အိပ်မက်စားသူ

နယုန်မိုးသွေး | Click here to read this article in English.

Cite as: 
နယုန်မိုးသွေး၊ (၂၀၂၃)၊ အိပ်မက်စားသူ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4699

တစ်ရာသီစာပဲ
ခူးခြွေခွင့်ရတဲ့ အိပ်မက်တွေ
ရက်လွန်တာကြာပြီ
ကိုယ်က ဈေးပေါင်ကျိုးတဲ့ထိ စောင့်တုန်း။
မနေ့ကထိတော့
ကြိုက်ရောင်း ကြိုက်ဝယ်
ကောင်းရောင်းကောင်းဝယ်တွေကြား
ဈေးကောင်းရလိုရငြား
အိပ်မက်တွေဟာ လူးလာခေါက်တုံ့။

နောက်ဆုံး
ပင်လယ်ထဲက ကျီးမိုက်ဟာ
တစ်စစ ပဲ့ရွဲ့လာတဲ့ ဆင်သေပုပ်လို
ကိုယ့်အိပ်မက်ကိုယ် ဝါးမျိုရင်း
ကမ်းမမြင်လမ်းမမြင် ဖြစ်လေမှ
“ငါ သွားရတော့မယ်”
ရိပ်မိ။

ခုရော…
လမ်းတွေ ကြည့်ကြည့်ပါဦးလား
ငါတော့
မမြင်ရတော့ဘူး
ဘယ်နားမှာ တို့ ခွဲခွာကြမှာလဲ..
(ဟင့်အင်း)
မဟုတ်သေးဘူး။

ခွဲခွာဖို့ ဘယ်တုန်းကမှမှ
မပြင်ဆင်ခဲ့မိတာ
ဒီလို မမေးချင်ဘူး
“ငါသေတော့ ဘယ်သူငိုမှာလဲ” ပဲ
မေးချင်တာ
ဖြေသူရှိလား…
…………………
………………………

တကယ်တမ်း ငါ မကြားနိုင်တော့ပါ။