ကရင်နီလူ့အဖွဲ့အစည်း၏ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွင် အမျိုးသမီးများအား ဖယ်ကြဉ်ခြင်း

ဆိုဖီယာဒေးမြာ | Click here to read this article in English.

Cite as: 
ဆိုဖီယာဒေးမြာ၊ (၂၀၂၃)၊ ကရင်နီလူ့အဖွဲ့အစည်း၏ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွင် အမျိုးသမီးများအား ဖယ်ကြဉ်ခြင်း၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4694


စာတမ်းအကျဉ်း

ကရင်နီပြည်တွင် နိုင်ငံရေးခေါင်းဆောင်များသည် အမျိုးသမီးအရေးနှင့် အမျိုးသားများအရေးများကို မည်သို့ တည်ဆောက်ရမည်ကို ကြိုးစား အဖြေရှာ နေကြသည်။ အသေးအဖွဲကိစ္စဟု သတ်မှတ်ထားကြသည့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှု၊ ကုန်ဈေးနှုန်းတက်ခြင်းနှင့် စစ်သားများ လူမြင်ကွင်း တွင် ကိုယ်လုံးတီးဖြင့် ရေချိုးသင့်/မသင့် စသည့်အရေးကိစ္စများကို အမျိုးသမီး အရေးဟု ယူဆသည်။ တစ်ဖက်တွင်မူ ငြိမ်းချမ်းရေး၊ ပဋိပက္ခဖြေရှင်းရေးနှင့် ဗဟိုအစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို အမျိုးသားရေးကိစ္စဟု ယူဆကြသည်။ ဤဆောင်းပါးတွင် ထိုကဲ့သို့ မတူညီသည့်အတွေးအခေါ်နှစ်ခုက ကရင်နီပြည်ရှိ မိသားစုရေးမှ နိုင်ငံရေးအထိ ‘ဖိုဝါဒ’ လွှမ်းမိုးထားသည့် လူ့အဖွဲ့အစည်း အားလုံးနီးပါးကို စနစ်ပုံစံနှစ်မျိုး ဖြစ်လာစေပုံကို ဖော်ပြထား ပါသည်။ ထို့ပြင် ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမှုများနှင့် အမျိုးသမီးပါဝင်မှု ပိုမို ကျယ်ပြန့် လာရေး ကြိုးပမ်းမှုများတွင် ကရင်နီအမျိုးသမီးအစည်းအရုံး အနေဖြင့် မည်သို့ ပါဝင်လှုပ်ရှားခဲ့သည်ကိုလည်း ဖော်ပြထားသည်။

နောက်ခံ

“အမျိုးသမီးအရေးလှုပ်ရှားမှု တက်ကြွလှုပ်ရှားသူတွေက အခုဆိုရင် ကျွန်တော် တို့ရဲ့ အမျိုးသားအရေးလှုပ်ရှားမှုမှာ ပါဝင်နေကြပြီ”1 ၂၀၁၉ ခုနှစ်၊ မေလတွင် ကရင်နီပြည်နယ်၌ အမျိုးသမီးအဖွဲ့အစည်းများက စီစဉ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုတွင် အမျိုးသားတက်ကြွလှုပ်ရှားသူတစ်ဦးက ထိုစကားလုံး များအား ကျွန်မကို ပြောခဲ့သည်။2 သူ၏ မှတ်ချက်က ကျွန်မအား ကရင်နီ ပြည်နယ်တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အခြားလှုပ်ရှားမှုများ ပြုလုပ်နေသော အမျိုးသမီးတက်ကြွလှုပ်ရှားသူများကို အများမြင်တတ်ကြသည့် ရှုထောင့်မှ မေးခွန်းထုတ်လိုစိတ်ကို တွန်းအားပေးခဲ့သည်။ ထိုအမြင် ရှုထောင့် များထဲမှ တစ်ခုမှာ အဆိုပါအမျိုးသမီးများသည် အမျိုးသမီးအရေး လှုပ်ရှားမှု များနှင့်သာ ဆက်စပ်နေပြီး အခြားလှုပ်ရှားမှုများနှင့် မဆက်နွယ်ကြပေ။ အမျိုးသားများက အမျိုးသမီးများအား အခြား လှုပ်ရှားမှုများ၊ အထူးသဖြင့် အမျိုးသားအရေး သို့မဟုတ် အမျိုးသားရေးကိစ္စများတွင် မပါဝင်ဘဲ အမျိုးသမီး များ၏ အရေးကိစ္စများတွင်သာ တက်ကြွလှုပ်ရှားသင့်သည်ဟု အဘယ့်ကြောင့် ယူဆနေကြ ကြောင်းကို ကျွန်မတို့ မေးခွန်းထုတ်ရမည်။ အမျိုးသမီးများက အမျိုးသမီးများအတွက်ဟု စည်းကမ်းတင်းကျပ်စွာ ချမှတ်မထားသော အကြောင်းအရာများတွင် မနိုးကြား မတက်ကြွနိုင်ဘူးလား။ အမျိုးသားသည် အမျိုးသားရေး၊ နိုင်ငံတော်နှင့်ဆိုင်သည်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းနှင့် အမျိုးသမီးအရေးသည် အမျိုးသမီးဟုသာ ရိုးရှင်းစွာ အဓိပ္ပာယ်သက်ရောက်နေ ခြင်းတို့၏ အကြားရှိ ဆန့်ကျင်ဘက်သဘောတရားကို ဆွေးနွေးရန် လိုအပ် သည်။ ထိုစကားလုံးနှစ်လုံးက နိုင်ငံရေးတွင် ဂျန်ဒါကိုအခြေခံသော အထက် အောက်စနစ်ရှိကြောင်း ပြနေသည်။  အမျိုးသားများ၏ အရေးကိစ္စများကို အမျိုးသမီးများ၏ အရေးကိစ္စများထက် ဦးစားပေးခြင်းသည် အမျိုးသမီး လှုပ်ရှားမှုများကို ထိခိုက်စေပြီး အမျိုးသမီးများ၏ စိုးရိမ်ပူပန်မှုများကို သေးနုပ် သယောင်ဖြစ်စေသည်။ တစ်နည်းအားဖြင့် အမျိုးသမီးများ ဦးဆောင်သော လှုပ်ရှားမှုများ သို့မဟုတ် အမျိုးသမီးများ ပါဝင်သည့် လှုပ်ရှားမှုများသည် “အမျိုးသားရေး” လှုပ်ရှားမှုများဟု သတ်မှတ်မခံရတတ်ဘဲ အလေးပေးအာရုံ စိုက်ရန် မထိုက်တန်ဟု ယူဆခံကြရသည်။ ကျား၊ မ အခြေပြု အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုများသည် အမျိုးသမီးအရေးဟူသော ခေါင်းစဉ်အောက် တွင် ရှိသည်။ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ၊ ဗိုလ်ချုပ် ကြေးရုပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးနှင့် ဆိုင်သော အကြောင်းကိစ္စများဟုမြင်သော်လည်း ကျား၊ မ အခြေပြု အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုများကို ထိုကဲ့သို့ မမြင်ကြ။  အဘယ့်ကြောင့် လှုပ်ရှားမှု များကို ကျားလှုပ်ရှားမှု၊ မလှုပ်ရှားမှုဟု ရှုမြင် ခေါင်းစဉ်တပ်သည့် အလေ့ရှိကြ သလဲဟူသည်ကို ကရင်နီပြည်နယ်ရှိ ကရင်နီအသိုင်းအဝိုင်းမှ ဒေသခံ အမျိုး သမီး၊ အမျိုးသား တက်ကြွလှုပ်ရှားသူများနှင့်အတူ အလုပ်တွဲ လုပ်ခဲ့ဖူးသော ကျွန်မ၏ အတွေ့အကြုံနှင့်ယှဉ်၍ စိစစ်ဝေဖန်သွားမည် ဖြစ်သည်။

ကရင်နီအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု

ကရင်နီဟူသော အသုံးအနှုန်းသည် ကယားပြည်နယ်ဟု တရားဝင်သိထား ကြသော ဒေသနှင့် ထိုဒေသမှ ပြည်သူများကို ရည်ညွှန်းသည်။3 ကရင်နီတွင် တစ်မူထူးခြားသော နိုင်ငံရေးသမိုင်းကြောင်းနှင့် နောက်ခံ ရှိသည်။ ကရင်နီ ပြည်နယ်သည် မည်သည့်အခါကမှ ဗြိတိသျှဘားမားထဲတွင် နည်းလမ်းတကျ တရားဝင် ပေါင်းစည်းခဲ့ခြင်းမရှိပေ။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ပြည်နယ်အသစ်တစ်ခုဖြစ်သော ကရင်နီအား ၎င်း၏ သမိုင်းကြောင်းအရ လွတ်လပ်ခဲ့သော အခြေအနေကို အသိအမှတ်ပြုသော အနေဖြင့် ခွဲထွက်လိုက ခွဲထွက်ခွင့်ကို ပေးအပ်မည်ဖြစ်ကြောင်း ကတိ ကဝတ်ပြုခဲ့ကြသည်။ ကရင်နီတို့အတွက်မှာ ကရင်နီက မြန်မာနိုင်ငံ၏ အစိတ် အပိုင်းတစ်ခုဖြစ်ရန် တောင်းယူခဲ့ခြင်း မဟုတ်ဘဲ  ဗမာတို့က ကရင်နီထံသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ အမှန်မှာ ကရင်နီက အသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်ရန် ငြင်းဆန်ခဲ့သည့်အတွက်ကြောင့် ဗမာ့ တပ်မတော်က ၁၉၄၈ ခုနှစ်တွင် ကရင်နီကို ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၇ ခုနှစ်အလယ်တွင် ဦးဘီတူရီဦးဆောင်သော အမျိုးသားရေး ခွဲထွက်သူများက ကရင်နီပြည်၏ လွတ်လပ်ရေးကို ကြေညာခဲ့ပြီး ၁၉၄၈ ခုနှစ် ဩဂုတ်လတွင် ပြည်ထောင်စုတပ်မတော်ရဲတပ်ဖွဲ့က ဦးဘီတူရီအား လုပ်ကြံ သတ်ဖြတ်ခဲ့သောကြောင့် ကရင်နီပြည်သူတို့သည် ဖဆပလအစိုးရအား ဆန့်ကျင်ကာ လက်နက်ကိုင်ခဲ့ကြသည်။4 အဆိုပါ လက်နက်ကိုင် လှုပ်ရှားမှု သည် အခြားလူမျိုးများအား ကျူးကျော်သိမ်းပိုက်ရန် မရည်ရွယ်ခဲ့ဘဲ ကရင်နီ တို့၏ နယ်မြေ၊ ယဉ်ကျေးမှုနှင့် ပြည်သူများကို ခုခံကာကွယ်ရန်သာ ရည်ရွယ်ခဲ့ သည်။

ထိုအချိန်မှစ၍ ကရင်နီလွတ်မြောက်ရေးလှုပ်ရှားမှုသည် တိုးတက် ပြောင်းလဲလာခဲ့သည်။ ကရင်နီပြည်သူတို့သည် တိုင်းရင်းသားအခွင့်အရေး၊ ဝိသေသလက္ခဏာနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို တောင်းဆိုကာ ကရင်နီ ပြည်ကို ပြန်လည်ပေါင်းစည်းနိုင်ရန် နည်းလမ်းများစွာကို ရှာဖွေခဲ့ကြပြီး ဗမာ မဟုတ်သော လူ့အဖွဲ့အစည်းများအပေါ်တွင် ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာရေးတို့မှတစ်ဆင့် ဗမာကြီးစိုးရေးကို အတင်းသွတ်သွင်းသော စစ်အစိုးရကို ခုခံတော်လှန်ကြသည်။ ဗမာမှုပြုခြင်း သို့မဟုတ် ဗမာကြီးစိုးရေး တွင် ဗမာတိုင်းရင်းသားများကသာ ဆုံးဖြတ်ချက်ချနိုင်သည့် ရာထူးနေရာများ ကို လက်ဝါးကြီးအုပ်ထားခြင်းနှင့် ဗမာယဉ်ကျေးမှုနှင့် ဘာသာရေးတို့ကို လက်ခံယုံကြည်လာရန် ဥပဒေနှင့် မူဝါဒများမှ တစ်ဆင့် ဖိအားပေးခြင်းတို့ လည်း ပါဝင်သည်။ ၁၉၅၂ ခုနှစ်တွင် ဗမာအစိုးရသည် ပြည်နယ်၏ အမည်ကို ကရင်နီမှ ကယားဟု တရားဝင်ပြောင်းလဲလိုက်သည်။5 ဤသည်မှာ ကရင်နီနှင့် ကယားဟူသော အသုံးအနှုန်းနှစ်ခုလုံးက ပထဝီအနေအထားအရ တူညီသော ပြည်နယ်တစ်ခုတည်းကို ရည်ညွှန်းနေရသည့် အကြောင်းအရင်းဖြစ်သည်။ အသုံးအနှုန်းနှစ်ခု၏ ကွာခြားချက်မှာ အဆိုပါအမည်များ၏ နောက်ကွယ်မှ သွယ်ဝိုက်စွာ နိုင်ငံရေးအားဖြင့် ပါဝင်ပတ်သက်နေမှုများပင်ဖြစ်သည်။ ကရင်နီ ဟူသော ဝေါဟာရကို နိုင်ငံတော်အား ဆန့်ကျင်သော အသုံးအနှုန်းအဖြစ် အုပ်ချုပ်သူ စစ်အစိုးရများက ပိတ်ပင် တားဆီးခဲ့ကြသည်။

ကရင်နီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) ကို ၁၉၅၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၎င်း၏ လက်နက်ကိုင် အင်အားစုဖြစ်သော ကရင်နီ တပ်မတော် (KA) သည် မြန်မာ့တပ်မတော်၏ ကျူးကျော်မှုများကို ခုခံ ကာကွယ်လျက်ရှိသည်။ ကေအန်ပီပီသည် တရားဝင်မဟုတ်သော်လည်း လက်တွေ့မြေပြင်တွင် အုပ်ချုပ်နေသော အစိုးရတစ်ရပ်ကို ဦးဆောင်လုပ်ကိုင် ပြီး ဖိနှိပ်ခံ ကရင်နီပြည်သူများအတွက် အကူအညီအထောက်အပံ့များပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပညာရေး၊ လူမှုဖူလုံရေးတို့ကို ပေးအပ်ခြင်းနှင့် ဒေသခံလူထုနှင့် ဒေသတွင်း ပြန်လည်နေရာချထားခြင်းခံရသူများ (IDP) ကို ကာကွယ်ပေးခြင်းတို့အား စီစဉ်ဆောင်ရွက်ပေးသည်။ ၁၉၆၄ ခုနှစ်တွင် ကယန်းပြည်သစ်ပါတီ (KNLP) ကို တည်ထောင်ခဲ့ပြီး ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (KNPLF) သည် KNPP မှ ခွဲထွက်လာခဲ့သည်။ ထို့နောက် KNPLF သည် KNLP ၊ ရှမ်းအမျိုးသားများ လွတ်မြောက်ရေးအဖွဲ့ အစည်း (SNPLO) တို့နှင့် ပူးပေါင်းခဲ့သည်။ အဖွဲ့အစည်းများအတွင်း ကွဲပြဲမှုများ သည် ကရင်နီနိုင်ငံတော်တည်ထောင်ရန် ကြိုးပမ်းနေသည့် လက်နက်ကိုင် အုပ်စုများကို အားနည်းစေခဲ့သည်။

လက်နက်ကိုင် ပဋိပက္ခများအကြားမှ ကရင်နီပြည်သူများစွာတို့သည် ထိုင်း−မြန်မာနယ်စပ်သို့ ထွက်ပြေးကြရပြီး ဒုက္ခသည်များအဖြစ် ပြန်လည် နေရာချထားခြင်းခံရသူများ ဖြစ်လာကြသည်။ ဗမာအစိုးရ၏ ဖြတ်လေးဖြတ် လှုံ့ဆော်မှုများ6တွင် လူအစုအဖွဲ့များစွာတို့သည် ၎င်းတို့၏ သက်တမ်း တစ်လျှောက် ကရင်နီပြည်နယ်အတွင်း နေရာတစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်း အခြေစိုက်ခဲ့ကြရသည်။ ၁၉၉၄ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်အကြားတွင် ဖြစ်ပွားခဲ့ သည့် ပြင်းထန်သော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ကရင်နီလူမျိုးများ သည် ဒေသတွင်း ပြန်လည်နေရာချထားခံခဲ့ကြရသည်။ သို့တည်းမဟုတ် ထိုင်းနိုင်ငံသို့ ထွက်ပြေးကာ ထိုင်း−မြန်မာနယ်စပ် တစ်လျှောက်ရှိ စခန်းများ တွင် ဒုက္ခသည်ဖြစ်လာရန် ဖိအားပေးခံခဲ့ကြရသည်။ ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် ဒုက္ခသည်အားလုံး၏ (၉ ဒသမ ၆) ရာခိုင်နှုန်း (စုစုပေါင်း ၉၃၃၃၃) သည် ကရင်နီများဖြစ်ကြသည်။7 မြန်မာနိုင်ငံအတွင်းတွင် ကရင်နီပြည်သူတို့သည် မတူညီသည့် အစိုးရများ လက်အောက်တွင် နိုင်ငံရေး အရ သော်လည်းကောင်း၊ လူမှုရေးအရ သော်လည်းကောင်း ဖယ်ကြဉ်ခံကြရ သည်။

ကရင်နီလူ့အဖွဲ့အစည်းမှ အမျိုးသမီးများ

ကရင်နီလူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို ရိုးရာယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ မျိုးပွားခြင်း၊ အိမ်ထောင်မှုထိန်းသိမ်းခြင်း၊ မိသားစုဝင်များ နှင့် ဆွေမျိုးများအား ဂရုစိုက်ခြင်းစသည့် ကဏ္ဍများတွင် တာဝန်ယူရန် တာဝန်ပေးကြပြီး အမျိုးသမီးများကလည်း ထိုတာဝန်များကို ထမ်းဆောင်ကြ သည်။ အခြားသော ဖိုဝါဒကြီးစိုးသည့် အသိုင်းအဝိုင်းများကဲ့သို့ပင် ကရင်နီ အမျိုးသားများသည် ကရင်နီ အသိုင်းအဝိုင်းတစ်ခုလုံးတွင် စံနှုန်းများ၊ လူမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို သတ်မှတ်ရာတွင် အာဏာရှိကြ သည်။ ကရင်နီလူ့အဖွဲ့အစည်းသည် ရိုးရာယဉ်ကျေးမှုများကို နှုတ်အားဖြင့် လက်ဆင့်ကမ်းကြသောကြောင့် ကရင်နီ ယဉ်ကျေးမှု၊ သမိုင်း၊ ရိုးရာတို့နှင့် ပတ်သက်၍ ရေးသားထားသော စာရွက် စာတမ်းများ၊ မှတ်တမ်းမှတ်ရာများ အထူးသဖြင့် ကရင်နီတို့ ကိုယ်တိုင် ရေးသားထားသည်များ အနည်းငယ် သာရှိသည်။ ကရင်နီလူမျိုးအများစုသည် “မိန်းကလေး ပြောတယ်” ဟု အဓိပ္ပာယ်ရသည့် “ဖရေမော်ဟေး” ကဲ့သို့သော ဆိုရိုးစကားများကို သိကြ သည်။ ၎င်းသည် အမျိုးသားများက အလုပ်လုပ်ပြီး အမျိုးသမီးများက စကား ပြောသည်ဟူသည့် ဆန့်ကျင်ဘက်အဓိပ္ပာယ်ကို သက်ရောက်စေသည့်အတွက် အမျိုးသမီးများအား သေးသိမ်စေခြင်းဖြစ်သည်။ ကရင်နီရိုးရာများ၏ ပါးစပ် ရာဇဝင်များနှင့် အတွေ့အကြုံများသည် မိသားစုအတွင်းနှင့် ပတ်ဝန်းကျင် စကားဝိုင်းများတွင် အဆင့်ဆင့်ပျံ့နှံ့နေပြီး အမျိုးသမီးများအား အပျက်သဘော ဆောင်သော ပုံဖော်များမှုများသည် လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏ နိမ့်ကျသော အဆင့်အတန်းအခြေအနေကို ကျားကန် ပေးနေသည်။

အစဉ်အလာအရ ကရင်နီအမျိုးသမီးများ၏ အခန်းကဏ္ဍသည် မိသားစုဝင် များအား ပံ့ပိုးခြင်းနှင့် ကြည့်ရှုစောင့်ရှောက်ခြင်းတို့ဖြင့် နှောင်ဖွဲ့ထားသည်။ ကရင်နီအမျိုးသမီးများသည် စိုက်ပျိုးမွေးမြူခြင်း၊ ချက်ပြုတ်ခြင်းနှင့် မိသားစု ဝင်များကို ချက်ပြုတ်ကျွေးမွေးခြင်း၊ စောင့်ရှောက်ခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍ၌ တာဝန်ယူထားရသည်။ အခြားသော ဖိုဝါဒကြီးစိုးသည့် လူ့အဖွဲ့အစည်းများကဲ့သို့ပင် ကရင်နီအမျိုးသားများသည် အိမ်ထောင်ဦးစီးများ ဖြစ်ကြပြီး မိသားစုအတွင်းတွင် ဆုံးဖြတ်ချက်ချသူများ ဖြစ်ကြသည်။ အိမ်ထောင်ဦးစီးသည် အိမ်တွင်းအိမ်ပြင် စံနှုန်းများကို သတ်မှတ်ပေးပြီး အကယ်၍ အမျိုးသမီး သို့မဟုတ် ဇနီးမယားက အဆိုပါ စံနှုန်းများကို မလိုက်နာလျှင် နှင်ထုတ်ခြင်းနှင့် ဖယ်ကြဉ်ထားခြင်းများ ဖြစ်လာသည်။ ဖယ်ကြဉ်ခံရမည် သို့မဟုတ် ဝိုင်းပယ်ခံရမည်ကို ကြောက်ရွံ့သည့်အတွက် အမျိုးသမီးများသည် ကျား၊ မ မျှော်မှန်းချက်များ၏ ထုံးတမ်းစဉ်လာနောက် လိုက်ကြပြီး အမျိုးသားများ ချမှတ်ထားသော စံနှုန်းများကို လိုက်နာကြသည်။ ကျား၊ မ ဖြစ်တည်မှုအပေါ် အခြေခံသည့် လုပ်ငန်းတာဝန်ခွဲဝေမှုမှာ အလွန် ရှင်းလင်းလှသည်။ အမျိုးသမီးများက အိမ်မှုကိစ္စများကို လုပ်ကြရပြီး အမျိုးသားများက အမဲလိုက်ခြင်းကဲ့သို့သော အပြင်အလုပ်များကို လုပ်ကြ သည်။ များသောအားဖြင့် အမျိုးသားရော အမျိုးသမီးပါ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်မှုများတွင် ပါဝင်ကြသည်။ အမျိုးသားများသည် ကလေးများကို ပြုစုပျိုးထောင်ခြင်း၊ မီးဖိုချောင်ထဲနှင့် အခြားသော အိမ်မှုကိစ္စများတွင် ရံဖန်ရံခါမျှသာ ကူညီသည်။ ကျွန်မ၏ မိသားစုတွင် အဘွားသည် အိမ်ထောင်စု တစ်ခုလုံးကို ချက်ပြုတ်ကျွေးမွေးရန် အမြဲတမ်း မနက်စောစော အိပ်ရာထသည်။ ထို့နောက် အဘွားသည် အခြားသော အမျိုးသား အိမ်ထောင်စုဝင်များနှင့်အတူ လယ်ယာအလုပ်ကို အတူသွားလုပ်ကိုင်သည်။ အရေးအကြီးဆုံးမှာ အဘွားသည် အိမ်မှုဝေယျာဝစ္စများကိုလည်း တာဝန်ယူရ ပြန်သည်။

ကရင်နီအမျိုးသမီးငယ်လေးများကို အသိုင်းအဝိုင်းက မျှော်လင့်ထားသည် များရှိသည်။ အိမ်မှုအလုပ်ကိစ္စများကို လုပ်ကိုင်နိုင်ရန်၊ တူညီသော အသိုင်း အဝိုင်းမှ တစ်စုံတစ်ယောက်နှင့် အိမ်ထောင်ပြုနိုင်ရန်နှင့် မိသားစုကို ပံ့ပိုး နိုင်ရန်စသည့် အရည်အချင်းများရှိရန် မျှော်လင့်ထားကြသည်။ မကြာခဏ ဆိုသလို အမျိုးသမီးငယ်များသည် လူမျိုးတူသည့် လက်တွဲဖော်ကို ရွေးချယ်ရန် ဖိအားပေးခံကြရသည်။ ထင်ရှားသော အမျိုးသား တက်ကြွလှုပ်ရှားသူတစ်ဦး သည် “ကျွန်တော်တို့က မြန်မာနိုင်ငံမှာ လူဦးရေ နည်းတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့၊ လူဦးရေတိုးပွားဖို့အတွက် ကရင်နီ အမျိုးသမီးတွေကို လူမျိုးအသိုင်းအဝိုင်းတူတဲ့ လူနဲ့ပဲ လက်ထပ်ဖို့ အားပေးသင့် တယ်” ဟု ၂၀၁၈ တုန်းက သာမန်ဆွေးနွေးဝိုင်းတစ်ခုတွင် ပြောခဲ့ဖူးသည်။8 သူက ကရင်နီလူမျိုးစုအား ကာကွယ်ခြင်းကို အမျိုးသားရေးတာဝန်တစ်ခု အနေဖြင့် ချိတ်ဆက်သွားခဲ့သည်။ ဤသည်မှာ အမျိုးသားများက အမျိုးသမီး များ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နေခြင်းနှင့် အမျိုးသမီးများအား ယဉ်ကျေးမှုကို စောင့်ရှောက်ရန်နှင့် လူမျိုးစုကို ထိန်းသိမ်းရန်အတွက် မျိုးဆက်ပွားကြရန် မျှော်လင့်ထားကြကြောင်းကို ပြနေသည့် အလွန်ထင်ရှားသော ဥပမာတစ်ခုဖြစ် သည်။

ကရင်နီအမျိုးသမီးများအတွက်မူ ၎င်းတို့၏ အမျိုးသမီးဘဝသည် အိမ်ထောင်မှုအလုပ်နှင့် မိသားစုများအား ပေးအပ်ရသည့် ဂရုစိုက်မှုများဖြင့် အဓိပ္ပာယ်သတ်မှတ်ခံကြရသည်။ ၎င်းတို့၏ ပခုံးတွင် ထမ်းတင်ထားရသည့် လုပ်ငန်းတာဝန်မှာ ကြီးမားပြီး မပြောင်းလဲတတ်ပေ။ သူတို့ကိုယ်သူတို့ ဂရုစိုက် ရန်ထက် အခြားသူများကို ဂရုစိုက်ရသည်။ သာမန် ကရင်နီအမျိုးသမီးတစ်ဦး ဖြစ်သော ကျွန်မ၏ အဘွားသည် သူ၏ အသက် (၇၀) ကျော် နှောင်းပိုင်း ကာလတွင် ကွယ်လွန်သွားခဲ့သည်။ သူ၏ နှစ် (၇၀) စာ ဘဝ သက်တမ်းကို သူ၏ အမျိုးသားနှင့် မိသားစုဝင်များအား အလုပ်အကျွေးပြုရန်၌သာ မြှုပ်နှံ ထားခဲ့သည်။ ချက်ပြုတ်၊ အဝတ်လျှော်၊ သန့်ရှင်းရေး စသည့် အိမ်ထောင်မှု ဝေယျာဝစ္စများအပြင် စိုက်ပျိုးမွေးမြူရေးသည်လည်း သူ၏ အလုပ်တာဝန် ဖြစ်ခဲ့သည်။ အဘွားသည် မနက် (၄) နာရီဝန်းကျင်၌ အိပ်ရာထပြီး အလုပ် စလုပ်သည်မှာ ညအိပ်၍ မျက်လုံးနှစ်လုံး မှိတ်သည့် အချိန်ထိ ဖြစ်သည်။ အိမ်ထောင်ဦးစီးဖြစ်သော ကျွန်မ၏ အဖိုးသည် အရေးကြီးသော ဆုံးဖြတ်ချက် များကို ချမှတ်ပြီး မိသားစု၏ အဓိကကျသော ပုဂ္ဂိုလ်ဖြစ်သည်။

ယောက်ျားသားများက လွတ်လပ်စွာလုပ်ဆောင်နိုင်သော်လည်း ကရင်နီ အမျိုးသမီးများ လုပ်ခွင့်မရသည့် ကိစ္စများစွာရှိသည်။ ကွဲပြားသည့် ကရင်နီ မျိုးနွယ်စုတို့၏ များစွာသော ရိုးရာအခမ်းအနားများ သည် အမျိုးသမီးများအား ပိတ်ပင်တားဆီးထားသည်။ ဥပမာအားဖြင့် ဗေဒင်ဆရာက သတ်မှတ်ပေးသည့် နေ့တွင် ကျင်းပသည့် ကရင်နီနှစ်သစ်ကူးအခမ်းအနားဖြစ်သော ‘ကေ့ထိုးဘိုး’ ပွဲတော်တွင် အမျိုးသမီးများ ပါဝင်ခွင့် မရပေ။ အစဉ်အလာအားဖြင့် ‘ကေ့ထိုးဘိုး’ ရိုးရာအခမ်းအနားကို ဦးဆောင်ရန် လူ့အဖွဲ့အစည်း ခေါင်းဆောင် များနှင့် သတ်မှတ်ထားသည့် မိသားစုနောက်ခံရှိသော ပုဂ္ဂိုလ်များအား ရွေးချယ် သတ်မှတ်သည်။ အမျိုးသမီးများသည် ‘ကေ့ထိုးဘိုး’ ခြံဝင်း အနားသို့ပင် သွားရောက်ခွင့်မရကြပေ။ အဘယ့်ကြောင့်ဆိုသော် အမျိုးသမီးများသည် ဒုတိယတန်းစားအဖြစ် သတ်မှတ်ခံထားရပြီး အချို့သော အသိုင်းအဝိုင်းများ တွင် ၎င်းတို့အား ကံဆိုးမှုကို သယ်ဆောင်လာသူများအဖြစ်ပင် သတ်မှတ် ထားကြသည်။ ကရင်နီအမျိုးသမီးများသည် ရိုးရာယဉ်ကျေးမှုနှင့် မျိုးနွယ်စုကို ထိန်းသိမ်းကာကွယ်ရန် တာဝန် ပေးအပ်ခံထားကြရသော်လည်း ရိုးရာအစဉ် အလာကို ပြုလုပ်နေသည့် အခမ်းအနားများတွင် တူညီစွာ ပါဝင်ဆင်နွှဲခွင့်ကို မရရှိကြပေ။

အမဲလိုက်ပွဲတော်များသည် အမျိုးသမီးများ ပါဝင်ဆင်နွှဲခွင့်မရသော နောက်ထပ်ရိုးရာအစဉ်အလာ တစ်ခုဖြစ်သည်။ အချို့ဒေသများတွင် အစုအဖွဲ့ ခေါင်းဆောင်များက ယောက်ျားလေးမိသားစုဝင်များ အပြင်ထွက်ပြီး အမဲလိုက် နေစဉ်တွင် ရာသီလာနေသော အမျိုးသမီးများအား ရေမချိုးရန် ကန့်သတ် ပိတ်ပင်ထားသည်။ ရာသီလာနေသော အမျိုးသမီးများသည် မိသားစုဝင်များ အား ကံဆိုးမိုးမှောင်ကျစေလိမ့်မည်ဟု ယုံကြည်ထားကြသည်။ အမျိုးသမီး များ၏ သွေးစွန်းသော နေရာသည် မသန့်ရှင်းဘဲ အမဲလိုက်နေသော ယောက်ျားလေး မိသားစုဝင်အတွက် ကံဆိုးခြင်းကို သယ်လာနိုင်သည်ဟု အသိုင်းအဝိုင်းက ယုံကြည်ကြသည်။ အမျိုးသားများက ကံကောင်းခြင်း၏ ပြယုဂ်ဖြစ်ပြီး အမျိုးသမီးများက ကံဆိုးခြင်း၏ ပြယုဂ်ဖြစ်ကာ အမျိုးသမီး များသည် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ခန္ဓာကိုယ်မှ ထွက်သော အရည်များကို ထိန်းသိမ်းခြင်းအားဖြင့် အမျိုးသားများအား ကာကွယ်ရပြန်သည်။

ကျွန်မတွင် ကရင်နီအသိုင်းအဝန်းကြား အမျိုးသမီးဖြစ်ရခြင်းမှရသော ကိုယ်ပိုင်အတွေ့အကြုံများရှိပြီး ကျွန်မတို့ အမျိုးသမီးများ  မျှော်လင့်ချက်များ ထားနိုင်၊ ရနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ကျွန်မ၏ မိသားစုဝင်များ အပါအဝင် ပတ်ဝန်းကျင်က ကျွန်မကို ဟင်းချက်သင်၍ အိမ်မှုဝေယျာဝစ္စများကို လုပ်ဆောင်တတ်အောင်သာ သင်ယူကာ မိသားစုတစ်ခုတည်ဆောက်ပြီး မိသားစုတွင် ကူညီပံ့ပိုးပေးသည့် အခန်းကဏ္ဍမှ ပါဝင်သည့် အမျိုးသမီးကောင်း တစ်ဦး ဖြစ်လာစေချင်ကြသည်။ အများစုသော ကရင်နီမိသားစုများသည် အမျိုးသားများက အထွတ်အထိပ်တွင် ရှိသည်ဟူသော ပတ်ဝန်းကျင်၏ သတ်မှတ်ချက်ကို လိုက်နာကြသည်။ အိမ်ထောင်စုကို ဦးဆောင်နေသော အမျိုးသမီးအနည်းငယ်ရှိသော်လည်း လူမှုဝန်းကျင်တွင်မူ အမျိုးသားများက အရေးအပါဆုံးသော မိသားစုဝင်ဖြစ်နေဆဲပင်ဖြစ်သည်။ ဖခင်မရှိသော မိသားစု တွင် သားများက ဖခင်၏ နေရာကို အစားထိုး ဝင်ရောက်ကာ သားကြီးများ သည် ပို၍ အခွင့်အရေးပေးခံရပြီး ဆုံးဖြတ်ချက်ချသည့် ကဏ္ဍကို ဦးဆောင်ရန် ကျန်သည့် မိသားစုတစ်ခုလုံးထံမှ တာဝန်ပေးအပ်ခံကြရသည်။

ဖိုဝါဒကြီးစိုးသော ကရင်နီယဉ်ကျေးမှုတွင် ကြီးပြင်းလာရသည့် အမျိုးသမီးတစ်ဦးအနေဖြင့် ကျွန်မသည် ဖယ်ထုတ်၊ ဖယ်ကြဉ်ခံထားခံရမည်ကို ကြောက်ရွံ့ခြင်းဖြင့် ရှင်သန်နေရသည်ကို ကိုယ့်ကိုယ်ကိုယ် နားလည်ခဲ့သည်။ ထို့ကြောင့် ကျွန်မကိုယ်တိုင်သည်လည်း ပတ်ဝန်းကျင်၏ လုပ်ထုံးလုပ်နည်း များကို လိုက်နာ၍ လူ့အဖွဲ့အစည်းက သတ်မှတ်ထားသော စံနှုန်းများကို လိုက်နာရန် ကြိုးစားခဲ့သည်။ ကျွန်မသည် အထက်လူကြီးများအား ဆန်းစစ် ဝေဖန်သည့် မေးခွန်းများကို မမေးရဲခဲ့ဘဲ အိမ်ထောင်မှုဝေယျာဝစ္စများအား မည်သို့လုပ်ဆောင်ရမည်ကို လေ့လာသင်ယူကာ ကျွန်မ၏ တာဝန်များကို ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ခံပြင်းခဲ့ရသည်။ ကျွန်မ အိမ်သို့ နောက်ကျ မှ ပြန်လာလျှင် အမေက ဆူဆဲသည်။ ကျွန်မ၏ အစ်ကိုမှာမူ အိမ်အပြင်ဘက်မှ ညပွဲလမ်းသဘင်များကို လွတ်လွတ်လပ်လပ်သွားနိုင်သည်။

အမျိုးသမီးများက အိမ်အပြင်ဘက်တွင် အမျိုးသားများထက် ပို၍ ဘေး အန္တရာယ်များပြီး အန္တရာယ်ပြုခံရလျှင်လည်း ပြောထားရက်နဲ့သွားလို့၊ လုပ်လို့ ဟု အပြစ်တင်ခံရသည်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် လူ့အဖွဲ့အစည်းမှ အာဏာရှိသော အမျိုးသားများ သတ်မှတ်ထားသည့် လူမှုစံနှုန်းများနှင့် ဆန့်ကျင်ကာ ပြုမူနေထိုင်လျှင် လူ့အဖွဲ့အစည်းက အမျိုးသမီးအားလုံးကို တစ်ဖွဲ့တည်းဟု ယူဆကာ ဝေဖန်ပြောဆိုကြသည်။ ဥပမာအားဖြင့် အကယ်၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော ကရင်နီအမျိုးသမီးတစ်ဦးက အစည်း အဝေးများတွင် သူ၏ ထင်မြင်ချက်များကို ဖော်ထုတ်ပြီး ငြင်းခုံပြောဆိုလျှင် သို့မဟုတ် လူကြီးနှင့် ခေါင်းဆောင်များအား ဆန်းစစ်ဝေဖန်လိုက်လျှင်၊ သူ၏ အတွေးအမြင်နှင့် အကြံအဉာဏ်များကို ကွယ်ဝှက်မထားဘဲ ပြောဆိုလိုက် လျှင်၊ အနောက်တိုင်း အဝတ်အစားကို ဝတ်ဆင်လျှင်၊ လက်ဖက်ရည်ဆိုင် သို့မဟုတ် ဘားများတွင် ထိုင်လျှင်၊ ညဘက်နောက်ကျသည်အထိ အပြင်ထွက် လျှင် ပတ်ဝန်းကျင် တစ်ခုလုံးက အမျိုးသမီးအားလုံးသည် ထိုအမျိုးသမီး ကဲ့သို့ပင် ပြုမူနေကြပြီဟု ထင်မြင်တတ်ကြသည်။ အလားတူ အပြုအမူများ ကိုပင် အမျိုးသားတစ်ဦးက ပြုမူလျှင် ပတ်ဝန်းကျင်က ထိုအပြုအမူများသည် ယောက်ျားလေးတစ်ယောက်၏ ရွေးချယ်မှုများသာဖြစ်သည်ဟု သတ်မှတ်ကြ သည်။ အမျိုးသမီး တစ်ဦးချင်းသည် အမျိုးသမီးထုကြီးတစ်ခုလုံးကို ကိုယ်စား ပြုနေသော်လည်း အမျိုးသားများက ကိုယ်စားပြုရသောဝန်မှ ကင်းဝေးကာ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများမှ လွတ်မြောက်နေကြသည်။ အမျိုးသမီး များသည် တစ်ဦး၏ လုပ်ဆောင်မှုကို နောက်တစ်ဦးက တာဝန်ယူပေးရန် သတ်မှတ်ခံထားရသည်။ အမျိုးသမီးများအတွက် စံနှုန်းများနှင့် မျှော်လင့်ချက် များကို ပို၍ တင်းကျပ်စွာ ချမှတ်ထားသော်လည်း သူတို့၏ တိမ်းစောင်းမှုများ အတွက် ပတ်ဝန်းကျင်ကသည်းခံနိုင်မှုအတိုင်းအတာသည် အနိမ့်ဆုံးတွင် ရှိသည်။ သို့သော်လည်း ဤအခြေအနေများကို ပြုပြင်ပြောင်းလဲရန်အတွက် ကြိုးစားနေသော အမျိုးသမီးအချို့ရှိသည်။

တော်လှန်ရေးအတွင်းမှ အမျိုးသမီးများ (အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု)

အမျိုးသမီးတွေက ကယ်ဆယ်ရေး၊ စစ်ဆင်ရေးတွေအတွက် ရဲဘော်တွေ အဖြစ်ရော ဆေးတပ်သားအနေနဲ့ပါ လေ့ကျင့်ကြရတယ်။ ကျေးရွာသူ ကျေးရွာသားတွေကို ကယ်ဆယ်ဖို့၊ ဖျားနာပြီး ဒဏ်ရာရတဲ့ ရွာသူ ရွာသားတွေ ကို ဆေးကုသမှုတွေ ပေးဖို့အတွက် ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေကို သွားနေတဲ့ အမျိုးသမီးဆေးတပ်သားတွေ အများကြီးရှိတယ်။ သူတို့က မိသားစုတွေအတွက် ရှာဖွေကျွေးမွေးနေတဲ့ သူတွေဖြစ်ပြီး အန္တရာယ်ကျ ရောက်တဲ့အချိန်မှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ပေးတဲ့ သူတွေ ဖြစ်ကြတယ်။ ကရင်နီလွတ်မြောက်နယ်မြေမှာဆိုရင် ပညာသင်ကြား ပေးနေတဲ့သူအများစုက ဆရာမတွေဖြစ်ကြတယ်။ သူတို့က တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ ကလေးတွေနဲ့ ရဲဘော်တွေအတွက် ပညာရေးကို ကူညီပံ့ပိုး ပေးနေကြတယ်။ ပြီးတော့ သူတို့တွေက ကရင်နီလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ စာပေကို ထိန်းသိမ်းပြီး တိုးတက်အောင်လုပ်နိုင်ဖို့ ကူညီပေးနေတဲ့ သူတွေ လည်း ဖြစ်တယ်။ သူတို့က ဒီ အလေ့အကျင့်တွေနဲ့ အသိပညာတွေကို ကျွန်မတို့ရဲ့ နောက်မျိုးဆက်တွေကို သင်ကြားပေးပြီး လက်ဆင့်ကမ်း ပေးနေ ကြတာ။ လွတ်မြောက်ရေးလှုပ်ရှားမှုကို ထောက်ပံ့တဲ့ ဒေသတွေမှာ အမျိုးသမီး တွေက ဒေသတွင်း ခေါင်းဆောင်တွေအနေနဲ့ ပိုပိုပြီး ပေါ်ထွက်လာကြပြီ9

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် ကရင်နီလွတ်မြောက်ရေး လှုပ်ရှားမှု၏ အစောပိုင်းအဆင့်တွင် ပေါင်းစည်းထားသည့် ကရင်နီစာပေဟူ၍ မရှိခဲ့သည့်အတွက် ကရင်နီအကြောင်းကို ဒေသိယဘာသာ စကားဖြင့် ရေးသား ထားသည့် သမိုင်း၊ ဖတ်စာအုပ်များနှင့် အခြားစာပေများထဲတွင် ရှာဖွေရန် ခက်ခဲခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းတွင် ကရင်နီစာပေကို ကေအန်ပီပီဥက္ကဋ္ဌ ဟောင်း ခူးထဲဖဲဘူးမှ တီထွင်ခဲ့ပြီ ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်းများတွင် သင်ရိုးညွှန်းတမ်းအဖြစ် စတင် အသုံးပြုခဲ့သည်။  ၂၀၁၇ ခုနှစ်တွင် မြန်မာအစိုးရက ကရင်နီစာပေကို တရားဝင် အသိအမှတ် ပြုခဲ့သည်။ ကရင်နီစာပေအနေဖြင့် အများစုသော ကရင်နီ မျိုးနွယ်စုတို့သည် ဗမာနှင့် ရောမဗျည်းများ၊ ရောမဗျည်းများနှင့် ခူးထဲဖဲဘူး တီထွင်ခဲ့သည့် ဗျည်းများဟူသော မတူညီသည့် အက္ခရာ သုံးမျိုးကို အသုံးပြုကြသည်။ အခြားသော မျိုးနွယ်စုများက အက္ခရာအသစ်များကို လက်ခံနေကြသည့် အချိန်တွင် အချို့မျိုးနွယ်စုများသည် ရောမအက္ခရာများကို ဆက်လက် အသုံးပြုနေကြဆဲဖြစ်သည်။

ရှိနှင့်ပြီးသား စာပေအရင်းအမြစ်များနှင့် ပါးစပ်ရာဇဝင်များက အမျိုးသား များကို ကရင်နီသမိုင်း၏ အရေးပါသော ဗဟိုတွင်ထားကြပြီး အမျိုးသမီး ငယ်များအတွက်မူ စံနမူနာထားရမည့် အမျိုးသမီးပုဂ္ဂိုလ်များ မရှိသလောက် နည်းပါးနေသည်။ ကရင်နီမှ အမျိုးသားရေးခေါင်းဆောင်များသည် အမျိုးသား များ ဖြစ်ကြပြီး အမျိုးသားများသာ ဖြစ်ရမည်ဟုလည်း လူအများက တွေးမှတ်ထားကြသည်။ ဒေသတွင်း လူမှုလှုပ်ရှားမှုများအပါအဝင် ကရင်နီ လူ့အဖွဲ့အစည်းသည် အမျိုးသမီးများအား ခေါင်းဆောင်အဖြစ် လက်ခံရန် အဆင်သင့် မဖြစ်ကြသေးပေ။ အမျိုးသမီး အခွင့်အရေးနှင့် အမျိုးသမီးရေးရာ ကိစ္စများအတွက် လှုပ်ရှားဆောင်ရွက်နေသော အမျိုးသမီးများကို လူမှု အလုပ်သမများအဖြစ် သတ်မှတ်ကြပြီး ၎င်းတို့အား နိုင်ငံရေးအကြောင်း ပြောဆိုရန် သို့မဟုတ် နိုင်ငံရေးအစီအစဉ်များ ရေးဆွဲရာတွင် ပါဝင်ရန် အရည်အချင်းပြည့်မီသည်ဟု မသတ်မှတ်ကြပေ။ အမျိုးသမီးများသည် ဒေသတွင်းအရေးကိစ္စများအကြောင်း ဆွေးနွေးပွဲများ၌ ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို ပြောဆိုခွင့်မရကြပေ။ အမျိုးသမီး များက သူတို့၏ အတွေ့အကြုံများကို ပြောပြသောအခါ အမျိုးသားများက စိတ်ခံစားမှုနှင့် ဆိုင်လွန်းသည်၊ နိုင်ငံရေးအစီအစဉ်ကို ပုဂ္ဂိုလ်ရေးဆွဲသွင်းသည်ဟု ပြစ်တင် ဝေဖန်ကြသည်။

ဘုံနားလည်မှုတစ်ခုမှာ ကရင်နီလူမျိုးများအားလုံး လွတ်မြောက်သည့် အခါတွင် အမျိုးသမီးများသည် ကြားလူအဖြစ် လွတ်မြောက်ကြလိမ့်မည်။ ကရင်နီအမျိုးသမီးအပေါ်တွင်သာ ထူးခြားကန့်သတ်ထားသည့် ဖိနှိပ်မှုများ မရှိသည့်အတွက် အခြားတစ်ဖက်မှ အမျိုးသားများနှင့် ကွဲထွက်ကာ လွတ်မြောက်ရေးကို ရှာဖွေရန် မလိုအပ်ပေ။ အမျိုးသမီးများက ကျား၊ မ အခြေပြုအကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံခြင်း စသည့် ကျား၊ မ ရေးရာကိစ္စများကို ဖော်ထုတ်သောအခါတွင် အမျိုးသားခေါင်းဆောင်များက “ဒီကိစ္စတွေကို ကျွန်တော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရတဲ့အခါမှ ဖြေရှင်းလို့ရတယ်။ ပထမ ဦးစားပေးက တိုင်းရင်းသား အခွင့်အရေးပဲ။ ကျွန်တော်တို့ တိုင်းရင်းသား အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နိုင်ခဲ့မယ်ဆိုရင် အမျိုးသမီးအခွင့်အရေးက တရားဝင်ရလာမှာပဲ” ဟု တုံ့ပြန်လေ့ရှိကြသည်။10 ကျား၊ မ တန်းတူ မညီမျှမှု နှင့် ခွဲခြားဆက်ဆံမှု တစ်ခုကို ကာကွယ်နေရင်း နောက်ထပ် ခွဲခြားဆက်ဆံ မှုများ ပြုလုပ်မိနေခြင်းကို နားလည်မှု နည်းပါးခြင်းသည် အမျိုးသားများအား အမျိုးသမီးများ ကြုံတွေ့နေရသည့် ပြဿနာများနှင့် ၎င်းတို့ ခံစားနေရသည့် အကြမ်းဖက်မှုများကို မသိနားမလည်စေရန် ဦးတည်ပေးနေသည်။ အမျိုးသား များ၏ ဦးဆောင်မှုက လူ့အသိုင်းအဝိုင်းတွင် ရှိနေသည့် ကျား၊ မ ပြဿနာ များကို ဆန်းစစ်ဝေဖန်သင့်သော ပြဿနာများဟု မယူဆဘဲ ဂျန်ဒါအယူအဆ ကို ပြည်ပနိုင်ငံများမှ သတ်မှတ်ထားခြင်းသာ ဖြစ်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့က ငါတို့ အမျိုးသားရေးခေါင်းဆောင်တွေဟာ ပြည်သူလူထုအားလုံး အတွက်၊ လူ့အဖွဲ့အစည်းမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးအားလုံးအတွက် ထည့်သွင်းစဥ်းစားနိုင်ရန် အလုပ်လုပ်နေကြတာဖြစ်တဲ့အတွက် အမျိုးသမီး သီးသန့်အရေးကိစ္စတွေကို အမျိုးသားအဆင့် လုပ်ငန်းစဉ်တွေမှာ ဆွေးနွေးစရာ မလိုဘူးဟု တွေးထင်ကြသည်။

ထို့အပြင် စစ်ဝါဒဖြန့်ခြင်း သို့မဟုတ် ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်နေပြီ ဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများနှင့် ပြည်တွင်းအစုအဖွဲ့ အကြမ်းဖက်မှု များသည် အမျိုးသမီးမျိုးဆက်များကို မလုံခြုံသည့် နေရာဒေသများမှ ရုန်းမထွက်နိုင်အောင် ပိတ်ပင်ထားသည့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုများ အတွက် လောင်စာများပင်ဖြစ်သည်။ အမျိုးသမီးများအား အကြမ်းဖက်သည့် ကိစ္စအများစုမှ လွတ်မြောက်လာသည့် အမျိုးသမီးများသည် တရား မျှတမှုကို မရရှိကြပေ။ ကျူးလွန်ခံရသူကို အပြစ်တင်ခြင်းနှင့် အမှန်တရားအတွက် နှုတ်ဆိတ်နေခြင်းဟူသည့် အစဉ်အလာလည်း ရှိနေသေးသည်။ ကျူးလွန်ခံရ သည့် အမျိုးသမီးများနှင့် ၎င်းတို့အား ကိုယ်ချင်းစာနာသူများသည် ခြိမ်းခြောက် မှုနှင့် လုံခြုံရေးအန္တရာယ်ကြောင့် အမှန်တရားကို ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့တတ်ကြသည်။ လူ့အဖွဲ့အစည်းတွင် ၎င်းတို့ ရထားသည့် အခွင့်ထူးခံ ရာထူးများမှတစ်ဆင့် အကျိုးစီးပွား တက်နေကြသူများကလည်း ထို အကျိုး စီးပွားများအား ဆုံးရှုံးရမည်ကို ကြောက်ရွံ့သည့်အတွက် ကျူးလွန်ခံရသူများ နှင့်အတူ ရပ်တည်သည်မှာ ဖြစ်တောင့်ဖြစ်ခဲ ပင်ဖြစ်သည်။

နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ဖိုဝါဒစံနှုန်းများကို ခုခံတော်လှန်ရန် အတွက် အမျိုးသမီးအချို့သည် စတင်စုဖွဲ့ခဲ့ကြသည်။ ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) ကို ၁၉၉၃ ခုနှစ်က ထိုင်းနိုင်ငံ၏ အနောက်မြောက် ဘက်တွင်ရှိသော နန်းဆွယ်ဒုက္ခသည်စခန်းတွင် တည်ထောင်ခဲ့ကြကာ ကရင်နီ ဒုက္ခသည်စခန်းမှ အမျိုးသမီးခေါင်းဆောင်များ ဖြစ်ကြသည့် နော်ဖောရှာ၊ နန်းအိမ်၊ နော်တူးလာဖော၊ မော်ဒေးဒေးဖော၊ အားမူဒို၊ နော်ဘွီးဖောနှင့် နော်မူဝါးဖိုးတို့ ဦးဆောင်ပါဝင်ခဲ့သည်။ KNWO သည် ၁၉၉၃ ခုနှစ်မှစကာ  အမျိုးသမီးများ၏ အခွင့်အရေးများကို မြှင့်တင်ပေးခြင်းနှင့် ကာကွယ်ပေးခြင်း တို့အတွက် ကရင်နီပြည်နယ်နှင့် ဒုက္ခသည်စခန်းများတွင် ဦးဆောင်နေသော အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ KNWO ကို ကရင်နီ အသိုင်း အဝိုင်းအတွင်းရှိ ဖိုဝါဒဆန်သော စံနှုန်းများနှင့် အလေ့အထများအား စိန်ခေါ် နေသည့် ကရင်နီအမျိုးသမီးလှုပ်ရှားမှုအတွက် ရှေ့ဆောင်ဟု သတ်မှတ်နိုင် သည်။ နောက်ပိုင်းတွင် အခြားသော ကရင်နီအမျိုးသမီး အဖွဲ့အစည်း အချို့လည်း ပေါ်ပေါက်လာခဲ့ပြီး ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ နောက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲတွင် ပါဝင်လာကြသည်။

သို့သော်လည်း ကရင်နီ လွတ်မြောက်ရေးလှုပ်ရှားမှုက အမျိုးသား တက်ကြွလှုပ်ရှားသူများသည် ၎င်းတို့ အနားတွင် အမျိုးသမီး တက်ကြွလှုပ်ရှား သူများ ရှိနေခြင်းကို မနှစ်မြို့ဟု ကျွန်မ၏ ကိုယ်ပိုင်အတွေ့အကြုံများအရ ပြောနိုင်သည်။ ကရင်နီအင်အားစု၏ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့ သည် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအငြင်းပွားမှုနှင့် ပတ်သက်၍ အနိုင်ရ အစိုးရ နှင့် ဆွေးနွေးညှိနှိုင်းမှုများတွင် အမျိုးသမီးများပါဝင်မှုကို မေးမြန်းသောအခါ အမျိုးသားခေါင်းဆောင်များက “ကျွန်တော်တို့အားလုံးက အစိုးရနဲ့ ရုပ်တုကိစ္စ ကို ဆွေးနွေးရင်း အရမ်းအလုပ်များနေကြတယ်။ ခင်ဗျားမေးတဲ့ ကျွန်တော်တို့ ရဲ့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှာ အမျိုးသမီးပါဝင်မှုအကြောင်းက စိတ်ရှုပ်စေ တယ်။ ကျွန်တော်တို့ အမျိုးသမီးတွေကို ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ မလာ ခဲ့ဘူး” ဟု ရန်လိုစွာ တုံ့ပြန်ကြသည်။11 အမျိုးသားခေါင်းဆောင်များသည် ၎င်းတို့က အမျိုးသမီးပါဝင်မှုကို ကြိုဆိုသော်လည်း အမျိုးသမီးများက ပါဝင်ရန် ဆန္ဒမရှိဟု မကြာခဏ ထုတ်ဖော်ပြောဆိုကြသည့် အမျိုးသမီးများ၏ ပါဝင်မှု အပေါ် ယေဘုယျစဥ်းစားချက်လည်း ရှိနေသည်။ အမျိုးသမီးများ၏ ပါဝင်မှုကို မြေတောင်မြှောက်ပေးခြင်းနှင့် ပံ့ပိုးကူညီခြင်းတို့ကို ပြုလုပ်ရမည့်အစား အမျိုးသားခေါင်းဆောင်များသည် အမျိုးသမီးများက ကိုယ့်သဘောနှင့် ကိုယ် မပါဝင်ကြခြင်းဖြစ်သည်ဟု တွေးတတ်ကြကာ သမိုင်းကြောင်းအရ ဖိနှိပ်မှုများ၊ ဖယ်ကြဉ်မှုများနှင့် အမျိုးသမီးများအား နိုင်ငံသားဆိုင်ရာ ပါဝင်မှုကိစ္စများကို လျစ်လျူရှုထား ကြသည်။

ကရင်နီလွတ်မြောက်ရေးလှုပ်ရှားမှုမှ စံထားလောက်သည့် အမျိုးသမီးများ

ကရင်နီလွတ်မြောက်ရေးလှုပ်ရှားမှု၏ သမိုင်းတစ်လျှောက်တွင် အမျိုးသမီး များစွာ ပါဝင်ခဲ့သော်လည်း ခေါင်းဆောင်နေရာကို ရရှိခဲ့သူ အနည်းငယ် သာရှိသည်။ ကေအန်ပီပီခေါင်းဆောင်ပိုင်းတွင် အမျိုးသမီးအချို့ တာဝန် ထမ်းဆောင်နေသော်လည်း အမျိုးသမီးအများစုသည် လှုပ်ရှားမှု ဆက်လက် ရှင်သန်နိုင်ရေးအတွက် အရေးပါသော တာဝန်များယူခဲ့ရပြီး အသိမှတ်ပြုခံရမှု အနည်းငယ်သာရှိသည်။  ၁၉၄၈ ခုနှစ်တွင် ဗမာအစိုးရမှ စတင်ခဲ့သည့် ကရင်နီ ပြည်အား တရားမဝင်ကျူးကျော်ဝင်ရောက်မှုကို ဆန့်ကျင်သော ကရင်နီ ခုခံတော်လှန်ရေးစခဲ့သည့် အချိန်မှစကာ ကရင်နီဒေသသည် နိုင်ငံရေး ဝရုန်းသုန်းကားအခြေအနေများ၊ စစ်ပွဲများဖြင့် ဝန်းရံနေခဲ့သည်။ ကရင်နီ ဆူပရင်းကောင်စီ (ကေအန်ပီပီ၏ ယခင်အမည်)၏ ဥက္ကဋ္ဌဖြစ်သူ စောရွှေ ရုတ်တရက်ကွယ်လွန်ပြီးနောက်တွင် သူ့ဇနီးဖြစ်သူ ကက်သရင်းရွှေကို ကွယ်လွန်သူ၏ နေရာ၌ အစားထိုးရန် ရွေးချယ်ခဲ့ကြသည်။ သူသည် ဥက္ကဋ္ဌ အနေဖြင့် (၃) လကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သူ၏ ကလေးငယ်များ အား ကြမ်းတမ်းသော အခြေအနေများတွင် ကိုယ်တိုင်စောင့်ရှောက်ရမည် ဖြစ်သောကြောင့် နုတ်ထွက်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ကေအန်ပီပီ၏ သမိုင်းတစ်လျှောက်တွင် ပထမဦးဆုံးနှင့် တစ်ဦးတည်းသော အမျိုးသမီးဥက္ကဋ္ဌအနေဖြင့် အမြဲတစေ အသိအမှတ်ပြုခံရသည်။

ကေအန်ပီပီ၏ လက်နက်ကိုင်အင်အားစုဖြစ်သော ကရင်နီတပ်မတော် သည် အမျိုးသားရော အမျိုးသမီးပါ လူသစ်စုဆောင်းသည်။ အမျိုးသမီးများကို ကရင်နီရဲမေ သို့မဟုတ် ကရင်နီအမျိုးသမီး စစ်သားအနေဖြင့် သိကြသည်။ သို့သော်လည်း များစွာသော ကရင်နီရဲမေတို့သည် အိမ်ထောင်ကျသောအခါ သို့မဟုတ် မိသားစုထူထောင်သောအခါ တာဝန်မှ ထုတ်ပယ်ခံကြရသည်။ ကေအေထဲတွင် အမျိုးသမီး အနည်းငယ်သာ ကျန်ရှိသည်။ ကရင်နီ တော်လှန်ရေးခေါင်းဆောင်များနှင့် စစ်သားများ၏ အမေနှင့် ဇနီးမယားများ သည် ကရင်နီသမိုင်းတွင် မမေ့လျော့အပ်သော သူများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် လှုပ်ရှားမှုအတွက် အနစ်အနာခံ ပေးဆပ် ခဲ့သောသူများ ဖြစ်သည်။ ယောက်ျားသားများက ရှေ့တန်းသို့ သွားကြသော အခါ အမျိုးသမီးများသည် မိသားစုနှင့် ပတ်ဝန်းကျင်အတွက် ငွေကြေးရှာဖွေ သူများဖြစ်လာကြသည်။ ၎င်းအမျိုးသမီးများသည် သူတို့၏ ကလေးများကို ကျွေးမွေးစောင့်ရှောက်ကြရုံမျှမက သူတို့ကိုယ်တိုင်သည်လည်း ရဲဘော်များပင် ဖြစ်သည်။ ရန်သူက ၎င်းတို့၏ နယ်မြေသို့ တိုးဝင်လာသောအခါ အမျိုးသမီးများ သည် ကလေးများကို ကျောတွင် ချီပိုးကာ လုံခြုံသောနေရာသို့ ထွက်ပြေးကြရ သူများ ဖြစ်သည်။

လက်ရှိတွင် ကေအန်ပီပီ၏ ခေါင်းဆောင်မှုအပိုင်းတွင် အမျိုးသမီး ခေါင်းဆောင်နှစ်ဦးက ဗဟိုကော်မတီတွင် ပါဝင်နေပြီး နှစ်ဦးသည် အရန် ကော်မတီတွင် ပါဝင်နေကြသည်။ ဗဟိုကော်မတီတွင် မော်ဒေးဒေးဖေနှင့် နော်ဘွီးဖောတို့ပါဝင်ပြီး အရန်ကော်မတီတွင် နော်ခူဖောနှင့် မော်ဒဲမြာဖောတို့ ပါဝင်သည်။ ဤအမျိုးသမီးများသည် ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံရ ရန်အတွက် ၎င်းတို့၏ ဘဝတွင် အခက်အခဲအတားအဆီးများစွာကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ကြရသည်။ သူတို့၏ မိသားစုနှင့် ကလေးများအား ဂရုစိုက် စောင့်ရှောက်ရသည့်အပြင် လူထုက ပေးအပ်သော တာဝန်များကိုပါ ထမ်းဆောင်နေကြရသည်။ ဤနေရာတွင် ကျွန်မ ဖော်ပြထားသည့် အမျိုးသမီး အားလုံးသည် ကရင်နီမိန်းကလေးနှင့် အမျိုးသမီးများစွာတို့၏ စံပြပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့၏ စွန့်လွှတ်အနစ်နာခံမှုနှင့် တော်လှန်ရေးအပေါ်တွင် သစ္စာစောင့်သိမှုတို့က ယောက်ျားသားများထက် နိမ့်ကျလျော့နည်းခြင်း လုံးဝ မရှိပေ။ ထို့အပြင် ၎င်းတို့သည် ရှည်လျားလှသည့် လက်နက်ကိုင်တော်လှန်ရေး တွင် ကြံ့ကြံ့ခံပြီး ဒူပေနာပေခံနိုင်ကြသည်။

ဗိုလ်ချုပ်ရုပ်တုဆန္ဒပြမှုတွင် အမျိုးသမီးများအား ဖယ်ကြဉ်ခြင်း

ဤနေရာတွင် ကျွန်မသည် ဗမာအမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၏ ရုပ်တုကို ဒေသန္တရအစိုးရက ကရင်နီပြည်တွင် လာရောက်စိုက်ထူသည့် ကိစ္စကို ကရင်နီလူငယ်များ၏ ဗမာလူမျိုးကြီးဝါဒကို ခုခံသော ဥပမာတစ်ခု အနေဖြင့် ဖော်ပြလိုသည်။ ၎င်းကို ကရင်နီပြည်သူလူထု၏ မျက်မှောက်ခေတ် လွတ်မြောက်ရေးလှုပ်ရှားမှုအနေဖြင့် ခေါ်ဆိုပါမည်။ ကြေးရုပ်လှုပ်ရှားမှုသည် အမျိုးသမီးများအား ညှိနှိုင်းဆွေးနွေးခြင်း၊ အာဏာပိုင်များနှင့် နှစ်ဦးနှစ်ဖက် ပြောဆိုဆွေးနွေးသည့် အရေးပါသော နိုင်ငံရေးနှင့် ပြည်သူလူထုနှင့်ဆိုင်သော လုပ်ငန်းစဉ်များတွင် ဖယ်ကြဉ်ထားခြင်းကို သိသာထင်ရှားစေပါသည်။ ကရင်နီ တက်ကြွလှုပ်ရှားသူများက ဗိုလ်ချုပ်ရုပ်တုကို တည်ဆောက်ခြင်းသည် ဗမာ လူမျိုးကြီးဝါဒကို ပြတ်သားစွာ ပြသသည့် သာဓကတစ်ခုဖြစ်သည်ဟု ယုံကြည် ကြပြီး ဒေသခံများက ဆန္ဒပြနေသည့်ကြားမှ ဒေသန္တရနှင့် ဗဟိုအစိုးရတို့၏ ရုပ်တုတည်ဆောက်ရေးလုပ်ငန်းစဉ်အား ဆက်လက် အကောင်အထည်ဖော် ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းသည် ဒီမိုကရေစီအာဏာနှင့် ယဉ်ကျေးမှုဆိုင်ရာ ကြီးစိုးလိုမှုဟူသည့် နိုင်ထက်စီးနင်းပြုနေသော ကိစ္စနှစ်ရပ်၏ အမှတ်သညာ ဖြစ်သည်ဟု ယုံကြည်ကြသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ အဆိုပါ လုပ်ငန်းစဉ်ကို ပြည်နယ်၏ မြို့တော်ဖြစ်သော လွိုင်ကော်မြို့၏ အချက်အချာ ကျသောနေရာတွင် စတင်လိုက်သည့်အချိန်၌ ရုပ်တုတည်ဆောက်ခြင်းကို ကန့်ကွက်သည့် ခုခံတော်လှန်ရေး လှုပ်ရှားမှုလည်း စတင်လာခဲ့သည်။ လူထု၏ ဆန္ဒကို ဆန့်ကျင်ကာ ရုပ်တုကို တည်ဆောက်ပြီးသွားသည့် နောက်တွင် ပြည်သူလူထုများသည် လမ်းပေါ်သို့ ထွက်လာကြကာ အဆိုပါရုပ်တုအား ချက်ချင်းဖယ်ရှားပေးရန် အစိုးရကို တောင်းဆိုခဲ့ကြသည်။ ပြည်နယ်အစိုးရက  ရာဘာကျည်များဖြင့် ပစ်ခြင်းနှင့် မီးသတ်ပိုက်ကြီးများဖြင့် ထိုးဖျန်းခြင်းများ ကဲ့သို့သော အကြမ်းဖက်နည်းဖြင့် ဆန္ဒပြသူများအား တုံ့ပြန်ခဲ့သည်။ သို့သော်လည်း လှုပ်ရှားမှုမှာ ရပ်တန့်မသွားဘဲ နိုင်ငံအတွင်းရှိ အခြားဒေသ များသို့ပါ ပျံ့နှံ့သွားခဲ့သည်။ ဆန္ဒပြခေါင်းဆောင်များ အဖမ်းခံခဲ့ကြရသည်။ အချို့သော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက်တွင် အစိုးရမှ ဆန္ဒပြ ခေါင်းဆောင်သူများကို တရားမစွဲတော့ပေ။12

ဆန္ဒပြမှုများ အကြီးအကျယ်မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးနောက်တွင် တစ်သီးပုဂ္ဂလအမျိုးသမီးများနှင့် အမျိုးသမီးအဖွဲ့အစည်းများ၏ ဦးဆောင်မှု သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ကရင်နီပြည်နယ်မှ ထင်ရှား သည့် လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများသည် လူခြောက်ထောင်ကျော် ပါဝင်ဆန္ဒပြပြီး သတင်းမီဒီယာပါဝင်မှုကို ဆွဲဆောင်နိုင်သည့် အောင်မြင်သော ဆန္ဒပြမှုကြီးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် စီစဉ်နိုင်ခဲ့သည်။ လှုပ်ရှားမှု၏ အစပိုင်းတွင် မပါဝင်သော အဖွဲ့အစည်းများပင်လျှင် နောက်ပိုင်း တွင် လူထုလှုပ်ရှားမှုကြီးတွင် ပါဝင်လာခဲ့ကြရသည်။ ကယားပြည်နယ်အစိုးရ အဖွဲ့က ဆန္ဒပြခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန် ဖိတ်ခေါ်ခြင်း ဖြင့် တုံ့ပြန်ခဲ့သည်။ လှုပ်ရှားမှု ဦးဆောင်သူများနှင့် အစိုးရတို့၏ အကြားတွင် ညှိနှိုင်းဆွေးနွေးပွဲများ စုစုပေါင်း သုံးကြိမ် ပြုလုပ်ခဲ့သည်။  ညှိနှိုင်းဆွေးနွေးမှု များသည် ရုပ်တုအား ဖယ်ရှားမည်လား၊ မဖယ်ရှားဘူးလားဟူသော မေးခွန်း အပေါ်တွင် အဓိကထားခဲ့သည်။ အစိုးရက ရုပ်တုအား မဖယ်ရှားရန် ဆုံးဖြတ်ခဲ့ သည့်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပျက်ပြားသွားခဲ့ရပြီး ယခုအချိန်ထိ ကရင်နီပြည်နယ်၏ အထင်ကရဖြစ်နေဆဲဖြစ်သည်။ သို့သော်လည်း ဆန္ဒပြ နေဆဲကာလတွင် အမျိုးသားဆန္ဒပြသူများက အမျိုးသမီးရဲအရာရှိများကို ရွေးချယ်ပြီး လိင်အရ ခွဲခြားဆက်ဆံသည့် ပြောဆိုမှုများ ပြုလုပ်နေကြသည်ကို သတိထားမိသောအခါ  အမျိုးသမီးဆန္ဒပြသူများသည် ဆက်ဆံရေး တင်းမာမှု များကို လျှော့ချနိုင်ခဲ့သည်။ လှုပ်ရှားမှုအတွင်း ၎င်းတို့၏ အမျိုးသား လုပ်ဖော် ကိုင်ဖက်များကို ထိန်းချုပ်နိုင်ခဲ့သလို အမျိုးသမီးများ၏ ပါဝင်ဖြည့်ဆည်းပံ့ပိုး ပေးနိုင်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူ အနည်းငယ်သာ ရှိခဲ့သည်။

ဆွေးနွေးညှိနှိုင်းမှုများ ပျက်ပြားသွားခဲ့ရသည့် အကြောင်းအရင်းများထဲမှ တစ်ခုမှာ ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးများကို အမျိုးသမီး တက်ကြွ လှုပ်ရှားသူများက လေ့လာသူကဏ္ဍမှ ပါဝင်ခဲ့ကြရပြီး အမျိုးသားတက်ကြွ လှုပ်ရှားသူများကသာ ဦးဆောင်ခဲ့ကြသောကြောင့် ဖြစ်သည်။ ယောက်ျားလေး ခေါင်းဆောင်များသည် ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးပွဲများတွင် ဆန္ဒပြ သူများ၏ တောင်းဆိုချက်များကို ကောင်းမွန်စွာ ကိုယ်စားမပြုနိုင်ခဲ့ချေ။ အမျိုးသမီးများ၏ ကျွမ်းကျင်မှုနှင့် အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် ငြင်းခုံဆွေးနွေးနိုင်ခြင်းတို့ကို အကျိုးရှိရှိအသုံးမချခဲ့ကြပေ။ ဒုတိယမြောက် ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးသည့်အဖွဲ့ကို အစည်း အဝေး တစ်လျှောက်တွင် ပြောဆိုဆွေးနွေးခဲ့သည့် အမျိုးသားခေါင်းဆောင် (၅) ဦးနှင့် လေ့လာသူအဖြစ်နှင့်သာ အစည်းအဝေးတစ်လျှောက်တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြသော အမျိုးသမီး (၂) ဦး၊ စုစုပေါင်း (၇) ဦး တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ညှိနှိုင်းဆွေးနွေးသည့် အဖွဲ့တွင် ပါဝင်ခဲ့သော အမျိုးသမီး အဖွဲ့ဝင်တစ်ဦးမှ အဆိုပါလုပ်ငန်းစဉ်သည် လွန်ကဲစွာ ယောက်ျားလွှမ်းမိုးခြင်း ခံရသည်ဟု သူ၏ အတွေ့အကြုံကို ပြန်လည်မျှဝေခဲ့သည်။13 ဆွေးနွေးညှိနှိုင်းမှုကို မည်သို့ ကိုင်တွယ်မည်ဖြစ်ကြောင်းနှင့် မည်သူက မည်သည့်ကဏ္ဍတွင် ပါဝင်မည် စသည့် သတင်းအချက်အလက်များ လုံလုံလောက်လောက် မရရှိခဲ့ပေ။ နောက်ဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းမှုတွင် အဆိုပါအဖွဲ့သည် ကယားပြည်နယ် ဝန်ကြီးချုပ်မှ အဖွင့်စကား ပြောကြားနေစဉ်တွင် အစည်းအဝေးမှ ဒေါသူပုန် ထကာ ထွက်ခွာလာခဲ့ကြသည်။ အမျိုးသမီး ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ဝင်များ သည် နောက်ဆုံးတန်းတွင် ထိုင်နေခဲ့ကြပြီး ထိုသို့ပြုလုပ်မည်ကို အသိပေး မခံခဲ့ကြရပေ။ အမျိုးသမီးများသည် အရေးပါသည့် လှုပ်ရှား ဆောင်ရွက်မှုများ တွင် စတိသဘောမျှသာ ပါဝင်ခွင့်ရကြကြောင်းကို ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်က သာဓကပြနေသည်။

ကျွန်မသည် ကရင်နီအသိုင်းအဝိုင်းတွင် အမျိုးသမီးနှင့် အမျိုးသားများက သိက္ခာရှိစွာဖြစ်စေ၊ လွတ်လပ်စွာဖြစ်စေ မည်သို့ ပြောဆိုဆက်ဆံကြသည်ကို လေ့လာခဲ့သည်။ ဥပမာအားဖြင့် အမျိုးသား၊ အမျိုးသမီးများ တက်ရောက်ကြ သည့် သမားရိုးကျအစည်းအဝေးများတွင် ရှေ့ဆုံးတန်း၌ အသက်ကြီးသော၊ ရာထူးအာဏာရှိသော၊ လူမှုပတ်ဝန်းကျင်တွင် ဩဇာရှိသော အမျိုးသားများက နေရာယူကြသည်။ ၂၀၂၁ ခုနှစ်မတိုင်မီတွင် ကျွန်မ စီစဉ်ခဲ့သော လူထုစည်းဝေး ပွဲများ၌ အမျိုးသားများသည် အနာဂတ်တွင် ဤဒေသနှင့် နိုင်ငံကို မည်သို့ ပုံဖော်လိုကြောင်း သူတို့၏ အတွေးအမြင်များနှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ကရင်နီသမိုင်းအား ၎င်းတို့၏ သုံးသပ်ချက်ကို ပွင့်လင်း လွတ်လပ်စွာ မျှဝေကြစဉ်တွင် အမျိုးသမီးများက အခန်း၏ အနောက်ဘက်တွင် တိတ်ဆိတ် စွာ ထိုင်နေတတ်ကြသည်။ အမျိုးသားများသည် ရုပ်ပိုင်း ဆိုင်ရာအရသာမက ကိုယ်စားပြုအရေးပါသူများအနေဖြင့် ပါဝင်နေကြသော်လည်း အမျိုးသမီးများ သည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် အရေးပါမှုကဏ္ဍများ ကို ၎င်းတို့ကိုယ်တိုင် နှိမ့်ချကြသည်။ ကျွန်မသည် အမျိုးသမီးများ၏ အမူအရာ၊ ခန္ဓာကိုယ် အပြုအမူ နှင့် အစည်းအဝေးတွင် စကားပြောသည့် အမျိုးသမီးများအား အမျိုးသားများက ဆန်းစစ်ဝေဖန်သော မေးခွန်းများကို မေးသည့်အခါတွင် မေးမြန်းသည့် အသံနေအသံထားတို့ကို ကြည့်ကာ အမျိုးသမီးများအနေဖြင့် သူတို့ကို လိုလား ကြိုဆိုခြင်းကို မခံစားရဟု ကောက်ချက် ချသုံးသပ်မိသည်။ ဥပမာအားဖြင့် အမျိုးသမီးများသည် အမျိုးသားများက ၎င်းတို့အား အထင်မကြီးဟု ယုံကြည် ကာ အမျိုးသားများ၏ ရန်လိုသော အပြုအမူများကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် လုပ်ဆောင်ခဲ့သော အစည်းအဝေးတစ်ခု၌ အမျိုးသား၊ အမျိုးသမီးအားလုံးကို နောက်ဆုံးဖြစ်ပျက်နေသည့် နိုင်ငံရေး အခြေအနေများအကြောင်း ပြောဆိုရန် ဖိတ်ခေါ်ခဲ့ရာ အမျိုးသမီးတစ်ဦးသည် ထိုကာလ၌ သူ့အတွက် အရေးအကြီးဆုံး ဖြစ်နေခဲ့သော လျှပ်စစ်မီတာခများ တစ်ဟုန်ထိုး မြင့်တက်သွားခြင်းကို ဆွေးနွေးရန် ဆန္ဒပြုခဲ့သည်။ အမျိုးသား အားလုံးက သူ၏ အကြံပြုချက်မှာ နိုင်ငံရေးကိစ္စမဟုတ်ဟုဆိုကာ  ငြင်းပယ်ခဲ့ ကြပြီး အဆိုပါအမျိုးသမီးအား အသေးအဖွဲ့ကိစ္စကို ထုတ်ဖော်ပြောဆိုလာခြင်း အတွက် နောက်ထပ် ထိုသို့ မလုပ်ရန် သတိပေးခဲ့ကြသည်။

ကရင်နီပြည်နယ်အတွင်းရှိ မတူညီသည့် အစုအဖွဲ့များ တွေ့ဆုံကြပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအကြောင်းကို ဆွေးနွေးရန် အစီအစဉ် ချထားသည့် အခြားအစည်းအဝေးတစ်ခုတွင် တက်ရောက်လာသူ အမျိုးသမီး တစ်ဦးက အမျိုးသမီးများသည် လက်နက်ကိုင်သူစိမ်းယောက်ျားများက ၎င်းတို့ ၏ ကျေးရွာအတွင်းတွင် လျှောက်သွားကာ လူမြင်ကွင်း၌ ကိုယ်လုံးတီးဖြင့် ရေချိုးခြင်းကို မြင်ရသည်မှာ မလုံမလဲနှင့် လုံခြုံမှု မရှိဟု ခံစားရကြောင်းကို ပြောခဲ့သည်။ လက်ရှိတွင် အဖွဲ့အစည်းအမျိုးမျိုး၏ စစ်ဗျူဟာများသည် ကရင်နီအမျိုးသမီးများ အထူးသဖြင့် ကျေးလက်ဒေသမှ အမျိုးသမီးများ အတွက် အနှောင့်အယှက်တစ်ခုဖြစ်သည်။ အမျိုးသမီးများသည် အထူးသဖြင့် ဗမာစစ်တပ်နှင့် လက်နက်ကိုင်အုပ်စုများက ကျူးလွန်သော ပဋိပက္ခများ ကြောင့် ဖြစ်လာသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၏ သားကောင်များဖြစ် နေသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် ကရင်နီ(ကယား)ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေဆဲကိစ္စတစ်ခု ဖြစ်နေသည်ဟု ထုတ်ဖော် ပြသနေသည်။14 ကယားပြည်နယ်နှင့် အိမ်နီးချင်းထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် အမျိုးသမီးအခွင့်အရေးများကို တိုးမြှင့်ရေးအတွက် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်နေသော ကရင်နီအမျိုးသမီးအစည်းအရုံး ၏ နောက်ဆုံးရ အတင်းအချက်အလက်များအရ ကယားပြည်နယ်တွင် ကြားသိနေရသော မုဒိမ်းမှု၊ သက်ငယ်မုဒိမ်း၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှု စုစုပေါင်း (၅၀) ခန့် နှစ်စဉ် ဖြစ်ပွား နေသည်။15

အဆိုပါအစည်းအဝေးတွင် တက်ရောက်လာသူ အမျိုးသမီးများက အမျိုးသမီးများ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုကို မျှဝေခဲ့ကြသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများမှ တက်ရောက်သူ အမျိုးသားများက သူ၏ ပြောဆိုချက်များဖြစ်သော အနှောင့်အယှက်ပေးခံရခြင်း၊ လိင်အခြေပြု အကြမ်း ဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုတို့သည် ယေဘုယျအားဖြင့် အမျိုးသမီးအရေး ကိစ္စများသာဖြစ်ပြီး အမျိုးသားရေးအစီအစဉ်တစ်ခုအဖြစ် ယူဆ၍ မရကြောင်း နှင့် သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွင် ဆွေးနွေး၍ မရကြောင်း ရှုတ်ချပြောဆိုခဲ့ကြသည်။

ဤသာဓကများကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ဆင်းရဲဒုက္ခများ သည် အသိအမှတ်ပြု မခံရသည်ကို တွေ့နိုင်သည်။ အမျိုးသမီးများ၏ စစ်ဖြစ်ရာဒေသတွင် နေထိုင်ရသည့် အတွေ့အကြုံများနှင့်   ကြောက်ရွံ့မှုများ သည် အသေးအဖွဲမျှသာဖြစ်သည် သို့မဟုတ် အမျိုးသားရေးအဆင့်အထိ အာရုံစိုက်ခံရရန် သို့မဟုတ် အစည်းအဝေးများတွင် ဆွေးနွေးရန် မထိုက်တန် သော အမျိုးသမီးအရေးသာဖြစ်သည်ဟု တံဆိပ်ကပ်ခံခဲ့ရသည်။ အမျိုးသမီး များ၏ အကျပ်အတည်း ဒုက္ခများကို ပြည်တွင်းစစ် သို့မဟုတ် လက်နက်ကိုင် ပဋိပက္ခများ၏ နောက်ဆက်တွဲများဖြစ်သည်ဟု မယူဆကြပေ။

လူမှုရေး သို့မဟုတ် သမားရိုးကျမဟုတ်သော စုဝေးပွဲများမှ ရခဲ့သည့် နောက်ထပ် လေ့လာ ကြုံတွေ့ချက်တစ်ခုမှာ အမျိုးသားနှင့် အမျိုးသမီးအကြား အထူးသဖြင့် ကရင်နီဒေသတွင် လူမှုပြောင်းလဲမှုအတွက် လုပ်ဆောင်နေသော ဒေသခံ တက်ကြွလှုပ်ရှားသူများအကြားမှ  ဆက်ဆံရေးဖြစ်သည်။ ရိုးရာ ယဉ်ကျေးမှုစံနှုန်းများ၊ လူမှုဖွဲ့စည်းပုံများ သို့မဟုတ် နိုင်ငံရေးအာဏာများ အကြောင်းကို ထုတ်ဖော်ပြောဆိုသည့် ဖိနှိပ်မှုကို ဆန့်ကျင်တော်လှန်သော အမျိုးသမီးများသည် ပြဿနာရှာသူများအဖြစ် တံဆိပ်ကပ်ခံရစဉ်တွင် ဖိနှိပ်မှု ကို ဆန့်ကျင်တော်လှန်သော အမျိုးသားများသည် မိမိကိုယ်ကို ယုံကြည်မှု ရှိသော၊ သန်မာသောသူများဟု သတ်မှတ်ခံကြရသည်။ အမျိုးသမီးအရေးကိစ္စ များသည် အမြဲတမ်း နောက်ပို့ခံရသည်။ ဥပမာအားဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းလဲခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးတို့သည် အရေးအပါဆုံးသော ကိစ္စရပ်များဖြစ်ကြပြီး အမျိုးသမီး တက်ကြွ လှုပ်ရှားသူများက ထုတ်ဖော်ပြောဆိုလာသည့် အမျိုးသမီးအရေးကိစ္စများသည် အစည်းအဝေးများတွင် ဆွေးနွေးရန် သိပ်အရေးမပါသော ကိစ္စများအဖြစ် အမြဲတစေ ယူဆခံရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အစပြုချိန်မှ ယခုအထိ ဖြစ်ပွားနေဆဲ ဖြစ်သော ခုခံတော်လှန်ရေးလှုပ်ရှားမှုတွင် အမျိုးသမီးငယ်လေးများသည် ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသည့် ပြဿနာများကို ကြုံတွေ့ဖြေရှင်းနေကြ ရသည်။ အမျိုးသမီးများသည် တော်လှန်ရေးတွင် မတူညီသည့် အခန်းကဏ္ဍ များမှ အမြဲတစေ ပါဝင်နေခဲ့ကြသော်လည်း ၎င်းတို့၏ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း မရှိသေးပေ။

ရန်လိုတတ်သည့် အမျိုးသမီးများဟု သုံးနှုန်းခြင်းနှင့် အမျိုးသမီးတက်ကြွလှုပ်ရှားသူများကို ရှုတ်ချပြောဆိုခြင်း

ကျွန်မတွင် အမျိုးသားရေးလှုပ်ရှားမှုအတွက် လုပ်ဆောင်နေကြသော ဒေသခံ တက်ကြွလှုပ်ရှားသူများနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသော ကိုယ်ပိုင်အတွေ့အကြုံ ရှိသည်။ အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးများအား ဖယ်ကြဉ်ထားသည့် အရေးကိစ္စများအကြောင်း ပြောဆိုဆွေးနွေးသည့်အခါတိုင်း ကျွန်မသည် အစွန်းရောက်သော၊ ရန်လိုတတ်သော သူတစ်ယောက်အဖြစ် သတ်မှတ်ခံ ရသည်။ အမျိုးသမီးအရေး ကိစ္စများအတွက် လုပ်ဆောင်နေသည့် ကျွန်မ၏ သူငယ်ချင်းအချို့သည်လည်း အစွန်းရောက်သည်၊ ရန်လိုတတ်သည်ဟု တံဆိပ် ကပ်ခံခဲ့ကြရသည်။ ဂျန်ဒါအရေးကို အမျိုးသားရေးကိစ္စအဖြစ် နားလည်မှု နည်းပါးကြသည်။ ထင်ရှားသည့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးက ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် “ကျွန်တော်တို့က အရာရာကို အမျိုးသမီးရှုထောင့် ကနေပဲ ကြည့်လို့မရဘူး” ဟု ပြောဆိုခဲ့ဖူးသည်။ အမျိုးသမီးများ၏ လိုအပ်ချက်နှင့် စိုးရိမ်ပူပန်မှုများကို ထည့်သွင်း စဥ်းစားခြင်း မရှိသည့်သူများက အမျိုးသားရေး အစီအစဉ်များကို ချမှတ်ရေးဆွဲထားခြင်းသာဖြစ်သည်။  စစ်နှင့် စစ်တပ်ပုံဖြစ်လာသော လူ့အဖွဲ့အစည်း၏ ဘေးထွက်ဆိုးကျိုးကို အမျိုးသမီးများက စိုးရိမ်လျှင် သူတို့၏ စိုးရိမ်ပူပန်မှုများသည် လျစ်လျူရှုခံခဲ့ရ၊ လျစ်လျူရှုခံနေရဆဲဖြစ်သည်။ အမျိုးသမီးများစွာသည် ၂၀၂၁ ခုနှစ် အာဏာ သိမ်းမှုနောက်ပိုင်း ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် ပို၍ အန္တရာယ်များ၊ ခုခံနိုင်စွမ်း မဲ့လာရသည်။

နိဂုံး

အမျိုးသားနှင့် အမျိုးသမီးကို ဆန့်ကျင်ဘက်သဘောအရ ခွဲခြားထားခြင်းသည် အမျိုးသမီးများက အမျိုးသားများနှင့် တန်းတူနေရာ မရသည့်အပြင် လူ့အဖွဲ့အစည်းကိုပြုပြင်ပြောင်းလဲသည့် လှုပ်ရှားမှုများ၊ တည်ဆောက်ရေး လုပ်ငန်းများတွင် သူတို့၏ အရည်အချင်းနှင့် အသိပညာကို  လွတ်လပ်စွာ အသုံးချနိုင်စွမ်းအားတွင်လည်း အကန့်အသတ်ရှိသည်။ ကရင်နီလူထု လိုချင်သည့် ကိုယ့်ကြမ္မာကိုယ်ပြဌာန်းနိုင်ခွင့်ရရန် အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ တော်လှန်ရေးတွင် ပါဝင်ခွင့်ရရမည်။ အမျိုးသမီး များ၏ အမျိုးသားများအပြုအမူကို ဝေဖန်ထောက်ပြမှုကြောင့် လူ့အဖွဲ့အစည်း ကို စစ်တပ်ပုံပြောင်းခြင်းအပေါ် ကရင်နီလူထု၏ ဆန့်ကျင်မှုများ ပိုပုံပေါ်လာ သည်။ အမျိုးသား၊ အမျိုးသမီး၊ ကရင်နီလူထုတစ်ရပ်လုံးကို ဖိနှိပ်နေသည့် နိုင်ငံရေးစနစ်အားလုံးကို တော်လှန်ရမည့်အရာအဖြစ် ထည့်သွင်း စဥ်းစားရ မည်ဖြစ်ပြီး လူမှုအသိုင်းအဝိုင်းအများစုတွင် အမျိုးသားများကို အမျိုးသမီးများ ထက်  ပို၍ ဦးစားပေးသော ဖိုဝါဒကြီးစိုးသည့် စနစ်သည် ဖိနှိပ်နေသည့် စနစ် များထဲမှ တစ်ခုဖြစ်သည်။

“ပုဂ္ဂိုလ်ရေးသည် နိုင်ငံရေး ဖြစ်သည်” ဟူသော အမျိုးသမီးဝါဒ ဆိုရိုး စကားတစ်ခုရှိသည်။16 အကယ်၍ အမျိုးသမီးများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများကို နိုင်ငံရေးအသွင်သို့ မဆောင်ကြဉ်းနိုင်လျှင် အောင်ဆန်း ရုပ်တုစိုက်ထူခြင်းကို ဆန့်ကျင်သည့် ကရင်နီလှုပ်ရှားမှုကဲ့သို့သော နိုင်ငံရေး စနစ်ကို ပြောင်းလဲလိုသည့် လူမှုလှုပ်ရှားမှုများသည် အားလုံးပါဝင်နိုင်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပေ။ လူဦးရေ၏ ထက်ဝက်ဖြစ်သော အမျိုးသမီးများ၏ လွတ်မြောက်မှု မပါဘဲ တိုင်းပြည် တစ်ပြည်သည် မည်သို့ လွတ်မြောက်နိုင်မည်နည်း။ အမျိုးသမီးများ ကြုံတွေ့ နေရသည့်၊ ဆန်းစစ်ဝေဖန်သင့်သည့် အရေးကိစ္စများကို ဆွေးနွေးနိုင်ရန်နှင့် ၎င်းတို့ကို နိုင်ငံရေးစကားဝိုင်းများ၊ လက်ရှိဖြစ်ပွားနေသည့် စစ်တပ်အား ဆန့်ကျင်သော တော်လှန်ရေးတွင် ထည့်သွင်းဆွေးနွေးရန်  အချိန် ကာလသည် မည်သည့်အခါမှ နောက်ကျသည်ဟူ၍ မရှိပေ။ ကိုးကားချက်များ

အဆုံးမှတ်စုများ

1 မြန်မာဘာသာစကားတွင် နိုင်ငံ့အရေးကို အမျိုးသားရေးဟု တိုက်ရိုက်ဘာသာပြန်ပြီး အမျိုးသမီးအရေး သို့မဟုတ် အမျိုးသမီးရေးရာကိစ္စရပ်များသည် အမျိုးသမီးများကို ကာကွယ်ခြင်းနှင့် လူမှုအကူအညီဆိုင်ရာများ ပို့ဆောင်ပေးခြင်းတို့နှင့် သက်ဆိုင်နေ သည်။ ထိုစကားလုံးများသည် ကယားဘာသာစကား (ကရင်နီဘာသာစကား မိသားစု ၏ ဒေသိယစကား ကိုးမျိုးတွင် တစ်မျိုးဖြစ်သော) တွင် တိုက်ရိုက် ဘာသာပြန်ဆိုထား ခြင်း မရှိပေ။
2 ကျွန်မသည် မြန်မာအစိုးရက ပေးအပ်ထားသော တရားဝင်အမည်ဖြစ်သည့် “ကယား” ထက်စာလျှင် “ကရင်နီ” ဟု သုံးနှုန်း ရခြင်းကို ပို၍ သဘောကျသည်။ ကရင်နီသည် မြန်မာနိုင်ငံတွင် လူဦးရေအနည်းဆုံးသော ပြည်နယ်များထဲမှ တစ်ခုဖြစ် ပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ကရင်နီသည် ၁၉၄၈ ခုနှစ်တွင် နိုင်ငံလွတ်လပ်ရေးရပြီးနောက်မှသာ မြန်မာနိုင်ငံထဲမှ ပြည်နယ် တစ်ခုဖြစ်လာခဲ့သည်။ သမိုင်းတွင် ကရင်နီသည် သီးခြား လွတ်လပ်သော တိုင်းပြည် အဖြစ် ရပ်တည်ခဲ့သည်။ ပို၍ နားလည်စေရန် Transitional Institute ၏ ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ (၂၈) ရက်တွင် ထုတ်ဝေသည့် ကတိစကားနှင့် ရုပ်တုဟူသော ဒီးဒီ၏ ထင်မြင်သုံးသပ်ချက်ကို ကြည့်ပါ။
3 ကရင်နီပြည်နယ်တွင် တစ်ဒါဇင်ထက်ပိုသော ကရင်နီတိုင်းရင်းသားလူမျိုးခွဲများရှိပြီး အမျိုးသမီးများသည် ၎င်းတို့၏ လည်ပင်းရှည်များကြောင့် လူသိများသော ပဒေါင် (ကယန်း)၊ ကယား၊ ဂေခို၊ ဂေဘား၊ ပရဲ့၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်၊ ဘွယ်နှင့် ပကူးတို့ပါဝင်သည်။ ပို၍ သိရှိလိုပါက Smith, 1994 ကို ကြည့်ပါ။
4 ထိုအချိန်မှစကာ ဩဂုတ်လ (၉) ရက်နေ့သည် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
5 Tadayuki, 2014.
6 သတင်းအချက်အလက် ဖြတ်တောက်ခြင်း၊ ရိက္ခာဖြတ်တောက်ခြင်း၊ တပ်သားသစ် စုဆောင်းမှု ဖြတ်တောက်ခြင်း၊ ငွေကြေး ဖြတ်တောက်ခြင်း
7 The Border Consortium, 2019.
8 ဤ‌ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သည်။
9 ကေအန်ပီပီ နည်းပညာဆိုင်ရာထောက်ပံ့မှုအဖွဲ့မှ မော်သဲမာနှင့် အင်တာဗျူး၊ ၂၀၁၉ ခုနှစ်
10 ဤတုံ့ပြန်မှုကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ အမျိုးသား ခေါင်းဆောင်တစ်ဦးက ၂၀၁၉ ခုနှစ်၊ မေလတွင် ပုဂ္ဂိုလ်ရေးအရ ဆက်ဆံပြောဆိုကြ စဥ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
11 ၂၀၁၉ ခုနှစ်၊ မတ်လတွင် အမျိုးသားခေါင်းဆောင်တစ်ဦး ပြောကြားခဲ့သော မှတ်ချက်စကား။
12 မြန်မာယဉ်ကျေးမှုသုတေသနအသင်း၏ အောင်ဆန်းရုပ်တုလေ့လာမှု၊ ၂၀၁၉။
13 ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွင် ပါဝင်ခဲ့သော အမျိုးသမီးအဖွဲ့ဝင်တစ်ဦး၊ မတ်၊ ၂၀၁၉။
14 ကရင်လူ့အခွင့်အရေးအဖွဲ့၊ Suffering in Silence ၊  မြန်မာနိုင်ငံအရှေ့တောင်ပိုင်း တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ။
15 Hein Ko Soe, 2018.
16 ဖမ်မနစ်တစ်ဦးဖြစ်သည့် ကာရိုးလ်ဟန်းနစ်ရှ်သည် ဤစကားစုကို သူ၏ “ပုဂ္ဂိုလ်ရေး သည် နိုင်ငံရေးဖြစ်သည်” ဟူသော အက်ဆေးတွင် ၁၉၆၉ ခုနှစ်၌ ထည့်သွင်းရေးသား ကာ နာမည်ကျော်စေခဲ့သည်။

ကိုးကားချက်များ

Dee Dee. (2019, June 28). The Promise and The Statue. Transnational Institute. https://www.tni.org/en/article/the-promise-and-the-statue

Hanisch, C. (1969, February). The Personal Is Political: The Women’s Liberation Movement Classic with a New Explanatory Introduction. http://www.carolhanisch.org/CHwritings/PIP.html

Hein Koe Soe. (2018, April 10). Tackling sexual violence in Kayah. Frontier Myanmar. https://www.frontiermyanmar.net/en/tackling-sexual-violence-in-kayah/

Karen Human Rights Group. (2018). Suffering in silence? Sexual violence against women in Southeast Myanmar. https://khrg.org/2018/12/18-4-nb1/suffering-silence-sexual-violence-against-women-southeast-myanmar

Myanmar Cultural Research Society. (2019). Karenni People and the Bogyoke Aung San Statue. Conflict Studies Issue 1.

Smith, M., & Allsebrook, A. (1994). Ethnic groups in Burma: Development, democracy and human rights. Anti-Slavery International.

Tadayuki, K. (2014, February 5). Karenni and Kayah: The Nature of Burma’s Ethnic Problem over Two Names and the Path to Resolution. Sasakawa Peace Foundation Asia Peacebuilding Initiatives. https://www.spf.org/apbi/news_en/m_140205.html

The Border Consortium. (2019). 2019 Annual Report. https://www.theborderconsortium.org/wp-content/uploads/2020/08/TBCAnnualReport2019-for-website.pdf