မြန်မာနိုင်ငံခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှု − မျှော်လင့်ချက်၊ မျှော်မှန်းချက်နှင့် ကိုယ်စားပြုမှု

အေ့ဆင်မ်1 | Click here to read this article in English.

Cite as: 
အေ့ဆင်မ်၊  (၂၀၂၃)၊ မြန်မာနိုင်ငံခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှု − မျှော်လင့်ချက်၊ မျှော်မှန်းချက်နှင့် ကိုယ်စားပြုမှု၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4356

စာတမ်းအကျဥ်း

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ ဒီမိုကရေစီရေးနှင့် အာဏာရှင်စနစ် တိုက်ဖျက်ရေးသမိုင်းတွင် ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော ကျောင်းသား လှုပ်ရှားမှုများ၏ အခန်းကဏ္ဍသည် ပဓာနကျကာ အရေးပါလှသည်။ ကျောင်းသားဘဝသည် လူ့ဘဝတွင် ဖြတ်သန်းရသော အခိုက်အတန့်ကာလ မျှသာ ဖြစ်သည်။ သို့ရာတွင် ကျောင်းသားလှုပ်ရှားမှုများသည် အများအားဖြင့် အုပ်ချုပ်သူအစိုးရ၊ အာဏာပိုင်များနှင့်ပတ်သက်၍ လှုပ်ရှားအရေးဆိုသော ဖွဲ့စည်းတည်ဆောက်ပုံ (structure) ကို စိန်ခေါ်သည့် စုပေါင်းလှုပ်ရှားမှုများ (collective action) ဖြစ်လေသည်။

ကျောင်းသားလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့၊ ပါဝင်နေသူများ အနေ ဖြင့် “ကျောင်းသား” ဟူသည့် စုပေါင်းသရုပ်လက္ခဏာ (collective identity) နှင့် ကျောင်းသားသမဂ္ဂများ၏ အခန်းကဏ္ဍကို မည်ကဲ့သို့ ရှုမြင်သုံးသပ် ပါသနည်း။ မည်သို့သော အခြေအနေတွင် ကျောင်းသားများသည် အခြားသော လူထုလူတန်းစားများ၊ အရပ်ဘက်နှင့် နိုင်ငံရေး အဖွဲ့အစည်းများ၊ လှုပ်ရှားမှု များနှင့် ပူးပေါင်းဆောင်ရွက်ပါသနည်း။ အာဏာရအစိုးရတစ်ရပ်၏ ဖိနှိပ်မှု၊ လိုက်လျောမှုနှင့် လွှမ်းမိုးဆဲနိုင်ငံရေး စနစ်အပေါ်လိုက်၍ ကျောင်းသား လှုပ်ရှားမှုများ၏ နယ်ပယ်နှင့် အသွင်သဏ္ဌာန်သည် ပြောင်းလဲနေပါသလား။

မည်သို့သော နိုင်ငံတကာဖြစ်စဥ်များနှင့် ကမ္ဘာ့ကျောင်းသား လှုပ်ရှားမှု များသည် မြန်မာ့ကျောင်းသား တက်ကြွလှုပ်ရှားသူများအပေါ် စေ့ဆော် အကျိုး သက်ရောက်မှု ရှိစေပါသနည်း။ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုသည် ကျောင်းသား လှုပ်ရှားမှုများကို အားကောင်းစေမည်လား သို့မဟုတ် အားလျော့စေမည်လား။ လွတ်လပ်သော မြန်မာ့ သုတေသနဂျာနယ် – သိစပ်မြင်နှံ့ (Independent Journal of Burmese Scholarship) ၏ “ကျောင်းသားလှုပ်ရှားမှုများ” အကြောင်း ဤအထူးစာစောင်တွင် အဆိုပါမေးခွန်းများအပါအဝင် အခြားဆက်စပ် မေးခွန်းများကို မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူများက ဆွေးနွေးရေးသား ဖြေဆိုထားကြပါသည်။

မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုဆိုင်ရာ ပညာရပ်စာပေ

အမှန်စင်စစ် ကျောင်းသားလှုပ်ရှားမှုများ၊ ကျောင်းသားတော်လှန်ရေးများ (student resistance) နှင့်ပတ်သက်၍ သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ မနုဿဗေဒ အစရှိသည့် ပညာရပ်ပိုင်းဆိုင်ရာရှုထောင့်များမှ ချဉ်းကပ် သုံးသပ်ချက်များ သည် မြန်မာနှင့် နိုင်ငံတကာပညာရပ်အသိုက်အဝန်းတွင် နည်းပါးနေဆဲ ဖြစ်ပါသည်။ ဆေးလ်ဗားစတိုင်း၏ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုများကို သုံးသပ်ချက်၊ မြန်မာနှင့် မလေးရှား ကျောင်းသားနိုင်ငံရေးတို့ကို နှိုင်းယှဥ် လေ့လာချက်များမှာ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်အထိသာ မှတ်တမ်းရှိပါသည်။2 ဝိုက်စ်နှင့် အက်စ်ပီနော က ၂၀၁၂ ခုနှစ်တွင် တည်းဖြတ်ထုတ်ဝေခဲ့သော အာရှတိုက်ရှိ ကျောင်းသားလှုပ်ရှားမှုများအကြောင်း စာအုပ်တွင် မြန်မာ ကျောင်းသားတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ခဲ့သည့် ကိုဝင်းမင်း၏ ၂၀၀၈ ခုနှစ် အထိ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အခန်းတစ်ခန်း ပါဝင်ခဲ့ပါသည်။3 အုပ်ချုပ်မှုသဏ္ဌာန် (regime type) အပေါ်လိုက်၍ ကျောင်းသား လှုပ်ရှားမှုများ ၏ သွင်ပြင်လက္ခဏာ၊ ကျင်လည်ရာနယ်ပယ်နှင့် သက်ရောက်မှု ကွာခြားသွား ပုံကို ၎င်းက ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံဖွား နန်းမိုလောဝ် ရိဗ်စ် (Nang Mao Lao Rives) သည် ကင်းဆပ်တက္ကသိုလ်သို့ ၎င်း၏ ပါရဂူဘွဲ့အတွက် ၂၀၁၄ ခုနှစ်၌ တင်သွင်းသော ကျမ်းတွင် ၁၉၈၀ ဝန်းကျင်နှစ်များအတွင်း မြန်မာနိုင်ငံရှိ တက္ကသိုလ် ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှားမှုများအကြောင်းကို သုတေသနပြု ရေးသားခဲ့သည်။4 နန်းမိုလောင် ရိဗ်စ်က “သားသုံးသား” ဟူ၍ မြန်မာတို့ ညွှန်းဆိုလေ့ရှိကြသည့် စစ်သား၊ ဘုရားသား (သံဃာ) နှင့် ကျောင်းသားတို့၏ ပါဝါအထက်လွှာ (power elites) ဆိုင်ရာ အားပြိုင်မှုကို လေ့လာပြီး မြန်မာ နိုင်ငံတွင် ကျောင်းသားလှုပ်ရှားမှုများအား ပေါက်ဖွားစေသော၊ ပုံဖော်ပေးသော အချက်သုံးချက်ရှိကြောင်း ထောက်ပြခဲ့သည်။5 ပထမအချက်မှာ မြန်မာ့ လူ့အဖွဲ့အစည်းရှိ ထင်ရှားသူများသည် အာဏာရှင်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ခေါင်းမဆောင်နိုင်သည့် (သို့မဟုတ်) အစမပျိုးနိုင်သည့် “နိုင်ငံရေး ကွက်လပ်” ရှိနေခြင်းဖြစ်သည်။ ဒုတိယအချက်မှာ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ “သခင်” ကျောင်းသားတက်ကြွလှုပ်ရှားသူများ၏ သမိုင်းအမွေက နောက်မျိုးဆက်များအပေါ် နှိုးဆော်အားပေးမှုရှိနေခြင်း ဖြစ်သည်။ တတိယ အချက်အနေဖြင့် ဘဝတူကျောင်းသားများအပေါ် အာဏာရှင်အစိုးရတို့၏ အကြမ်းဖက်သော၊ တရားမျှတမှုကင်းမဲ့သော ဖိနှိပ်ချုပ်ချယ်မှုများ ကျရောက် ချိန်တွင် ရိုင်းပင်းကူညီရန်အတွက် ခိုင်မာအားကောင်းသော ကျောင်းသား ဟူသည့် စုပေါင်းသရုပ်လက္ခဏာ ပေါ်ပေါက်လာရခြင်းဖြစ်သည်။6

နိုင်ငံရေး အကူးအပြောင်းကာလတွင် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ ရန် အစိုးရက အမျိုးသားပညာရေးဥပဒေ (National Education Law) ကို ပြဋ္ဌာန်းရန် ကြိုးစားရာက ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပေါ်လာသော တက္ကသိုလ်ကျောင်းသားများ၏ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုအကြောင်းကို မေထရိုက သုံးသပ် ရေးသားခဲ့သည်။7 အာဏာပိုင်များနှင့် ကျောင်းသားထု အကြား ဒီမိုကရေစီနှင့် ဒီမိုကရေစီပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုမှု ကွာခြားရာ မှ နိုင်ငံရေးပဋိပက္ခဆန်သော ကျောင်းသားလှုပ်ရှားမှုတစ်ရပ် ပေါက်ဖွားလာရ ပုံကို ၎င်းက ထောက်ပြခဲ့သည်။

နိုင်ငံရေးနောက်ခံနှင့် ကျောင်းသားလှုပ်ရှားမှုသမိုင်း

မြန်မာနိုင်ငံတွင် ကျောင်းသားလှုပ်ရှားမှုများသည် လွတ်လပ်ရေး ကြိုးပမ်းမှု၊ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကြိုးပမ်းမှုတွင် မရှိမဖြစ် အရေးအကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သို့သော် လွတ်လပ်ရေးရရှိပြီးသည့်နောက် ပေါ်ပေါက်ခဲ့သည့် ကျောင်းသားလှုပ်ရှားမှု များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း တိုက်ရိုက်ပါဝင်ခဲ့သူများအနေဖြင့် စနစ်တကျ လေ့လာမှတ်တမ်းတင်နိုင်မှုမှာ နည်းပါးခဲ့သည်။ အထူးသဖြင့် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ ၂၀၁၂ ခုနှစ်အထိကာလအတွင်း မြန်မာနိုင်ငံသည် တစ်ကိုယ်တည်း သီးခြားရပ်တည်ရမှု (isolationism) ကြောင့် ပြင်ပကမ္ဘာရှိ အသိပညာဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် အတိုင်းအတာ တစ်ခုအထိ အဆက်အသွယ်ပြတ်တောက်ခဲ့ရသည်။ ထို့ပြင် ပြည်တွင်း၌လည်း လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဝေခွင့် မရှိသည့်အတွက် တက်ကြွလှုပ်ရှား သူ ကျောင်းသားမျိုးဆက် တစ်ဆက်နှင့် တစ်ဆက်အကြား “သက်ကြီးစကား သက်ငယ်ကြား” ရန် ခက်ခဲသွားခဲ့ရသည်။

ထိုကဲ့သို့သော နောက်ခံအခြေအနေတွင် ဤစာစောင်ကို စီစဥ်တည်းဖြတ် ရာ၌ အယ်ဒီတာအဖွဲ့၏ ရည်ရွယ်ချက်မှာ ပညာရှင်အချင်းချင်း နှီးနှောဖလှယ်မှု (academic-to-academic) အဖြစ် ဖတ်ရှုရမည့် သီးသန့်ပညာရပ်ဆိုင်ရာ ဆောင်းပါးများကိုသာ ထုတ်ဝေရန် မဟုတ်ချေ။ ရည်ရွယ်ချက်မှာ အာဏာရှင် အစိုးရများ အုပ်စိုးမှုကာလအတွင်း ဖြစ်ပေါ်ခဲ့သော ပြည်တွင်းနှင့် ပြည်ပ အကြား၊ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်တို့အကြား သိမြင်မှုကွာဟချက်များ (knowledge gaps) ကို ပေါင်းကူးချိတ်ဆက်ပေးရန်နှင့် ဖြည့်ဆည်းပေးရန် ဖြစ်သည်။ ထို့ပြင် ဤစုစည်းတင်ပြမှုအပေါ် အခြေခံပြီး နောင်ကာလတွင် ပညာရပ်ဆိုင်ရာစာပေ (academic literature)၊ သဘောတရားရေးရာစာပေ (theoretical literature) နှင့် ကိုယ်တိုင်ပါဝင်လှုပ်ရှားသူများအကြား ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုများနှင့် ပတ်သက်၍ နားလည် သဘောပေါက်ပုံ ကွာဟချက်ရှိခဲ့လျှင် ညှိနှိုင်းချိတ်ဆက် ပေးသွားနိုင်ရန်လည်း ရည်ရွယ်ပါသည်။

သို့ဖြစ်၍ ဤစာစောင်ပါ ဆောင်းပါးနှင့် အင်တာဗျူးများမှာ ပညာရပ် ဆိုင်ရာ သုတေသန (academic research) သဘောထက် ကိုယ်တွေ့မှတ်တမ်း (memoirs) သဘောပိုဆန်နေမည်ဖြစ်သည်။ သို့သော် ဆောင်းပါးရှင်များ၊ အင်တာဗျူးဖြေကြားထားသူများမှာ ကျောင်းသားလှုပ်ရှားမှုများတွင် ဦးဆောင် အခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ခဲ့သူများဖြစ်သဖြင့် ၎င်းတို့၏ ရေးသား ပြောဆိုချက်များသည် ကျောင်းသားလှုပ်ရှားမှုများအကြောင်းကို ဆက်လက် လေ့လာလိုသူများအတွက် မူရင်းအထောက်အထားများ (primary sources) အဖြစ် အသုံးဝင်မည်ဖြစ်ပါသည်။

ဤစာစောင်ရှိ ဆောင်းပါးများအများစုသည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့၌ လွတ်လပ်သော မြန်မာ့ သုတေသနဂျာနယ် (Independent Journal of Burmese Scholarship) က စီစဥ်ကျင်းပခဲ့သည့် စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုများ တွင် ပါဝင်လှုပ်ရှားခဲ့ကြသူ ရှစ်ဦးက သူတို့၏ အတွေ့အကြုံနှင့် အတွေးအမြင် များကို အဓိက ဟောပြောဆွေးနွေးကြပြီး တက်ရောက်သူ ကျောင်းသား မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ် (၄၀) ဦးခန့်က ဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးခဲ့ကြသည်။ ဆွေးနွေးပွဲကို စီစဥ်ရာ၌ ၉၆-၉၈ ကျောင်းသားလှုပ်ရှားမှုတွင် တက်ကြွလှုပ်ရှားခဲ့သူများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော Myanmar Institute for Democracy (MID) အဖွဲ့ကလည်း ကူညီပေးခဲ့သည်။ အကြီးဆုံး အသက်ရှစ်ဆယ်ကျော် ကျောင်းသား ခေါင်းဆောင်ဟောင်းများမှသည် အငယ်ဆုံး အသက်နှစ်ဆယ်ကျော် ကျောင်းသားလူငယ်မျိုးဆက်သစ်များအထိ ပါဝင်တက်ရောက်ခဲ့ကြသည့် အလုပ်ရုံဆွေးနွေးပွဲလည်း ဖြစ်ပါသည်။

ကိုယ်စားပြုမှုနှင့် “မျိုးဆက်” ပြဿနာ

အလုပ်ရုံဆွေးနွေးပွဲကို စီစဥ်သည့်အချိန်၌ပင် ပါဝင်ဆွေးနွေးသူများကို အယ်ဒီတာအဖွဲ့က ကနဦး မေးမြန်းလိုသော သုတေသနမေးခွန်းများထက် ပိုမို များပြားကျယ်ပြန့်သည့် မေးခွန်းများ ထပ်ဆင့်ထွက်ပေါ်လာခဲ့သည်။ ကျောင်းသားများအနေဖြင့် ကျောင်းသားလှုပ်ရှားမှုတစ်ရပ်တွင် ပါဝင်ခဲ့ရခြင်း ၏ “မျှော်လင့်ချက်”၊ “မျှော်မှန်းချက်” နှင့် “ကိုယ်စားပြုမှု” ဟူ၍ အဓိကအချက် ရှုထောင့်သုံးခုကို မူတည်ဆွေးနွေးရာတွင် ၎င်းတို့ ဖြတ်သန်းခဲ့ရသည့် ခေတ်နှင့် မျိုးဆက်အပေါ်မူတည်၍ ခံယူနားလည်ပုံ အမျိုးမျိုးကွာခြားသွားကြောင်း တွေ့ရှိရပေသည်။

ဥပမာအားဖြင့် ကျောင်းသားထု၏ ရွေးကောက်ခြင်းကို ခံရ၍ တရားဝင် ကျောင်းသားသမဂ္ဂများတွင် ကျောင်းသားခေါင်းဆောင်ဖြစ်လာခဲ့သည့် ၁၉၆၂ မျိုးဆက်မှ ဦးလှရွှေကဲ့သို့သော ပုဂ္ဂိုလ်များအတွက် နောက်မျိုးဆက် ကျောင်းသားခေါင်းဆောင်ဆိုသူ အများစုသည် မိမိဘာသာ ခေါင်းဆောင်နေရာ တင်မြှောက်ထားသူများအဖြစ်သာ ယူဆစရာဖြစ်နေပေသည်။ ထို့ပြင် အစိုးရ များသည် ၎င်းတို့အား လိုလားသည့် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသား ခေါင်းဆောင်များကို အားပေးချီးမြှောက်ပြီး ၎င်းတို့အား ဆန့်ကျင်သည့် ခေါင်းဆောင်နှင့် သမဂ္ဂများကို ထိန်းညှိရန် ကြိုးစားလေ့ရှိသည့်အချက်ကို ဤစာစောင်ပါ မဖြိုးဖြိုးအောင်၏ ဆောင်းပါးတွင် ထောက်ပြထားပါသည်။ သို့သော် ဖိနှိပ်မှုပြင်းထန်၍ ခက်ခဲကြမ်းတမ်းသော ခေတ်အခါ၊ နိုင်ငံရေး ပတ်ဝန်းကျင်၌ ကျင်လည်လှုပ်ရှားခဲ့ရသည့် ကျောင်းသားများနှင့် ကျောင်းသား သမဂ္ဂများအတွက်မူ ခေါင်းဆောင်ဟု အမည်တပ်ခြင်းသည် ကိုယ်စားပြုမှုနှင့် မဖြစ်မနေ ဆက်စပ်စဥ်းစားရန် လိုအပ်သော ကိစ္စမဟုတ်ပေ။ လက်တွေ့ အားဖြင့် ခေါင်းဆောင်မှုအရည်အချင်းနှင့် အမြော်အမြင်ရှိရန်က ပိုမိုအရေးကြီး ပေလိမ့်မည်။

ကျောင်းသားလှုပ်ရှားမှုတွင် မထင်မရှားနေရာကသာ ပါဝင်ပတ်သက်ခဲ့ ပြီး မိမိမှာ မည်သည့် “မျိုးဆက်” ကပါဟု ပြောဆိုရေးသားသူ ကျောင်းသားများ ကိုလည်း ၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေက ဝေဖန်ခဲ့သည်။ သို့ရာတွင် ကျောင်းသားလှုပ်ရှားမှုများတွင် မျိုးဆက်အလိုက် သတ်မှတ်မှု၊ ပါဝင်လှုပ်ရှားမှု များမှာ ပုံသေကားကျ မရှိချေ။ “၈၈ မျိုးဆက်ကျောင်းသားများ” ဟုဆိုရာတွင် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကာလ၌ ပါဝင်ခဲ့ကြသော ကျောင်းသား များ သာမက ၁၉၉၆ နှင့် ၂၀၀၇ ခုနှစ်တို့တွင် ဆန္ဒပြအုံကြွခဲ့ကြသော ကျောင်းသားအချို့ပါ ပါဝင်နေလေသည်။ မိမိကိုယ်ကို ၁၉၈၈ ခုနှစ်က အခြေခံပညာကျောင်းသားသမဂ္ဂဝင်အဖြစ် ခံယူသလော၊ ၁၉၉၆ ခုနှစ်က တက္ကသိုလ်ကျောင်းသား တက်ကြွလှုပ်ရှားသူအဖြစ် ခံယူသလောဟူသည့် အချက်တွင် မူတည်ပေသည်။ ကျောင်းသား မဟုတ်တော့သော်လည်း ကျောင်းသားခေါင်းစဥ်အောက်မှ လူထုလှုပ်ရှားမှုများတွင် ပါဝင်လိုသူများနှင့် ကျောင်းသားဖြစ်သော်လည်း ကျောင်းသားအမည် မခံဘဲ တက်ကြွလှုပ်ရှားလို သူများလည်း ရှိကြသည်။

ဆွေးနွေးပွဲသို့ ကျောင်းသားခေါင်းဆောင်များအား ဖိတ်ကြားရာတွင် ကျောင်းသားလှုပ်ရှားမှုမျိုးဆက်အလိုက် (၁၉၆၂ ၊ ၁၉၇၄-၇၅-၇၆ ၊ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇ စသဖြင့်) ဖိတ်ကြားခဲ့သော်လည်း မျိုးဆက်တစ်ခုတည်း၌ ပင်လျှင် အသင်းအဖွဲ့ပါဝင်မှု ကွဲပြားခြင်း၊ နိုင်ငံရေး အယူဝါဒ ကွဲပြားခြင်းတို့ ရှိနေခဲ့သည်။ ထို့ကြောင့် တစ်ဦးဦးကို မျိုးဆက်ကိုယ်စားပြု တက်ရောက်သူဟု ဆိုရန် အခက်အခဲရှိခဲ့ပါသည်။ အထူးသဖြင့် တရားဝင်ကျောင်းသားသမဂ္ဂများ မရှိတော့သည့် ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျောင်းသားမျိုးဆက်များ၌ ဤ ပြဿနာကို ကျယ်ပြန့်စွာ တွေ့ရှိရသည်။ ဥပမာ၊ “၈၈ မျိုးဆက်” သည် အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် အလွန်အရေးပါသည့် မျိုးဆက် ဖြစ်သော် လည်း ယင်းမျိုးဆက်၏ လူသိအများဆုံး ခေါင်းဆောင်နှစ်ဦးဖြစ်သော မင်းကိုနိုင်နှင့် ကိုကိုကြီး နှစ်ဦးလုံးသည် ဆွေးနွေးပွဲသို့ “၈၈ မျိုးဆက်” ကို ကိုယ်စားပြုတက်ရောက်ခြင်း မရှိခဲ့ကြချေ။8

မျှော်မှန်းချက်နှင့် သရုပ်လက္ခဏာ

ဤနေရာ၌ မျှော်လင့်ချက်နှင့် မျှော်မှန်းချက်အပေါ် မူတည်၍လည်း ကျောင်းသားသရုပ်လက္ခဏာ (student identity) ကို ဆက်လက် ကိုယ်စားပြု လိုခြင်း ရှိ၊ မရှိ ကွဲပြားသွားရပုံကို သတိပြုရန် လိုပေသည်။ ၂၀၁၆ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အာဏာရလာသည့်အချိန်တွင် အချို့သော ကျောင်းသားမျိုးဆက်သစ်၊ မျိုးဆက်ဟောင်းမှ ပုဂ္ဂိုလ်များ အနေဖြင့် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး၊ တက္ကသိုလ်များ ဗဟိုချုပ် ကိုင်မှု လျှော့ချရေးတို့အတွက် ကျောင်းသားသပိတ်များ၊ National Network for Education Reform (NNER) ကဲ့သို့သော စုပေါင်းလှုပ်ရှားမှုများတွင် ပါဝင် နေကြပြီးဖြစ်သည်။ တိုင်းရင်းဘာသာစကားသင်ကြားရေး ကိစ္စရပ်ကဲ့သို့သော ဖက်ဒရယ်ရေးဆန်သည့် ကိစ္စရပ်များတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ကိုယ်စားလှယ်များ တွေ့ဆုံစည်းဝေးကာ ဖက်ဒရယ်နှင့် ဒီမိုကရေစီ မျိုးစေ့များ ချနိုင်ခဲ့ကြောင်း တွေ့ရသည်။ ဤဂျာနယ် အထူးစာစောင်တွင် ပါဝင်ရေးသားသူများအနက် ကိုစိုးထွန်း၊ မဖြိုးဖြိုးအောင်နှင့် ဘိုးသိမ်း (ဒေါက်တာမင်းသိမ်း) တို့မှာ NNER စတင်တည်ထောင်စ ကတည်းကပင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူများဖြစ်ကြသည်။

ထိုကဲ့သို့ ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးဖြစ်စဥ်များတွင် ပါဝင် ဆောင်ရွက်ရခြင်းသည် ကျောင်းသားတက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသား လှုပ်ရှားမှုများ၏ အသွင်သဏ္ဌာန်နှင့် နယ်ပယ်ကို ပုံဖော်ပေးခဲ့သည့်အပြင် ဦးတည်ချက်လားရာကိုပါ ချမှတ်ပေးခဲ့လေသည်။ ယင်းအနေအထားတွင် ကျောင်းသားသည် လွတ်လပ်ရေးရပြီးစ ကျောင်းသားမျိုးဆက်များမှာကဲ့သို့ အယူဝါဒ (ideology) တစ်ခုခုကို ယုံကြည်ဆုပ်ကိုင်ထားရန် မလိုအပ်ဘဲ ပေါ်ပေါက်လာသည့်ကိစ္စရပ် (issue) အပေါ်တွင် မူတည်ကာ အာဏာပိုင်များ အား တွန်းတိုက်အရေးဆိုရခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျောင်းသား ၏ အာဏာရအသိုင်းအဝိုင်းကို ဆန့်ကျင်တော်လှန်သော သဘောထားကို ဆက်လက်ထိန်းသိမ်းထားနိုင်လေသည်။

အမှန်စင်စစ် ကျောင်းသားသမဂ္ဂများနှင့် ဒေါ်အောင်ဆန်းစုကြည်/ အဲန်အယ်လ်ဒီတို့အကြားရှိ ဆက်ဆံရေးသည် အဲန်အယ်လ်ဒီအစိုးရ အာဏာ မရသေးမီအချိန်ကပင် ကောင်းမွန်လှသည် မဟုတ်ချေ။ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုများတွင် ၁၉၈၈ မျိုးဆက်တိုင်အောင် လက်ဝဲနိုင်ငံရေး နှင့် ကွန်မြူနစ်အတွေးအခေါ် လွှမ်းမိုးမှုကြီးမားခဲ့သည်။ သို့သော် “နွေဦး တော်လှန်ရေး” ဟုခေါ်ဝေါ်ကြသည့် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုဆန့်ကျင် ရေး လူထုလှုပ်ရှားမှုတွင်မူ အယူဝါဒသည် အရေးကြီးသည့် အခန်းကဏ္ဍ၌ မပါ ဝင်တော့သည့်အပြင် ကျောင်းသား၏ သရုပ်လက္ခဏာ (identity) သည်လည်း အခြားသော အသက်အရွယ်အပိုင်းအခြားနှင့် ပညာရေးနောက်ခံအခြေပြု သရုပ်လက္ခဏာ အများအပြားထဲတွင်မှ ထူးထူးခြားထိုးထွက်ပြီး ထင်ရှားနေ ခြင်းမျိုး မဟုတ်တော့ပေ။ လှုပ်ရှားမှု (movement/activism) အပေါ် အခြေ မခံဘဲ အသက်အရွယ် အပိုင်းအခြားအပေါ် အခြေခံထားသည့် “ဂျန်ဇီး” (Gen Z) ဟူသည့် သရုပ်လက္ခဏာသစ်လောက် ရေပန်းမစားဘဲ ဖြစ်ခဲ့ရသည်။

သို့သော် ကျောင်းသားဟူသည့် သရုပ်လက္ခဏာသည် လွတ်လပ်မှု၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်ရာတွင် အလွန် အင်အားကောင်းသော အစဥ်အလာရှိသည့် သရုပ်လက္ခဏာဖြစ်ရာ မြန်မာ့နိုင်ငံရေးမှ ဖယ်ရှား၍ မရနိုင်သော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဒီမိုကရေစီစနစ် အမြစ်တွယ်ပြီး ဖြစ်သော ဥရောပနိုင်ငံ အတော်များများတွင် ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားပါလီမန်များနှင့် နိုင်ငံရေးပါတီများ၏ နွေရာသီ လူငယ် လေ့ကျင့်ရေးစခန်းများ (youth summer camps) သည် ၎င်းနိုင်ငံများရှိ အနာဂတ်နိုင်ငံခေါင်းဆောင်မျိုးဆက်များကို မွေးထုတ်ပေးရာ၌ အရေးပါလှ သည်။ စစ်တပ်၏ ရာစုနှစ် ထက်ဝက်ကျော် အုပ်စိုးမှုအောက် အစိုးရ၊ လွှတ်တော်စသည့် နိုင်ငံတော်ယန္တရားများ၌ နိုင်ငံရေးအလုပ်သင်ခွင့် (apprenticeship) ကို မရရှိနိုင်သည့် အခြေအနေတွင် မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များအဖို့ မည်သည့် ပညာသင်ယူမှုလမ်းကြောင်းဖြင့် အနာဂတ်ခေါင်းဆောင်များအဖြစ် ပြောင်းလဲကြမည်နည်းဆိုသည့် အချက်မှာ လည်း စူးစမ်းသင့်သည့် မေးခွန်းတစ်ခုဖြစ်လေသည်။

ကျောင်းသားသရုပ်လက္ခဏာသည် အစိုးရတို့၏ ရည်ရွယ်ချက်ရှိရှိ အားနည်းချည့်နဲ့အောင် ပြုလုပ်ခြင်းနှင့် ဖြိုခွဲခြင်းတို့ကိုလည်း ခံရတတ် လေသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ် ကျောင်းသား လှုပ်ရှားမှု ပေါ်ပေါက်ပြီးသည့်နောက် အရပ်ဘက်တက္ကသိုလ်များတွင် ဘွဲ့ကြို သင်တန်းများ ရပ်တန့်ပစ်ခြင်း၊ ဘွဲ့လွန်သင်တန်းများတွင် စစ်တက္ကသိုလ်ဆင်း အရာရှိများအား ထိုအချိန် စစ်အစိုးရက ထည့်သွင်း တက်ရောက်စေခဲ့ခြင်း တို့ဖြစ်သည်။ ယင်းလုပ်ရပ်ကြောင့် တက္ကသိုလ် ပင်မနယ်မြေတွင် ကျောင်းသား များ နေရာတစ်နေရာတည်း၌ စုစည်းရန် ခက်ခဲသွားခြင်း၊ စစ်တက္ကသိုလ် များတွင် သင်ကြားပေးမည့် စစ်ဘက်ဆရာများ သီးသန့်မွေးထုတ်ပေးခြင်းနှင့် ကျောင်းသားသရုပ်လက္ခဏာ အားပျော့မှေးမှိန်သွားခြင်းဟူသည့် စစ်အစိုးရ အတွက် “တစ်ချက်ခုတ်၍ သုံးချက်ပြတ်” သော အကျိုးရလဒ်မျိုး ထွက်ပေါ် လာသည်။

ထို့ပြင် အာဏာရအစိုးရတစ်ရပ်သည် ဒီမိုကရေစီလိုလားသော အစိုးရပင် ဖြစ်စေကာမူ ကျောင်းသားများကို သင့်တော်သည့်နေရာ၌ အသုံးမချနိုင်သည့် အခါ ကျောင်းသားခေါင်းဆောင်များအနေဖြင့် “ကျောင်းသား” ခေါင်းစဥ် အောက်မှသည် အခြားသရုပ်လက္ခဏာတစ်ခုခုအောက်သို့ ရောက်ရှိသွားတတ် သည့် သဘောကိုလည်း သတိပြုရန် လိုအပ်ပေသည်။ နေ့စဥ်လူမှုဘဝတွင် စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရသော သက်လတ်နှင့် သက်ကြီး အရွယ် ကျောင်းသားမျိုးဆက်ဟောင်းများအနေဖြင့် လူငယ်ကျောင်းသားတို့ ကဲ့သို့ ထာဝစဥ်ပြုမူနေထိုင်နိုင်မည် မဟုတ်ပေ။ ၁၉၈၈ ခုနှစ် အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သော ကျောင်းသားများအနက် အချို့မှာ နိုင်ငံရေးပါတီ တည်ထောင်သူများ၊ တတ်သိပညာရှင်များ၊ သတင်းစာဆရာများ၊ စီးပွားရေး လုပ်ငန်းရှင်များအဖြစ် ပြောင်းလဲ ရပ်တည်လာကြသည်။ ကျောင်းသား ခေါင်းဆောင်ဟောင်း တချို့မှာမူ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် နိုင်ငံရေးပွဲကြည့်သူများအဆင့်အထိ မိမိကိုယ်ကို နှိမ့်ချလိုက်ကြသည်။ အနည်းငယ်သော လူဟောင်း ကျောင်းသားလှုပ်ရှားသူ‌များမှာမူကား ဘက်ပြောင်းကာ စစ်တပ်ကို ထောက်ခံသော စစ်လော်ဘီ (military lobby) များအဖြစ် ပေါ်ထွက်လာသည်ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။

ထို့ပြင် ကျောင်းသားဟူသည့် သရုပ်လက္ခဏာသည် လူပုဂ္ဂိုလ်တစ်ဦးတွင် ရှိသော အမျိုးသားရေး၊ ကျား/မ ဖြစ်မှု၊ လူမျိုးရေး ဘာသာရေးနည်းစုဖြစ်မှု၊ လူထုလူတန်းစား စသည့် အခြားလက္ခဏာများနှင့်လည်း ထွေးရောယှက်တင် ဖြစ်နေတတ်သည်။ ဤစာစောင်တွင် ပါရှိသော စိုင်းကျော်ညွန့်၏ ဆောင်းပါး သည် “ကျောင်းသားနှင့် ရှမ်းအမျိုးသား” သရုပ်လက္ခဏာများ ဆုံစည်းရာကို လည်းကောင်း၊ ကိုဇေယျာဦး၏ ဆောင်းပါးသည် “ကျောင်းသားနှင့် စစ်သား ဘဝ” သရုပ်လက္ခဏာများ ပွတ်တိုက်မိရာကိုလည်းကောင်း အသီးသီးဖော်ပြ ထားကြသည်။ မလေးလေးမွန်နှင့် မဖြိုးဖြိုးအောင်တို့၏ ဆောင်းပါးများ မှာလည်း ကျောင်းသားလှုပ်ရှားမှုနှင့်ပတ်သက်၍ အမျိုးသမီးကျောင်းသူများ အနေဖြင့် တွေးခေါ်ရှုမြင်ပုံရှုထောင့်ကို ထင်ဟပ်စေသည်။

သို့ရာတွင် ကျောင်းသားဘဝမှ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် “ကျောင်းသားတပ်မတော်” ဟု ရည်ညွှန်းကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) သို့ ဝင်ရောက်ခဲ့ကြသည့် ကျောင်းသားများ၏ အတွေ့အကြုံနှင့်ပတ်သက်၍မူ ဤစာစောင်တွင် ဖော်ပြ နိုင်ခြင်း မရှိခဲ့ချေ။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင်လည်း ကျောင်းသားလူငယ်အချို့အနေဖြင့် စစ်ကောင်စီကို ခုခံတွန်းလှန်ရန် လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ကြရာ မျိုးဆက်သစ် ကျောင်းသား တပ်မတော်ဟု ညွှန်းဆိုနိုင်သည့် “ကျောင်းသားလက်ရုံးတပ်တော်” (Student Armed Force) ကို တည်ထောင်ကြောင်း သိရှိရသည်။ သို့သော် လက်နက်ကိုင်တပ်ဖွဲ့ အမျိုးမျိုးအပြားပြားရှိနေကြသော မြန်မာနိုင်ငံ၏ လက်ရှိ အခင်းအကျင်းတွင် ကျောင်းသားတပ်အသစ်အနေဖြင့် ထူးခြားပေါ်လွင်အောင် ရေရှည်ရပ်တည်နိုင်မည်လောဟု မေးခွန်းထုတ်စရာလည်း ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်၍ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင်အဖြစ်မှ အာဏာရ နိုင်ငံရေးသမားအဖြစ်သို့ အသွင်ကူးပြောင်းခဲ့သည်။ သို့ရာတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အန်အယ်ဒီပါတီ၏ အလံအောက်မှ ဝင်ရောက် ယှဥ်ပြိုင်ရန် ကမ်းလှမ်းအဆိုပြုခဲ့သော “၈၈ မျိုးဆက်” ကျောင်းသူ ကျောင်းသား အယောက်နှစ်ဆယ်ကျော်အား ပါတီက ပယ်ချခြင်းကို မသိ ကျိုးကျွံပြုခဲ့သည်။ ဤသို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ အစိုးရသည် ၈၈ မျိုးဆက်ကျောင်းသားများ၏ ကျောင်းသားသရုပ်လက္ခဏာ အား အကျပ်ရိုက်စေခဲ့ပြီး နိုင်ငံရေးမျှော်လင့်ချက်၊ မျှော်မှန်းချက်များကို မှေးမှိန် စေခဲ့သည်။ အဲန်အယ်လ်ဒီသည် ကျောင်းသားတို့၏ အစဥ်အလာသင်္ကေတ ဖြစ်သည့် “ခွပ်ဒေါင်း” (fighting peacock) ကို ၎င်း၏ ပါတီအမှတ်တံဆိပ် သင်္ကေတအဖြစ် အသွင်ပြောင်းရယူခဲ့သော်လည်း ကျောင်းသားထု၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီပညာရေးကိစ္စရပ်များကိုမူ အများအားဖြင့် လျစ်လျူရှုခဲ့သည်။ အဲန်အယ်လ်ဒီအစိုးရလက်ထက်တွင် အရပ်ဘက်အဖွဲ့ အစည်းများ၊ အခြားနိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ သည့်နည်းတူ နိုင်ငံ/အစိုးရနှင့် ကျောင်းသားဆက်ဆံရေး (state-student relations) သည်လည်း ဆုတ်ယုတ်ခဲ့သည်။

ဤစာစောင်ကို စီစဥ်ရာတွင် ပါဝင်ရေးသားသူ၊ ဖြေဆိုသူများအား ကျောင်းသားဆိုသည်မှာ အဘယ်နည်း၊ ကျောင်းသားလှုပ်ရှားမှု ဆိုသည်မှာ အဘယ်နည်း၊ အဘယ်ကြောင့် ကျောင်းသားလှုပ်ရှားမှုများ ပေါ်ပေါက်လာရ သနည်း၊ လူထုလှုပ်ရှားမှုတစ်ရပ်တွင် အဘယ်ကြောင့် ကျောင်းသားသည် ဆောလျင်စွာ လှုပ်ရှားပါဝင်လာလေ့ရှိသနည်း၊ ဤမည်သော ကျောင်းသား လှုပ်ရှားမှု၏ အကျိုးသက်ရောက်မှုသည် အဘယ်တို့နည်း စသော အခြေခံကျ ပြီး အတွေးအခေါ်ဆန်သော မေးခွန်းများဖြင့် စူးစမ်းမေးမြန်းခဲ့ပါသည်။

၎င်းတို့၏ ကိုယ်တွေ့နိုင်ငံရေးအတွေ့အကြုံ၊ ဖြတ်သန်းမှုများအကြောင်း ကို ဖတ်ရှုခြင်းဖြင့် အထက်ပါမေးခွန်းများ၏ အဖြေ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း၊ ကျောင်းသားနိုင်ငံရေး အတွေးအခေါ်ရှုထောင့်ကို သော်လည်းကောင်း ရရှိကြမည်ဟု မျှော်လင့်ပါသည်။ ဆင့်ကဲပြောင်းလဲလာ သော မိမိ၏သရုပ်လက္ခဏာ၊ လာရာနှင့် လားရာတို့အကြောင်းကို နားလည် သဘောပေါက်မှသာလျှင် ကျောင်းသားထုသည် ပိုမိုကောင်းမွန်သော အနာဂတ်မျှော်လင့်ချက်၊ မျှော်မှန်းချက်နှင့် ကိုယ်စားပြုမှုတို့ကို ပြင်ဆင်ကြံဆ နိုင်ပေလိမ့်မည်။

မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု ဆင့်ကဲပြောင်းလဲလာပုံ

ဗြိတိသျှအင်ပါယာ၏ ကိုလိုနီနယ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည့် ၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ မြန်မာနိုင်ငံသည် ရိုးရာအစဥ်အလာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ထက် ခေတ်ပေါ် အနောက်တိုင်း ပညာရေးစနစ်နှင့် နိုင်ငံတစ်ဝန်းတွင် စတင်တွေ့ထိလာခဲ့ရသည်။ စင်စစ် အားဖြင့် ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမ(ကျူးကျော်)စစ်ပြီးကတည်းက အောက်မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော အိန္ဒိယအုပ်ချုပ်ရေးစနစ်အတွင်း ထည့်သွင်းခံခဲ့ရသည်။ ဆယ့်ကိုး ရာစုအလယ်ခန့်ကတည်း ကပင်လျှင် အနောက်တိုင်းပညာရေးစနစ်သည် မြန်မာပြည်သို့ စတင် နိဒါန်းပျိုးရောက်ရှိခဲ့ပြီး ၁၉ ရာစုကုန်ဆုံးလုချိန်တွင် အောက်မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့တွင် ကောလိပ်ကျောင်းပင် ပေါ်ပေါက်ခဲ့ ပြီးဖြစ်သည်။ နှစ်ဆယ်ရာစုဦးပိုင်းတွင် အနောက်တိုင်းပညာရေးစနစ်သည် မြန်မာနိုင်ငံ၌ ကိုလိုနီအုပ်ချုပ်ရေးယန္တရားနှင့်အတူ အခြေတကျ ဖြစ်လာခဲ့ပေ သည်။

သို့ရာတွင် ကိုလိုနီပြုသူ ဗြိတိသျှအစိုးရသည် ငြိမ်းချမ်း၍ အမိန့်မသွေဖီ သော ပညာရေးစနစ်ကို ကောင်းစွာ တည်ဆောက်နိုင်ပြီဟုကား မဆိုနိုင်ချေ။ ကိုလိုနီပြုသူနှင့် ကိုလိုနီအပြုခံတို့ကြား ဆက်ဆံရေးတွင် မညီမျှမှု၊ ဖိနှိပ်မှု၊ ခွဲခြားမှု၊ မတော်လှန်နိုင်စေရန် (ဝါ) သစ္စာခံနေစေရန် စီမံမှုများ ရှိစမြဲဖြစ်သည်။ ထိုစီမံမှုများအနက်တစ်ခုမှာ ၁၉၀၃ တွင် ပညာဝန် (Director of Public Instruction) ဖြစ်သော ဂျွန် ဗင် ဆိုမရင် ပုပ် (John Van Someren Pope) ထုတ်ပြန်ခဲ့သည့် ဟိုက်စကူး ကျောင်းသားများသည် ဆရာများနှင့် ပညာရေး ဌာနအရာရှိများအား “ရှိခိုး” ၍ အရိုအသေ ပြုရမည်ဟူသည့် အမိန့်ဖြစ်သည်။9 ပုပ်၏ “ရှိခိုးအမိန့်” ကို ဟိုက်စကူးကျောင်းသားများ၊ ကျောင်းသားမိဘများနှင့် ရန်ကုန်ကောလိပ်ကျောင်းသားများက မကျေနပ်ရာမှ အစပြု၍ ထိုစဥ်က ၀ိတိုရိယဟောလ် (Victoria Hall) ဟုခေါ်သည့် နေရာရှေ့တွင် လူစုကာ အစည်းအ‌ဝေးကျင်းပပြီး ထိုအမိန့်ကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ယင်းဖြစ်ရပ်သည် မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် “ပထမဆုံး လှုပ်ရှားမှုဖြစ်သည်” ဟုဆိုသည်။10 ဤသို့ဆိုလျှင် ၁၉၀၃ ခုနှစ်မတိုင်မီ ကာလတစ်လျှောက်လုံး၌ မြန်မာနိုင်ငံတွင် “ကျောင်းသား လှုပ်ရှားမှု” မရှိခဲ့ဟု ဆိုလိုရာရောက်ပြီး လက်တွေ့အားဖြင့်လည်း “ကျောင်းသားလှုပ်ရှားမှု” ဟူ၍ မရှိခဲ့သလောဟု မေးခွန်းထုတ်စရာ ဖြစ်စေသည်။

အနောက်တိုင်းပညာရေးနှင့် မတွေ့ကြုံရသေးမီ မြန်မာဘုရင်တို့ အုပ်ချုပ်သော ဘုရင်စနစ် (monarchy) ခေတ်တစ်လျှောက်တွင် အနောက်တိုင်းစံနှုန်းနှင့် ကိုက်ညီသောကျောင်းဟူ၍ ဗုဒ္ဓစာပေကို လေ့လာ ဖြန့်ဖြူးသည့် လောကုတ္တရာသင်ကြားရေးဆိုင်ရာ ဘုန်းတော်ကြီးကျောင်း များသာ ရှိခဲ့ကြသည်။ သင်ကြားသူဆရာများမှာ ဘုန်းတော်ကြီးများဖြစ်ပြီး လေ့လာသင်ယူကြသော ကျောင်းသားများမှာလည်း ရဟန်းများ၊ ကိုရင်များ၊ လူဝတ်ကြောင် ကလေးသူငယ်များသာ အများစုဖြစ်လေရာ ၎င်းတို့ကို “ဝိနည်း” ဟူသော စည်းကမ်းပြဋ္ဌာန်းချက်များက စည်း‌နှောင်ထားလေသည်။ တစ်နည်းဆိုရလျှင် သံဃာ့အဖွဲ့အစည်းမှာ ဗုဒ္ဓပြဋ္ဌာန်းခဲ့သည့် ဝိနည်းစည်းကမ်း များအောက်တွင် မသွေမဖီရအောင် လည်ပတ်နေရသည်ဖြစ်၍ “ကျောင်းသား လှုပ်ရှားမှု” ဟူ၍ မပေါ်ပေါက်ခဲ့ခြင်း ဖြစ်နိုင်လေသည်။ လောကီစာပေဟု ခေါ်သော “အရေး၊ အဖတ်၊ အတွက်အချက်” ဟူသည့် အခြေခံ စာတတ်မြောက်အောင် သင်ကြားပေးခြင်းသည်လည်း ဘုန်းတော်ကြီးကျောင်း များတွင်သာ ရှိခဲ့ရာ “အခြေခံစာတတ်မြောက်ရေး” ကို သင်ယူကြသူများမှာ မူလတန်းအရွယ် ကလေးသူငယ်များဖြစ်၍ “ကျောင်းသားလှုပ်ရှားမှု” ပေါ်ပေါက်ရန် အ‌ကြောင်းမရှိခဲ့ပေ။

ကိုလိုနီဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများ

“ပထမကျောင်းသားသပိတ်” ဟု ထင်ရှားလာသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး သော ကျောင်းသားလှုပ်ရှားမှုသည် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် (Judson College) တို့မှ ကျောင်းအိပ်ကျောင်းစားနေ ကျောင်းသား (၅၀) ကျော်တို့‌ကြောင့် ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက် နေ့တွင် ပေါ်ပေါက်ခဲ့သည်။ ပေါ်ပေါက်ရသော အကြောင်းရင်းမှာ ရန်ကုန်ကောလိပ်ကို ရန်ကုန်တက္ကသိုလ် ဟူ၍ အဆင့်တိုးမြှင့်ရန် စီစဥ်ရာတွင် ရန်ကုန်တက္ကသိုလ်ဥပဒေ (University of Rangoon Act) မူကြမ်း၌ ကျောင်းသားများ မကျေနပ်သည့်အချက်များ ပါဝင်နေသောကြောင့် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဥ်ထားရာတွင် ဗြိတိသျှအစိုးရက ရန်ကုန်တက္ကသိုလ်ဥပ‌ဒေမူကြမ်းကို ကျောင်းသားများ ကန့်ကွက်ထားသည့် အချက်များအား ပြုပြင်ရန် မလိုက်လျောဘဲ ဒီဇင်ဘာလ (၁) ရက်နေ့၌ အတည်ပြုပြဋ္ဌာန်းခဲ့သောကြောင့် ကောလိပ်ကျောင်းသားများက ကျောင်း မဖွင့်မီ နှစ်ရက်ကြိုတင်ပြီး သပိတ်မှောက်ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပညာရေးတို့တွင် “ပထမကျောင်းသား သပိတ်” ၏ အကျိုးသက်ရောက်မှုသည် အလွန်ကြီးမားခဲ့သည်။ ထိုသပိတ် ကြောင့် မြန်မာနိုင်ငံတွင် “အမျိုးသားရေးဝါဒ” (nationalism) ပေါ်ပေါက်လာခဲ့ ရုံမျှမက ဗြိတိသျှအစိုးရကျောင်းများနှင့်အပြိုင် “အမျိုးသားရေးဝါဒ” ကို အဓိက လေ့ကျင့်ပျိုးထောင်ပေးသော အမျိုးသားကျောင်းများ (national schools) ပေါ်ပေါက်လာခဲ့ကြသည်။ ထို့နောက် ဒုတိယနှင့် တတိယ ကျောင်းသားသပိတ် များသည် ရန်ကုန်တက္ကသိုလ်ပရဝုဏ်အတွင်းမှပင် ပေါ်ပေါက်လာခဲ့ကြပြီး တတိယကျောင်းသားသပိတ်က ကိုလိုနီစနစ်ကို ဆန့်ကျင်သော အမျိုးသား နိုင်ငံရေးခေါင်းဆောင်များနှင့် ဂျပန်နှင့်ပူးပေါင်းကာ ဗြိတိသျှကိုလိုနီစနစ်အား လက်နက်ကိုင်တော်လှန်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင် အများစုကို မွေးထုတ်ပေးခဲ့လေသည်။

ယင်း “ပထမ၊ ဒုတိယ၊ တတိယ ကျောင်းသားသပိတ်များ” သို့မဟုတ် “ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှုများ”သည် ကိုလိုနီပြု အုပ်ချုပ်ခဲ့သည့် ဗြိတိသျှအစိုးရကို ဆန့်ကျင်တော်လှန်မှုများဖြစ်၍ မြန်မာနိုင်ငံ လွတ်လပ်ရေး ရလာပြီးသည့်နောက် ထိုလှုပ်ရှားမှုများအကြောင်းကို အလယ်တန်းနှင့် အထက်တန်း သမိုင်းပြဋ္ဌာန်းစာအုပ်များတွင် ပါဝင်ဖော်ပြထားသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံသားတိုင်းသည် ကိုလိုနီခေတ် ကျောင်းသား လှုပ်ရှားမှုများအကြောင်းကို အကြမ်းဖျဥ်းမျှ အနည်းဆုံး သိရှိထားလေသည်။ ထိုကျောင်းသား လှုပ်ရှားမှုသုံးခုသည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ဆက်စပ်ပတ်သက်နေပြီး နိုင်ငံခြားကိုလိုနီ ဗြိတိသျှအစိုးရကို ဆန့်ကျင်ခြင်း ဖြစ်၍ ပြဋ္ဌာန်းဖတ်စာအုပ်များတွင် မဖြစ်မနေလေ့လာကြစေရန် ထည့်သွင်း ထားခြင်း ဖြစ်သည်။

ကျောင်းသား၊ လူထုလှုပ်ရှားမှုနှင့် တော်လှန်ရေး

မြန်မာနိုင်ငံသမိုင်းတစ်လျှောက် အစိုးရတစ်ရပ်သည် မည်သည့်အယူဝါဒကို ကိုင်စွဲသည်ဖြစ်စေ၊ မည်သည့်စနစ်ဖြင့် အုပ်ချုပ်သည်ဖြစ်စေ အာဏာရှင်ဆန် စွာ ပြုမူကျင့်ကြံလာလျှင် စတင်တော်လှန်ဆန့်ကျင်ကြသူများမှာ အမြဲလိုလို ကျောင်းသားများဖြစ်ကြသည်။ အနာဂတ်အတွက် မျှော်လင့်ချက်၊ မျှော်မှန်း ချက်နှင့် အလားအလာ မြင့်မားကြသူများဖြစ်၍ သာမန်ပြည်သူအနေဖြင့် အုပ်ချုပ်သူအစိုးရ၏ မတရားသော မူဝါဒကို လူစုဝေးပြီး ဆန့်ကျင်ရန် ခက်ခဲ နေဆဲအချိန်တွင်ပင် ကျောင်းသားထုသည် အလွယ်တကူ လျင်မြန်စွာ လှုပ်ရှား လေ့ရှိသည်။ အများအားဖြင့် မတရားသော အခြေအနေကို အာဏာရှင်တို့က ဖန်တီးလေ့ရှိရာ အာဏာရှင်နိုင်ငံများတွင် ကျောင်းသားလှုပ်ရှားမှုများ မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။ ဒီမိုကရေစီနိုင်ငံများတွင်ပင်လျှင် မတရားမှု များ ရံဖန်ရံခါ ပေါ်ပေါက်တတ်ပေရာ ယင်းအချိန်အခါမျိုး၌ ကျောင်းသား လှုပ်ရှားမှုများ နိုးကြွလာလေ့ရှိသည်။

တက္ကသိုလ်ကျောင်းသား (တစ်ခါတစ်ရံ အထက်တန်းကျောင်းသား) တို့ သည် တိုးတက်သော ခေတ်ပေါ်အတွေးအခေါ် အယူအဆများ၏ ဆွဲဆောင် ခြင်းကို ထူးခြားစွာ ခံရသူများဖြစ်သည်။11 အသိဉာဏ်ဖွံ့ဖြိုးမှုအတွက် လတ်တလော လေ့လာသင်ယူနေသူများဖြစ်၍ ခေတ်ပြိုင်အတွေးအခေါ် အယူအဆများကို ထိတွေ့လွယ်၊ လက်ခံလွယ်တတ်ကြသည်။ ကျောင်းသား များသည် ကိုလိုနီခေတ်လွန် ဖွံ့ဖြိုးမှုကာလတွင် တည်ဆောက်ပုံအရ အခြေခံကျသော အနာဂတ်၏ အသိပညာဆိုင်ရာနှင့် အလုပ်အကိုင်ဆိုင်ရာ အထက်လွှာဝင်များ ဖြစ်ကြသည်။12 ၎င်းတို့သည် အခြားသူများနှင့် နှိုင်းယှဥ် လျှင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ရခြင်းမှ ကင်းလွတ် ကြသည်။ မိသားစုတာဝန်များကိုလည်း အဓိကနေရာမှ မထမ်းဆောင်ကြရ ချေ။ ဤအချက်နှစ်ချက်က လူမှုလှုပ်ရှားမှုတစ်ရပ်ဖြစ်ပေါ်လာအောင် ဖန်တီး ရာတွင် ပံ့ပိုးပေးသည်ဟူ၍ ပညာရှင်အချို့က ယူဆကြသည်။13 ထိုမျှသာမက ကျောင်းသားများသည် ကျောင်း၊ တက္ကသိုလ်၊ အဆောင် စသည့် နေရာ တစ်နေရာ၌ လွတ်လပ်စွာ စုဝေးမိလျက်သား ဖြစ်လေ့ရှိသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ၁၉၆၀ ပြည့်လွန်ကာလ တက္ကသိုလ် ဝန်းကျင် ကျောင်းသားလှုပ်ရှားမှုများ၏ နောက်ဆက်တွဲ အဖြစ် “ကျောင်းသား” ဟူသည့် ဝေါဟာရနှင့် “သူပုန်” ဟူသည့် ဝေါဟာရတို့ကို ချိတ်ဆက်၍ အဓိပ္ပာယ်ဆင်တူနီးပါး ဖော်ပြခဲ့ကြသည်။14 “ကျောင်းသားနိုင်ငံရေး”၊15 “တော်လှန်သော ကျောင်းသားများ”၊16 “တက္ကသိုလ်၌ သူပုန်ထခြင်း”17 စသော “ကျောင်းသား” သည် “သူပုန်” ဟူသည့် အယူအဆမျိုးဖြင့် ရေးသားခဲ့ခြင်းများ လည်း ရှိသည်။

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မှစ၍ ဖြစ်ပေါ်ခဲ့သည့် လူထုလှုပ်ရှားမှု (popular movements) အများစုကို “ကျောင်းသား” များက စတင်ခြင်း၊ ဦးဆောင်ခြင်းများပြုခဲ့ကာ လှုပ်ရှားမှုအချို့ကိုသာ အခြားလူတန်းစားများ ဖြစ်သည့် အလုပ်သမား၊ လယ်သမားတို့က စတင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ထိုအလုပ်သမား၊ လယ်သမားတို့၏ လှုပ်ရှားမှုများတွင်လည်း ကျောင်းသား များက ဝန်းရံအားဖြည့် ပါဝင်ကြမြဲဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသည် ကျောင်းသားကစတင်သည့် ဦးဆောင် သော လှုပ်ရှားမှုမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ လူထုလူတန်းစားအသီးသီးက လှုပ်ရှားအုံကြွခဲ့ခြင်း ဖြစ်သည့်တိုင် ကျောင်းသားများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့‌ကြောင်း တွေ့ရှိရသည်။ အချို့လူငယ်များသည် ကျောင်းသားသမဂ္ဂအသီးသီး၏ အလံအောက်မှ လှုပ်ရှားခြင်း မဟုတ်သော် လည်း ပြည်သူလူထုအဖြစ် ပါဝင်ခဲ့ကြသည်။ အာဏာသိမ်းမှုကို ထိပ်ဆုံးက အံတုလျက်ရှိသည့် မျိုးဆက်တွင် အများစုမှာ “ဂျန်ဇီး” (Gen Z) ဟု ထင်ရှားလာ သော ကျောင်းသားများပင်ဖြစ်ကြောင်း တွေ့ရလေသည်။

ကျောင်းသားနိုင်ငံရေး၏ မူလအစ ပညာရေး

မြန်မာနိုင်ငံပညာရေးတွင် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော ပညာရေးစနစ်မျိုး ဖြစ်ပေါ်လာစေရန် လွတ်လပ်ရေးရပြီးသည်မှစ၍ မြန်မာကျောင်းသားတို့ မျှော်လင့်တောင့်တခဲ့ကြသည်။ သို့ရာတွင် ယင်းအချက်ကို အုပ်ချုပ်သူ အစိုးရအဆက်ဆက်က မျက်ကွယ်ပြုကာ ခေတ်နောက်ပြန်ဆွဲ ယဥ်ကျေးမှုကို ပုံဖော်ရန် ကြိုးစားသောအခါ ကျောင်းသားတို့သည် အစိုးရအပေါ်တွင် မကျေမနပ် ဖြစ်တတ်ကြသည်။ ဤသည်မှာ နောက်ခံအကြောင်းတရားဖြစ်ပြီး ၎င်းအပေါ်တွင် ထပ်ဆင့်၍ အစိုးရက ကန့်သတ်ချက်များ တစ်ရစ်ပြီးတစ်ရစ် တင်းကျပ်လာခြင်း၊ ကျောင်းသား၏ သီးခြားထင်ရှားသော စုပေါင်းသရုပ် လက္ခဏာကို ထိပါးနှိပ်ကွပ်ခြင်းများ ပြုလုပ်လာသောအခါ မြန်မာနိုင်ငံတွင် ကျောင်းသားလှုပ်ရှားမှုများ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့ရလေသည်။

ကျောင်းသားလှုပ်ရှားမှုဟူသမျှ၏ အဓိကနောက်ခံမှာ ပညာရေးစနစ်ကို မကျေနပ်ခြင်း ဖြစ်လေ့ရှိသည်။ ပညာရေးစနစ်ကို မြှင့်တင်ပေးရမည့်အစား ဖိနှိပ်ချုပ်ချယ်မှုနှင့် အမိန့်နာခံမှုကို ကျောင်းအာဏာပိုင်များနှင့် အစိုးရတို့က ဇွတ်အတင်း သွတ်သွင်းလာသောအခါ ကျောင်းသားလှုပ်ရှားမှု ဖြစ်ပေါ်ရ ကြောင်း ယေဘုယျအားဖြင့် ယူဆနိုင်သည်။ မြန်မာနိုင်ငံ၏ အနေအထားတွင် အဆိုးဝါးဆုံးလုပ်ရပ်တစ်ခုမှာ စစ်အစိုးရသည် ၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် “အ‌ဝေးသင်တက္ကသိုလ် ပညာရေး” ဟူ၍ ဖွင့်လှစ်ကာ လွယ်ကူစွာ ဘွဲ့ရနိုင် သော “စာမတတ်သည့် ဘွဲ့ရများ” မွေးထုတ်ပြီး အရပ်ဘက် အဆင့်မြင့် ပညာရေးကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးများ ၏ အစွန်အဖျားတွင် တက္ကသိုလ်သစ်များဖွင့်ကာ ကျောင်းသားစုဖွဲ့လှုပ်ရှားမှု မဖြစ်ပေါ်နိုင်အောင် စနစ်တကျ စီစဥ်ခဲ့သည်။ တက္ကသိုလ်ပညာရေးကို ဒေသန္တရအဆင့်၌သာ သင်ယူကြရအောင် ကန့်သတ်လိုက်ခြင်းဖြင့် ပြည်နယ် နှင့် တိုင်းအနှံ့အပြားမှ တိုင်းရင်းသားအချင်းချင်း တွေ့ဆုံရင်းနှီးခွင့်မှာလည်း ပျက်ပြယ်သွားရသည်။

လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှစ၍ ယနေ့ ၂၀၂၃ ခုနှစ်အထိ (၇၅) နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ပထမဆယ်စုနှစ်တစ်ခု ၁၉၄၈-၅၈၊ ဒုတိယဆယ်စုနှစ်တစ်ခု ၂၀၁၀-၂၀၂၀ အချိန်ကာလနှစ်ခုတွင်သာ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရန် စတင် နိဒါန်းပျိုးခွင့်ရခဲ့သည်။ သို့ရာတွင် ထိုကာလနှစ်ခု၌ပင်လျှင် စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုမှ လုံးဝကင်းလွတ် နိုင်ခဲ့သည် မဟုတ်ချေ။ ဒီမိုကရေစီစနစ်ကိုလည်းကောင်း၊ ဒီမိုကရေစီစနစ်နှင့် သင့်လျော်သော လူ့အဖွဲ့အစည်းကို လည်းကောင်း၊ အသိပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်းကောင်း ပုံဖော်ရာတွင် ထိုနိုင်ငံရေးစွက်ဖက်မှုကြောင့် အဟန့်အတားဖြစ်ခဲ့ရသည်။

ကျန်ရာစုနှစ်ထက်ဝက်ကျော်ကာလမှာမူ စစ်တပ်၏ တိုက်ရိုက် အုပ်စိုးမှု အောက် ကျရောက်နေသောကြောင့် လွတ်လပ်ရေးဗိသုကာများကို မွေးထုတ် ပေးခဲ့သည့် “ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ” ကိုပင် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လတွင် ထိုအချိန် အာဏာသိမ်းစစ်အစိုးရက ဒိုင်းနမိုက်ဖြင့် ခွဲကာ ဖျက်ဆီးပစ်ခဲ့သည်။ ကျောင်းသားသမဂ္ဂဟူ၍ မဖွဲ့စည်းနိုင်အောင် နည်းမျိုးစုံဖြင့် တားဆီး ပိတ်ပင်ခဲ့သည်။ သို့သော် ကျောင်းသားတို့သည် သမဂ္ဂ စိတ်ဓာတ်ကို မျိုးဆက်အလိုက် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသည်ဖြစ်ရာ နိုင်ငံရေးပွင့်လင်းလာသည့် ၂၀၁၁-၂၀၁၂ ခုနှစ်ဝန်းကျင်၌ ကျောင်းသား သမဂ္ဂ အများအပြား ပြန်လည်ပေါ်ပေါက်လာခဲ့ကြသည်။

နိုင်ငံတော်မေ့လျော့ခံ ကျောင်းသားလှုပ်ရှားမှုများ

ဖိနှိပ်မှုများစွာ ခံနေရသည့်ကြားက ကျောင်းသားမျိုးဆက်များသည် အခွင့်အခါ သင့်တိုင်း ကျောင်းသားလှုပ်ရှားမှုများကို ဦးဆောင်ခဲ့ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်နောက် ပေါ်ပေါက်ခဲ့သော မည်သည့် ကျောင်းသားလှုပ်ရှားမှုကိုမျှ နိုင်ငံတော်၏ သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းစာအုပ်များ တွင် ဖော်ြပခံရခြင်း မရှိသည်မှာ မှတ်သားဖွယ် ဖြစ်သည်။ ယင်းကဲ့သို့ ဖော်ပြမခံ ရသည့် အကြောင်းရင်း တစ်ခုမှာ ထိုလှုပ်ရှားမှုများသည် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ အစိုးရအဆက်ဆက်၏ မူဝါဒနှင့် ရပ်တည်ချက်တို့ကို ဆန့်ကျင် လျက် ပေါ်ထွက်လာခဲ့သောကြောင့် ဖြစ်သည်။ စစ်အစိုးရများလက်အောက် တွင် လွတ်လပ်ရေးရပြီးနောက် ပေါ်‌ပေါက်ခဲ့သော ကျောင်းသား လှုပ်ရှားမှုများ နှင့် တိုက်ရိုက်သက်ဆိုင်သည့် ဆောင်းပါး၊ စာအုပ်များမှာလည်း ထုတ်ဝေခွင့် မရရှိခဲ့ချေ။ ထိုလှုပ်ရှားမှုများနှင့် သွယ်ဝိုက်သက်ဆိုင်သည်ဟု ယူဆရသော ကဗျာဝတ္ထုများသည်ပင်လျှင် အစိုးရ၏ စာပေစိစစ်ရေး၌ ဆင်ဆာထိကာ ဖြုတ်ချခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်၏ တိုက်ရိုက်အုပ်ချုပ်ရေးအလွန် နိုင်ငံရေး ပွင့်လင်းမှု အနည်းငယ်ရှိလာသည့်ကာလဖြစ်သော ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် စာပေစိစစ်ရေးဌာနကို အပြီးတိုင် ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ ရာစုနှစ်ထက်ဝက်ကျော်မျှ ထုတ်ဝေခွင့်မရခဲ့ကြသော၊ လွတ်လပ်ရေးရရှိပြီးသည့်နောက် ပေါ်ပေါက်ခဲ့သည့် ကျောင်းသားလှုပ်ရှားမှု အမျိုးမျိုးနှင့် စပ်လျဉ်းသော ပုံနှိပ်စာအုပ်၊ စာတမ်း၊ စာစောင်များကို လွတ်လွတ် လပ်လပ် ထုတ်ဝေခွင့်ရခဲ့ကြသည်။ ကျောင်းသားလှုပ်ရှားမှုများအကြောင်းကို ၂၀၁၁-၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် အပြိုင်းအရိုင်း ထုတ်ဝေဖြန့်ချိခဲ့ကြသည်။ ထုတ်ဝေဖြန့်ချိပြီး စာအုပ်စာတမ်းများတွင် အများစုမှာ ယခင်ဖြစ်ပေါ်ခဲ့သော ကျောင်းသားလှုပ်ရှားမှုများကို ခုနှစ်အလိုက် စီစဥ်ဖော်ြပခြင်း၊ ၎င်းတို့ကို ပြန်လည်သုံးသပ်ခြင်း၊ ကျောင်းသားလှုပ်ရှားမှုတစ်ရပ်၏ ကိုယ်တွေ့ အမှတ်တရများ၊ ပါဝင်ခဲ့သူများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပုံစံများ၊ မျက်မြင် တွေ့ကြုံခဲ့ရသူတို့၏ မှတ်တမ်းများ၊ လေ့လာသူများ၏ မှတ်တမ်းများ၊ ကိုယ်တိုင်ပါဝင်ခဲ့သူတို့နှင့် အင်တာဗျူးများ စသဖြင့် စုံလင်လှသည်။18

လိုအပ်နေဆဲ ကျောင်းသားလှုပ်ရှားမှု သုတေသန

ဖြစ်စဥ်ကို မှတ်တမ်းတင်ရေးသားသော “ကျောင်းသားလှုပ်ရှားမှုသမိုင်းများ” ပေါများပြီး “ကျောင်းသားလှုပ်ရှားမှုဆိုင်ရာ သုတေသနများ” ရှားပါးခြင်းကို မြန်မာနိုင်ငံ၌သာမဟုတ်၊ ကမ္ဘာအဝန်း၌ပင် တွေ့ရှိရဆဲဖြစ်သည်။ ကျောင်းသား လှုပ်ရှားမှုများကို စဥ်ဆက်မပြတ် တွေ့မြင်နေကြရသော်လည်း ၎င်းတို့ အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုများကို သီအိုရီအရ တည်ဆောက်၍ သို့မဟုတ် နှိုင်းယှဥ်လေ့လာ၍ သုတေသနပြုမှုများမှာ ပေါ်ပေါက်ခဲ့သော လှုပ်ရှားမှုများနှင့် နှိုင်းယှဥ်လျှင် နည်းပါးလှပေသည်။ ၁၉၈၀ ပြည့်လွန်နှင့် ၁၉၉၀ ပြည့်လွန် နှစ်ကာလများတွင် ကျောင်းသားလှုပ်ရှားမှုများသည် နိုင်ငံရေး ပြောင်းလဲမှုများအတွက် ချိန်ခွင်လျှာအနေအထားသို့ ဆိုက်ရောက်ခဲ့ပြီးမှ အကြီးအကျယ်ကျရှုံးရခြင်းကို မြင်တွေ့ကြသည်မှအစပြု၍ ပညာရပ်ဆိုင်ရာ နယ်ပယ်များက ကျောင်းသားလှုပ်ရှားမှုများကို လေ့လာရန် စိတ်ဝင်စားမှု နိုးထ လာခဲ့ရသည်။19

ကျောင်းသားလှုပ်ရှားမှုကို သမိုင်းပညာရပ် သုတေသနရှုထောင့်မှ လေ့လာမှုရှားပါးသည့်နည်းတူ လူမှုဗေဒ၊ မနုဿဗေဒ ရှုထောင့်တို့မှ လူမှု ဆိုင်ရာလှုပ်ရှားမှု (social movement) တစ်ရပ်အဖြစ် လေ့လာမှုမျိုးလည်း မများလှပေ။ ထို့ပြင် ကျောင်းသားအရွယ်သည် လူငယ်လူရွယ်၊ ကြီးကောင်ဝင်စ အရွယ်၊ လူကြီးငယ် (young adult) အရွယ်မျိုး ဖြစ်ရာ ထိုအရွယ်လူများ၏ စိတ်အခြေအနေကို စိတ်ပညာနယ်ပယ်မှ လေ့လာခြင်းမျိုးလည်း နည်းပါးလေ သည်။ ကျောင်းသားလှုပ်ရှားမှုများသည် ကျောင်းပရဝုဏ်တွင်း ကိစ္စရပ်များ ဖြစ်သော နေထိုင်စားသောက်ရေး၊ စာသင်ကြားရေး၊ ဆရာ-ကျောင်းသား ဆက်ဆံရေးတို့နှင့်သာ သက်ဆိုင်နေသည် မဟုတ်ပေ။ ကျောင်းသားလှုပ်ရှားမှု ကို ကျောင်းသားကိစ္စရပ်တို့ဖြင့်သာ ကြာရှည်ကန့်သတ်ချုပ်ချယ်ထား၍လည်း မရချေ။

ကျောင်းသားသည် အစိုးရမူဝါဒတစ်ရပ်ရပ်အား ပြင်ဆင်ပြောင်းလဲလို သောအခါ ကျောင်းသားလှုပ်ရှားမှု၏ အစဥ်အလာ၊ အရှိန်အဟုန်၊ ကျယ်ပြန့်မှု အပေါ်မူတည်၍ နိုင်ငံနှင့်ချီသော နိုင်ငံရေးပြဿနာ ဖြစ်သွားလေ့ရှိသည်။ ထို့ပြင် ကျောင်းသားလှုပ်ရှားမှုသည် လူတစ်ဦးချင်း၏ စိတ်ခံစားမှု (emotion)၊ ခံယူချက်၊ စေ့ဆော်မှုများ ပေါင်းစုံရာမှ ထွက်ပေါ်လာသော စုပေါင်းလှုပ်ရှားမှု သဘောဆောင်သည့် တွန်းတွန်းတိုက်တိုက် နိုင်ငံရေး (contentious politics) လည်း ဖြစ်သည်။ သို့ဖြစ်၍ အများအားဖြင့် စာရင်းဇယား၊ သင်္ချာဖြစ်နိုင်ခြေနှင့် ရေတွက်မှုကိုဦးစားပေးပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အပြုအမူကို ယေဘုယျ ကောက်ချက်ချလိုသည့် ဘောဂဗေဒနှင့် နိုင်ငံရေးသိပ္ပံ ပညာရပ်တို့တွင်လည်း ကျောင်းသားလှုပ်ရှားမှုများအပေါ် စိတ်ဝင်စားမှု နည်းပါးနေခြင်း ဖြစ်သည်။

ကျောင်းသားရေးသည့် ကျောင်းသားလှုပ်ရှားမှုအတွေးအခေါ်

မိမိတို့၏ အတွေ့အကြုံနှင့် အတွေးအမြင်များကို မှတ်တမ်းတင်ကြရာတွင် ကျောင်းသားတက်ကြွလှုပ်ရှားသူ အများစုသည် ပညာရေးလောကမှ သုတေသနပညာရှင်များ မဟုတ်ကြချေ။ ထို့ကြောင့် ပညာရပ်ဆိုင်ရာ သီအိုရီ၊ စာပေများနှင့် တိုက်ဆိုင်ကိုးကား ပြောဆိုရေးသားကြမည်ဟု မမျှော်လင့် နိုင်ပေ။ အမှန်စင်စစ် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံသည် အထီးကျန်ဝါဒကျင့်သုံးပြီး နယ်ပယ်ပေါင်းစုံ၌ နိုင်ငံတကာရှိ ဖြစ်ပေါ်တိုးတက်မှု များနှင့် အဆက်အသွယ်ဖြတ်တောက်ခံခဲ့ရကာ ပညာရေးစနစ်ပါ ချို့တဲ့နိမ့်ကျ သွားခဲ့ရသည်။ ထိုမျှသာမက အချို့ကျောင်းသားခေါင်းဆောင်များသည် နိုင်ငံရေးအကျဉ်းသားများအဖြစ် ဆယ်စုနှစ်တစ်ခုကျော် ပြင်ပကမ္ဘာနှင့် ကင်းကွာခဲ့ရသူများ ဖြစ်သည်။ ဤသို့သော အခြေအနေတွင် ကျောင်းသား လှုပ်ရှားမှုများအကြောင်းကို မှတ်တမ်းတင် ရေးသား ပြောဆိုသူအများစုထံမှ ပညာရပ်ဆန်သော လက်ရာမျိုးကို မျှော်လင့်နိုင်မည် မဟုတ်ချေ။

ပညာရပ်မဆန်ဟုဆိုရခြင်းမှာ ယုတ္တိဗေဒအရ စနစ်တကျ တည်ဆောက် ထားပြီး ရှေ့နောက်ဆီလျော်သည့် စောဒနာများ (arguments) ကို မသုံးခြင်း၊ စိတ်ခံစားမှုကို ဦးစားပေးကာ ယထာဘူတကျမှုကို အလေးမထားခြင်း၊ မြန်မာ အချင်းချင်း သိရှိပြီးဖြစ်သည်ဟု ယူဆသော အသေးစိတ်အချက်အလက် များနှင့် အနေအထား (context) တို့ကို ချန်လှပ်ခဲ့ခြင်း၊ ပြောဆိုရေးသားပြီး သော အကြောင်းအရာတစ်ခုကို ထပ်တလဲလဲ ပြန်လည်ဖော်ပြပြီး ရှည်လျားစွာ ရေးသားခြင်း စသည်တို့ကို ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် ပညာရှင်လက်ရာ မဟုတ်သည့်တိုင် ၎င်းတို့ကိုယ်တွေ့ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ (expériences vécues) မှ ပေါက်ဖွားလာသည့် ကိုယ်ပိုင် အတွေးအခေါ်၊ အယူအဆများဖြစ်သည့်အတွက် နောင်ကာလတွင် ပညာရှင်များ ဆက်လက် သုတေသနပြုရာ၌ အထောက်အကူဖြစ်စေပေလိမ့်မည်။

ဤစာစောင်ကို တည်းဖြတ်သော အယ်ဒီတာများ၏ တာဝန်မှာ ဆောင်းပါးရှင်တစ်ဦးစီ၏ အတွေးအမြင်၊ အယူအဆကို ဝင်ရောက် စွက်ဖက် ပြင်ဆင်ရန် မဟုတ်ချေ။ ထို့ကြောင့် ၎င်းတို့၏ ပြောဆိုရေးသားမှုနှင့် သုံးသပ်ချက်များကို မူရင်းအာဘော်အတိုင်းပင် ဖော်ပြထားပါသည်။ ဆောင်းပါးရှင်အချို့အနေဖြင့် မိမိတို့၏ အတွေ့အကြုံနှင့် အတွေးအခေါ်ကို ဆွေးနွေးရေးသားရာ၌ ရှေ့နောက်မညီညွတ်သောအချက်၊ အငြင်းပွားဖွယ် အချက် အနည်းငယ်ရှိသည်ကိုလည်း တွေ့နိုင်သည်။ ဥပမာ၊ ဦးတင်အေးကြူ၏ ဆောင်းပါးတွင် လူမှုရေး၊ စီးပွားရေး အခြေအနေနှင့် ကျောင်းသားလှုပ်ရှား မှုများ ဆက်စပ်နေကြောင်း ဆောင်းပါး စာကိုယ်တွင် သာဓကများဖြင့် ရှင်းပြ ထားသော်လည်း နိဂုံးပိုင်းတွင်မူ ကျောင်းသားလှုပ်ရှားမှုများ ပေါ်ပေါက်ရခြင်း မှာ အာဏာရအစိုးရ၏ စီမံခန့်ခွဲမှုနှင့် ဉာဏ်အမြော်အမြင်နှင့်သာ သက်ဆိုင် ကြောင်း ကောက်ချက်ဆွဲရေးသားထားလေသည်။

နောက်ထပ် ဥပမာအနေဖြင့် အငြင်းပွားဖွယ်ဖြစ်နိုင်သည့် ကိစ္စရပ်တစ်ခု မှာ မလေးလေးမွန်၏ ဆောင်းပါးတွင် ပါဝင်သော “Z မျိုးဆက်” (Generation Z) သတ်မှတ်ချက်ဖြစ်သည်။ ထိုဆောင်းပါးကို ရေးသားဖတ်ကြားသော အချိန် သည် လွန်ခဲ့သည့်ခြောက်နှစ်၊ ၂၀၁၆ ခုနှစ်ကဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အဲန်အယ်လ်ဒီပါတီတို့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြတ်ပြတ်သား သား အနိုင်ရကာ အစိုးရဖွဲ့၊ လွှတ်တော်တက်ခဲ့သည့်အချိန်လည်း ဖြစ်သည်။ မလေးလေးမွန်က “Z မျိုးဆက်” ဟု ၎င်းယူဆသည့် ခေတ်ပြိုင်မျိုးဆက်ကို ဝေဖန်ရာတွင် ကွန်ပျူတာ၊ စမတ်ဖုန်း စသည့် ဒစ်ဂျစ်တယ်ပစ္စည်းများ၊ အိုင်တီ နည်းပညာများမရှိပဲ မရပ်တည်နိုင်သော၊ နိုင်ငံရေးအရ တော်လှန်ရေး ပုံတူကူး ချသော ဗလာမျိုးဆက် “Zero generation” သာဖြစ်သည်ဟု ထောက်ပြခဲ့ သည်။

စင်စစ်အားဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ လွန်ခဲ့သည့် ခြောက်နှစ် တာကာလကို ပြန်ပြောင်းရှုမြင်ပါက ထိုအချိန်သည် ယော့ထ်၊ သရဖီသန်းနှင့် စူးရဲလင်း တို့ညွှန်းဆိုထားသော “လစ်ဘရယ်လိုက်ဇေးရှင်းနှင့် အင်တာနက်၊ ဆိုရှယ်မီဒီယာများကို ရရှိသည့် ဆယ်စုနှစ်” လည်း ဖြစ်ခဲ့လေသည်။20 ယနေ့ခေတ် မြန်မာနိုင်ငံ၏အနေအထားတွင် Z မျိုးဆက်၏အဓိပ္ပာယ်မှာ ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒထုတ်ဖော်ပြသခြင်း၊ အာဏာဖီဆန်ခြင်း၊ တော်လှန်ခြင်းတို့၌ ဦးဆောင်သော မျိုးဆက် “ဂျန်ဇီး” (Gen Z) အဖြစ် ပြောင်းလဲသွားခဲ့သည်။21 ဂျန်ဇီးတို့သည် အစဥ်အမြဲ တော်လှန်ရေး ပုံတူကူးချ နေသည်ဟု မဆိုနိုင်ပဲ နည်းပညာနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို အသုံးချလျက် ရှိကြောင်းလည်း တွေ့ရှိရသည်။ သို့ရာတွင် ပြောင်းလဲသွားသော နိုင်ငံရေး အခြေအနေနှင့် လုပ်ကိုင်ဆောင်ရွက်သူ(agent)၏ အခန်းကဏ္ဍကို ထောက်ဆ စဥ်းစားမှလည်း မလေးလေးမွန်၏ သုံးသပ်ချက်ကို နားလည်သဘောပေါက် နိုင်မည် ဖြစ်လေသည်။

စာစောင်တွင် ပါဝင်သည့် ဆောင်းပါးနှင့် အင်တာဗျူးများ

ဤအထူးစာစောင်တွင် ၁၉၆၂ ခုနှစ်မှသည် ယနေ့ခေတ်အထိ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ကျောင်းသားတက်ကြွလှုပ်ရှားသူများက ရေးသားပြောဆို ကြသော ကိုယ်တွေ့ဖြတ်သန်းမှု အတွေ့အကြုံများ၊ ယင်းအတွေ့အကြုံများမှ ပေါက်ဖွားလာသည့် သုံးသပ်ချက် အတွေးအခေါ်များကို ဖတ်ရှုကြရမည် ဖြစ်သည်။

ဘိုးသိမ်း(ဒေါက်တာမင်းသိမ်း)၏ “ကျောင်းသားလှုပ်ရှားမှုနှင့် ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး” ဆောင်းပါးတွင် ပညာရေးစနစ်၏ မလိုလား အပ်သော ဖိနှိပ်ခွဲခြား ကန့်သတ်ထားမှုများအား ဖယ်ရှားရန် ကျောင်းသားများ လှုပ်ရှားကြိုးပမ်းခဲ့သည့် သမိုင်းစဥ်၊ နှစ်အလိုက် မှတ်တမ်းကို ဖော်ပြထားသည်။

ဦးတင်အေးကြူ၏ “၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှုနှင့် ရည်ရွယ်ချက်” ဆောင်းပါးတွင် အာဏာရှင်အစိုးရ၏ ဖိနှိပ်မှုများ အကြောင်းကို လည်းကောင်း၊ ၁၉၇၀ ပြည့်လွန်ကာလ ကျောင်းသားလှုပ်ရှားမှုများ အကြောင်းကိုလည်းကောင်း ဖော်ပြထားပြီး အဘယ်ကြောင့် ယင်းလှုပ်ရှားမှု များ ပေါ်ပေါက်ရကြောင်းကိုလည်း သုံးသပ်တင်ပြထားသည်။

စိုင်းကျော်ညွန့်၏ “ကျောင်းသားနိုင်ငံရေးမှ မြန်မာနိုင်ငံပဋိပက္ခဖြေရှင်း ရေးသို့” ဆောင်းပါးတွင် “၁၉၉၆ ကျောင်းသားအရေးအခင်း” ၌ ၎င်းကိုယ်တိုင် တက်ကြွလှုပ်ရှားခဲ့သည့် အတွေ့အကြုံနှင့် ကျောင်းသားလှုပ်ရှားမှုမှသည် နိုင်ငံရေးအဆင့် ပဋိပက္ခဖြေရှင်းရေးအထိ ပါဝင်ဆောင်ရွက်ခဲ့ရသော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ တစ်စိတ်တစ်ပိုင်းကို တွေ့ရမည်ဖြစ်သည်။

ကိုဇေယျာဦး၏ “ပထမဆုံးနှင့် နောက်ဆုံး ကျောင်းသားအခွင့်အရေး လှုပ်ရှားမှုတစ်ရပ်” မှာ ထူးခြားသော စိတ်ဝင်စားဖွယ် ဆောင်းပါးတစ်ပုဒ် ဖြစ်သည်။ စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) ကာလတွင် ပထမဆုံးနှင့် နောက်ဆုံး စစ်ကောလိပ်ကျောင်းဟု ဆိုရမည့် “တပ်မတော်နည်းပညာ ကောလိပ်” (Military Technological College) ၌ ဖြစ်ပျက်ခဲ့သော ကျောင်းသားလှုပ်ရှားမှုအကြောင်း ကိုယ်တွေ့မှတ်တမ်းတင်ထားသည့် ဆောင်းပါးဖြစ်သည်။ ထိုလှုပ်ရှားမှုတွင် ဆောင်းပါးရှင်ကိုယ်တိုင်သည် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တက်ကြွလှုပ်ရှားမှုအတွက် ထောင်ချ အပြစ်ပေးခြင်း ခံခဲ့ရသည်။ ဆောင်းပါးရှင်သည် ထိုစဥ်က ကျောင်းသား တစ်ပိုင်း၊ စစ်သားတစ်ပိုင်း ဖြစ်သောကြောင့် စစ်သားတစ်ဦးအတွက် မိမိ ပညာသင်ယူနေရာ စစ်ကောလိပ်ကျောင်းကို ပြန်လှန်သပိတ်မှောက်ရန်မှာ မြန်မာ့သမိုင်းတွင် မဖြစ်ခဲ့ဖူးသော ဖြစ်ရပ်လည်း ဖြစ်သည်။ အရပ်သား ကျောင်းသားက အရပ်ဘက်တက္ကသိုလ်ကို တော်လှန်သပိတ်မှောက်ရန်ထက် များစွာ ပိုမိုခက်ခဲသော ဖြစ်စဥ်လည်းဖြစ်သည်။ အကျိုးဆက်အားဖြင့် ထိုအချိန် က စစ်အစိုးရအနေဖြင့် နောက်ဆုံးတွင် တပ်မတော်နည်းပညာကောလိပ်ကိုပါ ဖျက်သိမ်းပစ်လိုက်ရသည်အထိ ပြင်းထန်စွာ တုံ့ပြန်ခဲ့ရသည်။

စစ်ကောလိပ်ကျောင်းတစ်ကျောင်း၌ ဖြစ်ပွားခဲ့သော ကျောင်းသား လှုပ်ရှားမှုဖြစ်သဖြင့် အများပြည်သူတို့အနေဖြင့် သတင်းသဲ့သဲ့သာ ကြားခဲ့ရပြီး သတင်းမီဒီယာများတွင်လည်း ပြည့်စုံတိကျစွာ မဖော်ပြနိုင်ခဲ့ပေ။22 ကိုဇေယျာဦး၏ ဆောင်းပါးတွင် ယင်းကျောင်းသားလှုပ်ရှားမှု ဖြစ်စဥ်ကို အသေးစိတ်ဖော်ပြထားရာ ထိုစဥ်က အသက်ငယ်ရွယ်သော စစ်ကောလိပ် ကျောင်းသားတစ်‌ဦး၏ စိတ်အခြေအနေကိုပါ မြင်တွေ့ရမည်ဖြစ်သည်။ ထို့ပြင် ကျောင်းကို စီမံကွပ်ကဲခဲ့သော စစ်အရာရှိများ၏ စီမံခန့်ခွဲမှုအလွဲအမှားများနှင့် အထက်အောက်တင်းကျပ်သော အမိန့် ဆိုသည်ထက် ထိုအရာရှိတို့၏ စိတ်အခြေအနေ အာဃာတများကိုပါ ထင်ဟပ်ပေါ်လွင်စေသည့် ဆောင်းပါး ဖြစ်သည်။

ဦးလှရွှေနှင့် အင်တာဗျူးသည် ၁၉၅၀ မှ ၁၉၆၀ ဆယ်စုနှစ် တစ်လျှောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ဆောင်ရွက် ခဲ့ပုံများကို အသေးစိတ်မှတ်တမ်းရယူထားခြင်း ဖြစ်သည်။ ထိုကာလရှိ ကျောင်းသားသမဂ္ဂ၏ ကျောင်းသားကို ကိုယ်စားပြုမှု၊ ကျောင်းပရဝုဏ်တွင်း နှင့် ပြည်တွင်းပြည်ပ စုစည်းလှုပ်ရှားမှုအမျိုးမျိုးတို့အကြောင်းကို လေ့လာခွင့် ရပြီး ကျောင်းသားမျိုးဆက်တို့တွင် သမဂ္ဂစိတ်ခေါ် တရားမျှတမှုနှင့် ကျင့်ဝတ် စောင့်ထိန်းမှုဆိုင်ရာ နမူနာများကို ကျောင်းသားအချင်းချင်းကြား လက်ဆင့်ကမ်း သယ်ဆောင်ကြပုံကိုလည်း မှတ်သားဖွယ် တွေ့ရသည်။

မဖြိုးဖြိုးအောင်၏ ဆောင်းပါးသည် ၂၀၀၇ ခုနှစ်တွင် ဗကသကို စုပေါင်း လျှို့ဝှက်၍ ပြန်လည်ဖွဲ့စည်းခဲ့ရသည့်အခြေအနေမှ ၂၀၁၂ ခုနှစ်၊ လှုပ်ရှားခွင့် ပိုမိုရရှိလာသည့်အခါ ဗကသများအဖွဲ့ချုပ်နှင့် အခြားတက္ကသိုလ်သမဂ္ဂများ ကြားရှိ ဆက်ဆံရေးနှင့် ဆောင်ရွက်ပုံ၊ ပြည်သူများအကြား ကျောင်းသားသမဂ္ဂ ၏ ပုံရိပ်ပျောက်ကွယ်မသွားရအောင် ကြိုးပမ်းအားထုတ်ကြပုံ၊ ကျောင်းသား သမဂ္ဂ အစစ်နှင့် ကျောင်းအာဏာပိုင်တို့အလိုကျ ဖွဲ့စည်းထားသော သမဂ္ဂ (proxy) ကြားရှိ အနေအထားအပြင် အစိုးရနှင့် သမဂ္ဂကြားရှိ အခြေအနေ များကိုပါ ဖော်ပြထားသည်။

မလေးလေးမွန်၏ ဆောင်းပါးသည် “၁၉၉၆ ကျောင်းသား လှုပ်ရှားမှု” ၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ဒဂုံတက္ကသိုလ်ကျောင်းသား ဆန္ဒပြမှုများတွင် အခြေခံထားသော ၎င်း၏အတွေ့အကြုံနှင့် အတွေးအမြင်ကို ပွင့်လင်းစွာ တင်ပြထားခြင်းဖြစ်သည်။ ဤဆောင်းပါးသည် ခေတ်အဆက်ဆက် ကျောင်းသားလူငယ်များကြားရှိ မျိုးဆက်ကွာဟမှုကို အဓိက ထောက်ပြဝေဖန် ထားသဖြင့် ထူးခြားသည်။ အဲန်အယ်လ်ဒီ အစိုးရအာဏာရခါစ ၂၀၁၆ ခုနှစ် ဝန်းကျင်ခန့်တွင် ၎င်းသုံးသပ်မိသော ကျောင်းသားမျိုးဆက်၏ အခြေအနေကို သိရှိခွင့်ရစေသည်။

ကိုစိုးထွန်းနှင့် အင်တာဗျူးသည်လည်း ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုကို ဖြစ်ပေါ်စေသည့် အခြေအနေနှင့် အကြောင်းတရားများကို ကောင်းစွာ ဖော်ညွှန်းနိုင်သည်။ တက္ကသိုလ်ကျောင်းသားများကို နိုင်ငံရေး စိတ်မဝင်စားစေ ရန် အစိုးရက အားထုတ်ခဲ့ပုံ၊ ကျောင်းသားထုအကြား အကြောက်တရား ပျံ့နှံ့ စေပုံနှင့် ၁၉၉၆ မျိုးဆက်ကျောင်းသားတို့ မည်ကဲ့သို့ စုဖွဲ့လှုပ်ရှားခဲ့ကြပုံတို့အား တွေ့မြင်နိုင်သည်။

ကိုမင်းဟန်ထက်နှင့် အင်တာဗျူးတွင် ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာသော နိုင်ငံအနှံ့ ပြည်သူ့အုံကြွမှုတွင် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပါဝင်လှုပ်ရှား ခဲ့ပုံနှင့် အဘယ်ကြောင့် ပါဝင်ခဲ့ပုံကို ပုဂ္ဂိုလ်ရေးနောက်ခံ အချက်အလက်များ ဖြင့် ရှင်းပြထားသည်ကို တွေ့ရှိရသည်။ ထူးခြားသည်မှာ “စစ်တပ်ကို အကြောက်တရားသွင်းပေးရမယ်” ဟူသော လူထုကြားတွင် ၎င်းပြောခဲ့သော မိန့်ခွန်းနှင့် ပတ်သက်၍ ထိုအယူအဆ မည်သို့ဖြစ်ပေါ်လာကြောင်း ရှင်းလင်း ချက်ဖြစ်သည်။ ယခင်စစ်အစိုးရ အသီးသီး၏ ဖိနှိပ်မှုကို ကျောင်းသားတို့ ကြောက်ခဲ့ရသော အကြောက်တရားအား စစ်တပ် (သို့မဟုတ်) အာဏာသိမ်း အစိုးရထံသို့ ပြန်သွင်းပေးကာ ကြောက်စေရမည်ဟူသော ပြောင်းပြန်ဗျူဟာမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ထိုမိန့်ခွန်းသည် ယနေ့အချိန်ထိ စစ်ကောင်စီ အနေဖြင့် နိုင်ငံကို မအုပ်ချုပ်နိုင်စေရန် နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်တော်လှန် နေသူများ၏ ပွဲဦးထွက်ကြွေးကြော်သံဟုလည်း ဆိုနိုင်သည်။

နိဂုံးချုပ် မှတ်ချက်များ

နိုင်ငံရေးဖြစ်စဥ်တို့သည် ပြောင်းလဲမှု အလွန်မြန်ဆန်ပြီး ထည့်သွင်း စဥ်းစားရန် သိပြီးသော အချက်များ၊ မသိသေးသော အချက်များ ရှိနေတတ်မြဲဖြစ်သည်။ ထို့ကြောင့် အတိတ်ကို အဓိပ္ပာယ်ဖွင့် ကောက်ချက်ချရသည်မှာ မလွယ်ကူလှ သကဲ့သို့ အနာဂတ်သို့ လှမ်းမျှော်၍ မှန်းဆပြောဆိုရသည်မှာလည်း မှန်ကန် တိကျရန်မလွယ်ကူလှချေ။ ဤစာစောင်ပါ စာမူနှင့် အင်တာဗျူးအများစုအား ၂၀၁၆ နှစ်ကုန်ပိုင်းမှ ၂၀၁၇ နှစ်လယ်ပိုင်းအတွင်း လက်ခံရရှိခဲ့ပြီး ၎င်းတို့ကို ယင်းကာလနှင့် ယင်းကာလနောက် ဖြစ်ပေါ်ပြောင်းလဲလာသည့် နိုင်ငံရေး အခြေအနေများနှင့်ပါ ချိန်ထိုးတိုက်ဆိုင်၍ ဖတ်ရှုရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပေါ်လာပြီးနောက် လူထုဆန္ဒပြအုံကြွမှုများ အတွင်း ကွင်းဆင်းမေးမြန်းခဲ့သည့် လေ့လာမှုစစ်တမ်းတစ်ခု၌ ဆန္ဒပြသူများ တွင် ကျောင်းသားများမှာ အရေးပါသော အစုအဖွဲ့ဖြစ်ကြောင်း၊ ၎င်းတို့အနက် အချို့မှာ ကျောင်းသားသမဂ္ဂဝင်များဖြစ်ကြကြောင်း ဖော်ပြထားသည်။ တစ်ဖန် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်း မေးမြန်းထားသော အင်တာဗျူးတစ်ခုတွင် လည်း ဖြေဆိုသူကျောင်းသူတစ်ဦးက “ကျွန်မက ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တစ်‌ယောက်ပါ။ သမဂ္ဂရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ မတရားမှုကို တိုက်ဖျက် ရမယ်ဆိုတဲ့ ဝတ္တရား ကျွန်မမှာ ရှိပါတယ်” ဟု ဖြေကြားထားသည်ကို တွေ့ရ သည်။ ဤဖြေဆိုချက်များကို ထောက်ဆခြင်းအားဖြင့် ဖိနှိပ်မှုနှင့် မတရားမှုတို့ ရှိနေသမျှ မြန်မာကျောင်းသားတို့၏ သမဂ္ဂစိတ်ဓာတ်သည်လည်း မတိမ်ကော သကဲ့သို့ ကျောင်းသားလှုပ်ရှားမှုများသည်လည်း ဆက်လက်ပေါ်ပေါက်နေဦး မည်ဟု ယူဆရန် ရှိသည်။23

ကျေးဇူးတင်လွှာ

ဤအထူးစာစောင်၏ စတင်သန္ဓေတည်ရာ ၂၀၁၆ ခုနှစ်၊ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ဟောပြောဆွေးနွေးခဲ့ကြသည့် ပုဂ္ဂိုလ်အားလုံးနှင့်တကွ စာမူ၊ အင်တာဗျူး တို့ဖြင့် စာစောင်ကို ထည့်ဝင်ကူညီပေးကြသည့် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များအား ကျေးဇူးတင်ရှိပါသည်။ ကူညီ ပေးခဲ့သော စာမူများကို အချောသတ်ဖတ်ရှုတည်းဖြတ်ရေးသားရာတွင် ကူညီ ပေးခဲ့သော စဝေါထန်နှင့် မျက်နှာဖုံးပန်းချီနှင့် အတွင်းပန်းချီများကို ရေးဆွဲပေး ခဲ့ကြသော အနုပညာရှင် သုံးဦးတို့အား ဂျာနယ်အယ်ဒီတာအဖွဲ့က ကျေးဇူး အထူးတင်ရှိကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။ ကိုးကားချက်များ

အဆုံးမှတ်စုများ

1 ကလောင်အမည်။ “မြန်မာနိုင်ငံခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှု − မျှော်လင့်ချက်၊ မျှော်မှန်းချက်နှင့် ကိုယ်စားပြုမှု” မြန်မာဘာသာအဖွင့်ဆောင်းပါးသည် Student Movements in Myanmar Over the Ages: Aspiration, Expectation and Representation အင်္ဂလိပ်ဘာသာ ဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ဆိုထားခြင်း မဟုတ်ပဲ၊ မတူညီသော ဘာသာစကားများ၏ သဘောသဘာဝနှင့် ယဉ်ကျေးမှုနောက်ခံ ကွာခြားမှုများအပေါ်မူတည်၍ တူညီသောအခြေခံအကြောင်းအရာများကိုပင် မြန်မာ ဘာသာနှင့် အင်္ဂလိပ်ဘာသာ သီးသန့်စီရေးသားထားခြင်းဖြစ်သည့်အတွက် ဤ ဆောင်းပါးနှစ်စောင်မှာ ရာနှုန်းပြည့်ထပ်တူညီနေခြင်းမရှိပါ။
2 Silverstein, 1968; Silverstein, 1970.
3 Weiss & Aspinall, 2012; Win Min, 2012.
4 Rives, 2014.
5 Ibid.
6 Win Min, 2012.
7 Metro, 2017.
8 မင်းကိုနိုင်အနေဖြင့် အကြောင်းတစ်စုံတစ်ရာမပေးဘဲ ပျက်ကွက်ခဲ့သော်လည်း ကိုကိုကြီးကမူ နိုင်ငံရေးသမားအဖြစ် ၂၀၂၀ တွင် ရွေးကောက်ပွဲဝင်ရန် အစီအစဥ် ရှိနေ သဖြင့် ဆွေးနွေးပွဲစသည်တို့တွင် စကားများများ မပြောချင်ကြောင်း အကြောင်းပြခဲ့ သည်။ “(၈၈) မျိုးဆက်” ကိုယ်စား အမေရိကန်နိုင်ငံ၌ ရောက်ရှိနေထိုင်လျက်ရှိသော ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသက်ထွန်းက တက်ရောက်ဆွေးနွေးခဲ့သော် လည်း ယင်းမျိုးဆက်အတွက် စာမူဆောင်းပါးတစ်ပုဒ်မျှ မရရှိခဲ့ပေ။ (Issue editor ၏ မှတ်ချက်)
9 Turner, 2014, p. 115.
10 အောင်ထွန်း၊ ၂၀၁၂၊ စာ-၄၀။
11 Altbach, 1982, p.174.
12 Pinner, 1971; Rootes, 1980, pp. 475-476; Schubert, Tetzlaff and Vennewald, 1994.
13 Weiss & Aspinall, 2012, p.5
14 Quinn et al., 1972.
15 Lipset, 1967.
16 Lipset, 1969.
17 Lipset, 1971.
18 ဤကာလအတွင်း ပုံနှိပ်ထုတ်ဝေခဲ့သော စာအုပ်အချို့ကို ကျမ်းကိုးစာရင်းတွင် တွေ့နိုင်ပါသည်။
19 Weiss & Aspinall, 2012.
20 Jordt et al. 2021.
21 Independent Research Network, 2022; Jordt et al. 2021; Su Mon Thant, 2021.
22၂၀၁၆ ခုနှစ်၊ ကျောင်းသားလှုပ်ရှားမှုဆွေးနွေးပွဲ ကျင်းပပြီးသည့် အချိန်တွင်မှ ဤဖြစ်စဉ်အကြောင်းကို ပြည်တွင်းသတင်းစာဆရာ တစ်ဦးက သိရှိပြီး အကျယ်တဝင့် ရေးသား ဖော်ပြခဲ့သည်၊ Kyaw Phone Kyaw, 2016။
23 Su Mon Thant, 2021.

ကိုးကားချက်များ

Altbach, P. G. (1974). Student Politics in America: A Historical Analysis. McGraw-Hill Book Co.

Altbach, P. G. (1987). Higher Education in the Third World: Themes and Variations. Stosius Inc.

Aspinall, E. (2012). Indonesia: Moral Force Politics and the Struggle Against Authoritarianism. In M. L. Weiss, & E. Aspinall (Eds.), Student Activism in Asia: Between Protest and Powerlessness (pp. 153-180). University of Minnesota Press.

Independent Research Network. (2022). The Internal Struggle: The Fight for an Inclusive National Identity in Myanmar.

Jordt, I., Tharaphi Than, & Sue Ye Lin. (2021). How Generation Z Galvanized a Revolutionary Movement Against Myanmar’s 2021 Military Coup. Trends in Southeast Asia. https://www.iseas.edu.sg/wp-content/uploads/2021/04/TRS7_21.pdf

Kyaw Phone Kyaw. (2016, December 19). The Forgotten Mutiny at Pyin Oo Lwin. Frontier Myanmar. https://www.frontiermyanmar.net/en/the-forgotten-mutiny-at-pyin-oo-lwin/

Lipset, S. M. (1967). University Students and Politics in Underdeveloped Countries. In S. M. Lipset (Ed.), Student Politics (pp. 3-53). Basic Books.

Lipset, S. M. (1971). Rebellion in the University. Little, Brown and Co.

Lipset, S. M., & Altbach, P. G. (Eds.). (1969). Students in Revolt. Houghton Mifflin.

Metro, R. (2016). The University Student Protests in Burma/Myanmar, 2014–2016. In J. Millican (Ed.), Universities and Conflict: The Role of Higher Education in Peacebuilding and Resistance (pp. 205-218). Routledge.

Pinner, F. A. (1971). Students: A Marginal Elite in Politics. The ANNALS of the American Academy of Political and Social Science, 395(1), 127–138.

Quinn, E., Lilienfeld, R., & Hill, R. (Eds.). (1972). Interdiscipline: A Reader in Psychology, Sociology, and Literature. Free Press.

Rives, N. M. L. (2014). University Student Activism in Burma/Myanmar During the 1980s [Unpublished doctoral dissertation]. University of Kansas.

Rootes, C. A. (1980). Student Radicalism: Politics of Moral Protest and Legitimation Problems of the Modern Capitalist State. Theory and Society, 9(3), 473-502. http://www.jstor.org/stable/656878

Schubert, G., Tetzlaff, R., & Vennewald, W. (Eds.). (1994). Demokratisierung und Politischer Wandel. Theorie und Anwendung des Konzeptes der strategischen und konfliktfähigen Gruppen [Democratization and Political Change. Theory and Application of the Concept of Strategic and Conflict-capable Groups. LIT.

Silverstein, J. (1968). Burmese Student Politics in a Changing Society. Daedalus, 97(1), 274-292. http://www.jstor.org/stable/20023809

Silverstein, J. (1970). Burmese and Malaysian Student Politics: A Preliminary Comparative Inquiry. Journal of Southeast Asian Studies, 1(1), 3-22. http://www.jstor.org/stable/20069843

Su Mon Thant. (2021). In the Wake of the Coup: How Myanmar Youth Arose to Fight for the Nation. https://eu.boell.org/en/young-voices-myanmar

Turner, A. (2014). Saving Buddhism: The Impermanence of Religion in Colonial Burma. University of Hawaii Press.

Weiss, M. L., & Aspinall, E. (Eds.). (2012). Student Activism in Asia: Between Protest and Powerlessness. University of Minnesota Press.

Win Min. (2012). Burma: A Historic Force, Forcefully Met. In M. L. Weiss & E. Aspinall (Eds.), Student Activism in Asia: Between Protest and Powerlessness (pp. 181-204). University of Minnesota Press.


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (တရားဝင်)ဖြစ်မြောက်ရေးကော်မတီ၏ပထမအကြိမ်ညီလာခံ ၂၈.၈.၈၈ ၊ (၂၀၁၆)၊ ယဥ်မျိုးစာအုပ်တိုက်။

၇၄၇၅၇၆နိုင်ငံရေးအင်အားစု၊ (၂၀၁၃)၊ ၇၄-၇၅-၇၆ မ.ဆ.လ အာဏာရှင်ဆန့်ကျင်ရေးအံတုလှုပ်ရှားမှုများ ၊ ရွှေပြည်တန်စာအုပ်တိုက်။

ကျော်သူစိုး(ကလေး)၊ (၂၀၁၆)၊ ကောလိပ်သူပုန်စစ်အာဏာရှင်လက်ထက်တွင်ပထမဆုံးနှင့် နောက်ဆုံးသောတပ်တွင်း ကောလိပ်တော်လှန်ရေး ၊မြန်မာ့ခေတ်စာပေ။

ခင်မောင်ကြီး၊ (၂၀၁၃)၊ မေ့ပျောက်နိုင်စရာမရှိတဲ့ အမျိုးသားနိုင်ငံရေးနှင့် ကျောင်းသားလှုပ်ရှားမှု ၊ ယဥ်မျိုးစာအုပ်တိုက်။

ဇနိယ၊ မောင်၊ (၂၀၁၅)၊ ​ဗိုလ်အောင်ကျော် (၁၉၃၈-၃၉ ကျောင်းသားလှုပ်ရှားမှုသမိုင်း) ၊ ယဥ်မျိုးစာအုပ်တိုက်။

ဉာဏ်မောင်ချစ်၊ (၂၀၁၄)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ သမိုင်းအစ ၊ မလိခစာပေ။

တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (ရန်ကုန်)၊(၂၀၂၀)၊ ပထမကျောင်းသားသပိတ်သို့ ဦးညွှတ်ခြင်း ၊ ရန်ကုန်လမ်းမများစာပေ။

သံချောင်း၊ဖိုး၊ ရဲဘော်၊ (၂၀၁၃)၊ ကျောင်းသား၊ထောင်၊တော်လှန်ရေးသမား။ ယဥ်မျိုးစာအုပ်တိုက်။

ဘိုးသိမ်း၊ (၂၀၁၆)၊ တက္ကသိုလ်များဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့် တခြားတက္ကသိုလ်ရေးရာ၊ကျောင်းသားသမဂ္ဂရေးရာဆောင်းပါးများ ၊ ဧကရာဇ်စာပေ။

မင်းသိမ်း၊ ဒေါက်တာ၊ (၂၀၁၃)၊ ကျောင်းသားသမဂ္ဂအဆောက်အအုံဖောက်ခွဲဖျက်ဆီးမှုတရားခံဘယ်သူလဲ ၊ အောင်ပင်လယ် စာပေတိုက်။

မင်းသိမ်း၊ ဒေါက်တာ၊ (၂၀၂၀)၊ ကံ့ကော်တောမှ ဒေါင်းပျိုခွပ်သံ (ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုသမိုင်း) ၊ လွင်ဦးစာပေ။

ထက်အောင်ကျော်၊ (၂၀၁၃)၊ သူပုန်ကျောင်းသားတစ်ဦးရဲ့ မာရသွန်ခရီး ၊ Dawei Watch စာပေ။

ထိန်ဝင်း (ဓာတ်ပုံ)၊ (၂၀၁၄)၊ ၁၉၇၄ ဦးသန့်အရေးအခင်း။ထိန်ဝင်းစာပေ။

ယဥ်ထွန်း၊ (၂၀၁၃)၊ 7th July အရေးတော်ပုံမှတ်တမ်း ၊ ယဥ်မျိုးစာပေ။

လှကွန့် (စုစည်းတင်ပြ)၊ (၂၀၁၃)၊ အရိုးတွန်တဲ့ဇူလိုင် () ၊ ဇင်ရတနာစောစာပေ။

ဝင်းမောင်သန်း၊ မောင်၊ (၂၀၁၂)၊ ​ကျောင်းသားအရေးတော်ပုံ (၁၉၅၃-၅၄) ၊ သံလွင်ငြိမ်းချမ်းစာပေ။

အောင်ထွန်း၊ (၂၀၁၂)၊ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃-၁၉၆၂) ၊ ပဉ္စဂံစာပေ။

အောင်ဒင်၊ (၂၀၁၄)၊ နွေတစ်ညမှ အစပြု၍ ၊ ခေတ်ပြတိုက်စာပေ။

အောင်ဝေး၊ (၂၀၁၃)၊ ကိုဗဟိန်းမှသည်ကျော်ကိုကိုအထိ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းအကျဉ်း (၁၉၀၃-၂၀၀၇)၊မြန်မာ့ခေတ်စာအုပ်တိုက်။

အောင်သာ (PPP)၊ (၂၀၁၆)၊ ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးနှင့် ကျောင်းသားလှုပ်ရှားမှုအဆင့်နေရာ ၊ ယဥ်မျိုးစာအုပ်တိုက်။