ကျောင်းသားလှုပ်ရှားမှုနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး

ဘိုးသိမ်း | Click here to read this article in English.

Cite as: 
ဘိုးသိမ်း၊ (၂၀၂၃)၊ ကျောင်းသားလှုပ်ရှားမှုနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4366

စာတမ်းအကျဥ်း

၂၀၁၆ ခုနှစ်က ရေးသားခဲ့သော ဤဆောင်းပါး၌ ၁၉၂၀ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ကာ သပိတ်မှောက်ဆန္ဒပြခဲ့ သည့် ပထမကျောင်းသား သပိတ်မှစ၍ ၂၀၁၅ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကျောင်းသားသပိတ်အထိ ပညာရေး စနစ်၏ မလိုလားအပ်သော ဖိနှိပ်ခွဲခြားကန့်သတ်ထားမှုများအား ဖယ်ရှားရန် ကျောင်းသားများ လှုပ်ရှားကြိုးပမ်းခဲ့သည့် သမိုင်းစဥ်၊ နှစ်အလိုက် မှတ်တမ်းကို ဖော်ပြထားသည်။

နိဒါန်း

မြန်မာ့သမိုင်းတွင် ပထမဆုံးကျောင်းသားလှုပ်ရှားမှုမှာ ၁၉၂၀ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ရာ ယခုဆိုလျှင် (၉၆) နှစ်ပြည့်ခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်လျှင် သမိုင်း တစ်လျှောက်တွင် ကျောင်းသားလှုပ်ရှားမှုများသည် အဓိကအချက်ကြီး သုံးခု ပေါ်တွင် အခြေခံခဲ့ကြသည်။ ၎င်းတို့မှာ (၁) ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး၊ (၂) ပညာသင်ကြားမှုအခြေအနေ တိုးတက်ကောင်းမွန်ရေးနှင့် (၃) ခေတ် အဆက်ဆက် နိုင်ငံ၏ လိုအပ်ချက် အခြေအနေပေါ်တွင် မူတည်သည့် အမျိုးသားရေးတာဝန်ကို ဆောင်ရွက်ခြင်း တို့ဖြစ်ကြသည်။

၎င်းတို့အနက် အမှတ် (၁) နှင့် (၂) လုပ်ငန်းများမှာ (၉၆) နှစ်တာကာလရှိ သမိုင်းစဥ်တစ်လျှောက်၌ တစ်စုံတစ်ရာ ပြောင်းလဲမှုမရှိခဲ့သော်လည်း အမှတ် (၃) အချက်မှာ အမျိုးသားရေးလိုအပ်ချက်ပေါ် မူတည်ပြီး ပြောင်းလဲခဲ့သည်။

အမျိုးသားရေးတာဝန်အနေဖြင့် ကျောင်းသားသမဂ္ဂများသည် ၁၉၂၀ ခုနှစ် မှ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိသည့်အချိန်ထိ ကိုလိုနီစနစ် ဆန့်ကျင်ရေး၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေး တာဝန်များကိုလည်းကောင်း၊ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်ထိ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတာဝန်များကိုလည်းကောင်း၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ် ကာလ အတွင်းတွင် အထွေထွေရွေးကောက်ပွဲ အမြန်ပြုလုပ်ပေးရေးနှင့် ရွေးကောက်ခံ အရပ်သားအစိုးရထံသို့ အာဏာလွှဲပြောင်းပေးရေး လုပ်ငန်းများကို လည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ စတင်ပြီး ယနေ့အထိ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ပြောင်းလဲလာသည့်အပေါ်တွင် အခြေခံပြီး ပြောင်းလဲလုပ်ဆောင်ခဲ့သည်။

၁၉၂၀ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံး ကျောင်းသား လှုပ်ရှားမှုသည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို တောင်းဆိုရင်း ပေါ်ပေါက် လာသည့် လှုပ်ရှားမှုကြီးဖြစ်သည်။ ထို့အတူ မြန်မာ့သမိုင်းတစ်လျှောက်တွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားတောင်းဆိုရင်း ပေါ်ပေါက် လာခဲ့သည့် ထင်ရှားသည့် ကျောင်းသားလှုပ်ရှားမှု (ကျောင်းသားသပိတ်) နောက်ထပ်သုံးကြိမ် ပေါ်ပေါက်ခဲ့ပါသည်။

၁၉၂၀ ပထမကျောင်းသားသပိတ်

၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများက ဗြိတိသျှအစိုးရ၏ “၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် အက်ဥပဒေ” ကို ဆန့်ကျင်ကန့်ကွက်ကာ သပိတ်မှောက် ဆန္ဒပြသဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။

၁၉၂၀ ပြည့်နှစ်မတိုင်မီက မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခုမှ မရှိခဲ့ပေ။ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ရန်ကုန်ကောလိပ်ကို ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ ယခု အ.ထ.က (၁) လသာ ကျောင်းဝင်းထဲတွင် ၁၈၉၄ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ကောလိပ်တွင် တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယ နှစ်သင်တန်းများ သင်ကြား ပေးခဲ့သည်။ နောက် (၁၅) နှစ်ခန့်အကြာ ၁၉၀၉ ခုနှစ်တွင် အမေရိကန် နှစ်ခြင်းခရစ်ယာန်အသင်းက အလုံရပ်ကွက် ကူရှင်သာသနာပြုအထက်တန်း ကျောင်း (ယခု အ.ထ.က (၄) အလုံ) တွင် ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ဂျပ်ဆင်ကောလိပ်ကို ဖွင့်လှစ်ခဲ့သည်။ ထိုကောလိပ်တွင်လည်း တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းများကိုသာ သင်ကြားပေးခဲ့သည်။

၁၉၀၉ ခုနှစ်တွင် ထိုအချိန်က မြန်မာ့နိုင်ငံ၏ နိုင်ငံရေးဦးဆောင် အဖွဲ့ကြီး ဖြစ်သော YMBA ခေါင်းဆောင်များနှင့် မြန်မာပြည်သူများက မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးရန် တောင်းဆိုလာခဲ့ကြသည်။ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံတွင် တက္ကသိုလ်တက်မည့် ကျောင်းသားဦးရေ နည်းနေသေးသည် ဟု အကြောင်းပြကာ တက္ကသိုလ် ဖွင့်ခွင့်မပေးဘဲ အချိန်ဆွဲခဲ့သည်။ ၁၉၁၆ ခုနှစ် တွင် YMBA ခေါင်းဆောင်များနှင့် ပြည်သူများ၏ စဥ်ဆက်မပြတ် တောင်းဆို မှုများကြောင့် ဗြိတိသျှအစိုးရက ရန်ကုန်မြို့တွင် တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေး ရန် ပြင်ဆင်လာခဲ့သည်။

ထိုအချိန်က မြန်မာနိုင်ငံဘုရင်ခံ ကရက်ဒေါက် က ပညာမင်းကြီး မက်ဟန်တာ ဦးဆောင်သော အဖွဲ့ဝင် (၃၀) ဦးခန့် ပါဝင်သည့် ရန်ကုန် တက္ကသိုလ်အက်ဥပဒေ ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ထို ဥပဒေ ရေးဆွဲရေးကော်မတီတွင် မြန်မာတိုင်းရင်းသား (၆) ဦးသာ ပါဝင်သည်။ အဆိုပါ ကော်မတီက ရေးဆွဲသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေတွင် ပြည်သူလူထု လက်မခံနိုင်သည့် အချက်များ ပါဝင်နေခဲ့သည်။ ပြည်သူလူထု အဓိက လက်မခံနိုင်သည့် အချက်များမှာ (၁) မြန်မာနိုင်ငံတွင် ရန်ကုန်တက္ကသိုလ် တစ်ခုသာ ရှိရမည်ဟူသည့်အချက်၊ (၂) တက္ကသိုလ်တွင် ကျောင်းအိပ် ကျောင်းစား ကျောင်းသားများကိုသာ တက်ခွင့်ပြုပြီး နေ့ကျောင်းသားများ တက္ကသိုလ် တက်ခွင့်မပြုသည့် ကိစ္စ၊ (၃) တက္ကသိုလ်စတက်သည့် တစ်နှစ်ကို အကြိုသင်တန်းအဖြစ် ကျောင်းတက်ရမည်။ အကြိုသင်တန်းတစ်နှစ်အတွင်း ကျောင်းသားများကို အကဲခတ်ပြီး တက္ကသိုလ်က သဘောကျသည့်သူများသာ နောက်တစ်နှစ်တွင် တက္ကသိုလ်တက်ခွင့်ပြုမည်။ သဘောမကျသူများကို တက္ကသိုလ်ပထမနှစ် တက်ခွင့်မပြု။ ထို့ကြောင့် အကြိုသင်တန်းတက်သည့် ကျောင်းသားများ၏ ဘဝသည် ဘာမှရေရာမှုမရှိသကဲ့သို့ ဖြစ်နေသည်။ အကြိုသင်တန်း တက်ခွင့်မရသဖြင့် အိမ်ပြန်ရလျှင် အကြိုသင်တန်းကာလ ကုန်ကျစရိတ်များသည် အလဟဿဖြစ်သွားမည် ကျောင်းတက်ခွင့်ရသူများ အနေနှင့်လည်း မလိုအပ်ဘဲ တက္ကသိုလ် တစ်နှစ်တက်သည့်စရိတ် ပိုကုန်ကျမည် ဖြစ်သည်။

အဆိုပါ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သုံးသပ်ကြည့်လျှင် သူဌေးများ၊ အရာရှိကြီးများ၏ သားသမီးများသာ တက္ကသိုလ် တက်ရောက်နိုင်စေရန် ရေးဆွဲထားသည့် ဥပဒေဖြစ်နေပြီး သာမန် လူလတ်တန်းစား သားသမီးများ၊ ဆင်းရဲသား သားသမီးများအတွက် တက္ကသိုလ် မတက်ရောက်နိုင်အောင် ရေးဆွဲထားကြောင်းတွေ့ရသည်။ ထို့ကြောင့် YMBA အဖွဲ့အပါအဝင် ကျောင်းသားများ ပြည်သူများက အဆိုပါ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

ဤသို့ ကန့်ကွက်နေသည့်ကြားမှ ရန်ကုန်တက္ကသိုလ်အက်ဥပ‌ဒေ ရေးဆွဲ ရေးအဖွဲ့က ၁၉၂၀ ခုနှစ် ဩဂုတ်လ (၂၈) ရက်နေ့တွင် အဆိုပါ ဥပဒေကို အတည်ပြုခဲ့ပြီး၊ စက်တင်ဘာ (၂၆) ရက်နေ့တွင် ဘုရင်ခံက သဘောတူ ကြောင်း လက်မှတ်ရေးထိုးခဲ့သည်။ အောက်တိုဘာ (၂၄) ရက်နေ့တွင် အိန္ဒိယ နိုင်ငံ ဘုရင်ခံချုပ်က ထပ်မံအတည်ပြုခဲ့ပြီး ဒီဇင်ဘာ (၁) ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ပြဋ္ဌာန်းအတည်ပြုခဲ့သည်။ ရန်ကုန်တက္ကသိုလ် တရားဝင် ဖွင့်လှစ်ပွဲကို ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်ရန် ကြေညာထားခဲ့သည်။

ရန်ကုန်တက္ကသိုလ်အက်ဥပဒေတွင်ပါဝင်သည့် အထက်ဖော်ပြပါ အချက် များကို ကျောင်းသားများက လက်မခံနိုင်သောကြောင့်၊ ရန်ကုန်ကောလိပ်မှ ကိုဘဦးခေါင်းဆောင်သည့် ကျောင်းသားကြီး (၁၁) ယောက်သည် ဒီဇင်ဘာလ (၃) ရက်နေ့၊ နေ့လယ်ဘက်တွင် ရွှေတိဂုံစေတီတော် စနေထောင့်၌ သပိတ်မှောက်ရန် လျှို့ဝှက်ဆွေးနွေးကြသည်။ ဒီဇင်ဘာလ (၄) ရက်နေ့ ညနေပိုင်းတွင် ဗဟန်းရပ်ကွက်၊ ဦးအရိယကျောင်းတိုက်၌ ကျောင်းသားထု အစည်းအဝေးခေါ်ယူပြီး သပိတ်မှောက်ရေးကိစ္စ ကျောင်းသားထုကို တင်ပြရန် ဆုံးဖြတ်ခဲ့သည်။ ဒီဇင်ဘာလ(၄)ရက် ညနေတွင် ပြုလုပ်သည့် ကျောင်းသားထု အစည်းအဝေးတွင် ရန်ကုန် ကောလိပ်မှ ကျောင်းသား (၂၀) နှင့် ဂျပ်ဆင် ကောလိပ်မှ ကျောင်းသား (၆) ဦး၊ စုစုပေါင်း (၂၆) ဦး ပါဝင်သည့် သပိတ် ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ကိုဘဦးက သပိတ်ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။

မူလသပိတ် အစီအစဥ်မှာ ဒီဇင်ဘာလ (၇) ရက် ဘုရင်ခံ တက်ရောက် ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ် တရားဝင်ဖွင့်လှစ်ပွဲတွင် ဘုရင်ခံက ဖွင့်လှစ် ကြောင်း ကြေညာချိန်၌ ထိုအခမ်းအနားတွင် တက်ရောက်နေသည့် တက္ကသိုလ် ကျောင်းသားများက သပိတ်မှောက်ကြောင်း ကြေညာကာ ဖွင့်ပွဲအခမ်းအနားမှ ကြွေးကြော်သံများအော်ပြီး ထွက်ခွာသွားကြရန် ဖြစ်သည်။ ထိုအစီအစဥ်ကို အစည်းအဝေးလာတက်သည့် သတင်းပေးကျောင်းသားတစ်ယောက်က ကျောင်းအုပ်ကြီးထံ သတင်းပို့လိုက်သည့်အတွက် အစီအစဥ်အတိုင်း မပြုလုပ် ဖြစ်တော့ပဲ ရှေ့ကို နှစ်ရက်စောပြီး ဒီဇင်ဘာ (၅) ရက် (တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်) နေ့တွင် စတင်သပိတ်မှောက်လိုက်ကြရသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကို ထောက်ခံသည့်အနေဖြင့် နောက်နေ့တွင် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းများအားလုံး သပိတ်မှောက် ကြသည်။ နောက်တစ်နေ့တွင် မန္တလေးမြို့ရှိ အထက်တန်းကျောင်းများ ဆက်လက်သပိတ်မှောက်ကြသည်။ ထို့နောက် မြန်မာတစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများဆီ သပိတ် ပျံ့နှံ့သွားသည်။ ကျောင်းသားသပိတ် ကြီးကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြည်သူများက တစ်ခဲနက် ထောက်ခံခဲ့ကြ သည်။

တက္ကသိုလ်အာဏာပိုင်များအနေဖြင့် သပိတ်ကော်မတီက တောင်းဆို သည့် တောင်းဆိုချက် (၁၆) ချက်ကို မျက်ကွယ်ပြုပြီး ဒီဇင်ဘာ (၂၃) ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းပြန်တက်ရန် ရာဇသံပေးခဲ့သည်။ ထို့နောက် ရာဇသံရက်ကို နောက်ရွှေ့ပြီး ၁၉၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့ နောက်ဆုံး ထားပြီး ကျောင်းပြန်တက်ရန် ထပ်မံကြေညာသည်။

ဒီဇင်ဘာလ (၁၉) ရက်နေ့အထိ ကျောင်းသားများတောင်းဆိုသည့် အချက် (၁၆) ချက်ကို မလိုက်လျောသဖြင့် သပိတ်မှောက်ကျေင်းသားများက တက္ကသိုလ်အာဏာပိုင်များ၏ ကျောင်းထုတ်ခြင်းကို မခံယူချင်သည့်အတွက် ဒီဇင်ဘာ (၂၁) ရက်နေ့ နေ့စွဲနှင့် သပိတ်မှောက် ကျောင်းသားအားလုံး တက္ကသိုလ်က ကျောင်းထွက်ကြောင်း လျှောက်လွှာတင်လိုက်ကြသည်။

ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် “သပိတ်မှောက်ကျောင်းသားများ ကောင်စီ” က “အမျိုးသားပညာရေး” ကြေညာချက်တစ်စောင် ထုတ်ပြန် ခဲ့သည်။ ထိုကြေညာချက်အရ ရန်ကုန်မြို့၊ ဗဟန်းရပ်ကွက်တွင် အမျိုးသား တက္ကသိုလ်တစ်ခု တည်ထောင်ခဲ့ပြီး ပြည်သူလူထု၏ ထောက်ခံမှုဖြင့် မြန်မာ တစ်နိုင်ငံလုံးရှိ မြို့တိုင်းနီးပါးတွင် အမျိုးသားကျောင်းများ တည်ထောင်ကြ သည်။ ထိုအချိန်က မြန်မာနိုင်ငံတစ်နိုင်ငံ လုံးတွင် အစိုးရဖွင့်လှစ်သည့်ကျောင်း (၅၀) မကျော်သေးသည့်အချိန် ဖြစ်သည်။ ပြည်သူလူထု၏ အားပေးထောက်ခံမှု ကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် အမျိုးသားကျောင်းပေါင်း (၁၄၅) ကျောင်း အထိ တိုးပွားလာခဲ့သည်။

ဤကဲ့သို့ ကျောင်းသားများ သပိတ်မမှောက်မီ ၁၉၂၀ ခုနှစ် အောက်တိုဘာ (၂၉) ရက်နေ့တွင် နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် YMBA အသင်းများကို စုစည်းကာ GCBA အသင်းကြီးအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးက အမျိုးသားကျောင်းများကို စီမံအုပ်ချုပ်ရန်အတွက် GCBA အဖွဲ့ကြီးက ခေါင်းဆောင်များနှင့် သပိတ်မှောက်ကျောင်းသားများ ပူးတွဲကာ “အမျိုးသားကျောင်းများအုပ်ချုပ်ရေးအဖွဲ့” ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဥက္ကဋ္ဌ အဖြစ် GCBA ခေါင်းဆောင် ဦးမောင်ကြီးက တာဝန်ယူခဲ့သည်။

ထိုသို့ အမျိုးသားကျောင်းများ အရှိန်အဟုန်နှင့် တိုးတက်လာချိန် ၁၉၂၂ ခုနှစ်တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပြီး ဒိုင်အာခီအုပ်ချုပ်ရေးကို ပေးခဲ့သည်။ ယခင်က ဘုရင်ခံကောင်စီ (အစိုးရအဖွဲ့) ကို ဘုရင်ခံက တိုက်ရိုက်ခန့်အပ်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းသည်။ အစိုးရ အဖွဲ့ထဲတွင် ပြည်သူမဲပေးရွေးကောက်သည့် ကိုယ်စားလှယ်တစ်ဦးမှ မပါခဲ့ပေ။ ဒိုင်အာခီအုပ်ချုပ်ရေးတွင် ဘုရင်ခံကောင်စီ (အစိုးရအဖွဲ့) ၌ ဘုရင်ခံ ခန့်အပ်သူတချို့နှင့် ပြည်သူလူထုမဲနှင့် ရွေးချယ်ခံထားရသော အမတ်များထဲက ရွေးချယ်ပေးသည့် ပုဂ္ဂိုလ်တချို့ပါဝင်သည်။ အုပ်ချုပ်ရေးအာဏာကို ဘုရင်ခံ နှင့် ပြည်သူ ခွဲဝေအုပ်ချုပ်သည့် သဘောဖြစ်သည်။

ထိုအချိန်၌ ပြည်သူလူထုအများစု လိုချင်သည်မှာ ဒိုင်အာခီ အုပ်ချုပ်ရေး ထက် အဆင့်မြင့်သည့် Home Rule ခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဒိုင်အာခီအုပ်ချုပ်ရေးအတွက် အမတ်နေရာ ရွေးကောက်ပွဲများကို ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ပြုလုပ်ရန် အစိုးရက စီစဥ်ခဲ့သည်။ ထိုအချိန်တွင် GCBA အဖွဲ့ကြီး (၂) ခြမ်း ကွဲသွားခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးအတွက် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ပြီး အစိုးရအဖွဲ့ထဲသို့ဝင်ကာ တိုင်းပြည် အတွက် လုပ်ဆောင်သင့်သည်ဟု ယူဆသည့် အုပ်စုနှင့် ဒိုင်အာခီ အုပ်ချုပ်ရေး ကို လက်မခံပဲ ထိုထက်အဆင့်မြင့်သော ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းမည့် ရွေးကောက်ပွဲမဝင်ရေးဆိုသည့် အုပ်စုတို့ဖြစ်သည်။ GCBA ကွဲသဖြင့် အမျိုးသားကျောင်းများ အုပ်ချုပ်ရေးအဖွဲ့လည်း နှစ်ခြမ်းကွဲခဲ့သည်။ ကျောင်းသားသပိတ်ကောင်စီ (၂၆) ဦးလည်း နှစ်အုပ်စု ကွဲသွားခဲ့သည်။ “အမျိုးသားကျောင်းများ အုပ်ချုပ်ရေးကော်မတီ” မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ သည့် ဦးမောင်ကြီးက ရွေးကောက်ပွဲဝင်သည့် GCBA အုပ်စုထဲတွင် ပါဝင်သွား ပြီး အမတ်အရွေးခံရသည်။ ဘုရင်ခံကောင်စီဖွဲ့သည့်အချိန်တွင် ဦးမောင်ကြီး သည် ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူရသည်။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၅) ရက်နေ့ ကျောင်းသားများ စတင် သပိတ် မှောက်သည့်အချိန်မှ ဒိုင်အာခီအုပ်ချုပ်ရေး ရွေးကောက်ပွဲ ပြုလုပ်ချိန်အထိ ကျောင်းသားများတောင်းဆိုသည့် တောင်းဆိုချက် (၁၆) ချက်ကို ဘုရင်ခံ အစိုးရနှင့် တက္ကသိုလ်အာဏာပိုင်များက လုံးဝ လိုက်လျောခြင်း မပြုခဲ့ သော်လည်း ဒိုင်အာခီရွေးကောက်ပွဲအပြီး အမျိုးသားကျောင်းများ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမောင်ကြီး ပညာရေးဝန်ကြီးဖြစ်လာပြီးနောက် ရန်ကုန်တက္ကသိုလ် အက်ဥပဒေမှ အချက် အလက်တချို့ကို ပြင်ပေးခဲ့သည်။ ထိုဥပဒေအား ၁၉၂၄ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်သည်။

အဆိုပါ ပြင်ဆင်သည့် တက္ကသိုလ်အက်ဥပဒေထဲတွင် မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခုထဲရှိရမည် ဆိုသည့်အချက်ကို ပြင်ပေးခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် ကောလိပ် (၂) ခု ဖွင့်ခွင့်ရသည်။ ဆေးကောလိပ်နှင့် ဆရာအတတ်သင်ကောလိပ် (TTC) ဖြစ်သည်။ အထက်မြန်မာပြည်အတွက် မန္တလေးမြို့တွင် ဥပစာကောလိပ်တစ်ခု ဖွင့်ခွင့်ရသည်။ ဥပစာကောလိပ် ဆိုသည်မှာ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းများ သင်ကြားပေး သည့် ကောလိပ်ဖြစ်သည်။ နောက်ပြင်ဆင်သည့်တစ်ချက်မှာ တက္ကသိုလ်တက် ရာတွင် အကြိုသင်တန်းတစ်နှစ် တက်ရန်မလိုပဲ ပထမနှစ်ကို တိုက်ရိုက်တက် ခွင့်ရသည်။ ထို့ကြောင့် B.A ၊ B.Sc. ဘွဲ့ရရန် (၄) နှစ်သာ တက္ကသိုလ် တက်ရတော့သည်။ နောက်ပြင်ဆင်ချက်တစ်ခုမှာ တက္ကသိုလ်များ၌ နေ့ကျောင်းသားအဖြစ်နှင့် ကျောင်းတက်ခွင့်ပြုခြင်း ဖြစ်သည်။ အဆောင်စရိတ် မတတ်နိုင်သူ လူလတ်တန်းစား သားသမီးများ တက္ကသိုလ်တက်လာနိုင်ခဲ့ သည်။ နောက်ထပ်အရေးကြီးသည့် ပြင်ဆင်ချက်တစ်ခုမှာ ရန်ကုန်တက္ကသိုလ် ကောင်စီတွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရထားသူများ၏ ကိုယ်စားလှယ်တစ်ဦး ပါဝင်ခွင့်ရခဲ့သည်။

ထိုအချိန်က ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂ မရှိသေးသဖြင့် ဘွဲ့ရကျောင်းသားများ ကိုယ်စားလှယ်တစ်ဦး ပါဝင်ခွင့်ရသည့်အတွက် ကျောင်းသားများဆန္ဒကို ဘွဲ့ရကျောင်းသား ကိုယ်စားလှယ်မှတစ်ဆင့် တက္ကသိုလ်အာဏာပိုင်များထံ တရားဝင် ဆွေးနွေးတင်ပြခွင့်ရသွားပါသည်။ ၁၉၂၄ ခုနှစ်တွင် ပြင်ဆင်သည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သုံးသပ် ကြည့်လျှင် ၁၉၂၀ ခုနှစ် ကျောင်းသားသပိတ်ကြီးက တောင်းဆိုသည့် တောင်းဆိုချက် (၁၆) ချက်ကို အပြည့်အဝမရရှိသော်လည်း ကျောင်းသားများ တောင်းဆိုသည့် အရေးကြီးသည့် အချက်တချို့အား ပြင်ဆင်ပေးကြောင်း တွေ့ရသည်။ ထို့ကြောင့် ၁၉၄၂ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ချက်သည် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေထက် အတိုင်းအတာတစ်ခုထိ တိုးတက်လာသည်ဟု မြင်မိပါသည်။

၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်

၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ် ဖြစ်ပေါ်ခဲ့သည့်အချိန်မှ ၁၉၃၅ ခုနှစ် အထိ (၁၅) နှစ်တာကာလတွင်း ရန်ကုန်တက္ကသိုလ်၌ ကျောင်းသားလှုပ်ရှားမှု မရှိခဲ့ပေ။ အမျိုးသားရေးစိတ်ဓာတ်ရှိသည့် သပိတ်မှောက်ကျောင်းသားများက မိမိဆန္ဒအရ ကျောင်းထွက်သွားပြီး ဖြစ်သည်။ အသစ်ရောက်ရှိလာသည့် ကျောင်းသားများကလည်း သပိတ်မှောက်ကျောင်းသားများ ပညာရေးခရီး မဖြောင့်မဖြူးဖြစ်သွားသည်ကို မြင်တွေ့ရသဖြင့် လုံးဝမလှုပ်ရှားရဲသည့် အခြေအနေတွင် ရှိနေခဲ့သည်။

ထိုအချိန်တွင် တက္ကသိုလ်အာဏာပိုင်များက တက္ကသိုလ်ကျောင်းသား များကို ခွဲခြားဆက်ဆံကြသည်။ အလိုတော်ရိကျောင်းသားများကို အခွင့်အရေး ပေးပြီး မြှောက်စားသည်။ အလိုတော်ရိမဟုတ်သည့် ကျောင်းသားများကို ဖိနှိပ်ချုပ်ချယ်သည်။ ဘွဲ့ရပြီး ထောက်ခံစာရေးပေးသည့် အချိန်မှာပင် နှစ်မျိုး ခွဲခြားရေးပေးသည်။ အလိုတော်ရိကျောင်းသားများကို ICS ရာထူး၊ ရဲအရာရှိ ရာထူး၊ BOC အရာရှိကြီး ရာထူးများရရှိအောင် ထောက်ခံစာကို သာသာထိုးထိုး ရေးပေးပြီး၊ အလိုတော်ရိမဟုတ်သည့် ကျောင်းသားများကို ထောက်ခံစာ တစ်မျိုး ရေးပေးသည်။ ထိုထောက်ခံစာနှင့် အလုပ်လျှောက်လျှင် နယ်မြို့လေး တစ်မြို့၌ပင် ကျောင်းဆရာအလုပ်ရရန် ခက်ခဲသည်။ ဤကဲ့သို့ အခြေအနေ တွင် တက္ကသိုလ်ကျောင်းသားများအနေနှင့် လှုပ်ရှားမှု ပြုလုပ်ရန် ခက်ခဲခဲ့သည်။

၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့် ရရှိရေးအတွက် ကြိုးစားကြသည်များကို တွေ့ရသည်။ ၁၉၃၁ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကို တရားဝင်ဖွဲ့စည်း ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံစည်းမျဥ်းကို အောက်စဖိုဒ့်တက္ကသိုလ်ကျောင်းသား သမဂ္ဂဖွဲ့စည်းပုံအား နမူနာယူပြီး ရေးဆွဲ ခဲ့ကြသည်။ အောက်စဖိုဒ့်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ လုပ်ငန်းသည် သာရေးနာရေးအသင်း အဆင့်လောက်သာ ရှိသည်။ တက္ကသိုလ်အာဏာပိုင် များကလည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို သာရေးနာရေးအဆင့် လောက်သာ ခွင့်ပြုသည့်သဘောဖြစ်သည်။ စကားရည်လုပွဲပြုလုပ်ခြင်း၊ ထင်ပေါ်ကျော်ကြားသူများကို ဖိတ်ကြားဟောပြောခြင်းစသည့် လှုပ်ရှားမှု အဆင့်လောက်သာ ရှိသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ပထမ ဥက္ကဋ္ဌများဖြစ်သည့် ဦးကျော်ခင်နှင့် ဦးထွန်းစိန်တို့နောက် တကသ ဥက္ကဋ္ဌ (၄) ဦး သည် အင်္ဂလိပ်အလိုတော်ရိကျောင်းသားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ တကသဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ကာလတစ်လျှောက်တွင် ကျောင်းသား သမဂ္ဂ လှုပ်ရှားမှုများမရှိခဲ့ပဲ စကားရည်လုပွဲနှင့် ဟောပြောပွဲ တချို့လောက်သာ ပြုလုပ်နိုင်ခဲ့သည်။

၁၉၃၄-၃၅ ပညာသင်နှစ်ထဲတွင် တကသ ဒုဥက္ကဋ္ဌတာဝန်ယူသူ တာဝန်မှ နှုတ်ထွက်သွားသဖြင့် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရာ ကိုနု တကသ ဒုဥက္ကဋ္ဌ ဖြစ်လာသည်။ ထို ၁၉၃၄-၃၅ ပညာသင်နှစ်ထဲမှာပင် Roll Call ခေါ်ရာတွင် Sir ထည့်မထူးသည့်အတွက် ကျောင်းသား (၂) ဦးကို တက္ကသိုလ်ကျောင်းအုပ်ကြီး စလော့က ကျောင်းထုတ်ပစ်ခဲ့သည်။ ထိုကျောင်းသား (၂) ဦးကို ကျောင်း မထုတ်ရန် တကသ ဒုဥက္ကဋ္ဌ ကိုနုက ကန့်ကွက်ခဲ့သည်။ ၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီ စာမေးပွဲကျသည်ကို အကြောင်းပြပြီး၊ ကျောင်းအုပ်ကြီး စလော့က ကျောင်းသား (၁၁) ယောက်အား ထပ်မံကျောင်းထုတ်သဖြင့် တကသ ဒုဥက္ကဋ္ဌကိုနုက ကျောင်းမထုတ်ရန် တောင်းဆိုရာ အောင်မြင်မှု မရရှိခဲ့ ပေ။

ကိုနု၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေတို့ တိုင်ပင်ကာ ကိုကျော်ငြိမ်းက ဆာဦးသွင်နှင့် မြို့မိမြို့ဖများ၊ နိုင်ငံရေးခေါင်းဆောင်များကို ရွှေတိဂုံ ရင်ပြင်တော်ပေါ်သို့ ဖိတ်ကြားပြီး ကျောင်းသား (၁၁) ဦး စာမေးပွဲကျသဖြင့် ကျောင်းထုတ်ခံရသည့်ကိစ္စကို ရှင်းလင်းတင်ပြရန် တာဝန်ပေးခဲ့သည်။ ကိုကျော်ငြိမ်းကလည်း တာဝန်ပေးသည့်အတိုင်း ရှင်းလင်းရာ မြို့မိမြို့ဖများနှင့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် တက္ကသိုလ်အခြေအနေကို သိရှိသဘော ပေါက်သွားခဲ့သည်။ ဦးနုတို့အုပ်စု ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ ကျောင်းသား ကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ်ခြင်းသည် ၁၉၂၀ ခုနှစ် ကျောင်းသား သပိတ်ကြီးပြီးနောက် (၁၄) နှစ်အကြာတွင် ပထမဆုံး ပြန်လည်စတင်ခဲ့သည့် ကျောင်းသားလှုပ်ရှားမှု ဖြစ်သည်။ ဤလှုပ်ရှားမှုမှ စတင်၍ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားသပိတ်ကို သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ ကျောင်းသား လှုပ်ရှားမှု စတင်လိုက်သည့်အတွက် ကျောင်းထုတ်ထားသော ကျောင်းသား (၁၁) ယောက်အနက် (၁၀) ယောက် ကျောင်းပြန်ဝင်ခွင့်ရခဲ့သည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်တွင် ပြဿနာတစ်ခုပေါ်လာခဲ့သည်။ ၁၉၃၅ ဒီဇင်ဘာလ ကျောင်းပိတ်ရက်မတိုင်မီတွင် တက္ကသိုလ်အာဏာပိုင်များက ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ၎င်းတွင် ဒီဇင်ဘာကျောင်းပိတ်ရက် မတိုင်မီတွင် အစမ်းစာမေးပွဲစစ်မည်ဖြစ်ကြောင်း၊ အဆိုပါ အစမ်းစာမေးပွဲ အောင်မြင်မှ အတန်းတင်စာမေးပွဲကို ဖြေဆိုခွင့်ရမည်ဖြစ်ကြောင်း ပါရှိသည်။ ထိုအစမ်းစာမေးပွဲသည် ရန်ကုန်တက္ကသိုလ်တွင် အစဥ်အလာမရှိပဲ ယခုနှစ်မှ အသစ်တီထွင်စစ်ဆေးသည့် စာမေးပွဲဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းသားများ အုံကြွလာပြီး တကသအဆောက်အအုံတွင် ကျောင်းသားထုအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ၎င်းတွင် အစမ်းစာမေးပွဲကိစ္စ ကျောင်းအုပ်ကြီးနှင့် ဆွေးနွေးရန်နှင့် ဒီဇင်ဘာကျောင်းပိတ်ရက်မတိုင်မီ ထိုကိစ္စကို ကျောင်းသားထု အစည်းအဝေးတွင် ပြန်လည်တင်ပြရန် တကသ ဥက္ကဋ္ဌ ကိုဖိုးအေးနှင့် တကသ အမှုဆောင် (၂) ဦးကို တာဝန်ပေးအပ်ခဲ့သည်။

ကိုဖိုးအေးသည် ဗြိတိသျှအလိုတော်ရိ ကျောင်းသားဖြစ်၍ ကျောင်းအုပ်ကြီးနှင့် သွားမတွေ့ရဲရာ အချိန်ဆွဲနေခဲ့သည်။ ထို့ကြောင့် တကသ ဒုဥက္ကဋ္ဌ ကိုနုက တကသအမှုဆောင် ကိုကျော်ငြိမ်းအား ကျောင်းအုပ်ကြီး စလော့ထံ သွားရောက်ဆွေးနွေးရန် တာဝန်ပေးခဲ့သည်။ ကိုကျော်ငြိမ်းသည် ကျောင်းအုပ်ကြီးထံ သွားရောက်ဆွေးနွေးရာ ကျောင်းအုပ်ကြီးက မချေမငံ ပြောဆိုခဲ့သည်။ ကိုနုနှင့် အပေါင်းအသင်းများတိုင်ပင်ပြီး ကျောင်းအုပ်ကြီး မချေမငံ‌ပြောဆိုသည့်စကားကို ပြည်သူများသိစေရန် သတင်းစာအယ်ဒီတာ များ၏ အကူအညီဖြင့် သတင်းစာတွင် ဖော်ပြလိုက်သည်။ ထို့နောက် ကိုနု အနေနှင့် မြစ်ဝကျွန်းပေါ်မြို့များသို့ လှည့်လည်စည်းရုံးပြီး မြို့မိမြို့ဖများနှင့် အစည်းအဝေးများပြုလုပ်ကာ ကျောင်းအုပ်ကြီးစလော့ နုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ ထို့အတူ ကိုသိန်းဖေ ကလည်း မြန်မာနိုင်ငံ အထက်ပိုင်းမြို့များသို့ သွားရောက်စည်းရုံးကာ အလားတူဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။ သတင်းစာများကလည်း နယ်မြို့များတွင် ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်များကို ပုံမှန် ဖော်ပြ ပေးနေခဲ့သည်။ ကိုနုနှင့် ကိုသိန်းဖေတို့ ရန်ကုန်ပြန်ရောက်ပြီး သည့်အချိန်တွင် ရန်ကုန်မြို့လုံးကျွတ်အစည်းအဝေးကြီးကို ရွှေတိဂုံဘုရား ရာဟုထောင့်၌ ကျင်းပပြုလုပ်ပြီး လူထုကြီးက ကျောင်းအုပ်ကြီး စလော့ နုတ်ထွက်ပေးရန် တောင်းဆိုကြတော့သည်။ ရန်ကုန်မြို့လုံးကျွတ်အစည်းအဝေး ဆုံးဖြတ်ချက် များ သတင်းစာတွင် ပါလာပြီး နောက်တစ်နေ့တွင် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး အစမ်းစာမေးပွဲကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

၁၉၃၅-၃၆ ပညာသင်နှစ်အတွက် တကသ အမှုဆောင်သစ် ရွေးကောက်ပွဲ ၌ ကိုနုက ဥက္ကဋ္ဌနေရာတွင် ပြိုင်ဘက်မရှိ အနိုင်ရပြီး၊ ကျန်အမှုဆောင် အဖွဲ့ဝင် နေရာများတွင်လည်း ကိုနု၏အပေါင်းအသင်းများ အနိုင်ရသည်။ ဗြိတိသျှ အလိုတော်ရိကျောင်းသားများ ရွေးကောက်ပွဲ ရှုံးနိမ့်သွားသည်။ ကိုနုနှင့် အပေါင်းအသင်းများ တကသအမှုဆောင်ဖြစ် လာပြီးနောက် တကသ အမှုဆောင်အဖွဲ့သည် ကျောင်းသားရေးရာကိစ္စများကိုသာမက ကိုလိုနီစနစ် ဆန့်ကျင်ရေးနှင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေး လုပ်ငန်းများကိုပါ လုပ်ဆောင်ခဲ့ကြသည်။

ကိုနု တကသဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ပြီးနောက် တကသ အမှုဆောင် များ ကျမ်းသစ္စာကျိန်ဆိုသော အခမ်းအနားနှင့် စကားရည်လုပွဲ အခမ်းအနား များ၊ ဟောပြောပွဲများတွင် သဘာပတိမိန့်ခွန်း ပြောကြားတိုင်း ကိုနုက ကျောင်းအုပ်ကြီးစလော့၏ ဖိနှိပ်ချုပ်ချယ်မှုများ၊ ကျောင်းသားများအား အုပ်စုခွဲ ပြီး တစ်ဖက်ကို အခွင့်အရေးပေး၊ တစ်ဖက်ကို ဖိနှိပ်ဆက်ဆံမှုများကို သွယ်ဝိုက် ပြီး အများသိရှိအောင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့ကြောင့် ကိုနုကို ကျောင်းအုပ်ကြီးက ကျောင်းထုတ်ပစ်ချင်နေပါသည်။

ဤအခြေအနေတွင် တကသက တစ်နှစ်တစ်ကြိမ် ထုတ်ဝေသည့် တကသကြွေးကြော်သံ အိုးဝေမဂ္ဂဇင်းတွင် “ငရဲခွေးကြီးလွတ်နေသည်” ဆောင်းပါးပါလာသည့်အတွက် ကျောင်းအုပ်ကြီးက ထိုဆောင်းပါးကို အကြောင်းပြပြီး ကိုနုကို ၁၉၃၆ ခု၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ကျောင်းထုတ်ပစ်လိုက်သည်။ အယ်ဒီတာ ကိုအောင်ဆန်းကိုလည်း ဆောင်းပါး ရေးသူ၏ အမည်ကို ဖော်ထုတ်မပြောသည့်အတွက် ကျောင်းမှထုတ်ပယ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ကိုနုကို ကျောင်းထုတ်သည့်အတွက် ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ ကျင်းပ ပြုလုပ်သည့် ကျောင်းသားထုအစည်းအဝေးကြီးက ကိုနုကို ထောက်ခံသည့်အနေနှင့် သပိတ်မှောက်ကြသည်။ ဤကျောင်းသားသပိတ်ကြီး သည် ၁၉၂၀ ခုနှစ် ပထမကျောင်းသားသပိတ်ကြီးဖြစ်ပေါ်ခဲ့ပြီး (၁၆) နှစ် အကြာတွင် ပေါ်ပေါက်ခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် ဒုတိယ ကျောင်းသား သပိတ်ကြီး ဖြစ်သည်။

ထိုကျောင်းသားသပိတ်ကြီးကို တကသ ဒုဥက္ကဋ္ဌ ဦးရာရှစ်က သပိတ် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သည်။ ကိုနုကို ကျောင်းထုတ်ထားပြီး ဖြစ်သည့်အတွက် ကိုနုသည် သပိတ်ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် တရားဝင် ပါဝင် ဦးဆောင်ခွင့်မရှိတော့ပေ။ အဆိုပါ သပိတ် ကော်မတီက တောင်းဆိုချက် (၁၀) ချက်ကို တောင်းဆိုခဲ့ပါသည်။

ထိုတောင်းဆိုချက်များထဲက အဓိကတောင်းဆိုချက်တစ်ခုသည် ရန်ကုန် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ပေးရန် ဖြစ်သည်။ နောက်ထပ်အရေးကြီးသော တောင်းဆိုချက်တစ်ခုမှာ ကျောင်းအုပ်ကြီး၏ ကျောင်းသားများကို ကျောင်းထုတ်ပိုင်ခွင့်အာဏာအား ပြန်ရုပ်သိမ်းပြီး၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့၌ သာ ထိုအာဏာကို ထားရှိရန် ဖြစ်သည်။ အစိုးရနှင့် တက္ကသိုလ် အာဏာပိုင်များ သည် ကျောင်းသားများတောင်းဆိုသည့် တောင်းဆိုချက် (၁၀) ချက်ကို ဥပေက္ခာပြုထားပြီး သပိတ်မှောက် ကျောင်းသားများကို စာမေးပွဲဖြေခွင့် ပိတ်ပင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဧပြီလအထိ ကျောင်းသားများ သပိတ်မလှန်သည့်အတွက် အစိုးရသည် ဗဟိုတရားရုံးမှ တရားသူကြီးဦးမြဘူးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး သပိတ် ကိစ္စစုံစမ်းရေးကော်မတီကို ဖွဲ့ခဲ့သည်။ မေလအတွင်းတွင် အစိုးရနှင့် သပိတ် မှောက်ကျောင်းသားများ တွေ့ဆုံဆွေးနွေးကြသည်။ ကျောင်းသားများ တောင်းဆိုသော အချက် (၁၀) ချက်လုံး မရရှိသော်လည်း အချက်တချို့ လိုက်လျောသည့်အတွက် သပိတ်ကော်မတီက သပိတ်လှန်ရန် သဘောတူခဲ့ သည်။ ၁၉၃၆ ခု၊ မေလ (၁၀) ရက်နေ့တွင် သပိတ်လှန်လိုက်သည်။ သပိတ်၏ အကျိုးဆက်အနေဖြင့် ကျောင်းအုပ်ကြီးစလော့နေရာတွင် မြန်မာလူမျိုး ပါမောက္ခ ဦးဖေမောင်တင်ကို ကျောင်းအုပ်ကြီးအဖြစ် ခန့်ခဲ့ရသည်။

၁၉၃၈ တတိယကျောင်းသားသပိတ်

သပိတ်လှန်ပြီးနောက် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးအတွက် စုံစမ်း လေ့လာနိုင်ရန် မြဘူးကော်မတီကိုပင် ဗြိတိသျှအစိုးရက တာဝန်ပေးခဲ့သည်။ မြဘူးကော်မတီက ဆက်လက်စုံစမ်းမှုများ ပြုလုပ်ပြီး ၁၉၃၇ ခုနှစ်၊ မေလ ပထမအပတ်ထဲတွင် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်သည့် မြဘူးကော်မတီ အစီရင်ခံစာကို ကျောင်းသားများက မကျေနပ်သဖြင့် ၁၉၃၇ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဒုတိယအကြိမ်ညီလာခံက အဖွဲ့ဝင် (၇) ဦး ပါဝင်သည့် “တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးကော်မတီ” ကို ဖွဲ့စည်းသည်။ ထို ကော်မတီတွင် ဝတ်လုံတော်ရများ၊ သတင်းစာ အယ်ဒီတာများ၊ တို့ဗမာ အစည်းအရုံး ကိုယ်စားလှယ်တစ်ဦးနှင့် ဗကသ ဥက္ကဋ္ဌဟောင်း ကိုရာရှစ်၊ ဗကသ ဥက္ကဋ္ဌသစ် ကိုအောင်ဆန်းတို့ ပါဝင်ခဲ့ကြသည်။ ကိုအောင်ဆန်းက ဆော်ြသသူအဖြစ် တာဝန်ယူသည်။ ဆော်ြသသူဆိုသည်မှာ ယခုခေတ်အခေါ် အတွင်းရေးမှူးဖြစ်သည်။ ထိုကော်မတီက မြဘူးအစီရင်ခံစာကို တစ်ပိုဒ်ခြင်း ပြန်လည်သုံးသပ်ပြီး အစီရင်ခံစာတစ်စောင် ထပ်မံပြုစုခဲ့သည်။ ၎င်းအစီရင်ခံစာကို မြန်မာပြည်အစိုးရ ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ပြီး မိတ္တူကို မြန်မာတစ်နိုင်ငံလုံးအနှံ့ ကျောင်းသားများထံ ဖြန့်ဝေခဲ့သည်။

နယ်မြို့များတွင် ထိုအစီရင်ခံစာကို အစည်းအဝေးများပြုလုပ်ပြီး ဆွေးနွေး ကြသည်။ ထိုအစည်းအဝေးများမှ −

(၁) မြဘူးအစီရင်ခံစာကို ကန့်ကွက်ကြောင်း၊

(၂) ဗကသမှဖွဲ့စည်းသည့် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးကော်မတီ၏ အစီရင်ခံစာကို ထောက်ခံကြောင်း၊

(၃) တက္ကသိုလ်အက်ဥပဒေသစ်ကို လွှတ်တော်သို့ အလျင်အမြန် တင်သွင်းနိုင်ရန်အတွက် အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်များအား ပန်ကြားကြောင်း၊

စသည့်အဆိုများကို ဆုံးဖြတ်ခဲ့ကြသည်။

ထိုအချိန်က နန်းရင်းဝန်ဖြစ်နေသည့် ဒေါက်တာဘမော်သည် တက္ကသိုလ် အက်ဥပဒေကို ၁၉၂၄ ခုနှစ်က ပြင်ဆင်ပေးပြီးဖြစ်သဖြင့် ထပ်မံပြင်ဆင်ချင် သည့် ဆန္ဒမရှိသောကြောင့် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ပေးရေးကို အချိန်ဆွဲနေခဲ့သည်။

၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလတွင် သန်လျင်ရေနံချက်စက်ရုံတွင် သပိတ် မှောက်သည်။ ဇွန်လတွင် ရေနံမြေအားလုံးသို့ သပိတ်ပျံ့နှံ့ သွားသည်။ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရေနံမြေသပိတ်စစ်ကြောင်း ရန်ကုန်မြို့သို့ စတင် ချီတက်လာသည်။ သပိတ်စစ်ကြောင်းကို ကူညီရန် ရန်ကုန် တို့ဗမာ အစည်းအရုံး ခေါင်းဆောင်များနှင့် ကျောင်းသားခေါင်းဆောင် တကသဥက္ကဋ္ဌ ကိုဗဟိန်း၊ ကျောင်းသားခေါင်းဆောင် ကိုဗဆွေတို့ ဒီဇင်ဘာလ (၈) ရက်နေ့တွင် မကွေးမြို့သို့ သွားရောက်ကြသည်။

ဒီဇင်ဘာလ (၁၂) ရက်နေ့ညတွင် မဲတည်းကျောင်းတိုက် သပိတ်စခန်း၌ အစည်းအဝေးကြီးတစ်ရပ် ကျင်းပပြုလုပ်သည်။ ထိုအစည်းအဝေးကြီးတွင် တကသဥက္ကဋ္ဌ ကိုဗဟိန်းက မိန့်ခွန်းပြောသည်။ သူ့မိန့်ခွန်းတွင် “မြင်းခွာ တစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမယ်။ ရဲဘော်တို့သတ္တိ ကမ္ဘာ သိအောင်ပြကြပါ” ဟုပြောခဲ့သည်။ ထိုဟောပြောမှုကြောင့် ကိုဗဟိန်းနှင့် ကိုဗဆွေတို့အား ဆူပူမှုကို လှုံ့ဆော်သည်၊ အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောသည်ဟု ဆိုကာ ရာဇဝတ်ကျင့်ထုံးပုဒ်မ (၁၀၇) အရ ဖမ်းဆီးခဲ့သည်။

ကိုဗဟိန်းနှင့် ကိုဗဆွေတို့ အဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ (၁၃) ရက်၊ ည (၇) နာရီအချိန်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ဦးစီးကာ ကျောင်းသားထု အစည်းဝေးကြီး တစ်ခုကို တကသ အဆောက်အအုံ ၌ ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် တကသ ဒုတိယဥက္ကဋ္ဌ ကိုလှရွှေက သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ တကသ အမှုဆောင် ကိုအေးကျော်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

ထိုအစည်းအဝေးတွင် −

(၁) ရေနံမြေသပိတ်တပ်အား ရန်ကုန်မြို့သို့ မချီတက်နိုင်စေရန် တားဆီးဖိနှိပ်ထားသည့် ဥပဒေများကို ချက်ချင်းရုပ်သိမ်း ပေးရန်၊

(၂) တကသဥက္ကဋ္ဌ ကိုဗဟိန်းနှင့် ကျောင်းသားခေါင်းဆောင် ကိုဗဆွေတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန်။

စသည့်အဆိုများအား ဆုံးဖြတ်ခဲ့ကြသည်။

နောက်နေ့ ဒီဇင်ဘာလ (၁၄) ရက်၊ ညနေ (၄) နာရီအချိန်တွင် တကသနှင့် ဗကသတို့ ပူးပေါင်းပြီး ကျောင်းပေါင်းစုံ ကျောင်းသားထု အထူးအစည်းအဝေး ကြီးကို ရွှေတိဂုံရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ထုတ်ထားသော အမိန့်များပြန်ရုပ်သိမ်းပေးရေးနှင့် ဖမ်းဆီးခံထားရသော ကျောင်းသား ခေါင်းဆောင်များ ပြန်လွှတ်ပေးရေးတို့ကို ထိုအစည်းအဝေးကြီးမှ ဆုံးဖြတ်ကြ သည်။

ဒီဇင်ဘာလ (၁၅) ရက်နေ့၊ ညနေ (၄) နာရီတွင် ကျောင်းပေါင်းစုံ တိုးချဲ့ အစည်းအဝေးကြီးတစ်ခုကို ရွှေတိဂုံရင်ပြင်ပေါ်၌ ထပ်မံပြုလုပ်ခဲ့သည်။ ထို အစည်းအဝေးကြီးသို့ ကျောင်းသားများသာမကဘဲ ရဟန်းပျိုများ၊ ပြည်သူ လူထု၊ အမျိုးသမီးအဖွဲ့အစည်းများအပါအဝင် ပရိသတ် တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် တကသ ဒုတိယဥက္ကဋ္ဌ ကိုလှရွှေက သဘာပတိအဖြစ် ဆောင်ရွက်ပြီး တကသ အမှုဆောင် ကိုအေးကျော်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုအစည်းအဝေး ကြီးကလည်း အထက်တွင် ဖော်ပြခဲ့သော အစည်းအဝေးများ၏ တောင်းဆို ချက်များနှင့် အနှစ်သာရ တူညီသော တောင်းဆိုချက် (၅) ချက်ကို တောင်းဆို ခဲ့သည်။ အဆိုပါ တောင်းဆိုချက်များကို ဒီဇင်ဘာလ (၁၉) ရက်နေ့မတိုင်မီ အရေးယူပြန်ကြားပေးရန်လည်း ရက်သတ်မှတ်ခဲ့သည်။

ဒီဇင်ဘာ (၁၉) ရက်နေ့ ညနေအထိ အစိုးရက တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ဒီဇင်ဘာ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် တက္ကသိုလ်ကျောင်းသားများနှင့် အထက်တန်းကျောင်း အသီးသီးမှ ကျောင်းသားပေါင်း (၈၀၀၀) ကျော်သည် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော် လမ်း) ရှိ အတွင်းဝန်ရုံးကို ဝိုင်းဝန်းဆန္ဒပြကြသည်။ ဆန္ဒပြပွဲကို အစိုးရက ရဲတပ်ဖွဲ့ဝင်များ၊ မြင်းစီးရဲတပ်ဖွဲ့များဖြင့် အကြမ်းဖက်နှိမ်နင်းရာ ကျောင်းသား ခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးပြီး ကျောင်းသားအများအပြား ဒဏ်ရာရ ရှိခဲ့ကြသည်။ ဒီဇင်ဘာ (၂၄) ရက်နေ့တွင် ဗိုလ်အောင်ကျော်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်မှ တကသ အဆောက်အအုံသို့ သယ်ဆောင်ပြီး ဒီဇင်ဘာ (၂၇) ရက်၊ မွန်းလွဲပိုင်းတွင် ၎င်းမှ ကြံတောသုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ကြသည်။ ဗိုလ်အောင်ကျော်စျာပနအခမ်းအနားသို့ ရဟန်းသံဃာတော် များ၊ ကျောင်းသားများ၊ ပြည်သူများ၊ အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံရေးပါတီ များမှ ပုဂ္ဂိုလ်များပါဝင်သော ပရိသတ်အများအပြား လိုက်လံပို့ဆောင်ခဲ့ကြ သည်။ ဗိုလ်အောင်ကျော်ကွယ်လွန်ပြီးနောက် ရန်ကုန်မြို့တွင် ကျောင်းသား များ သပိတ်မှောက်ခဲ့ကြသည်။ ရန်ကုန်မြို့ လမ်းမတော်၊ မြို့မ အမျိုးသားကျောင်း (ယခု အ.ထ.က ၂ ဒဂုံ) တွင် သပိတ်စခန်းဖွင့်ကြသည်။

ရန်ကုန်ကျောင်းသားသပိတ်ကို အားပေးထောက်ခံသည့်အနေဖြင့် မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ကျောင်းများပါ သပိတ်မှောက် ကြသည်။ မန္တလေးမြို့သပိတ်စခန်းကို မန္တလေးမြို့၊ ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားခဲ့သည်။ ၁၉၃၉ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် မန္တလေးသပိတ်စခန်းအား အင်္ဂလိပ်အစိုးရက စစ်တပ်ဖြင့် ဝိုင်းကာ၊ ကျောင်းသားခေါင်းဆောင် (၃) ဦးအား ဖမ်းဆီးခဲ့သည်။ တစ်ချိန် တည်းမှာပင် ရဟန်းပျိုများအဖွဲ့ခေါင်းဆောင် သံဃာတော် (၂) ပါး ကိုလည်း သီတင်းသုံးရာ ကျောင်းအသီးသီးတွင် ဖမ်းဆီးခဲ့သည်။

ထိုသို့ သံဃာတော်များ၊ ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးသည့် အတွက် ၁၉၃၉ ခု၊ ဖေဖော်ဝါရီလ (၉) ရက်နေ့၊ နေ့လယ် (၁) နာရီအချိန်တွင် မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်း၊ (၁၄) ခန်းဇရပ်ကြီးတွင် မန္တလေးမြို့ ရဟန်းပျိုအဖွဲ့ဝင် သံဃာတော်များ၊ ကျောင်းသားများ၊ ကျောင်းသားမိဘများ၊ ပြည်သူများတက်ရောက်သည့် မြို့လုံးကျွတ် အစည်းအဝေးကြီး ကျင်းပပြုလုပ် ကြသည်။ အဆိုပါ အစည်းအဝေးက ရန်ကုန်ကျောင်းသားအစည်းအဝေးများမှ တောင်းဆိုသည့် တောင်းဆိုချက်များအား ထပ်မံတောင်းဆိုပြီး မန္တလေးမြို့တွင် ထုတ်ပြန်ထားသော ပုဒ်မ (၁၄၄) အား အာခံဆန့်ကျင်သည့် လူထုလမ်းလျှောက်ဆန္ဒပြပွဲ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုနေ့တွင် လမ်းလျှောက်ဆန္ဒပြရန် အချိန်နှောင်းသွားသဖြင့် နောက်နေ့နံနက် (၁၁) နာရီ တွင် ဆန္ဒပြရန် ရွှေ့ဆိုင်းလိုက်ကြသည်။

၁၉၃၉ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် လမ်းလျှောက် ဆန္ဒပြရန်အတွက် ရဟန်းတော်များ၊ ကျောင်းသားများ၊ ကျောင်းသားမိဘများ၊ ပြည်သူများ နှစ်သိန်းကျော် အိမ်တော်ရာဘုရားဝင်းအတွင်း စုဝေးရောက်ရှိလာ ကြသည်။ ရဟန်းပျိုအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်၏ အစီအစဥ်အတိုင်း အိမ်တော်ရာ ဘုရားမှ စနစ်တကျ ဆန္ဒပြချီတက်လာခဲ့ရာ ၂၆-ဘီလမ်း ကြေးနန်းရုံး တောင်ဘက်သို့ ရောက်ရှိသောအချိန်တွင် ဗြိတိသျှအစိုးရက သေနတ်နှင့် ပစ်ခတ်နှိမ်နင်းသည့်အတွက် သံဃာတော် (၇) ပါးအပါအဝင် အာဇာနည် (၁၇) ဦး သေဆုံးခဲ့သည်။

ကျောင်းသားများတောင်းဆိုချက်ကို ဆိုင်ရာက မပေးဘဲ လျစ်လျူရှုထား သည့်အတွက် ရန်ကုန်မြို့၊ မြို့မအမျိုးသားကျောင်းတွင် သပိတ်စခန်းဖွင့်လှစ် ထားသည့် ကျောင်းသား (၁၀၀၀) ကျော်တို့သည် ၁၉၃၉ ခု၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ နံနက်မှစတင်ပြီး အစာအငတ်ခံ ဆန္ဒပြကြသည်။

ကျောင်းသား (၁၀၀၀) ကျော် အစာငတ်ခံဆန္ဒပြသည့်အတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့သည်။ ထိုသတင်းကို ကြားသိရသည့် အချိန်တွင် ကျောင်းသားမိဘများက အရေးပေါ်အစည်းအဝေး ကျင်းပပြီး ကျောင်းသားများ၏ တောင်းဆိုချက်များကို အစိုးရက လိုက်လျောရန်နှင့် ကျောင်းသားများအနေနှင့် အစာငတ်ခံဆန္ဒပြခြင်းကို ရပ်နားရန် မေတ္တာရပ်ခံခဲ့ ကြသည်။ အစိုးရက လိုက်လျောမှုမပြုလျှင် မိဘများကိုယ်တိုင် ရှေ့တန်းက တိုက်ပွဲဝင်ရန်ကိုလည်း အဆိုပါ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။ ထို့အတူ သခင်များ၊ မြို့မိမြို့ဖများကလည်း အထူးအစည်းအဝေးတစ်ခု ကျင်းပကာ၊ ကျောင်းသားများ အစာငတ်ခံ ဆန္ဒပြနေရခြင်းနှင့် ပတ်သက်၍ အစိုးရကို ကန့်ကွက်ရှုတ်ချပြီး ကျောင်းသားများ အစာငတ်ခံဆန္ဒပြခြင်းကို ရပ်ဆိုင်းရန် မေတ္တာရပ်ခံခဲ့ကြသည်။ ထို့အပြင် မြို့မိမြို့ဖများက ဒေါက်တာဘမော်အစိုးရ နှင့် ကျောင်းသားများတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ကြ သော်လည်း ကျောင်းသားများက ‌ဒေါက်တာဘမော် မထွက်မချင်း အစိုးရနှင့် ဆွေးနွေးရန် ငြင်းဆိုကာ ဒေါက်တာဘမော်အစိုးရ နှုတ်ထွက်ပေးရန်ကိုသာ ဆက်လက်တောင်းဆိုခဲ့ကြပါသည်။

၁၉၃၉ ခု၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ဒေါက်တာဘမော် ညွန့်ပေါင်း အစိုးရဖြုတ်ချရေးအတွက် လွှတ်တော်အမတ်တချို့က လွှတ်တော်တွင် အယုံ အကြည်မရှိ အဆိုတင်သွင်းရာ အဆိုကို ထောက်ခံသူ (၇၀)၊ ကန့်ကွက်သူ (၃၇) နှင့် ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားခဲ့သည်။ နန်းရင်းဝန်အဖြစ် ဦးပု တက်လာသည်။

ဦးပု နန်းရင်းဝန်ဖြစ်ပြီးနောက် ဦးပုအစိုးရ၊ မြို့မိမြို့ဖကိုယ်စားလှယ်များ၊ ကျောင်းသားခေါင်းဆောင်များ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို (၂၀၊ ၂၊ ၁၉၃၉) နေ့ တွင် စတင်ဆွေးနွေးကြပြီး (၂၇၊ ၂၊ ၁၉၃၉) နေ့တွင် နန်းရင်းဝန်ဦးပု၊ မြို့မိ မြို့ဖဥက္ကဋ္ဌဦးသွင်၊ ကျောင်းသားသမဂ္ဂမှ ကိုလှရွှေတို့ (၃) ဦး လက်မှတ် ရေးထိုးကာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။

အဆိုပါ သဘောတူညီချက်တွင် ကျောင်းသားများဘက်မှ သပိတ်မှောက် ခြင်းကို ရပ်ပေးရန်နှင့် အစိုးရဘက်က −

(၁) သပိတ်မှောက်သည့်အတွက် ကျောင်းသားများကိုအရေးမယူရန်၊

(၂) ရေနံမြေသပိတ်တွင် ပါဝင်သူများကိုလည်း အရေးယူခြင်း မပြုရန်၊

(၃) အဖမ်းခံထားရသော ကျောင်းသားများနှင့် ရေနံမြေ အလုပ်သမားများအား ပြန်လွှတ်ရန်၊

(၄) စာမေးပွဲများကို အနည်းဆုံး (၃) လခွာပြီးမှ စစ်ရန်၊

(၅) ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပုလိပ်နှင့် ကျောင်းသားအကြား ဖြစ်ပွားခဲ့သည့် ကိစ္စအတွက် စုံစမ်းရေးကော်မတီ ဖွဲ့ပြီး စုံစမ်းရန်တို့ပါဝင်သည်။

သဘောတူညီချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးနောက် ကျောင်းသား သပိတ်ကော်မတီ ဥက္ကဋ္ဌကိုလှရွှေ၏ လက်မှတ်နှင့် ကျောင်းသားများ သပိတ် လှန်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဤနည်းဖြင့် တတိယ ကျောင်းသားသပိတ်သည် အောင်မြင်စွာနှင့် ပြီးဆုံးသွားသည်။

တတိယကျောင်းသားသပိတ်ကြီး ပြီးဆုံးသွားပြီးနောက် ဦးပုအစိုးရက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၁၉၃၉ ခု၊ ဇွန်လ (၁၅) ရက်နေ့တွင် အတည်ပြုပေးခဲ့ရသည်။ သို့သော်အဆိုပါ ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ကျောင်းသားများက လက်မခံသဖြင့် ၁၉၃၉ ခုနှစ်ထဲမှာပင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ထပ်မံ ပြင်ဆင်ပေးခဲ့ရသည်။ ဦးပု အစိုးရလက်ထက်တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ၁၉၃၉ ခုနှစ် အက်ဥပဒေ အမှတ် (၁၃) ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ၁၉၃၉ အက်ဥပဒေ အမှတ် (၂၀) ဖြင့် လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ရသည်။

တတိယကျောင်းသားသပိတ် အောင်မြင်စွာ ပြီးဆုံးသွားသည့် အချိန်မှ ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည့် ၁၉၄၂ ခုနှစ်အထိ အချိန်ကာလအတွင်း ကျောင်းသားလှုပ်ရှားမှု ကြီးကြီးမားမား မရှိခဲ့ပေ။ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန် မှစ၍ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈ ဇန်နဝါရီလ (၄) ရက်နေ့အထိ ကာလအတွင်းတွင် ကျောင်းသားသမဂ္ဂများသည် ဖဆပလအဖွဲ့ချုပ်အပါအဝင် တခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှု၌ ပါဝင်ခဲ့ပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်သည့် လှုပ်ရှားမှု များ မပြုလုပ်ခဲ့ပေ။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး (၃) လခန့်အကြာတွင် မြန်မာနိုင်ငံ၌ ပြည်တွင်းစစ် စတင်ဖြစ်ပွားပြီး အစိုးရအဖွဲ့သည် “ရန်ကုန်အစိုးရ” ဟု အခေါ်ခံ ရသည့် အခြေအနေရောက်ရှိခဲ့သည်။ ထိုအချိန်တွင် အစိုးရသည် စစ် အသုံးစရိတ်ကို များစွာသုံးပြီး စစ်နိုင်ရေးအတွက်သာ ကြိုးပမ်းနေ၍ ပညာရေး အသုံးစရိတ်ကို အနည်းငယ်သာ သုံးစွဲနိုင်ခဲ့သည်။ ပညာရေးတွင် လွတ်လပ် သည့် နိုင်ငံတစ်နိုင်ငံနှင့် ကိုက်ညီသင့်လျော်သည့် ပညာရေးစနစ်တစ်ခုကို ချမှတ်ရေးဆွဲနိုင်ချိန် မရဘဲ ဗြိတိသျှအစိုးရလက်ထက် တစ်လျှောက်လုံး အသုံး ပြုခဲ့သည့် ကိုလိုနီပညာရေးစနစ်ကိုသာ မွမ်းမံဖာထေးပြီး ဆက်လက်အသုံးပြု ခဲ့သည်။

ထို့ကြောင့် ၁၉၄၈ ခုနှစ်မှ ၁၉၅၇ ခုနှစ်အတွင်း ကျောင်းသားများအနေဖြင့် ဖာထေးထားသည့် ကိုလိုနီပညာရေးစနစ်ကို ပြုပြင်ရေး၊ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး၊ ဆရာကျောင်းသားအချိုး မျှတရေး၊ သင်ထောက်ကူပစ္စည်း ပြည့်စုံရေး၊ ကျောင်းအဆောက်အအုံ တိုးချဲ့ဆောက်လုပ်ရေး စသည့် ပညာရေး ဆိုင်ရာ တောင်းဆိုချက်များနှင့် ပြည်တွင်းစစ်ရပ်စဲရေးဟူသည့် အမျိုးသားရေး ဆိုင်ရာ တောင်းဆိုချက်များကို တောင်းဆိုကာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြ သည်။ သို့သော် သပိတ်မှောက်သည့်အဆင့်ထိ မပေါ်ပေါက်ခဲ့ပေ။

၁၉၅၇ ခုနှစ် ဇွန်လတွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော “ပညာရေးစုံစမ်းမှုကော်မတီ” တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီ သည် ပညာရေးစနစ်သစ်တစ်ခု ရေးဆွဲရာတွင် ပြည်သူလူထု၊ ကျောင်းသား မိဘ၊ ကျောင်းဆရာ၊ ကျောင်းသားများ စသည့် ပညာရေးနှင့်ပတ်သက်သည့် ပုဂ္ဂိုလ်အားလုံး၏ အကြံဥာဏ်၊ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ အထူး လိုကြောင်း သဘောပေါက်ပါသည်။ ထိုအခြေအနေတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ကျောင်းသားပေါင်းစုံပညာရေး နှီးနှောဖလှယ်ပွဲတစ်ခု ပြုလုပ်ကာ ရရှိသည့် အကြံဥာဏ်များကို “ပညာရေးစုံစမ်းမှုကော်မတီ” သို့ တင်သွင်းနိုင်ရန်အတွက် အစိုးရက ကူညီဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ သည်။ အစိုးရနှင့် ကျောင်းသားသမဂ္ဂတို့ တစ်နှစ်နီးပါးအကြိမ်ကြိမ် ဆွေးနွေး ကြပြီး ရလဒ်အနေဖြင့် “ပြည်ထောင်စုမြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ပညာရေးနှီးနှောဖလှယ်ပွဲ” ကို ၁၉၅၈ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့မှ (၁၃) ရက် နေ့အထိ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်နိုင်ခဲ့သည်။

၎င်းတွင် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းသားသမဂ္ဂများ အားလုံးပါဝင် လက်တွဲဆောင်ရွက်ခဲ့ကြပြီး စာတမ်းပေါင်း (၁၄) စောင် ရေးသားတင်သွင်းနိုင် ခဲ့သည်။ ၎င်းတို့ကို နှီးနှောဖလှယ်ပွဲ ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌက ဝန်ကြီးချုပ် ဦးနုထံ တရားဝင်အခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ခဲ့သည်။

၎င်းအပြီး (၂) လခန့်အကြာ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက် နေ့ တွင် ဗိုလ်ချုပ်နေဝင်းသည် ပါလီမန်တွင် အာဏာသိမ်းယူကာ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ပညာရေးနှီးနှောဖလှယ်ပွဲ စာတမ်းများလည်း အစ ပျောက်သွားခဲ့သည်။

၁၉၅၈ ခုနှစ်နှင့် ၁၉၆၀ ခုနှစ်အတွင်းတွင် ကျောင်းသားသမဂ္ဂများသည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများ မပြုလုပ်နိုင်ခဲ့ဘဲ အမျိုးသားရေးလုပ်ငန်းဖြစ်သည့် ရွေးကောက်ပွဲ အမြန်ကျင်းပရေးနှင့် အရပ်သားအစိုးရထံ အာဏာပြန်လွှဲရေး လှုပ်ရှားမှုများကိုသာ ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း လှုပ်ရှားခဲ့ရသည်။

၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင် ဦးနုခေါင်းဆောင်သည့် ပထစပါတီ အနိုင်ရပြီး ဦးနု ဝန်ကြီးချုပ် ပြန်ဖြစ်လာသည်။ ထိုကာလသည် အစိုးရနှင့် ကျောင်းသားသမဂ္ဂများကြား ဆက်ဆံရေးအကောင်းမွန်ဆုံးအချိန် ဖြစ်သည်။ ကျောင်းသားသမဂ္ဂနှင့် အစိုးရပူးပေါင်းကာ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး ကို ဆောင်ရွက်ရန် တာစူနေချိန် ၁၉၆၂ မတ်လ (၂) ရက်နေ့တွင် ဗိုလ်ချုပ် နေဝင်း ထပ်မံအာဏာသိမ်းရာ ဝန်ကြီးချုပ်ဦးနု ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၆၂ ဇူလိုင်လ (၇) ရက်နေ့တွင် “၇ ရက် ဇူလိုင် ကျောင်းသားအရေးအခင်း” ဖြစ်ပေါ် ပြီး ဇူလိုင် (၈) ရက်နေ့ နံနက်ပိုင်း တွင် သမိုင်းဝင် တကသအဆောက်အအုံကြီး မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။ ထိုအချိန်ကစ၍ စစ်အာဏာရှင်များသည် နာမည် အမျိုးမျိုးပြောင်းကာ တိုင်းပြည်ကို နှစ် (၅၀) အုပ်ချုပ်ရာ၌ ကျောင်းသားသမဂ္ဂ များသည် တရားဝင်ရပ်တည်ခွင့်မရရှိပဲ ပုန်းလျှိုးကွယ်လျှိုးသာ လှုပ်ရှားနိုင်ခဲ့ ကြသည်။ ထိုကာလတစ်လျှောက်လုံး ကျောင်းသားလှုပ်ရှားမှုများသည် အမျိုးသားရေးတာဝန်ဖြစ်သည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး လုပ်ငန်းများကိုသာ အဓိကထားဆောင်ရွက်ခဲ့ကြပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

၂၀၁၅ ကျောင်းသားသပိတ်

၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီး ဦးသိန်းစိန် သမ္မတ ဖြစ်လာကာ မြန်မာ နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းပြီဟု တိုင်းပြည်နှင့် ကမ္ဘာကို ကြေညာခဲ့သည်။ နိုင်ငံတကာတွင် အမြင်ကောင်းစေရန် ဖြေလျှော့မှု တချို့ပြုလုပ်ပေးပြီး အပေါ်ယံပြောင်းလဲမှုတချို့ လုပ်ဆောင်ခဲ့သည်။ ၎င်းတွင် ပညာရေးပြုပြင်ပြောင်းလဲမှုဆိုသည့် လုပ်ငန်းတစ်ခုလည်း ပါဝင်သည်။ ပညာရေးပြုပြင်ပြောင်းလဲမှုအနေနှင့် ပညာရေးဆိုင်ရာ ဥပဒေကြမ်းများကို ပြုစုပြဋ္ဌာန်းရန် ပြင်ဆင်သည်ကို တွေ့ရသည်။ ၎င်းတွင် “အမျိုးသားပညာရေး ဥပဒေကြမ်း” လည်း ပါဝင်သည်။ “အမျိုးသားပညာရေး ဥပဒေကြမ်း” ကို ၂၀၁၃ အတွင်း စတင်ရေးဆွဲကာ ၂၀၁၄ စက်တင်ဘာတွင် အများပြည်သူ သိရှိနိုင်ရန် နှင့် ဝေဖန်အကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့သည်။

ထိုအချိန်မှစ၍ တက္ကသိုလ်ဆရာအသင်းအဖွဲ့များ၊ ကျောင်းသားသမဂ္ဂများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် Network for National Education Reform (NNER) တို့ ပေါ်ပေါက်လာခဲ့သည်။ ပညာရေး စိတ်ဝင်စားသူများက အဆိုပါ “အမျိုးသားပညာရေးဥပဒေကြမ်း” တွင် ဗဟို ချုပ်ကိုင်မှုများပြားနေသည့်အချက် အပါအဝင် ချို့ယွင်းချက်များနှင့် လိုအပ် ချက်များကို ထောက်ပြကာ ကန့်ကွက်စာများကို ထုတ်ပြန်ကြေညာခဲ့သည်။ အလားတူပင် ဆရာအဖွဲ့အစည်းများနှင့် ကျောင်းသားသမဂ္ဂများကလည်း ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၂) နှင့် (၁၃) ရက်နေ့တွင် မြောက်ဒဂုံရှိ နာရေး ကူညီမှုအသင်း (ရန်ကုန်) ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပပြုလုပ်ကာ “အမျိုးသားပညာရေး ဥပဒေ” နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ပြီး ကျောင်းသား များ သပိတ်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သပိတ်တိုက်ပွဲကို ဦးဆောင်ရန် အတွက် အဖွဲ့ဝင် (၁၅) ဦး ပါဝင်သည့် “ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ” ကို ဖွဲ့စည်းကာ ထိုကော်မတီက “အမျိုးသားပညာရေး ဥပဒေ” နှင့်ပတ်သက်ပြီး တောင်းဆိုချက် (၁၁) ချက် တောင်းဆိုခဲ့သည်။ ထို့နောက် နိုဝင်ဘာလ (၁၄) ရက်နေ့မှစတင်၍ ရန်ကုန်မြို့ နေရာအချို့တွင် လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ကျောင်းသားများသည် (၄) ရက် ဆန္ဒပြပြီး ရက် (၆၀) သပိတ်နားကြောင်း ကြေညာခဲ့သည်။ ရက် (၆၀) အတွင်း အစိုးရမှ တုံ့ပြန်မှုမရှိလျှင် တစ်ပြည်လုံးအတိုင်းအတာနှင့် ဆန္ဒပြပွဲများ ပြန်လည် ပြုလုပ် မည်ဟုလည်း ကြေညာခဲ့သည်။

၂၀၁၄ နိုဝင်ဘာလ (၁၈) ညနေပိုင်းတွင် ဒီမိုကရေစီပညာရေး ဦးဆောင် ကော်မတီမှ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီး အမျိုးသားပညာရေးဥပဒေ နှင့် ပတ်သက်၍ (၁) အစိုးရ (၂) လွှတ်တော် (၃) ပညာရေးစနစ် ပြုပြင် ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) (၄) ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် တောင်းဆိုခဲ့သည်။ ရက် (၆၀) ပြည့်သည့်နေ့အထိ အစိုးရက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသောကြောင့် ပင်မ ကျောင်းသားသပိတ်စစ်ကြောင်းသည် (၂၀၊ ၁၊ ၂၀၁၅) ရက်နေ့တွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စတင်ချီတက်ခဲ့သည်။

၎င်းသည် လမ်းတစ်လျှောက်တွင် ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံ အားပေးမှုကို ရရှိခဲ့ပြီး အရှိန်အဟုန် အလွန်အားကောင်းလာခဲ့သည်။ ထို့ကြောင့် စစ်ကြောင်းစတင်ပြီး (၈) ရက်အကြာ (၂၈၊ ၁၊ ၂၀၁၅) နေ့တွင် ဦးသိန်းစိန် အစိုးရက ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူခဲ့ရသည်။

ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲ ပထမနေ့ကို (၁၊ ၂၊ ၂၀၁၅) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌လည်းကောင်း၊ တတိယနေ့နှင့် စတုတ္ထနေ့ ဆွေးနွေးပွဲများကို (၁၀၊ ၂၊ ၂၀၁၅) နှင့် (၁၄၊ ၂၊ ၂၀၁၅) နေ့များတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရှိ လွှတ်တော်အဆောက်အအုံ၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယနေ့ကို (၃၊ ၂၊ ၂၀၁၅) နေ့တွင် နေပြည်တော်ပညာရေးဝန်ကြီးဌာနခန်းမ၌ ကျင်းပရန် ချိန်းဆိုထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆွေးနွေးပွဲ မပြုလုပ်နိုင်ခဲ့ပေ။

ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားနှင့် NNER တို့ ပြုစု ထားသည့် “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို လက်ခံအတည်ပြုခဲ့ပြီး အဆိုပါ ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနမှ တာဝန် ယူ၍ အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သည်။ ဥပဒေကြမ်းသည် လွှတ်တော် လုပ်ထုံးလုပ်နည်းအတိုင်း ဖြတ်သန်းနေစဥ်၊ ၂၀၁၅ ခုနှစ်၊ မတ်လ (၁၀) နေ့တွင် လက်ပံတန်းမြို့၌ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်းအား အစိုးရက အကြမ်းဖက်နှိမ်နင်း ဖြိုခွဲခဲ့ပြီး သပိတ်စစ်ကြောင်းမှ ကျောင်းသားများနှင့် ဝန်းရံပြည်သူ (၇၀) ကျော်တို့ ဖမ်းဆီးခံရသည်။

ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် ကျောင်းသားနှင့် NNER က ပြုစုပြီး ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲမှ လက်ခံအတည်ပြုခဲ့ သည့် “အမျိုးသားပညာရေးဥပ‌ဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” သည် လွှတ်တော်အဆင့်ဆင့်ကို ဖြတ်သန်းရာတွင် ဖြတ်တောက်ခံရခြင်းနှင့် ထပ်မံ ပြင်ဆင်ခံရခြင်းများ ကြုံခဲ့ရ၍ အတည်ပြု ပြဋ္ဌာန်းပြီးချိန်တွင် မူလပြုစုထား သော ဥပဒေကြမ်းမှ (၇၀) ရာခိုင်နှုန်း ဖြတ်တောက်ခံထားရသည်ကို တွေ့ရလေ သည်။

သမ္မတ ဦးသိန်းစိန်လက်ထက် ကျောင်းသားများနှင့် ပြည်သူများ၏ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုကြီးသည် အစိုးရ၏ ဖိနှိပ်ဖြိုခွင်း မှုကို ခံခဲ့ရကာ ကျောင်းသားများနှင့် ဝန်းရံပြည်သူများ ဖမ်းဆီးခံရသည်ကလွဲ၍ တိုးတက်ပြောင်းလဲမှုရလဒ်အနေဖြင့် မည်မည်ရရ ဘာမျှမရရှိလိုက်ခဲ့ပေ။ သို့သော် မြန်မာနိုင်ငံကို ပုံစံအမျိုးမျိုးနှင့် နှစ်ပေါင်း (၅၀) ကျော် အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင် အစိုးရများလက်ထက်တွင် “ကျောင်းသားသမဂ္ဂ” ဆိုသည့် စကားလုံးကို မီဒီယာများ၌ လုံးဝဖော်ပြခွင့်မရခဲ့သည့် အခြေအနေမှ ကျောင်းသားသပိတ်၏ အကျိုးကျေးဇူးကြောင့် ဦးသိန်းစိန်အစိုးရ ပြဋ္ဌာန်းခဲ့ သည့် “အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ” တွင် အဆင့်မြင့် ပညာကျောင်းများ၌ ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင် ရာ တက္ကသိုလ်ပဋိညာဥ်နှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုသည့် ပုဒ်မတစ်ခု ထည့်သွင်းဖော်ပြပေးခဲ့ရသည်။ ဤရလဒ်သည် ယခင်စစ်အစိုးရအဆက်ဆက် လက်ထက်နှင့် နှိုင်းယှဥ်လျှင် ကျောင်းသားများ၏ အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။

ကိုးကားချက်များ

National Network for Education Reform ၊ (2015)၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပေါ်ပေါက်လာရန် လှုပ်ရှားဆောင်ရွက်ခဲ့မှု မှတ်တမ်းများ ၊ National Network for Education Reform ။

ဒီမိုကရေစီဖက်ဒရယ်ပညာရေးနှင့်အခြားပညာရေး စနစ် ပြုပြင်ပြောင်းလဲရေးကျောင်းသားသမဂ္ဂအရေး ဆောင်းပါးများ ၊ (၂၀၁၇)၊ ဧကရာဇ်စာပေ။

ကေညီပိတ်၊ (၂၀၁၄)၊ ၁၉၂၀ ကျောင်းသားသပိတ်ကိုယ်တွေ့ (ပထမအကြိမ်) ၊ မလိခစာပေ။

ခင်မောင်လေး၊ ဗိုလ်၊ (၂၀၁၄)၊ ၁၉၃၆-၃၈ ကျောင်းသားသပိတ်နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂသမိုင်းအစ ၊ ခေတ်ပြတိုက်စာပေ။

မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ၊ (၁၉၇၀)၊ အမျိုးသားနေ့နှင့်အမျိုးသား ပညာရေးလှုပ်ရှားမှုသမိုင်းအကျဉ်း ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ။

ရန်ကုန်တက္ကသိုလ်သမိုင်း ပြုစုရေးသားရေးအဖွဲ့၊ (၁၉၉၅)၊

ရန်ကုန်တက္က သိုလ်သမိုင်း ၁၉၂၀-၁၉၉၅ ၊ တက္ကသိုလ်များသမိုင်း သုတေသနဌာန။

လေးမောင်၊ ဦး၊ (၂၀၁၂)၊ မြန်မာနိုင်ငံရေးသမိုင်းနှစ်အုပ်တွဲ ၊ စာပေလောကစာအုပ်တိုက်။