့ပိုးကူညီသူတွေအဖြစ် တက်တက်ကြွကြွ ပါဝင်ကြတယ်။ မယ်သီလရှင်၊ ဆရာမ၊ ပါမောက္ခ၊ ဥပဒေပညာရှင်၊ စသဖြင့် သူတို့ဟာ အခုဆိုရင် ရှေ့တန်းနဲ့ စစ်ဖြစ်ပွားတဲ့ နေရာတွေမှာပါ ကလေးတွေကို စာသင်ကြားပေးတာတွေ လုပ်ပေးနေကြ တယ်။

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွေကနေ တော်လှန်ရေး အဆင့်ကို လျင်လျင်မြန်မြန် ပြောင်းလဲလာခြင်းဟာ ရာဒီကယ်နိုင်ငံရေးနဲ့ အစွန်အဖျားနိုင်ငံရေးရဲ့ အရေးပါမှုကို ပေါ်လွင်လာစေတယ်။ ဖမ်မနင်ဇင်ဟာ အာဏာမသိမ်းခင်ကတည်းက ရှိနေပေမယ့် ထင်သာမြင်သာတဲ့ ပုံစံ သို့မဟုတ် အနောက်နိုင်ငံမှ နားလည်နိုင်တဲ့ ပုံစံတစ်မျိုးထဲကိုပဲ ပြင်ပကမ္ဘာက မြင်ခဲ့ကြ တယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ နမိတ်ပုံသဘောအရ အစွန်အဖျား နိုင်ငံရေးဆိုတာ လူနည်းစုတွေ အမြဲတမ်း ထောက်ပြပြောဆိုနေတဲ့ နိုင်ငံရေးဖြစ်တယ်။ ဒါဟာ ဖိုဝါဒကြီးစိုးနေတဲ့ စစ်အုပ်စုနဲ့ အရပ်သား (တစ်ပိုင်း) အစိုးရတွေရဲ့  ရှိရင်းစွဲ အကြမ်းဖက်မှုတွေကို ထောက်ပြတဲ့ နိုင်ငံရေးဖြစ်တယ်။ ဖမ်မနင်ဇင်ရဲ့ ပင်ကိုယ်သဘောကိုယ်၌က အစွန်အဖျားနိုင်ငံရေး သဘောတရားဖြစ်တယ်။ ဒီ အယူအဆတွေနဲ့ ဖမ်မနင်ဇင်နိုင်ငံရေးဟာ (တော်လှန်ရေးကာလမှာ) အစွန် အဖျားကနေ အလယ်ကို ရောက်လာပြီး မဟာမိတ်တွေလည်း ရလာပါတယ်။

တစ်ဦးတစ်ယောက်ချင်း အကြမ်းဖက်မှုမျိုး မဟုတ်တဲ့ အဖွဲအစည်းဆိုင်ရာ အကြမ်းဖက်မှုတွေက စစ်တပ် အသိုင်းအဝိုင်းကနေ ပေါက်ဖွားလာတာဖြစ်ပြီး ဒီအကြမ်းဖက်မှု နှစ်မျိုးဟာ တစ်ခုကိုတစ်ခု အပြန်အလှန် ဖြစ်ပွားစေတဲ့အပြင် အဖွဲအစည်းဆိုင်ရာ အကြမ်းဖက်မှုက တစ်ဦးတစ်ယောက်ချင်း အကြမ်းဖက်မှု ကို ကာကွယ်ပေးထားပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ရပ်တန့်ဖို့ဟာ ရှမ်း၊ ကရင်၊ ကချင်နဲ့ ရိုဟင်ဂျာ အစရှိတဲ့ တိုင်းရင်းသား အမျိုးသမီး တက်ကြွလှုပ်ရှားသူများအတွက် အဓိကကျတဲ့ တောင်းဆိုမှုတစ်ခု ဖြစ်ပြီး အဓမ္မပြုကျင့်မှုကို လက်နက်တစ်ခုအဖြစ် အသုံးချခြင်းကို ရပ်တန့်ဖို့ကို ကမ်ပိန်းတွေလုပ်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်မှာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုအကြောင်း အသိပညာပေးဖို့ (၁၆) ရက်ကြာတဲ့ အဖြူရောင် ကမ်ပိန်း တစ်ခုမှာ မြန်မာစစ်တပ်ရဲ့ လက်ထဲက တိုင်းရင်းသားအမျိုးသမီးများရဲ့ ဆင်းရဲ ဒုက္ခများကို ထည့်သွင်း နှိုးဆော်ခဲ့ပါတယ်။ အမျိုးသမီးတန်းတူ အခွင့်အရေး ဝါဒနဲ့အတူ အမျိုးသမီး တက်ကြွလှုပ်ရှားမှုနဲ့ ကျား/မ ဖြစ်တည်မှု တန်းတူ ညီမျှရေး လှုပ်ရှားမှုတွေဟာ အတိုင်းအတာတစ်ခုထက် ကျော်လွန်ပြီး တိုးတက် လာခဲ့တဲ့အပြင် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေဟာ ဒေါသထွက်နေတဲ့ မိန်းမတွေလို့ ယောက်ျားတွေနဲ့ ပါဝါရှိသူတွေက စွပ်စွဲပြောဆိုတာတွေလဲ နည်းလာပါတယ်။

နိဂုံး

၂၀၂၁ ခုနှစ်တော်လှန်ရေးမှာ ဗဟိုနိုင်ငံရေးမှာ အမျိုးသမီးထုရဲ့ နိုင်ငံရေးအမြင် ခံယူချက်တွေ ပါဝင်နေရာရလာတယ်လို့ဆိုနိုင်တယ်။ ပိုအားရဖို့ကောင်းတဲ့ အပိုင်းက အမျိုးသမီး၊ LGBTQ နဲ့ ရိုဟင်ဂျာအပါအဝင် လူနည်းစုတွေစတဲ့ ဖိနှိပ်ခံအုပ်စုတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ထည့်သွင်းဆွေးနွေးတာ၊ တော်လှန်ရေးလုပ်ငန်းစဉ်တွေနဲ့ ပေါင်းစပ်ပါဝင်တာတွေအထိပါ ရှေ့ရောက်ခဲ့ တယ်။ တော်လှန်ရေးရဲ့ ရလဒ်တွေ ရှေ့ရောက်မရောက်တာဟာ အခွင့်ထူးခံ တွေ အများစုဖြစ်တဲ့ လူအုပ်စုတွေရဲ့ ရည်မှန်းချက် ပြည့်မပြည့်ဆိုတာနဲ့ တိုင်းတာတာမဟုတ်ဘဲ လူ့အဖွဲ့အစည်းမှာရှိတဲ့ ဖိနှိပ်ခံရဆုံးသူတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ဘယ်လောက်ထိ အာမခံနိုင်သလဲဆိုတာနဲ့ တိုင်းတာခြင်း ဖြစ်တယ်လို့ ယူဆပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ မတူညီတဲ့အုပ်စု တွေရဲ့ အသံတွေ၊ အကြံတွေ ပါဝင်လာကာ ဒီလူ့အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ ရှေ့ရောက်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုနိုင်တယ်။ မြန်မာဖမ်မနစ်အသိုင်းအဝိုင်းမှာ တစ်ချိန်က တစ်ကိုယ်ရေကိစ္စတွေဟာ နိုင်ငံရေး မဟုတ်ဘူး၊ နိုင်ငံရေးထဲ ဆွဲမထည့်သင့်ဘူးဆိုတဲ့ အယူအဆဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြောင်းလဲသွားခဲ့တယ်။ တစ်ချိန်က တက်ကြွ လှုပ်ရှားခဲ့ကြတဲ့ အမျိုးသမီးတွေနဲ့ LGBTQ အသိုင်းအဝိုင်းတွေက တော်လှန် ရေးကာလမှာ ရေချိန်ကိုက်သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ဂျန်ဒါအခြေပြု၊ စနစ် အခြေပြုဖိနှိပ်မှုတွေကို အဓိကထားပြီး ထောက်ပြ ပြောဆိုလာကြတယ်။ လူ့အဖွဲ့အစည်းကိုယ်တိုင်ကလည်း စနစ်အခြေပြု ဖိနှိပ်မှုတွေကို ဖြေရှင်းမယ့် ကိစ္စ၊ ဒီလိုအပြိုင်အင်အားစုမျိုး မရှိရင် သူတို့လျှောက်နေတဲ့ တော်လှန်ရေး ခရီးဆုံးဟာ ဝေးနေအုံးမယ်ဆိုတာကိုလည်း နားလည်လာကြပါပြီ။ ကိုးကားချက်များ

အဆုံးမှတ်စုများ

1 ယခုစာတမ်းကို UCL Institute of Global Prosperity in London, UK မှာ ဒီဇင်ဘာ (၆) ရက်၊​ ၂၀၂၁ ခုနှစ်က တင်သွင်းခဲ့ပါတယ်။ မြန်မာ့ တော်လှန်ရေးတွေအတွင်း အသက်ပေးသွားခဲ့သူများ၊ ကိုယ်ကျိုးစွန့်ပါဝင်ခဲ့သူများအားလုံးကို ယခုစာတမ်းဖြင့် ရည်စူးဂုဏ်ပြုပါတယ်။ မြန်မာနိုင်ငံက ဖမ်မနစ်နှစ်ယောက်ဖြစ်တဲ့ ပျိုးလတ်ဟန်၊ ရွှန်းလဲ့တို့နဲ့ ဆွေးနွေးချက်များနဲ့ သူတို့ရဲ့ အရေးအသားများက ယခုစာတမ်းဖြစ်မြောက် လာဖို့ အကျိုးကျေးဇူး အများကြီးဖြစ်ခဲ့ပါတယ်။

ကိုးကားချက်များ

Faxon, H., & Pyo Let Han. (2022, September 19). Learning Feminism from Myanmar’s Women Farmers. Tea Circle. https://teacircleoxford.com/research-report/learning-feminism-from-myanmars-women-farmers/

Government of the Union of Burma. (1954). Pyidawtha: The New Burma. Economic and Social Board.

Myanmar Information Management Unit. (2023). Population 10 years and over by Economic Activity (Census 2014). https://themimu.info/Economic_Activity

Tharaphi Than. (2014). Women in Modern Burma. Routledge.

Thu Pone. (2023). Thu Pone Blog [Facebook page]. Facebook. https://www.facebook.com/thuponeblog