ဗလာမြစ်

ဝေး | Click here to read this article in English.

Cite as: 
ဝေး၊ (၂၀၂၃)၊ ဗလာမြစ်၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4666


“ရေထဲမှာ ငါးရှိလား။ မရှိဘူး။ ဘာရှိလဲ။ ဘုရားရှိတယ်” လို့ ပြောတော့ ငါတို့အားလုံး ထ ရယ်ကြတယ်။ ဒါပေမဲ့ ငါတို့ ရယ်နေတဲ့ အဲဒီစကားတွေက ဝမ်းနည်းစရာတွေပါ။ တကယ်တမ်း ရေထဲမှာက ငါတို့အတွက် ဘာဆိုဘာမှ ရှိမနေခဲ့ဘူးလေ။

ဟိုအရင်တုန်းကတော့ အဲဒီရေတွေထဲကနေ အရာအားလုံးရနိုင်တယ်လို့ မြစ်ကိုယုံကြည်သူတွေက ပြောကြတယ်။ အခုတော့ ဘာဆိုဘာမှ မရှိတော့တဲ့ ဗလာမြစ်ဟာ ရေတွေကလွဲလို့ ဘာမှမရှိတော့ဘူး။ ပြီးတော့ ဗလာမြစ်ဟာ ကျန်းမာရေးမကောင်းဖြစ်နေပုံလည်း ရတယ်။ သူရဲ့အရောင်တွေဟာ  နောက်ကျိကျိနဲ့။ မြစ်ကို ယုံကြည်သူ တချို့ကတော့ “ဒါဟာ မြစ်ဆီကနေ လာတဲ့ ကျိန်စာပဲ။ ငါတို့အားလုံး မြစ်ကို တောင်းပန်ရလိမ့်မယ်” လို့ ပြောကြတယ်။

ဒီလူတွေဟာ ဘယ်လို ဦးနှောက်၊ ဘယ်လို နှလုံးသားနဲ့ အသက်ရှင် နေကြတာလဲ မသိတော့ပါဘူး။ တကယ်တော့ ဗလာမြစ်ဟာ သေဆုံးသွားသူ တွေရဲ့ အရိုးပြာတွေနဲ့ အသက်ဆက်နေရတယ်လို့ သူတို့ ဘာကြောင့် မသိနိုင် ရတာလဲ။

ငါတို့အားလုံး မြစ်ကို သန့်စင်ရလိမ့်မယ်လို့ ပြောတော့ သူတို့ ကန့်ကွက် ကြတယ်။ နောက်ကျိနေတဲ့ ဗလာမြစ် ဆီကနေ သူတို့ ဘာမျှော်လင့်စရာ ရှိလို့လဲ။ တကယ် နားမလည်နိုင်အောင်ပါပဲ။ ဒီအတိုင်းသာဆိုရင် နောင် နှစ်ပေါင်းများစွာ ကြာတဲ့အခါ မြစ်ဟာ ခြောက်ခန်းသွားလိမ့်မယ်။ လူတစ်ယောက် သေဆုံးတိုင်း မြစ်ဆီကို အရိုးပြာအဖြစ်နဲ့ သွားနေရတာ ဘာကောင်းကျိုးမှ မရှိနိုင်ဘူး။ ရေထဲမှာ ငါးမရှိ၊ ဘုရားမရှိရင်တောင် ငါတို့ ဗလာမြစ်ကို သန့်စင်ဖို့ လိုတယ်။ သန့်စင်တဲ့ ဗလာမြစ်ဖြစ်သွားတဲ့အခါ သေဆုံးသွားသူတွေရဲ့ အရိုးပြာ တွေလည်း ကျေနပ်နေလိမ့်မယ်လို့ ငါတို့အားလုံး မျှော်လင့်ထားခဲ့တာပါ။