နွေဦးတော်လှန်ရေး – ဟောင်းနွမ်းနေသည့် လိင်ကွဲကြိုက်နှစ်သက်မှုစံ ဇာတ်ကြောင်းပြောများနှင့် နိဒါန်းအသစ်များ

အောင်ဇော်မျိုး | Click here to read this article in English.

Cite as: 
အောင်ဇော်မျိုး၊ (၂၀၂၃)၊ နွေဦးတော်လှန်ရေး - ဟောင်းနွမ်းနေသည့် လိင်ကွဲကြိုက်နှစ်သက်မှုစံ ဇာတ်ကြောင်းပြောများနှင့် နိဒါန်းအသစ်များ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4740


စာတမ်းအကျဉ်း

ဤဆောင်းပါးသည် ဂျန်ဒါလေ့လာမှုဆိုင်ရာ ဘွဲ့လွန်သုတေသနစာတမ်း တစ်ခု မှ ထုတ်နုတ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ကွီးယား (Queer) များ၏ နေ့စဉ် ဘဝတွင် ရင်ဆိုင်နေရသော ခွဲခြားဆက်ဆံခံရမှုအကြောင်းများကို ဖော်ပြထား ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာကွီးယားများအပေါ် နှိမ်ချဆက်ဆံမှုများကိုလည်း ထောက်ပြထားသည်။  စင်စစ် မြန်မာကွီးယားများသည် ဝံသာနုဝါဒ၊ ‌ယောက်ျား ပီသမှုနှင့် ဂုဏ်သိက္ခာတို့ကို ပေါ်လွင်ထင်ရှားစေရန် ၎င်းတို့ကိုယ်ပိုင် တန်ပြန် စုဖွဲ့မှုများကို တည်ဆောက်နေကြရပြီး ယောက်ျားပီသမှုစံနှုန်းများနှင့် လိင်ကွဲ ကြိုက်နှစ်သက်မှုကြားရှိ ဆက်နွှယ်မှုကိုလည်း ခွဲထုတ်နေကြရသည်။  နွေဦး တော်လှန်ရေးတွင် အသုံးပြုခဲ့သော ဆန္ဒပြကြွေးကြော်သံများနှင့် အရေးအသား များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဗမာကွီးယားများနှင့် အင်တာဗျူးများကို အခြေခံ၍ ကွီးယားများသည် အမျိုးသမီးများ၊ အခြားသောအုပ်စုများနှင့် မည်သို့ စည်းရုံးဆောင်ရွက်ပြီး လိင်ကွဲကြိုက်နှစ်သက်မှုစံကို စိန်ခေါ်နေကြောင်း ပြသရန် ဤဆောင်းပါးမှ ရည်ရွယ်ပါသည်။

မိတ်ဆက်

ဒီဆောင်းပါးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ နွေဦး တော်လှန်ရေးမှာ ဟောင်းနွမ်းနေတဲ့ လိင်ကွဲကြိုက်နှစ်သက်မှုစံအကြောင်း ဇာတ်ကြောင်းပြောတွေကို ဘယ်လိုတွေ့ရကြောင်းနဲ့ ဒီဇာတ်ကြောင်းတွေကို စိန်ခေါ်ဖို့ ဗမာကွီးယားတွေအနေနဲ့ ဘယ်လိုနည်းလမ်းတွေကို ထိထိရောက် ရောက် သုံးနေသလဲဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာ တွေနဲ့ ဇာတ်ကြောင်းပြောတွေကို နွေဦးတော်လှန်ရေးမှာ တွေ့ရတဲ့ ကြွေးကြော် သံတွေ၊ ဆန္ဒပြအရေးအသားတွေနဲ့ ကျွန်တော် အင်တာဗျူးခဲ့တဲ့သူတွေရဲ့ ဖြေဆိုချက်တွေထဲကနေပြီး ထုတ်ဖော်သွားမှာ ဖြစ်ပါတယ်။ ပိုင်းခြားစိတ်ဖြာဖို့ ကိရိယာတစ်ခုအဖြစ် Van de Velde (2022) ရဲ့ ဘောင်ကို သုံးသွားမှာ ဖြစ်ပါတယ်။ သီအိုရီဘောင်အနေနဲ့ ဗမာကွီးယားတွေအတွက် နည်းဗျူဟာ အသစ်တွေထဲမှာ ကွီးယားတန်ပြန်စုဖွဲ့မှု Berlant & Warner (2005) ရဲ့ လက္ခဏာတွေ ဘယ်လို တွေ့ရှိရသလဲဆိုတာ အသားပေး ဖော်ပြသွားမှာပါ။ ဝံသာနုဝါဒ၊ လူလတ်တန်းစား လူရာဝင်ဆံ့မှုစံနှုန်းများနဲ့ လိင်စိတ်ခံယူမှုတို့ရဲ့ ဆုံချက်ကို ရှင်းပြဖို့အတွက် Mosse (1990) ၊ Peterson (1999) နဲ့ Nagel (1998) ကို သုံးပါတယ်။ ဒီသီအိုရီတွေကို အသုံးပြုပြီး ဝံသာနုဝါဒ၊ ‘ကျား’ဆန်မှုနဲ့ ဂုဏ်သိက္ခာ စတာတွေကို ဗမာကွီးယားတွေ ဘယ်လို နားလည်ပြီး  အဓိပ္ပာယ် ပြန်သတ်မှတ်ထားသလဲ ဆိုတာနဲ့ ကွီးယားတန်ပြန်စုဖွဲ့မှုကို သူတို့ကိုယ်တိုင် ဘယ်လိုတည်ဆောက်နေသလဲ ဆိုတာကို တင်ပြမှာ ဖြစ်ပါတယ်။

လိင်ကွဲကြိုက်နှစ်သက်မှုစံ သဘောတရားကို Michael Warner က စတင် မိတ်ဆက်ခဲ့ပါတယ်။ “ကွီးယားဖြစ်မှုကို ကိုယ်တိုင်နားလည် သိလာတဲ့ သူ တစ်ယောက်အနေနဲ့ သူ့ရဲ့ ဖယ်ကြဉ်ခံရမှုက ဂျန်ဒါ၊ မိသားစု၊ ပုဂ္ဂလ လွတ်လပ်မှု အပေါ်အမြင်များ၊ နိုင်ငံတော်၊ လူထုမိန့်ခွန်း၊ စားသုံးမှုနဲ့ လိုအင်ဆန္ဒ၊ သဘာဝနဲ့ ယဉ်ကျေးမှု၊ ရင့်ကျက်မှု၊ မျိုးပွားနိုင်ငံရေး၊ လူမျိုးရေးနဲ့ အမျိုးသားရေး စိတ်ကူး ယဉ်ဇာတ်လမ်း၊ လူတန်းစား အမှတ်လက္ခဏာ၊ အမှန်တရား၊ ယုံကြည်မှု၊ တားမြစ်ကန့်သတ်မှု၊ လိင်မှုဘဝ၊ လူမှုဖော်ပြချက်၊ အကြောက်တရားနဲ့ အကြမ်းဖက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အပြုအမူတွေနဲ့ ပတ်သက်တဲ့ နက်ရှိုင်းတဲ့ ယဉ်ကျေးမှုစံနှုန်း စတာတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ် နေတယ်ဆိုတာကို သိနားလည်တယ်” ဆိုပြီးတော့ Michael Warner က ဆွေးနွေးထားပါတယ်။ လိင်ကွဲကြိုက်နှစ်သက်ခြင်း ယဉ်ကျေးမှုက လွှမ်းမိုး ကြီးစိုးထားပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကို လိင်ကွဲကြိုက်တဲ့ယဉ်ကျေးမှုအဖြစ် အနက်ပြန်တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ ဒီလိုနည်းနဲ့ လိင်ကွဲ ကြိုက်နှစ်သက်တာ မဟုတ်တဲ့ လိင်စိတ်ခံယူမှု မှန်သမျှကို လိင်ကွဲကြိုက် နှစ်သက်မှုစံကနေ ဘေးဖယ်ထုတ်လိုက်ပြီး “အဆုံးစွန်အုပ်စီးမယ့် အခြေအနေ မျိုး” ရှိနေပါတယ်။ ဒီလိုနဲ့ လိင်စိတ်သဘာဝနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာလဲဆိုတာ သိဖို့ မျိုးပွားခြင်းကပဲ စဉ်းစားဆုံးဖြတ်စရာ ပေတံ ဖြစ်လာပါတယ်။ ဒီလိုမျိုး လိင်ကွဲကြိုက်နှစ်သက်မှုကို စံထားလိုက်တာက လိင်ကွဲကြိုက်နှစ်သက်မှု စံနှုန်း တွေနဲ့ အံမဝင်တဲ့သူတွေကို ဖိနှိပ်လိုက်တာပါပဲ။

Warner က လိင်ကွဲကြိုက်နှစ်သက်မှုစံ အတွေးအခေါ်ကို အမေရိကန် ရေခံမြေခံကနေ ထုတ်ဖော်ခဲ့ပေမယ့် ကျွန်တော့် အင်တာဗျူးကို လက်ခံ ဖြေဆိုသူတွေအတွက်လည်း ဒီသီအိုရီဟာ အသုံးတည့်ကြောင်း တွေ့ရပါတယ်။ ဥပမာအနေနဲ့ဆိုရင် သူတို့ရဲ့ ကွီးယားလက်တွဲဖော်တွေအပေါ် ချစ်ခင်ကြောင်း ကို လူမြင်ကွင်းမှာ ပေါ်ပေါ်တင်တင် မပြရဲကြပါဘူး။ ပြီးတော့ Warner က PublicsandCounterpublics (2005) ဆိုတဲ့ သူ့ရဲ့စာအုပ်ထဲက လိင်ကွဲကြိုက် နှစ်သက်မှုစံအကြောင်း ပြန်ပြောထား ပါတယ်။ အဲဒီစာအုပ်ထဲမှာ “ဂေးနဲ့ လက်စဘီယံတွေအပေါ် ဆန့်ကျင်တဲ့ လိင်တူမုန်းတီးမှု၊ အိုင်ဒီယော်လော်ဂျီ အတွေးအခေါ် ဆိုတာထက်ပိုပြီး နိုင်ငံသားဖြစ်မှု၊ နိုင်ငံတော်၊ တရားဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ ပညာရေး၊ ဇာတ်ကြောင်းပြောမှုရဲ့ အစဉ်အလာ သက်ရောက်မှု၊ အချစ်ရေးနဲ့ ယဉ်ကျေးမှုက အကာအကွယ်ပေးထားတဲ့ အချို့ကဏ္ဍတွေ စတဲ့ လူမှုဘဝရဲ့ ပုံသဏ္ဌာန်နဲ့ တည်ဆောက်မှု နေရာတိုင်းမှာ လိင်ကွဲကြိုက်နှစ်သက်မှုစံကို တည်ရှိဖြစ်ပေါ်စေတယ်” လို့ လိင်ကွဲကြိုက် နှစ်သက်မှုစံကို အဓိပ္ပာယ်သတ်မှတ်ထားပါတယ်။ ဒီလို စံဖြစ်မှုနဲ့ လိင်ကွဲကြိုက် နှစ်သက်တာကိုပဲ အမှန်တရားအဖြစ် သတ်မှတ်မှုကို စိန်ခေါ်ဖို့ သူတို့တွေက ကွီးယားတန်ပြန်စုဖွဲ့မှုတွေကို အဆိုပြုခဲ့ကြပါတယ်။

“တန်ပြန်စုဖွဲ့မှု” ဆိုတဲ့ အသုံးအနှုန်းက လက်ရှိကြီးစိုးနေတဲ့ လူများစု လူ့အသိုင်းအဝိုင်းကြီးကို ဆန့်ကျင်နေတဲ့ လူမှုနေရာငယ် တစ်ခု ဒါမှမဟုတ် အဝန်းအဝိုင်းငယ်တစ်ခုကို ရည်ညွှန်းပါတယ်။ တန်ပြန်စုဖွဲ့မှုရဲ့ ဆက်သွယ်ရေး ပုံစံတွေဟာ လူမြင်ကွင်းကနေ မကြာခဏ ဖယ်ထုတ်ခံရပါတယ်။ ကွီးယား တန်ပြန်စုဖွဲ့မှုကို ဘာပါဆိုပြီး အတိအကျ သတ်မှတ်ထားတာမျိုး မရှိပါဘဲ သမာရိုးကျမဟုတ်တဲ့ ပုံစံနဲ့ ပျံ့နှံ့နိုင်ပါတယ်။ ဝတ္ထုတစ်အုပ် ဒါမှမဟုတ် ရုံးချိန် ပြင်ပ အသင်းအပင်းတစ်ခု ဒါမှမဟုတ် အကယ်ဒမစ် သင်ခန်းစာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကွီးယားတန်ပြန်စုဖွဲ့မှုက သူတို့ရဲ့ ဆန့်ကျင်ဘက် လူများစု ထက် လူပိုပြီး ပါဝင်နိုင်အောင် ဇီဝလိင်အရ ကန့်သတ်ထားတာမျိုး မရှိဘဲ ပထဝီအနေအထားစတဲ့ ရည်ညွှန်းမှတ်တွေကိုပါ ကျော်လွှားပြီး တည်ရှိနိုင်ပါ တယ်။ ကွီးယားယဉ်ကျေးမှုဟာ “အိမ်ထောင်စုရပ်ဝန်း၊ ဆွေမျိုးသားချင်း၊ ချစ်သူ စုံတွဲ၊ ပိုင်ဆိုင်မှု၊ နိုင်ငံတော် စတာတွေနဲ့ ပတ်သက်စရာမလိုတဲ့” ရင်းနှီးမှု အမျိုးမျိုးကို ဖြစ်ထွန်းစေပါတယ်။ ကွီးယားတန်ပြန်စုဖွဲ့မှုမှာတွေ့ရတဲ့ ဒီရင်းနှီး မှုဟာ မိမိတို့ ဖိနှိပ်ခံနေရကြောင်းလည်း သိထားကြတယ်လို့ သူတို့က ဆိုကြပါ တယ်။ ဒါက ကွီးယားလောက ထူထောင်ခြင်းရဲ့ တီထွင်နိုင်စွမ်း ရှိမှုကိုသာမက ဘဲ ထိလွယ်ရှလွယ်ဖြစ်မှုကိုပါ ဖော်ပြနေပါတယ်။

လူထုလှုပ်ရှားမှုနှင့် ကြွေးကြော်သံများ

လူထုလှုပ်ရှားမှုတွေကနေ ပေါ်ထွက်လာတဲ့ ကြွေးကြော်သံတွေက “သည်းမခံ နိုင်စရာ အခြေအနေတွေကို လူမှတ်မိလွယ်တဲ့ စကားလုံးတိုတိုတုတ်တုတ်နဲ့ ဖော်ပြနိုင်ပြီး” လှုပ်ရှားမှုရဲ့ လှုံ့ဆော်စည်းရုံးရေးတွေအပေါ် သိသိသာသာ သက်ရောက်မှု ရှိစေပါတယ်။

Cécile Van de Velde ကတော့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြ အရေးအသားတွေဟာ တွေ့မြင်နိုင်တဲ့ ကြားခံနယ်ကနေ တစ်ဆင့်ပြသတဲ့ လူထုအမြင်နဲ့ နိုင်ငံရေးသတင်းစကားတွေကို သယ်ဆောင်လာတဲ့ အသံပဲ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ လူမှုလုပ်ရှားမှုတွေက အပြောအဆို၊ အပြုအမူတွေနဲ့တင် ပြုလုပ်တာ မဟုတ်ဘဲ စာပေအရေးအသားတွေ အနေနဲ့ လည်း ရှိနေနိုင်ကြောင်းကို ဒီဆန္ဒပြအရေးအသားတွေက ညွှန်းဆိုနေပါတယ်။ ဆန္ဒပြအရေးအသားတွေက စုပေါင်းအသံတစ်ခုကို အမြဲညွှန်ပြမနေတဲ့အတွက် သူတို့ကို မျိုးတူတစ်ခု တည်းအဖြစ် လျှော့ချသတ်မှတ်လိုက်လို့ မရဘူးဆိုတဲ့ အကြောင်းကိုလည်း သူက သတိပေးထားပါသေးတယ်။ သူက တက်ကြွ လှုပ်ရှားသူအုပ်စုတွေ၊ သမဂ္ဂတွေနဲ့ ပါတီတွေရဲ့ (စုပေါင်းဆိုင်းဘုတ်တွေ၊ ပိုစတာတွေ၊ လက်ကမ်းစာစောင် တွေ၊ စတစ်ကာတွေ၊ နံရံဆေးရေးတွေ) စတဲ့ ခေါင်းစီးစာတန်းတွေကို စုပေါင်း အရေးအသားတွေအဖြစ် အမျိုးအစား သတ်မှတ်ပါတယ်။ တစ်ဖက်မှာလည်း တစ်ဦးချင်း ပါဝင်သူတွေ၊ တက်ကြွ လှုပ်ရှားသူတွေ သယ်ဆောင်လာတဲ့ ဆိုင်းဘုတ်တွေ (ပုဂ္ဂလပုံနှိပ်စာစောင်တွေ၊ ရုပ်ပုံတွေ၊ ဂရစ်ဖီတီတွေ၊ အဝတ်နဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေးထားတဲ့ စကားလုံး တွေ) ကိုလည်း ပုဂ္ဂလအရေးအသား တွေအဖြစ် ခွဲခြားသတ်မှတ်ပါသေးတယ်။

ဆန္ဒပြအရေးအသားတွေကို စုပေါင်းအရေးအသားနဲ့ ပုဂ္ဂလအရေးအသား တွေအဖြစ် ခွဲခြားရုံနဲ့တင် မလုံလောက်ကြောင်း Van de Velde က ပြောပါ သေးတယ်။ အဲဒါကြောင့် ဆန္ဒပြအရေးအသားတွေရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ကဏ္ဍ (၄) ခု ခွဲပါသေးတယ်။ ပထမတစ်ခုက ‘တောင်းဆိုတဲ့’ လုပ်ဆောင်ချက်ပါ။ ဒီဆန္ဒပြအရေးအသားမျိုးက နိုင်ငံရေးတောင်းဆိုချက် ဒါမှမဟုတ် အာဏာပိုင်တွေကို ဦးတည်တဲ့ ငြင်းဆန်ဖော်ပြချက်တွေကို ရည်ညွှန်းပါတယ်။ ဒုတိယတစ်ခုကတော့ ‘ကြေညာတဲ့’ လုပ်ဆောင်ချက်ပါ။ ပိုမိုကျယ်ပြန့်တဲ့ လူထုကို ဦးတည်တဲ့ ဆန့်ကျင်ရေးသတင်းစကား ပုံစံမျိုးနဲ့ ရှိတတ်ပါတယ်။ တတိယလုပ်ဆောင်ချက်ကတော့ ဆန္ဒပြပွဲတွေမှာ ‘ဆော်ဩ စည်းရုံးဖို့’ နဲ့ စုစည်းဖို့ကို ရည်ရွယ်ပါတယ်။ ဒီအရေးအသားတွေကတော့ အားပေးတဲ့ သတင်းစကားအနေနဲ့ ဒါမှမဟုတ် လှုံ့ဆော်စည်းရုံးတဲ့ ကြွေးကြော် သံတွေအနေနဲ့ ရှိတတ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဆန္ဒပြမှုအတွက် ‘သက်သေအဖြစ်’ လုပ်ဆောင်ချက်ပါ။ အရေးတော်ပုံအတွက် ကိုယ်ချင်းစာ ကြောင်း သတင်းစကားတွေ၊ အားပေးစကားတွေနဲ့ ကိုယ့်အဖြစ်အပျက်ကိုယ် သက်သေခံပြောဆိုမှုတွေက ဒီနောက်ဆုံးအချက်ထဲ ပါဝင်ပါတယ်။

ဒီသီအိုရီအစုက နွေဦးတော်လှန်ရေးအတွင်းက ဆန္ဒပြကြွေးကြော်သံတွေ နဲ့ အရေးအသားတွေကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ အသုံးဝင်ပါတယ်။

ဝံသာနုဝါဒနှင့် လိင်မှုရေးရာ

ဒီစာပေအမျိုးအစားကတော့ ဝံသာနုဝါဒ၊ ဂျန်ဒါ၊ လိင်မှုရေးရာ စတာတွေနဲ့ သက်ဆိုင်ပါတယ်။

ဝံသာနုဝါဒနဲ့ လူရာဝင်ဆံ့မှုစံနှုန်းတွေကြားက ဆက်နွယ်မှုကို George Mosse က ခြေရာခံခဲ့ပါတယ်။ လူရာဝင်ဆံ့မှုစံနှုန်း ဆိုတာက “တော်တည့် မှန်ကန်တဲ့ အပြုအမူနဲ့ ကိုယ်ကျင့်တရားတွေတင်မကဘဲ လိင်မှုရေးရာနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ သဘောထား” ရှိတာမျိုးကို ရည်ညွှန်းပါတယ်။ သူက ဝံသာနုဝါဒနဲ့ လူရာဝင်ဆံ့မှုစံနှုန်း ဘောင်ထဲမှာ လိင်မှုရေးရာကိုမှ အထူး စိတ်ဝင်စားပါတယ်။ ဘာလို့လဲဆိုတော့ ဒါက “လူသားအမူအကျင့်ရဲ့ အခြေခံ ဖြစ်ပြီး လူရာဝင်ဆံ့မှုရဲ့ စာရိတ္တပိုင်း အရေးကိစ္စ” ဖြစ်လို့ပါပဲ။ ဂျာမနီနဲ့ ဗြိတိန် နိုင်ငံတွေရဲ့ သမိုင်းဆိုင်ရာ ဖြစ်ထွန်းမှုတွေကို ကြည့်လိုက်တဲ့အခါ (၁၉) ရာစု အစောပိုင်းကာလတွေမှာ အမျိုးသားရေးဝါဒနဲ့ လူရာဝင်ဆံ့မှုက ဘယ်လို ဆက်နွှယ်နေသလဲဆိုတာကို သူက ပြသခဲ့ပါတယ်။ လူလတ်တန်းစားက အထက်တန်းလွှာ မင်းစိုးမင်းနွယ်တွေနဲ့ ဝေးဝေးနေသလို စာရိတ္တပိုင်း အထက်စီးဆန်မှုအရ အောက်ခြေ အလုပ်သမားလူတန်းစားတွေနဲ့လည်း ဝေးဝေးနေပါတယ်။ လိင်တူချစ်ကြိုက်မှု၊ လက်မထပ်ခင် အတူနေမှုနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု စတဲ့ လိင်ပိုင်းဆိုင်ရာ ယစ်မူးစေနိုင်တဲ့ အရာတွေ ကို ‘စာရိတ္တ ပျက်ယွင်းတာ’ ဒါမှမဟုတ် ‘မဖွယ်မရာ ပြုလုပ်တာ’ စသဖြင့် သတ်မှတ်လေ့ ရှိပါတယ်။

ယောက်ျားဆန်မှုကို အသားပေးထားတဲ့ လူရာဝင်ဆံ့မှု စံနှုန်းတွေ ကြီးစိုး လာမှုနဲ့ ပုံမှန်ဟုတ်တယ်၊ မဟုတ်ဘူးဆိုပြီး စည်းတားထားမှုတွေ ဘယ်လောက် တောင် ခေါင်းနဲ့ ပန်းလို တည်ရှိနေကြောင်း ဖော်ပြဖို့ လိင်တူချစ်ကြိုက်သူတွေ ဟာ အသုံးဝင်တဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။ သူတို့တွေကို လိင်နဲ့ပတ်သက်ပြီး ဝေခွဲရခက်မှုတင်မကဘဲ ရမ္မက်ဆန္ဒရဲ့ ချိန်ခွင်လျှာကို ချိုးဖောက်တဲ့ လိင်ပိုင်း ဆိုင်ရာ အလွန်အကျွံဖြစ်မှုရဲ့ သင်္ကေတလို့ မှတ်ယူထားကြပါတယ်။

Peterson ကတော့ နိုင်ငံဗဟိုပြု ဝံသာနုဝါဒရဲ့ လိင်ကွဲကြိုက်နှစ်သက်မှု အခြေပြု ခွဲခြားတဲ့ ယူဆချက်တွေကို ဖော်ထုတ်ခဲ့ပါသေးတယ်။ သူက လိင်ကွဲ ကြိုက်နှစ်သက်မှု အခြေပြုခွဲခြားမှုဟာ “လိင်ကွဲကြိုက်နှစ်သက်မှုကို ပြဋ္ဌာန်းမှုနဲ့ စံပြုမှုဖြစ်ပြီး အကျိုးဆက်အနေနဲ့ လိင်ကွဲကြိုက်နှစ်သက်တာ မဟုတ်တဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ အမူအကျင့်တွေကို ဖယ်ထုတ်ခြင်း ဖြစ်တယ်” လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။

Joane Nagel ရဲ့ “MasculinityandNationalism: GenderandSexualityintheMakingofNations” စာအုပ်မှာ ကျား(အမျိုးသား)ဆန်မှုနဲ့ ဝံသာနုဝါဒ ယဉ်ကျေးမှုတွေကြားက အပြန်အလှန် သက်ရောက်မှုရှိတဲ့ ဆက်နွှယ်မှုကို ခြေရာခံထားပါတယ်။ ကျား(အမျိုးသား)ဆန်မှုကို ဝံသာနု ပို့ချချက်တွေ အတွင်းမှာ တည်ဆောက်ထားပြီး ဂုဏ်သိက္ခာ၊ ရဲရင့်မှု၊ မျိုးချစ် စိတ်နဲ့ တာဝန်စတဲ့ စံနမူနာတွေနဲ့ တွဲစပ်ထားကြောင်း ဆွေးနွေးထားပါသေး တယ်။

သုတေသန နည်းနာ

ဒီအပိုင်းမှာ နွေဦးတော်လှန်ရေးထဲက ကွီးယားအတွေ့အကြုံတွေ၊ တွန်းအား တွေနဲ့ ဇာတ်ကြောင်းတွေရဲ့ အချက်အလက်တွေကို ဘယ်လိုစုစည်းခဲ့လဲဆိုတာ နဲ့ ပတ်သက်ပြီး မျှဝေသွားမှာ ဖြစ်ပါတယ်။

ဦးဆုံးအနေနဲ့ ကျွန်တော့်ရဲ့ ဂေးသူငယ်ချင်းတွေနဲ့ အရင်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကို တော်လှန်ရေးရှေ့တန်းမှာ အလုပ်လုပ်နေတဲ့ ကွီးယား၊ LGBT_၊ ဂေးတွေနဲ့ သိလားဆိုပြီး လိုက်မေးခဲ့ပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေထဲက ကွီးယားအဖွဲ့ဝင်တွေအပေါ် ပိုပြီး အာရုံစိုက်ချင် တာပါ။ အချိန်တစ်ခု ကြာပြီးတဲ့အထိ အင်တာဗျူးဖို့လူ လုံလုံလောက်လောက် မရတဲ့အခါ ဒါကမလွယ်ကူမှန်း ကျွန်တော်နားလည်လိုက်ပါတယ်။ ကျွန်တော် က လုံခြုံတဲ့နေရာမှာ ရောက်နေတဲ့သူတွေကိုပဲ အင်တာဗျူးချင်တာပါ။

အဲဒီကနေပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကွီးယားတွေကနေပြီး တော်လှန်ရေးရဲ့ ဘယ်အပိုင်းမှာမဆိုပါဝင်နေတဲ့ ကွီးယားတွေဆိုပြီး ကျွန်တော့် ရဲ့ အင်တာဗျူးနယ်ပယ်ကို ချဲ့လိုက်ပါတယ်။ အင်တာဗျူးခဲ့တဲ့ လူဆယ်ယောက် မှာ လေးယောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဖြစ်ပြီး ကျန်တာတွေ က တော်လှန်ရေးအတွက် ရန်ပုံငွေရှာပေးတာ၊ အကြမ်းမဖက် အနုနည်းနဲ့ အာဏာဖီဆန်တာ၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် အစားအသောက်နဲ့ အမျိုးသမီးသုံး ကျန်းမာရေးပစ္စည်းတွေ ပို့ပေးတာ စတာတွေကို လုပ်ပေးနေတဲ့ သူတွေပါ။ ဆယ်ယောက်ထဲက သုံးယောက်သာ ကျွန်တော်နဲ့ ပုဂ္ဂိုလ်ရေးအရ သိပြီး ကျန်တဲ့ခုနစ်ယောက်ကိုတော့ အင်တာဗျူးနေစဉ်တောက်လျှောက်မှာ အဆင့်အဆင့် မေးရင်းမြန်းရင်း  သူတို့ရဲ့ဘဝအကြောင်းတွေကို သိမြင်လာ ရတာဖြစ်ပါတယ်။

တစ်စိတ်တစ်ဒေသ ပုံစံချထားတဲ့ မေးခွန်းတွေနဲ့ အွန်လိုင်းပေါ်ကနေ မေးပါတယ်။ အင်တာဗျူးတဲ့အခါမှာလည်း ဖြေတဲ့သူတွေအတွက် အဆင်အပြေ ဆုံးဖြစ်တဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ အဆင်ပြေတဲ့အချိန်ကို ရွေးခိုင်း ပါတယ်။ အင်တာဗျူးတွေကိုတော့ မြန်မာပြည်မှာ အသုံးများနေတဲ့ ဆိုရှယ် မီဒီယာတွေဖြစ်တဲ့ Telegram ၊ Signal နဲ့ Facebook Messenger တို့ကနေ ပြုလုပ်ခဲ့ပါတယ်။ အင်တာဗျူးဖြေသူတွေထဲက တစ်ယောက်က နားမကြားတဲ့ အတွက် ကျွန်တော်က စာရိုက်ပြီး မေးခွန်းတွေ မေးသလို သူကလည်း စာရိုက်ပြီး ပြန်ဖြေပါတယ်။ ဒီလိုမျိုး စာအပြန်အလှန်ပို့ပြီး အင်တာဗျူးလုပ်တာ နှစ်ရက်ကြာပါတယ်။ သုတေသနမှာ ပါဝင်သူအားလုံးဟာ လေ့လာမှုတွင် ပါဝင်ဖို့ စာဖြင့်သော်လည်းကောင်း နှုတ်ဖြင့် သဘောတူခွင့်ပြုခဲ့ပါတယ်။ ဒီ သုတေသနမှာ မေးမြန်းသူနဲ့ မေးမြန်းခံရသူကြားက ပါဝါအချိုးမညီမှုနဲ့ အကျိုး အမြတ်မညီမျှမှု ရှိနေခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီသုတေသနကနေ အလုပ် အကိုင် အခွင့်အလမ်းတွေ၊ ပညာရပ်ပိုင်း အသိအမှတ်ပြုခံရမှုတွေ ရနိုင်ပေမယ့် အင်တာဗျူးခံတဲ့ သူတွေအတွက်ကတော့ သူတို့ဘဝဇာတ်ကြောင်းတွေကို ပြောပြတဲ့အတွက် ရတဲ့ စိတ်ကျေနပ်မှုလောက်ပဲ ရရှိပါတယ်။ ဒီလိုမျိုး ပါဝါအချိုးမညီမှုကြောင့် ကျွန်တော်တို့အနေနဲ့ ဖြေဆိုသူတွေကို ဂရုစိုက်ဖို့ လိုအပ်ကြောင်း Taylor အပါအဝင် ပညာရှင်တစ်စုက သတိပေးထားပါတယ်။ ဒီနေရာမှာ ဂရုစိုက်တယ် ဆိုတာက ဖြေဆိုသူတွေကို မထိခိုက်စေတဲ့ စည်းမျဉ်း စည်းကမ်းတွေအပြင် ဒီသုတေသနကနေ အကျိုးအမြတ်တစ်ခုခု ရရှိစေဖို့ပါ ပါဝင်ပါတယ်။ ဒီအသိပညာတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံက တက္ကသိုလ်တွေထဲမှာပဲ လည်ပတ်နေတာမျိုး မဟုတ်အောင် ကျွန်တော် အတတ်နိုင်ဆုံး လုပ်ပေးနိုင် တာကတော့ သရုပ်ခွဲထားတဲ့အခန်းတွေကို မြန်မာဘာသာအနေနဲ့ ဘာသာပြန်၊ ဖြေဆိုသူတွေနဲ့ စကားပြောဖြစ်ဖို့ပါပဲ။ အချို့ဖြေဆိုသူတွေဆို ဒီလိုမျိုးဖြေဆိုပြီး တော်လှန်ရေးမှာ LGBT နဲ့ ကွီးယားတွေ ပါဝင်နေကြောင်း လူထုကို အသိပေး ခွင့်ရတာကို ဝမ်းသာကြောင်း ပြောပါတယ်။ ဖြေဆိုသူတွေကို ဂရုစိုက်တာနဲ့ ပတ်သက်ပြီး ထပ်ပြောရမယ်ဆိုရင် ဖြေဆိုသူတွေရဲ့ လုံခြုံရေးက ကျွန်တော့်ရဲ့ ဦးစားပေးပါပဲ။ အချို့ဖြေဆိုသူတွေက နာမည်ရင်းသုံးဖို့ အဆင်ပြေပေမယ့် လည်း ကျွန်တော်ကတော့ အားလုံးကို အမည်လွှဲတွေပဲ အသုံးပြုပါတယ်။

ဒီစာတမ်းမှာ သုတေသနနည်းနာ နှစ်ခုကို ပေါင်းစပ်ပြီး အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အင်တာဗျူးတွေကတစ်ဆင့် လူ့အဖွဲ့အစည်းကို လေ့လာတဲ့ နည်းနာအရ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အသက် (၂၁) ကနေ အသက် (၃၆) အထိ ရှိတဲ့အထဲက ပါဝင်သူ ဆယ်ယောက်ကို အင်တာဗျူးထားပါတယ်။ အင်တာဗျူး တစ်ခုကို တစ်နာရီကနေ တစ်နာရီခွဲအထိ ကြာပါတယ်။ ကျွန်တော်တို့ရဲ့ စကားတွေထဲမှာ ရယ်မောစရာတွေ၊ တိတ်ဆိတ်မှုတွေ၊ အင်တာနက်လိုင်း ကြောင့် နှောင့်နှေးတာတွေ၊ အားမလိုအားမရ ဖြစ်တာတွေ၊ မျှော်လင့်ချက်တွေ၊ အစုံအစုံပါပဲ။ ဖြေဆိုသူတွေဆီက ပြည့်စုံပြီးလေးနက်တဲ့ ပကတိ အချက် အလက်တွေ ရခဲ့ပါတ​ယ်။  ဒါပေမဲ့ သူတို့အဖြေစကားတွေကို ကူးယူပြရုံနဲ့ မလုံလောက်ပါဘူး။ ဒီကွက်လပ်ကို ဖြည့်ပေးမှာက ပို့ချမှုတွေကို ဆန်းစစ် လေ့လာချက်နည်းနာ ဖြစ်ပါတယ်။ ဖြေဆိုသူတွေရဲ့ စကားကိုတင်မကဘဲ တော်လှန်ရေးထဲက ဆန္ဒပြကြွေးကြော်သံတွေကိုပါ ခွဲခြမ်းစိတ်ဖြာသွားမှာပါ။ အဲဒါကြောင့် ဒုတိယ သုတေသနနည်းနာအနေနဲ့ Norman Fairclough ရဲ့ ဘောင်ကို အသုံးပြုသွားမှာပါ။ Fairclough ရဲ့ အဓိက ယူဆချက်သုံးမျိုးက တည်ရှိမှုဆိုင်ရာ ယူဆချက် (ဘယ်အရာတည်ရှိလဲ ဆိုတာနဲ့ ပတ်သက်တဲ့ ယူဆချက်)၊ အဆိုပြုချက်ဆိုင်ရာ ယူဆချက် (ကိစ္စက ဘာလဲ၊ ဘာဖြစ်နိုင်လဲ၊ ဘာဖြစ်မှာလဲ ဆိုတာနဲ့ ပတ်သက်တဲ့ ယူဆချက်) နဲ့ တန်ဖိုးဖြတ်မှုဆိုင်ရာ ယူဆချက် (ဘယ်အရာက ကောင်းပြီး လိုအပ်လဲ ဆိုတာနဲ့ ပတ်သက်တဲ့ ယူဆချက်) တို့ပဲဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး – နိဒါန်းအသစ်

၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းမှု မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ ဒီလူထုလှုပ်ရှားမှုမှာ လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ဇာတ်ကြောင်းတွေ လေ့လာစရာ အများကြီးပါပဲ။ စစ် အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ၊  လူနည်းစုလူမျိုးစု အများအပြား ပါဝင်တဲ့ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) [နောက်ပိုင်းတွင် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) အဖြစ် ပေါင်းစည်း သည်] စတဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာသလို အကြမ်းမဖက် အနုနည်းနဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှု (Civil Disobedience Movement) တွေလည်း ပေါ်ပေါက်လာပါတယ်။ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု ငါးနှစ်ပြည့်တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၅) ရက်  နေ့မှာ “ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသား” ဆိုတဲ့ ကြွေးကြော်သံကို နိုင်ငံတစ်ဝန်းရှိ ဆန္ဒပြအဖွဲ့တွေက ကြွေးကြော်ခဲ့ပါ တယ်။ သူတို့မျှော်မှန်းတဲ့ အနာဂတ်နိုင်ငံတော်မှာ လိင်အခြေပြုဖိနှိပ်မှုတွေ၊ လိင်တူမုန်းတီးမှုတွေကို ထည့်သွင်းပြောဆိုဖို့ ပျက်ကွက်ခဲ့ကြပါတယ်။  ဒီအကြောင်းအရာကို နောက်မှာဖော်ပြမယ့် ကျွန်တော့်ရဲ့ အင်တာဗျူးဖြေဆိုသူ တွေရဲ့ အဆိုတွေနဲ့ အခြားကြွေးကြော်သံတွေက ပိုပြီးပြည့်ပြည့်စုံစုံ ဖြည့်ဆည်း ပေးနိုင်မှာပါ။

Maya Mikdashi နဲ့ Jasbir Puar ကလည်း အနောက်တိုင်း ကွီးယား သီအိုရီနဲ့ အရှေ့အလယ်ပိုင်းဒေသလေ့လာမှုကြားက အားပြိုင်မှုနဲ့ အက်ကွဲမှု တွေဆီက မြစ်ဖျားခံလာတဲ့ အရေးကြီးတဲ့မေးခွန်းတွေကို ထုတ်လာပါတယ်။

အမြဲတမ်း စစ်ဖြစ်နေတဲ့ နေရာတွေနဲ့ အချိန် တော်တော်များများ စစ်ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဘယ်လို ကွီးယားစုစည်းမှုတွေ၊ စာတမ်းတွေ၊ သီအိုရီတွေ၊ အလေ့အကျင့်တွေ၊ အသွင်အပြင်တွေ၊ အဖွဲ့အစည်းတွေနဲ့ အသိဉာဏ် ပြန့်ပွားမှုတွေ ထွက်ပေါ်လာနိုင်မှာလဲ။ စစ်ရေး၊ လူမျိုးသုဉ်း သတ်ဖြတ်မှု၊ သိမ်းပိုက်အုပ်ချုပ်မှု၊ ဖိနှိပ်မှု၊ အာဏာရှင်စနစ်၊ အကြမ်းဖက်မှုနဲ့ သတ်ဖြတ်တာတွေက အဲဒီဒေသမှာ နေထိုင်တဲ့သူတွေရဲ့ နေ့စဉ်ဘဝထဲ ပါဝင် နေတဲ့အခါ ဒီလိုလူမှုနိုင်ငံရေး အခင်းအကျင်းအတွင်းမှာ ကွီးယားဘဝရဲ့ မသေချာမရေရာမှုက ဘာမှထူးခြားမနေဘူး။ နာမည်တပ်ဖို့၊ ဒါမှမဟုတ် ကွီးယားဆိုပြီး ယူဆချက်ထုတ်ချင်စိတ်တွေကို ဘာတွေကများ တက်ကြွစေ မလဲ။ ကွီးယားခန္ဓာက ဘာကို မဖြစ်မနေ လုပ်ရမလဲ၊ ဘာဖြစ်ရမလဲ၊ ဘယ်လိုမျိုး အသိအမှတ်အပြုခံရမှာလဲ၊ ဘယ်သူတွေက အသိအမှတ်ပြုမှာလဲ။ ငါတို့က ဒီအသိအမှတ်ပြုမှုကို လိုချင်ရဲ့လား။ လိုချင်တယ်ဆိုရင်ရော ဘယ်လိုမျိုးနဲ့ ဘာအတွက် လိုချင်ရတာလဲ။ သီအိုရီကို ဒီလို ဒေသတွေကနေ ဘယ်လိုဆွဲထုတ်ရမလဲ။ ဆွဲထုတ်တယ်ဆိုရင်ရော ဒီသီအိုရီတွေက ကွီးယား သီအိုရီအဖြစ် သတ်မှတ်ခံရတာအပြင် နယ်မြေလေ့လာချက် လို့ပဲ သတ်မှတ် ခံရမှာလား

သူတို့ရဲ့မေးခွန်းတွေအားလုံးကို မဖြေနိုင်ပေမဲ့ အချို့မေးခွန်းတွေကိုတော့ ကျွန်တော့်ရဲ့လေ့လာချက်ထဲမှာပါအောင် ကြိုးစားပါမယ်။ ကျွန်တော့်ရဲ့ အင်တာဗျူးဖြေဆိုသူတွေဟာလည်း ကွီးယားဘဝရဲ့ မသေချာမှုတွေဟာ စစ်၊ ဖိနှိပ်မှု၊ အာဏာရှင်စနစ်၊ သတ်ဖြတ်မှုတွေနဲ့ တွဲစပ်နေကြောင်း သိရှိကြပါတယ်။ ဒီအသိကလည်း ဗမာကွီးယားတွေကို ဗျူဟာအသစ်တွေ ရှာဖွေဖို့နဲ့ အသုံးချ ဖို့ကို ဖြစ်စေပါတယ်။ လတ်တလော နိုင်ငံရေးအခြေအနေတွေက လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းကလို “LGBT ပွဲတွေ” လုပ်လို့မရတော့ပေမဲ့ နွေဦး တော်လှန်ရေးကနေတစ်ဆင့် သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ကြေညာချက် တွေကို ဖော်ပြဖို့ နည်းလမ်းတွေကို ရှာကြပါတယ်။ ဒီအပိုင်းမှာ ကြွေးကြော်သံ လေးခုနဲ့ ဆန္ဒပြအရေးအသားတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဖော်ပြသွားမှာ ဖြစ်ပါ တယ်။ အဲဒီကမှတစ်ဆင့် အထွေထွေလူထုကြားမှာရှိနေတဲ့ ကွီးယား တန်ပြန် စုဖွဲ့မှုနဲ့ လိင်ကွဲကြိုက်နှစ်သက်မှုစံကို ခြေရာလိုက်ခံကြည့်မှာ ဖြစ်ပါတယ်။

“မကြောက်တဲ့ တော်လှန်အခြောက်”

ကြွေးကြော်သံတွေရဲ့ မူလပထမ လုပ်ငန်းဆောင်တာကတော့ (ကိုယ့်ဘက် ပါအောင်) ဆွဲဆောင်ဖို့နဲ့ လှုံ့ဆော်ဖို့ပါ။ နွေဦးတော်လှန်ရေးမှာ “အာဏာရှင် စနစ် ကျဆုံးရေး”၊ “ပြည်သူတွေရဲ့မဲကို လေးစားရေး”၊ “အကြမ်းမဖက် အနုနည်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုကို အားပေးထောက်ခံရေး”၊ “ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးကို ပြန်လွှတ်ပေးရေး” စတဲ့ ကြွေးကြော်သံတွေကို တွေ့ရပါတယ်။ အဲဒီကြွေးကြော်သံတွေထဲကမှ ကွီးယား တွေနဲ့ ပတ်သက်တဲ့ ကြွေးကြော်သံနဲ့ ဆန္ဒပြ အရေးအသားတွေကို အသားပေး သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးတင်ပြမယ့် ကြွေးကြော်သံကတော့ LGBT Alliance – Myanmar ရဲ့ ကြွေးကြော်သံပါ။ LGBT Alliance – Myanmar အဖွဲ့က မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ကလေး၊ ကျောက်ဆည်၊ ထားဝယ်နဲ့ ယင်းမာပင်က LGBT တွေ စုပြီးဖွဲ့ထားတဲ့ အထွေထွေသပိတ်ကော်မတီပဲ ဖြစ်ပါတယ်။

၂၀၂၂ မေလ (၁၀) ရက်နေ့မှာ သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ “သေမှာ မကြောက်လို့ ပေတစ်ရာလျှောက်တဲ့ တော်လှန်နေသော အခြောက်” ဆိုပြီး ကြွေးကြော်သံတစ်ခု တင်ခဲ့ပါတယ်။ မြန်မာဘာသာစကားမှာ ကြောက်၊ ခြောက်နဲ့ လျှောက်က ကာရန်ချင်း ညီပါတယ်။ Van de Velde ပြောတဲ့ ကဏ္ဍတွေအရဆိုရင် ဒီကြွေးကြော်သံက ကြေညာတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါ တယ်။ အဲဒီကြွေးကြော်သံထဲမှာဆိုရင် ပိုမိုကျယ်ပြန့်တဲ့ လူထုကိုဦးတည်တဲ့ ဆန့်ကျင်ရေး သတင်းစကား ပါရှိပါတယ်။ ဒီကြွေးကြော်သံကို Fairclough ရဲ့ ပို့ချချက်တွေကို ဆန်းစစ်လေ့လာမှု ဘောင်အရ ကြည့်မယ်ဆိုရင် အဆိုပြုချက် ဆိုင်ရာ ယူဆချက်က အခြောက်/ကွီးယားတွေက စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေကို မကြောက်ဘဲ လမ်းပေါ်ထွက် ချီတက်ပြီး ဒီလိုအကြောက်အလန့် မရှိဘဲ ဆန္ဒပြတာတစ်ခုတည်းနဲ့တင် တော်လှန်တဲ့ အပြုအမူတစ်ခု ဖြစ်နေပြီ ဆိုတာပါ။ တန်ဖိုးဖြတ်မှုဆိုင်ရာ ယူဆချက်ကတော့ ကွီးယားတွေ အကြောက် အလန့်မရှိဘဲ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြတာ၊ တော်လှန်တာက ကောင်းမွန် ပြီး ဒီလူထုလှုပ်ရှားမှုအတွက် လိုအပ်တယ် ဆိုတာပါပဲ။။ တည်ရှိမှုဆိုင်ရာ ယူဆချက် ဆိုရင်တော့ ကွီးယားတွေကို တော်လှန်ရေးနယ်ပယ်ထဲ၊ ကြီးစိုးထား တဲ့ လူမှုဝန်းကျင်ထဲ ဝင်ခွင့်ပေးဖို့ ကြေညာချက်ပါ။ ကွီးယားတွေကလည်း အကြောက်တရားကင်းပြီး သတ္တိရှိကြောင်း၊ တာဝန်နဲ့ တော်လှန်ရေးလုပ်ငန်း တွေကို လုပ်ဖို့အသိရှိကြောင်း သက်သေပြရင်း ကြေညာခဲ့ကြပါတယ်။ သတ္တိ ရှိတာ၊ တာဝန်စတဲ့ စကားတွေဟာ ကျား(အမျိုးသား)ဆန်မှု စံနှုန်းတွေနဲ့ တွဲဖက် နေလေ့ရှိပြီး ဒီကြွေးကြော်သံဟာ ဒီလိုတွဲဖက်နေမှုကို စိန်ခေါ်လိုက်တာပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒီအခန်းအဆုံးမှာ အကျယ်ထပ်ရှင်းပြပါမယ်။

ကွီးယားတန်ပြန်စုဖွဲ့မှုထဲမှာ ဒီကြွေးကြော်သံက အရင်တုန်းက ကဲ့ရဲ့ သမုတ်ခဲ့တဲ့ “အခြောက်” ဆိုတဲ့ စကားလုံးကို အပေါင်းလက္ခဏာဆောင်တဲ့ စာလုံးအဖြစ် ပြောင်းလဲစေခဲ့ပြီး လိင်မှုလက္ခဏာနဲ့ ကိုယ်ပိုင်လက္ခဏာတွေရဲ့ အယူအဆကို ပြန်ပြီး အဓိပ္ပာယ်သတ်မှတ်ခဲ့ပါတယ်။ ပြီးတော့ အကျိုးဆက် အနေနဲ့ လူထုရပ်ဝန်းထဲမှာ ကွီးယားတွေကိုယ်တိုင် ပါဝင်နိုင်မယ့် အနာဂတ် တစ်ခုဖြစ်တဲ့ လူမှုပြောင်းလဲမှုတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကွီးယား တန်ပြန်စုဖွဲ့မှုတွေဟာ ဘာပါဆိုပြီး အတိအကျ သတ်မှတ်ထားတာမျိုး မရှိတဲ့အတွက် ဒီအမြင်ပိုင်းဆိုင်ရာနဲ့ နှုတ်ပြောကြွေးကြော်သံဟာ ကွီးယား တန်ပြန်စုဖွဲ့မှုပဲ ဖြစ်တယ်လို့ ကျွန်တော် အဆိုတင်သွင်းပါတယ်။

“အခြောက် မရှိတဲ့ ဆယ့်ခြောက်”

ဗမာကွီးယားတွေက အနုတ်လက္ခဏာ သဘောဆောင်တဲ့ အခြောက်ဆိုတဲ့ အသုံးအနှုန်းကနေ ဝေးအောင် homo ၊  LGBT ၊ seme ၊ uke စတဲ့ နိုင်ငံခြား (အနောက်နိုင်ငံတင်မက) အခေါ်အဝေါ်တွေကို ယူငင်သုံးဆွဲကြပါတယ်။ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အခြောက်ဆိုပြီး နွေဦးတော်လှန်ရေးထဲမှာ ခေါ်ဆိုခံနေကြရတုန်းပါပဲ။ ဒီတစ်ခါကတော့ ရဲတွေ၊ ကျောင်းမှာ အနိုင်ကျင့် နေကြသူတွေဆီက ခေါ်ဆိုခံရတာမဟုတ်ဘဲ သူတို့ရဲ့ တော်လှန်ရေး ရဲဘော် ရဲဘက်တွေဆီက အခေါ်ခံရတာပါ။ ‘မိုး’ လို့ခေါ်တဲ့ ကျွန်တော့်ရဲ့ အင်တာဗျူး ဖြေဆိုသူက “အခြောက် မရှိတဲ့ ဆယ့်ခြောက် ဆိုတဲ့ ကြွေးကြော်သံနဲ့ ပတ်သက်ပြီးတော့ ပြောပြပါတယ်။ အဲဒီကြွေးကြော်သံကို ဘယ်မှာတွေ့တယ် ဆိုတာကို ကျွန်တော်မေးကြည့်လိုက်တော့ စာတန်းက ရန်ကုန် ဒါမှမဟုတ် မော်လမြိုင်က ဆန္ဒပြအုပ်စုတစ်စု ကိုင်တာဖြစ်ပြီး ၂၀၂၁ ခုနှစ်ရဲ့ အစောပိုင်း သုံး၊ လေးလပိုင်းလောက်မှာ ဖြစ်မယ်ထင်တယ်လို့ သူကဖြေပါတယ်။ သက်သေ ပြန်ရှာလို့ မရပေမဲ့ ကျွန်တော့်ရဲ့ အင်တာဗျူးဖြေဆိုသူပြောတာကို ကျွန်တော် ထောက်ခံပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆို ကျွန်တော်ကိုယ်တိုင် အဲဒီစာတန်း ကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ မြင်ခဲ့လို့ပါပဲ။ ဒီကြွေးကြော်သံကို အင်္ဂလိပ်လို ဆိုရင်တော့ “District 16, a No-Faggot Zone” လို့ ဘာသာပြန်လို့ရပါတယ်။ မြန်မာဘာသာစကားမှာ ကိန်းဂဏန်း ခြောက်နဲ့ အခြောက်ဆိုတာက ကာရန် ညီပါတယ်။ ဒီကြွေးကြော်သံကို Fairclough ရဲ့ ဘောင်နဲ့ ဆန်းစစ်ကြည့်မယ် ဆိုရင် အဆိုပြုချက်ဆိုင်ရာ ယူဆချက်အရ  ဒီသတ်မှတ် နေရာတစ်ခု၊ နေရာ အတိအကျတစ်ခုမှာ အခြောက်မရှိဘူးလို့ ဆိုတာပါ။ တန်ဖိုးဖြတ်မှုဆိုင်ရာ ယူဆချက်အရဆိုရင် ဒီတော်လှန်အဝန်းအဝိုင်း ဒါမှမဟုတ် ဒီပထဝီနယ်နမိတ် မှာ လိင်ပိုင်းဆိုင်ရာစံလွဲနေတဲ့ အခြောက်တွေမရှိဘူး ဆိုတာပါ။ တည်ရှိမှု ဆိုင်ရာ ယူဆချက်အရဆိုရင် အခြောက်တွေဟာ တော်လှန်ရေး/နိုင်ငံတော် အသစ်မှာ မပါဝင်ရဘူး/မပါဝင်သင့်ဘူး ဆိုတာပါ။

ဒီကြွေးကြော်သံကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် လူလတ်တန်းစားရဲ့ လူရာဝင် ဆံ့မှုစံနှုန်း၊ ဝံသာနုဝါဒနဲ့ လိင်မှုရေးရာကြားက ဆက်နွှယ်ချက်တွေကို အသုံးပြု မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘာဖြစ်လို့ ဝံသာနုဘောင်အကြောင်းကို ရောက်သွားလဲဆိုရင် နွေဦးတော်လှန်ရေးက ကိုလိုနီဆန့်ကျင်ရေး ဝံသာနု လှုပ်ရှားမှုတစ်ရပ် မဟုတ်ပေမဲ့ ဝံသာနုဝါဒနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းအချို့ ပါရှိနေပါတယ်။  ဥပမာအားဖြင့် ၂၀၂၂ မတ်လမှာ ပြည်ပ (အမေရိကန်) ရောက် ဗမာကဗျာဆရာ အောင်ဝေးက နွေဦးတော်လှန်ရေးကို “ပဉ္စမမြန်မာနိုင်ငံတော် ထူထောင်ခန်း” လို့ ညွှန်းဆိုခဲ့ပါတယ်။ နွေဦးတော်လှန်ရေး ကြွေးကြော်သံတွေ ထဲမှာ နာမည်အကြီးဆုံးက “ဖက်ဒရယ်ဒီမိုကရေစီ စနစ်ရရှိရေး” ဆိုတာပါ။ တော်လှန်ရေးထဲမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့သူတွေက စစ်တပ်ဘက် ရပ်တည်တဲ့သူတွေကို “မြောက်မြန်မာနိုင်ငံက လူတွေ” ဆိုပြီး ခေါ်ဆိုသမုတ်ပါ တယ်။ ဒါဟာ ပထဝီမြေအနေအထားအရ ခွဲခြားတာ မဟုတ်ဘဲ တောင် ကိုရီးယားနဲ့ မြောက်ကိုရီးယားလို တောင်ကိုရီးယားက ဒီမိုကရေစီနိုင်ငံဖြစ်ပြီး မြောက်ကိုရီးယားကတော့ စစ်အာဏာရှင်လက်အောက်မှာ ရှိနေတဲ့ ပုံစံမျိုးကို ရည်ညွှန်းတာဖြစ်ပါတယ်။

ဒီဥပမာသုံးခုနဲ့ ရှင်းပြပြီးတော့ ဆန္ဒပြကြွေးကြော်သံကို Mosse ရဲ့ ဘောင် နဲ့ ဆန်းစစ်ပါမယ်။ “အခြောက် မရှိတဲ့ ဆယ့်ခြောက်” ဆိုတဲ့ကြွေးကြော်သံက အခြောက်၊ လိင်တူကြိုက်နှစ်သက်မှုကို လက်မခံနိုင်စရာ လူအုပ်စု၊ အမူအကျင့် ဖြစ်ကြောင်း သတ်မှတ်တာပါ။ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်က စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး နိုင်ငံအသစ် (ဖက်ဒရယ်ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံ) ကို တည်ဆောက်ဖို့ပါ။ အဲဒီနိုင်ငံအသစ်မှာ အောက်ခြေ လူတန်းစားနဲ့ အထက်တန်းလွှာဆိုပြီး စာရိတ္တပိုင်း အထက်စီးဆန်မှုကို သတ်မှတ်ချင်နေတုန်းပဲလို့ ယူဆရပါတယ်။ ဒါအတွက်  လူလေးစားခံရဖို့နဲ့ ကျား (အမျိုးသား) ဆန်မှုကို ထိန်းသိမ်းဖို့ လိုအပ်နေကြတုန်းပါပဲ။ ပုံမှန်ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာကို ဖိုမသဘာဝတွေ ကြားထဲမှာ ဝေခွဲမရဖြစ်နေတဲ့ လိင်တူချစ် ကြိုက်သူတွေကို အခြေတည်ပြီး သတ်မှတ်လိုက်တာပါပဲ။ ဒီလိုနည်းနဲ့ ဒီ ကြွေးကြော်သံဟာ ကွီးယားတွေကို ရပ်ကွက်အမှတ် (၁၆)/တော်လှန်ရေး ရပ်ဝန်း/နိုင်ငံတော်အသစ် ဆီကနေ ဖယ်ထုတ်လိုက်ပါတော့တယ်။

“LGBT တို့ ဘုန်းနဲ့ မင်းအောင်လှိုင်ကို ကိစ္စတုံးမယ်”

ခွဲခြမ်းစိတ်ဖြာမယ့် တတိယမြောက် ကြွေးကြော်သံကတော့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၁၁) မှာ LGBT Alliance – Myanmar ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတဲ့ “LGBT တို့ ဘုန်းနဲ့ မအလကို ကိစ္စတုံးမယ်” ဆိုတဲ့ ကြွေးကြော် သံပါ။ ဒီကြွေးကြော်သံက Van de Velde ရဲ့ ဘောင်အရဆိုရင် ဆော်ဩ စည်းရုံးဖို့နဲ့ စုစည်းဖို့ဖြစ်ပါတယ်။  LGBT တွေနဲ့ အခြားဖိနှိပ်ခံဖြစ်တဲ့ အမျိုးသမီး တွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အဆုံးသတ်မယ်လို့ ဆိုလိုပါတယ်။

ခွဲခြမ်းစိတ်ဖြာဖို့ မလုပ်ခင်မှာ ဒီကြွေးကြော်သံရဲ့ နောက်ကြောင်းရာဇဝင် ကို ရှင်းပြရပါဦးမယ်။ အစဉ်အလာအားဖြင့် မြန်မာလူမှုအသိုင်းအဝိုင်းမှာ အမျိုးသားဖြစ်သူရဲ့ ကြီးမြတ်မှု (ဘုန်း) ကို အမျိုးသမီးရဲ့ အဝတ်အစားနဲ့ နှိမ့်ချ နိုင်တယ် ဆိုတဲ့အယူ ရှိပါတယ်။ “ဘုန်းဆိုတာ အမျိုးသားတစ်ဦးရဲ့ ဂုဏ်သရေ၊ ကြီးမြတ်မှုဖြစ်ပြီး ကျွန်မတို့က အဲဒီအရာကို အောက်ကျခံ ကျိုးနွံတာမျိုး မဟုတ်ဘဲ ဘုန်းကြီးတွေ၊ မိဘတွေကို လေးစားတာနဲ့ထပ်တူ လေးစားတာ” ဆိုပြီး မြန်မာစကော်လာ မိမိခိုင်က ရေးသားထားပါတယ်။ ဖတ်ကြည့်လိုက် မယ်ဆိုရင် ဒါဟာ ပြည်တွင်းဖြစ် ဖိုဝါဒပုံစံတစ်ခုပါပဲ။ အမျိုးသမီးတွေဟာ ဘုန်းမရှိတဲ့အတွက် ဘုရားစေတီတွေရဲ့ အချို့နေရာကို သွားလာခွင့် မရှိပါဘူး။ ဘုန်းဆိုတဲ့အယူအဆနဲ့ ရာသီသွေးဟာ နိမ့်ကျတယ်ဆိုတဲ့ အယူအဆတွေ ကြောင့် အမျိုးသမီးအဝတ်အစားတွေဟာ အမျိုးသားအဝတ်အစားတွေနဲ့ သီးခြားလျှော်ပြီး သိမ်းပါတယ်။ ၂၀၁၉ မေလမှာ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်စုက ဘုန်းဆိုတဲ့ အတွေးအခေါ်ကို ဆန့်ကျင်ဖို့အတွက် ဖေ့စ်ဘုတ်ပေါ်မှာ လှုံ့ဆော်ခဲ့ကြပါတယ်။ လှုံ့ဆော်မှုကတော့ “အမျိုးသမီးတွေ မှာလည်း ဘုန်းရှိတယ်” ဆိုတဲ့ profile ပြောင်းခိုင်းတာပါ။ ဒီလှုံ့ဆော်မှုက ဘုန်းဆိုတဲ့ အတွေးအခေါ်ကို ပိုအတည်ပြုပေးသလို ဖြစ်ပေမယ့်လည်း ပြည်တွင်းဖြစ်ဖိုဝါဒကို ထိပ်တိုက်စိန်ခေါ်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဒီအယူကို စိန်ခေါ်တဲ့အနေနဲ့ အမျိုးသမီးထဘီကို အလံအဖြစ်လွှင့်တဲ့ ထဘီသပိတ်လှုပ်ရှားမှုကို အ​ထွေထွေ သပိတ်ကော်မတီက ပြုလုပ်ခဲ့ပါတယ်။ အချို့ အမျိုးသားတွေက စည်းလုံး ညီညွတ်မှုကို ပြသဖို့အတွက် အမျိုးသမီးထဘီကို ခေါင်းမှာပတ်ပြီး (ဘုန်း အယူအဆအရ အမျိုးသားတွေရဲ့ ကျက်သရေနဲ့ ကြီးမြတ်မှုကို နိမ့်ပါးစေနိုင်) ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။

ကြွေးကြော်သံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်တဲ့ မင်းအောင်လှိုင် အမည်ပါဝင်မှုကို ဆက်လက်မှတ်ချက်ပြုဖို့ လိုလာပါတယ်။ ကြွေးကြော်သံကို ရေးသူအနေနဲ့က ဒီကြွေးကြော်သံမှာ ပါဝင်တဲ့ မင်းအောင်လှိုင်ဆိုတာ ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်းကို ရည်ညွှန်းတာ မဟုတ်ဘဲ သူဦးဆောင် တဲ့ စစ်တပ်တစ်ခုလုံးကိုပါ ရည်ညွှန်းပါတယ်။

ဒီဆန္ဒပြကြွေးကြော်သံက ရဲဘော်ရဲဘက် အမျိုးသမီးတွေနဲ့အတူ တစ်သားတည်းရှိကြောင်း ဖော်ပြတာပါပဲ။ “ဘုန်း” ဆိုတဲ့ ယောက်ျားတွေရဲ့ ကြီးမြတ်မှု အယူအဆက ဇီဝလိင်အရ အမျိုးသား/အမျိုးသမီး ဖြစ်မှုကိုပဲ အခြေခံပြီး ခွဲခြားထားတာပါ။ LGBT တွေအထိ ခွဲခြားတာမျိုး မဟုတ်ပါဘူး။ ဒါဟာ မြန်မာကွီးယားတွေအနေနဲ့ ကွီးယားတန်ပြန်စုဖွဲ့မှုကို ဖော်ဆောင်ဖို့ နည်းလမ်းအသစ်ကို အသုံးပြုလိုက်တာပဲလို့ ကျွန်တော် သုံးသပ်ပါတယ်။ ဘာဖြစ်လို့ဆို အမျိုးသမီး/ဖမ်မနစ်တွေနဲ့ LGBT တက်ကြွလှုပ်ရှားမှုတွေ ပူးပေါင်းလှုပ်ရှားတာကို အရင်က တစ်ခါမှ မတွေ့ဖူးလို့ပါပဲ။

Gender Equality Network က မြန်မာအစိုးရ၊ ကမ္ဘာ့ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ မူကြမ်းကို ၂၀၁၃ ခုနှစ်မှာ ရေးဆွဲခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ လွှတ်တော်အထိ အဆိုတင်သွင်းနိုင်ခဲ့ပေမယ့် စစ်အာဏာသိမ်းမှုကြောင့် ဥပဒေကို အတည်မပြု နိုင်ခဲ့ပါဘူး။ ဒီဥပဒေမူကြမ်းမှာ အမျိုးသမီးတွေ တွေ့ကြုံရတဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေအတွက်ပဲ ဖော်ပြထားပြီး အမျိုးသမီးချင်း ချစ်ကြိုက်သူတွေ နဲ့ လိင်ပြောင်းအမျိုးသမီးတွေအတွက် မပါဝင်ခဲ့ပါဘူး။ ခေတ်ရေစီးကြောင်း ပေါ်က အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေကလည်း ဇီဝလိင် အမျိုးသမီး တွေ ကိစ္စကိုပဲ အလေးပေးကြတာပါ။ တစ်ဖက်မှာလည်း စစ်အာဏာသိမ်းမှု မတိုင်ခင် Colors Rainbow စတဲ့ LGBT အရေး တက်ကြွလှုပ်ရှားမှုတွေက လိင်စိတ်တိမ်းညွှတ်မှု၊ လိင်ဝိသေသခံယူမှု၊ ဖော်ပြမှုနှင့် လိင်ဝိသေသလက္ခဏာ စတာတွေအပေါ် အခြေခံတဲ့ ကိုယ်ပိုင်ဝိသေသ နိုင်ငံရေးတွေနဲ့ပဲ အလုပ်ရှုပ် နေခဲ့ကြတာပါ။ ဒီလိုမျိုးနဲ့ အမျိုးသမီး/ဖမ်မနစ်တွေနဲ့ LGBT/ကွီးယားတွေဟာ ကိုယ်ပိုင်ဝိသေသနိုင်ငံရေးတွေအရ ကွဲပြားနေခဲ့ပြီး LGBT Alliance—Myanmar က ဒီစည်းကို ချိုးဖျက်လိုက်တာပါပဲ။

“LGBT တို့ ဘုန်းနဲ့ မအလကို ကိစ္စတုံးမယ်” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ LGBT တွေဟာ အခြားဖိနှိပ်ခံဖြစ်တဲ့ အမျိုးသမီးတွေနဲ့အတူ ရပ်တည်ကြောင်း ပြသလိုက်တာဖြစ်ပြီး ဖိုဝါဒနဲ့ လိင်ကွဲကြိုက်နှစ်သက်မှုစံကို ဘုံရန်သူအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဖမ်မနစ်တွေနဲ့ အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူတွေက ဖိုဝါဒဆိုင်ရာ “ဘုန်း” ဆိုတဲ့ အယူကို စိန်ခေါ်ခဲ့ကြသလို LGBT တွေကလည်း လိင်ကွဲကြိုက်နှစ်သက်မှုစံနဲ့ ပတ်သက်တဲ့ လူမှုသတ်မှတ် ချက်တွေကို စိန်ခေါ်ခဲ့ကြပါတယ်။ LGBT Alliance – Myanmar က ဖိုဝါဒနဲ့ လိင်ကွဲကြိုက်နှစ်သက်မှုစံ နှစ်ခုလုံးကို ဆန့်ကျင်တဲ့ ရပ်ဝန်းတစ်ခု ဖြစ်လာခဲ့ပါ တယ်။ ဒီတန်ပြန်စုဖွဲ့မှုက “အသိုင်းအဝိုင်းတစ်ခု၊ လူအုပ်စုတစ်စုသက်သက် မကဘဲ ကိုယ်ပိုင်ဝိသေသ သတ်မှတ်ချက် ရှိထားပြီးသား ဆိုတာထက် ပိုတဲ့ လူတွေ၊ ရည်ညွှန်းမှတ်တွေကို ကျော်လွန်ပြီး တည်ရှိနေနိုင်တဲ့ နေရာတွေ၊ မွေးရာပါမဟုတ်ဘဲ သင်ယူရလာနိုင်တဲ့ ခံစားမှုပုံစံတွေ ပါဝင်နေတဲ့ ကမ္ဘာလေး ကို တည်ဆောက်တဲ့ ပရောဂျက်ပါပဲ။ ကွီးယားကမ္ဘာ/လောက ဆိုတာဟာ အဝင်အထွက်တွေ၊ စနစ်တကျ လိုင်းဆွဲမထားတဲ့ ရင်းနှီးကျွမ်းဝင်မှုတွေ၊ အမြင်နယ်ပယ် ဖြန့်ကြက်မှုတွေ၊ ကိုယ်စားပြုမှု ဥပမာတွေ၊ အခြားရွေးချယ်စရာ လမ်းကြောင်းတွေ၊ အတားအဆီးတွေ၊ အချိုးအစားမကျတဲ့ ပထဝီသွင်ပြင် အနေအထားတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခုပါပဲ” ဆိုပြီး Berlant နဲ့ Warner လှလှပပ ဖော်ပြထားသလို ဒါဟာ ကွီးယားလောက ထူထောင်ရေး ပရောဂျက်ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးထဲက LGBT  တက်ကြွလှုပ်ရှားမှု တွေက ကိုယ်ပိုင်ဝိသေသ နိုင်ငံရေးတင်မကဘဲ အခြားဖိနှိပ်ခံတွေပါ ပါဝင်လာ နိုင်အောင် တီထွင်နိုင်စွမ်း အပြည့်ရှိပါတယ်။ ဒီပြောင်းလဲမှုကို ကျွန်တော်တို့ မြင်ရတာကတော့ ဒီတက်ကြွလှုပ်ရှားမှု၊ ကွီးယားတန်ပြန်စုဖွဲ့မှုက အန်ဂျီအို နိုင်ငံရေးအရ ကန့်သတ်ခံရတာမဟုတ်ဘဲ ပြည်သူတွေဆီက တိုက်ရိုက်လာလို့ပဲ ဖြစ်ပါတယ်။

“သမ္မာဒေဝနတ်တွေ လိင်တူဆက်ဆံတဲ့နေ့က”

ကျွန်တော် ခွဲခြမ်းစိတ်ဖြာသွားမယ့် စတုတ္ထမြောက် ဆန္ဒပြအရေးအသား ကတော့ ကဗျာရွတ်ဖတ်ထားတဲ့ ဗီဒီယိုတစ်ခု ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှာ အနုပညာသူပုန်ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာက တင်ထားတာပါ။ အဲဒီဖေ့စ်ဘုတ်စာမျက်နှာက follower ပေါင်း ရှစ်သောင်း တစ်ထောင် ရှိပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ (စစ်အာဏာသိမ်းပြီး ကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့က အမေရိကန်ပြည်ထောင်စု စတဲ့ တတိယ နိုင်ငံတွေကို သွားပြီး အများစုကတော့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ ခိုလှုံကြ ပါတယ်) မှာ အခြေစိုက်တယ်လို့ သိရပါတယ်။ အဲဒီဖေ့စ်ဘုတ်စာမျက်နှာက ပုံမှန်အားဖြင့် ကဗျာတွေတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ရန်ပုံငွေ ရှာပေးပါတယ်။ ကျွန်တော်ဆွေးနွေးမယ့် ဗီဒီယိုက ကြိုက်နှစ်သက်မှု (၂၆၀၀)၊ မှတ်ချက် (၁၁၆) ခု၊ မျှဝေမှု (၆၁၄) ခုနဲ့ ကြည့်ရှုမှု (၂၂၀၀၀) ခု ရှိပါတယ်။ ဗီဒီယိုက ကြာချိန် နှစ်မိနစ်နဲ့ ငါးဆယ့်ငါးစက္ကန့် ရှိပါတယ်။ ကဗျာခေါင်းစဉ် ကတော့ “သမ္မာဒေဝနတ်တွေ လိင်တူဆက်ဆံတဲ့နေ့က” ဖြစ်ပြီး ကလောင်ရှင် ကတော့ သွေးစက်နီပါ။ ကဗျာရွတ်ဖတ်သူကလည်း အမျိုးသားတစ်ဦးပဲ ဖြစ်ပါ တယ်။

ဗီဒီယိုထဲမှာပါတဲ့ ကဗျာစာသားတွေကတော့

သမ္မာဒေဝနတ်တွေ လိင်တူ ဆက်ဆံတဲ့နေ့က အာဇာနည်တွေ ကြိုးပေးခံရတာပဲ။ နာရေးအိမ်တွေနဲ့ စည်ကားနေတဲ့ နိုင်ငံတော်မှာ ဖျင်လိုးဖျင်ခံ တာဇံတွေဟာ မင်းအောင်လှိုင် ယိုးတာခံပြီး ဖီးလ်တက်နေကြပေါ့။ တရားတဲ့သူသာ နိုင်ကြေးဟေ့ … လို့ အော် ပြီး ကြိုးစင်တက်သွားတဲ့သူကိုမှ အားမနာ၊ ပညာမပါသူတွေ ထအူကြပေါ့။ … လောကပါလနတ်တွေ မင်းအောင်လှိုင်ဆီ ဖင်ခံနေတုန်း တရားကို သေနတ်နဲ့ ပြဋ္ဌာန်းသွားတယ်။ ကြီးနိုင်ငယ်ညှဉ်း တိရစ္ဆာန်ဝါဒကိုမှ မစားရ ဝခမန်း ဖင်သရမ်းနေတဲ့ မအေလိုးတွေ အရိုးကိုက်ရင်း ဆိုးမိုက်နေကြဆဲ။ ခွေးလိုးမ သားတွေရေ မင်းအောင်လှိုင်က မအေလိုးကွ။ ဖာသည်မသားတွေရေ မင်းအောင်လှိုင်က ကိုယ်မေကိုယ်လိုးကွ။ မင်းတို့အမေတွေကို မင်းအောင်လှိုင် ခွေးတွေ တက်လိုးမှ နောင်တမရကြနဲ့။ ဒီနိုင်ငံမှာ လောကပါလနတ် မစောင့်ဘူး

ဆိုတာတွေပဲ ဖြစ်ပါတယ်။

ဗီဒီယိုနဲ့ ပတ်သက်ပြီး ရှင်းပြရမယ်ဆိုရင်တော့ ပြည်ပရောက် ဒါမှမဟုတ် နိုင်ငံတွင်းမှာပဲ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို တော်လှန်ရေးမှာ ပါဝင်လာဖို့ လှုံ့ဆော်တာနဲ့ စစ်တပ်ဘက်မှာ ရပ်တည်တဲ့၊ စစ်တပ်ကစီစဉ်တဲ့ ဆန္ဒပြပွဲတွေ မှာ ပိုက်ဆံယူပြီး ပါဝင်တဲ့သူတွေကို ရှုတ်ချတာပဲ ဖြစ်ပါတယ်။ ကဗျာထဲမှာ ညွှန်းထားတဲ့ အာဇာနည်တွေ ဆိုတာကတော့ စစ်တပ်က မတရားသေဒဏ်ပေး ကွပ်မျက်တာ ခံလိုက်ရတဲ့ ဟစ်ပ်ဟော့ပ်အဆိုတော် ဖြိုးဇေယျာသော်၊ ၁၉၈၈ အရေးအခင်းက ကျောင်းသားခေါင်းဆောင် ကျော်မင်းယု (ခေါ်) ကိုဂျင်မီ၊ အရပ်သား နိုင်ငံရေးအကျဉ်းသား နှစ်ယောက်ဖြစ်တဲ့ လှမျိုးအောင်နဲ့ အောင်သူရဇော်တို့ ဖြစ်မယ်လို့ ယူဆရပါတယ်။

ဖြိုးဇေယျာသော်က ၂၀၂၁ ခု၊ နိုဝင်ဘာ (၁၇) ရက်နေ့မှာ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စွဲချက်တင် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ကျော်မင်းယုက ၂၀၂၁ ခု၊ အောက်တိုဘာ (၂၄) ရက်နေ့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူ့ ဆိုရှယ်မီဒီယာပို့စ်တွေကြောင့် ဆူပူအုံကြွမှုဖြစ်စေတာနဲ့ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။ လှမျိုးအောင်နဲ့ အောင်သူရဇော်ကတော့ စစ်တပ် သတင်းပေးသူ တစ်ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သေဒဏ်ကို နောက်ဆုံးစီရင်ခဲ့တာက ၁၉၈၈ ခုနှစ်မှာ ဖြစ်ပါတယ်။ (အဲဒီအချိန် တုန်းက ဆူပူအုံကြွမှုဖြစ်စေမှုနဲ့ စစ်တပ်သတင်းပေးတွေကို သတ်ဖြတ်မှု ကြောင့် လူအယောက် (၁၀၀) ကျော်ကို စစ်တပ်က သေဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ပါ တယ်။ သေဒဏ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လူထုကို အကြောက် တရား ရိုက်သွင်းပြီး မပုန်ကန်အောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်။) ဒီလိုမျိုး သေဒဏ်ပေးလိုက်တာက တုန်လှုပ်စရာသတင်း ဖြစ်တာကြောင့် ကဗျာရွတ်ဆို သူရဲ့ ဒေါသတွေကို နားလည်ပေမယ့် သူ့ရဲ့ ဒေါသတွေဟာ နေရာလွဲနေ ကြောင်း ကျွန်တော် ထောက်ပြလိုပါတယ်။

ပြန်ပြီး ခွဲခြမ်းစိတ်ဖြာရမယ် ဆိုရင်တော့ ကဗျာရွတ်ဆိုသူဟာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နဲ့ စစ်သားတွေကို ခွေး၊ မအေလိုး စတာတွေနဲ့ ခိုင်းနှိုင်းထားပါတယ်။ စစ်တပ်ဘက်က ရပ်တည်တဲ့ (လောကပါလ နတ်နဲ့ လူတွေ) ကို လိင်တူဆက်ဆံတဲ့ သူတွေ၊ တောသားတွေ၊ ပညာ မတတ်သူ တွေ၊ ဖာသည်မသားတွေ၊ သခင့်စကားပဲ နားထောင်တဲ့ ခွေးတွေ၊ ဖင်လိုးခံချင် နေတဲ့ သူတွေအဖြစ် ခိုင်းနှိုင်းပြောဆိုထားပါတယ်။ ကဗျာရွတ်သူ စွပ်စွဲထားတဲ့ စံလွဲတွေထဲကမှ လိင်တူကြိုက်နှစ်သက်မှုနဲ့ တာဇံတောသားအပိုင်းကို ကျွန်တော်ပြောချင်ပါတယ်။

ကဗျာရွတ်ဆိုသူရဲ့ အလိုအရဆို လိင်တူချစ်ကြိုက်ခြင်းဟာ လူသတ်တာ၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေနည်းတူ မမှန်ကန် မှားယွင်းတဲ့ အပြုအမူ၊ စံနှုန်းတွေဖြစ်ပါတယ်။ ပြည့်တန်ဆာအလုပ်ကလည်း အဲဒီလိုပါပဲ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ရောင်းစားတာက မှားယွင်းတဲ့ အပြုအမူဖြစ်ကြောင်း ကဗျာ ရွတ်သူက ဆိုပါတယ်။ နိုင်ငံတော်ကို ကြည့်ရှုစောင့်ရှောက်ဖို့ ပျက်ကွက်တဲ့၊ တရားမမျှတမှုကို သယ်ဆောင်လာတဲ့၊ ယုတ်ညံ့တဲ့စစ်တပ်နဲ့ ပေါင်းစည်း ဆက်နွှယ်နေတဲ့  လောကပါလ နတ်တွေနဲ့ လူတွေကို လိင်တူချစ်ကြိုက်သူတွေ၊ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေနဲ့ ညီမျှခြင်း ချလိုက်တာပါပဲ။ ဒီလိုနည်းနဲ့ အမျိုးသားချင်းချစ်ကြိုက် လိင်ဆက်ဆံတဲ့သူတွေနဲ့ ပြည့်တန်ဆာ တွေက ဖယ်ထုတ်ခံလိုက်ရပါတယ်။ ဒီနေရာမှာတွေ့ရတဲ့ လူမှုအနိမ့်အမြင့် သတ်မှတ်မှုဟာ Peterson သီအိုရီထုတ်ထားသလို “(အပြင်ပန်းအရ ဆန့်ကျင်ဘက် သဘောရှိတဲ့ ဇီဝရူပသွင်ပြင်တွေကို အခြေပြုတဲ့) အမျိုးသားနဲ့ အမျိုးသမီး ဝိသေသလက္ခဏာတွေကို အစွန်းနှစ်ဖက်နဲ့ အထက်အောက်ဆန်တဲ့ ဒွိစုံစည်းမျဉ်းအဖြစ် သတ်မှတ်တာနဲ့  လိင်ပိုင်းဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှု၊ မိသားစု ဘဝ၊ လူမှုရေးရာ မျိုးဆက်ပြန့်ပွားမှု စတာတွေက လိင်ကွဲကြိုက်နှစ်သက်မှု အခြေခံကနေပဲ လာရမယ် ဆိုတာကလွဲပြီး ကျန်တာတွေ အကုန်လုံးကို ငြင်းဆိုတဲ့” လိင်ကွဲကြိုက်နှစ်သက်မှုအခြေပြု ခွဲခြားခြင်းပဲ ဖြစ်ပါတယ်။ လိင်တူ ကြိုက်နှစ်သက်မှုနဲ့ သူ့ကို အခြေခံထားတဲ့ လိင်ပိုင်းဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှု တွေကို ငြင်းဆိုချက်ကို Warner အဆိုပြုထားတဲ့ လိင်ကွဲကြိုက်နှစ်သက်မှု စံဘောင်ထဲက  “ဂေးနဲ့ လက်စဘီယံတွေအပေါ် ဆန့်ကျင်တဲ့ လိင်တူမုန်းတီးမှု၊ အိုင်ဒီယော်လော်ဂျီ အတွေးအခေါ်ဆိုတာထက် ပိုပြီး အမျိုးသားရေး၊ နိုင်ငံတော်၊ တရားဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ ပညာရေး၊ ဇာတ်ကြောင်း ပြောမှုရဲ့ အစဉ်အလာ သက်ရောက်မှု၊ အချစ်ရေးနဲ့ ယဉ်ကျေးမှုက အကာ အကွယ်ပေးထားတဲ့ အချို့ကဏ္ဍတွေစတဲ့ လူမှုဘဝရဲ့ ပုံသဏ္ဌာန်နဲ့ တည်ဆောက်မှု နေရာတိုင်းမှာ လိင်ကွဲကြိုက်နှစ်သက်မှုစံကို တည်ရှိဖြစ်ပေါ် စေမှု” အဖြစ် ဆန်းစစ်နိုင်ပါတယ်။

လိင်တူဆက်ဆံတာနဲ့ ပြည့်တန်ဆာလုပ်ငန်းအပေါ် ကဗျာရွတ်ဆိုသူရဲ့ စက်ဆုပ်မှုအကြောင်း ဆွေးနွေးပြီးတဲ့နောက်မှာ တာဇံတောသားဆိုတာနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ တာဇံဆိုတာ မြန်မာဗန်းစကားအရ တောရွာ ဘက်က လာတဲ့သူတွေကို ပြောတာပါ။ တောထဲက လူသားအကြောင်း ပြထားတဲ့ စိတ်ကူးယဉ် ဇာတ်ကြောင်းကနေပြီး ဒီဗန်းစကား ဖြစ်လာပါတယ်။ တောကြီးမျက်မည်း၊ ကျေးရွာ/တောရွာ ဆိုပြီး အဓိပ္ပာယ်ရတဲ့ တောဆိုတဲ့ စကားနဲ့  အမျိုးသားဆိုတဲ့ အဓိပ္ပာယ်ကို ရည်ညွှန်းတဲ့ သားဆိုတဲ့ စကားလုံး နှစ်လုံး ပေါင်းစပ်မှု ဖြစ်ပါတယ်။ ခေတ်သစ်မြန်မာ့အဘိဓာန်အရတော့ တာဇံ/ တောသားဆိုတာ တောရွာက လာတဲ့လူတွေကိုပြောတာ မဟုတ်တော့ဘဲ ဘယ်ကနေပဲလာလာ ပညာမတတ်၊ ခေတ်နောက်ကျတဲ့သူတွေကို ပြောတာ ဖြစ်သွားပါတယ်။ ဒါပေမဲ့ စကားလုံးပုံစံအရကိုက တောရွာက လာတဲ့သူတွေ (ဆင်းရဲနွမ်းပါးတဲ့ အခြေခံအလုပ်သမား လူတန်းစားလို့လည်း အဓိပ္ပာယ် ကောက်နိုင်) နဲ့ ပညာမတတ်၊ ခေတ်နောက်ကျတဲ့အရာကို ညီမျှခြင်းချလိုက် သလို ဖြစ်နေပါတယ်။ ခေတ်ပေါ်ဗန်းစကား တာဇံက ဘယ်ကနေ လာတယ် ဆိုပြီး ကျွန်တော်ခြေရာခံလို့မရပေမဲ့ (အမေရိကန် စာရေးဆရာ Edgar Rice Burroughs ရဲ့ ဝတ္ထုရှည်၊ ဒါမှမဟုတ် ရုပ်ရှင်ကနေ ယူထားတာဖြစ်နိုင်) အဲဒီစကားလုံးဟာ ကိုလိုနီစိတ်ကူးစိတ်သန်းတွေကို အနည်းအကျဉ်း ပြနေပါ တယ်။ ဒါပေမယ့် Jules Zanger ကတော့  “လူ့ယဉ်ကျေးမှု ဒါမှမဟုတ် ခရစ်ယာန်အယူဝါဒရဲ့ မီးရှူးတန်ဆောင်ကို လူ့အရိုင်းအစိုင်းတွေဆီ သယ်ဆောင်ယူလာပေးဖို့” စတဲ့ လူဖြူဝန်ထုပ်ဝန်ပိုးတွေဟာ တာဇံဆိုတဲ့ စကားလုံးမှာ မပါဝင်ကြောင်း ပြောသလို  Biljana Oklopčić ကတော့ မုဒိမ်းမှု ကျူးလွန်သူဆို လူမည်းဆိုတဲ့ ပုံစံခွက်လိုမျိုး တာဇံဆိုတဲ့ စကားက အဲဒီလို လူဖြူအမျိုးသားကို ဖော်ပြတာပဲဖြစ်ကြောင်း ဆိုပါတယ်။ မြန်မာ့အခင်းအကျင်း အရ တာဇံဆိုတဲ့ ဗန်းစကားဟာ ကိုလိုနီအနံ့အသက် အကြွင်းအကျန်တွေကို ဖော်ပြနေသလို လူတန်းစားအခြေအနေကိုလည်း ဖော်ပြနေပါတယ်။ တောရွာ က အမျိုးသားလိင်လုပ်သားလေးတွေ သူတို့ရဲ့ မြို့ကို ရောက်လာပြီး အရောင် ဆိုးမှာကို စိုးရိမ်တဲ့ ပေကျင်းက လိင်တူကြိုက်အမျိုးသားတွေလို မြန်မာနိုင်ငံက လူလတ်တန်းစားတွေက စစ်တပ်ဆီက ထောက်ပံ့ငွေ ငါးထောင်ကျပ်ကိုယူတဲ့ အလုပ်သမားလူတန်းစားဟာ တော်လှန်ရေးကို ကျရှုံးအောင် လုပ်မှာကို စိုးရိမ်ကြပါတယ်။ Mosse ပြောတဲ့ “လူလတ်တန်းစားတွေက အောက်ခြေ လူတန်းစားနဲ့ အထက်တန်းလွှာတွေ ဆီကနေပြီး သူတို့ရဲ့လူမှုအဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ထိန်းသိမ်းဖို့ လူရာဝင်ဆံ့မှုကနေတစ်ဆင့် ပြုလုပ်တယ်” ဆိုတာလို လူလတ်တန်းစားတွေဟာ သူတို့ကိုယ်သူတို့ နိုင်ငံတော်အသစ်ဆီက ခေတ်မီတဲ့ နိုင်ငံသားတွေအဖြစ် နေရာယူပြီး အလုပ်သမားတွေ (စစ်တပ်ဆီက အခကြေးငွေယူတဲ့သူတွေ) ကိုတော့ “သခင် ကျွေးသမျှစားတဲ့ အရိုးကိုက် ခွေးတွေ” အဖြစ် သတ်မှတ်ကြပါတယ်။

ဂုဏ်သိက္ခာ၊ နိုင်ငံသားကောင်းနဲ့ ကွီးယားများ

အပေါ်က ကဗျာလိုပဲ မြန်မာနိုင်ငံသားအတော်များများဟာ တော်လှန်ရေးထဲမှာ လူတွေပိုပါဝင်လာဖို့ ကြိုးစားကြပါတယ်။ လုပ်နေကျ နည်းလမ်းကတော့ တရားမှု/မတရားမှု၊ မှားယွင်းမှု/ဆိုးယုတ်မှု၊ သတ္တိရှိမှု/သူရဲဘောကြောင်မှု၊ နိုင်ငံသားကောင်း/နိုင်ငံသားဆိုး စတာတွေကြားထဲမှာ စည်းသားလိုက်တာပါပဲ။ ကျွန်တော့် အင်တာဗျူးဖြေဆိုသူ နှစ်ယောက်ရဲ့ စကားတွေအရ နိုင်ငံနဲ့ ကျား (အမျိုးသား) ဆန်မှု (Nagel, 1998) ကြားက ဆက်နွယ်မှုတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဘိုဘိုဆိုတဲ့ အင်တာဗျူးဖြေဆိုသူဟာ သူ့ရဲ့သူငယ်ချင်း နားမကြားသူ တစ်ဦးဖြစ်တဲ့ သူရကို ကျွန်တော့်ရဲ့သုတေသနထဲမှာ ပါဝင်ချင်မလားဆိုပြီး မေးခဲ့ကြောင်း ကျွန်တော့်ကို ပြောပြပါတယ်။ သူရက ကျွန်တော့် သုတေသနထဲ မှာ ပါမည်ဖြစ်ကြောင်း သဘောတူခဲ့ပါတယ်။ သူရက အာဏာသိမ်းမှု မတိုင်ခင် က စစ်တပ်ပိုင် စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်း လိုက်တဲ့အချိန်မှာ သူက အကြမ်းမဖက် အနုနည်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့ပါတယ်။ အခုတော့ သူက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထဲမှာ ပါဝင်နေပါတယ်။

သူရက သူဘယ်လိုလုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ဖြစ်သွား ကြောင်း ကျွန်တော့်ကို ပြောပြပါတယ်။ အခြားသူတွေ နိုင်ငံအတွက် အသက်ကို စွန့်နေတဲ့အချိန်မှာ သူ့ဘဝသူ ပျော်ပျော်နေမိတဲ့အတွက် အပြစ်ရှိတယ်လို့ သူ ခံစားရပါတယ်။ ဒီအပြစ်မကင်းခံစားချက်ကပဲ သူ့ကို တော်လှန်ရေးထဲဝင်ပါဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့တာပါ။ “ပြည်သူ့ကာကွယ်ရေးတပ်က လူတွေက နိုင်ငံအတွက် သူတို့အသက်ကို ပေးနေကြတယ်။ သူတို့ရဲ့ ဝါသနာတွေကို သူတို့ ဂရုမစိုက်ဘူး။ တိရစ္ဆာန်စစ်ခွေးတွေနဲ့ ယှဉ်လိုက်ရင် သူတို့က သူတော်ကောင်း တွေပဲ”  သူရက အမှားလုပ်သူနဲ့ အမှန်လုပ်သူကြား မျဉ်းတစ်ကြောင်း ဆွဲလိုက် တာပါပဲ။ သူရရဲ့ လူကောင်း၊ လူဆိုး သတ်မှတ်မှုက ဂုဏ်သိက္ခာ၊ သတ္တိ၊ တာဝန်စတာတွေက လာပါတယ်။ 

“နိုင်ငံသားကောင်း စိတ်ဓာတ်ကြောင့်နဲ့ မတရားမှုကို လက်ပိုက်ကြည့် မနေနိုင်တာကြောင့် ကျွန်တော် ဒီတော်လှန်ရေးမှာ ပါဝင်လာတာ။ ဘယ်သူမှ သတိပေးစရာမလိုဘဲ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်တော့်မှာ အသိရှိတယ်။ နောက်တစ်ခုက အရင်အလုပ်က လုပ်ဖော် ကိုင်ဖက်တွေက ကျွန်တော့်ကို ရှောင်ကြတယ်။ ဒါက လိင်တူကြိုက်တာကို ရှုတ်ချကြတာပါပဲ။ အခုတော့ အဲဒီယောက်ျားအစစ်တွေက CDM တောင် မလုပ်ကြဘူး။ ကြောက်ပြီး မတရားမှုအောက်မှာ ဒူးထောက်နေကြတယ်။ တစ်နည်းအားဖြင့် ပြောရရင် ယောက်ျားမစစ်ကြဘူးပေါ့ဗျာ။ ယောက်ျား မစစ်ဘူးဆိုပြီး သူတို့ လက်ညှိုးထိုးခဲ့တဲ့ကောင်က သူတို့ထက် ယောက်ျားဆန် တဲ့ အလုပ်တွေကို လုပ်နေကြောင်း သက်သေပြချင်တာ။ တကယ်တော့ ကျား (အမျိုးသား) ဆန်မှုက လိင်တူ၊ လိင်ကွဲကြိုက်မှုနဲ့ မဆိုင်ဘဲ မှန်တဲ့အရာ၊ တရားတဲ့အရာကို လုပ်တာပဲ မဟုတ်လား” ဆိုပြီးလည်း သူရက ပြောပါတယ်။

လိင်ကွဲကြိုက်နှစ်သက်တဲ့ အမျိုးသားတွေနဲ့ ကျား(အမျိုးသား)ဆန်မှုကို တွဲဖက်ထားတဲ့ အတွေးအခေါ်ကို စိန်ခေါ်တာ သူရ တစ်ယောက်တည်း မဟုတ် ပါဘူး။ အင်တာဗျူးဖြေဆိုသူ နောက်တစ်ဦးဖြစ်တဲ့ ညို ဆိုသူက တော်လှန်ရေး အတွင်းမှာ လူတစ်ယောက်နဲ့ စကားများခဲ့တာကို ပြောပြခဲ့ပါတယ်။ ညိုက အမျိုးသားတစ်ယောက် ဖြစ်တာကြောင့် “ယောက်ျားလို နေစမ်းပါ” ဆိုပြီး အပြောခံခဲ့ရပါတယ်။ အဲဒီမှာ ညိုက “ယောက်ျားလိုဆိုတာ ဘယ်ဟာကို ပြော တာလဲ။ မင်းအောင်လှိုင်ကလည်း မိန်းမတစ်ယောက်ကို လက်ထပ်ထားတဲ့ ယောက်ျားတစ်ယောက်ပဲ။ ဒါပေမဲ့ သူ နိုင်ငံကို ဘယ်လောက်တောင် ဒုက္ခပေး နေလဲ မမြင်ဘူးလား။ သူ့လိုယောက်ျားမျိုးကို ယောက်ျားကောင်းလို့ ခေါ်မ လား။ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေနဲ့ LGBT တွေကိုရော၊ ဘယ်လိုလုပ်မလဲ။ LGBT တွေပေးတဲ့ပိုက်ဆံနဲ့ နေနေကြတဲ့ ယောက်ျားတွေက ရော။ ဘယ်သူ့ကို မင်း ယောက်ျားဆိုပြီး ခေါ်မလဲ။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမ ဖြစ်ဖြစ် လူကောင်း/နိုင်ငံသားကောင်းတစ်ယောက် ဖြစ်ဖို့ကပဲ အရေးကြီးတာ မဟုတ်ဘူးလား”  ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ညိုက ရိုးရိုးအအ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ အရက်မူးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ယောက်က ညို့ရဲ့ ဂေးသူငယ်ချင်း တစ်ယောက်ကို လပြည့်နေ့မှာ ခြိမ်းခြောက်ပြီး မုန့်ဖိုးတောင်းတယ် ဆိုတဲ့ အကြောင်း ပြောပါတယ်။ ညိုက ဒီအဖြစ်အပျက်ကို ပြောတဲ့အခါမှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရော၊ တော်လှန်ရေးရောကို အဆိုးမမြင်စေချင်တာ ကြောင့် သူ့သူငယ်ချင်းတွေနဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေက အရင်ကတည်းက ခင်ကြကြောင်း ထည့်ပြောတာကို ကျွန်တော် သတိထားမိ ပါတယ်။

ဒီဖြေဆိုချက်နှစ်ခုကို Nagel ရဲ့ ဝံသာနုဝါဒနဲ့ ကျား(ယောက်ျား)ဆန်မှု ဆက်သွယ်ချက်ဘောင်နဲ့ ဆန်းစစ်ကြည့်ပါမယ်။ “ဝံသာနုယဉ်ကျေးမှုက ကျား (အမျိုးသား)ဆန်တဲ့ ယဉ်ကျေးမှုကို အလေးပေးဖို့နဲ့ နှိုးဆွဖို့ တည်ဆောက်ထား ပါတယ်။ ဂုဏ်သိက္ခာ၊ မျိုးချစ်စိတ်၊ သူရဲဘောကြောင်မှု၊ သတ္တိနဲ့ တာဝန် စတဲ့ အသုံးအနှုန်းတွေက မျိုးချစ်စိတ်ပြင်းထန်မှု၊ ‘ကျား’ဆန်မှု – ဘာနဲ့ ဆက်စပ် သလဲဆိုတာ ခွဲဖို့ခက်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီစကားလုံးတွေက နိုင်ငံ ရော ‘ကျား’ဆန်မှုနဲ့ပါ စည်းနှောင်ထားလို့ပါ” ဆိုပြီး Nagel က ဆိုပါတယ်။ ‘ကျား’ဆန်မှုဓလေ့ငယ်တွေကို ဝံသာနုစိတ်ဓာတ်ရဲ့ စစ်ဝါဒီဆန်တဲ့ဘက်မှာ ပိုမြင်ရကြောင်း သတိပေးပါသေးတယ်။

သူရရော၊ ညိုရောက “နိုင်ငံအတွက် အသက်စွန့်တာ”၊ “ရှေ့တန်းကနေ တိုက်ပွဲဝင်တာ”၊ “မတရားမှုကို လက်မခံနိုင်တာ” စတဲ့ မျိုးချစ်စိတ်ပြည့်ဝတဲ့ အပြုအမူတွေကို အမွှမ်းတင်ပါတယ်။ ဒီအပြုအမူတွေကို “နိုင်ငံသားကောင်း စိတ်ဓာတ်” အဖြစ် သူတို့က ရှုမြင်ကြပါတယ်။ လူ့အသိုင်းအဝိုင်းက ဒီ အရည်အသွေးတွေနဲ့ ကျား(အမျိုးသား)ဆန်မှုကို တွဲစပ်ထားပြီး အဲဒီအရာကနေ “လိင်ကွဲကြိုက်နှစ်သက်တဲ့ အမျိုးသား” အဖြစ် အလိုလိုပုံဖော်ကြတယ် ဆိုတာ ကို သူရရော၊ ညိုရော သတိထားမိကြပါတယ်။ ဂုဏ်သိက္ခာ၊ သူရဲဘောကြောင်မှု၊ သတ္တိနဲ့ တာဝန် စတဲ့ အမျိုးသားပီသမှု မှန်ပြောင်းကကြည့်ရင် အမျိုးသားမပီသ ဘူးလို့ ယူဆကြတဲ့ ကွီးယားတွေအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အနက် ကို သယ်ဆောင်ပေးဖို့ သူရက ကြိုးစားခဲ့ပါတယ်။ လိင်ကွဲကြိုက်တဲ့ အမျိုးသား အစစ်တွေ စစ်တပ်ပါဝါအောက်မှာ ကြောက်ဒူးတုန်နေကြတာကို ရှက်စရာ မိန်းမဆန်မှုလို့ သူရက မြင်ပါတယ်။ ကျွန်တော့်ရဲ့ အင်တာဗျူးဖြေဆိုသူ နှစ်ဦး လုံးက (နိုင်ငံအတွက် အသက်စွန့်နေကြတဲ့) အမျိုးသမီးတွေနဲ့ LGBT ‌တွေကို ပိုကျယ်ပြန့်တဲ့ လူမှုအဝန်းအဝိုင်းထဲ ပါဝင်ကြစေချင်ပါတယ်။ သူတို့က လိင်ကွဲကြိုက်နှစ်သက်တာမဟုတ်တဲ့ လိင်စိတ်ခံယူမှုတွေအပေါ် လိင်ကွဲကြိုက် ယဉ်ကျေးမှုက လွှမ်းမိုးကြီးစိုးနေတာကို ပယ်ချပြီး လိင်ကွဲကြိုက်နှစ်သက်မှုစံကို စိန်ခေါ်နေတာပါပဲ။ Warner က ကွီးယားတန်ပြန်စုဖွဲ့မှုဟာ ဘာပါဆိုပြီး သတ်မှတ်ထားတာမျိုး မရှိဘဲ နည်းမျိုးစုံနဲ့ လည်ပတ်နိုင်ကြောင်း အဆိုပြုခဲ့ ပါတယ်။

ဒီနေရာမှာ ကျွန်တော့် အင်တာဗျူးဖြေဆိုသူတွေရဲ့ ဖြေဆိုချက်တွေဟာ ကွီးယားတန်ပြန်စုဖွဲ့မှုပါပဲ။

နိဂုံး

ဆန္ဒပြကြွေးကြော်သံ၊ အရေးအသား လေးခုနဲ့ ဖြေဆိုချက်နှစ်ခုကို ဒီဆောင်းပါး မှာ ကျွန်တော် ခွဲခြမ်းစိတ်ဖြာခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အင်တာဗျူး ဖြေဆိုသူတွေက အခြောက်ဆိုတဲ့ စကားလုံးအစား နိုင်ငံခြား အသုံးအနှုန်းတွေ ကို ယူငင်သုံးစွဲပေမယ့် သူတို့က ဒီအခြောက်ဆိုတဲ့ ပြက်ရယ်ပြုသုံးအနှုန်းကို လိင်တူကြိုက်ခြင်းကို ပြစ်တင်ရှုတ်ချမှုအနေနဲ့ ကြုံရရုံသာမက သူတို့ကိုယ် သူတို့ ပိုကျယ်ပြန့်တဲ့ လူမှုအဝန်းအဝိုင်းထဲ ပါဝင်နိုင်ဖို့အတွက် ဒီစကားလုံးကိုပဲ ပြန်သုံးကြပါတယ်။ အခြားဖိနှိပ်ခံဖြစ်တဲ့ အမျိုးသမီးတွေနဲ့ အတူတကွ ရပ်တည်၊ လိင်ကွဲကြိုက်နှစ်သက်မှုစံကို စိန်ခေါ်ပြီး ကွီးယားလူနည်းစုရပ်ဝန်းကို တည်ဆောက်ဖို့ ဘယ်လိုကြိုးစားကြလဲ ဆိုတာကိုလည်း ကျွန်တော်ဆွေး နွေးပြီး ဖြစ်ပါတယ်။ ဝံသာနုလမ်းစဥ်အရ ကျား(အမျိုးသား)ဆန်မှု စံနှုန်းတွေ (သတ္တိ၊ ဂုဏ်သိက္ခာ၊ တာဝန် စသဖြင့်) နဲ့ လိင်ကွဲကြိုက်နှစ်သက်မှုကို တွဲစပ် ထားခြင်းကို ဖယ်ခွာပစ်ဖို့ကိုလည်း သူတို့လုပ်ခဲ့ကြပါတယ်။ အရေးအကြီးဆုံး ကတော့ ကျွန်တော့်ရဲ့ အင်တာဗျူးဖြေဆိုသူတွေ အပါအဝင် မြန်မာကွီးယား တွေက ပြုလုပ်ခံရသူတွေပဲ မဟုတ်ဘူးဆိုတာကို ရှင်းလင်းပြသပြီး ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးထဲမှာ မြန်မာကွီးယားတွေဟာ အခြားဖိနှိပ်ခံတွေပါ ပါဝင်တဲ့ ကွီးယားတန်ပြန်စုဖွဲ့မှုကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပြီး ကျား(အမျိုးသား)ဆန်တဲ့ ဝံသာနုနိုင်ငံရေးကိုပါ စိန်ခေါ်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့တွေက ‘အခြောက်’ ဆိုတဲ့ ရှုတ်ချတဲ့အသုံးအနှုန်းကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ အင်တာဗျူး ဖြေဆိုသူ ‘အေး’ ဆိုသူက (နိုင်ငံသားကောင်းတစ်ဦးဖြစ်တဲ့) ကွီးယား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဒေသခံတစ်ဦးနဲ့ တွေ့တဲ့အခါ ရုပ်တည်နဲ့စနောက်ပြီး သူ့ကိုယ်သူ အခြောက်အဖြစ် မိတ်ဆက်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။ အဲဒီအချိန်မှာ ဒေသခံဖြစ်သူဆီက “အခြောက်မဟုတ်ပါဘူး။ ခင်ဗျားက LGBT တစ်ယောက်ပါ” ဆိုတဲ့ တုံ့ပြန်ချက်ကို အံ့ဩဖွယ် ရရှိခဲ့ပါတယ်။

ကျွန်တော့်ရဲ့ အင်တာဗျူးဖြေဆိုသူတစ်ဦးရဲ့ ဖြေဆိုချက်နဲ့ နိဂုံးချုပ် ချင်ပါတယ်။

ငါသေသွားတဲ့အခါ နင့်ရဲ့ကလေးတွေကို နင့်ရဲ့သူငယ်ချင်း အခြောက်မကြီး (ရိုင်းစိုင်းတဲ့ အသုံးအနှုန်းဖြစ်ပေမယ့် သူ့စကားအတိုင်း ပြန်ယူငင်သုံးစွဲထား) က ဒီတော်လှန်ရေးမှာ ပါဝင်ခဲ့တယ်လို့ ပြောပေးပါ။ ငါတို့ (ကွီးယား) တွေရဲ့ လှုပ်ရှားမှုကို မှတ်တမ်းတင်ထားဖို့လိုတယ်။ မဟုတ်ရင် ငါတို့ အတွေ့အကြုံ‌တွေက လေထဲမှာ‌ ပျောက်သွားမှာပဲ။ ငါ ဒါကိုလုပ်တယ်ဆိုတာ ငါတို့စိုက်ပျိုးခဲ့သမျှကို နောင် LGBT ကလေးတွေ ရိတ်သိမ်းလို့ရအောင်ပဲ။ ဒီသမိုင်းမှတ်တမ်းတွေနဲ့ ဆိုရင် ငါတို့ LGBT/ကွီးယားတွေ အခြားသူတွေနည်းတူ  ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်တဲ့၊ ငါတို့ ချစ်တဲ့သူကို ငါတို့ လက်ထပ်နိုင်တဲ့၊ ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်တဲ့ အနာဂတ်ကို မျှော်မှန်းလို့ ရချင်ရမှာပေါ့

လို့ သူ့သူငယ်ချင်းကို ပြောခဲ့ဖူးကြောင်း ဝန်ခံတော့ ကျွန်တော့်မှာ မျက်ရည်ကျ‌လု နီးနီးပါပဲ။ ကျွန်တော့် စာတမ်းမှာ အင်တာဗျူးဖြေဆိုသူတွေနဲ့ မြန်မာကွီးယား တွေရဲ့ ဘဝအတွေ့အကြုံတွေ၊ တော်လှန်ရုန်းကန်မှုတွေ၊ ကြံ့ကြံ့ခံမှုတွေ (ဒါမှမဟုတ် လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ ကွီးယားတွေ) ကို ဒီသုတေသနစာတမ်းက တိတိပပ ပေါ်လွင်အောင် ပြနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကိုးကားချက်များ

ကိုးကားချက်များ

Art Rebel – အနုပညာသူပုန်. (2023, January 1). သမ္မာဒေဝနတ်တွေ လိင်တူ ဆက်ဆံနေတဲ့ နေ့က – သွေးစက်နီ [Facebook post]. Facebook. https://web.facebook.com/watch/?v=497083842536159

Aung Zaw Myo. (2023). Queercounterpublics in the Queer Time (2011-2023) of Burma [Unpublished master’s thesis]. Central European University, Vienna.

Boellstorff, T. (2006). The Gay Archipelago: Sexuality and Nation in Indonesia. Princeton University Press.

Fairclough, N. (2003). Analysing Discourse: Textual Analysis for Social Research. Psychology Press.

LGBT Alliance – Myanmar. (2021, November 11). #LGBT တို့ဘုန်းနဲ့မအလကိုကိစ္စတုံးမယ် [Facebook post]. Facebook. https://web.facebook.com/lgbtmyanmar2021/posts/pfbid028oTV4GhPDTssTmGN9NoJwGXDtxC5ceCiZwnc4yuhsLi1Wy4YnwWA4KkrZyEro9h3l

LGBT Alliance – Myanmar. (2022, May 10). “သေမှာမကြောက်လို့​ ပေတစ်ရာလျှောက်တဲ့ တော်လှန်နေသောအခြောက်” စာသားဖြင့် ရန်ကုန်မြို့တစ်နေရာ၌ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု
ပြုလုပ်ခဲ့ကြသည်။ [Facebook post]. Facebook. https://web.facebook.com/lgbtmyanmar2021/posts/pfbid02ZqQVSju3tgN7UCoJR56EqiZFVEpFWxkdi3Wp1cnLA4WTmzqBe9LpUQw9EvXU5F2Vl

Mi Mi Khaing. (1956). Burmese Family. Orient Longmans.

Mikdashi, M., & Puar, J. K. (2016). Queer Theory and Permanent War. GLQ: A Journal of Lesbian and Gay Studies22(2), 215-222.

Mosse, G. L. (1985). Nationalism and Sexuality: Respectability and Abnormal Sexuality in Modern Europe. University of Wisconsin Press.

Nagel, J. (1998). Masculinity and nationalism: Gender and sexuality in the making of nations. Ethnic and Racial Studies21(2), 242-269.

Oklopčić, B. (2017). Adapting the Adapted: The Black Rapist Myth in E.R. Burroughs’ Tarzan of the Apes and Its Film Adaptations. Anafora, 4(2), 313-330.

Peterson, V. S. (1999). Political identities/nationalism as heterosexism. International Feminist Journal of Politics1(1), 34-65.

Rofel, L. (2007). Desiring China: Experiments in Neoliberalism, Sexuality, and Public Culture. Duke University Press.

Stewart, C. J., Smith, C. A., & Denton Jr., R. E. (2001). Persuasion and Social Movements. Waveland Press.

Taylor, T. L., Boellstorff, T., Nardi, B., & Pearce, C. (2013). Ethnography and Virtual Worlds: A Handbook of Method. Princeton University Press.

Van de Velde, C. (2022). The Power of Slogans: Using Protest Writings in Social Movement Research. Social Movement Studies. https://doi.org/10.1080/14742837.2022.2084065

Warner, M. (1991). Introduction: Fear of a Queer Planet. Social Text, 29, 3-17.

Warner, M. (2005). Publics and Counterpublics. Zone Books. Zanger, J. (1989). Some differences between American and British fantasy literature. Brno Studies in English, 18, 93-99.