တော်လှန်ရေးထဲမှ “ဖမ်မနစ်စကားဝိုင်း”

သူပုန် | Click here to read this article in English.

Cite as: 
သူပုန်၊ (၂၀၂၃)၊ တော်လှန်ရေးထဲမှ “ဖမ်မနစ်စကားဝိုင်း”၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4679

စာတမ်းအကျဉ်း

ဤဆောင်းပါးသည် ‘သူပုန်’ အဖွဲ့မှ စီစဉ်သည့် ‘သူပုန်စကားဝိုင်း’ တွင် ဖမ်မနင်ဇင် (feminism) နှင့် တော်လှန်ရေးဆိုင်ရာ အရေးကိစ္စများအကြောင်း ကို ဆွေးနွေးမှုများမှ ကောက်နုတ်ချက်ဖြစ်သည်။ အဆိုပါစကားဝိုင်းတွင် ပါဝင်သူများသည် ၎င်းတို့ တွေးမြင်ယူဆသည့် ဖမ်မနင်ဇင်အမျိုးအစားများ၊ ဂျန်ဒါနိုင်ငံရေးနှင့် ဖိနှိပ်မှုများကို တွန်းလှန်ရေး၊ တော်လှန်ရေးဗျူဟာ၊ လက်နက်ဖြုတ်သိမ်းရေးနှင့် ဖမ်မနစ် (feminist) များ မျှော်မှန်းထားသည့် တော်လှန်ရေးအလွန်ကာလ ကမ္ဘာကြီးအကြောင်းများကို ဆွေးနွေးကြသည်။ စကားဝိုင်းကို ၂၀၂၁ ခုနှစ်၊ ‌အောက်တိုဘာလတွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပိုမိုအားကောင်းလာသည့် စစ်အုပ်ချုပ်မှု ဆန့်ကျင်တော်လှန်ရေးနှင့်အတူ ကျွဲကူးရေပါ ပါလာသည့် အတွေးအခေါ်တော်လှန်ရေး၏ အရေးပါပုံအကြောင်းကို ဤစကားဝိုင်းတွင် ခြုံငုံတွေ့မြင်နိုင်သည်။

~

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကတည်းက မြန်မာနိုင်ငံမှာ အင်အားကောင်းလာတဲ့ တော်လှန်ရေးကာလအတွင်း တစ်ချိန်က အစွန်းရောက်အတွေးအခေါ်တွေလို့ ယူဆခဲ့ကြတဲ့ အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲတွေ အများအပြား ထွက်ပေါ်လာ ခဲ့ပါတယ်။ အဲဒီလို စကားဝိုင်းဆွေးနွေးပွဲ တစ်ခုကိုလည်း ‘သူပုန်’ အဖွဲ့မှ ကမကထပြုလုပ်ခဲ့ပါတယ်။ သူပုန်အဖွဲ့မှ လူငယ်တွေဟာ အွန်လိုင်းမှာ ပုံမှန် တွေ့ဆုံကြပြီး တော်လှန်ရေး ရှေ့တန်းမှ LGBTQ တွေအကြောင်းမှသည် စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာမှာ မြန်မာစစ်တပ်မှ ကလေး များကို သတ်ဖြတ်ခြင်းအထိ အကြောင်းအရာများစွာကို ဆွေးနွေးကြပါတယ်။ ဒီဆောင်းပါးမှာ စာရေးသူကို သူပုန်လို့ အမည်တပ်ထားပေမဲ့ အဲဒီကလောင် အမည်ဟာ စကားဝိုင်း ဆွေးနွေးသူအုပ်စုခွဲများထဲမှ တစ်ခုကိုသာ ရည်ညွှန်း ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးကြီးအတွင်းက အတွေးအခေါ် တော်လှန်ရေးအကြောင်းကို ထုတ်နုတ်ပြသဖို့ ဒီစကားဝိုင်းဆွေး‌‌နွေးပွဲတွေ ထဲက ဖမ်မနင်ဇင်အကြောင်း ပြောဆိုဆွေးနွေးမှုတွေကို ကောက်နုတ်ဖော်ပြ ထားခြင်းဖြစ်ပါတယ်။ ဖမ်မနင်ဇင်အကြောင်း အထူးထုတ်စာစဉ်ရဲ့ စာစဉ် အယ်ဒီတာတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်များတွေဟာ မြန်မာ့သမိုင်းရဲ့ အရေးကြီးလှတဲ့ အကူးအပြောင်းကာလမှာ ဖမ်မနင်ဇင် အယူအဆတွေ၊ သီအိုရီတွေနဲ့ ဘယ်လိုဘယ်ပုံ အားထုတ်တော်လှန်နေ ကြောင်းနဲ့ သူတို့‌တွေ ဖမ်မနစ် ဘယ်လိုဖြစ်လာကြောင်းကို စာဖတ်ပရိသတ် တွေကို တင်ပြလိုပါတယ်။

မိမိကိုယ်ကိုယ် ဘာဖမ်မနစ်လို့ ခံယူပါသလဲ။

မီမီလွင် – ကျွန်မကတော့ ဖမ်မနစ်သီရီအိုတွေ အကုန်လုံးနဲ့ ထိတွေ့မှုရပြီး လွှမ်းမိုးထားတယ်လို့ ခံစားရတယ်။ radical နဲ့ socialist ဖမ်မနင်ဇင်တွေရဲ့ လွှမ်းမိုးတာကို အဓိက ခံရတယ်။ liberal ရောပဲ။ စာအုပ်တစ်အုပ်ဖတ်ပြီး အဲဒီဟာကို ကြိုက်တာနဲ့ပဲ ဘာ ဖမ်မနစ် လို့ ပြောလို့ရပါ့မလားပေါ့နော်။

သော်တာ – ကျွန်မကတော့ liberal သို့မဟုတ် radical ဖမ်မနစ်လို့တော့ ထင်မိတယ်။ ကိုယ်လေ့လာဖြစ်နေတဲ့ အပိုင်းက LGBT နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အဲဒီဘက်တွေကို အားသန်ပြီး စာရေးရင်လည်း အဲဒီဘက်တွေ ရေးတာများတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို စိတ်ဝင်စားတယ်။ ဘာလို့ဆိုတော့ ဝမ်းကွဲတစ်ယောက်ရယ် သူငယ်ချင်း တစ်ယောက်ရယ်က အသက် (၂၀) မပြည့်ခင်ထဲက sex education ပိုင်း အားမသန်တော့ ကိုယ်ဝန်ရသွားတယ်။ သူငယ်ချင်းက ကိုယ်ဝန်ပျက်ကျသွား ပြီး ဝမ်းကွဲက မွေးလိုက်ရတယ်။ နီးနီးစပ်စပ်ကြုံဖူးလို့ စိတ်ဝင်စားတယ်။

ထက်ထက် – ကိုယ့်ကိုယ်ကိုယ် ဘယ်ဖမ်မနစ်လဲဆိုတော့ လူတွေအပေါ် ဘယ်ဟာက ဖိနှိပ်နေလဲဆိုတာကို ဆန်းစစ်ဖို့ သီအိုရီ၊ framework ကို သုံးတဲ့နေရာမှာ “Marxism” က အနီးစပ်ဆုံး လို့ထင်တယ်။ ဒါကြောင့် Marxist ဖမ်မနစ်လို့ပြောရမှာပေါ့။ သူက တစ်ခါတစ်ခါ လိင်အခြေပြုဖိနှိပ်မှုကို လျစ်လျူရှုတာမျိုးရှိနိုင်တော့ အဲဒါနဲ့ပတ်သက်ပြီး အကျပ်ရိုက်တာမျိုးရှိတယ်။ နောက်တစ်ခုက boundaries တွေကျော်ပြီး စဉ်းစားတဲ့ transnational ဖမ်မနင်ဇင်ကိုလည်း သဘောကျတယ်။

ကိုကောင်း – ကျွန်တော်က anarchist ဖြစ်တဲ့ခါကျတော့ ဖိနှိပ်မှုကို ဖျက်ချင်တယ်။ ဒါပေမဲ့ gender တွေရှိနေတာက oppression တွေကို ဖြစ်စေ တယ်။ တ‌စ်ယောက်ကတော့ ဘာဂျန်ဒါဖြစ်လို့ဆိုပြီး ဖိနှိပ်မယ်ဆို gender identity ကို ဖျက်ဖို့လိုလိမ့်မယ်။ Expression ပဲထားတယ်၊ မဖိနှိပ်ဘူးဆိုရင် ဖျက်ဖို့မလိုလောက်ဘူး။

သူပုန် (၁) – ဂျန်ဒါဖိနှိပ်မှုဆိုတာက ဘယ်ဂျန်ဒါဖြစ်လဲပေါ်မူတည်ပြီး လုပ်တာဖြစ်တယ်ဆိုပြီး သဘောပေါက်လိုက်ပါတယ်။ ဂျန်ဒါ မရှိတော့တဲ့ လူ့အဖွဲ့အစည်းကိုသွားမယ်ဆိုရင် ပေထရီအာခီ မရှိမှ ရမယ်လို့ အဆိုတင် ချင်တယ်။

ဇေယျာ – ကျွန်တော် သဘောကျတာက radical ဖမ်မနင်ဇင်ဖြစ်တယ်။ သူတို့ပြောတဲ့ ပေထရီအာခီကို တိုက်ဖျက်မယ်၊ ဂျန်ဒါပါဝါ ဘယ်လို စီးဆင်း တယ်ဆိုတဲ့ သူတို့အမြင်ကို သဘောကျတယ်။ Radical ဖမ်မနင်ဇင်က တချို့ဟာတွေမှာဆို porn industry (အပြာရုပ်ရှင်လောက) က လိင်အမြတ် ထုတ်တယ်တို့၊ လိင်ဆက်ဆံတယ်ဆိုတာတောင် အမျိုးသားက အမျိုးသမီးကို သူ့ရဲ့ကျားဖြစ်တယ်ဆိုတဲ့ လိင်ပါဝါကိုပြတယ်ဆိုတဲ့ အယူအဆမျိုးတွေ ပြောကြတယ်။ Male ဆိုတာကို ဖမ်မနစ် ရှေ့က မတပ် သင့်ဘူးလို့ ယူဆတယ်။ လူမှုအဖွဲ့အစည်းက ပေးထားတဲ့ စံနှုန်းတွေကို တိုက်ဖျက်ရာမှာ male ဖြစ်တဲ့ အတွက် ပေထရီအာခီကပေးတဲ့ အကျိုးအမြတ်ကို စွန့်လွှတ်ဖို့ အသင့်ဖြစ် ပြီလားလို့ ပြန်မေးခွန်းထုတ်ဖို့ လိုပါတယ်။

မေ – ကျွန်မက သီအိုရီတွေလေ့လာခဲ့တာ မဟုတ်ဘဲနဲ့ လုပ်ငန်းခွင်က တစ်ဆင့် အလုပ်လုပ်ရင်း ဖမ်မနင်ဇင်ကို သင်ယူခဲ့ရတယ်။ အရင်က လုပ်တဲ့ ဖမ်မနင်ဇင်ပတ်ဝန်းကျင်ထဲက ထွက်ပြီး အလုပ်အသစ် ပြောင်းတော့ လူအသစ် တွေနဲ့ တွေ့ရတယ်။ သူတို့က ကျွန်မကို ဒေါသကြီးတဲ့ ဖမ်မနစ်လို့ သတ်မှတ် ထားကြတယ်‌။ အစထဲက ကျွန်မက စိတ်မြန်လက်မြန်ရှိပေမယ့် ကျွန်မရဲ့ ဖမ်မနစ်ဖြစ်မှုကိုကျ သူတို့က အလုပ်ကိုမကြည့်ဘဲ အမြင်နဲ့တင် နာမည်တပ် လိုက်တာ။ ကျွန်မကတော့ ကျွန်မ ဖြစ်တည်မှုက ဒီအတိုင်း ရှိတယ်။ လိင်အခြေပြုတဲ့ ဖိနှိပ်မှုတွေကို မကြိုက်ဘူး။ ဒီတိုင်း ဖမ်မနစ်လို့ပဲ သတ်မှတ် ထားတယ်။ လေဘယ် တပ်မထားဘူး။

လင်းထွဋ် – ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဖမ်မနစ်တစ်‌ယောက်လို့ မခံယူရဲသေးဘူး။ အခုမှစပြီး လေ့လာတုန်းပဲ ရှိသေးတယ်။ bell hooks ရဲ့ လွှမ်းမိုးမှုကတော့ ကျွန်တော့်အပေါ် အများကြီး ရှိတယ်။

သူပုန် (၂) – ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ဘာ ဖမ်မနစ် အမည် မတပ် တတ်သေးဘူး။ ဒီအတိုင်းပဲ ဖမ်မနစ်တစ်ယောက်လို့တော့ ခံယူထားတယ်။ Liberal တော့မဟုတ်ဘူး။ Radical ဖမ်မနစ်လို့ ပြောဖို့ကျတော့ ကိုယ်က သတ်မှတ်ရမှာ မဟုတ်ဘူး။ ကိုယ့်ကို သူများက သတ်မှတ်ရမှာ။ သူများက သတ်မှတ်ပေးကြတာလို့ လက်ခံထားတယ်။

မအိ – ကျွန်မက radical ဖမ်မနင်ဇင်ကို သဘောကျတယ်။ လေ့လာ နေတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာဖမ်မနစ်လဲတော့မသိဘူး။ ငယ်စဉ်ကတည်းက ကျွန်မတို့က ဖိနှိပ်မှု၊ ခွဲခြားမှုမျိုးစုံ ခံခဲ့ရတယ်။ လူ့အဖွဲ့အစည်းမှာ ဖြစ်နေတဲ့ အရာတွေကနေပြီးတော့ ဖိနှိပ်မှုတွေ နားလည်လာတယ်။ ကျွန်မရဲ့ လုပ်ဆောင် မှုတွေက ဝါဒတစ်ခုကို ကိုင်စွဲဖို့လိုတယ်လို့ တွေးလာတယ်။ အရင်ကတော့ ကိုယ့်ကိုယ်ကိုယ် လက်ဝဲအားသန်တဲ့သူလို့ မြင်တယ်။ ဖမ်မနင်ဇင်ကို ၂၀၁၅ လောက်က လေ့လာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘာ ဖမ်မနစ်ဆိုပြီး ခံယူထား တာ မရှိဘူး။ ဖိနှိပ်မှုယန္တရားတွေကင်းတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ လူ့အဖွဲ့ အစည်းအသစ်ကို သွားချင်တယ်လို့ပဲ ခံယူထားတယ်။

သူပုန် (၁) – ဖိနှိပ်မှုယန္တရားတွေကင်းတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းဆိုတာ ဖမ်မနင်ဇင်ရဲ့ နောက်ဆုံးပန်းတိုင်ပဲ။ လက်ဝဲဘက်ကို အားသန်တယ်။ Radical ဖမ်မနစ်ဖြစ်ချင်တယ်။ ဖြစ်လား၊ မဖြစ်လားဆိုတာ မသိသေးဘူး။ သူများတွေကပဲ မြင်ရမှာ။ ကိုယ်လုပ်တဲ့အလုပ် ကိုယ်ပြောတဲ့ စကား ဆိုတော့။ ကိုယ့်ကိုယ်ကိုယ်တော့ radical လို့ မပြောရဲသေးဘူး။

ကိုဟိန်း – ကျွန်တော်က ဖမ်မနစ်သီအိုရီလေ့လာပြီး လိင်အခြေပြု ဖိနှိပ်မှု တွေကို စသိခဲ့တာ မဟုတ်ဘူး။ ကြီးပြင်းလာတဲ့တစ်လျှောက် ဂေးဖြစ်မှုနဲ့ ပတ်သက်ပြီး ဖိနှိပ်ခံရတာတွေ၊ တစ်ခုခုဆို ကိုယ့် identity အမြဲစွဲကိုင်ပြီး တိုက်ခိုက်ခံရတာတွေရှိတော့ မကြိုက်ဘူး။ ငယ်ဘဝက လိင်အခြေပြုဖိနှိပ်မှု များတဲ့ စစ်တပ်မှာ ကြီးပြင်းခဲ့ရတယ်။ ဖမ်မနင်ဇင်ကို စလေ့လာမှပဲ ဖိနှိပ်မှု တွေကို သေချာသဘောပေါက် လာတာပါ။ LGBT တွေ အတွက်ဆိုလည်း ပေထရီအာခီကနေ မြစ်ဖျားခံလာတဲ့ ကျားစံနှုန်းတွေဆိုလည်း အဆိပ် အတောက်ချည်းပဲ။ ဘာ ဖမ်မနစ်နာမည်တပ်ဖို့ ကျွန်တော့်အတွက် ခက်တယ်။ လက်ဝဲအယူအဆကို သဘောကျတဲ့အတွက် radical ဖမ်မနင်ဇင်နဲ့ Marxist ဖမ်မနင်ဇင်ကို သဘောကျတယ်။

နီနီဝင်း – ကျွန်မက တစ်ခါမှ ဖမ်မနစ်ပုံစံတစ်မျိုးချင်းစီကို ထဲထဲဝင်ဝင် လိုက်မဖတ်ဖူးဘူး။ Radical ဖမ်မနင်ဇင်ရဲ့ အိုင်ဒီယာတွေကို သဘောကျ တယ်။ Radical ဖမ်မနစ်လို့ ပြောရလောက်အောင် ပညာပြည့်ဝမှုတော့ မရှိ သေးဘူး။ တော်တော်များများက liberal ဖမ်မနစ်လို့ ကျွန်မကို ထင်ကြတယ်။ liberal ဖမ်မနစ်တောင်မှ ရေပေါ်ဆီပေါ့နော်။ ကျွန်မပြောနေတဲ့ အကြောင်း အရာတွေကလည်း ပတ်ဝန်းကျင်မှာ မြင်နေကြားနေရတဲ့ အချက်တွေ များနေ တာကြောင့် ဖြစ်မယ်ထင်တယ်။

စုစုစံ – ဖမ်မနင်ဇင်ကို ဘယ်လို ရင်းနှီးခဲ့တာလဲဆိုရင် ငယ်ဘဝထဲကနေ ကြုံတွေ့လာရတဲ့ လိင်အခြေပြုခွဲခြားမှုတွေ နေ့စဉ်ဘဝထဲက တရားမမျှတတဲ့ ဂျန်ဒါ၊ လူမျိုး၊ လူတန်းစားနဲ့ပတ်သက်ပြီး ဖိနှိပ်မှုတွေကိုပြောဖို့ ဖမ်မနင်ဇင်ကို သိလာတာလို့ပြောရမယ်။ ကျွန်မကတော့ တရားမျှတတဲ့ ကမ္ဘာသစ်ဆီ သွားချင်တဲ့ ဖမ်မနစ်ပါပဲ။

ထက်မြက် – ဘယ်လို ဖမ်မနစ်လဲဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာဝင်ဖို့ ဘာစာမှ ဟုတ်တိပတ်တိ မဖတ်ဖူးဘူး။ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ကိုယ် ကိုယ် မြင်တာကတော့ Marxist ဖမ်မနစ်ပုံစံနဲ့ နီးစပ်မယ်လို့ ထင်တယ်။ ဘာလို့ဆို capital မပြိုမချင်း ဘယ် identity ၊ ဘယ်လိင်စိတ်တိမ်းညွတ်တဲ့ လူမျိုးပဲဖြစ်ဖြစ် အလုံးစုံလွတ်လပ်မှု မရနိုင်ဘူး။ ကန့်သတ်ချက်တော့ ဖြစ်နေဦး မှာပဲ။

သန့်ကျော်စွာ – ကျွန်တော်ကိုယ်တိုင်ကဂေးပါ။ LGBT အရေး တက်ကြွ လှုပ်ရှားသူ တစ်ယောက်လည်းဖြစ်တယ်။ ကိုယ်တိုင် ပေထရီအာခီရဲ့ ဒဏ်ကို ခံရတယ်ဆိုတော့ ဖမ်မနစ်တစ်‌ယောက် ဖြစ်လာခဲ့တယ်။ Male ဖမ်မနစ်ပါ။ Liberal ဖမ်မနစ်သီအိုရီတွေ သဘောကျတယ်။

သူပုန် (၁) – ဘာကြောင့် male ဖမ်မနစ်လို့ပြောတာလဲ။ ယောက်ျားလိင် ပါလို့လား။

သန့်ကျော်စွာ – LGBTI ဖြစ်ပေမဲ့ male gender ကို မသုံးတဲ့သူတွေ ရှိတယ်။ ကျွန်တော်ကတော့ he, him ဆိုပြီးသုံးတဲ့အတွက် male ဖမ်မနစ်လို့ ခံယူလိုက်တာပါ။

သူပုန် (၁) – လူတိုင်း ဖမ်မနစ်ဖြစ်ခွင့်ရှိတယ်။ ဘာလိင်ဖြစ်ကြောင်း၊ ဘာဂျန်ဒါဖြစ်ကြောင်း စကားလုံး ထပ်ထည့်စရာလိုလား။ male ထည့်လိုက်ရင် မိန်းမတွေပဲ ဖမ်မနစ်ဖြစ်လို့များ ထည့်တာလားဆိုပြီး တွေးမိနိုင်တယ်။ Language ရဲ့ အရေးပါပုံကို ဖမ်မနစ်လို့ ခံယူထားပြီဆို စဥ်းစားသင့်တယ်။

ထက်ထက် – ဆက်ဆွေးနွေးချင်တာကတော့ male ဖမ်မနစ်လို့ ပြောတာ သည် ဖမ်မနင်ဇင်ကို မိန်းမတွေပဲ လုပ်တယ်ဆိုတဲ့ သတ်မှတ်သလို ဖြစ်သွား တယ်လို့ ကျွန်မကမြင်တယ်။ နောက်တစ်ခုက gender ကိုဖျက်သင့်၊ မဖျက် သင့် ဆိုတဲ့ မေးခွန်းမေးသွားတဲ့အပေါ်မှာ ကျွန်မတွေးမိတာက နောက်ဆုံး Marxist society ကိုမရောက်မီ socialism ကို တည်ထောင်ကြသလိုပဲ ဒီကြားထဲမှာ gender identity တွေက ဖိနှိပ်မှုအဆုံးမတိုင်ခင် ဆက်ရှိနေရဦး မယ်လို့ ထင်တယ်။ အဆုံးမှာ ဖိနှိပ်တဲ့ စနစ်ပျက်သွားရင် ဒါကြီးပါ အလိုလို ပျက်သွားမလားပေါ့။ ဒီနေရာမှာ theorist D’Emilio ပြောတဲ့ဟာနဲ့ နီးစပ် မလား မသိဘူး။  သူပြောတာက gender identity က capitalism နဲ့ တူတူ ပေါ်လာတယ်။ Capitalism ပျက်ရင် gender identity ပါ ပျက်မှာလားဆိုပြီး စဉ်းစားစရာပါ။ ပြီးတော့ အပြာရုပ်ရှင်လောကပဲ ဖြစ်ဖြစ်၊ လိင် အလုပ်သမ ဖြစ်ဖြစ် ကျွန်မတို့ ပြောကိုပြောသင့်တယ်။ အဲဒါတွေက မိန်းမတွေကို လိင်အပြဋ္ဌာန်းခံ ဖြစ်စေတယ်။ အဲဒီ လိင်အပြဋ္ဌာန်းခံနေရာကို ယူဖို့လည်း မိန်းမတွေကို တွန်းအားပေးတယ်။ လိင်အလုပ်ဆိုတာ ဖိနှိပ်မှုတွေကြောင့် ရှိနေတာဖြစ်တယ်။ ဖိနှိပ်မှုသာမရှိရင် နှစ်ကိုယ်ကြား နှီးနှောမှု ဒါမှမဟုတ် ‌ရွေးချယ်မှု တစ်ခုပဲ ဖြစ်မယ်။ ယောက်ျားရော မိန်းမပါ ဒါကို အလုပ်ဆိုတာ မျိုးအနေနဲ့ ရွေးချယ်မှာမဟုတ်ဘူး။

မိသဲ – ကျွန်မကတော့ male ဖမ်မနစ်နဲ့ပတ်သက်ပြီး အရင်ပြောချင်တယ်။ ဖမ်မနင်ဇင်ကို နားလည်တဲ့ ရှုထောင့်အပေါ်မှာ အခြေခံပြီး ဒီစကားလုံးကို ရှင်းရမယ်လို့ ယူဆတယ်။ ဖမ်မနင်ဇင်က ပညာရပ်တစ်ခု ဖြစ်ရင်ဖြစ်မယ်၊ ရှုထောင့်တစ်ခု ဖြစ်ရင်ဖြစ်မယ်၊ ဖိနှိပ်မှုစနစ်ကို‌ ဆန်းစစ်တဲ့ ကိရိယာတစ်ခု ဖြစ်ရင်ဖြစ်မယ်။ ကိုယ်အသုံးပြုတဲ့ပေါ် မူတည်ပြီး အယူအဆအမျိုးမျိုးတော့ ရှိတယ်။ ကျွန်မအတွက် ဖမ်မနစ်ဆိုတာက အက်ရှင်တစ်ခုခု လုပ်နေတဲ့ လူကိုပဲ ဖမ်မနစ်လို့ခေါ်မယ်။ ဒါကြောင့် ကျွန်မသည် (၂၄) နာရီလုံး ဖမ်မနစ်ဖြစ်တယ်လို့ ယူဆဖို့ ခက်တယ်လို့ စဉ်းစားလာတယ်။ ဘာကြောင့်လဲဆိုတော့ ဖမ်မနစ် ဖြစ်ခြင်းက ဘာသာတစ်ခုကနေ တစ်ခုကို ပြောင်းလိုက်သလိုမျိုး အဲဒီအထဲမှာ အပြည့်အဝနစ်မြုပ်သွားတာမျိုး မဟုတ်ဘူး။ ငါ ဖမ်မနစ်ဖြစ်သွားတဲ့အတွက် ကြောင့် ငါလုပ်သမျှ အရာရာတိုင်းသည် ဖမ်မနစ်လုပ်ရပ်ပဲ၊ အမြဲတရားမျှတမှု ရှိနေလိမ့်မှာပဲဆိုပြီး အာမမခံဘူး။ ဒါကြောင့် ဖမ်မနစ်ဖြစ်ခြင်းသည် အလုပ်လုပ် ခြင်းပဲ။ ကိုယ့်ကိုယ်ကိုယ် အလုပ်သမားတစ်ယောက်လို့ပဲ သဘောထားတယ်။ ဘာအလုပ်သမားလဲဆိုတော့ ယဉ်ကျေးမှု ဆိုတဲ့အရာကို ကိုင်တွယ်နေတဲ့ အလုပ်သမားပဲ။ ယဉ်ကျေးမှုဆိုတာ လက်ရှိ လူ့အဖွဲ့အစည်းကို အကြောင်းပြု ပြီး ဖြစ်လာတဲ့ identity ပြဿနာပဲဖြစ်ဖြစ်၊ ဖိနှိပ်မှုပဲဖြစ်ဖြစ်အပေါ်မှာ ကာယ အားထက် ဉာဏအားဖြင့် လေ့လာနေတဲ့သူကို အလုပ်သမားလို့ အသိအမှတ် ပြုတယ်။

ခုနက male ဖမ်မနစ်ကို ကျွန်မရဲ့အမြင်ကနေ စဉ်းစားကြည့်တဲ့အခါ အမျိုးသမီးစစ်သား၊ အမျိုးသမီးဆိုက်ကားနင်းသမား၊ အမျိုးသမီး ဘတ်စ် စပယ်ယာဆိုတဲ့ အမျိုးသမီးတွေ မလုပ်ကြဘူးဆိုတဲ့ အလုပ်မျိုးကို အမျိုးသမီး တစ်ယောက်ကလုပ်ရင် ထူးခြားတဲ့ဖြစ်စဉ်လို့ ယူဆတာမို့လို့ အလုပ်ရှေ့မှာ အမျိုးသမီးတပ်တဲ့သဘောနဲ့ သွားဆင်တယ်။  အန်အယ်ဒီအစိုးရ လက်ထက်မှာ အမျိုးသမီးတစ်ယောက်က ရဲချုပ်လားမသိ ဖြစ်သွားတော့ ယောက်ျား တစ်ယောက်က ဂုဏ်ပြုစကားပြောရင်းနဲ့ ဘာပြောလဲဆိုရင် “ဒီအမျိုးသမီးက မိန်းမပေမယ့် ယောက်ျားလိုမျိုး စိတ်ချရတယ်။ ဒါကြောင့် သူ ဒီနေရာနဲ့ ထိုက်တန်တယ်” ဆိုပြီး မှတ်ချက်ပေးတာကို ကျွန်မတွေ့လိုက်ရတယ်။

နောက်တစ်ခုက ကျွန်မတို့ ဂျန်ဒါကို ဘာလို့ဖျက်သိမ်းပစ်ဖို့ ပြောနေကြ တာလဲဆိုတာပါ။ ဂျန်ဒါသည် လူ့အဖွဲ့အစည်းမှာ တရားမျှတမှုထက် မတရား တဲ့ ကိစ္စတွေကိုဖြစ်စေလို့ ပြောရခြင်းဖြစ်တယ်လို့ ကျွန်မတော့ ယူဆတယ်။ ဂျန်ဒါမှာ value system ဆိုတဲ့ စံတန်ဖိုးထားမှုစနစ် ရှိတယ် (မိန်းမစံနှုန်းကို နှိမ့်ထားပြီးတော့ ယောက်ျားစံနှုန်းကို မြှင့်ထားတဲ့အရာ)။ ဒါကြောင့် ဂျန်ဒါကို ဖျက်ရမှာ။ ဂျန်ဒါကင်းမဲ့တဲ့ လူ့အဖွဲ့အစည်း တည်ဆောက် ရမှာထက် ဂျန်ဒါပေါ် အခြေခံပြီး ချထား၊ ကျင့်သုံးနေတဲ့ စံတွေ၊ လိင်ပေါ် မူတည်ပြီး ခွဲခြားဆက်ဆံ မှုတွေ၊ မူလ လာရာဖြစ်တဲ့ ဖိုဝါဒကို အရင်တိုက်ဖျက်ရမှာ ဖြစ်တယ်။ ကျွန်မတို့ ဂျန်ဒါကို ဘာလို့မကြိုက်တာလဲ။ သူက value system တစ်ခုကို တည်ဆောက်ပြီး ကျွန်မတို့ကို ခွဲခြားနှိမ်ချဖိနှိပ်နေလို့ မကြိုက်တာဖြစ်တယ်။

သူပုန် (၂) – ကျွန်မ ဖမ်မနင်ဇင်ကို စသိတဲ့အချိန်မှာ ဘယ်လိုစသိလာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်တာမျိုး အရင်လုပ်တာပေါ့နော်။ ကိုယ်ကိုယ် တိုင် ကလေးဘဝကစပြီး ဂျန်ဒါဘောင်ထဲ ဘယ်လို သွင်းခံရလဲပေါ့‌။ မမိသဲ ပြောသွားသလိုမျိုးပဲ ဂျန်ဒါရဲ့ စံနှုန်းသတ်မှတ်ချက်တွေဆိုတာ ကျွန်မတို့ မိန်းမ တွေအတွက် ပျိုဖော်ဝင်ခါစအချိန်တွေမှာ ပိုသိသာတယ်။ ပတ်ဝန်းကျင်က ဖိနှိပ်မှုတွေကလည်း အဲဒီအချိန်မှာ အရမ်းများလာပြီ။ ကျွန်မ ရာသီစလာတော့ ဘုရားစင်နား မသွားရဘူးဆိုပြီး အိမ်ကတားမြစ်တာ ကြုံရဖူးတယ်။ အပျိုဖော် ဝင်လာတော့ ယောက်ျားလေးတွေနား မကပ်နဲ့ဆိုတဲ့ ဆင်ခြင်ရမှာတွေကို ပတ်ဝန်းကျင်၊ မိသားစု၊ ကျောင်းတွေက အမြဲသင်ကြားခံရ လာခဲ့တယ်။ အဲဒီ အချိန်တုန်းက အရမ်းစိတ်ညစ်လာပြီး မိန်းမ မဖြစ်ချင်တော့ဘူး၊ ယောက်ျား ဖြစ်ချင်တယ်ဆိုပြီး တွေးမိတယ်။ ခုနကပြောတာနဲ့ ပြန်ချိတ်ရမယ်ဆိုရင် ညီမက မိန်းမဖြစ်ရတာ မကြိုက်တာမဟုတ်ဘူး။ မိန်းမဘောင်ထဲ အတင်း သွတ်သွင်းတဲ့ စံနှုန်းတွေကို မကြိုက်တာ။

သူပုန် (၁) – ကျွန်မက Judith Butler ဟာလေး အဆိုတင်ချင်ပါတယ်။ သူက ဖမ်မနစ် ပြီးတော့ gender theorist ပါ။ သူ့ရဲ့ Gender Trouble ဆိုတဲ့ စာအုပ်ထဲမှာ ပြောခဲ့တာက အခုနောက်ပိုင်း ဘာဂျန်ဒါပါ ဆိုတာမျိုး အရမ်း များလာကြပြီ။ LGBT ဆိုလည်း plus plus တွေ ထည့်လာကြပြီး gender identity တွေကြားထဲ မတူညီမှုတွေအပေါ် debateတွေ လုပ်ကြတယ်။ ဒါပေမဲ့ Judith Butler က ဂျန်ဒါဆိုတာ (doing) လုပ်နေရတဲ့အရာမလို့ gender performativity ဆိုပြီး သုံးခဲ့တယ်။ ဘယ်လို perform လုပ်ရလဲ ဆိုရင် ကျွန်မတို့က ဘာဂျန်ဒါဆိုပြီး လက်ခံတိုင်း လူတွေက ကိုယ့်ကို ဒီဂျန်ဒါပါ လို့ အသိအမှတ် ပြုစေချင်တယ်၊ ပြောစေချင်တယ်။ ဒါဆို အဲဒီဂျန်ဒါ ဖြစ်ကြောင်း ပြဖို့ perform လုပ်ရတဲ့အရာ ရှိကိုရှိတယ်။ ဥပမာ trans woman တွေလည်း အမျိုးသမီးပါလို့ လူတွေကလက်ခံလာဖို့ အမျိုးသမီးနဲ့ တူအောင် perform လုပ်ပြရတယ်။ မိန်းမပစ္စည်း၊ မိန်းမတွေ သုံးတယ်လို့ ယူဆတဲ့အရာတွေ လိုက်သုံးရတယ်။ ဒါတွေက ဂျန်ဒါမှာ သတ်မှတ်ချက် ရှိနေ တယ်ဆိုတာကို ပြနေတယ်။ အဲဒီသတ်မှတ်ချက်တွေကို လိုက်ပြီးပြုမူရတယ်။

မိသဲ – ကျွန်မက ဘယ်လို ဖမ်မနစ်လည်းဆိုတော့ revolutionary လမ်းကြောင်းပေါ်ကို ရောက်တယ်။ ကျွန်မက so-called anarchist လို့တော့ ပြောလို့ရတယ်။ ကျွန်မတို့အတွက်တော့ ပေထရီအာခီနဲ့ အရင်းရှင်စနစ်ဆိုတာ တွဲအလုပ်လုပ်နေတာကြောင့် တစ်ခုတည်းလို့မြင်တယ်။ ဒါကြီးကို ဖယ်ရှားမယ် ဆို ဒီကထွက်လာတဲ့ဟာတွေကို ငြင်းဖို့လိုတယ်။ ဒါပေမဲ့ကျွန်မတို့က ပြန်လည် တည်ဆောက်ဖို့ ဆိုတာကိုလည်း စိတ်ဝင်စားတယ်။ အဲဒီနေရာမှာ ဘယ်ခေတ် ပြီးရင် ဘယ်ခေတ်ရောက်မယ်ဆိုပြီး ရှေ့ဖြစ်ဟောထားတဲ့ဟာတွေ၊ ဘောင်တွေ ထဲကို လိုက်ထည့်မှာထက် ဖိနှိပ်မှုမှန်သမျှမရှိမယ့် အနာဂတ်ကို ကျွန်မကတော့ လျှောက်တယ်။ တစ်နေ့နေ့မှာတော့ ဖမ်မနင်ဇင်ဆိုတာ မလိုတော့တဲ့နေ့မှာ ဖမ်မနင်ဇင်ဆိုတာ ကွယ်ပျောက်သွားရမယ်ဆိုတာကို လက်ခံထားဖို့လိုမယ်။ ကျွန်မက ကြိုတင်ရှေ့ဖြစ်ဟောထားတဲ့ အယူဝါဒတွေကိုငြင်းတယ်။

မီမီလွင် – ဖမ်မနစ်ဖြစ်မယ်ဆိုရင်တော့ထုံးစံအတိုင်း sexist လည်း မဖြစ်ရ ဘူး။ ဖိနှိပ်မှုတွေအကုန် ဆန့်ကျင်ရမယ်။ လိင်အခြေပြုဖိနှိပ်မှုကျတော့ ဆန့်ကျင်ပြီး ကျန်တဲ့ဟာကျတော့ ရေလိုက်ငါးလိုက်နေမယ် ဆိုတာမျိုး ဖြစ်လို့ မရဘူး။ ကိုယ့်ရဲ့ဒဿနတွေကို ခိုင်ခိုင်မာမာ ယုံကြည်သလောက် ကိုယ့်လုပ်ရပ် တွေနဲ့ အတွေးအခေါ်တွေကို ဝေဖန်ခံရတဲ့အခါ မေးခွန်းထုတ်နိုင်ဖို့လိုတယ်။ ဝေဖန်ခံရတာကိုလည်း ခံနိုင်ရည်ရှိရမယ်။

ထက်ထက် – ဖမ်မနစ်ဖြစ်လာတာက မမျှတမှုတွေ၊ မညီမျှမှုတွေ ဖြစ်နေ တာကို တွေ့တော့ ကျွန်မ မေးခွန်းထုတ်မိတယ်။ အဲဒီအချိန်မှာ ကျွန်မ ဒီ ဖမ်မနင်ဇင်နည်းလမ်းကို တွေ့သွားတယ်ပေါ့နော်။ အထူးသဖြင့် ကျွန်မ ကတော့ လူတန်းစားကွာဟမှုက အဓိကဖြစ်မယ်လို့ ထင်တယ်။ ဖိနှိပ်မှု တော်တော်များများက အဲဒီကထွက်လာတာဆိုတော့။ ဖမ်မနင်ဇင်လို့ ပြောပြီး တော့ စံနှုန်းတွေထဲမှာနေပြီး နိုင်ငံတွေပေးထားတဲ့ အခွင့်ရေးလောက်မှာပဲ ရပ်ပြီးနေရတာကတော့ မပြီးဘူး။ ပြီးတော့ ကျွန်မက ဖမ်မနင်ဇင်ကို လှုပ်ရှားမှုတစ်ခုလို့ မြင်လာတယ်။ အဲဒီမှာလည်း ဦးဆောင်မှုပြဿနာရှိတယ်။ လူတိုင်းက အသံထွက်ရမယ့် နည်းလမ်းတစ်ခုဖြစ်သင့်တယ်။ ဖမ်မနင်ဇင်/ ဖမ်မနစ် လို့ပြောပြီးတော့ ဖမ်မနင်ဇင်ပေါ်ထွက်လာအောင်လို့၊ ဖြစ်လာအောင် လို့ ဖိနှိပ်တဲ့ဟာတွေကို မစွန့်လွှတ်ဘဲနဲ့၊ မတိုက်ဖျက်ဘဲနဲ့ မဖြစ်နိုင်ဘူးပေါ့။

သူပုန် (၁) – အဲဒီတက်ကြွလှုပ်ရှားသူတွေ၊ ကိုယ်စားပြုတဲ့သူတွေက ‘နင် လွတ်မြောက်မှ ငါလွတ်မြောက်မယ်’ ဆိုတဲ့ဟာမျိုးနဲ့ သွားမှရမယ်ထင်တယ်။

ဖမ်မနစ်တစ်ယောက်အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံပါသလား။

ကိုထူး – လက်နက်ကိုင်တော်လှန်ရေးက တစ်စိတ်တစ်ပိုင်းလိုတယ် ထင်တယ်။ အပြည့်အဝကြီးကို လက်ခံတဲ့အထဲ မပါဘူး။ နောက်ပိုင်းမှာ ညှိနှိုင်းဖြေရှင်း ရမယ့်ဟာမျိုးတွေ ရှိဦးမယ်လို့ ထင်တယ်။ မညှိနှိုင်းခင် ဖိနှိပ်နေတဲ့ အဖွဲ့အစည်းကို ကျွန်တော်တို့ အင်အားရှိကြောင်း ပြဖို့လိုတယ်လို့ ထင်တယ်။ အင်အားရှိကြောင်းပြဖို့ လက်နက်ကိုင်တော်လှန်ရေးတစ်ခု လိုတယ်။ အဆုံး သတ်ကတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ အဆုံးသတ်ဖို့ မသင့်ဘူး။ အဲဒီလို အဆုံးသတ်ရင် အဆုံးသတ်လှတာ နည်းတယ်။ ဖိနှိပ်မှုလုပ်တဲ့သူနဲ့ လယ်ဗယ် တန်း ညှိပြီးတဲ့အခါကျရင် ပြန်ညှိနှိုင်းဆွေးနွေးရမယ့် အပိုင်းတွေ ရှိမယ်လို့ ထင်တယ်။ အဲဒါမှ အဆင်မပြေရင် နောက်တစ်မျိုးပြောင်း စဉ်းစားရမှာပေါ့။

ကိုကောင်း – ကျွန်တော်ကတော့ ကိုယ့်ကို ဖိနှိပ်တဲ့သူက လက်နက်ကိုင် ထားပြီး ဖိနှိပ်နေတဲ့အချိန်မှာ လက်ဗလာနဲ့ ညှိမယ်လို့ သွားပြောရင် သူက ပါဝါ ရှိနေလို့ ညှိမှာ မဟုတ်ဘူးလို့ မြင်တယ်။ အဲဒီနေရာမှာ ကျွန်တော်တို့က လက်နက်ကိုင်တော်လှန်ရေးကို မဖြစ်မနေ သွားရလိမ့်မယ်။ သွားသင့်တဲ့ အခြေ အနေဖြစ်လို့ကို သွားရတာ ဖြစ်တယ်။ ကိုယ်တွေရဲ့ ပါဝါတစ်ခုကို ပြန်ပြရမယ်။ အစမှာဆို တစ်နိုင်ငံလုံး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတယ်‌။ စစ်တပ်အနေနဲ့ ခေါင်းမာနေလို့ကို လက်နက်ကိုင်တော်လှန်ရေး ဖြစ်လာတယ်လို့ ယူဆတယ်။ လွတ်မြောက်ချင်တယ်ဆို လက်နက်ကိုင်ပြီး ဖိနှိပ်နေတဲ့သူကို လက်နက်နဲ့ တွန်းလှန်မှရမယ်။ လိုအပ်လာရင် လက်နက်ကိုင်တော်လှန်ရေးက ရှိကို ရှိသင့် တယ်။

သော်တာ – ဟိုဘက်က လက်နက်နဲ့မို့ ဒီဘက်ကလည်း တူညီတဲ့ ပါဝါရှိမှ တန်းတူ စကားပြောလို့ရမယ်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ လူဆိုတာက ပါဝါ ရှိလာရင် ဖောက်ပြန်တတ်တဲ့ သဘောရှိတယ်။ ဆိုတော့ ကျွန်မတို့ဟာ နောက်ဆက်တွဲပြဿနာကိုပါ တွေးရမယ်။ ဟိုတစ်ခေါက်က ဟာသတစ်ခုလို မျိုး ရေးထားတဲ့ပုံလေး ဆိုရှယ်မီဒီယာပေါ်မှာ တက်လာတယ်လေ။ NUG က ဘာလို့ လက်နက် မတပ်ပေးသေးတာလဲဆိုတာက လက်နက် ဘယ်လို ပြန်ဖြုတ်ရမလဲဆိုတာ မစဉ်းစားတတ်လို့ နေမှာပေါ့ ဆိုပြီး စာလေးရေးထား တယ်။ ဟိုနေ့ကဆိုရင် PDF တစ်ခုက သူခိုးတွေကိုမိရင် လက်ဖြတ်ပစ်မယ် ဆိုပြီး ထုတ်ပြန်တာ တွေ့လိုက်တယ်။ သူတို့အနေနဲ့ လက်ဖြတ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အတွေးကို ဘယ်လို ရသွားလဲ။ ငါတို့မှာ လက်နက်ရှိတယ် ဆိုတော့ လုပ်ပိုင်ခွင့် ရှိတယ် ဆိုတဲ့ စိတ်တွေ ဖြစ်လာရင် ဘယ်လို ပြန်ကာကွယ်ကြမလဲ ဆိုပြီးတော့ စဉ်းစားရလိမ့်မယ်။

ကိုဟိန်း – ဒီအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံ၊ မထောက်ခံက ဖြေစရာကို မလိုဘဲ ရှင်းနေတဲ့ကိစ္စပါ။ ဖက်ဆစ်စစ်တပ်ကို တွန်းလှန်တိုင်း ဖက်ဆစ်ဖြစ်စရာမလိုဘူးဆိုတာ လူတိုင်းသိတယ်၊ ပြောနေ ကြတယ် ဆိုတော့ ကျွန်တော့်အနေနဲ့ အများကြီးဆွေးနွေးစရာ မလိုဘူး။ ကျွန်တော်က မဟာဖိုဝါဒ၊ လိင်အခြေပြုဖိနှိပ်မှု လွှမ်းမိုးနိုင်ခြေရှိတဲ့ လက်နက် ကိုင်တော်လှန်ရေးကိုတော့ မထောက်ခံဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော် တို့ တစ်သက်လုံး မြင်တာက စစ်သားဆို ယောက်ျားပဲ လုပ်တဲ့ အလုပ်ကိုး။ စစ်သားတစ်ယောက်ဖြစ်ဖို့ ဒီလိုမျိုး သန်မာနေရမယ်၊ ကျားဆန် နေရမယ်ဆိုပြီး သတ်မှတ်ချက်တွေက ရှိနေတယ်။ ဒါက ပေထရီအာခီ ရှိနေလို့ပဲ။ တောထဲက LGBT တွေဆိုရင်လည်း ဖိနှိပ်ခွဲခြားခံရတာတွေ ရှိတယ်။ တကယ်လို့ sexist ဖြစ်တဲ့သူ၊ homophobic ဖြစ်တဲ့သူက လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်လိုက်ပြီဆိုရင် LGBT တပ်သားနဲ့ တွေ့တဲ့အခါ LGBT တပ်သားက အနှိမ်ခံရမှာ သေချာတယ်။ လက်နက်ကိုင် တော်လှန်ရေးသမားတွေအနေနဲ့ လုံလောက်တဲ့အသိ မရှိဘဲ လက်နက်ကိုင်မယ်ဆိုရင် အန္တရာယ်များတယ်လို့ ယူဆတယ်။ နောက်တစ်ခုက ဖက်ဆစ်စစ်တပ် မြဲနေအောင် ထောက်တိုင်ပြု ထားတဲ့ထဲမှာ ပေထရီအာခီက အကြီးဆုံးထဲက တစ်ခုလို့ မြင်တယ်။ ဆိုတော့ အဲဒါတွေ မဖျောက်နိုင်သရွေ့ လက်နက်ကိုင် တော်လှန်ရေးတပ်သားတွေက ဖိနှိပ်မှုကင်းတဲ့ လူ့အဖွဲ့အစည်းအသစ်တစ်ခုအတွက် တော်လှန်ပေးမယ်လို့ ရာနှုန်းပြည့် အာမမခံနိုင်ဘူး။

ကိုထူး – ကျွန်တော်က အမျိုးသမီးတွေအတွက် စိတ်ပူတယ်။ လက်နက် ကိုင်တဲ့အထဲမှာ NUG က ဖွဲ့ထားတဲ့ အဖွဲ့တွေရှိတယ်။ အပြင်က Local PDF ဆိုတာလည်း ရှိတယ်။ မြို့ပြတပ်တွေလည်း ရှိတယ်။ လက်နက်ကိုင်တပ်မှာမှ အမျိုးအစားက (၃) မျိုး၊ (၄) မျိုး ရှိတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက စစ်သင်တန်းပေးတဲ့ စစ်သည်တွေ ဘာတွေကိုတော့ education ပေးမယ်လို့ တော့ စဉ်းစားထားမှာပဲ။ လက်နက်ပေးခြင်း၊ ရိက္ခာပေးခြင်းတွေကို သူတို့ ယုံကြည်စိတ်ချတယ်ဆိုမှပဲ ပေးတယ်။ အကုန်လုံးကို မပေးနိုင်ဘူး။ လက်နက်ကိုင်တော်လှန်ရေးမှာ လက်နက်ရပြီးမှ အချိုးတွေ ပြောင်းမှာ စိုးလို့ပဲ ထင်တယ်။ ကျွန်တော်က ဘာကို စိတ်ပူလဲဆိုရင် မြို့ပြပြောက်ကျားတွေနဲ့ local PDF ကိုပဲ။ ခုနက ပြောသလိုပဲ ဒလန်ကို နားရွက်ဖြတ်တာတို့၊ သတ်ပြီး ရေထဲမျှောတာတို့လို ထုတ်ပြန်ချက်မျိုးတွေ တွေ့ရတယ်။ အဲဒီ အယူအဆတွေ သာ လက်နက်ကိုင်တပ်သားတွေထဲ ဝင်သွားရင် သူတို့ဟာ နောက်ထပ်ဖိနှိပ်သူ အသစ် ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှု ဖြစ်လာတယ်။ ဖက်ဒရယ်မသွားခင် ကြားကာလအစိုးရ ဖွဲ့တဲ့အချိန်မှာ ဒီအဖွဲ့အစည်းတွေက guideline တွေကို မလိုက်နာဘဲ ဖက်ဒရယ်အစိုးရကို ပြန်ပြီး သူပုန်ထတာတွေ ရှိလာနိုင်တယ်။ အဲဒီလို education မပေးနိုင်တဲ့ အဖွဲ့အစည်းကို တော်တော်လေး စိုးရိမ် မိတယ်။ တချို့ လက်နက်ကိုင်အဖွဲ့တွေက တော်လှန်ရေးအပြီးမှာ ဒုက္ခပြန်ပေး လာနိုင် တယ်ဆိုတဲ့ စိတ်ပူမှုရှိတယ်။ ကိုယ်က သူများထက်  သာတယ်ဆိုပြီး ခံယူတဲ့ ပြဿနာမျိုး နောက်ပြန်ဖြစ်လာမှာ စိုးရိမ်တယ်။

သူပုန် (၁) – အဲဒီလို စိတ်ပူစရာ မေးခွန်းတွေက NUG အတွက်ကော မရှိနိုင်တော့ဘူးလား‌လို့ ကျွန်မက စဉ်းစားမိတယ်။ NUG မှာ racist, sexist ဖြစ်တဲ့ သူတွေ ရှိသေးတယ်။ ဥပမာ အခုထိ အမျိုးသမီးရေးရာမှာ “အမျိုးသမီးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေး” ဆိုပြီး ဆက်အသုံးပြုနေတာမျိုးတွေ၊ အမျိုးသမီးတွေက ကလေးတွေလိုပဲ ကာကွယ်စောင့်ရှောက်ခံဖြစ်တယ်လို့ တွဲပြီးယူဆတဲ့ ပြဿနာလိုမျိုးတွေ NUG မှာ ရှိသေးတယ်။

သူပုန် (၃) – PDF ထဲမှာ ပေထရီအာခီလွှမ်းမိုးတဲ့သူ ပါ၊ မပါ ဆိုတာထက် စစ်တပ်တည်ဆောက်ပုံကိုက ပေထရီအာခီဖြစ်နေတယ်လို့ ထင်တယ်။ ဘာလို့ဆို စစ်တပ်မှာ ခွန်အားကြီးတာ၊ ရဲရင့်တာ၊ ကြမ်းတမ်းတာမျိုးကို စံသဘောမျိုး သတ်မှတ်ထားတာ။ မိန်းမတွေဆိုလည်း အဲဒီအတိုင်းလိုက်ပြီး ကျင့်ကြံရတယ်။ စစ်တပ်မှာ အထက်၊ အောက်ပုံစံမျိုး သွားတယ်ဆိုတော့ ပါဝါက အထက်၊ အောက်ပုံစံပဲ စီးဆင်းနေတယ်။ ပေထရီအာခီကလည်း အဲဒီလိုပုံစံမျိုးပဲ။ ဂျန်ဒါတစ်ခုနဲ့ တစ်ခုမှာ ပါဝါကို အထက်၊ အောက်ပုံစံနဲ့ ဆောက်ထားတာဆိုတော့ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကိုယ်တိုင်ကိုက ပေထရီအာခီဖြစ်နေတာပဲ။

သန့်ကျော်စွာ – ကျွန်တော်ကတော့ camp တွေမှာ LGBT တွေ ခွဲခြား ဆက်ဆံခံရတာနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ ဒီတစ်ခေါက် တော်လှန်‌ရေးမှာက identity politics လို့ခေါ်မလား။ ကိုယ့်ရဲ့ ဘာလူမျိုး၊ ဘာလူတန်းစား၊ ဘာဂျန်ဒါ ဖြစ်တယ်ဆိုတဲ့ ဝိသေသအပေါ် ဖိနှိပ်မှုတွေကို ပိုပြီးတော့ စဉ်းစားလာကြတယ်။ ဥပမာ ဂျန်ဒါ ညီမျှရေးတို့၊ သက်ကြီးဝါဒ ပပျောက်ရေးတို့၊ လူမျိုးရေး ခွဲခြားဆက်ဆံမှု ပပျောက်ရေးတို့ ဆိုတာမျိုးတွေ။ အဖိနှိပ်ခံရဆုံး အုပ်စုတွေကနေ အသံတွေလည်း ပိုထွက်လာတယ်။ (၈၈) တုန်းကကျတော့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရရမယ်ဆိုတဲ့ စံနှုန်းတွေနဲ့ပဲ သွားတာပေါ့နော်။ ဒီတစ်ခေါက်မှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ စစ်သည်တော်ကျင့်ဝတ် စည်းမျဉ်းများထဲမှာ လူမျိုး၊ ဘာသာ၊ လိင်စိတ်ကွဲပြားမှုပေါ် မူတည်ပြီး ခွဲခြား ဆက်ဆံမှု မပြုဖို့ရယ်၊ အရပ်သား ပြည်သူတွေအပေါ် ဆက်ဆံရမယ့် အချက်ထဲမှာ အမျိုးသမီးတွေနဲ့ LGBT တွေ အပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခြင်း မပြုရန် ဆိုပြီး ပါနေတာကို တွေ့ရမယ်။ အဲဒါတွေဟာ (၈၈) ထက် ပိုသာတဲ့ အချက်တွေလို့ ကျွန်တော်‌တော့ ယူဆတယ်။ မြေပြင်မှာ လိုက်နာခြင်း၊ မနာ ခြင်း ဆိုတာတော့ သူတို့တွေက ကိုယ်စီကိုယ်င လက်နက်တွေလည်း ရှိပြီးသား ဆိုတော့ ဘယ်လိုမျိုး လိုက်နာပါတယ်ဆိုတဲ့ အကြောင်းက တွေးစရာတစ်ခု တော့ ပြန်ဖြစ်နေတယ်။

ဇေယျာ – ကျွန်တော်ကတော့ လက်နက်ကိုင်တော်လှန်ရေးကို support လုပ်ပြီး ပြောချင်ပါတယ်။ အရင် စစ်အာဏာမသိမ်းခင် စစ်တပ်ရှိနေကတည်း က သူတို့တွေ ကျောင်းတွေကို လာလို့ရှိရင် မိန်းကလေးတွေအပေါ် ပါးစပ် အသားယူတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်ကြတယ်။ ဆိုတော့ ဒီအုပ်ချုပ်ရေးစနစ် တစ်ခုလုံးသာ စစ်အာဏာရှင်အောက် ရောက်သွားမယ် ဆိုရင် ဒီထက်ပိုဆိုးလာမှာပေါ့။ ဒီအောက်မှာ နေမယ့်အစား စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ဖယ်ပစ်ရမယ်။ ဒါပေမဲ့ ဖမ်မနင်ဇင်ရဲ့ ပန်းတိုင်ကကျတော့ ပေထရီအာခီကို ဖယ်ပစ်ဖို့။ ဒါပေမဲ့ ဒါတွေပြီးသွားလည်း ဖမ်မနင်ဇင်ရဲ့ ပန်းတိုင်ကို ရောက်မှာ မဟုတ်သေးဘူး။ မြန်မာနိုင်ငံက ရှေးရိုးစွဲပြီး နိုင်ငံတော် ဘာသာကိုက ဗုဒ္ဓဘာသာဖြစ်နေတယ်။ အဲဒီမှာ ယောက်ျားနဲ့ မိန်းမ ဘယ်သူက မြတ်လဲဆိုတဲ့ အယူအဆ ရှိနေတယ်။ ကျွန်တော်တို့အနေနဲ့ အရင်ဆုံး လိုနေတာက စစ်တပ်အောက်က လွတ်ပြီး မိန်းကလေးတွေ အကြမ်းဖက်မခံရ၊ လိင်အပြဋ္ဌာန်း မခံရတော့ဘဲ ပွင့်လင်းတဲ့အခါ ရောက်လာပြီဆိုရင် အနောက် နိုင်ငံတွေကလိုမျိုး ဖမ်မနစ် wave အလိုက်၊ wave အလိုက်သွားပြီးတော့မှပဲ လုပ်မှရမယ်။ အဲဒီလို ပွင့်လင်းတဲ့အခြေအနေရောက်ဖို့ ဒီစစ်အာဏာရှင် လက်အောက်က အရင်လွတ်ဖို့ လိုတယ်။ နောက်ပြီးတော့ စစ်ဆိုတာလည်း ပါဝါရှိပြီးသားလူတွေကို ပါဝါ ပိုရှိစေတဲ့ အရာပဲလေ။ ယောက်ျားကြီးစိုးမှုတို့၊ မုဒိမ်းမှုတို့က စစ်မှာဆို ပူးပြီး ပါလာတတ်တယ်။ အဲဒီအတွက် စည်းမျဉ်းတို့ ကန့်သတ်ချက်တွေ လုပ်ရမယ်ထင်တယ်။ NUG က ချမှတ်ပေးမှ မဟုတ်ဘူး။ လက်နက်ကိုင်တဲ့သူတွေက ထားရမယ့်စိတ်၊ ကျင့်ဝတ် တစ်ခုလိုမျိုးတွေနဲ့ လုပ်သွားသင့်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။

သူပုန် (၂) – ဒီအခြေအနေက ကျွန်မတို့ မရွေးမဖြစ်တဲ့ အခြေအနေဆိုတာ ကို လက်ခံတယ်။ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံတယ်ပေါ့နော်။ အ‌ရှေ့မှာ တစ်ယောက်က NUG က လက်နက် မဆင်ပေးတာကို ဘယ်လို ပြန်ဖြုတ်ရမယ်မှန်း မသိလို့ဆိုတာကို ထောက်ခံနေတာမျိုး ပြောသွားတယ်။ အဲဒါကြီးက ရယ်ဖို့လည်း ကောင်းတယ်။ hypocrite လည်းဖြစ်တယ်။ သူ့ဟာသူ အသုံးမကျလို့ လက်နက် မဆင်ပေး နိုင်တာကို ဒီလိုပြောတာကြီး ကျတော့။ ညီမတို့ လက်ခံထားတဲ့ အမြင်အရ စစ်တပ်ဆိုတာကြီးကိုက ဖိနှိပ်မှု တစ်ခု ဖြစ်နေတယ်။ စစ်တပ်ရှိနေသရွေ့၊ စစ်ဝါဒ တည်မြဲနေသရွေ့ကတော့ ဖိနှိပ်ခံရတာတွေ မပျောက်ဘူး။ အဲဒါကြောင့် ညီမျှတဲ့ လူ့အဖွဲ့အစည်းကို သွားမယ်။ မညီမျှမှုတွေ ဖြစ်နေတာတွေကို တိုက်ထုတ်မယ်ဆိုရင် စစ်တပ် မရှိမှ ရမယ်။ ဒါ ညီမလက်ခံထားတဲ့ အရာတစ်ခု ဖြစ်တယ်။ “စစ်ဝါဒ” ကိုယ်တိုင် ကိုက တစ်သွေး၊ တစ်သံ၊ တစ်မိန့်နဲ့ တည်ဆောက်ထားတယ်။ သူတို့မှာရှိတဲ့ စံနှုန်းတစ်ခုကိုသာ လိုက်နာရမယ်။ သူတို့နဲ့ မတူရင် “ရန်သူ” ဆိုပြီး လုပ်ထား တယ်။ ပြည်သူလူထုကိုလည်း “ငါတို့သည် လူထုကို ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်။ ဒါကြောင့် ငါတို့လုပ်သမျှ မှန်တယ်။” ဆိုပြီး သွတ်သွင်းထား တယ်။ ဒါတွေအားလုံးက စစ်ဝါဒတွေပဲပေါ့‌။ အဲဒီတော့ စစ်တပ်ရှိနေသရွေ့ စစ်ဝါဒ ရှိနေမှာပဲ။ ဖိနှိပ်မှု ကင်းတဲ့ society သွားချင်ရင်တော့ စစ်တပ် မရှိမှဘဲ ရမယ်။ ပြီးတော့ တချို့လူတွေက ပြောကြတယ်။ ဗမာစစ်တပ်က ဘာလို့ ဒီလောက်ဆိုးရွားနေတာလဲဆိုရင် professional စစ်တပ် မဟုတ်လို့တဲ့။ အဲဒါလည်း ရယ်ချင်စရာပဲ။ professional စစ်တပ်သာ ရှိနေရင် ထပ်ပြီး professional ကျကျ ဖိနှိပ်မှုတွေ လုပ်နေဦးမှာပဲ။

ထက်ထက် – တစ်သီးပုဂ္ဂလအမြင်အရ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံတယ်။ အခြေအနေ အချိန်အခါအရ အသင့်တော်ဆုံးနဲ့ အဖြစ်သင့်ဆုံး လို့ ထင်တယ်။ ယဉ်ကျေးမှုတော်လှန်ရေး မဖြစ်နိုင်သေးတဲ့အချိန်မှာ အကောင်းဆုံးစုရုံးပြီး လုပ်လို့ရတာ ဒါပဲလို့ထင်တယ်။ ပြီးတော့ စစ်ဝါဒပေါ့။ ကာကွယ်သူနဲ့ ကာကွယ်ခံဆိုတဲ့ အဆင့်အတန်းတစ်ခု ရှိနေသရွေ့ အဆင်ပြေမယ် မထင်ဘူး။ ဖမ်မနစ်တစ်ယောက်အနေနဲ့ လက်နက်ကိုင် တော်လှန်တာကို ထောက်ခံတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ယန္တရား အကုန်လုံးက ဖမ်မနင်ဇင်ရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီဖို့ဆိုရင် တစ်နေ့မှာ ပျက်ကို ပျက်မှ ရမယ်။ နိုင်ငံတော် ရှိနေတာက ပစ္စည်းရှိလူတန်းစားနဲ့ ပါဝါရှိလူတန်းစားကို ကာကွယ်ဖို့အတွက် စစ်တပ်ဆိုတာ ရှိနေတာ ဆိုတော့။ ဒါကြီးရှိနေတာက အခု လက်နက်ကိုင်တော်လှန်ရေးအနေနဲ့ အဆင်ပြေနေပေမဲ့ နောက်ပိုင်း အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ ထပ်ရှိလာမယ်ဆို အဆင်မပြေဘူးပေါ့။ ခဏတာအတွက် ဖြေရှင်းနည်း ဆိုတာကို လက်ခံတယ်။ တစ်ချိန်မှာတော့ လက်နက်ကို အုပ်စုတစ်ခုကိုပဲ ပေးပြီးတော့ ကာကွယ်သူနဲ့ ကာကွယ်ခံ အနေအထားကတော့ အဆင်ပြေမယ် မထင်ဘူး။ ကိုင်ရမယ်ဆိုလည်း အကုန်ကိုင်ပေါ့။ အဲဒီလို မြင်တယ်။ အပေါ်ကပြောသွားတဲ့ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကို ဖျက်သိမ်းပစ်တာကိုလည်း လက်ခံတယ်။

ကိုကောင်း – ကာကွယ်သူနဲ့ ကာကွယ်ခံ ရှိလာတဲ့အကြောင်းက တစ်ယောက်‌ယောက်က လက်နက်ကို သုံးပြီး ပါဝါကို အသုံးချပြီး ကျန်တဲ့ သူတွေကို ဖိနှိပ်လို့ တစ်ယောက်ယောက်က ကာကွယ်ပေးရမယ် ဆိုပြီး ဖြစ်လာ တယ်လို့ မြင်တယ်။ အဲဒီတော့ သူများကို လွှမ်းမိုးချုပ်ကိုင်မှု လုပ်ချင်တဲ့ စိတ်တွေသာ ဖယ်နိုင်မယ်ဆို၊ ပါဝါဆိုတာကို ဖယ်နိုင်မယ်။ အဲဒီတော့ လွှမ်းမိုးမှုတွေ မလုပ်ဘူးဆိုရင် ကာကွယ်ပေးတဲ့သူလည်း ရှိလာမှာ မဟုတ်ဘူး။ ကာကွယ်ခံလည်း မရှိတော့ဘူး။  ဖိနှိပ်မှုသာ မရှိရင် ကာကွယ်ပေးရမယ့် လူဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး။  ဖိနှိပ်မှုကို ဖြိုရမယ်၊ ပါဝါကိုဖြိုမယ်ဆိုရင် ကာကွယ်ပေးတဲ့သူလည်း မလိုလောက်တော့ဘူး။

မိသဲ – ကျွန်မ မေးခွန်းကို စဉ်းစားကြည့်တော့ အခုက ထောက်ခံတယ်၊ မထောက်ခံဘူးဆိုတာရဲ့ အနေအထားကို ကျော်လာပြီ။ လက်နက်ကိုင် တော်လှန်ရေးမှာ ပါမလား၊ ဘယ်နေရာမှာ support လုပ်မလဲဆိုတာ စဉ်းစား ရမယ့်အချိန် ဖြစ်နေပြီ။ လက်နက်သဘောကို စဉ်းစားရင် လက်နက်ဆိုတာ အရာဝတ္ထုပဲ၊ လက်နက်သည် သုံးတဲ့သူ မရှိရင် အန္တရာယ်မရှိနိုင်ဘူး။ “ဘာကြောင့်လက်နက်ကိုင်ရသလဲ” ဆိုတာကို စပြီး စဉ်းစားရမယ်။ ဖမ်မနစ် တ‌စ်ယောက်အနေနဲ့ ဒါကောင်းတယ်၊ မကောင်းဘူး။ ကိုယ်ကျင့်တရား ရှုထောင့်ကနေ သုံးသပ်ပေးဖို့တောင်မှ ကျော်သွားပြီ။ လက်နက်ကို ကိုင်လိုက် တဲ့အခါ ခံစားရတဲ့ ဆက်နွယ်မှုပေါ့နော်၊ လက်နက်နဲ့ လူနဲ့ ဆက်နွယ်မှုကို ဘယ်လို ဖြတ်တောက်မလဲဆိုတာ စဉ်းစားမိတယ်။ “ကျွန်မတို့သည် တော်လှန်ရေးတစ်ခုအတွက် လိုလို့ လက်နက်ကိုင်ရတယ်” ဆိုတဲ့ အနေ အထားကို ထဲထဲဝင်ဝင် သဘောပေါက်မယ်ဆိုရင် လက်နက်ဖြုတ်ရေးဆိုတဲ့ ဟာ အရမ်းကြီး အရေးမကြီးတော့ဘူး။ ဘာကြောင့် လက်နက်ကိုင်ရလဲဆိုတဲ့ အတွေးအခေါ်ကို ဘယ်သူက ပေးမလဲဆိုတာ ပြဿနာရှိလာတယ်။ ခေါင်းဆောင်မှု ပြဿနာပေါ့နော်။ လက်ဝဲအုပ်စုတွေအနေနဲ့ ပြောရရင် လူထု ကို လွှမ်းမိုးဖို့ဆိုတာ မဖြစ်နိုင်သေးဘူးပေါ့နော်။ လက်ဝဲအတွေးအခေါ်ကို လူထု ကြားမှာ ပျံ့နှံ့အောင် မနည်းလုပ်နေရတဲ့အချိန်တောင် ဖြစ်နေတယ်။ လူထု အများစု ထောက်ခံတဲ့သူက ဘယ်သူလဲပေါ့။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ NUG ပဲပေါ့။ ဘာကြောင့် လက်နက်ကိုင်ရလဲဆိုတဲ့ အခြေခံ အုတ်မြစ် အတွေးအခေါ် NUG က လူထုကို မပေးနိုင်ဘူး။ ဖမ်မနစ်တစ်ယောက်အနေနဲ့ ပါဝါ ဆက်သွယ်ချက်တွေ၊ အကုန်လုံး၊ ပါဝါ ဆိုတဲ့ဟာသည် အထက် အောက် ရှိနေတဲ့အရာ၊ ဖိနှိပ်မှုကို ဖြစ်စေတဲ့အရာလို့သာ နားလည်မယ်ဆိုရင် အဲဒီဟာ တွေ အကုန်လုံးကို ကျွန်မ မကြိုက်ဘူး။ ဖျက်ပစ် ချင်တယ်။ စစ်တပ် ဆိုတာကိုလည်း ကျွန်မ မကြိုက်ဘူး။ လက်တွေ့မှာတော့ လက်တွေ့ကျရမယ့်၊ ရွေးချယ်မှု မရှိတော့တဲ့ အချိန်ကို ရောက်နေပြီ။ ဒီအချိန်မှာ လက်နက်နဲ့ လူနဲ့ ဆက်နွယ်မှုကို ဘယ်လို စဉ်းစားမလဲ။ ဘာကြောင့် လက်နက်ကိုင်ရလဲ ဆိုတဲ့ အတွေးအခေါ်ကို တစ်နိုင်ငံလုံးကို ဘယ်လိုပေးမလဲ ဆိုတာက အခုလုပ်ရမယ့် အလုပ်လို့ မြင်တယ်။

သန့်ကျော်စွာ – ပုံမှန်အခြေအနေမှာဆိုရင် ဘယ်စစ်ပွဲကိုမှ အားမပေးဘူး။ အခုအခြေအနေမှာတော့ ယုတ္တိကျတဲ့ စကားကို ပြောရတော့မယ်။ ပြဿနာ အားလုံးရဲ့ အရင်းခံက စစ်တပ်ဖြစ်နေတော့ အဲဒီကောင်ကို ဖြတ်ပြီးမှ gender equality တွေ၊ anti-racism တွေဖြစ်လာမှာဆိုတော့ စစ်တပ် ရှိနေသ‌ရွေ့ ပြဿနာရှိနေမှာပဲ။ တချို့တွေ ပြောသလို ညှိပါ၊ ဘာညာက ဟုတ်တယ်။ နောက်ဆုံး စကားဝိုင်းနဲ့ သွားရမှာပဲ။ စစ်တပ်က သူကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေ၊ ရက်စက်မှုတွေကို တာဝန်ခံမှပဲ ရမှပေါ့။ လက်နက်ကိုင်တာကို အားပေး တယ်။ ဒါပေမဲ့ စစ်ဝါဒီတစ်ယောက်တော့ မဟုတ်ဘူး။

ခင် – လက်နက်ကိုင်ခုခံမှုအကြောင်းကို နည်းနည်းပြောချင်တယ်။ လက်နက်ကိုင်ခုခံမှုမှာ အမျိုးသမီး ပါဝင်မှုက ရှိလည်း ရှိတယ်။ ပိုပြီးတော့ လည်း လိုအပ်တယ်။ လတ်တလောဖြစ်သွားတဲ့ ကိစ္စတွေမှာ ဂါဇာ-အစ္စရေး ပဋိပက္ခတွေပေါ့။ ဂါဇာမှာဆိုရင် အမျိုးသမီးတွေ ဟိဂျပ်ဝတ်ပြီးတော့မှ ကျောက်ခဲတုံးနဲ့ ပစ်ကြတယ်ပေါ့။ လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်ခုခံကြ တယ်ပေါ့နော်။ ညီမကတော့ woman empowerment အစစ်အမှန်လို့ ခေါ်ချင် တယ်။ ဒီလိုမျိုး ခုခံမှုနဲ့ တော်လှန်မှုကတော့ တစ်စိတ်တစ်ပိုင်း အားဖြင့် လိုကို လိုအပ်တယ်လို့ ထင်တယ်။ ဖမ်မနင်ဇင်ကိုယ်တိုင်က တော်လှန်ရေး တစ်ခုပဲ ကျွန်မအတွက်တော့။ အဲဒီအတွက် ထောက်ခံတယ်။

ဖမ်မနစ်တွေသွားချင်တဲ့ လူ့အဖွဲ့အစည်းကို စိတ်ကူးကြည့်ကြဖူးပါ သလား။ ဘယ်လို စံနှုန်းတွေနဲ့ ဖွဲ့စည်းထားမယ်လို့ ထင်လဲ။

ကိုထူး – ဖမ်မနစ်ကို ဘယ်လိုလေ့လာဆို အိမ်တွင်းအကြမ်းဖက်မှုကတစ်ဆင့် လေ့လာဖြစ်တယ်ပေါ့နော်။ အဲဒီကနေတစ်ဆင့်ပဲ ပတ်ဝန်းကျင်ကနေ သိလာ ပြီးတော့ အမေ့ဘက်ကရပ်တည်ပြီးတော့ အမေကိုယ်တိုင်ကိုက အရင်လို ‘ကျား’ ကြီးစိုးတဲ့ အတွေးအခေါ်တွေရှိတယ်။ အဲဒါအမေ့ကိုပြောရင်းနဲ့ သိလာ တယ်။ ဖမ်မနစ်တွေဖြစ်ချင်တဲ့ လူ့အဖွဲ့အစည်းကိုမျှော်လင့်တာကတော့ သာတူ ညီမျှမှုရှိတဲ့ လူ့အဖွဲ့အစည်းကို မြင်မိတယ်။ အဲဒီလိုဖြစ်ဖို့လည်း ဥပဒေအရ လည်း ကာကွယ်ပေးရမယ်ပေါ့နော်။ ခုလက်နက်ကိုင်ပြီးရင်လည်း အများကြီး ဆက်လုပ်ရမယ်။

မအိ – ကျွန်မသွားချင်တဲ့ လူ့အဖွဲ့အစည်းကကျ နိုင်ငံတော်မရှိတဲ့အထိ သွားချင်တာ အုပ်ချုပ်သူ လူတန်းစားရှိနေလို့သာ ဖိနှိပ်မှုရှိနေတာ။ အုပ်စိုးတာ မျိုးရှိနေရင် ဖိနှိပ်မှုရှိနေမှာပဲ။ နိုင်ငံတော် အုပ်ချုပ်သူဆိုတာ မရှိတဲ့ လူ့အဖွဲ့ အစည်းဆိုတာလိုချင်တယ်။

မိသဲ – ကျွန်မကတော့ အေးအေးဆေးဆေးနေလို့ရတဲ့ လူ့အဖွဲ့အစည်း တစ်ခုကို သွားချင်တယ်။ ကျွန်မကြောင်လေးရယ်၊ ညနေဘက်ဆို ဝီစကီလေး သောက်ပြီးရယ်ပဲ အေးဆေးနေချင်တယ်။ ဒါပေမဲ့ ဒီစနစ်တွေက အဲဒီလိုမျိုး အေးဆေးနေခွင့်မပေးထားဘူး။ စနစ်တွေက တရားမျှတမှုမရှိတဲ့အတွက် ကြောင့် နေလို့မရဘူး။ အဲဒီနေရာမှာ ကျွန်မကလူတစ်ယောက်ချင်းစီလည်း အဆင်ပြေပြေနေနိုင်ချင်သလို လူ့အဖွဲ့အစည်းထဲမှာနေနေတဲ့ အတွက်ကြောင့် ကျွန်မတို့ဟာလူ့အဖွဲ့အစည်းကိုလည်း contribute လုပ်ရမယ်။ အဲဒီတော့ လူ့ အဖွဲ့အစည်းနဲ့ လူတစ်ယောက်ချင်းစီ တစ်ပြိုင်နက်ထဲဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်း ကို သွားချင်တယ်။

သူပုန် (၂) – ပတ်ဝန်းကျင်မှာ ပြောနေကြတာကိုလည်း ကြားနေရတယ်။ လူတစ်ယောက်က တစ်ယောက်တည်းပဲနေဖို့ ဆုံးဖြတ်ထားရင်တောင် နင် အိုလာရင် ဘယ်သူကြည့်မှာလဲ၊ ကျန်းမာရေးမကောင်းရင်ရော ဘယ်သူက စောင့်ရှောက်မှာလဲဆိုတာမျိုးပေါ့။ ဒါတွေကို အိမ်ထောင်ပြု၊ ကလေးမွေးမှ ရမှာလားပေါ့။ လူ့အဖွဲ့အစည်းကရော မပေးနိုင်ဘူးလားပေါ့။ ကျွန်မအတွက် တော့ အားလုံးအတွက် ကုံလုံတဲ့စနစ်တစ်ခုရှိနေရင် လုံလောက်ပြီလို့ ထင်တယ်။

မိသဲ – အခုချိန်မှာ သီအိုရီတွေ ဘာတွေပြောပြီးသာ ငြင်းခုန်နေကြတာ။ လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်းဆိုတာကို အဓိပ္ပာယ်ဖွင့်နေကြတာ။ ဒီအချိန် မှာက လွတ်မြောက်ခြင်းဆိုတာက တိုက်ရင်းနဲ့ သေခြင်းတရားဆိုတာကို ရွေးချယ်လိုက်ရင် လွတ်မြောက်သွားမှာပဲ။ ဒါကိုသီအိုရီတွေက လာရှုပ်နေတယ် လို့ပဲမြင်တယ်။

ထက်ထက် – နောက်တစ်ခုက သီအိုရီဆိုတာကို ဘယ်သူတွေက ပြုလုပ် ထားတာလဲ။ ချုပ်ကိုင်ထားတာလဲပေါ့နော်။ ဒီအဖြူကောင်တွေက ချုပ်ကိုင် ထားကြတဲ့ သူတို့ဆီကပဲလာတဲ့ သီအိုရီတွေကြီးပဲ။ အဲဒီတော့ ကျွန်မတို့ အတွက် တကယ်အသုံးဝင်တဲ့၊ အသုံးချလို့ရမယ့် သီအိုရီတစ်ခု ထွက်လာဖို့ လိုတယ်။ ဒီလိုဂရောင်းမှာ စကားဝိုင်းမှာတွေနဲ့ theorizing လုပ်ကြပြီး သီအိုရီ ဆိုတာ ဖြစ်လာမယ်ပေါ့နော်။ ဒီကလူတွေ ပြောဆိုသွားတာကို သဘောကျတာ ကြောင့်ပါ။

သူပုန် (၁) – ကျွန်မတို့အနေနဲ့ အယ်လ်ဂျီဘီတီတွေနဲ့လည်း လက်တွဲပြီး တော့ အလုပ်လုပ်ချင်တယ်။ သီအိုရီတွေ၊ ဖမ်မနစ်အရေးတွေကို အပြော သက်သက်မဟုတ်ဘဲ ဖမ်မနစ်အမြင်နဲ့ကြည့်တဲ့ ဖမ်မနစ်နိုင်ငံရေးဆိုတာလည်း လုပ်ဖို့လိုပါတယ်ပေါ့နော်။ အယ်လ်ဂျီဘီတီအရေးသည်လည်း ဖမ်မနစ်အရေး ဖြစ်တယ်။ အလုပ်သမားအရေးသည်လည်း ဖမ်မနစ်အရေးဖြစ်တယ်။ “နင် လွတ်မြောက်မှ ငါလွတ်မြောက်မယ်” ဆိုတဲ့ စိတ်မျိုးနဲ့ အဖိနှိပ်ခံတွေဟာ အတူတကွလက်တွဲ အလုပ်လုပ်ရလိမ့်မယ်။ ကျွန်မတို့ အဲဒီလိုအလုပ်လုပ်နိုင်ဖို့ ဖိနှိပ်မှုအထပ်ထပ်ကို မြင်အောင်ကြည့်တဲ့ အင်တာဆက်ရှင်နယ်လတီ ဆိုတဲ့ အောက်မှာ စုဝေးကြရမယ်ထင်တယ်။ သူပုန် (၂) – ဒီဆွေးနွေးပွဲကနေတစ်ဆင့် မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဖမ်မနင်ဇင်ဆိုတာကို ရှာဖွေနိုင် မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစကားဝိုင်းလေး ကို လုပ်ဖြစ်တယ်ပေါ့။ ကျွန်မ ထပ်ပြီး ပြောချင်တာက ကျွန်မတို့ တစ်ယောက် စာ တန်းတူညီမျှမှု ဆိုတဲ့နေရာမှာတင် ရပ်မနေဘဲ အင်တာဆက်ရှင်နယ်လတီ ဆိုတာအထိကို ပြောဖို့လိုတယ်။ ကျွန်မအတွက် တန်းတူဖြစ်ခြင်းကို ဘာနဲ့တိုင်း မလဲဆိုရင် ဖိနှိပ်မှုတွေရဲ့ အောက်ဆုံးကလူတွေ လွတ်မြောက်ပြီလားဆိုတာနဲ့ပဲ တိုင်းတာမှာဖြစ်တယ်။ အင်တာဆက်ရှင်နယ်လတီကိုသုံးရင် အောက်ဆုံးကလူ တွေကို မြင်လွယ်ပါတယ်။ ဥပမာဆိုရင် မိန်းမတွေ ဖိနှိပ်ခံရတာဟုတ်တယ်။ မိန်းမတွေထဲမှာတောင်မှ အလုပ်သမတွေ၊ လယ်သူမတွေ စတဲ့သူတွေဟာ ကျွန်မတို့ထက် ဖိနှိပ်မှုကို ပိုခံစားရတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ဒီလူတွေမှာ မှတ်ပုံတင်ရှိသေးတယ်။ မြို့ပေါ်တက် စက်ရုံတွေမှာ အလုပ်လုပ်နိုင်ခွင့် ရှိသေး တယ်။ ဒုက္ခသည်စခန်းက လူတွေ၊ အမျိုးသမီးတွေ အထူးသဖြင့် ရိုဟင်ဂျာ အမျိုးသမီးတွေဆိုရင် မြို့ပေါ်ပြောင်းရွှေ့ နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင် စားသောက်ခွင့် စတဲ့ဟာတွေကိုတောင် မရဘူး။ အဖမ်းခံရနိုင်တယ်။ လူသား တစ်ယောက်ရဲ့ ဖြစ်တည်မှုတွေ ဆုံးရှုံးရတယ်။ ဒီလူတွေ၊ ဒီအဖြစ်အပျက်တွေ အတွက် ကျွန်မတို့တွေ အင်တာဆက်ရှင်နယ်လတီဆိုတာကို ပြောဖို့လိုတယ်။ ပြောရမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။