၁၉၉၆ ကျောင်းသားလှုပ်ရှားမှုပုံရိပ်များ (သို့မဟုတ်) ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ကိုစိုးထွန်းအား မေးမြန်းခြင်း

စဝေါထန် | Click here to read this article in English.

Cite as: 
စဝေါထန်၊ (၂၀၂၃)၊ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုပုံရိပ်များ (သို့မဟုတ်) ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ကိုစိုးထွန်းအား မေးမြန်းခြင်း၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ ()။ https://ijbs.online/?page_id=4455

စာတမ်းအကျဥ်း

၂၀၂၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ဤအင်တာဗျူးသည် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည့် အခြေအနေနှင့် အကြောင်းတရားများကို ကောင်းစွာ ဖော်ညွှန်းနိုင်သည်။ တက္ကသိုလ်ကျောင်းသားများကို နိုင်ငံရေး စိတ်မဝင်စားစေရန် အစိုးရက အားထုတ်ခဲ့ပုံ၊ ကျောင်းသားထုအကြား အကြောက်တရား ပျံ့နှံ့စေပုံ၊ အင်တာဗျူးဖြေဆိုသူတို့ ရန်ကုန်စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းအနေဖြင့် စစ်ထောက်လှမ်းရေး အန္တရာယ်ကို စိုးရိမ်နေရ သည့်ကြားမှ ကျောင်းသားများအား နိုင်ငံရေးစည်းရုံးမှုများ သွယ်ဝိုက် ဆောင်ရွက်ခဲ့ရပုံ၊ ၁၉၉၆ မျိုးဆက်ကျောင်းသားတို့ မည်ကဲ့သို့ စုဖွဲ့လှုပ်ရှားခဲ့ကြ ပုံတို့အား တွေ့မြင်နိုင်သည်။

၁၉၉၆ ကျောင်းသားလှုပ်ရှားမှုအကြောင်း ပြောပြပေးပါ ကိုစိုးထွန်း။

အောက်တိုဘာ (၂၁) ရက်နေ့ ညက ကမာရွတ်လှည်းတန်းအထိ RIT ကျောင်းသားတွေရောက်လာပြီး ဆန္ဒပြခဲ့ကြပေမယ့် ကမာရွတ်ဘူတာရုံလမ်း နားမှာနေတဲ့ ကျွန်တော်မသိလိုက်ပါဘူး။ အဆောင်မှာ မနေဘဲ Day ကျောင်းသားဖြစ်တာလည်း ပါပါတယ်။ မနက်ကျောင်းသွားဖို့ အိမ်ကထွက် တော့ လမ်းမှာအသိတယောက်က ညက လှည်းတန်းမှာ ကျောင်းသားတွေ ဆန္ဒပြတဲ့အကြောင်းကို မေးပါတယ်။ ကျွန်တော် မသိဘူးလို့ ပြန်ပြောရင်း ကျောင်းကိုလာခဲ့ပါတယ်။ စိတ်ထဲမှာလည်း အရင်ကလိုပဲ စားသောက်ဆိုင်မှာ ရန်ဖြစ်လို့ ကျောင်းပြန်လာ၊ လူပြန်စု သွားပြန်ချတာမျိုးလောက်ပဲ ထင်ခဲ့တာမို့ ကျောင်းရောက်တော့လည်း သတင်းမမေးမိပါဘူး။ ကျွန်တော် ဒီလိုထင်ရတဲ့ အကြောင်းကလည်း ကျောင်းမှာက ဒီလိုသတင်းတွေ ကြားရတတ်လို့ပါ။ ကျွန်တော်တို့ စက်မှုတက္ကသိုလ်မှာက ကျောင်းသား များတယ်၊ ကျောင်းသူ နည်းတယ်။ ကျောင်းသားအများစုက ခေတ်စနစ်ကို မကျေနပ်မှု၊ မွန်းကျပ်မှု မျိုးစုံကို ထွက်ပေါက်ရှာတော့ သောက်ဖြစ်ကြတယ်။ ဒီလိုပဲ ကျွန်တော် မြင်ခဲ့တယ်။ ကြိုက်တက်လို့ သောက်ပေမယ့် စာတော်တဲ့ ကျောင်းသားတွေ လည်း တွေ့ရတယ်။ ဘယ်လောက်သောက်သောက် အတန်းတက်တိုင်း Roll 1 ရနေတဲ့သူလည်း ပါတယ်။ သူဟာ ကျွန်တော်တို့ ကျောင်းတော်ကြီးရဲ့ ဆင်းရဲသား (ပစ္စည်းမဲ့) ဂိတ်ပေါက်ရဲ့ ကားမှတ်တိုင် BPI ကိုတောင် B.E. + Pepsi + Ice ဆိုပြီး အဘိဓာန်ဖွင့်နိုင်သူပါ။ သူ့အရင် ဆရာ့ဆရာတွေ ဖွင့်ခဲ့တာ လည်း ဖြစ်နိုင်ပါတယ်။

ကျောင်းသားတွေ အရက်သောက်တာဟာ အစ်ကိုပြောသလိုဆိုရင် လုပ်ရိုးလုပ်စဥ်လို ဖြစ်နေတယ်။ အဲ့တာ ဘာကြောင့်လဲ။

အဲဒီကာလမှာ ကျွန်တော်မြင်မိတာက စစ်အစိုးရဟာ သမဂ္ဂဖွဲ့စည်းခွင့် အပါ အဝင် ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားပြီး မူးယစ်ဆေးဝါးတွေနဲ့ ကျောင်းသားတွေကို ထွက်ပေါက်အဖြစ် တမင်တကာ ဖန်တီးထားတယ်လို့ ခံစားမိတယ်။ ကျွန်တော်တို့ ကျောင်းထဲမှာ ဆေးချရတာ ပိုလွတ်လပ်လို့ အပြင်က လူတွေ ဆေးလာချတာ ကျွန်တော်ကြုံဖူးတယ်။ ဒီလို အခြေအနေမျိုးကို ကျွန်တော်မကျေနပ်ဘူး၊ စက်မှုတက္ကသိုလ်လို သီအိုရီရော လက်တွေ့ရော အရေးကြီးတဲ့ ပညာရပ်တွေကို လေးလ တစ်တန်းနှုန်းနဲ့ စာမေးပွဲ စစ်နေတာ ကျွန်တော်မကြိုက်ဘူး။

အဲ့ဒီတုန်းက RIT ကျောင်းအခြေအနေကို ပြောပြပါ့လား။

စိန်ရတုနားနီးတော့ တက္ကသိုလ်ကျောင်းဆောင်တွေကို ပြန်ပြီး ပြုပြင်မွမ်းမံ တာတွေ လုပ်တယ်။ အမျိုးသားပညာရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ခင်ညွန့် နဲ့ အပေါင်းအပါများဟာ ပညာရေးစနစ်ကို ဖျက်ဆီး၊ လူငယ် ကျောင်းသားတွေ ရဲ့ စိတ်ဓာတ်ကို မူးယစ်ဆေးဝါးတွေနဲ့ မှိုင်းတိုက်၊ နိုင်ငံရေးနဲ့ ဝေးအောင် လုပ်ထားနိုင်ပြီလို့ ယူဆပြီး တက္ကသိုလ် စိန်ရတုပွဲမှာ အဆောင်ညစာစားပွဲတွေ လိုက်တက်၊ အကျိုးဆောင် စီးပွားရေးသမားတွေကို အဆောင်ရန်ပုံငွေတွေ လှူခိုင်း၊ ကျောင်းသားတွေနဲ့ ဓာတ်ပုံတွဲရိုက်နေပြီး လူလုံးထွက်ပြတဲ့ အချိန်ပေါ့။

ကျွန်တော်တို့ ဗုဒ္ဓဘာသာမိသားစုကတော့ စိန်ရတုပွဲမှာ ဘူးသီးကြော်နဲ့ အအေးရောင်းပြီး ရန်ပုံငွေရှာပါတယ်။ အဲဒီတုန်းက ကျွန်တော် ပဉ္စမနှစ် တက် နေပါပြီ။ ဘူးသီးကြော်နဲ့ အအေးကို အားပေးကြဖို့ မိုက်ကိုင်ကြေညာရင်း အခွင့် ရေးရတုန်း လူစည်ကားချိန်မှာ တရားနည်းနည်းဟောပါတယ်။ ခေါင်းဆောင် ကောင်းတွေ ပေါ်ပေါက်ဖို့ လိုတယ်။ ကျောင်းသားတွေ ပညာကောင်းမှ အကျင့် ကောင်းမှ တိုင်းပြည်ကောင်းမယ်ဆိုပြီး ဘာသာရေးနဲ့ရောပြီး ပါးပါးလေး ပြောတာတောင် ကိုယ့်အချင်းချင်းထဲက နိုင်ငံရေးတွေ ထည့်မပြောပါနဲ့ဆိုပြီး လာတားပါတယ်။ ကျောင်းသားအများစုရဲ့ အခြေအနေက အဲဒီလိုပါ။

ဗိုလ်ခင်ညွန့်က စိန်ရတုကာလမှာ ကျွန်တော်တို့ကျောင်းကို နောက်ဆုံးမှ လာပါတယ်။ RIT ရဲ့ အရှိန်အဝါကို လန့်လို့၊ သတင်း အပြည့်အစုံယူနေလို့ နောက်ကျပုံရပါတယ်။ ကျွန်တော်လည်း စနည်းနာဖို့ ရောက်သွားတယ်။ သူလာတဲ့အချိန်လည်း နောက်ကျပါတယ်။ နည်းနည်း မှောင်မှ ရောက်တာပါ။ သူရောက်မလာခင်မှာ သူငယ်ချင်းတချို့ အဆောင် ဝရန်တာမှာ ထွက်ထိုင်နေကြလို့ ‘မင်းတို့က ကြိုနေတာလား’ မေးတော့ ‘ဗိုလ်ရှုခံဖို့ စောင့်နေတာ’ လို့ ပြောလို့ ကျွန်တော် သဘောကျသွားတယ်။ ဗိုလ်ခင်ညွန့်နဲ့ ဓာတ်ပုံတွဲရိုက်တဲ့ ကျောင်းသားတွေလည်း တွေ့ရပါတယ်။

အောက်တိုဘာ (၂၂) ရောက်တော့ ဘယ်လိုဖြစ်သလဲ အစ်ကို။

အောက်တိုဘာ (၂၂) ရက် ညနေစောင်းမှာ အသင်းအဖွဲ့ကိစ္စတွေကြောင့် အတန်းပျက်တာတွေ ရှိခဲ့တော့ ကြို့ကုန်းဆောင် သူငယ်ချင်း တစ်ယောက် ဆီမှာ စာပြန်ကူးဖို့ သွားအိပ်ပါတယ်။ စာရေးနေရင်း ည (၈) နာရီ အကျော် လောက်မှာ ကျောင်းသားတွေအော်သံကို ကြားရလို့ အပြင်ထွက် ကြည့်ကြပြီး ဘာဖြစ်တာလဲ မေးကြပါတယ်။ ကျောင်းသားတွေနဲ့ ပြဿနာ ဖြစ်တာဟာ အရပ်သားတွေနဲ့မဟုတ်ဘဲ စည်ပင်ရဲတွေနဲ့ ဖြစ်တယ်ဆိုတာ သူတို့ပြောပြမှ သိရပါတယ်။ မနေ့က ကိစ္စမှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေဟာ အစိုးရရဲ့ လိမ်လည်သတင်းထုတ်ပြန်ချက်ကို ဒေါသထွက်နေကြတာပါ။ အစိုးရမီဒီယာ က ‘ကျောင်းသားနဲ့ ပြည်သူတွေ ခိုက်ရန်ဖြစ်ပွားတာကို ရဲတွေက ဝင်ရောက် ဖြေရှင်းရာမှာ ကျောင်းသားမှန်း မသိလို့ မှားယွင်းစွာပြုမူ ဆက်ဆံမိသည်များ ရှိခဲ့ကြောင်း’ ဆိုပြီး ပြောသွားတာပါ။ တောင်းပန်တာလည်း မပါပါဘူး။ ဒါဟာ ကျွန်တော်တို့ ကိုင်လို့ကောင်းတဲ့အကွက်ဖြစ်တော့ ဒါလုပ်သင့်တယ်၊ ဆန္ဒပြ သင့်တယ်၊ ထောက်ခံတယ်ဆိုပြီး သူတို့ကို ကူညီပံ့ပိုးဖို့ လိုက်သွားပါတယ်။ ကျွန်တော်နဲ့ သူတို့အများစုနဲ့က မရင်နှီးတဲ့သူ များပါတယ်။ ကျွန်တော်က အဆောင်ကျောင်းသား မဟုတ်တာလည်း ပါပါတယ်။ ကျောင်းဝင်းထဲမှာ တော်တော်များများ စုမိတော့ သမိုင်းဝင်းထဲကို သွားပြီး လူထပ်စုဖို့ အင်းစိန် လမ်းမပေါ်ထွက်ပြီး ကားတွေကို တားပါတယ်။

အဲဒီမှာ ကျွန်တော်စိတ်မသက်မသာ ဖြစ်ရတာတွေ ရှိပါတယ်။ ကိုယ့်လူတွေက အစိုးရရဲ့ လိမ်လည်မှုကို ဒေါသထွက်နေတော့ လမ်းမပေါ်က ကားတွေမှန်သမျှ တားပါတယ်။ ခရီးသည်တင်ကားတွေ အပါအဝင်ပါ။ ည (၉) နာရီလောက် ရှိပါပြီ။ ကျွန်တော်လည်း ကူပြီး ကားတွေ တားပေးပါတယ်။ မှတ်မှတ်ရရ ရေးနိုးကားကြီး တစ်စီးကို တားတဲ့အခါမှာ ခရီးသည်တွေ အားလုံးကို သေချာမရှင်းပြဘဲ ဆင်းခိုင်းတော့ တချို့ခရီးသည်တွေ ထိတ်လန့် နေတာ တွေ့ရလို့ ကျွန်တော် သူတို့ဆီသွားပြီး ကျွန်တော်တို့ဟာ ကျောင်းသား တွေ ဖြစ်လို့ မစိုးရိမ်ဖို့ ရှင်းပြရပါတယ်။ ကားဆရာတွေကလည်း ကူညီပါတယ်။

ဒါပေမယ့် ပြန်သိမ်းလာတဲ့ ချက်ပလက်တစီးက ရပ်မပေးဘဲ ကျောင်းသားတွေ အလစ်မှာ မောင်းပြေးပါတယ်။ ရှေ့မှာစောင့်နေတဲ့ ကျောင်းသားရှိတော့ မလွတ်ပါဘူး၊ ဒါကို ဒေါသထွက်သွားတဲ့ ကျောင်းသားတစ်ယောက်က ကားဆရာကို ပြတင်းပေါက်ကနေ ထိုးလိုက်ပါတယ်။ မထင်မှတ်ဘဲ ကွဲပြီး သွေးထွက်သွားပါတယ်။ ကားပေါ်မှာ သူ့ကလေးတစ်ယောက်ပါတော့ ကလေး က ငိုတော့တာပါပဲ။ ကျွန်တော်လည်း တော်တော်စိတ်မကောင်းဖြစ်သွားလို့ သူ့ကို ဘာလို့ ထိုးရတာလဲ ပြောတော့၊ သူကလည်း ထိုးမိပြီးမှ စိတ်မကောင်း ဖြစ်သွားပုံရပါတယ်။ ကားဆရာကို တောင်းပန်ပါတယ်။ ကားဆရာလည်း အိမ်ပြန်ချင်ရှာမှာပေါ့လေ။ သူအိမ်ပြန်နောက်ကျရင် စိုးရိမ်မှုနဲ့ စောင့်နေတဲ့ မိသားစုတွေ ရှိနေမှာပေါ့။ အဲ့ဒီနေ့ညက ကားဆရာတွေ တာဝန်ကျေပါတယ်။ ကျွန်တော်ပြောချင်တာက ပြည်သူတွေဟာ ကျောင်းသားတွေကို တန်ဖိုးထား တယ်။ အလေးထားတယ်။ အမှား လုပ်မိရင်တောင် နားလည်ခွင့်လွှတ်ပေး တယ်။

ကားတွေတားပြီးတော့ အစ်ကိုတို့ ဘာဆက်လုပ်ကြသလဲ။

ကျွန်တော်တို့ ကားတွေစီးပြီးတော့ သမိုင်းဝင်းထဲက အဆောင်တွေကို သွားပါ တယ်။ အဆောင်တွေကို ရောက်တော့ ကျောင်းသားတွေကို ဆန္ဒပြဖို့အတွက် လိုက်ပါနိုင်ကြဖို့ ရှင်းပြပြီး ခေါ်ပါတယ်။ အဆောင်မှူးဆရာတွေ ထွက်လာပြီး ဟန့်တဲ့ပုံစံနဲ့ ရပ်နေတာတွေ တွေ့ရပါတယ်။ အတင်းအကျပ်တားမြစ်တာတော့ မတွေ့ရပါဘူး။ ကျောင်းသားအဆောင်တွေကို ပတ်ခေါ်ရာမှာ RIT ကျောင်းဆောင်တွေ သာမက တခြားကျောင်းဆောင်က ကျောင်းသားတွေကိုပါ ကျောင်းသား အရေးဖြစ်လို့ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်တာတွေ လုပ်ပါတယ်။ ကျောင်းသားတွေရဲ့ အော်သံတွေကြားလို့ ကျောင်းသားအချို့ ထွက်လာကြပေမယ့် ဆရာတွေက လှေခါးအဆင်းမှာ ရပ်နေလို့ တချို့က ဆင်း မလာကြပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ အားလုံး စုလို့ရတဲ့သူတွေ လှည်းတန်းကို လာခဲ့ကြပါတယ်။ လှည်းတန်းရောက်တော့ လှည်းတန်း မီးပွိုင့်ရဲ့ဗဟိုမှာ နေရာယူလိုက်ကြပြီးတော့ ကျောင်းသားတွေ ဆန္ဒပြရတဲ့ အကြောင်းကို ပြည်သူတွေသိအောင် ရှင်းပြကြပါတယ်။ ကျွန်တော်လည်း ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ကျောင်းသားတွေ ဗိုက်ဆာရင်စားဖို့ တစ်ခုခု ဝယ်ရအောင်ဆိုပြီး ပိုက်ဆံစုပါတယ်။ စုလို့ရတဲ့ ပိုက်ဆံနဲ့ ငှက်ပျောသီး ဝယ်ကြမယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေနဲ့ သီရိမင်္ဂလာဈေး သွားပါတယ်။ ငှက်ပျောသီးတွေဝယ်၊ ခြင်းတောင်းကြီးတွေနဲ့ သယ်ပြီး ပြန်လာချိန်မှာ ဆန္ဒပြပွဲ ဦးဆောင်တဲ့ ကျောင်းသားများက ပြောလို့ဟောလို့ ကောင်းနေကြတုန်းပါ။ ကျွန်တော်တို့လည်း သယ်လာတဲ့ ငှက်ပျောသီးတွေကို ကျောင်းသားအုပ်စုထဲ ကို လူခွဲပြီး လိုက်ဝေပါတယ်။ အခြေအနေကို စုံစမ်းကြည့်တော့ ကျောင်းသား ကိုယ်စားလှယ်တွေကိုခေါ်ပြီး အဆညမှာ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

အဲဒီညက ဆန္ဒပြရင်း ဘယ်လိုပြဿနာတွေ ကြုံခဲ့ရသလဲ ခင်ဗျ။

ကျွန်တော်လည်းသူတို့တွေ ပြောနေကြတာတွေ နားထောင်နေရင်း နဲ့ Final Electronics က ဦးဆောင်ကျောင်းသားတစ်ယောက်ကို ခေါ်ပြီး လက်ရှိ ပညာရေးစနစ်ကို ဝေဖန်ဖို့နဲ့ ကျောင်းသားကိုယ်စားပြု အဖွဲ့အစည်း ရှိသင့်တဲ့ ကိစ္စကို ထည့်ပြောသင့်ကြောင်း အကြံပေးမိပါတယ်။ အဲဒီ ကျောင်းသားက ချက်ချင်းပဲ ကျောင်းသားအုပ်အလယ်ထဲကို ပြန်ဝင်သွားပြီးတော့ “ကျွန်တော် တို့ ကျောင်းသားတွေက ကျောင်းသားအရေးကိုပဲ တောင်းဆိုဆန္ဒပြတာ ဖြစ်ပါ တယ်။ နိုင်ငံရေးတွေနဲ့ လုံးဝ မပတ်သတ်ပါဘူး။ နိုင်ငံရေးသမားတွေကိုလည်း အယုံအကြည်မရှိပါဘူး၊ ကလိမ်ကကျစ်တွေ မို့လို့ပါ” လို့ ပြောပါတော့တယ်။ ကျွန်တော် တော်တော်စိတ်လေသွားပါတယ်။ ဒီလိုနဲ့ အဆညမှာ တာဝန်ရှိသူ တွေနဲ့ သွားပြီး တွေ့ဆုံညှိနှိုင်းတဲ့ ကျောင်းသားတွေ ပြန်လာပါတယ်။ သူတို့ အချင်းချင်းပြောဆို တိုင်ပင်နေတာကို တွေ့ရပါတယ်။ ခဏအကြာမှာတော့ ထိုအုပ်စုထဲက တစ်ယောက်က ထိုင်နေကြတဲ့ ကျောင်းသားအုပ်စုထဲကို ပြန်လာပြီး “ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေ မလိုက်လျောနိုင်ဘူး ပြောကြောင်း အေးချမ်းစွာ လူစုခွဲဖို့နဲ့ လူစုမခွဲရင် မကြာခင်မှာ အင်အားသုံး ဖြိုခွင်းမယ်” လို့ အကြောင်းပြန်လိုက်ကြောင်း ‌ပြောပါတယ်။ ဆက်ပြီး သူက “ဒီတော့ ကျွန်တော်တို့လည်း ကျွန်တော်တို့ကျောင်း RIT ကိုပြန်မယ်၊ ခင်ဗျား တို့လည်း ကိုယ့်ကျောင်းဆောင်ကို ပြန်ကြပါ” လို့ ပြောပါတယ်။ ကျွန်တော် တော်တော် အံ့ဩသွားပါတယ်။ ကျောင်းသားတွေကို ဆန္ဒပြဖို့ လိုက်ခေါ်တုန်း က ကျောင်းသားရေးမို့ အားလုံးနဲ့ဆိုင်လို့ ဝင်ရောက်ပူးပေါင်းဆန္ဒပြဖို့ ခေါ်ခဲ့ပြီး တော့ ကိုယ့်ကျောင်းကိုယ် ပြန်မယ့်ကိစ္စကိုကျတော့ အားလုံးဆန္ဒကို မတောင်း ခံဘဲ၊ ပူးပေါင်းပါဝင်သူတွေတောင် မသိရပဲ မတိုင်ပင်ပဲနဲ့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်က သူတို့အုပ်စုထဲက တချို့ကို မင်းတို့ အဲ့လိုလုပ်လို့ မရဘူး၊ အခု ဒီမှာရှိနေတာက RIT ကျောင်းသားချည်းပဲ မဟုတ်ဘူး။ တခြားတက္ကသိုလ် မေဂျာက ကျောင်းသားတွေလည်း ပါနေတယ်။ သူတို့ကို ဘယ်လိုစဥ်းစားမှာလဲ ဆိုတော့ “ငါတို့အတွက် ကိုယ့်ကျောင်းက ပိုပြီးလုံခြုံတယ်။ ကိုယ့်ကျောင်းကိုယ် ပြန်တာ ကောင်းတယ်” ဆိုပြီး ပြောလို့ ကျွန်တော်နဲ့ အငြင်းပွားပါတယ်။ အဲ့ဒီ အချိန်မှာ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေနဲ့ ဆရာတွေဟာ ကျွန်တော်တို့ ကျောင်းသားအုပ်စု ဆန္ဒပြတဲ့ နေရာကိုလာပြီး ကိုယ့်အဆောင်ကိုယ်ပြန်ကြဖို့ ပြောပါတယ်။ ကျွန်တော်လည်း မတ်တပ်ထရပ်လိုက်ပြီး ဆရာတွေကို ကျွန်တော့် နာမည်၊ ကျောင်း၊ အတန်းတွေကို ပြောပြီး မိတ်ဆက်ပါတယ်။ ကျောင်းသားတွေ ဆန္ဒပြရတဲ့ ကိစ္စပြောရင်း ပညာရေးစနစ်ကို ဝေဖန်တာ ပါသွားအချိန်မှာ ကျောင်းသားအုပ်စုထဲက “နိုင်ငံရေးတွေ မပြောပါနဲ့” အော်သံတွေထွက်လာလို့ ကျောင်းသားသုံးယောက်အရိုက်ခံရတဲ့ ကိစ္စကိုပဲ ပြန်ပြောမှ ကန့်ကွက်တဲ့ အသံတွေ တိတ်သွားပါတယ်။ နောက်ဆုံး ကျွန်တော် တို့ ပြန်မှာမဟုတ်ပါဘူးလို့ ဆရာတွေကိုပြောတော့ ဆရာတွေ လက်လျှော့ ပြန်သွားပါတယ်။

ဆရာတွေပြန်သွားပြီးတော့ ဘာဆက်ဖြစ်သလဲ အစ်ကို။

ဆရာတွေပြန်သွားတော့ ကျောင်းပြန်ဖို့ပြောနေတဲ့ RIT ကျောင်းသားအုပ်စုနဲ့ စကားများရပြန်ပါတယ်။ သူတို့က RIT ကျောင်းသားတွေ လုံခြုံရေးအတွက် ပြန်ဖို့လိုတယ်ပြောတော့ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်က ကျောင်းသားတချို့နဲ့ စကား ထပ်များပါတယ်။ ကျွန်တော်လည်း “မင်းတို့ပြန်ချင်ပြန်၊ ငါကတော့ ဒီမှာ ကျန်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ကျန်ခဲ့မယ်” ပြောပြီး နေမယ့်သူနဲ့ ပြန်မယ့်သူ ခွဲလိုက်တော့ RIT ကျောင်းသားတွေထဲမှာ နေခဲ့တဲ့သူကတော့ နည်းတာ တွေ့ရပါတယ်။ ကျောင်းကိုပြန်မယ့်အုပ်စု ထွက်ခွာသွားချိန်မှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့ အုပ်စု တိုင်ပင်ကြပါတယ်။ လာပြီးဝန်းရံကြတဲ့ ပြည်သူတွေ လည်း တစ်စ တစ်စ နည်းသွားတော့ ကျွန်တော်တို့အားလုံး မိန်းထဲဝင်ပြီး အဆောင်ကျောင်းသားတွေ ထပ်ခေါ်ဖို့ တိုင်ပင်ဆုံးဖြတ်ခဲ့ကြပါတယ်။

ကျွန်တော်တို့ ယုဒဿန်အပေါက်ကို ကျောင်းသားအားနဲ့ ဝိုင်းတွန်း ဖွင့်လိုက်ကြပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲက အဆောင်တွေထဲဝင် ကျောင်းသားတွေကို ပူးပေါင်းပါဝင်ဖို့ ခေါ်ပါတယ်။ အဆောင်တွေ ပတ်ခေါ်ပြီး အဓိပတိလမ်းမဘက် ပြန်ထွက်လာပါတယ်။ အဓိပတိလမ်းမအတိုင်း ဘွဲ့နှင်း သဘင်ရှေ့မှာ ထိုင်နားကြပါတယ်။ ဘွဲ့နှင်းသဘင်ရှေ့မှာ တစ်ယောက် တစ်လှည့်စီ စကားထပြောရင်းနဲ့ မိုးလင်းအောင်နေလို့ ဖြစ်၊ မဖြစ် ဆွေးနွေး ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ထိုင်နေကြတဲ့ ကျွန်တော်တို့ ဝိုင်းထဲကနေ ကျောင်းသားတွေ တစ်ယောက်စ၊ နှစ်ယောက်စ အပေါ့အပါးသွားသလိုနဲ့ ထထွက်သွားကြတာ လူနည်းလာပါပြီ။ ကျောင်းထဲထိ ဝင်ဖမ်းနိုင်တော့ ကျွန်တော်တို့ ဒီမှာပဲ ဆက်နေမလား၊ အပြင်ထွက်မလားလို့ ကျွန်တော် မေးပါတယ်။ ထွက်ရင်လည်း ဘယ်ဘက်က ထွက်မလဲ၊ အင်းလျားလမ်းက ထွက်မလား၊ တက္ကသိုလ်ရိပ်သာလမ်းက ထွက်မလား မေးဖြစ်ပါတယ်။ (ကျွန်တော်က တက္ကသိုလ်ရိပ်သာလမ်းက ထွက်မလား မေးတယ်ဆိုပြီး နိုင်ငံရေးသမား၊ NLD လူဆိုပြီး စွပ်စွဲချက်တွေကို ကျောင်းသားတွေထဲမှာ အသံထုတ်ပြန်တာ ကြားရပါတယ်) ကျွန်တော်တို့အားလုံး ခေါင်းချင်းဆိုင်ပြီး အကောင်းဆုံး ဖြစ်နိုင်မယ့်နည်းလမ်း ရှာကြံနေချိန်မှာ ကျွန်တော်တို့ ကျောင်း က ဆရာတွေ အင်းလျားလမ်းဘက် (Eco အပေါက်)ကနေ ဝင်လာပြီး အပြင်မှာ လုံထိန်းတွေ ဝိုင်းထားပြီးဖြစ်လို့ ကျောင်းကို ပြန်လိုက်ခဲ့ဖို့ ပြောပါတယ်။ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို ကျွန်တော်တို့အားလုံး (RIT ရော၊ RASU ကျောင်းသားတွေပါ RIT ပြန်လိုက်ဖို့ ဆုံးဖြတ်ပြီး လာခေါ်တဲ့ ဆရာတွေနဲ့ ပြန်လိုက်ခဲ့ကြပါတယ်)

နောက်နေ့အတွေ့အကြုံတွေကို ပြောပြပေးပါဦး။

RIT ရောက်တော့ Building 1 ရှေ့မှာထိုင်ကြပြီး အချင်းချင်း မိတ်ဆက်၊ နာမည်၊ အဆောင်၊ အခန်းနံပါတ်တွေ ဖလှယ်ကြပါတယ်။ နောက်နေ့တွေမှာ ပြန်ဆုံဖို့၊ တိုင်ပင်ဖို့ပြောပြီး လူစုခွဲခဲ့ကြပါတယ်။ နောက်နေ့တွေမှာတော့ ကျောင်းသား ရေးကို နိုင်ငံရေးအမြတ်ထုတ်ချင်တဲ့ သူတွေက ဝင်စွက်ဖက်တယ်ဆိုတဲ့ အသံ တွေကို ကျောင်းတက်ရင်း ကြားရတာရှိသလို၊ RC2 နဲ့ မိန်းထဲက ပြန်ကြားရ တာကတော့ RIT ကျောင်းသားတွေက တကယ့်တကယ်ကျတော့ အဖျားရှုး သွားတာပဲ၊ မယုံရဘူးဆိုတဲ့ ကျောင်းသားအချင်းချင်း သွေးခွဲတဲ့အသံတွေ ပြန်ကြားရပါတယ်။ ကျောင်းသားအချင်းချင်းကြားမှာ နားလည်မှု မလွဲစေဖို့ အတွက် စော်ဘွားကြီးကုန်းဖြစ်စဥ်ရဲ့ ဖြစ်ရပ်မှန်ကို ကျောင်းသားတွေ သိအောင် စာရေးပြီးဖြန့်ဖို့ ကျွန်တော်တို့တွေ RIT အဆောင်တွေမှာ ဆွေးနွေး ကြသလို မိန်းထဲကို ချိတ်ဆက်ပြီး တိုင်ပင်ဆွေးနွေးတာတွေ လုပ်ခဲ့ကြတယ်။ NLD ပါတီရုံးနဲ့ ခြံအမှတ် (၅၄) ကို အဆက်သွယ်ရှိတဲ့ final တန်းက လူဟောင်း တစ်ယောက်ရှိတယ်လို့ သိရပေမယ့် အဆက်အသွယ်တော့ မရခဲ့ပါဘူး။ ဖြစ်ရပ်မှန်သတင်းကို ထုတ်ပြန်နိုင်ဖို့ ရေးထားတဲ့ စာကို ခက်ခက်ခဲခဲ မိတ္တူကူး ပြီး၊ တက္ကသိုလ်အသီးသီးကို ဖြန့်ဖို့ ကြို့ကုန်းဆောင်ထဲမှာ တိုင်ပင်နေတုန်း အဆောင်မှူးရောက်လာလို့ အားလုံးလူစုခွဲပြီး လစ်ရတာတွေလည်း ရှိပါတယ်။ ဆရာတွေအပါအဝင် ကျောင်းသားထဲက သတင်းပေးတွေ စောင့်ကြည့်နေတဲ့ အချိန်ပါ။ ပါမောက္ခချုပ်နဲ့ အာဏာပိုင်တွေကလည်း ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေကို အိမ်ပြန်ခိုင်းတာ၊ မိဘတွေခေါ်ပြီး ပြန်ပို့တာတွေ လုပ်ပါ တယ်။ အရိုက်ခံရတဲ့ ကျောင်းသားသုံးယောက် သတင်းကလည်း စုံစမ်းလို့ မရတော့ ကျောင်းသားတွေကြားထဲ မကျေမနပ်ဖြစ်နေတာပါ။ ကျွန်တော်တို့ လည်း ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားနေချိန်မှာ တစ်နေ့တော့ ကျွန်တော့် ကို ပါမောက္ခချုပ်က ခေါ်ပါတယ်။ ကျွန်တော့် နာမည်ကို စာရွက်မှာရေးပြီး အတန်းထဲလာပေးသွားတာပါ။ ဒါနဲ့ ကျွန်တော် ပါချုပ်နဲ့တွေ့ဖို့ သွားတယ်။ ရုံး အပြင်ဘက်မှာ စောင့်နေတုန်း ပညာရေးဝန်ကြီး ဦးပန်းအောင်က ကျောင်းသား အချို့နဲ့ ပါမောက္ခချုပ်ရုံးကိုလာတာ တွေ့လိုက်ပါတယ်။ အားကစားပွဲတစ်ခုမှာ RIT ကျောင်းသားတွေ ဆုရတာကို ချီးမြှောက်တဲ့အနေနဲ့ ကျောင်းအထိ ပြန်လိုက်ပို့ပြီး ကျောင်းသားတွေကို ချီးမွမ်းခန်းဖွင့်တာ တွေ့ရပါတယ်။ ပါမောက္ခချုပ်ကိုလည်း ဆုချခိုင်းတာ ကြားရပါတယ်။ အစဥ်အလာ မဟုတ်တာတွေ တွေ့ရတာပါ။ အရင်တုန်းက လိုက်ပို့တာမရှိခဲ့ဘူးလေ။ ဒါနဲ့ ပါမောက္ခချုပ်က သူ့ကို ပြောလိုက်ပုံရပါတယ်။ ဝန်ကြီးက ခေါ်တွေ့ပါတယ်။ ကျွန်တော့်ကို တွေ့တဲ့အချိန်မှာ ဝန်ကြီးက ‘သူတို့အနေနဲ့ တိုင်းပြည်ကို ကောင်း အောင်လုပ်နေကြောင်း ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေး လုပ်နေကြောင်း၊ အိုမင်းချိန်ရောက်မှ တိုင်းပြည်ကို ဒူးနဲ့ မျက်ရည်သုတ်ပြီး ကြည့်နေရမှာ မလို လားကြောင်း၊ ကျောင်းသားလူငယ်များကို အနာဂတ်မှာ တိုင်းပြည် ခေါင်းဆောင်များ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း၊ ကျောင်းပြီးအောင် စာကို အာရုံစိုက်စေချင်ကြောင်း၊ သူတို့အနေနဲ့ ပံ့ပိုးဖြည့်ဆည်းနိုင်တာကို ပံ့ပိုးပေးမယ့် အကြောင်း’ ပြောပါတယ်။ ကျွန်တော်ကလည်း ကျောင်းသားများ ပညာပြည့်ဝ၊ နှလုံးလှဖို့ ကြိုးစားနေကြောင်း၊ ဗုဒ္ဓဘာသာမိသားစုအနေဖြင့် ကျောင်းသား များအား ကိုယ်ကျင့်ကောင်း၊ နှလုံးလှ၊ ပညာတက်ခေါင်းဆောင်များ ဖြစ်လာ စေဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ စာပေဟောပြောပွဲတွေကို လွတ်လွတ် လပ်လပ် လုပ်ခွင့်ပေးစေချင်ကြောင်း၊ ကျောင်းသားများ မူးယစ်ရမ်းကားခြင်းကို မိမိအနေဖြင့် မနှစ်သက်ကြောင်း၊ ကျောင်းသားများ မူးယစ်ရမ်းကားခဲ့ပါက ဥပဒေအရ အရေးယူနိုင်ပါလျက်နဲ့ စည်ပင်ရဲတွေရဲ့ အကြမ်းဖက်ရိုက်နှက်ခြင်း ကို လက်မခံနိုင်ကြောင်း ပြောခဲ့ပါတယ်။

အခြေအနေက အဖြေမှ မပေါ်သေးတာ အစ်ကို။ အစ်ကိုတို့ ဘာဆက် လုပ်ကြသလဲ။

နောက်နေ့မှာ စော်ဘွားကြီးကုန်းကိစ္စမှာ ဦးဆောင်ပါဝင်တဲ့ ကျောင်းသားတွေ ကို ပါမောက္ခတွေ မော်ကွန်းထိန်းတွေနဲ့အတူ တွေ့ရပြန်ပါတယ်။ အဆောင် တွေမှာ စာကပ်လို့ဆိုပြီး ခေါ်ဆွေးနွေးတာပါ။ ကျွန်တော်ကတော့ စာကပ်တာ မသိလိုက်ပါဘူး။ ပါချုပ်ကတော့ ကျွန်တော့်ကို ကျောင်းမှာ ရှိစေချင်ပုံမရပါဘူး။ ကျွန်တော့ဌာနရဲ့ ပါမောက္ခဆရာဦးဘမြင့်ကို ပညာရပ်ဆိုင်ရာ လေ့လာရေး ခရီးမှာ ကျွန်တော့်ကို ခေါ်သွားဖို့ ပြောထားတယ်နဲ့ တူပါတယ်။ အစည်းအဝေး ခန်းထဲ ထိုင်နေတုန်း ကျွန်တော့်ကို ခရီးစဥ်မှာလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ကျွန်တော် က မလိုက်နိုင်ကြောင်းပြောပေမဲ့ လိုက်မှဖြစ်မယ် ပြောပါတယ်။ ကျွန်တော်တို့ အငြင်းပွားနေတုန်း မော်ကွန်းထိန်းဦးသန်းစိန်က ‘လိုက်သွားပါကွာ၊ မင်း ပြန်လာလည်း ဒီပွဲကိုမီမှာပါ’ ဆိုပြီး ပြောပါတယ်။ ဆရာတွေရဲ့ အတွေ့အကြုံနဲ့ အရိပ်ယောင်တွေ လက္ခဏာတွေ သုံးသပ်ရင်း သိနေကြပါပြီ။ ဟုတ်ပါတယ်။ ကျွန်တော်လည်း ပွဲဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ရှိနေပါတယ်။ စာ အရမ်း ကြိုးစားတဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်တောင်မှ ကျွန်တော် ပြောဖြစ် ပါတယ်။ မင်း သိပ်ကြိုးစားမနေနဲ့၊ ဒီနှစ်တို့တွေ ကျောင်းမပြီးနိုင်ဘူးလို့ ပြော လိုက်တော့ သူ တော်တော်လန့်သွားပါတယ်။ မလုပ်ပါနဲ့ သူငယ်ချင်းရာ ဒီနှစ် ပြီးရင် ဘွဲ့ရတော့မှာဆိုပြီး သူက တောင်းပန်ခဲ့တာ မှတ်မှတ်ရရပါပဲ။ ကျွန်တော် လေ့လာရေးခရီး လိုက်သွားရတာ ငါးရက်ကြာပါတယ်။ စီမံခန့်ခွဲရတာ ပင်ပန်း ပေမယ့် အငယ်တန်းကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေခဲ့ရတော့ စည်းရုံးရေး အရ အောင်မြင်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ကျွန်တော့်အိမ်ကို စာ တစ်စောင် ကျွန်တော့်နာမည်နဲ့ လိပ်စာနဲ့ ရောက်လာပါတယ်။ ‘ကျောင်းသား၊ ကျောင်းသူအပေါင်းသို့ ပန်ကြားလွှာ’ ဆိုပြီးတော့ ခေါင်းစဥ်တပ်ထားပါတယ်။ စာထဲမှာပါတာက RIT ကျောင်းသားတွေဟာ ဆိုးမိုက်၊ မူးယစ်၊ ရမ်းကား၊ ကားခ မပေးဘဲစီး၊ ရန်ဖြစ်၊ ဆန္ဒပြ၊ နိုင်ငံရေးသမားတွေရဲ့ လက်ကိုင်တုတ်တွေ ဖြစ်နေ ပြီး အေးချမ်းစွာ ပညာသင်ကြားရေးကို နှောင့်ယှက်နေကြတယ်။ ဒါကြောင့် ဒီ ကျောင်းသားတွေကို ဆန့်ကျင်ကြပါဆိုပြီး အောက်ဆုံးမှာ ‘အေးချမ်းစွာ ပညာ သင်ကြားလိုသူများ’ လို့ ရေးသားထားတဲ့ စာတစ်စောင်ပါ။ အဲ့ဒီစာဟာ စာသင်ခန်းတွေထဲက ခုံတွေထဲမှာလည်းရှိသလို စော်ဘွားကြီးကုန်း ဖြစ်စဥ်မှာ ဦးဆောင်ခဲ့တဲ့ အဆောင်ကျောင်းသားတွေဆီလည်း ရောက်ပါတယ်။ ကွန်ပျူတာနဲ့ စာစီထားတာပါ။ တော်တော်စနစ်တကျ ပြင်ဆင်ပြီး ပို့တာပါ။ အာဏာပိုင်တွေက လုပ်တယ်လို့ ယူဆရပါတယ်။

တော်တော်ပရိယာယ်များတာပဲ။ အဲ့ဒီစာကိစ္စကို အစ်ကိုတို့ ဘယ်လို တုံ့ပြန်ကြသလဲ။

ကျွန်တော်တို့အတွက် ဒီစာဟာ အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီစာကို အကြောင်းပြုပြီး ကျောင်းသားတွေရဲ့ သိက္ခာကို စော်ကားတဲ့အတွက် ပြန်ပြီး ရှင်းလင်းချက်ထုတ်တဲ့ စာရေးဖို့ တိုင်ပင်ဆုံးဖြတ်ကြပြီးတော့ ပါချုပ်နဲ့ သွားတွေ့ကြပါတယ်။ ပါချုပ်က ထူးထူးခြားခြား သဘောတူခွင့်ပြုလို့ ကျွန်တော်တို့ ဝမ်းသာအားရဖြစ်ကြပါတယ်။ ပထမအဆင့်တော့ အောင်မြင်ပြီ ပေါ့။ အဲ့ဒီနေ့က နိုဝင်ဘာ (၂၉) ရက်ပါ။ ကျောင်း ပြန်ဖွင့်မယ့် ဒီဇင်ဘာ (၂) ရက်၊ တနလ်ာနေ့မှာ Building 1 ရဲ့ noticeboard အပါအဝင် ကျောင်းဆောင်တွေ အတန်းတွေမှာ ကပ်ဖို့၊ ကန်တင်းအဆင်းနံရံတွေမှာ ကပ်ဖို့ကို တိုင်ပင်ထားကြ ပါတယ်။ ဒီဇင်ဘာ (၂) ရက်နေ့ မနက် ပါချုပ်ကို သွားတွေ့တဲ့အခါ ကျောင်းသား တွေ အင်အားပြဖို့ အဆောင်တစ်ဆောင်စီကို လေး၊ ငါးယောက် စုထားကြဖို့ အတွက် ကျောင်းဆောင်တွေကိုသွားပြီး မှာထားပါတယ်၊ ဒီဇင်ဘာ (၂) ရက်နေ့ အတွက် ကျွန်တော်တို့အားလုံး ရင်ခုန်နေကြပါပြီ။ ဒီဇင်ဘာ (၂) ရက်နေ့ မနက်မှာ ကျွန်တော်တို့ ကျောင်းကိုရောက်တော့ ပါချုပ်၊ ပါမောက္ခတွေ၊ ဆရာ တွေကို main building 1 ကြီးရဲ့ အဝင်ပေါက်မှာ တွေ့ရပါတယ်။ ပါချုပ်ရဲ့ မျက်နှာက ခပ်တည်တည်နဲ့ မနေ့က ဆွေးနွေးညှိနှိုင်းထားတာကို မသိတဲ့ပုံလို ဖြစ်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့လည်း ချိန်းထားတဲ့အချိန် (ကိုးနာရီ လောက် ထင်ပါတယ်) ကျော်လာတော့ ပါချုပ်ဆီသွားပြီး၊ ကျွန်တော်တို့ လူစုပြီး ဖြစ်လို့ မနေ့က ပြောထားတဲ့ ကိစ္စအတွက် လာတာပါလို့ ပြောပါတယ်။ ပါချုပ် မျက်နှာကလည်း ခပ်တင်းတင်းနဲ့ ‘အေး..လာ ရုံးခန်းထဲလိုက်ခဲ့’ ဆိုပြီး ကျွန်တော်တို့ကို သူ့ရဲ့ ရုံးခန်းကို ခေါ်ပါတယ်။ ရုံးခန်းထဲရောက်တော့ ကျွန်တော်တို့ ထုတ်ပြန်မယ့် စာကိစ္စကို အထက်က လက်မခံခွင့်မပြုဘူး။ ကျွန်တော်တို့ကိုလည်း မေဂျာ အတန်းတွေ မေးပြီး သက်ဆိုင်ရာ ပါမောက္ခတွေ ကို ခေါ်ပြီး ကျောင်းသား ဟုတ်၊ မဟုတ် စစ်ခိုင်းတာတွေ လုပ်ပါတယ်။ ပါမောက္ခဆရာတွေလည်း မျက်နှာမကောင်းကြပါဘူး။ ကျွန်တော်တို့ အားလုံး လည်း ပါချုပ်ရုံးခန်းက ပြန်ထွက်လာကြပါတယ်။ ပါချုပ်နဲ့ သွားတွေ့တာ စုစုပေါင်း ခြောက်ယောက်လောက် ရှိပါတယ်။ ပါချုပ်က သဘောမတူ၊ ခွင့် မပြုတဲ့အတွက် ကိုယ့်ဘာသာကိုယ် ကျောင်းသားတွေ သိအောင်လုပ်ဖို့ပဲ ရှိပါ တော့တယ်။ ကျွန်တော်တို့ ပါချုပ်နဲ့ အထဲဝင် တွေ့နေတဲ့အချိန်မှာ အင်အားပြဖို့ စုထားတဲ့ ကျောင်းသားတွေ ရောက်နေကြပါပြီ။ သူတို့တွေကလည်း အခြေ အနေကို သိချင်ကြလို့ ကျွန်တော်တို့ ထွက်လာတော့ ဝိုင်းအုံပြီး မေးကြပါတယ်။ ကျွန်တော်တို့လည်း အခြေအနေကို ရှင်းပြပြီး ဖြစ်ရပ်မှန်နဲ့ပတ်သက်တဲ့ ရှင်းလင်းချက်ကို ကျောင်းသားတွေသိအောင် ဖတ်ပြဖို့ တိုင်ပင်ပါတယ်။ တော်တော်များများရဲ့ စိတ်ထဲမှာ မကျေနပ်တာတွေ ရှိနေပေမယ့် စာဖတ်ပြီး စဖောက်ခွဲဖို့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ကျွန်တော်လည်း အလားတူ စိုးရိမ်မှု ရှိပေမယ့် နောက်ဆုံးမှာ ဖတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော် စဖတ်တဲ့ အချိန်မှာ အသံမတုန်အောင် ကြိုးစားဖတ်ရပါတယ်။ မအောင်မြင်မှာကို စိုးရိမ်မှု တွေ ရှိနေလို့ပါ။ ကံကောင်း ထောက်မစွာနဲ့ပဲ ကျွန်တော် ဖြေရှင်းချက်စာ ဖတ်နေတဲ့ အချိန်မှာ အတန်းတစ်တန်းပြီးသွားလို့ ကျောင်းသားတွေ ဆင်းလာ တဲ့အချိန်နဲ့ တိုက်ဆိုင် သွားပြီးတော့ ကျောင်းသားတွေက နောက်တစ်ကြိမ် ထပ်ဖတ်ခိုင်းပါတယ်။ ကျွန်တော် နောက်တစ်ကြိမ် ထပ်ဖတ်ပြတဲ့အချိန်မှာ ကျန်တဲ့သူတွေက စက်မှုတက္ကသိုလ် စာကြည့်တိုက်ရဲ့ မိတ္တူကူးစက်မှာ ပွားပြီး ကျန်တဲ့ အတန်းတွေဆီ သွားရှင်းပြကြပါတယ်။ ကျွန်တော်တို့ အားလုံး (ပ)နှစ် (ဒု)နှစ် အတန်းတွေပါမကျန် သွားရောက်ရှင်းလင်း ပြောဆိုအပြီးမှာတော့ Building 1 အောက်မှာ ကျောင်းသားတွေအားလုံး ဆုံရပ်ဖြစ်သွားပါပြီ။ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ လိုလားချက်တွေ၊ တောင်းဆိုချက်တွေကို အားလုံး တိုင်ပင်ပြီး ရေးကြတယ်။ ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို အာဏာပိုင်တွေက ညှိနှိုင်းဖို့ခေါ်လို့ ကျောင်းသားတချို့သွားပြီး ဆွေးနွေးကြ ပါတယ်။ ကျန်ခဲ့တဲ့ ကျောင်းသားတွေက ကျောင်းသားတွေကို တိုင်းပြည်ရဲ့ အနာဂတ်သားကောင်းရတနာတွေလို့ အကြိမ်ကြိမ် ပြောဆိုသုံးနှုန်းတဲ့ လူကြီး တွေအနေနဲ့ ကျောင်းသားတွေကို တကယ်တန်ဖိုးထားရင် RIT ကျောင်းကို လာပြီး ညှိနှိုင်းဆွေးနွေးတာ ပိုဖြစ်သင့်ကြောင်း ပြောဆိုကြပါတယ်။ ကျွန်တော် တို့ ဆန္ဒပြတဲ့အချိန်ဟာ ထမင်းစားချိန် ကျော်လာပြီဖြစ်လို့ ကျောင်းသားတွေ အားလုံး အဆာပြေစားနိုင်ဖို့အတွက် ရန်ပုံငွေကောက်ပြီး စားစရာတွေ ဝယ်တဲ့ သူက ဝယ်ပြီး အားလုံးကို မျှဝေပါတယ်။ သိပ်မကြာခင်မှာ တာဝန်ရှိတဲ့သူတွေနဲ့ သွားရောက်ဆွေးနွေးတဲ့ ကျောင်းသားတွေ ပြန်ရောက်လာပါတယ်။ တောင်းဆို ချက်တွေဖြစ်တဲ့ ဆန္ဒပြပွဲကို ဦးဆောင်ကျောင်းသားတွေကို အရေးယူ ကျောင်းထုတ်တာတွေ မလုပ်ဖို့၊ ကျောင်းမပိတ်ဖို့ စတဲ့ အချက်တွေကို သဘောတူပြီး ဖြစ်ရပ်မှန်သတင်းကို ထုတ်ပြန်ကြေညာပြီး မီဒီယာကနေ တရားဝင် တောင်းပန်ဖို့ ကိစ္စကို သဘောမတူခဲ့ပါဘူး။

အဲဒီတော့ အစ်ကိုတို့ ဘာလုပ်ခဲ့ကြသလဲ။

ဒီလိုနဲ့ ကျွန်တော်တို့ ကျောင်းသားတွေ Building 1 ကနေ စထွက်ပါတယ်။ ကြို့ကုန်းဆောင်တွေရဲ့ရှေ့မှာ ဆန္ဒပြပြီး တောင်းဆိုချက်တွေကို ကြွေးကြော် နေကြရင်းနဲ့ ကျောင်းပြင်ကို ထွက်မလား၊ မထွက်ဘူးလား ကိစ္စကို ဆုံးဖြတ်ဖို့ ဖြစ်လာပါတယ်။ ကျွန်တော်က ကျောင်းအပြင်ကိုထွက်ပြီး ပြည်သူလူထု သိအောင် ဖော်ထုတ်ဆန္ဒပြချင်တယ်။ ဦးဆောင်ကျောင်းသားတချို့က မထွက် ချင်ကြပါဘူး။ ကျောင်းအပြင်ထွက်ရေးအတွက် ဆွေးနွေးပြောဆို နေကြရင်း ကျောင်းသားတွေက ခုံတစ်လုံးယူလာပြီး ကျွန်တော့်ကို ဆုံးဖြတ်ဖို့ ပြောပါ တယ်။ ကျွန်တော်လည်း ကျန်တဲ့တက္ကသိုလ်တွေနဲ့ ကျောင်းတွေ အပါအဝင် ပြည်သူလူထုထောက်ခံမှုရအောင်လုပ်ဖို့ အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေ ဆန္ဒပြခဲ့တာ ညပိုင်းတွေမှာဆိုတော့ လူ တော်တော်များများ မသိကြပါဘူး။ ဒီကြားကာလမှာ ကျွန်တော်တို့ ဆက်သွယ် ထားတဲ့ ကျောင်းတွေက ကျောင်းသားတွေဆီကိုက အပြင်ထွက်မှ ဖြစ်မှာပါ။ အချိန်ကလည်း နေ့လယ်ခင်း အချိန်ကောင်းပါပဲ။ ကျွန်တော်တို့ အပြင် ထွက်မယ်လို့ မဆုံးဖြတ်ခင်မှာဘဲ ကျောင်းသား တော်တော်များများ အပြင်ရောက်နေတာ တွေ့ရပါတယ်။ သံကြိုးကြီးနဲ့ ခတ်ထားတဲ့ တံခါးကြီးကို ကျောင်းသားတွေအားနဲ့ ဝိုင်းတွန်းလိုက်ကြတာ ကျောင်းသားတွေ ထွက်လို့ ရသွားပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေ အပြင်ရောက်တော့ လမ်း ပိတ်သလို ဖြစ်သွားပါပြီ။ ကျွန်တော်တို့လည်း ခရီးသွားပြည်သူတွေ အနှောင့် အယှက်မဖြစ်ရအောင် ရန်ကုန်-အင်းစိန်လမ်းရဲ့ ကားလမ်းတစ်ခြမ်းကို ဖွင့်ပေး ပြီး စနစ်တကျနဲ့ အားလုံးလမ်းလျှောက်ကြမယ်လို့ ဆုံးဖြတ်ပါတယ်။ အပြင် လူတွေ ဝင်မလာနိုင်အောင် (အနှောင့်အယှက် မပေးနိုင်အောင်) ပီနန် (ပလတ် စတစ်) ကြိုးခွေတွေဝယ်ပြီး စည်းသဘောမျိုး လုပ်ပြီး လွတ်လပ်မှု၊ တရား မျှတမှုအတွက် ချီတက်ဆန္ဒပြလမ်းလျှောက်ပွဲကို စတင်ပါတယ်။ လမ်း တစ်လျှောက်မှာ နိုင်ငံခြားသတင်းထောက်တွေက သတင်းကြိုရထားတော့ ကျွန်တော်တို့ ကျောင်းအပြင်ဘက် စထွက် လမ်းလျှောက်ကတည်းက သတင်း စယူ မှတ်တမ်းတင်ပါတယ်။ ကိုကိုသက် ကိုပဲ မီဒီယာတွေကို ကျောင်းသားတွေ ဆန္ဒပြရတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို ဘာသာပြန်ရှင်းပြဖို့ ပြောပြ ထားလို့ သူက လမ်းတစ်လျှောက်လုံး သတင်းထောက်တွေကို ဘာသာပြန် ရှင်းပြပါတယ်။

လမ်းတစ်လျှောက် အတွေ့အကြုံတွေကို ပြောပြပါဦး။

လမ်းတစ်လျှောက်မှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကတော့ အားရကျေနပ်စရာ ပါပဲ။ လက်ခုပ်တီးပြီး အားပေးကြပါတယ်။ ရေတိုက်ပါတယ်၊ မုန့်ဝေသူတွေ လည်း ရှိပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေ ဆန္ဒပြရတဲ့ အကြောင်း တွေနဲ့ တောင်းဆိုချက်တွေကိုလည်း လမ်းတစ်လျှောက် ကြွေးကြော်ကြပါ တယ်။ သမိုင်းလမ်းဆုံ ကျော်လာတော့ မိန်းထဲက ကျွန်တော်တို့နဲ့ အဆက် အသွယ်ရထားတဲ့ ကျောင်းသားတစ်ယောက် ကျွန်တော့်ကို လာတွေ့ပြီး RC2 နဲ့ RASU ကို သူပြန် ရှင်းပြမယ်ပြောရင်း ပြန်သွားပါတယ်။ RC2 ထဲကိုဝင်ရင် ထွက်ပေါက် ပိတ်နိုင်မလား တွေးမိပြီး ကျွန်တော်တို့ ကျောင်းသားတွေဟာ လှည်းတန်းကို ဦးတည်ပြီး ဆက်လက် တက်ခဲ့ပါတယ်။ လှည်းတန်းလမ်းဆုံကို ရောက်တော့ RASU က ကျောင်းသူ၊ ကျောင်းသားတွေသိအောင် မာလာဆောင် နဲ့ ဂျပ်ဆင်ရှေ့ထိ ဆက်လျှောက်ကြပါတယ်။ ယုဒဿန်ရိပ်သာရှေ့မှာ ထိုင်နား ကြပြီး ကျောင်းသားတွေ ဆန္ဒပြရတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို ကျွန်တော်အပါအဝင် ကျောင်းသားတွေက ရှင်းပြကြပါတယ်။ ကျွန်တော် ရှင်းပြနေတုန်း ကျွန်တော့်ညီ အေးထွဋ်က သူတို့ ဘူမိဗေဒ ဘာသာရပ်က ကျောင်းသားတစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ မင်းသန်းထွဋ်ပါ။ နိုင်ငံရေး လုပ်လို့ သူက ထောင်ကျခဲ့ဖူးကြောင်း၊ ဒီကိစ္စမှာလည်း မနေနိုင်လို့ ဝင်ပါတော့ မည်ဖြစ်ကြောင်း၊ ဒီပွဲ မအောင်မြင်ခဲ့လျှင် အဖမ်းမခံကြဖို့နဲ့ သူလည်း အဖမ်းခံ မည်မဟုတ်ကြောင်း ပြောပြီး ဝင်ရောက်ဟောပြောပါတော့တယ်။ ကျွန်တော် လည်း အားရှိသွား ပါတယ်။ ကျွန်တော် လှည်းတန်းရောက်ချိန် အသံကုန် နေပါပြီ။ ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်၊ ဗုဒ္ဓဘာသာမိသားစုရဲ့ ရန်ပုံငွေအဖြစ် ရောင်းဖို့ယူလာတဲ့ ၁၉၉၇ ခုနှစ် ပြက္ခဒိန်လည်း ကြွေးကြော် သံတွေ ရေးလိုက်လို့ ပိုစတာတွေဖြစ်သွားပါပြီ။ မှောင်ရီပျိုးလာတော့ လှည်းတန်းလမ်းဆုံကို ပြန်သွားကြပါတယ်။ လှည်းတန်းလမ်းဆုံရဲ့ ဗဟိုချက်မ နေရာမှာ နေရာယူ လိုက်ကြပြီး လာရောက် အားပေးဝန်းရံကြတဲ့ ကျောင်းသူ၊ ကျောင်းသားနဲ့ ပြည်သူတွေကို ဆန္ဒပြ ကျောင်းသူ၊ ကျောင်းသားတွေက ဆန္ဒပြ ရတဲ့အကြောင်း၊ စစ်အာဏာရှင်စနစ်အကြောင်းတွေ ပြောကြဟောကြပါ တယ်။ ရတနာထွန်း စတိုးပိုင်ရှင် ဦးမောင်မောင်က ကျောင်းသူ၊ ကျောင်းသား တွေအတွက် ရေသန့် လာလှူပါတယ်။ အမျိုးသမီးတစ်ယောက်ကလည်း ကား ရပ်ပြီး (၂၀၀) တန် အုပ်လိုက်လှူတာ တွေ့ပါတယ်။ ဘဏ္ဏာထိန်းအဖြစ်နဲ့ စတုတ္ထနှစ် စက်မှုက ဖေကိုဦးကို တာဝန်ယူခိုင်းပြီး စကားပြောဖို့ အသံချဲ့စက် တွေ၊ လော်စပီကာတွေ သွားဝယ်တဲ့သူက ဝယ်ပါတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က hand speaker လာပေးပါတယ်။ ဒါပေမဲ့ သိပ်ကြာကြာမခံ ပါဘူး။ လှည်းတန်းလမ်းဆုံမှာ ထိုင်ကြတော့ တက္ကသိုလ်ကျောင်းပေါင်းစုံက လူတွေ ပါနေပါပြီ။ Eco က အောင်ခိုင်၊ Philosophy က ကိုခင်မောင်ဝင်း၊ IR က အောင်နိုင်မင်း၊ ဘူမိဗေဒက မင်းသန်းထွဋ်၊ အခြေခံပညာကျောင်းက မောင်မောင် စတဲ့သူတွေ ပါတဲ့ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ကျောင်းသားတစ်ယောက်ဆီ တက်ပြီးပြောနေကြတုန်း အုပ်စုတစ်စုက စာရွက်တွေ ဝေသွားပါတယ်။ ကျောင်းသားတစ်ယောက်က အသံ ကျယ်ကျယ်နဲ့ ဖတ်ပြပါတယ်။

ဘာစာလဲ အစ်ကို။

စာထဲမှာပါတာကတော့ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဝေဖန် ပြောဆို တိုက်ခိုက်ထားတာ ကျွန်တော်ဖတ်ရပါတယ်။ ကျွန်တော့်ဆီကို ကျောင်းသားတစ်ယောက်က လာပြီးပြောတာက ဒီစာနဲ့ပတ်သက်ပြီး ကျောင်းသားတွေ မကြိုက်တဲ့ အသံကြားရတယ် ဆိုပါတယ်။ ဒါနဲ့ ကျွန်တော် လည်း အခြေအနေစောင့်ကြည့်ပြီး စာဖတ်ပြတာရပ်ထားဖို့ ပြောလိုက်ပါတယ်။ ကျွန်တော်တို့ အရေးပေါ်တိုင်ပင်ဆွေးနွေးနေရ တာကတော့ လှည်းတန်းမှာပဲ ဆက်ထိုင်နေမလား၊ စစ်တပ်နဲ့ဝိုင်းရင်၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ပြီးလူစုခွဲရင် ဘာလုပ်မလဲဆိုတဲ့ စဥ်းစားချက်တွေနဲ့ ဆွေးနွေးတိုင်ပင်ကြတာပါ။ နောက်ဆုံး တော့ ပြည်သူသိအောင် မြို့ထဲဘက် လမ်းလျှောက်ချီတက်ဆန္ဒပြကြမယ်ဆိုပြီး စုပေါင်းတိုင်ပင် ဆုံးဖြတ်ချက်နဲ့ ကြည့်မြင်တိုင်ကမ်းနားလမ်းဘက်ကို ဦးတည် လျှောက်ကြပါတယ်။ ကမ်းနားလမ်းအတိုင်း လျှောက်လာကြပြီးတော့ ဗန္ဓုလ လမ်းဘက်ကို ချိုးပြီး သိမ်ကြီးစျေးမှာ ခဏနားပါတယ်။ သိမ်ကြီးစျေး ခုံးကျော် တံတားပေါ်တက်ပြီး ကျွန်တော်တို့ရဲ့ တောင်းဆိုချက်နဲ့ ကျောင်းသားတွေထဲမှာ ဝေထားတဲ့စာကို ဖတ်ပါတယ်။ သိမ်ကြီးစျေးကို ရောက်လာတဲ့အချိန်မှာ တောင်းဆိုချက်တွေဟာ ကျောင်းသားအရေး၊ သမဂ္ဂအရေးကို ကျော်လွန်လာ ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး စတဲ့ အသံတွေ ပါလာပါပြီ။ ကျွန်တော်တို့ ဆက်လျှောက်ကြရင်း ဆူးလေစေတီတော်ရောက်တော့ ခဏနားပြီး ဘုရား တက် ဝတ်ပြုကြပါတယ်။ ဆုတောင်းတာလည်း ပါတာပေါ့။ ဓမ္မဓာတ်တွေနဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြည့်တဲ့သဘောပါ။ ဆူးလေကျော်ရင် မြို့တော်ခန်းမ ရှေ့မှာ ဘာဖြစ်မှန်း မသိနိုင်လို့ ခန်းမဝင်းထဲမှာလည်း တပ်တွေ ရှိနိုင်မလား ဆိုတဲ့ အတွေးတွေနဲ့ ကုန်သည်လမ်းဘက်ကိုသွားဖို့ လှည့်လိုက်ပါတယ်။ ကုန်သည်လမ်း၊ အမေရိကန်သံရုံးရှေ့မှာ ခဏနားပြီး အမေရိကန်သံရုံးက တာဝန်ရှိသူတွေ သိအောင် သတင်းဖြန့်ချိတာ လုပ်ခဲ့ပါတယ်။ ကုန်သည်လမ်း ကနေ ပန်းဆိုးတန်းဘက်ချိုး၊ ပန်းဆိုးတန်းခုံးတံတား တက်ပြီး ဖြတ်နေချိန်မှာ နောက်ကြောင်းပြန်လှည့်ကြည့်မိတော့ ဆန္ဒပြလူအုပ်ကြီးဟာ တံတားအစပ် အထိ မဆုံးသေးပါဘူး။ ကျွန်တော်တို့ ကျောင်းသားတွေကို ပြည်သူထောက်ခံ ဝန်းရံမှုဟာ အလွန်အားရကျေနပ်စရာ ကောင်းပါတယ်။ ကျောင်းသားတွေ လည်း တာဝန်အသီးသီးယူပြီး တာဝန်ကြေကြပါတယ်။ ကျွန်တော်တို့ Electronical Power မေဂျာက ကျောင်းသားတစ်ယောက်ဆိုရင် တပ်ဦးနဲ့ တပ်နောက်ကို ပြေးလွှားပြီး သတင်းယူ၊ သတင်းပို့ လုပ်နေတာ တစ်ကိုယ်လုံး ချွေးတွေ ရွှဲရွှဲစိုနေတယ်။ ကျွန်တော့်ဆီကို ကျောင်းသားတစ်ယောက် သတင်းထောက်အချို့ ရန်ကုန်မြို့ထဲမှာပဲ ကျန်ရစ်ခဲ့တော့မယ့်အကြောင်း လာပြောပါတယ်။ ဆက်လိုက်မယ့်သူရှိသေးလား မေးကြည့်တော့ တချို့က ဆက်လိုက်ကြမယ် သိရပါတယ်။ ဒါနဲ့ ကျွန်တော်လည်း မန္တလေး၊ မော်လမြိုင် စတဲ့ နယ်ဝေးက ကျောင်းသားပြည်သူတွေ သိသွားအောင် ရန်ကုန်ဘူတာကြီး မှာ ရထားစီးဖို့ စောင့်နေတဲ့ ခရီးသည်တွေကို ကျောင်းသားတွေ ဆန္ဒပြရတဲ့ အကြောင်းရှင်းပြပါတယ်။ အဲ့နောက် ကန်တော်လေးဘက်ကို ပြန်တက်ဖို့ ဆက်လျှောက်ကြရာမှာ လမ်းကြောင်း မှားပြီး ရွေးမိလို့ စစ်ရုံးတွေရှိတဲ့ဘက်ကို ရောက်သွားပါတယ်။ လမ်းကြောင်း မှားသွားတဲ့အတွက် ဆန္ဒပြလူတွေ တစ်ဝက်လောက် မြို့ထဲမှာ ကျန်ခဲ့ပါတယ်။

စိတ်ဝင်စားစရာ သိပ်ကောင်းတာပဲ။ စစ်ရုံးရှေ့ ဖြတ်လျှောက်တော့ ဘာဖြစ်သလဲအစ်ကို။

မိန်းကလေးတချို့ ဆက်မလျှောက်နိုင်လို့ ခဏနားနေကြတာကို ကျွန်တော် အားပေးဖို့ သွားကြည့်ရင်း ဆက်လျှောက်လို့ ဖြစ်၊ မဖြစ် သွားမေးရင်း ခဏနား ပါတယ်။ ဆက်လျှောက်တဲ့အခါမှာ စစ်ရုံးကို ဖြတ်ရတော့ ဂိတ်တာဝန်ကျ စစ်သားတွေလည်း လှုပ်လှုပ်ရှားရှားဖြစ်နေကြတာ တွေ့ရပါတယ်။ ကျွန်တော် တို့ ဦးထောင်ဘိုအဝိုင်းကိုဖြတ်ဖို့ ကြိုးစားချိန်မှာပဲ ထူးထူးဆန်းဆန်း ဖြစ်တာက ဒေါင်းအလံတပ်ထားတဲ့ ဝါးလုံးက အလယ်ကနေ ကျိုးကျတာပါ။ အားလုံး ဝိုင်းထိန်းလိုက်လို့ အလံအောက်ကျမသွားပေမယ့် ရှေ့ကို ဆက်လျှောက်လို့ မရ တော့ပါဘူး။ လုံထိန်းတပ် တွေ့လိုက်ရလို့ပါ။ ဒါနဲ့ ကျွန်တော်တို့လည်း ရွှေတိဂုံ ဘုရားဘက်ကို ဦးလှည့်လိုက်ပါတယ်။ ရွှေတိဂုံဘုရားပေါ် တက်မယ်လို့ ဆုံးဖြတ်မိပေမယ့် ဘုရားမရောက်ခင်မှာ စစ်တပ်ရော၊ လုံထိန်းတပ်ရော ကျွန်တော်တို့ကို ပိတ်ဆို့ဝန်းရံထားပါပြီ။ အမေရိကန်သံရုံးက သံအရာရှိတွေနဲ့ စစ်တပ်က ဗိုလ်မှူးတစ်ယောက်နဲ့ စကား အခြေအတင်ပြောနေတာ တွေ့ရပါ တယ်။ ခဏကြာတော့ သံရုံးက လူတွေ မကျေမနပ်နဲ့ ကားပေါ်ပြန်တက် သွားကြတာ တွေ့ရပါတယ်။ ခေါင်းဆောင်လို့ ယူဆရတဲ့ ဗိုလ်မှူးအဆင့် ရှိသူဟာ လုံထိန်းတပ်သားတွေ စစ်သားတွေကို အမိန့်ပေးနေတာ တွေ့ရပါ တယ်။ ကျွန်တော်တို့ လမ်းဘေးဝဲဘက်အခြမ်း မှာလည်း စစ်သားတွေက ကင်းပုန်းဝပ်နေပြီး စောင့်နေကြတာပါ။ ရွှေတိဂုံဘုရားနား ရောက်နေပေမယ့် ဘုရားပေါ် တက်လို့မရအောင် ပိတ်ဆို့လိုက်တာပါ။ ကျွန်တော်တို့ကို သူတို့ ဝိုင်းထားပါပြီ။ ဒီအချိန်မှာ ပညာရေးဝန်ကြီး ဦးပန်းအောင် ရောက်လာပြီး ကျွန်တော်တို့အားလုံး ကျောင်းပြန်လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ကားတွေ စီစဥ်ထား လို့ ကားနဲ့ပြန်ရုံပါပဲလို့ ပြောပါတယ်။ ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ရင်း ကျောင်းကို ပြန်မှာဖြစ်လို့ လမ်းပိတ် ထားတာတွေကို ဖယ်ပေးဖို့ ညှိပါတယ်။ ဒါပေမယ့် ညှိလို့မရပါဘူး။ လုံထိန်း တပ်ကို ဦးဆောင်အမိန့်ပေးနေတဲ့ ဗိုလ်မှူးအဆင့်ရှိသူဟာ မာမာထန်ထန် ပြန်ပြောနေတာ တွေ့ရပါတယ်။ ခဏနေတော့ အဲ့ဒီဗိုလ်မှူးနဲ့ သွားညှိနှိုင်းတဲ့ ပညာရေးဝန်ကြီးနဲ့ ပါမောက္ခတွေ၊ ဆရာတွေ ကျွန်တော်တို့ဆီ ပြန်လာပြီး ညှိလို့ မရကြောင်း၊ ဆရာတွေကိုလည်း ပြန်ဖို့ပြောကြောင်း လာပြောပြီး ပြန်ကြတော့ မလို့ နှုတ်ဆက်ကြပါတယ်။ ကျွန်တော်တို့လည်း ဆရာတို့စေတနာကို လေးစား ပါကြောင်း၊ ကျွန်တော်တို့ ရပ်တည်ချက်၊ တောင်းဆိုချက်တွေကိုလည်း နားလည်ပေးစေချင်ကြောင်း ပြောပြီး ဆရာတွေကို အားလုံး ရှိခိုးကန်တော့ နှုတ်ဆက်ကြပါတယ်။ ပြီးတော့ ဘုရားရှိခိုးပြီး သရဏဂုံတင်၊ မေတ္တာပို့ ကြပါ တယ်။

ဆရာတွေပြန်သွားတော့ အစ်ကိုတို့ ဘာဆက်လုပ်ကြသလဲ။

စစ်သားတွေနဲ့ လုံထိန်းတွေ ကျွန်တော်တို့နား မရောက်ခင်မှာ ဦးဆောင် ကော်မတီမှာ ပါတဲ့သူတွေနဲ့ ယောကျာ်းလေးတွေအားလုံး ရှေ့ထွက်လို့ခေါ်ပြီး လက်ချင်းချိတ်ထိုင်ကြပါတယ်။ မိန်းကလေး အများစုကို လူအုပ်ထဲမှာပဲနေလို့ ပြောတော့ အလယ်ထဲရောက်နေတဲ့ ကျောင်းသားတွေလည်း အပြင်ထွက်လာ ကြပြီး လက်ချင်းချိတ်ထိုင် ကြပါတယ်။ ကျွန်တော်တို့နားကို လုံထိန်းတပ် တွေဟာ ဒိုင်းတွေကိုင်ပြီး လမ်းလျှောက်ချီတက်လာနေတာ တွေ့နေရပါပြီ။ ခပ် လှမ်းလှမ်းလောက် ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က ဘာမှ ခုခံမယ့်ပုံ မရှိမှန်း သိရှိသွားကြပုံ ရပါတယ်။ ဒိုင်း‌‌‌တွေကိုထားခဲ့ပြီးတော့ လမ်းလျှောက် လာကြပါတယ်။ ကျွန်တော်တို့နား ရောက်လာတဲ့အချိန်မှာ လုံထိန်းတွေကို ကြည့်လိုက်တော့ တချို့တပ်သားတွေဟာ တော်တော်ငယ်တာ တွေ့ရ ပါတယ်။ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်မှူးက ဖမ်းဆွဲခေါ်ဖို့ အမိန့်ပေးပေမယ့် သူတို့တွေဟာ တွန့်ဆုတ်နေပုံရပါတယ်။ အများစုက ကျောင်းသားအရွယ် တွေပါ။ ဝန်းရံထောက်ခံတဲ့ ပြည်သူတွေပါပေမယ့်။ တော်တော်များများက အနောက်ဘက်နဲ့ အထဲရောက်နေကြပါတယ်။ နောက်ဆုံးတော့ သူတို့ ခေါင်းဆောင်ကိုယ်တိုင် ဆဲဆိုပြီး အတင်းဝင်ဆွဲ၊ ဝင်ရိုက်ခိုင်းတော့တာပါပဲ။ လူတွေအားလုံး လက်တွေချိတ်ထားကြလို့ ဆွဲထုတ်လို့ မရပါဘူး။ ကျွန်တော် လည်း ခေါင်းတွေ၊ ပခုံးတွေ အရိုက်ခံ ရပါတယ်။ အားလုံးက အရိုက်ခံရတဲ့ အချိန်မှာ လူစုကွဲပြီး ကားတွေပေါ်ကို ဆွဲတင်လို့ ရသွားပါတယ်။ ကျွန်တော် လည်း ကားတစ်စင်းပေါ် ရောက်သွားပါတယ်။ ကျွန်တော်ကားပေါ်ရောက်လို့ အသံတွေ နားထောင်ကြည့်တဲ့အခါမှာ ကျောင်းသားတွေက လုံထိန်းတွေ၊ စစ်သားတွေအပေါ် နာကြည်းခံပြင်းတဲ့ စိတ်နဲ့ ပြောနေကြတာတွေ ကြားရပါ တယ်။ အောက်မှာရှိနေတဲ့ လုံထိန်းတစ်ယောက်ကို ကျောင်းသားတစ်ယောက် က ‘ငါတို့ဆန္ဒပြတာ မင်းတို့ဘဝတွေအတွက်ပါ ပါတယ်၊ မင်းတို့ ရက်စက် တယ်’ ပြောတော့ လက်ပေါ်မှာ စာရေးဟန်ပြပြီး စာရေးတိုင်လို့ ပြောနေပုံကို တွေ့ပါတယ်။ ကျွန်တော်လည်း သူတို့ကို အပြစ်တင်မနေဖို့ပြောပြီး ဘယ်သူ တွေ ကြီးကြီးမားမား ဒဏ်ရာရလဲ မေးတော့ ဆိုးဆိုးရွားရွား ထိခိုက်တာမရှိဘူး သိရပါတယ်။ TE 11 ကားတွေ၊ ဒိုင်နာကားတွေပေါ် ကျွန်တော်တို့ ကျောင်းသား တွေကို တင်ပြီး ထွက်တော့လမ်းမှာ ကျောင်းသားတစ်ယောက် ကားပေါ်က ခုန်ချပြီး ထွက်ပြေးသွားတာ တွေ့လိုက်ရပါတယ်။ နောက်မှ သိရတာက သူဟာ ဘူမိဗေဒက ကျောင်းသားဖြစ်တဲ့ မင်းသန်းထွဋ်ပါ။ သူလွတ်သွားပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံနယ်စပ်မှာ ဆုံးသွားပြီလို့ ကြားရပါတယ်။

အစ်ကိုတို့ကို ဘယ်နေရာခေါ်သွားတာလဲ၊ ဘာတွေဆက်ဖြစ်သေးလဲ။

ကျွန်တော်တို့ကို ကျိုက္ကစံကွင်းက ဆရာစံခန်းမကို ခေါ်သွားပါတယ်။ ကျိုက္ကစံ ကွင်းကို ရောက်လို့ ကားတွေရပ်တဲ့အချိန်မှာ ကျွန်တော် ကားပေါ်က ဆင်းပြီး နောက်ကားတွေက ဆင်းလာတဲ့သူတွေကို နှုတ်ဆက်ရင်း အခြေအနေ စုံစမ်းပါ တယ်။ မိန်းကလေးတချို့ လက်မောင်းမှာ တုတ်နဲ့ရိုက်ထားလို့ တုတ်ရာတွေ နီရဲနေတာ တွေ့ရပါတယ်။ သူတို့ကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ဘာမှမဖြစ်ပါဘူးလို့ ပြန်ဖြေပါတယ်။ ကျွန်တော် လေးစားချီးကျူးမိပါတယ်။ အားလုံးနီးပါး မျက်နှာ တွေက ကြည်ကြည်လင်လင်ပါပဲ၊ စိုးရိမ်ထိတ်လန့်စိတ်တွေ ရှိမနေပါဘူး။ ကျွန်တော်တို့ကို လူတွေစုထိုင်ခိုင်းပြီး RIT နဲ့ ဝိဇ္ဇာသိပ္ပံ အုပ်စုတွေ ခွဲလိုက်ပါ တယ်။ RIT ကျောင်းသားတွေကို ကျောင်းက ဆရာတွေနဲ့ တိုက်စစ်ပြီး ခုံတွေ ပေါ် ထိုင်ခိုင်းပါတယ်။ ကျန်တဲ့ ကျောင်းသားတွေကိုတော့ သမံတလင်းမှာပဲ ထိုင်ခိုင်းထားပါတယ်။ ခဏကြာတော့ ကျောင်းသားချင်း ခွဲခြားဆက်ဆံတာ လက်သင့်မခံတဲ့အကြောင်း ပြောသံကြားလိုက်ရလို့ ကျွန်တော်တို့လည်း သတိထားမိပြီး ခုံတွေပေါ်မှာ ထိုင်မိတဲ့သူအားလုံး အောက်မှာ ပြန်ဆင်းထိုင်ကြ ပါတယ်။ အဖမ်းခံရတဲ့ လူ (၇၀၀) ကျော်မှာ RIT ကျောင်းသားက တော်တော် နည်းတာ တွေ့ရပါတယ်။ ခဏကြာတော့ ကျွန်တော့်ကို စစ်ဆေးမေးမြန်းစရာ ရှိလို့ဆိုပြီး ထောက်လှမ်းရေး (MI) က လူတစ်ယောက် လာခေါ်ပါတယ်။ ကျွန်တော်လိုက်သွားတော့ နာမည်၊ အဖေနာမည်၊ ကျောင်း၊ အတန်း၊ လိပ်စာ တွေ မေးပါတယ်။ ဘာကြောင့် ဆန္ဒပြရတာလဲ မေးပါတယ်။ ပြီးခါနီးမှာ ကျွန်တော့်နာမည်နဲ့ အဖေနာမည် တွဲရေးထားတဲ့ သစ်သားဘုတ်တစ်ခုကို ကိုင်ခိုင်းပြီး ဓာတ်ပုံရိုက်ဖို့ လုပ်ပါတယ်။ ကျွန်တော်က လက်မခံနိုင်ဘူး တရားခံ မဟုတ်ဘူးလို့ ငြင်းဆန်ပြီး နေရာက ထထွက်လာခဲ့ပါတယ်။ ကျွန်တော့် လက်ကို လှမ်းဆွဲပေမယ့် ရုန်းထွက်လိုက်ပြီး ထွက်လာတော့ နောက်မှာ ကျန်ခဲ့ပါတယ်။ ကျွန်တော်လည်း ခေါင်းရိုက်ခံထားရတဲ့ ဒဏ်ရာနဲ့ နည်းနည်း မူးသလိုဖြစ်နေ၊ တစ်နေ့လုံး တစ်ညလုံး ပင်ပန်းထားတာကြောင့် ခဏပြန် မှိန်းနေတုန်း မော်ကွန်းထိန်းဖြစ်တဲ့ ဆရာဦးလှကြီးကိုခေါ်ပြီး ကျွန်တော့်ကို မေးစရာကျန်သေးလို့ လာခေါ်ရာ မလိုက်နိုင်ကြောင်း ပြောပါတယ်။ ဆရာ ဦးလှကြီး ကတော့ ကိုယ်လုပ်ထားတာ ကိုယ်ပြောဖို့ တာဝန်ရှိတဲ့ အကြောင်း အာဏာပိုင်ဘက်က မှန်နေသလို ကျွန်တော့်ကို ပြောနေပါတယ်။ ကျွန်တော် မလိုက်ပဲနေတော့ MI က ပြန်သွားပါတယ်။ ကျောင်းသားတွေလည်း ခဏ အနားရသွားပြီး အချင်းချင်းစကားပြောရင်း စုဖွဲ့ဖြစ်သွားတော့ အားလုံး တက်တက်ကြွကြွ ပြန်ဖြစ်နေကြပါတယ်။ အချင်းချင်း လက်ခုပ်တီး အားပေး ဂုဏ်ပြုတာတွေ တွေ့နေရပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်ရယ်၊ အောင်ခိုင် ရယ်၊ နောက်တစ်ယောက် (နာမည်မမှတ်မိတော့)ရယ်ကို ဗိုလ်မှူးချုပ် သန်းထွန်းကို တွေ့ဖို့ဆိုပြီး လာခေါ်ပါတယ်။ ဗိုလ်မှူးချုပ် သန်းထွန်းနဲ့ တွေ့တဲ့ အချိန်မှာ သူက ကျွန်တော်တို့ကို ပြန်လွှတ်မှာဖြစ်ကြောင်း၊ ကောင်းကောင်း မွန်မွန် နေစေချင်ကြောင်း၊ အစိုးရဘက်က လုပ်နိုင်တာတွေ လုပ်ပေးနေ ကြောင်း၊ ကျောင်းဆောင်တွေ၊ အိမ်သာတွေ ပြုပြင်တည်ဆောက် ပေးနေ ကြောင်း ပြောပါတယ်။ ဖုန်းခေါ်သံ ကြားရပြီး ကျွန်တော်တို့ကို အမြန်ပြန်လွှတ် ပေးဖို့ တောင်းဆိုနေလို့ အမြန်ပြန် လွှတ်ပေးဖို့၊ ပညာရေးဝန်ကြီးက ဖုန်းဆက် ပြောနေပုံရပါတယ်။ ကျွန်တော်တို့ ပြန်ရတော့မယ်ဆိုတာ သိရလို့ ကျောင်းသားနဲ့ အရပ်သားတွေထားတဲ့ နေရာကို ပြန်သွားပြီး အရပ်သားတွေ ရှိတဲ့နေရာကို အခြေအနေမေးပါတယ်။ (၉-၁၀) တန်းအရွယ် မိန်းကလေးတွေ တွေ့တော့ သူတို့ ဘယ်အစုထဲ ထိုင်ရမှန်း မသိဘူးလို့ ပြောလို့ ရန်ကုန် ဝိဇ္ဇာသိပ္ပံအုပ်စုထဲ သွားထိုင်နေလို့ ပြောလိုက်ရပါတယ်။

အစ်ကိုတို့ကို လွှတ်လိုက်သလား၊ အရပ်သားတွေကိုရော ဘာလုပ်သလဲ။

လိုက်လံနှုတ်ဆက်အားပေးရင်းနဲ့ တချို့အရပ်သားလူကြီးတွေက သူတို့ကိုရော လွှတ်ပေးဖို့ မေးတဲ့အချိန်မှာ သူတို့ကျန်ခဲ့ဦးမယ်ဆိုတာ ကျွန်တော် သိသွားပါ တယ်။ ကျွန်တော်တို့ ကျောင်းကို ပြန်ပို့ပေးဖို့ ကားတွေ ရောက်လာတော့ ကျောင်းသားတွေဟာ ပျော်ရွှင်မှုနဲ့ ကားပေါ်တက်ဖို့ ပြင်နေပါတယ်။ ကျွန်တော် လည်း အနားမှာရှိနေတဲ့ MI တစ်ယောက်ကို ဗိုလ်မှူးချုပ်သန်းထွန်းနဲ့ စကား ပြောစရာရှိလို့ မပြန်နိုင်သေးဘူး၊ ခေါ်ပေးဖို့ ပြောလိုက်ပါတယ်။ ဆရာ ဦးလှကြီး ကတော့ ကျွန်တော့်ကို မင်းတို့က လွှတ်ပေးတာတောင် မပြန်ချင်ဘူးဆိုပြီး ပြောနေပါတယ်။ ခဏကြာတော့ ဗိုလ်မှူးချုပ်သန်းထွန်း ရောက်လာပြီး မေးပါ တယ်။ ကျွန်တော်က အရပ်သား ဝန်းရံပြည်သူတွေဟာ ကျွန်တော်တို့ကို ထောက်ခံပြီး ပါလာတာဖြစ်လို့ သူတို့ကိုလည်း လွှတ်ပေးဖို့ ပြောပါတယ်။ သူက ဒီလူတွေကို မကြာခင် လွှတ်ပေးမှာပါ။ နည်းနည်းစစ်ဆေးမေးမြန်းစရာရှိသေး လို့ မလွှတ်သေးတာပါလို့ ပြန်ဖြေပါတယ်။ ကျွန်တော်လည်း လွှတ်ပေးမယ့် အကြောင်း သူတို့ကို လိုက်ပြောပေးပါ။ အဲ့ဒါမှ ကျွန်တော်တို့ ပြန်နိုင်မယ်လို့ ပြောတော့ သူလည်း ပြည်သူတွေစုထိုင်နေတဲ့ နေရာကို လိုက်လာပြီး သူတို့ကို မကြာခင် ပြန်လွှတ်ပေးမှာဖြစ်တဲ့အကြောင်းပြောပြီး ရှင်းပြပါတယ်။ ကျွန်တော့် နာမည်၊ အတန်းပြောပြီး တစ်ခုခုထူးခြားတာ ဖြစ်ခဲ့ရင် ကျောင်းကို လာပြောဖို့ ပြောပြီး ကျောင်းသားတွေနဲ့ RIT ကို ပြန်လာခဲ့ပါတယ်။ RIT ကို ပြန်ရောက်တော့ Building 1 ပင်မ အဆောက်အအုံရဲ့အောက်မှာ ကျွန်တော် တို့ရဲ့ဖြစ်စဥ်ကို ရှင်းပြပြီး အကြမ်းဖက်နှိမ်နင်းမှုကို ရှုတ်ချကန့်ကွက်ကြောင်းနဲ့ တောင်းဆိုချက်တွေ မရမချင်း သပိတ်မှောက်ဆန္ဒပြသွားမှာဖြစ်ကြောင်း ကျောင်းသူ၊ ကျောင်းသားတွေကို တစ်ယောက်စီ ပြောဆိုရှင်းပြကြရင်း လူစုခွဲ လိုက်ကြပါတယ်။ အဲ့ဒီနေ့က ဒီဇင်ဘာလ (၃) ရက်နေ့ပါ။

နောက်ရက်တွေကျတော့ရော။

ဒီဇင်ဘာ (၄) ရက်မှာ ကျွန်တော်ကျောင်းကိုရောက်တော့ စက်မှုတက္ကသိုလ် ကျောင်းသားတွေဟာ ကျောင်းဆောင်တွေမှာ လှည့်လည် ဆန္ဒပြနေတာ ကြားရပါတယ်။ ကျွန်တော်နဲ့ ပင်မဆောင်၊ Building 1 မှာဆုံတော့ ကျောင်းသားတွေအ‌ပေါ် အစိုးရရဲ့ အကြမ်းဖက်ဖြေရှင်းမှုကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ဆက်ပြီး သပိတ်မှောက်ဆန္ဒပြကြဖို့ အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။ ကျန်တဲ့တက္ကသိုလ်တွေ ကျောင်းတွေနဲ့ မချိတ်ဆက်ရ သေးလို့ ကျောင်းအပြင်မထွက်ကြဖို့ ပြောပြီး လူစုခွဲလိုက်ကြပါတယ်။ ဒီဇင်ဘာ (၆) ရက် မနက် ကျောင်း မသွားခင် ကျွန်တော့်ကို ထိန်းသိမ်းဖို့ ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ်အေးကျော်ရဲ့ ရုံးကလွှတ်လိုက်တဲ့လူတွေ ရောက်နေပါပြီ။ ကျွန်တော့်ကို ပြန်ကြားရေးရုံးမှာ ထိန်းသိမ်းထားတာ တစ်လနီးပါး ကြာပါ တယ်။ သတင်းစာရှင်းလင်းပွဲလုပ်တဲ့နေ့မှာ ပြန်လွှတ်ပေးပါတယ်။ ကျွန်တော် ပြန်လွတ်လာပြီး ဇန်နဝါရီလထဲမှာ ဆန္ဒပြမှုထဲမှာပါတဲ့ ကျောင်းသားတွေနဲ့ ပြန်ဆုံဖြစ်ပြီး အားလုံးပုံမှန် ပြန်စုဆုံချိတ်ဆက်နိုင်ဖို့အတွက် လှည်းတန်း၊ ဇေယျာသီရိလမ်းထဲမှာ အမြင်သစ်စာအုပ်ဆိုင် ဖွင့်ဖြစ်ပါတယ်။ ၁၉၉၇ မေလ (၁) ရက်နေ့မှာ စဖွင့်ခဲ့တာပါ။ ကျောင်းသားအများစု ချိတ်ဆက်မိသွားချိန်မှာ စက်မှုတက္ကသိုလ်က တတိယနှစ်မြို့ပြ ကျောင်းသူ မအောင်မိခိုင် ကားတိုက် ခံရပြီး သေဆုံးသွားတဲ့အကြောင်း၊ ‘ဝ’ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် တစ်ယောက်ရဲ့ ကားနဲ့တိုက်မိတာဖြစ်ပြီး တာဝန်မယူဘဲ ကားမောင်းပြေး ကြောင်း ကျွန်တော်တို့ဆီ သတင်းရောက်လာပါတယ်။ တရားခံကိုဖမ်းပြီး တရားရုံးမှာ အမှုဖြစ်စဥ်ကို ကြားနာနေချိန်တွေမှာ ကျောင်းသားတွေ သွားရောက်လေ့လာ စုံစမ်းမေးမြန်းကြပါတယ်။ MI-7 တပ်မှူး ဗိုလ်မှူး လှသက်မောင် ဆီကိုလည်း အမှုကို တရားမျှတစွာ အရေးယူ ဖြေရှင်း ဆောင်ရွက်ပေးဖို့ စာရေးပြီး ပို့ခဲ့ပါတယ်။ နောက်ရက်တွေမှာ ကျွန်တော် အပါအဝင် ကျောင်းသားရှစ်ယောက်ကို ဖမ်းတော့တာပါပဲ။ အားလုံး ထောင် ခုနှစ်နှစ်စီ အပြစ်ပေးခံရပါတယ်။

ဒီ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုရဲ့ရလဒ်က ဘာလို့ထင်ပါသလဲ အစ်ကို။

ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုဟာ အခြားတက္ကသိုလ်၊ ကောလိပ်တွေကို ပျံ့နှံ့ သွားလို့ အစိုးရဟာ ကျောင်းမပိတ်ချင်ပေမယ့် ကျောင်းပိတ်တယ် လို့လည်း တရားဝင်မကြေညာနိုင်ပဲ သင်တန်းတွေ ခေတ္တရပ်နားတယ်ဆိုပြီး ကျောင်းတွေ ပိတ်လိုက်ရပါတယ်။ အဆောင်ကျောင်းသားတွေကိုလည်း အတင်း အိမ်ပြန်ပို့ ပါတယ်။ တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ၊ နိုင်ငံရေး နိုးကြားမှုတွေ အားကောင်းလာပြီး ဒီဇင်ဘာ (၆) ရက်နဲ့ (၉-၁၀-၁၁) ရက်တွေမှာ အင်းစိန် GTI နဲ့ ဆေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ် အပါအဝင် အခြား ကျောင်းတွေ၊‌ ကောလိပ်တွေမှာ ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မန္တလေး၊ မော်လမြိုင် စတဲ့မြို့တွေက တက္ကသိုလ်တွေကို ကူးစက်ပျံ့နှံ့သွားပါတော့တယ်။ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုကို နဝတ အစိုးရဟာ အကြမ်းဖက်နှိမ်နင်းပြီး ရပ်တန့်သွားအောင် လုပ်နိုင်ခဲ့ပေမယ့် ကမ္ဘာ့အလယ်မှာ သိက္ခာကျအရှက်ကွဲခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားပြည်သူတွေကို အကြမ်းဖက်ဖြိုခွဲနေတဲ့ ရုပ်သံမှတ်တမ်းတွေကို ရန်ကုန်မှာရောက်ရှိနေတဲ့ နိုင်ငံတကာသတင်းထောက်တွေ ကနေတစ်ဆင့် ကမ္ဘာတစ်ဝန်းက ပြည်သူတွေနဲ့ အစိုးရတွေဟာ မျက်မြင်ကိုယ်တွေ့ သိရှိသွားခဲ့ ရပါတယ်။ ကမ္ဘာ့သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ CNN ကနေပြီး မြို့တော်ခန်းမ ရှေ့မှာ စစ်ပွဲကြီးတွေမှာ သုံးတဲ့ တင့်ကားတွေ ရပ်ထားတာ၊ ဆူးလေစေတီတော် နဲ့ မြို့ထဲမှာ စက်သေနတ်တင်ထားတဲ့ ကားတွေ လှည့်လည်သွားလာနေတာ တွေ ရိုက်ကူးပြသခဲ့ပါတယ်။ အမေရိကန်အစိုးရက နဝတအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုကို စတင်ခဲ့တယ်။ လွတ်လပ်တဲ့ အာရှအသံ (Radio Free Asia) သတင်းဌာနကို တရုတ်အစိုးရ ကန့်ကွက်တဲ့ကြားက ဟောင်ကောင်မှာ အခြေစိုက်ပြီး ဇန်နဝါရီလ (၁) ရက်မှာ စတင် ထုတ်လွှင့်ခဲ့တယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းလို့ ကျောင်းသားတွေတောင် သူတို့ကို ထောက်ခံနေပြီလို့ ဝင့်ကြွားနိုင်ခဲ့တဲ့ အမျိုးသားပညာရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ခင်ညွန့်ဟာ အရှိုက်ထိသွားပါတယ်။ ကျောင်းတွေ ပိတ်လိုက်ရပြီး မြို့တော်ဝန် မာရသွန် ပြိုင်ပွဲကြီးကို မလုပ်ရဲတော့ဘဲ ဖျက်လိုက်ရတယ်။ (ကျောင်းသားတွေက ဒေါင်းအလံတွေ ထူပြီး တရားလာဟောလိမ့်မယ်ဆိုတဲ့ သတင်းထွက်လာလို့) စိန်ရတုခန်းမဖွင့်ပွဲကို တိုးတိုးတိတ်တိတ်ပဲ လုပ်ခဲ့တယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေကို နယ်ဝေးနဲ့ မြို့ပြင်ကို ခွဲထုတ်တာတွေ၊ ကျောင်းသား အချင်းချင်း သွေးခွဲတာတွေ ပိုပြီးလုပ်လာခဲ့ပေမယ့် ကျောင်းသားတွေဟာ ကျောင်းပိတ်ထားချိန်မှာ အချင်းချင်းချိတ်ဆက်မှု အားကောင်းလာကြပြီး ၁၉၉၈ မှာ နဝတအစိုးရရဲ့ စောင့်ကြည့်တားဆီးကန့်သတ်မှုတွေနဲ့ အခက်အခဲ တွေကြားကပဲ ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ဆက်ရေးခဲ့ကြပါတယ်။ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုသမိုင်းမှာ အရေးကြီးရင် သွေးစည်း ခဲ့ကြတဲ့ ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုပါပဲ။ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ကျောင်းသားပြည်သူတွေအားလုံးကို အစဥ်လေးစား ဂုဏ်ယူပါတယ်။

ပြန်လွတ်လာတဲ့အခါ အစ်ကို ဘာဆက်လုပ်ဖြစ်ပါသလဲ။

ကျောင်းပြန်တက်ဖို့ ကြိုးစားတဲ့အချိန်မှာ ကျောင်းတက်ခွင့်မရဘူး။ အဲတုန်းက သိပ္ပံနဲ့နည်းပညာဝန်ကြီးဖြစ်တဲ့ ဦးသောင်းက သန်းရွှေနဲ့ တစ်ပတ်စဥ်တည်း ဆင်းတဲ့ အုပ်စုလည်းဖြစ်ပြီးတော့ ပါဝါကြီးနေတဲ့အချိန်ဆိုတော့ သူ့ခြေ သူ့လက်ဖြစ်နေတယ်။ MI က သူတို့မှာ တားမြစ်ထားတာမရှိပါဘူး၊ ကျောင်း တက်ခွင့်ကို သူတို့ လိုက်မပိတ်ပင်ထားပါဘူးလို့ ပြောပေမယ့်လည်း ဦးသောင်း ကနေပြီးတော့ ဦးသောင်းရဲ့ သိပ္ပံနဲ့နည်းပညာဌာနဝန်ကြီးရုံးက စာထုတ်ပြီး ကိုယ့်ရဲ့ကျောင်းတက်ခွင့် လျှောက်ထားချက်စာကို ပယ်ချတယ်။ သူတို့ လက်မခံဘူးပေါ့။ အေးချမ်းစွာ ပညာသင်ကြားရေးကို အနှောင့်အယှက် ဖြစ်နိုင် တဲ့အတွက် လက်ခံခြင်းမပြုပါရန် ဆိုပြီးတော့ အကြောင်းကြားစာဆိုပြီး ထုတ်ပြန်ပြီးတော့ ဝန်ကြီးကိုယ်စား ရုံးကနေပြန်လာတယ်။ ပါချုပ်တွေ ဆရာ၊ ဆရာမတွေက ကိုယ့်ကို လိုလိုလားလား လက်ခံပေမယ့် အဲဒီ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီး ဦးသောင်းက ပယ်လို့ မတက်ဖြစ်လိုက်ဘူး။

အဲဒီနောက်ပိုင်းမှာ အစ်ကို ဘာတွေ ဆက်လုပ်ဖြစ်ပါသလဲ။

ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ကိုပြုံးချိုတို့ လွတ်လာတဲ့ နောက်ပိုင်းမှာတော့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ တည်ထောင်ရာမှာ ပူးပေါင်းပါဝင်ပြီးတော့ လှုပ်ရှားခဲ့တယ်။ နောက်တော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်တယ်။ တိမ်းရှောင်ရင်း နိုင်ငံရေးဆက်လုပ်တယ်။ ကိုယ်ကတော့ အဖမ်းမခံရဘဲနဲ့ မျက်ကွယ်ထောင်ဒဏ် ခြောက်ဆယ့်ငါးနှစ်တော့ ချခံရတာပေါ့နော်။ ကိုပေါ်၊ ကိုမြအေး၊ ဦးကိုကိုကြီးတို့နဲ့အတူ ကိုယ်နဲ့ ကိုထွန်းမြင့်အောင်ကို မျက်ကွယ် ထောင်ဒဏ်ချတယ်လို့ သိခဲ့ရတယ်။ ထောင်ဒဏ် ခြောက်ဆယ့်ငါးနှစ် အားလုံး ချခဲ့တာ။ ပြည်တွင်းမှာပဲ တိမ်းရှောင်ပြီး နိုင်ငံရေးဆက်လုပ်တယ်။ ၂၀၁၂ ခုနှစ်၊ ၈၈ အုပ်စု လွတ်လာတဲ့အချိန်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်း ဖွဲ့ပြီးတော့ ဆက်လှုပ်ရှားတယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စတွေမှာ ကိုမြအေးနဲ့အတူတူ ပါဝင် ဆောင်ရွက် သလို ပညာရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာဌာန တာဝန်ခံတစ်ယောက် အနေနဲ့ တာဝန်ယူပြီးတော့ ဆောင်ရွက်တယ်။

iSchool-Myanmar ကိုတည်ထောင်ပြီး သတင်းနည်းပညာ ချိတ်ဆက် အသုံးပြုပြီး လူမှုအဖွဲ့အစည်းတွေ အားကောင်းလာဖို့၊ ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ဆောင်ရွက်နိုင်ဖို့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ လုပ်ဆောင် နိုင်ခဲ့တယ်။ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့အတွက် National Network for Education Reform ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ထဲမှာ ပါဝင်ပြီးတော့ လှုပ်ရှားခဲ့တယ်ပေါ့နော်။ အဲမှာ ဗကသ ကျောင်းသားတွေနဲ့ တွဲပြီးတော့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ၊ မူဝါဒတွေချမှတ်ရေးနဲ့ ဥပဒေတွေ ပြင်ဆင်ရေးပေါ့နော်။ အဲဒီ ကိစ္စ တွေကို ဗကသကျောင်းသားတွေနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ကိုမြအေးတို့နဲ့ လက်တွဲပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအခွင့်အရေးကိစ္စတွေမှာ ဆောင်ရွက်ဖို့ အတွက်ကို FDF လို့ခေါ်တဲ့ Federal Democratic Force ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပြီးတော့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ နောက်ပြီး တော့လည်း ‘ငြမ်း’ ဆိုတဲ့ ဆိုရှယ်မီဒီယာတစ်ခုမှာ မိတ်ဆွေရဲဘော်တွေနဲ့အတူ ပူးတွဲတည်ထောင် ပြီးတော့ Nyan Media Group မှာလည်း သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်ဖို့ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကိစ္စတွေ အပါအဝင် ငြိမ်းချမ်းရေး အမျိူးသားပြန်လည်သင့်မြတ်ရေးအတွက်ကို မှန်ကန် တဲ့ သတင်းအချက်အလက်တွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အတွက်ကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေပေးတဲ့ သတင်းဌာနအဖြစ် နဲ့ ရပ်တည်နိုင်အောင် ပါဝင်ဆောင်ရွက်ခဲ့တယ်။ အဲမှာတော့ Chief Executive Officer အနေနဲ့ လုပ်ခဲ့တယ်။ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်အတွက် အရပ်ဘက်အဖွဲ့စည်းတွေနဲ့ လက်တွဲပြီးတော့လည်း အသင်းဖွဲ့များဆိုင်ရာ ဥပဒေ၊ အသင်းဖွဲ့ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေ ပြဋ္ဌာန်း နိုင်ဖို့အတွက်လည်း နေပြည်တော်မှာ သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေ နဲ့ သွားပြီးတော့ ဆွေးနွေးပွဲ၊ တွေ့ဆုံပွဲတွေမှာ တက်ပြီး ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ တခြားလူမှုရေးလုပ်ငန်းတွေလည်း လုပ်ဖြစ်တယ်ပေါ့ လေ။ ဒီနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးစောင့်ရှောက်ဖို့ အတွက်ကိုလည်း အရေးကြီးတဲ့ တာဝန်တစ်ခုအနေနဲ့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးစင်တာ ဆိုပြီးတော့ Healthcare Center For Political Prisoners ပေါ့။ အဲအဖွဲ့ကို မဖြူဖြူသင်းအပါအဝင် တခြားနိုင်ငံရေး အင်အားစုတွေနဲ့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ခဲ့တယ်။