အတိတ်နှင့် ပစ္စုပ္ပန်ကာလများမှ လူငယ်တော်လှန်ရေးသမားများ

ဖက်ဒရယ်လေလှိုင်းတက္ကသိုလ်သုတေသနအစီအစဥ်1 | Click here to read this article in English.

Cite as: 
ဖက်ဒရယ်လေလှိုင်းတက္ကသိုလ်သုတေသနအစီအစဥ်၊ (၂၀၂၃)၊ အတိတ်နှင့် ပစ္စုပ္ပန်ကာလများမှ လူငယ်တော်လှန်ရေးသမားများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4466

စာတမ်းအကျဉ်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင် ကျောင်းသားများသည် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြပြီး ယခုနွေဦးတော်လှန်ရေးတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ဤဆောင်းပါးတွင် ဖက်ဒရယ်လေလှိုင်း တက္ကသိုလ်၏ သုတေသနအစီအစဥ်က ကမကထပြုသော သုတေသနစာတမ်း များမှ ကျောင်းသားလှုပ်ရှားမှုနှင့်ပတ်သက်သည့် သုတေသနတွေ့ရှိချက်များ နှင့် လုပ်ငန်းစဥ်တို့ကို အကျဉ်းချုံး ဖော်ပြထားပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကာလအတွင်း ကျောင်းသားနှင့် အလုပ်သမားလှုပ်ရှားမှုများက အာဏာသိမ်းပြီးကာလ ရွေ့လျားမှုအပေါ် သက်ရောက်မှုကို သုံးသပ်ခြင်း၊ ၁၉၈၈ အရေးအခင်းကာလနှင့် ၂၀၂၁ အာဏာသိမ်းကာလတွင်း ကျောင်းသား လက်နက်ကိုင်လှုပ်ရှားမှုများကို နှိုင်းယှဥ်ခြင်း၊ ယခုကာလ ကျောင်းသား တော်လှန်ရေးအဖွဲ့များ၏ နည်းနာနှင့် လမ်းစဥ်များကို ခွဲခြမ်းခြင်းတို့ကို တင်ပြ ထားသည်။ အင်တာဗျူးကောက်နုတ်ချက်များနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ အတွေ့အကြုံများကို အခြေခံကာ ရရှိလာသည့် ဤတွေ့ရှိချက်များသည် မြန်မာလူငယ်တော်လှန်ရေးသမားများ၏ စိန်ခေါ်မှုများ၊ လမ်းစဥ်များ၊ စွမ်းပကားများကို မီးမောင်းထိုးပြထားပါသည်။

မိတ်ဆက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာပြည်သူများသည် နိုင်ငံတစ်ဝန်းခြေကုပ်ယူထားသော စစ်အုပ်ချုပ်မှုကို ခုခံတွန်းလှန်သည့်လှုပ်ရှားမှုများကို ပြုလုပ်ရင်း နိုင်ငံ၏ ရှည်လျားထွေပြား သည့် ဆင်းရဲဒုက္ခနှင့် ရုန်းကန်မှုသမိုင်းဖြစ်ရပ် နောက်တခုကို တွေ့ကြုံဖို့ ဖြစ်လာခဲ့လေသည်။ ၂၀၂၁ အာဏာသိမ်းမှုကြီးသည် နိုင်ငံ၏ ပထမဆုံး အာဏာသိမ်းမှု မဟုတ်သလို လူအချို့ကပင် ကြိုတင်မျှော်မှန်းခဲ့ကြသည့် ဖြစ်ရပ်ဖြစ်သော်လည်း အများစုမှာမူ အံ့ဩတုန်လှုပ်ခဲ့ရသည်။ လူအများက အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်)2 တွင် ပါဝင်ခဲ့ကြပြီး အာဏာသိမ်းမှုကို လက်မခံသည့်အနေဖြင့် လမ်းများ‌ပေါ်တွင် သံပုံးတီးခဲ့ကြသည်။ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ကျောင်းသားသမဂ္ဂများနှင့် ပူးပေါင်းကာ အလုပ်သမားများ ဦးဆောင်သည့် ရန်ကုန်မြို့၏ ပထမဆုံး လူထုဆန္ဒပြမှုကြီး ပေါ်ပေါက်ခဲ့သည်။ ထို့နောက်တွင် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး အရှိန်မြင့်မားလာခဲ့ သလို အာဏာဖီဆန်မှုကို နေရာအနှံ့အပြားတွင် တွေ့ခဲ့ရသည်။ စစ်တပ်က ဆန္ဒပြသူများကို ပစ်ခတ်မှုများ၊ ထောင်ချမှုများ စတင်ပြုလုပ်ခဲ့သည်။ ဤ အကြမ်းဖက်လုပ်ရပ်များက အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လုပ်ရပ်များကို ရပ်တန့်ရာမရောက်ခဲ့ဘဲ လူအများစုက မိမိကိုယ်ကိုကာကွယ်ရန်နှင့် တော်လှန်ရေးပန်းတိုင်ဆီ လက်နက်ကိုင်ချီတက်ရန် တွန်းအားပေးရာသာ ရောက်ခဲ့သည်။ ၎င်းကို နွေဦးတော်လှန်ရေးဟု ခေါ်ပါသည်။

ဤအထူးထုတ်ဂျာနယ်ပါ အခြားဆောင်းပါးများတွင် ဖော်ပြထားသကဲ့သို့ ပင် မြန်မာကျောင်းသားများသည် ကိုလိုနီခေတ်မှစ၍ ဒီမိုကရေစီ အကူး အပြောင်းကာလအထိ နိုင်ငံရေးလှုပ်ရှားမှုများနှင့် လူမှုလှုပ်ရှားမှုများတွင် ပါဝင် ခဲ့ကြသည်။ ၁၉၈၈ အရေးအခင်းတွင် စစ်တပ်၏ ကြမ်းကြုတ်သည့် ဖိနှိပ်မှု များကြောင့် ကျောင်းသားများသည် လက်နက်ကိုင် တော်လှန်ရန် နယ်စပ်ဒေသ များ၊ ဗမာပြည်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ ခိုလှုံခဲ့ကြသည်။ အချို့ကျောင်းသားများက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ဗကဒတ) ကို ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလတွင် တည်ထောင်ခဲ့လေသည်။

ထို့နောက်တွင်လည်း ကျောင်းသားများသည် ၁၉၉၆ အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းအပါအဝင် အခြားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ ၂၀၁၆ မှ ၂၀၂၁ အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) အစိုးရ ပြုစဥ်ကာလများတွင်လည်း ကျောင်းသားနှင့် အလုပ်သမား အမြောက်အမြား သည် အငြင်းပွားဖွယ်ရာလုပ်ရပ်ဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရပါတီတို့ကို ဆန္ဒပြခဲ့ခြင်းအပါအဝင် မြန်မာနိုင်ငံရှိ အဖိနှိပ်ခံများ၏ အခွင့်အရေးနှင့် တရားမျှတမှုတို့အတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ပါသည်။3

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် လက်ရှိဖြစ်နေသည့် နိုင်ငံရေးနှင့် လူမှုရေးပြဿနာများအရဆိုလျှင် ကျောင်းသားလှုပ်ရှားမှုကို နားလည်ရန်မှာ အခရာကျပေသည်။ ဤဆောင်းပါးသည် အဆိုပါအကြောင်းအရာကို နောက်ခံ ထားကာ နွေဦးတော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေကြသည့် မတူညီသည့် ကျောင်းသားသမဂ္ဂများမှ ကျောင်းသားတက်ကြွလှုပ်ရှားသူများက ပြုစုထား သည့် သုတေသနသုံးရပ်ကို အကျဉ်းချုပ် ဖော်ပြထားခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် မေလတွင် စိတ်ကူးပုံဖော်ကာ အကောင်အထည်ဖော် တည်ထောင်ခဲ့ သည့် ဖက်ဒရယ်လေလှိုင်းတက္ကသိုလ်မှ အထောက်အပံ့ဖြင့် စာတမ်းပြုစုသူများ က သုတေသနများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။4 ယင်းသုတေသန သုံးရပ် တွင် ယခုတော်လှန်ရေး၌ ကျောင်းသားအခန်းကဏ္ဍ၏ အရေးပါမှု၊ ၎င်းတို့ လှုပ်ရှားမှုပုံစံများ၊ နှစ်မြှုပ်လုပ်ဆောင်မှုများ၊ အခြားအစုအဖွဲ့များနှင့် ချိတ်ဆက် အလုပ်လုပ်မှုများနှင့် ၁၉၈၈ ကျောင်းသားတော်လှန်ရေးသမားများနှင့် နှိုင်းယှဥ်၍ ၎င်းတို့ ရင်ဆိုင်ကြုံတွေ့ရသည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ကို လေ့လာဆန်းစစ်ထားပါသည်။

စစ်တပ်၏ အကြမ်းဖက်မှုဖြိုခွင်းမှုများကြောင့် လူထုအနေဖြင့် ပြောက်ကျားဆန္ဒပြမှုများနှင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ဗျူဟာ အရ ပြောင်းလဲမကျင့်သုံးသေးစဥ်က လမ်းမထက် လူထုလှုပ်ရှားမှုများ အပြင်းထန်ဆုံး ဖြစ်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နှင့် မတ်လကာလအတွင်း နွေဦးတော်လှန်ရေးအပေါ် ဒီချုပ်အစိုးရလက်ထက် လှုပ်ရှားမှုများက သက်ရောက်မှု မည်သို့ရှိကြောင်း သိရှိနားလည်နိုင်ရန် “နွေဦးတော်လှန်ရေး အစောပိုင်းကာလအပေါ် ၂၀၁၆–၂၀၂၁ ကာလအတွင်းမှ ကျောင်းသားနှင့် အလုပ်သမားလှုပ်ရှားမှုများ၏ သက်ရောက်မှု” ဟု အမည်ပေးထားသည့် အဖွဲ့ (၁) ၏ သုတေသနက ရည်ရွယ်သည်။ ဒီချုပ်အစိုးရလက်ထက် အလုပ်သမား များနှင့် ကျောင်းသားများ၏ လှုပ်ရှားမှုများသည် အထူးသဖြင့် လူမှုကွန်ရက် များပေါ်တွင် ဝေဖန်ခံခဲ့ရ5သော်လည်း ဤသုတေသနမှာကား တော်လှန်ရေးမှ သည် နိုင်ငံလုံးဆိုင်ရာကောင်းကျိုးအပေါ်အထိ ၎င်းတို့၏ အကျိုးသက်ရောက်မှု များကို ဆန်းစစ်ထားခြင်းဖြစ်ပါသည်။

“၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် ကျောင်းသားလက်နက်ကိုင်လှုပ်ရှားမှုများကို နှိုင်းယှဥ်လေ့လာခြင်း” ဟု ခေါင်းစဥ်တပ်ထားသည့် အဖွဲ့ (၂) ၏ သုတေသန သည် “၁၉၈၈ အရေးအခင်းအပေါ် မည်ကဲ့သို့ သက်ရောက်ခဲ့သနည်း။” ဆိုသည် နှင့် “လက်ရှိကျောင်းသားတော်လှန်ရေးသမားများအနေနှင့် ၁၉၈၈ အရေးအခင်းမှ မည်သည့်သင်ခန်းစာများ သင်ယူနိုင်မည်နည်း။” ဟူသည့် မေးခွန်းများကို မေးထားပြီး ၁၉၈၈ တွင် ဖွဲ့စည်းခဲ့သည့် ဗကဒတ၏ အတွေ့အကြုံများနှင့် ၂၀၂၁ မှစ၍ ပေါ်ပေါက်လာသည့် ကျောင်းသားလက်နက် ကိုင်အဖွဲ့များ၏ အတွေ့အကြုံများကို နှိုင်းယှဥ်ကာ ထိုမေးခွန်းများကို ဖြေရန် ကြိုးစားထားသည်။

“၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် ကျောင်းသားများ၏ ပါဝင်မှု၊ ဝိသေသများကို စူးစမ်းလေ့လာခြင်း” ဟု ခေါင်းစဥ်တပ်ထားသည့် အဖွဲ့ (၃) ၏ သုတေသနသည် ကနဦးတွင် မြန်မာနိုင်ငံ၏ ၂၀၂၂ အစောပိုင်းကာလ အခြေအနေကို ပိုမိုနားလည်နိုင်ရန် အခြားနိုင်ငံများရှိ ကျောင်းသားလှုပ်ရှားမှု များ၏ လမ်းစဥ်များ၊ ဗျူဟာများ၊ နည်းနာများကို ခွဲခြမ်းစိတ်ဖြာရန် ရည်ရွယ်ခဲ့ သည့် လက်တွေ့အသုံးချသုတေသနဖြစ်သည်။ သို့သော် ထိုကာလမှစ၍ တော်လှန်ရေးသည် ပိုမိုပြင်းထန်လာကာ အောင်မြင်သည့် တော်လှန်ရေးသမား တစ်ယောက်ဖြစ်သော မော်စီတုန်းပြောခဲ့သကဲ့သို့ “တော်လှန်ရေး၏ အမြင့်ဆုံး အဆင့်”6 ဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေးသည် အဓိကဖြစ်လာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပြောင်းလဲရန် ကျောင်းသားနှင့် လူငယ် များက ကွဲပြားခြားနားသည့် နည်းလမ်းကောင်းများကို မည်ကဲ့သို့ ပုံဖော်၊ အကောင်အထည်ဖော်ကြသည်ကို ဆန်းစစ်ကြသည်။ ကျောင်းသားနှင့် လူငယ် များ တော်လှန်ရေး၌ အဘယ်ကြောင့် ပါဝင်ကြသနည်းနှင့် မည်သို့မည်ပုံပါဝင် ကြပြီး အခက်အခဲများကို မည်သည့်နည်းလမ်းများဖြင့် ကျော်ဖြတ်ပါသနည်း ဟူသော အကြောင်းအချက်များကို အဖွဲ့သုံးခုမှ လေ့လာဆန်းစစ်ရန်ဖြစ်လာခဲ့ သည်။ ဤသုတေသနစာတမ်းသည် မြန်မာနိုင်ငံနှင့် ၎င်း၏အနာဂတ်ကို ကျောင်းသားများက မည်သို့ ပုံဖော်ပြောင်းလဲထားသနည်းဟူသည့် ပိုမို ကျယ်ပြန့်သည့်သမိုင်းကြောင်းကို ပြည့်စုံစေရန် ရည်ရွယ်ဆောင်ရွက်ထားခြင်း ဖြစ်သည်။

နွေဦးတော်လှန်ရေးသည် စစ်တိုက်ခြင်းမျှသာမဟုတ်ဘဲ ယိုယွင်းခြစား နေသည့် ရှိရင်းစွဲစနစ်ကို ပြောင်းလဲရန်လည်းဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည် သည်။ စနစ်ကိုပြောင်းရန် ထိုစနစ်ကိုနားလည်ရမည်။ ဖက်ဒရယ်လေလှိုင်း တက္ကသိုလ်၏ သုတေသနအစီအစဥ်သည် ကျွန်ုပ်တို့ အာဏာဖီဆန်သော စီဒီအမ်ကျောင်းသားများအနေနှင့် ပညာရေးကို ဆက်လက်လိုက်စားနိုင်မည့် နေရာလည်းဖြစ်သလို ကျွန်ုပ်တို့၏ တော်လှန်ရေးပန်းတိုင်နှင့်ကိုက်ညီသည့် သုတေသနများကို ဆောင်ရွက်ပြီး အချက်အလက်ပေါ်အခြေခံသည့် စာတမ်း များကို ပြုစု၍ လူထုဆီမျှဝေသွားမည့် နေရာလည်းဖြစ်ပါသည်။

သုတေသနနည်းနာ

အာဏာဖီဆန်သော စီဒီအမ်ကျောင်းသားများဖြစ်ကြသည့် သုတေသနပြုလုပ် သူများသည် အဖွဲ့တစ်ခုကို သုံးယောက်စီဖြင့် အဖွဲ့သုံးခုခွဲကာ ကျွန်ုပ်တို့၏ သုတေသနကို ပုံစံ‌ရေးဆွဲကာ ပြုစုခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါ ကျွန်ုပ်တို့ ထဲမှအချို့တစ်ဝက်သည် မတူညီသော လွတ်မြောက်ဒေသများသို့ ရောက်ရှိနေ ကြပြီး အနည်းငယ်မှာ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေကြသည်။ တော်လှန်ရေးအတွင်းမှ ကျွန်ုပ်တို့၏ ဒေသအခြေအနေများနှင့် အတွေ့အကြုံ များကိုယ်၌က သုတေသနပြဿနာများကို အဖြေရှာရန်ဖြစ်စေခဲ့ပြီး အဖြေရှာ ရာ၌လည်း ယင်းအတွေ့အကြုံများက အထောက်အကူပြုခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသုတေသနလုပ်ငန်းစဥ် တစ်လျှောက်တွင် လုပ်ငန်းစဥ် တစ်ဆင့်ချင်းစီ၌ ကျွန်ုပ်တို့အား နည်းနာဆိုင်ရာ သင်ခန်းစာများနှင့် လမ်းပြမှု များကို အဖွဲ့လိုက် အွန်လိုင်းအစည်းအဝေးများမှတစ်ဆင့် ပို့ချပေးခဲ့သည့် ဖက်ဒရယ်လေလှိုင်းတက္ကသိုလ်မှ သုတေသနနည်းပြတစ်ဦးနှင့်လည်းကောင်း၊ မြန်မာနိုင်ငံတွင် သုတေသနလုပ်ဖူးသည့် ယင်းတက္ကသိုလ်မှ အကယ်ဒမစ် အကြံပေးများနှင့်လည်းကောင်း နီးကပ်စွာ အလုပ်လုပ်ကိုင်ခဲ့သည်။

သုတေသနအဖွဲ့သုံးခုလုံးက အရည်အသွေးအခြေပြုသုတေသန နည်းနာများကို အသုံးပြုခဲ့ပါသည်။ အုပ်စုတိုင်းသည် တစ်ဆင့်ခံစာပေ (secondary literature) နှင့် လှုမှုကွန်ရက်ပေါ်မှစာများကို လေ့လာဖတ်ရှု သုံးသပ်ခဲ့ခြင်း၊ ပါဝင်ပတ်သက်သူများနှင့် အလွတ်သဘောစကားပြောဆို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းတို့အပြင် ချင့်ချိန်ဆုံးဖြတ်၍ နမူနာရွေးချယ်သည့် နည်းနာ (purposive sampling strategy) ကို အသုံးပြု၍ လွတ်လွတ်လပ်လပ် တည်ဆောက်ထားသော အတွင်းကျကျထုတ်ဖော်မေးသည့် အင်တာဗျူးများ (semi-structured in-depth interviews) နှင့် ဗဟိုပြုအုပ်စုဆွေးနွေးဝိုင်းများ (FGDs) ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ သုတေသနအဖွဲ့များသည် ဆွေးနွေး ဖြေဆိုသူ စုစုပေါင်း (၅၁) ဦးနှင့် အ‌ရေးကြီး သတင်းအချက်အလက်ပေးသူ အင်တာဗျုး (KIIs) စုစုပေါင်း (၂၆) ခုနှင့် FGD စုစုပေါင်း (၆) ခုတို့ကို ပြုလုပ်ခဲ့ ကြပါသည်။ ဆွေးနွေးဖြေဆိုသူစာရင်းကို ဇယား (၁) တွင် ဖော်ပြထားပါသည်။

ဇယား ၁

အချက်အလက်စုဆောင်းမှုအကျဉ်းချုပ်။

အဖွဲ့အင်တာဗျူး အမျိုးအစားဆွေးနွေးဖြေဆိုသူ အရေအတွက်ဆွေးနွေးဖြေဆိုသူ အမျိုးအစားလူမှုလိင်
ပထမ FGDအလုပ်သမားသမဂ္ဂများ အဖွဲ့ဝင်မ – ၃ ကျား – ၁
ဒုတိယ FGDကျောင်းသားသမဂ္ဂများ အဖွဲ့ဝင်ကျား – ၃
KIIs ၇ ခုကျောင်းသားနှင့် အလုပ်သမား လှုပ်ရှားမှုများ၏ ခေါင်းဆောင်မ – ၂ ကျား – ၅
ပထမ FGDကျောင်းသားလက်နက်ကိုင် အဖွဲ့ကျား – ၄
ဒုတိယ FGDကျောင်းသားသမဂ္ဂများ အဖွဲ့ဝင်ကျား – ၃
KIIs ၇ ခုဗကဒတ အဖွဲ့ဝင်၊ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် အဖွဲ့ဝင်နှင့် ကျောင်းသားလက်ရုံး တပ်တော် (SAF) အဖွဲ့ဝင်ကျား – ၇
ပထမ FGD၂၀၂၁ တော်လှန်ရေးတွင် ပါဝင်နေသော ကျောင်းသားကျောင်းသူမ – ၂ ကျား – ၂ LGBTQ+ ၁
ဒုတိယ FGD၂၀၂၁ တော်လှန်ရေးတွင် ပါဝင်နေသော ကျောင်းသားကျောင်းသူမ – ၁ ကျား – ၅
KIIs ခု၁၂မြန်မာနိုင်ငံမှ ကျောင်းသားများ၊ ဟောင်ကောင်နှင့် အင်ဒိုနီးရှားမှ အဓိက‌ဖြေဆိုသူများနှင့် တက်ကြွလှုပ်ရှားသူ ဟောင်းများမပြောလိုသူ – ၁ မ – ၁ ကျား – ၁၀

ကျွန်ုပ်တို့သည် ဤသုတေသနကို ပြုစုရာ၌ စိန်ခေါ်မှု မြောက်မြားစွာကို ရင်ဆိုင် ခဲ့ရသည်။ လှုပ်ရှားမှုအချင်းချင်းနှင့် လှုပ်ရှားမှုအသီးသီးအတွင်း ပူပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ ၎င်းတို့အတွင်း ဖြစ်ပေါ် တိုးတက်မှုများနှင့်ပတ်သက်၍လည်းကောင်း မေးမြန်းခြင်းက အန္တရာယ်များ သည့်အတွက်ကြောင့် ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်ရေးအရ နီးစပ်မှုရှိသည့် အဆက် အသွယ်များမှတစ်ဆင့် မေးမြန်းခဲ့ရပြီး ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ လေ့လာရေး ကို ပါးနပ်စွာ မိတ်ဆက်ကာ ယုံကြည်မှုတည်ဆောက်ခဲ့ရသည်။ အင်တာဗျူး စီစဥ်ရာနှင့် ပြုလုပ်ရာတွင် ဆက်သွယ်ရေးကို ပိုမိုခက်ခဲစေခဲ့သည့် အင်တာနက် လိုင်းမကောင်းခြင်းအပြင် လူချင်းတွေ့ဆုံမေးမြန်းခြင်းများကို အကန့်အသတ် ဖြစ်စေခဲ့သည့်၊ ရှေ့တန်းတိုက်ခိုက်ရေးသမားများကို အင်တာဗျူးမေးရန် ခက်ခဲ စေခဲ့သည့်၊ သုတေသနလုပ်ငန်းစဥ်တစ်လျှောက် ကြိုတင်ကာကွယ်မှုများ ကြီးကြီးမားမားထားရန်အတွက် လိုအပ်ချက်တစ်ခုအနေနှင့် ဖြစ်စေခဲ့သည့် ဘုံအချက်မှာ အားလုံး၏ လုံခြုံရေးစိုးရိမ်မှုများပင်ဖြစ်သည်။ လုံခြုံပြီး ယုံကြည် စိတ်ချရသည့် လမ်းကြောင်းများမှတစ်ဆင့် ချိတ်ဆက်ရန် လိုအပ်မှုကြောင့် ကွဲပြားသည့်အမြင်များကို လိုချင်သည့် ကျွန်ုပ်တို့၏ဆန္ဒကို ချင့်ချိန်ထိန်းသိမ်း ခဲ့ရသည်။ ကြိုတင်ထုတ်ထားသည့် မေးခွန်းများနှင့် လက်တန်းမေးခွန်းများကို ပေါင်းစပ်ပြီး ဖြေဆိုမည့်သူများကို မေးမြန်းခြင်း ကဲ့သို့သော အင်တာဗျူး နည်းနာသစ်များနှင့် အစီရင်ခံစာရေးနည်းများကို သင်ယူခဲ့ရသည်။ လုံခြုံရေး စိုးရိမ်ချက်များကြောင့် အန္တရာယ်ဖြစ်စေနိုင်သည့် အချက်အလက်များကို ဖယ်ရှား၍ အမည်များကိုလည်း မဖော်ပြဘဲ သက်သေခိုင်လုံမှုရှိသည့် ကောက်နုတ်ချက်များကို ဆွဲထုတ်ခဲ့ရသည်။ ထိုကဲ့သို့ အကန့်အသတ်များ ရှိသော်လည်း ဤဆောင်းပါးသည် မြန်မာနိုင်ငံရှိ ကျောင်းသားလှုပ်ရှားမှုများနှင့် သက်ဆိုင်သည့် ၎င်းတို့၏ ပါဝင်လိုစိတ်၊ အတွေ့အကြုံများနှင့် နည်းနာများနှင့် ပတ်သက်၍ တန်ဖိုးရှိသည့် အသိအမြင်များကို ပေးနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ရှာဖွေတွေ့ရှိချက်များ အဖွဲ့ (၁)။ နွေဦးတော်လှန်ရေး အစောပိုင်းကာလအပေါ် ၂၀၁၆–၂၀၂၁ ကာလအတွင်း ကျောင်းသားနှင့် အလုပ်သမားလှုပ်ရှားမှုများ၏ သက်ရောက်မှုများ

ဒီချုပ်အစိုးရကာလ အလုပ်သမားနှင့် ကျောင်းသားထုလှုပ်ရှားမှုများနှင့် တောင်းဆိုချက်များသည် မကြာခဏဆိုသလို အဝေဖန်ခံခဲ့ရသော်လည်း အာဏာမသိမ်းခင် ထိုကာလအတွင်း တည်ဆောက်ခဲ့သည့် ယုံကြည်မှုများ၊ အချိတ်အဆက်များနှင့် နည်းနာများသည် အာဏာသိမ်းပြီးကာလ ၂၀၂၁ ခုနှစ် ၏ ဖေဖော်ဝါရီနှင့် မတ်လများတွင် ဖြစ်ပေါ်ခဲ့သည့် လှုပ်ရှားမှုများအတွက် အရေးပါကြောင်း ရှာဖွေတွေ့ရှိခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်အထိ ကြားကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် အလုပ်သမား များ၏ တောင်းဆိုမှုများကို လုပ်ခလစာတိုးမြှင့်ပေးရေး၊ အလုပ်သမားဥပဒေ ပြောင်းလဲပေးရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ ရပ်တန့် ရေးဟူ၍ အဓိကအမျိုးအစား သုံးမျိုးခွဲနိုင်သည်။ ထိုနည်းတူပင် ထိုကာလ အတွင်း ကျောင်းသားများ၏ လှုပ်ရှားမှုများကို —

၁။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများနှင့် ဆဲဗင်း ဂျူလိုင်အရေးအခင်း အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်မှုများ ကဲ့သို့သော နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများ၊

၂။ ရခိုင်ပြည်နယ်၏ အချို့နေရာများတွင် အင်တာနက်ဖြတ်တောက်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြမှုများကဲ့သို့သော လူမျိုးစုအရေးဆိုင်ရာ လှုပ်ရှားမှုများ၊

၃။ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်၏ အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်ဆန္ဒ ပြမှုများ၊

ကျောင်းဆောင်စည်းကမ်းများ ပြောင်းလဲပေးရန် တောင်းဆိုမှုများနှင့် ရန်ကုန် တက္ကသိုလ်အတွင်း ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကဲ့သို့သော ကျောင်းသားအခွင့်အရေးဆိုင်ရာနှင့် ကျောင်းပရဝုဏ်အတွင်း အကျင့်ပျက်ခြစားမှုများဆိုင်ရာ လှုပ်ရှားမှုများဟူ၍ အမျိုးအစား သုံးမျိုး ခွဲနိုင်သည်။ အစိုးရ၏ ဖိနှိပ်မှုများနှင့် ပြည်သူတို့၏ အပြစ် ပြောဆိုမှုများသည် အလုပ်သမားထုနှင့် ကျောင်းသားထု နှစ်ရပ်စလုံးအတွက် အဓိကစိန်ခေါ်မှုများ ဖြစ်ခဲ့သည်။ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ၏ သမဂ္ဂဝင်တစ်ဦးသည် အင်တာဗျူးတစ်ခုတွင် “အလုပ်သမားတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပြည်သူလူထုက ကင်းကွာတယ်။ ကင်းကွာတဲ့အခါကျတော့ အလုပ်သမားတွေ ဘာဖြစ်တယ်ဆိုတာကို ပြည်သူလူထုက မသိဘူး။”7 ဟု ပြောခဲ့ဖူးသည်။

အာဏာသိမ်းပြီးသည့်နောက်တွင် အလုပ်သမားများနှင့် ကျောင်းသား များသည် လက်တွဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လူထုတစ်ရပ်လုံးဘက် က ရပ်တည်ကာ ပိုမိုကြီးမားသည့် လှုပ်ရှားမှုကြီးကို အတူတကွ ဖော်ဆောင်ခဲ့ ကြပါသည်။ ကျွန်ုပ်တို့သည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု တစ်စုံလုံးကို လမ်းမထက် လူထုဆန္ဒပြမှုများ၊ နိုင်ငံတော်နှင့် စစ်တပ်၏ အဆောက်အအုံများကို ထိခိုက်စေသည့် အာဏာဖီဆန်မှုများ အပါအဝင် ဆန္ဒပြမှုများအားလုံးကို ပထမအမျိုးအစားအဖြစ်လည်းကောင်း၊ ခရိုနီများနှင့် စစ်တပ်ထုတ် ထုတ်ကုန်များကို သပိတ်မှောက်ခြင်းကို ဒုတိယအမျိုးအစား အဖြစ်လည်းကောင်း၊ လက်နက်ကိုင်လှုပ်ရှားမှုများကို တတိယအမျိုးအစား အဖြစ်လည်းကောင်း၊ အဖွဲ့အစည်းကွန်ရက်များနှင့် မြေအောက်လှုပ်ရှားမှုများ ကို တည်ဆောက်ခြင်းနှင့် တိုးချဲ့ခြင်းတို့ကဲ့သို့သော အခြားလှုပ်ရှားမှုများကို စတုတ္ထအမျိုးအစားအဖြစ်လည်းကောင်း အသုံးပြုသည့်နည်းနာပေါ်အခြေခံ၍ အမျိုးအစား လေးမျိုးခွဲထားပါသည်။

အာဏာသိမ်းမှုနောက်ပိုင်း အစောပိုင်းကာလတွင် ဖြစ်ပေါ်ခဲ့သော လူထုလှုပ်ရှားမှုအပေါ် ၂၀၁၆ – ၂၀၂၁ ခုနှစ်အတွင်း ဖော်ဆောင်ခဲ့သည့် အလုပ်သမားနှင့် ကျောင်းသားလှုပ်ရှားမှုများ၏ အဓိကသက်ရောက်မှုများ အကြောင်းကို အင်တာဗျူးများနှင့် ခွဲခြမ်းစိတ်ဖြာမှုတို့အပေါ် အခြေခံ၍ အောက်ပါအပိုင်းတွင် ဆွေးနွေးတင်ပြထားပါသည်။

မတူညီသည့် အဖွဲ့အစည်းများကြား ယုံကြည်မှုတိုးပွားခဲ့ခြင်း

အဖွဲ့အစည်းများနှင့် လူများသည် ထိုကာလအတွင်း တစ်ဖွဲ့အရေးကို တစ်ဖွဲ့က ပူးပေါင်းပေးခဲ့ခြင်း၊ အထောက်အကူပေးခဲ့ခြင်းတို့ကြောင့် ရင်းနှီးမှု ရှိလာခဲ့ကြ ပြီး ချိတ်ဆက်မှုလည်း အားကောင်းလာကာ အချင်းချင်းကြား နားလည်မှုလည်း ရှိလာကြသည်။ ဤအခြင်းအရာက အာဏာသိမ်းပြီးကာလ လှုပ်ရှားမှုများကို အထောက်အကူပြုခဲ့ပါသည်။ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာမှ ကိုယ်စားလှယ်တစ်ဦးက —

သပိတ်လာတဲ့လူက ​ထောက်လှမ်း​ရေးလား၊ အသွင်ယူတဲ့ လူ လား မယုံကြည်ရဘူး​လေ။ မယုံကြည်ရတဲ့ကြားက ဘာလို့ ထွက်လဲဆို​တော့ ခုနက​ပြောတဲ့ နားလည်ထားတာ၊ ဒီလူ​တွေ က ဒုက္ခမ​ပေးဘူး၊ ဒီအဖွဲ့နဲ့ ဒီလူ​တွေကလည်း အရှေ့ပိုင်းမှာ ​ဖောက်ပြန်တဲ့ လူတန်းစား​တွေ မဟုတ်ဘူး။ ​တော်လှန်​ရေးကို သစ္စာရှိရှိသွား​နေတဲ့ လူ​တွေဖြစ်တယ်​​ပေါ့။ အဲ့လို အပြန်အလှန် နားလည်မှုနဲ့ပဲ ထွက်ရတာ။ အဲ့ဒါက ကြောက်စိတ်ကို ဖယ်​ပေး တာ​​ပေါ့8

ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အင်တာနက်ဖြတ်တောက်မှုများနှင့် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကိစ္စများအပါအဝင် လူမျိုးစုအနည်းစုများဘက် မှ စည်းလုံးစွာရပ်တည်၍ ဖိနှိပ်မှုများကို ကျောင်းသားများက ဆန့်ကျင်ဆန္ဒပြခဲ့ မှုများကြောင့် ကျောင်းသားများနှင့် လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ ကြား ဆက်ဆံရေးကို ခိုင်မာစေခဲ့ပါသည်။ ထိုလှုပ်ရှားမှုတွင်ပါဝင်ခဲ့သော ခေါင်းဆောင်တစ်ဦးက —

တစ်ချိန်က ရပ်တည်ပေးခဲ့မှု ရှိခဲ့တဲ့အတွက် လူမျိုးစု တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကျောင်းသားတွေကို စစ်မှန်တဲ့ မဟာမိတ်အနေနဲ့ ယုံကြည်မှုပေးနိုင်တယ်။ အကူအညီအများကြီး ပေးနိုင်တယ်။ ဆိုတော့ အဲ့ကာလကသာ ကျွန်တော်တို့က စစ်အုပ်စုနဲ့ စေ့စပ်ရေး၊ စစ်အုပ်စုကလုပ်တဲ့ ဝါဒမှိုင်းတွေမှာ လိမ်ဖယ်လိမ်ဖယ်နဲ့ပဲ နေခဲ့မယ်ဆိုလို့ရှိရင် ဒီနေ့ကာလရဲ့ တော်လှန်ရေးအပေါ်ကို လူမျိုးစုတော်လှန်ရေး အင်အားစုတွေရဲ့ ကူညီမှုက ဒီနေ့လောက်ထိ ရှိလာမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်ပေါ့လေ။ အဲ့ကာလက ရပ်တည် ခဲ့လို့ ဒီဖိနှိပ်ခံအင်အားစုတွေနဲ့ ရပ်တည်ခဲ့မှုက ဒီနေ့ကာလ တော်လှန်ရေးမှာ အများကြီး အကျိုးကျေးဇူး ခံစားနေရတာ တွေ မျက်မြင်ကိုယ်တွေ့ရှိတယ်9

ဟု ဆိုသည်။

သမဂ္ဂများနှင့် သက်ဆိုင်ရာ ထုများကြား ယုံကြည်မှုတိုးပွားခဲ့ခြင်း

ထိုလှုပ်ရှားမှုများသည် သမဂ္ဂများနှင့် ၎င်းတို့ကို ကိုယ်စားပြုသူများကြား ရင်းနှီး မှုကို ဖြစ်ပေါ်စေခဲ့ပါသေးသည်။ အင်တာဗျူးချက်များအရဆိုလျှင် ထိုလှုပ်ရှားမှု များအတွင်း သမဂ္ဂတို့၏ လုပ်ဆောင်ချက်များက သူတို့ မည်သည့်ဘက်က ရပ်တည်ကြောင်း၊ သူတို့ကို ယုံကြည်၍ရကြောင်း ပြသနိုင်ခဲ့သည်။ အလုပ်သမားလှုပ်ရှားမှုထဲ ပါဝင်ခဲ့သူတစ်ယောက်က FGD တစ်ခုမှာ —

ပြောချင်တာက အလုပ်သမားတွေရဲ့ (၆) ရက်နေ့ လမ်းပေါ် ထွက်ဖို့ တွန်းအားသည် ရှေ့က သပိတ်တွေနဲ့ ယုံကြည်မှုတွေ ရခဲ့တယ်ပေါ်နော်။ ဒီယုံကြည်မှုတွေ၊ အားကိုးမှုတွေနဲ့ ငါတို့ ဒီ ခေါင်းဆောင်တွေနောက်ကလိုက်ရင် တကယ်လို့ အန္တရာယ် ကြုံတွေ့ခဲ့ရင်တောင် သူတို့က ဖြေရှင်းပေးမှာ။ သူတို့က အားကိုးရတယ်။ သူတို့က တာဝန်ခံမှု၊ တာဝန်ယူမှုရှိတယ်။ ငါတို့ တစ်စုံတစ်ရာဖြစ်ခဲ့ရင်တောင် သူတို့က အစအဆုံး ဖြေရှင်းလိမ့်မယ်ဆိုတဲ့ ယုံကြည်အားကိုးမှုတွေ အပြည့်အဝ ပါတယ်လို့ ကျွန်မက ယုံကြည်တယ်10

ဟု ဖြေဆိုထားသည်။

လူထုလှုပ်ရှားမှု ဖော်ဆောင်ရာနှင့် မဟာမိတ်စုပေါင်းအဖွဲ့အစည်းများ ဖွဲ့စည်းရာ၌ အထောက်အကူဖြစ်ခဲ့ခြင်း

ယခင်လှုပ်ရှားမှုများက ဖေဖော်ဝါရီ (၆) ရက်နေ့က အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် အစောပိုင်းလူထုလှုပ်ရှားမှုကဲ့သို့သော လူထုလှုပ်ရှားမှုများကို ဖော်ဆောင်ရာ၌လည်း အထောက်အကူပြုခဲ့သည်။ လှုပ်ရှားမှုထဲ ပါဝင်ခဲ့သူ တစ်ဦးက —

အာဏာသိမ်းပြီးကာလ လူထုလှုပ်ရှားမှုလုပ်တဲ့အခါမှာ ထုနဲ့ ထည်နဲ့ သွားဖို့ဆိုရင် များများစည်းရုံးနိုင်ဖို့၊ များများပူး​ပေါင်း လုပ်​ဆောင်နိုင်ဖို့လိုတယ် ဆိုတဲ့ အ​ခြေ​နေရှိတယ်​ပေါ့။ ဆိုတော့ အဲ့ဒီအ​ခြေ​နေမှာ ဒီအာဏာသိမ်းမှုကာလမတိုင်ခင်က ချိတ်ဆက်ခဲ့ဖူးတဲ့၊ ပူး​ပေါင်းလုပ်​ဆောင်ခဲ့ဖူးတဲ့ အဖွဲ့အစည်း​တွေ၊ လူပုဂ္ဂိုလ်​တွေကို ပြန်ဆက်သွယ်ပြီး​တော့မှ ပူး​ပေါင်း လုပ်ဆောင်တဲ့အခါမှာ ချိတ်ဆက်ဖို့ ပိုပြီး​တော့ လွယ်ကူခဲ့တယ်​ပေါ့​လေ။ အဲ့​တော့ လှုပ်ရှားလုပ်​ဆောင်မှုက ပိုပြီး​တော့ ဖြစ်​မြောက်တယ်​ပေါ့11

ဟု သုံးသပ်သည်။

ယင်းလှုပ်ရှားမှုများမှ ရရှိလာခဲ့သည့် ယုံကြည်မှုနှင့် ချိတ်ဆက်မှုများ သည်လည်း အထွေထွေသပိတ်ကော်မတီကဲ့သို့သော မဟာမိတ်စုပေါင်း အဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် အထောက်အကူပြုခဲ့ပါသည်။ ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) ၏ အဖွဲ့ဝင်တစ်ဦးကလည်း —

ကျွန်တော်တို့ ချိတ်ဆက်တဲ့ Network တွေ ဘာတွေလည်း ခိုင်ခိုင်မာမာရှိထားတယ်။ ဒီအဖွဲ့အစည်း တစ်ခုနဲ့ တစ်ခု ကြားမှာ ခိုင်မာတဲ့ယုံကြည်မှု အရင်ကတည်းကလည်း တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် သိပ်ပြီးတော့ များများ စားစား ဆွေးနွေးစရာမလိုတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ ဥပမာ ကျွန်တော်တို့ GSC ဆိုပြီးတော့ ဖွဲ့စည်းနိုင်ခဲ့တယ်12

ဟု ဆိုထားပါသည်။

ကျောင်းသားသမဂ္ဂများနှင့် အလုပ်သမားသမဂ္ဂများကြား ကြိုတင် တည်ဆောက်ခဲ့ကြသည့် ယုံကြည်မှုသည် အာဏာသိမ်းပြီးချိန် လူထုလှုပ်ရှားမှု ကြီးကို ဖော်ဆောင်ရာ၌ အထောက်အပံ့ ကြီးမားစွာပေးခဲ့ကြောင်း အင်တာဗျူး များက သက်သေပြနေပါသည်။ ယင်းအစုနှစ်စုအတွင်းက ချိတ်ဆက်မှုပုံစံများ သည် တူညီသည်။ ကျောင်းသားသမဂ္ဂများသည် ဒေသဆိုင်ရာအရေးကိစ္စများ၊ လူမျိုးစုအရေး ကိစ္စများနှင့် ပညာရေးအခွင့်အရေးဆိုင်ရာ အရေးကိစ္စများ အပေါ် ၎င်းတို့၏ ပြတ်သားသည့်ရပ်တည်ချက်များကို အခြေခံကာ မဟာမိတ် ပြုနိုင်ခဲ့သည်။ တက္ကသိုလ်တစ်ခုတွင် ပြုလုပ်နေသည့် လှုပ်ရှားမှုကို အခြား မဟာမိတ် ကျောင်းသားသမဂ္ဂများက ဝန်းရံခဲ့ကြပြီး မူဝါဒတူသည့် ကျောင်းသားသမဂ္ဂများက လူမျိုးစုအရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် တစ်စိတ်တစ်ဝမ်းတည်း လုပ်ကိုင်ခဲ့ကြသည်။ ထိုနည်းတူပင် အလုပ်သမား သမဂ္ဂများကလည်း အခြားသမဂ္ဂများနှင့် ရင်းနှီးသည့်ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြပေသည်။ ၎င်းတို့၏ အပြန်အလှန်ကျားကန်ပေးမှုကို အလုပ်သမားအခွင့်အရေးများနှင့် လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုခဲ့ကြ သည့် ကိစ္စများတွင် ပေါ်လွင်ပေသည်။

အရေးကြီးသည့်အချက်မှာ သမဂ္ဂဖွဲ့ထားသည့် ထိုအလုပ်သမားများနှင့် ကျောင်းသားများသည် ၎င်းတို့၏ သက်ဆိုင်ရာအရေးများတွင်သာ အာရုံစိုက် ခဲ့ခြင်း မဟုတ်ခြင်းပေ။ ထိုအစား ၂၀၁၆ – ၂၀၂၁ ခုနှစ်ကာလတွင် အားကောင်း သည့် မဟာမိတ်ပြုမှုများ လုပ်ဆောင်ခဲ့ကြသည်။ ထင်သာမြင်သာရှိသည့် ဖြစ်စဥ်များထဲက တစ်ခုမှာ ဖုယွမ်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ် တစ်ခုတွင် ၎င်းတို့၏ အခွင့်အရေးများအတွက် အလုပ်သမားများတောင်းဆိုမှု၌ ကျောင်းသားများက အားဖြည့်ပေးခဲ့ခြင်းပင် ဖြစ်သည်။ ယင်းသပိတ်တွင် လှုပ်ရှားခဲ့သော သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ အဖွဲ့ဝင် တစ်ဦးက —

ကျွန်မတို့ ခံယူချက်ချင်း တူတယ်။ ဘယ်အချိန် ဘယ်အခါ ဖြစ်ဖြစ် အလုပ်သမားက ဘယ်အစိုးရပဲတက်နေနေ သူ့ရဲ့ အခွင့်အရေးဆုံးရှုံးတယ်ဆိုရင် သူ့မှာ တုံ့ပြန်တဲ့ နည်းနာ လက္ခဏာက အတူတူပဲရှိတယ်ဆိုတာကို ခုနလူတွေ၊ အတူတူ ထွက်ခဲ့တဲ့ လူတွေထဲမှာ ကျွန်မတို့ဟာ ပိုပြီးတော့ နားလည်မှု တွေ ပိုရှိတယ်လို့ ကျွန်မထင်တယ်။​ ဒါကြောင့်မလို့ အဲ့ဒီ အစုအဖွဲ့လေး စုဖွဲ့ဖြစ်တာပေါ့13

ဟု ဆိုသည်။

ကျောင်းသားသမဂ္ဂများနှင့် အလုပ်သမားသမဂ္ဂများကြားနှင့် ၎င်းတို့ အသီးသီးကြားတွင် နဂိုရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန် နားလည်မှုများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုကြီး ကို ဖော်ဆောင်ရာ၌ မည်ကဲ့သို့ အထောက်အကူပြုခဲ့ သနည်းဆိုသည်ကို ဤအင်တာဗျူးကိုးကားချက်က ပေါ်လွင်စေပါသည်။ ရတကသ၏ ပြောဆို ချက်အရဆိုလျှင် အုပ်စုလိုက်ဆန္ဒပြမှုကြီး၌ အလုပ်သမားသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများ ပါဝင်ရန် ချိတ်ဆက်မှုများနှင့် ဆွေးနွေးတိုင်ပင်မှုများကို အာဏာသိမ်းပြီးနှစ်ရက်အတွင်း လုပ်နိုင်ခဲ့ပြီး ဤအချက်သည် ၎င်းတို့ကြားက ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုကို ပြသနေခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် ထိုအုပ်စုလိုက် လှုပ်ရှားမှုအတွင်း ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများသည် နောက်ပိုင်း နိုင်ငံရေးလုပ်ငန်းစဥ်များကို ဆက်လက်ဖော်ဆောင်ရာ၌ ထိရောက် မှုရှိခဲ့သည်။ ထိုလူထုလှုပ်ရှားမှုကြီးဟာ အဖွဲ့အစည်းများကြား နားလည်မှု ပိုမိုရရှိစေခဲ့ကာ စည်းနှောင်မှုအားကို ပိုမိုခိုင်မြဲစေခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် အစောပိုင်းလှုပ်ရှားမှုများတွင်လည်း နိုင်ငံရေးတုံ့ပြန်မှု များနှင့် နည်းနာများကို အတွဲညီညီ လုပ်ဆောင်နိုင်ခဲ့စေသည်။ အာဏာသိမ်း ပြီးကာလ ကျောင်းသားထုနှင့် အလုပ်သမားထု လှုပ်ရှားမှုများအနေနှင့် စစ်တပ်က ပြုလုပ်ခဲ့သော ပြင်းထန်သည့် ဖိနှိပ်မှုများကို ရင်ဆိုင်ခဲ့ရသည့်အပြင် မတူညီသည့် နိုင်ငံရေးရပ်တည်ချက်ရှိသူများနှင့် ထင်ပေါ်ကျော်ကြားသူများက မီးတိုက်ခဲ့သည့် ခေါင်းဆောင်မှုပျောက်အောင် လောင်ကျွမ်းစေခဲ့သော ပြဿနာသည်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။ အလုပ်သမားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတစ်ဦးက “ဒီပေါ်ပြူလာဖြစ်မှုကို နိုင်ငံရေး ဒီ… ဘယ်လိုပြောမလဲ။ အသာစီးယူမှုတို့ ဘာတို့ပေါ့။ အဲ့လိုမျိုးတွေပေါ့။ ချိန်ထိုးပြီး စဥ်းစားလာကြတဲ့ အခါကျတော့ အဲ့လိုမျိုးတွေဟာ ဝေးကွာသွားတယ်ထင်တယ်။”14 ဟု သုံးသပ်ခဲ့ သည်။

အလုပ်သမားနှင့် ကျောင်းသားသမဂ္ဂများကြား ချိတ်ဆက်မှုကို ကြည့်လျှင် အကျိုးစီးပွားနှင့် ရပ်တည်ချက်တူသည့် အဖွဲ့အစည်းများသည် လူထုလှုပ်ရှားမှု အတွက် ပိုမိုအားကောင်းခိုင်မာသည့် ချိတ်ဆက်မှုများကိုပင် လုပ်နိုင်သည်ဟု ဆိုနိုင်ပေသည်။ ထို့အပြင် လူထုလှုပ်ရှားမှုအတွင်း ပူးပေါင်းဆောင်ရွက်မှုများ သည် စည်းနှောင်မှုကို အားကောင်းစေခဲ့ကာ ထိုအဖွဲ့အစည်းများကို ပိုမိုနီးကပ် စေခဲ့ပြီး ဤအခြင်းအရာက အနာဂတ်တွင် ဖော်ဆောင်သွားမည့် ၎င်းတို့၏ ဖိနှိပ်မှုတော်လှန်ရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိခဲ့သည်။

ကျောင်းသားသမဂ္ဂများနှင့် အလုပ်သမားသမဂ္ဂများအတွက် အာဏာသိမ်း ပြီးကာလ ဖိနှိပ်မှုများသည် ပြင်းထန်ခဲ့ပြီး ခက်ခဲခဲ့ကြောင်းကို ကျွန်ုပ်တို့၏ အင်တာဗျူးများက လှစ်ဟပြနေပါသည်။ အာဏာသိမ်းပြီးချိန် စီးပွားရေး ကျဆင်းမှုကြောင့် ဆက်လက်ဖော်ဆောင်မည့် လုပ်ငန်းစဥ်များအတွက် ရန်ပုံငွေရှာဖွေရန်လည်း ခက်ခဲနေလေသည်။ ထို့အပြင် စစ်တပ်၏ ဖိနှိပ်မှုများ ကြောင့် အလုပ်သမားသမဂ္ဂဝင်များနှင့် ကျောင်းသားသမဂ္ဂဝင်များသည် လုံခြုံရေးပြဿနာများကို ကြုံတွေ့ခံစားနေရသေးသည်။ သမဂ္ဂများသည် မြေပြင်ပေါ်မှာ ပေါ်ပေါ်ထင်ထင် ဦးဆောင်နိုင်ဖို့ရာ မတတ်သာတော့သည့် အလျောက် သမဂ္ဂဝင်များနှင့် သမဂ္ဂထောက်ခံသူများကြား နီးကပ်သည့် ဆက်ဆံရေးမျိုး မရှိတော့သည့် အနေအထား ဖြစ်လာခဲ့သည်။ စစ်အာဏာ သိမ်းမှုဖြစ်ပြီးသည့်တိုင်အောင် အထက်တွင် ဖော်ပြခဲ့သော ကွဲပြားမှုများသည် တော်လှန်ရေးအင်အားစုများကြား ရှိနေဆဲပင်ဖြစ်သည်။ နိုင်ငံရေးရပ်တည် ချက်နှင့် လမ်းစဥ်ကွဲပြားကြသည့် အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှု များ အားနည်းလာပြီး နိုင်ငံရေးယုံကြည်ချက်ချင်း နီးစပ်သည့် အင်အားစုများ ကြား ချိတ်ဆက်မှုများက အားကောင်းလာသည်။

အဖွဲ့ (၂)။ ။ ၁၉၈၈ နှင့် ၂၀၂၁ ကျောင်းသားတို့၏ လက်နက်ကိုင် တော်လှန်ရေးအား နှိုင်းယှဥ်ခြင်း

၁၉၈၈ ခုနှစ်က ကဲ့သို့ပင် ၂၀၂၁ ခုနှစ်တွင်လည်း ကျောင်းသားများသည် အကြမ်းဖက် မြန်မာစစ်တပ်ကို လက်နက်ကိုင်တော်လှန်ခဲ့ကြသည်။ မျက်မှောက်ခေတ် ကျောင်းသား လက်နက်ကိုင်တပ်များသည် ABSDF ထက် လူထုထောက်ခံမှု ပိုမိုရရှိသည်ကို တွေ့ရသည်။ သို့သော် အဖွဲ့စည်းတွင်း [ပဋိပက္ခများ]၊ အဖွဲ့အစည်းပြင်ပ ဆက်ဆံရေးများနှင့် တော်လှန်ရေးအချိန် ကြာမြင့်လာသည်နှင့်အမျှ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားရန် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျောင်းသားများ အဘယ်ကြောင့် လက်နက်ကိုင်ခဲ့ကြသနည်း။ အဓိက အကြောင်းရင်းမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူ များကို ရက်စက်စွာ ဖိနှိပ်ဖြိုခွင်းနေသော မြန်မာစစ်တပ်ကို တွန်းလှန်နိုင်စွမ်း မရှိသောကြောင့်ပင် ဖြစ်သည်။ မြေပြင်တွင် လှုပ်ရှားနေသော ကျောင်းသား တစ်ဦးက —

ကျွန်တော်တို့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲဆန္ဒပြခဲ့ကြတယ်။ဒါပေမဲ့စစ်တပ်ကနေပြီးအကြမ်းဖက်ဖြိုခွင်းလာတဲ့အခါမှာပြည်သူတွေ ကိုယ်တိုင်ကကိုလက်နက်ကိုင်မှ ရတော့မယ် ဆိုတာသိလာကြတယ်15

ဟုပြောသည်။

မြန်မာစစ်တပ်သည် စုဖွဲ့မှုအားကောင်းသည့် အဖွဲ့အစည်း ဖြစ်သော ကြောင့် အကြမ်းမဖက်တော်လှန်ရေးသည် ထိရောက်မှု မရှိနိုင်ပေ။ ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံ သုံး၍သာ စစ်အစိုးရကို တော်လှန်ရပေမည်။ စစ်အာဏာသိမ်းမှု နှောင်းပိုင်း အခြေအနေကို လက်နက်ကိုင်တော်လှန်ရေးကာလအဖြစ် ရှုမြင် ကြသည်မှာ ယခု ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ အရပ်သားတစ်ပိုင်း အစိုးရများဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၂၀၁၁-၁၆) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၀၁၆-၂၁) တို့ လက်ထက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကျောင်းသားများ ဖမ်းဆီးခံခဲ့ရပြီး ဤဖြစ်ရပ်များက လူအများအား နိုင်ငံရေးနှင့် တော်လှန်ရေးကို ပိုမိုစိတ်ဝင်စား လာစေခဲ့ကာ လက်နက်ကိုင် တော်လှန်ရေးကို မျက်စိကျလာစေခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ တစ်ခု၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျွန်တော်တို့ အာဏာမသိမ်းခင် ကတည်းက လက်နက်ကိုင်ဖို့ စဥ်းစားချက် ရှိခဲ့တယ်။ အကြောင်းကတော့ အရင်အစိုးရ အဆက်ဆက်တုန်းကလည်း ဖိနှိပ်မှုတွေရှိလို့ပဲ”16 ဟုဆိုသည်။

ABSDF နှင့် လက်ရှိ လက်နက်ကိုင် ကျောင်းသားများအကြား ကွဲပြား ခြားနားသည့် အခြေအနေများ

နွေဦးတော်လှန်ရေးမှ ကျောင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေးသည် ရှေ့က နောင်တော်ကြီးများ၏ ခြေရာကို နင်းခြင်းဟု ဆိုနိုင်သည်။ ၁၉၈၈ အရေးတော်ပုံနှင့် ဒွန်တွဲလာသည့် ကျောင်းသားတပ်မတော် တည်ထောင်ခြင်း သည် ထင်ရှားသည့် ဖြစ်ရပ်ပင်ဖြစ်သည်။ အပ်တိုတစ်ချောင်းပင်မပါသော ဆန္ဒပြ ပြည်သူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ပြီးနောက် ၁၉၈၈ အရေးတော်ပုံအပြီးတွင် ကျောင်းသားများ၏ စုရုံးမှုမှ လယ်သမားနှင့် အလုပ်သမားများသည် နယ်စပ်ဒေသများသို့ သွားရောက်ကာ တောခိုခဲ့ကြ သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို နိုဝင်ဘာလ (၁) ရက်နေ့၊ ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ မြန်မာစစ်တပ်ကို တိုက်ခိုက်ခဲ့ကြသည်။ အောင်မြင်မှုများလည်း အတော်အသင့် ရရှိခဲ့သည်။ သို့သော်လည်း ၁၉၉၁ ခုနှစ်တွင် ကျင်းပသော တတိယအကြိမ်မြောက် ညီလာခံ တွင် မူဝါဒဆိုင်ရာ သဘောထား မတိုက်ဆိုင်မှုများကြောင့် ကျောင်းသား တပ်မတော်အတွင်း အကွဲအပြဲ ဖြစ်တော့သည်။ ကျောင်းသားတပ်မတော်သည် ၂၀၁၀ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင် (၁) နှစ်အထိ ငြိမ်သက်နေခဲ့သော်လည်း နွေဦး တော်လှန်ရေးတွင် ပြည်သူလူထုနှင့်အတူ ပူးပေါင်းလာခဲ့သည်။

၎င်းတို့ လက်နက်ကိုင်ကြသည့် အကြောင်းရင်းမှာ တူညီကြသော်လည်း ၁၉၈၈ နှင့် ၂၀၂၁ ကျောင်းသားတို့၏ လက်နက်ကိုင်တော်လှန်ရေးအကြား အဓိက အကွဲပြားခြားနားမှုမှာ ယင်းတို့၏ ရေချိန်နှင့် ရရှိသော ထောက်ခံမှုများ ဖြစ်သည်။ မကဒတသည် ပြည်သူလူထုထံမှ နိုင်ငံရေးအရ ထောက်ခံမှုသာ ရရှိခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ၎င်းတို့၏ မဟာမိတ်များ ထံမှသာ ရရှိခဲ့ပြီး နိုင်ငံတကာ အကူအညီကိုလည်း မပြောပလောက်ရုံသာ ရရှိခဲ့သည်။ ထို့အပြင် ပြည်သူလူထုက လက်နက်ကိုင် တော်လှန်ရေးထက် ၁၉၉၀ ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ရန် ရွေးချယ်ခဲ့ခြင်းကလည်း ကျောင်းသားတပ်မတော်အတွက် တိုက်ပွဲများဖော်ဆောင်ရန် ကြီးမားသည့် ကန့်သတ်ချက်တစ်ခု ဖြစ်ခဲ့သည်။ ထိုခေတ်အခါက ကျောင်းသားတပ်မတော် သည် ယနေ့ခေတ်ကဲ့သို့ ပြည်သူလူထု၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် နိုင်ငံရေးသမားများ၏ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံခြင်းကို မရရှိခဲ့ပေ။ ယနေ့ခေတ်တွင်မူ လက်နက်ကိုင် ကျောင်းသားများကို လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေများတွင် နွေးထွေးစွာ ကြိုဆိုကြပြီး ပံ့ပိုး ကူညီမှုများလည်း ရှိလာသည်။ ABSDF အဖွဲ့ဝင်တစ်ဦးက —

ABSDFကိုစဖွဲ့ကတည်းကတစ်နိုင်ငံလုံးကိုယ်စားပြုပြီးဖွဲ့စည်းခဲ့တဲ့အတွက်EAO တွေနဲ့ညှိနှိုင်းရာမှာအတိုင်းအတာ တစ်ခုအထိအောင်မြင်မှုရခဲ့တယ်17

ဟုဆိုသည်။

ယနေ့တွင် ကျောင်းသားများသည် တိုင်းရင်းသား လူမျိုးစုများကို ပိုမို စာနာနားလည်လာကြသည်။ လူမျိုးစုလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကလည်း နွေဦးတော်လှန်ရေးတွင် ပါဝင်သော ကျောင်းသား များကို ၁၉၈၈ ခုနှစ်ကထက်ပို၍ ကြိုဆိုလက်ခံခဲ့ကြသည်။ ဤသည်မှာလည်း အသစ်ဖွဲ့စည်းလိုက်သော ကျောင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပွင့်လင်းမြင်သာသော ဖွဲ့စည်းပုံ၊ နိုင်ငံရေး ရေချိန်နှင့် ပွင့်လင်းမှုများကြောင့် ဖြစ်သည်။ ABSDF သည် ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့သူများ၏ နိုင်ငံရေး အရ ထောက်ခံမှုကိုသာ ရရှိခဲ့သော်လည်း ယနေ့ခေတ် ကျောင်းသားတပ်ဖွဲ့များ မှာမူ အဘက်ဘက်မှ ငွေကြေးထောက်ပံ့မှု များကို ရရှိနေသည်။

ကျောင်းသားတပ်မတော် စတင် တည်ထောင်ခဲ့စဥ်အချိန်က လူမှုကွန်ရက် (social media) များ မရှိသေးပေ။ ထို့ကြောင့် မိမိတို့၏ လုပ်ငန်းစဥ်များကို ပြည်သူလူထုအား ချပြရန် ကန့်သတ်ချက် ရှိခဲ့သည်။ ယနေ့ခေတ်တွင်မူ လူမှု ကွန်ရက် (social media) များ တွင်ကျယ်လာပြီး တော်လှန်သော ကျောင်းသား များက လူမှုကွန်ရက်များမှတစ်ဆင့် ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်ပြီး ထောက်ခံမှုများ ရရှိလာသည်။

ABSDF ၏ အားသာချက်များနှင့် အားနည်းချက်များ

၁၉၈၈ အရေးတော်ပုံနှင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ခဲ့ကြသူ များသည် အမျိုးသားဒီမိုကရက်တစ်တပ်ဦး၏ အကူအညီဖြင့် ABSDF အလံ အောက်တွင် တညီတညွတ်တည်း စုစည်းနိုင်ခဲ့သည်။ ABSDF ၏ အရေးပါသော အားသာချက်တစ်ခုမှာ ထိုကဲ့သို့ ဗဟိုချုပ်ကိုင်မှုအောက်တွင် စုစည်းနိုင်ခြင်းပင် ဖြစ်သည်။ ယနေ့တော်လှန်ရေးတွင်မူ အဖွဲ့အစည်း အများအပြား ပြန့်ကျဲနေ သည်ကို တွေ့ရသည်။ ABSDF သည် စည်းစနစ်ကျသော ဖွဲ့စည်းပုံစည်းမျဉ်းကို အလျင်အမြန် ရေးဆွဲနိုင်ခဲ့ပြီး EAOs များနှင့်လည်း ယုံကြည်မှု တည် ဆောက်နိုင်ခဲ့သည်။ ထို့အပြင် ABSDF သည် လူမှုဝန်ထမ်း လုပ်ငန်းများနှင့် နိုင်ငံရေးအရ အရေးပါသော လုပ်ငန်းများဖြစ်သည့် ဖွဲ့စည်းပုံအခြေခံရေးဆွဲ ရေး လုပ်ငန်းစဥ်များတွင် EAOs များနှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်။

သို့သော်လည်း ABSDF သည် ဦးစားပေး မူဝါဒဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ABSDF အဖွဲ့ဝင်ဟောင်းတစ်ဦးက ဆိုသည်။ “ABSDF ဟာ စစ်ရေးကိုပဲ အဓိက ဦးတည်ခဲ့ပီး နိုင်ငံရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေနဲ့ ကင်းကွာခဲ့တယ်။”18

ABSDF တွင် စစ်ရေးကို ဦးစားပေးလိုသူများနှင့် နိုင်ငံရေးကို ဦးစားပေးလို သူများအကြား သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။ အဖွဲ့အစည်းအတွင်း အားနည်းချက်များနှင့် ၁၉၉၀ အထွေထွေရွေးကောက်ပွဲကဲ့သို့ ပြင်ပ ရိုက်ခတ်မှု များ၊ အပစ်အခတ် ရပ်စဲမှုနှင့် စစ်အစိုးရ၏ သွေးခွဲမှုများသည် စစ်မြေပြင်တွင်း နှင့် စစ်မြေပြင်ပြင်ပတို့တွင် ကျရှုံးမှုများကို ဖြစ်ပေါ်လာစေခဲ့သည်။

EAO များနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် နားလည်မှုလွဲခြင်းနှင့် တပ်သားများအကြား ယုံကြည်မှု ကင်းမဲ့ခြင်းများက အဓိကကျသည့် စိန်ခေါ်မှု များ ဖြစ်လာသည်။ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများတွင် EAO များသည် ABSDF ၏ စွမ်းဆောင်ရည်အပေါ် သံသယ ရှိလာသည်။ ဗမာပြည် ကွန်မြူနစ် ပါတီ ပြိုကွဲမှုနှင့် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းမှ ပဋိပက္ခ များက ABSDF ကို စစ်ရေးအရရော နိုင်ငံရေးအရပါ ထိခိုက်လာခဲ့သည်။

ယနေ့ခေတ် ကျောင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ နိုင်ငံရေး အခြေအနေ

ယနေ့ခေတ် ကျောင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် ၎င်းတို့၏ အမည် နာမတွင် ကျောင်းသားဟူသည့် အမှတ်လက္ခဏာကို ထည့်သွင်းထားကြသော် လည်း ကျောင်းသားများ သီးသန့်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ကြပေ။ လူထု လူတန်းစား အလွှာပေါင်းစုံ ပါဝင်ကြသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသားများသည် အဖွဲ့အစည်း အများအပြားနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ထောက်ခံမှုများ ရရှိလာခဲ့သော်လည်း သဘောထား ကွဲလွဲမှုများ ရှိနေသေး သည်။ စစ်အာဏာသိမ်းမှုမတိုင်မီ NLD အစိုးရလက်ထက်တွင် ကျောင်းသား များက စစ်တပ်ကို ဆန့်ကျင်ပြီးနှင့် စစ်တပ်က ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ထို့ကြောင့် NLD ‌ထောက်ခံသူ များနှင့် ကျောင်းသားများအကြား ပွတ်တိုက်မှုများ ရှိခဲ့သည်။ ၂၀၂၁ စစ်အာဏာ သိမ်းမှု နောက်ပိုင်းတွင်လည်း အဖွဲ့အစည်းတစ်ခု၊ နိုင်ငံရေးပါတီတစ်ခုတည်း ကို စုံလုံးမှိတ်‌ ထောက်ခံသူများနှင့် NLD ပါတီဝင် အများစုဖြင့် ဖွဲ့စည်းထား သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပွင့်ပွင့်လင်းလင်း ဝေဖန်သော ကျောင်းသားများအကြား အတွေးအခေါ်အရ ကွဲလွဲမှုများ ရှိလာသည်။ တန်းတူ ညီမျှသည့် ဖက်ဒရယ် ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် လုံလောက်သည့် အားထုတ်မှုမရှိဟုဆိုကာ NUG ကို ကျောင်းသားများက ဝေဖန်ခဲ့ကြသည်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အများစုဖြင့် ဖွဲ့စည်းထားသည့် ယနေ့ခေတ် ကျောင်းသား လက်နက်ကိုင် တပ်ဖွဲ့များအတွက် တပ်သားသစ် စုဆောင်းရေး သည် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။ စစ်အာဏာသိမ်းမှု (၂) နှစ် အကြာတွင် လူထုထောက်ခံမှု ကျဆင်းလာခြင်းသည် ခါးသီးသည့် အမှန်တရား ပင် ဖြစ်သည်။ အကျိုးဆက်အားဖြင့် အဖွဲ့ဝင်သစ် စည်းရုံးစုဆောင်းခြင်းနှင့် တိုက်ပွဲများ ဖော်ဆောင်ရာတွင် ကန့်သတ်ချက်များ ရှိလာသည်။ ထို့အပြင် ကျောင်းသားများသည် EAO ထိန်းချုပ်နယ်မြေများတွင် နေထိုင်ကြသော ကြောင့် ငွေရေးကြေးရေးနှင့် ယဥ်ကျေးမှု မတူညီသည့် လူမျိုးစုများနှင့် ဆက်ဆံ ရေးက စိန်ခေါ်မှုတရပ် ဖြစ်လာသည်။ “ကျောင်းသားဆိုတာ သမိုင်းရှိတယ်။ ဒါပေမဲ့ နယ်မြေမရှိဘူး” ဟု ABSDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။19 ယနေ့ ခေတ်တွင်လည်း ၁၉၈၈ ခုနှစ် ကဲ့သို့ပင် ကျောင်းသား လက်နက်ကိုင် တပ်ဖွဲ့ များအတွက် အကြီးမားဆုံး အခက်အခဲမှာ အခြေစိုက်စရာ နယ်မြေမရှိခြင်းပင် ဖြစ်သည်။

ယနေ့ခေတ် ကျောင်းသားလက်နက်ကိုင်တပ်ဖွဲ့များအတွက် ABSDF အဖွဲ့ဝင်များမှ အကြံပြုချက်

ကျောင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ABSDF အဖွဲ့ဝင်ဟောင်းများက အကြံပြုသည်မှာ စနစ်တကျ စုဖွဲ့ရေးနှင့် EAO များနှင့် လိုက်လျောညီထွေ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်သည်။ EAO များနှင့် လိုက်လျောညီထွေ ပူးပေါင်း ဆောင်ရွက်ရေးမှာ ၎င်းတို့ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခက်အခဲ တစ်ခု ဖြစ်သည်။ ယနေ့ခေတ် ကျောင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် ABSDF ထက် လူထုထောက်ခံမှု ပိုမိုရရှိသော်လည်း စစ်အာဏာသိမ်းမှု (၂) နှစ် ကျော် ကြာလာသည့်အခါ လူထုသည် ခြေကုန်လက်ပန်းကျလာသည်။ ABSDF သည်လည်း ထိုကဲ့သို့ အခြေအနေများကို ရင်ဆိုင်ခဲ့ရပြီး ဘဏ္ဍာရေး အခက်အခဲ များအပြင် ထောက်ပို့နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရသည်။ လက်ရှိ ကျောင်းသား လက်နက်ကိုင် တပ်ဖွဲ့ များတွင်လည်း အလားတူ စိန်ခေါ်မှုများ ရှိလာသည်။

အဖွဲ့ (၃)။ ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးမှ ကျောင်းသားများ၏ အခန်းကဏ္ဍကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ထူးကဲမှုကို စူးစမ်းလေ့လာ ကြည့်ခြင်း

ကျွန်ုပ်တို့၏ သုတေသနတွင် ကျောင်းသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ယုံကြည်ချက် ခိုင်မာခြင်းတို့သည် တော်လှန်ရေး ပိုမိုကျယ်ပြန့်လာစေရန် အတွက် မည်သို့မည်ပုံ အထောက်အကူပြုခဲ့သည်ကို အထူးပြုလေ့လာထား သည်။

တော်လှန်ရေးအတွင်းမှ ကျောင်းသားတို့၏ လိုက်လျောညီထွေဖြစ်မှု၊ အလိုက်သင့် ပြောင်းလဲနိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းများ

နွေဦးတော်လှန်ရေး အစပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော လူငယ် အများအပြားကို မြင်တွေ့နိုင်ပါသည်။ လူငယ်များသည် ခေတ်ရေစီးကြောင်းကို အသုံးချကာ ၎င်းတို့၏ အသံကို နိုင်ငံတကာမှ ကြားနိုင်အောင် စွမ်းဆောင် နိုင်ခဲ့သည်။ လူသိများသော ဇာတ်ကောင်များကို အသွင်တူ ဝတ်ဆင် (cosplay) ပြုလုပ်ခြင်း ဖြင့်လည်းကောင်း၊ Hunger Games ရုပ်ရှင်ထဲမှ လက်သုံးချောင်း ထောင် အလေးပြုသည့်ပုံစံကို ဒီမိုကရေစီ သင်္ကေတစ်တခုအဖြစ် လည်းကောင်း၊ ဂီတနှင့် အနုပညာကို လူငယ်တို့၏ အသံ ထုတ်ဖော်ရန် အသုံးချ ခြင်းဖြင့်လည်းကောင်း နိုင်ငံတကာ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။ ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းမှုများကို ကြုံတွေ့လာရသောအခါ ဆန္ဒပြ သည့် နည်းစနစ်များကို ပြောင်းလဲပြီး ပြောက်ကျားသပိတ်များ၊ ဒီဂျစ်တယ် သပိတ်များနှင့် အသံတိတ်သပိတ်များ ပြုလုပ်ခဲ့သည်။ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော စစ်တပ်၏ ဖိနှိပ်မှုကို ခံနေရသော တိုင်းပြည်တွင် တိတ်ဆိတ် ခြင်းကို အကျယ်လောင်ဆုံး ဟစ်ကြွေးသံအဖြစ် ပြောင်းလဲခဲ့သည်။ ဒီမိုကရေစီ ဘက်တော်သား ရန်ပုံငွေရှာဖွေသူများ၏ ဘဏ်အကောင့်များကို စစ်တပ်က ပိတ်ပစ်လိုက်သောအခါ တော်လှန်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်လာသည် (မြန်မာနိုင်ငံရှိ ဘဏ်များအားလုံးသည် စစ်တပ်၏ ထိန်းချုပ်မှု သို့မဟုတ် လွှမ်းမိုးမှုအောက်တွင် ရှိသည်) ထို့ကြောင့် ကျောင်းသားလူငယ်များ သည် ဒီဂျစ်တယ် ပလက်ဖောင်းများမှ ရန်ပုံငွေရှာဖွေရန် နည်းလမ်းများကို တီထွင်ကြံဆခဲ့ကြသည်။ ယူကျုချန်နယ်များ၊ ဝက်ဘ်ဆိုဒ်များ၊ သီချင်းများမှ ရန်ပုံငွေ ရှာဖွေကြသည်။ ထို့အပြင် NUG Pay ကိုလည်း တီထွင်ခဲ့သည်။ NUG Pay သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော block-chain နည်းပညာ အသုံးပြု သည့် ဗဟိုဘဏ် ဒီဂျစ်တယ် ငွေကြေးစနစ် ဖြစ်ပြီး NUG အစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဥ်ခဲ့ခြင်း ဖြစ်သည်။

ပိုမိုချောမွေ့ပြီး ထိရောက်သော ရလဒ်များအတွက် ပူးပေါင်းဆောင်ရွက် ရေးနှင့် ပြင်ပဆက်ဆံရေး

ကျောင်းသားများ ဦးဆောင် မောင်းနှင်သော တော်လှန်ရေး အင်အားစုများ သည် ယင်းတို့ အသိုင်းအဝိုင်းမှ အဖွဲ့အစည်းများနှင့်သာမက စစ်အာဏာသိမ်းမှု များနှင့် စစ်တပ်၏ ဖိနှိပ်မှုများကို ကြုံတွေ့ခဲ့ရသည့် ရှေ့မျိုးဆက်များနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြသည်။ ကျောင်းသားများသည် ပြည်ပအဖွဲ့အစည်းများ နှင့်လည်း မဟာမိတ်ပြုခဲ့သည်။ ဥပမာ ဟောင်ကောင်ဆန္ဒပြပွဲများတွင် အသုံးပြုခဲ့သော HK 19 လမ်းညွှန်ကို #MilkTeaAlliance ၏ ပူးပေါင်း ဆောင်ရွက်မှု အကူအညီဖြင့် မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီအောင် ပြုပြင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့သည်။ ထို့အပြင် ကျောင်းသားများသည် ပြည်တွင်းတွင် မဆောင်ရွက်နိုင်သော ကိစ္စများအတွက် ပြည်ပရောက် မြန်မာ နိုင်ငံသားများနှင့် ဆက်သွယ်၍လည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂများ မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က တော်လှန်ရေးအတွက် ပြင်ဆင်ပုံ၊ ၎င်း၏ တာဝန်အသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကို အောက်ပါအတိုင်းပြောသည်။

လက်နက်ကိုင်တော်လှန်ရေးအတွက်ကို အသီးသီး စုဖွဲ့ကြ တာတွေ ရှိတယ်။ တာဝန်ခွဲကြတယ်။ ဘယ်သူတွေကတော့ မြေပေါ်မှာနေခဲ့မယ်၊ ဘယ်သူတွေကတော့ လုံးလုံး မြေအောက်သွားမယ်၊ ဘယ်သူတွေကတော့ လုံးဝ တောခိုမယ် ဆိုတဲ့ဟာမျိုးပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရင် ကျွန်တော်တို့ မတ်လလောက် ကတည်းက ကျွန်တော်တို့ အဲ့ဟာမျိုး လူတွေ ခွဲတယ်။ တာဝန်တွေခွဲတယ်။ ပြီးတော့ အသီးသီး ရန်ကုန်က နေ ထွက်သွားကြတယ်။ ထွက်သွားကြပြီးတော့ ဆက်လုပ်နေ ကြတယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရှိတယ်ပေါ့20

အခြားတစ်ဖက်တွင် ရန်ပုံငွေရှာဖွေသူများက ယင်းတို့အနေဖြင့် လိုအပ်ချက် အရှိဆုံးနေရာများကို တိုက်ရိုက် ပံ့ပိုးကူညီလိုကြကြောင်း ပြောသည်။ ၎င်းတို့ သည် အနီးကပ်ချိတ်ဆက်မှုများ ပြုလုပ်ကာ မလိုလားအပ်သော နှောင့်နှေးမှု များနှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည့် ချန်နယ်များနှင့် ဦးတည်ရာများကို ရှောင်ရှားခဲ့ကြသည်။

အခက်အခဲများကြားမှ စိန်ခေါ်မှုများကို ကျော်လွှားခြင်း

ကျောင်းသားများသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ မိမိတို့ ယုံကြည် ရာ၊ မှန်သည်ထင်ရာ လုပ်နေသည်ကို ရပ်တန့်ရန် မိဘများက ဖိအားပေးခြင်း များ ရှိသလို မိသားစုများကို စစ်တပ်က အကြောင်းပြချက်မဲ့ ဖမ်းဆီးသွားမည့် စိုးရိမ်မှုများလည်း ရှိနေသည်။ ကျောင်းသားများသည် ဒီမိုကရေစီ အင်အားစု များနှင့်လည်း အတိုက်အခံ ဖြစ်ခဲ့ရသည်။ အကြောင်းမှာ နိုင်ငံရေးသမားများက စု-ရွေး-လွှတ် လမ်းစဥ်ကို ဖက်တွယ်နေသောကြောင့် ဖြစ်သည်။ စု-ရွေး-လွှတ် ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ရွေးကောက်ပွဲကို အသိ အမှတ်ပြုရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွှတ်တော် ခေါ်ယူ ရေး ဖြစ်သည်။ သို့သော် ကျောင်းသားများသည် ကိုယ့်လမ်းကိုယ်ဖောက်ခဲ့ကြ သည်။ ယခုအခါ အပြန်အလှန် ထိန်းကျောင်းမှုများနှင့် နိုင်ငံရေးအရ တည့်မတ် မှုများမှတစ်ဆင့် ဒီမိုကရေစီ အင်အားစုများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖျက်သိမ်းရေးကို လက်ခံကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြပြီ ဖြစ်သည်။ စစ်အာဏာသိမ်းမှုမတိုင် ခင်က ဒေါ်အောင်ဆန်းစုကြည်အစိုးရကို အတိုက်အခံလုပ်သောကြောင့် ကျောင်းသားများ ဝေဖန်ခံခဲ့ရသည်။ ယနေ့တွင်လည်း NUG နှင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့၏ အစီအစဥ်များနှင့် ဆန့်ကျင်၍ တစ်စုံ တစ်ရာ ပြောဆိုမိလျှင် ဝေဖန်ခံနေရဆဲ ဖြစ်သည်။ ဥပမာပြရသော် မကြာသေး မီက ထုတ်ပြန်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၏ CDM မူဝါဒ ကြေညာချက်21 ဖြစ်သည်။ ထို ကြေညာချက်တွင် CDM မလုပ်သူများကို အရေးယူမည်ဆိုသည့် NUG ၏ မူဝါဒ ကို သဘောမတူကြောင်း ဆိုထားသည်။ ကျောင်းသားသမဂ္ဂများကို အရပ်ဘက် အဖွဲ့အစည်းများက ကြိုးကိုင်ထားသည်ဟု ဝေဖန်သူများက ဆိုသည်။ ကျောင်းသားများကမူ သူတို့ယုံကြည်ချက်အတိုင်း ပြည်သူ့အကျိုးအတွက် ပြောဆိုခဲ့ကြပြီး အချိန်တန်လျှင် သူတို့၏ လုပ်ရပ်များဖြင့် သက်သေပြစမြဲပင် ဖြစ်သည်။

အမှားမှ သင်ခန်းစာယူခြင်းနှင့် တောင်းပန်ခြင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျောင်းသားများသည် ရိုဟင်ဂျာ ဂျီနိုစိုက် နှင့်ပတ်သက်၍ ၎င်းတို့ မသိနားမလည်ခဲ့ခြင်းအပေါ် လူသိရှင်ကြား ဝန်ချ တောင်းပန်ခဲ့ကြသည်။ ဇွန်လ (၁၃) ရက်၊ ၂၀၂၁ ခုနှစ်တွင် ကျောင်းသားများ သည် #Black4Rohingya လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး ရိုဟင်ဂျာများနှင့် သွေးစည်းညီညွတ်မှုကို ပြသခဲ့ကာ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် တောင်းပန်ခဲ့ကြသည်။ မျက်မှောက်ခေတ်‌ ကျောင်းသားများသည် သုတေသန ကို ဦးတည်ကာ ပြဿနာများကို ဖြေရှင်းတတ်ကြပြီး နောက်ခံနှင့် အကြောင်း အရာကို ဦးစွာလေ့လာပြီးမှသာ မူဝါဒချမှတ်ရေးနှင့် လုပ်ငန်းစဥ်များကို ဆောင်ရွက်ကြသည်။ လူငယ်များ ဦးဆောင်သော ရန်ပုံငွေရှာဖွေရေးအဖွဲ့ (၂၀) ကျော်၏ မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့အနေဖြင့် ဆုံးဖြတ် ချက်တစ်ခု မချခင် အရင်ဆုံး သုတေသနလုပ်လေ့ရှိကြောင်း ရှင်းပြသည်။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသည်ဟု ဆိုသူများအား ၎င်းတို့၏ နောက်ခံ သမိုင်းကြောင်းကို စစ်ဆေးပြီးမှသာ အတွင်းစည်းထဲသို့ ဝင်ရောက်ခွင့်ပြုသည် ဟု ဆိုသည်။ ဘဏ်အကောင့်များကို စစ်အစိုးရက ပိတ်ပစ်သောအခါ ပြဿနာ အရင်းခံကို လေ့လာပြီး ဖြေရှင်းနည်းကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ တစ်ခါကဆိုလျှင် အလှူငွေအချို့ ပိတ်သိမ်းခံလိုက်ရပြီး လုံခြုံရေး အခြေအနေ ကြောင့် ပြန်လည်မရယူနိုင်ခဲ့ခြင်းအပေါ် တောင်းပန်စကား ဆိုခဲ့ရသည်။ ဤ ဖြစ်ရပ်ကို သင်ခန်းစာယူကာ နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားနိုင်ခဲ့ သည်။ ကျွန်ုပ်တို့၏ လေ့လာမှုအရ ကျောင်းသား အများစုသည် အလုပ်လုပ်ရာ တွင် လျင်မြန်ရေးထက် မှန်ကန်ရေးကို ဦးစားပေးကြသည်ကို တွေ့ရသည်။ ကျွန်ုပ်တို့၏ မေးခွန်းများကိုလည်း အချက်အလက်ပေါ် အခြေခံ၍ ဖြေဆိုကြ သည်။ မသေချာ မရေရာသည့် အချက်အလက်များကို ထည့်သွင်း ပြောဆိုခြင်း မရှိပေ။ အကယ်၍ ထိုသို့ ပြောဆိုမိသည်ဆိုလျှင်လည်း ယင်းအချက်အလက်မှာ အတည်မပြုနိုင်သေးကြောင်း ကြိုတင်အသိပေးကြသည်သာ ဖြစ်သည်။

ကျောင်းသားများ၏ ပိုင်းဖြတ်မှုနှင့် အနာဂတ်အတွက် မျှော်ရည်ချက်

ယနေ့ခေတ် ကျောင်းသားလှုပ်ရှားမှုများသည် တိုင်းပြည်အတွင်း စစ်အာဏာ ရှင်စနစ် အဆုံးသတ်ရေးကိုသာမက လက်နက်ဖြုတ်သိမ်းရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ တိကျပြတ်သားသော အစီအစဥ်များဖြင့် ဖက်ဒရယ်စနစ်ဆီသို့ ချီတက် ရေးကို ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ တော်လှန်ရေးသည် “ဖက်ဒရယ်” တွင်သာ လမ်းမဆုံးသင့်ဘဲ ကွန်ဖက်ဒရိတ်လိုလားသည့် မတူကွဲပြားသော လူမျိုးများ အတွက်လည်း လမ်းသစ်များ ဖွင့်ထားပေးသင့်သည်ဟု ကျောင်းသား ခေါင်းဆောင်တစ်ဦးက မှတ်ချက်ပြုသည်။ ရန်ကုန်အခြေစိုက် ကျောင်းသား သမဂ္ဂ (၂၃) ခုကို ကိုယ်စားပြု၍ ကျောင်းသားလက်ရုံးတပ်တော် (SAF) တွင် အတွေးအခေါ်ဆိုင်ရာ သင်တန်းများပို့ချပေးနေသော ကျောင်းသား ခေါင်းဆောင်တစ်ဦးက အောက်ပါအတိုင်း ပြောသည်။

ကျွန်တော်တို့ကတော့ အဲဒီ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာ ထက်ပိုပြီးတော့ လှမ်းမျှော်ကြည့်ဖို့ လိုတယ်။ နိုင်ငံရေးပဋိပက္ခ ဖြစ်လာတာ‌တွေရဲ့ အရင်းခံက နိုင်ငံကို ဘယ်လို တည်ဆောက် မလဲဆိုတာကို ကျွန်တော်တို့က အဖြေမရှာနိုင်ခဲ့လို့ပဲ။ ကျွန်တော်တို့က ဖက်ဒရယ်ဆိုတာကို ဖက်ဒရယ်တစ်ခုပဲ လုပ်မယ်ဆိုတာကို ကျွန်တော်တို့က ယတိပြတ် မတွက်စေချင် ဘူး။ ဖက်ဒရယ်ကို အားလုံးက လက်ခံရင်၊ လူထုလူတန်းစား တစ်ရပ်လုံး၊ လက်နက်ကိုင် အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေ၊ လူမျိုးစု အင်အားစုတွေ အားလုံးက သဘောတူ တာဆို ဖက်ဒရယ်ကို တည်ဆောက်။ အဲ့လိုမှ မဟုတ်ဘဲ သူတို့ အနေနဲ့ ပိုပြီးတော့ လိုချင်တဲ့အခွင့်အရေးတွေ ရှိရင် သူတို့ ဖန်တီးဖို့၊ သူတို့ရဲ့ ပြဋ္ဌာန်းချက်၊ ကိုယ့်ကံကြမ္မာကို ပြဋ္ဌာန်းဖို့ အတွက် သူတို့မှာ လုပ်ချင်တာတွေရှိရင်လည်း ကျွန်တော်တို့ အနေနဲ့ အဲဒီဟာမျိုး (confederation) ကို အတူတူ လုပ်ကြဖို့။ ကျွန်တော်တို့က ဖက်ဒရယ် ဘောင်ထဲမှာပဲ ပိတ်မနေဖို့ဆိုတဲ့ ကိစ္စပေါ့22

စစ်အာဏာသိမ်းပြီနောက်ပိုင်း‌ ပေါ်ထွက်လာသော ဘုံရည်မှန်းချက်မှာ “စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး” ပင် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဗကသများအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ၎င်းသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးထက်ပို၍ ရည်မှန်းထားကြောင်း ပြောသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးက ဒီစစ်တပ်မှ မဟုတ်ဘူး။ ဘယ်အင်အားစုမဆို ဒီလို ဖက်ဆစ်ဆန်ဆန် ဖက်ဆစ်စရိုက်လက္ခဏာပါဝင်နေတဲ့ အင်အားစုမှန်သမျှ ဒီလို လက္ခဏာ၊ ဒီလိုစရိုက် ဒီလိုလက်ရှိကြုံနေရတဲ့ အာဏာသိမ်း အခြေအနေမျိုး ဖိနှိပ်မှုတွေကို ပြန်တွန်းလှန်တော်လှန်ရတဲ့ အခြေအနေမျိုး မဖြစ်လာနိုင်တော့တဲ့ အထိကို ဆက်ရပ်တည် ဆက်တော်လှန်သွားဖို့ရှိမှာပေါ့လေ23

ရန်ပုံငွေရှာဖွေသူများအနေဖြင့်လည်း ပြင်းထန်သည့် ဖိနှိပ်မှုများကြားကပင် မိမိတို့၏ အသက်ကိုရင်းကာ တော်လှန်ရေးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်လက်ထောက်ပံ့နေကြသည်။ အခြေအနေအရ လိုက်လျောညီထွေ ဆောင်ရွက်ရပြီး အချို့မှာ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင် ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသည်။

နိဂုံး

ဤသုတေသန ပရောဂျက် (၃) ခုသည် မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင် သော ကျောင်းသားများ၏ လွှမ်းမိုးမှု၊ စိန်ခေါ်မှုများနှင့် အနာဂတ် အလားအလာ တို့ကို စူးစမ်းလေ့လာထားပါသည်။

ပထမဦးစွာ ယခင်က အလုပ်သမားနှင့် ကျောင်းသားတို့၏ လှုပ်ရှားမှုများမှ နည်းဗျူဟာများနှင့် ချိတ်ဆက်မှုများသည် လူထုလှုပ်ရှားမှု ပေါ်ပေါက်လာစေ ရန် မည်သို့မည်ပုံ အထောက်အကူပြုခဲ့ကြောင်း တွေ့ရှိရသည်။ ယခင်ကတည်း က ရှိနှင့်ပြီးသော ချိတ်ဆက်မှုများ၊ ယုံကြည်မှုများနှင့် နိုင်ငံရေး ရပ်တည်ချက် နှင့် ခံယူချက် တူညီမှုတို့သည် စစ်အာဏာသိမ်းပြီးနောက် ချက်ချင်းဆိုသလို လူထုလှုပ်ရှားမှုကြီး ပေါက်ကွဲထွက်လာစေရန် တွန်းအားဖြစ်ခဲ့သည်။ သို့သော် လည်း အချို့အရာများသည် တော်လှန်ရေးကို နှောင့်နှေးစေကြောင်း တွေ့ရှိရ သည်။ ထိုအရာများမှာ တော်လှန်ရေးသမားများ၏ နိုင်ငံရေးအမြင် ကွဲပြားခြင်း၊ စည်းလုံးညီညွတ်မှုနှင့် အပြန်လှန် ယုံကြည်မှု အားနည်းခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်းတို့ ဖြစ်သည်။ ထို့ အပြင် အားလုံးပါဝင်သော ထိရောက်သည့် ခေါင်းဆောင်မှု ကင်းမဲ့နေသည်ကို လည်း ရှာဖွေတွေ့ရှိရပြီး ဤသည်ကို တော်လှန်ရေးအတွက် စိန်ခေါ်မှုတစ်ရပ် အဖြစ် ရှုမြင်မိပါသည်။

ဒုတိယအနေဖြင့် ၂၀၂၁ နှင့် ၁၉၈၈ ကျောင်းသားတို့၏ လက်နက်ကိုင် တော်လှန်ရေးအကြား အဓိက ကွာခြားချက်နှင့် တူညီချက်အချို့အပြင် ၎င်းတို့ ၏‌ နောက်ခံအခြေအနေများကိုလည်း ရှာဖွေတွေ့ရှိရပါသည်။ ခြုံငုံကြည့်လျှင် ၂၀၂၁ ကျောင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် ABSDF ထက် နိုင်ငံရေး အရ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရ ဖြစ်စေ ပြည်သူ လူထုထံမှ ကူညီထောက်ပံ့မှု ပိုမိုရရှိကြောင်း တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြည်သူလူထု၏ (နိုင်ငံရေး အကျိုးစီးပွား၊ နိုင်ငံရေး နိုးကြားမှု)၊ တော်လှန်ရေး တပ်ဖွဲ့များနှင့် ပြည်သူများကြားက ခိုင်မာသော ဆက်ဆံရေးနှင့် ချိတ်ဆက်မှု များနှင့် ပြည်သူလူထုအကြား နိုင်ငံရေး ပွင့်လင်းမြင်သာမှုတို့ကြောင့် ဖြစ်နိုင် သည်။ အခြားသိသာထင်ရှားသော ကွာခြားချက်တစ်ခုမှာ ABSDF အလံ အောက်တွင် တော်လှန်ရေးအင်အားစုများအတွက် စုပေါင်းခေါင်းဆောင်မှု တစ်ခု တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ချက်အနေဖြင့် ၁၉၈၈ က ABSDF နှင့် အခြား လက်နက်ကိုင် အဖွဲ့အစည်းများတွင် တောခိုခဲ့သော ကျောင်းသားများသည် လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (EAOs) များ၏ ထိန်းချုပ်မှုအောက် တွင် ရှိခဲ့သည်။ လက်ရှိ ကျောင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှာမူ ပြန့်ကျဲ ကာ စုပေါင်းခေါင်းဆောင်မှုနှင့် အလှမ်းဝေးနေသည်။ ၎င်းတို့ကို တပေါင်း တစည်းတည်း ဖြစ်စေမည့် ခေါင်းဆောင်နှင့် အဖွဲ့အစည်းများလည်း ကင်းမဲ့ နေသည်။ ဤအရာက ခေါင်းဆောင်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု ကင်းမဲ့နေသည်ကို မီးမောင်းထိုးပြနေသည်။ ၁၉၈၈ က ABSDF ဖြစ်ရပ်သည် ယနေ့ခေတ် ကျောင်းသား လက်နက်ကိုင် တပ်ဖွဲ့များအတွက် အရေးကြီးသော သင်ခန်းစာ ပင်ဖြစ်သည်။ ပစ္စုပ္ပန်နှင့် အနာဂတ် စိန်ခေါ်မှုများအတွက် နည်းဗျူဟာကျကျ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်။ ထောက်ပို့လမ်းကြောင်းများကို ခိုင်ခိုင်မာမာ ထားရှိရန်နှင့် တော်လှန်ရေးကာလ (၂) နှစ်ကျော်လာသည့် အချိန် တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နိုင်ရင် အရေးကြီးသည်။ ဤစိန်ခေါ်မှုများကို လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး ကြုံတွေ့ရမည်ဖြစ်ပြီး ရင်ဆိုင်ကျော်လွှားရန် နည်းဗျူဟာများ လိုအပ်ပေသည်။

နောက်ဆုံးအနေဖြင့် တော်လှန်သော ကျောင်းသားများ၏ ဆက်လက် တိုက်ပွဲဝင်နေမှုနှင့် ဇွဲရှိမှုတို့ကို လေ့လာတွေ့ရှိရသည်။ ကိုယ်တိုင်လည်း ကျောင်းသားများဖြစ်သော ကျွန်ုပ်တို့သည် ဤသုတေသန စတင်သောအခါ လူငယ်များသည် အပြောင်းအလဲကို ဖန်တီးသူများဖြစ်ကြောင်း ရှာဖွေတွေ့ရှိ ရန် မျှော်မှန်းခဲ့ကြသည်။ ထို့အပြင် လူငယ်များ၏ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရန် ကြိုးပမ်းနေမှုကို မှတ်တမ်း တင်ရန် ကြိုးပမ်းခဲ့သည်။ ကျွန်ုပ်တို့၏ သုတေသနတွင် ဒီမိုကရေစီတိုက်ပွဲ တစ်လျောက် ကျောင်းသားလူငယ်များ၏ ပြတ်သားမှု၊ ပိုင်းဖြတ်မှုနှင့် ရပ်တည်ချက် ခိုင်မာမှုတို့ကို အလေးပေး ဖော်ပြထားပါသည်။ ဗမာပြည် (မြန်မာပြည်)မှ ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂများသည် ၎င်းတို့၏ ယုံကြည်ချက်အတိုင်း ခိုင်ခိုင်မာမာရပ်တည်ခဲ့ကြသည်။ ၎င်းတို့၏ ရပ်တည် ချက်များ မှန်ကန်သည်ကိုလည်း အချိန်က သက်သေပြစမြဲပင် ဖြစ်သည်။

ဥပမာအနေဖြင့် မတ်လ (၅) ရက်နေ့ ၂၀၂၀ ခုနှစ်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်သော ပါမောက္ခ ဝီလီယံ ရှေးဘတ်စ်၏ ဟောပြောပွဲတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) က ဆန္ဒပြခဲ့သည်။ ဝီလီယံ ရှေးဘတ်စ်သည် နိုင်ငံတကာ ရှေ့နေတစ်ဦးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို စွဲဆိုထားသော ဂျီနိုစိုက် အမှုများအတွက် မြန်မာနိုင်ငံဘက်မှ ရှေ့နေလိုက်ပေးခဲ့သူ ဖြစ်သည်။ စစ်တပ် က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများနှင့် မတရားမှုများကို ပြင်းပြင်းထန် ဝေဖန်ထားသော ကြေညာချက်တစ်စောင်ကို လည်း ရတကသ က ထုတ်ပြန်ခဲ့သည်။ “ငရဲခွေးကြီးများ လွတ်နေဆဲ” (စစ်တပ်၏ ပြစ်ဒဏ်များကို ရည်ညွှန်းသည်) ဟု ခေါင်းစဥ်တပ်ထားသည့် အဆိုပါ ကြေညာချက်အပေါ် အွန်လိုင်းနှင့် မြေပြင်တွင် ဝေဖန်မှုများ၊ အငြင်းပွားမှုများ ရှိခဲ့သည်။24 သို့သော်လည်း အချိန်များ ကုန်လွန်သွားပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဝေဖန်သူအများစုသည် ၎င်းတို့၏ စကားကို ပြန်လည်ရုတ်သိမ်းကာ social media မှ comment များကို ပြန်ဖျက် လိုက်ကြသည်။

မြန်မာပြည်မှ ကျောင်းသားသမဂ္ဂများသည် ပြည်သူလူထုနှင့် တိုင်းပြည် အပေါ် ၎င်းတို့၏ ရိုးသားဖြောင့်မတ်မှုကို‌ ခေတ်အဆက်ဆက် မယိမ်းမယိုင် သက်သေပြခဲ့ပြီး ဖြစ်သည်။ လူထုနှင့် တိုင်းပြည်အကျိုးအတွက် ယုံကြည်ချက် အတိုင်း တိုက်ပွဲဝင်ရာတွင် ဝေဖန်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သည်။

ဤသုတေသန စာတမ်းသည် ချဉ်းကပ်မှု (၃) ခုဖြင့် ကျောင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် အစုအဖွဲ့များကို လေ့လာထားပါသည်။ ကျွန်ုပ်တို့၏ သုတေသနစာတမ်းသည် လက်ရှိနှင့် နောင်အနာဂတ် တော်လှန်ရေးများကို လေ့လာနေသူများနှင့် ကိုယ်တိုင်ပါဝင်နေသူများအတွက် နွေဦးတော်လှန်ရေးအတွင်းက မတူညီသော အစုအဖွဲ့များအကြောင်း ကျယ်ပြန့်သော အမြင်များနှင့် အတွေးများ ပေးစွမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ပါ သည်။ ကျွန်ုပ်တို့၏ သုတေသနတွင် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုများ၏ သဘောသဘာဝ၊ အောင်မြင်သော တော်လှန်ရေး နည်းဗျူဟာများနှင့် ကြုံတွေ့ ရလေ့ရှိသော စိန်ခေါ်မှုများ၊ ကွန်ရက်များ တည်ဆောက်ခြင်းနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်းများကို ဖော်ပြထားပါသည်။ ဤအချက်များကို ထည့်သွင်းစဥ်းစားခြင်းဖြင့် ပိုမိုကျယ်ပြန့်သော တော်လှန်ရေး တိုက်ပွဲများ အတွက် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်နိုင်ပါသည်။ ဤသုတေသန ပြုလုပ်ရသည့် အကြောင်းရင်းမှာ ကျွန်ုပ်တို့ကိုယ်တိုင် တော်လှန်ရေးတွင် ပါဝင်မှုကြောင့် ဖြစ်သော်လည်း သုတေသန ပြုလုပ်နေသည့် ကာလ တစ်လျောက်တွင် ရိုးသားပွင့်လင်းရန်၊ အင်တာဗျူးဖြေသူများ၏ အမြင်ကို အလေးထားရန်နှင့် လေးစားမှု၊ ယုံကြည်မှုနှင့် အပြန်အလှန်နားလည်မှု တည်ဆောက်ရန် ဂရုပြုခဲ့ပါသည်။ သို့မှသာ တန်ဖိုးရှိသော အတွေးအမြင်များ နှင့် မျှတသော နိဂုံးချုပ်ချက်များကို ရရှိနိုင်မည် ဖြစ်ပါသည်။ ဤချဉ်းကပ်မှုဖြင့် လူထုလှုပ်ရှားမှုများအကြောင်းကို အသေးစိတ် လေ့လာနိုင်ခဲ့ပါသည်။ (၎င်းတို့ ၏ ပူးပေါင်းဆောင်ရွက်ပုံ၊ တောင်းဆိုချက်များ စသည်ဖြင့်) ယခုကဲ့သို့ ခက်ခဲ သော အချိန်ကာလတွင် ဤကဲ့သို့ သုတေသနများကို အောင်မြင်စွာ နိဂုံးချုပ် ချက် ထုတ်နိုင်ရန်အတွက် မိမိတို့ နားလည်ကျွမ်းဝင်မှုရှိပြီးသား အကြောင်း အရာများကို သုတေသနပြုကြရန် သုတေသီများအား အကြံပြုလိုပါသည်။ သို့မှသာ သက်ဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် အစုအဖွဲ့များနှင့် နီးနီး ကပ်ကပ် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် မိမိတို့၏ လေ့လာမှုကို တိုးတက်စေရုံသာမက ယုံကြည်မှုနှင့် ကွန်ရက်များလည်း တည်ဆောက်နိုင် မည် ဖြစ်သည်။ တစ်ခါတစ်ရံ လျစ်လျူရှုခံခဲ့ရသော မြန်မာ့ ကျောင်းသားလှုပ်ရှားမှုနှင့် တော်လှန်ရေးတွင် ကျောင်းသားတို့၏ ပါဝင်မှုအကြောင်း သုတေသနပြုရသည် ကို ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤသုတေသန အပြီး တွင် ကျောင်းသားတို့၏ မဟာဗျူဟာအရ အရေးပါပုံကို နားလည်လာရုံ သာမက တော်လှန်သော ကျောင်းသားလူငယ်တို့၏ နိုးကြားမှုနှင့် တိုက်ပွဲဝင် စိတ်ဓာတ်ကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မိပါသည်။

အဆုံးမှတ်စုများ

1 ဖက်ဒရယ်လေလှိုင်းတက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးကို ဖော်ဆောင်မည့် အစုအဖွဲ့ဖြစ်ပြီး လွတ်လပ်သော ပညာရေးဆိုင်ရာ နေရာတစ်ခုဖြစ်သည်။ ဤအုပ်စုအမည်လွှဲများတွင် ပါဝင်သည့် စာတမ်းပြုစုသူများ၏ အမည်များမှာ – ပိုင်ချိမ့်ခေါင်၊ ဟေမာန်စိုးညွန့်နှင့် အုန်းညို (အုပ်စု ၁)၊ ကိုစတာ၊ ရေချမ်းနှင့် မာလာမေ (အုပ်စု ၂)၊ သျှင်၊ ဂျီယာနှင့် ကတ် (အုပ်စု ၃) တို့ဖြစ်ကြသည်။ ဆရာမကေဇက်က သုတေသနနည်းပြအဖြစ်လည်းကောင်း၊ ဟေလာရီ ဖက်(ခ်)ဇွန်နှင့် အလဇ္ဇဘက်ရုတ်တို့က သုတေသနအကြံပေးအဖြစ်လည်းကောင်း ကမကထပြုခဲ့ ကြပါသည်။
2 သံပုံးတီးခြင်း၊ လမ်းမထက် ဆန္ဒပြခြင်း၊ အခွန်မဆောင်ခြင်း၊ အစိုးရထောက်ပံ့ထီနှင့် စစ်တပ်နှင့်ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ခြင်း၊ အစိုးရဝန်ထမ်းများက စစ်တပ်အောက်တွင် အလုပ်မလုပ်ခြင်းတို့သည် စီဒီအမ်လှုပ်ရှားမှု၌ ပါဝင်ခြင်းပင်ဖြစ်သည်။
3 ဒီချုပ်အပေါ် ကျောင်းသားဆန္ဒပြမှုသာဓကအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဗကသတွေ ဆန္ဒပြ၊ ဘီဘီစီ မြန်မာ၊ ၂၀၁၉ တွင် ကြည့်ရန်။
4 အဆိုပါဖက်ဒရယ်လေလှိုင်းတက္ကသိုလ်မှာ လူမျိုးပေါင်းစုံ ဖက်ဒရယ်ပညာရေးစံနှုန်း များကို ဖော်ဆောင်မည့် ကျောင်းသားများနှင့် ဆရာများ အစုအဖွဲ့ဖြစ်ပြီး အခကြေးငွေ ကောက်ခံခြင်းမရှိသော ပညာရေးဆိုင်ရာနေရာတစ်ခု ဖြစ်သည်။
5 အလုပ်သမားများနှင့် ကျောင်းသားများ၏ လှုပ်ရှားမှုများအပေါ် ပြည်သူများမှ ဝေဖန်ခဲ့သည့် သာဓကအတွက် ကိုးကားချက်များစာရင်းတွင် ပါရှိသော Myanmar Now, 2020 ဖေ့စ်ဘွတ်ပို့စ်ရှိ ကွန်းမန့်(မှတ်ချက်)များကို ကြည့်ရန်။
6 Problems of War and Strategy (1938) စာတမ်းတွင် မော်စီတုန်းက “ပြဿနာကို စစ်ဖြင့်ဖြေရှင်းခြင်းဖြစ်သည့် အာဏာကို လက်နက်အင်အားဖြင့် သိမ်းယူခြင်းသည် တော်လှန်ရေး၏ အဓိကလုပ်ငန်းစဉ်ဖြစ်သလို အမြင့်ဆုံးအဆင့်လည်းဖြစ်သည်။” ဟု ရေးသားထားသည်။
7 သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ၏ ဥက္ကနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ ဩဂုတ် ၂၅၊ ၂၀၂၂။
8 သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ၏ ဥက္ကနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခြင်း၊ ဩဂုတ် ၂၅၊ ၂၀၂၂။
9 EYUSU (ABFSU) ၏ ဥက္ကနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ မေ ၁၂၊ ၂၀၂၂။
10 FGWM ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီတစ်ဦးနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ ဩဂုတ် ၄၊ ၂၀၂၂။
11 EYUSU (ABFSU) နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ မေ ၁၂၊ ၂၀၂၂။
12 ရတကသ၏ ဥက္ကနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ မေ ၂၊ ၂၀၂၂။
13 သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ၏ ဥက္ကနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ ဩဂုတ် ၂၅၊ ၂၀၂၂။
14 သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ၏ ဥက္ကနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ ဩဂုတ် ၂၅၊ ၂၀၂၂။
15 DRPA အဖွဲ့ဝင်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ မေ ၅၊ ၂၀၂၂။
16 SAF ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ ဇွန် ၁၈၊ ၂၀၂၂။
17 Federal Law Academy ၏ ကျောင်းအုပ်ကြီးနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ ဇွန် ၁၄၊ ၂၀၂၂။
18 Federal Law Academy ၏ ကျောင်းအုပ်ကြီးနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ ဇွန် ၁၄၊ ၂၀၂၂။
19 ABSDF အဖွဲ့ဝင်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ မေ ၂၂၊ ၂၀၂၂။
20 ASUY ၏ ပြောရေးဆိုခွင့်ရှိသူနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ ဩဂုတ် ၂၉၊ ၂၀၂၂။
21 ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ၂၀၂၃။
22 ASUY ၏ ပြောရေးဆိုခွင့်ရှိသူနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ ဩဂုတ် ၂၉၊ ၂၀၂၂။
23 EYUSU (ABFSU) ၏ ဥက္ကဋ္ဌနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း၊ ဇွန် ၁၇၊ ၂၀၂၂။
24 ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ၂၀၂၀။

ကိုးကားချက်များ

Myanmar Now. (2020, December 8). ခုံသမာဓိကောင်စီကို အလုပ်သမားသမဂ္ဂများ ဆန္ဒပြ [Facebook post]. Facebook.https://www.facebook.com/myanmarnownews/posts/pfbid0Gt5jchRWo7PrWXmTUocgkSnThJM3DRfEvaMSWZo3Z1j1JVfaw6tmaVVPjwGh2ke4l

University of Yangon Students’ Union – UYSU. (2020, March 5). Students Protest at Myanmar ICJ Defender’s Lecture [Facebook post]. Facebook. https://www.facebook.com/uystudentsunion/posts/pfbid029AeAhXZXst1DQFVqseTS2xcfb6VXvHVL7Bnq5cyxZxajKiy5b9EzZ9BiCzntvdwkl

Zedong, M. (1938). Problems of War and Strategy. https://www.marxists.org/reference/archive/mao/selected-works/volume-2/mswv2_12.htm

ဒေါ်အောင်ဆန်းစုကြည်ကို ဗကသတွေ ဆန္ဒပြ၊ (၂၀၁၉၊ ဇူလိုင် ၂၀)၊ BBC News မြန်မာ။ https://www.bbc.com/burmese/burma-49057434

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ (၂၀၂၃၊ ဇန်နဝါရီ ၂၇)၊ NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ။ https://www.abfsu.info/2023/01/nucc-cdm-policy.html