စီစဉ်သူ၏ အမှာစာ

သရဖီသန်း | Click here to read this article in English.

Cite as: 
သရဖီသန်း၊ (၂၀၂၃)၊ စီစဉ်သူ၏ အမှာစာ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4656

၂၀၁၉ ခုနှစ် စက်တင်ဘာလ။ ဆက်စပ်ကြည့်ရခက်သည့် မိန်းမတစ်စု၊ က‌လေး နှစ်ယောက်နှင့် ယောက်ျားသားအနည်းငယ် ရန်ကုန်ကနေ ထားဝယ်ကို လေယာဉ်စီးသွားခဲ့ကြသည်။ ထိုအုပ်တွင် အညာက လယ်သူမတစ်ယောက်၊ ရန်ကုန်က ဖမ်မနစ် စာရေးဆရာမတချို့၊ အနုပညာရှင်နည်းနည်း၊ ကလေးတွေ ကို ပညာပေးဟောပြောသူ၊ အန်ဂျီအိုဝန်ထမ်း၊ ရန်ကုန်နေ LGBT အသိုင်း အဝိုင်းမှ လူတချို့၊ အလုပ်သမသမဂ္ဂခေါင်းဆောင်၊ အမေရိကားရောက် မြန်မာ နှစ်ယောက် စသဖြင့် လူစုံသည်။ သူတို့ ထားဝယ်က အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူတွေ၊ ဂျာနယ်လစ်တွေ၊ ပန်းချီဆရာ၊ ကဗျာဆရာတွေနှင့် ဖမ်မနင်ဇင်အကြောင်း၊ မြန်မာနိုင်ငံအရပ်ရပ်က အမျိုးသမီးတွေနဲ့ဆိုင်တဲ့ ကိစ္စ တွေ၊ ဂေးနဲ့ လက်စဘီယံတွေရဲ့ အခက်အခဲ၊ ဒေသလှုပ်ရှားမှုတွေအကြောင်း ဆွေးနွေးဖလှယ်ကြသည်။ ယခု နှစ်အုပ်တွဲအထူးထုတ်သည် ထိုခရီး၏ ရလဒ် ဖြစ်သည်။ ‘ထားဝယ်အစု’ ဟု ကိုယ့်ကိုယ်ကိုယ် နာမည်ပေးထားသည့် အဖွဲ့ သည် ယခုအထူးထုတ်ထွက်ရန် လေးနှစ်ကျော်ကြာ အားစိုက်ထုတ်ခဲ့ရသည်။ ဤအထူးထုတ်သည် ကိုဗစ်ကို ဖြတ်ခဲ့ရသည်။ အာဏာသိမ်းမှုကို ကြံ့ကြံ့ခံခဲ့ရ သည်။ ပြည်တွင်းစစ်ကိုလည်း ကျော်လွှားခဲ့ရသည်။ စာရေးသူအများစုသည် ရက်စက်ကြမ်းကြုတ်မှု၊ ဝမ်းနည်းစရာ၊ ခက်ခဲမှုပေါင်းစုံကို သတ္တိရှိရှိ ရင်ဆိုင် ခံစားဖြတ်ကျော်ပြီး တော်လှန်ရေးကပေးသော သမိုင်းတာဝန်များကို လူ့အဖွဲ့ အစည်းအလွှာအသီးသီးမှ ဖိနှိပ်ခံဂျန်ဒါအုပ်စုဝင်များနှင့်အတူ ထမ်းဆောင်ခဲ့ကြ သည်။ မြန်မာပြည်၏ အရေးကြီးသော သမိုင်းအချိုးအဆစ်တွင် အမျိုးသမီး များနှင့် LGBTQ များ၏ အသံများကို ဤစာအုပ်ဖြင့် ထင်ဟပ်ဖော်ပြလိုက်ရ ပါသည်။ ဤစာအုပ်ဖြင့်  ကျွန်မတို့၏ ညီအစ်မများကိုလည်းကောင်း၊ LGBTQ အသိုင်းအဝိုင်းကိုလည်းကောင်း၊ ကျွန်မတို့အစုကိုလည်းကောင်း ကိုယ်တိုင် ပွဲထုတ်နေရာယူလိုက်ပါသည်။ အာဏာမသိမ်းခင်ကတည်းက ပြင်ဆင် ရေးသားခဲ့ကြသော်ငြား စာအုပ်ပါ အကြောင်းအရာများမှတစ်ဆင့် ယနေ့ လက်ရှိ တော်လှန်ရေးအင်အားစုများကို နောက်ခံစုံသော အမျိုးသမီးထုနှင့် LGBT အသိုင်းအဝိုင်းက မည့်သို့မည်ပုံ တွန်းအားပေးရင်း တော်လှန်ရေးရေချိန် မြင့်တက်အောင် ကြိုးပမ်းနေပုံများကို နားလည်နိုင်သည်။

ကျွန်မသည် ဤအထူးထုတ်၏ စုစည်းတင်ဆက်သူသာဖြစ်သည်။ အယ်ဒီတာ မဟုတ်ပါ။ ဘဝစုံမှ အမျိုးသမီးများ သူတို့၏ ဘဝအတွေ့အကြုံ များကို စာတင်နိုင်ရန် သူတို့နှင့်အတူတူ ကြိုးစားအားထုတ်ခဲ့ကြရသည်။ မြေပြင်ပေါ်တွင် အလုပ်လုပ်နေသော အမျိုးသမီးပေါင်းစုံနှင့်လက်တွဲ၍ သူတို့ အတွေ့အကြုံနှင့် ပတ်ဝန်းကျင်အကြောင်းရေးနိုင်ရန် လေးနှစ်ကျော် အားထုတ်ခဲ့သည်။ တချို့စာမူများကို လေးငါးခြောက်ကြိမ် အပြန်ပြန် အလှန်လှန်ဆွေးနွေးရေးသားခဲ့ကြသည်။ ကျွန်မမှလွဲ၍ မည်သူမှ ပညာရေး နယ်ပယ်တွင် အလုပ်မလုပ်ကြ။ လက်တွေ့ဘဝထဲတွင် အသက်မွေးကြသူများ (practitioner) ဖြစ်ကြသည်။ တချို့က တော်လှန်ရေးအတွင်း စစ်မြေပြင် ရှေ့တန်းတွင် တိုက်နေကြသည်။ ဖိုဝါဒီ စစ်တပ်ကို ကျောထောက်နောက်ခံ ပြုပေးထားသည့် အတွေးအခေါ်များကို ဉာဏ်စစ်ဖြင့် တိုက်သူက တိုက်သည်။ ရှိသူလှူ၊ မရှိသူကူနည်းဖြင့် အမျိုးသမီးအချင်းချင်း ပြန်ကြည့်ကြသည်။ စာရေးသူများမှာ သူတို့ရေးသော ဆောင်းပါးများ၏ တာသွားမှုကိန်း impact factor_၊ ဆောင်းပါးများမှတစ်ဆင့် အမြဲတမ်း ရာထူးရဖို့၊ ရာထူးတိုးဖို့ စိတ်မဝင်စား။ ပညာရေးနယ်ပယ်မှ မက်လုံးများမှာ သူတို့နဲ့မဆိုင်။ သူတို့အသံ၊ သူတို့ဘဝကို လူတွေ နားထောင်ချင်လိမ့်မည်ဟုလည်း မထင်။ တခြား ဘဝတူတွေ အားဖြစ်စေရန် အချင်းချင်းအားပေးရင်း ဤစာအုပ်ပေါ်လာရခြင်း ဖြစ်သည်။ အများစုက ဗမာလိုရေးကြသည်။ နေ့စဉ်သုံး၊ သူတို့ဘဝထဲက အရပ်သားစကားလုံးများဖြင့် သူတို့အတွေ့အကြုံ၊ ဖြစ်ရပ်များကို ပြန်ပြောင်း သုံးသပ်ရေးသားကြသည်။ အချင်းချင်းနားလည်အောင် ရေးနိုင်ကြသည်။ စစ်တပ်ကို ဆန့်ကျင်နေသည့် လူငယ်လေးများက ဆောင်းပါးများကို ဘာသာပြန်ကြသည်။ ဤအထူးထုတ်မှ စာရေးသူများသည် ဘဝထဲက အသိကို ရှာနေသူများဖြစ်ပြီး ဘဝပေးအသိဖြင့် လက်တွေ့ပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းနေကြသည်။ ပညာရပ်ဆိုင်ရာ ဂျာနယ်ဖတ် ပရိသတ် နားဝင်အောင် ပညာတတ်စကားဖြင့် ပြောနိုင်အောင် ကြိုးပမ်းနေသူများ မဟုတ်။ အရပ်နှင့် ပညာတတ် အလွှာခွဲမှုကို ဆန့်ကျင်သူများဖြစ်သည်။1 ပညာရပ်နယ်ပယ်နှင့် လက်တွေ့ဘဝ မျှော်မှန်းချက်များမှာ မအပ်စပ်လှ။ ဤစာအုပ်သည် ထိုနှစ်နယ် ကို ပေါင်းကူးပေးရန် ကြိုးစားကြည့်ခြင်း၊ ညှိကြည့်ခြင်း ဖြစ်သည်။ ထိုမှသာ တစ်နယ်အကြောင်းတစ်နယ် သိနိုင်၊ သင်ယူနိုင်ပေမည်။

အခက်အခဲတွေ၊ ငြိကြတာတွေလည်း ရှိသည်။ ဂျာနယ်၏ အယ်ဒီတာချုပ် က ဂျာနယ်ထုံးစံ၊ စည်းကမ်းများကို လိုက်နာချင်သည်။ စာရေးသူတို့၏ အရေးအသားများကို ဂျာနယ်များတွင် တွေ့နေကျပုံစံမျိုးထွက်ရန် အားထုတ် ချင်သည်။ သူ့အကြံပေးချက်များကိုဖတ်ပြီး ကျွန်မတို့၏ စာရေးသူများက “သူ ဘာဖြစ်လို့ ရန်လိုသလိုမျိုး တွန်းတွန်းတိုက်တိုက်လုပ်ရသနည်း” ဟု မေးခွန်း ထုတ်သည်။ ဘယ်သူက ဘယ်သူ့ကို ကိုးကားရမလဲဆိုသည့် ပြဿနာကလည်း ရှိသည်။ ပညာရပ်နယ်ပယ်မှ စာဖတ်ပရိသတ်က မြန်မာပြည်ကို ပညာရှင်များမှ တစ်ဆင့် သိကြသည်က များသည်။ ဘဝထဲကအသိကို တခြားပြင်ပမှ ပညာရှင် ကို ပြန်ကိုးကားပြီးမှရေးရမည်ဆိုတာ ဘဝင်ကျစရာမရှိလှ။ နိုင်ငံခြား စာဖတ်ပရိသတ်အတွက်ရေးရန် ကြိုးစားသူတိုင်း ဒီအခက်အခဲကြုံရသည်။ မည်သူ့ကိုမျှ မကိုးကားနိုင်လျှင် ဒေသခံ၏ ကိုယ်တိုင်သိ၊ တိုက်ရိုက်သိသည် တန်ဖိုးရှိသောအသိ မဟုတ်တော့ပြီလော။ ကိုယ်တိုင်တွေး၊ ကိုယ်တိုင်သိသည် စကော်လာ၏ အသိ၊ စကော်လာ၏ အမြင်နှင့် သွားတူနေလျှင် ဒေသခံ၏ အသိကို ခိုးချသိဟု စွပ်စွဲတော့မည်လော။ ဂန္ထဝင်များကို မကိုးကားနိုင်လျှင် ဒေသခံစာရေးဆရာ၏ စာသည် တန်ဖိုးမရှိတော့ပြီလော။ ပညာရပ်စံနှုန်းများ နှင့်တိုင်းလျှင် ပေမမီဟုပြောတော့မည်လော။ ဤအထူးထုတ်တွင် ထိုထိုသော ငြိစရာ၊ ငြင်းစရာတွေ များလှသည်။ ဒီငြင်းစရာတွေကပဲ မည်သူ့အသံက အရေးကြီးသနည်း၊ ဘယ်သူ့ကို ကိုးကားရမည်နည်းဆိုသော မေးခွန်းတွေကို အဖန်တလဲလဲမေးဖို့ ဖြစ်စေသည်။ ပညာရပ်နယ်ပယ်နှင့် ဘဝ၊ ကွင်း၊ လက်တွေ့ နယ်ပယ်ကြား ကွာဟမှု ကြီးလှသည်။ ပညာရပ်နယ်ပယ်က တခြားသူတွေကို သူတို့လိုပြောစေချင်၊ ရေးစေချင်သည်။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံမှာ အန်ဂျီအိုအသိုင်းအဝိုင်းက လူတော်တော်များများ ဖြစ်နိုင်လျှင် ပညာရှင် ဖြစ်ချင်ကြသည်။ အိတ်စပတ်များ ကိုယ့်စကား နားထောင်စေချင်၍ဖြစ်သည်။ မြေပြင်မှအသံစစ်များကို ပညာရပ်နယ်ပယ်က လေးလေးစားစား နားထောင် မည့် အချိန် ရောက်ရန်လိုသေးသည်။ သူတို့နေရာမှန် မရကြသေး။

ဤအထူးထုတ်ဖြစ်မြောက်ရေး ကြိုးစားနေချိန်တွင် ပညာရှင်များသည် မိန်းမများအကြောင်းရေးရင်း၊ သူတို့ကို ကျော်ပြောရင်း၊ သူတို့ကိုယ်စားပြု ပြောပေးရင်း လက်တွေ့ဘဝကို ပညာရပ်ဘောင်၊ ပညာရပ်ဘာသာစကားထဲ ဝင်အောင် သွတ်သွင်းရင်း အရပ်သုံး၊ ဘဝသုံး လေသံ၊ ဟန်၊ စရိုက်၊ အကျင့် များကိုဖျောက်ပစ်လိုက်ကြ၊ မမြင်အောင်ဖုံးမိကြသလားဟု တွေးမိသည်။ ပညာရှင်များသုံးသော စကားလုံးများ၊ လေများ၊ သီအိုရီများဖတ်ပြီး အင်္ဂလိပ် စာဖတ်ပရိသတ်သည်လည်း မြန်မာပြည်၏ အကြောင်းအရာများကို ထိုလေ၊ ထိုစံတို့ဖြင့်ရေးမှ ဖတ်ချင်သလိုဖြစ်လာသည်။ ဗမာလိုရေးထားသော စာများကို အင်္ဂလိပ်သို့ပြန်သောအခါ ဘာသာပြန်က သတိမထားမိလျှင် ဒေသခံတို့၏ လေသံဟန်ပန်များ ပညာရပ်ဘောင်အတွင်း သွတ်သွင်းခံရနိုင်လေသည်။

တခြားအခက်အခဲတစ်ခုမှာ ပရိသတ်ဖြစ်သည်။ လွတ်လပ်သော မြန်မာ့ သုတေသနဂျာနယ်သည် ဤအထူးထုတ်မှ စာရေးသူများနှင့် စိမ်းနေသော နယ်ပယ်ဖြစ်သည့်အလျောက် စာရေးသူများမှာ ကိုယ့်စာဖတ်ပရိသတ်ကိုသိပြီး သူတို့ကို ဦးတည်ရေးတာထက် ကိုယ်မြင်တာ၊ သိတာ၊ ကိုယ့်ဘဝကို အရှိအတိုင်းရေးခဲ့ကြတာဖြစ်သည်။ ဂျာနယ်အယ်ဒီတာချုပ်က ထိုစာများကို တည်းဖြတ်သောအခါ သူ့ပရိသတ်ကို ခေါင်းထဲထားပြီး တည်းဖြတ်သည်။ ‘လိင်အလုပ်သည်မရှိသင့်’ ဟု စာရေးသူများက ရေးသည်ကို အယ်ဒီတာက ထိုအရေးကို စာဖတ်သူအချို့က စိတ်ဆိုးမည်ဟု ပြောသည်။ ကျွန်မက စာရေးသူများဘက်မှလိုက်၍ စိတ်ဆိုးပါစေဟု အယ်ဒီတာကိုပြောသည်။ စာရေးသူများက သူတို့ တွေ့ခဲ့မေးခဲ့သည့် လိင်အလုပ်သမများဘက်မှနေ၍ လိင်အလုပ်သည် ဖိနှိပ်မှုတစ်ခုသာဖြစ်၍ ဖိနှိပ်မှု ကင်းသော၊ သမမျှတသည့် လူဘောင်တွင် မည်သူမျှ လိင်အလုပ်ကိုလုပ်ချင်မည်မဟုတ်။ လိင်အလုပ်သည် မရှိသင့်ဟု ရေးသားမှုမျိုးသည် လိင်အလုပ်သမများကို ကာကွယ်ပေးမှုမျိုး ရှိလျှင် လိင်အလုပ်သည် ရှိကောင်းသည်ဟု ယူဆသူများကို စိတ်ဆိုးစေမည်ဟု ယူဆလျှင် စိတ်ဆိုးပါစေဟု အဆုံးအဖြတ်ပေးသည်။ စာရေးသူသည် ဘက်လိုက်ရေးခွင့်ရှိသည်။ လိင်အလုပ်သမများကို စာနာစိတ်ဖြင့်၊ မတရားမှု ပပျောက် စေချင်စိတ်ဖြင့်ရေးလျှင် သူတို့၏ အသံကို ပြင်ခွင့်မရှိဟု ကျွန်မ ယူဆသည်။ ပညာရပ်လောက၏ စံဘောင်များမှ လွတ်ကင်းသူများ၏ အသံများ ကို ဖတ်ရလျှင် မြန်မာပြည်အတွင်းမှ အသံစစ်၊ ခံစားချက်အစစ်များကို ပိုသိနိုင် သည်။ စာရေးသူများသည် မုဒိမ်းကိုပင် မတရားမှုဟုရေးသည်။ အမှုကို ဖော့ပစ်၊ ဖျောက်ပစ်သည်ဟု သူတို့ကို စွပ်စွဲနိုင်သော်ငြားလည်း သူတို့ စကားပြောခဲ့ကြ သော လိင်အလုပ်သမများ၏ လေသံ၊ ပြောဆိုပုံများကို သူတို့က သစ္စာရှိသည် ဟု တွေးပြီး မုဒိမ်းဆိုသောအသုံးရှောင်ပုံကို နားလည်ပေး၍ရသည်။ လိင်အလုပ် သမများရော စာရေးသူများပါ စိတ်ဒဏ်ရာသက်သာစေသော စကားလုံးများ ရွေးချယ်ပုံကို စာနာစိတ်ဖြင့် ကြည့်နိုင်သည်။

LGBTQ စကားလုံးများကို မြန်မာမှ အင်္ဂလိပ်သို့ ပြန်ရာတွင်လည်း အခက်အခဲများတွေ့ရသေးသည်။ ဘာသာဗေဒရှုပ်ထွေးဆက်နွယ်ပုံများကို ဘာသာပြန်ခြင်းမှတစ်ဆင့်သိရသည်။ လူတန်းစား၊ ဂျန်ဒါ၊ နေထိုင်ရာဒေသပေါ် မူတည်ပြီး LGBTQ စကားလုံးအမျိုးမျိုးသုံးကြသည်။ ဘာသာပြန်သူများက အခြောက်ကို ဂေးဟု ဘာသာပြန်သောအခါ ပြဿနာတက်တော့သည်။ စာရေးသူများက အခြောက် ဆိုသော စကားလုံးကို မသုံး။ သူတို့ အင်တာဗျူး ကြသူများကတော့သုံးသည်။ ထိုအခါ ဘယ်သူ့ကို အခြောက်ဟုခေါ်မည်နည်း ဆိုသော မေးခွန်းကိုဖြေကြရတော့သည်။ အများစုနားလည်ကြသည်မှာ အခြောက်ဆိုသည်မှာ မိန်းမဆန်သော၊ သို့မဟုတ် မိန်းမလိုဝတ်သော ယောက်ျားကိုသာခေါ်ပြီး ယောက်ျား ဆန်သော၊ ယောက်ျားလိုဝတ်သော မိန်းမကို ခေါ်ခြင်းမဟုတ်။ ထို့ကြောင့် ဂေးဟု ဘာသာပြန်ခြင်းထက် အခြောက် ‘a-chauk’ ဟု မြန်မာအသံအတိုင်းထားခြင်းသာ ပိုသင့်တော်မည်ဟု ဆုံးဖြတ်ကြသည်။ စာရေးသူများက မိန်းမလိုဝတ်သောယောက်ျားများကို ထရန့်ဝူးမင်းဟု အသံဖလှယ်ပြီးသုံးသည်။ စာရေးသူများ၏ အခြောက်များကို မနှိမ်လိုသောစိတ်ကို သူတို့ရွေးသော အသုံးများတွင် တွေ့နိုင်သည်။ သို့သော် အခြောက်များ၏ သူတို့ပိုင်စကားလုံးများကို ပါဝါတစ်ခုအနေနှင့် ပြန်ယူသုံးခြင်း မျိုးကိုလည်း စာဖတ်သူများက မြင်ကြည့်၊ လက်ခံပေးကြည့်သင့်သည်။ စကားလုံးတိုင်းသည် ရှောင်စရာမဟုတ်၊ မည်သူက မည်သည့်ရည်ရွယ်ချက်ဖြင့် သုံးသည်ကို သိနားလည်အောင် လုပ်သင့်သည်။

ဤအထူးထုတ်၏ ပထမတွဲတွင် ပထမဆောင်းပါးက မြန်မာနိုင်ငံတွင် ဖမ်မနစ်ဝါဒရှိသလားဆိုသည့် မေးခွန်းကိုဖြေကြည့်သည်။ စာဖတ်သူများကို မြန်မာနိုင်ငံ၏ ဖမ်မနင်ဇင်သည် မည်သို့မည်ပုံ ဖြစ်ကောင်းသည်ကို မြင်တတ်အောင် လမ်းညွှန်ပေးသည်။ ဒုတိယဆောင်းပါး ဖမ်မနင်ဇင်နှင့် တော်လှန်ရေးသည် လူငယ်တစ်စု တော်လှန်ရေးထဲတွင် လှုပ်ရှားရင်း သူတို့ နားလည်သည့် ဖမ်မနင်ဇင်ကို ဆွေးနွေးထားခြင်းဖြစ်သည်။ လက်နက်ကိုင် တော်လှန်ရေးရော ဉာဏ်တော်လှန်ရေးပါ တစ်ပါတည်းလုပ်ရင်း ဗမာစစ်တပ် ကို တော်လှန်နေသည့် လူငယ်များ၏ တော်လှန်ရေးကာလအတွေးအခေါ်များ ကို ဤဆောင်းပါးမှတစ်ဆင့် မြင်နိုင်သည်။ လူ့အဖွဲ့အစည်းကို ရှေ့ရောက် အောင် အတင်းတွန်းချင်သည့် သဘောထားပြင်းထန်သည့် လူငယ်များ၏ စဉ်းစားတွေးခေါ်ကြိုးပမ်းပုံကို ဤဆောင်းပါးတွင် တွေ့နိုင်သည်။

ကရင်နီအမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုမှ အမျိုးသမီးများ ဘေးဖယ် ခံထားရခြင်း ဆောင်းပါးတွင် ဆိုဖီယာဒေးမြာက အမျိုးသားရေးဆိုသည့် စကားလုံးကြောင့် ယောက်ျားများက မိန်းမများကို ဘေးထုတ်ထားမှု ဖြစ်စေပုံ၊ အမျိုးသမီးများ နိုင်ငံရေးနှင့် လူထုစည်းဝေးပွဲများတွင် ဘေးကသာနေရပုံ၊ ရုံးကန္နား အလုပ်လုပ်ပုံများက မိန်းမများကို နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေး နှင့် ဝေးနေစေပုံများ ဆွေးနွေးထားသည်။ သမဂ္ဂအလုပ်သမများ ဆိုသည့်  စတုတ္ထဆောင်းပါးတွင် သမဂ္ဂခေါင်းဆောင် တစ်ယောက်၏ ဘဝအတွေ့အကြုံ များကို ရေးသားထားသည်။ စက်ရုံတွင်းအလုပ်သမများကို စည်းရုံး ခေါင်းဆောင်မှုကြောင့် အလုပ်ဖြုတ်ခံရပုံ၊ သမဂ္ဂများသည် အလုပ်သမားများ အပေါ် ဖိနှိပ်မှု နောက်တစ်လွှာပုံစံဖြစ်လာလျှင် သမဂ္ဂပင်သည်လျှင် မရှိ သင့်ကြောင်း ဘဝသိ၊ ခံစားသိဖြင့် ရဲရင့်စွာ ရေးသားထားသည်။ အန်ဂျီအို များနှင့် အလုပ်သမားသမဂ္ဂများသည် ယင်းတို့ကြောင့် အလုပ်သမား အချင်းချင်းကြား သွေးခွဲမှုဖြစ်စေနိုင်ပုံဆိုသည်ကို ဤဆောင်းပါးကို ဖတ်ပြီး သင်ယူသင့်သည်။ အလုပ်သမားများနှင့် သမဂ္ဂများကို အဖွဲ့အစည်းပုံစံ အထိုင်ကျရန် ပြုပြင်ပြီး ဥပဒေဘောင်ထဲထည့်ရန် ကြိုးပမ်းသူများသည် အရင်းရှင်များကို အသာပေးချင်သည့် ဥပဒေပြုသူများ၏ ဥပဒေထဲဝင်သွားမည့် အန္တရာယ်ကိုလည်း ဆင်ခြင်သင့်သည်။ အရှင်းနှင့် ကတ်နစ်ရေးသည့် လှိုင်သာယာမှ မိန်းမလိုဝတ်သည့် ယောက်ျားလိင်အလုပ်သမားများ ဆောင်းပါး သည် လိင်လုပ်ငန်းနှင့်ဂျန်ဒါ၏ နှစ်ထပ်ကွမ်းဒုက္ခများကို ကွင်းဆင်းရေးသား ဖော်ပြထားသည်။ လူ့အဖွဲ့အစည်းတွင်အဆိုးဆုံးဟု ဆိုရမည့် အခြောက် လိင်အလုပ်သမားများအကြောင်းကို တွေ့နိုင်သည့် ရှားပါးသော ဆောင်းပါး တစ်ခုဖြစ်သည်။ လိင်လုပ်သားဆိုလျှင် အေအိုင်ဒီအက်စ်ပညာပေးစရာ လောက်သာ မြင်ကြရာ သူတို့အပေါ်ဖိနှိပ်ပုံအလွှာအထပ်ထပ်ကို စာရေးသူ တို့က စာနာသော၊ ဝေဖန်ခြင်းကင်းသောလေဖြင့် ရေးသားပုံဖော်ထားသည်။

မာရီယာဘေဂမ်၏ ရိုဟင်ဂျာအမျိုးသမီးများ လူကုန်ကူးခံရခြင်းမှ ရှောင်နိုင်ရန်နည်းမှာ သူတို့ကို ပညာတတ်အောင်သင်ပေးခြင်းဖြစ်သည် ဟူသော ဆောင်းပါးတွင် ရိုဟင်ဂျာအသိုင်းအဝိုင်း အတွင်းအပြင် နှစ်ရပ်လုံးမှ အမျိုးသမီးများကြုံရသောအခက်အခဲများကို ရေးသားဖော်ပြထားသည်။ အမျိုးသမီးများ လွတ်မြောက်ရန်နည်းမှာ သူတို့၏ ပညာရေးတွင် ရင်းနှီးမြှုပ်နှံ ခြင်းဖြစ်သည်ဟု ထောက်ပြရင်း အန်ဂျီအိုများ၏ အားနည်းချက်များကိုလည်း ဝေဖန်ထားသည်။

နောက်ဆုံးဆောင်းပါး နွေဦးတော်လှန်ရေး – ဟောင်းနွမ်းနေသည့် လိင်ကွဲ ကြိုက်နှစ်သက်မှုစံဇာတ်ကြောင်းများနှင့် နိဒါန်းအသစ်များတွင် ဆောင်းပါးရှင် အောင်ဇော်မျိုးက တော်လှန်ရေးအုပ်စုများနှင့် LGBTQ အသိုင်းအဝိုင်းတို့ အကြား အခြောက် အပါအဝင်တခြား စကားလုံးများအပေါ် သုံးစွဲပုံ ဝိရောဓိများ အကြောင်း လေ့လာရှင်းပြထားသည်။ ကြွေးကြော်သံများ၊ အင်တာဗျူးများကို သုံးသပ်ပြီး LGBTQ များက တော်လှန်ရေးကာလအတွင်း အမျိုးသမီးများ၊ တခြားအုပ်စုများနှင့် ညီညွတ်မှုတည်ဆောက်ပြီး လိင်ကွဲကြိုက်နှစ်သက်မှုစံကို မည်သို့စိန်ခေါ်နေပုံများကို လေ့လာတင်ပြထားသည်။

ဤအထူးထုတ် စတင်သန္ဓေတည်သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာမှ ထုတ်ဝေသည့်အချိန် ၂၀၂၃ ခုနှစ် နိုဝင်ဘာအထိ ထားဝယ်အစုသည် ကလောင် အားဖြင့်သော်လည်းကောင်း မြေပြင်ပေါ်မှ အမျိုးမျိုးသော လုပ်ငန်းများဖြင့် သော်လည်းကောင်း တစ်ယောက်ကိုတစ်ယောက် ပြောင်းလဲခဲ့ကြသည်။ ဆောင်းပါးများ အပြီးသတ်ရင်း စာသင်ကျောင်းများ အတူတူဆောက်ခဲ့ကြ သည်။ နေ့ကလေးထိန်းကျောင်းတစ်ခု ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့သည်။ ညီအစ်မများ တခြားသူများကို တွဲကူ၊ ဝိုင်းကူခဲ့ကြသည်။ စာရေးရင်း အလုပ်များကို အတူတူလုပ်ရင်း အခက်ခဲဆုံးအချိန်များအတွင်း ရှင်သန်အောင် နေထိုင်ခဲ့ကြသည်။

ကဗျာများအကြောင်း

ဆောင်းပါးတစ်ခုနှင့် တစ်ခုအကြား အချိတ်အဆက်ရှိသည့် ကဗျာများကို လက်ထောက်အယ်ဒီတာက ဤအထူးထုတ်တွင် ရွေးချယ်တင်ဆက်ထား သည်။ သူက

အနုပညာမှာ နယ်ခြားမျဉ်းမရှိဘူး လို့ ယုံကြည်သူတစ်ယောက် အနေနဲ့ ဘာသာရပ်ဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ ဆောင်းပါးတွေပါတဲ့ ဒီဂျာနယ်မှာ ကဗျာတွေထည့်ကြမယ် ဆိုတော့ အရင်ဆုံး ဆောင်းပါးတွေကို အပြန်ပြန် အလှန်လှန်ဖတ်တယ်။ ပြီးတော့ ကိုယ့်မှတ်ဉာဏ်ထဲ တစ်ပိုင်းတစ်စစူးနစ်နေတဲ့ ကဗျာတွေကို ပြန်ရှာတယ်။ နောက်ထပ် ကဗျာအသစ်တွေ ထပ်ဖတ်တယ်။ ဆောင်းပါးတွေနဲ့ ကဗျာတွေကို ပေါင်းကူးကြည့်တယ်။ ကဗျာဆိုတဲ့ အနုပညာ ဟာ စီးကူးရင် ကူးသလောက် ရင်ထဲရောက်တတ်တာမျိုး မဟုတ်လား။ ကဗျာ ရေးသူရဲ့ သူ့ကဗျာအပေါ်ထားရှိတဲ့ နစ်ဝင်မှုဟာ ဘာလဲဆိုတာ ကဗျာဖတ်သူက တိတိပပသိဖို့ ခက်ပေမဲ့ ကဗျာဖတ်သူမှာ ကိုယ်ပိုင်စိတ်ကူးနဲ့ ပုံဖော်ခံစားခွင့် တော့ အပြည့်အဝ ရှိပါတယ်။ ဒီကဗျာတွေနဲ့ ဒီဆောင်းပါးတွေကို ချိတ်ဆက်ဖို့ ကြိုးစားခဲ့သူတစ်ယောက်အနေနဲ့ ကဗျာတစ်ပုဒ်ဖတ်လိုက်၊ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်နဲ့ ဖတ်ကြည့်ရတဲ့ ခံစားမှုဟာ ဆီးဖြူသီးစားပြီး ရေသောက်ရသလို ဖန်တွတွကြုံလိုက် ချိုမြမြ ခံစားလိုက်နဲ့ပါပဲ။ စာဖတ်သူအနေနဲ့လည်း ဒီဂျာနယ် မှာပါတဲ့_ဆောင်းပါးတွေနဲ့ ကဗျာတွေကို စီးကူးခံစား ကြည့်ကြည့်ပါဦး

ဟု အမှာစာပါးသည်။

ကျေးဇူးစကား

ယခုစာအုပ် ပထမတွဲဖြစ်မြောက်အောင် ကြိုစားအားထုတ်ခဲ့ကြသော စာရေးသူများ၊ ကဗျာများကို သုံးခွင့်ပြုသော ကဗျာဆရာ၊ ဆရာမများ၊ တည်းဖြတ်ပေးသော အယ်ဒီတာချုပ်နှင့် လက်ထောက်အယ်ဒီတာ၊ မြေပြင်မှ အသံများဆိုသည့် အတွေးအခေါ်နှင့် စာအုပ်ဖြစ်မြောက်အောင် အားပေးခဲ့သော ဒေါက်တာအာတီကောရာနဲ့_Humanities_ Across_ Borders_ မှ လုပ်ဖော် ကိုင်ဖက်များ၊ သုတေသနအတွက်ခွင့်ပေးသော မြောက်အီလီနွိုင်းတက္ကသိုလ်၊ ထားဝယ်ပွဲ မှသည် စာအုပ်ဖြစ်သည်အထိ လမ်းပြကူညီကြိုးစားခဲ့သော ရိန်းဖောအဖွဲ့သားများအားလုံးကို ကျေးဇူးတင်ရှိပါသည်။

ဤအထူးထုတ်ဖြင့် တော်လှန်ရေးအတွင်း ကြွေလွင့်သွားသော ညီအစ်မ များနှင့် LGBTQ များကို ဂုဏ်ပြုအပ်ပါသည်။

အဆုံးမှတ်စုများ

1 ဤဝါကျအတွက် အတွေးအခေါ်ကို စာရေးသူ ပျိုးလက်ဟန်ဆီမှ ရခဲ့ခြင်းဖြစ်သည်။