ပညာရေးသည်သာ ရိုဟင်ဂျာအမျိုးသမီးတွေကို လူကုန်ကူးသူတွေလက်ကနေ ကယ်တင်ပေးမယ့် တစ်ခုတည်းသော နည်းလမ်း

မာရီယာ ဘေဂမ် | Click here to read this article in English.

Cite as: 
မာရီယာ ဘေဂမ်၊ (၂၀၂၃)၊ ပညာရေးသည်သာ ရိုဟင်ဂျာအမျိုးသမီးတွေကို လူကုန်ကူးသူတွေလက်ကနေ ကယ်တင်ပေးမယ့် တစ်ခုတည်းသော နည်းလမ်း၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4725


စာတမ်းအကျဉ်း

ရိုဟင်ဂျာအမျိုးသမီးများ မြန်မာပြည်တွင်း၌ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများရရှိမှု အနေအထားမှာ သူတို့မွေးဖွာရာဒေသအပေါ် လိုက်၍ ကွာခြားသည်။ ယခုဆောင်းပါးတွင် ရန်ကုန်မြို့မှ ရိုဟင်ဂျာလူမျိုး အမျိုးသမီး ဆရာဝန်တစ်ဦးက သူနှင့် သူ၏ ရခိုင်ပြည်နေ ဆွေမျိုးထဲရှိ အမျိုးသမီးများ မတူညီသည့် ကြုံတွေ့ရမှုအကြောင်းများကို ဖော်ပြထားသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုတွင် တာဝန်ထမ်းဆောင် ချိန်၌ အချို့အဖွဲ့အစည်းများမှ ပြုလုပ်သော အမျိုးသမီး အခွင့်အရေးမြှင့်တင်မှု အစီအစဉ်များ၏ လွဲမှားမှုများအကြောင်းကိုလည်း ယခုဆောင်းပါတွင် ဖော်ပြ ထားသလို ရိုဟင်ဂျာအမျိုးသမီးများ လူကုန်ကူးခံရမှုအန္တရာယ်မှ ကျော်လွှားနိုင် ရေး နည်းလမ်းသစ်များကိုလည်း ဖော်ပြထားသည်။

နိဒါန်း

ကျွန်မက ရိုဟင်ဂျာအမျိုးသမီးတစ်ယောက်ပါ။ မြန်မာပြည်ဖွား ရိုဟင်ဂျာတွေ ထဲမှာတော့ ကျွန်မက အနည်းငယ် ကံကောင်းတယ်လို့ ဆိုရမယ်။ ကျွန်မကို ရန်ကုန်မှာ မွေးလာတာရယ်၊ ပညာသင်ခွင့်ရခဲ့တာရယ်နဲ့တင် ကျွန်မဘဝက ကျွန်မရဲ့ ရခိုင်ပြည်က ဝမ်းကွဲညီအစ်မတွေရယ်၊ အခြားသော ရိုဟင်ဂျာ အမျိုးသမီးတွေထက်တော့ နည်းနည်း ပိုကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်မ ငယ်ငယ်ကဆို ရွာမှာ အရပ်လက်သည်နဲ့ ကလေးမွေးရင်း သေသွား ကြရတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေအကြောင်း အဖေ့ဆီကတစ်ဆင့် အမြဲကြားခဲ့ ရာက “တစ်နေ့မှာ ငါ ဆရာဝန် ဖြစ်အောင်လုပ်ပြီး ရခိုင်မှာ ငါ့ လူမျိုးတွေ အတွက် ဆေးသွားကုမယ်”လို့ စိတ်ပိုင်းဖြတ်ထားခဲ့တာပေါ့။ ကျွန်မတစ်ခါမှ မရောက်ခဲ့ဖူးတဲ့ အဖေ့ရွာလေးရယ်၊ ဘူးသီးတောင်မြို့နားက စပါးခင်းတွေ၊ တောင်တွေ၊ မနက်ခင်း အေးအေးလေးတွေရယ်ကို အဖေပြောပြတဲ့ အဖေ့ ငယ်ဘဝပုံရိပ်တွေကနေ ကျွန်မ အမြဲစိတ်ကူးကြည့်မိခဲ့တယ်။

ကျွန်မ ဆရာဝန်ဘွဲ့ရပြီးစက အစိုးရအလုပ်ဝင်တော့ ထိုင်း-မြန်မာ နယ်စပ် ဖြစ်တဲ့ မြဝတီကို ရောက်တယ်။ စစ်ပွဲတွေကြားက ကရင်အမျိုးသမီးတွေ ဘဝ၊ ထိုင်းနယ်စပ်မှာ အလုပ်လာလုပ်ရာက ကူးစက်ရောဂါသည်ဘဝနဲ့ နိဂုံးချုပ်ရတဲ့ မိန်းကလေးငယ်တွေရဲ့ ဘဝကို ဆေးကုသပေးရင်း မျက်မြင်ကြုံခဲ့ရာက ကျွန်မ အမျိုးသမီးအရေးကို စပြီး စိတ်ဝင်စားလာခဲ့တယ်။ ကျွန်မ အမေဆုံးတော့ ကျွန်မ အစိုးရအလုပ်က ထွက်ခဲ့တယ်။ စစ်အစိုးရရဲ့ လုပ်ထုံး လုပ်နည်းအတိုင်း အလုပ်ထွက်ရင် ဆမ (ဆေးကုသခွင့်လိုင်စင်) သိမ်းခံရတယ်။ လျော်ကြေးပေးခဲ့ ရတယ်။ အဲဒီ နောက်ပိုင်းမှာ ဆေးပြန်ကုဖို့ထက် စနစ်ကို ပြောင်းဖို့ တက်ကြွ လှုပ်ရှားသူအဖြစ် ကျွန်မ ပြောင်းလဲ လုပ်ကိုင်လာခဲ့တယ်။

ရခိုင်သို့ ပထမဆုံးအကြိမ်

ဒီလိုနဲ့ ကျွန်မ ရခိုင်ပြည်နယ်မြောက်ပိုင်းက အဖေ့ဇာတိကို ပထမဆုံး ခြေချခွင့် ရခဲ့တဲ့နေ့ဟာ အဖေမဆုံးခင် တစ်ရက်အလို ၂၀၂၀ ခုနှစ်ထဲမှာပေါ့။ ကျွန်မ ရခိုင်က အဖွဲ့အစည်းတစ်ခုမှာ အလုပ်ရပြီး အလုပ်ကိစ္စနဲ့ ရခိုင်ကို သွားရမယ် ဆိုတဲ့ အချိန်မှာ အသည်းကင်ဆာဝေဒနာသည် ကျွန်မအဖေဟာ အရမ်းကို စိတ်လှုပ်ရှားပျော်ရွှင်နေ ခဲ့တယ်။ ၁၉၇၀ ခုနှစ်လောက်ကတည်းက ရန်ကုန်မှာ အလုပ်ရှာမယ်ဆိုပြီး ရခိုင်ပြည်ကနေ ထွက်ခွာလာခဲ့တဲ့ အဖေဟာ ရခိုင်က သူ့မိခင်ဆီ မပြန်နိုင်ခဲ့တာ ကျွန်မတစ်သက်တောင် ရှိခဲ့ပြီပဲ။ ကျွန်မရဲ့ အဖေလို ရခိုင်ကနေ ထွက်ပြေးလာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ရခိုင်ပြည်ကို ပြန်သွား နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ရိုဟင်ဂျာတွေဟာ မှတ်ပုံတင် မရှိဘဲ မြန်မာပြည် ထဲမှာ ခရီးသွားလာခွင့် မရကြဘူး။ ကျွန်မတို့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်မှာ မွေးပြီး ကြီးပြင်းလာကြပေမဲ့ ရခိုင်ပြည်ကနေ အပြင်ဘက်ကို ထွက်ဖို့ မဆိုထား နှင့် ဘူးသီးတောင်၊ မောင်တောကနေ စစ်တွေကို သွားဖို့တောင် လူဝင်မှု ကြီးကြပ်ရေး (လဝက) ရဲ့ ခွင့်ပြုမိန့် အဆင့်အဆင့် ယူရပါတယ်။ တစ်နည်း နည်းနဲ့ ရခိုင်ကနေ ရခိုင်ပြည်အပြင်ဘက် ရောက်သွားတဲ့အခါ သူတို့ခွင့်ပြုတဲ့ ရက်အပိုင်းအခြားထိပဲ နေခွင့်ရကြပါတယ်။

တစ်ခါ ရခိုင်ထဲ ပြန်ဝင်ပြန်ရင်လည်း စစ်ဆေးမေးမြန်းခံရတာ၊ ငွေညှစ် ခံရတာ၊ အခန့်မသင့်ရင် ထောင်ချတာမျိုးထိ လုပ်နိုင်ကြတာမို့ ရခိုင်ကနေ အပြင်ကို ထွက်ပြေးလာရသူတွေဟာ ရခိုင်ကို ပြန်သွားလည်ပတ်ဖို့ မှတ်ပုံတင် မရမချင်း မဖြစ်နိုင်ကြပါဘူး။ တစ်ခါ စာရွက်စာတမ်းအထောက်အထားတွေ ပြပြီး မှတ်ပုံတင်ရလာလို့ မိဘအိမ် ပြန်သွားလည်မယ်ဆိုရင်တောင် လဝကရဲ့ လိုတစ်မျိုး၊ မလိုတစ်မျိုး ဥပဒေတွေနဲ့ အနိုင်ကျင့်မှာ၊ ငွေညှစ်မှာကို ကြောက်ရွံ့ ကြရတာမို့ အဖေဟာ ရခိုင်က မိဘအိမ်ကို သွားလည်ဖို့ သတ္တိမရှိခဲ့ရှာပါဘူး။ ကျွန်မတို့ဘဝမှာ မှတ်ပုံတင် ရဖို့ဆိုတာ သိပ်ခက်ခဲပါတယ်။ မှတ်ပုံတင်နဲ့ ပတ်သက်လာရင် ဗုဒ္ဓဘာသာ ဗမာမဟုတ်တဲ့လူတိုင်း ခွဲခြားဖိနှိပ်ခံရတာ မှန်ပေမဲ့ ကျွန်မတို့ ရိုဟင်ဂျာတွေကတော့ သာပြီး ဆိုးဆိုးရွားရွား ဖိနှိပ်ခံ ရပါတယ်။ ကျွန်မတို့ဟာ မွေးစားရင်းကစလို့ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ သေစာရင်းအထိ၊ မွေးရာကစလို့ သေသည်အထိ ဘာအထောက်အထားမှ ပြစရာ မရှိအောင် စနစ်တကျ အထောက်အထားထုတ်မပေးဘဲ နိုင်ငံမဲ့သဖွယ် ဖြစ်အောင် လုပ်ထားခြင်း ခံကြရတာပဲ ဖြစ်ပါတယ်။

ဆိုတော့ ကျွန်မတို့ မောင်နှမတွေ မှတ်ပုံတင်ရလာသည့်တိုင်အောင် ရခိုင်ကို ဝင်ထွက်ဖို့ ကြောက်ရွံ့နေခဲ့ကြပါတယ်။ ကျွန်မတို့ မှတ်ပုံတင်တွေကို ကောက်သိမ်းပြီး ရခိုင်ပြည်ကနေ ပြန်ထွက်ခွင့်မပေးတော့မှာ ဒါမှမဟုတ် ကျွန်မတို့ကို ခိုးဝင်လို့စွပ်စွဲပြီး ထောင်ချမှာ စသဖြင့် ကျွန်မတို့လူမျိုးနဲ့ ပတ်သက်လာရင် ဘယ်ဥပဒေကမှ အကာအကွယ်မပေးထားတာကြောင့် အမြဲကြောက်ရွံ့စိတ်နဲ့ အဖေဟာ ရခိုင်ကို မပြန်နိုင်ဘဲ အဝေးကပဲ မိဘကို လွမ်းခဲ့ရတယ်။ ကျွန်မကိုယ်တိုင်လည်း အလုပ်အဖွဲ့အစည်းရဲ့ အာမခံမှု ကြောင့်သာ ပထမဆုံးအကြိမ် ရခိုင်ကို ခြေချရဲတာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ အဖေက သူ့အမေနဲ့ ကျွန်မ ဆုံတွေ့ရတော့မှာကို အရမ်းကို စိတ်လှုပ်ရှား နေခဲ့တာပါ။ ကျွန်မ ရခိုင်မြေကို ခြေချမိတဲ့နေ့မှာပဲ အဖေ့ရွာကို အရောက် သွားခဲ့တယ်။ မိုးတွင်း ရွှံ့ဗွက်တွေ ထူပိန်းနေတဲ့ လမ်းပေါ်မှာ ဆိုင်ကယ်စီးရတာ ကျွန်မတစ်သက် တစ်ခါမှ ဒီလောက်မခက်ခဲခဲ့ဘူး။ ကျွန်မရဲ့ ဘကြီးက ကျွန်မ ကို ရွာထိပ်ကနေ ထွက်ကြိုတယ်။ မြန်မာစကား အနည်းအကျဉ်းတတ်တဲ့ ဘကြီးက “သမီးလေး လာပြီလား။ ငါတို့ကလေး” ဆိုပြီး ပြေးကြိုတယ်။

ကျွန်မအဖွားရဲ့ အိမ်ခြံဝင်းထဲအဝင် အိမ်ပေါ်မှာ ကျွန်မရဲ့ အသက် ၈၉ နှစ် ရှိပြီဖြစ်တဲ့ အဖွားကို လှမ်းမြင်ရတယ်။ ပဝါအဖြူ ခေါင်းဆောင်းလို့ ရင်ဖုံး အင်္ကျီလေးနဲ့ ချည်ထဘီလေးဝတ်ထားတဲ့ ကျွန်မအဖွားက ကျွန်မကို ရိုဟင်ဂျာ စကားနဲ့ ဖူးတူး(ကလေးရေ)လို့ လှမ်းခေါ်ပြီး လှေကားဝကနေ ကြိုတယ်။ ကျွန်မရော အဖွားရော တစ်ခါမှ ဖုန်းနဲ့ရော လူချင်းရော စကားမပြောဖူးဘူး။ ကျွန်မက ရိုဟင်ဂျာစကားမတတ်လေတော့ ဖုန်းပြောကြတဲ့အခါ အဖေ့ဆီက နေပဲ အဖွားပြောတာတွေကို တစ်ဆင့်နားထောင်ခဲ့ရတယ်။ ဒါပေမဲ့ မြင်မြင်ချင်း မှာပဲ အဖွားနဲ့ ကျွန်မ ဖက်ရင်း၊ ငိုရင်း ကျွန်မတို့ချင်း တစ်ယောက်နားမလည်တဲ့ ဘာသာစကားကို တစ်ယောက်က ပြောရင်း ဖြေမဆည်နိုင် ခံစားခဲ့ရတယ်။ တစ်နိုင်ငံထဲနေပြီး ကျွန်မနဲ့ အဖွား ခုလိုအသက်အရွယ်မှ ဆုံစည်းခွင့်ရလို့ ကျွန်မရင်ထဲ မချိဘူးရယ်။

ရခိုင်အပြင်ဘက်က ရိုဟင်ဂျာမျိုးဆက်တွေ ဘာလို့ ရိုဟင်ဂျာစကား မတတ်ကြသလဲ

ကျွန်မတို့ချင်း စကားပြောဖို့ ကျွန်မဦးလေးက ဘာသာပြန်ပေးတယ်။ အဖွားက ကျွန်မ ရိုဟင်ဂျာလို မပြောတတ်လို့ ဝမ်းနည်းပြီး ကျွန်မကို မသင်ပေးရကောင်း လားဆိုကာ အဖေ့ကိုပါ အပြစ်တင်သေးရဲ့။ ကျွန်မတို့လို ရခိုင် အပြင်ဘက်မှာ ကြီးပြင်းလာတဲ့ ရိုဟင်ဂျာအများစုဟာ ရိုဟင်ဂျာစကား မပြောတတ်ကြပါဘူး။ ကျွန်မတို့ ငယ်ငယ်က မကြာခဏ အဖေ့ကို ရိုဟင်ဂျာစကား သင်ပေးဖို့ တောင်းဆိုဖူးတယ်။ အဖေက သူကိုယ်တိုင်လည်း သူ့မိသားစုဆီ ဖုန်းခေါ်ချိန် ကလွဲရင် ရိုဟင်ဂျာစကားပြောရမှာ ကြောက်ရွံ့နေပုံရတယ်။ ကျွန်မတို့က ဗမာ အများစုရှိတဲ့ နေရာမှာ နေရတာမို့ အဖေက ကလေးတွေရဲ့ ပါးစပ်ကနေ တစ်ဆင့် အဖေ့ဇာတိကို သူများတွေ သိသွားမှာ၊ အတိုင်ခံရမှာ၊ ရခိုင်ကို အတင်းအကျပ်ပြန်ပို့ခံရမှာတွေကို စိုးရိမ်ပြီး ကျွန်မတို့ရဲ့ ဘာသာစကားရော လူမျိုးကိုပါ ဖုံးထားစေချင်ခဲ့ပုံရပါတယ်။ ရခိုင်အပြင်ရောက်သွားတဲ့ ကျွန်မ တို့လို ရိုဟင်ဂျာမိသားစုတိုင်းဟာလည်း မလုံခြုံမှုကို ခံစားရင်း နေထိုင်ခဲ့ကြရ တယ်။ ရခိုင်ကလာတယ်ဆိုရုံနဲ့ အလွယ်တကူ ဖမ်းဆီးနှိပ်စက် ထောင်ချခံရနိုင် တဲ့ ဘဝတွေ မဟုတ်လား။

ကျွန်မတို့ ငယ်ငယ်ကဆို အိမ်မှာ သန်းခေါင်စာရင်းလာစစ်တဲ့ညတွေမှာ အဖေဟာ ခြေတွေ၊ လက်တွေတုန်ပြီး စကားတောင်မပြောနိုင်လောက်အောင် ကြောက်ရွံ့နေတတ်တယ်။ အဖေ ဘာ့ကြောင့် အဲဒီလို စစ်သား၊ ရဲ၊ လဝက နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဆင့်လောက်ကိုတောင် ကြောက်နေရသလဲဆိုတာ ကို ကျွန်မရခိုင်ရောက်မှ သေချာနားလည်လာခဲ့တယ်။ လမ်းပေါ်သွားနေရင်း တောင် လူလူချင်း “ဟိုကုလား လာစမ်း” ဆိုပြီး ဆဲဆိုရိုက်နှက်တာ ခံရနိုင်တဲ့ ကျွန်မတို့လူမျိုးတွေရဲ့ ဘဝပေပဲ။ ကျွန်မကိုယ်တိုင်တောင် မောင်တောအဝင် ဂိတ်မှာ လက်နက်ကိုင် စစ်သားက “ကုလား ပါလား။ နင်က ကုလားမလား” လို့မေးတာ ခံခဲ့ရသေးတာပဲ။ ဒီနိုင်ငံထဲမွေး၊ ဒီနိုင်ငံထဲမှာ ကြီးပြင်းလာပြီး ခိုးဝင်လို့ သဘောထား၊ ဖမ်းဆီးထောင်ချ ပိတ်လှောင်ခံရမှာကို အဖေ ဘယ်လောက်ကြောက်ခဲ့ရသလဲ ဆိုတာကို ကျွန်မရခိုင်မြေပေါ်ရောက်ပြီး တစ်ရက်အကြာမှာ ပိုလို့တောင် နားလည်သွားခဲ့တယ်။ ရခိုင်ဟာ ကျွန်မတို့ အတွက် သိပ်ကို သာယာလှပတဲ့မြေ၊ ကျွန်မတို့ရဲ့ ရိုးရာ၊ ဓလေ့၊ ယဉ်ကျေးမှု တွေရဲ့ ဇာစ်မြစ်ဖြစ်သလို ကျွန်မတို့ လူမျိုးတွေကို မတရားဖမ်းဆီးချုပ်နှောင် ထားတဲ့ အမိုးပွင့် အကျဉ်းထောင်ကြီးလည်း ဖြစ်တယ်။ ဒါ့ကြောင့် ရိုဟင်ဂျာ ဆိုတဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ထားဖို့ အဖေဟာ ကျွန်မတို့ကို သူ့ဘာသာစကား မသင်ပေးဖြစ်ခဲ့တာ ထင်ပါရဲ့။

ဖိနှိပ်ခံတွေနဲ့ အကြောက်တရား

ကျွန်မ အဖွားနဲ့ တွေ့ပြီးနောက် အိမ်နောက်ခန်းထဲ အဝင်မှာ ကျွန်မရဲ့ အဒေါ် တွေရယ်၊ ကျွန်မရဲ့ အစ်မနဲ့ ညီမဝမ်းကွဲတွေရယ်၊ ကျွန်မရဲ့ တူမတွေရယ် အယောက် (၂၀) ကျော်လောက်ဟာ အဖွားလိုပဲ ပဝါလေးတွေခြုံပြီး အိမ်နောက် မှာ တရှုံ့ရှုံ့ငိုနေကြတာ တွေ့ရတယ်။ သူတို့ဟာ ဝမ်းနည်းနေတယ်။ အားငယ် နေတယ်။ သူတို့ဆီ လွတ်လွတ်လပ်လပ်လာနိုင်တဲ့ ကျွန်မကို ကြိုဆိုရင်း ကျွန်မတို့ဆီ လွတ်လွတ်လပ်လပ် လာလည်လို့ မရသလို၊ ဖိနှိပ်ညှဉ်းပန်းမှုတွေ အောက်မှာ ရုပ်ဆိုးကျည်းတန်လွန်းတဲ့ ဆင်းရဲခြင်းကို ထွေးပွေ့ထားရတာကို ခံစားမိလို့ သူတို့နာနာကျင်ကျင် ငိုနေကြတယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မ လည်း သူတို့နဲ့အတူ ငိုနေမိပေမဲ့ သူတို့မျက်လုံးတွေကိုတော့ စေ့စေ့မကြည့်ရဲ ခဲ့ဘူး။ ကူကယ်ရာမဲ့နေသလို၊ မျှော်လင့်ချက်မဲ့နေသလို ကြောက်ရွံ့စွာ ရှင်သန်ရ တဲ့ မျက်ဝန်းတွေကို ကျွန်မရင်မဆိုင်ရဲဘူး။

လွတ်လပ်စွာ သွားလာခွင့်၊ ပညာသင်ခွင့်၊ မြေယာ ပိုင်ဆိုင်ခွင့်၊ ဆေးကုသ ခွင့် စတဲ့ လူ့ဂုဏ်သိက္ခာနဲ့ နေထိုင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ လူ့အခွင့်အရေးတွေ အားလုံး ချိုးဖောက်ခံနေရတဲ့ ‘ငါတို့ဘဝတွေကို ကူပါဦး၊ ကယ်ပါဦး’ လို့ ထုတ် မပြောကြပေမဲ့ ကျွန်မတို့ချင်း နှလုံးသားကနေ သိနေလို့ ငိုကြွေးမိတယ်။ ဖိနှိပ်ခံ နေရတဲ့ သူတို့အဖြစ်ကို သူတို့ခံစားမိလို့ ကျွန်မအဒေါ်တွေ၊ ညီမတွေ၊ အစ်မတွေ ဟာ ငိုကြွေးကြတယ်။ ရိုဟင်ဂျာတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှုတွေ အင်တိုက်အားတိုက် စတင်ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အုပ်ချုပ်ရေး မတိုင်မီက ကျွန်မတို့ ဘိုးဘေးတွေ၊ ဦးကြီး၊ ဒေါ်ကြီးတွေဟာ လယ်ပိုင်၊ ယာပိုင်ဘဝနဲ့ ချောင်လည်ခဲ့ဖူးကြပါတယ်။1 ခုချိန်မှာတော့ အဝေးက အမျိုးတွေပေးမှ စားရတဲ့ ဘဝနဲ့ ရှင်သန်နေရတာမို့ သူတို့ ဝမ်းနည်းအားငယ် နေကြတယ်။

လူလူချင်း လူမျိုးတစ်မျိုးအပေါ် ခုလို စနစ်တကျ အကြောက်တရားနဲ့ ဖိနှိပ်ချုပ်ချယ်ပြီး အနိုင်ကျင့်တာခံရတဲ့အခါ ကျွန်မရဲ့ မိသားစုဟာ ကြောက်ရွံ့ ခြင်းနဲ့ အကာအကွယ်မဲ့ခြင်းတွေကို နိစ္စဓူဝ ရင်ဆိုင်နေရတယ်။ သူတို့ မျက်ဝန်းတွေထဲမှာ နာဇီအကျဉ်းစခန်းက ဂျူးတွေရဲ့ ကြောက်ရွံ့တုန်လှုပ်မှုကို ကျွန်မ မြင်ရတယ်။ ပါလက်စတိုင်းက မြေယာသိမ်းခံရပြီး ရိုက်ထုတ်ခံရတဲ့ ပါလက်စတီးနီးယန်းတောင်သူတွေရဲ့ နာကျင်မှုကို မြင်ရတယ်။ ပြန်လည် ပြုပြင်ရေးလို့ နာမည်တပ်ပြီး အကျဉ်းစခန်းတွေထဲ အတင်းအကျပ် ဖိအားပေး နှိပ်စက်ပြီး အစ္စလာမ်သာသနာကို စွန့်ခိုင်းခံနေရတဲ့ ဝီဂါမွတ်စလင်တွေရဲ့ ဝမ်းနည်းမှုကို ခံစားရတယ်။ အဆိုးဆုံးကတော့ ကျွန်မအနေနဲ့ အဲဒီအချိန်မှာ ငါတို့လူမျိုးတွေကို လုပ်ရက်လိုက်ကြလေခြင်း၊ ဒါဟာ ငါ့ဘဝ၊ ငါ့မိသားစုရဲ့ အစိတ်အပိုင်းပါလား၊ ငါသာ ဒီနေရာမှာ မွေးခဲ့ရင် ငါ့အဒေါ်တွေ၊ ငါ့ညီမအစ်မ တွေဘဝလို ငါရောက်နေမှာပါလားဆိုတဲ့ အသိမျိုး ဝင်လာစေလို့ ဒေါသထွက် တာရယ်၊ တုန်လှုပ်ဝမ်းနည်းမိတာရယ်နဲ့ ကျွန်မ အတော်ကြာကြာ ရှိုက်ကြီး တငင် ငိုနေမိတယ်။

မွေးရပ်မြေက ရိုဟင်ဂျာတွေနဲ့ ပြည်မက ရိုဟင်ဂျာတွေကြား ကွာဟလာတဲ့ စံတန်ဖိုးများ

ကျွန်မ ရွာထဲရောက်တော့ ကျွန်မအဖိုးဆောက်ထားတဲ့ ဗလီနဲ့ အာရဘီစာသင် ကျောင်းရှေ့မှာ လူငယ်လူကြီး အမျိုးသားအချို့ နာမာဇ်ဝတ်ပြုဖို့ လုပ်နေကြ တာ မြင်တယ်။ ကျွန်မ ဘေးပတ်လည်ကို ကြည့်မိတော့ ကျွန်မက လွဲရင် မိန်းမဆိုတာ တစ်ယောက်မှကို မရှိတာ သတိထားမိတယ်။ အဖွားကြီးအရွယ် တချို့ပဲ အိမ်ရှေ့ထွက်ကြည့်တာ တွေ့ရတယ်။ ရိုဟင်ဂျာရွာတွေမှာ အပျိုရွယ် တွေက စလို့ ကျွန်မတို့လို သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေဟာ အမျိုးသားအဖော် မပါဘဲ၊ အာရပ်ယဉ်ကျေးမှုကနေ ဆင်းသက်လာတဲ့ ‘နီကာဗ်’ ခေါ် မျက်လုံးနေရာမှလွဲပြီး ခေါင်းအစ ခြေအဆုံး တစ်ကိုယ်လုံးဖုံးတဲ့ အမည်းရောင်ဝတ်စုံကို မဝတ်ဘဲ အပြင်ထွက်လို့ မရကြပါဘူး။ ဒီယဉ်ကျေးမှု ဟာ ရိုဟင်ဂျာတွေဆီကို Wahabism လို့ခေါ်တဲ့ ဆော်ဒီနိုင်ငံ Wahabist ဂိုဏ်းက ဘာသာရေး ဆရာတွေရဲ့ ဆုံးမဩဝါဒ ကနေတစ်ဆင့် ကူးစက်လာ တယ်လို့ ထင်ရပါတယ်။ ပါမောက္ခဂေါရှယ်ကတော့ နီကာဗ်ဟာ အာရပ်ကမ္ဘာ ပြင်ပက မွတ်စလင်အမျိုးသမီးအပေါ် အာရပ်မှုပြုခြင်းရဲ့ သက်ရောက်မှုဖြစ် တယ်လို့ ထောက်ပြပါတယ်။2 ရိုဟင်ဂျာတွေဟာ တစ်ချိန်က မြန်မာရင်ဖုံး၊ ချည်ထဘီနဲ့ ဟီဂျဗ်လို့ခေါ်တဲ့ ခေါင်းပေါင်းကို ဝတ်ဆင်ခဲ့ကြရာက အဘက်ဘက်က အမြင်ပိတ်ခံရတဲ့အချိန်မှာ ခုလို အာရပ်ယဉ်ကျေးမှု စီးဝင်လာခဲ့ပုံ ပေါ်တယ်။ ကျွန်မရောက်ခဲ့ချိန်မှာ ဘယ်အမျိုးသမီးမဆို နီကာဗ် မဝတ်ဘဲ အပြင်မထွက်ရဲအောင် မိသားစုနဲ့ ပတ်ဝန်းကျင်က တင်းတင်းကျပ်ကျပ် တားမြစ်ထားတာ ခံနေကြရတယ်။

အမျိုးသမီးအများစုဟာ ခုလို ခေါင်းစ ခြေအဆုံး ဝတ်ရုံကြီးဝတ်ပြီး လမ်းထွက်ရတာကို မနှစ်မြို့ကြပါဘူး။ ပူလောင်တဲ့ နွေပူပူ၊ ရွှံ့ဗွက်ထူထူ၊ ဖုန်ထူထူထဲမှာ ခေါင်းစ ခြေအဆုံး ဖုံးအုပ်လို့ အတွင်းက ဝတ်စုံပါပေါင်းပြီး ပူလောင်အိုက်စပ်တဲ့ ဒဏ်ကလည်း အမျိုးသမီးတွေကို လမ်းထွက်ဖို့ စိတ် အနှောင့်အယှက်ဖြစ်စေတယ်လို့ ကျွန်မကို ရင်ဖွင့်ကြတယ်။ မဝတ်ဘဲ ထွက် ပြန်ရင်လည်း ပတ်ဝန်းကျင်က ကဲ့ရဲ့တာ၊ ဗလီဆရာတွေက ခင်ပွန်း၊ ဖခင်တွေ အပေါ် ခေါ်ယူအပြစ်တင်တာစတဲ့ ထိန်းချုပ်မှုတွေကလည်း အမျိုးသမီးတွေ အတွက် လမ်းထွက်ဖို့ အတားအဆီး ဖြစ်စေတယ်။ နောက်ပြီး အမျိုးသားတွေ ဟာ အိမ်မှာရှိရှိသမျှ အမျိုးသမီးတွေအပေါ် အုပ်ထိန်းသူဆိုတဲ့ အခွင့်အာဏာကို ဘာသာရေးကနေတစ်ဆင့် ရထားကြတာမို့ ယောက်ျားခွင့်ပြုမှ၊ အဖေခွင့်ပြုမှ၊ ယောက္ခထီးခွင့်ပြုမှ လမ်းထွက်ခွင့် ရတာရယ်၊ မိသားစုဝင် ယောက်ျား တစ်ယောက်အဖော်ပါမှ လမ်းထွက်ခွင့်ရကြတာရယ်ကြောင့် မိန်းကလေးတွေ ဟာ အပျိုဖော်ဝင်ချိန်ကစလို့ လမ်းထွက်ခွင့် လုံးဝ ဆုံးရှုံးသွားသလောက်ကို ရှိပါတယ်။ ဆေးရုံ၊ ဆေးခန်း သွားဖို့တောင် အမေ၊ အဒေါ်ရှိပါလျက်နဲ့ အဖေ သို့မဟုတ် အစ်ကို မလာမချင်း သွားမပြနိုင်ဘဲ အနာခံနေကြရတာမျိုးလည်း ရှိတယ်။ ဒီလို ဘာသာရေးအရ တားမြစ်ကြရာက အမျိုးသမီးတွေဟာ လမ်း မထွက်တာကြာလာတဲ့အခါ ဘယ်အမျိုးသမီးမှ လမ်းမထွက်တော့တဲ့ ဓလေ့က အခြေတည်သွားပါတော့တယ်။

ဒီတော့ ခေါင်းပေါင်းရော၊ နီကာဗ်ရော မဝတ်ထားတဲ့ ကျွန်မကို အမျိုးသားတွေက အထူးအဆန်းသဖွယ် ကြည့်ကြပေမယ့် ကျွန်မဟာ ဒီရွာမှာ မွေးဖွားလာသူ မဟုတ်သလို၊ ရွာကိုအလည်လာတဲ့ မွတ်စလင်အပြည့်အဝ မဟုတ်တဲ့ အမျိုးသမီးလို့ပဲ သဘောထားပြီး ကြည့်နေကြပုံပါပဲ။ ဒါပေမဲ့ အဖွား ကတော့ ကျွန်မကို မပြန်ခင် “ဘာလို့ ပဝါ မဆောင်းဘဲ လမ်းထွက်နေတာလဲ” လို့ မေးသေးတယ်။ ကျွန်မကတော့ ပြုံးပဲ ပြုံးနေလိုက်တယ်။ ကျွန်မဟာ ရခိုင်က ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ ရင်ဘတ်ချင်း ထပ်တူကျပေမဲ့ အမျိုးသမီး တွေရဲ့ စံတန်ဖိုးတွေနဲ့ ပတ်သက်လာရင်တော့ ကျွန်မ လက်ခံထားတဲ့ အမျိုးသမီးတန်ဖိုးဟာ ကျွန်မအဖွားတို့၊ အဒေါ်တို့ နားလည်ထားတဲ့ အမျိုးသမီး တန်ဖိုးနဲ့ အတော်ကြီးကွဲလွဲနေပါလိမ့်မယ်။ ဒါဟာလည်း ကျွန်မရဲ့ ရန်ကုန်မှာ မွေးပြီးကြီးလာရလို့ ပညာသင်ခွင့် ရလာခဲ့လို့ဆိုတဲ့ အခွင့်ထူးတချို့ကြောင့် ဆိုလည်း မမှားပါဘူး။ ဒါကို ရခိုင်မှာရှိနေတဲ့ ကျွန်မမိသားစုက လက်ခံနိုင်ရဲ့ လားဆိုတဲ့ မေးခွန်းကိုတော့ ကျွန်မ မေးမကြည့်ချင်ခဲ့ဘူး။ ကျွန်မက ပညာ တတ်မို့ ဂုဏ်ယူကြပေမဲ့ ရွာက ဓလေ့ထုံးစံအတိုင်း မဝတ်စား မဆင်ယင်တာ၊ အိမ်ထောင်မရှိတာတွေအတွက်တော့ ကျွန်မရဲ့ မိသားစုက ဘဝင်မကျသလို ဖြစ်ကြပါတယ်။ ကျွန်မရဲ့ အိမ်ထောင်ဖက်ဘယ်မှာလဲ ဆိုတာမျိုး မကြာခဏ မေးကြပေမဲ့ ကျွန်မဟာ အိမ်ထောင်မရှိဘဲ ကလေးမွေးထားတယ်ဆိုတာကို သူတို့ အတော့်ကို နားမလည်နိုင် ဖြစ်ကြတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် ကျွန်မအကြောင်းတွေ မေးရင် မဖြေဘဲ ကွေ့ဝိုက်ပြီး စကားလမ်းလွှဲခဲ့ရတယ်။

ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ ဘဝ

အဲဒီနောက် ကျွန်မရဲ့ အဒေါ်တွေက သူတို့အိမ်လိုက်လည်ဖို့ ပြောတာနဲ့ လိုက်သွားခဲ့တယ်။ ကျွန်မရဲ့ ညီမ ဝမ်းကွဲလေးတွေနဲ့ ကျွန်မဟာ လူချင်း တစ်ခါမှ မတွေ့ဖူးပေမဲ့ ရုပ်မြင်ရင်ကို ဝမ်းကွဲတွေမှန်း သိရလောက်အောင် ရုပ်ချင်းတူကြပါတယ်။ အိမ်ထဲက အိမ်ပြင်မထွက်တဲ့ ကျွန်မညီမ ဖြူသွယ်သွယ် လေးတွေကို မြင်တော့ ၂၀၁၇ အရေးအခင်းမှာ ရိုဟင်ဂျာအမျိုးသမီးတွေကို စစ်သားတွေ မုဒိမ်းကျင့်တယ်ဆိုတုန်းက “နင်တို့လို ရုပ်ရည်တွေကို ကျင့်စရာ လား” လို့ ပြောခဲ့၊ ဆိုခဲ့ကြတဲ့ ဝီရသူနဲ့ အပေါင်းအပါတွေ၊ NLD ထောက်ခံသူ မောင်မောင်အေးရဲ့ “ဗမာစကား မပြောတတ်တဲ့ကောင် အကုန်သတ်” ဆိုတဲ့ ဖေ့ဘုတ်ပို့စ်တွေ၊ FAKE RAPE လို့ စာလုံးမဲကြီးနဲ့ စတေးတပ်တင်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာက ပို့စ်တွေကို ပြန်မြင်ယောင်လာမိတယ်။ ငါတို့ကို မညှာမတာ ပြောထွက်လိုက်ကြတာဆိုပြီး ပြန်ခံစားရတယ်။

ကျွန်မတို့ တစ်ရွာလုံးမှာ မူလတန်းအလွန်အထိ ကျောင်းတက်ဖူးတဲ့ မိန်းကလေး သုံးလေးယောက်ထက် မပိုဘူး။ လေးတန်းပြီးရင် အလယ်တန်း သွားတက်ဖို့က မိန်းကလေးတစ်ယောက်အတွက် ဖြစ်မှ မဖြစ်နိုင်ဘဲ။ ရွာထဲမှာ တောင် အပျိုဖော်ဝင်ရင် အိမ်ပြင်ထွက်ခွင့် မရကြတာပဲလေ။ ကျွန်မရဲ့ ညီမ ဝမ်းကွဲလေးတွေက (၁၃) နှစ်ကနေ (၁၆) နှစ်ကြား အရွယ်တွေပေါ့။ ကျွန်မ အဒေါ်ကတော့ သူသမီးတွေကို အပျိုဖော်ဝင်တဲ့ လက္ခဏာဖြစ်တဲ့ ဓမ္မတာလာ တဲ့ အချိန်ကစလို့ ကျောင်းထုတ်ပြီး အိမ်မှာပဲ ဘာသာရေးစာ သင်ပေးထား ကြောင်း၊ စက်ချုပ်သင်ခိုင်းထားကြောင်း ပြောတာပေါ့။ ကျွန်မအဒေါ်က သူ့သမီးတွေ အိမ်ထောင်မကျသေးလို့ သူတို့ ရွာမှာ မျက်နှာငယ်ရကြောင်း၊ သူတို့ မချမ်းသာလို့ သားမက် မရတာဖြစ်ကြောင်း ပြောတော့ ကျွန်မမှာ အံ့အားသင့် ရတယ်။ ကျွန်မရဲ့ ညီမလေးတွေဟာ လက်ထပ်ဖို့ သိပ်ကို ငယ်လွန်း ပါသေးတယ်။ နောက်တစ်ခါ သမီးတွေကို အိမ်ထောင်ချပေးဖို့ မိန်းကလေးရှင် မှာ ငွေလိုကြောင်း ကျွန်မ တစ်ခါမှ မကြားခဲ့ဖူးဘူး။ အစ္စလာမ်ဘာသာမှာ တရားတော်အရ လက်ထပ်ရင် ယောက်ျားလေးကပဲ မိန်းကလေးကို ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ တင်တောင်းရတာမို့ ကျွန်မ အဒေါ်ပြောတဲ့ သူ မချမ်းသာလို့ သားမက်ရှာမရဘူးဆိုတာကို ကျွန်မ နားမလည်ခဲ့ဘူး။

၂၀၁၇ အရေးအခင်း နောက်ပိုင်းမှာ ARSA အဖွဲ့ဝင်လို့ စွပ်စွဲသတ်ဖြတ်မှုကို ကြောက်ရွံ့ပြီး ရိုဟင်ဂျာ ယောက်ျားလေး အများစုဟာ ရခိုင်က ထွက်ပြေး သွားကြရတယ်။3 ဒီအခါ ရခိုင်မှာ ရိုဟင်ဂျာ ယောက်ျားလေး တဖြည်းဖြည်း ရှားပါးလာတာကြောင့် ရိုဟင်ဂျာသမီးရှင်တွေဟာ သားမက်ကို ရွှေငွေနဲ့ တင်တောင်းရတဲ့ အခြေအနေရောက်လာခဲ့တယ် ဆိုတာကို ပြန်ကြားသိရ တယ်။ ကျွန်မ မိသားစုထဲမှာကိုပဲ ကျွန်မ ညီမဝမ်းကွဲဟာ သူ့ခင်ပွန်းကို ရွှေပေး ပြီး တင်တောင်းခဲ့ရတယ်။ တစ်ဖက်မှာ အပျိုဖော်ဝင်ပြီးတဲ့ သမီးကို အိမ်ထောင် ချမပေးနိုင်ရင် ရှက်စရာလို့ သတ်မှတ်ထားတဲ့ ရှေးရိုးစွဲအယူအဆရယ်၊ မိန်းကလေးမှန်ရင် အလုပ်ထွက်လုပ်ခွင့်မရလို့ ယောက်ျားရှာကျွေးမှာကိုပဲ စားရမယ်ဆိုတဲ့ တရားသေ ပိတ်ပင်ထားမှုရယ်၊ မချမ်းသာရင် ယူမယ့်သူ မရှိတာရယ်ကြားမှာ ရိုဟင်ဂျာ သမီးရှင်တွေဟာ ပိတ်မိနေကြပါတော့တယ်။ တစ်ခါ ဘာသာရေးအရ ယောက်ျားတွေကိုသာ အုပ်ထိန်းသူဆိုတဲ့ အခွင့် အာဏာပေးထားတာရယ်၊ ယောက်ျားသား အဖော်ပါမှ လမ်းထွက်ခွင့်ရတာ တွေရယ်ကြောင့် သမီးချည်းမွေးထားတဲ့ ကျွန်မအဒေါ် မုဆိုးမခမျာ သားမက်မှ မရရင် လမ်းထွက်ဖို့၊ ဆေးရုံသွားဖို့၊ ဈေးဝယ်ဖို့တောင် ဆွေမျိုးထဲက တူတွေကို အားကိုးနေရတာမို့ သူမ သားမက်ရှာမရတာကို ဝမ်းနည်းနေတယ်ဆိုတာတော့ နားလည်ခဲ့တယ်။ အတော်မလွယ် တဲ့ ကျွန်မတို့ အမျိုးသမီးတွေရဲ့ ဘဝပါပဲ။

ရခိုင်မှာ တာဝန်ထမ်းဆောင်စဉ် အတွေ့အကြုံများ

ကံဆိုးစွာပဲ ကျွန်မအဖွားဆီ သွားလည်ပြီး နောက်နေ့မနက်မှာ ကျွန်မ အဖေ ဟာ ကျွန်မ ပြန်အလာကိုတောင် မစောင့်ဘဲ ဆုံးပါးသွားခဲ့တယ်။ အဖေ သတိ မလွတ်ခင်အထိ ကျွန်မနဲ့ အဖွား အတူတူရိုက်ထားတဲ့ပုံတွေ၊ ကျွန်မ အဒေါ်တွေ နဲ့ ကျွန်မအတူတူရိုက်ထားတဲ့ ပုံတွေကြည့်ပြီး အတော်ပျော်နေရှာတယ်လို့ ပြောတယ်။ အဖေက အဲဒီညက ကျွန်မကို အဖွားဆီ သူ့အစားပြန်သွားပေးတာ ကျေးဇူးပါလို့ဆိုတယ်။ အဖေဆုံးပြီး အဖေ့အသုဘအပြီးမှာတော့ ကျွန်မ ရခိုင် မှာပဲ အချိန်များများနေပြီး ဇောက်ချလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မရဲ့ (၁) နှစ်အရွယ် သားလေးကိုတော့ ယောက်မဆီပဲ အပ်ထားခဲ့တာပေါ့။ အလုပ်တွေ အများကြီး လုပ်ချင်တဲ့ အမျိုးသမီးတစ်ယောက်အတွက် တစ်ကိုယ်ရေအမေ (single mother) ဘဝက တစ်ခါတစ်ခါ သိပ်နာကျင်ရပေမဲ့ ရွာမှာ ပိတ်မိနေတဲ့ ကျွန်မရဲ့ ရိုဟင်ဂျာ ညီအစ်မတွေအတွက် အလုပ်လုပ်ရမယ်ဆိုရုံနဲ့တင် နာကျင် တာတွေကို ခဏတာ ကျောခိုင်းနိုင်ခဲ့ပါတယ်။

ရခိုင်ပြည်က ရိုဟင်ဂျာတို့နှင့် ပညာရေး

ကျွန်မ လူမှုပေါင်းစည်းရေးစင်တာလို့ခေါ်တဲ့ ရခိုင်အခြေစိုက် အန်ဂျီအိုတစ်ခု မှာ အမျိုးသမီး ပညာတတ်မြောက်ရေးနဲ့ ကျား၊ မ တန်းတူညီမျှရေး၊ အမျိုးသမီး မျိုးဆက်ပွားကျန်းမာရေး စတာတွေကို လုပ်ကိုင်ခဲ့တယ်။ ကျောင်းထွက် လိုက်ရတဲ့ အပျိုဖော်ဝင် မိန်းကလေးတွေကို ကျွန်မတို့ရဲ့ လူမှုပေါင်းစည်းရေး စင်တာတွေမှာ အခြေခံ ကျောင်းပြင်ပပညာ သင်ပေးတယ်။ အခမဲ့ သင်ပေးတာ ပေမဲ့ ကျောင်းသူတွေ လာတက်နိုင်ဖို့ကတော့ အခက်အခဲ အတော်များတယ်။ ရိုဟင်ဂျာ ကွန်မြူနတီထဲမှာ အပျိုဖော်ဝင်ပြီးရင် အိမ်ပြင်ထွက်ဖို့ဆိုတာ မလွယ် ကူဘူးလေ။ တစ်ခါ သမီးမိန်းကလေးတစ်ယောက်ထဲ ရွာကျော်ပြီး သွားဖို့ ဆိုတာလည်း လုံခြုံလှတာတော့ မဟုတ်ဘူး။ မိန်းကလေးငယ်တွေ စာလာ သင်ဖို့ ခက်ခဲစေတဲ့ အကြောင်းအရာတွေကတော့ မရေမတွက် နိုင်အောင်ပါပဲ။ အဆိုးဆုံးက “ပညာတတ်တော့ရော အလုပ်ရမှာမို့လား။ အချိန်တန် အိမ်ပြင် ထွက်နေတဲ့ မိန်းကလေးမို့ ဘယ်သူမှ မယူတော့ ဘယ်သူ ကျွေးထားမှာလဲ” ဆိုတဲ့ မေးခွန်းက ကျွန်မတို့အတွက် ဖြေရအခက်ဆုံးပေါ့။ ပညာကို အလုပ်ရဖို့ပဲ သင်ရမယ်ဆိုတဲ့ အယူအဆအမှားက အရိုးစွဲနေကြတယ်လေ။

ကျွန်မတို့အတွက် အစိုးရကျောင်းပညာရေးရဲ့ အဓိကပြဿနာက ရွာတွေ မှာ မူလတန်းကျောင်းတောင် လုံလုံလောက်လောက် မရှိတာရယ်၊ ကျောင်းရှိ ရင်တောင် ဆရာတွေ မရှိတာရယ်၊ ဆရာတွေရှိပြန်လည်း စာသေချာလာ မသင်တာရယ်၊ လာသင်ပြန်လည်း ရိုဟင်ဂျာစကားပဲ သိတဲ့ကလေးတွေကို ရခိုင်စကားပြောတဲ့ ဆရာတွေက ဗမာစာနဲ့ ရေးထားတဲ့ သင်ရိုးတွေနဲ့ သင်ကြ တဲ့အခါ ရိုဟင်ဂျာကလေးတွေဟာ ကျောင်းတက်ပြီးလည်း ဘာမှ စာတတ် မလာတဲ့ အခြေအနေနဲ့ မျိုးဆက်ပေါင်းများစွာ နစ်နာနေကြရတာပဲ ဖြစ်ပါ တယ်။ နောက်ပြီး စာသင်ကျောင်းတွေမှာ ရိုဟင်ဂျာကလေးတွေကို လက်မခံ တာ၊ ကျောင်းတက်ချင်ရင် အခြားကျောင်းသားမိဘတွေ ပေးစရာမလိုတဲ့ ငွေကို ရိုဟင်ဂျာကလေးတွေရဲ့ မိဘတွေက ပေးရတာ၊ အတန်းထဲမှာ လူမျိုးရေး ခွဲခြား ဆက်ဆံတာတွေရယ်ကြောင့် မိဘရော၊ ကလေးရောက ကျောင်းဆို ကြောက် ကြပါတယ်။ ကျွန်မတို့ကလေးတွေဟာ ကျောင်းမပျော်ဘဲ ဖြစ်ရပါတယ်။ ဒါ့ကြောင့် မိဘလုပ်သူတွေက ကိုယ့်သားသမီး စာလည်းတတ်မြောက်မလာဘဲ အချိန်ကုန်လူပန်း ကျောင်းသွားပြီး စိတ်ဒဏ်ရာတွေ ရလာတာထက်စာရင် အိမ်မှာပဲ ဘာသာရေးစာသင်တာကမှ ကုသိုလ်ရဦးမယ်လို့ တွေးကြတာ ဖြစ်ပါ တယ်။ ဒီလိုတွေးတာကို အပြစ်လို့ ကျွန်မတို့ ဘယ်ဆိုနိုင်မှာတုံး။

ဆိုတော့ ရိုဟင်ဂျာကလေး အများစုဟာ သူငယ်တန်း၊ တစ်တန်း စာလောက်ကိုတောင် မလိုက်နိုင်ကြပါဘူး။ အဓိက ဘာသာစကား ပြဿနာ ကြောင့်ပါ။ ဒါ့အပြင် တစ်ယောက်တစ်လေထူးချွန်လို့ အလယ်တန်းလောက် ရောက်နိုင်ခဲ့ရင်တောင် ကိုယ့်ဒေသမှာကိုယ် ဆရာလုပ်ခွင့်မရတာ၊ စာသင်ပေး ခွင့် မရတာတွေကြောင့် ရိုဟင်ဂျာဆရာနဲ့ ရိုဟင်ဂျာ ကျောင်းသားဆိုတဲ့ အခွင့်အရေးမျိုး မရခဲ့ကြပါဘူး။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ ရိုဟင်ဂျာထဲမှာ အတန်းပညာတတ်သူလည်း မရှိသလောက်ဖြစ်သွားရာက အထူးသဖြင့် အမျိုးသမီးထဲမှာ အတန်းပညာတတ်သူမရှိတော့တာ၊ ရှိပြန်လည်း အစိုးရ ကျောင်းမှာ ဆရာပြန်လုပ်ခွင့် မရတာတွေကြောင့် အမျိုးသမီးနဲ့ ကျောင်း ပညာရေးဟာ ဝေးကွာသထက် ဝေးကွာလာရတော့တာပါပဲ။ ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမှုကြောင့် ဘယ်သူမှ အစိုးရဝန်ထမ်းဖြစ်ခွင့် မရကြ ပါဘူး။4 အရင်ကလည်း မရခဲ့သလို ခုချိန်ထိလည်း မရကြသေးပါဘူး။ အကျိုးဆက်အနေနဲ့ ရိုဟင်ဂျာကလေးတွေဟာ ကျောင်းမှာ ရခိုင်ဘာသာ စကားနဲ့ သင်ကြားတာတွေကို နားမလည်ဖြစ်လာသလို ရိုဟင်ဂျာလူမျိုး ကျောင်းဆရာ၊ ဆရာမရယ်လို့လည်း ရှိလာနိုင်ဖွယ် မရှိတော့ပါ။

ဘာကြောင့် ရိုဟင်ဂျာ အမျိုးသမီးတွေထဲ ပညာတတ်ရှားပါးလာတာလဲ

ဒီနေရာမှာ ရိုဟင်ဂျာမိန်းကလေးတွေကို အမျိုးသမီးဆရာမက စာပြမှ စာသင် ခွင့်ရမယ်ဆိုတဲ့ ယဉ်ကျေးမှုက ထပ်တိုးလာတဲ့အခါ ရိုဟင်ဂျာ အမျိုးသမီးငယ် တွေဟာ အတန်းပညာတင်မက စာပေလေ့လာဖို့ စာဖတ်နိုင်တဲ့ အခြေအနေမျိုး အထိ သင်ယူခွင့်ပါ ဆုံးရှုံးသွားကြရပြန်ပါတယ်။ ဒီလိုနဲ့ စာသင်ခွင့်မရဘဲ အချိန်တွေကြာလာတဲ့အခါ မိန်းကလေးစာမတတ်ခြင်းဟာ ကျွန်မတို့ လူမျိုး အတွက် သမားရိုးကျသဖွယ်ကို ဖြစ်လာရပါတယ်။ အဖွားလည်း စာ မတတ်၊ အမေလည်း စာမတတ်မှတော့ ငါတို့သမီးလည်း စာတတ်စရာ ဘာလိုသေးလဲ ဆိုတဲ့ တွေးခေါ်မှုနဲ့သာ စာသင်ခွင့်မရခြင်းဆိုတဲ့ စနစ်တကျ ဖိနှိပ်မှုကို မတော်လှန်တော့ဘဲ လက်သင့်ခံလိုက်ကြပါတော့တယ်။

တစ်ခါ တစ်နေရာကနေ တစ်နေရာသွားဖို့ ခွင့်ပြုမိန့်ယူရတာ၊ ရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး မကောင်းတာ၊ ကလေးသူငယ်တွေအပေါ် မုဒိမ်းကျင့်၊ သတ်ဖြတ်မှုတွေလည်း ရံဖန်ရံခါရှိတာကြောင့် ရိုဟင်ဂျာမိဘတွေဟာ သူတို့ သားသမီးတွေကို ရွာမှာရှိတာထက်ပိုပြီး မြို့ပေါ်သွားတက်ရမယ့် အတန်း ပညာရေးမျိုးကို မပေးနိုင်ဖြစ်ကြရပါတယ်။ ဒါဟာ ပညာရေးနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေအပေါ် စနစ်တကျ ခွဲခြားဆက်ဆံထားမှုကြောင့်လည်း ဖြစ်တယ်။ ရိုဟင်ဂျာရွာတွေကို ကွက်ပြီး မီးမပေးတာ၊ ရိုဟင်ဂျာရွာတွေနဲ့ အလှမ်း တော်တော်ဝေးတဲ့ နေရာမှာပဲ ကျောင်းတည်ထားတာ၊ ရိုဟင်ဂျာကလေးတွေ ကို ကျောင်းအပ်လက်မခံတာ စတာတွေကြောင့်လည်း ရိုဟင်ဂျာတွေဟာ စာသင်ခွင့်၊ စာတတ်မြောက်ခွင့် ဆုံးရှုံးနေကြရပါတယ်။

ဒီတော့ ကျွန်မတို့ရဲ့ အမျိုးသမီး ပညာတတ်မြောက်ရေး ပရိုဂရမ်တွေ လုပ်တဲ့အခါ အရင်ဆုံး ကျွန်မကိုယ်တိုင် လူထုထဲဆင်းပြီး ပညာရဲ့တန်ဖိုးကို ပြောပြရပါတယ်။ သမီးတွေကို ပညာသင်ခွင့် ပေးချင်လာအောင် အရင်လုပ်ရ ပါတယ်။ အမျိုးသမီးတွေ ပညာတတ်တာ သူကိုယ်တိုင်ရော၊ မိသားစုအတွက် ရော၊ လူမျိုးအတွက်ပါ အကျိုးရှိကြောင်း ကျွန်မကိုယ်ကျွန်မ ဥပမာပြပြီး စည်းရုံးရပါတယ်။ ဒီအခါ တချို့က လက်ခံပေမဲ့ တချို့ကျလည်း ငါတို့ မိဘ လုပ်သူတွေက စားဖို့၊ သောက်ဖို့ ရှာရတယ်။ ဒီမိန်းကလေးတွေ ကလေး ကူထိန်းမှ၊ အိမ်မှာ ချက်ပြုတ်လျှော်ဖွတ်မှ ငါတို့က ထမင်းနပ်မှန်မှာပေါ့ ဆိုတာ မျိုး ပြောကြပါတယ်။ တကယ်လည်း အဲဒီကလေးတွေဟာ မိဘအလုပ်ကို အနည်းဆုံး နေ့တစ်ပိုင်း ကူကြရပါတယ်။ ဒီတော့ အိမ်အလုပ်ပြီးချိန်လေး ပြောင်းသင်ပေးပါ့မယ်ဆိုပြီး ဆွယ်ရတော့တာပေါ့။

အမျိုးသမီးဆရာ ရှားပါးလာခြင်း

တစ်ခါ အမျိုးသမီးသင်မှ ပေးတက်မယ်ဆိုတဲ့အခါ ရခိုင်နဲ့ ရိုဟင်ဂျာထဲက ဆရာမတွေ ပေါ်ပေါက်လာအောင် ဆရာဖြစ်သင်တန်းတွေ ပေးရပြန်ပါတယ်။ ဒီအခါ ရခိုင်ဆရာမ ရှာရတာလွယ်သလောက် ရိုဟင်ဂျာထဲက အထက်တန်း ပညာအဆင့် ခုနှစ်တန်း၊ ရှစ်တန်းလောက်ရောက်တဲ့ မိန်းကလေးတောင် ရှာတွေ့ဖို့ အတော်ခက်ခဲပါတယ်။ ရှားရှားပါးပါး ရလာပြန်ရင်လည်း အိမ်ပြင် ထွက် အလုပ်လုပ်တာကို ရွာက ကဲ့ရဲ့လို့၊ အိမ်ထောင်ချပေး တော့မှာမို့၊ ခင်ပွန်း က ခွင့်မပြုလို့၊ ယောက္ခမဘက်က မိန်းကလေး စီးပွားရှာတာ၊ အလုပ်လုပ်တာ မကြိုက်လို့ စတဲ့ အကြောင်းအရာများစွာနဲ့ ရိုဟင်ဂျာ မိန်းကလေးတွေဟာ ဆရာမ ဖြစ်ချင်ကြပေမဲ့ ကြာကြာမနေနိုင်ဘဲ အလုပ်ထွက်ကြရပါတယ်။ ဒီအခါ စာသင်သား ရိုဟင်ဂျာမိန်းကလေးတွေမှာလည်း ထိခိုက်ရပြန်ပါတယ်။ ရိုဟင်ဂျာစကားပြောပြီး ကောင်းကောင်းသင်တတ်တဲ့ ရခိုင်နဲ့ သက္ကမလူမျိုး ဆရာမတွေနဲ့ အစားထိုးရပေမယ့် ရိုဟင်ဂျာအမျိုးသမီးတွေဟာ အခွင့်အရေး ရှိလာရင်တောင် ရိုးရာဓလေ့၊ ယဉ်ကျေးမှုဘောင်တွေကြောင့် သူတို့ ဝါသနာပါ တာကို ဆက်မလုပ်နိုင်ဘဲ စွန့်လွှတ်ကြရတာကိုတော့ ကျွန်မအနေနဲ့ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။

ကျောင်းပြင်ပ ပညာရေးအကြောင်း တစေ့တစောင်း

ကျွန်မတို့ အဖွဲ့အစည်းတွေက ကျောင်းပြင်ပ ပညာရေးပေးတဲ့အခါ အစိုးရ ကျောင်းက သင်ရိုးမဟုတ်ဘဲ မြန်မာစာ အရေးအဖတ်နဲ့ ဘဝတွက်တာလိုမျိုး life skill တွေပါတဲ့ သင်ရိုးတွေနဲ့ သင်ကြပါတယ်။ ဒီအခါ ပြဿနာက ကျွန်မတို့ ပေးတာက အတန်းပညာမဟုတ်တဲ့အတွက် ကျွန်မတို့ဆီက ကျောင်းပြီးလည်း အစိုးရကျောင်းက ဆယ်တန်း အောင်မှ၊ ဘွဲ့ရမှ အလုပ်ခန့်ကြတာမို့ ကျွန်မတို့ လို ကျောင်းပြင်ပ ပညာရေးဟာ စံမမီဘူး၊ အလကားပဲလို့ လူထုက ထင်မြင် တတ်ကြတယ်။ ဒါကလည်း လက်တွေ့ကြုံနေရတဲ့ ပြဿနာပါပဲ။ ကျွန်မတို့ဟာ အလုပ်ရဖို့ စာသင်ပေးတာမျိုး မဟုတ်ဘဲ သူတို့ စာဖတ်စာရေးတတ်ပြီး ပညာ ရှာနိုင်၊ လေ့လာသင်ယူနိုင်အောင် အခြေခံသင်ကြားပေးရုံမို့ အလုပ်တန်း ရနိုင် မယ့် အာမခံချက်မျိုး မပေးနိုင်တဲ့အခါ လူထုက အလေးမထားတာမျိုး ကြုံရ ပါတယ်။ ကျောင်းပြင်ပပညာရေးကို ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ ကိုယ်တိုင်က အစိုးရကျောင်းက ဘွဲ့ရကိုမှ အလုပ်ခန့်တာ၊ အလုပ် ခေါ်စာတွေမှာ ဆယ်တန်းအောင်တို့၊ ဘွဲ့ရတို့ ဆိုတဲ့ ကန့်သတ်ချက်တွေ ဆက်ထည့်နေကြတာဟာဖြင့် အတော်လေး အပြောနဲ့ အလုပ် မလျော်ကန် သလို ဖြစ်ရပါတယ်။

တစ်ခါ ကျောင်းပြင်ပသင်ရိုးဆိုသော်ငြားလည်း ထိုသင်ရိုးပြုစုသူတွေဟာ အစိုးရပညာရေးဝန်ထမ်းဟောင်းတွေနဲ့ ဗမာလူမျိုးအများစု ဖြစ်တာရယ် ကြောင့် သင်ရိုးမှာပါတဲ့ သင်ခန်းစာတွေ၊ ပုံပြင်တွေ၊ သမိုင်းတွေ အရာရာဟာ ဗမာအငွေ့အသက် သက်သက်ဖြစ်နေသေးသလို ကျွန်မတို့ သွားချင်တဲ့ လစ်ဘရယ်စံနှုန်းတွေနဲ့ အတော်ကြီး ဝေးကွာနေသေးတာကို တွေ့ရတယ်။ ဥပမာ ဘဝတွက်တာမှာပါတဲ့ အမျိုးသမီးခေါင်းဆောင်တွေအကြောင်း သင်ခန်းစာမှာ ဗမာအမျိုးသမီးတွေချည်းပါတာ၊ ကျွန်မတို့ ကလေးတွေ ဘယ်လိုမှ မကြားဖူးနိုင်တဲ့ နိုင်ငံခြားက အမျိုးသမီးတွေအကြောင်း သင်တာမျိုး တွေဟာ ဆက်ရှိနေဆဲဖြစ်တယ်။ ရခိုင်က ကလေးအတွက် ရခိုင်အမျိုးသမီး ခေါင်းဆောင်တွေကို စံပြအဖြစ် ဥပမာပေးတာက ပိုမဖြစ်သင့်ပေဘူးလားလို့ တွေးမိတာပါပဲ။

ပညာနဲ့ ကျား၊ မ ခွဲခြားမှု

တစ်ခါ အမျိုးသမီးတွေနဲ့ ပတ်သက်လာရင်လည်း ဗမာ့လူ့အဖွဲ့အစည်းထဲက ကျား၊ မရေးရာ ခွဲခြားနှိမ့်ချဆက်ဆံမှု အမွေဆိုးတွေကို ဆက်ပြီး လက်ဆင့် ကမ်းမယ့် သင်ရိုးနဲ့ သင်ခန်းစာတွေဟာ ကျောင်းပြင်ပ ပညာရေးမှာလည်း ဆက်ပြီး နေရာယူထားဆဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စစ်အစိုးရပေးခဲ့ သလို ပညာရေးမျိုးကိုပဲ ကျောင်းပြင်ပ ပညာရေးအဖြစ် နာမည်ပြောင်း သင်ကြားနေရတာမျိုးလည်း တွေ့ရတဲ့အခါ ကျွန်မတို့ အရပ်ဘက်နဲ့ အန်ဂျီအို အဖွဲ့အစည်းတွေဟာ အတွေးအခေါ်ဆိုင်ရာ တော်လှန်ပြောင်းလဲလိုမှု လမ်းကြောင်းပေါ် ရောက်သင့်သလောက် မရောက်သေးဘဲ သူတို့ရဲ့ ရှိဆဲ အနေ အထားကိုပဲ ဆက်ထိန်းသိမ်းထားပြီး လုပ်နေကြတယ်လို့ မြင်လာရတယ်။ ဒီအခါ အဲဒီလိုအခြေအနေကိုပါ ပြောင်းလဲဖို့ လူထုထက် အရင် ကိုယ့် အဖွဲ့အစည်းအတွင်းမှာပါ အတွေးအခေါ်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ကြ ရပါတယ်။

တစ်ခါ မိဘတွေက ကျွန်မတို့ကို “နင်တို့ စာသင်ပေးတော့ စာတတ်ပါ ပြီတဲ့။ ငါတို့က သူတို့ကို ယောက်ျားပေးစားဖို့ စာတတ်ရုံနဲ့ ဘာမှ အသုံးမဝင် ဘူး။ စက်ချုပ်တတ်မှ အိမ်မှာနေပြီး ဝင်ငွေရှာလို့ရမှာ။ စက်ချုပ်သင်ပေးပါ” လို့ တောင်းဆိုကြပြန်တယ်။ ရခိုင်မှာ မိန်းကလေးဆို စက်ချုပ်သင်ကြတယ်။ ယောက်ျားလေးဆို ကွန်ပျူတာသင်မယ်၊ စက်ပြင်သင်မယ်၊ ဝပ်ရှော့နည်းပညာ သင်မယ်၊ ဖုန်းပြင်တာ သင်မယ် စသဖြင့် အဖွဲ့အစည်းတိုင်းက သင်ပေးနေကြ တာကို ကျွန်မ သတိထားမိတယ်။ ယောက်ျားလေးတွေ ဘက်စုံသင်ကြတာကို သဘောကျပေမယ့် မိန်းကလေးတိုင်း စက်ချုပ်တတ်ရမယ်ဆိုတာဟာ ကျွန်မ တို့ ရိုဟင်ဂျာ ကွန်မြူနတီမှာဆို ထုံးစံတစ်ခုလို ဖြစ်လာတာကိုတော့ ကျွန်မ အတော်ပဲ မနှစ်မြို့ဘူး။ ကျွန်မတို့ မိန်းကလေးတွေ စက်ချုပ်တတ်လာပြီဆို မိဘက တန်းပြီး ယောက်ျား ပေးစားမယ်။ အိမ်ထဲနေပြီး ခါးချိအောင် စက်ချုပ် ရင်း ဝင်ငွေရှာရမယ်။ ဆိုတော့ ကျွန်မတို့ ကွန်မြူနတီက မိန်းကလေးတွေကို အိမ်ထဲလည်း နေစေချင်တယ်။ ငယ်ငယ်နဲ့လည်း ကလေးမွေးပေးစေချင်တယ်။ အိမ်အလုပ်လည်း လုပ်စေချင်တယ်။ ဝင်ငွေလည်း ရှာစေချင်တယ် ဆိုတော့ ကျွန်မအမြင်မှာ မတရားလိုက်တာလို့ ခံစားရတာပဲ။ အနည်းဆုံး ရခိုင် အမျိုးသမီးတွေလို ဝင်ငွေရှာနိုင်သလို လမ်းထွက်ပြီး ကိုယ်သွားချင်ရာသွား လုပ်ချင်တဲ့ အလုပ်ကို လုပ်နိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ တွေးမိတာ အခါခါပါပဲ။

အမျိုးသမီး ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အားနည်းချက်

ဒီတော့ အန်ဂျီအို ၊ အိုင်အန်ဂျီအိုတွေအနေနဲ့ ဘာလို့များ လူထုထဲက ကျား၊ မ အခြေပြုခွဲခြားထားတဲ့ စံ (norms) တွေကို ထပ်တိုးလို့ အားပေးနေမိကြသလဲ လို့ ကြည့်မိတဲ့အခါ ကျွန်မ အတော်ပဲ အံ့အားသင့်ခဲ့ရပါတယ်။ အဖွဲ့အစည်း အများစုဟာ အောက်ခြေက တကယ့်အပြောင်းအလဲထက် အလုပ်ပြီးမြောက်ဖို့ လူထုက ပူးပေါင်းဖို့လောက်ပဲ စဉ်းစားကြပါတယ်။ ဒီအခါ လူထုအကြိုက် လိုက်ရင်း လူထုထဲက ပြဿနာတွေကို မဖြေရှင်းကြတော့တဲ့အပြင် အမျိုးသမီး အရေးနဲ့ ပတ်သက်လာရင် ဒါဟာ သူတို့ဓလေ့၊ ဒါဟာ သူတို့ဘာသာရေး ဆိုတာမျိုး မသိကျိုးကျွန်ပြုပြီး သမားရိုးကျ လုပ်နည်းအတိုင်းသာ အလုပ်ဖြစ်ရုံ လုပ်နေကြပါတော့တယ်။ တစ်ခါ အဖွဲ့တိုင်းက အောက်ခြေလူထု လက်မခံမှာ ကို ကြောက်ပြီး တစ်ပုံစံတည်းသော ပရောဂျက်တွေကို တောက်လျှောက် လုပ်လာကြရာက ‘အမှားကြာ အမှန်ဖြစ်’ ဆိုသလို ဖြစ်လာပါတော့တယ်။

ဒီနေရာမှာ ပညာရေးသာမက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်က စွမ်းရည်မြှင့်တင်မှု သင်တန်းတွေ၊ အမျိုးသမီး ခေါင်းဆောင်မှု သင်တန်းတွေ၊ အမျိုးသမီး စီးပွားရေးဖွံ့ဖြိုးမှုဆိုတဲ့ ခေါင်းစဉ် အောက်က လုပ်ငန်းစဉ်တွေဟာလည်း အများအားဖြင့် ဝင်ငွေမရှာနိုင်ရင်၊ ရပ်ရွာဖွံ့ဖြိုးရေးတွေ မလုပ်နိုင်ရင်၊ အိမ်ထောင့်တာဝန် ပခုံးပြောင်း မယူနိုင်ရင် အမျိုးသမီးတွေဟာ ရဲတာ၊ ထက်တာ empower မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ် မျိုးကိုပဲ အခြေခံ ဆောင်ရွက်လုပ်ကိုင်နေကြတာလည်း တွေ့ရပါတယ်။ အမျိုးသမီးတွေအပေါ် ဖိနှိပ်ထားတဲ့ အစိုးရရဲ့ ဥပဒေတွေ၊ ဓလေ့ထုံးတမ်း အစဉ်အလာနဲ့ ပတ်ဝန်းကျင်ရဲ့ အယူသီးမှုတွေ၊ gender discrimination တွေကို ထိထိရောက်ရောက် တိုက်ကြရမယ့်အစား အမျိုးသမီးတွေ ပညာတတ် ပြီး အလုပ်လုပ် ထုတ်ကုန် ထုတ်နိုင်ရင် တော်ပြီ၊ ထက်ပြီ empower ဖြစ်ပြီ ဆိုတဲ့ အရွေ့ကိုပဲ သွားနေကြတာကို စိတ်မကောင်းစွာ တွေ့မြင်ရတယ်။

တချို့သော ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာဆိုရင် အမျိုးသမီးတွေဟာ အဖွဲ့အစည်းတွေပေးတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီကို ယူမိလို့တောင် ပိုပြီး မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုး ပိမိနေကြပါတော့တယ်။ ဥပမာ အမျိုးသမီးတွေကို အိမ်တွင်းစိုက်ပျိုးရေးအတွက် မျိုးစေ့တွေနဲ့ မြေဆွေးပေးသော်လည်း ရွာတိုင်း မှာ ဒီတစ်မျိုးပဲ ပေးတဲ့အခါ ဘယ်သူမှ ရောင်းလို့မရနိုင်တာမို့ တစ်ကြောင်း၊ စိုက်ဖို့ ရေရှားတာကတစ်ကြောင်းနဲ့ ဘယ်သူမှ စိတ်ဝင်တစား မဆောင်ရွက် ကြပါဘူး။ ဒါပေမဲ့ ထိုမျိုးစေ့လက်ခံထားမိသူ မိန်းမတွေမှာ အဖွဲ့အစည်းရဲ့ ရလဒ်ကောင်းပြနိုင်ဖို့ ထိုအပင်တွေကို စိုက်ရ၊ ပျိုးရ၊ ထိန်းသိမ်းရတဲ့ တာဝန် တစ်ရပ်က အိမ်ထောင့်တာဝန်အပြင် ထပ်တိုး၍သာ လာပါတော့တယ်။

ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက် လာရင်လည်း အမျိုးသမီးတွေဟာ သူတို့ရဲ့ တစ်ကိုယ်ရည် ကလေးမွေးတာ၊ သားဆက်ခြားတာတွေကို သူတို့ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ သူတို့ဘာသာ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ အသိပညာ၊ လိုအပ်တဲ့ နည်းပညာ ဆေးဝါးအကူအညီ တွေ ပေးရမှာထက် “ကလေးမွေးလို့ ဆင်းရဲတာ၊ ဆင်းရဲရင် ကလေးမမွေးနဲ့” ဆိုတဲ့ ကလေးမွေးဖွားခြင်းဟာ ဥစ္စာဓန မြေယာပိုင်ဆိုင်မှုတွေရှိမှ လုပ်နိုင်မယ် ဆိုတဲ့ လူ့အခွင့်အရေး ကန့်သတ်မှုလမ်းစဉ်ပေါ် ပြန်တွန်းပို့မိနေတာကိုလည်း တွေ့ရတယ်။ တစ်ဖက်မှာ အမျိုးသမီးတွေရဲ့ မျိုးပွားခွင့် (reproductive rights) တွေနဲ့ ပတ်သက်လာရင် ဖိနှိပ်ထားတဲ့ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာ၊ ပတ်ဝန်းကျင်ရဲ့ အပြုအမူတွေနဲ့ အစိုးရရဲ့ ဥပဒေတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု မရတာ တွေကို ထိထိရောက်ရောက် ဆွေးနွေးပေးကြဖို့က ပိုလိုအပ်နေတာ တွေ့ရပါတယ်။

လူထုပါဝင်ပူးပေါင်းမှုနဲ့ Gender Awareness

ကျွန်မက အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ “ဒီ ကျား၊ မ ခွဲခြားဖိနှိပ်ထားတဲ့ ဘောင်တွေ၊ သမားရိုးကျ သတ်မှတ်ထားတဲ့အရာတွေကို ပြောင်းလဲဖို့ အဓိကလုပ်ကြရမှာ မဟုတ်ဘူးလား” လို့ ကျွန်မရဲ့ လုပ်ဖော် ကိုင်ဖက်တွေကိုရော၊ အခြားဖွံ့ဖြိုးတိုးတက်ရေး ဝန်ထမ်းတွေကိုပါ အကြိမ် ကြိမ် မေးခွန်းထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်မတို့ တစ်ခါမှ မလုပ်ဖူးတဲ့ မိန်းကလေးတွေကို ကွန်ပျူတာ သင်တန်းပေးတာ၊ ပန်းချီ သင်ပေးတာ စတာ တွေကို စမ်းသပ်လုပ်ကြည့်တဲ့အခါ ရိုဟင်ဂျာအမျိုးသမီးတွေဟာ လာမတက် ကြပါဘူး။ သင်တန်းပေးသူတွေက အမျိုးသားတွေ ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျောင်းသူတွေဟာ လာတက်ချင်ပေမယ့် မိဘက မိန်းကလေး တွေ ဖုန်းသုံးရင်၊ ကွန်ပျူတာတတ်ရင် ပျက်စီးမယ်လို့ ယူဆကြတဲ့အတွက် ယောက်ျားလေးတွေပဲ လာတက်ကြပါတယ်။ နောက်ပိုင်း ရခိုင် အမျိုးသမီးတွေ တစ်စတစ်စ လာတက်ကြမှသာ ရိုဟင်ဂျာ ကျောင်းဆရာမလေးတွေဟာ စပြီး လာရောက်သင်ယူကြပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့ လူထုကို ပြောင်းလဲဖို့ က ခက်ခဲတာ မှန်သော်ငြားလည်း အပြောင်းအလဲလုပ်ဖို့ လုံလောက်တဲ့ အရဲစွန့်မှုနဲ့ ခွန်အား စိုက်ထုတ်မှသာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိမှာလို့ ယုံကြည်မိပါတယ်။

တစ်ခါတစ်ရံမှာ လူထုဟာ ပြောင်းလဲဖို့ ဆွဲဆောင်မှု၊ မက်လုံးတွေလိုသလို အများအားဖြင့် အကျိုးကျေးဇူးကို မျက်မြင် တွေ့ရတဲ့အခါ ဘာမက်လုံးမှ မပေးဘဲလည်း ပူးပေါင်းကြပါတယ်။ ကျွန်မတို့လို အဖွဲ့အစည်းတွေက လူထုကို ဘာ့ကြောင့် ပြောင်းလဲသင့်တယ်ဆိုတာကို မြင်အောင်ပြတတ်ကြဖို့က အရေးကြီးပါတယ်။ လူထုအပေါ် နားလည်တတ်ဖို့ လိုသလို အမြင်ဖွင့်ပေးဖို့ လည်း လိုပါတယ်။ ကျွန်မရဲ့ လုပ်သက်မှာ အသေအချာ နားလည်လာတာ ကတော့ လူထုဟာ မထုံအ ကြပါဘူး။ သူတို့ထဲက ပြဿနာအားလုံးဟာ အကြောင်းရှိလို့ ဖြစ်လာကြရတာချည်းပဲမို့ ကျွန်မတို့က အကြောင်းရင်းခံတွေ ကို နားလည်ပြီး ဖြေရှင်းဖို့ နည်းလမ်းကောင်းတွေ ရှာပေးကြဖို့သာပါပဲ။ အန်ဂျီအိုများအနေဖြင့်လည်း မိမိတို့ရဲ့ စီမံကိန်းရလဒ်ကောင်းမွန်ရေးကိုသာ ဦးစားပေးမနေဘဲ ယခုလို အရင်းခံပြဿနာများကို လူထုနှင့်အတူ ပူးပေါင်း အဖြေရှာရေးအတွက် သတ္တိရှိဖို့လည်း လိုအပ်ပါတယ်။ အဲဒီလို အဖွဲ့အစည်းတွေ အနေနဲ့ ပြည်ပမှ ကျေးဇူးရှင်ကြီးများပုံစံဖမ်းမနေဘဲ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ လူထုနဲ့အတူ လက်တွဲလုပ်ဆောင်သင့်ပါတယ်။

ဘာကြောင့် ရိုဟင်ဂျာအမျိုးသမီးအများအပြား လူကုန်ကူးခံဖို့ ရွေးချယ်နေကြရသလဲ

ဒီလိုနဲ့ ကျွန်မ ရခိုင်မှာ အလုပ်လုပ်ရင်းမှ နောက်တဖြည်းဖြည်း သတိထား မိလာတာ ရွာက ရိုဟင်ဂျာမိန်းကလေးတွေ နိုင်ငံခြားသွားဖို့လုပ်ရင်း အဖမ်းခံ ရတယ်ဆိုတဲ့ သတင်းမျိုး တစ်စစ ကြားလာရတယ်။ အစပိုင်း ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ သူတို့ရွာက ဘယ်မိန်းကလေးက ယောက်ျားယူ ဖို့ ဘယ်ကိုသွားတာ လမ်းမှာ ပျောက်သွားတယ် ဆိုတာမျိုး။ တစ်ခါတစ်ရံ လူကုန်ကူးသမားတွေက လမ်းမှာ မုဒိမ်းကျင့်တာခံရလို့ ဟိုဘက်က လက်ခံ မယ့် သတို့သားက မယူနိုင်တော့လို့ ပြန်ပို့မယ်လုပ်တာမှာ ဒီက မိသားစုက ငွေပို့ပေးပြီး တောင်းပန်ရတာမျိုးစသဖြင့် ရိုဟင်ဂျာမိန်းကလေးတွေ လူကုန် ကူးခံနေရတာနဲ့ ပတ်သက်ပြီး မကြာခဏ ကြားသိလာရတယ်။ တစ်ခါတစ်ရံ လမ်းမှာ ရဲဖမ်းခံရပြီး ပြန်ပို့ခံရတာတွေလည်း ရှိသလို လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးထောင်ချတာမျိုးတွေလည်း ရှိပါတယ်။

ရပ်ရွာက မိဘတွေနဲ့ စကားပြောကြည့်တော့ သူတို့သမီးတွေ အိမ်ထောင် ပြုရဖို့ ရခိုင်ကနေ လွတ်မြောက်ဖို့ မိဘတွေ ကိုယ်တိုင်က ကောက်ရိုးတစ်မျှင် အနေနဲ့ လူကုန်ကူးသူတွေလက်ထဲ ထည့်ပေးနေကြတယ်ဆိုတာ သိလာရ တယ်။ တစ်ခါတစ်ရံ တစ်ဖက်နိုင်ငံမှာ အမျိုးသားက ရောက်နှင့်ပြီးသားမို့ ဇနီး လုပ်သူက ကလေးနဲ့အတူ လိုက်သွားတာ လည်းရှိတယ်။ ဒါပေမဲ့ မိန်းကလေး အများစုကတော့ သူတို့တစ်ခါမှ မမြင်ဖူးတဲ့ သူတို့ရဲ့ ခင်ပွန်းဖြစ်လာမယ့်သူတွေ ဆီ ထွက်သွားနေကြရတာမျိုး ဖြစ်ပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်က ရခိုင် ကနေ လွတ်မြောက်ဖို့ရယ်၊ တစ်သက်တာ ရှာကျွေးမယ့် ခင်ပွန်းသည် ရဖို့ရယ် ပါပဲ။ ဒီလိုဖြစ်လာရတဲ့ အဓိက အကြောင်းခံက မျှော်လင့်ချက် မဲ့လာရလို့ပဲလို့ ကျွန်မတော့ နားလည်မိတယ်။ လွတ်လပ်စွာ သွားလာခွင့်ရတဲ့ ရခိုင်တွေ သည်ပင် ရခိုင်မြေကနေ နိစ္စဓူဝ ပြောင်းရွှေ့နေထိုင်နေကြတာမို့ ရိုဟင်ဂျာတွေ လို လွတ်လပ်စွာ ထွက်ခွင့်မရသူတွေအတွက် လူကုန်ကူးခြင်းဟာ တစ်ခုတည်း သော ထွက်ပေါက်ဖြစ်လာရခြင်း ဖြစ်ပါတယ်။

ရခိုင်ဒေသနဲ့ ဒေသခံတို့ရဲ့ အခက်အခဲ

ဒီအခြေအနေမှာ ရခိုင်ဖြစ်ဖြစ် ရိုဟင်ဂျာဖြစ်ဖြစ် မိဘတိုင်းဟာ သူတို့ သားသမီးကို ရရာနည်းနဲ့ ရခိုင်ကနေထွက်ပြီး ဘဝသစ်တစ်ခု ရှာစေချင်ကြ ပါတယ်။ ဒီအခါ ရိုဟင်ဂျာတွေအတွက် ဘဝထွက်ပေါက်နဲ့ ကောက်ရိုးတစ်မျှင် ဟာ လူကုန်ကူးသူတွေပဲ ဖြစ်နေပါတော့တယ်။ လူကုန်ကူးတဲ့ ကွန်ရက်ဟာ မူးယစ်ဆေးကုန်ကူးတဲ့ ကွန်ရက်နဲ့ လမ်းကြောင်း မတူလှသော်လည်း ပါဝင် လုပ်ကိုင်နေသူတွေဟာ အများအားဖြင့် တူကြပါတယ်။ ရိုဟင်ဂျာတွေကို စည်းရုံးပေးသူတွေဟာ ရွာခံရိုဟင်ဂျာ လူကုန်ကူးသမားတွေလည်း ဖြစ်နိုင် သလို အစိုးရဝန်ထမ်း ရခိုင်လူမျိုးနဲ့ စစ်သား၊ လဝက စသူတွေလည်း ပါဝင်နေ တယ်ဆိုတာ ဒေသခံတွေ ပြောပြချက်အရ သိရတယ်။ တစ်ခါတစ်ရံမှာ တရားဝင် ပုံစံ (၄) ယူပြီး ရန်ကုန်ထိ လေကြောင်းက ထွက်လာပြီးမှ ရန်ကုန် အရောက် ပတ်စပို့အတုလုပ်ပြီး မလေးရှားကို လေယာဉ်နဲ့ ထွက်သူတွေလည်း ရှိကြသလို၊ ရေကြောင်းလမ်းကနေ အသက်စွန့်သွားသူတွေလည်း ရှိကြပါ တယ်။

ရခိုင်ဟာ စီးပွားရေးအရ လုပ်ကိုင်စားဖို့ တစ်နေ့တခြား ခက်ခဲလာတာရယ်၊ စစ်ပွဲဒဏ်ကို ကြာရှည်ခံလာရတာရယ်၊ တစ်ဖက်မှာ လူထုအတွက် အလုပ် အကိုင်ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ ကင်းမဲ့လာသလို တစ်ဖက်က လူထုရဲ့ ဒေသခံ တစ်နိုင်တစ်ပိုင် လုပ်ကွက်တွေနဲ့ မြေယာတွေကို ဖွံ့ဖြိုးရေး အမည်ခံ လုပ်ငန်းတွေက သိမ်းပိုက်မှုတွေရယ်၊ မူးယစ်ဆေးဝါး ကုန်ကူးမှု တွေရယ်၊ သဘာဝသယံဇာတ ပင်လယ်ရေထွက်ပစ္စည်း ရှားပါးလာမှုရယ်၊ ရာသီဥတုဖောက်ပြန်မှုကြောင့် နှစ်စဉ် သီးနှံအထွက်နှုန်း လျော့ကျမှုတွေရယ်၊ လုပ်သားရှားပါးလာမှုတွေရယ်ဟာ သံသရာစက်ဝန်းတစ်ခုသဖွယ် တစ်ခုကို တစ်ခု အပြန်အလှန် ထိခိုက်စေရင်း သမ္မာအာဇီဝနဲ့ ရှင်သန်ရပ်တည်ဖို့ မဖြစ်နိုင် တော့တဲ့ ပြည်နယ်တစ်ခု ဖြစ်လာရပါတယ်။

လူကုန်ကူးမှု ဖြစ်စဉ်

လေကြောင်းက သွားရာမှာ လူတစ်ယောက်ကို သိန်းရာချီကုန်တာမို့ ရိုဟင်ဂျာ အများစုဟာ မတတ်နိုင်တဲ့အခါ ရေကြောင်းကနေ အန္တရာယ်အရှိဆုံးပုံစံနဲ့ ထွက်နေကြရတာပဲ ဖြစ်ပါတယ်။ ရခိုင်မှာရှိတဲ့ စစ်အစိုးရရဲ့ ရဲနဲ့ လဝက ဝန်ထမ်းတွေဟာ ရိုဟင်ဂျာတွေ ထွက်သွားနိုင်ဖို့ တစ်ဖက်က ငွေယူပြီး လုပ်ပေးကြသလို အထွက်မှာ မမြင်ချင်ယောင်ဆောင် လွှတ်ပေးကာ နောက် တစ်ဖက်မှာ သတင်းပေးပြီး ဧရာဝတီတိုင်းတစ်ဝိုက် ပင်လယ်ပြင်မှာ စောင့်ပြီး ဖမ်းဆီးတာမျိုးကိုလည်း စနစ်တကျလုပ်ကြပါတယ်။ ပြန်ဖမ်းမိတဲ့အခါ ရခိုင်ကို ပြန်ခေါ်လာပြီး ထောင်ချတာ၊ လွတ်ချင်ရင် သိန်းဆယ်ချီ ပြန်ထပ် ပေးရတာတွေလည်း ရှိပါတယ်။ ရိုဟင်ဂျာတွေရဲ့ လွတ်လပ်စွာ သွားလာခွင့် မရခြင်းကို အသုံးချပြီး ရဲနဲ့ လဝက လက်ဝါးချင်းရိုက် ငွေရှာနေကြတာပဲ ဖြစ်တယ်လို့ အဖမ်းခံရပြီး လွတ်လာသူတွေ ဆီကနေ သိရပါတယ်။ လူကုန် ကူးမှုအတွက် ကုန်ကျနေတဲ့ ငွေကြေးကို ပေးနေကြသူအများစုက ရခိုင်အပြင် ရောက်နေတဲ့ သားယောက်ျားလေးတွေဆိုလည်း မမှားပါဘူး။

လူကုန်ကူးခံရသူ အများစုဟာ လမ်းတစ်ဝက်မှာ အဖမ်းခံရတာရယ်၊ တစ်နေရာရာမှာ ရောင်းစားခံကြရတာရယ်နဲ့ တချို့ကျပြန်လည်း အကျဉ်းထောင်နဲ့ နိုင်ငံခြားက ဒုက္ခသည်စခန်းတွေမှာပဲ အဆုံးသတ်ကြရ တယ်။5 ရခိုင်မှာ ခုဆို အဲဒီလိုထွက်ပြေးရာက ထောင်ကျနေတဲ့ ရိုဟင်ဂျာ မိန်းမပျိုတွေ အတော်အတန် များလာပါတယ်။ ဥပဒေ အထောက်အကူပြု ရှေ့နေတွေရဲ့ အဆိုအရ ရိုဟင်ဂျာအမျိုးသမီးတွေဟာ ထောင်ထဲမှာ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ ခံနေကြရပါတယ်။6 တစ်ခါ ထောင်ကျပြီးရင်ဖြစ်စေ၊ လူကုန်ကူးခံရပြီးရင်ဖြစ်စေ မုဒိမ်းကျင့် ခံလာရမှာ အသေအချာပဲဆိုပြီး အဲဒီ မိန်းကလေးငယ်တွေကို ထပ်ပြီး ပတ်ဝန်းကျင်က နှိမ်ချဆက်ဆံတာကိုလည်း ခံရပြန်ပါတယ်။ လက်တွေ့မှာလည်း ကုန်းလမ်းကနေတစ်ဆင့် ထွက်နေရတဲ့ မိန်းကလေးအများစုဟာ လိင်အကြမ်းဖက်ခံရလေ့ရှိတယ်လို့ အမည်မဖော်လို သူ ဒေသခံတချို့က ပြောပြကြပါတယ်။ ဒီလိုနဲ့ ယူမယ့်ယောက်ျား ပေါ်လာမယ့် နေ့အထိ၊ မိဘကနေ ထပ်ပေးစားမယ့် ရက်အထိ အိမ်ထဲမှာ စောင့်ရင်း ဒီ မိန်းကလေးတွေဟာ မှောင်မိုက်နေတဲ့ ဘဝနေ့ရက်တွေကို စိတ်ဒဏ်ရာတွေနဲ့ ခါးခါးသီးသီး ဖြတ်သန်းကြရပါတယ်။

လူကုန်ကူးခံတို့ရဲ့ ဒုက္ခ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည်အချို့ဟာ သူတို့ရဲ့ မိသားစု၊ ဆွေမျိုးများနဲ့ အသိုင်းအဝိုင်း ကူညီထောက်ပံ့မှုများရှိရာ မောင်တော မြို့တွင်းသို့ ပြန်လည်ခိုဝင်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများ အတွင်း လူနေမှုအခြေအနေများဟာ အခက်အခဲများနဲ့ ရင်ဆိုင်နေရပါတယ်။ မိသားစုတွေမှာ အစားအစာချို့တဲ့ခြင်း၊ ရေရှည်တည်တံ့တဲ့ အသက်မွေးမှုများ မရှိခြင်း၊ သူတို့ရဲ့ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ခံထားရခြင်းနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ လုံလောက်မှုမရှိခြင်းအပြင် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များနဲ့အတူ ပညာရေး၊ ကျန်းမာရေး ဝန်‌ဆောင်မှုများ နည်းပါးခြင်း သို့မဟုတ် လုံးဝမရရှိခြင်းတို့ကို ကြုံတွေ့နေရပါတယ်။ ဒုက္ခသည်များ ကောင်းမွန်စွာနေထိုင်နိုင်ဖို့ အလှူအတန်းများနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအပေါ် လုံးလုံးလျားလျား မှီခိုအားထားနေရပါတယ်။ ရိုဟင်ဂျာ လူမျိုးများ ကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေဟာ ပုံသဏ္ဌာန်တူတဲ့အတွက် ရခိုင်ပြည်နယ်အပေါ် သူတို့ရဲ့ မွေးရပ်မြေလို့ နက်နက်ရှိုင်းရှိုင်း လက်ခံသတ်မှတ်ထားတာကို အသိအမှတ်ပြု ပေးဖို့ အရေးကြီးပါတယ်။ အဲဒီမှာ စိန်ခေါ်မှုများနဲ့ အခက်အခဲဒုက္ခများစွာ ရင်ဆိုင်နေရသော်ငြားလည်း ရခိုင်ပြည်နယ်ဟာ သူတို့ရဲ့ ဇာတိမြေလို့ သတ်မှတ်ထားတဲ့ ဘိုးဘွားပိုင်မြေနေရာ ဖြစ်တာကြောင့် ရိုဟင်ဂျာလူမျိုးများရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ ခိုင်မာတဲ့ ဆက်နွယ်မှုဟာ ရခိုင်ပြည်နယ်သို့ ပြန်လာဖို့ ဆန္ဒကို ဖြစ်ပေါ်စေပါတယ်။

၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတော်က အထောက်အပံ့ပေးထားတဲ့ အကြမ်းဖက်မှုကြောင့် လတ်တလော အကြီးမားဆုံး အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်း‌ရှောင်မှု ဖြစ်ပွားစဉ်ကတည်းကဆိုလျှင် (၅) နှစ်တာမျှ ကြာခဲ့ပြီ ဖြစ်သော်ငြားလည်း နေရပ်ပြန်ရေး ဆောင်ရွက်ရာတွင် တိုးတက်မှု မရှိတဲ့ အတွက် ရိုဟင်ဂျာဒုက္ခသည် အရေအတွက်ဟာ ဆိုးဆိုးရွားရွား တိုးပွားလာ လျက်ရှိပါတယ်။ အဲဒီတုန်းက မောင်တောမြို့သို့ ပြန်လာကြတဲ့ ရိုဟင်ဂျာ အများအပြားကို စစ်တပ်အစိုးရက အဲဒီမှာပဲ ဖမ်းဆီးချုပ်နှောင်ခဲ့ကြပါတယ်။ အစိုးရက ရိုဟင်ဂျာ ကျေးရွာများအတွင်းရှိ မိသားစုတိုင်းရဲ့ အိမ်ထောင်စုစာရင်း များကို တစ်နှစ်လျှင် သုံးကြိမ်မှ ငါးကြိမ်အထိ စစ်ဆေးလေ့ရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူများကို ရှာဖွေဖို့ဟာ လွယ်ကူပါတယ်။ အာဏာပိုင် များက နို့တိုက်မိခင်များနဲ့ မွေးကင်းစကလေးငယ်များ အပါအဝင် သူတို့ အသိအမှတ် မပြုဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသူတိုင်းကို ဖမ်းဆီးဖို့ ကြံရွယ်ထားကြပါတယ်။ မိုးရာသီအတွင်း မောင်တောမြို့မှာ ကျွန်မ ရှိခဲ့စဉ် မိုးရွာနေတဲ့ မနက်ခင်းအစောပိုင်းမှာ ဒေသခံများက မုဆိုးမတစ်ယောက် နဲ့ သူမ ကလေးငယ်များရဲ့ ရုပ်အလောင်းများကို နတ်မြစ်တွင် ရှာဖွေတွေ့ရှိခဲ့ ရပါတယ်။ သူတို့ဟာ မိုးကြီးလေကြီးကျနေတဲ့ ညတစ်ညအတွင်း ဘင်္ဂလား‌ဒေ့ရှ် ကနေ မြန်မာနိုင်ငံသို့ ရေကူးပြီးလာရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ အသုဘကိုတော့ ဒေသခံ ဘာသာရေးခေါင်းဆောင်များက တာဝန်ယူ စီစဉ်ပေး ခဲ့ကြပါတယ်။ ရိုဟင်ဂျာလူမျိုး တစ်ယောက်ချင်းစီတိုင်းရဲ့ အခက်အခဲဒုက္ခ များဟာ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှပါတယ်။7

ဘာကြောင့် တချို့ရိုဟင်ဂျာမိန်းမပျိုတွေ လူကုန်ကူးမှုကို ရွေးချယ်စရာ မလိုသေးတာလဲ

လူကုန်ကူးမှုလမ်းပေါ် မပါသွားတဲ့ ရိုဟင်ဂျာမိန်းကလေးအချို့လည်း ရှိပါ တယ်။ ကျွန်မတို့လို အဖွဲ့အစည်းတွေကနေ စာတွေသင်ပေး၊ ပညာတွေ သင်ပေး၊ ဆရာဖြစ်သင်တန်းတွေ တက်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ စာသင်ပြီး မိဘကို လုပ်ကျွေးနေတဲ့ ရိုဟင်ဂျာမိန်းကလေး အနည်းအကျဉ်း လည်း ရှိပါတယ်။ ရှစ်တန်းကနေ ဆယ်တန်းအောင်လောက်ထိ ကျောင်းတက် ခွင့်ရတဲ့၊ တချို့ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ စစ်တွေနဲ့ ရန်ကုန်မှာ သွားပြီး တက္ကသိုလ်တက်နေကြတဲ့ ရိုဟင်ဂျာ အမျိုးသမီးလေးတွေဟာ ကျွန်မတို့ အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေလိုပါပဲ။ သူတို့ဟာ အခြားသော ရိုဟင်ဂျာမိန်းကလေးတွေအတွက် စံပြလည်း ဖြစ်သလို သမီးမွေးထားတဲ့ မိဘတွေအတွက် အတုယူစရာလည်း ဖြစ်တယ်။ ကျွန်မရဲ့ ပရိုဂရမ်မှာ ဆရာမ အဖြစ် လုပ်ကိုင်တဲ့ ရိုဟင်ဂျာ မိန်းကလေးတွေဟာဆိုရင် ဝင်ငွေရှာနိုင်တာရယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတာရယ်၊ မိဘနဲ့ ဆွေမျိုးတွေကြားထဲ သူတို့ အမြင်ကို ထုတ်ဖော်ပြောဆိုရဲလာတာတွေကြောင့် မိဘနဲ့ ပတ်ဝန်းကျင်ရဲ့ လေးစားမှုကိုလည်း ရလာကြပါတယ်။ သူတို့ကိုယ်တိုင်ဟာလည်း ဘဝရှေ့ရေး အတွက် အိမ်ထောင်ဖက်ရဖို့ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်ကို ဖြတ်စရာလိုတယ် လို့ မမြင်ကြတော့ပါဘူး။ ခုချိန်မှာ ရိုဟင်ဂျာမိန်းကလေးအများစုအတွက် အထက်တန်း ပညာရေးနဲ့ တက္ကသိုလ် ပညာရေးဆိုတာ အိပ်မက်သာသာပဲ ရှိနေပါသေးတယ်။

ပညာလို့ဆိုရာမှာ ပညာရေးအဖွဲ့အစည်းတွေ အနေနဲ့ရော အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ပါ အတန်းပညာ တစ်ခုထဲကို ပညာလို့ မသတ်မှတ်ဘဲ စာပေ၊ ဗဟုသုတနဲ့ တွေးခေါ်နိုင်တဲ့ အစွမ်းအစ၊ ဘဝရပ်တည်ရေးအတွက် လိုအပ်တဲ့ အတတ်ပညာတွေကိုလည်း ပညာလို့ သဘောထားပံ့ပိုးဖို့ သိပ် အရေးကြီးပါတယ်။ ကျောင်းပြင်ပ ပညာရေးဟာ အစိုးရကျောင်းကပေးတဲ့ တရားဝင် ဘယ်နှစ်တန်းအောင်ဆိုတဲ့ စတေးတပ်မျိုး မပေးနိုင်တာထက် ခုနက အတန်းပညာထက် ပိုမိုကျယ်ပြန့်တဲ့ လေ့လာသင်ယူမှု ဝေဖန်ဆန်းစစ်မှု တွေးခေါ်ယူဆမှု၊ လက်တွေ့ အသုံးချမှုတွေကို သင်ပေးနိုင်မှသာ ကျွန်မတို့ လူထုကို ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်နိုင်မယ့် စွမ်းရည်တွေ ဖြည့်ဆည်း ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ကျွန်မရဲ့ လူထုထဲဆင်းပြီး အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံအရ အမျိုးသမီး ပညာတတ်မြောက်ရေးဟာ ရိုဟင်ဂျာ အမျိုးသမီးတွေကို အန္တရာယ်များလွန်း တဲ့ လူကုန်ကူးမှုလမ်းပေါ် ပါမသွားအောင် လုပ်ပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်ပါတယ်။ ခုလို စစ်ဖြစ်နေချိန်မှာ အမျိုးသမီး ပညာ တတ်မြောက်ရေးကို ရပ်မသွားအောင် အောက်ခြေက အဖွဲ့အစည်းတွေရော ပြည်တွင်း၊ ပြည်ပက ပညာရေးအဖွဲ့အစည်းတွေအနေနဲ့ပါ အားသွန်ခွန်စိုက် ဆက်လုပ်နေကြဖို့ လိုပါတယ်။ ပညာရေးရဲ့ နောက်ဆက်တွဲမှာလည်း တစ်နိုင် တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်နိုင်တဲ့ မွေးမြူရေး၊ စိုက်ပျိုးရေး၊ လက်မှုပညာနဲ့ အစားအစာထုတ်လုပ်တဲ့ လုပ်ငန်းတွေကိုလည်း သင်ပြပေးဖို့ လိုပါတယ်။ လူထုက သူ့တစ်နိုင်တစ်ပိုင် ထုတ်ကုန်နဲ့သူ ရပ်တည်ရှင်သန်လာနိုင်ဖို့ နည်းပညာအကူအညီတွေပေးဖို့က သိပ်ကို အရေးပါလှပါတယ်။

ဘယ်လို အမျိုးသမီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လိုအပ်နေသလဲ

အဖွဲ့အစည်းတိုင်းက စက်ချုပ်တာ၊ ပန်းထိုးတာပဲ သင်ပေးကြရာက ဈေးကွက် မရှိဘဲ ‘မိန်းမမှန်ရင် စက်ချုပ်၊ ပန်းထိုး တတ်ရမယ်’ ဆိုတဲ့ အနေအထားမျိုး ဖြစ်လာတာဟာ ရိုးရာအစဉ်အလာကြောင့် အိမ်ထဲပိတ်မိလျက်သား ဖြစ်နေတဲ့ ရိုဟင်ဂျာမိန်းကလေးတွေအတွက် ထင်သလောက် အကူအညီ မဖြစ်စေတဲ့ အပြင် မိန်းကလေးတွေကို အိမ်တွင်းမှာပဲ ထာဝရပိတ်မိစေဖို့ အထောက်အပံ့ ပင် ဖြစ်နေပါသေးတော့တယ်။

ဒါ့ကြောင့် အမျိုးသမီးတွေကို တကယ်ပဲ စွမ်းအားရှိလာစေချင်ရင် သူတို့မှာ အရည်အချင်းတွေ၊ စွမ်းအားတွေ တကယ်ရှိကြောင်း သိရှိခံစားလာရ စေဖို့ နည်းပေးလမ်းပြ တွဲခေါ်ဖို့ လိုပါတယ်။ တွေးခေါ်ဆင်ခြင် သုံးသပ်တတ်တဲ့ ပညာမျိုး ပေးဖို့လည်း လိုပါတယ်။ တစ်ဖက်မှာ ကိုယ့်ဘဝရပ်တည်ရေးအတွက် ကိုယ်ပိုင်ဝင်ငွေရှာနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေးဖို့လည်း လိုပါတယ်။ ဒါ့ကြောင့် ကျွန်မနဲ့ ရခိုင်ပြည်က ညီအစ်မတွေ ပူးပေါင်းပြီး Arakan Gender and Development Society ဆိုတဲ့ Civil Society Organization ကို အာဏာသိမ်းပြီး နောက်ပိုင်းမှာ စတင်ခဲ့ကြပါတယ်။ ခုချိန်မှာ ရခိုင်က အမျိုးသမီးတွေအကြား အွန်လိုင်းကနေ ဆွေးနွေးကြတာ၊ ဖမ်မနစ် leadership သင်တန်းပေးကြတာတွေအပြင် အမျိုးသမီးတွေ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင် မယ့် ဒေသထွက်အစားအစာထုတ်လုပ်မှုတွေကို သင်ကြားပေးဖို့ ကြိုးစားလျက် ရှိပါတယ်။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက် ကတော့ ရခိုင်မှာရှိသမျှ အမျိုးသမီးတွေ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကိုယ်ဦးဆောင်နိုင်တဲ့ အမျိုးသမီးတွေ ဖြစ်လာဖို့နဲ့ လူနည်းစုဝင် အမျိုးသမီးတွေအပေါ် ဖိနှိပ်ထားတဲ့အရာတွေကို တော်လှန်နိုင်တဲ့ အသိပညာနဲ့ စွမ်းရည်တွေ ရရှိလာဖို့ပဲ ဖြစ်ပါတယ်။

နိဂုံး

ရခိုင်ပြည်နယ်မှာ အလွန်လှပတဲ့ တောင်တန်း‌တွေ၊ မြစ်တွေ၊ ကမ်းခြေတွေ ရှိတဲ့အပြင် သဘာဝသယံဇာတတွေလည်း အလွန်ပေါကြွယ်ဝပါတယ်။ မတူညီ တဲ့ တိုင်းရင်းသားလူမျိုးများ နေထိုင်ကြပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်း များစွာ ရှိတဲ့အတွက် တစ်မူထူးခြားတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ရခိုင် ပြည်နယ်အတွင်း နေထိုင်ကြသူများမှာ အေးအေးချမ်းချမ်း နေထိုင်လိုတဲ့ တူညီတဲ့ ဆန္ဒတစ်ခုသာ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီမှာ နေထိုင်သူများဟာ စစ်အစိုးရရဲ့ မူဝါဒများနဲ့ ဝါဒဖြန့်မှုများကြောင့် ဖြစ်ပေါ်လာတဲ့ လူမျိုးရေး ခွဲခြားသတ်မှတ်မှုများ၊ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ တရားမဝင် မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုများ၊ လူကုန်ကူးမှု အန္တရာယ်များနဲ့ တရားဥပဒေ စိုးမိုးမှုမရှိခြင်းများကို ရင်ဆိုင် ကြုံတွေ့နေကြရပါတယ်။ စနစ်တကျ ပုံဖော်ထားတဲ့ ခွဲခြားဆက်ဆံမှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ရိုဟင်ဂျာလူမျိုးများဟာ အခက်အခဲ များစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ လူမျိုးရေးခွဲခြားဆက်ဆံခံရ မှုများရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ ရိုဟင်ဂျာအမျိုးသမီးများဟာ ကျား/မဖြစ်တည်မှုနဲ့ လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံမှု၊ သူတို့ရဲ့ ကိုယ်ပိုင် ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုနဲ့ ဘာသာတရားအရ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ကို ရင်ဆိုင်နေရတဲ့အတွက် သူတို့ရဲ့ နေ့စဉ်ဘဝမှာ ပြဿနာများ ပိုမိုတိုးပွား လာတဲ့အပြင် ကံမကောင်းစွာနဲ့ ရိုဟင်ဂျာ အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်း က ဆင်းရဲဒုက္ခတစ်ခုလို့ပင် ဆိုနိုင်ပါတယ်။ အမျိုးသမီးအခွင့်အရေးများ၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ရခိုင်ပြည်နယ်ရှိ အမျိုးသမီးကိုယ်စားပြုခြင်းများနဲ့ ပတ်သက်လာလျှင်လည်း သူတို့ဟာ ရခိုင်ပြည်နယ်အတွင်းရှိ အခြားသော တိုင်းရင်းသား အမျိုးသမီးထက် နောက်ကျ ကျန်နေရပါတယ်။

ရိုဟင်ဂျာအမျိုးသမီးများဟာ သူတို့ကို မွေးဖွားချိန်မှစလို့ သူတို့ရဲ့ မိဘ များရဲ့ စကားကို နာခံရပါတယ်။ အဲဒီနောက်မှာ သူတို့ကို အိမ်တောင်ပြုဖို့ ဖိအားပေးကြပြီး လွတ်လွတ်လပ်လပ် နေထိုင်သွားလာဖို့က သူတို့ အမျိုးသား တွေ လက်ထဲမှာသာ ရှိတဲ့အတွက် အခွင့်အ‌ရေးများစွာ ဆုံးရှုံးကြရပါတယ်။ သူတို့ကို အလုပ်လုပ်ဖို့လည်း တားဆီးထားတဲ့အပြင် ကလေးတွေ ရှိလာတဲ့ အခါမှာလည်း ကိုင်တွယ်ထိန်းချုပ်ခွင့် မရကြပါဘူး။ အများစုက လူ့အဖွဲ့ အစည်းရဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ခံစားနေရပြီး နောက်ဆုံးမှာတော့ လူကုန်ကူး သူတွေ လက်ထဲမှာ အဆုံးသတ်ကြရပါတယ်။ အဖွဲ့အစည်းများစွာရဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ရှုထောင့်ကနေ ဒီပြဿနာများအပေါ် နားလည် သဘောပေါက်မှု ပျက်ကွက်ခြင်းနဲ့ အမျိုးသမီးများ လွတ်မြောက်ရေးဆိုင်ရာ အသိများကို အကျိုးရှိရှိ၊ မှန်မှန်ကန်ကန် ပေးစွမ်းနိုင်တဲ့ ဖြေရှင်းချက်များ မရှိခြင်းတို့ကြောင့် သူတို့ကို အထောက်အပံ့ပေးပြီး လွတ်မြောက်စေဖို့ ရည်ရွယ်တဲ့ ပရောဂျက်များမှ ပြည့်ပြည့်ဝဝ အကျိုးခံစားခွင့် မရကြပါဘူး။ အားကောင်းတဲ့ လူမှုရေးဆိုင်ရာ အပြောင်းအလဲ ဒါမှမဟုတ် အမျိုးသမီး လှုပ်ရှားမှုတစ်ခုကို ပြည့်ပြည့်ဝဝ အထောက်အပံ့ပေးခြင်းထက် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းလို့ခေါ်တဲ့ ပရောဂျက်တွေကသာ ဖိုဝါဒကြီးစိုးမှုကို ရှိမြဲအတိုင်း ဆက်လက်တည်ရှိစေပါတယ်။ ပြဿနာတွေကို အမျိုးသမီး အခွင့်အရေးဆိုင်ရာ ရှုထောင့်ကနေ ကြည့်ခြင်းနဲ့ အမျိုးသမီးအခွင့်အရေး ဆိုင်ရာ ရှုထောင့်ကနေ အဖြေများ ရှာဖွေခြင်းက ရိုဟင်ဂျာ အမျိုးသမီးများ ရင်ဆိုင်နေရတဲ့ ပြဿနာများကို ဖြေရှင်းဖို့ လိုအပ်နေတဲ့ ကိုင်တွယ်နည်း ဖြစ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်ရှိ အမျိုးသမီးများ ရဲ့ အခြေအနေဟာ သိသိသာသာ ဆိုးရွာလာခဲ့ပြီး မြန်မာနိုင်ငံအနှံ့ အမျိုးသမီး အခွင့်အရေးများကို ‌အောင်အောင်မြင်မြင် ရယူနိုင်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကို ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း အာဏာရှင် ဆန့်ကျင်မှုတော်လှန်ရေးဟာ တစ်နည်းတစ်ဖုံနဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကို တိုးတက်စေပါတယ်။ ကျား/မဖြစ်တည်မှု တန်းတူညီမျှရေး ကွန်ရက်၊ မြန်မာအန်ဂျီအိုကွန်ရက်တို့က တော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေ သူများရဲ့ (၇၀-၈၀) ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်ကြတယ်လို့ အကြမ်းဖျင်း ခန့်မှန်းခဲ့ပြီး ဖြစ်စဉ်အတော်များများမှာ အမျိုးသမီးထဘီများကို အလံတစ်ခု အနေနဲ့အပြင် ဖိုဝါဒကြီးစိုးမှုကို ဆန့်ကျင်တဲ့ အတွေးအခေါ် တော်လှန်ရေးရဲ့ သင်္ကေတ တစ်ခုအဖြစ် အသုံးပြုကြပါတယ်။ ထဘီဆိုတဲ့ သင်္ကေတနဲ့အတူ ကန့်ကွက်ဆန္ဒပြသူ လူငယ်များဟာ စစ်တပ်ကို သာမက ဖိုဝါဒကြီးစိုးမှု စနစ်တစ်ခုလုံးကို စိန်ခေါ်ခဲ့ပါတယ်။ တော်လှန်ရေး ဆက်လက် တည်ရှိနေတဲ့ အလျောက် လူအများအပြားဟာ ဘာသာရေးခေါင်းဆောင်များနဲ့ ဖိုဝါဒ ကြီးစိုး တဲ့ စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ကြပါတယ်။ ယခုဆိုလျှင် လူပေါင်း များစွာဟာ အမျိုးသား၊ အမျိုးသမီး၊ LGBTQ ၊ စတဲ့ လူနည်းစုများ၊ မြို့ပြနဲ့ ကျေးလက်နေပြည်သူများအပြင် လူတန်းစားမျိုးစုံ ခံစားခဲ့ရတဲ့ ဖိနှိပ်မှုပုံစံမျိုးစုံ ကို သိရှိနားလည်လာကြပြီ ဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးများ ခံစားခဲ့ရတဲ့ ဖိနှိပ်မှုများကဲ့သို့ ဖိနှိပ်မှုပုံစံမျိုးစုံဟာ အချို့သော အစုအဖွဲ့တွေအဖြစ် ဘယ်လို မျိုး ပိုင်းကန့်ထားသလဲဆိုတာ ရှေ့တန်းကို ရောက်ရှိလာပါတယ်။

မကြာသေးမီက လူငယ်တွေပါဝင်တဲ့ ဆွေးနွေးပွဲများနဲ့ နှီးနှောဖလှယ်ပွဲ များတွင် သူတို့ဟာ လက်ဝဲဝါဒီများနဲ့ ကျား/မဖြစ်တည်မှု တန်းတူညီမျှရေး ပြဿနာများအပေါ် စိတ်ပါဝင်စားလာကြတာကို ကျွန်မ မြင်တွေ့ခဲ့ရပါတယ်။ ဖေ့စ်ဘုတ်‌စာမျက်နှာများ၊ ပေါ့ကဒ်များနဲ့ ယူကျူ့ချန်နယ်များကလည်း လက်ဝဲ တော်လှန်ရေးဝါဒီများ၊ လက်တွေ့ကျတဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဝါဒီ များအကြောင်း ဖြန့်ဝေလာကြပြီး လူငယ်များကို ပေါင်းစည်းမှုအကြောင်း မြင်သာစေခဲ့ပါတယ်။ လက်ရှိကာလဟာ ကျွန်မတို့အတွက် ရှိပြီးသား နည်းစနစ်များကို ဖော်ထုတ်ဖို့နဲ့ လူ့အဖွဲ့အစည်းကို အပြောင်းအလဲ ဖြစ်စေဖို့ စတင်ရန် ကောင်းမွန်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ အာဏာရှင်ဆန့်ကျင်မှု တော်လှန်ရေးဟာ ရိုဟင်ဂျာအမျိုးသမီးများ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများ အားလုံးအတွက် အစစ်အမှန်ဖြစ်တဲ့ အမျိုးသမီးလှုပ်ရှားမှုတစ်ခု စတင်နိုင်မယ့် အချိန်အခါဖြစ်ပါတယ်။ ရိုဟင်ဂျာ လူမျိုးများကဲ့သို့ အမျိုးသမီး အနည်းစုအတွက် ပညာရေးစီမံကိန်းများနဲ့အတူ အမျိုးသမီးများ အားလုံးကို လွတ်မြောက်စေဖို့ တော်လှန်ရေးအတွေးအခေါ်များက ကျား/မဖြစ်တည်မှု တန်းတူညီမျှရေးတွင် အမှန်တကယ် တိုးတက်မှုကို အနှေးနဲ့အမြန် ဖော်ဆောင် နိုင်မှာ ဖြစ်ပါတယ်။ ကိုးကားချက်များ

အဆုံးမှတ်စုများ

1 Druce, 2020.
2 Ghoshal, 2010.
3 Fortify Rights, 2017, p. 11.
4 Lewa, 2009, p. 12.
5 Wahab, 2018.
6 Lawyer for Rohingya women, personal communication, September 2022.
7 အခြား နိုင်ငံတစ်ခုကို သွားဖို့ထက် ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်အကြား ကူးသန်း ဖို့က ပိုပြီးလွယ်ကူပါတယ်။ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်စတဲ့ ရခိုင်ပြည် မြောက်ပိုင်း‌ဒေသများနဲ့ ဘင်္ဂလားဒေ့ရှ်အကြား အပြန်အလှန် သွားလာဖို့က ကုန်ကျ စရိတ်များစွာ မရှိပေမဲ့ ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံ သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာဖို့အတွက် မြန်မာငွေကျပ် ငါးသိန်းဝန်းကျင် ကုန်ကျပါတယ်။ ဘင်္ဂလားဒေ့ရှ် ရေတပ်ဟာ မြန်မာ့ရေတပ်ထက် ပင်လယ်ပိုင်နက်ကို ပိုမိုတင်းတင်းကျပ်ကျပ် ချုပ်ကိုင် ထားတဲ့အတွက် ဘင်္ဂ‌လားဒေ့ရှ်ကနေ ထွက်ခွာဖို့ ကြိုးစားရတာ ပိုပြီး ခက်ခဲပါတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ အခြားနိုင်ငံများကို ထွက်ခွာဖို့ ပြင်ဆင်ကြသူများဟာ အစဉ်သဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ အရင်ဆုံး ပြန်လည်ခိုဝင်ကြရပြီးမှ အဲဒီကနေ ထွက်ခွာ ကြရပါတယ်။

ကိုးကားချက်များ

Druce, S. C. (2020). Myanmar’s Unwanted Ethnic Minority: A History and Analysis of the Rohingya Crisis. In M. Oishi (Ed.), Managing Conflicts in a Globalizing ASEAN: Incompatibility Management through Good Governance (pp. 17–46). Springer.

Fortify Rights. (2017). ‘They Tried to Kill Us All’ Atrocity Crimes against Rohingya Muslims in Rakhine State, Myanmar. https://www.fortifyrights.org/mya-inv-rep-2017-11-15/

Ghoshal, B. (2010). Arabization: The changing face of Islam in Asia. India Quarterly, 66(1), 69-89. https://doi.org/10.1177/097492841006600105

Karin, S., Chowdhury, M. A., Hasnat, M. A., & Tarin, N. J. (2020). Status of Rohingya in Refugee Camps of Bangladesh: a Review Study. Open Access Library Journal, 7(e6575).

Lewa, C. (2009). North Arakan: An Open Prison for the Rohingya in Burma. Forced Migration Review, 32, 11-13. https://www.fmreview.org/statelessness/lewa

Villadiego, L. (2021, May 7). The women’s revolution: what the coup means for gender equality in Myanmar. Equal Times. https://www.equaltimes.org/the-women-s-revolution-what-the

Wahab, A. (2018). The colors of exploitation: Smuggling of Rohingyas from Myanmar to Malaysia. Akademika,88(1), 5-16. http://ejournal.ukm.my/akademika/article/view/15433/
8208