ဆောင်းပါးရှင်များအကြောင်း (အတွဲ ၄၊ စာစောင် ၁)

သရဖီသန်း
သရဖီသန်းက မြောက်အီလီနွိုင်းတက္ကသိုလ်က တွဲဖက်ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ သူက ဆင်ဆာ၊ ပုန်ကန်မှု အမျိုးမျိုး၊ စာပေနဲ့ ဖမ်မနင်ဇင် အကြောင်းအရာတွေကို လေ့လာပါတယ်။ ဒီမိုကရေစီပညာရေးပုံဖော်ဖို့နဲ့ သင်ရိုးသစ်တွေရေးဖို့ ကြိုးစားနေကြတဲ့ မြန်မာနိုင်ငံက အဖွဲ့တွေနဲ့ လက်တွဲ လုပ်ကိုင်လျက်ရှိပါတယ်။

သျှင်နှောင်း
Non-binary ကဗျာဆရာတစ်ဦးဖြစ်တဲ့ သျှင်နှောင်းကို ၂၀၀၀ ပြည့်နှစ်မှာ မွေးပါတယ်။ ၂၀၁၅ ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်းရဲ့ အရှိန်အဝါ ကြောင့် နှောင်းပိုင်း ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများကြား ပါဝင်လာခဲ့ပါ တယ်။ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုမတိုင်မီအထိ သမဂ္ဂကျောင်းသား တစ်ဦးအဖြစ် ဗကသများအဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် နိုင်ငံရေးနဲ့ စစ်ရေးတာဝန်အချို့ကို ထမ်းဆောင်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း မာ့က်စ်ဝါဒဘက်သို့ ပိုပြီး တိမ်းညွတ်လာခဲ့ပါတယ်။ ၂၀၂၂ မှ ၂၀၂၃ အတွင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဗဟိုရဲ့ အာဘော်၊ ဆိုရှယ်ဒီမိုကရက်စာစဉ်တွင် ကလောင်ဝှက် အမျိုးမျိုး သုံးရင်း ကဗျာ၊ ဆောင်းပါးနဲ့ အက်ဆေးတွေ ရေးသားခဲ့ပါတယ်။ ကဗျာရေးခြင်း အမှုကို ၂၀၁၉ ခန့်မှ အခိုင်အမာ စတင်ခဲ့ပါတယ်။ “ကဗျာဆိုတာပြုလုပ်ခြင်း” လို့ ခံယူထားသူဖြစ်သလို automatic writing ကို အားပြုသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၂၂ နှောင်းပိုင်းမှာ နိုင်ငံတကာ မာ့က်စ်ဝါဒီအင်အားစု (IMT) ရဲ့ ရပ်တည်ချက်တွေအတိုင်း စတင်ရပ်တည်လာခဲ့ပါတယ်။ အခုအခါ နိုင်ငံတကာ မာ့က်စ်ဝါဒဆောင်းပါးများကို ဘာသာပြန်ဖြန့်ဝေတဲ့ လုပ်ငန်းကို ဇောက်ချလုပ် ကိုင်ရင်း မာ့က်စ်ဝါဒဖြန့်ဖြူးရေးကို တိတ်တဆိတ် ဆောင်ရွက်လျက်ရှိပါတယ်။

သူပုန်
“သူပုန်” ဆိုတာ အင်္ဂလိပ်ဘာသာဖြင့် “rebel” လို့ အဓိပ္ပာယ်ရပါတယ်။ သူပုန် ဖေ့ဘုတ်ပေ့ချ်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်‌မတို့ နေ့စဥ်ဘဝမှာ နှလုံးသွင်း ခံယူထားမိတဲ့၊ သတ်မှတ် ပြဋ္ဌာန်းခံထားရတဲ့ လိင်ခွဲခြား ဆက်ဆံခြင်း၊ စစ် အာဏာရှင်ဝါဒ၊ လူမျိုး‌‌ရေးခွဲခြားဆက်ဆံခြင်း၊ လူတန်းစားခွဲခြား ဆက်ဆံခြင်းနဲ့ လူဖြူကြီးစိုးမှုတို့ကို မီးမောင်းထိုးပြဖို့ ဖြစ်ပါတယ်။ သူပုန်ဟာ အထူးသဖြင့် လိင်ခွဲခြားဆက်ဆံခြင်းဆိုင်ရာ လတ်တလောဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပေါ်လွင်ထင်ရှားပြီး ပုန်ကန်လိုတဲ့ သဘောလက္ခဏာဖြင့် အကြောင်းအရာများ ကို ရေးသားဖော်ပြကာ တုံ့ပြန်လျက်ရှိပါတယ်။

ဝေး
ဝေး ကို ၁၉၉၃ ခုနှစ်၊ ဇူလိုင် (၁၇) နေ့မှာ နတ်မောက်မြို့တွင် မွေးဖွားခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ ပညာသင်နှစ် အထက်တန်းကို ရမည်းသင်း အ.ထ.က (၁) တွင် တက်ရောက်ခဲ့ပါတယ်။ အထက်တန်းပြီးတဲ့နောက် ရွှေ့ပြောင်း အလုပ်သမား တစ်ယောက်အဖြစ် မလေးရှားသို့ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တွင် အခြားကလောင်နာမည်နဲ့ ကဗျာများ စတင် ရေးသားခဲ့ပြီး ၂၀၂၁ စစ်အာဏာ သိမ်းအပြီးမှာ တော်လှန်ရေးစာစဉ်တွေဖြစ်တဲ့ တူမီး၊ မြစ်ကွေ့၊ အရေးတော်ပုံ (သူပုန်ဂေဇက်) တို့မှာ ဝေး ကလောင်အမည်နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကဗျာတွေ ရေးသားနေပါတယ်။

ဆိုဖီယာဒေးမြာ
ဆိုဖီယာဒေးမြာဟာ ၂၀၁၆ ခုနစ်ကတည်းက ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါတယ်။ အဲဒီမတိုင်ခင်က အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အတွင်းရေးမှူးတစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ပူးတွဲအထွေထွေ အတွင်းရေးမှူးအဖြစ် သုံးနှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းအမျိုးမျိုးမှာ ရာထူးအမျိုးမျိုးဖြင့် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံများလည်း ရှိပါတယ်။ မော်ဒေးမြာဟာ တောင်ကြီးတက္ကသိုလ်မှ အင်္ဂလိပ်စာမေဂျာအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရရှိထားပြီး ချင်းမိုင် တက္ကသိုလ်ရှိ လူမှုရေးသိပ္ပံ မဟာတန်းတွင် တက်ရောက်သင်ကြားနေသူ ဖြစ်ပါတယ်။

နယုန်မိုးသွေး
နယုန်မိုးသွေးသည် non-binary တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၅) ရက်နေ့မှစ၍ အာဏာရှင် ဆန့်ကျင်ရေးသပိတ်များတွင် ပါဝင်ခဲ့ပါတယ်။ CDM လှုပ်ရှားမှုများကို ထောက်ခံဝန်းရံခဲ့ပြီး CDM supporting အဖွဲ့ ဖြစ်တဲ့ “ရုန်းထွက်စို့” (Let’s Step Out) ရဲ့ တွဲဖက်တည်ထောင်သူ ဖြစ်တယ်။ CDM များအတွက် ငွေကြေးနှင့် safe house များ ရှာဖွေကူညီပံ့ပိုးခဲ့ခြင်းကြောင့် ၂၀၂၁ မေလတွင် ကိုယ်ပိုင် ဘဏ်အကောင့် (၅) ခုလုံး Freeze  လုပ်ခံရပြီး စစ်တပ်က မတရားဖမ်းဆီးရန် လိုက်လံရှာဖွေခြင်း ခံခဲ့ရပါတယ်။ ၂၀၂၂ မေလတွင် ပတ်စပို့ဒ် (နိုင်ငံကူးလက်မှတ်) သိမ်းဆည်းခံရပြီး နိုင်ငံခြားထွက်ရန် ကန့်သတ်ခြင်း၊ စောင့်ကြည့်ခြင်း များခံရပါတယ်။ အဲဒီလို စစ်တပ်ရဲ့ ဖိနှိပ်မှု အမျိုးမျိုးကြားမှ အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို သပိတ်နည်းနာ၊ နိုင်ငံရေးနည်းနာ၊ သုတေသနနည်းနာ စတဲ့ နည်းနာပေါင်းစုံနဲ့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ၂၀၂၁၊ ဖေဖော်ဝါရီ (၁၃) ရက် နေ့တွင် လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) တွင် ဗမာလူမျိုးစု အစုအဖွဲ့ဝင် တစ်ဦးအဖြစ် စတင်ပါဝင်ခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ကာလအတွင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ JCC (CDM) ကော်မတီဝင်အဖြစ်လည်းကောင်း၊ ယင်းနောက် JCC – Federal Committee ရဲ့ ကော်မတီဝင်အဖြစ် လည်းကောင်း သပိတ်ကိုယ်စားပြု အစုအဖွဲ့တွင် GSCN ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ပါတယ်။ ၂၀၂၃ ဇွန်လတွင် GSCN ရဲ့ အလုပ်အမှုဆောင်ကော်မတီ (၂၀၂၃-၂၀၂၄) အဖွဲ့ဝင်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး လက်ရှိ အချိန်ထိ GSCN အလုပ်အမှုဆောင် ကော်မတီဝင်၊ ဗမာလူမျိုးစုရဲဘော်တစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။

အလုပ်သမ
အလုပ်သမသည် ၂၀၀၁ ခုနှစ်မှာ ရန်ကုန်သို့ ဆယ်တန်းစာမေးပွဲဖြေရန် ရောက်လာသော်လည်း ဖိနပ်စက်ရုံတွင် အလုပ်ဝင်လုပ်ခဲ့ရပါတယ်။ အလုပ်ထဲ မှာ သပိတ်တိုင်း ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လုပ်သက် (၁၀) နှစ်ရှိပြီဖြစ်သော အလုပ်သမဟောင်းတစ်ယောက်အနေနဲ့ သမဂ္ဂမှာ အလုပ်အမှုဆောင် တာဝန်ယူဖို့ ကိုယ့်ကိုယ်ကိုယ်အဆိုပြုရာမှာ အလုပ်သမားများက ရာနှုန်းပြည့် ထောက်ခံခဲ့တာကြောင့် သမဂ္ဂမှာ အလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ စက်ရုံဘက်က အလုပ်အမှုဆောင်အဖွဲ့ကို တရားစွဲတာကြောင့် (၂) နှစ်ခန့် တရားရင်ဆိုင်ခဲ့ရပြီး တရားရုံးက ထောင် (၁) လ အမိန့်ချခဲ့ပါတယ်။  ထောင် (၁) ပတ်ပဲ ကျခဲ့ပြီး ထွက်လာတဲ့နောက်ပိုင်း ဘယ်အလုပ်မှ လျှောက်လို့ မရသလို ရတဲ့အလုပ်တိုင်းက (၁) လကြာတာနဲ့ အလုပ်ထုတ်တာကိုခံခဲ့ရတယ်။ နောက်ပိုင်း အလုပ်သမားတွေရဲ့ အခက်အခဲပြဿနာ‌တွေကို တတ်နိုင်သရွေ့  ကူညီရင်း  အလုပ်သမားတွေ ဖိနှိပ်ခံရမှုတွေ၊ ပုန်ကန်အုံကြွရခြင်းရဲ့ အကြောင်း အရင်းတွေကို သုံးသပ်တင်ပြတာတွေ၊ စနစ်နဲ့ တွေးခေါ်ချိတ်ဆက်တာတွေ ရေးသားပြီး အလုပ်သမားထု လွတ်မြောက်ရေးကို ရည်ရွယ်ပြီး ဆွေးနွေး သုံးသပ်‌ရေးသားတာတွေ လုပ်ပါတယ်။ အလုပ်သမားထု လွတ်မြောက်ရေးဟာ အလုပ်သမားထုတင်မက အလုပ်သမားထုရဲ့ လုပ်အားအပေါ် မှီနေရတဲ့ လူထုကြီးတစ်ခုလုံးဝန်းရံမှ လွတ်မြောက်မှာဖြစ်လို့ အလုပ်သမားတွေရဲ့ ဖိနှိပ်ခံရမှု အခြေအနေတွေကို အလုပ်သမား မဟုတ်တဲ့ လူလတ်တန်းစားတွေ သိစေဖို့ ဆောင်းပါးများ ရေးသားဖော်ပြခဲ့ပါတယ်။

မကျေး
အိမ်စောင့်အစိုးရလက်ထက်မှာ မွေးဖွားခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်တွင် ကြီးပြင်းခဲ့သူ တစ်ဦးအနေနဲ့ ဘဝတစ်လျှောက်စစ်တပ်ရဲ့ အနိုင်အထက်ပြုမူမှုတွေကို မြင်နေ၊ သိနေရတယ်။ သူတို့နဲ့ ထိုက်တန်တဲ့ လက်တုံ့ပြန်မှုမျိုး အပြည့်အဝမလုပ်နိုင်တဲ့ သာမန်ပြည်သူတစ်ယောက်အဖို့ အားမလိုအားမရနဲ့ ခံပြင်းမိတယ်။ အဲဒီစိတ်ရဲ့ စေ့ဆော်မှုကြောင့် ဒီကာလမှာ တော်လှန်ရေးစာစဉ်တွေမှာ ကဗျာတချို့၊ စာတချို့ရေးမိပါတယ်။ “ကျွန်မတို့ ရင်ထဲအသည်းထဲမှာ တော်လှန်ရေးရိုက်ချက်တွေကို အတူတကွခံယူလိုစိတ် ရှိကြတယ်ဆိုတာကို အခြားသူ‌တွေ သိမြင်စေချင်စိတ်နဲ့ ရေးဖြစ်တယ်” လို့ လည်း ပြောနိုင်ပါမယ်။

အရှင်း
အရှင်းက မြန်မာနိုင်ငံမှ ကွီးယားဖမ်မနစ်တစ်ဦးဖြစ်ပါတယ်။

ကတ်နစ်
ကတ်နစ်က မြန်မာနိုင်ငံမှ ဖမ်မနစ်တစ်ဦးဖြစ်ပါတယ်။

အက်ရှေး
အက်ရှေးကို ၁၉၉၆ တွင် ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ အဖေ (ကျောင်းဆရာ) နဲ့ အမေ (တောသူ) တို့မှ မွေးဖွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တွင် ကဗျာ အနည်းအပါး စတင်ရေးသားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဓာတ်ပုံရိုက်ခြင်းကို စတင် စမ်းသပ်လုပ်ဆောင်ခဲ့ပါတယ်။

မာရီယာ ဘေဂမ်
မာရီယာ ဘေဂမ်သည် မြန်မာပြည်တွင် မွေးဖွားကြီးပြင်းလာတဲ့ ရိုဟင်ဂျာ အမျိုးသမီး တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ဆရာဝန် တစ်ယောက်ဖြစ်သလို လှုမှုကူညီရေးဝန်ထမ်းတစ်ဦးအဖြစ် ရခိုင်ပြည်နယ်တွင် အရပ်ဘက် အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ ဆယ်နှစ်ကျော်ကြာ တွဲဖက်လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ လူမှုတရားမျှတရေးနဲ့ လူနည်းစု အခွင့်အရေးများကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်တောင်းဆိုနေသူတစ်ဦးလည်း ဖြစ်ပါ တယ်။

နှင်းရိပ်နွေ
အမည်ရင်းမှာ ကိုမောင် ဖြစ်ပြီး မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ကွန်ဆာဗေးတစ် အတွေးအခေါ်များကို ပုန်ကန်သူ လူငယ်တစ်ဦး ဖြစ်တယ်။ မြင်းခြံနည်းပညာကောလိပ် ကျောင်းသားဘဝတွင် စစ်ကျွန်ပညာရေးကို ဆန့်ကျင်သည့် ၂၀၁၅ လက်ပံတန်းကျောင်းသားသပိတ်တွင် ပါဝင်လှုပ်ရှားခဲ့ဖူး တယ်။ ကျောင်းသားဘဝတွင် မဂ္ဂဇင်း၊ ဂျာနယ်တချို့တွင် ဝတ္ထုတို၊ ‌ဆောင်းပါး၊ ကဗျာများ စတင်ရေးသားခဲ့ပါတယ်။ ပရဟိတပညာသင်ကျောင်းတွင် အထက်တန်းသင် ဆရာအဖြစ် ဆောင်ရွက်ခဲ့ဖူးတယ်။ ၂၀၂၁ စစ်အာဏာ သိမ်းပြီး ဖေဖော်ဝါရီလ (၆) ရက်နေ့မှ စပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့တယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် Mega Brothers Force – Pale PDF ကို ထူထောင် တယ်။ အဲဒီနောက် ယင်းမာပင်ခရိုင်၊ အမှတ် (၁၂) တပ်ရင်းတွင် တပ်ရေး အရာရှိအဖြစ် (၁၈) လ ကြာအောင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တယ်။ လက်ရှိတွင် ယင်းမာပင်ခရိုင်၊ အမှတ် (၁၂) တပ်ရင်း၌ ပြည်သူ့လုံခြုံရေး တာဝန်ခံ၊ ပုလဲဗျူဟာ ပြည်သူ့ဆက်ဆံရေးတာဝန်ခံအဖြစ် ပူးတွဲတာဝန် ထမ်းဆောင်လျက်ရှိပါတယ်။ တော်လှန်ရေးစာစဉ်များတွင်လည်း ဆောင်းပါး၊ ကဗျာနှင့် အက်ဆေးများ ပင်တိုင်ရေးသားလျက်ရှိပါတယ်။

အောင်ဇော်မျိုး
အောင်ဇော်မျိုးကို ၁၉၉၃ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ဆေးတက္ကသိုလ် (မန္တလေး) နဲ့ Central European University (Vienna) တို့တွင် ပညာသင်ယူခဲ့တယ်။ ၎င်းရဲ့ စိတ်ဝင်စားမှုများမှာ ရသစာပေ၊ လူမှုလှုပ်ရှားမှုများ၊ ကွီးယားဖြစ်ခြင်း (queerness) တို့ဖြစ်ပါတယ်။