ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌနှင့် ကျောင်းသားလက်ရုံးတပ်တော် ပူးတွဲတည်ထောင်သူ ကိုမင်းဟန်ထက်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကောင်းစည်သူ | Click here to read this article in English.

Cite as: 
ကောင်းစည်သူ၊ (၂၀၂၃)၊ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌနှင့် ကျောင်းသားလက်ရုံးတပ်တော် ပူးတွဲတည်ထောင်သူ ကိုမင်းဟန်ထက်နှင့် တွေ့ဆုံမေးမြန်းခြင်း၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4460

စာတမ်းအကျဥ်း

ဤအင်တာဗျူးသည် ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာသော နိုင်ငံအနှံ့ ပြည်သူ့အုံကြွမှုတွင် ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂခေါင်းဆောင်တစ်ဦးအနေဖြင့် ပါဝင်လှုပ်ရှားခဲ့ပုံ၊ အဘယ်ကြောင့် ပါဝင်ခဲ့ ပုံကို ပုဂ္ဂိုလ်ရေးနောက်ခံ အချက်အလက်များဖြင့် ရှင်းပြထားသည်ကို တွေ့ရှိရ သည်။ ထူးခြားသည်မှာ “စစ်တပ်ကို အကြောက်တရား သွင်းပေးရမယ်” ဟူသောလူထုကြားတွင် ၎င်းပြောခဲ့သော မိန့်ခွန်းနှင့်ပတ်သက်၍ ထိုအယူအဆ မည်သို့ဖြစ်ပေါ်လာကြောင်း ရှင်းလင်းချက်ဖြစ်သည်။ ယခင်စစ်အစိုးရအသီးသီး ၏ ဖိနှိပ်မှုကို ကျောင်းသားတို့ ကြောက်ခဲ့ရသော အကြောက်တရားအား စစ်တပ်ထံသို့ ပြန်သွင်းပေးကာ ကြောက်စေရမည်ဟူသော ပြောင်းပြန်ဗျူဟာ မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဤအင်တာဗျူးကို ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ပြုလုပ်ထားခြင်းဖြစ်သည်။

ဗမာပြည်က သမဂ္ဂတွေရဲ့ သမိုင်းနဲ့အစဥ်အလာကို ဘယ်လိုနားလည် သလဲ။

ကျွန်တော်တို့တိုင်းပြည်မှာ ကျောင်းသားသမဂ္ဂတွေ ပေါ်ပေါက်လာတယ်ဆိုတဲ့ အခြေအနေက လွတ်လပ်ရေးတိုက်ပွဲဝင်ဖို့အတွက် ပေါ်ပေါက်လာတဲ့ အခြေ အနေမျိုးဖြစ်တယ်။ တက္ကသိုလ်တွေကို အခြေပြုပြီးတော့ ကျောင်းသားသမဂ္ဂ တွေ ပေါ်ပေါက်လာတယ် ဆိုပေမယ့်လို့ တကယ်ကို လွတ်လပ်ရေးအတွက်၊ တော်လှန်ရေးအတွက် သန္ဓေတည်ခဲ့ကြတဲ့ အဖွဲ့ အစည်းတွေ၊ အစုအဖွဲ့မျိုးတွေ ဖြစ်တဲ့အတွက် ကျောင်းသားသမဂ္ဂတွေ ပေါ်ပေါက်လာတဲ့ အခင်းအကျင်းဟာ သိပ်လှတယ်။ တော်လှန်ရေးအတွက်ပဲ ပေါ်ပေါက်လာတယ်လို့ နားလည် တယ်။ နောက်တစ်ချက်ကတော့ လွတ်လပ်ရေးတိုက်ပွဲ ကာလမှာရော လွတ်လပ်ရေးရပြီး နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကာလမှာရော ကျောင်းသားသမဂ္ဂတွေက ဦးစီးဦးဆောင် ပြုခဲ့ကြတာမျိုး ရှိတယ်။ အဲ့တော့ ကျောင်းသားသမဂ္ဂတွေရဲ့ အစဥ်အလာ အင်မတန် ကြီးမားတယ်။ နောက် ဒီထဲ မှာမှ အရေးကြီးဆုံးလို့ ကျွန်တော် ယူဆတဲ့အချက်က သမာသမတ်ကျမှုပဲ။ ဆိုလိုချင်တာက အခြားသော အစုအဖွဲ့တွေထက်စာရင် ကျောင်းသားသမဂ္ဂ တွေက နိုင်ငံရေးမှာ သမာသမတ်ကျစွာ ပါဝင်တယ်။ ပြည်သူလူထုတွေ၊ ကျောင်းသားတွေနဲ့ ပိုပြီးနီးစပ်တယ်။ သူတို့ရဲ့ အသံတွေကို ကိုယ်စားပြုတယ်။ ဖိနှိပ်ခံတွေ ဘက်ကနေ အမြဲတမ်း ရပ်တည် တိုက်ပွဲဝင်တဲ့ အစဥ်အလာရှိတယ် လို့ ကျွန်တော် အမြဲယုံကြည်တယ်။

ခင်ဗျားရဲ့ ငယ်ဘဝက ဘယ်လိုရှိခဲ့လဲ။

ကျွန်တော့်ရဲ့ ငယ်ဘဝကို ပြောရရင် အဲဒါက အရမ်းကြီး ထူးခြားတာမျိုး မဟုတ် ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း စာတော်တဲ့ကျောင်းသားတစ်ယောက် မဟုတ် ဘူး။ ကျန်တဲ့အပိုင်းတွေဖြစ်တဲ့ အားကစားတွေ၊ အခြားအတတ်ပညာတွေမှာ လည်း ကျွန်တော်က သိသိသာသာ ထူးချွန်နေတဲ့သူမျိုး မဟုတ်ဘူး။ သာမန် ပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ငယ်ဘဝမှာ နိုင်ငံရေးနဲ့ တိုက်ရိုက် ထိတွေ့တာမျိုး မရှိခဲ့ပေမယ့် အမြဲတမ်းကြားခဲ့ရတာတွေ ကျွန်တော့်ရဲ့ အိပ်ရာဝင်ပုံပြင်တွေ အဖြစ် သွယ်ဝိုက်ကြားခဲ့ရတာတော့ အများကြီးရှိခဲ့ပါတယ်။

ခင်ဗျား မိဘဘိုးဘွားတွေကလည်း နိုင်ငံရေးနောက်ခံတွေ ရှိခဲ့တယ်လို့ ကြားတယ် အဲဒါဘယ်လိုမျိုးလဲ။

ကျွန်တော့် မိဘဘိုးဘွားတွေက နိုင်ငံရေးနောက်ခံရှိတယ်လို့ ပြောရမယ်ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကိုပဲ ဦးတည်ပြီးတော့ ပြောရလိမ့်မယ်။ နောက် တစ်ချက်က ဒီကိစ္စတွေက တကယ့်ကို ဦးစီးဦးဆောင်ပြုပြီး ထဲထဲဝင်ဝင် ပါဝင် ခဲ့တယ်ဆိုတဲ့ သဘောနဲ့ ပုံဖော်ပြီး ပြောချင်တာ မဟုတ်ဘူးဆိုတာကို အရင် ပြောလိုပါတယ်။ ကျွန်တော့် ဖေဖေက ၈၈ အ‌ရေးတော်ပုံ ဖြစ်တဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်မှာ သင်္ချာမေဂျာ ကျောင်းသားပေါ့။ သူလည်း အများနည်းတူ ပဲ တော်လှန်ရေးမှာ ပါဝင်ခွင့်ရခဲ့တယ်။ ကျွန်တော်တို့ ဒီဘက် နွေဦး တော်လှန်ရေး အစပိုင်းတုန်းကလည်း မြို့နယ်တွေအလိုက် ကိုယ်ပိုင် အုပ်ချုပ်‌ရေးလုပ်တာမျိုးမှာ သူတို့ကျောင်းသားတွေအနေနဲ့ ထဲထဲဝင်ဝင် ပါဝင် ခဲ့တာကို ကျွန်တော် ကြားခဲ့ဖူးတယ်။ အာဏာသိမ်းပြီး ရှစ်လေးလုံး အရေးတော်ပုံ ဖြိုခွဲခံရတဲ့ နောက်ပိုင်းမှာ ကျွန်တော့်ဖေဖေက တောခိုဖို့ ကြိုးစား ခဲ့တယ်။ ဗမာပြည်တောင်ပိုင်း တစ်နေရာကိုပေါ့။ ဒါပေမယ့် မော်လမြိုင် လောက်မှာပဲ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။ မော်လမြိုင် အကျဉ်းထောင်မှာ အကျဉ်းကျခဲ့တယ်။ မေမေကလည်း RC2 ကောလိပ် ကျောင်းသူတစ်ယောက်အနေနဲ့ အရေးတော်ပုံကာလ ဝါဒဖြန့်ချိရေးကိစ္စတွေ စာရွက်ကပ်တာတွေမှာ ပါဝင်ခဲ့ဖူးတယ်လို့ ကျွန်‌တော် ကြားသိခဲ့ရတယ်။ ကျွန်တော့်ဘိုးဘိုးဆိုလည်း အစိုးရသတင်းစာတစ်စောင်မှာ အလုပ်ဝင်လုပ်နေ တဲ့အချိန် အဲ့ကာလမှာ ၈၈ အရေးတော်ပုံမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တာကြောင့် သူ့ကို စစ်တပ်က အလုပ်ထုတ်ခဲ့တယ်။ အဲ့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထဲကို ဝင်ခဲ့တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာလည်း ကျွန်တော့်မိဘတွေက ဝိုင်းဝန်းကူညီတာမျိုးတွေ ရှိခဲ့ပါ‌သေးတယ်။

ခင်ဗျား နိုင်ငံရေးဆိုတာကို ဘယ်အရွယ်လောက်မှာ စပြီး နားလည် သိတတ်ခဲ့လဲ ထိတွေ့ခဲ့လဲ။ ဥပမာ ကျောင်းသားသမဂ္ဂ အစရှိသဖြင့်ပေါ့။

ကျွန်တော့်ငယ်ဘဝမှာ မှတ်မှတ်ရရဖြစ်နေတဲ့ ဖြစ်ရပ်လေးရှိပါတယ်။ စစ်အုပ်စု ဟာ ၂၀၀၈ ခုနှစ် အခြေခံဥပ‌‌ဒေကို ဆွဲဖို့အတွက် ညောင်နှစ်ပင် ညီလာခံကို ပြန်စတဲ့ကာလပေါ့။ အဲတုန်းက ညီလာခံသတင်းတွေကို နိုင်ငံပိုင်မီဒီယာတွေ မှာ နေ့စဥ်ရက်ဆက် ဖော်ပြနေတယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုနဲ့ တီဗွီ ကြည့်ရင်း သတင်းလာပြီဆို အဲ့ညီလာခံသတင်းတွေ လာကြတယ်။ စစ် ဗိုလ်ချုပ်ကြီးတွေနဲ့ တခြားတိုက်ပုံဝတ်တွေက ညီလာခံတက်နေတာတွေ့ တော့ ကျွန်တော့် စိတ်ထဲမှာ ဒါဟာ သာမန်ပဲ ဘာမှမဟုတ်ဘူးလို့ ထင်မိတယ်။ ကျွန်တော့် ဘေးမှာကြည့်နေတဲ့ ကျွန်တော့် မိဘတွေကတော့ အဲ့သတင်းတွေ လာရင် နာကြည်းတဲ့အကြည့်နဲ့ ကြည့်ကြတယ်။ တောက်ခေါက်ကြတယ်။ ပြီးတော့ ‘ဒီကောင်တွေကို ၈၈ ထဲက ငါတို့ တစ်ခါထဲ သေအောင် သတ်ခဲ့ရမှာ ကွ’ဆိုတဲ့ နာနာကြည်းကြည်းနဲ့ ပြောတာမျိုးတွေ ကြားခဲ့ရတယ်။ အဲ့တုန်းက ကျွန်တော်စဥ်းစားမိတာက ‘ဘာလို့ ငါ့ဖေဖေက လူတွေကို သတ်ဖို့ စဥ်းစား နေတာလဲ။ ငါ့ဖေဖေက လူဆိုးကြီးလား’ ဆိုတာမျိုးကို တွေးမိတယ်။ ၂၀၀၇ ရွှေဝါရောင်ဖြစ်တဲ့အခါမှာ ကျွန်‌‌တော်က ဘာမှ သိပ်မသိသေးတဲ့အချိန်။ ဒါပေမယ့် အဲ့တုန်းက ကျွန်‌တော် သိမိတာက ကျွန်တော်တို့ တိုင်းပြည်မှာ၊ ရန်ကုန်မှာ လူတွေက တအုန်းအုန်းနဲ့ အုံကြွနေကြပြီး တစ်ခုခုတော့ ဖြစ်နေတာ ကို သိတယ်။ ပြီးတော့ အရေးအခင်းဖြစ်တယ်ဆိုတဲ့ စကားလုံးကို စကြားခဲ့ရ တယ်။ ဒါပေမဲ့ အရေးအခင်းဆိုတာ ဘာလဲ။ အရေးအခင်း ဘာကြောင့် ဖြစ်တာလဲ စတာတွေတော့ ကျွန်တော် မသိဘူး။ အဲ့ကာလ ကျွန်တော်တို့ ခြံထဲကို ဘုန်းကြီးတွေ ဝင်ကြထွက်ကြတာတွေ ရှိတယ်။ ကျွန်တော်တို့အိမ်မှာ ဘုန်းကြီးတွေ စတည်းချကြတယ်။ ကျွန်တော့်မိဘတွေလည်း လှူကြ တန်းကြ တယ်။ နောက်ပြီး စစ်တပ်က နှိမ်နင်းတဲ့အခါမှာ ဘုန်းကြီးတွေကို ခေါ်ပြီး ဝှက်ထားပေးကြတာမျိုးတွေ အဲ့ဒါမျိုးတွေကိုတော့ ကျွန်တော့် စိတ်ထဲမှာ ခုထိ မှတ်မိနေပါတယ်။

တက္ကသိုလ်ရောက်တဲ့အခါ ကျောင်းသားသမဂ္ဂမှာ ဘယ်လိုပါဝင်လှုပ်ရှား ဖြစ်ခဲ့သလဲ။

သမဂ္ဂနိုင်ငံရေးထဲကို ထဲထဲဝင်ဝင်ဝင် ပါတာကတော့ တက္ကသိုလ် ကျောင်းသား ဖြစ်မှပါပဲ။ အဲ့ဒီမတိုင်ခင်တုန်းကတော့ အထက်တန်းကျောင်းသားဘဝ လောက်မှာ နိုင်ငံရေးကို အ‌တော်လေး စိတ်ဝင်စားခဲ့တယ် ဆိုရမယ်။ ကျွန်တော် နဲ့ တူတူရှိနေကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေကြားထဲမှာ ကျွန်တော်က သူတို့ နဲ့ သိပ်မတူဘူး။ သူတို့က ကျွန်တော့်ကို ဒီကောင် “သမ္မတလောင်း” စသည်ဖြင့် နောက်ကြပြောင်ကြတာမျိုးတွေ ရှိတယ်။ သူတို့နဲ့ ကျွန်တော်စကားပြောဖြစ် ရင် လက်ရှိ တိုင်းပြည်အကြောင်း ပြောဖြစ်တာတွေကို မှတ်မိနေတယ်။ မှတ်မှတ်ရရ ကျွန်တော် ဆယ်တန်းစာမေးပွဲ ဖြေခါနီးမှာ ၂၀၁၅ ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်းကို လက်ပံတန်းမှာ ရဲက ရိုက်နှက်ဖြိုခွင်းလိုက် တယ်။ အဲ့ဒီသတင်း ကျွန်တော် ကြားရတော့ ဒီစာ‌မေးပွဲကို ကျွန်တော် မဖြေ တော့ဘူး၊ အယုံကြည်မရှိတော့ဘူးဆိုပြီး အိမ်ကိုပြောတယ်။ အိမ်နဲ့ အတိုက်ခံ ဖြစ်တယ်။ အိမ်ကတော့ စာမေးပွဲကို ဖြေမှရမယ်။ တက္ကသိုလ်ရောက်မှ မင်း ဒီထက်ပိုလုပ်နိုင်မယ်ဆိုပြီး တိုက်တွန်းခဲ့တာမျိုးတွေ ရှိတယ်။ အဲဒါကတော့ သမဂ္ဂနိုင်ငံရေးနဲ့ ထဲထဲဝင်ဝင် မထိတွေ့ရသေးပေမယ့် ကျွန်တော့်စိတ်ထဲမှာ တော့ ကျောင်းသားသမဂ္ဂတွေ၊ ကျောင်းသား တိုက်ပွဲတွေ၊ ခွပ်‌‌ဒေါင်းအလံတွေ စတဲ့ ပုံရိပ်တွေကတော့ အများကြီး ကြီးစိုးထားပါပြီ။

ခင်ဗျားဟာ ၂၀၁၈ ခုနှစ်က ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ အလုပ်အမှုဆောင်အဖြစ် ကျောင်းသားထုက‌ ရွေးကောက်ခဲ့တယ်။ ပြီးတော့ ၂၀၂၀ မှာ လက်ရှိဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ အဖြစ် ထပ်မံရွေးကောက်ခံရပြန်တယ်။ ဒီတော့ ဘာရည်ရွယ်ချက်တွေနဲ့ ဒီလို‌ရွေးကောက်ခံဖို့ လုပ်ခဲ့တာလဲ။

ကျွန်တော်တို့ ခပ်ငယ်ငယ်အရွယ်ကတည်းက စထိတွေ့ခဲ့ရတဲ့ စာအုပ်တွေ ဝတ္ထုတွေပေါ့လေ၊ အဲဒီဟာတွေဆိုရင် ကျောင်းသားသမဂ္ဂ‌ နောက်ခံဝတ္ထုတွေ၊ တက္ကသိုလ်ကျောင်းသားဘဝ နောက်ခံဝတ္ထုတွေ၊ အဲ့ဒီလိုဟာမျိုးတွေကို ကျွန်တော် တော်တော်လေးကို စွဲလမ်းတယ်ပေါ့လေ။ တော်တော်လေးကို သဘောကျတယ်။ အဲ့ဒီလိုမျိုးဆိုတဲ့အတွက် ကျွန်တော့်စိတ်ထဲမှာ တက္ကသိုလ် ကျောင်းသားဘဝနဲ့ သမဂ္ဂကျောင်းသားဘဝဆိုတာ ခွဲခြားလို့မရဘူးဆိုတဲ့ စိတ်မျိုးဝင်လာတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ ၂၀၁၈ ခုနှစ်က ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ အလုပ်အမှုဆောင်အဖြစ် ကျောင်းသားထုက ‌ရွေးကောက်တင်မြှောက်ခြင်းကို ခံခဲ့ရတယ်။ ပြီးတော့ ၂၀၂၀ မှာ လက်ရှိ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် ထပ်အရွေးခံရပြန်တယ်။ အဲတော့ သမဂ္ဂကျောင်းသားလည်း ဖြစ်ချင်တယ်ဆိုတဲ့စိတ်မျိုး ကျွန်တော် ငယ်ငယ်လေးကတည်းက ရှိတယ်။ တက္ကသိုလ် မတက်ခင်ကတည်းက ကျွန်တော့်မှာ ရှိတယ်ပေါ့။ ပြီးတော့ ကျွန်တော်တက္ကသိုလ်ရောက်တယ်။ ဒဂုံတက္ကသိုလ်မှာ ကျွန်တော်တက်တယ်။ ဒါပေမဲ့ ကျွန်တော် သမဂ္ဂထဲကို တန်းပြီးတော့ မ‌‌ရောက်သေးဘူး။ ကျွန်တော်တခြားသော အဖွဲ့အစည်းတွေ ဥပမာအားဖြင့်ဗျာ ဒဂုံတက္ကသိုလ် စာဖတ်အသင်းမျိုးတွေမှာ ကျွန်တော် လုပ်တယ်ကိုင်တယ်ပေါ့နော်။ အဲ့ဒီလိုဟာမျိုးတွေ ရှိတယ်။ ဒါပေမယ့် အဲ့ဒီမှာ ကတည်းက ကျွန်တော်နဲ့ သမဂ္ဂနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီ တုန်းက ရှိခဲ့တဲ့ သမဂ္ဂအဖွဲ့ဝင်တွေ သမဂ္ဂခေါင်းဆောင်တွေနဲ့ ကျွန်တော်နဲ့ အချိတ်ဆက်ရှိတယ်။ စကားပြောတာတွေ၊ တချို့ကိစ္စတွေ ပေါင်းလုပ်တာမျိုး တွေ ရှိတယ်။ နောက်ပြီးတဲ့အခါကျတော့မှ ကျွန်တော် ၂၀၁၈ မှာပေါ့လေ သမဂ္ဂ ရွေးကောက်ပွဲကို ကျွန်တော်ဝင်တယ်။ နောက်ပြီးတော့ စာပေနဲ့ အနုပညာ တာဝန်ခံအဖြစ် တာဝန်ယူတယ်။ အဲ့ဒီနှစ်မှာတင် ကျွန်တော် လုပ်ခဲ့တဲ့ အရာတွေ ရှိတယ်။ ဆိုလိုချင်တာက တခြားသော သမဂ္ဂရဲဘော်တွေနဲ့ ကျွန်တော်ပေါင်းပြီးတော့ တက္ကသိုလ်တွင်းဂျာနယ်ထုတ်တဲ့ အပိုင်းမျိုးတွေ ပေါ့ဗျာ။ ပြီးတော့ ဒီအနုပညာနဲ့ပတ်သတ်တဲ့ ကိစ္စတွေ၊ စာပေနဲ့ပတ်သတ်တဲ့ ကိစ္စတွေ လုပ်ခဲ့တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ကျွန်တော် ဝန်ခံရရင် လုပ်ခဲ့တဲ့အပေါ်မှာ အများကြီး အားမရသေးဘူးဆိုတော့ ကျွန်တော် တို့မှာ လုပ်ရကိုင်ရခက်ခဲတဲ့ ကိစ္စမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ ကျွန်တော် ကိုယ်တိုင်ကလည်း သမဂ္ဂထဲကိုရောက်ပြီး တကယ် အမှုဆောင်အဖြစ်ပေါ့လေ။ တစ်နည်းပြောရရင်တော့ ကျွန်တော် CEC အဖြစ်နဲ့ ရောက်တဲ့အခါမှာ ကျွန်တော်လုပ်နိုင်စွမ်း အများကြီးမရှိသေးဘူးဆိုတာ ကျွန်တော်ကိုယ်တိုင် မြင်ရတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အဆိုးဆုံး အခြေ အနေက သမဂ္ဂနဲ့ ကျောင်းသားထုရဲ့ ဝေးကွာမှုက ခုနက ပြောခဲ့တဲ့ လုပ်ငန်းစဥ် တွေ လုပ်တဲ့အခါမှာ အင်မတန် ရိုက်ခတ်မှုကြီးတယ်။ ကျွန်တော်တို့ ထင်သလောက် ကျောင်းသားထုကို စည်းရုံးတာမျိုး ကျောင်းသားထုအတွက် လုပ်ပေးတာမျိုးတို့ အများကြီး လုပ်လို့မရဘူး။ အဲလိုဟာမျိုးတွေ ရှိတယ်။ ကျွန်တော် အဲ့ဒီနှစ်မှာကတည်းက တွေးခဲ့တဲ့ကိစ္စက သမဂ္ဂဟာ ကျောင်းသားထု နဲ့ ဒီထက်ပိုပြီး နီးစပ်ဖို့ လိုတယ်။ တကယ့်ကျောင်းသားထုကြီးကို လုံးဝ ကိုယ်စားပြုနိုင်တဲ့ သမဂ္ဂဖြစ်ဖို့ လိုတယ်ဆိုတဲ့ဟာမျိုး ကျွန်တော်အမြဲတမ်း တွေးခဲ့တာမျိုးတွေ ရှိတယ်။ ဆိုတော့ ကျွန်တော် ဒီမှာ ပြန်ချုပ်ပြီး ပြောရမယ် ဆိုရင်‌တော့ဗျာ ကျွန်တော် သမဂ္ဂမှာ ၂၀၁၈ မှာ ကျွန်တော်တာဝန်ယူတယ်။ စာပေနဲ့ အနုပညာ တာဝန်ခံ လုပ်တယ်။ ဒါပေမဲ့ အဲ့ဒီနှစ်မှာ ကျွန်တော် တာဝန် ယူခဲ့တဲ့ လုပ်ရပ်တွေ လုပ်ခဲ့တဲ့ကိစ္စတွေအတွက် ကျွန်တော်အားမရတာတွေ ရှိတယ်။ အများကြီး ကျွန်တော် မလုပ်ခဲ့နိုင်ဘူး ထင်တယ်။ အဲ့ဒီအတွက်ကြောင့် အခြေအနေ ပေးလာတဲ့အခါမှာ ကျွန်တော်သမဂ္ဂ ဥက္ကဋ္ဌအဖြစ်ပေါ့လေ။ ကျွန်တော် အဲ့ဒီနေရာအတွက် ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ ကျွန်တော် စဥ်းစားတဲ့ ကိစ္စက ရှင်းတယ်။ သမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးကောက်ပွဲဝင်တဲ့အခါမှာ ကျွန်တော် ခုနက ပြောခဲ့တဲ့ ရည်ရွယ်ချက်ထဲမှာပါတဲ့ သမဂ္ဂနဲ့ ကျောင်းသားနဲ့ ပိုပြီး နီးစပ်အောင် လုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် ကျွန်တော့်မှာ ရှိတယ်။ နောက်တစ်ခုကကျတော့ ကျွန်တော် ရွေးကောက်ပွဲဝင်တဲ့နှစ်ဟာ ဒီ ၂၀၂၀‌ ပေါ့။ ဆိုတော့ ၂၀၂၀ သည် မြန်မာ့နိုင်ငံရေးမှာ အ‌ရေးကြီးတဲ့ နှစ်တစ်နှစ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ဆိုလိုချင်တာက အကြီးမားဆုံး ပြောရရင်တော့ အထွေထွေရွေးကောက်ပွဲ ရှိတယ်။ ကျန်တဲ့နိုင်ငံရေးလှုပ်ခတ်မှုတွေ ရှိတယ်။ အဲ့ဒီလိုအခြေနေတွေ အများကြီး ရှိတယ်ပေါ့လေ။ ဆိုတော့ ကျွန်တော် ကြိုပြီးတော့ မမျှော်လင့်ထားတဲ့ ကိစ္စထဲမှာ ကိုဗစ်လိုဟာမျိုးတောင် ပါလာ သေးတာပဲ။ အဲ့ဒီလိုမျိုး မြန်မာ့နိုင်ငံရေးအပြောင်းလဲတွေ ဖြစ်နိုင်တယ်ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ရဲ့ နိုင်ငံရေးသိမှုနဲ့ စဥ်းစားကြည့်တဲ့အခါမှာ လှုပ်လှုပ် ခတ်ခတ်တွေ တိုင်းပြည်မှာ ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးမျိုး ကျွန်တော်တို့ တွေးခဲ့တာမျိုးလည်း ရှိတယ်။ ဒီနေရာမှာ ကြိုပြီး ပြောရရင်တော့ အာဏာ သိမ်းကောင်း သိမ်းလိုက်နိုင်တယ်နော်ဆိုတဲ့ အတွေးမျိုးတွေ ကျွန်တော်တို့ ရွေးကောက်ပွဲမဝင်ခင် အမှု‌ဆောင်တွေ ကြားထဲမှာ ပြောဖြစ်တာမျိုးတွေ ရှိတယ်။ အဲတော့ ကျွန်တော် နောက်ထပ် ဒီမှာ ပြန်ပြီးချုပ်ပြောရရင် ကျွန်တော် ဥက္ကဋ္ဌရွေးကောက်ပွဲဝင်တာက သမဂ္ဂနဲ့ ကျောင်းသားကို ပိုပြီးတော့ နီးစပ်မှုရှိဖို့ ကျွန်တော်စဥ်းစားတယ်။ နောက် တစ်ခုကကျတော့ ကျွန်တော်တို့ ဒီ မြန်မာ့ နိုင်ငံရေးမှာ အရေးကြီးတဲ့ နှစ်မျိုးလို့ ကျွန်တော်စဥ်းစားတဲ့အတွက် ကျွန်တော် ဟာ အဲ့ဒီအချိန်မှာ သမဂ္ဂမှာ တာဝန်တစ်ခုယူထားပေးပြီး အလုပ်လုပ်ချင်တဲ့ ဆန္ဒအများကြီး ရှိတယ်။ အဲ့ဒီအတွက်ကြောင့် ရွေးကောက်ပွဲဝင် ဖြစ်ခဲ့တယ် ပေါ့လေ။

ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲတွေဟာ ကျောင်းသားထုကို ဒီမိုက‌ရေစီကျင့်စဥ်တွေနဲ့ ထိတွေ့စေခြင်းပေါ့နော် အဲ့ဒီအပေါ်မှာ ခင်ဗျားရဲ့ အမြင်က ဘယ်လိုရှိလဲ။

သေချာတာပေါ့။ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲတွေက‌ ကျောင်းသား တွေကို ဒီမိုကရေစီကျင့်စဥ်တွေနဲ့ ပထမဆုံး ထိတွေ့ပေးခြင်းလို့ ဆိုလိုချင်ပါ တယ်။ တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ သူတို့ဘဝမှာ ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်တယ်ဆိုတဲ့ ကိစ္စမျိုးတွေ ငါတို့ရဲ့ မဲပေးရွေးချယ်မှုနဲ့ အမှုဆောင် တွေကို ငါတို့ရွေးချယ်လို့ရတယ်ဆိုတဲ့ စနစ်မျိုးပေါ့နော်၊ အဲဒါမျိုး တကယ့်ကို သူတို့မဲပေးလိုက်တဲ့အတိုင်း ရွေးချယ်တဲ့ ကျောင်းသားသမဂ္ဂရွေးကောက်ပွဲ ဆို တဲ့ ကိစ္စကို သူတို့ ပထမဆုံး ထိတွေ့ရတယ်။ အဲ့ဒီဟာက သူတို့ကို တကယ့် ဒီမိုကရေစီနည်းကျ ဒီမိုကရေစီကျင့်စဥ်နဲ့ ထိတွေ့ခွင့်ပေးတာပါပဲ။ အဲ့ဒါကို ကျွန်‌တော် လက်ခံပါတယ်။

ခင်ဗျားကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဖြစ်တုန်းက ကျောင်းသားတွေက ခင်ဗျားတို့ သမဂ္ဂကို ကြည့်မရတာတွေ ရှိကြတယ်နော်။ အဲ့ဒါ ဘာကြောင့်လို့ထင်လဲ။

မှန်ပါတယ်။ ကျွန်တော် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အချိန်မှာ သမဂ္ဂနဲ့ ကျောင်းသားထုကြားထဲမှာ ခုနကလိုမျိုး ပြောတဲ့ အမြင် မကြည်မှုတွေပေါ့လေ၊ အချင်းချင်း ပုတ်ခတ်မှုတွေက ရှိခဲ့ပါတယ်။ ဆိုတော့ ကျွန်တော်ထင်သလောက်ကပေါ့လေ ကျွန်တော် အရှေ့မေးခွန်းမှာလည်း ဖြေခဲ့ ပြီးသလိုပါပဲ။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ထဲမှာကိုက ကျောင်းသားနဲ့ သမဂ္ဂနဲ့ ကြား ပိုပြီးတော့ နီးကပ်လာစေလိုတဲ့ ရည်ရွယ်ချက်မျိုး ရှိပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ဟာ သပ်လျှိုသွေးခွဲခြင်း ခံခဲ့ရတယ်။ ဆိုလိုတာက သမဂ္ဂသည် ပုံဖျက်ခံခဲ့ရတယ်။ ဒီလိုအခြေနေတွေ အများကြီး ရှိခဲ့တာပေါ့။ ဆိုတော့ ကျွန်တော်တို့ဟာ သမဂ္ဂနဲ့ ကျောင်းသားကြား သပ်လျှိုသွေးခွဲ ခံခဲ့ရ ပြီးတော့ ဒီကြားထဲမှာ ဘာတွေ ပေါ်လာလဲဆိုရင် နိုင်ငံ‌ရေးမနွယ်သော၊ နိုင်ငံရေးနဲ့ မပတ်သတ်သော ကျောင်းသားအဖွဲ့အစည်းတွေကို အာဏာရ အစိုးရတွေက ဖွဲ့စည်းပေးခဲ့တာမျိုးတွေ ရှိလာတယ်။ ဆိုလိုချင်တာက ကျောင်းသားတွေက အဖွဲ့စည်းတွေ ဖွဲ့စည်းခွင့်ရှိတာမှန်တယ်။ ဒါပေမယ့် နိုင်ငံရေးမလုပ်ရဘူးဆိုတဲ့ အခြေအနေမျိုးပေါ့။ အဲဒါကို ကျောင်းသားထုကြား ထဲမှာ ကျောင်းသားထုရဲ့ စိတ်ထဲမှာ စိမ့်ဝင်နေအောင်ကို လုပ်ပေးခဲ့တယ်ဗျ။ ဆိုတော့ အဲဒီကိစ္စ အရမ်းပြဿနာရှိပါတယ်။ အဲတော့ ကျောင်းသားသမဂ္ဂတွေ က နိုင်ငံရေး လုပ်လာလို့ ရှိရင်၊ နိုင်ငံရေးစကားတွေ ပြောလာကြလို့ရှိရင်၊ ကျောင်းသားတွေက ဒါဟာ သမဂ္ဂက သမဂ္ဂအလုပ်လုပ်နေတာ မဟုတ်ဘူးလို့ သူတို့မြင်လာကြတဲ့ အခြေနေမျိုးပေါ့။ ဆိုတော့ ကျွန်တော်တို့လည်း အဲဒါမျိုး တွေ ကြုံရပါတယ်။ ကျောင်းသားထုကို နိုင်ငံရေးစိတ်ဓာတ်တွေ ထကြွနေဖို့ လိုတယ်။ သူတို့ရဲ့ နိုင်ငံရေးအသိအမြင်တွေဟာ ပွင့်နေဖို့လိုတယ်။ ကျွန်‌တော် တို့က အဲဒီ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ကြတယ်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသံတွေ ထွက်ခဲ့ကြတယ်။ အဖိနှိပ်ခံတွေဘက်က ရပ်တည်ခဲ့ကြတယ်။ နောက်ပြီးတော့ တိုင်းရင်းသားလူမျိုးစုအရေးတွေမှာ ကျွန်တော်တို့တွေ သမဂ္ဂအနေနဲ့ ကျယ်ကျယ်လောင်လောင် အသံတွေ ထွက်ခဲ့ကြတယ်။ ဒါပေမယ့် ကျောင်းသားတွေက အဲ့ဒီနောက်ကို လိုက်ပြီးတော့ သမဂ္ဂရဲ့ ဦးဆောင်မှုနဲ့ အတူတူ လုပ်ရမယ့်အစား ခုနက ပြောတဲ့ သမဂ္ဂကို လမ်းလွဲနေပြီ ဖြစ်ကြောင်း ပေါ့။ မင်းတို့ဟာ လမ်းလွဲ နေပြီ။ ကျောင်းသားဟာ ကျောင်းသားအလုပ်လုပ်ဖို့ လိုတယ်။ ဒီလို နိုင်ငံရေးတွေ လုပ်ချင်ရင် တခြားသော ပါတီတွေက လုပ်ပါလိမ့်မယ်ဆိုတဲ့ ပုံစံမျိုးတွေပေါ့ဗျာ။ အဲဒါမျိုးတွေနဲ့ ကျွန်တော်တို့တွေဟာ အင်မတန်ကို ပုတ်ခတ်ခံခဲ့ရတယ် ပေါ့နော်။ အဲဒီအချိန်တွေ ရှိခဲ့ပါတယ်။ ဆိုတော့ ကျွန်တော်ဆိုလိုချင်တာက ခုနကပြောခဲ့တဲ့ သမဂ္ဂနဲ့ ကျောင်းသား ကြား သွေးခွဲခံခဲ့ရမှုကာလကြီးက အင်မတန် ကြာမြင့်ခဲ့တယ်။ ကျွန်တော်တို့က အဲဒါကို လွယ်လွယ်ကူကူ ပြန်လည်မပြင်ဆင် နိုင်ခဲ့ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်ယုံကြည်ပါတယ်။ ဆိုတော့ လက်ရှိအခြေအနေပေါ့ စစ်အာဏာသိမ်း ပြီးနောက်ပိုင်း တကယ့်ကို တော်လှန်ရေးပေါက်ကွဲထွက်လာတဲ့အခါမှာ ကျောင်းသားတွေနဲ့ သမဂ္ဂနဲ့ဟာ တစ်သားတည်းဖြစ်ခဲ့ပါတယ်။ ကျောင်းသား တွေ အားလုံးသည်လည်း သမဂ္ဂခွပ်‌‌ဒေါင်းအလံတော်အောက်မှာ ညီညီညာညာ စုရုံးနိုင်ခဲ့ပါတယ်။ နောက်ပြီးတော့ သမဂ္ဂရဲ့ ဦးဆောင်မှုနောက်မှာ ကျောင်းသားထု တစ်ရပ်လုံး ညီညွတ်ခဲ့တယ်ပေါ့လေ။ ဒါပေမယ့်လို့ တကယ် အရေးကြီးလာတဲ့ အခြေအနေမျိုး၊ တကယ်တမ်း ကျွန်တော်တို့ သွေးစည်းဖို့ လိုတဲ့ အခြေအနေမျိုးတွေမှာ သမဂ္ဂနဲ့ ကျောင်းသားဟာ တစ်သားတည်းပါပဲလို့ ကျွန်တော်မြင်ပါတယ်။

အာဏာမသိမ်းခင်က ဒီမိုကရေစီကာလမှာ သမဂ္ဂဥက္ကဋ္ဌ တစ်‌ယောက် အနေနဲ့ ကျောင်းအတွက် ခင်ဗျားဘာတွေလုပ်ခဲ့လဲ။

တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ ဘဝမှာ တက္ကသိုလ်ရပ်ဝန်းက အင်မတန် အရေးကြီးပါတယ်။ တက္ကသိုလ်ရပ်ဝန်းလို့ ကျွန်တော် ပြောတဲ့ အခါမှာ ပြောစရာတွေတော့ အများကြီး ရှိတာပေါ့ဗျာ။ ဥပမာအားဖြင့် ပညာရေးကိစ္စတွေရှိမယ်၊ အဖွဲ့အစည်း အသင်းအပင်းတွေ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်တွေ ရှိမယ်၊ နောက်ပြီးတော့ တက္ကသိုလ်ရဲ့ infrastructure လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာကိစ္စတွေ ရှိမယ်။ ကျွန်တော် ဒီမှာ ရုပ်ပိုင်းဆိုင်ရာကိစ္စတွေကို အရင်ဆုံးပြောချင်တယ်။ ကျွန်တော်တို့ တက္ကသိုလ်မှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုက အင်မတန် အားနည်းတယ်။ အင်မတန် အားနည်းတယ်ဆိုတာထက် ကျွန်တော်တို့ဟာ ချွတ်ခြုံကျနေတယ် ဆိုတဲ့ဘက်ကိုတောင် ရောက်တယ်လို့ ကျွန်တော်မြင်တယ်။ ခုနက ကျွန်တော် ပြောခဲ့သလိုပဲ တက္ကသိုလ်ရပ်ဝန်းက တက္ကသိုလ်ကျောင်းသားတွေအတွက် အင်မတန် အ‌ရေးကြီးတာပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ စပြီးတော့ ‌တက္ကသိုလ်နောက်ခံဝတ္ထုတွေ ဖတ်ရတဲ့အခါမှာ အင်မတန် လွမ်းမောဖွယ်ရာ ကောင်းတဲ့၊ အမြဲတမ်း တသသဖြစ်နေစရာတွေရှိတဲ့ ရန်ကုန်တက္ကသိုလ် လိုဟာမျိုးကို အမြဲတမ်း မြင်ရတာပေါ့လေ။ ဒါဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက် တက္ကသိုလ်ရပ်ဝန်းရဲ့ လွှမ်းမိုးမှု ကြီးဟာ အင်မတန်ကြီးလို့ပါပဲ၊ သူ့စိတ်ကို ညှို့နိုင်စွမ်း အင်မတန် ကြီးလို့ ပါပဲ။  ဒါပေမဲ့ ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှာ အဲ့ဒီလို အခြေနေမျိုး လုံးဝ မရှိဘူး။ ကျွန်တော်တို့ အဲတာကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် ကြိုးစား ကြည့်ခဲ့တယ်ပေါ့လေ။ ဆိုလိုချင်တာက ပထမဆုံးအဆင့်သည် တက္ကသိုလ် ကြီးကို ဘယ်လိုတည်ဆောက်မယ်၊ ဘာတွေ ထားမယ်၊ လွမ်းမောဖွယ် ကောင်းအောင် ဘယ်လိုလုပ်မယ်၊ တိုးတက်လာအောင် ဘာတွေလုပ်မလဲ ဆိုတာမျိုး ကျွန်‌တော်တို့ မတွေးခင်မှာ အရင်ဆုံးစပြီး ရင်ဆိုင်ရတဲ့ကိစ္စက လာဘ်စားမှုပဲ။ အဲဒါက ကျွန်တော်တို့ ခေတ်မှာ တော်တော်လေး ဆိုးတဲ့ကိစ္စပါ။ ကျွန်တော်တို့ ခေတ်လို့ ပြောတဲ့အတွက် အရင်ခေတ်တွေက မဆိုးဘူးလို့‌ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့စည်းထဲမှာ လာဘ်စားမှု ဆိုတဲ့ ကိစ္စက အမြဲတမ်း ယှဥ်တွဲပြီး ရှိနေခဲ့တာ။ ဆိုတော့ ကျွန်တော်တို့ ကျောင်းတက်နေတဲ့ ခေတ်ကာလကို ဒီမိုကရေစီခေတ်လို့ သတ်မှတ်ထားကြ တယ်ဆိုပေမဲ့ ကျွန်တော့်အနေနဲ့ဆိုရင် ဒီမိုက‌ရေစီအပြည့်အဝလို့ မသတ်မှတ် ပါဘူး။ အဲဒီခေတ်မှာလည်း လာဘ်စားမှုက ရှိနေဦးမှာပဲ။ ဆိုလိုချင်တာက တက္ကသိုလ်အတွက် ဘတ်ဂျက်ချပေးတယ်၊ အဆောက်အအုံတွေ တည်ဆောက်ဖို့၊ လမ်းတွေ တည်ဆောက်ဖို့ စသည်ဖြင့်ပေါ့ဗျာ၊ ဒါပေမယ့် ဒီဟာတွေက တက္ကသိုလ်ရဲ့ တည်ဆောက်ရေးအပိုင်းမှာ သေချာမ‌ရောက်ဘူး။ ကြားထဲမှာ လာဘ်စားမှုတွေ အများကြီးရှိခဲ့တယ်။ အဲဒါတွေကို ကျွန်တော်တို့ သမဂ္ဂအနေနဲ့ ထိန်းသိမ်းတာမျိုး တားဆီးတာမျိုးတွေ များစွာကြိုးစားခဲ့တာ ရှိတယ်။ ဒါပေမယ့်ဗျာ ဒီလိုမျိုး နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့ အကျင့် ဆိုးကြီးတွေကို ကျွန်တော်တို့က နှစ်ပိုင်းလေး တစ်နှစ်၊ နှစ်နှစ်တည်းနဲ့ ကျွန်တော်တို့ မပြင်နိုင်ခဲ့ဘူးပေါ့ဗျာ။ အဲလိုကိစ္စမျိုးတွေ ရှိတယ်။ ဆိုတော့ ကျွန်တော်ချုပ်ပြီး ပြောရရင် တက္ကသိုလ်ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိစ္စတွေ ဆောင်ရွက်ခဲ့တာမျိုးတွေ ရှိပါတယ်။ လာဘ်စားမှုတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် တားဆီးပြီးတော့ တက္ကသိုလ်နဲ့ ပိုပြီးသင့်တော်ကောင်းမွန် မယ့် ရေခံမြေခံပေါ်မှာ သင့်တော်မယ့် အဆောက်အအုံတွေ၊ လမ်းတွေ ပြီးတော့ ကျောင်းသားတွေအတွက် အန္တရာယ်ကင်းတဲ့ တည်ဆောက်မှု မျိုးတွေ၊ ဥပမာ အားဖြင့် လမ်းတွေမှာ ပလက်ဖောင်းတွေမရှိဘူး၊ ဒါတွေဟာ ကျောင်းသားတွေ အတွက် အန္တရာယ်ရှိနိုင်တဲ့ ကိစ္စတွေ ဖြစ်တယ်။ အဲလိုမျိုးတွေမှာ ကျွန်တော်တို့ သမဂ္ဂအနေနဲ့ အများကြီး ပါဝင်ခဲ့တယ်‌။ တက္ကသိုလ်ရပ်ဝန်းအနေနဲ့ ပြောရရင် တော့ ဒါဟာ တက္ကသိုလ်ရဲ့ infrastructure တည်ဆောက်ရေးပေါ့ဗျာ။ ဒီလို ရုပ်ပိုင်းဆိုင်ရာ ကိစ္စတွေဆိုတာက တစ်ပိုင်းပါ။

နောက်တစ်ပိုင်းမှာဆိုရင်တော့ ကျွန်‌တော်ခုနက ပြောခဲ့တဲ့ ကျောင်းသား တွေရဲ့ အခွင့်‌အရေးတွေကို ကာကွယ်မယ့် ကိစ္စရပ်တွေပေါ့။ အဲလိုဟာတွေ ကလည်း အင်မတန်မှ အရေးကြီးပါတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ အမျိုးသမီးရေးရာကဏ္ဍတွေ၊ ကျောင်းသူတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ စတဲ့ မလုံခြုံမှုတွေပေါ့ဗျာ။ ဒီလိုကိစ္စမျိုးတွေကိုလည်း ကျွန်တော်တို့ သမဂ္ဂအနေနဲ့ တတ်နိုင်တဲ့ အပိုင်းတွေကို လုပ်ဆောင်ခဲ့တာတွေ ရှိတယ်။ ဒီနေရာမှာလည်း အမျိုးသမီးရေးရာကော်မတီလိုဟာမျိုးတွေ ကျောင်းသားထု အခွင့်အရေးကို ကာကွယ်ရေးကိစ္စတွေအတွက် ကျွန်တော်တို့ အမှုဆောင်တွေ ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သမဂ္ဂမှာ တာဝန်ယူနေစဥ်အတွင်းမှာကို နေ့စဥ်နဲ့အမျှ ကျွန်တော် တို့ကို လာရောက်တိုင်ကြား‌တာတွေကို သမဂ္ဂက လိုက်လံဖြေရှင်းတာတွေ၊ ဒီထက်ပိုပြီးတော့ ဆိုးရွားတဲ့ ကိစ္စမျိုးတွေဆို ကျောင်းအုပ်ချုပ်ရေးအဖွဲ့ သို့တည်းမဟုတ် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆက်လက်ချိတ်ဆက်ပြီး တော့ ဆောင်ရွက်တာမျိုးတွေ ဒီလို အပိုင်းတွေကို ကျွန်တော်တို့ အများကြီး ဆောင်ရွက်ခဲ့တယ်။ အဲဒီတော့ ကျောင်းသားတွေရော၊ ကျောင်းသူတွေရောရဲ့ အခွင့်အရေး၊ ကာကွယ်ရေးကိစ္စတွေအတွက် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာ တွေ အများကြီးရှိခဲ့ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ပညာ‌ရေး အပိုင်းပေါ့။ ပညာရေးအပိုင်းက အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကျောင်းသားတွေ ဖြစ်တဲ့အတွက် ပညာ‌ရေးမှာ ပညာရှင်တွေ ကဲ့သို့ ဘာတွေပြင်ရမယ်၊ ဘာတွေလုပ်ရမယ်စသဖြင့် အဲဒီ အဆင့်ထိ လုပ်နိုင်ခဲ့ တာကို ဆိုလိုတာပါ။ ဒါပေမယ့် ပညာရေးအပိုင်းမှာ အားလုံးတန်းတူသော ပညာရေးဖြစ်စေဖို့ စသည်ဖြင့်ပေါ့ဗျာ။ အဲဒီဟာမျိုးကို ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာ ရှိတယ်။ သမဂ္ဂသည် သမဂ္ဂရဲ့မူ၊ သမဂ္ဂရဲ့ စံတန်ဖိုးတွေနဲ့အတူ ပညာရေးစနစ် တိုးတက်ကောင်းမွန်လာအောင် တတ်နိုင်တဲ့အပိုင်းက ကျွန်တော်တို့ နိုင်ရာဝန်ကိုတော့ ထမ်းခဲ့ကြတာပါပဲ။

လက်ရှိအာဏာသိမ်းမှုရဲ့ အဓိကအကြောင်းအရင်းက ဘာဖြစ်မယ် ထင်သလဲ။

စစ်အာဏာရှင်စနစ် တစ်ကျော့ပြန် ခေါင်းထောင်မှုပါပဲ။ ကျွန်တော်ကတော့ ဒီလိုမြင်တယ်။ ဆိုလိုချင်တာက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့အတွက် ကျွန်တော်တို့ တိုင်းပြည်မှာ တော်လှန်ရေး အဆက်ဆက်ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီတော်လှန်ရေးတွေရဲ့ ရည်မှန်းချက်တွေ၊ ကြွေးကြော်သံတွေက ဆုံးခန်း မတိုင်ခဲ့ဘူး။ ဆိုလိုချင်တာက စစ်အာဏာရှင်စနစ်က ကျွန်တော်တို့ မြေပေါ်မှာ အမြဲတမ်းရှိနေခဲ့တယ်။ ဒီ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက အဲဒီ စစ်အာဏာရှင် စနစ် တစ်ကျော့ပြန်ပြီး‌တော့ ခေါင်းထောင်လာတဲ့ကိစ္စပဲ။ ကျွန်တော်ကတော့ အဲ့ဒီလိုမြင်တယ်။

အာဏာသိမ်းတယ်ဆိုတဲ့ သတင်းကြားရတော့ ဘယ်လို ခံစားမိလဲ။

အာဏာသိမ်းမယ် ဆိုတာကိုတော့ ကျွန်တော်တို့ မျှော်လင့်ထားပြီးသားပါ။ ဒါက ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေ၊ သမဂ္ဂ အမှုဆောင်တွေ ကြားထဲ မှာလည်း မကြာခဏ ဆွေနွေးဖြစ်တဲ့ကိစ္စပါ။ အဲဒီထက်ပိုပြီး ခိုင်မာသွားစေတဲ့ ကိစ္စက အာဏာမသိမ်းခင် ရက်ပိုင်းအလိုမှာ စစ်တပ်ကနေ ဒီစကားကို ဖွင့် ပြောလာတဲ့ အချိန်မျိုးကိုပါ ကျွန်တော်တို့ ကြားရတယ်။ အဲဒီတော့ ကျွန်တော် တို့က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ အယူအဆကို ကြိုပြီး တွက်ထားပြီးသားပါ။ စစ်အာဏာသိမ်းတယ်လို့ ကျွန်တော်တို့ စသိရတဲ့ အချိန်က တကယ့်ကို မနက် သုံးနာရီလောက်ပေါ့လေ။ ကျွန်တော့် သမဂ္ဂရဲဘော်တွေက ကျွန်တော့်ကို ဖုန်း ဆက်ပြီး နှိုးတယ်။ ရှောင်ဖို့တိမ်းဖို့ ကျွန်တော့်ကို ပြောတယ်။ အဲဒီမှာ ကျွန်တော် စသိတာပေါ့။ စစသိချင်းမှာ ကျွန်တော် အရင်ဆုံးစဥ်းစားဖြစ်တာက မိသားစု ပါပဲ။ မိသားစုနဲ့ အရင်ဆုံး စကားပြောဖြစ်တယ်။ ကျွန်တော် သူတို့ကို ပြော တယ်။ သားအနေနဲ့ ဒီမှာ တော်လှန်‌ရေးလုပ်မယ်ပေါ့၊ တော်လှန်ရေးလုပ်မှ ဖြစ်မယ်။ ဒီ စစ်အာဏာရှင်စနစ် တော်လှန်ရေးကို သားလုပ်မှဖြစ်မယ်။ အဲ့ဒီ လိုမျိုး လုပ်မှာဖြစ်တဲ့အတွက် ဆုံးရှုံးမှုတွေ ရှိနိုင်တယ်၊ ထိခိုက်မှုတွေ ရှိနိုင်မယ်၊ အဖမ်းခံရနိုင်တယ်၊ ဒါမှမဟုတ် သေသွားနိုင်တဲ့အထိ ဖြစ်လာမယ်လို့ ကျွန်တော်တို့ တိုင်ပင်ပါတယ်။ ဆိုတော့ သူတို့က လုပ်ပါပေါ့၊ ဒါဟာ လုပ်မှ ဖြစ်မယ်၊ လုပ်ကို လုပ်ရမယ့်ကိစ္စပဲ ဆိုတဲ့ဟာမျိုး သူတို့နဲ့ အရင်ဆုံး ပြောဖြစ်တယ်။ အဲဒါ ဒီကိစ္စ စစသိချင်း မနက်သုံးနာရီမှာ ကျွန်တော့်အဖေရယ် အမေရယ်ကို နှိုးပြီးတော့ ထစကားပြောဖြစ်တဲ့ ကိစ္စပေါ့။ အဲဒါပါပဲ။

အာဏာသိမ်းမှုကို လက်မခံတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ဖို့ ပွဲဦးထွက် လှုပ်ရှားမှုတွေကို ဘယ်လိုပြင်ဆင်ခဲ့ရလဲဆိုတဲ့ အတွေ့အကြုံလေး ပြောပြပါဦး။

စစ်အာဏာစသိမ်းတဲ့ ရက်ကတည်းကစပြီးတော့ အထူးသဖြင့် ကျွန်တော်တို့ ကျောင်သားသမဂ္ဂ တစ်ခုနဲ့တစ်ခုကြား၊ သမဂ္ဂရဲဘော်တွေ တစ်ယောက်နဲ့ တစ်ယောက်ကြား အဆက်သွယ်မပြတ်စေရေး၊ အမြဲတမ်း ဆက်သွယ်နေနိုင် ရေးပေါ့၊ အဲ့ဒီလို အခြေခံအချက်တွေက စပြီးတော့ ကျွန်တော်တို့ ပြင်ဆင်ခဲ့ တယ်။ ဆိုတော့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေနဲ့ ဖေဖော်ဝါရီ နှစ်ရက်နေ့ကနေ စပြီးတော့ လှုပ်ရှားမှုတွေ စလုပ်ခဲ့တာပေါ့။ အဲဒီလှုပ်ရှားမှုတွေ က ဘာတွေလဲဆို‌တော့ စာရွက်တွေ လမ်းမတွေပေါ်မှာ ကြဲတာတို့၊ ရပ်ကွက် တွေထဲမှာ၊ စျေးတွေထဲမှာ ကြဲတဲ့ လှုပ်ရှားမှုတွေ ကျွန်တော်တို့ စလုပ်ခဲ့တယ်။ စာရွက်တွေပေါ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက “အာဏာသိမ်း စစ်အုပ်စု ကျဆုံးပါစေ၊ စစ်တပ်ကို နိုင်ငံရေးထဲက မောင်းထုတ်ကြ” ပြီးတဲ့ အခါမှာ “တစ်ဦးတစ်ယောက်ချင်းစီရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု တိုင်းတွင် တစ်ခဲနက်ပါဝင်ကြ” ဆိုတဲ့ စာသားတွေ ဖော်ပြထားတဲ့ စာရွက်တွေ ကြဲကြပါတယ်။ အဲလိုဟာမျိုးတွေ ကျွန်တော်တို့ ဒဂုံတက္ကသိုလ်ကျောင်းသမဂ္ဂ အမှုဆောင်တွေနဲ့ အဖွဲ့ဝင်တွေ ညလုံးပေါက် စာရွက်တွေထုတ်ကြ၊ စာရွက်တွေ ဖြတ်ကြ၊ ခိုးပြီး စာရွက်တွေ ဝေကြ ကြဲကြပေါ့၊ အဲလိုဟာမျိုးတွေ ကျွန်တော်တို့ စပြီး လုပ်ဖြစ်ခဲ့ကြတယ်။ အဲဒါနဲ့ တစ်ပြိုင်တည်းမှာပဲ လူထုလှုပ်ရှားမှုတစ်ရပ် အမြန်ဆုံး ပေါ်ပေါက်လာဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်။ အဲဒီနေရာမှာ အလုပ်သမားသမဂ္ဂတွေနဲ့ တွေ့ဆုံစကားပြောတဲ့ ကိစ္စတွေလည်း ရှိခဲ့တယ်။ ကျောင်းသားသမဂ္ဂတွေနဲ့ တွေ့ဆုံစကားပြောတဲ့ ကိစ္စတွေလည်း ရှိခဲ့တယ်။ နောက်ပြီးတော့ အာဏာဖီဆန်တဲ့ ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံစကားပြောတာ တွေလည်း ရှိတယ်ပေါ့။ အဲ့ဒီလို ပေါ်ပေါက်လာစေဖို့ ကျွန်တော်တို့ လုပ်ခဲ့တယ်။ အရင်ဆုံးစပြီးတော့ လုပ်ဖို့ စဥ်းစားမိတဲ့ အချက်က တက္ကသိုလ်ဝင်းတွေထဲက နေပြီးတော့ ကျောင်းသားတွေ စတင်ဆန္ဒပြမှုပါ။ အဲဒါကို ကျွန်တော်တို့က တခြားသော သမဂ္ဂတွေနဲ့လည်း တိုင်ပင်ပြောပြခဲ့ပါတယ်။ တက္ကသိုလ်မြေ ကနေပြီးတော့ ကျောင်းသားတွေက တော်လှန်ရေးစပြီး လုပ်မယ်။ ဒီ တော်လှန်ရေး လှိုင်းလုံးကို ကျောင်းသားတွေကစပြီး ဖန်တီးမှရမယ် ဆိုတာမျိုး ကျွန်တော်တို့ ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှာတော့ ဖေဖော်ဝါရီလ ငါးရက်နေ့မှာ ပေါ်လာခဲ့တယ်။ အဲဒီနေ့က ဆရာ၊ ဆရာမတွေ စီဒီအမ်လှုပ်ရှားမှုပေါ့လေ၊ အဲဒီဟာကို ဝန်းရံတဲ့အထဲမှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဆန့်ကျင်ဆန္ဒပြပွဲကြီးဟာ အဲနေ့ကစပြီး ဒဂုံတက္ကသိုလ်မှာ ပေါ်လာတယ်ပေါ့။ အဲဒါနဲ့ နောက်ဆက်တွဲမှာတော့ အားလုံးသိကြတဲ့အတိုင်းပဲ လမ်းမပေါ် လူထုလှုပ်ရှားမှုတွေ၊ လူပင်လယ်တွေ၊ လူထုရဲ့ သိန်းနဲ့သန်းနဲ့ချီတဲ့ စုဝေးမှုကြီးတွေ ဆက်လက် ပေါ်ပေါက်လာတာပေါ့လေ။

ခင်ဗျားရဲ့ကျော်ကြားတဲ့ စကားတစ်ခွန်းဖြစ်တဲ့ “စစ်အုပ်စုကို အကြောက်တရားထည့်ပေးရမယ်”၊ “စစ်အုပ်စု စောက်ကျိုးနည်းမယ့်ပွဲ” အဲဒီစကားတွေနဲ့ပတ်သတ်ပြီး ရှင်းပြပေးလို့ရလား။

ကျွန်တော်တို့တွေ စစ်ကြောင်းချီတက်တဲ့အခါမှာ၊ ကျောင်းသားနဲ့ လူထုကို သပိတ်တရားတို့ မကြောက်တရားတို့ ဟောရတဲ့အခါမှာ ကျွန်တော်က တစ်ခါမှ ပြင်ဆင်ထားတာမျိုး မလုပ်ခဲ့ဖူးဘူး။ ဥပမာအားဖြင့် ‘ငါ့ရဲ့မိန့်ခွန်းမှာ ဒီနေ့တော့ ဘာအကြောင်းတွေကို ထည့်ပြောမယ်’ဆိုတာမျိုး ပြင်ဆင်ထားတာမျိုး မရှိဘူး၊ ချရေးထားတာမျိုးလည်း မရှိသလို မှတ်ထားတာမျိုးလည်း မရှိခဲ့ပါဘူး။ အဲဒီ တော့ များသောအားဖြင့် ကျွန်တော်က ကားခေါင်မိုးတွေပေါ်မှာ၊ ဒါမှမဟုတ် စားပွဲတွေပေါ်မှာ၊ တစ်ခါတလေ နည်းနည်းမြင့်တဲ့ နေရာတွေပေါ်မှာ၊ အဲဒီနေရာ တွေ‌‌ရောက်လို့ တရား‌ဟောခါနီးကျလို့ရှိရင် လက်တန်းပြောဖြစ်တာတွေ များပါ တယ်။ “ဒီပွဲက စစ်အုပ်စုစောက်ကျိုးနည်းမဲ့ပွဲ” ဆိုတာ တစ်နေရာရာမှာတော့ ကျွန်တော် ပြောခဲ့ဖူးမှာပေါ့။ ကျွန်တော် ဘယ်နေရာမှာ ပြောခဲ့လဲဆိုတာတော့ မမှတ်မိတော့ပါဘူး။ ထားပါတော့။ အဲဒါက အရင်ကလည်း ကျွန်တော် ပြော လေ့ရှိခဲ့သလိုပဲ ကျွန်တော်တို့က စစ်အာဏာသိမ်းမှုကို အခွင့်အရေးတစ်ရပ် အနေနဲ့ ရှုကိုရှုမြင်ရမှာပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ လိပ်ခဲတည်းလည်း ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတဲ့ ပြဿနာတွေ၊ ပြည်သူတွေ ပိတ်မိနေတဲ့ ပြဿနာတွေ အများကြီးရှိတယ်။ အဲဒါတွေက ဘာတွေလည်းဆိုရင် ခုနက ပြောခဲ့တဲ့ စစ်အာဏာရှင်စနစ်က ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနေတုန်းပဲ၊ စစ်အုပ်စုက နိုင်ငံရေးထဲမှာ ပါဝင်နေတုန်းပဲ၊ လွှတ်တော်ထဲမှာလည်း ပါဝင်နေ တုန်းပဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကလည်း ရှိနေတုန်းပါပဲ။ ကျန်တဲ့ အဘက်ဘက်က ပိတ်ဆို့တားဆီးမှုတွေ အများကြီး ရှိနေတုန်းပဲ။ ကျွန်တော်တို့ တွေ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းလို့မရဘူး၊ လွှတ်တော်ထဲမှာလည်း ဖြေရှင်းလို့မရဘူး။ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်တို့နိုင်ငံမှာ တကယ်ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေပဲ။ ကျွန်တော်တို့ ဘာမှလုပ်လို့မရခဲ့ဘူး။ တိုင်းရင်းသားလူမျိုးစု ဒေသတွေမှာလည်း စစ်ပွဲတွေနဲ့ ဖိနှိပ်မှုတွေ အများကြီး ခံခဲ့ရတယ်။ ကျွန်တော်တို့ ဘာမှလုပ်လို့ မရခဲ့ဘူး။ အဲဒီအချိန် စစ်အာဏာ သိမ်းမှု ပေါ်ပေါက်လာခြင်းဟာ အခွင့်အရေးတစ်ရပ်ကို ကျွန်တော်တို့ တွေ့ရ လိုက်တာပါပဲ။ ဘာလဲဆိုတော့ ဒီစစ်အာဏာသိမ်းမှုအကြောင်းပြုပြီး လူထု လူတန်းစား တစ်ရပ်လုံးရဲ့ တော်လှန်ရေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။ အဲဒီ တော်လှန်ရေးကနေ ကျွန်တော်တို့ တိုင်းပြည်ဟာ သွေးသစ်လောင်းပြီး နိုင်ငံတော်သစ်တစ်ခု ထူထောင်လို့ရတယ်။ အဲဒါကြောင့် စစ်အာဏာသိမ်းမှုကို အခွင့်ရေးတစ်ရပ် အဖြစ် ရှုမြင်လို့ရပါတယ်။

ထိုနည်းတူစွာ ဘာဖြစ်လဲဆိုတော့  ဒီစစ်အာဏာသိမ်းမှုဟာ စစ်အုပ်စု က သူ့လည်ပင်း သူ ကြိုးကွင်းစွပ်ခြင်းပါပဲ။ ကျွန်တော်ကတော့ ဒီလိုပဲမြင် တယ်။

“စစ်တပ်ကို အကြောက်တရားထည့်ပေးရမယ်”လို့ ပြောတုန်းက အဲဒီ စကားအပေါ်မှာ လူတချို့က မကြိုက်တာမျိုးတွေတောင် ရှိခဲ့တယ်။ ဒီ တော်လှန်ရေးရဲ့ အခက်ခဲဆုံးကာလ ဖြစ်နေတာလည်းပါမယ်လို့ ကျွန်‌တော် ထင်ပါတယ်။ အဲ့ဒီလိုအခြေနေမျိုး နည်းနည်းတော့ ရှိခဲ့ဖူးတယ်ပေါ့လေ။ ကျွန်တော်စဥ်းစားတာက စစ်အုပ်စုလို့ ပြောတဲ့အခါမှာ စစ်တပ်ရဲ့ ခေါင်းဆောင် တွေတင်မဟုတ်‌ဘဲ အောက်ခြေက စစ်သားတွေ တစ်ဦးတစ်ယောက်ခြင်းက အစ ပြည်သူတွေရဲ့ အင်အားနဲ့ ငါတို့အားလုံးကို တိုက်စားဖြိုဖျက်ပစ်လိုက်နိုင် ပါလား ဆိုတဲ့အတွေးမျိုး သူတို့ ခေါင်းထဲမှာ ဝင်သွားဖို့ပဲ လိုတယ်ဗျ။ ဆိုတော့ အဲဒီ အ‌ခြေနေတစ်ခုကို ကျွန်တော်တို့ လုပ်ဖို့ပါပဲ။ ဒါဟာ ရန် ငါ ပြတ်စွာ စဥ်းစား လိုက်ပြီဆိုရင် ကျွန်တော်တို့ရဲ့ ရန်သူဟာ ဘယ်သူလဲဆို‌တာကို ထင်ထင် ရှားရှား မြင်ရမှာပါ။ ဆိုတော့ အဲဒီရန်သူကို‌‌ အထောက်အပံ့ပြုနေတဲ့‌ ‌ဒေါက်တိုင် ဖြစ်တဲ့ စစ်သားတွေကို ကျွန်တော်တို့က ရန်သူအဖြစ် ရှင်းရှင်းလင်းလင်း မြင်ရ မှာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ သူတို့ကို တော်လှန်ဖို့အတွက် စဥ်းတောင်မစဥ်းစားရသေးပါဘူး။ အင်မတန် စောပါသေး တယ်။ အဲဒီ အချိန်မှာကတည်းက ကျွန်တော်တို့က သူတို့ကို စိတ်ဓာတ်ရေးရာ အရ အများကြီးတိုက်ဖို့ လိုတယ်ဆိုတဲ့ အတွေးမျိုးကို တွေးခဲ့ပါတယ်။ ဆိုလို ချင်တာက စစ်သားတွေအပေါ်မှာ၊ ရဲတွေအပေါ်မှာ ကျွန်တော်တို့တွေဟာ လူသားချင်းစာနာမှုကို ပြတယ်၊ မေတ္တာကို ပြတယ်ဆိုတဲ့ ကိစ္စတွေက တစ်ဖက်မှာတော့ လူသားချင်းအရ လှပပါတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ တော်လှန်ရေးတစ်ရပ်အတွက်တော့ အဲဒါက ကျွန်တော့်အနေနဲ့ မကြိုက်ဘူး ပေါ့။ အဲဒါကြောင့် စစ်အုပ်စုကို ကျွန်တော်တို့ဟာ အကြောက်တရားထည့် ပေးဖို့၊ လူထုဟာ ရန် ငါ ပြတ်စွာနဲ့ တချို့ကိစ္စတွေကို ဆောင်ရွက်ဖို့ ကျွန်တော် အဲဒီမှာ တိုက်တွန်းဖြစ်ခဲ့တာပါ။ ကျွန်တော်တို့တွေဟာ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲတဲ့အခါမှာလည်း စစ်အုပ်စုကို အကြောက်တရား ထည့်ပေးဖို့ လိုအပ်နေတုန်းပါပဲ။ ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်။

ဆိုလိုချင်တာကဗျာ စစ်တပ်က ကြေးစားတပ်ဖြစ်တယ်။ အဲဒီအတွက် ကြောင့် သူတို့ဟာ ခံယူချက်နဲ့ စစ်တိုက်နေတာ မဟုတ်ဘူး။ သူတို့ဟာ ထမင်းငတ်ရင် ပြိုပျက်မှာပဲ၊ အကြောက်တရားဝင်ရင် ပြိုပျက်မှာပဲ။ ကျွန်တော် ကတော့ အဲ့ဒီလိုပဲ ယုံကြည်တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့တွေဟာ စစ်အုပ်စုကို မပြတ်တမ်း အကြောက်တရားတွေ ပေးနေဖို့လိုတယ်။ လူထု တစ်ရပ်လုံးရဲ့ အင်နဲ့ အားနဲ့ သူတို့ကို ခြိမ်းခြောက်ဖို့ လိုတယ်။ ဆိုတော့ ခေတ်တိုင်းမှာရှိခဲ့တဲ့၊ ကမ္ဘာတစ်ဝန်းမှာရှိခဲ့တဲ့ တော်လှန်ရေးတွေကို ကျွန်တော် တို့ ကြည့်ရအောင်။ တော်လှန်‌ရေးဆိုတာဟာ ကိုယ့်ထက် အင်အားကြီးမားတဲ့ သူကို နှိမ်နင်းကြတာပဲ မဟုတ်ဘူးလား။ အင်အားကြီးတဲ့သူကို နိုင်တယ် ဆိုကတည်းက တစ်ဖက်က အင်အားကြီးတယ်ဆိုတဲ့ အဖွဲ့အစည်းသည် အင်အားသာကြီးနေတာ၊ သူတို့က စိတ်ဓာတ်ရေးရာအရမှာ ဘယ်လိုမှ ယှဥ်လို့ မရအောင် ပြိုကျပျက်စီးနေလို့သာ နိုင်နေတာပေါ့။ အဲ့ဒီလို အခြေနေမျိုးတွေပါ။ တကယ်တမ်း သေနတ်ချင်းတောင် ယှဥ်ပစ်စရာ မလိုတော့အောင်၊ သူတို့ဘက်က လက်နက်ချလာအောင်ဆိုတဲ့ အခြေနေမျိုး။ ဒါက ကျွန်တော်တို့ဘက်က အဲ့ဒီလို အခြေနေမျိူးတွေ ရောက်ဖို့အတွက် စစ်အုပ်စုကို အကြောက်တရား ထည့်ပေးဖို့ လိုအပ်တယ်။ အဲဒီလိုအကြောက်တရား ထည့်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့တွေဟာ လူထုတစ်ရပ်လုံးရဲ့ ညီညွတ်တဲ့ ထုနဲ့ထည်နဲ့ကိုလည်း ကျွန်တော်တို့ ပြနိုင်ဖို့လိုတယ်။ တကယ့်ရန်သူ့ရဲ့ ရင်ဘတ်ကို မြားတစ်ချောင်း လိုမျိုး ဖောက်ဝင်ပစ်နိုင်တဲ့ လူတန်းစားတစ်ရပ် လုံးရဲ့ ညီညွတ်မှုမျိုးကို ကျွန်တော်တို့ တည်ဆောက်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို ညီညွတ်မှုမျိုး ရှိမှသာလျှင် ခုနကပြောခဲ့တဲ့ စစ်အုပ်စုကို ကျွန်တော်တို့ အကြောက်တရား ထည့်ပေးနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးဟာ အကြမ်းမဖက်လှုပ်ရှားမှုကနေ လက်နက်ကိုင်တိုက်ပွဲကို ကူးပြောင်းသွားပါပြီ။ အဲဒါဘာကြောင့်လို့ ထင်ပါသလဲ။ ခင်ဗျားကိုယ်တိုင်ရော ဒီတိုက်ပွဲရဲ့ မတူညီတဲ့ ပုံသဏ္ဌာန် (၂) ရပ်အပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။

လက်ရှိအချိန်က နည်းနာပေါင်းစုံ၊ ပုံစံမျိုးစုံ၊ လမ်းစဥ်ပေါင်းစုံနဲ့ တော်လှန်ရေး အပေါ်မှာ သက်ရောက်နေတဲ့ ကာလဖြစ်နေတာဆိုတော့ တစ်နည်းအားဖြင့် ပြောရရင်တော့ အကြမ်းမဖက်လမ်းစဥ်ကနေပြီး လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ်ကို တစ်ဆစ်ချိုး ပြောင်းလဲခဲ့ ပြီးသွားပြီ။ ဒီနေရာမှာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ဆိုတာက တော်လှန်ရေးရဲ့ တောင်းဆိုချက်ကြောင့်၊ ခေတ်ရဲ့တောင်းဆိုချက်ကြောင့်၊ လူထုရဲ့ တောင်းဆိုချက်ကြောင့် ပေါ်ပေါက် လာတဲ့ လမ်းစဥ်ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာရှိခဲ့တဲ့ တော်လှန်ရေး သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ လက်နက်ကိုင်တော်လှန်ရေး နဲ့ အောင်ပွဲခံခဲ့ကြတာတွေ ရှိခဲ့တာပါပဲ။ ကျွန်တော်တို့ လွတ်လပ်ရေးတိုက်ပွဲ အတွင်းမှာ ဆိုရင်လည်း လက်နက်ကိုင်တော်လှန်ရေးနည်းနာကိုပဲ ကိုင်စွဲခဲ့ကြ တာပါပဲ။ နောက်တစ်ချက်ကတော့ ကမ္ဘာ့တော်လှန်ရေးသမိုင်းမှာပါ လက်နက် ကိုင်တော်လှန်ရေးနည်းနာနဲ့ အောင်ပွဲခံခဲ့တဲ့ တော်လှန်ရေးတွေ ရှိခဲ့တာပါပဲ။ ဆိုတော့ ဒီတော်လှန်ရေး၊ ဒီနည်းနာ၊ ဒီလမ်းစဥ်ဟာ လူထုရဲ့ တောင်းဆိုချက် ကြောင့်၊ တော်လှန်ရေးရဲ့ လိုအပ်ချက်ကြောင့်၊ ခေတ်ရဲ့ တောင်းဆိုချက် ကြောင့် ပေါ်ပေါက်လာတဲ့ လမ်းစဥ်ဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့ လူထု တစ်ရပ်လုံး၊ ရှိနေတဲ့ လူငယ်တွေ ကျောင်းသားတွေ အကုန်လုံးကနေပြီးတော့ ဒီလမ်းစဥ်အပေါ်မှာ သက်ဝင်ယုံကြည်စွာနဲ့ ဆက်ပြီး လျှောက်လှမ်းဖို့ လိုတယ် လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ တစ်ခုပါပဲ။ အဓိကက ကျွန်တော်တို့ဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ကိုင်စွဲပြီ ဆိုလို့ရှိရင်တော့ ပိုပြီးတော့ စည်းကမ်းတကျနဲ့ တော်လှန်ရေးကို ဆက်ပြီးတော့ ဆင်နွှဲရမယ် ဆိုတာပါပဲ။ ဆိုလိုချင်တာက ကျွန်တော်တို့တွေရဲ့ လက်ထဲမှာ အခုလို လူသတ်လက်နက် ကိုင်ထားမှုဟာ ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေဘဲနဲ့၊ ပြည်သူလူထု ဘက်ကို ဘယ်တော့မှ လူသတ်လက်နက် ပြောင်းဝ မလှည့်ဘဲနဲ့ ပြည်သူလူထု ကို အစဥ်အမြဲ အကျိုးပြုနိုင်တဲ့ လက်နက်ကိုင်ထားမှုမျိုး ဖြစ်ဖို့လိုတာပေါ့ဗျာ။ အဲဒီဟာကတော့ ကျွန်တော်တို့ အမြဲတမ်း သတိပြုရမယ့်အချက် ဖြစ်ပါတယ်။

လက်နက်ကိုင်လမ်းစဥ်ကို ကျွန်တော်တို့ဟာ ဉာဏ်ပညာက ဦးစီးရလိမ့် မယ်။ နိုင်ငံရေးလမ်းစဥ်တွေ၊ နိုင်ငံရေးဦးဆောင်မှုတွေက ဦးစီးရလိမ့်မယ်။ သေချာတိကျခိုင်မာတဲ့ စုဖွဲ့မှုတွေကနေပြီးတော့ ဦးစီးရလိမ့်မယ်။ အဲဒါကတော့ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်မှာ အင်မတန်သတိပြုရ မယ့် ကိစ္စပေါ့လေ။ နောက်တစ်ခုက ကျွန်တော့်အမြင်က ကျွန်တော်တို့ဟာ တော်လှန်ရေးတစ်ခု အစပြုဖို့အတွက် စိတ်ခံစားချက်က အင်မတန် အ‌ရေးကြီး ပါတယ်။ ဆိုလိုချင်တာက တော်လှန်ရေးတစ်ခုဟာ ဟုန်းခနဲ ပေါက်ကွဲထွက် လာဖို့၊ တော်လှန်ရေးတစ်ခု အစပြုလိုက်နိုင်ဖို့အတွက် ကျွန်တော်တို့ဟာ စိတ်ခံစားမှု လိုအပ်ပါတယ်။ တကယ့်နာကြည်းနေတဲ့စိတ်၊ မခံမရပ်နိုင်တဲ့စိတ်၊ အမှန်တရားကို မြတ်နိုးတွယ်တာတတ်တဲ့ စိတ်တွေ အဲဒီလိုစိတ်မျိုးက အရေးကြီးတယ်။ ဆိုလိုချင်တာက စိတ်ခံစားချက်ပေါ့။ အဲဟာက အရေးကြီး ပါတယ်။ ဒါပေမယ့် တော်လှန်ရေးကို စတင်ပြီး အဲဒီတော်လှန်ရေးကို ဖြောင့်ဖြောင့်တန်းတန်း ဆက်လျှောက်ဖို့အတွက် ဆိုလို့ရှိရင် ခံစားချက်တင် မဟုတ်တော့ပါဘူး။ ခံယူချက်တွေ၊ ယုံကြည်ချက်တွေ၊ အဲဒါတွေကလည်း အရေးကြီးလာတယ်။ ဆိုတော့ ဒီနေရာမှာ လက်နက်ကိုင်‌တော်လှန်ရေး၊ လက်နက်ကိုင်ခြင်းဆိုတဲ့ဟာကို စိတ်ခံစားချက် တစ်ခုတည်းနဲ့မဟုတ်ဘဲ ခံယူချက်နဲ့ပါ လက်နက်ကိုင်ဖို့ လိုတယ်။ ခုနက ကျွန်တော်ပြောခဲ့တဲ့ တကယ့် ကို ဒီရေဒီမြေလွတ်လပ်ဖို့၊ ဒီမိုကရေစီရဖို့၊ လွတ်လပ်ခွင့်ရှိဖို့အတွက် ဒီလို ခံယူချက်တွေ ရှိဖို့လိုသလို ပြည်သူလူထုကို ဘယ်တော့မှ ဝန်ထုတ်ဝန်ပိုး မဖြစ် စေရဘူးဆိုတဲ့ ခံယူချက်မျိုးရှိဖို့ကလည်း အရေးကြီးတယ်ပေါ့ဗျာ အဲဒါပါပဲ။

လက်နက်ကိုင် တော်လှန်‌ရေးက အောင်ပွဲရမယ်လို့ ယုံပါသလား။


လက်နက်ကိုင်တော်လှန်ရေးက အောင်ပွဲဆီရောက်မယ်လို့ ကျွန်တော် ယုံတာ ပေါ့။ ယုံပါတယ်။ ယုံခဲ့လို့လည်း ကျွန်တော်တို့ ဒီတိုက်ပွဲတွေကို ဆက် တိုက်နေ ကြတာပဲပေါ့။ ဆိုတော့ ကျွန်တော်တို့မှာ အတိတ်သမိုင်းထဲက တော်လှန်ရေး တွေထဲမှာလို သင်ခန်းစာယူစရာတွေတော့ ရှိတာ‌ပေ့ါဗျာ။ ကျွန်တော်တို့ အတိတ်သမိုင်းတော်လှန်ရေးတွေထဲမှာ မှားခဲ့တဲ့ အမှားတွေ ရှိတာပေါ့။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ် ကိုင်စွဲခဲ့ပြီးတော့ မှားခဲ့တဲ့ အမှားတွေ လည်း ရှိခဲ့တာပေါ့။ အဲဒါတွေကို ကျွန်တော်တို့ သင်ခန်းစာ ယူရလိမ့်မယ်။ နောက်တစ်ချက်က ကျွန်‌တော်တို့ရဲ့ ဒေသတွင်းအင်အားကို ဘယ်တော့မှ မေ့လို့မရဘူး။ ဆိုလိုချင်တာက ဒီတိုင်းပြည်မှာ တကယ့်ကို တော်လှန်သော အင်အားစုတွေ၊ တော်လှန်သော လူမျိုးစုတွေ အများကြီး ရှိတယ်။ ဒီလို လူမျိုးစု တွေနဲ့ ကျွန်တော်တို့ အားလုံးဟာ ညီညွတ်မှုတစ်ခုကို မဖြစ်မနေ တည်ဆောက် ရလိမ့်မယ်။ လက်ရှိအချိန်မှာလည်း အတိုင်းအတာ တစ်ခုထိ ညီညွတ်မှုမျိုး တော့ ရှိတာပေါ့။ ဒါပေမယ့် ဒီထက်ပိုပြီး ခိုင်မာကျစ်လစ်တဲ့၊ ကျွန်တော် အမြဲတမ်းသုံးနေတဲ့ “ဒီရန်သူ့ရဲ့ရင်ဘတ်ကို မြားတစ်ချောင်းလို စိုက်ဝင်ထိုးခွင်း ပစ်နိုင်တဲ့ လူထုလူတန်းစားတစ်ရပ်လုံးရဲ့ ညီညွတ်မှု”ပေါ့။ အဲဒါ လက်နက်ကိုင် တော်လှန်ရေးမှာလည်း လိုအပ်တယ်ဗျ။ အဲ့ဒီ ညီညွတ်မှုမျိုးကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ တည်ဆောက်ကြ ရလိမ့်မယ်။ ဆိုတော့ အဲဒီ‌ဒေသတွင်း အင်အားစုတွေနဲ့အတူ ကျွန်တော်တို့ဟာ ပန်းတိုင်အထိ ရောက်နိုင်တယ်၊ အောင်ပွဲအထိ‌ ရောက်နိုင်တယ်။ အဲဒါကိုတော့ ယုံတယ်။ သင်ခန်းစာ ယူစရာ တွေလည်း ယူရလိမ့်မယ်။ အတိတ်တုန်းက မှားခဲ့တဲ့ အမှားတွေ ထပ် မဖြစ်စေပဲနဲ့ လူထုလူတန်းစား တစ်ရပ်လုံးရဲ့ ညီညွတ်မှုမျိုးကို တည်ဆောက် ပြီးတော့ ဒီလက်နက်ကိုင်တော်လှန်ရေးရဲ့ အောင်ပွဲဆီကိုရောက်အောင် သွားနိုင်လိမ့်မယ်လို့ ကျွန်‌တော်တို့ ယုံကိုယုံတယ်။

တော်လှန်ရေးပြီးရင် ခင်ဗျားတို့ သမဂ္ဂတွေက နိုင်ငံတော်သစ်ကို ချီတက် ချင်တယ် ပြောတယ်။ ခင်ဗျားတို့ မျှော်မှန်းထားတဲ့ အနာဂတ် နိုင်ငံတော်သစ်က ဘယ်လိုပုံစံလဲ။

ကျွန်‌တော်တို့ရည်မှန်းတဲ့၊ ကျွန်တော်တို့ ရည်မျှော်တဲ့ နိုင်ငံတော်သစ်ဆိုတာ ရိုးရှင်းပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီက အဲ့ဒီ တစ်ယောက်ချင်းစီရဲ့ ဖြစ်တည်မှုကို လေးစားတန်ဖိုးထားတဲ့၊ လွတ်လပ်ခွင့်ရှိတဲ့၊ တရားမျှတမှုရှိတဲ့ လူ့အဖွဲ့စည်းတစ်ခုကို တည်ထောင်ကြဖို့ပါပဲ။ ဒါဟာ အင်မတန်အခြေခံကျတဲ့ ယေဘုယျဆန်စွာ ပြောတဲ့ကိစ္စပါ။ ဒါကို အကျယ်ချဲ့ပြီးပြောရရင် ကျွန်တော်တို့ တိုင်းပြည်မှာ မတူညီတဲ့ လူမျိုးစုတွေ အများကြီးရှိကြတယ်။ မတူညီတဲ့ ယဥ်ကျေးမှု၊ မတူညီတဲ့ ဘာသာစကား၊ မတူညီတဲ့ ဘာသာရေးတွေ အများကြီး ပေါ့ဗျာ။ ဒီလိုကိစ္စတွေ အများကြီးရှိပါတယ်။ ဒါတွေ အားလုံးကို စုပေါင်းပြီး ပြည်ထောင်စုတစ်ခုအဖြစ် စုဖွဲ့ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အများကြီး ကြိုးစားကြရလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ မှာလည်း ဒီပြည်တွင်းစစ်တွေ ဖြစ်လာတဲ့ ကိစ္စတွေ၊ ကျန်တဲ့ နိုင်ငံရေးပြဿနာ တွေ အားလုံးဟာ ဒီလိုမျိုး နိုင်ငံတော်တစ်ခုကို ဘယ်လိုစုဖွဲ့ကြမလဲ၊ ပြည်ထောင်စုတစ်ခုကို ဘယ်လိုစုဖွဲ့ကြမလဲဆိုတဲ့ ပြဿနာပေါ် မူတည်ပြီး တော့ ဖြစ်လာကြတာပါ။ တစ်နည်းအားဖြင့် ပြောရရင် နိုင်ငံ‌တော်ရဲ့ ဖွဲ့စည်း တည်ဆောက်မှု ပုံစံပေါ်မှာ မူတည်ပြီး ကျွန်တော်တို့တွေရဲ့ ပြည်တွင်းစစ်တွေ ဖြစ်ကြရတယ်။ ကွဲကြ၊ ပြဲကြ၊ တိုက်ခိုက်ကြ၊ ပဋိပက္ခတွေ ဖြစ်ကြပေါ့။ ဒါတွေ ဖြစ်ခဲ့ကြရတယ်။ အဲဒီတော့ ကျွန်တော်တို့က နိုင်ငံတော်သစ်တစ်ခုကို ပြန်ပြီး တော့ မွေးဖွားဖို့ဆိုလို့ရှိရင် အတိတ်သမိုင်းမှာ ရှိခဲ့ကြတဲ့ အချိန်တွေအားလုံး ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး လူမျိုးစု တစ်စုနဲ့တစ်စု ကြားထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်တဲ့၊ အဲ့ဒီလိုမဖြစ်အောင် ကာကွယ်ပေး ထားနိုင်တဲ့ နိုင်ငံတော်စနစ်တစ်ခုကို ကျွန်တော်တို့ လိုအပ်တယ်။ ဆိုတော့ အဲဒါသည် ပြည်ထောင်စု ဖြစ်ချင်ဖြစ်မယ်၊ ဖယ်ဒရယ် ဖြစ်ချင်ဖြစ်မယ်၊ သို့တည်းမဟုတ် ဖယ်ဒရယ်ထက်ပိုပြီးတော့ decentralize ဖြစ်တဲ့စနစ်မျိုး ဥပမာအားဖြင့် confederation လိုဟာမျိုး ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ ဒီချိန်မှာ ဘယ်လိုစနစ်မျိုးပါလို့ တစ်သမတ်တည်း ပြောဖို့ခက်ပါတယ်။ လူမျိူးစုအားလုံး ဘုံသဘောတူလက်ခံနိုင်တဲ့၊ အားလုံး လိုလိုလားလား လက်ခံတဲ့၊ အားလုံးက forced together မဟုတ်ပဲ come together ဖြစ်တဲ့ နိုင်ငံ‌တော်စုဖွဲ့မှုကြီးဆီကို ကျွန်တော်တို့ဟာ ဆက်ပြီးသွားရ မယ်။ အတိတ်က အမှားတွေထဲကနေပြီးတော့ သင်ခန်းစာတွေ ယူကြရလိမ့် မယ်။ ဒီနိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော် တို့ လူမျိုးစုတွေ တစ်ခုနဲ့တစ်ခုကြားထဲမှာ၊ ကျွန်တော်တို့ သွေးချင်းညီနောင် တွေ ကြားထဲမှာ ဘယ်တော့မှ ပဋိပက္ခတွေ ထပ်မဖြစ်နိုင်တဲ့ နိုင်ငံ‌တော် စနစ်တစ်ခုမျိုးကို တည်ဆောက်ထားရလိမ့်မယ်။ အဲ့ဒီလို တည်ဆောက်တဲ့ အခါမှာလည်း ခုနက ပြောခဲ့တဲ့ ကျွန်တော်တို့ ဒီမြေ၊ ဒီရေမှာရှိနေတဲ့ လူတွေ အားလုံးက သ‌ဘောတူလက်ခံတဲ့ စနစ်မျိုးကို တည်ဆောက်ကြရပါမယ်။ အဲ့ဒါက ကျွန်တော်တို့ ရည်မှန်းတဲ့ နိုင်ငံတော်သစ်ပါပဲ။

တော်လှန်ရေးပြီးသွားရင် ခင်ဗျား ဘာလုပ်မှာလဲ။

ဒီတော်လှန်ရေးမှာ လူငယ်တွေက သူတို့ရဲ့ လူငယ်ဘဝတွေ၊ သူတို့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝတွေ၊ နောက်ပြီးတော့ သူတို့ မိသားစုနဲ့အတူ ရှိနေရမယ့်ဘဝတွေ အဲ့ဒီလိုဟာတွေ စွန့်လွှတ်ခဲ့ရတယ်။ တစ်နည်းအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို သူတို့စွန့်လွှတ်ခဲ့ရတာပေါ့။ ဆိုတော့ ကျွန်တော် လည်း အပါအဝင်ပေါ့လေ။ ကျွန်တော် စဥ်းစားတာကတော့ဗျာ ဒီတော်လှန်ရေး ပြီးရင် ခုနက ကျွန်‌တော်တို့ရဲ့ ကိုယ်ပိုင်အချိန်တွေ၊ မိသားစုနဲ့ အတူတူရှိရမယ့် အချိန်တွေ၊ လူငယ်တစ်ယောက်ဟာ လူငယ်တစ်ယောက်လိုမျိုး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းရမယ့် အချိန်မျိုးတွေ၊ တက္ကသိုလ်ကျောင်းသားတွေ သည်လည်း သူတို့ရဲ့ တက္ကသိုလ်ပရဝုဏ်ထဲမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးရမယ့်အချိန်တွေ၊ ဒီလိုအချိန်တွေ ပြန်ယူဖို့ လိုတယ်လို့ ကျွန်တော်ကတော့ စဥ်းစားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်။

စာအုပ်ဖတ်ရတာ ကြိုက်လား။ ခင်ဗျားဘယ်လိုစာအုပ်မျိုးတွေ ဖတ်လေ့ ရှိသလဲ။

ကျွန်တော် စာအုပ်ဖတ်ရတာကို ကြိုက်ပါတယ်။ ကျွန်တော်က စာအုပ် အမျိုးအစား သိပ်ရွေးလေ့မရှိပါဘူး။ ကျွန်တော် လက်လှမ်းမီရာ စာအုပ် တော်တော်များများကို ဖတ်ဖြစ်တယ်ပေါ့လေ။ စာအုပ်ဖတ်တဲ့ ကိစ္စက ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော့် အဖေနဲ့ အမေရဲ့ စာအုပ်စင်က ယူပြီးတော့ ဖတ်ဖြစ်တယ်။ အဲ့ဒီလိုပေါ့။ ကျွန်တော့်အထင် သုံးတန်း၊ လေးတန်း လောက်တုန်းက ကျွန်တော် ဝတ္ထုတွေဘာတွေ စပြီးတော့ စွဲစွဲလမ်းလမ်း ဖတ်ဖြစ်ခဲ့တယ်လို့ မှတ်မိတယ်။ ဆိုတော့ အဲ့ဒီတုန်းက ဖေဖေက ငြိမ်းကျော်ရဲ့ ပရိတ်သတ်ပေါ့။ ဆိုတော့ သူ့ရဲ့စာအုပ်စင်မှာ ငြိမ်းကျော်ရဲ့စာအုပ်တွေ တော်တော်များရှိတယ်။ ကျွန်တော်က ရသ စာပေအပိုင်း ဝတ္ထုတို့ ဘာတို့ ဆိုတဲ့နေရာမှာ ငြိမ်းကျော်စာအုပ်တွေနဲ့ စပြီးတော့ ထိတွေ့ဖြစ်တယ်ပေါ့။ ဒါက စာစပြီးတော့ ဖတ်ဖြစ်တဲ့ အချိန်မျိုးပေါ့လေ။ အဲ့ဒီနောက်ပိုင်းမှာတော့ ကျောင်းသားလှုပ်ရှားမှု နောက်ခံစာအုပ်တွေ၊ သမိုင်းစာအုပ်တွေ၊ နောက်ပြီး တော့ အတ္ထုပ္ပတ္တိတွေ၊ နိုင်ငံရေးစာအုပ်တွေ ဒီလိုဟာ တော်တော်များများ ကိုလည်း ဖတ်ဖြစ်ခဲ့တယ်။ ငယ်ငယ်ကတည်းကလည်း ဖေဖေတို့ စာအုပ်စင်က နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စာအုပ်တွေပေါ့လေ။ အဲ့ဒီစာအုပ်တွေမှာဆိုရင် မှတ်မှတ် ရရရှိနေတာက စာအုပ်တွေက ဟောင်းနေပြီ။ အဖုံးတွေတောင်မှ မူရင်းအဖုံး တွေ မရှိတော့ဘူး။ ကတ်ထူတွေနဲ့ ပြန်ဖုံးထားပြီး အပေါ်မှာ လက်ရေးနဲ့ပေါ့ဗျာ၊ ဘယ်သူရေးတယ် နာမည်ဘာပေါ့လေ ဆိုတဲ့ဟာမျိုးပဲ ရေးထားတဲ့ စာအုပ်တွေ ပေါ့။ အဲ့ဒီထဲက အများစုကို ကျွန်တော် စဖတ်ဖြစ်ရာကစလို့ ဒီနောက်ပိုင်းမှာ တော့ ကျွန်တော် စာတော်တော်ဖတ်ဖြစ်ခဲ့ပါတယ်။

ခင်ဗျားကို နိုင်ငံရေးလောကထဲကို ရောက်အောင် လှုံ့ဆော်ပေးခဲ့တဲ့ စာအုပ်တွေရှိလား။ စာအုပ်နာမည်တွေ ပြောပြလို့ရမလား။

ကျွန်တော်က နိုင်ငံရေးလောကထဲ‌ ‌ရောက်အောင်ဆိုတာထက် ဒီနိုင်ငံရေးကို စိတ်ဝင်စားလာအောင်က ဒီနေရာမှာ နှစ်ပိုင်းတော့ရှိတယ်။ စာအုပ်တွေရဲ့ လှုံ့ဆော်မှုလည်း ပါတယ်။ ပြီးတော့ ကျွန်တော့် မိဘတွေဆီက ကျွန်တော် လက်ဆင့်ကမ်းရတဲ့ ကိစ္စတွေလည်း ရှိတာပေါ့။ ဆိုတော့ ငယ်ငယ်ကတည်းက ကျွန်တော့်ရဲ့ အိပ်ရာဝင်ပုံပြင်တွေက တခြားသော ပုံပြင်တွေဆိုတာထက် ဖေဖေတို့ မေမေတို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်ဆိုးကြီးပေါ့။ အဲဒီ ခေတ် စနစ်ဆိုးကြီးကို သူတို့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ ဆိုတာတွေက ကျွန်တော့်ရဲ့ အိပ်ရာဝင်ပုံပြင် ဖြစ်ခဲ့တာပေါ့။ အဲ့ဒီကတည်းက နိုင်ငံရေးဆိုတာကို စိတ်ဝင်စား ခဲ့တယ်။ ကလေးပဲဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ အသိစိတ်ထဲမှာကတော့ ဘယ်သူက မကောင်းဘူး၊ ဘယ်သူက ကောင်းတယ် ဆိုတာကို ကျွန်တော့် မိဘတွေဆီကနေ အနည်းဆုံး သိခဲ့တယ်ပေါ့။ အဲ့ဒီနောက်ပိုင်းမှာမှ သူတို့ဆီ ကနေ လက်ဆင့်ကမ်းလာရတဲ့ ကိစ္စတွေ၊ ငယ်ငယ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားလာတဲ့ ကိစ္စတွေက ကျွန်တော် ကျွန်တော့်မိဘတွေဆီက လက်ဆင့် ကမ်းလာတဲ့ ကိစ္စတွေလို့ပဲ မြင်တယ်။ ဖေဖေရော မေမေရောက ၁၉၈၈ အရေးတော်ပုံကို ဖြတ်သန်းခဲ့ရတယ်။ သူတို့ကိုယ်တိုင်လည်း တက္ကသိုလ် ကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသူတွေအဖြစ်နဲ့ ပါဝင်ခဲ့ကြတယ်။ အဲဒီ အချိန် ‌နောက်ပြီးတော့ ဖေဖေက‌ ထောင်ကျတယ် အဲ့ဒီလို အခြေနေတွေ အများကြီး သူတို့ ဖြတ်သန်းခဲ့ရတာပေ့ါလေ။ ဆို‌တော့ တော်တော်လေး ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရတဲ့ ဟာမျိုးတွေရှိတယ်။ သူတို့ ပြောပြတဲ့ ကိစ္စတွေက ကျွန်တော့်ကို နိုင်ငံရေးစိတ်ဝင်စားလာအောင် လှုံ့ဆော်ခဲ့ပါတယ်။

နောက်တစ်ချက်ကကျတော့ ငယ်ငယ်ကတည်းက ကျောင်းသားသမဂ္ဂ၊ ကျောင်းသားလှုပ်‌ရှားမှု အဲ့ဒီလိုကိစ္စတွေ ကျွန်တော့်ကို အများကြီး လွှမ်းမိုးမှု ရှိတယ်။ ဆိုတော့ ကျွန်‌တော်ထိတွေ့ဖြစ်တဲ့ စာအုပ်တွေထဲမှာ ကျောင်းသား သမဂ္ဂ၊ ကျောင်းသားလှုပ်ရှားမှု နောက်ခံဝတ္ထုတွေ၊ ဇာတ်လမ်းတွေ၊ စာအုပ်တွေ ပေါ့လေ။ အဲ့ဒီဟာတွေ တော်တော်များများက ကျွန်တော့်ကို လွှမ်းမိုးမှု အများကြီးရှိခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်က အခြေခံပညာကျောင်းသားဘဝ မှာကတည်းက သမဂ္ဂကျောင်းသား ဖြစ်ချင်တယ်၊ တက္က‌သိုလ်ရောက်ရင် သမဂ္ဂ ဆို‌တာနဲ့ ထိတွေ့ပြီး ခွပ်‌ဒေါင်းအလံတော်အောက်မှာ အလုပ်လုပ်ချင်တယ်ပေါ့ ဗျာ။ အမှန်တရားအတွက် တိုက်ပွဲဝင်ချင်တယ်ပေါ့လေ ဆိုတဲ့ဟာမျိုး ရှိတယ် ဆိုတော့ ခုနက ပြောခဲ့တဲ့ ကျွန်တော့်မိဘတွေဆီက လက်ဆင့်ကမ်းခဲ့တဲ့ စိတ် မျိုးရယ်၊ နောက်ပြီးတော့ ကျောင်းသားသမဂ္ဂဆိုတဲ့ အရာကြီးက ကျွန်တော့်ကို လွှမ်းမိုးမှုရှိတယ်။ အဲဒီအပြင် ကျောင်းသားသမဂ္ဂနောက်ခံ၊ ကျောင်းသား လှုပ်ရှားမှုနောက်ခံ စာအုပ်တွေကလည်း ကျွန်တော့်ကို အများကြီး လှုံ့ဆော်ခဲ့ တယ်ဆိုတော့ အဲ့ဒီဟာတွေလို့ ကျွန်တော်က ထင်ပါတယ်။ အဲ့ဒီဟာတွေက ကျွန်တော့်ကို တော်လှန်ရေးတိုက်ပွဲထဲမှာ ပါဝင်စေခဲ့တယ်။ နောက်ပြီးတော့ တော်လှန်ရေးမတိုင်ခင်မှာလည်း ကျောင်းသားသမဂ္ဂထဲကို ထဲထဲဝင်ဝင် ရောက်စေခဲ့တယ်ပေါ့လေ။ အဲ့ဒီလိုမျိုး ကျွန်တော်ကတော့ ယူဆတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက နိုင်ငံရေးစာအုပ်တွေနဲ့ ထိတွေ့ခဲ့ရတဲ့အခါ မှာတော့ တကယ့်ကို အယူအဆတွေ၊ အတွေးအခေါ်တွေ ဒီလိုစာအုပ်မျိုးတွေ ကတော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက များများစားစားရှိခဲ့တဲ့ စာအုပ်တွေ မဟုတ်ဘူး။ ဆိုတော့ အဲ့ဒီအချိန်တုန်းက ထိတွေ့ခဲ့ရတဲ့ စာအုပ်ဆိုရင်တော့ ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂနောက်ခံ စာအုပ်တွေကတော့ ပိုများတာပေါ့။ အဲ့ဒီထဲမှာမှ အရှေ့ကနေဝန်းထွက်သည့်ပမာတို့၊ သပိတ်မှောက် ကျောင်းသားတို့ ဒီလိုဟာက ထင်ရှားတာကိုး။ ကျွန်တော်တို့လည်း ဒါတွေကို ဖတ်ခဲ့ရတာပဲ။ သဘောအကျကြီး ကျခဲ့ရတာပေါ့။ ပြီးတော့ အားကျခဲ့ရတယ်။ ဒါတွေရဲ့ လှုံ့ဆော်မှုကလည်း အရမ်းကို ကြီးမားခဲ့တယ်။

နိုင်ငံရေးလောကထဲမှာ ခင်ဗျားလေးစားနှစ်သက်တဲ့ ပုဂ္ဂိုလ်တွေရှိလား။ ဘယ်သူတွေလဲ။ ဘာကြောင့် ကြိုက်တာလဲ။

နိုင်ငံရေးထဲမှာဆိုရင်‌တော့ ကျွန်တော် ကိုဗဟိန်းကို သဘောကျပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းက ကျွန်တော့်အပေါ်မှာ လွှမ်းမိုးမှု ရှိပါ တယ်။ သူ့ရဲ့လူသားဆန်မှုပေါ့။ အဲဒါကို ကျွန်တော် သဘောကျပါတယ်။ နောက်ပြီး သူ့ရဲ့ရပ်တည်မှု၊ သူ့ရဲ့ ပြည်သူနဲ့ တစ်သားတည်းရှိမှု ဒါတွေကို ကျွန်တော်သဘောကျပါတယ်။

ကျောင်းသားတွေက ဖိနှိပ်အုပ်ချုပ်သူတွေကို လက်နက်ကိုင်တော်လှန် ရာမှာ ရဲဘော်သုံးကျိပ်ဝင် လူငယ်များအနေနဲ့က ပထမမျိုးဆက်၊ ၁၉၈၈ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ဒုတိယမျိုးဆက်၊ အခု စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ကျောင်းသားလူငယ်တွေက တတိယမျိုးဆက်အဖြစ်နဲ့ အဓိက ပါဝင်နေ ကြပါတယ်။ အဲ့ဒီ မျိုးဆက် (၃) ခု ကြားမှာ ဘာတွေကွာခြားချက်ရှိတယ် လို့ ထင်ပါသလဲ။ ပြီးတော့ BIA အဖြစ်နဲ့ တော်လှန်ရေးကို အောင်မြင်ပြီးမြောက်သွားတဲ့နောက်မှာ လက်နက်ကိုင်တော်လှန်ရေး ထဲမှာ ပါဝင်ခဲ့ကြတဲ့သူတွေဟာ နိုင်ငံ့ခေါင်းဆောင်တချို့ဖြစ်လာပြီး အဲဒီထဲက ဖောက်ပြန်တတ်တဲ့ စစ်ဝါဒီ တချို့ဟာ စစ်အာဏာရှင်တွေ ဖြစ်ခဲ့ကြတဲ့ သမိုင်းရှိပါတယ်။ အဲ့ဒီတော့ ခင်ဗျားအနေနဲ့ တော်လှန်နေဆဲ ကာလ၊ တော်လှန်ရေးအလွန်ကာလတွေမှာ နောက်ထပ် စစ်ဝါဒီ၊ စစ် အာဏာရှင်မျိူးတွေ မပေါ်ပေါက်အောင် ဘယ်လို စီမံဆောင်ရွက်ထား သင့်တယ်လို့ ထင်ပါသလဲ။

လွတ်လပ်ရေးအတွက် လက်နက်ကိုင်လှုပ်ရှားမှု၊ နောက် ၁၉၈၈ အလွန် လက်နက်ကိုင်လှုပ်ရှားမှု၊ ပြီးတဲ့အခါမှာ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင် လှုပ်ရှားမှုပေါ့။ ဒီမှာကွာခြားချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ အရေးကြီးဆုံးအချက်က ဘာလဲဆိုရင် လူထုဟာ စစ်ကို မရှောင်လွှဲ တော့ပဲနဲ့ ဒီစစ်ဟာ လိုအပ်တယ်။ ဒီစစ်ဟာ တော်လှန်ရေးအတွက် ဒါမှမဟုတ် လွတ်လပ်ခွင့်အတွက် လိုအပ်တဲ့ စစ်ပါလို့ လက်ခံပြီးတော့ အဲဒီတော်လှန်စစ် အတွင်းမှာ ပူးပေါင်းပါဝင်ခြင်းပါ။ အဲဒီဟာက အရေးကြီးတဲ့ အချက်လို့ ကျွန်တော်မြင်ပါတယ်။ တော်လှန်စစ်အတွင်းမှာ ပူးပေါင်းပါဝင်ခြင်း အခြေအနေကို ကျွန်တော် ဆိုလိုတာက လူထုတစ်ရပ်လုံး၊ လူထုအားလုံးက လက်နက်ကိုင်ပြီး တော်လှန်ခြင်းတစ်ခုထဲ မဟုတ်ပါဘူး။ သူတို့တွေဟာ တော်လှန်စစ်ကို ထောက်ခံတယ်၊ ကူညီမယ်၊ ဝန်းရံမယ်၊ ဒီလိုအပိုင်းတွေ အားလုံးပါတယ်။ အဲ့ဒါကို လွတ်လပ်ရေးတိုက်ပွဲကာလအတွင်းမှာ ကျွန်တော်တို့ တွေ့ရတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း တွေ့ရတယ်။

၁၉၈၈ နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးမှာတော့ လူထုတစ်ရပ် လုံး ပူးပေါင်းပါဝင်မှုနဲ့ လူထုတစ်ရပ်လုံး ထောက်ခံမှု၊ ပြီးတော့ စစ်ကို ကြိုဆိုတယ်၊ စစ်ကိုတိုးဝင်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးက အဲဒီကာလမှာ အားမကောင်းသေးဘူး။ အားနည်းချက်တွေ အများကြီးရှိနေသေးတာကို တွေ့ရတယ်။ ဒါက ကျွန်တော်တစ်ဦးထဲရဲ့ အမြင်ဖြစ်တယ်။ နောက်တစ်ချက် ကကျတော့ လွတ်လပ်ရေးတိုက်ပွဲရဲ့ ရဲဘော်သုံးကျိပ်တို့လို တွေမှာ သူတို့ဟာ ပြည်ပရဲ့အကူအညီကို ယူရတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့မှာ နောက်ဆက် တွဲ မလိုလားအပ်တဲ့ ပြဿနာတွေ ရှိခဲ့တယ်။ ဖက်ဆစ်စနစ်ကို ပြန်ပြီး တိုက်ထုတ်ရတာတွေ၊ ကျွန်တော်တို့ရဲ့ စစ်ဟာ ရှည်ကြာခဲ့တယ် စသည်ဖြင့် ဒါမျိုးတွေရှိတယ်။ လက်ရှိ နွေဦးတော်လှန်ရေးဟာ ကျွန်တော်တို့ရဲ့ ဒေသတွင်း မှာပဲရှိတဲ့ အင်အားတွေ၊ ကျွန်တော်ရဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အင်အား တွေနဲ့ပဲ စုစည်းထားတာ ဖြစ်တယ်။ စုစည်းနိုင်ခဲ့တာလည်း ဖြစ်တယ်။ ဒါ့အပြင် ခုနက ပြောခဲ့တဲ့ လူထုတစ်ရပ်လုံးဟာလည်း စစ်ကိုရှောင်လွှဲဖို့ ကြိုးစားမနေပဲနဲ့ ဒီစစ်ကို လိုလိုလားလား လက်ခံပြီးတော့၊ ဒီစစ်ဟာ ကျွန်တော်တို့ရဲ့ လွတ်မြောက်ရေး၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအတွက် လိုကိုလိုအပ်တဲ့ စစ်ပါလို့ လက်ခံပြီးတော့ လူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှု၊ အဲ့ဒါတွေကို ကျွန်တော်တို့က ဒီကနေ့အချိန်ထိ တွေ့ရတယ်။ ဒါကြောင့်လည်း ဒီကနေ့ အချိန်ဟာ ကျွန်တော်တို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီတော်လှန်ရေးရဲ့ အမြင့်ဆုံးသောအချိန်၊ အမြင့်ဆုံးသောကာလ၊ အမြင့်ဆုံးသော စိတ်ဓာတ်တွေ ကို ရောက်နေတာပဲလို့ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

လက်နက်ကိုင်စုဖွဲ့မှုတိုင်းကို နိုင်ငံရေးဦးဆောင်မှုပေးခြင်းက အရေးတကြီးလိုအပ်တဲ့ ကိစ္စပဲ။ အရှေ့မှာလည်း စစ်အာဏာရှင်စနစ် အမြစ်တွယ်စေခဲ့တာဟာ ဟိုးအစက တော်လှန်ရေးတပ်ကနေမှ တပ်မတော် ဖြစ်လာတယ်။ တပ်မတော်ကနေမှ အာဏာကို အရူးအမူး ဆုပ်ကိုင်လာတဲ့ ဖက်ဆစ်တပ်ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ ပြန်ပြီး တော်လှန်ရတဲ့ အခြေ အနေမျိုး။ ဒါကို တော်လှန်ရေးသမားတိုင်း၊ တော်လှန်စစ်ကို ဆင်နွှဲနေတဲ့ သူတိုင်း၊ လက်နက်ကိုင်ထားတဲ့သူတိုင်း ကောင်းကောင်း သတိပြုပြီး သင်ခန်းစာယူရမယ့်အချက်ပဲ။ အဲ့ဒါ အင်မတန်အရေးကြီးတယ်။ နိုင်ငံရေး ဦးဆောင်မှုနဲ့ နိုင်ငံရေးသိမှုဆိုတဲ့ ကိစ္စက ငါတို့ဟာ ဘာကြောင့် လက်နက်ကိုင် တာလဲ၊ ငါတို့ဟာ ဘာကြောင့်တော်လှန်စစ်ကို ဆင်နွှဲတာလဲ၊ ဒီလက်နက်တွေ ဘာလို့ ကိုင်ထားတာလဲဆိုတာကို ကျကျနန သေသေချာချာ သိဖို့လိုတယ်။ ကိုယ့်ရဲ့ လက်နက်ကိုင်ထားမှုဟာ ပြည်သူကို ဝန်ထုပ်ဝန်ပိုးမ​ဖြစ်စေတဲ့ လက်နက်ကိုင်တာမျိုး ဖြစ်ဖို့လိုတယ်။ ဒါအင်မတန်အရေးကြီးတဲ့ အချက်ပါ။ အဲဒီတော့ လက်ရှိလက်နက်ကိုင်စုဖွဲ့မှုတိုင်းက ခေါင်းဆောင်တွေ၊ လက်နက်ကိုင်စုဖွဲ့မှုတွေကို ဦးဆောင်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေပေါ့။ သူတို့တွေကနေပြီး လက်နက်ကိုင်ရဲဘော်တွေတိုင်းကို စစ်ရေးသင်တန်းတွေအပြင် နိုင်ငံရေးသင်တန်းတွေပေးဖို့၊ နိုင်ငံရေးရေချိန်တွေ မြှင့်တင်ပေးဖို့က အင်မတန် အရေးတကြီး လိုအပ်တယ်။ အဲ့ဒါတွေကို ကျွန်တော်တို့က လုပ်ကိုလုပ်မှ ဖြစ်လိမ့်မယ်။

တခြားဖြည့်စွက်ပြောချင်တာ ဘာများရှိပါသေးလဲ။

တော်လှန်ရေးဆိုတာ အင်မတန် အရေးကြီးပါတယ်။ လက်ရှိအချိန်မှာလည်း ကျွန်တော်တို့ တိုင်းပြည်ဟာ ခေတ်စနစ်ကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ တော်လှန်ရေးတစ်ရပ်ကို ဆင်နွဲနေတဲ့အချိန်လည်း ဖြစ်နေတာကိုး။ ဆိုတော့ တော်လှန်ရေးဆိုတာက လူ့အဖွဲ့အစည်းတိုင်းမှာ လိုအပ်ပါတယ်။ လူ့အဖွဲ့ အစည်းတိုင်းမှာ တော်လှန်‌ရေးရှိမှ ကောင်းတဲ့အရွေ့တွေနဲ့ ရှေ့ရောက်နိုင်မယ် လို့ ကျွန်တော်ကတော့ ယူဆတယ်။ အဲ့ဒီအတွက်ကြောင့် လက်ရှိကျွန်တော်တို့ ရင်ဆိုင်နေရတဲ့၊ လက်ရှိကျွန်တော်တို့ ဖြတ်သန်းနေရတဲ့၊ ဆင်နွှဲနေရတဲ့ ဒီ တော်လှန်ရေးကို ကျွန်တော်တို့တွေဟာ အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်နေ ဖို့ပါပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ နိုင်ငံရေးပြဿနာတွေ၊ လိပ်ခဲတည်းလည်း ဖြစ်နေမှုတွေ၊ နောက်ပြီးတော့ နိုင်ငံရေးပဋိပက္ခတွေ ဒါတွေအားလုံးကို ဒီတော်လှန်ရေးကြီးကနေ အမြစ်က လှန်ပြီး ပြောင်းလဲပစ်လိုက်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲ့ဒီအတွက် ကြောင့် နှစ်ပေါင်းများစွာကြာအောင် ဒီတိုင်းပြည်မှာ ဖြေရှင်းလို့ မရခဲ့တဲ့ နိုင်ငံရေးနည်းလမ်းများ၊ အဖြေရှာလို့မရခဲ့တဲ့ ပြဿနာတွေ အားလုံးကို ဒီ တော်လှန်ရေးကြီးက ဖြေရှင်းသွားနိုင်လိမ့်မယ်။ ပြီးရင် နိုင်ငံတော်သစ်တစ်ခုကို မွေးဖွားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံတယ်။ ဒါကြောင့် ဒီတော်လှန်ရေးကို လူထုတစ်ရပ်လုံးရော၊ ကျောင်းသားထု တစ်ရပ်လုံးကပါ အခွင့်ရေးတစ်ရပ် အဖြစ် ရှုမြင်ပါ။ ဒီအခွင့်အ‌ရေးကို အမိအရ ဆုပ်ကိုင်ပြီးတော့ နိုင်ငံတော်သစ် မွေးဖွားခြင်းဆိုတဲ့ ပန်းတိုင်အထိ ရောက်အောင် ကျွန်တော်တို့ သွားကြဖို့ပဲ လိုပါတယ်။