မဂ္ဂဇင်းတွေ အရောင်ပြောင်းသွားတဲ့ ညနေခင်းဟာ ခံကတုတ်ထဲ ခုန်ချသွားတော့ မောင့်ကို ဘယ်မှာရှာရမလဲ မသိခဲ့

သျှင်နှောင်း | Click here to read this article in English.

Cite as: 
သျှင်နှောင်း၊ (၂၀၂၃)၊ မဂ္ဂဇင်းတွေ အရောင်ပြောင်းသွားတဲ့ ညနေခင်းဟာ ခံကတုတ်ထဲ ခုန်ချသွားတော့ မောင့်ကို ဘယ်မှာရှာရမလဲ မသိခဲ့၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4666

နာမ်စားတွေ အသက်မဲ့သွားပြီလေ မောင်။
နာမ်စားတွေ အသက်မဲ့ခဲ့ပြီပေါ့
ငါ့အော်သံမှာ ပစ်စလက်ခတ် ပြုတ်ကျသွားတဲ့
မြေစိုင်ခဲတွေ အပြာရောင် အပြေးသမားရဲ့ မှတ်ဉာဏ်ထဲ လဲကျသေဆုံး
အမြဲပြုံးသစ်တောကြီးရဲ့ အလယ်မှာ နစ်မြုပ်နေတဲ့ ဘာသာစကားတွေ
လှည့်ကြည့်စမ်း သစ်ရွက်များငဲ့။ ကမ္ဘာကို ပိုင်စိုးသူရဲ့ မျက်ဝန်း
အော်ဟစ်ခေါ်သည်၊ သူ့အမည်တွင်
မျက်ရည် ဘာကြောင့်စွန်းရတယ်
ကိုယ်တကယ် မသိခဲ့ပါဘူး။

ဖောင်းပွလာတဲ့ ချစ်ခြင်းမေတ္တာကို အဖတ်ဆယ်ဖို့
မြူမှုန်တစ်ခုကနေ နောက် မြူမှုန်တစ်မှုန်
မော်လီကျူးတစ်ခုကနေ နောက် မော်လီကျူးတစ်စုံ
တစ်ယောက်ရဲ့ လက်ကနေ နောက်တစ်ယောက်ရဲ့ ဘဝတစ်ခုအကုန်
ဖောင်းပွလာတဲ့ ချစ်ခြင်းမေတ္တာကို စကော့ဈေးမှာ ဖောဖောသီသီရမယ်ဆိုရင်
မြူမှုန်၊ မော်လီကျူး၊ တွဲလက်
အဆက်ပြတ်နေပါလိမ့်မယ်။

ဓာတ်ပုံတွေဟာ သမိုင်းကို ပြောမပြနိုင်ဘူး
လမ်းဆုံမှာ လမ်းလျှောက်ဖို့ မဖြစ်နိုင်ဘူး
မဂ္ဂဇင်းတွေဟာ လူ့အသက်ကို မသေစေနိုင်ဘူး
ခံကတုတ်တွေဟာ တော်လှန်ရေးကို မကာကွယ်နိုင်ဘူး
လက်တစ်စုံနဲ့ နောက်လက်တစ်စုံ ပေါင်းဖက်ဖို့ နိုင်ငံတော်အာဏာကို မလိုအပ်ဘူး။

ငါ့ကို လိုက်ရှာနေတဲ့ မြေစိုင်ခဲတွေဟာ ဒေါသတကြီး တရားကျင့်ကြံနေတယ်
ငါကရော ဘာတွေကို ‌တွေးတောမိနေလဲ
နှမြောစရာကောင်းလှချည့်
မောင့်လက်မောင်းပေါ် ခေါင်းအုံးအိပ်ခွင့်ကို စစ်ပွဲတစ်ပွဲနဲ့ လဲယူလိုက်ရတယ်။

ဒီးန်ယန်းဂ် ဆုံးပါးသွားတဲ့အကြောင်းကိုတောင်မှ ဂရုတစိုက်မရှိလှပါဘူး
နာမ်စားတွေ အသက်မဲ့သွားခဲ့ပြီလေ
ငါ့ဈာပနမှာ ကဗျာရွတ်နေတဲ့ငါ့ကို ‌နှလုံးသွေးကြောတွေက ရစ်ပတ်ချုပ်ငင်
အမြင်အာရုံထဲက အသံလုံခန်းမတွေဆီ လျှောက်သွားတဲ့ စစ်ဖိနပ်တွေ။

စုတ်ပြဲသွားတဲ့ မိသားစုတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ
တစ်နေ့မှာ တန်ရာတန်ကြေးကို ပြန်ယူကြလိမ့်မယ်။

သမိုင်းကို သမိုင်းကပဲ ပြောပြနိုင်တယ်
လမ်းလျှောက်ခြင်းအမှုကို လမ်းဆုံကပဲ ပြုလုပ်နိုင်တယ်
လူ့အသက်ကပဲ လူ့အသက်ကို သေစေနိုင်တယ်
တော်လှန်ခြင်းကသာ တော်လှန်ရေးကို ကာကွယ်နိုင်တယ်
နိုင်ငံတော်အာဏာဟာလည်း လက်တစ်စုံကို ပေါင်းဖက်စေနိုင်တယ်။
“ဘုရားကျောင်းမျှော်စင်တွေဟာ သားသတ်ရုံကို လုံလုံခြုံခြုံ အကာအကွယ်ပေးထားတယ်” တဲ့
ဒီးန်ယန်းဂ်ရဲ့ လှိုက်မောဖွယ်ညနက်ထဲမှာ လမ်းလျှောက်ကြည့်တော့
လိမ္မော်သီးတစ်လုံးဟာ “ကံ၊ ကံ၏ အကျိုး” ဟောပြောချက်ကို အန်ထုတ်ရင်း အဆီယစ်နေတယ်။
(ထပ်မံတွေ့ရှိရသော အချက်အလက်များအရ လိမ္မော်သီးများဟာ တန်ပြန်တော်လှန်ရေးရဲ့ သင်္ကေတဖြစ်ကြောင်း)
ခုတော့ လူလိမ်တွေဟာ လွှတ်တော်ထဲက ထွက်ခွာသွားပြီ။

တကယ့်တကယ်တော့
မြူမှုန်တစ်မှုန်စာ အကွာအဝေးမှာ
မောင် နေထိုင်ကြောင်း သိရှိလိုက်ရတယ်။ ငါတို့ရဲ့သိမှုဟာ အရှိတရားထက် ဘယ်တုန်းကမှ မပိုခဲ့ဘူး ငါ့ရဲ့ အိမ်ပြန်ခြေလှမ်းတွေဟာလည်း ဒုလ္လဘဖြစ်ဘိခြင်း။