အလုပ်သမဘဝ၊ သမဂ္ဂခေါင်းဆောင်ဘဝနှင့် အလုပ်ခွင်ထဲမှ ဖမ်မနင်ဇင် သင်ကြားရခြင်း

အလုပ်သမ | Click here to read this article in English.

Cite as: 
အလုပ်သမ၊ (၂၀၂၃)၊ အလုပ်သမဘဝ၊ သမဂ္ဂခေါင်းဆောင်ဘဝနှင့် အလုပ်ခွင်ထဲမှ ဖမ်မနင်ဇင် သင်ကြားရခြင်း၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်(၁)။ https://ijbs.online/?page_id=4703


စာတမ်းအကျဉ်း

ဤဆောင်းပါးသည် အလုပ်သမတစ်ဦး၏ ငယ်စဉ်ဘဝ၊ ရန်ကုန်မြို့တွင် စက်ရုံအလုပ်သမဘဝနှင့် အလုပ်သမားသမဂ္ဂ၊ ဆန္ဒထုတ်ဖော်မှုများနှင့် လူတန်းစားတိုက်ပွဲတွင် ပါဝင်ဆောင်ရွက်မှုနှင့် လွှမ်းမိုးလာသော အရင်းရှင်နှင့် ပေထရီအာခီစနစ်များကို ဆန့်ကျင်ရေးကိစ္စများကို ပြန်ပြောင်းပြောသည့် စာတစ်ပုဒ်ဖြစ်သည်။ စာရေးသူသည် စက်ရုံကြီးကြပ်ရေးမှူး (စူပါ) များ၊ မန်နေဂျာများနှင့် သူဌေးများ ကျူးလွန်သည့် လွန်ကျူးမှုများနှင့် မတရားမှုများ ကို ထောက်ပြထားပြီး ၂၀၀၂-၂၀၂၁ ခုနှစ်အတွင်း အရေးကြီးသော သပိတ်များ နောက်ကွယ်မှ ဆုံးဖြတ်ချက်များကိုလည်း ရှင်းလင်းတင်ပြထားသည်။ ထို့ပြင် ၂၀၁၂ နောက်ပိုင်းတွင် အမျိုးသမီးများ ခေါင်းဆောင်မှုအခန်းကဏ္ဍ ပိုမိုရယူ လာပုံကိုလည်း စာရေးသူက ထောက်ပြထားသည်။ အလုပ်သမားသမဂ္ဂ ဖြစ်မြောက်ရေး တာဝန်ခံတစ်ယောက်အနေနှင့် စာရေးသူသည် များစွာသော သမဂ္ဂ များ၊ ကွန်ရက်များနှင့် အလုပ်သမားအဖွဲ့ချုပ်များ ထူထောင်ရာတွင် ကူညီခဲ့ပြီး အလုပ်သမားများ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် ရုန်းကန်နေရသည့် ရှုပ်ထွေးမှုများနှင့် သမဂ္ဂခေါင်းဆောင်များ သမာသမတ်ကျမှု နည်းပါးလာခြင်း ကြောင့် စိန်ခေါ်မှုများကိုလည်း ကြုံတွေ့ခဲ့ရသည်။

ဆန္ဒပြမှုအစ

ကျွန်မဇာတိက မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျွန်းကျေးရွာ ဖြစ်ပြီး ရွာက ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ တည်ရှိပါတယ်။ ရွာနဲ့ ရွာနားက မြေတွေက ကိုင်းကျွန်းမြေဖြစ်ပြီး မိဘတွေက စိုက်ပျိုးရေး လုပ်ကြပါ တယ်။ ကျွန်မမှာ မောင်နှမ (၇) ယောက်ရှိပြီး စတုတ္ထမြောက်သမီးဖြစ်လို့ အထက်အောက် အားကိုးစရာတွေရော ငဲ့ညှာစရာတွေပါ ရှိပါတယ်။ ရာသီဥတု ဖောက်ပြန်တာတစ်မျိုး၊ မြစ်ကမ်းပြိုတာတစ်မျိုးနဲ့ စိုက်ပျိုးရေးလုပ်ကိုင် စားသောက်တဲ့ မိသားစုက ကျွန်မတို့ဟာ ဆင်းဆင်းရဲရဲနဲ့ပဲ ကျောင်းတက်ခဲ့ ရပါတယ်။ ရွာမှာ စာသင်ကျောင်းက (၄) တန်းထိပဲရှိပြီး အလယ်တန်းကျောင်း ကိုတော့ မုန်းချောင်းကို နေ့စဉ် ကူးတို့လှေနဲ့ကူးပြီး အခြားရွာမှာ ကျောင်းသွား တက်ရပါတယ်။ အလယ်တန်းအဆင့်ပြီးရင် အထက်တန်းကိုတော့ မြို့ပေါ်မှာ နေပြီး ကျောင်းတက်ရတာဖြစ်လို့ ရွာမှာနေတဲ့ ကျောင်းသားတော်တော်များက အလယ်တန်းအဆင့်နဲ့ပဲ ကျောင်းသားဘဝပြီးဆုံးကြပါတယ်။ မြို့ပေါ်ကို ကျောင်းပြောင်းတဲ့ လုပ်ထုံးလုပ်နည်းလောက်တောင်မှ မိဘတွေက မသိကြတဲ့ အတွက် ကျောင်းသား၊ ကျောင်းသူတော်တော်များများ ပိုက်ဆံရှိတာတောင်မှ ကျောင်းဆက် မတက်ရဘူး။

အဖေနဲ့ အမေက စီးပွားရေးမပြေလည်တော့တာကြောင့် ရန်ကုန်မှာ အလုပ်လုပ်ဖို့ ကျွန်မအစ်မကို အရင်လွှတ်လိုက်တယ်။ ကျွန်မကတော့ အသက် ငယ်သေးလို့ ရွာမှာပဲ ပေါင်းထိုးမြက်သင်လုပ်ရင်း ရှစ်တန်းအောင်ခဲ့တယ်။ မြို့ကျောင်းတက်ဖို့ နည်းလမ်းစုံစမ်းပြီး ကျောင်းပြောင်းလက်မှတ်ကို မိဘတွေ မသိအောင်ယူပြီး သိမ်းထားခဲ့တယ်။ မိဘတွေက မိန်းကလေးဖြစ်လို့ မြို့ထိ မထားဘူးလိုပြောပေမယ့် ကျောင်းနေရဖို့အတွက် ကိုင်းထဲမှာ ဘူးခင်းစောင့် ရင်း ဘူးသီးမှာ ကျောင်းသူမ ပုံလေးဆွဲပြီး ဆန္ဒပြခဲ့ရတယ်။ နောက်ဆုံး ရန်ကုန် ရောက်နေတဲ့ အစ်မနဲ့ ရွာမှာနေတဲ့ နှလုံးရောဂါသည်အစ်မရဲ့ ကျွန်မကို ကျောင်းတက်စေချင်တဲ့ဆန္ဒအရ ကျောင်းတွေဖွင့်ပြီး တစ်လအကြာမှာ အဖေက ကျောင်း လိုက်အပ်ပေးခဲ့တယ်။ ကျောင်းအပ်လက်ခံတဲ့ဌာနက ကျောင်းပြောင်းလက်မှတ်လေး ကြွက်ကိုက်နေတာရယ်၊ ကျောင်းထား နောက်ကျတာရယ်ကိုကြည့်ပြီး အလှူငွေနည်းနည်းလေးပဲ ကောက်ခံခဲ့တယ်။ ကျွန်မ စာသိပ်မလိုက်နိုင်ဘူး။ ကျူရှင်တွေ မယူရဘူး။ စာမေးပွဲ မအောင်နိုင်ဘူး ဆိုတာလည်း သိတယ်။ ဒါပေမဲ့ ဆယ်တန်းစာမေးပွဲအထိ ဖြေခဲ့တယ်။ ဒါမှ နောက်နှစ်ပြန်တက်ရင် ဘာတွေလိုတယ်ဆိုတာ သိရမှာဖြစ်တယ်။ ၂၀၀၀-၂၀၀၁ ခုနှစ် ပညာသင်နှစ် အောင်စာရင်းထွက်ပြီး (၁၇) နှစ်အရွယ်မှာ အလုပ်လုပ်ပြီး ကျောင်းပြန်တက်ဖို့ရည်ရွယ်ချက်နဲ့ ရန်ကုန်ကို လိုက်လာခဲ့ပါ တယ်။

အလုပ်သမဘဝအစ

၂၀၀၂ ခုနှစ်မှာ ရန်ကုန်ကိုရောက်ပြီး မိုင်းဒက်အထည်ချုပ်စက်ရုံမှာ လိုင်းစာရေးအဖြစ် တစ်ရက် အလုပ်လုပ်ပြီး ပိုက်ဆံတောင်မရလို့ လစာတောင် မသိလိုက်ရဘဲ ပြန်ထွက်လာရတယ်။ အမှုန်အမွှားတွေကြောင့် အသက်ရှူကျပ် လို့ မူးလဲတဲ့ အထိဖြစ်တာတောင် ကူညီမယ့်သူ မရှိခဲ့ဘူး။ အလုပ်ထဲက ဌာနခေါင်းဆောင်တွေက “လုပ်စားမနေနဲ့။ ဖာခံစား” လို့ ဆဲလို့ ဝမ်းနည်း စိတ်နာပြီး အလုပ်က ထွက်လိုက်ရတယ်။

ပုံမှန်ဆို အလကားလုပ်ရမယ့် လေဘာကတ်ကို အသက်မပြည့်လို့ လာဘ်ထိုးလုပ်ခဲ့ရပြီး အစ်မရှိတဲ့ တိုင်ရီဖိနပ်စက်ရုံမှာပဲ အလုပ်ဝင်လုပ်ခဲ့ရ တယ်။ အလုပ်ထဲ စဝင်ခါစမှာ ကိုယ့်ထက် အရင်ရောက်နှင့်နေပြီးသား အလုပ်သမားတွေက ဘာမှမသိသေးတဲ့ ကျွန်မအပေါ် အလုပ်ပိုလုပ်ခိုင်းတာ တွေ၊ အိမ်သာကို သူတို့ပဲ အလှည့်ကျသွားပြီး ကျွန်မသွားချင်တဲ့အခါမှာတော့ “ဆရာရှိတယ်။ မသွားနဲ့။ စူပါရှိတယ်နော်။ နင် အလုပ်ပြုတ်ချင်ရင်တော့ ထိုင်ရာက ထပေါ့” လို့ ခြိမ်းခြောက်ကြတယ်။ လူဟောင်းတွေရဲ့ အာဏာပြတာ တွေ၊ အထက်လူကြီးများကလည်း ပုံမှန်ပြောတဲ့စကားတောင် အော်ငေါက်မှု တွေက ငရဲကျသလိုပဲ။

ရွာမှာ နေပူထဲ အလုပ်လုပ်ရတာလောက် ပျော်စရာမကောင်းဘူး ဆိုပေမဲ့ အရင်ရောက်နှင့်နေတဲ့ အစ်မ စိတ်ဆင်းရဲမှာစိုးလို့ ကြိတ်ငိုခဲ့ရတယ်။ အစ်မကလည်း ကျွန်မ မသိအောင် ကွယ်ရာမှာ ကြိတ်ငိုနေတယ်လို့ သူများ တွေက လာပြောကြတယ်။ တခြားဌာနမှာ အလုပ်သမားတွေ အချင်းချင်း စကားပြောလို့ဆိုပြီး ခုံပေါ်တက်ပြီး ပါးစပ်ပလာစတာကပ်ထားတာတွေ့တော့ တော်တော်လန့်ပြီး ခံပြင်းမိတယ်။ အပေါ်ထပ်က အလုပ်သမားတစ်ယောက် သူဌေးက လက်ကို မီးပူနဲ့ကပ်လို့ဆိုတော့ တော်တော်လေး ဒေါသထွက်မိတယ်။ ကိုယ့်ဘေးက လုပ်ဖော်ကိုင်ဖက်က ပြန်ပြောရင် အလုပ်က ပြုတ်ဦးမှာဆိုတော့ မတရားဘူးဆိုတဲ့ စကားကိုလည်း ဘယ်သူ့ကိုမှ မပြောရဲဘူး။

အလုပ်ဝင်ပြီး (၃) လလောက်အကြာ ၂၀၀၂ ခုနှစ်ထဲမှာပဲ အလုပ်သမား တွေ သပိတ်မှောက်ကြတယ်။ အဆောင်မှာကျွေးတဲ့ ဟင်းနဲ့ မစားနိုင်လို့၊ အပြင်က ဟင်းယူတာကို အယူမခံလို့၊ သောက်ရေအိုးထဲ ရေဖြည့်ပေးပြီး သောက်ရေခွက်မပေးလို့ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ပြကြတာ လစာကိစ္စ လုံးဝ မပါ ဘူး။

ဒါက အထူးပြောနေစရာမလိုဘဲ အလုပ်သမားတွေ ရကိုရသင့်တဲ့ ကိစ္စ မို့ အဆောင်နေ အလုပ်သမ မဟုတ်ဘဲ ဝင်ပါခဲ့တယ်။ မြန်မာနိုင်ငံထဲမှာလည်း တစ်ခါမှ မကြုံဖူးဘူး။ နိုင်ငံခြားသတင်းတွေထဲမှာ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြတာပဲ တွေဖူးတဲ့ ကျွန်မအတွက် ပထမဆုံးပါဝင်ဖြစ်တဲ့ သပိတ်ပါပဲ။

နောက်နှစ်တွေမှာလည်း စက်ရုံတွင်း လူမသိသူမသိသပိတ်တွေ၊ လူသိ ရှင်ကြားသပိတ်တွေ၊ ဘာပွဲပဲဖြစ်ဖြစ် လူအင်အားနည်းရင် လှုပ်ရှားသူတွေ နစ်နာမှာစိုးလို့ ပါဝင်ဖြစ်ခဲ့တယ်။ မပါဝင်နိုင်တဲ့ သူတွေကိုလည်း နားလည်ပေး နိုင်တယ်။ နောက်မှာက မိသားစုစားဝတ်နေရေးက ရှိသေးတာကိုး။ ကျွန်မ ကိုယ်တိုင်လည်း သပိတ်မှာဝင်ပါတဲ့လူတွေဆို တော်တော်ခက်ခဲတယ်။ လစာ ထုတ်တိုင်း နောင်တရပါတယ်။ ဒါပေမဲ့ သပိတ်တိုင်းက တရားဖို့ ကြိုးစား နေတာဖြစ်လို့ ပါဝင်ဖြစ်ပါတယ်။

အဲဒီအချိန် (၁၈) နှစ်မပြည့်ခင် သိနားလည်သလောက် မခံချင်စိတ်၊ ခံပြင်းစိတ်တွေနဲ့ ဆုံးဖြတ်ခဲ့တဲ့ သပိတ်တွေပါပဲ။ သပိတ်ခေါင်းစဉ် အမျိုးမျိုးပဲ။ လုပ်ခလစာအတွက်၊ နိုင်ငံခြားသားဆရာ မိုက်ရိုင်းလို့၊ overtime (အချိန်ပို) တွေ ည (၁၂) နာရီအထိ ဆင်းရလို့ အားလုံးပေါင်း (၇) ခါလောက် ဆန္ဒပြဖူး တယ်။ တရားတယ်၊ မတရားဘူးဆိုတာကို ပထမဆုံးသတိထားမိတဲ့အချိန်က အလုပ်ခွင်ထဲ စဝင်ခဲ့တဲ့အချိန်ပါပဲ။ အဲဒီတုန်းက လစာကို မမှတ်မိတော့ပေမဲ့ ၂၀၀၇ လုပ်ခလစာတောင်းဆိုတဲ့ သပိတ်အပြီးမှာတော့ (၃၇,၀၀၀) ကျပ် ရတယ်။ တစ်လကို တစ်ရက်ပိတ်ရင်တောင် ပျော်နေရတာပါ။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ လစာထုတ်ပြီးချိန်မှာတော့ လုပ်ခလစာ ခေါင်းပုံဖြတ်မှုတွေ ရှိလာခဲ့တယ်။ အခြားဖိနှိပ်မှုများစွာနဲ့ စနေနေ့အလုပ်ချိန် မှာ အလုပ်သမတွေရဲ့ အိမ်သာထဲက လှုံ့ဆော်စာက ဂယက်အကြီးကြီးထခဲ့ တယ်။ နိုင်ငံခြားသားဆရာတွေက သူတို့ဌာနတွေက မဟုတ်တဲ့အကြောင်း သက်သေတွေ အမျိုးမျိုးပြကြတယ်။ အမျိုးသားအိမ်သာမှာလည်း စာတွေ့ တယ်လို့ သတင်းတွေထွက်ပြီး စစ်ဆေးတာတွေ လုပ်ခဲ့ကြတယ်။ ဒါက မိန်းကလေးလက်ရေးဖြစ်ပြီး စာအသွားအလာအရ မိန်းကလေး အလုပ်သမား သာဖြစ်တယ်။ သူတို့ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ကြတယ်။

ဒီနေရာမှာ သူတို့ဟုတ်ပြီး လုံခြုံရေးအရ တမင်ငြင်းတာလည်း ဖြစ်မယ်။ ဒါမှမဟုတ် ဒီလိုအလုပ်တွေက သူတို့က လုပ်စရာလားဆိုပြီး ငြင်းကြ တာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ အမျိုးသားရေးတဲ့စာ မဟုတ်ဘူးလို့ ငြင်းခဲ့ကြပါတယ်။

ကျွန်မတို့ဌာနရဲ့ ဆရာကတော့ သူ့လိုင်းက အလုပ်သမတွေ မဟုတ်ဘူးဆိုတဲ့အကြောင်းကို ပေါ်လွင်စေချင်တော့ ကျွန်မတို့ကို တနင်္ဂနွေနေ့ အလုပ်ဆင်းခိုင်းပြီး သက်သေပြခဲ့ပါတယ်။ ကျွန်မတို့လည်း တနင်္ဂနွေနေ့ အလုပ်ဆင်းခဲ့ရပြီး တနင်္လာနေ့မှာတော့ စက်ရုံပြင်ပမှာ ကိုယ့်လိုင်းက စူပါ၊ လီဒါတွေနဲ့ ဝေးရာ သစ်ပင်ထူထပ်တဲ့ နေရာတစ်ခုမှာ နေရာယူခဲ့ကြပါတယ်။ လီဒါတွေ၊ စူပါတွေ တွေ့ရင် သူတို့ရဲ့အာဏာသုံးပြီး အလုပ်ထဲကို ပြန်ခေါ်လေ့ ရှိတာကြောင့် ဖြစ်ပါတယ်။

ဒီမိုကရေစီခေတ်က သပိတ်များ

အစိုးရအပြောင်းအလဲဖြစ်တယ်လို့ အများကထင်ပေမယ့် တကယ်တမ်းကျ တော့ ရွေးကောက်ပွဲဆိုတာ မကြားဖူးကြပါဘူး။ အလုပ်ခွင်ထဲမှာ ဖိနှိပ်မှုတွေ များလာလို့ ခပ်စိပ်စိပ်ဖြစ်လာတဲ့ ၂၀၁၂ အလုပ်သမားသပိတ်တွေမှာတော့ ကျွန်မတို့ အမျိုးသမီးတွေ ကိုယ်တိုင်ဦးဆောင်လာကြတယ်။ အလုပ်သမား လှုပ်ရှားမှု သမိုင်းအသစ်တွင်အောင် စွမ်းဆောင်ခဲ့ကြတယ်ဆိုရင်လည်း မမှား ပါဘူး။ ပြီးခဲ့တဲ့ သပိတ်တွေမှာ အလုပ်သမတွေရဲ့ အခန်းကဏ္ဍက အချင်းချင်း သတင်းဖြန့်တာ၊ လိုအပ်တဲ့အချက်အလက် စုဆောင်းပေးတာလောက်ပဲ။ ဒါကလည်း သိပ်အရေးပါတဲ့ အပိုင်းပဲဆိုပေမယ့် ရုံးထဲထိဝင်ပြီး ဆွေးနွေးတဲ့ အမျိုးသားတွေကသာ ကျွန်မတို့ရဲ့ အားကိုးရာလို့ ယူဆခဲ့ပါတယ်။ ၂၀၁၂ သပိတ်မှာတော့ အမျိုးသားတွေ ပါဝင်ပေမယ့် ခါတိုင်းနှစ်တွေနဲ့ မတူဘဲ ကျွန်မတို့ အလုပ်သမတွေကလည်း စည်းရုံးရေးဆင်းရုံ၊ သတင်းဖြန့်ရုံတင် မကပဲ အလုပ်သမားတွေရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး ဦးဆောင်ဆွေးနွေး တဲ့အထဲမှာ ပါခဲ့ပါတယ်။

အရင်နှစ်တွေက အမျိုးသားတွေကိုပဲ ခေါင်းဆောင်အဖြစ် ရွေးခဲ့တာ လည်း အကြောင်းရှိပါတယ်။ ကျွန်မတို့ သပိတ်တွေဖြစ်တိုင်း အလုပ်သမားရုံး က လူကြီးတွေရောက်လာကြပြီး ဘာတွေလိုအပ်လဲ။ လိုအပ်တာလေးတွေကို စာရေးပေးဆိုရင် အလုပ်သမတွေက တက်တက်ကြွကြွ ရေးပေးကြတယ်။ အလုပ်ရှင်ဆီ သွားပြောဖို့ဆိုရင် မထွက်ရဲကြတော့ဘူး။ အလုပ်သမားရုံးက လာတဲ့ လူကြီးတွေကလည်း မိန်းမတစ်ယောက်မှ မပါဘူး။ သူတို့ကလည်း “ယောက်ျားလေးတွေ ထွက်ခဲ့ပါကွ။ အဘတို့ ရှိပါတယ်။ ဘာမှမဖြစ်ဘူး။ အလုပ်မထုတ်ဘူး စိတ်ချ” လို့ ပြောကြတယ်။ အလုပ်သမတွေကလည်း ရှေ့မထွက်တဲ့ ယောက်ျားလေးတွေကို အပြစ်တင်ကြတယ်။ “နင်တို့ ထဘီ ဝတ်ထားတော့” လို့ ပြောတော့မှ အမျိုးသားတွေက ထွက်ကြတာ။ ခုချိန် ပြန်စဉ်းစားမိတော့ အမျိုးသားတွေကို အတင်းထွက်ခိုင်းနေတာက ဦးဆောင် ချင်စိတ်၊ ဦးဆောင်နိုင်စွမ်းမရှိတဲ့ အလုပ်သမတွေရဲ့ ဖိအားကြောင့်ဆိုရင် ဘယ် တရားပါ့မလဲလို့ တွေးမိပါတယ်။ နောက်ပြီး ကျွန်မတို့ကို ဦးဆောင်မယ့်သူက ယောက်ျားလေးတွေမှဖြစ်မယ်ဆိုတဲ့ အတွေးအမြင်တွေ ကျွန်မတို့အားလုံးမှာ လွှမ်းမိုးနေခဲ့ကြပါတယ်။ နောက် သူတို့တွေ အလုပ်ရှင်အဖွဲ့နဲ့ ဆွေးနွေးပြီး ပြန်လာတဲ့ရလဒ်အပေါ်မှာ စောဒကတက်လို့ အဆင်မပြေတော့ဘူး။ သူတို့က အရဲ့စွန့်ပြီးသွားရတာ။ ဒါကိုမကြိုက်ရင် ကိုယ်တိုင်တက်ပြောကြတော့ ဆိုတာမျိုး ပြောလေ့ရှိတယ်။ ၂၀၁၂ သပိတ်မှာတော့ ဦးဆောင်မှုမဲ့ခဲ့တဲ့သပိတ် သို့မဟုတ် ဦးဆောင်သူအားလုံးနဲ့ စခဲ့တဲ့သပိတ်တစ်ခုက အကြီးကြီးဖြစ်ခဲ့ တယ်။

ပုံ – ၁
ဒီမိုကရေစီခေတ်က ပွဲဦးထွက်သပိတ်တွေထဲက သပိတ်တစ်ခု



အလုပ်သမားလှုပ်ရှားမှုအပြင် စစ်အုပ်ချုပ်ရေးအောက်ကနေ အရပ်သားအမည်ခံအစိုးရလက်ထက်မှာ ဟန်ပြခွင့်ပြုထားတဲ့ အယောင်ဆောင် အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်ဥပဒေကို အလုပ်သမားသမဂ္ဂတွေ စတင်ဖွဲ့စည်း နိုင်ဖို့ နည်းဥပဒေထွက်လာရေး အမှန်တကယ်သမဂ္ဂဖွဲ့စည်းပြီး လမ်းဖောက်ခဲ့ သူတွေထဲမှာလည်း ရှေ့တန်းကပါဝင်ခဲ့ကြပါတယ်။

ယခင်ဆန္ဒပြတောင်းဆိုခဲ့စဉ်တွေမှာဆိုရင် အလုပ်သမားတွေက စက်ရုံ ပြင်ပမှာ စုဝေးကြတယ်။ နှစ်နာရီလောက်ကြာတော့ အလုပ်ဌာနက ခေါင်းဆောင်တွေ ရောက်လာတယ်။ ဘာတွေ တောင်းဆိုချင်တာလဲ မေးပြီး အလုပ်သမားကိုယ်စားလှယ်အဖြစ် အမျိုးသားတွေရှေ့ထွက်ပြီး အလုပ်ရှင်နဲ့ ဆွေးနွေးကြတယ်။ မူလထက် အခွင့်အရေးနည်းနည်းလေး ပိုပေးလိုက်ရင် အားလုံးပြေလည် သွားကြတယ်။

၂၀၁၂ ခုနှစ်မှာတော့ ဟိုနေရာက နည်းနည်းလျှော့၊ ဒီနေရာမှာ နည်းနည်းတိုးတာကို အတွေ့အကြုံတွေအရ သိနေပြီဖြစ်တဲ့ အလုပ်သမား အမျိုးသမီးတွေကိုယ်တိုင်က ဂဏန်းပေါင်းစက်လေးတွေနဲ့ တစ်မျိုး၊ ခဲတံနဲ့ ဗလာစာရွက်လေးတွေနဲ့တစ်ဖုံ တွက်ချက်ပြီး ချက်ချင်းတုံ့ပြန်နေကြတာ အားရစရာကောင်းပါတယ်။ ၂၀၁၁ လုပ်ခလစာတိုးတောင်းခဲ့စဉ်က တစ်နာရီ (၁၀၀) ကနေ တစ်ဆယ်တိုးပြီး (၁၁၀) ရခဲ့ကြတယ်။ ၂၀၁၂ သပိတ်မှောက်တဲ့ အချိန်မှာ ကျွန်မတို့ရဲ့ လစာက တစ်နာရီကို (၇၅) ကျပ်ဖြစ်ပြီး တစ်နာရီ (၁၅၀) ကျပ် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ နှစ်လလောက် သပိတ်လုပ်ခဲ့ပြီး (၁၂၀) ကျပ်နှုန်း သဘောတူမှုနဲ့ သပိတ်ကို ရပ်ခဲ့ပါတယ်။

ပုံ – ၂
၂၀၁၂ သပိတ်ရလဒ် (စက်ရုံနှင့် အလုပ်သမား သဘောတူညီချက်)



သပိတ်လုပ်ရင်းနဲ့ပဲ အပြင်မှာ အလုပ်သမား (၂၁၁၁) ဦးနဲ့ သမဂ္ဂဖွဲ့ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါကလည်း သမဂ္ဂရှိရင် စားပွဲဝိုင်းမှာ ခေါင်းဆောင်တွေနဲ့ ထိုင်ပြီး ဆွေးနွေးနိုင်တဲ့အဆင့်ရောက်မယ်။ အလုပ်သမားတွေ လမ်းပေါ် ထွက်စရာ မလိုတော့ဘူး။ အလုပ်ပြုတ်မှာလည်း ကြောက်စရာမလိုတော့ဘူး။ သမဂ္ဂဆိုတဲ့ ပါဝါနဲ့ ဆွေးနွေးငြင်းခုန်ကြမယ်။ အဲဒီအခါမှာ သမဂ္ဂခေါင်းဆောင် တွေက လေယူရာတိမ်းတဲ့ မြက်လိုလူ မဖြစ်ရဘူးဆိုတာတွေ ခေါင်းထဲမှာ ရှိနေခဲ့တယ်။

အလုပ်သမားခေါင်းဆောင် တစ်နည်းအားဖြင့် သမဂ္ဂခေါင်းဆောင်လို့ တာဝန်ခံလိုက်တဲ့အချိန်မှာ ကျွန်မတို့ရဲ့ တာဝန်နဲ့ စွန့်လွှတ်နိုင်စွမ်းက သိပ်ကို တန်ဖိုးရှိတယ်။ ကြီးမြတ်တယ်လို့ ခံယူထားတယ်။ ဒါဟာ နေရာမက်မောစရာ တစ်ခုကဲ့သို့ မဟုတ်ဘဲ တာဝန်ခံမယ်ဆိုတဲ့ သတ္တိမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် အားပြန်ပေးရင်း ကိန်းအောင်းလာတဲ့စိတ် ဖြစ်ပါတယ်။ ဒါကလည်း ပါဝါပါပဲ။ ဒီပါဝါ ဘယ်ကရလဲဆို အလုပ်သမားတွေဆီက ရပါတယ်။ အလုပ်သမားတွေနဲ့ ကင်းကွာနေပြီး ခေါင်းဆောင်တွေက ပါဝါရနေရင် ဒါက လုံးဝအလွဲပဲ ဖြစ်ပါ တယ်။ အလုပ်သမားကိုသာ ပဓာနထားတာမို့ အလုပ်သမားတွေ သမဂ္ဂဆိုတာ မလိုတော့တဲ့တစ်နေ့၊ အလုပ်မဖြစ်တော့ဘူးဆိုတဲ့နေ့က သမဂ္ဂမရှိတော့တဲ့နေ့ ဖြစ်ပါတယ်။

ဖိနှိပ်အာဏာပြနေတဲ့ ရာထူးအဆင့်ဆင့်ကို ကျွန်မတို့ရဲ့ သွေးစည်း ညီညွတ်မှုဆိုတဲ့ ပါဝါနဲ့ တိုက်ဖို့ စိန်ခေါ်တဲ့ပွဲလို့ စိတ်ပိုင်းဖြတ်ကြပါတယ်။ ဒါကြောင့် သမဂ္ဂဖြစ်ပြီးရော၊ သမဂ္ဂရှိရင် အလုပ်ရှင်နဲ့ စကားပြောဖို့ အဆင်ပြေ သွားပြီဆိုတာမျိုးနဲ့ ဖွဲ့ခဲ့တာ မဟုတ်သလို၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က မြှောက်ပေးတာမျိုး၊ နိုင်ငံရေးပါတီတစ်ခုခုက မြှောက်ပေးတာမျိုး လုံးဝ မဟုတ် ပါဘူး။ အဲဒီကာလက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရှိတော့ အလုပ်သမားတွေ ဆီကို ပါတီပေါင်းစုံက နိုင်ငံရေးသမားတွေ ခြေရှုပ်နေချိန်ဖြစ်တယ်။ တကယ် တော့ ကြားဖြတ်ရွေးကောက်ပွဲဆိုတာ ဘာပြောတာမှန်း မသိဘူး။ ရှိမှန်းလည်း မသိပါဘူး။ တစ်ခါမှမကြုံဖူးတဲ့ အခြေအနေမျိုးတွေ။ လူတွေအများကြီး လာကြ တယ်။ မီဒီယာတွေလည်း လာကြတယ်ဆိုတာကိုတော့ သတိထားမိတယ်။

အဲဒီနေ့ (၃၀.၃.၂၀၁၂) က ကျွန်မတို့ကို ရဲအင်အားသုံးပြီး နံပါတ်တုတ်နဲ့ အရိုက်ခံရတဲ့နေ့အဖြစ် မှတ်မိနေပါတယ်။ ဘယ်မှာမှ မကြားဖူးတဲ့ အခြေအနေ တွေနဲ့ ရင်ဆိုင်ရတယ်။ စက်ရုံကနေ ကားလမ်းမဘက်ဆီထွက်တဲ့ လမ်း မှန်သမျှမှာ ဒိုင်းတွေ၊ အကာတွေနဲ့ ရဲအင်အားအများအပြားကို တွေ့ရတယ်။ ကျွန်မတို့ရဲ့ ဖိနှိပ်ခံရမှု၊ ခြောက်လှန့်ခံရမှုတွေကိုပဲ ခွန်အားအဖြစ် သုံးခဲ့ရတယ်။ အမည်ထွက်တဲ့သူတွေနဲ့ အမျိုးသားတွေကို လူအုပ်ကြီးရဲ့အလယ်ထဲကို သွင်းပြီး ကျွန်မတို့ အလုပ်သမတွေ တရွေ့ရွေ့နဲ့ နီးလာတဲ့ ယူနီဖောင်း အစုံအလင်ဝတ်ထားတဲ့ ရဲအုပ်စုကို နောက်မဆုတ်တမ်း ရင်ဆိုင်ခဲ့ရတယ်။ ဒီအသက်အရွယ်အထိ ဒီလို ချပ်ဝတ်တန်ဆာအပြည့်နဲ့ မြင်ဖူးတာ ကိုရီးယား နန်းတွင်းကားထဲက ဇာတ်ဝင်ခန်းလို့ ထင်မှတ်မိပါတယ်။ ဒီအချိန်မှာ အလုပ်သမားဝန်ကြီးဌာနက လူကြီးတွေက ကြားဝင်ဖျန်ဖြေတော့မလို လုပ်နေ တုန်း သူတို့ နားလာပြီး စကားပြောတဲ့ အလုပ်သမတွေကို ရဲတွေက ဝင်ရိုက် ပါတယ်။

ကျွန်မတို့တွေရဲ့ အမြင်ကတော အလုပ်သမားရုံးက လူကြီးဆိုသူတွေက ရဲတွေ အဓိကအကြမ်းဖက်ရမယ့် ပစ်မှတ်ကို ထောက်ပြနေတယ်လို့ ယူဆပါတယ်။ ဒီလိုအခြေအနေတွေ ရုတ်ရုတ်သဲသဲဖြစ်တော့မှ သူဌေးက ထွက်လာပြီး ညှိနိုင်းတာတွေလုပ်ပါတယ်။ အဲဒီနေ့က ကျွန်မတို့အားလုံး အိမ် မပြန်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတဲ့နေ့ ဖြစ်ပါတယ်။ နောက်နေ့မနက် ရွေးကောက်ပွဲရှိလို့ အပြတ်ရှင်းပေးဖို့ အဘက်ဘက်က ဖိအားတွေကြောင့် ကျွန်မတို့နဲ့ အလုပ်ရှင် အတတ်နိုင်ဆုံး ညှိနှိုင်းပြီး သဘောတူ စာချုပ်တစ်စောင် ချုပ်ဆိုခဲ့ရပြီး စာချုုပ်မိတ္တူတစ်စောင်စီနဲ့ အိမ်ပြန်ခဲ့ကြပါတယ်။

အလုပ်ထဲရောက်ခဲ့ရင်လည်း လိုအပ်ချက်တွေကို လုပ်ငန်းခွင်မပျက် ဆွေးနွေးကြမယ်။ အလုပ်ရှင်က အလုပ်သမားတွေရဲ့ ဆွေးနွေးမှုကို လက်မခံ ခဲ့ရင် ချက်ချင်းလမ်းပေါ်ထွက်ကြမယ်လို့ အချင်းချင်း ကတိတွေပေးပြီး ဖျောင်းဖျကာ လုပ်ငန်းခွင်ဝင်ခဲ့ရပါတယ်။ သပိတ်လုပ်ခဲ့တာ၊ စည်းစည်းလုံးလုံး နဲ့ တိုင်ပင်အဖြေရှာခဲ့တာတွေက တရားဖို့အတွက်ပဲ။ ငါတို့အတ္တက တရားတဲ့ အတ္တ၊ အဲဒီအတ္တကို သေချာပေါက် လက်တွေ့အကောင်အထည်ဖော်ကြေး ဆိုတဲ့ စာတမ်းတွေ အမျိုးသမီးအိမ်သာနံရံတွေမှာ ထပ်နေအောင် ရေးခဲ့ကြ ပါတယ်။

လူသိမခံဘဲ ပေးဆပ်ခဲ့၍ ဂုဏ်ပြုထိုက်သူများ

အခက်အခဲတွေ ကျော်လွှားပြီး လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါ လူဦးရေ (၂) ထောင်ကျော်ထဲကနေမှ သိသိသာသာ ဂုဏ်ပြုထိုက်သူတွေ၊ အတူယူစရာ အလုပ်သမတွေ အများကြီးပေါ်ထွက်လာခဲ့တာကို ဝမ်းနည်း၊ ဝမ်းသာစွာ မှတ်တမ်းတင်ခဲ့ကြပါတယ်။

ကျွန်မတို့ သပိတ်ကာလမှာ အဆောင်မှာနေတဲ့သူတွေက စက်ရုံက ထမင်းစားရတဲ့အတွက် သပိတ်မှောက်ချိန် ထမင်းမကျွေးတော့ဘူး။ နည်းပါးတဲ့ လုပ်ခလေးတွေနဲ့ မစုဆောင်းနိုင်တဲ့ အလုပ်သမားတွေအတွက် စားရေးက သိပ်ကို အရေးကြီးခဲ့ပါတယ်။ ဒါပေမဲ့ တစ်ယောက်မှ မညည်းညူဘဲ တောင့်ခံခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ရှိတာတွေ ပေါင်နှံပြီး အဆောင်ရှေ့မှာ အိုးကြီးအိုးငယ်တွေနဲ့ “ဟဲ့ ကလေးတွေ ထမင်းစားပြီးမှ စက်ရုံရှေ့က သပိတ်ကို သွားကြ။ အပျိုကြီးက နေ့စဉ်ထမင်းချက်နေတာ အလကားဖြစ်သွားရင် စိတ်ဆိုးမှာနော်။ အစာဝနေမှ ကိုယ်သွားချင်တဲ့ ပန်းတိုင် သွားနိုင်မှာ၊ တွေးနိုင် မှာ။ ထမင်းမစားဘဲ သွားတဲ့သူ ငါအော်ဆဲမှ မနာနဲ့နော်။ အခုလာစား” လို့ အော်ဟစ်ဆူငေါက်ပြီး အဆောင်နေ အလုပ်သမတွေရဲ့ စားရေးကို တာဝန် ယူရင်း သပိတ်အပေါ်မှာ ပေးဆပ်ခဲ့တဲ့ အလုပ်သမတစ်ဦး ရှိခဲ့ပါတယ်။

နောက်ပိုင်း သပိတ်ရက်ရှည်လာချိန်မှာတော့ အဆောင်နေ အလုပ်သမတွေအပြင် ဆိုင်မှာ ချိုင့်ဆွဲစားကြတဲ့၊ အပြင်ဆောင်ငှားနေကြတဲ့ အလုပ်သမားတွေ အများစုက အပျိုကြီးရဲ့ ထမင်းဟင်းကို အားကိုးလာ ရပါတော့တယ်။ အလုပ်ထဲ ပြန်ဝင်တဲ့ အချိန်မှာတော့ အညာပခုက္ကူက အပျိုကြီးလို့ ချစ်စနိုးခေါ်ခဲ့ကြတဲ့ အစ်မကြီးကတော့ စုဆောင်းခဲ့တဲ့ လက်ဝတ် ရတနာတွေ အားလုံးရောင်းချပြီး သပိတ်အတွက် သုံးစွဲခဲ့တယ်ဆိုတာ အားလုံး ပြီးဆုံးမှပဲ တစ်စွန်းတစ်စ ကြားခဲ့ရတယ်။ ခုလိုသပိတ်အပေါ်မှာ စွန့်လွှတ်ပြီး အမည်မခံဘဲ ကျားကန်ပေးခဲ့သူတွေက အပျိုကြီးတစ်ယောက်ထဲပဲလား။ မဟုတ်ပါဘူး။ ကျွန်မ သပိတ်ထဲမှာ တက်ကြွခဲ့ရတာတွေရော၊ သမဂ္ဂမှာ ရာနှုန်း ပြည့် တာဝန်ယူခဲ့တာတွေရောက မိသားစုတာဝန်တွေနဲ့ ပြည့်နေတဲ့ ကျွန်မတို့ တွေအတွက်က နောက်ကနေ တာဝန်ယူ ခေါင်းခံပေး မယ့် အစ်မတွေ၊ ညီမတွေ ရှိနေခဲ့လို့ပါ။ ကျွန်မ ဒီလိုဆုံးဖြတ်ဖို့ဆိုတာကလည်း အခြားအလုပ်သမားတွေ လို ငဲ့စရာအများကြီးပါ။ မောင်လေးတွေ ပညာရေး၊ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး၊ ကြွေးမြီပြဿနာ အားလုံးကို လွှတ်ချလိုက်ရပါတယ်။ ဒီလို လွှတ်ချဖို့အတွက် ကျားကန်ပေးတဲ့သူက ကျွန်မရဲ့ အစ်မ ဖြစ်ပါတယ်။ သူက ဒါတွေအောင်မှ ငါတို့အတူတူ ဆက်ရုန်းကြတာပေါ့။ နှစ်ယောက်လုံးဆို မလွယ် ဘူး။ နင်က ငါ့ထက်လည်တာဖြစ်လို့ အိမ်ကိစ္စ ငါ့ခေါင်းပေါ်သာ ထားပါတော့လို့ တွန်းအားတွေ ပေးခဲ့တာကြောင့် ကျွန်မ အားလုံးရဲ့ရှေ့မှာ ထွက်ခဲ့တာ ဖြစ်ပါ တယ်။ ဒီနေရာမှာ အစ်မရဲ့ စိတ်ဓာတ်သာ မပြင်းပြခဲ့ရင် ကျွန်မ အလုပ်သမား ရေးထက် အလုပ်လုပ်ရရေးကိုသာ ဦးစားပေးဖြစ်မှာ ဖြစ်ပါတယ်။ ကျွန်မ အပါအဝင် အမျိုးသမီးအားလုံးဟာ အိမ်ထောင်မရှိသူများသာဖြစ်ကြပါတယ်။ တက်ကြွပြီး အိမ်ထောင်ရှိတဲ့သူတွေကတော့ ကျွန်မတို့နောက်က လိုအပ်တာ အကြံပေးတာတွေ၊ စက်ရုံတွင်းပြဿနာတွေကို ကူညီပေးတာတွေပဲ လုပ်နိုင် ကြပါတယ်။

သမဂ္ဂမှာ ပါဝင်ကြတဲ့ သူငယ်ချင်းအားလုံးက လူလွတ်တွေပဲ ဖြစ်ကြ တယ်။ ကျွန်မတို့ ကျေနပ်ခဲ့ရတာပါပဲ။ အိမ်ထောင်သည်မို့ သမဂ္ဂမှာ ရှေ့မထွက် တော့ဘူးဆိုတာက ယောက်ျားတွေ မဟုတ်ဘဲ မိန်းမတွေချည်း ဖြစ်တယ်။ ငယ်ရွယ်ပြီး ပညာတတ်တဲ့ အလုပ်သမ သမဂ္ဂခေါင်းဆောင် အမျိုးသမီးလေး တွေက သမဂ္ဂတာဝန်ကနေ အနားယူခဲ့ကြတယ်။ အကြောင်းကတော့ အိမ်ထောင်ပြုတော့မှာမို့ အိမ်ထောင်တာဝန်တွေ ယူရမှာမို့ဆိုတဲ့ အကြောင်းပြ ချက်တွေကြောင့်ပါပဲ။ တချို့လူလွတ်တွေကလည်း သမဂ္ဂမှာတာဝန်ယူရင်း အိမ်ထောင်ကျသွားတဲ့အခါ အဖွဲ့ကနေ နုတ်ထွက်တာတွေ ရှိခဲ့ကြပါတယ်။ အိမ်ထောင်တာဝန်တွေကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တက်ကြွတဲ့ အလုပ်သမခေါင်းဆောင်တွေ အများကြီးကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ အိမ်ထောင်ကျသွားတဲ့ အလုပ်သမတွေ အလုပ်သမားခေါင်းဆောင်လုပ်တဲ့အခါ အမျိုးသားတွေက ဟန့်တားတာ၊ နှောင့်ယှက်တာတွေနဲ့ ကြုံတွေ့ရတယ်။ ဆွေးနွေးကြဖို့ ဆုံကြမယ် လုပ်တိုင်း သူတို့အမျိုးသားတွေကို ခွင့်ပေးဖို့ တစ်ဖွဲ့လုံးက ဝိုင်းပြီး တောင်းဆိုရတယ်။

ကိုယ်တိုင်ခေါင်းဆောင်ဝင်လုပ်ခြင်း

ကျွန်မတို့ အလုပ်အမှုဆောင် (၇) ဦးနဲ့ အလုပ်ဌာနကိုယ်စားလှယ် (၄၅) ဦးထဲမှာ အမျိုးသားတွေကို မဖြစ်မနေပါဖို့ (တချို့လည်း တက်တက်ကြွကြွ ပါကြပါ တယ်) တိုက်တွန်းဆွဲခေါ်ခဲ့ရပါတယ်။ ဘာကြောင့် ကျွန်မတို့ရဲ့ အလုပ်သမား ရေး လှုပ်ရှားမှုတွေထဲမှာ၊ အောက်ခြေမှာ ဆွဲခေါ်ရသလောက် ထိပ်ပိုင်းမှာ အမျိုးသားတွေချည်းဖြစ်နေရလည်း ဆိုတာကိုလည်း စဉ်းစားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။

အလုပ်သမားများကိုယ်တိုင်က အချုပ်အနှောင်နှင့် လွှမ်းမိုးမှုကင်း သော အလုပ်သမားသမဂ္ဂကို ဖွဲ့စည်းမယ်။ ငါတို့သမဂ္ဂကို လွှမ်းမိုးမယ့်သူက အလုပ်သမားတွေပဲ ဖြစ်ရမယ်။ ငါတို့သမဂ္ဂခေါင်းဆောင်တွေကို ခိုင်းစေတဲ့ သူတွေကလည်း အလုပ်သမားတွေပဲ ဖြစ်ရမယ်။ ဒါကြောင့် အလုပ်သမားတွေ ခိုင်းတာကို အားသာချက်၊ အားနည်းချက် ပြန်ဆွေးနွေးပေးပြီး ဒီမိုကရေစီ နည်းကျ ဆုံးဖြတ်ထားတဲ့အချက်တွေကို လုပ်ပေးမယ့် ခေါင်းဆောင်မျိုးတွေကို ဖိတ်ခေါ်ပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခဲ့တယ်။ ကျွန်မလည်း တက်တက်ကြွကြွနဲ့ စွန့်စားဖို့ ဆုံးဖြတ်ခဲ့တယ်။

အလုပ်အမှုဆောင် ရွေးချယ်တဲ့နေရာမှာလည်း ဒီကနေ့ အလုပ်သမား ခေါင်းဆောင်တွေ ရွေးသလို ငါတစ်ယောက်လုံးပါနေတာ မင်းကို သင်ပေးမယ် တို့၊ ငါတို့က ပစ်မထားပါဘူး၊ စိတ်မပူနဲ့တို့ ဆိုတဲ့ အခြေအနေမျိုးမဟုတ်ဘူး။ ကျွန်တော်ကတော့ မောင်ဖြူကို အဆိုပြုပါတယ်။ ကျွန်မကတော့ မနီကို အဆိုပြုပါတယ် ဆိုတာမျိုးလည်း လက်မခံဘူး။ မိမိကိုယ်မိမိ အဆိုပြုရဲတဲ့သူမှ လက်ခံမယ်လို့ တိုင်ပင်ခဲ့ကြတယ်။ ကျွန်မတော့ ဘယ်သူပါ။ ဒီလိုခေါင်းဆောင် လုပ်တဲ့အတွက် ကြေးစားငှားပြီးတော့လည်း အသတ်ခံရနိုင်တယ်။ အလုပ် ပြုတ်ပြီး မိသားစုကိုလည်း မထောက်ပံ့ရဘဲလည်း နေရနိုင်တယ်။ အဖမ်းခံရပြီး ထောင်လည်း အကျခံရနိုင်တယ်။ ဒါပေမဲ့ အလုပ်သမားအားလုံးရဲ့ ရှေ့ကို ထွက်ပြီး မားမားမတ်မတ်ရပ်မယ်ဆိုပြီး ရှေ့ထွက်ကြတယ်။ အလုပ်သမားတွေ ရဲ့ ဆန္ဒတွေသာ အဓိကထားကြမယ် လို့ ရည်ရွယ်ပြီး အလုပ်သမားတွေရှေ့မှာ ကတိသစ္စာတွေ အထပ်ထပ်ပေးခဲ့ကြပါတယ်။

အလုပ်သမားအရေးနှင့် လုပ်စားကြသူများ

တကယ်တော့ သမဂ္ဂစဖွဲ့ကတည်းက ပါဝါအသုံးချမှုတွေနဲ့ ရင်ဆိုင်ရတယ်။ အဲဒီအချိန် သုံးသပ်ချက်က နိုင်ငံရေးလုပ်စားသူလို့ သုံးသပ်ခဲ့ပါတယ်။ နောက် တစ်နည်းပြောရရင် အလုပ်သမားရေး လုပ်စားသူလို့လည်း သုံးသပ်ပါတယ်။ အဲဒီကာလက ကျွန်မတို့ရဲ့သမဂ္ဂကို အားနည်းသွားအောင်၊ ကျွန်မတို့ရဲ့ တိုင်ရီ သမဂ္ဂဝင်တွေရဲ့ တောင်းဆိုချက်တွေကို အားပျော့သွားအောင် ဖန်တီးခဲ့တဲ့ ပုဂ္ဂိုလ်တစ်စုရှိခဲ့တယ်။ သမဂ္ဂဖွဲ့ဖို့ စီစဉ်နေတာ သိပါရက်နဲ့ သူတို့လွှမ်းမိုးလို့ မရတော့ သူတို့လွှမ်းမိုးလို့ရမယ့် နောက်တစ်ဖွဲ့ဖွဲ့ဖို့ ပြင်ကြပါတယ်။ ဒါဟာ ကူညီဆောင်ရွက်သူတွေက လုပ်ကြတာဖြစ်ပြီး အလုပ်သမားတွေရဲ့ ရည်ရွယ်ချက် မဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။ တောင်းဆိုချက်တွေ မရဘဲနဲ့ ရလေဟန် အလုပ်သမား တစ်ရာကျော်လောက်နဲ့ တစ်နာရီလုပ်ခ (၁၀၀) ကျပ်နဲ့ သဘောတူစေခဲ့ပြီး အုပ်စုတစ်စု သင်းကွဲသွားအောင် ဖန်တီးခဲ့တဲ့ လွှတ်တော်အမတ်လောင်းလည်း ရှိခဲ့ပါတယ်။

အလုပ်သမားအချင်းချင်း ပူးပေါင်းဖို့ မကူညီဘဲ သီးသန့်ခွဲဖို့ တိုက်တွန်း ခဲ့ကြလို့ စက်ရုံတစ်ရုံထဲမှာ သမဂ္ဂ နှစ်ခုဖြစ်သွားခဲ့တယ်။ ဒါဟာ သွေးစည်း ညီညွတ်စေတဲ့ သဘောလုံးဝမပါဘဲ အားနည်းစေတဲ့အချက်ဖြစ်လို့ အတူတကွ ကြိုးစားကြမယ်ဆိုတာကို အချင်းချင်းတိုင်ပင်ခဲ့ကြပြီး တစ်နှစ်အတွင်းမှာပဲ သမဂ္ဂနှစ်ခုကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့ပါတယ်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းပြီးတဲ့နောက်မှာတော့ စက်ရုံတွင်းက ပြဿနာတွေကို စနစ်တကျဖြေရှင်းပြီး သမဂ္ဂရဲ့စည်းမျဥ်းနဲ့ အဖွဲ့ဝင်တွေရဲ့ ရည်ရွယ်ချက်အတိုင်း အလုပ်အမှုဆောင်အဖွဲ့က အလုပ်ဆင်းရက်တွေ ဖျက်ပြီး အခြားစက်ရုံအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဆောင်ရွက်ခဲ့ကြ တယ်။ ၂၀၁၁ အလုပ်သမားဥပဒေအရ မြန်မာနိုင်ငံမှာ ပထမဆုံးသမဂ္ဂဖြစ်လို့ ကိုယ့်သမဂ္ဂရဲ့ရှေ့မှာ အတုယူစရာသမဂ္ဂ မရှိဘူး။ ဒါကြောင့် နောက်ပေါ်ပေါက် လာမယ့် သမဂ္ဂတွေ လေ့လာအတုယူလို့ရအောင် မိမိတို့ရဲ့သမဂ္ဂဟာ စံပြဖြစ်ဖို့ တာဝန်ရှိတယ်ဆိုတာ အဖွဲ့ဝင်အားလုံးက လက်ခံထားကြတယ်။ နောက်ထပ် ပေါ်ပေါက်လာမယ့် သမဂ္ဂတွေကိုလည်း အများကြီး မျှဝေကူညီခဲ့ကြပါတယ်။

စက်ရုံတွင်းမှာတော့ အလုပ်သမားတွေနဲ့ ကျွန်မတို့ ဟန်ချက်ညီညီ ရသင့်တာတွေ ရအောင်ယူခဲ့တာတွေ ရှိတယ်။ အဲဒီထဲကနေ နှစ်ခုလောက် ဥပမာထည့်ပေးချင်ပါတယ်။

ကျွန်မတို့ သောက်နေရတဲ့ရေက စက်ရုံထောင့်က ရေပိုက်ခေါင်းလေး ကနေ ရေစစ်လေးနဲ့စစ်ပြီး အိုးထဲ သယ်ထည့်ထားတဲ့ရေ ဖြစ်တယ်။ တစ်ခါ တလေ ပိတ်စအပိုင်းအစလေးတွေနဲ့ ရေပိုက်ခေါင်းဝကိုကပ် သားရေကွင်းနဲ့ စွပ်ထားတော့ အော်တိုရေစစ် ပုံစံလေးပေါ့။ သောက်ရေနဲ့ ပတ်သက်ပြီး အလုပ်သမားတွေနဲ့ နားနေချိန်စကားဝိုင်းမှာ ပြောဖြစ်ကြတယ်။ တဖြည်းဖြည်း လူအုပ်များလာတယ်။ ဖန်တီးထားတာ မဟုတ်တဲ့ လူအုပ်ကြီးထဲမှာ လုပြော တာမျိုး မဟုတ်ဘဲ တစ်ယောက်တစ်လှည့် ထပြောတဲ့ ပုံစံဖြစ်အောင် ထိန်းမတ် ပေးလိုက်ရုံပဲ။ သောက်ရေနဲ့ ပတ်သက်တာတွေ ရင်ဖွင့်တယ်။

“ဒီရေက စက်ရုံက ခွေးတွေကို ပိုက်နဲ့တပ်ပြီး ရေချိုးပေးနေတယ်။ နောက်ပြီး ကားရေဆေးနေတယ်။ ဒါတွေကို သောက်နေရတာ အားလုံးသိရဲ့ လား။ ကျုပ်တော့ လက်မခံနိုင်တော့ဘူး။ ဒါကို ဘယ်လိုလုပ်ကြမလဲ။ ကဲ… သမဂ္ဂဘာလုပ်ပေးမလဲ” လို့ အလုပ်သမတစ်ယောက်က ထပြောတယ်။

တခြား အလုပ်သမတစ်ယောက်ကလည်း “သန့်ရှင်းရေးအလုပ်သမက လည်း အလုပ်သမားပဲမို့ ထိခိုက်စေလိုတဲ့ ဆန္ဒတော့မပါဘူး။ အိမ်သာ သန့်ရှင်းရေးလုပ်လိုက်၊ အမှိုက်သန့်ရှင်းရေးလုပ်လိုက်၊ ကျွန်မတို့ သောက်ရေ တွေ အိုးထဲဖြည့်လိုက်နဲ့ အဆင်မပြေဘူး။ အဲဒါလည်းလုပ်ပေးဦး” “သောက်ရေ ကို ဘူးထဲ ထည့်သောက်တာ နှစ်ရက်လောက်နေရင် ဘူးမှာ မည်းနေပြီ။ ရေတွေ ညစ်ပတ်တယ်။ သောက်ရေသန့်တာလေး သောက်ချင်တယ်။ လုပ်ပေး ပါ” စသဖြင့် အသံတွေက ကျွန်မတို့ ဘာလုပ်ရမလဲဆိုတာ မီးမောင်းထိုးပြနေပါ တယ်။

အလုပ်သမတစ်ယောက်က ကျွန်မတို့သမဂ္ဂရဲ့ ဥက္ကဋ္ဌတာဝန်ယူထား တဲ့ သူငယ်ချင်းဆီကို ရေဘုံပိုင်ကနေ ရေတစ်ခွက်ခပ်ပြီး ယူလာပြတယ်။ ဘာလုပ်ပေးမှာလဲ။ အဲဒီပြဿနာ ရှင်းဆိုပြီး ခိုင်းသွားတယ်။ ကျွန်မတို့ ဒီရေခွက်ကို ကိုင်ပြီး တစ်လိုင်းဝင်၊ တစ်လိုင်းထွက် လိုက်ပြတယ်။ စက်ရုံက ရေက သိပ်ကြောက်ဖို့ ကောင်းတယ်။ မသောက်ကြပါနဲ့။ လိုက်ပြီး လှုံ့ဆော် တယ်။ အလုပ်သမားတွေက စက်ရုံအပေါ်ကနေ “ကျွန်မတို့ကို ရေသန့်ဘူးလေး လာပို့ပေးပါ။ ရေဆာလို့ပါ” လို့ ထွက်အော်တယ်။ အပြင်ကလူတွေ ရေလာ တိုက်တယ်။ သမဂ္ဂရန်ပုံငွေနဲ့ ရေသန့်ကားတစ်စီးမှာပြီး ဒီရေကိုသာ သောက်ပါ လို့ ကြေညာလိုက်တယ်။ ပြီးမှ အလုပ်ရှင်ဆီသွားပြီး ရေခွက်ပို့ပေးလိုက်တယ်။ ကျွန်မတို့ချင်း မတိုင်ပင်ဘဲနဲ့ ကိုယ့်တာဝန်ကိုယ်ယူပြီး အကောင်အထည်ဖော် လိုက်တဲ့ လှုပ်ရှားမှုကြောင့် ရေသန့်စီစဉ်ပေးပြီး ရေသန့်စက်ဝယ်ပေးမယ်လို့ အလုပ်ရှင်က ကြေညာပေးလိုက်ပါတယ်။ ဒီရေသန့်စက်နဲ့ စံချိန်ဘယ်လောက် ထိ စစ်ပေးမှာလဲ။ စက်ပစ္စည်းအသစ်လဲလှယ်ဖို့ ဘယ်လိုအချိန်တွေမှာ လိုအပ် မှာလဲ ဆိုတာပါ လေ့လာပြီး စက်ပြင်အလုပ်သမားတွေက အမြဲစောင့်ကြည့် စစ်ဆေးပေးရင်း သောက်ရေသန့် သောက်ခဲ့ရပါတယ်။

ဒုတိယဥပမာကတော့ အလုပ်သမားတိုင်း လုပ်နေရတဲ့ စက်ရုံအတွင်း၊ စက်ရုံပြင်ပ သန့်ရှင်းရေးတာဝန်ဖြစ်ပါတယ်။ စနေနေ့ရောက်တိုင်း နေ့လယ် ထမင်းစားပြီးချိန် အနားယူရမယ့်အချိန်လေးမှာ ထမင်းစားဆောင်အပေါ်မှာ စကားစုပြောတဲ့အစီအစဉ် လုပ်ထားတာကြောင့် လူစုံကြပါတယ်။ သန့်ရှင်းရေး မပြောင်ရင် ပိတ်ရက်မှာ လာလုပ်ပေးရတာတွေ။ အလုပ်ဝင်နောက်ကျရင် မြက်နုတ်ရတာ။ စက်ရုံမှန်တွေ တိုက်ရတာတွေ မလုပ်ချင်ဘူး။ ရလားလို့ အလုပ်သမားတွေက မေးလာကြတယ်။ မလုပ်နဲ့လေ။ ရတယ်လို့ ဖြေခဲ့ပါတယ်။ မလုပ်ရင် အလုပ်ရှင်က သမဂ္ဂကို ခေါ်လိမ့်မယ်။ အဲဒီအခါမှ ကျွန်မတို့ ရှင်းမယ်။ ခုအချိန် ဘာမှမလုပ်ခြင်းဖြင့် သမဂ္ဂတာဝန်ထမ်းကြပါလို့ ဥက္ကဋ္ဌက ကြေညာ လိုက်ပါတယ်။ လိုင်းထဲ အမှိုက်ရှုပ်လာရင် နိုင်ငံခြားသားဆရာတွေကို ခေါ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းနေလို့ ငါတို့အလုပ်လုပ်ရတာ အဆင်မပြေဘူး။ စီစဉ် ပေးပါလို့ တောင်းဆိုကြတယ်။ ပြဿနာတွေ ရုံးပေါ် ရောက်သွားတော့မှ သမဂ္ဂ ခေါင်းဆောင်တွေ၊ ဌာနပေါင်းစုံက အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင်အဖွဲ့တွေ စားပွဲဝိုင်းမှာ စကားပြောကြတယ်။ ဒါ ဘာသဘောလဲလို့ အလုပ်ရှင်က မေးပါတယ်။ ကျွန်မတို့က အလုပ်ရှင်ကို နှစ်ပေါင်းများစွာ သန့်ရှင်းရေးအပိုင်းကို ကူညီခဲ့ပြီးပါပြီ။ အခု မကူညီနိုင်တဲ့အတွက် ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ဖို့ အချိန်တန်ပြီလို့ ပြောပြီး ပြန်ခဲ့လိုက်ပါတယ်။ စူပါတွေကနေ အဆင့်ဆင့် အလုပ်သမားတွေကို ဖိအားပေး သန့်ရှင်းရေးလုပ်ခိုင်းပေမယ့် အလုပ်သမားတွေ သတ္တိရှိရှိ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြပါတယ်။ နောက်တော့ သန့်ရှင်းရေးတာဝန်က စူပါတွေ၊ လီဒါတွေရဲ့ တာဝန် ဖြစ်သွားခဲ့ပါတယ်။ စူပါ၊ လီဒါတွေ မကျေနပ်ရာကနေ သမဂ္ဂထဲကို ဝင်ရောက်ပြီး ၂၀၁၄ လောက်မှာပဲ သမဂ္ဂမှာ မပါဝင်တာဆိုလို့ စကားပြန်ရယ်၊ နိုင်ငံခြားသားဆရာတွေရယ်၊ အောစူပါတွေရယ်ပဲ ကျန်ခဲ့ပါတော့တယ်။ သန့်ရှင်းရေးဝန်ထမ်းသစ်တွေ အများကြီးထပ်ခန့်ခဲ့ရပြီး စောစောပြန်ရတဲ့ စနေနေ့လို နေ့မျိုးတွေမှာ အလုပ်သမားတွေ ဖုန်ပေ၊ ရေစို၊ ညစ်ညစ်ပတ်ပတ် ပြန်ရတဲ့ အခြေအနေကနေ ကျော်လွှားခဲ့ပါတယ်။

အစကတည်းက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ လာဖို့အတွက်ပဲ သမဂ္ဂဖွဲ့ခွင့်ပြုထားတာဖြစ်လို့ အင်အားကြီးပြီး ပါဝါရှိတဲ့ သမဂ္ဂဖြစ်လာမှာ အလုပ်ရှင်ရော အစိုးရပါ မလိုလားကြပါဘူး။ မလိုလားလို့လည်း ဥပဒေပဲ ရေးဆွဲပြီး နည်းဥပဒေ (သမဂ္ဂ ဘယ်လိုဖွဲ့ရမလဲ ဆိုတဲ့ပုံစံ) ကို အစိုးရက မလုပ်ထားပါဘူး။ ပြဿနာတစ်ခုပြီးတစ်ခု အလုပ်ရှင်နဲ့ ညှိနှိုင်းပြီး သမဂ္ဂဖြစ်ဖို့ အထိ မဆုတ်မနစ်လုပ်လာတော့မှ နည်းဥပဒေကို အဆောတလျင် ရေးဆွဲ အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။ သမဂ္ဂဖွဲ့ပြီးပေမယ့် ရန်ပုံငွေ ကန့်သတ် တာတွေ၊ လစဉ် အစိုးရဆီကို ရှင်းတမ်းပေးရတာတွေက အလုပ်သမားဖြစ်တဲ့ ကျွန်မတို့အတွက်တော့ တကယ်ခက်ခဲတဲ့အလုပ်တွေ ဖြစ်ပါတယ်။ အလုပ် သမားသမဂ္ဂတွေက ဒီစာရင်းဇယားပြဿနာတွေ၊ စက်ရုံတွင်းပြဿနာတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ပြီး ရှေ့မဆက်နိုင်ခဲ့ဘူး။ ဒါကိုဖောက်ထွက်ဖို့အတွက် နည်းလမ်းတွေကိုလည်း စဉ်းစားခဲ့ရတယ်။ သမဂ္ဂအလုပ်အမှုဆောင်တွေတင် မက အလုပ်သမားတွေလည်း သမဂ္ဂရဲ့တာဝန်တွေ လုပ်နိုင်အောင်၊ တက်ကြွ အောင် အစိုးရသတ်မှတ်ချက်တွေကို ဘေးဖယ်ပြီး အလုပ်သမားအားလုံးရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆိုတာတွေနဲ့ပဲ သမဂ္ဂကို ရှေ့ဆက်ခဲ့ကြ ပါတယ်။ ငွေကြေးစာရင်းဇယားတွေလည်း အစိုးရစစ်မှာ ကြောက်လို့မဟုတ်ဘဲ အလုပ်သမားတွေ သံသယဝင်တာတွေ၊ မရှင်းလင်းတာတွေ မဖြစ်ဖို့ တင်းတင်း ကျပ်ကျပ် စနစ်တကျ အလုပ်သမားအားလုံး နားလည်တဲ့ နည်းလမ်းနဲ့ လစဉ် စုံညီအစည်းအဝေး လုပ်ကာ ရှင်းလင်းခဲ့ကြပါတယ်။

မန္တလေးတိုင်းက အလုပ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌကို သမဂ္ဂရန်ပုံငွေ မရှင်းလင်းဘူး။ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ ဆွဲချက်နဲ့ နှစ်ပတ် (တရားရုံးလို ဆိုရင် ရမန်တစ်ပတ်) အချုပ်ချခဲ့တယ်။ အချုပ်ထဲထည့်ပြီးမှ ငွေစာရင်းစစ်တာ ဖြစ်တဲ့အတွက် အမှားမရှိဘူး။ အလွဲသုံးစား မလုပ်ထားဘဲနဲ့ သမဂ္ဂဥက္ကဋ္ဌက ထောင်ထဲမှာ နှစ်ပတ်နေလိုက်ရတယ်။ ဒါက သမဂ္ဂကို အားနည်းအောင်လုပ်တဲ့ နည်းလမ်းဖြစ်တဲ့အတွက် ငွေကြေးက သမဂ္ဂရဲ့အသက်ပဲလို့ ကျွန်မတို့ ကင်ပွန်း တပ်ခဲ့ပါတယ်။ အသက်ဆိုတာက မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့ အဓိပ္ပာယ် ကောက်ကြပေမယ့် ကျွန်မတို့ရဲ့ရည်ရွယ်ချက်က သမဂ္ဂရဲ့ စည်းလုံးညီညွတ်မှု ကို သေအောင် သတ်လိုက်နိုင်လို့ အထူးဂရုစိုက်ပြီး အစည်းအဝေးဆုံးဖြတ်ချက် တွေ လုပ်ပြီးမှ ငွေကြေးသုံးစွဲကြဖို့ နောက်ဖြစ်လာမယ့် သမဂ္ဂတွေကို သင်ခန်းစာတွေ ဝေမျှခဲ့ပါတယ်။

အလုပ်သမားတွေကို မစုစည်းစေချင်တဲ့ အစိုးရနဲ့ သမဂ္ဂဆန့်ကျင်ရေး ဥပဒေများ၊ အဖွဲ့အစည်းများ

သမဂ္ဂဖြစ်ဖို့ အဟန့်အတားတွေ အများကြီးလုပ်ထားတဲ့ ဥပဒေတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ သမဂ္ဂဖြစ်ခွင့် ပေးထားတဲ့ပုံစံက စက်ရုံတစ်ခုတည်းက အလုပ်သမားတွေနဲ့ပဲ သမဂ္ဂဖြစ်ခွင့်ပေးထားပြီး လုပ်ငန်း မတူတာတွေ အတူတူ ဖွဲ့ခွင့် မရှိပါဘူး။ တစ်ရုံထဲက အလုပ်သမားသုံးဆယ်ကျော်မှ စက်ရုံထဲက အလုပ်သမားတွေအားလုံးထဲက တစ်ဆယ်ရာခိုင်နှုန်းက ထောက်ခံတဲ့ လက်မှတ် စသဖြင့် အလုပ်ချိန် ပြင်ပမှာ အဆင့်ဆင့် ခက်ခက်ခဲခဲ စုဆောင်း စည်းရုံးပြီးမှ ဖွဲ့ကြရပါတယ်။ အဲဒီလို ခက်ခက်ခဲခဲဖွဲ့စည်းရတဲ့ လုပ်ငန်းတူ အခြေခံသမဂ္ဂအဖြစ်ကနေ မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ အဖွဲ့ချုပ်အဆင့် ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံထဲကို အခြေခံမရှိ၊ အလုပ်သမားမရှိဘဲ အလုပ်သမား အဖွဲ့ချုပ်တစ်ခုကို ထူးဆန်းစွာ ရောက်လာခဲ့တယ်။ ကျွန်မတို့ တိုင်ရီအလုပ်သမားသမဂ္ဂကို သူတို့ အဖွဲ့ထဲကို ဝင်ဖို့ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံထဲမှာ သမဂ္ဂအရေအတွက် လက်ချိုးရေလို့ ရတဲ့အချိန် ဖြစ်ပါတယ်။

ကျွန်မတို့သိထားတာက ဒီစာအုပ်ထဲကအတိုင်း နှစ်တွေချီပြီး အဆင့်ဆင့် ကြိုးစားကြရင်၊ ရေခြားမြေခြားတွေထိ သမဂ္ဂနဲ့ပတ်သက်တဲ့ သွေးစည်းညီညွတ်မှုတွေ တည်ဆောက်နိုင်ကြရင် အလုပ်သမားအဖွဲ့ချုပ်ကြီး က ဗဟိုအဆင့်ထိရောက်ကြမှာလို့ တွေးခဲ့ကြပေမယ့် အဖွဲ့ချုပ်တစ်ခုက သူ့ အလိုလို ပြည်တွင်းမှာ ပေါ်ပေါက်လာလေရဲ့။ ဖိတ်စာတွေနဲ့ ကမ်းလှမ်းလို့ သွားပြီးလေ့လာခဲ့ပေမယ့် ကျွန်မတို့ လိုချင်တဲ့ အလုပ်သမားအခွင့်အရေး ကြိုးစားမယ့်ပုံက သူတို့ ချထားတဲ့ ပလန်လိုမျိုး မဟုတ်ဘူး။ သူတို့က ဘာတွေ လုပ်မယ်ဆိုတာ အလုပ်သမားတွေနဲ့ စကား မပြောဘဲနဲ့ သူ့ပလန်နဲ့သူ ရှိနေ ပြီးသားဆိုတာ သိလိုက်ရလို့ လက်တွဲဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြတ်ပြတ် သားသားပဲ ဆုံးဖြတ်တယ်။

နောက် သမဂ္ဂကို သတ်တဲ့နည်းကတော့ ပြင်ပအဖွဲ့အစည်းတွေ ဖြစ်ပါ တယ်။ စက်ရုံတွင်း ပြဿနာတွေနဲ့တင် ပိတ်နေလို့ မရဘူး။ အခြားစက်ရုံတွေ ကိုလည်း အားပေးတာ၊ အကြံပေးတာတွေ လုပ်ကြမယ်လို့ ဆုံးဖြတ်ပြီး အလုပ်သမားသပိတ်တွေကို အလှည့်ကျ ဝန်းရံတဲ့ပုံစံလေး လုပ်ခဲ့ကြပါတယ်။ ကျွန်မတို့ တိုင်ရီသမဂ္ဂက ပြင်ပအဖွဲ့တွေ၊ အလုပ်ရှင်တွေရဲ့ကြားမှာ မျက်မုန်း ကျိုးစရာ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သမဂ္ဂအချင်းချင်းတော့ မျက်မုန်းကျိုး လိမ့်မယ်လို့တော့ မထင်ခဲ့မိပါဘူး။ အလုပ်သမားတွေက ခဲနဲ့ ပေါက်ထုတ်မယ့် အခြေအနေတွေနဲ့တောင် ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံရေးသမားတွေက သူတို့ ချဉ်းကပ်လို့ မရမှာစိုးပြီး ကျွန်မတို့နဲ့ အလုပ်သမားတွေကို ပြဿနာဖြစ်ဖို့ ဖန်တီးကြပါတော့တယ်။ အလုပ်သမားရဲ့ လက်ခုပ်သံကို ရရုံသက်သက် ကတော့ စကားလုံးတွေ ခြွေလိုက်လို့ရပါတယ်။ သို့သော် အလွဲမရောက်ဖို့ တားတဲ့အခါမှာ အလုပ်သမားတွေအတွက် ခါးသီးလွန်းတာကို တွေ့ရတယ်။ ကျွန်မတို့ အလုပ်သမတွေက အခြေအနေတူတဲ့သူတွေ တစ်ဖက်က နိုင်ငံခြား ပြန်၊ ရှေ့နေ၊ လွှတ်တော်အမတ်၊ ထောင်ထွက် စသဖြင့် ပါဝါမျိုးစုံနဲ့ ခံပြင်းနေတဲ့ အလုပ်သမားတွေရဲ့ စိတ်ကို ဆွဲလှုပ်နိုင်စွမ်းရှိကြတယ်။ သို့သော် ရည်ရွယ်ချက် က ဘာပါလဲလို့ မေးခွန်းထုတ်လိုက်လို့ ဆတ်ဆတ်ခါအောင်နာတဲ့ ကျောင်းသား ခေါင်းဆောင်ဆိုတဲ့ ထောင်ပြန်တွေကလည်း ရှိပါသေးတယ်။

တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည်ကို အားကျ အတုယူကြတဲ့ အလုပ်သမားတွေ ရှိကြပေမဲ့ “ရွာနားကမြက် ရွာနွားမစား” ဆိုတဲ့အတိုင်း အလုပ်သမားအချင်းချင်းထက် ပါဝါရှိတဲ့သူမျိုး၊ ခေါင်းစဉ်ကြီးကြီး နဲ့ မိတ်ဆက်လာတဲ့သူမျိုးမှ (ဥပမာ ကျုပ်ကတော့ လွှတ်တော်ကိုယ်စားလှယ် လောင်းပါတို့၊ ဘယ်နှစ်ခုနှစ်ရွေးကောက်ပွဲမှာ မဲနိုင်ပြီး စစ်တပ်က အာဏာသိမ်း လို့ ထောင်ထဲဝင်ခဲ့ရပြီး မနေ့ကမှ လွတ်လာတာတို့၊ ကျုပ်ကတော့ ကျောင်းသားခေါင်းဆောင်တို့) အထင်ကြီးကြတယ်။ အဲဒီလိုလူတွေက အလုပ်သမားရေးကို တကယ်ကို စေတနာပါပါလုပ်ရင် ကျွန်မတို့ မကြိုဆို နိုင်စရာအကြောင်း လုံးဝ မရှိပါဘူး။ ဒါပေမဲ့ အလုပ်ရှင်ဆီကို တောင်းဆိုဖို့ စက်ရုံရှေ့မှာ သပိတ်မှောက်နေတဲ့ အလုပ်သမားတွေကို ကူညီဖို့ လာပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေက သူတို့ခေါင်းဆောင် နိုင်ငံခြားက ဂုဏ်ထူးဆောင်ဘွဲ့တွေ ယူပြီး ပြန်လာတာကို သွားကြိုဖို့ သပြေပန်းတွေ၊ စံပယ်ပန်းတွေ ကိုင်ခိုင်းပြီး လေယာဉ်ကွင်းကို သပိတ်မှောက်နေတဲ့ အလုပ်သမားတစ်ဖွဲ့လုံးကို သပိတ်ထဲ က အခေါ်ထုတ်ခံရကတည်းက အလုပ်သမားတွေအပေါ်မှာ အမြတ်ထုတ်လာ ကြတာကို ကျွန်မတို့ ရင်နာနာနဲ့ လက်ပိုက်ကြည့်နေခဲ့ရတယ်။ အလုပ်သမား တွေ သပိတ်ထဲမရှိဘဲ လေယာဉ်ကွင်းထဲ ရောက်နေတာက အလုပ်ရှင်ရဲ့ အကွက်ထဲ ရောက်သွားတဲ့ အဲဒီလိုအချက်တွေကြောင့် အလုပ်သမားတွေ အလုပ်တွေပြုတ်ကြတယ်။ ဘယ်သူ့မှာ တာဝန်ရှိလို့ ဘယ်သူတာဝန်ယူမှာမှန်း မသိတဲ့ အလုပ်သမားတွေက အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြတယ်။ ဒါတွေက မှားနေတယ်လို့ပြောမယ့် ကျွန်မတို့ကိုတော့ အလုပ်သမားနဲ့ ရန်ပြန်တိုက်ပေး နေတော့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေ နှောင့်နှေးခဲ့ရတယ်။

အလုပ်ခွင်ထဲကပေးတဲ့ ဖမ်မနင်ဇင်အသိ

ပေထရီအာခီဆိုတာကို စပြီးလေ့လာမိချိန်မှာ ကျွန်မတို့လုပ်ငန်းခွင်ထဲမှာ အဆင့်ဆင့်ဖိနှိပ်ဖို့ သတ်မှတ်ထားတဲ့ နည်းလမ်းတွေ၊ အာဏာရှိသူက အာဏာ ပြတာ ဖိနှိပ်အမြတ်ထုတ်ခံရသူအနေနဲ့ ချက်ချင်း ချိတ်ဆက်မိပါတယ်။ မိသားစု အတွင်းမှာရော ကိုယ့်ပတ်ဝန်းကျင်မှာပါ ‘ကျား’ဖြစ်လို့ လုပ်လို့ရတာ၊ ‘ကျား’ မဖြစ်လို့ လုပ်လို့မရတာဆိုတဲ့ သတ်မှတ်ချက်တွေကိုလည်း ရှင်းလင်းစွာ မြင်ခဲ့ တယ်။ ကျွန်မရဲ့ ထင်မြင်ချက်က ပါဝါရနေသူက သူပါဝါတက်ဖို့အတွက် အလုပ်သမားတွေကို အသုံးချတာ ပေထရီအာခီပဲ။ သူ့ကို ပါဝါပေးသူတွေ ကကော သူတို့အဖွဲ့အစည်း ပေါ်ပင်ဖြစ်ဖို့၊ လူသိများဖို့အတွက် ပါဝါရနေတဲ့ သူကို မြောက်စားတာ၊ ဂုဏ်ပြုတံဆိပ်တွေ ချီးမြှင့်တာကလည်း ပေထရီအာခီ တစ်မျိုးပဲ။ ချီးမြှောက်ခံရတဲ့ သူတွေကလည်း ပေထရီအာခီရဲ့ အောက်က မလွတ်ဘူး။ သူကိုယ်တိုင်လည်း အသုံးချခံရလို့ ပေထရီအာခီအောက်က မလွတ်ဘူးဆိုတဲ့ အယူအဆတွေအထိ ပြန်ပြန်ပြီး သုံးသပ်နားလည်ခဲ့ရပါတယ်။ အဓိကကတော့ အာဏာရှိသူ၊ ပါဝါရှိသူတွေဟာ အလုပ်ခွင်ထဲမှာ၊ ခေါင်းဆောင် နေရာတွေမှာ ယောက်ျားတွေပဲဖြစ်နေတော့ ပါဝါနဲ့ ပေထရီအာခီ၊ အလုပ်သမား လောကကို ဖိနှိပ်မှုတွေ ဆက်ဖြစ်စေတဲ့ ပေထရီအာခီ အလွယ်တကူ ချိတ်ဆက် နိုင်ခဲ့ပါတယ်။

ကိုယ်တွေ့ကြုံရတဲ့ တရားစီရင်ရေး

၂၀၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ ဟာသမြောက်ပါတယ် ဆိုတာကိုလည်း အလုပ်သမားတွေကို မျက်ဝါးထင်ထင် ချပြနိုင်ခဲ့သေးတယ်။ တစ်ဆက်တည်းပြောချင်တာက ကျွန်မတို့ သမဂ္ဂရဲ့ မအောင်မြင်ခဲ့တဲ့ အချိုး အဆစ်တစ်ခုလို့လည်း ပြောရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ ကျရှုံးခဲ့တဲ့ အပိုင်းကိုလည်း သင်ခန်းစာယူနိုင်ဖို့ ချပြဖို့ လိုကိုလိုအပ်ပါတယ်။ တိုင်ရီ ဖိနပ်စက်ရုံရဲ့ သူဌေးက သမဂ္ဂရဲ့ အလုပ်အမှုဆောင်နှစ်ဦးဖြစ်တဲ့ ကျွန်မနဲ့ ကျွန်မရဲ့သူငယ်ချင်း (သမဂ္ဂဥက္ကဋ္ဌနဲ့ ဘဏ္ဍာရေးမှူး) ကို အလုပ်ထုတ်ခဲ့တယ်။ ကျန်းမာရေးကြောင့် ဖူလုံရေးဆရာဝန်ရဲ့ လက်မှတ်နဲ့ အနားယူခဲ့တယ်။ ဒါပေမဲ့ ဖူလုံရေးခွင့်စာရွက်ကို အသိအမှတ်မပြုဘူးဆိုပြီး အလုပ်ထုတ်ခဲ့တယ်။ တကယ်တော့ ဖူလုံရေးခွင့်ကို စက်ရုံတစ်ခုလုံး ခံစားခွင့်ရဖို့ ကျွန်မတို့အားလုံး ကြိုးစားခဲ့ပါတယ်။ ဖူလုံရေးခွင့် အသိအမှတ်မပြုလို့ အလုပ်ထုတ်တာဆိုတာ ထက် အလုပ်ဖြုတ်ချင်လို့ကို ဖြုတ်ခဲ့တာပါ။ ဒါဟာ သမဂ္ဂကို ဖြိုခွဲတာပဲဆိုပြီး သမဂ္ဂဝင်တွေ အားလုံးရဲ့ (၇၀) ရာခိုင်နှုန်းက သပိတ်မှောက်ဖို့ ဆုံးဖြတ်ကြ တယ်။ (၃၀) ရာခိုင်နှုန်းက မြန်မာနိုင်ငံမှာရှိတဲ့ ၂၀၁၂ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအတိုင်း ဆက်သွားကြရအောင်လို့ တောင်းဆိုကြပါတယ်။ (၇၀) ရာခိုင်နှုန်းက ဥပဒေကို မယုံကြည်ကြဘူးဆိုတာ သိရလို့ တစ်ချက်တော့ ဝမ်းသာခဲ့ရပါတယ်။ သပိတ်မမှောက်သင့်ဘူးဆိုတဲ့ (၃၀) ရာခိုင်နှုန်းက တားမြစ်ပေမဲ့ ဒီမိုကရေစီနည်းကျဆိုတဲ့ နည်းလမ်းအတိုင်း မဲများတဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့တွေ အကောင်အထည်ဖော်ပေးခဲ့ရပါတယ်။

သမဂ္ဂမှာ သဘောထားကွဲလွဲတာတွေ ဖြစ်ပေါ်ခဲ့ပြီး သပိတ်ပါတဲ့သူနဲ့ မပါတဲ့သူတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ကာ အင်အားလျော့သွားခဲ့ပါ တယ်။ ရလိုက်တဲ့ သင်ခန်းစာက အလုပ်သမားသပိတ်က အလုပ်သမားတွေ ဆန္ဒရှိတုန်း သပိတ်မလုပ်ဖို့ တားလိုက်မိရင် အလုပ်သမားထုစည်းလုံးမှုကို ပျက်စေတယ်ဆိုတဲ့သင်ခန်းစာ ရလိုက်ပါတယ်။ ဒါကို သင်ခန်းစာယူပြီး သပိတ်နဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ ဆန္ဒအတိုင်းပဲ သွားကြမယ်။ သပိတ်ဖြစ်အောင် လှုံ့ဆော်လို့လည်း မရဘူး။ ထိန်းချုပ်ဖို့ မကြိုးစားတော့ဘူး ဆိုတဲ့ သင်ခန်းစာတွေ ရလိုက်ပါတယ်။ အလုပ်သမားတွေ ပြိုကွဲတော့ အလုပ်ရှင်ဝမ်းသာပြီး အခြေအနေပေးတဲ့အခိုက် သမဂ္ဂကို ရည်ရွယ်ချက်ရှိရှိ ဖြိုမယ့် နောက်ထပ်နည်းလမ်းကို အလုပ်ရှင်ရဲ့ရှေ့နေက အကြံပေးချက်အရ အလုပ်ရှင်က စူပါဗိုက်စာတစ်ယောက်ကို ဒုမန်နေဂျာ ရာထူးပေးပြီး တရားလို လုပ်ပြီး တရားစွဲခိုင်းတယ်။ အလုပ်သမားကို အလုပ်သမားနဲ့ ပြန်တိုက်ခိုင်း တာပါ။

သမဂ္ဂမှာ တက်ကြွတဲ့သူ (၁၀) ဦးကို ရွေးချယ်ပြီး စက်ရုံပေါက်ကို လက်ချင်းချိတ်ပြီး ပိတ်ထိုင်ပါတယ်ဆိုပြီး လိမ်ညာအမှုဖွင့်ခဲ့တယ်။ (၁၀) ယောက်ထဲမှာ စက်ရုံရှေ့မှာ ရှိမနေတဲ့သူတွေတောင်ပါတယ်။ သပိတ်မှောက် နေတဲ့ အလုပ်သမားတွေကို ကြောက်သွားအောင်၊ သမဂ္ဂကို ပြိုကွဲသွားအောင် အလုပ်အမှုဆောင်တွေအပါအဝင် (၁၀) ယောက်ကို တရားစွဲခဲ့တယ်။ တရားရုံး မှာ အာမခံပေးမယ့်သူ မရှိရင် တစ်ဦးကို ဆယ်သိန်းစီ အာမခံနဲ့ ခံဝန် လုပ်ခိုင်းတာကို ခရိုင်ရုံးအထိတက်ပြီး မိမိတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သိက္ခာနဲ့ အာမခံထားပါတယ်ဆိုတာ လျှောက်ထားနိုင်ခဲ့တယ်။ ဓာတ်ပုံရက်စွဲ အမှားတွေ၊ မိုးမရွာဘဲလည်း မိုးရွာထဲ ထီးဆောင်းရင်း စည်းဝေးပြောတဲ့ ဓာတ်ပုံတွေနဲ့ လိမ်ညာအမှုဖွင့်တာကို တရားသူကြီးကလည်း အပြစ်ရှိပါတယ်လို့ အမိန့်ချခဲ့ တယ်။ ရှေ့နေအကူအညီယူထားပေမယ့် အလုပ်သမားရေးနဲ့ပတ်သက်လို့ မပြောရဆိုတဲ့ အမိန့်ကို တရားသူကြီးက အမိန့်ထုတ်ထားလို့ ပြောတဲ့ရှေ့နေက လိုင်စင်သိမ်းခံရမှာ ဖြစ်တယ်။ ဒါကြောင့် ငှားထားတဲ့ရှေ့နေကို ပါဝါပြန်ရုတ်ပြီး ကိုယ်တိုင်အမှုကို ရင်ဆိုင်ခဲ့တယ်။ ကျွန်မတို့မှာ လိုင်စင်မှ သိမ်းစရာမရှိသလို အလုပ်သမားဖြစ်လို့ တရားရုံးလုပ်ထုံးအတိုင်း မဟုတ်ဘဲ မကျေနပ်ရင် ဖမ်းလိုက်ဆိုတာမျိုးနဲ့ ဆတ်ဆတ်ထိမခံ အမှုကို ရင်ဆိုင်ခဲ့တယ်။ ၂၀၁၈၊ စက်တင်ဘာ (၁၅) မှာ တရားသူကြီးက ဒဏ်ငွေ (၅၀၀) အမိန့်ချခဲ့တယ်။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းကတော့ မတရားတဲ့အမိန့်ကို မလိုက်နာနိုင်ဘူးလို့ ငြင်းဆန်ခဲ့ပြီး အင်းစိန် ‘မ’ တိုက်ထဲမှာ တစ်ပတ်တိတိ အကျဉ်းချခံခဲ့ရတယ်။ ကျန် (၈) ယောက်ကလည်း မတရားမှန်းသိပေမဲ့ စာမေးပွဲဖြေမယ့်သူနဲ့ မိဘ တွေ မသိဘဲ အမှုရင်ဆိုင်ရတဲ့သူနဲ့မို့ ဒဏ်ငွေဆောင်လိုက်ကြတယ်။ ဒါကလည်း မိန်းကလေးထောင်ကျရင် သိက္ခာတွေ ကျတယ်။ မျိုးရိုးဂုဏ်သိက္ခာ ကျဆင်း တယ်။ မွေးချင်းမောင်နှမတွေ ကြားထဲမှာ အစိုးရဝန်ထမ်းရှိခဲ့ရင် ရာထူး မတိုး တော့ဘူး စသဖြင့် ဓလေ့တွေ၊ စောင့်ထိန်းရမယ့် တာဝန်တွေကြောင့်လည်း ပါပါတယ်။

သမဂ္ဂဝင်တွေအားလုံးက အလှည့်ကျ ရုံးချိန်းကို ဝန်းရံခဲ့ကြပြီး ကျွန်မ တို့ကလည်း ရုံးချိန်းသွားမယ့်နေ့တိုင်း စက်ရုံရှေ့လမ်းမပေါ်မှာ တက်တက် ကြွကြွနဲ့ အားမလျှော့တဲ့အကြောင်း ဟောပြောပွဲပုံစံမျိုး လုပ်လေ့ရှိပြီး အာဏာ ပါဝါအလွဲတွေနဲ့ မတရားတဲ့တရားရေးကို မျက်ဝါးထင်ထင် တွေ့သွားကြအောင် အမှုအခြေအနေတွေကို ရှင်းပြခဲ့ကြတယ်။ ဒီလိုခေါင်းဆောင်တွေကို ရှင်းထုတ် လိုက်လို့ သမဂ္ဂမှာ အားနည်းသွားစရာလားဆိုတဲ့စိတ်၊ အလုပ်သမားတွေ ရင်ထဲမှာ ကိုယ်စီရှိနေကြသလို အရင်ထက် တက်တက်ကြွကြွနဲ့ ပါဝင်လာ ကြပါတယ်။ ဒီကနေ အလုပ်ရှင်တွေကို ပေးလိုက်နိုင်တဲ့ သင်ခန်းစာကတော့ ဖိနှိပ်မှုများလေလေ တွန်းကန်အားများလေလေပဲ ဆိုတာပါ။

အလုပ်သမားတွေကတော့ မန်နေဂျာ အမျိုးသမီးနှစ်ယောက်ကို မုန်းတီးနေကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ကိုယ့်ကိုလာထိတဲ့ ခဲလုံးက ဘယ်သူပစ်တာလဲဆိုတဲ့ တရားခံအစစ်၊ ပြုလုပ်သူအစစ်ကို အလုပ်သမားတွေ မြင်အောင် အလုပ်ရှင်ရဲ့ခိုင်းစေမှုကို အကောင်အထည်ဖော်ပြီးဆောင်ရွက်ခဲ့တဲ့ အငှားတရားခံတွေသာ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ဆွေးနွေးသုံးသပ်ခဲ့ကြပါ တယ်။ ဆွေးနွေးတာတွေကို ပြန်သုံးသပ်မယ်ဆိုရင်လည်း ကျွန်မတို့ကို တရားစွဲ ဆိုတဲ့ တရားလိုတွေဟာ မိန်းမတွေဖြစ်တယ်။ မိန်းမတွေက အရင်းရှင်ရဲ့ တောင်းဆိုမှုအတိုင်း အလုပ်သမားတွေအပေါ်မှာ မတရားအမှုဆင်ခဲ့တဲ့အတွက် ဒါက ပေထရီအာခီပါပဲ။ ဒီလို တရားစွဲခဲ့တဲ့အတွက် သာမန်စူပါတစ်ယောက်က မန်နေဂျာရာထူးကို လက်ခံခဲ့တာကို ပြန်သုံးသပ်မယ်ဆိုရင် အရင်းရှင်ကလည်း ဒီစူပါကို အသုံးချပြီး ဖိနှိပ်စေတာဖြစ်လို့ စူပါကို ပေထရီအာခီကျင့်ခဲ့တာ ဖြစ်တယ်။ မန်နေဂျာတာဝန်ယူလိုက်တဲ့ စူပါကလည်း သူ့ရဲ့အာဏာနဲ့ အကျိုး အမြတ်တည်မြဲတိုးတက်ရေးအတွက် အလုပ်သမားတွေအပေါ်ကို ပေထရီအာခီ ကျင့်ခဲ့တာပါပဲ။

သမဂ္ဂကွန်ရက်

အလုပ်သမားစစ်စစ်တွေသာ အင်အားစု ကောင်းကောင်းစုစည်းနိုင်ခဲ့ရင် အလုပ်သမားတွေအတွက် ထိထိရောက်ရောက် ကူညီဆောင်ရွက်နိုင်မှာ ဖြစ်သလို အလုပ်သမားတွေကလည်း ယုံယုံကြည်ကြည် လေးလေးစားစား ပူးပေါင်းဆွေးနွေးလာကြလိမ့်မယ်လို့ တိုင်ပင်ဖြစ်ကြတယ်။ ဒါကြောင့် အစည်း အဝေးတိုင်းမှာ အနယ်နယ်အရပ်ရပ်က အလုပ်သမားခေါင်းဆောင်တွေနဲ့ ဆုံတွေ့တိုင်း သွေးစည်းညီညွတ်ရေးကို ရှေးရှုပြီး မိမိတို့ရုံးကို ဖိတ်ခေါ်ကာ အလုပ်သမားရေး အပြန်အလှန်ဆွေးနွေး ငြင်းခုန်တာတွေ တောက်လျှောက် လုပ်ကိုင်ခဲ့ပါတယ်။ အစပိုင်း ရည်ရွယ်ချက်ကတော့ အလုပ်သမားသမဂ္ဂတွေ ချည်း စုစည်းပြီး လုပ်စရာရှိတာတွေ တိုင်ပင်ကြမယ်။ အမြင်မတူတာတွေ ငြင်းကြမယ်ပေါ့။ ဒါကြောင့် အလုပ်သမားသမဂ္ဂကွန်ရက်ကို ၂၀၁၃၊ မေဒေးနေ့ မှာ ဖွဲ့စည်းခဲ့ပြီး ကျွန်မတို့ ရန်ပုံငွေနဲ့ ငှားရမ်းခဲ့တဲ့ ရုံးခန်းမှာပဲ တွေ့ဆုံဆွေးနွေး တာတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး အလုပ်သမားအငြင်းပွားမှုတွေကို တိုင်ပင် ဖြေရှင်းခဲ့ကြတယ်။

အစည်းအဝေးမှာ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ကွန်ရက် ဆိုတာက သမဂ္ဂတွေဟာ ဒီမိုကရေစီ သဘောမဟုတ်ဘဲ ကိုယ့်သမဂ္ဂက သဘောမတူရင် လုပ်စရာမလိုဘဲ တူတဲ့သူများ ပေါင်းစည်း လုပ်ကိုင်ကြမယ်၊ ကိစ္စတစ်ခု သဘောမတူပေမဲ့ နောက်အစည်းဝေးတွေမှာလည်း ပါဝင်ဆွေးနွေး ပြီး အတူတကွလုပ်ဆောင်နိုင်တဲ့ သဘောမျိုးပါလို့ ဆွေနွေးပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ကွန်ရက်ထဲမှာ အလုပ်သမားသမဂ္ဂတွေချည်းမဟုတ်ဘဲ သမဂ္ဂ တွေကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပြင်ပပုဂ္ဂိုလ်တွေလည်း ပါဝင်လာတာဖြစ် တာကြောင့် သိပ်မရိုးရှင်းပါဘူး။ အခမ်းအနားတွေနဲ့ လုပ်ချင်တာတို့၊ လိုတဲ့ ပိုက်ဆံကို တာဝန်ယူကြမှာတို့၊ အလုပ်သမားတွေအချင်းချင်းကလည်း ကိုယ်စီ ကိုးကွယ်ကြရတဲ့ ဦးဆောင်သူတွေရှိကြတာတို့နဲ့ အချင်းချင်း သွေးကွဲကြရ တယ်။ ဒါကြောင့် ကွန်ရက်ကို တက်ကြွစွာဖွဲ့ခဲ့ပေမဲ့ အဖွဲ့ထဲက ကျွန်မ အစောဆုံး ထွက်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူ တွေနဲ့ ၎င်းတို့ကူညီဖွဲ့စည်းပေးခဲ့တဲ့ သမဂ္ဂတွေက ယနေ့အထိ ကွန်ရက်ကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်နေကြပါတယ်။

ကျွန်မတို့ တူရာတူရာသမဂ္ဂတွေက နောက်ထပ်အင်အားသစ်တစ်ခု ရှာဖွေကြရင်း အလုပ်သမားအဖွဲ့ချုပ် (ယာယီ) (Myanmar Trade Union Federation—MTUF) ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ကြတယ်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ (၁၅) မှာ ညီလာခံတစ်ရပ်ကျင်းပပြီး အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် အဆိုပြုခံရတဲ့သူကို အလုပ်သမားလောကမှာတော့ မမြင်ဖူးဘူး။ သူ့ကို အဆိုဝိုင်းပြုကြတဲ့သူတွေကတော့ ကိုယ့်လို သမဂ္ဂ ခေါင်းဆောင်တွေပဲ ဆိုတော့ ထောက်ခံလိုက်တယ်။ ကိုယ်တိုင်လည်း အဖွဲ့ချုပ် မှာ အမှုဆောင် တာဝန်ယူခဲ့ပေမဲ့ ဘဏ္ဍာရေးကအစ ဘာတစ်ခုမှ အခြေခံကို ရှင်းမပြနိုင်ခဲ့ဘူး။ နောက်ညီလာခံတစ်ခု မရောက်ခင်အထိ မကျေမလည်နဲ့ဘဲ အဆုံးသတ်ခဲ့ ရတယ်။

အလုပ်သမားတွေအတွက် ရှေ့ထွက်လာခဲ့ပြီးမှတော့ အဓိကက အလုပ်သမားတွေရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်တာတွေပဲ ဆောင်ရွက်ရမယ်။ အဖွဲ့မှာ တာဝန်ယူရင် တာဝန်ခံနိုင်မှုရှိဖို့လိုပြီး ကိုယ်စားပြုခံရပြီဆိုရင် ကိုယ့်ကို ခိုင်းလိုက်တဲ့ အောက်က အလုပ်သမားအုပ်စုကို မေ့ထားလို့ မရဘူး။ ဒါက အလုပ်သမားရေး လုပ်ကြတဲ့သူတွေ အသည်းထဲ စွဲနေရမယ့်အချက်ပါပဲ။ အလုပ်သမားရေးမှာ ထိုင်ခုံမရှိဘူး။ တာဝန်တွေပဲ ရှိတယ်။ ဒါကို ပါဝါတစ်ခု၊ အာဏာတစ်ခုလို သဘောထားရင် အဲဒီအဆိပ်ပင်ကို နုတ်ကို နုတ်ပစ်ရမှာပဲ။ တာဝန်မယူနိုင်ရင်တော့ ဘာနေရာမှ မယူတာ အကောင်းဆုံးပဲဆိုတာ သဘော ပေါက်လာရတယ်။

အလုပ်သမားတွေအတွက်လို့ ပြောလိုက်တိုင်း ကိုယ်ကျိုးစွန့်နေတယ် လို့ အောက်မေ့နေတဲ့ အာဏာရူး အလုပ်သမားရေးလုပ်နေသူတွေကို မေးခွန်း ထုတ်ချင်တယ်။ အလုပ်သမားအရေးက မင်းတို့အရေး မပါတော့ဘူးတဲ့လား။ အားလုံးရဲ့အရေးဆိုကတည်းက ကိုယ်တိုင်လည်း ဒီရလဒ်အပေါ်မှာ ခံစားရမှာ ကို မိမိကိုယ်ကို ကယ်တင်ရှင်လိုလို ယူဆနေရင်တော့ သနားဖို့ကောင်းလှ ပါတယ်။

၂၀၁၅ မှာ နောက်ညီလာခံတစ်ခု ဆောင်ရွက်နိုင်ခဲ့ပြီး ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲ ကျင်းပခဲ့ကြတယ်။ ကျွန်မတို့ ရည်ရွယ်ချက်က တကယ့်အလုပ်သမားတွေကို ရွေးချယ်မယ်။ ကိုယ်တိုင် ဝင်အရွေးမခံတော့ဘဲ အရွေးချယ်ခံ အလုပ်အမှုဆောင်အဖွဲ့နဲ့ အနီးကပ်ဝိုင်းကူမယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့ တယ်။ တချို့ အာဏာတည်ဆောက်တဲ့ အမှုဆောင်ဟောင်းတွေ၊ နိုင်ငံရေးပါတီ မှာ နေရာရထားသူတွေထက် အသစ်တွေကို ရွေးချယ်ခဲ့တယ်။ အဲဒီလို ရွေးချယ် ခဲ့လို့လည်း ကုန်တင်၊ ကုန်ချသမဂ္ဂက အလုပ်သမားခေါင်းဆောင်ကို အဖွဲ့ချုပ် မှာ ဥက္ကဋ္ဌတာဝန် ပေးအပ်ခံခဲ့ရပြီး မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Myanmar Industry Craft Service—Trade Unions Federation) ကို ဖွဲစည်းခဲ့တယ်။ အဖွဲ့ချုပ်တွေ ဘယ်လိုပဲ ပြောင်းလဲဖွဲ့စည်းခဲ့ ဖွဲ့စည်းခဲ့ ကျွန်မတို့သမဂ္ဂကို စည်းစနစ်အရ ချီးကျူးကြပေမယ့် ဆွေးနွေးပွဲတိုင်းမှာ ဘယ်သူ့မျက်နှာမှ မထောက်တမ်း၊ အားမနာတမ်း ဆွေးနွေးတာတွေကြောင့် အလုပ်အမှုဆောင် တွေက သိပ်မကြည်ကြဘူး။ အလုပ်သမားရေးပေါ်မှာ ပုဂ္ဂိုလ်ရေး တည်ဆောက် တာတွေ၊ အာဏာတည်ဆောက်တာတွေ၊ ရန်ပုံငွေ ပွင့်လင်းမြင်သာမှု မရှိတာ တွေ ခါးခါးသီးသီး ထောက်ပြကန့်ကွက်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားသမဂ္ဂစစ်စစ်တွေ ကြိုးစားပမ်းစား တည်ဆောက်ခဲ့တဲ့ အလုပ်သမားအဖွဲ့ချုပ်ကြီးကို ပွင့်လင်းမြင်သာစေချင်လို့၊ ဂုဏ်သိက္ခာရှိစေချင် လို့ ဖြစ်ပါတယ်။

ဒီနေရာမှာ ပေထရီအာခီနဲ့ ထပ်ပြီးသုံးသပ်ကြည့်မိပြန်တော့ အခြေခံ လူတန်းစား၊ ဖိနှိပ်ခံလူတန်းစား ဆိုပေမယ့် ဂုဏ်သရေရှိလူကြီးလူကောင်းဆိုတဲ့ ပါဝါကို ဆုပ်ကိုင်ထားတော့ အရိုအသေခံချင်တဲ့ ပြဿနာကြောင့် အလုပ်သမား တွေက သမဂ္ဂဥက္ကဋ္ဌလာရင် ပျာပျာသလဲ ထိုင်ခုံပြင်ပေးရတာတွေ၊ အရိုအသေ ပေးရတာတွေကို အလုပ်သမားတွေ ကြုံလာရတော့ ဒီအစဉ်အလာကို အမြစ် ဖြတ်ရမယ်၊ ဘယ်လိုမျိုး ခေါင်းဆောင်အဖြစ် ထွက်လာခဲ့တာလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပြန်ပြန်ပြီး ဆင်ခြင်နိုင်ဖို့ သမဂ္ဂထဲမှာ ပါတဲ့ရည်ရွယ်ချက်၊ ဦးဆောင်လိုတဲ့ ခံယူချက်တွေကို ကိုယ်တိုင်မယုံကြည် အလေးမထားချင်တော့ ရင် ခေါင်းဆောင်အဖြစ်က နုတ်ထွက်ဖို့၊ အလုပ်သမားတွေက နုတ်ထွက်ပေးဖို့ တောင်းဆိုနိုင်ခွင့်တွေကို အလေးထားပြီး ပြင်ဆင်ခဲ့ကြပါတယ်။ ပြတ်ပြတ် သားသား ကန့်ကွက်ပြစ်တင်ခဲ့ကြတဲ့အတွက် ကျွန်မတို့ သမဂ္ဂက ဆူးများခဲ့ ပါတယ်။ ဒီလို မှန်ကန်ပြတ်သားနေမှလည်း ကျွန်မတို့က တာဝန်ကျေတယ်လို့ ယူဆကြပါတယ်။

ပရောဂျက်စား ဖြစ်လာခြင်း

ဒါပေမဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ အဖြစ်အပျက်က အလုပ်သမား အဖွဲ့ချုပ်တွေက မြေပြင်နဲ့ ကင်းကွာနေတဲ့အချက်၊ နောက် အခြေခံသမဂ္ဂတွေ အများကြီးစုဖွဲ့ထားပေမယ့် အားလုံးရဲ့အသံတွေကို နားမထောင်ခဲ့ဘဲ ပရောဂျက်ပုံစံ ပြည်ပအဖွဲ့တွေရဲ့ လိုအပ်ချက်တွေသာ ဆောင်ရွက်လာကြတာ ပါပဲ။ ကျွန်မတို့ အလုပ်သမားရေးလှုပ်ရှားသူတွေအကြားမှာ မူမမှန်တဲ့ ပရောဂျက်ပုံစံ ပိုက်ဆံတွေ ရောက်လာကတည်းက သမဂ္ဂဆိုတဲ့ အနှစ်သာရ တွေ ပျောက်ကုန်ပါတော့တယ်။ တစ်ခါတလေ မအပ်မစပ် စုတ်ပြတ်နေတဲ့ ကျွန်မတို့တွေက သံရုံးတွေအထိသွားပြီး စည်းဝေးထိုင်ရတယ်။ တစ်ဖက်နိုင်ငံ က ရင်းနှီးမြှုပ်နှံမှုလာတော့မှာမို့ သံအမတ်က ဒီအလုပ်သမားတွေနဲ့ ဒီ အလုပ်ရှင်တွေကိုခေါ်ပြီး ဘယ်လို စေ့စပ်ညှိနှိုင်းကြမလဲဆိုတာကို ပုံစံပေးကြ တာပါ။

သမဂ္ဂဆိုတာ အစိုးရပေးထားတဲ့ ဘောင်ထဲမှာ နေဖို့လည်း မဟုတ်ဘူး။ ကျွန်မတို့ အလုပ်သမားတွေ အချင်းချင်း စည်းနှောင်ထားသလို တစ်သားတည်း ရှိနေဖို့ စုဖွဲ့ထားတဲ့ အစုအဖွဲ့သာဖြစ်တယ်။ ဒီလို ခံယူချက်တွေကြားထဲမှာ လစာပေးတာ၊ အချက်အလက် ပြန်တောင်းတာ၊ ငွေကြေးပံ့ပိုးတာတွေ ရောက်လာတဲ့အခါ ကျွန်မတို့ရဲ့ ပင်မရည်ရွယ်ချက်တွေ ပျက်ခဲ့ရပြီး ပရောဂျက် လုနေကြတဲ့ အရင်းရှင် အလုပ်သမားသမဂ္ဂတွေ ဖြစ်ကုန်ကြပါတယ်။

ဘယ်နိုင်ငံက ဝင်တာလဲ။ ဘာတွေသုံးတာလဲဆိုတဲ့ စာရင်းကို စစ်ချင် လို့ တောင်းခံရာကနေ ကျွန်မတို့ တိုင်ရီသမဂ္ဂရဲ့ အာရုံနောက်တဲ့ အပြုအမူတွေ ကြောင့် ဖယ်ထုတ်ဖို့ကြိုးစားလာကြပါတယ်။ အဲဒီအဖွဲ့ချုပ်က (ကျွန်မတို့ အဖွဲ့ချုပ်ကလို့ ပြောရမှာရှက်လာတဲ့အတွက်) ကျွန်မတို့ မပါဘဲ စာရင်းစစ်အဖွဲ့ တိတ်တိတ်လေးဖွဲ့ပြီး စစ်ခိုင်းတာကို အလိုမကျဖြစ်ပြီး စာရင်းစစ်သူများထံမှာ ရှောင်တခင် ဝင်စစ်လိုက်မိတဲ့အတွက် အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေအရဆိုပြီး ဝင်စစ်တဲ့ သမဂ္ဂခေါင်းဆောင်တွေကို အဖွဲ့ဝင်ကနေ ထုတ်လိုက်ကြပါတယ်။ စာရင်းစစ်အဖွဲ့ဟာ ပေါင်းတာမှန်မမှန်ဘဲ စစ်ဆေးနေတာဖြစ်ပြီး လစဉ် အလုပ်သမားတွေဆီ ရှင်းလင်းပေးနေတဲ့ တိုင်ရီသမဂ္ဂအတွက် ဒီအဖြစ်အပျက် ဟာ မယုံနိုင်စရာ ကောင်းလောက်အောင်ကို အံ့ဩစရာကောင်းခဲ့တယ်။ လက်ရှိအစိုးရလိုပဲ မဲဆွယ်ပေးတုန်းကတော့ အခန့်သား မဲဝင်ပြိုင်ကြပြီး အမှား တွေ့လို့ ထောက်ပြတော့ လူ့ခွစာလုံးလုံးဖြစ်အောင် အာဏာရှင်အုပ်စုက ဝိုင်း နှိပ်ကွပ်ကြတယ်။ သမဂ္ဂအနေနဲ့ အဖွဲ့ဝင်တစ်ဦးကို စည်းလွတ်ဘောင်လွတ် ထုတ်ပစ်တာ လုံးဝ မဖြစ်သင့်ကြောင်း စာပို့ပြီးတဲ့နောက်မှာတော့ အဖွဲ့ချုပ်က လက်ခံဆွေးနွေးဖို့ ငြင်းဆန်တဲ့စာတွေအထိ ဆက်တိုက်ထုတ်ခဲ့လို့ တိုင်ရီသမဂ္ဂ အနေနဲ့ စုံညီအစည်းဝေးရဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ (၁၉.၆.၂၀၁၉) ရက် မှာပဲ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လိုက်ပါတယ်။

ကျွန်မတို့တွေအားလုံးက အာဏာရှင်ကို တော်လှန်ခဲ့ကြတာ၊ မတရား ဖိနှိပ်ခဲ့တဲ့ အလုပ်ရှင်တွေကို တွန်းလှန်ရင်း သမဂ္ဂကိုဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အလုပ်သမားခေါင်းဆောင်က စစ်တပ်က ခေါင်းဆောင်တွေလို အာဏာပြတာ၊ သူတို့လာရင် ပျာယာခတ်ပြီး ထိုင်ခုံအဆင်သင့်လေး၊ ရေ အဆင်သင့်လေး လုပ်မပေးလို့ ဆူတာ၊ ငေါက်တာတွေက ကိုယ်တွေရဲ့ ခံယူ ချက်တွေ၊ ရပ်တည်ချက်တွေနဲ့ လုံးဝလွဲသွားတယ်။ အလုပ်သမားတွေအတွက် ဆိုတဲ့ ခံယူချက်က မပြင်းထန်ခဲ့တော့ နေရာတွေ၊ ရာထူးတွေအပေါ်မှာ သာယာ သွားတတ်ကြတာကို ကိုယ်တိုင်ဖြစ်စေချင်တဲ့ အလုပ်သမားများ ကိုယ်တိုင် ဖွဲ့စည်းလိုက်တဲ့ အလုပ်သမားအဖွဲ့ချုပ်ထဲမှာပဲ သိလိုက်ရတယ်။ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက ပညာပေးရေးတွေကို ပရောဂျက်တွေလက်ခံပြီး ရင်ထဲက မပါရင် အလကားပဲ။

ဂျန်ဒါ၊ လူ့အခွင့်အရေး၊ အမျိုးသမီးရေး၊ လူငယ်အရေး ဒါတွေကို လက်ခံပြီး တကယ်မကျင့်သုံးလို့သာ တိုက်ပုံတကားကားနဲ့ ပွဲတိုင်းတက်ပြီး အောက်ခြေသမဂ္ဂတွေရဲ့ အသံပါရဲ့လားလို့ ဘယ်သူမှ မေးမယ့်သူ မရှိဘူး။ ကျွန်မတို့ ၂၀၁၂ ကတည်းက ကြိုးစားခဲ့သမျှကတော့ အလုပ်သမားတွေ အတွက် ဘာတစ်ခုမှ အဖတ်မတင်ဘဲ အာဏာပါဝါ တည်ဆောက်ချင်တဲ့ သူ တွေ အတွက်တော့ တော်တော်လေးထိရောက်အောင် လုပ်ပေးခဲ့သလို ဖြစ်သွား ခဲ့ပါတယ်။ ခုဆိုရင် ကျွန်မတို့ဖွဲ့စည်းပြီး ကျွန်မတို့ ကိုယ်တိုင်ပဲ ပြန်နုတ်ထွက် ခဲ့တဲ့ အဖွဲ့ချုပ်ကြီးက အာဏာရှင် စစ်အစိုးရလက်ထက်မှာ မတရားအသင်း အဖြစ် ကြေညာတာ မခံရဘဲ အစိုးရနဲ့ပူးတွဲကာ အလုပ်သမားရေးပရောဂျက် တွေ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မတို့တွေ အလုပ်သမားလွတ်မြောက် ရေးဆီ ရောက်ဖို့အတွက် အလုပ်သမားသမဂ္ဂတွေကိုပဲ တော်လှန်ရဦးမှာ ဖြစ်တယ်။

အရင်းရှင်သမဂ္ဂ အဖြစ်ခံမလား

သမဂ္ဂဆိုတာကြီးကို ထည့်ထည့်ပြောနေရပြီး အရင်းရှင်သမဂ္ဂပုံစံ ဖြစ်နေတာ ချင်းအတူတူ သမဂ္ဂ လုံးဝမရှိတာက ကောင်းပါသေးတယ်။ ဒါကြောင့် အာဏာရှင်နဲ့ အရင်းရှင် အတူတူရေးဆွဲထားတဲ့ ဘောင်တွေထဲက ကြိုးစားခဲ့ သမျှကလည်း အချိန်တန်ရင် အာဏာရှင်ဖြစ်သွားတာပဲမို့ အလုပ်သမားတွေ မိမိကိုယ်ကို အရင်တော်လှန်ကြဖို့ လိုပါတယ်။ ပေထရီအာခီလွှမ်းမိုးနေရင်၊ ကျင့်သုံးနေရင် အားလုံးမျှော်လင့်တဲ့ ခရီးမရောက်နိုင်ပါဘူး။ ဒါကြောင့် အာဏာရှင်တည်ဆောက်ပေးတဲ့ သမဂ္ဂအိမ်ထဲမှာ ဝင်ပြီးအော်မနေချင်တော့ဘဲ စနစ်ကိုသာ ဖြိုချင်ပါတော့တယ်။ တိုင်ရီဖိနပ်စက်ရုံကြီးကတော့ အာဏာသိမ်း ပြီးနောက်ပိုင်း (၅.၃.၂၀၂၁) ရက်မှာပဲ အပြီးပိတ်သိမ်းသွားခဲ့ပြီး သမဂ္ဂလည်း ဖျက်သိမ်း လိုက်ကြပါတယ်။ ဒီသမဂ္ဂပြိုသွားလည်း ငါတို့ရဲ့ သမဂ္ဂစိတ်ဓာတ် တွေက နေရာအနှံ့အပြားမှာ ရှိနေမယ်လို့ အလုပ်သမားထဲက တက်ကြွတဲ့သူ တစ်ယောက်က ထပြီးကြွေးကြော်တယ်။

ဒီဘောင်ထဲမှာ ဒီသမဂ္ဂကရော ဒဏ်ရာတွေ ကင်းခဲ့လို့လားဆိုပြီး အလုပ်သမားတွေရဲ့ သွေးစည်းမှုတွေကို နှမြောရင်းနဲ့ အဆုံးသတ်ခဲ့ကြပါတယ်။ ကျွန်မကတော့ အာဏာရှင်စနစ်ဆိုတာကြီးကို ဖြိုချဖို့၊ အရင်းရှင်တွေကို တော်လှန်ဖို့၊ အရင်းရှင်သမဂ္ဂတွေကို တော်လှန်ဖို့ အလုပ်ရှင်၊ အလုပ်သမား မရှိတဲ့တစ်နေ့ကို ဘယ်လိုသွားရမလဲဆိုတဲ့ နည်းလမ်းတွေနဲ့ ခရီးဆက်နေ ပါတယ်။ လုပ်သက် (၂၅) နှစ်လောက် မြှုပ်နှံခဲ့ပေမဲ့ ဘာအခွင့်အရေး၊ ဘာ အာမခံချက်မှမရှိဘဲ အလုပ်ရှင်မလိုအပ်တော့တဲ့အချိန် အထုပ်ဆွဲပြီး နယ်ပြန် ကြရတဲ့ အလုပ်သမတွေရဲ့ဘဝက နောက်အလုပ်ရှင်ကလည်း အသက်အရွယ် ကြောင့် အလုပ်မပေးနိုင်တော့ပါဘူး။ ရည်ရွယ်ချက်ပေါင်းစုံနဲ့ မြို့တက် အလုပ် လုပ်ကြပေမယ့် ရည်ရွယ်ချက်တွေ ပြည့်မီဖို့နေနေသာသာ မသေရုံ စားသောက် ရဖို့အရေး ထောင်တန်းအကျခံပြီး နောက်ဆုံးတော့လည်း ပညာရေး၊ ဝါသနာ၊ နုပျိုခြင်း စတာတွေပဲ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

နိဂုံး၊ မြန်မာနိုင်ငံအလုပ်သမားအရေး၏ ရှေ့ရေး

မြန်မာနိုင်ငံထဲက အလုပ်သမားရေးဆိုတာက ပြည်ပအဖွဲ့အစည်းတွေ လမ်းထွင်ပေးတဲ့ လမ်းကြောင်းလေးအတိုင်း မယိမ်းမယိုင် တည့်တည့်မတ်မတ် လျှောက်နေကြပါတယ်။ အဲဒီအတွက် ဘယ်အလုပ်သမားရဲ့ အသံမှမလိုပါဘူး။ ရီပို့ကောင်းကောင်းသာ လိုပါတော့တယ်။ အလုပ်သမား သပိတ်တွေဆီသွားပြီး ကားဂိတ်မှာ ရာခိုင်နှုန်းနဲ့ အမြတ်စားရမယ့် ကားလက်မှတ်ပွဲစားတွေလို ငါ့ အဖွဲ့၊ သူ့အဖွဲ့ လုရင်းနဲ့ အလုပ်ရှင်တွေရဲ့ရှေ့မှာ သိက္ခာတွေကျခဲ့တဲ့ အဆင့်တွေ ထိ လုပ်စားခွင့်ရဖို့ အပတ်တကုတ်ကြိုးစားနေကြတာ ရင်နာစရာကောင်းတဲ့ မြင်ကွင်းတွေပါပဲ။

စက်ရုံ၊ အလုပ်ရုံတွေလို အမြဲမတည်မြဲတဲ့၊ သမဂ္ဂဖွဲ့ဖို့ အစိုးရမူနဲ့ မကိုက်ညီတဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ အလုပ်သမတွေ၊ လိင်အလုပ် သမတွေ၊ ပဲရွေး၊ ငရုတ်သီးအညှာချိုး နေ့စားလုပ်နေရတဲ့ အလုပ်သမတွေရဲ့ အရေးကို ဘယ်သူမှ ခေါင်းထဲမထည့်ဘဲ လျစ်လျူရှုခဲ့ကြတယ်။ အစိုးရ ချမှတ် ထားတဲ့ အလုပ်သမားဥပဒေမှန်သမျှက အလုပ်ရှင်အမြတ်ကို မထိခိုက်အောင် ကာကွယ်ထားတာမို့ ဒီဥပဒေတွေနဲ့အညီ ဆောင်ရွက်နေသမျှ အလုပ်သမား လွတ်မြောက်ရေးဆီ မရောက်နိုင်ဘူးဆိုတာ အသေချာပါပဲ။ နောက်ဆုံးတော့ လည်း အရပ်သားအစိုးရလက်ထက် ကိုယ်တိုင် တောင်းဆိုတည်ဆောက်ခဲ့တဲ့ သမဂ္ဂဆိုတာကြီးက အလုပ်သမားတွေအတွက် အကျိုးမရှိဘူး။ အလုပ်သမား လွတ်မြောက်ရေးနဲ့ ဝေးနေတယ်ဆိုတာ (၁၀) နှစ်လုံးလုံး တစ်လျှောက်လုံး ကြုံခဲ့ရသမျှ အတွေ့အကြုံအရ သင်ခန်းစာ ကောင်းကောင်း ရလိုက်ပါတယ်။

ဟိုအလုပ်သမား အလုပ်ပြုတ်လိုက်၊ အလုပ်ပြန်ရဖို့ ကူညီပေးလိုက်၊ ဒီအလုပ်သမား လစာအပြည့် မရလိုက်၊ ပြေးတောင်းလိုက်နဲ့ အပေါက်တွေ ပြေးဖာတဲ့သူလို၊ ဟိုနေရာ ယားလိုက် ပြေးကုတ်လိုက်၊ ဒီနေရာ ယားလိုက် ပြေးကုတ်လိုက်နဲ့ ငါတို့အလုပ်က အယားကုတ်တုတ်လိုပဲ အသေးအဖွဲလေး တွေကနေ ရှေ့မတက်တော့ဘူး။

ဒီအခွင့်အရေး ပေးရမယ်ဆိုတဲ့ ဥပဒေတွေကို အလုပ်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ချိုးဖောက်နေတာ သွေးရိုးသားတော့ မဟုတ် တော့ဘူးလို့ သူငယ်ချင်းတစ်ယောက်က ပြောခဲ့ဖူးတယ်။ သူပြောတာ ဟုတ် လည်း ဟုတ်တယ်။ သမဂ္ဂက သူ့စက်ရုံထဲက အလုပ်သမားတွေရဲ့ အရေး လုပ်တာနဲ့တင် လုံးချာလိုက်ပြီး နောက်ဆုံး အလုပ်ရှင်က အလုပ်ဖြုတ်လိုက် တာပဲ အဖတ်တင်တော့တယ်။ အလုပ်သမားစစ်စစ်တွေက စက်ရုံထဲက အလုပ် နဲ့ အချိန်ကုန်နေတော့ အလုပ်သမားအဖွဲ့ချုပ်က တာဝန်တွေကို အလုပ်သမား မဟုတ်တဲ့သူတွေက တာဝန်တွေ ယူနေကြရတယ်။ အလုပ်သမားမဟုတ်တဲ့ သူတွေက အလုပ်သမားရေးလုပ်ပြီး အစိုးရနဲ့ ပေါ်လစီတွေချတဲ့အခါ မြေပြင် အခြေအနေနဲ့ ကင်းကွာတာတွေ၊ အလုပ်သမားတွေရဲ့အသံတွေ မပါတာတွေ ဖြစ်ကုန်တော့တာပဲ။ ဒီလိုဖြစ်အောင်လို့လည်း အစိုးရက အလုပ်သမားဥပဒေ ဆိုတာတွေကို စနစ်တကျရေးဆွဲထားခဲ့တာပါပဲ။ လက်ရှိနိုင်ငံရေးအခြေအနေ မှာကိုပဲ သမဂ္ဂဖြစ်ရေးဆိုတာတွေကို အလုပ်သမားအစုအဖွဲ့တွေ ကြိုးစားနေ ကြတုန်းပဲ။

နောက်ဆုံးတော့လည်း အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားရေးတက်ကြွ တဲ့ အလုပ်သမားခေါင်းဆောင်တွေက အလုပ်သမားအဖွဲ့တွေဆီမှာ လစာယူပြီး အလုပ်သမားရေးလုပ်တဲ့ အလုပ်သမားစည်းရုံးရေးဝန်ထမ်းတွေ ဖြစ်ကုန်တော့ တာပါပဲ။ အလုပ်ရှင်၊ အလုပ်သမားမရှိရေး ဆိုတဲ့နောက်မှာ အလုပ်သမား သမဂ္ဂတွေ မရှိရေးဆိုတာပါ တစ်ပြိုင်တည်း လုပ်ရမှာဖြစ်တယ်။

တဖြည်းဖြည်း အလုပ်သမားရေးလုပ်ရင်း အလုပ်သမားရေး အာဏာရှင် လို ပေထရီအာခီစနစ်ကို ကျင့်သုံးနေတဲ့ အလုပ်သမားအဖွဲ့တွေရဲ့ ကြားမှာ စက်ရုံ၊ အလုပ်ရုံတွေထဲက စံချိန်တောင်းသလို သမဂ္ဂအဖွဲ့ များလာရေး၊ အလုပ်သမားပြဿနာ များများဖြေရှင်းရေးဆိုတဲ့ စံချိန်တွေနောက်ကို လိုက်နေရင်း အလုပ်သမားလွတ်မြောက်ရေးကို မေ့လျော့နေကြတဲ့ အရင်းရှင် အလုပ်သမားသမဂ္ဂတွေကိုလည်း တိုက်ထုတ်တွန်းလှန်ပစ်ရမယ်ဆိုတာကို လည်း ဖန်းမနစ်ရှုထောင့်ကနေပါ ရှုမြင်လိုက်ရပါတယ်။

ကိုးကားချက်များ

International Labor Organization. (2019). Country Baseline Un-der The ILO Declaration Annual Review: Myanmar (2000-2019). https://www.ilo.org/wcmsp5/groups/public/—ed_norm/—normes/documents/publication/wcms_752602.pdf