ကျောင်းသားလှုပ်ရှားမှုနှင့် စပ်လျဥ်း၍ ၁၉၉၆ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ စည်းရုံးရေးမှူး အတွေ့အကြုံနှင့် အမြင်အယူအဆ

လေးလေးမွန် | Click here to read this article in English.

Cite as: 
လေးလေးမွန်၊ (၂၀၂၃)၊ ကျောင်းသားလှုပ်ရှားမှုနှင့် စပ်လျဥ်း၍ ၁၉၉၆ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ စည်းရုံးရေးမှူး အတွေ့အကြုံနှင့် အမြင်အယူအဆ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4374

စာတမ်းအကျဥ်း

ဤဆောင်းပါးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၏ တစ်စိတ်တစ်ဒေသ ဖြစ်သည့် ဒဂုံတက္ကသိုလ် ကျောင်းသားဆန္ဒပြမှုများ အပေါ်တွင် အခြေခံထား သော စာရေးသူ၏ အတွေ့အကြုံနှင့် အတွေးအမြင်ကို ပွင့်လင်းစွာ တင်ပြထား ခြင်းဖြစ်သည်။ ဤဆောင်းပါးသည် ခေတ်အဆက်ဆက် ကျောင်းသားလူငယ် များကြားရှိ မျိုးဆက်ကွာဟမှုကို အဓိကထောက်ပြဝေဖန်ထားသဖြင့် ထူးခြား သည်။ အဲန်အယ်လ်ဒီအစိုးရ အာဏာရခါစ ၂၀၁၆ ခုနှစ်ဝန်းကျင်ခန့်တွင် ၎င်း သုံးသပ်မိသော ကျောင်းသားမျိုးဆက်၏ အခြေအနေကို သိရှိခွင့်ရစေသည်။

မိတ်ဆက်

ကျွန်မအသက် ၃၈နှစ်။ ကျွန်မကို ၁၉၇၈ ခုနှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာ ပါ။ မိဘတွေက နိုင်ငံရေးကို အားပေးခဲ့သူတွေပါ။ ဖခင်က အစိုးရဝန်ထမ်း ဖြစ်ခဲ့ ပြီး မိခင်ကတော့ ရှမ်းပြည်မြောက်ပိုင်း သီပေါဇာတိပါ။ မိခင်ဘက်ကတော့ တပ်အသိုင်းအဝိုင်းကပါ။ လက်ရှိ DVB နိုင်ငံခြား သတင်းဌာနမှာ broadcast journalist စီနီယာရုပ်သံသတင်းထောက်အဖြစ် အလုပ်လုပ်နေပါတယ်။ ထောင်က (၁၉၉၇-၂၀၀၅) အထိ တစ်ကြိမ်၊ (၂၀၀၇-၂၀၁၁) အထိတစ်ကြိမ် ထောင်ထဲ စုစုပေါင်း (၁၂) နှစ် နေထိုင်ခဲ့ပြီး ၂၀၁၁ အောက်တိုဘာမှာ လွတ်ခဲ့ပါ တယ်။ ၂၀၁၂ မှာ အလုပ်စဝင်ခဲ့ပါတယ်။ အခုဆို ရုပ်သံသတင်းထောက်အဖြစ် လုပ်ကိုင်နေတာ (၅) နှစ်ကျော်ပါပြီ။

နိုင်ငံရေးကို စသိခဲ့တာက ၁၉၈၈ ခုနှစ် (၅) တန်းကျောင်းသူဘဝမှာပါ။ အထက (၂) တာမွေ၊ ရာမကွင်းကျောင်းနဲ့ ကျွန်မတက်ခဲ့တဲ့ အလက (၁) တာမွေ ကျောင်းတို့ ပူးပေါင်းပြီး ဆန္ဒပြခဲ့ရာမှာ (၁၀) နှစ်အရွယ် (၅) တန်း ကျောင်းသူ အဖြစ်နဲ့ အကသ (အခြေခံပညာကျောင်းသားများသမဂ္ဂ) တွေ ဦးဆောင်မှု နောက်ကနေ ပါဝင်ခွင့်ရခဲ့တယ်။ ကျွန်မက နိုင်ငံရေးကို အတွေ့အကြုံနဲ့ စခဲ့ တာပါ။ သီအိုရီနဲ့စခဲ့တာ မဟုတ်တဲ့အတွက် အရိုင်းဆန်ပါတယ်။ ဘာကြောင့် ဒါကိုပြောရလည်းဆိုရင် ခေတ်စနစ်အရ၊ ကြီးပြင်းခဲ့တဲ့ကာလအရနဲ့ ကိုယ်တိုင် အသိအရ နိုင်ငံရေးဆိုတာ အတွေးအခေါ်သီအိုရီတွေက စသင့်ပြီး နောက်တစ်ဆင့် အတွေ့အကြုံကို အကောင်အထည်ဖော်မှ နိုင်ငံရေးဆိုတာ အဆင့်မြင့်ပြီး နိုင်ငံသားကောင်းတစ်ဦး စဖြစ်အောင် ပြုလုပ်ပေးပါလားဆိုတဲ့ အသိကြောင့် ဖြစ်ပါတယ်။ ကျွန်မအတွက်တော့ နိုင်ငံရေးကို အဆင့်အတန်း မြင့်မြင့် သင်ပေးနိုင်တဲ့ နိုင်ငံအနေနဲ့ မရရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုတာ မွေးရာပါအခွင့်အရေး မဟုတ်ခဲ့သလို ကြီးပြင်းချိန်မှာ နိုင်ငံသားအခွင့်အရေးကို မရရှိခဲ့တာကြောင့် လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးဆိုတာကို ခွဲခြားသိမြင်ဖို့အတွက် လမ်းပေါ်ထွက် နိုင်ငံရေး (ခေါ်) ထိပ်တိုက်ရင်ဆိုင်ရေးလမ်းစဥ်ကိုသာ စတင်ခဲ့ရလို့ လူငယ်တစ်ယောက်အဖို့ သီအိုရီ မရှိဘဲ နိုင်ငံရေးကို ကိုယ့်ဘာသာ ရုန်းကန်ရင်း အတွေ့အကြုံတွေကနေ သီအိုရီကို ပြန်လည်သင်ယူ တတ်မြောက်ခဲ့ရသူ ဖြစ်ပါတယ်။

အဲဒီနောက် အသက် (၁၇) နှစ်အရွယ် ၁၉၉၆ ကျောင်းသားဆန္ဒပြမှု မှာတော့ အရင် ၁၉၈၈ အရေးအခင်းက အတွေ့အကြုံနဲ့ပေါင်းပြီး ဦးဆောင် ကျောင်းသားတွေနဲ့အတူ ဦးဆောင်ကဏ္ဍတစ်ခုအနေနဲ့ ဆန္ဒပြရာမှာ အတူ ပါဝင်ခဲ့တယ်။ အချိန်က ၁၉၉၆၊ ဒီဇင်ဘာ (၉) ရက်နေ့ ဒဂုံတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုမှာ ပထမနှစ်ကျောင်းသူအဖြစ်နဲ့ပါ။ ရုက္ခဗေဒဘာသာ သင်ယူနေပြီး ဒဂုံတက္ကသိုလ်မှာ နေ့ကျောင်းတက်နေတာပါ။ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ စည်းရုံးရေးမှူးအဖြစ်နဲ့ အလုပ်လုပ်ခဲ့ပြီး ၁၉၉၇ မှာ ဒကသ (ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ) စီအီးစီတွေ ဖမ်းဆီးရာမှာ အရေးပေါ်ပုဒ်မ ၅/ည၊ ပုံနှိပ် (၁၇) နဲ့ထောင် (၁၀) နှစ် ကျခဲ့တယ်။ အမှုတွဲ (၁၃) ယောက်မှာ မိန်းကလေးကျောင်းသူ စည်းရုံးရေးမှူးအနေနဲ့ ကျခဲ့တယ်။ အဲ့ဒီ အချိန်မှာ အသက် (၁၈) နှစ်ပြည့်ဖို့ (၄) လ လိုသေးပါတယ်။

အင်းစိန်ထောင်နဲ့ သာယာဝတီထောင်မှာ (၈) နှစ် နေခဲ့ရပြီး စစ် ထောက်လှမ်းရေးတွေ ပြုတ်ကျသွားပြီးနောက်မှာတော့ လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့်ဆိုတဲ့ ခေါင်းစဥ်နဲ့ ထောက်လှမ်းရေးက မလျော်မကန် ဖမ်းဆီးလို့ ထောင်ကျနေရတဲ့ ကျောင်းသားတွေကို ၂၀၀၅ မှာ ထောင်က လွတ်ခဲ့တယ်။ ဒါက ပထမအကြိမ် ထောင်ကျခဲ့တဲ့ အပိုင်းပါ။ ထောင်ထဲ ဝင်ချိန်က ၁၇ နှစ်ကျော်ကျော်ပါ။ ပြန်လွတ်လာချိန်မှာ အသက် ၂၇ နှစ်ပါ။

နိုင်ငံရေး နဲ့ ပညာရေးပိုင်း

၂၀၀၅ ဇန်နဝါရီလမှာ ထောင်က လွတ်မြောက်ခဲ့ပြီးနောက် ၂၀၀၅-၂၀၀၇ မှာ မင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ခေါင်းစဥ်အောက်မှာ ပါဝင်လှုပ်ရှားမှုတွေ ဆက်လုပ်ခဲ့တယ်။ ထောင်ကထွက်ပြီး သိပ်မကြာဘူး အတူပူးပေါင်းပါဝင်ခဲ့တယ်။ တစ်ဖက်မှာလည်း အကျဉ်းထောင်ထဲမှာ သိကျွမ်းခဲ့တဲ့ မသီတာ(စမ်းချောင်း)အကူအညီနဲ့ သူ့ရဲ့ ဆယ်ကျော်သက်မဂ္ဂဇင်း (Teen Magazine) မှာ အလွတ်တန်း ဘာသာပြန် စာရေးသူအဖြစ်နဲ့ သင်ယူရင်း အလုပ်လုပ်ခဲ့တယ်။

တစ်ဆက်တည်းမှာပဲ ကျောင်းပြန်တက်ခွင့်ရပေမယ့် Day တက်ခွင့် မရ တော့ဘူး။ အဝေးသင်တက္ကသိုလ်ပဲ လက်ခံတဲ့အတွက် မြန်မာစာမေဂျာ ပြောင်းပြီး တက်တယ်။ ကျောင်းတက်ချိန်မှာ အသက် ၂၇ နဲ့ ပထမနှစ် အဝေးသင်ပြန်တက်ရတာပါ။

တစ်ဖက်မှာလည်း အမေရိကန်စင်တာမှာ နိုင်ငံရေးအကျဉ်းသားဟောင်း တွေကို အင်္ဂလိပ်စာသင်တန်းတွေ အခမဲ့တက်ခွင့်ရတဲ့အတွက် တက်ပြီး ဂျာနယ်လစ်ဇင်ကိုပါ လေ့လာရင်း media literacy ပြီးထားပါတယ်။‌ နောက်ထပ် အင်္ဂလိပ်စာအတန်းခွဲ high intermediate level 5 အရောက်မှာ စာမေးပွဲကျတယ်။ ဗြိတိသျှကောင်စီမှာတော့ high level women’s leadership အရွေးခံရတယ်။ ပြီးအောင်မတက်ခဲ့ရဘူး။

အဝေးသင် ဒုတိယနှစ်တက်နေတဲ့အချိန်မှာ ရွှေဝါရောင်အရေးအခင်း ဖြစ်တယ်။ ၂၀၀၇ စက်တင်ဘာမှာ အဖမ်းခံရပြီး မင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ခေါင်းစဥ်နဲ့ ထောင် (၁၁) နှစ်ကျခဲ့တယ်။ ပထမအကြိမ် ထောင်က ထွက်ပြီး (၂) နှစ်အတွင်း ပညာရေးပါ။

ထောင်ကျတော့ သင်းဖွဲ့ (၆) ပုဒ်မနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု (၅၀၅-ခ) တို့နဲ့ပါ။ အယူခံ (၄) နှစ်နိုင်တဲ့အတွက် ထောင်မှာ (၄) နှစ်နေခဲ့ရပြီး လွတ်ငြိမ်းချမ်းသာနဲ့ ၂၀၁၁ အောက်တိုဘာမှာ ပြန်လွတ်လာတယ်။ အင်းစိန်-မန္တလေး-ရွှေဘိုထောင် အဆင့်ဆင့်ပြောင်းခဲ့ပြီး ရွှေဘိုထောင်ကနေ နောက်ဆုံး လွတ်မြောက်လာတာပါ။ စုစုပေါင်း ထောင်ထဲ (၂) ကြိမ် (၁၂) နှစ် နေခဲ့ရ ပါတယ်။

၂၀၁၁ ပြန်ထွက်လာချိန်မှာ အသက် (၃၃) နှစ်ပါ။ ဒုတိယနှစ် အဝေးသင် ပြန်တက်ပြီး ၂၀၁၄ အသက် (၃၆) နှစ်မှာ ကျောင်းပြီးပါတယ်။ ဘွဲ့တော့ သွားတက်မယူခဲ့ပါဘူး။ အခု နိုင်ငံခြားသတင်းဌာနမှာ အလုပ်လုပ်နေပါတယ်။

ကျောင်းသားနိုင်ငံရေးနှင့် မတူညီသောမျိုးဆက်များအကြောင်း မှတ်စုများ

ကျွန်မတို့ဟာ မြောင်းထဲကလာတဲ့ ကျောင်းသားမဟုတ်ဘဲ ကျောင်းထဲက လာတဲ့ ဒေါင်းပါ။ ခွပ်ဒေါင်းပါ။ မျိုးဆက်ကျောင်းသား တစ်ယောက်အဖြစ်နဲ့ နောက်မျိုးဆက် လက်ဆင့်ကမ်းဆိုတာ ကျောင်းသားမျိုးဆက်တိုင်းမှာ ရှိရပါ လိမ့်မယ်။ အဲ့ဒီအတွက် ကျွန်မမှာ ရည်ရွယ်ချက် (၃) ခုနဲ့ အမြဲနေထိုင်ပါတယ်။

ပထမက မျှော်လင့်ချက်၊ ဒုတိယက မျှော်မှန်းချက်၊ တတိယက ကိုယ်စားပြုမှုပါ။ ရည်ရွယ်ချက် (၃) ချက်ကို အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်

မျှော်လင့်ချက် = နောက်မျိုးဆက်တွေကို ကျောင်းသားဘဝကနေ နိုင်ငံရေး နယ်ပယ်ကို စနစ်တကျကူးပြောင်း တတ်စေချင်တယ်။

မျှော်မှန်းချက် = စေ့စပ်ညှိနှိုင်းတတ်တဲ့ စားပွဲဝိုင်းအလေ့အကျင့်ကို ကျင့်သုံးပြီး တော့ ဒီမိုကရက်တစ် လူမှုဝန်းကျင်ကို အဆင့်မြင့်မြင့် နောက်မျိုးဆက်တွေ လက်ဆင့်ကမ်းတတ်စေချင်တယ်။

ကိုယ်စားပြုမှု = ကျောင်းသားလှုပ်ရှားမှုနယ်ပယ်နဲ့ အသွင်သဏ္ဌာန်၊ နိုင်ငံရေး စနစ်နဲ့ ခေတ်အရ ပြောင်းလဲကိုယ်စားပြုဖို့ လိုပြီဆိုတဲ့ အချက် (၃) ခုနဲ့ စစေချင် တယ်။

ပထမအချက်ဖြစ်တဲ့ မျှော်လင့်ချက်ဆိုရာမှာ ဦးနုရဲ့ ‘ကျောင်းသားနှင့် နိုင်ငံရေး’ စာအုပ်ကို အဓိကညွှန်းချင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု စတဲ့ ခေါင်းဆောင်တွေက ကျောင်းသားနဲ့ နိုင်ငံရေးနယ်ပယ်ကို အဆင့်ရှိရှိ ကူးပြောင်းလာခဲ့သူ၊ ဩဇာရှိသူ ကိုယ်ရည်ကိုယ်သွေးအရ တန်ဖိုးရှိတဲ့ လူငယ် ဘဝကနေ နိုင်ငံတော်အဆင့်ထိ ကူးပြောင်းတတ်ခဲ့ကြသူတွေ ဖြစ်ခဲ့ပါတယ်။ ဦးနုရေးသားခဲ့တဲ့ ကျောင်းသားနဲ့ နိုင်ငံရေးစာအုပ်ဟာ သူ့ရဲ့အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်တွေကို နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးတတ်ဖို့ လမ်းညွှန်ခဲ့ပါတယ်။ အဲဒီ့အတွက် (X) မျိုးဆက် (Y) မျိုးဆက်ထဲက ရည်ညွှန်းချက်တစ်ခုအဖြစ် ညွှန်းချင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေက ဒုတိယကမ္ဘာစစ် အတွင်း တည်မီခဲ့သူတွေလည်း ဖြစ်ပါတယ်။

ထပ်ဥပမာပေးရမယ်ဆိုရင် စာရေးဆရာသခင်ဗတင်ရဲ့ (လက်သီးပုန်း သခင်ဗတင်)1 အိုင်ယာလန်လွတ်လပ်ရေးနောက်ခံပြုထားတဲ့ လက်သီးပုန်း အမည်ရစာအုပ်ထဲမှာ ရေးထားတာ ရှိတယ်။ အဲဒါကတော့ ဗြိတိသျှတွေဟာ နေမဝင်အင်ပါယာ အရှင်သခင်အဖြစ် ကမ္ဘာမှာ အုပ်စိုးခဲ့ပေမယ့် သူတို့ လေးစား အသိအမှတ်ပြုတဲ့နိုင်ငံ၊ ချီးကျူးမိတဲ့နိုင်ငံ၊ မျိုးချစ်စိတ်ဓာတ် အလွန်ပြင်းထန် တဲ့နိုင်ငံ (၂) ခု တွေ့ရှိခဲ့ပါတယ်တဲ့။ တစ်ခုက မြန်မာနိုင်ငံနဲ့ နောက်တစ်ခုက အိုင်ယာလန်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံ(၂)ခုကို ခက်ခက်ခဲခဲ တိုက်ခဲ့ရသလို လွတ်လပ်ရေးပေးရတဲ့အထိ မချီးကျူးဘဲနေလို့မရတဲ့ မျိုးချစ်စိတ် ထက်သန်တဲ့ နိုင်ငံဖြစ်ကြောင်း လက်သီးပုန်းသခင်ဗတင်က ရေးသားထားပါတယ်။ ဒါကြောင့် ဒီမျိုးဆက်တွေကို မြန်မာ့နိုင်ငံရေးအရ မဟာလူသားတွေအဖြစ်နဲ့ တင်စားထိုက်တဲ့ (X) မျိုးဆက်စစ်စစ်တွေလို့ မြင်မိတာ ဖြစ်ပါတယ်။

ဒါက X, Y မျိုးဆက်တွေဟာ ကမ္ဘာကြီးအကြောင်းကို တီဗွီ၊ ဖုန်း၊ ကွန်ပျူတာ…စတာတွေ မရှိသေးဘဲနဲ့ သိမြင်ခဲ့သလို ကိုယ့်နိုင်ငံကိုလည်း ကမ္ဘာ နဲ့ ယှဥ်နိုင်အောင် နိုင်ငံရေးမှာကော ပင်ကိုဗီဇ၊ အသိအမြင်၊ ဗဟုသုတ အားလုံး ကပါ အလွန်ကို အဆင့်မြင့်ခဲ့သူတွေမို့ အားကောင်းတဲ့ စံပြမျိုးဆက်အဖြစ် ရည်ညွှန်းပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မွေးဖွားခဲ့သူတွေ အများစုဟာ ဖိစီးမှုအမြင့်ဆုံးကာလနဲ့အတူ အားကောင်းတဲ့ စံပြခေါင်းဆောင်တွေအဖြစ် မြန်မာနိုင်ငံ လွတ်လပ်ရေးကို အရယူခဲ့တဲ့ အလွန်တော်တဲ့ မျိုးဆက်တွေ ဖြစ်ခဲ့ ပါတယ်။

Z မျိုးဆက်တွေကတော့ ကမ္ဘာကြီးအကြောင်းကို အထောက်အကူပြု ဒစ်ဂျစ်တယ်ပစ္စည်းတွေဖြစ်တဲ့ ကွန်ပျူတာ၊ စမတ်ဖုန်း စတဲ့ အိုင်တီနည်းပညာ တွေမရှိဘဲ ရပ်တည်နိုင်စွမ်းမရှိတော့လို့ပါ။ ကိုယ်ပိုင် အတွေးအခေါ်သီအိုရီတွေ ကို နိုင်ငံရေးအရ ပုံတူကူးချတဲ့ နိုင်ငံရေးမျိုးဆက်အဖြစ်၊ ဗလာမျိုးဆက်အဖြစ် ရည်ညွှန်းပါတယ်။

မြန်မာနိုင်ငံတစ်ခုတည်းအနေနဲ့ မျိုးဆက်အရ ၁၉၆၀-၁၉၈၀ အထိ X လိုလို၊ Y လိုလို သတ်မှတ်လို့ရသလို ၁၉၈၀ နောက်ပိုင်းကနေ ၁၉၉၄ အထိ မျိုးဆက်တွေကို X လိုလို၊ Y လိုလို မျိုးဆက်လို သတ်မှတ်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ အတိအကျထုတ်ဖော်ဖို့ စစ်တမ်းကို အခုထိ မရယူနိုင်ခဲ့ပါဘူး။ ဒါဟာ စစ်အာဏာရှင်လက်ထက်ကစပြီး ဝါးကန့်လန့်ကာ Bamboo Curtain မူဝါဒ ထဲကနေ နိုင်ငံရေးအရ ရုန်းကန်နိုင်ခဲ့တဲ့ မျိုးဆက်တွေကို တွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့ ထူးခြားစွာ ထောက်ပြလို့ ရတာက ၁၉၆၀ ကနေ ဒီကနေ့အထိ မျိုးဆက် အားလုံးဟာ နိုင်ငံရေး အယူအဆသစ်၊ တော်လှန်ရေးအယူအဆသစ်တွေ ထွက်ရှိမလာဘဲ ထိပ်တိုက်ရင်ဆိုင်ရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ လမ်းပေါ် ထွက် နိုင်ငံရေးတွေကို ကြည့်ခြင်းအားဖြင့် ပုံတူကူးချတဲ့ နိုင်ငံရေးမျိုးဆက်တွေ ကိုသာ တွေ့မြင်ရနိုင်တဲ့အတွက် Z မျိုးဆက်၊ ဗလာမျိုးဆက်ဟာလည်း နိုင်ငံရေးအရ မ.ဆ.လလက်ထက်ထဲက စတင်နေပြီလို့တောင် ဆိုနိုင်ပြီ ဖြစ်ပါတယ်။

ဘာနဲ့ချိန်ထိုးထောက်ပြလို့ရသလဲဆိုတော့ ၁၉၆၅ မှာ ဒေါက်တာ မာတင် လူသာကင်း၊ ဂျွန်အက်ဖ်ကနေဒီတို့လို ခေါင်းဆောင်တွေ ကမ္ဘာမှာ ပေါ်ထွက်ခဲ့ ပေမယ့် မြန်မာမှာ အဆင့်မြင့်နိုင်ငံရေးသမားကောင်းတွေဟာ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေးကို အကျယ်တဝင့်ရှင်းပြ၊ ကြွေးကြော်ပြနိုင်တဲ့ ခေါင်းဆောင်တွေအဖြစ် ပေါ်ထွက်မှုအရမ်းရှားပါး နေခဲ့ပါတယ်။ (အငြင်း ပွားစရာလည်းရှိသလို လက်ခံလို့ရတဲ့ ခေတ်စနစ်လည်း ဖြစ်ပါတယ်)

ဘာ့ကြောင့်လဲဆိုတော့ ဒီနိုင်ငံက ပညာရေးနယ်ပယ်ကနေ နိုင်ငံရေး နယ်ပယ်ကို ကူးတာနဲ့ ထောင်ချတဲ့ဓလေ့ပဲ ရှိတဲ့အတွက် ဒီမိုကရက်တစ် လူမှု ဝန်းကျင်ကို စနစ်တကျ မတည်ဆောက်နိုင်ဘူး။ confrontation နဲ့ compromise မှာ ထိပ်တိုက်ရင်ဆိုင်မှု လမ်းစဥ်ကိုပဲ ရွေးခဲ့တာကြောင့် စေ့စပ်ညှိနှိုင်းတတ်တဲ့ စားပွဲဝိုင်းအလေ့အထကို မပြုလုပ်နိုင်ဘူး။ ထိပ်တိုက် ရင်ဆိုင်တဲ့လမ်းစဥ်က ဖိအားပေးတယ်၊ ခြိမ်းခြောက်တယ်၊ အကျပ်ကိုင်တယ်။ ယဥ်ကျေးတဲ့လူ့အဖွဲ့အစည်းကို ရှင်သန်ကြီးထွားခွင့်မပေးပါဘူး။ အဲ့ဒီလမ်းစဥ် က လူမှုဝန်းကျင်အသစ်ကို မဖန်တီးနိုင်ဘဲ အရင်မျိုးဆက်ဟောင်းတွေ သူတို့ ခေတ်အခါမှာလုပ်ခဲ့တဲ့ တော်လှန်ရေးကို ပုံတူကူးချပြီး မတူတဲ့ခေတ်စနစ်မှာ ကျင့်သုံးတယ်။

အဲ့ဒီအတွက် လတ်ဆတ်တဲ့မျိုးဆက်၊ အနာဂတ်ကို ရည်သန်တဲ့ ပွင့်လင်း လွတ်လပ်တဲ့စိတ်ရှိတဲ့ open-minded မျိုးဆက်ကို မရတော့ဘူး။ ပုံတူ ကူးတာနဲ့ တုပတာနဲ့ ကွာတယ်။ ပုံတူကူးတာက ကိုယ်ပိုင်ဟန်မပါဘူး။ ခိုးချ တယ်၊ ဘောင်ကျဉ်းတယ်။ တုပတာက စု၊တု၊ပြု ဆိုတဲ့ လမ်းစဥ်ကို ရွေးတယ်။ သူက နိုင်ငံရေးဝမ်းစာ အရင်ဖြည့်ပြီးမှ တုပတာ အတုခိုးတာ။ အဲဒီအတွက် မျိုးဆက်က အဆင့်မမီတဲ့ zero generation ဗလာမျိုးဆက်၊ နိုင်ငံရေး မျိုးဆက်ကတော့ ပုံတူကူးနိုင်ငံရေးဖြစ်တဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ တော်လှန်ရေး နယ်ပယ်ကိုပဲ ရွေးချယ်တဲ့ မျိုးဆက်ဖြစ်နေတယ်။

အဲ့တာကြောင့် ကိုယ်စားပြုမှုပိုင်းမှာ ပုံတူကူးတဲ့ နယ်ပယ်တွေကို ကျောခိုင်းရမယ်။ ကွင်းချိန်းနေပြီဆိုတဲ့ အတွေးအခေါ်အသစ်ဘက်ကို မျက်နှာမူဖို့ နိုင်ငံရေးစနစ်အပေါ်လိုက်ပြီး ကျောင်းသားလှုပ်ရှားမှုရဲ့ အသွင်သဏ္ဌာန်ကို ပြောင်းလဲကျင့်သုံးဖို့လိုတာပါ။

အတွေ့အကြုံကိုပဲ အခြေပြုရင် အပြုအမူတွေ ကြမ်းတမ်းတယ်၊ ရလဒ်က မချောမွေ့ဘူး။ win-win လည်း မဖြစ်ဘူး။ သီအိုရီအခြေခံရင်တော့ အတွေ့အကြုံမှာ ချောချောမွေ့မွေ့ အသွင်းကူးပြောင်းနိုင်တယ်၊ ရလဒ် ကောင်းတယ်၊ သိက္ခာရှိတဲ့ ရပ်တည်မှုကို ပေးတယ်လို့ ကျွန်မ အတွေ့အကြုံ ရမြင်တယ်။ အဲ့ဒီမှာ ပြောချင်တာက အသိဉာဏ် အရွှေ့အပြောင်းတစ်ခုကို တင်ပြတဲ့နေရာမှာ အဆန်သဘောကို သွားတဲ့အတွက် တော်လှန်ရေး သဘောဆောင်တယ်ဆိုတဲ့ အချက်ပဲ။ သီအိုရီကို ကျွန်မကျေညက်ခဲ့ရင် ညင်သာတဲ့လမ်းစဥ်ကိုပဲ ကျွန်မလိုက်မှာ။ ကျွန်မ ထောင်ကျတာကို ကြိုက်နှစ်သက်ခဲ့မှာ မဟုတ်ဘူး။

အချုပ်ကိုကောက်ရရင် ဒီမိုကရက်တစ် လူမှုဝန်းကျင်ကို တည်ဆောက်ဖို့ အတွက် ပညာရေးက မွေးထုတ်လိုက်တဲ့ ဒီမိုကရက်တစ် ခေါင်းဆောင်များ လိုအပ်ပါတယ်။ ပညာရေးကနေ နိုင်ငံရေးကို စနစ်တကျ ကူးပြောင်း တတ်အောင် သင်ယူရင် နိုင်ငံရေးမျိုးစေ့ကောင်းကောင်းကို ကျွန်မတို့ ရလိမ့် မယ်လို့ မြင်တယ်။ ဒါက ကျွန်မ ရောက်နေတဲ့ လက်ရှိမျိုးဆက်နဲ့ နောင်လာမယ့် မျိုးဆက်ကို လှမ်းကြည့်ပြီး သုံးသပ်ဆွေးနွေးတာပါ။

ကျွန်မတို့ရှေ့က ကျောင်းသားမျိုးဆက်တွေကို ကျွန်မမြင်တဲ့ အပိုင်းအရ လူပုဂ္ဂိုလ်အရ လေးစားခြင်းနဲ့ သမိုင်းအရလေးစားခြင်းပဲ ဖြစ်ပါတယ်။ ဝါဒအရ လေးစားမှုကို အခြေမခံခဲ့ဘူး။ တစ်ဖက်မှာလည်း ကျွန်မ မမီလိုက်တဲ့ သမိုင်းထဲကမျိုးဆက်နဲ့ ခေတ်ပြောင်းတော်လှန်ရေးထဲက မျိုးဆက်တွေကို လေ့လာတဲ့အခါမှာ သူတို့မှာ အားကောင်းတဲ့ အချက်က ကျွန်မတို့မျိုးဆက်နဲ့ မတူတဲ့အချက် (၄) ခုကို တွေ့ရတယ်။

(၁)  ဓားသွေးကျောက်နဲ့တူတဲ့ စိတ်ဓာတ်ရှိတယ်။ (သူတို့ တော်လှန်ရေး၊ သူတို့ရဲ့ အတွေးအခေါ်၊ သူတို့ဝါဒတွေကို နောက်မျိုးဆက်ကို ပေးနိုင်စွမ်းရှိတဲ့ ဓားသွေးကျောက်နဲ့တူတဲ့ ဆရာတွေဖြစ်တယ်။ သူတို့က ကိုယ်တွေကို ရွှံ့ရုပ် တွေလိုပဲ ကြည့်တယ်၊ ပုံသွင်းမယ်၊ ပုံလောင်းမယ်၊ ထွင်းထု ပေးမယ်၊ သူတို့ လုံးပါးပါးသွားမှာ၊ လူငယ်တွေက သူတို့ဦးနှောက် ဖောက်စားမှာကို လိုလို လားလား ခံယူချင်စိတ်ရှိတဲ့ ဆရာတွေပါ။)

(၂) ခံယူချက်၊ ခံယူစိတ်ကို ပြင်းပြင်ထန်ထန် မွေးမြူထားတယ်။ ခံယူတဲ့ စိတ်ဓာတ် (သူတို့ဘာသာရုန်းကန်တယ်၊ အတွေးအခေါ် အားကောင်းတယ်၊ ဝါဒအယူပြတ်သားတယ်၊ ခိုင်မာတယ်။)

(၃) ရှင်သန်မယ့်လမ်းကြောင်း ရွေးချယ်တတ်တယ်။ (ကျောင်းဆရာ၊ ဘာသာပြန်ဆရာ၊ ကဗျာ၊ ဝတ္ထု၊ စာပေတွေမှာ အဓိက Cell တွေကို မွေးထုတ်ဖို့ မြှုပ်နှံပစ်လိုက်ကြတယ်။ UG တွေလို့ခေါ်လို့ရတယ်။ အထူး သဖြင့် ကွန်ပျူတာ၊ ဆဲလ်ဖုန်းတွေလို ဘာနည်းပညာမှမရှိဘဲ ကမ္ဘာကြီးကို ကြည့်နိုင်ခဲ့တယ်။ ဆက်လက်ရှင်သန်နိုင်ဖို့ ရေရှည်လမ်းကြောင်းတွေကို နိုင်ငံရေးဇွဲကြီးပုံတွေအရ မလေးစားလို့မရတဲ့ မျိုးဆက်တွေပါ။)

(၄) ဆရာစား မချန်သူတွေ ဖြစ်တယ်။ သူတို့မျိုးဆက်တန်းတွေမှာသာ မလိုတမာစိတ်ထားတာ။ မျိုးဆက်သစ်တွေ မွေးဖို့အတွက်ဆို လူငယ်တွေ အပေါ် မလိုမုန်းထားစိတ်၊ မနာလိုစိတ်နဲ့ ဆရာစားချန်လေ့မရှိကြတာ တွေ့ရ တယ်။

ဒီ (၄) ခုလုံးက ကိုယ်ပိုင်ဟန်တွေချည်းပဲ။ မြန်မာအချင်းချင်း နိုင်ငံရေးအရ ဖိနှိပ်ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ နိုင်ငံရေးစနစ်ထဲကနေတောင် နောက်မျိုးဆက် ကို ရသလောက်မွေးထုတ်ပေးနိုင်ခဲ့တာ ကိုယ်တွေ အမွေရခဲ့တဲ့ အသိတွေဖြစ် နေလို့ပါ။

မကောင်းတာတစ်ချက်ကတော့ သူတို့က ညီညွတ်ရေးအမွေကို မပေးနိုင် ဘဲ ပြဿနာတွေကို တော်လှန်ရေးတွေနဲ့ ရောဖန်တီးပေးတတ်ကြတာ တွေ့ရ တယ်။ တချို့လူကြီးတွေက ခေတ်စနစ်တစ်ခုမှာ ရပ်ကျန်ခဲ့ပြီး အတွေးအခေါ် အသစ်တွေကို ထပ်မထုတ်နိုင်တာတွေလည်း နိုင်ငံရေးပင်ပန်းနွမ်းနယ်မှုအဖြစ် မြင်ရတယ်။ သူတို့တွေက နိုင်ငံရေးပင်စင်နာ (pensioner) တွေ ဖြစ်သွားကြ တယ်။ (အဲ့ဒီအတွက် သူတို့ စိတ်ခံစားမှုတွေက စိတ်ချဉ်ဖောက်တာ၊ သွေးခွဲတာ၊ လူရာမဝင်တာတွေ ဖြစ်ပေါ်လာတယ်) ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်မတို့ မျိုးဆက်တွေက လူငယ် ဆိုတာထက် လူလည်တွေအဖြစ်နဲ့ ရှင်သန်ကြတယ်။ အချောင်သမားစိတ်တွေ များတယ်။ ကိုယ်ပိုင်ဟန်တွေအစား ပုံတူကူးချတာ တွေနဲ့ပဲ ဆက်သွားကြတယ်။ ဒီလူကြီးတွေကို လူရာသွင်းသလိုလို၊ ရှေ့တန်း တင်သလိုလိုနဲ့ ပခုံးချင်းယှဥ်တာတွေ လုပ်ကြတယ်။

ဒါပေမဲ့ ကျွန်မတို့မှာ ဓားသွေးကျောက်စိတ် မမွေးကြဘူး။ ပြင်းထန်တဲ့ ခံယူချက်၊ ကြီးမားတဲ့ မျှော်မှန်းချက် မရှိကြဘူး။ ရှင်သန်မယ့်လမ်းကြောင်းကို ဂိမ်း၊ ဆေး၊ ကော်ပီလုပ်တဲ့ အချောင်သမားဘက်ကို မှားမှားယွင်းယွင်း ရွေးချယ် တယ်။ ဆရာစားချန်တယ်ဆိုတာထက် share (မျှဝေ) တတ်တဲ့ စိတ်ဓာတ် ထိမ်ချန် လိုက်ကြတယ်။ Message အမှားတွေ ပေးတတ်တဲ့ အကျင့်တွေပါ တွေ့ရတယ်။ နည်းပညာမပါဘဲ ဘာမှရှေ့ဆက်လို့မရတော့တဲ့ မျိုးဆက်တွေ မလွဲမသွေ ဖြစ်လာခဲ့တယ်။ ကိုယ်ပိုင်ဝါဒ၊ ကိုယ်ပိုင်အတွေးအခေါ် အသိအမြင်၊ ကိုယ်ပိုင်သီအိုရီတွေဟာ ကိုယ်ပိုင်လို့ ငြင်းခုံလို့ရပေမယ့် အထောက်အကူတွေ အပေါ် အမှီပြုပြီး ပုံတူကူးချထားတဲ့ အသိအမြင်တွေသာ ဖြစ်နေပါတယ်။ အနည်းငယ် သစ်ဆန်းပေမယ့် အနှစ်ချုပ်က နည်းပညာအထောက်အပံ့တွေနဲ့ သာ အကျယ်ချဲ့ထားတာ ဖြစ်ပါတယ်။ ကောင်းတာတစ်ချက်က မျိုးဆက်သစ် တွေအားလုံး ပြဿနာအစား ပြေလည်ရေး၊ ညီညွတ်ရေးကို အရင်မျိုးဆက် ထက် ငြိမ်းချမ်းရေးကို အားကောင်းမောင်းသန် ရှာဖွေလာတာတော့ တွေ့မြင် ရပါတယ်။

အဆုံးမှတ်စုများ

1 ဗတင်၊ ၁၉၆၈။

ကိုးကားချက်များ

ဗတင်၊ သခင် (လက်သီးပုန်း-)၊ (၁၉၆၈)၊ လက်သီးပုန်း၊ စာပန်းချီတိုက်။