လူ့အဖွဲ့အစည်းရဲ့ နာမကျန်းမှုတွေကို ထမ်းပိုးထားတဲ့ လူသားများ

အရှင်း နဲ့ ကတ်နစ် | Click here to read this article in English.

Cite as: 
အရှင်း နဲ့ ကတ်နစ်၊ (၂၀၂၃)၊ လူ့အဖွဲ့အစည်းရဲ့ နာမကျန်းမှုတွေကို ထမ်းပိုးထားတဲ့ လူသားများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4714


စာတမ်းအကျဉ်း

ယခုဆောင်းပါးတွင် မြန်မာနိုင်ငံရှိ လိင်အလုပ်လုပ်ရသူ ထရန့်ဝူးမန်း (trans women) များ နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများသည် နာမကျန်း လူ့အဖွဲ့အစည်း၏ အကျိုးဆက်တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။ ကိုယ့်ဆွေမျိုးသားချင်း၏ ဂျန်ဒါနှင့် လိင်ဖြစ်တည်မှုကို လက်ခံမပေးနိုင်သော မိသားစုအသိုင်းအဝိုင်းမှသည် ထရန့်ဝူးမန်းများအား လုပ်ငန်းခွင်တွင် အမျိုးသမီးအဖြစ် အသိအမှတ်မပြုမှုနှင့် လိင်ပျော်ပါးသူနှင့် အာဏာပိုင်များ၏ လိင်အကြမ်းဖက်မှုအပါအဝင် အမျိုးမျိုးသော အကြမ်းဖက်မှုများအား ရင်ဆိုင် ခံစားနေရသော ထရန့်ဝူးမန်းများသည် များစွာသော အလုပ်အကိုင်များနှင့် ဆက်ဆံရေးများမှ အဆက်ဖြတ်ခံထားရပြန်သည်။ လူ့အဖွဲ့အစည်းသည် ၎င်းတို့အား လူသားအဖြစ် အလုံးစုံ မရှုမြင်ကြပေ။ ဤဆောင်းပါးသည် လိင်အလုပ်လုပ်ရသူ ထရန့်ဝူးမန်းများနှင့် တွေ့ဆုံမေးမြန်းမှုများမှတစ်ဆင့် အဆိုပါလိင်လုပ်သားများ၏ ရုန်းကန်မှုများ၊ အသက်ရှင် ရပ်တည်ရေးအတွက် အားထုတ်မှုများ၊ အချင်းချင်းကြား ဖေးမမှုများနှင့် လိင်လုပ်သားအများအပေါ် အမြတ်ထုတ် ခေါင်းပုံဖြတ်နေသော လူအဖွဲ့အစည်း၏ အမှောင်ဘက်အခြမ်း များအကြောင်းကို ဖော်ထုတ်ရေးသားထားသော ထူးခြားသည့် ဆောင်းပါး တစ်ပုဒ်ဖြစ်သည်။

နိဒါန်း

လူသားလို့ပြောရင် ဘာကို ပြေးပြီးမြင်ကြပါသလဲ။ ယောက်ျားတစ်ယောက် အဖြစ် မြင်ယောင်ကြလား၊ မိန်းမတစ်ယောက်အဖြစ် မြင်ယောင်ကြလား။ သေချာတာကတော့ အယ်လ်ဂျီဘီတီကျူ (LGBTQ+) တစ်ယောက် အထူးသဖြင့် ထရန့်ဂျန်ဒါ (tfansgender) တစ်ယောက်အဖြစ် ရုတ်တရက် မြင်ယောင်မိသူကတော့ မရှိသလောက် ဖြစ်ပါလိမ့်မယ်။ ဒါက လူသားဆိုတာ ကို ဘယ်လိုသတ်မှတ်လဲဆိုတဲ့၊ ကျွန်တော်တို့ရဲ့ အတွေးအမြင်ထဲမှာ အရိုးစွဲ နေတဲ့ စံနှုန်းတွေက သတ်မှတ်သွားတာဖြစ်တယ်။ လူ့လောကကို ရောက်လာ ရင် လိင်အင်္ဂါပေါ်အခြေပြုပြီး လူ့အဖွဲ့အစည်းက တစ်ဦးချင်းစီကို ကျား၊ မ ဂျန်ဒါပြုပြီး အများလက်ခံထားတဲ့ ဂျန်ဒါစံနှုန်းနဲ့ နေထိုင်တုံ့ပြန်တတ်အောင် ပြုစုပျိုးထောင်ကြတယ်။ အများလက်ခံတဲ့ ဂျန်ဒါနဲ့ ပတ်သက်တဲ့ စံတွေကို အရိုးစွဲသွားအောင်သင်ပေးတယ်။ ဒီစံနှုန်းတွေနဲ့ မညီတဲ့၊ ညီအောင်မနေဘူးလို့ အမြင်ခံရတဲ့ အယ်လ်ဂျီဘီတီကျူ (LGBTQ+) တွေဟာ လူသားဖြစ်မှုကနေ တစ်ဆင့်နှိမ့်ချသတ်မှတ်ခံရတယ်။ ဒီလိုမျိုး လူသားအဖြစ်ကနေ နှိမ့်ချခံရတဲ့ အယ်လ်ဂျီဘီတီကျူတွေ ထဲမှာတောင် ဖိနှိပ်မှုတွေ အထပ်ထပ်နဲ့ တစ်ပြိုင်နက် တည်ရှိနေတယ်။ ဒီဆောင်းပါးမှာ လူတွေ ဖိနှိပ်နေကြတဲ့၊ မပြောကြတဲ့၊ လျစ်လျူရှုထားကြတဲ့ လိင်အလုပ်လုပ်ရသူ ထရန့်ဝူးမန်းတွေ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်တယ်။

လိင်အလုပ်လုပ်ကိုင်ရသူလို့ ပြောရင် လူတွေက နှာခေါင်းရှုံ့ကြတယ်၊ ရှုတ်ချတယ်၊ ဖိနှိပ်တယ်၊ လျစ်လျူရှုကြတယ်။ ကုသိုလ်ကံ မကောင်းလို့ ဆိုတာ မျိုးနဲ့ ပုံဖော်ကြသလို၊ လွယ်လွယ်ရလို့ လွယ်လွယ်လုပ်တာဆိုပြီးတော့လည်း ပုံဖော်ကြတယ်။ လူ့အဖွဲ့အစည်းကို ဖျက်ဆီးနေကြတဲ့ ကပ်ပါးကောင်တွေ အဖြစ် သတ်မှတ်ကြတယ်။ ဒါ့အပြင် ထရန့်ဝူးမန်းတွေဟာ လိင်အခြေပြု ဖိနှိပ်ခံရတဲ့ အယ်လ်ဂျီဘီတီကျူမှာမှ နေ့စဉ်ဘဝမှာ ပိုပြီး လိင်အခြေပြု ဖိနှိပ်ခံ ရတယ်။ ဒါ့ကြောင့် ထရန့်ဝူးမန်းတစ်ယောက်လည်းဖြစ် လိင်အလုပ် လုပ်ကိုင် ရသူလည်းဖြစ်တဲ့ လူတွေဟာ လူ့အဖွဲ့အစည်းက ဖိနှိပ်မှုတွေကို ဘဝ တစ်လျှောက်လုံး ကြုံတွေ့ခံစားရတယ်။ ဒီလူသားတွေအကြောင်းနဲ့ ဒီလူတွေ အပေါ်မှာ ဘယ်လိုဖိနှိပ်မှုတွေရှိနေလဲ၊ သူတို့ရော ဒီလိုဖိနှိပ်မှုတွေကို ဘယ်လို ရင်ဆိုင်နေကြလဲဆိုတာကို ပြောမှရလိမ့်မယ်။ ထရန့်ဝူးမန်း လိင်လုပ်သား တွေနဲ့ တွေ့ဆုံမေးမြန်းပြီး နာမကျန်းဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကို ထမ်းပိုးထား ရတဲ့ သူတို့အကြောင်း၊ သူတို့ဘဝတွေကို ဖော်ပြရင်း လူ့အဖွဲ့အစည်းက သူတို့ကို ဘယ်လိုဖိနှိပ်နေသလဲ ဆိုတာကိုပါ ဒီဆောင်းပါးမှာ ထောက်ပြထားပါ တယ်။

လိင်အခြေပြုဖိနှိပ်မှုနဲ့ ထရန့်ဝူးမန်းများ

…အဖေနဲ့ လုံးဝအဆင်မပြေတာ။ အစ်မကလေ ရွာမှာကတည်းက ပွဲတွေ ဘာတွေသွားရင် သူများဆီက အဝတ်အစားတွေငှား၊ မိန်းကလေးလို မဝတ်ရ တော့ ငှားပြီး ရွာအဆုံးရောက်ရင် ခိုးပြီးဝတ်၊ တချို့က မြင်ရင်တိုင်။ တိုင်ရင် အစ်မကို အုတ်ခဲနဲ့ လိုက်ပစ်ခံရတာတို့၊ ဓားနဲ့ လိုက်ခုတ်ခံရတာတို့၊ ပြောမယ် ဆိုရင် မျိုးရိုးသိက္ခာကျတဲ့ အနေအထားပေါ့နော်။ အဖေ့ဘက်က လုံးဝ လက်မခံဘူး။ အမေကတော့ အားကိုးရတယ်၊ အဖေရိုက်ပြီဆို အမေက လက်ဆွဲပြီး ပြေးတော့တာပဲ။ တကယ်လည်း ရန်ကုန်ရောက်ဖြစ်တာကလည်း အဲဒီလို ပြဿနာကြောင့် ရောက်လာတာ။ အခုကျတော့ အဆက်အသွယ်လည်း မလုပ် ဖြစ်ဘူးပေါ့၊ ဒီဟာတွေလည်း ကြိုက်မှာမဟုတ်ဘူးလေ…

လို့ ပြောတာကတော့ ငယ်စဉ်ထဲက ရခိုင်ပြည်မှ ရန်ကုန်ကို ရွှေ့ပြောင်းလာပြီးတော့ လက်ရှိ လိင်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ မစိုပြေ (အမည်လွှဲ) က သူ့ရဲ့ ထရန့်ဝူးမန်းဖြစ်တည်မှုအပေါ် မိသားစုရဲ့ သဘောထားကို ပြောပြပါတယ်။ မစိုပြေလိုပဲ လက်ရှိလှိုင်သာယာက ထရန့်ဝူးမန်း လိင်အလုပ် လုပ်ကိုင်ရသူ တစ်ယောက်ဖြစ်တဲ့ မခင်ခင် (အမည်လွဲ) က သူ့ရဲ့ မိသားစုက သူ့အပေါ် သဘောထားကိုလည်း ပြောပြပါတယ်။

…အစ်မက မိန်းကလေးလို ဝတ်တာ ကြာပြီ။ နှစ်နဲ့ချီနေပြီပေါ့နော်။ ကိုယ့်အိမ်သွားတယ်ဆိုရင်တော့ ဘောင်းဘီရှည်လေးဖြစ်ဖြစ် ဝတ်သွားရတာပေါ့။ လှတပတလေးတော့ ပြင်သွားတာတော့ ရတယ်။ ဝမ်းဆက်တွေ ဘာတွေနဲ့တော့ မသွားရဘူး။ ကိုယ့်အစ်ကိုတွေရဲ့ သိက္ခာတွေ၊ အမေတွေ သိက္ခာတွေက ရှိတယ်လေ။ ဒီမှာကတော့ မိန်းမလို တူအောင် ဝတ်ချလိုက်တာ ကိုယ်တွေက သိတယ်မလား။ မိန်းမလိုမျိုး ဝတ်သွားရင် သူတို့က ရှက်တယ်လေ။ ကိုယ်က ဝတ်ချင်တယ်လေ။ ကိုယ့်ရွာနဲ့ ကိုယ်ဆိုတော့ လှပပြီးတော့ သွားချင်တယ်လေ။ ကိုယ့်အစ်မကကျတော့ ကိုယ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ အစ်မက ယောက်ျားစိတ် ဖြစ်နေတဲ့အတွက် ကိုယ့်ကို မြင်ရင်လည်း သူက အမြင်ကတ်တယ်။ သူ့ကို မြင်ရင်လည်း ကိုယ်က စကားမပြောဘူး။ သူက ယောက်ျားလျာ။ ကိုယ်က ငယ်ငယ်လေးထဲက မိန်းမလို ခံယူစိတ်တွေ ပေါ်လာတဲ့အခါကျတော့ အဲဒီလိုမျိုး မိန်းမလိုမျိုး ဝတ်လာပြီဆိုရင် ကိုယ်နဲ့ သူနဲ့ မတည့်တော့ဘူး။ နောက်ပိုင်းပြောလို့ မရတော့မှသာ လက်ခံတာ။ အိမ်ကကျတော့ အဲဒီ ယောက်ျားလျာလိုနေတာကိုကျ အိမ်ကရော အစ်ကိုကရော ဘာမှမပြောဘူး။ ပတ်ဝန်းကျင်က ပြောလိုက်ရင်လည်း နင်တို့သားက အခြောက်မတို့ ဘာတို့ ပြောတဲ့အခါ ကိုယ်က ရှက်တာပေါ့လေ။ အမှန်တိုင်းပြောရရင် ကိုယ်တွေက ဒီဟာက လုပ်ယူလို့ ရလာတာ မဟုတ်ဘူးလေ။ ကိုယ့်ဘဝကံပေးကြောင့်ပဲဖြစ်လာတာဆိုတော့။ တစ်ခါတလေ အစ်မ တစ်ဝမ်းကွဲတွေနဲ့ ရန်ဖြစ်တဲ့အခါဆိုရင်လည်း ယောက်ျားတန်မဲ့ မိန်းမအဝတ် အစားဝတ်တာတို့ ယောက်ျားတန်မဲ့ ကန်တော့ပါရဲ့ -င်ခံတာတို့ အဲဒီလိုတွေ ထည့်ပြောတဲ့အခါကျ မတည့်ဘူးလေ။ တစ်ခါတလေကျရင်လည်း အခြောက် ဖြစ်တဲ့အပြင် ဒီလို (လိင်အလုပ် လုပ်ကိုင်ရသူအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေရခြင်း) လုပ်တော့ ပြောကြတာပေါ့လေ။ ဒါပေမဲ့ ကိုယ့်ဘဝဇာတ် ကိုယ်ပဲ က ရတာလေ။ ဘာပဲဖြစ်ဖြစ် ပြောချင်တာ ပြောပါစေ ခေါင်းငုံ့ခံလိုက်တယ်။ ဘယ်လိုပဲ ဆဲနေဆဲနေ ကိုယ့်ကိုယ်ကိုယ် ‘ငါ အခြောက်မပဲ’ ဆိုပြီး သန္နိဋ္ဌာန် ချနေလိုက်တယ်…

လို့ သူ့ရဲ့ အတွေ့အကြုံနဲ့ ခံစားချက်တွေကို ပြောပြပေး သွားတယ်။ မစိုပြေနဲ့ မခင်ခင်ရဲ့ ထရန့်ဝူးမန်းဖြစ်တည်မှုအပေါ် မိသားစုတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကိုကြည့်ရင် ထရန့်ဝူးမန်းတစ်ယောက်ကို မိသားစုက ဖိနှိပ်နေတဲ့ လိင်အခြေပြုဖိနှိပ်မှုကို မြင်နိုင်တယ်။ တစ်ချိန်ထဲမှာ လိင် အခြေပြုဖိနှိပ်မှုဟာ ဆက်လက်တည်ရှိနေဖို့အတွက် တခြားသူက ဖိနှိပ်မှသာ ဖိနှိပ်မှုကို ခံစားရအောင်၊ ရှိအောင်မဟုတ်ဘဲနဲ့ ကိုယ်ကိုယ်တိုင် လိင်အခြေပြု ဖိနှိပ်မှုအတွေးအခေါ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖိနှိပ်အောင် နေ့စဉ်ဘဝက သင်ကြားမှုတွေ၊ အပြောအဆိုတွေ၊ ဘာသာရေးကံတရား စတာတွေကနေ တစ်ဆင့် ပုံသွင်းတယ်။ မခင်ခင်ပြောပြပေးသွားတာကို ကြည့်မယ်ဆိုရင် မခင်ခင်ဟာ သူ့ရဲ့ ထရန့်ဝူးမန်း ဖြစ်တည်မှုကြောင့် သူ့ရဲ့ မိသားစုက သူ့ကြောင့် ပတ်ဝန်းကျင်မှာ သိက္ခာကျဆင်းရတယ်ဆိုတဲ့ အခြေအနေဖြစ်နေတဲ့အပြင် ထရန့်ဝူးမန်းဖြစ်တာကြောင့် ဒီဖိနှိပ်မှုတွေဟာ ရှိမှာပဲ၊ ခံရမှာပဲ၊ ကံအကျိုးပေး ကြောင့်ဆိုပြီး လက်ခံပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပါ လိင်အခြေပြု ဖိနှိပ်မှု ပြန်လုပ်ရတယ်။ ဒီလိုဖြစ်အောင် နေ့စဉ်ဘဝမှာ မိသားစုနဲ့ ပတ်ဝန်းကျင်တွေ ကနေတစ်ဆင့် မခင်ခင်ရဲ့ ထရန့်ဝူးမန်းဖြစ်တည်မှုဟာ မိသားစုနဲ့ လူ့အဖွဲ့ အစည်းကို ဖျက်ဆီးနေတဲ့လူ ဖြစ်တယ်၊ ကံအကျိုးပေးဖြစ်တယ်ဆိုပြီးတော့ ငယ်စဉ်ထဲက ပုံသွင်းပြီးတော့ လိင်အခြေပြုဖိနှိပ်မှုကို ဆက်လက် တည်မြဲစေ တယ်။ ဒါ့အပြင် မခင်ခင်ရဲ့ ပြောပြချက်တွေထဲမှာ ထရန့်ဂျန်ဒါ ဖြစ်တည်မှုခြင်း တူခဲ့ရင်တောင် ထရန့်ဝူးမန်း (trans women) တွေနဲ့ ထရန်စ်မန်း (trans men) တွေနဲ့ ကြားက မတူညီတဲ့ ဖိနှိပ်မှုပုံစံတွေ ကွာခြားပုံကို မြင်ရမှာဖြစ်တယ်။ ‘မ’စံဟာ ‘ကျား’စံထက် နိမ့်တယ်လို့ သတ်မှတ်ကြတဲ့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတစ်ယောက်ကဲ့သို့ လူအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ‘မ’ဂျန်ဒါ စံနှုန်းတွေအတိုင်း နေကြတဲ့ ထရန့်ဝူးမန်းတွေအပေါ် မတူညီတဲ့ ဖိနှိပ်မှုတစ်ခု ထပ်ရှိနေသေးတယ်ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေက ထရန့်ဝူးမန်း လိင်အလုပ်သမတွေ ကို ဘယ်လို သက်ရောက်နေလဲ

လက်ရှိအခြေအနေ စစ်အာဏာသိမ်းပြီးကာလမှာ နိုင်ငံ့စီးပွားရေးက အောက်ခြေကို ထိုးကျလာတယ်။ ကိုဗစ်ကာလတွေထဲက နလန်ထူမလာတဲ့ အပြင် အောက်ခြေကို ရောက်ရှိသွားတာမို့ အခြေခံလူတန်းစားလူထုအနေနဲ့ အရင်ဆုံး ရှေ့ကနေ ရင်စည်းခံရတယ်။ မစိုပြေတို့၊ မခင်ခင်တို့လို ထရန့်ဝူးမန်း လိင်အလုပ်လုပ်ကိုင်ရသူတွေဟာ အာဏာမသိမ်းခင်ကာလတွေထဲက ခက်ခဲ တဲ့ အခြေအနေတွေ၊ လူမှုဘဝတွေကို ကြုံတွေ့ရပြီးသားဖြစ်တယ်။ လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေကို ကြုံရတာဟာ ခက်ခဲပြီးသား ဘဝအခြေအနေ တွေကို ပိုပြီးဆိုးရွားစေတယ်။

…ပုံမှန်ကတော့ (အလုပ်တစ်ခါလိုက်ရင်) သုံးထောင်လို့ပဲ ပြောရမှာပေါ့လေ။ မဖြစ်မနေက သုံးထောင်ပေါ့။ တချို့ကျ ငါးထောင်၊ တချို့ကျ ခုနှစ်ထောင်၊ ရှစ်ထောင်။ ပိုက်ဆံက ပုံမှန်မရှိတဲ့အပြင် အခုကာလက ပိုဆိုးတယ်။ သွားရင် အစ်မကုန်တာက လေးထောင်၊ ရတာက သုံးထောင်လည်း ရချင်ရမယ်၊ ငါးထောင်လည်း ရချင်ရမယ်။ လေးရက် ဆက်တိုက် အဲဒီလို ပြန်လာရတော့ မသွားတော့ဘူး။ ငါးရက်ခြောက်ရက် နားလိုက်တယ်။ ဘာမှ မထူးတာလေ။ လမ်းစရိတ်တောင် ပြန်မပါလာဘူး။ အခုကာလမှာ ဘယ်သူမှလည်း ညဉ့်နက်ရင် မထွက်ရဲကြဘူး၊ အစ်မတို့က ကိုယ့်အလုပ်လို သဘောထားပြီးတော့ ထွက်ကြတာလေ။ လူမရှိတဲ့အခါကျ ပိုပြီးအဆင်မပြေဘူး။ ကားသမားတွေ လည်း သူတို့မိသားစု အဆင်ပြေမှ ကိုယ်တွေဆီ လာနိုင်မှာလေ။ အစ်မကတော့ ပိုက်ဆံရသလောက်တော့ လိုက်ချင်တာပေါ့။ အစ်မဆို များသောအားဖြင့် အမူးသမားတွေဆို မလိုက်ဘူး။ စကားပြောလည်း မကောင်းဘူး၊ သူတို့ ရစ်လည်း ခံရဦးမယ်။ တကယ်လို့ သူတို့ အရမ်းရစ်တာ ကိုယ်မခံနိုင်ဘူးဆို ပြဿနာ က ဖြစ်ဦးမယ်။ အဆင်မပြေတာလည်း ပါတယ်။ လမ်းစရိတ် ကုန်တာလည်း ပါတယ်။ တစ်ခါတလေ အစ်မဆို တစ်ပြားမှ မရဘဲ ပြန်လာတာမျိုး ရှိတယ်။ အုပ်စုလိုက်သွားရင်တော့ တန်တယ်လေ။ တစ်ခါတလေ တစ်ယောက်တည်း မိုးချုပ်မှ သွားရင် အသွားအပြန် လေး ငါး ရှစ်ထောင်ရှိတယ်။ ဟိုရောက် မှ ပိုက်ဆံမရရင်ဆိုပြီး တွေးမိရင် ငါ တစ်ယောက်တည်းဆို မသွားတော့ပါဘူးဆိုပြီး အဲဒီလိုလုပ်တာမျိုးရှိတယ်။ အခုက ဒီလိုလုပ်လို့ မရတော့ဘူး။ အစ်မမှာ အကြွေးတွေ အများကြီး ရှိတယ်လေ။ အစိုးရချေးငွေ တစ်နေ့ကို ကိုးထောင် သွင်းရတာ ရှိတယ်။ အဲဒါကြောင့် ဒီလမှာ ဆက်တိုက်ဆိုသလို ဖြစ်နေတာ အလုပ်ဆင်းတာ။ ဟိုးတစ်နေ့က နားလိုက်တယ်။ နှစ်လုံး နှစ်ရာဖိုးလောက်ပေါက်တာနဲ့ တစ်ရက်ခ ဖူလုံသွားတော့ နားလိုက်တယ်…

လို့ မစိုပြေက လက်ရှိ လုပ်နေရတဲ့ အခြေအနေကို ပြောပါတယ်။ ဆက်လက်ပြီးတော့ အသက် (၂၈) နှစ်အရွယ် ထရန့်ဝူးမန်း တစ်ယောက်ဖြစ်တဲ့ မခင်ခင် (အမည်လွှဲ) က

…လက်ရှိတော့ အလုပ် ဆင်းတာက စက်မှုဇုန်တို့ အဲဒီလောက် ပဲဆင်းတယ်။ လမ်းလျှောက်ပြီး ဆင်းတာ။ သူငယ်ချင်းနဲ့ တူတူ ဆင်းတာပေါ့။ တစ်ခါတလေ သူက အလုပ်ပါသွားတယ် ဆိုရင် တော့ ကိုယ်ပြန်လာတယ်။ တူတူဆုံတဲ့အခါကျရင်လည်း တူတူ ပြန်လာကြတယ်။ လမ်းပဲလျှောက်ရတာ။ ဘုရင့်နောင်တံတား ထိပ်ထိပါ ရောက်သွားတာ။ အခုက ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်တွေ အခြောက်တွေကို မယုံကြတာ များတယ်လေ။ ဘာလို့လဲဆို တချို့အခြောက်တွေက ခိုးသွားတာရှိတဲ့ အခါကျ တော့ ကိုယ်တွေကိုပါ မုန်းသွားတာပေါ့။ အလုပ်ကရရင် တောင် အခြောက်တွေမြင်ရင် လန့်ပြီး ပြန်သွားရော။ ဈေးဦး မပေါက်ဘဲ ပြန်လာတဲ့ ရက်တွေလည်းရှိတယ်။ ပုံမှန်တော့ မရှိ ဘူး။ တစ်ခါတလေ ကျရင်လည်း တစ်သောင်းလောက်တော့ ရတယ်။ အဲဒီလောက်ရရင်တော့ ပြန်လာလိုက်တယ်။ တစ်ခါ တလေကျရင်လည်း နှစ်ထောင်၊ သုံးထောင်နဲ့ ပြန်လာတာ လည်းရှိတယ်။ အဲဒါကတော့ များတာပေါ့လေ။ သောင်းကျော် တာက တစ်ပတ်မှာ (၁) ရက် (၂) ရက် လောက်ပဲ ရှိတယ်။ အဲဒီလို အခြောက်တွေဆိုရင် မယုံဘဲ တခြားသူတွေက ခိုးတော့ ကိုယ်တွေပါ အမုန်းခံရတာပေါ့။ နဂိုတည်းကမှ အခြောက်တွေ ကို မုန်းတဲ့သူတွေဆိုတော့ ပိုဆိုးတာပေါ့။ ညဘက်ဆိုရင်တော့ မိတ်ကပ်လိမ်း လှပအောင် ပြင်ဆင်ပြီး ထွက်ရတာပေါ့လေ။ အဝတ်အစားကတော့ တစ်ခါတလေကျရင် ရိုးရိုးလေး ဝမ်းဆက်လေးတွေ ဝတ်သွားတဲ့အခါလည်း ရှိတယ်။ တစ်ခါတ လေကျရင်လည်း အတိုအပြတ်လေးတွေ ဝတ်တာလည်း ရှိ တယ်။ ဆင်းတာကတော့ ပြုံးရီ (အမည်လွှဲ) နဲ့ တူတူ ဆင်း တယ်။ ဘုရင့်နောင်ဘက်ကျတော့ မဆင်းဖူးတဲ့အခါကျတော့ ကိုယ့်နေရာ လောက်ပဲ ကျိန်းသေတယ်ဆိုပြီး ကိုယ့်နေရာ တစ်ခုမှာပဲ ဆင်းလိုက်တယ်။ ဘုရင့်နောင်ဘက်မှာကျတော့ ရဲ က ဘယ်လိုအဝတ်အစား ဝတ်လာမယ်ဆိုတာလည်း ကိုယ် မသိဘူးလေ။ ဒီဘက်မှာကျတော့ ဘယ်သူက ဘယ်သူလည်း ဆိုတာ သိနေတာပေါ့လေ။ တစ်ခါတလေကျရင်လည်း စိတ်ကူး ပေါက်တဲ့အခါကျရင် ဟိုးဘက် ဘုရင့်နောင်အဆုံးထိ လမ်း လျှောက်တယ်။ တစ်ခါ အပြန် လမ်းလျှောက်ပေါ့…

လို့ ပြောပြပါတယ်။

မခင်ခင်နဲ့ သူငယ်ချင်းဟာ အခြားလူတွေလိုမျိုး တစ်နေရာထဲမှာ အလုပ် ဆင်းကြတာမဟုတ်ဘဲ လမ်းလျှောက်ရင်းနဲ့ အလုပ်ဆင်းကြတာမျိုးဖြစ်ပါ တယ်။ မစိုပြေနဲ့ မခင်ခင်တို့ ပြောပြတာကိုကြည့်ရင် ထရန့်ဝူးမန်း လိင်အလုပ် လုပ်ကိုင်ရသူတစ်ယောက်ရဲ့ ပျှမ်းမျှဝင်ငွေဟာ တစ်နေ့လျှင် အများဆုံး တစ်သောင်းကျပ်ကျော်ဖြစ်ပြီး အနည်းဆုံးက နှစ်ထောင်၊ သုံးထောင်ခန့်သာ ရှိတာကိုသိနိုင်ပါတယ်။ တစ်ခါတလေ ဘာမရတဲ့ အခြေအနေတွေကိုလည်း ဖြတ်ကျော်ကြရတယ်။ ဒီအခြေအနေတွေမှာ စားဝတ်နေရေးအတွက် မဖြစ်မနေ နေ့တိုင်းဆင်းနေမှသာ နောက်ရက်အတွက် စားဖို့သောက်ဖို့ကို လုံလောက်နိုင်မယ့် အခြေအနေဖြစ်နေတယ်။ ဒါ့အပြင် လူတချို့အနေနဲ့ အငတ်ဘေးကို ရင်ဆိုင်လာရတဲ့အခြေအနေ တစ်ချိန်ထဲမှာ လုယက်ဖို့၊ ဓားပြ တိုက်ဖို့ဆိုတာကို ရွေးချယ်လာကြတယ်။ လက်ရှိ အာဏာသိမ်းနောက်ပိုင်း ကာလ ထရန့်ဝူးမန်း လိင်အလုပ်သမတွေဟာ အလုပ်ဆင်းဖို့ဆို မှောင်ရီပျိုးတဲ့ ချိန်ကနေ ည ဆယ်နာရီအထိ အလုပ်ဆင်းရတယ်လို့ မပြုံးရီ က ပြောပါတယ်။ “…ဒီကနေ (၆) နာရီခွဲလောက်ဆို ထွက်တယ်။ (၁၀) နာရီဆို ပြန်လာတယ်၊ လမ်းလျှောက်ပြီးတော့။ လမ်းလျှောက်တာတော့ မညည်းဘူး။ အသွားလည်း လမ်းလျှောက် အပြန်လည်း လမ်းလျှောက်။ အလုပ်ဆင်းကြတာက ဟိုဘက်က လာဆင်းကြ၊ ဒီဘက်က လာဆင်းကြတယ်…” တစ်ဖက်မှာ ငွေကြေးအရ ခက်ခဲနေတဲ့ အချိန်ဖြစ်တဲ့အပြင် တစ်ဖက်မှာလည်း ဒီလိုမျိုး ညဘက်မှ အလုပ်လုပ်ရတဲ့သူတွေမို့ ကိုယ့်ရဲ့ လုံခြုံရေးအတွက်ပါ တွေးပူနေကြရပါတယ်။

…အစ်မကြောင့် သူများ ဓားထိုးခံရတာရှိတယ်။ အလုပ် လုပ်မယ်လို့ အသွင်ယူပြီး လုတဲ့ကောင်က အစ်မကို လာလု တာ။ လမ်းမပေါ်မှာ လက်ကို နောက်ပစ်ပြီးတော့ ဟိုဟာ လုပ်ခဲ့ တဲ့။ အစ်မက အရူးမှ မဟုတ်တာ၊ သူပြောသလို ဘယ်လုပ်မလဲ။ အစ်မက အရင် ပါးသွားရိုက်တာ ‘ဖြောင်း ဖြောင်း’ နဲ့။ ပါးလည်းရိုက်ရော နောက်အခြောက်မ တစ်ယောက်က ဘေး နား ရောက်လာတာ။ ရောက်လာတော့ သူ့ကို ဓားနဲ့ ဆွဲထိုး လိုက်တာ၊ နှစ်ချက်။ အစ်မက ပြောမယ်ဆိုရင် အခု စစ်တပ်က လမ်းဘေးဆိုင်တွေ ဖြိုနေကာစဆိုတော့ နှစ်တစ်လက်မတုတ် တွေကလည်း ပေါသောနေတာလေ။ အစ်မက အဲဒီ တုတ် ရလိုက်တာ။ အဲဒါကိုင်ပြီး ရိုက်လိုက်တော့ ဓားက ဘယ်ရောက် သွားမှန်း မသိဘူး။ သန်သန်မာမာကြီးတွေလေ။ နှစ်ယောက်နဲ့ တစ်ယောက်ချရတာ။ “နင် ငါ့အရင်ရိုက်လိုက်” ဆိုပြီး သူက အစ်မကို နားထင်ရိုက်တာ။ သူက ဒီလို နေရာကို ရိုက်တဲ့ အချိန်မှာ အစ်မက ဒီလိုလက်နဲ့ကာပြီး တုတ်နဲ့ ဇက်ပိုးကို ပြန်ရိုက်တော့ သူက လဲသွားတာပေါ့နော်။ အစ်မက ချတာ တော့ အသေချတာ၊ ဂျက်မတစ်ကောင်လိုပဲ။ သတ္တိရှိတယ်။ မဟုတ်တာတော့ သူများကို မလုပ်ဘူး လေ။ ကိုယ့်ကို အရမ်း စော်ကားလာရင်လည်း မရဘူး။ သူက မကျေနပ်ဘူး။ နောက်နေ့ကျ လာလာရှာတယ်။ အစ်မက နှစ်ရက် လောက်နားပြီး နောက်နေ့တွေ အလုပ်ပြန်ဆင်းတယ်။ ရိုးရိုးတော့ မဆင်းဘူးပေါ့။ ဆံပင်ညှပ်ကတ်ကြေး ဆောင်သွား တယ်…

မစိုပြေက သူကြုံခဲ့ရတဲ့ အတွေ့အကြုံကို ခုလို ပြန်ပြော ပြပေးထားတာ ဖြစ်ပါတယ်။

မခင်ခင်ကလည်း

…အန္တရာယ်တော့ ကြည့်ရတာပေါ့လေ။ လူတိုင်းနဲ့ လိုက်လို့မရဘူး။ အစ်မဆို တစ်ခါတွေ့ကြုံဖူးတာ လမ်းလျှောက်ရင်းနဲ့ပေါ့။ ကိုယ်က ကိုယ်ရတဲ့ ပိုက်ဆံဆို သူများကိုပေးရမှာ အရမ်းကြောက်တော့ ရင်ဘတ်တွေထဲ ထည့်တယ်။ အဲဒီမှာ သူက ပိုက်ဆံပေးစမ်းဆိုတော့ ပိုက်ဆံ တော့မရှိဘူး အိတ်ထဲမှာ ရှိတဲ့ဟာပဲ ကြည့်ကြည့် လိုက်ဆိုပြီး တစ်ခါတလေ ကျရင် ဂယက်ထတာ။ အဲဒီလိုတွေကျ လွှတ်ပေးတယ်။ အဲဒီကျရင် ပြောသေး တယ်။ အခြောက်မ ဘာမှမပါဘူး၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ ချတဲ့အခါတွေ လည်း ရှိတယ်။ ကိုယ်နဲ့ ပြန်ချရတာတွေ လည်းရှိတယ်။ သူတို့က တစ်ခါတလေ ကျရင် ဓားတွေပါတယ်။ ကိုယ်တွေက ထီးပါတော့ အဲဒါနဲ့ ပြန်ခံချ။ အဲဒီလို မျိုးတွေ။ အရင်တုန်းကခေါ်ထားတဲ့ အခြောက်မလေးတစ်ယောက်ဆို ဓား ထောက်ပြီးတော့တောင် လုတာလေ သူ့ကို။ အဲဒီမှာ အင်္ကျီတွေ ပြဲရဲပြီး ကိုယ့်ဆီ ပြန်ပြေးလာရတာ အလုပ်ဆင်းရင်းနဲ့။ နောက်ပိုင်းကတော့ ဒီလူ တစ်ယောက် ကို ကြည့်လိုက်တယ်။ ဒီလူက ပုံမမှန်တော့ဘူးဆိုရင် အဲဒီလူနဲ့ ခွာပြီး နေလိုက်တယ်။ စကားပြောကြည့်လို့ ပုံမကျဘူးဆိုရင် မသွားတော့ဘူး။ နေရာ တွေကတော့ ကိုယ်နဲ့ နီးစပ်မယ့်နေရာလောက်၊ မှတ်တိုင်နဲ့ နီးမယ့် နေရာ လောက်ဆို သွားလိုက်တယ်။ သူတို့ခေါ်သွားတဲ့ အဝေးကြီးတွေဆိုရင် ကိုယ့်ကို ရန်ပြုတော့မှာဆိုတာ တွေးလိုက်တယ်လေ။ အဲဒီတော့ မလိုက်တော့ဘူး။ လူက ရှင်းရင် အလုအယက်တွေများတာ…

လို့ ပြောပြပါတယ်။

မခင်ခင်တို့ မစိုပြေတို့ဟာ အသက်ကိုရင်းပြီး နေ့စဉ်အလုပ်လုပ်နေရ တယ်။ ဒါ့အပြင် ရဲနဲ့ စစ်သားတွေရဲ့ ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းတို့ကိုလည်း စိုးရိမ်ရပါသေးတယ်။

…တစ်ခါမှတော့ အဖမ်းမခံရဖူးဘူး။ လမ်းမှာတွေ့ရင် တော့ စစ်တယ်ပေါ့။ ဟိုဘက်က ရဲလာမလား။ ဟိုဘက်က စစ်သား လာမလား၊ လုမလား အဲဒီလိုမျိုးတော့ ကြည့်ရတာပေါ့။ တစ်ခါတလေ ရဲတွေနဲ့ တိုက်ရိုက် သွားတွေ့ရင် မင်းတို့ ဘာလုပ်နေတာလဲ၊ အဲဒီလိုမေးတာ။ ကိုယ်က ကလော ကလယ်တွေ ပြောတတ်တယ်လေ။ ကိုကြီးရယ် အလှပြင် သင်တန်းက ပြန်လာတာ ဒီနေ့ နောက်ကျသွားတယ်ပေါ့။ အဲဒီလိုဖြေရတာ။ စစ်တာကတော့ ခဏခဏကြုံဖူးတယ်။ တချို့ကျတော့ ညီမလေးတို့ အချိန်မရှိတော့ဘူး ပြန်၊ တချို့ ကျတော့ ဟောက်လား ဟဲလားပေါ့။ (၁၀) ယောက်မှာ (၁) ယောက်ပဲ ကောင်းတာ။ အချုပ်ထဲတော့ ရောက်ဖူးပြီးပြီ။ ပါးတွေရိုက်ခံရတာ ထမင်းတောင် မစားနိုင်ဘူးပေါ့။ လမ်း အလင်းရောင်မှာ လျှောက်ရင်တောင် အမှုလိုရင် အခြောက်မ တွေကို ဆွဲချင်ဆွဲချသွားတာ။ ကိုယ်မလုပ်ရင်တောင် ရိုက်ခံရ တာ ကြယ်တွေ၊ လတွေတောင် မြင်သွားတယ်။ နင်တို့တွေ ဘာလုပ်နေတာလဲတဲ့။ ကိုယ်တွေက ချော့ပြောပေမယ့် ဖြောင်း ဖြောင်းဖြောင်း ဆိုချသွားတာ သွားဆိုပြီးတော့။ ချသွားတာ ပေါ့…

လို့ မခင်ခင်က ပြောပြပါတယ်။

မစိုပြေတို့၊ မခင်ခင်တို့ ကိုယ့်ရဲ့ အသက်အန္တရာယ်အတွက် နေ့စဉ် ပြင်ဆင်ပုံ၊ ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းနေကြလဲ ဆိုတာတွေကို ကြည့်ရင် လက်ရှိချိန်မှာ စစ်ဝါဒကြီးစိုးနေတာမို့ ဘယ်ချိန်မှာ ဘယ်သူမဆို အသတ်ခံ၊ ဖမ်းဆီးခံနိုင်တဲ့ အခြေအနေဆိုရင်တောင်မှ တကယ်တမ်း နေ့စဉ်ဘဝမှာ ရင်စည်းခံရသူတွေဟာ ဖိနှိပ်ခံ လက်နက်မဲ့တဲ့လူတွေ ဖြစ်နေတယ်ဆိုတာကို တွေ့နိုင်တယ်။ အကယ်လို့ ဒီအချိန်မှာ ထရန့်ဝူးမန်း လိင်အလုပ် လုပ်ကိုင်ရသူ တစ်ယောက်ကို စစ်သား၊ ရဲ၊ အရပ်သားတစ်ယောက်ယောက်က သတ်သွားခဲ့ သည်ရှိသော် ဝမ်းနည်းပေးတဲ့လူ ရှိကောင်းရှိနိုင်သလို ထရန့်ဝူးမန်းတွေ၊ လိင် အလုပ်သမတွေကို ဖိနှိပ်လျစ်လျူရှုကြတဲ့ လူတွေအတွက်တော့ သေဆုံးသွား တဲ့ လူတွေအတွက် တရားမျှတမှုဟာ ဟာသတစ်ပုဒ်လိုဖြစ်နေဦးမယ်။ ‘မ’ဂျန်ဒါပြုခံရသူ ထရန့်ဝူးမန်းတွေအနေနဲ့ လူတွေ သတ်မှတ်ထားတဲ့ ပညာရေးအဆင့်အတန်းတွေ ရှိမနေဘူးဆိုရင် လိင်လုပ်ငန်းကလွဲလို့ ကျန်တဲ့ တခြား အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ရွေးချယ်စရာမရှိပါဘူး။ အကြောင်းပေါင်းစုံက လိင်အလုပ်ကိုပဲ ရွေးဖြစ်ဖို့ တွန်းအားပေးသလို ဖြစ်နေ တယ်ဆိုတာကို မခင်ခင် ပြောပြလို့သိခဲ့ရတယ်။ ဒါပေမဲ့ ဒီအကြောင်းအရင်း တစ်ခုကြောင့်ပဲတော့ မဟုတ်ဘူး။ “…ဒီနား အခြောက်တွေက အပုန်းမလေး တွေကျတော့ စက်ရုံဆင်းတယ်။ အပွင့်တွေကကျတော့ ဗျူတီပါလာပေါ့။ အော်ဖာလိုင်းလည်း ဆင်းကြတယ်ပေါ့…”။

ကျား’စံပြုလူမှုစနစ်/‘ပေထရီအာခီ’စနစ် အောက်မှာ မိန်းမတွေနဲ့ အယ်လ်ဂျီဘီတီကျူတွေဟာ ‘မ’ဂျန်ဒါ ပြုပြီးတော့ လိင်အခြေပြုဖိနှိပ်ခံရ တယ်။ လိင်အရသာပေးစွမ်းနိုင်သူတွေ၊ ဖျော်ဖြေသူတွေအဖြစ်နဲ့ လူ့အဖွဲ့ အစည်းက ပုံဖော်တယ်။ လိင်အလုပ်သည် ဒီ ‘မ’ဂျန်ဒါပြုခြင်းခံရတဲ့ လူတွေ အတွက် ရွေးချယ်စရာအလုပ်တစ်ခု ဖြစ်လာတယ်။ ဒီထက်ရှင်းရှင်းလင်းလင်း ပြောရရင် လိင်ကွဲကြိုက်ယောက်ျား၊ လိင်ကွဲကြိုက်အမျိုးသမီး၊ လိင်တူကြိုက် ယောက်ျား (ဂေး)၊ ထရန့်ဝူးမန်း ဒီလူ လေးဦးဟာ ယနေ့ခေတ်လို တူညီတဲ့ စစ်ရေး၊ စီးပွားရေး၊ စစ်ဝါဒအခြေအနေနဲ့ လူတန်းစားတစ်ခုထဲက လူ လေးဦးမှာ လိင်အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်လုပ်ကိုင်မှုကို ရွေးနိုင် ချေ အနည်းဆုံးလူဟာ လိင်ကွဲကြိုက်ယောက်ျားတွေပဲဖြစ်ပြီးတော့ ဒီအလုပ်ကို ရွေးချယ်မယ့်လူအများစုဟာ ထရန့်ဝူးမန်းတွေနဲ့ အမျိုးသမီး အများစု ဖြစ်လိမ့် မယ်။ ဒီလိုရွေးချယ်အောင်လည်း နေ့စဉ်ဘဝတွေ၊ သင်ကြားမှုတွေကနေ မိန်းမ တွေနဲ့ ထရန့်ဝူးမန်းတွေဟာ လိင်အဖျော်ဖြေခံဖြစ်တယ်။ လိင်အလုပ်ဟာ ဒီလူ တွေရဲ့ အလုပ်ဖြစ်တယ်လို့ သင်ကြားခြင်းဖြင့် ရွေးချယ်စေတယ်။ ဒီနေရာမှာ မစိုပြေပြောပြတာကို ဖော်ပြချင်ပါတယ်။

…ပိုက်ဆံရတာက ကျန်တဲ့အလုပ် တွေထက်စာရင် လွယ်တယ် ဆိုတဲ့ အနေအထား။ သူများတွေ တစ်နေကုန် လုပ်ရတဲ့ဟာကို အစ်မတို့က (၇) နာရီသွား (၁၀) နာရီပြန် အဲဒီလိုမျိုးနာရီပိုင်းနဲ့ ပိုက်ဆံရတယ်ဆိုတာကို ပြောလိုက်တာ။ စက်ရုံမှာဆို တစ်နေ့ ကို လေးထောင့် ရှစ်ရာပဲရတယ်။ ဒီအလုပ်လုပ်ချင်လားဆို တော့ လုံးဝမလုပ်ချင်ဘူး။ မဖြစ်သာလို့သာ လုပ်ရတာ။ အစ်မ တို့ကလည်း မှားတာပါ၊ လွယ်လွယ်နဲ့ရတဲ့လမ်းကို လိုက်လာတဲ့ အတွက်။ ဒီအလုပ်လုပ်ရတာ ပင်ပန်းနာကျင်တာမျိုး ရှိတာ ပေါ့။ စိတ်လည်းကုန်တယ်လေ။ မွန်းကျပ်တယ်၊ စိတ်မရှည် ဘူး။ အစ်မက အဲဒီ စကားအမြဲပြောတယ်။ “ငါအရမ်းမော တယ်၊ အိမ်ရောက်ရင် ဘာမှမလုပ်ချင် မကိုင်ချင်တော့ဘူး”လို့။ တစ်ခါတလေ အိမ်ရောက်ရင် ရေမချိုးပဲ လက်တွေ၊ ခြေတွေ ဆေးပြီး ‘ဘုံး’ ခနဲ အိပ်သွားတာမျိုးရှိတယ်။ ထမင်းတောင် မစားနိုင်ဘူး။ တစ်ခါတလေ လုပ်နေရင်းနဲ့ စိတ်မရှည်တာမျိုး ရှိတယ်။ လူက မောတယ်လေ။ ကျန်းမာရေးက ရှိသေးတယ်။ ခေါင်းတွေကိုက်နေတဲ့ အချိန်မျိုးမှာ လုပ်ရရင် အစ်မ စိတ် မရှည်ဘူး။ ဒါပေမဲ့ သူတို့ကို ထုတ်ပြလို့မှ မရတာ။ ကိုယ်က ပိုက်ဆံယူထားတာဆိုတော့။ စိတ်မရှည်ပေမဲ့လည်း လုပ်ရတာ ပဲ။ ခက်ခဲတယ် ဒီဟာတွေက။ တတ်နိုင်သလောက်တော့ မလုပ် ချင်ဘူး။ အစ်မတို့က နှစ်တန်းတောင် အောင် အောင် မတက် ဖူးဘူး။ မြန်မာစာ ဖတ်တတ်တယ်ဆိုတာကလည်း အစ်မတို့က ဘုန်းကြီး ကျောင်းသားလေ။ အဘိဓမ္မာကျမ်း စာအုပ်တွေ တောင် ဖတ်လို့ရတယ်။ အင်္ဂလိပ်စာကျ အေဘီစီဒီပဲ နားလည် တယ်။ ပညာတတ်ရင် အော်ဖာအလုပ်ကို မလုပ်ချင်ဘူး။ ဒါပေမဲ့ အရမ်း ခက်ခဲနေတယ်ဆိုရင် တစ်ခုခုမှာ ကိုယ်က ယောက်ျားလေးလို ဝတ်စားပြီး စာရေးပဲဖြစ်ဖြစ် လုပ်လို့ရ တယ်။ ခြောက်တာတော့ ခြောက်မယ်လေ။ အပုန်း လိုပဲ ခြောက်မယ်။ ကိုယ်က ပညာလည်း မရှိတဲ့အခါကျ ဒီဟာ (လိင်အလုပ်) ကို စွန့်လွှတ်လို့လည်း မရဘူး။ တကယ်တမ်းကျ အစ်မ ဒီအလုပ်တွေ မလုပ်ချင်ဘူး။ အရမ်းလည်း စိတ်ကုန် တယ်။ တစ်ခါတလေကျ တောင့်တင်း နေတာပဲ။ ဒီကသွားတာ (၇) နာရီလောက်ကတည်းက ပြန်လာတဲ့ (၁၀) နာရီ အထိ မတ်တတ်ရပ်နေရတာလေ။ တစ်ခါတလေ ဂယက်တွေ မျိုးစုံနဲ့၊ အန္တရာယ်ပေါင်းစုံနဲ့။ အလုပ် မသွားချင်ဘူး။ အစ်မက မတတ် သာလို့သာ လုပ်တာ။ သုံးလုံးတစ်ခါ ပေါက်သေးတယ်။ အဲဒီ ပိုက်ဆံကိုရင်းပြီး အသုပ်ကလေးဘာလေး ရောင်းလိုက်သေး တယ်။ ဒါပေမဲ့ အလုပ်က အကျိုးမပေးဘူး…

မစိုပြေရဲ့ လက်ရှိအသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ လုပ်ကိုင်နေရတဲ့ သူ့ရဲ့ အလုပ်အပေါ်သဘောထားကို ဒီမှာ တွေ့မြင်နိုင်တယ်။ မစိုပြေဟာ ဒီအလုပ်ကို လွယ်တယ်လို့ပြောပေမယ့် သူပြောပြတဲ့ သူ့ရဲ့နေ့စဉ်ဘဝမှာ ထရန့်ဝူးမန်း လိင်အလုပ်လုပ်ကိုင်ရသူ တစ်ယောက်အနေနဲ့ ဖြတ်သန်းပုံကို ကြည့်ရင် မလွယ်လို့သာ ဒီအလုပ်ကို မလုပ်ချင်ပေမဲ့ လုပ်နေရတယ်ဆိုတာကို တွေ့ရပါတယ်။ ဒီလိုမျိုး လိင်အလုပ်ကို လွယ်ကူတယ်လို့ လူတွေက သတ်မှတ် ပြီးတော့ လိင်အလုပ်သမတွေ ကိုယ်တိုင်ကလည်း လွယ်တဲ့လမ်းကို လိုက်မိ တယ်။ သူ့အမှားပဲဆိုပြီး ကိုယ့်ကိုယ့်ကိုယ် အပြစ်ပုံချဖိနှိပ်စေတယ်။ အမှန် တော့ မစိုပြေ၊ မခင်ခင်၊ မပြုံးရီတို့ လိင်အလုပ်သမ ဖြစ်လာတာသည် တစ်စုံ တစ်ခုသော အကြောင်းအရာကြောင့်မဟုတ်ပဲ လူ့အဖွဲ့အစည်းက တွန်းပို့လိုက် လို့သာ လိင်အလုပ်ကို လုပ်ရသူအဖြစ် ရွေးချယ်ခဲ့ကြရခြင်း ဖြစ်တယ်။

လိင်အလုပ်လုပ်ကိုင်ရတာချင်းအတူတူ ထရန့်ဝူးမန်းနဲ့ အမျိုးသမီး ကြားထဲက မတူညီတဲ့ အခက်အခဲများ

ထရန့်ဝူးမန်းဖြစ်သူ မဖြူဖြူ (အမည်လွှဲ) ကတော့ ညဘက်ပဲ အလုပ်ဆင်းလေ့ ရှိသူပါ။ ညဘက်ကို ရွေးချယ်ရတာ ကလည်း “သူက အခြောက်နဲ့ တူတာမလို့ နေ့ဘက်ဆိုရင် တော်ရုံတန်ရုံမခေါ်ကြဘူး…” လို့ ပြောပါတယ်။ တစ်ဖက်မှာ မိန်းကလေးနဲ့တူတဲ့ ထရန့်ဝူးမန်းတွေကတော့ လိုင်းပေါ်ကနေပဲဖြစ်ဖြစ် နေ့ဘက်မှာပဲဖြစ်ဖြစ် အလုပ်ဆင်းကြ တယ်လို့ သိရတယ်။ မဖြူဖြူရဲ့ စကား အရ ဖြတ်ဖောက်ချုပ်လုပ်ထားပြီးတဲ့ ထရန့်ဝူးမန်းတွေဆို ပိုက်ဆံငါးသောင်း ကနေစပြီး နှုန်းထားသတ်မှတ်လို့ရတာကြောင့် လိင်အလုပ်ဟာ မိန်းမစံနှုန်း ပိုရှိလေ ပိုပြီးပိုက်ဆံရလေ ဖြစ်နေတာကို မြင်ရမှာပါ။ ဒါပေမဲ့ ဒီမိန်းမစံနှုန်း တွေဟာ ခွဲစိတ်ဖို့၊ ဟော်မုန်းဆေးတွေ အမြဲထိုးဖို့ မတတ်နိုင်တဲ့ မဖြူဖြူတို့လို ထရန့်ဝူးမန်းတွေအတွက် ဖိနှိပ်မှုဖြစ်နေပါတယ်။ မဖြူဖြူကတော့ “ဖြစ်နိုင်ရင် ခွဲစိတ်မှုလုပ်ချင်တယ်…” လို့ သူ့ အိပ်မက်ကို ပြောပြခဲ့တာကြောင့် လိင်အလုပ် ကို လုပ်ကိုင်ရသူ ထရန့်ဝူးမန်းတွေအတွက် မိန်းမတစ်ယောက်နဲ့ တူခြင်း မတူ ခြင်းက ဘယ်လောက်ထိ အရေးပါနေလဲဆိုတာကို မြင်ခဲ့ရတယ်။ ဒါပေမဲ့ လိင် အလုပ်ရဲ့ လိုအပ်ချက်အရ အမျိုးသမီးတွေသည်လည်း ခန္ဓာကိုယ်နဲ့ ရုပ်ရည်ပိုင်း ကို ဂရုစိုက်နေရတာပါပဲ။ ဒါ့ကြောင့် လိင်အလုပ်လုပ်ကိုင်ရသူ မိန်းမတွေပဲ ဖြစ်ဖြစ်၊ ထရန့်ဝူးမန်းတွေပဲဖြစ်ဖြစ် ဒီစံနှုန်းတွေကို လိုက်နာနေရခြင်းဟာ ယောက်ျားတွေ သဘောကျဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်တာတော့ ငြင်းလို့ မရပါဘူး။

နောက်ထပ် ထရန့်ဝူးမန်းဖြစ်သူ မငယ်ငယ် (အမည်လွှဲ) ကတော့ ဟော်မုန်းဆေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံနဲ့ ခံစားချက်တွေကို အခုလိုပဲ မျှဝေခဲ့တယ်။

အရင်တုန်းက တစ်ကြိမ်သောက်ဖူးတယ်၊ တစ်ကတ်မှာ နှစ်ဆယ့်ရှစ်လုံး ပါတယ်။ ဒစ်ပို1 (Depo) တွေ သောက်ပါများ၊ ဆေးတွေ ထိုးပါများရင် မောတယ်။ ပြေးလည်း မပြေးနိုင်ဘူး။ အိပ်ရေးပျက်ဒဏ်လည်း မခံနိုင်ဘူး။ အလုပ်တွေ ပင်ပင်ပန်းပန်းလည်း မလုပ်နိုင်ဘူး။ ဆေးအောင် သွားရင် လှတော့ လှတယ်။ အသားအရည်ရော၊ ခန္ဓာကိုယ်ရော လှလာတာ။ ဒါပေမဲ့ မိန်းကလေးအသားအရေလိုမျိုး ဖြစ်သွားတော့ အထိမခံနိုင်တော့ဘူး။ ဒါပေမဲ့ ART ဆေးသောက်ရတဲ့နောက်ပိုင်း အရင်က ဆေးသောက်ထားတာ တွေက ကျသွားတာလေ ဘာမှမရှိတော့ဘူး။ လူက အရိုးပေါ်အရေတင်။ အခုလည်း တိုတိုပြတ်ပြတ်လေးတွေ ဝတ်ပါတယ်။ ဒါပေမဲ့ အရင်လောက် မလှတော့ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သိနေတယ်။ လှချင်လို့ ဟော်မုန်းဆေး တွေ သုံးမယ်ဆိုပြီး ဆေးခန်းပြသေးတယ်။ ဆရာဝန်က ဒီဆေး (ART) တွေ သောက်နေရတော့ လက်မှတ်မထိုးပေးဘူး။ ဆေးထိုးတာတို့၊ သောက်တာတို့ မလုပ်ဖြစ်တဲ့အခါကျ ပိုပြီး ကျ ကျလာတာပေါ့။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ ဝင်ငွေနဲ့ ထွက်ငွေ မမျှတဲ့အခါကျရင် အရင်တုန်းကလိုလည်း အလှအပ မထိန်းသိမ်းနိုင်တော့ဘူး။

ထရန့်ဝူးမန်းတွေအတွက် မိန်းမနဲ့တူအောင် ဟော်မုန်းဆေးထိုး၊ ဆေးသောက် တာမျိုးတွေက လုပ်ရမယ့်အရာတွေလို ဖြစ်နေပြီး တစ်ဖက်မှာလည်း ဒီလိုမျိုး ဆေးတွေကြောင့် ခန္ဓာကိုယ်အရ ထိခိုက်မှု၊ ပင်ပန်းမှုတွေကိုလည်း ကြုံတွေ့ နေရတာပါပဲ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းမှာက ထရန့်ဝူးမန်းတွေကို သူတို့ရဲ့ ဖြစ်တည်မှုအတိုင်း လက်မခံကြတဲ့အတွက်၊ အမျိုးသားဖောက်သည်တွေဆီက ပိုက်ဆံရဖို့အတွက် ထရန့်ဝူးမန်းတွေဟာ မိန်းမစံနှုန်းနဲ့ ကိုက်ညီအောင် ခန္ဓာကိုယ်အပင်ပန်းခံပြီး ပြုပြင်ပြောင်းလဲကြရသလို စီးပွားရေးအခြေအနေ ကြောင့်ဖြစ်ဖြစ်၊ ကျန်းမာရေး အခြေအနေကြောင့်ဖြစ်ဖြစ် အလှအပ မထိန်းသိမ်းနိုင်တဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုမရှိတာမျိုး စတဲ့ စိတ်ပိုင်း ဆိုင်ရာ မလုံခြုံမှုကိုပါ ထပ်ပြီးခံစားရပြန်ပါတယ်။

ထရန့်ဝူးမန်းတွေနဲ့ အမျိုးသမီးတွေကြား လိင်အလုပ်လုပ်ကိုင်ရတဲ့ သဘာဝက ဘာကွာလဲ

လိင်အလုပ်လုပ်ကိုင်ရသူ ထရန့်ဝူးမန်းနဲ့ အမျိုးသမီးတွေကြား ပိုက်ဆံရပုံချင်း၊ အလုပ်လုပ်ရပုံချင်းလည်း ကွာကြပါသေးတယ်။ မဖြူဖြူအနေနဲ့ ပုံမှန်က ငါးထောင်ဖြစ်ပြီး တစ်ခါတလေ သုံးထောင်နဲ့ လိုက်တာမျိုးလည်း ရှိတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံရတာမျိုးကို အမျိုးသမီးလိင်အလုပ်လုပ်သူတွေအနေနဲ့ လုံးဝငြင်းဆန်တဲ့အရာမျိုးဖြစ်ပြီး ထရန့်ဝူးမန်းတွေအတွက်ကတော့ လုပ်နေကျ လိင်ဖျော်ဖြေရပုံတစ်ခုဖြစ်နေပြန်ပါတယ်။ နေရာအနေနဲ့လည်း အမျိုးသမီးတွေ ဆိုရင် တည်းခိုခန်း၊ ဟိုတယ်တွေကို လိုက်ရတာများပေမဲ့ ထရန့်ဝူးမန်းတွေ အတွက်ကတော့ အနီးအနားက ချုံတွေ၊ ကားပေါ်တွေကို လိုက်တာ များတယ် လို့ သိခဲ့ရတယ်။ “တက်စီနဲ့ လာတဲ့သူကျတော့ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှု ရှိတယ်လေ။ တက်စီနဲ့ဆိုရင်တော့ ကားလမ်းဘေးပဲပေါ့။ တစ်ခါတလေ ကံကောင်းရင်တော့ တည်းခိုခန်းတွေ ဘာတွေ ပါသွားတယ်။ တည်းခိုခန်းက ကျတော့ စိတ်အေးလက်အေးရှိတယ်။ အပြင်မှာ လုပ်ရသလို မဟုတ်ဘူး။ အပြင်မှာ လုပ်ရတာကျတော့ ဟိုဘက်က ရဲလာမလား၊ ဟိုဘက်က စစ်သား လာ မလား၊ လုမလား အဲဒီလိုမျိုးတော့ ကြည့်ရတာပေါ့…” ဆိုပြီး မခင်ခင်က ကားလမ်းဘေးတွေ၊ ချုံတွေအထဲမှာ အလုပ်လုပ်ရတဲ့ ထရန့်ဝူးမန်းတွေရဲ့ စိတ်မလုံခြုံမှုကို ရင်ဖွင့်ခဲ့တာမျိုးရှိတယ်။ ဒါ့အပြင် လမ်းလျှောက် အလုပ်ဆင်း နေကြသူတွေအတွက် အဖမ်းခံရနိုင်တဲ့ အန္တရာယ်၊ လုယက်ခံရနိုင်တဲ့ အန္တရာယ်ကလည်း ရှိနေပါသေးတယ်။ အဖမ်းခံရတဲ့အခါ ထရန့်ဝူးမန်းတွေ ဆိုရင် ၃၀(က) မှောင်ရိပ်ခိုမှုနဲ့ ရုံးတင်လေ့ရှိပြီး ထောင်ဒဏ်က တစ်လ၊ တစ်လခွဲလောက် ရှိတယ်။ အမျိုးသမီးတွေဆိုရင်တော့ ပြည့်တန်ဆာအမှုနဲ့ စွဲလို့ရပြီး ထောင်ဒဏ်က တစ်နှစ်ခွဲကနေ နှစ်နှစ်အထိ ကျနိုင်ပါတယ်။ ဒါဟာ ဥပဒေအရ လိင်အလုပ်သမတွေကို ဖိနှိပ်ထားတာအပြင် ပုံမှန် အခြေအနေမှာ ထရန့်ဝူးမန်းတွေကို အမျိုးသမီးတွေလို့ မသတ်မှတ်ပေမဲ့ အမှု မရှိတဲ့အခါ ဖမ်းဖို့လူအနေနဲ့တော့ သတ်မှတ်ပြီး အချုပ်ထဲထည့်တဲ့ ဖိနှိပ်မှု ပုံစံတစ်မျိုးပါပဲ။

ဒါ့အပြင် ဧည့်သည်ယောက်ျားတွေက ထရန့်ဝူးမန်းတွေအပေါ် ဖိနှိပ်မှုဟာ မိမိက မိန်းမ မဟုတ်တာကြောင့်လို့ ထရန့်ဝူးမန်းတွေ ကိုယ်တိုင်က ယူဆကြပါတယ်။ ဒီအကြောင်းကို မငယ်ငယ်က “အခြောက်မဆိုတော့လည်း မိန်းကလေးအစစ် မဟုတ်တဲ့အခါကျတော့ အလုပ်တွေ ခေါ်တဲ့အခါကျ ဘယ်လောက်ပဲရပါစေ မညှာမတာ ပြုမူဆက်ဆံတာပေါ့နော်။ ငါ ပိုက်ဆံပေး ထားတာပဲ။ ဒီအခြောက်မကို ငါလုပ်ချင်တာလုပ်မယ်။ အဲဒီလိုမျိုး သူတို့ အတွေးထဲမှာ အဲဒီလိုပဲ…” လို့ ရှင်းပြခဲ့တယ်။ ဒါဟာ လူ့အဖွဲ့အစည်းရဲ့ ထရန့်ဝူးမန်းတွေဟာ မိန်းမနဲ့တူရမယ်ဆိုတဲ့ ဂျန်ဒါဘောင်သွင်းတာကို အမြဲ ခံနေရတဲ့၊ ထိုဂျန်ဒါဘောင်အထဲကို ဝင်ဆံ့အောင်ကြိုးစားနေရတဲ့ ထရန့်ဝူးမန်း တစ်ယောက်ရဲ့ ဘဝကနေ လောကကို ရှုမြင်ပုံပါပဲ။ ဒီလိုဖြစ်အောင်လည်း လူ့အဖွဲ့အစည်းရဲ့ ဆက်ဆံပုံက ထရန့်ဝူးမန်းဆိုတာနဲ့ နှိမ်စရာ၊ အနိုင်ကျင့်စရာ အဖြစ် မြင်ကြတာကို မငယ်ငယ်ရဲ့ ပြောစကားတွေအထဲမှာ တွေ့ရတယ်။ “ဟိုးအရင်တုန်းကဆိုရင်လေ တချို့ကလေ ကားပေါ်ကနေ အခြောက်တွေကို စပြီးဆဲသွားတာတို့၊ သရုပ်ပျက်စကားတွေ ပြောသွားတာတို့၊ ကွမ်းတံတွေးထုပ် တွေနဲ့ ပစ်သွားတာတို့ ကြုံဖူးတယ်။ ကိုယ်ကတော့ ရှိုးနဲ့ မိုးနဲ့ လှပပြီး ကား လမ်းမကြီးမှာ ရပ်နေပြီး ကွမ်းတံတွေးဘူးတွေ၊ အရည်ထုတ်တွေနဲ့ ပစ်သွားပြီး တစ်ကိုယ်လုံး ကွမ်းတံတွေးတွေကချည်းပဲ သိလား၊ ညဘက်ကြီး အဲဒီလိုမျိုး တွေ…” ဆိုပြီး ပြောခဲ့ပါတယ်။

လူလူချင်းပြုစုစောင့်ရှောက်ရတဲ့၊ လုပ်အားကို စိုတ်ထုတ်ရတဲ့ နေရာမှာ တော့ အမျိုးသမီးတွေနဲ့ ထရန့်ဝူးမန်းဟာ အတူတူပါပဲ။ ဒီလုပ်အားကိုတော့ လူ့အဖွဲ့အစည်းဟာ မိန်းမဖြစ်လို့၊ ထရန့်ဝူးမန်းဖြစ်လို့ လျှော့ခြင်း၊ တိုးခြင်း မရှိဘဲ ‘မ’ ဒါဘောင်သွင်းခံရတဲ့ မည်သူမဆို မိသားစုကို အနစ်နာခံကာ ပြုစုစောင့်ရှောက်စေခြင်းဖြင့် အကျိုးအမြတ် ရနေပါတယ်။ ဒါကို မခင်ခင်က

အလုပ်ဆင်းတာ တစ်ခါတလေကျရင် ကိုယ်တွေလက်တွေ နာတယ်။ ကိုယ်က သွားမှလည်းဖြစ်မှာလေ။ အိမ်လခတွေ ဘာတွေရှိသေးတာ။ အရမ်းကြီး မထူနိုင်မထောင်နိုင် ဖြစ်တဲ့ အခါ မသွားနိုင်တာလည်း ရှိတယ်။ ကိုယ်ရှာမှလေနော်။ သူ (ခင်ပွန်း) က တစ်လမှ တစ်ခါရတာဆိုတော့ သူ့ ဆေးလိပ်ဖိုး ကွမ်းဖိုးလေးတော့ ရတာပေါ့။ သူလစာထုတ်တဲ့အခါကျတော့ လည်း ပြန်ရတာပေါ့။ အိမ်မှာ ချက်တာပြုတ်တာကတော့ ကိုယ် တစ်ပတ်ချက်ရင် သူ (မပြုံးရီ) တစ်ပတ်ချက်ပေါ့။ သူ့ဟာ ကိုယ့်ဟာမခွဲဘဲ သူရတာလေး သူချက်၊ ကိုယ်ရတာလေး ကိုယ် ချက် အဲဒီလိုမျိုးလေးပေါ့ …

ဆိုပြီး အိမ်အလုပ်ကို လုပ်ကိုင်ရသူတွေဟာလည်း ထရန့်ဝူးမန်းတွေပဲဖြစ်တယ်၊ ခင်ပွန်းရဲ့ ဆေးလိပ်ဖိုး၊ ကွမ်းဖိုးအတွက် အနစ်နာ ခံရသူဟာလည်း ဇနီးနေရာ မှာရှိတဲ့ ‘မ’ဂျန်ဒါဘောင်အသွင်းခံရသူ ထရန့်ဝူးမန်း မခင်ခင်ပဲဖြစ်နေတာကို ပြောပြခဲ့ပါတယ်။

လိင်အလုပ်ပေါ်မှာ ရှိနေတဲ့ ဖိနှိပ်မှု

“တချို့ကျ အခြောက်တွေကို အထင်သေးတယ်။ ဥပမာအားဖြင့် ကိုယ့်ဟာ ကိုယ် အေးဆေးသွားတဲ့အခါကျ ဘာမှ မဖြစ်ဘူး။ ရုန်းရင်းဆန်ခတ် ပြေးလွှား နေရတဲ့အခါမျိုးဆိုရင် အကျင့်ယုတ်ပြီး မကောင်းတာလုပ်စားနေတာ၊ ဖမ်းပါ စေဆိုပြီး တားတာတောင် မရပ်ဘူး။ မြင်တာတောင် မကူညီချင်ဘူး…” မငယ်ငယ်ရဲ့စကားအရ လိင်အလုပ်ကို လုပ်ကိုင်ရတဲ့ ထရန့်ဝူးမန်းတွေအပေါ် လူ့အဖွဲ့အစည်းက ထရန့်ဝူးမန်းဖြစ်တာကြောင့်ရော၊ လိင်အလုပ်ကို လုပ်ကိုင်ရ သူ ဖြစ်တာကြောင့်ရော ဖိနှိပ်နေတာကို မြင်ရတယ်။ လိင်အလုပ်လုပ်ကို လုပ်ကိုင်ရတဲ့သူတွေဟာ များသောအားဖြင့် ‘မ’ န်ဒါဘောင်အသွင်းခံရတဲ့ အမျိုးသမီးတွေနဲ့ ထရန့်ဝူးမန်းတွေဖြစ်မယ်ဆိုရင် ဖောက်သည် အများစုဟာ လည်း အမျိုးသားတွေပဲ ဖြစ်တယ်။ လိင်အလုပ်လုပ်တဲ့သူတွေကို ဖမ်းတဲ့ရဲတွေ ကလည်း အမျိုးသားတွေပါပဲ။ ဒါကြောင့် ထရန့်ဝူးမန်းအပါအဝင် လိင်အလုပ်ကို လုပ်ကိုင်ရသူ အများစုအတွက် ဖိနှိပ်သူဟာ အမျိုးသားတွေဖြစ်နေတယ် ဆိုပေမဲ့ ဒီအမျိုးသားတွေရဲ့ ဆက်ဆံပုံကနေတစ်ဆင့် ‘ပေထရီအာခီ’ လူ့အဖွဲ့ အစည်းရဲ့ ဖိနှိပ်မှုစနစ်ကိုပါ မြင်နိုင်ပါတယ်။

လိင်အလုပ်လုပ်ရတဲ့ အမျိုးသမီးနဲ့ ထရန့်ဝူးမန်းတိုင်း ကြုံရတဲ့ပြဿနာက ဧည့်သည်အမျိုးသားတွေရဲ့ အကာအကွယ်မသုံးချင်မှုပါပဲ။ မပြုံးရီက “အကာအကွယ်ကတော့ သုံးတော့ သုံးတယ်။ သူတို့က လုံးဝ မသုံးချင် ဘူးဆိုရင် မသုံးလိုက်တာတော့များတယ်။ တချို့တွေကျ ဘာမှ မသုံးချင်ကြ တာ…” မခင်ခင်ကလည်း “အကာအကွယ်ဆိုလည်း ကိုယ်ပဲဆောင်သွားရတာ။ သူတို့က ဘယ်ယူလာမလဲ။ တစ်ခါတလေ ကျတော့လည်း မကာကွယ်မိတာ လည်းရှိတယ်။ ပေါက်သွားတာတို့ဘာတို့ပေါ့။ တချို့ကျလည်း မသုံးချင်ဘူး။ ကိုကြီးရယ် ဒါလေးသုံးပါ ညီမတို့မှာ ရောဂါရှိရင်လည်း အကာအကွယ်ရှိတာ ပေါ့လို့ပြောရတယ်။ သူတို့သဘောပဲ လိုက်ဆောင်ရတာပေါ့။ ကိုယ်က ပိုက်ဆံ ရမှဖြစ်မယ့်လူဆိုတော့လည်း” ဆိုပြီး သူတို့ရဲ့ အလုပ်အတွေ့အကြုံတွေကို မျှဝေခဲ့တယ်။ အကာအကွယ်မသုံးချင်တဲ့ ပြဿနာက ဒီလိုမျိုး လိင်အလုပ် လုပ်သူနဲ့ ဖောက်သည်ဆက်ဆံရေးမှာတင် ရှိနေတာမဟုတ်ဘဲ သမီးရည်းစား ဆက်ဆံရေး၊ အိမ်ထောင်ရေးတွေမှာလည်း များသောအားဖြင့် ‘ကျား’စံနဲ့ ပိုကိုက်ညီတဲ့ အမျိုးသားတွေက ကျူးလွန်လေ့ရှိပါတယ်။ ဒါဟာ ထိုးသွင်းနိုင်တဲ့ လိင်အင်္ဂါပါလာတဲ့အလျောက် သန်မာတယ်၊ ကြမ်းတမ်းတယ်လို့ ‘ကျား’စံရှိ နေတဲ့ အမျိုးသားတွေဟာ လူ့အဖွဲ့အစည်းမှာရှိနေတဲ့ ပြုသူ-ခံရသူ ဘောင်သွင်း ထားတဲ့ လိင်-ပါဝါဆက်ဆံရေးထဲမှာ ပြုသူနေရာမှာ နေရာရထားပြီး ပါဝါရ ပါတယ်။ ပါဝါရတဲ့အလျောက် လိင်ကိစ္စမှာ ခံရသူအဖြစ်ပုံဖော်ကြတဲ့ ‘မ’ဂျန်ဒါ ဘောင်သွင်းခံရတဲ့သူတွေအပေါ် အမျိုးသားတွေက ပိုပြီးစိုးမိုးနိုင်ကြတယ်။ အမှန်တော့ အကာအကွယ်မသုံးချင်ဘူးဆိုတာသည်လည်း အမျိုးသားတွေက မိမိရဲ့ ပြုသူနေရာက ပါဝါကို ကျင့်သုံးနည်းတစ်မျိုးပါပဲ။

ကွန်ဒုံးသုံးခြင်း၊ မသုံးခြင်းနဲ့ပတ်သက်ပြီး ခံရသူအဖြစ် ပုံဖော်ကြတဲ့သူတွေ အတွက်က လိင်သာယာမှုအပိုင်းမှာ ကွာခြားမှုမရှိပေမဲ့ ထိုးသွင်းပြုကျင့်သူ အမျိုးသားတွေအတွက်က လိင်စိတ်ကျေနပ်မှု ပိုရတယ်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ မိမိရဲ့စိတ်ဆန္ဒကို ဦးစားပေးကြတာဖြစ်တယ်။ ကွန်ဒုံးမသုံးလို့ ရောဂါ ကူးစက်နိုင်မှု၊ ကိုယ်ဝန်ရနိုင်မှု စတာတွေကို လျစ်လျူပြုပြီး မိမိအလိုပြည့်ဖို့သာ စဉ်းစားတယ်ဆိုရင်လည်း မမှားပါဘူး။ ဒါကို လိင်အလုပ် လုပ်ကိုင်တဲ့သူတွေ အပေါ် တစ်ဖက်အမျိုးသားက ပြုသူနေရာက ပါဝါအပြင် ပိုက်ဆံပေးထားတဲ့ ဧည့်သည်ဆိုတဲ့ နေရာကနေလည်း ပါဝါထပ်ယူပြန်ပါတယ်။ ဒါ့အပြင် သားအိမ် မရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ အချက်ပါ ထည့်ပေါင်းလိုက်တဲ့ အခါ ထရန့်ဝူးမန်းတွေအနေနဲ့ ဒီလိုပါဝါပြုကျင့်မှုကို ငြင်းဆိုဖို့ခက်ခဲတဲ့ အခြေအနေမျိုးဆီ ပိုပြီးတွန်းပို့လိုက်ပါတယ်။ ဒါကြောင့်ပဲ မခင်ခင်ရဲ့စကားမှာ “သူတို့သဘောပဲလိုက်ဆောင်ရတာပေါ့။ ကိုယ်က ပိုက်ဆံရမှဖြစ်မယ့် လူ ဆိုတော့လည်း…” ဆိုပြီး သုံးသွားတာဖြစ်ပါလိမ့်မယ်။ ဒါဟာ အကာအကွယ် မသုံးချင်တဲ့ ပြဿနာကနေ အမျိုးသားတွေရဲ့ လိင်-ပါဝါပြုကျင့်မှု၊ အခြေခံ စားဝတ်နေရေးပြေလည်အောင် ပိုက်ဆံရှာဖို့လိုနေတဲ့ လူတန်းစားက သူတို့ အလုပ်အပေါ် အရင်းရှင်စနစ်ရဲ့ ဖိနှိပ်မှု၊ ဒီလိုစီးပွားရေးဖိအားရှိနေတဲ့ လိင်အလုပ်လုပ်သူတွေအပေါ် ပိုက်ဆံဆိုတဲ့အရာကို သုံးပြီး ဖောက်သည်ရဲ့ အကြိုက် ဆောင်ရမယ်ဆိုတဲ့ နောက်ထပ် ဖိနှိပ်မှုတွေကိုပါ ကွက်ကွက် ကွင်းကွင်း ဖော်ပြနေတာဖြစ်တယ်။

လိင်အလုပ်လုပ်ကိုင်ရသူတွေ ကြုံရတဲ့အခက်အခဲဟာ ဒါတင်ပဲလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုစတာတွေလည်း ပါဝင်နေပါတယ်။ မစိုပြေဟာဆိုရင် ဒီအတွေ့အကြုံတွေကို အခုလိုပဲ မျှဝေခဲ့ တယ်။

ရွှေပြည်သာ မိုင် (၂၀) ကနေ အစ်မကို အလုပ်ခေါ်သွားတာလေ။ အရမ်း ရိုင်းစိုင်းယုတ်မာကြတာလေ။ ခေါ်သွားပြီး ပိုက်ဆံလည်းမရသလို အစ်မကို ပန်းလှိုင်ဂေါက်သီးလမ်းကြောင်းရဲ့ အမှောင်တစ်နေရာကို ခေါ်သွားပြီးအစ်မဆိုတစ်ချက်တောင်အထိုးခံလိုက်သေးတယ်။ အစ်မတို့က တော်တော်ဆိုးဆိုး ဝါးဝါးတွေလည်း ကြုံဖူးတယ်။ ပြဿနာဖြစ်ရင် ရှင်းနိုင်သမျှတော့ ရှင်းတယ်။ တချို့ကျ လက်မခံဘူး။ ကိုယ်က အရမ်းရှုံးမယ့်အနေအထားဆိုရင် အစ်မတို့က လျှော့တော့လျှော့လိုက်တယ်။ သူ့အကြိုက်ကိုပဲ လိုက် လိုက်တယ်။ နောက် တစ်ခါကျ သူနဲ့ မပတ်သက်တော့ဘူးလေ။ အစ်မတို့က ဘယ်လိုမှ မရုန်းနိုင်၊ ပြန်မလုပ်နိုင်တဲ့ အချိန်ဆိုတာလည်း ရှိတယ်။ သူတို့က လူမိုက်ကြီးပုံစံမျိုးနဲ့ မပြီးမချင်းလုပ်ပေးရမယ်ဆိုတဲ့ အနေအထားမျိုးဆိုရင် အစ်မတို့က လုံးဝ လျှော့လိုက်ရတာ။ အဲဒီအချိန်မှာ တစ်ပြားမှ မရပဲ မိုးလင်းချင်လင်းသွားပါစေ။ ဘာဖြစ်လို့ဆို ကိုယ်က အားမတန်ဘူးလေ၊ ဘာမှလည်း ပြန်မလုပ်နိုင်တော့။ အစ်မဆို ရဲကိုတောင် အဲဒီလိုလုပ်ပေးရဖူးတယ်။ ကြာပြီ။ သုံးနာရီ၊ လေးနာရီမှ ပြန်လာတာ၊ တစ်ပြားမှလည်း မရဘူး။ ကြောက်လန့်ပြီးလုပ်ပေးရတာ။ သူတို့ က အသွင်ယူဖမ်းတာ။ အကုန်လုံးကပြန်သွားပြီ။ အစ်မက မပြန်ရဘူး…

မစိုပြေဟာဆိုရင် အဆိုးဆုံးသော လိင်အခြေပြုဖိနှိပ်မှုပုံစံဖြစ်တဲ့ စိတ်ရော ကိုယ်ပါ နာကျင်ခံစားရတဲ့ အဓမ္မပြုကျင့်မှုကိုပါ ကြုံတွေ့ခဲ့ရသူဖြစ်ပါတယ်။

…အဲဒီတုန်းကတစ်ခါ အစ်မ မှတ်မှတ်ရရ အယောက် သုံးဆယ် ကျော်။ အစ်မ ယဲ့ယဲ့လေးပဲကျန်ခဲ့တယ်။ ပိုက်ဆံလည်း ရလား ဆိုတော့ မရဘူး။ အလုပ်သဘောနဲ့ လိုက်သွားတာနော် အဲဒီ တုန်းက။ ဒီအလုပ်တွေကို ကျွမ်းကျွမ်းကျင်ကျင်လည်း မလုပ် တတ်သေးဘူး။ ကောင်လေးကလည်း ချောချောလေး ဆိုတော့ သူငယ်ငမ်းပြီးလိုက်သွားတာ။ လိုက်သွားတာက ဆိုင်ကယ်နဲ့ ဟို ရောက်တော့ ကားတွေရော၊ ဆိုင်ကယ်တွေရော။ ပြောရင် ယုံမှာမဟုတ်ဘူး ဝိုင်းကြီးပတ်ပတ်လိုပဲ။ မလုပ်ပေးရင် သတ် မယ်တို့၊ ဖြတ်မယ်တို့။ အစ်မက ကြောက်တယ်လေ။ ခေါ်သွား တဲ့နေရာကလည်း ထောက်ကြန့်မှာ သစ်တုံးကြီးတွေ ပုံထားတဲ့ နေရာ။ အယောက်သုံးဆယ်ဆိုတဲ့အားက နည်းတာမဟုတ်ဘူး။ အစ်မ ယဲ့ယဲ့လေးပဲကျန်ခဲ့တယ်။ အစ်မလေ တက်စီတောင် မငှားနိုင်ဘူး။ အကူအညီတောင်းပြီး ငှားခိုင်းရတယ်။ အရမ်း လည်း မောတယ်လေ…

ဆိုပြီး အုပ်စုဖွဲ့ မတရားမှုခံရတဲ့ အကြောင်းကို ရယ်ရယ်မောမောနဲ့ မျှဝေခဲ့သေး တယ်။ ပုံမှန်ဆိုရင် လိင်အလုပ်ကို နှိမ်ချချင်တဲ့ လူ့အဖွဲ့အစည်းက ဒီလို မတရားမှုတွေကို ကြားရမြင်ရတဲ့အခါမှ သနားလိုက်တာဆိုတဲ့ လူသားဆန်မှု လိုလို အတုအယောင်စိတ်မျိုးကို ပြကြမလားလို့ စဉ်းစားမိတယ်။ အတု အယောင်လို့ပြောရတာကတော့ လိင်အလုပ်ရှိနေခြင်းက လိင်လုပ်သားတွေ အပေါ် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဖိနှိပ်မှုအထပ်ထပ်ရှိနေပေမယ့် အဲဒါတွေ ကို မမြင်ဘဲ နှိပ်စက်အနိုင်ကျင့်တဲ့ တစ်ခဏကိုမြင်ပြီး သနားတာကို ထောက်ပြ ချင်လို့ဖြစ်တယ်။ ဒီလိုလူ့အဖွဲ့အစည်းရဲ့ နာမကျန်းဖြစ်မှုကို သယ်ပိုးထားရတဲ့ လိင်အလုပ်လုပ်ကိုင်ရသူ လူအုပ်စုအပေါ် လူ့အဖွဲ့အစည်းရဲ့ ဖိနှိပ်မှု အမျိုးမျိုးကို မဖယ်ရှားပေးနိုင်သရွေ့ သနားတာပဲဖြစ်ဖြစ်၊ လိင်အလုပ်လုပ်တဲ့ သူတွေနဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေပဲဖြစ်ဖြစ်၊ လိင်အလုပ်ကို ဥပဒေ အရ တရားဝင်ဖြစ်အောင် လုပ်တာပဲဖြစ်ဖြစ် ဘာတစ်ခုမှ ကောင်းကောင်း ထိရောက်မှာ မဟုတ်ပါဘူး။

ဒီအလုပ်ဟာ လွယ်တဲ့အလုပ်လား

လိင်အလုပ်လုပ်ကိုင်တယ်လို့ပြောရင် ဒီအလုပ်ကို လွယ်လွယ်ရလို့ အလွယ် လမ်းလုပ်ကြတယ်လို့ ပြောကြတယ်။ ဒီအလုပ်က တကယ်ရော လွယ်ရဲ့လား။ လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေ အောက်မှာ လက်ရှိ လိင်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြရတာဟာ ငွေကြေးအရ၊ အသက်အန္တရာယ်အရ ရင်းပြီး နေ့စဉ်အလုပ်လုပ် နေကြရတယ်။ ဒီလို ထရန့်ဝူးမန်း လိင်အလုပ် လုပ်ကိုင်ရသူတစ်ယောက်ဖြစ်လာဖို့အတွက် ဘာတွေက တွန်းအားပေးခဲ့တာ လဲ။

…အစ်မက ဖျာပုံက။ အိမ်နဲ့တော့ အဆက်အသွယ်ရတယ်။ ဒါပေမဲ့ မိဘတွေ မရှိတော့ မပို့တော့ဘူးပေါ့။ အစ်မတွေက ဒီလိုနေတာ မကြိုက်ဘူးလေ။ သွားတဲ့အခါကျသွားတယ်။ ရန်ကုန်ရောက်တာကြာပြီ။ အိမ်ကို ပြန်တော့ မထောက်ရဘူး။ အဖေနဲ့က ငယ်ငယ်လေးထဲက ကွဲသွားတာ။ ရန်ကုန်တက်ဖြစ် တာက အငယ်ကောင်လေး ကျောင်းတက်နေတော့ ထွက်ပြီး အလုပ်လုပ်ရတာ။ (၈) တန်းထိတက်ပြီး ကျောင်းထွက်တော့ ကျောင်းအုပ်ဆရာကြီးက အိမ်လိုက် ခေါ်တယ်။ အိမ်က အဆင် မပြေတော့ အိမ်မှာအလုပ်လုပ်မယ့်သူက ကိုယ်ပဲ ရှိတာကို။ စက်ရုံတွေကကျတော့ (၉) တန်းအောင် (၁၀) တန်းဆိုရတယ်။ လိမ်ပြီးလျှောက်တာပေါ့။ အရင်က စက်ရုံတင်ပဲ ဂွတ်မောနင်း စက်ရုံမှာပဲ ဆယ်နှစ်ကြာတယ်။ ပရီမီယာက (၂) နှစ်ကျော်။ ဒီကိုအသက် (၁၃) နှစ်ထဲက (၁၈) နှစ်ပြည့်ပြီ ဆိုပြီးတော့ အလုပ်တက်လုပ်တာ။ အခုပဲ အသက် (၂၆) ပေါ့။ နောက်ပိုင်း ဇုန် (၁) ကို ရွှေ့ပြီးတော့ နောက်တော့ (၁) စက္ကန့်ကို မုန့်ခေါက် တာ အရေအတွက်က ဘယ်လိုမှ မခေါက်နိုင်တော့ လျော်ကြေး ယူပြီး ထွက်မလားဆိုတော့ ထွက်ချလာတာ (၁၀) သိန်းနဲ့။ အဲဒါနဲ့ ရွာပြန်ပြီး နားလိုက်ပြီးတော့ ပရီမီယာမှာ ပြန်လုပ်တာ။ ဗျူတီပါလာမှာလည်း လုပ်ဖူးတယ်။ ဒါပေမဲ့ စနေ၊ တနင်္ဂနွေ လောက်ပဲ လုပ်ဖြစ်တာ။ အဲဒီကနေမှ သင်သွားတာပေါ့။ အရင်က ငါးလည်း ခြစ်တယ်။ ခုမှသာ အဆင်မပြေလို့ မလုပ် တော့တာ။ အရင်က ညနေပိုင်းထိ ခြစ်မယ်ဆိုရင် (၁၈၀၀၀-၁၉၀၀၀) လောက်ထိရတယ်။ အချိန်က (၁) ပိဿာကို (၇၀၀) ပေါ့။ ငါးခွဲတဲ့နေ့ကျရင် သာသာယာယာပဲ။ အဲဒါဆက်လုပ် နေရင်တော့ ဒီဟာ ဘယ်လုပ်ဖြစ်ပါ့မလဲ။ စက်ရုံကျတော့လည်း ဆံပင်ညှပ် ရမှာ။ ငယ်ငယ်ကတော့ ဆရာဝန်ဖြစ်ချင်တာ အဲဒါကြောင့် ကျောင်းတွေမှာ စာကြိုးစားတယ်လေ။ စာမေးပွဲ ဖြေနေရင်းနဲ့ အစ်မက အမေသေပြီး နောက်ပိုင်း အဆင်မပြေ တော့ ကျောင်းထွက်ပြီးနားလိုက်ရတာ။ လယ်နဲ့ ပတ်သက်တာ တော့ အကုန်လုပ်တတ်တယ်။ ကောက်စိုက် လယ်ရိတ်တာ ပေါ့…

လို့ ဖျာပုံ ကနေ လက်ရှိ ရန်ကုန် လှိုင်သာယာမှာ ထရန့်ဝူးမန်း လိင်အလုပ် လုပ်ကိုင်ရသူ မပြုံးရီက သူဒီအလုပ်ကို ဘယ်ကနေ စလုပ်ဖြစ်ခဲ့တာလဲဆိုတာ ပြောပြတယ်။ ထရစ်ဝူးမန်းလိင်အလုပ်သမတွေ အများစုဟာ မိသားစုမွေးချင်း တွေနဲ့ အတူတူရှိမနေကြဘဲ တစ်ကိုယ်တည်းသမား တွေဖြစ်ကြတယ်။ ဒီလို တစ်ကိုယ်တည်းသမားတွေ ဖြစ်ကြတာကလည်း ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံ ဖို့ ခက်ခဲကြတဲ့ မိသားစုကနေ လွတ်မြောက်ချင်တာကြောင့် ရှောင်ထွက်လာကြ တာဖြစ်တယ်။ ဒါ့အပြင် ထရန့်ဝူးမန်းတွေအနေနဲ့ အလုပ်အကိုင်ရရှိဖို့က တော်တော်ခက်ပါတယ်။ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ‘တော်တယ်’ ဆိုတဲ့ ပညာအရည်အချင်း ထရန့်ဝူးမန်းတစ်ယောက်မှာ ရှိရင်တောင် လူ လေးစားတဲ့ အလုပ်ရဖို့ မသေချာပါဘူး။ ပညာသင်ခွင့် မရရှိခဲ့တဲ့ ထရန့်ဝူးမန်း တွေအတွက်တော့ ရွေးချယ်စရာအလုပ် များများစားစားမရှိပါဘူး။ စက်ရုံ အလုပ်ရုံတွေကလည်း ထရန့်ဝူးမန်းတွေဆိုရင် လက်မခံဘူးလို့လည်း စက်ရုံ အလုပ်သမဟောင်းလည်းဖြစ်တဲ့ မပြုံးရီဆီကသိခဲ့ရပါတယ်။

လိင်အလုပ်လုပ်ကိုင်ရသူ ထရန့်ဝူးမန်းတွေကို လူသားအဖြစ်ကနေ အဆင့် လျှော့ချပြီးတော့ လူ့အဖွဲ့အစည်းက ကျူးလွန်သလို လိင်အလုပ်လုပ်ကိုင်ရသူ တွေဟာလည်း မိမိစိတ်ထဲမှာ ဒါလုပ်လို့ခံယူရမဲ့ အပြစ်တစ်ခုသဖွယ် လက်ခံ ထားကြပါတယ်။ ထရန့်ဝူးမန်း မဖြူက “ဒီအလုပ်ဆင်းတာ (၇) နှစ်၊ (၈) နှစ် လောက်ရှိပြီ။ ဘာမှ ကြမ်းကြမ်းတမ်းတမ်း မလုပ်ရဘူး…” လို့ သူ့ရဲ့ လိင် အလုပ်ပေါ် သဘောထားကို ပြောပြခဲ့တယ်။ မစိုပြေကလည်း

ပိုက်ဆံရတာက ကျန်တဲ့အလုပ်တွေထက်စာရင် လွယ်တယ် ဆိုတဲ့ အနေအထား။ သူများတွေ တစ်နေကုန် လုပ်ရတဲ့ဟာကို အစ်မတို့က (၇) နာရီသွား (၁၀) နာရီပြန်။ အဲဒီလိုမျိုး နာရီပိုင်း နဲ့ ပိုက်ဆံရတယ်ဆိုတာကို ပြောလိုက်တာ။ ဒီအလုပ် လုပ်ချင် လား ဆိုတော့ လုံးဝမလုပ်ချင်ဘူး။ မဖြစ်သာလို့သာလုပ်ရတာ။ အစ်မတို့ကလည်း မှားတာပါ။ လွယ်လွယ်နဲ့ ရတဲ့လမ်းကို လိုက်လာတဲ့အတွက်။ တကယ်ဆိုရင် သူ့ဘာသူ သုံးသောင်း ရတယ်ပြောပြော၊ လေးသောင်းရတယ်ပြောပြော အစ်မ စိတ် မဝင်စားခဲ့ရင် ဒီလိုကိစ္စတွေ ဖြစ်လာစရာအကြောင်းမရှိဘူး…

သူတို့ရဲ့ ပြောစကားတွေမှာဆိုရင် ခန္ဓာကိုယ်ရင်းရတာတောင် ကြမ်းတမ်းတာ မဟုတ်ဘူးဆိုတဲ့ မိမိရုန်းကန်ရမှုကို ပြောပလောက်စရာမဟုတ်ဘူးဆိုပြီး မြင်တဲ့အမြင်၊ ပိုက်ဆံလွယ်လွယ်ရတယ်ဆိုတဲ့ ပတ်ဝန်းကျင်က လိင်အလုပ် အပေါ် ထင်မြင်ချက်တွေကို တကယ်လုပ်ကိုင်ရတဲ့သူတွေက ပြန်လက်ခံမှု၊ ပိုက်ဆံလွယ်လွယ်ရရင်တောင်မှ တကယ်လုပ်ရတဲ့သူ တစ်ယောက်အနေနဲ့ မပျော်ရွှင်ရမှု၊ ဒီလိုစိတ်ပင်ပန်းရမှုမျိုးကို ညည်းညူခွင့်မရှိသလို ဒါဟာ ငါ ရွေးချယ်ခဲ့လို့ပဲဟု မိမိကိုယ်ကိုပြန်အပြစ်တင်မှုတွေ စသဖြင့် လိင်အလုပ် လုပ်ဖို့ အတွက် စိတ်ပိုင်းဆိုင်ရာ စိုက်ထုတ်ရတဲ့ လုပ်အားမျိုးတွေကိုပါ လုပ်နေရတဲ့ ထရန့်ဝူးမန်းတွေဟာ တကယ်တမ်းကျတော့ ခြေကုန်လက်ပန်းကျမတတ် ပင်ပန်းရုန်းကန်နေရတာကို မြင်တတ်ရင် မြင်နိုင်ပါတယ်။

ထရန့်ဝူးမန်းတွေ ရင်ဆိုင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်ရမှုတွေမှာ အလုပ်ကြောင့်အပြင် အိမ်ကိုလွမ်းတဲ့ အကြောင်းအရာကလည်း ပါဝင်နေ ပါသေးတယ်။ မစိုပြေက

အခုဆို အစ်မတို့က အရမ်းအားငယ်ရတာ။ ဘာလို့ဆို အစ်မ တို့က တစ်ယောက်ထဲလေ။ ကိုယ်ဖြစ်ကိုယ်ခံရတာ။ အခု ကျန်းမာရေး မကောင်းလို့ အစ်မ မသွားနိုင်ရင် အစ်မ ငတ်မှာ။ အခုအိမ်လစာ မပေးနိုင်ရင် အစ်မ လမ်းဘေးမှာ နေရမှာပဲ ရှိတယ်။ မဖြစ်မနေမလို့သာ နေရတာ။ အစ်မက နေချင်တာပေါ့ မိသားစုနဲ့။ အခုပြန်ချင်တယ်လေ၊ ဟိုးတလောကတောင် အရမ်းသတိရလို့ ဖုန်းဆက်လိုက်သေးတယ်။ သူတို့ကတော့ ‘တန်းပြန်လာ’ တဲ့။ အစ်မကလည်း တန်ဆောင်မုန်းက ပြန်လာ ခဲ့မယ်ဆိုပြီး ပြောထားပေမဲ့ အစ်မကတော့ မပြန်ဖြစ်ဘူး။ အမေ စိတ်ချမ်းသာအောင် ပြောလိုက်တာ။ အမေက အသက်ကြီးပြီလေ။ အဓိကက ပိုက်ဆံမရှိတာလည်း ပါတယ်၊ လမ်းစရိတ်ကို ပြောတာ မဟုတ်ဘူး။ ကိုယ်က ဒီပုံနဲ့ သွားဖို့ လည်း မသင့်တော်ဘူး။ သွားလိုက် ပြန်လိုက်လုပ်မှ။ မဟုတ်ရင် အပြီးပြန်ရင်ပြန်၊ မိသားစုတွေ ပွင့်ပွင့်လင်းလင်း ပြောပြီးနေမှ။ ဆေးကိစ္စတွေက ဂယက်ထမှာလေ။ ရခိုင်ပြည် စစ်တွေမြို့ထိ သွားယူရမှာ။ အဲဒါတွေ တွေးရင်းနဲ့တင် မပြန်ဖြစ်ဘူး…

ဆိုပြီး အိမ်ရဲ့အဝေးမှာ ရုန်းကန်နေရတဲ့ ထရန့်ဝူးမန်းတစ်ယောက်ရဲ့ အခက်အခဲကို ရင်ဖွင့်ခဲ့ပါတယ်။

လိင်အလုပ်ကို လုပ်ကိုင်ရသူအများစုဟာ နယ်ကနေ ရန်ကုန်ကို ရွှေ့ပြောင်းလာကြတဲ့သူတွေ ဖြစ်နေခြင်းသည် မြို့ပြစီးပွားရေးကို မောင်းနှင်နေ တဲ့ အရင်းရှင်စနစ်ဟာ ဒီလူတွေရဲ့လုပ်အားကို ခေါင်းပုံဖြတ်ပြီး အကျိုးအမြတ် ရနေတာကို ဖော်ပြနေတာပါပဲ။ မိသားစုကိုလွမ်းတဲ့ အခက်အခဲကို အမြဲတမ်း ရင်ဆိုင်နေရသော်လည်း သူတို့ရဲ့ အိမ်မပြန်နိုင်တဲ့ အကြောင်းရင်းဟာ ထရန့်ဝူးမန်းတစ်ယောက်ဖြစ်နေတာကြောင့်ရော၊ ART ဆေးတွေ သောက်နေ ရတာကြောင့်ရော ဖြစ်နေပါတယ်။ ထရန့်ဝူးမန်း လိင်အလုပ် လုပ်ကိုင်ရသူတွေ ဟာ လူ့အဖွဲ့အစည်းထဲကို ရောက်ကတည်းက လူ့အဖွဲ့အစည်းက လူအဖြစ် ကနေ နှိမ့်ချသတ်မှတ်တယ်။ လိင်အလုပ်လုပ်ကိုင်ရသူ အနေနဲ့လည်း ထပ်ပြီး ဖိနှိပ်ခံရပြန်တယ်။ ဒါ့အပြင် HIV/AIDS ကူးစက်ခံရတဲ့အခါ မိသားစုနဲ့ ဆက်ဆံ ရေး၊ အတူရှိချိန်တွေပါ စွန့်လွှတ်ရတယ်။ လက်ရှိနိုင်ငံရေး၊ စစ်ရေး အခြေအနေ တွေကြောင့် ညစဉ်လမ်းထွက်တိုင်း အန္တရာယ်ရှိတာကို သိပေမယ့်လည်း အရဲစွန့် ပြင်ဆင်ပြီးထွက်ရတယ်။ နေ့စဉ်ဘဝမှာကြုံရတဲ့ လိင်အခြေပြုဖိနှိပ်မှု၊ စနစ်က ပြုကျင့်တဲ့ လိင်အခြေပြုဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ အသက်အန္တရာယ် ဆုံးရှုံးနိုင်မှု ဒီဖိနှိပ်မှုတွေကြားထဲမှာ အသက်ရှင် နေထိုင်၊ ရုန်းကန်နေကြဆဲ ဖြစ်တယ်။ ဒါ့ကြောင့် ဒီအလုပ်က လွယ်တဲ့အလုပ်လို့ပြောရင် လူလို့တောင် သတ်မှတ်မခံရတဲ့ ဒီလူတွေအတွက် အဆုံးစွန်ဆုံးသော ဖိနှိပ်မှုဖြစ်လိမ့်မယ်။

လူ့အဖွဲ့အစည်းအတွင်းက မရှိသင့်တဲ့လုပ်အား

ဘယ်သူမှ အလုပ်သမားအဖြစ်မွေးလာတာ မဟုတ်ဘဲ အရင်းရှင်စနစ်ရဲ့ လိုအပ်ချက်အရ အလုပ်သမားဖြစ်လာသလိုမျိုး လိင်အလုပ်လုပ်ကိုင်ရသူတွေ ဟာလည်း ဒီစနစ်ရဲ့ထုတ်ကုန်ပဲ ဖြစ်ကြပါတယ်။ ဒီအလုပ်ကို စီးပွားရေးဖိအား၊ လူမှုရေးဖိအားတွေကြောင့် ရွေးချယ်ခဲ့ရတာဖြစ်ပြီး တစ်သက်လုံး၊ ဒါမှမဟုတ် နေ့စဉ်နဲ့အမျှ လုပ်ကိုင်ရတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုလို မသတ်မှတ်ချင် ကြပါဘူး။ လိင်အလုပ်ကို တကယ်လုပ်ကိုင်ရတဲ့ သူတွေဟာ ဒီအလုပ်ကို ပျော်စရာကောင်းလွန်းလို့၊ ဝါသနာပါလွန်းလို့ လုပ်ကြတာ မဟုတ်ပါဘူး။ လိင် အလုပ်ရဲ့ တည်ရှိမှု အကြောင်းရင်းကိုက လိင်ကိစ္စကို လူလူချင်း ချစ်နှစ်သက် လို့ ဒါမှမဟုတ် သာယာမှုရချင်လို့ကြောင့် မဟုတ်ဘဲ အခြားသူရဲ့ လိင်စိတ် ပြည့်ဝဖို့အတွက် မိမိခန္ဓာကိုယ်ကိုရင်းပြီး ဝန်ဆောင်မှုသဘော၊ လူလူချင်း ဖျော်ဖြေနေရတဲ့သဘော လုပ်ပေးရမယ့် လူတန်းစားတစ်ရပ်ကို ဒီလူ့အဖွဲ့ အစည်းက လိုအပ်နေတာကြောင့်ဖြစ်ပါတယ်။ ဒါကိုလည်း တကယ်လုပ်ကိုင်ရ သူတွေအနေနဲ့ တစ်နည်းတစ်ဖုံ သဘောပေါက်ကြပုံကို မခင်ခင်ရဲ့ ပြောစကား တွေမှာ အခုလိုပဲ တွေ့ရပါတယ်။ “ကိုယ့်မှာ ပိုက်ဆံရဖို့အတွက် သူတို့ကို ဖြည့်ဆည်းပေးရတာလေ။ လုပ်ပြီးသွားရင် ကိုယ့်ကို ပိုက်ဆံ မပေးချင်တော့ တာတို့ဖြစ်တယ်။ ဖြည့်ဆည်းပေးရတယ်ဆိုတာ ကိုယ်က ပိုက်ဆံလိုချင်လို့ သွားတာလေ။ ကိုယ့် စိတ်ထဲမှာတော့ ဒီဟာကြီးကို မလုပ်ချင်ပေမဲ့ ကိုယ်က လိုချင်တဲ့အခါကျတော့ သူတို့ရဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးတယ်။ အဆင်ပြေ ရင် နောက် ကိုယ့်ကို ခေါ်မလားဆိုပြီး အဆင်ပြေအောင်နေရတာပေါ့ သူတို့ အကြိုက်…”

ဒီလို ခန္ဓာကိုယ်ချင်း ဝန်ဆောင်မှုပေးရတဲ့အလုပ်အတွက် စိုက်ထုတ်ရတဲ့ လုပ်အားမျိုးဟာ မရှိသင့်ပါဘူး။ လူတစ်ယောက်ရဲ့ လိင်ဆန္ဒအတွက် အခြားသူ တစ်ယောက်က ဖြည့်ဆည်းပေးရတယ်ဆိုတာဟာ အင်မတန် ဖိနှိပ်လွန်းရာ ကျပါတယ်။ ဒါကို ဒီလုပ်အားတွေက အလကားမဟုတ်ဘူး၊ ပိုက်ဆံရနေတာပဲ ဆိုပြီး တရားသလို ထောက်ခံလို့ မရပါဘူး။ လိင်အလုပ်လုပ်ရတဲ့သူတွေ ဝန်ဆောင်မှုပေးရတယ်ဆိုတဲ့ အခြေအနေဟာ လူတစ်ယောက်အတွက် အခြား လူတစ်ယောက်က အဆုံးစွန်ဆုံး လုပ်ပေးနိုင်တဲ့ ဖြစ်ရပ်မျိုးပါပဲ။ ဒီအလုပ်ကိုပဲ နိစ္စဓူဝ မိမိဖောက်သည်ဟာ ရဲလား၊ ဓားပြလား၊ မုဒိမ်းကောင်လား၊ အကြမ်းဖက်သမားလား ဘာမဆိုဖြစ်နိုင်တဲ့အခြေအနေမှာ လုပ်ကိုင်နေရတာ သည် လူအဖြစ်ကနေ အဆင့်လျှော့ချခံနေရတာပဲဖြစ်တယ်။

ဒါ့အပြင် လက်တွေ့မှာ လိင်အလုပ်လုပ်ကိုင်ရသူ ထရန့်ဝူးမန်းအများစုဟာ ART ဆေးတွေ၊ တီဘီဆေးတွေလို ဆေးပြင်းတွေကိုသောက်နေကြရပါတယ်။ ပိုပြီး ကြေကွဲစရာကောင်းတာက ဒီအလုပ်လုပ်တဲ့သူဖြစ်လို့ ကိုယ့်ရဲ့ ရုန်းကန် ရမှုတွေက အရေးမကြီးတော့ဘဲနဲ့ ဒီအကျိုးအပြစ်တွေကို ခံယူရမယ်ဆိုတဲ့ ထရန့်ဝူးမန်းတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ဖိနှိပ်မှုပုံစံပါ။

မဖြူဖြူက “ရောဂါဖြစ်တာကို ဝမ်းနည်းပေမဲ့ ယူကျုံးမရတော့ မဖြစ် ကြောင်း၊ အကြောင်းရင်းက ဒီအလုပ် မလုပ်တဲ့သူတွေတောင် ဒီရောဂါ ဖြစ်နေကြတာ ကိုယ်က ဒီအလုပ်လုပ်လို့ ဖြစ်တာကြောင့်” ဆိုပြီး စိတ်ဖြေပုံကို နားထောင်ခဲ့ရတယ်။ မစိုပြေကလည်း “အရင်တုန်းက ခြောက်လတစ်ခါ၊ သုံးလ တစ်ခါ ဆေးစစ်တယ်။ အဲဒီမှာ ၂၀၁၉ ပေါ့နော်၊ ကိုဗစ်နဲ့ တစ်နှစ်တည်းဖြစ်တာ။ အကျိတ်တွေ့တယ်၊ ဖျားလည်းဖျားတာနဲ့ မသင်္ကာလို့ စစ်လိုက်တော့ တန်းပေါ် တာ။ အစ်မက ကံမကောင်းဘူး။ ထပ်စစ်လိုက်တော့ တီဘီ တန်းပေါ်သွားတာ။ ဆေးနှစ်မျိုးသောက်ရတာ ရူးခါနေတာပဲ။ အဲဒီဆေးတွေက အရမ်းပြင်းတဲ့ အခါကျ တစ်ခါတလေ စိတ်မရှည်တာ အဲဒါတွေကြောင့်လည်းပါတယ်။ ထိုင်ငို နေလို့လည်း ဘာမှမထူးဘူးလေ။ ဒါကိုယ်လုပ်ခဲ့တာလေ။ ကိုယ်ဖြစ်ကိုယ်ခံ ရမှာပေါ့။ စ စဖြစ်ပြီဆိုတာနဲ့ အစ်မ မှိုင်တော့မှိုင်သွားတာ၊ ဒါပေမဲ့ ဆရာမတွေ ရှေ့မှာ လုံးဝမဲ့သွားတာတို့၊ ထိုင်ငိုတာတို့မဖြစ်ဘူး။ ပျော်လို့ရယ်တဲ့ပုံစံမျိုးပဲ ပြောလိုက်တာ “…ဆရာမရယ် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ဝတော့မှာပဲ…” လို့။ ကိုယ့်စိတ်ကို ဖြေဆည်တာပေါ့။ တကယ်တော့ အရမ်းစိတ်ညစ်တယ်။ အစ်မ ငိုနေလို့ ဘာမှမထူးဘူးလေ…” ဆိုပြီး ပြောပြခဲ့တယ်။ လူ့အဖွဲ့အစည်းအနေနဲ့ လိင်ဖျော်ဖြေရတဲ့လူတစ်စု ရှိနေအောင်ဖန်တီးထားပြီး ဒီလူတွေရဲ့ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုတွေအတွက်တော့ ဒီအလုပ်လုပ်တဲ့သူက ဒီဒဏ်ကို ခံရမှာပဲဆိုတဲ့ သဘောမျိုး လျစ်လျူရှုထားပါတယ်။

ဒါ့အပြင် ဒီလိုလူ့အဖွဲ့အစည်းရဲ့ လျစ်လျူရှုခြင်းကို လိင်အလုပ်လုပ်ရတဲ့သူ တွေ ကိုယ်တိုင်က ပြစ်ဒဏ်တစ်ခုလို စိတ်ထဲမှာခံယူရင်း လုပ်ငန်းခွင်ရဲ့ အခက်အခဲတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြတာပါပဲ။ ဒါတင်မက သေးပဲ ထရန့်ဝူးမန်းတွေဟာ သူတိုရဲ့ဖြစ်တည်မှုကြောင့် ဖိနှိပ်မှုအထပ်ထပ်နဲ့ တစ်ပြိုင်နက်ထဲ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ထရန့်ဝူးမန်းဖြစ်သူ မငယ်ငယ် ဟာဆိုရင် “လူမသိသူမသိနေကြရတာပေါ့။ ဒီလိုဖြစ်ပြီး ဒါတွေ လုပ်နေပါတယ် ဆိုရင် မရဘူးလေ။ အခြောက်မဆိုရင် နှိပ်ကွပ်ထားတာ။ အမြဲတမ်းကြီးကို မကောင်းတဲ့ဘက်က မြင်နေကြတာ။ ဒီလိုဖြစ်တယ်ဆိုတာသိရင် လက်ခံကြမှာ မဟုတ်ဘူး…” ဆိုပြီး ART ဆေးတွေသောက်ရတဲ့ လိင်အလုပ်ကို လုပ်ကိုင်ရသူ ဖြစ်တာကြောင့်ရော၊ ထရန့်ဝူးမန်းဖြစ်တာကြောင့်ရော ပတ်ဝန်းကျင်က ပစ်ပယ်ခံရမလားဆိုတဲ့ စိုးရိမ်မှုရှိပုံကို မျှဝေခဲ့ပါသေးတယ်။ ဒီလိုဖိနှိပ်မှုပေါင်းစုံ ကြားထဲမှာပဲ လိင်အလုပ်လုပ်ကိုင်ရတဲ့ ထရန့်ဝူးမန်းတွေဟာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ နေ့စဉ်ဘဝမှာ ရှင်သန်နေကြရတယ်။ လိင်အလုပ်ကိုလုပ်ရင်းနဲ့ပဲ အန္တရာယ်ကို ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လိုကာကွယ်ထားမလဲဆိုတဲ့ ပညာ တွေကို အလုပ်လုပ်တဲ့သူတွေက တတ်မြောက်သွားကြပါတယ်။ အများစု ကြုံတွေ့ရတာက အလုပ်ကိစ္စပြီးရင် ပိုက်ဆံမပေးတဲ့ပြဿနာပါ။ တချို့တွေက အစပိုင်းမှာ ပိုက်ဆံမရဘဲ ပြန်လာခဲ့ရတာတွေရှိပြီး နောက်ပိုင်းမှာ အလုပ် မလုပ်ခင် ပိုက်ဆံတစ်ခါတည်း ကြိုတောင်းတာမျိုး လုပ်ပြီး ဒီပြဿနာ မဖြစ်အောင် ကာကွယ်ကြတယ်လို့ သိရတယ်။ လူတွေရဲ့ စိတ်နေစိတ်ထား၊ စကားပြောပုံကို ကြည့်ပြီး နောက်ပိုင်းကျ ဖောက်သည်ကို ရွေးချယ်လာ ကြတယ်။ ဒါသည် လိင်အလုပ်လုပ်ကိုင်ရသူတွေရဲ့ လူအကဲခတ်ခြင်းပညာ ဆိုရင်လည်း မမှားပါဘူး။ မငယ်ငယ်ဆိုရင် သူ့အပေါ်အနိုင်ကျင့်တဲ့သူတွေကို ပြန်ပြီး သင်ခန်းစာပေးတယ်ဆိုတဲ့ ရဲရဲရင့်ရင့် ကောင်တာလုပ်ပုံ (ပြန်လည် ခုခံပုံ) ကိုပါ သင်ယူခဲ့ရပါတယ်။ ဒါ့အပြင် လိင်အလုပ်ကို လုပ်ကိုင်ရသူ ထရန့်ဝူးမန်းအချင်းချင်း ပြန်လည်စောင့်ရှောက်ကြတဲ့ ချစ်စရာအလေ့အကျင့် တွေလည်း ရှိကြပါသေးတယ်။ မခင်ခင်နဲ့ မပြုံးရီဆို နှစ်ယောက်အတူတူ ဂျွန်ဆင်း (လမ်းလျှောက်ပြီး အော်ဖာရှာခြင်း) ကြတာဖြစ်တဲ့အတွက် ဒီအလုပ် ကို ပိုပြီးစောစောလုပ်ကိုင်ရတဲ့ မခင်ခင်ကပဲ မပြုံးရီကို ဆောင်ရန်၊ ရှောင်ရန် တွေ ပြောပြပြီး လက်တွဲခေါ်ခဲ့တာလို့ သိခဲ့ရတယ်။ ဒါဟာ တစ်နည်းအားဖြင့် လိင်အမြတ်ထုတ်ခံရသူ အဖိနှိပ်ခံတွေကြားထဲက သွေးစည်းမှုပါပဲ။

နိဂုံး

လိင်အလုပ်လုပ်ကိုင်ရသူ ထရန့်ဝူးမန်းတွေရဲ့ နေ့စဉ်ဘဝဟာ အန္တရာယ်တွေ၊ ဖိနှိပ်မှုအထပ်ထပ်တွေနဲ့ ပြည့်နှက်နေတာဖြစ်တယ်။ ဒါကို လူသားချင်းစာနာ သလိုလို သနားနေခြင်းထက် အခက်အခဲတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြတဲ့ ထရန့်ဝူးမန်းတွေရဲ့ အားမာန်ကို ချီးကျူးဖို့လိုအပ်ပါတယ်။ လူလူချင်းလို့သာ တကယ်မြင်ကြတယ်ဆိုရင် လူအဖြစ်ကနေ အဆင့်လျှော့ခံ နေရတဲ့ မရှိသင့်တဲ့ လိင်အလုပ်ကြီး ပျောက်ကွယ်သွားဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အကြောင်းက လိင်အလုပ်လုပ်သူတွေအပေါ် ရှိနေတဲ့ဖိနှိပ်မှုဟာ သနားလိုက်တာဆိုတာနဲ့တင် မပြီးသွားလို့ပါပဲ။ လိင်အလုပ်လုပ်ရတဲ့သူအထဲ မှာမှ ထရန့်ဝူးမန်းဖြစ်သူတွေဟာ ဖိနှိပ်မှုကို အထပ်ထပ်နဲ့ တစ်ပြိုင်နက် ပိုပြီး ခံစားရပါတယ်။ အရင်းရှင်၊ စစ်ဝါဒ၊ လူဖြူကြီးစိုးတဲ့ ‘ပေထရီအာခီ’ လူ့အဖွဲ့ အစည်း မဟုတ်တော့မှသာ လိင်အလုပ်လုပ်ကိုင်ရတဲ့ ထရန့်ဝူးမန်းတွေ အပါ အဝင် အောက်ခြေမှာ အထပ်ထပ်ဖိနှိပ်ခံရသူတွေဟာ လွတ်မြောက်မှာ မလို့ပါ ပဲ။ ဒီလိုဖိနှိပ်မှုကိုကျ မဆန့်ကျင်ဘဲနဲ့ သနားတာနဲ့တင် အဆုံးသတ်နေတာဟာ ဖိနှိပ်မှုကို လျစ်လျူရှုခြင်းဖြစ်ပါတယ်။ ဖိနှိပ်မှုကို လျစ်လျူရှုတာ၊ အားပေး အားမြှောက်ပြုတာ မှန်သမျှ ဖိနှိပ်သူ ဖြစ်နေတာနဲ့ မခြားပါဘူး။ လိင်အလုပ်လုပ်ကိုင်ရတဲ့ ထရန့်ဝူးမန်းတွေရဲ့ အတွေ့အကြုံတွေဟာ လိင် အခြေပြုဖိနှိပ်မှုကို ဒေါက်တိုင်ပြုထားရင်းနဲ့ တစ်ဖက်မှာလည်း မိန်းမဘောင် သွင်းခံရတဲ့လူတွေကို လိင်ဖျော်ဖြေရတဲ့အုပ်စုဆီ ရွေးချယ်စရာအနေနဲ့ တွန်းပို့ တဲ့ ပေထရီအာခီလူ့အဖွဲ့အစည်းရဲ့ သရုပ်မှန်ကို မီးမောင်းထိုးပြနေပါတယ်။ ဒီလိုနည်းနဲ့ စနစ်ဟာ ဖိနှိပ်သူနေရာကနေ ကြိမ်းမောင်းရိုက်နှက်စရာမလိုဘဲနဲ့ ထရန့်ဝူးမန်းတွေကိုယ်တိုင် ဒီအလုပ်ကို ရွေးချယ်ခဲ့တာလိုလို၊ ရွေးချယ်ခဲ့တာ ကြောင့် အပြစ်ထပ်ရှိသလိုလို ဖြစ်စေခြင်းကနေ အကျိုးအမြတ်ရနေတာပဲ ဖြစ်တယ်။ ဒါကိုပဲ ပိုက်ဆံရတယ်ဆိုပြီး ခန္ဓာကိုယ်ရော၊ စိတ်ရော လူသား အနေနဲ့ တစ်ဆင့်လျှော့ခံရပြီး လုပ်ကိုင်နေရတဲ့ အလုပ်ဟာ အသက်မွေး ဝမ်းကျောင်းတစ်ခု ဟုတ်ရဲ့လား၊ အလုပ်အကိုင်တစ်ခု ဟုတ်ရဲ့လားဆိုတာကို လူ့အဖွဲ့အစည်းက ထရန့်ဝူးမန်းတွေကို ဖြေပေးရပါလိမ့်မယ်။

အဆုံးမှတ်စုများ

1 ဒစ်ပို ခေါ် Depo-Provera သည် မြန်မာနိုင်ငံတွင် အသုံးများသော အမျိုးသမီး သ‌န္ဓေတားဆေးတစ်မျိုးဖြစ်သည်။