ဧရိယာပြင်ပ

မကျေး | Click here to read this article in English.

Cite as: 
မကျေး၊ (၂၀၂၃)၊ ဧရိယာပြင်ပ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4710

ရန်ကုန်ရဲ့ မြခွာညိုမှာ
ငါတို့အချင်းချင်း
စကားတွေလုပြောနေကြရင်း
စားစရာတွေကုန်သွား၊ သောက်စရာတွေအေးစက်
အရသာမခံမိတဲ့နေ့ရက်တို့ရှိခဲ့
ခုများတော့
အဲဒီအငွေ့အသက်တို့
မယုံနိုင်အောင် ပျောက်ပျက်ခဲ့ရ။
ခုများတော့
သစ်ဥသစ်ဖုတွေ တောက်လျှောက်စားရင်း
တစ်ခါတလေ
ခေါက်ဆွဲခြောက်လေး ချင်ခြင်းတပ်မိတယ်တဲ့လား ညီမလေးရေ
ရင်ဘတ်တူ၊ လမ်းတူ တိုင်းရင်းသူ ညီမလေးရေ…
ညီမရဲ့ မှန်လိုကြည်လင်တဲ့ စိတ်အခံကြောင့် ချစ်ခြင်းတွေ မြဲခဲ့မြံခဲ့ကြ
ခုများတော့
ညီမအသံလေးကြားဖို့ဆိုတာ
ပြေးရင်းလွှားရင်း လိုင်းမိတဲ့နေရာကျ ဆက်မှာပေါ့ အစ်မရေတဲ့
အင်းယားမိုးနဲ့မတူ ခြားနားတဲ့ တောတောင်ကြားက မိုးရေထဲ
ညီမ ဘယ်လိုနေလဲ မေးလို့မထွက်
ခြေထောက်ဒဏ်ရာနဲ့
ကျောက်ကပ်သိပ်မကောင်းတဲ့ ညီမ
ခါးကလည်း နာနေသေးသတဲ့
ဆေးဝါးမပြည့်မစုံ
အစားအသောက်ချို့တဲ့
ဘယ်လောက်များ ပင်ပန်းနေမလဲလို့ မတွေးရက်ခဲ့
အမေ့ကို တွေ့ချင်လိုက်တာတဲ့
လွှတ်ခနဲပြောတဲ့အခိုက်
ကျွန်မ အငိုက်မိသွားခဲ့ရ
စကားလုံးရွေးမရဘဲ တုန်ခိုက်ဆဲ
“တွေ့ဖို့မလွယ်ပါဘူး အစ်မရယ်တဲ့”
ကျွန်မပြောမထွက်တဲ့စကား သူကပဲ ပြောပြန်ရောလေ
ညီမက အဲလိုမျိုး ညီမ
အစ်မ မငိုရဘူးနော်လို့ပြောရင်း တဟားဟားအော်ရယ်နေတုန်း
ဖုန်းလိုင်းပြတ်သွားခဲ့ပါတယ်။ အလိုလိုစီးကျတဲ့ မျက်ရည်အတွက် ရှက်မိပါရဲ့။